ဇွန် ၉ ၊ ၂၀၁၆
M-Media
.
၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို တစ်နိုင်ငံလုံးရှိ သက်ဆိုင်ရာ စာစစ်ဌာနများနှင့် မြို့နယ်ပညာရေးမှူးရုံးများ၌ ၁၁-၆-၂၀၁၆ ရက်နေ့ နံနက်(၆:၀၀)နာရီ အချိန်တွင် တစ်ပြိုင်တည်း ကပ်ထားကြေညာပေးသွားကြောင်း ပညာရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်ထားပါတယ်။
.
ဒါအပြင် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို အများပြည်သူ အလွယ်တကူ ကြည့်ရှုနိုင်စေရန် အတွက် ပညာရေးဝန်ကြီးဌာန၏ Facebook စာမျက်နှာ၌ ပြည်နယ်/တိုင်းဒေသကြီး အလိုက် မြို့နယ်များအလိုက် အောင်စာရင်းများကို ၁၁-၆-၂၀၁၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာပေးသွားမည် ဖြစ်ကြောင်း ကြေညာထားပါတယ်။
.
ပညာရေးဝန်ကြီးဌာန၏ Facebook Page လိပ်စာမှာ www.facebook.com/moe.gov.mm ဖြစ်ပါတယ်။
.
သတင်း-သီဟ
Author: editor
-
၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများ Facebook တွင်ကြည့်ရှုနိုင်မည်
-
“တက္ကသိုလ် ဝင်တန်း အောင်စာရင်း ဒီနှစ် ဘာကြောင့် နောက်ကျရတာလဲ”
ဇွန် ၉ ၊ ၂၀၁၆
M-Media
ဆောင်းပါးရှင်-ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှု တက္ကသိုလ် R.I.T)
.
မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်တန်း(၁၀)တန်း စာမေးပွဲသည် ကျောင်းသား၊ မိဘ၊ ဆရာသမားများ စိတ်အဝင်စားဆုံး စာမေးပွဲ တခုဖြစ်သလို ၊ ထွက်ပေါ်လာသော အောင်စာရင်း ရလဒ်သည်လည်း ရင်ခုံဖွယ်ရာ ကောင်းလှသည်။ “ကံ၊ ဥာဏ်၊ ဝိရိယ” ၃ ခုတို့၏ အောင်ပွဲရလာဒ်ဖြစ်၍ ၅ ဘာသာဂုဏ်ထူးရခဲ့သော စာရေးသူကိုယ်တိုင် အထင်နှင့် အမြင် လွှဲခဲ့ဖူးသော အတွေ့အကြုံလေးကို ကိုယ်တိုင် ခံစားခဲ့ဖူးပါသည်။
.
မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုပြီးသူတိုင်း ရင်တမမနဲ့ မျှော်လင့် စောင့်စားရသည့် အချိန်ကာလ (၃) ခုရှိပါသည်။ ” ပထမဆုံး အချိန်” သည် အောင်စာရင်းထွက်သည့် နေ့ဖြစ်ပြီး ၊ “ဒုတိယ အချိန်” သည် အမှတ်စာရင်း ထုတ်သည့် နေ့ဖြစ်သည်။ ထိုအမှတ်စာရင်းကို ကြည့်၍ ယခင်နှစ်များက သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးသို့ ဝင်ခွင့်ပြုခဲ့သည့် အမှတ်စာရင်းကို မူတည်ကာ မိမိတက်နိုင်မည့် တက္ကသိုလ်ဝင်ခွင့်ကို အကြမ်းဖျင်း၊ မှန်းဆ နိုင်ပေသည်။ “တတိယအချိန်” သည် တက္ကသိုလ် ဝင်ခွင့်လျောက်ထားသူများ၏ တက္ကသိုလ်ဝင်ခွင့်များကို ကြေညာသောနေ့ဖြစ်ပါသည်။
.
၂၀၁၅-၂၀၁၆ ပညာသင်နှစ် က မြန်မာနိုင်ငံတဝှမ်းတွင် အခြေခံပညာကျောင်းပေါင်း ၄၅၀၀၀ ကျော် ရှိခဲ့သည်။ ကျောင်းသား/ကျောင်းသူ ၈ သန်းခန့် ပညာသင်ယူခဲ့သည်။ ထိုကျောင်းသား/ကျောင်းသူများကို ဆရာ/ဆရာမ ပေါင်း ၄ သိန်းခန့်ကတာဝန်ယူသင်ကြားပေးခဲ့သော်လည်း ၊ ပြည်နယ်နှင့်တိုင်းဒေသမျးတွင် ဆရာ/ဆရာမ အင်အားများ မလုံမလောက် ဖြစ်ခဲ့သည်။ သို့သော ၂၀၁၅-၂၀၁၆ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုသူပေါင်းမှာ ၅ သိန်း ကျော်ရှိခဲ့သည်မှာ နှစ်စဉ် လိုလိုပင်ဖြစ်သည်။
.
စာရေးသူသည် စာသင်ကြားရေး လောကထကို ၁၉၈၈ ခုနှစ်တွင် ခြေစုံ ပစ်ဝင်ခဲ့ပါသည်။ ထိအချိန်က တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န.၀.တ) ၊ နိုင်ငံတော်အေးချမ်းသာယာရေး နှင့် တည်ဆောက်ရေးအဖွဲ့ (န.အ.ဖ) များလက်ထက် ထုတ်ပြန်ရာတွင် ဇူလိုင်(၁၉) ရက် အာဇာနည်နေ့ နောက်ပိုင်း အစိုးရ ရုံးပိတ်ရက် စနေ(သို့) တနင်္ဂနွေနေ့များတွင် ထုတ်ပြန်လေ့ရှိခဲ့သည်။ ၁၉၉၆-၁၉၉၇ ပညာသင်နှစ်တွင်မူ သြဂုတ်လ ကုန်လောက်မှ ထုတ်ပြန်ကြေညာခဲ့ဖူးသည်။ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ဇွန်လ ပထမပတ်တိုင်းအစိုးရ ရုံးပိတ်ရက်တွေင် ထုတ်ပြန်ခဲ့သည်။ သို့သော ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ဖြေဆိုခဲ့သော တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းကို နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော်လက်ထက် ဇွန်လ ပထမအပတ်တွင် မထုတ်ပြန်နိုင်ခဲ့ခြင်းမှာ အကြောင်းအရင်း အနည်းငယ်ရှိခဲ့ပါသည်။
.
မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲများကို စာစစ်ဆရာ/ဆရာမ များက စစ်ဆေးပြီးသောအခါ မောဒီရေးရှင်း ဘုတ်အဖွဲ့က တနိုင်ငံလုံး အတိုင်းအတာဖြင့် စာမေးပွဲ ကျရှုံးနေသော ဘာသာရပ်နှင့် ရမှတ်ကို ချင့်ချိန်ကာ စာမေးပွဲအောင်ပေးရသည့် အစဉ်အလာသည့် ၁၉၈၇ မှ စ၍ ၂၀၁၆ ယခုတိုင် ရှိနေသည်ကို သတိထားမိသည် ။ ဥပမာပြောရလျှင် ၂၀၁၅-၂၀၁၆ တက္ကသိုလ်ဝင်တန်း အဖြေလွှားများကို သင်္ကြန်မတိုင်မီ ဧပြီလ ၁၀ ရက်နေ့ အထိ နားရက်မရှိ ဆက်တိုက် စစ်ဆေးခဲ့သောကြောင့် စစ်ဆေးပြီးစီးပြိးဖြစ်သည်။ သို့သော် သင်္ချာဘာသာရပ်၌ နှစ်စဉ် ပုံမှန် မေးနေကျ ပုံစံထက် တစ်ဆင့်တက်၍ ဥာဏ်စမ်းမေးခွန်းပုံစံမျိုး လှည့်မေးလိုက်သောအခါ ကျောင်းသားအများစု စာမေးပွဲကျတော့သည်။ ထိုအခါ မော်ဒီရေးရှင်း(Moderation) လုပ်ရတော့သည်။ ရမှတ် ၃၆ မှတ်ရသူကို အောင်ပေးရတော့သည်။ တနိုင်ငံလုံး အတိုင်းအတာဖြင့် ထို မော်ဒီရေးရှင်းကို လုပ်ရသောအခါ အချိန်တွေပိုယူရတော့သည်။ အထက်အဆင့်ဆင့်ကို တင်ပြရေတော့သည်။ နောက်ဆုံး ပြည်ထောင်စုအဆင့်၊ ဝန်ကြီးရဲ့ အတည်ပြုချက်ကို စောင့်စားရတော့သည်။
.
၂၀၁၄-၂၀၁၅ ခု ပညာသင်နှစ်တွင် ထုတ်ပြန်ခဲ့သော တက္ကသိုလ်ဝင်တန်းအောင်စာရင်းနှင့် ပတ်သက်၍ စာရေးသူ သတိထားမိသော အချက် တစ်ချက်ရှိသည်။ ၄င်းမှာ နိုင်ငံပိုင်သတင်းစာများတွင် တိုင်းနှင့် ပြည်နယ်အလိုက် ဝင်ရောက်ဖြေဆိုသူ အရေအတွက်များ၊ ဂုဏ်ထူးရ စာရင်းများ၊ အောင်ချက်ရာခိုင်နှုန်းများကို စနစ်တကျ ဖော်ပြခဲ့ခြင်းပင်ဖြစ်သည်။
.
ယခု ၂၀၁၆ ခု ဇွန်လ (၁၁) ရက် နေ့တွင် ကျောင်းသား၊ မိဘ၊ ဆရာသမားများ မျှော်လင့်ထားသလို ပြည်သူချစ်သည့် အရပ်သားအစိုးရ လက်ထက်တွင် တက္ကသိုလ်ဝင်စာမေးပွဲကြီးကို မည်သို့ မည်ပုံ ထုတ်ပြန်မည်ကို ရင်တမမနှင့် မျှော်လင့်စောင့်စားရင်း စာဖြေသူအပေါင်းရဲ့ မျှော်လင့်ချက် အိပ်မက်လေးတွေ ပြည့်ဝကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
.
Photo-Internetဆရာ ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှု တက္ကသိုလ် R.I.T)
-
Jumping Spider ပင့်ကူတို့၏ စွမ်းရည် နှင့် ပရိယာယ်
ဇွန် ၉ ၊ ၂၀၁၆
အေးထွန်း ရှာဖွေတင်ဆက်သည်။
.
အပင်အမြင့်တွေပေါ်မှာ နေထိုင်လေ့ရှိတဲ့ Jumping Spider ပင့်ကူတွေဟာ အခြားပင့်ကူတွေလို ပင့်ကူမျှင်အိမ် ဆောက်ပြီး လာရောက်ကပ်တွယ်တဲ့ သားကောင်ကို ဖမ်းစားတာ မဟုတ်ပါဘူး။
.
သူတို့က သားကောင်ကို ခုန်အုပ်ပြီးဖမ်းစားတာပါ။
.
ဒီပင့်ကူတွေရဲ့ ခုန်နိုင်စွမ်းအား ဘယ်လောက်ရှိလဲဆိုရင် သူတို့ရဲ့ခန္ဓာကိုယ်အလျှားထက် အဆ ၄၀ ပိုဝေးတဲ့ နေရာထိရောက်အောင် တစ်ချက်တည်းနဲ့ ခုန်နိုင်တာပါ။ အမြင့်ကနေ လှမ်းခုန်ဖမ်းတာ ဖြစ်တဲ့အတွက် မြေပြင်ကို မတော်တဆကျသေသွားမှာ စိုးရိမ်စရာပါ။ ဒါပေမဲ့ သူတို့က ကျွန်တော်တို့ထင်ထားတာထက် ပိုလည်ပါတယ်။ မခုန်ခင်ကတည်းက အသက်ကယ် ပိုးကြိုးမျှင်ကို ခန္ဓာကိုယ်မှာ ပတ်ပြီးမှ ခုန်တာပါ။
(The Jumping Spider By Alice B. McGinty , Pg . 4)
.
သူတို့ရဲ့ Jumping Skill ကို မြင်သာအောင် လူတစ်ယောက် အနေနဲ့ နှိုင်းယှဉ်ပြောမယ်ဆို ဒါဟာ အရပ်၆ပေရှိတဲ့ လူက တစ်ချက်တည်းနဲ့ ပေ ၂၄၀ အဝေးကို ရောက်သွားအောင် ခုန်လိုက်တဲ့ သဘောပါပဲ။
.
တစ်ချို့ မျိုးစိတ်တွေဆို ခုန်နိုင်စွမ်းအားက သူတို့ ခန္ဓာကိုယ်အလျှားထက် အဆ ၁၀၀ ကျော်ရှိပါသတဲ့ ။
(101 Amazing Facts about Spiders and other arachnids By Jack Goldstein : Record Breakers , No. 5)
.
ဒါ့အပြင်သူတို့ရဲ့ မျက်စိဟာ ၃၆၀ ဒီဂရီကို ထောက်လှမ်းနိုင်ပါတယ်။ ဆိုလိုတာက တစ်ချိန်ထဲမှာ ရှေ့ကော၊ဘေးကော၊ နောက်ကော ထောက်လှမ်းနိုင်ပါတယ်။
(The Eye in History By Frank Joseph Goes , Pg. 65)
.
ပုံအောက်ဆုံးမှာ ပုရွက်ဆိတ်ဘယ်နှစ်ကောင် မြင်ပါသလဲ။
.
တကယ်တော့ သစ်ရွက်အောက်က အကောင်ဟာ ပုရွက်ဆိတ်မဟုတ်ပါဘူး။
.
Ant-Mimic Jumping Spider မျိုးစိတ်တစ်မျိုးဖြစ်ပါတယ်။
.
သူဟာ ပုရွက်ဆိတ်တွေကို စားဖို့ ပုရွက်ဆိတ်တွေ သူ့ကိုပင့်ကူလို့ သတိမထားမိအောင် ပုရွက်ဆိတ် ဟန်ဆောင်နေတာဖြစ်ပါတယ်။
.
ဒီ ပင့်ကူမှာ ခြေ ၈ချောင်းပါတယ်။ ဒါပေမဲ့ ပုရွက်ဆိတ်မှာကခြေ ၆ချောင်းပဲ ပါပါတယ်။ ဒီတော့ ပင့်ကူက သူ့ခြေ၂ချောင်းကို ဦးခေါင်းရှေ့ကို ဆန့်ထုတ်လိုက်ပြီး ပုရွက်ဆိတ်တွေရဲ့ ဦးမျှင်၂ခုဟန် ဟန်ဆောင် ဖန်တီးထားတာပါ။
(Jumping Spiders: Gold-Medal Stalkers By Sandra Markle , Pg. 16) -
ကနေဒါဝန်ကြီးချုပ် မွတ်စလင်များအတူ ၀ါဖြေ
ဇွန် ၈၊ ၂၀၁၆
M-Media
– အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရမ်ဇာန်ဥပုသ်လ ပထမဆုံးနေ့မှာပဲ ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူဒူဟာ အစိုးရအဖွဲ့နဲ့ နိုင်ငံရေး အသိုင်းအ၀ိုင်းက မွတ်စလင်တွေနဲ့အတူ ဥပုသ်အထွက်မှာ ၀ါဖြေညစာ စားသောက်ခဲ့တယ်လို့ ဗီဒီယိုမှတ်တမ်းအရ သိရပါတယ်။
.
Facebook စာမျက်နှာပေါ် ရောက်ရှိလာတဲ့ အဲဒီဗီဒီယိုဖိုင်ကို ပြန်လည်မျှဝေမှု အကြိမ် ၄ သန်းရှိခဲ့ပါတယ်။ ထရူဒူဟာ အရှေ့အလယ်ပိုင်းနဲ့ အာရှရိုးရာ အစားအသောက်တွေကို စားသောက်ခဲ့တယ်ဆိုတာ အဲဒီဗီယိုဖိုင်မှာ တွေ့ခဲ့ရပါတယ်။
.
ဝန်ကြီးချုပ်အဖြစ် ရွေးချယ်မခံရခင် ၂ နှစ်အရင် ၂၀၁၃ ခုနှစ် ရမ်ဇာန်ဥပုသ်လမှာ ဗလီဝတ်ကျောင်းတော်တစ်လုံးကို သွားရောက် လည်ပတ်တဲ့ ဗီဒီယို ထွက်ပေါ်လာပြီးတဲ့နောက် ထရူဒူဟာ မွတ်စလင်တွေနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတယ်လို့ လူသိများခဲ့ပါတယ်။ အဲဒီဗီဒီယိုမှာ ၀န်ကြီးချုပ်ဟာ မွတ်စလင်တို့ရဲ့ ညနေပိုင်း ၀တ်ပြုဆုတောင်းမှုမှာ ပါဝင်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။
.
ref: english.alarabiya.,Justin Trudeau twitter -
မြန်မာ၊ မလေးရှားနှင့် ပါကစ္စတန် (၃)နိုင်ငံတွင် ကျင်လည်ခဲ့သည့် နိုင်ငံရေးသမား (သို့) ကရီးမ်း ဃနီ
ဇွန် ၈ ၊ ၂၀၁၆
M-Media
ကရီးမ် ဃနီ သည် အရှေ့တောင်အာရှ (မြန်မာနိုင်ငံ)မှ အိန္ဒိယနွယ်ဖွား နိုင်ငံရေးသမား တစ်ဦးဖြစ်သည်။ ဒုတိယကမ္ဘာစစ် မတိုင်မီ ဒေါက်တာဘမော် အစိုးရ လက်ထက် မြန်မာနိုင်ငံ ပါလီမန်၏ အတွင်းရေးမှူးဖြစ်သည်။ ကနဦးက ကရီးမ် ဃနီသည် တမီလ်နှင့် မြန်မာဘာသာ သတင်းစာတိုက်များတွင် အယ်ဒီတာဖြစ်ခဲ့သည်။ ကျိုလီယာလူငယ်အဖွဲ့ချုပ်၏ အတွင်းရေးမှူးဖြစ်ပြီး ၁၉၃၂ နှင့် ၁၉၃၆ ခုနှစ်တွင် လွှတ်တော် အမတ်အဖြစ် ရွေးချယ်ခံရသည်။ ဒုတိယကမ္ဘာစစ် မတိုင်မီ ဒေါက်တာဘမော် အစိုးရ လက်အောက်၌ ပါလီမန် အတွင်းရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ အဆောတလျင် ဖမ်းဆီးရမည့်သူများဆိုင်ရာ ဗြိတိသျှထောက်လှမ်းရေး အစီရင်ခံစာ၌ သူ၏အမည် ပါဝင်ထည့်သွင်းခံရသည်။
.
ဒုတိယကမ္ဘာစစ်အတွင်း မလေးကျွန်းဆွယ်သို့ပြောင်းရွှေ့ကာ Azad Hind အစိုးရအဖွဲ့၏ အတွင်းဝန် ဖြစ်လာသည်။ ထို့ပြင် The Muslim Publishing House ၏ မန်နေဂျာ၊ တမီလ်ဘာသာ မလေးရှားနေ့စဉ် သတင်းစာ Malayan Nanban ၏ အယ်ဒီတာ၊ မလေးဘာသာ Dawn (ပါကစ္စတန်ထုတ် အင်္ဂလိပ်သတင်းစာနှင့် အမည်တူ) သတင်းစာအယ်ဒီတာအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ မွတ်စ်လင်မ်အဖွဲ့ချုပ်တွင်လည်း ပါဝင်ခဲ့ပြီး All Malaya Muslim Missionary Society (AMMMS) ၏ ဥက္ကဋ္ဌသာမက အခြားအဖွဲ့အစည်းများစွာ၌လည်း အဓိကနေရာမှ လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးသော် ဃနီသည် အရှေ့တောင်အာရှ မွတ်စ်လင်မ်နိုင်ငံရေးကိစ္စများ၌ ဆက်လက်ပါဝင်လှုပ်ရှားသည်။ သူသည် ၁၉၅၀ ခုနှစ် စင်္ကာပူတွင်ဖြစ်ပွားသော Maria Hertogh အဓိကရုဏ်းတွင် အထူးထင်ရှားသည်။
.
မာရီယာဟာတိုး သို့မဟုတ် နာထရာ အဓိကရုဏ်းသည် ၁၉၅၀ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်တွင် စင်္ကာပူ၌ စတင်သည်။ အာမီနာ ဘင့်သိ မုဟမ္မဒ် ၏ ၁၃ နှစ်တိုင် ထိန်းသိမ်းစောင့်ရှောက်မှုအောက်မှ လူလားမြောက်လာသော မာရီယာဟာတိုးကို မိဘရင်း ကက်သလစ်ဘာသာဝင်၊ ဒတ်ခ်ျလူမျိုးတို့ထံ လွှဲပြောင်း အုပ်ထိန်းခွင့်ပေးရန် တရားရုံးမှ ၁၉၅၀ ခုနှစ် သြဂုတ်လတွင် ဆုံးဖြတ်လိုက်သည်။ သတင်းများ ပြန့်ကားပြီးနောက် မလေးရှားနှင့် အရှေ့တောင်အာရှရှိ မွတ်စ်လင်မ်အသိုင်းအ၀ိုင်းအကြား အုပ်ထိန်းခွင့်နှင့် ပတ်သက်၍ ဂယက်ရိုက်ခတ်သွားသည်။ ၎င်းနောက် မာရီယာကို သတင်းမီဒီယာများ၌ ခရစ်ယာန်တစ်ဦးအဖြစ် ရုပ်လုံးဖော်တင်ပြလာကြသည်။ ကရီးမ် ဃနီ၏ဦးဆောင်မှုဖြင့် တည်ထောင်ခဲ့သော နာဒရာလှုပ်ရှားမှု ကော်မတီမှ အဖြစ်မှန်ကို ၎င်း၏ Dawn သတင်းစာမှဖော်ပြကာ အခမဲ့ဖြန့်ချိခဲ့ သဖြင့် ဒေသခံမွတ်စ်လင်မ်များ ထောက်ခံ အားကိုးမှု ရရှိခဲ့ကြသည်။ တရားရုံး ဆုံးဖြတ်ချက်ကို ပွင့်လင်းစွာ ဆန့်ကျင်ရန် ဃနီက စုလ်တာန်ဗလီ၌ မိန့်ခွန်းပြောကြားခဲ့သည်။ ၎င်းနောက် အဓိကရုဏ်းပေါ်ပေါက်လာ ခဲ့ခြင်းဖြစ်သည်။ဒီဇင်ဘာ ၁၃ ရက် မွန်းလွှဲပိုင်း အထိ ဖြစ်ပွားခဲ့ပြီး လူ ၁၈ ဦးသေဆုံးကာ ၁၇၃ ဦး ဒဏ်ရာရရှိသည်။ အိုးအိမ်ပစ္စည်းအများအပြား ပျက်စီးပြီး စင်္ကာပူဖြစ်စဉ်များအနက် အဆိုးဝါးဆုံး ဖြစ်သွားခဲ့သည်။ နှစ်ပတ်တိုင်တိုင် ကာဖျူးအမိန့် ထုတ်ပြန်ခဲ့ရသည်။
.
အဓိကရုဏ်းပြီးသော် ဃနီနှင့် နာဒရာလှုပ်ရှားမှုကော်မတီဝင်အများအပြား အပါအ၀င် ၇၇၈ ဦးကို အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ ထိန်းသိမ်းခဲ့သည်။ ဃနီသည် Saint John ကျွန်းရှိ ထိန်းသိမ်းရေးစခန်းတွင် ၁၅ လတာ ချုပ်နှောင်ခံရပြီး ကျန်းမာရေးချွတ်ယွင်းမှုကြောင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။
.
ကရီးမ် ဃနီကို မလေးသတင်းစာ၌ ဂျာဝီရေးထုံးကို ပထမဆုံး အစပျိုးပေးသူအဖြစ် သတ်မှတ် ညွှန်းဆိုကြသည်။ သူသည် အင်္ဂလိပ်၊ မလေး၊ ဂျာဝီ၊ အရဗီ၊ အူရဒူနှင့် တမီလ် ဘာသာစကားများဖြင့် ဝေေ၀ဆာဆာ ရေးသားနိုင်သော စာရေးဆရာတစ်ဦးဖြစ်သည်။ ပထမဆုံး တမီလ်ဘာသာသတင်းစာ The Malaya Nanban ကို စတင်ထုတ်ဝေနိုင်သူလည်းဖြစ်သည်။
.
အရေးအခင်းပြဿနာအ၀၀ ပြီးဆုံးငြိမ်သက်သွားသော်လည်း မလေးလူ့အဖွဲ့အစည်းအတွင်း ကရီးမ် ဃနီ၏ အရေးပါမှုအခန်းကဏ္ဍအပေါ် ဗြိတိသျှတို့မှ စိုးရိမ်သဖြင့် ၎င်းတို့၏ကိုလိုနီပိုင်နက်ပြင်ပသို့ ပထုတ်လိုခဲ့ကြသည်။ သူသည် အိန္ဒိယနွယ်ဖွားဖြစ်၍ အိန္ဒိယအစိုးရမှ လက်ခံပေးရန် တင်ပြသော်လည်း ၎င်းတို့က မိမိတို့၏ရွေးကောက်ပွဲကာလဖြစ်နေသောကြောင့် ငြင်းဆန်ခဲ့သည်။ ကနဦးပိုင်းတွင် ပါကစ္စတန်မှ အင်နာမုလာခန်း(ကမ္ဘာ့မွတ်စ်လင်မ်ကွန်ကရက်၏ အထွေထွေအတွင်းရေးမှူး)က ကရာချိသို့လာရောက်ရန် ကရီးမ်း ဃနီအား ဖိတ်ခေါ်ခဲ့ဖူးသဖြင့် ဘရှီးရ် မာလာက သူ၏အဆက်အသွယ်များဖြင့် ခေါ်ယူလိုက်သည်။ သို့နှင့် ဃနီသည် ကရာချိတွင် ထုတ်ဝေသူတစ်ဦးအဖြစ် ဘ၀သစ်ကို စတင်သည်။ ဗြိတိသျှနှင့် ၎င်းတို့၏မူဝါဒများအပေါ် ဆက်လက်ဝေဖန်နေခဲ့သည်။ ပါကစ္စတန်တွင် ထင်ရှားပေါက်မြောက်သူ ဖြစ်မလာခဲ့ပါ။ သူသည် ပါကစ္စတန်၌ပင် ၁၉၅၂-၆၀ ခုနှစ်အတွင်း ကွယ်လွန်ခဲ့သည်။Ref : Wikipedia
Photo- https://drkokogyi.wordpress.com
ပြန်ဆိုသူ – မင်းထွဋ်ခေါင်