News @ M-Media

Author: editor

  • ပြည်တွင်းမှ မြို့ (၁၀၀) ကျော်အတွက် ရမဿွာန် ဝါချည်/ဝါဖြေ အချိန် စာရင်း Mobile Android App ထွက်ရှိ

    ပြည်တွင်းမှ မြို့ (၁၀၀) ကျော်အတွက် ရမဿွာန် ဝါချည်/ဝါဖြေ အချိန် စာရင်း Mobile Android App ထွက်ရှိ

    Cover
    ဇွန် ၆ ၊ ၂၀၁၆(M-Media)။    ။ ပြည်တွင်းက မြို့ပေါင်း (၁၀၀) ကျော်နဲ့ ပြည်ပက မြို့ (၁၀) မြို့ အတွက် ရမဿွာန် ဥပုသ်လ ဝါဝင်/ ဝါထွက် အချိန်တွေကို မိုဘိုင်းဖုန်းတွေက တဆင့် အလွယ်တကူ ကြည့်ရှုနိုင်မယ့် Android App (Ramadan Times For Myanmar) တခုကို MMSY အဖွဲ့က Play Store မှ တဆင့် အခမဲ့ ဖြန့်ချိလိုက်ပါတယ်။
    .
    Myanmar Muslim Student and Youth(MMSY) အဖွဲ့မှ အဖွဲ့ဝင်တဦးဖြစ်ပြီး အဆိုပါ Android App ရေးသားခဲ့သူ ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်မှ ယမန်နှစ်က ကွန်ပျူတာ သိပ္ပံ ဖြင့် ကျောင်းပြီးထားသူ ကိုလွင်မိုးသူ က ယခု App ဖြစ်ပေါ်လာပုံ အကျဉ်းချူပ်ကို M-Media ကို ယခုလို ပြောပြတယ်။
    .
    “အခု ဒီ App လေး ရေးဖြစ်တာက ရမသွာန် မရောက်ခင်တစ်လလောက် က စပြီး Idea ရတာပေါ့  ရမသွာန်မှာ ၀ါချည်ချိန် နဲ့ ၀ါဖြေချိန် တွေကို Android App နဲ့ ရေးဖို့၊ ဒါပေမယ့် data ကမရှိသေးတော့ ဒီတိုင်း အကြမ်း စဉ်းစားပြီးတော့ ဘာမှ မလုပ်ဖြစ်ဘူး၊ နောက် ရမသွာန် ရောက်ခါနီး နှစ်ပတ် အလိုလောက်မှာ online မှာ data တက်လာတယ်။ အဲ့ဒီနေ့မှာပဲ MMSY မှ အစ်ကိုတွေကလည်း ဒီ Data တွေနဲ့ Android App လေးတစ်ခုလောက် ရေးဖို့ Idea ပေးတော့ အဲ့ဒီက အစ်ကိုတွေနဲ့ပူးပေါင်းပြီး စရေးဖို့ဖြစ်သွားတာပေါ့။  Data Processing အပိုင်းကို အဲ့ဒီအစ်ကိုတွေက ကူညီပေးပြီး Android ဘက်ကနေ ကျွန်တော်က စရေးဖြစ်ပါတယ်။”
    .
    Ramadan Times For Myanmar App အသုံးပြုပုံနဲ့ ပါဝင်တဲ့ လုပ်ချက်တွေနဲ့ ပတ်သက်ပြီး ယခုလို ဆက်ပြီး ရှင်းပြပါတယ်။
    .
    ” အဓိက တော့ မြန်မာနိုင်ငံ အတွက်ပဲပေါ့ ၊ မြန်မာနိုင်ငံမှ  မြို့ပေါင်း(၁၀၅) နှင့် မြန်မာနိုင်ငံသား အများစု ရှိရာ နိုင်ငံ (၄) နိုင်ငံမှ မြို့(၁၀) မြို့ စုစုပေါင်း (၁၁၅)မြို့ကိုလည်းထည့်ဖြစ်သွားပါတယ်၊  ပထမဦးဆုံး အသုံးပြုသူတွေက ပထမဆုံး မိမိနေထိုင်တဲ့ Country, City, Division ကို ရွေးပေးရပါမယ် ၊ အဲ့လိုရွေးပေးတဲ့ အခါမှာတော့အင်တာနက်ဖွင့်ထားဖို့လိုပါတယ်၊ ရွေးပြီး နောက် သုံးတော့မယ်ဆိုရင် internet မလိုဘဲ offline သုံးလို့ရသွားပါပြီ။ နောက် Setting ကနေ နိုင်ငံတွေ၊ မြို့တွေ ပြန် ရွေးလို့ရအောင်ပြု ထားပါတယ်၊ အဓိက Up to Date Data တွေကို ရအောင် Dynamically ရေးထားတာပေါ့။ နောက်တစ်ခုက အချိန်တွေ အပြင် မနက် ဝါပိတ်ချိန်နှင့် ညနေ ဝါဖြေချိန်များအတွက် အလိုအလျောက် သတိပေးသော Alarm System ကိုလည်းထည့်သွင်းပေးထားပါတယ်။ ရမသွာန်အချိန် ကျဖို့နီးကပ်လာလို့ အမြန် ရေးရတာရှိလို့ အချို့ မသေမသပ်ဖြစ်နေတာတွေ လိုအပ်ချက်တွေ တော့ရှိပါတယ်။ လိုအပ်ချက်တွေကို Version 2 မှာ ထပ်မံပြီး ပြင်ဆင်သွားပါမယ်။”
    .
    ယခု App နှင့် ပတ်သက်ပြီး လိုအပ်ချက်တွေ အဆင်မပြောတာတွေ ရှိရင် [email protected]; [email protected]; သို့ အီးမေးလ်ပို့ ပြိး အကြောင်း ကြားနိုင်ကြောင်း ထည့်သွင်းဖော်ပြထားပါတယ်။
    .
    Ramadan Times For Myanmar ကို Google Play store မှ ရယူဖို့
    https://play.google.com/store/apps/details?id=com.lmt.sawn
    .
    Play Store အသုံးပြု၍ မရသူများ Apk Download လုပ်ဖို့ file size= 4.7 MB
    .
    Link 1 => https://goo.gl/vLuOCN
    .
    Link 2 =>https://goo.gl/PJw5wd

    ယခု App ဟာ MMSY Apps Developers များရဲ့ ၆ ခုမြောက် ဖြစ်ကြောင်းသိရပါတယ်။

    MMSY Apps Developers များပြုလုပ်ပြီးစီးသည့် အခြားသော App များကိုအောက်ပါ လင့်တွင် ကြည့်ရှုနိုင်ပါတယ်။
    http://apps.mmsy.info/

    apps

  • ဟဂ်ျ သွားရောက်လိုသူများ ၂၀၁၆ ခုနှစ် ခွဲတမ်း ဟဂ်ျ (၂၈၀) အတွက် လျောက်ထားနိုင်ပြီ။

    ဟဂ်ျ သွားရောက်လိုသူများ ၂၀၁၆ ခုနှစ် ခွဲတမ်း ဟဂ်ျ (၂၈၀) အတွက် လျောက်ထားနိုင်ပြီ။

    ဇွန် ၇ ၊ ၂၀၁၆ (M-Media)။    ။ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များအနေဖြင့် ၂၀၁၆ ခုနှစ် အတွက် ဟဂ်ျသွားရောက်လိုသူများ ခွဲတမ်း ဟဂ်ျ (၂၈၀) ဦးအတွက် လျောက်လွှာများစတင်ခေါ်ယူနေပြီ ဖြစ်ပါတယ်။
    .
    ပြည်နယ်/တိုင်း အသီးသီးမှာက အစ္စလာမ်ဘာသာဝင်များအနေဖြင့် ဈေးနှုန်း သက်သာစွဖြင့် အမှန်တကယ်ဟဂ်ျပြုလိုသူများအနေဖြင့် (၁၁-၆-၂၀၁၆) မှ (၃၀-၆-၂၀၁၆) အတွင်း လျောက်လွှာများကို မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲကြီး ရုံးများတွင် ရယူပြီးလျောက်ထားဖို့ ၂၀၁၆ ခုနှစ် ဟဂ်ျစေလွှတ်ရေး ကြီးကြပ်မှု ကော်မတီက ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။
    .
    လျှောက်ထားသည့်ဦးရေ ခွဲတမ်းသတ်မှတ်ထားသည့် (၂၈၀)ဦးထက်ကျော်လွန်ပါက အများရှေ့မှောက်တွင် မဲစနစ်ဖြင့် မဲဖောက်ရွေးချယ်မယ်လို့ ဖော်ပြထားပါတယ်။
    .
    မဲပေါက်သူ ဟာဂျီလောင်း တစ်ဦးကို U$ 1,945 (အမေရိကန်ဒေါ်လာ-၁၉၄၅) ဒါမှမဟုတ် အဲဒီ တန်ဖိုးနဲ့ညီမျှတဲ့ မြန်မာကျပ်ငွေ ကာလပေါက်ဈေးနဲ့ ပေးသွင်း ရမှာဖြစ်ပါကြောင်း ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
    .
    ယခုနှစ် ခွဲတမ်းဟဂ်ျအတွက် ဝန်ဆောင်မှုပေးမယ့် ကုမ္ပဏီမှာ YANGON MAKKAH ဖြစ်ပါတယ်။
    .
    ခွဲတမ်းဟဂ်ျ ကို ယခင်က သာသနာရေးဝန်ကြီးဌာနမှာ တိုက်ရိုက်ကိုင်တွယ်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှစတင်ပြီး အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးကို လုပ်ပိုင်ခွင့် လွှဲအပ်ခဲ့ပဲဖြစ်ပါတယ်။
    .
    နှစ်စဉ်အလိုက် ခွဲတမ်း ဟဂ်ျအတွက် တင်ဒါအောင်မြင်ခဲ့တဲ့ ကုမ္ပဏီနှင့် ဈေးများကတော့
    ၂၀၁၂ ခုနှစ်တွင် ကျပ် ၃၂ သိန်း ၊
    ၂၀၁၃ ခုနှစ်တွင် ကျပ် ၂၉ သိန်း၊
    ၂၀၁၄ ခုနှစ် တွင် ကျပ်၂၂ သိန်း ၅ သောင်း ( Great Desert Company နှင့် A Pleasant House Company)
    ၂၀၁၅ ခုနှစ်တွင်  အမေရိကန်ဒေါ်လာ-၂၁၇၅ ( ရောင်စဉ် အလင်းတန်း ခရီသွားလာရေး ကုမ္ပဏီ) တို့ အသီးသီးဖြစ်ပါတယ်။
    .
    ပြင်ပမှ သွားရောက်တဲ့ ဟာဂျီတွေကတော့ ဆော်ဒီ ဟဂ်ျရေးရာဝန်ကြီးဌာက ခွဲတမ်းရထားတဲ့ မြန်မာနိုင်ငံက ကုမ္ပဏီတွေ ကနေတဆင့် သွားရောက်တဲ့ သူတွေဖြစ်ကြောင်းသိရတယ်။ ယမန်နှစ်ကတော့ ပြင်ပမှ သွားရောက်သူ ၃၀၀၀ ကျော်ဝန်းကျင် ရှိပြီးကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ ၅၀၀၀ မှ ၆၀၀၀ အထိ ဝန်ဆောင်မှုပေးတဲ့ပေါ်မှုတည်ပြီး ဈေးနှုန်းများ ကွဲပြားကြောင်းသိရှိရပါတယ်။
    .
    အစ္စလာမ်ဘာသာဝင်တွေမှာ မဖြစ်မနေ လိုက်နာကျင့်သုံးရတဲ့ မဏ္ဍိုင်ကြီး (၅) ရပ်အနက် “ဟဂ်ျ” လို့ခေါ်တဲ့ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာရွှေမြို့တော်သို့ သွားရောက်ပြီး သာသနာ့ကျင့်စဉ် ကိစ္စရပ်များကို ပြုမူ ဆောင်ရွက်ခြင်းဟာ တစ်ခုအပါအ၀င် ဖြစ် ပါတယ်။ ငွေကြေးတတ် စွမ်းနိုင်သူတို့အဖို့ မဖြစ်မနေ လုပ်ရမဲ့ တာဝန်တစ်ရပ်သာ ဖြစ်ပါတယ်။
    .
    ကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
    .

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
    မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး

    အမှတ်(၁၈၄)၊(၃)လွှာ၊ ဗိုလ်ဆွန်ပက်လမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။
    ဖုန်း – ၂၄၁၈၈၇၊၂၅၃၆၈၃၊ ၂၅၂၆၀၈၊ ၂၄၁၇၁၇၊ ၂၄၁၂၁၂၊ ၂၉၆၁၃၄

    (၂၀၁၆)ခုနှစ် မြန်မာ ဟာဂျီလောင်းများအတွက် လျှောက်လွှာ ခေါ်ယူခြင်း
    ————————————————

    ရက်စွဲ – ၂၀၁၆ခုနှစ် ၊ ဇွန် (၄)ရက်

    (၂၀၁၆)ခုနှစ် မြန်မာ ဟာဂျီလောင်းများအတွက် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ သက်သာသော နှုန်းထားဖြင့် အမှန်တကယ် ဟဂ်ျပြုလိုကြသည့် အစ္စလာမ်ဘာသာဝင် များသည် (၁၁-၆-၂၀၁၆)ရက်နေ့မှ (၃၀-၆-၂၀၁၆)ရက်နေ့အတွင်း ဟဂ်ျလျှောက်လွှာများကို  မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးရုံးများတွင် ရယူ လျှောက်ထားနိုင်ကြပါသည်။
    .
    ဟဂ်ျလျှောက်လွှာ လျှောက်ထားသူများသည်-
    .
    (၁) လျှောက်ထားချိန်တွင် အသက်(၁၆)နှစ်ပြည့်ပြီးသူဖြစ်ပြီး အသက်(၆၅)နှစ်ထက်မကြီးသူဖြစ်ရမည်။
    .
    (၂)  တရားတော်က သတ်မှတ်ထားချက်နှင့်အညီ ဟဂ်ျပြုရန် တာဝန်ထိုက်သူဖြစ်ရမည်။
    .
    (၃)  (အဆုတ်၊ အနာကြီး) စသည့် ကူးစက်တတ်သော ရောဂါကင်းရှင်းသူဖြစ်ရမည်။
    .
    (၄)  ရာဇဝတ်ပြစ်မှု ကင်းရှင်းသူဖြစ်ရမည်။
    .
    (၅)  ဟဂ်ျ တကြိမ်တခါမျှ သွားရောက်ခဲ့ခြင်း မရှိသူဖြစ်ရမည်။ (မြန်မာ ဟာဂျီလောင်း (၂၈၀)ဦး အစီအစဉ်သည် တစ်ကြိမ်တစ်ခါမှ ဟဂ်ျမပြုရသေးသူများအတွက် သက်သာသော နှုန်းထားဖြင့် သွားရောက်နိုင်သည့် အခွင့်အရေးဖြစ်သဖြင့် ဟဂ်ျပြုပြီးသူများ (လုံးဝ) လျှောက်ထားခြင်း မပြုရပါ။ အကယ်၍ ဟဂ်ျ သွားခဲ့ပြီးကြောင်း စိစစ်တွေ့ရှိပါက ဟာဂျီလောင်းစားရင်းမှ ပယ်ဖျက်ခြင်း ခံရမည့်အပြင် မိမိပေးသွင်းထားသော ငွေဆုံးရှုံးနိုင်သည်ဖြစ်ကြောင်း သတိချပ်စေလိုပါသည်။)
    .
    (၆)  မဲဟရ်ရမ်အတွဲများအနေဖြင့် တရားတော်နှင့်ညီညွတ်သော (မဲဟရ်ရမ်) အတွဲဖြစ်ရမည်။ နှစ်ဦးထက်ပိုတွဲထားသော မဲဟရ်ရမ် အတွဲများကို လက်ခံမည် မဟုတ်ပါ။ မဲဟရ်ရမ် အတွဲ နှစ်ဦးစလုံး ဟဂ်ျ မပြုဖူးသူများဖြစ်ရမည်။
    .
    (၇) စာ၊ ဓာတ်ပုံနှင့် စာသား ထင်ရှားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (သို့်) ပြု/ဧည့် နိုင်ငံသားကတ်ပြား (သို့) အမျိုးသားမှတ်ပုံတင် မိတ္တူနှင့် အိမ်ထောင်စုလူဦးရေစာရင်း (သန်းခေါင်းစာရင်း) မိတ္တူတို့ကို ပူးတွဲတင်ပြရမည်။

    (၈) နိုင်ငံဝန်ထမ်း(သို့) အငြိမ်းစား ဝန်ထမ်းဖြစ်ပါက အထောက်အထား ပူးတွဲ တင်ပြရမည်။
    .
    (၉)  ဗလီ/သာသနာ့စာသင်ကျောင်းတွင် တာဝန်ထမ်းဆောင်နေသော သာသနာ့ပညာရှင်ဖြစ်ပါက သက်ဆိုင်ရာ ဗလီဝတ်ကျောင်း ဂေါပကအဖွဲ့/ သာသနာ့စာသင်ကျောင်း ကျောင်းအုပ်ကြီး၏ ထောက်ခံချက်ကို ပူးတွဲ တင်ပြရမည်။
    .
    (၁၀)  ဟဂ်ျလျှောက်လွှာများကို လျှောက်ထားသူကိုယ်တိုင် (၃၀-၆-၂၀၁၅)ရက်နေ့ နောက်ဆုံးထားပြီး တင်သွင်းရမည်။

    (၁၁)  လျှောက်ထားသည့်ဦးရေသည် ခွဲတမ်းသတ်မှတ်ထားသည့် (၂၈၀)ဦးထက်ကျော်လွန်ပါက အများရှေ့မှောက်တွင် မဲစနစ်ဖြင့် မဲဖောက်ရွေးချယ်သွားမည်။

    (၁၂)  ဟဂ်ျမဲပေါက်သူ ကိုယ်တိုင် သွားရောက်ရမည်။ (အစားထိုး၍ ကိုယ်စား သွားရောက်ခြင်း လုံးဝ ခွင့်မပြုပါ။)

    (၁၃)  ဟဂ်ျလျှောက်လွှာပုံစံများကို တစ်ဦးချင်းအတွက် ငွေကျပ် (၁၀ဝ၀ိ/-)နှုန်း၊ မဲဟရ်ရမ် အတွဲအတွက် ငွေကျပ်(၂၀ဝ၀ိ/)နှုန်းဖြင့် ရယူနိုင်ကြပါသည်။

    (၁၄)  မဲပေါက်သူ ဟာဂျီလောင်း တစ်ဦးလျှင် အမေရိကန်ဒေါ်လာ( US $1945) သို့မဟုတ် ယင်းတန်ဖိုးနှင့်ညီမျှသော မြန်မာကျပ်ငွေအား ကာလပေါက်ဈေးနှင့်အညီ ပေးသွင်းရမည်။

    (၁၅)  ဟဂ်ျနှင့်ပတ်သက်၍ မည်သည့်အပိုကြေးမှ ပေးရန် မလိုပါ။ အကယ်၍ တောင်းခံလာပါက မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးသို့ တိုင်ကြားနိုင်ပါသည်။
    .
    (၂၀၁၆)ခုနှစ် ဟဂ်ျစေလွှတ်ရေးကြီးကြပ်မှုကော်မတီ
    .
    သတင်း- သီဟ

    2016 Hajj

  • မွတ်စလင်တို့ရဲ့ ရမဿွန် ဥပုတ်လ ပထမနေ့ ဝါမထွက်ခင် ရန်ကုန်မှ မြင်ကွင်းအချို့ (ဓါတ်ပုံသတင်း)

    မွတ်စလင်တို့ရဲ့ ရမဿွန် ဥပုတ်လ ပထမနေ့ ဝါမထွက်ခင် ရန်ကုန်မှ မြင်ကွင်းအချို့ (ဓါတ်ပုံသတင်း)

    7
    ဇွန် ၇ ၊ ၂၀၁၆ (M-Media)
    .
    ဒီကနေ့ဟာ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရမဿွာန် ဥပုတ်လ ပထမဆုံး ရက်ပဲဖြစ်ပါတယ်။

    ညနေ နေဝင် ဥပုတ်မထွက်ခင် အစားအသောက်များ ရောင်းချ၊ ဝယ်ယူနေကြပုံ၊ သက်ဆိုင်ရာ မြို့နယ်အလိုက် ဗလီများ၊ သာရေးနာရေး အသင်းများမှ အာဟာရ ဒါန လှူဒါန်းတဲ့ ဟာလင်များကို လက်ခံ ယူနေကြပုံများနှင့် သက်ဝင်လှုပ်ရှားနေတဲ့ မွတ်စလင်မ်တို့ရဲ့ ရမဿွာန် ဥပုသ်လ ပထမရက် ရန်ကုန်မှ မြင်ကွင်းအချို့ ကို မှတ်တမ်းတင်ဖော်ပြလိုက်ရပါတယ်။

    ဓါတ်ပုံ မိုးစက်

    4 5 8 9 16 17

  • ဆည်မြောင်း ရပ်ကွက်မှ ရာအိမ်မှူးများ အခြေခံဥပဒေနှင့် ဆန့်ကျင်ပြီး  နိုင်ငံသား အခွင့်အရေး ကန့်သတ်သည့် အမိန့်များထုတ်ပြန်

    ဆည်မြောင်း ရပ်ကွက်မှ ရာအိမ်မှူးများ အခြေခံဥပဒေနှင့် ဆန့်ကျင်ပြီး နိုင်ငံသား အခွင့်အရေး ကန့်သတ်သည့် အမိန့်များထုတ်ပြန်

    Kayah ,Demosoe
    ဇွန်လ ၇၊ ၂၀၁၆ (M-Media) – ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာအုပ်စု ဆည်မြောင်းရပ်ကွက်မှာ ရာအိမ်မှူးဆိုသူတွေက အခြေခံဥပဒေနဲ့ ဆန့်ကျင်ပြီး လူမျိုးရေး/ ဘာသာရေးခွဲခြားကာ၊ အခြေခံဥပဒေက ပေးထားတဲ့ နိုင်ငံသား အခွင့်အရေးကို ကန့်သတ်ထားတဲ့ စည်းကမ်းချက်တွေ ကို ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
    .
    “ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု ဆည်မြောင်းရပ်ကွက်၏ စည်းကမ်းချက်များ” ဆိုတဲ့ခေါင်းစဉ်တပ်ထားပြီး မေလ ၁၇ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ အဲဒီကြေငြာချက်မှာ စည်းကမ်းချက်စုစုပေါင်း ၁၅ ချက်ပါဝင်ပြီး အခြေခံဥပဒေက အာမခံပေးထားတဲ့ နိုင်ငံသား အခွင့်အရေး၊ ဘာသာရေးလွတ်လပ်ခွင့်၊ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် စတာတွေကို ချိုးဖောက်တဲ့ အချက်တော်တော်များများ ပါဝင်နေကာ လူမျိုးရေး ခွဲခြားစော်ကားမှုတွေလည်း ပါဝင်နေတာကို တွေ့ရပါတယ်။
    .
    စည်းကမ်းချက် (၂) မှာ ရပ်ကွက်အတွင်းနေထိုင်သူတွေဟာ သူတို့ရဲ့ ပိုင်ဆိုင်တဲ့ အိမ်ခြံမြေတွေကို ငှားရမ်း၊ ရောင်းချလိုပါက ရာအိမ်မှူး၊ ဆယ်အိမ်မှူး ရပ်ကွက်သူရပ်ကွက်သားတွေရဲ့ ခွင့်ပြုချက်ကို တောင်းခံရမယ်လို့ ဖော်ပြထားပြီး၊ နံပါတ် (၃) မှာတော့ ရပ်ကွက် အတွင်းနေထိုင်သူတွေက ဘာသာရေး၊ လူမှုရေး ကိစ္စတွေ ပြုလုပ်မယ်ဆိုရင် ရာအိမ်မှူးထံ ခွင့်ပြုချက် တောင်းခံရမယ် လို့ ဖော်ပြထားပါတယ်။
    .
    အစ္စလာမ်ဘာသာဝင်တွေကို တိုက်ရိုက် ပစ်မှတ်ထားတဲ့ အချက်တွေကိုတော့ နံပါတ် (၆) နဲ့ (၁၄) တို့မှာ ဖော်ပြထားပြီး အစ္စလာမ်ဘာသာဝင်များနဲ့ ထိမ်းမြားခြင်းမပြုဖို့၊ အိမ်၊ ခြံ၊ မြေ၊ အိမ်ဆိုင်များ ရောင်းချခြင်း၊ ငှားရမ်းခြင်း မပြုလုပ်ရလို့ တားမြစ်ထားပါတယ်။ နောက်ပြီး ဆည်မြောင်း ရပ်ကွက်ဟာ ‘ဗုဒ္ဓဘာသာ မြန်မာလူမျိုးအများစု နေထိုင်တဲ့ ရပ်ကွက်ဖြစ်တာကြောင့် ဘာသာရေးနှင့် ပတ်သက်ပြီး ဗလီဆောက်လုပ်ခြင်း မပြုလုပ်ရ’ ဆိုတဲ့ တားမြစ်ချက်လည်း ပါဝင်ပါတယ်။
    .
    ဆည်မြောင်းရပ်ကွက်ကို ရောက်ရှိခဲ့သူတစ်ဦးကတော့ ရပ်ကွက်ထဲက အစ္စလာမ်ဘာသာဝင်တွေဟာ သာရေးနာရေး ကိစ္စတွေမှာ ဘာသာရေးဓလေ့ထုံးတမ်းအတိုင်း လုပ်ဆောင်မှုမျိုးကိုတောင်မှ ရာအိမ်မှူးဆိုသူတွေကို ခွင့်တောင်းရပြီး အခုနောက်ပိုင်းမှာ လုပ်ခွင့်မပေးတော့ဘဲ အထက်ကိုတင်ပြဖို့လိုတယ်၊ အရေးယူခံရမယ် စတဲ့ ခြိမ်းခြောက်တဲ့ စကားမျိုးတွေ ပြောဆိုတယ်လို့ M-Media ကို ပြောကြားခဲ့ပါတယ်။
    .
    အိမ်ခြေ ၁၀၀ လောက်ရှိတဲ့ ဆည်မြောင်းရပ်ကွက်မှာ အစ္စလာမ်ဘာသာဝင်အိမ်ခြေဟာ ၁၀ အိမ်လောက်သာရှိပြီး ယခင်က ဘာသာရေးစာသင်ကျောင်းငယ်တစ်ခု ရှိခဲ့ကာ ၁၉၉၉ ခုနှစ်မှာ အပိတ်ခံလိုက်ရတယ်လို့ ဆိုပါတယ်။ နောက်ပိုင်း အစ္စလာမ်ဘာသာဝင်တွေက နွေရာသီကျောင်းပိတ်ရက်တွေမှာ နီးစပ်ရာအိမ်တွေမှာစုပြီး ဘာသာရေးစာပေတွေကို သင်ကြားခဲ့ပေမယ့် အခုနောက်ပိုင်းမှာ အဲဒီရာအိမ်မှူးဆိုသူတွေက ခွင်မပေးတော့ဘူးလို့ သိရပါတယ်။
    .
    အခုစည်းကမ်းချက်တွေဟာ ရပ်ကွက်အတွင်းက ရာအိမ်မှူးက မိမိသဘောနဲ့ ထုတ်ပြန်တာဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေက ညွှန်ကြားတာမျိုး ဟုတ်/မဟုတ်ကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
    .
    ဒီလိုခွဲခြားဆက်ဆံမှုတွေ၊ အနိုင်ကျင့်ဗိုလ်ကျမှုတွေကို သက်ဆိုင်ရာကို တိုင်ကြားချင်ပေမယ့် နောက်ဆက်တွဲ အကျိုးဆက်ကို စိုးရိမ်မိတာကြောင့် မတိုင်ကြားရဲကြပါဘူး။ နိုင်ငံသားအချင်းချင်း စိတ်ဝမ်းကွဲစေပြီး ဒေသတွင်း မတည်မငြိမ်ဖြစ်လာနိုင်တဲ့ ဒီလို လုပ်ရပ်မျိုးတွေကို သက်ဆိုင်ရာက တားဆီးပေးဖို့ကိုတော့ မျှော်လင့်မိတယ်လို့ ဒေသခံ အစ္စလာမ်ဘာသာဝင်တွေက ပြောကြားကြောင်း ထိုဒေသကို ရောက်ရှိခဲ့သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။
    .
    ဒီလို လူ့အခွင့်အရေးချိုးဖောက်မှု၊ ခွဲခြာဆက်ဆံမှုဟာ ဆည်မြောင်းရပ်ကွက် တစ်ခုတည်းမှာသာ ဖြစ်ပေါ်တာဖြစ်ပြီး ငွေတောင်ကျေးရွာ အုပ်စုနဲ့ ဒီးမော့ဆိုမြို့နယ်အတွင်းက အခြားဒေသတွေမှာ မရှိဘူးလို့လည်း သိရပါတယ်။ ဆည်မြောင်းရပ်ကွက်အတွင်းက ဗုဒ္ဓဘာသာဝင်တွေကလည်း ဒီကိစ္စကို မနှစ်မြို့ဘူးလို့ သိရပါတယ်။
    .
    ဒီးမော့ဆိုမြို့နယ်အတွင်း ကယားလူမျိုး၊ ပဒေါင်လူမျိုးတွေ အများစုနေထိုင်ပြီး အခု စည်းကမ်းချက်ထုတ်ထားတယ်ဆိုတဲ့ ဆည်မြောင်းရပ်ကွက်မှာတော့ ဗမာလူမျိုးအများစု နေထိုင်တာဖြစ်ပါတယ်။
    .
    သတင်း- ဇာဏီ

    13342095_254909221534484_889687898_n 13393429_254909224867817_583973844_n

  • မြန်မာနိုင်ငံသား မွတ်စလင်ရှေ့နေများအသင်းကို ဖွဲ့စည်း

    မြန်မာနိုင်ငံသား မွတ်စလင်ရှေ့နေများအသင်းကို ဖွဲ့စည်း

    12871470_10154363744203128_7085970026148970670_n
    မြန်မာနိုင်ငံက မွတ်စလင်ဘာသာဝင်တွေ နိုင်ငံသားအခွင့်အရေးဆုံးရှုံးနေတာတွေနဲ့ ခွဲခြားဆက်ဆံ ခံနေရတာတွေကို ဥပဒေကြောင်းအရ ကူညီဆောင်ရွက်ပေးနိုင်ဖို့အတွက်ဆိုပြီး မြန်မာနိုင်ငံသား မွတ်စလင်ရှေ့နေများအသင်းကို ဖွဲ့စည်းလိုက်ပါတယ်။
    .
    တရားဝင်အသင်းအဖွဲ့အဖြစ် ရပ်တည်နိုင်ဖို့ မှတ်ပုံတင်သွားမယ်လို့ အသင်းရဲ့နာယက အဖြစ်တာဝန်ယူထားတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ က ပြောပါတယ်။
    .
    မြန်မာနိုင်ငံသား မွတ်စလင်ရှေ့နေများအသင်းကို ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က ရန်ကုန်မြို့မှာ အစည်းအဝေးပြုလုပ်ပြီး ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။
    .
    မွတ်စလင်ဘာသာဝင်တွေဟာ ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်းနဲ့ နိုင်ငံသားမှတ်ပုံတင် ရရှိရေးတွေမှာ အခက်အခဲတွေရှိနေပြီး အသင်းအနေနဲ့ အဲဒီလိုကိစ္စမျိုးတွေကို လိုက်ပါကူညီပေးဖို့နဲ့ အကြံဥာဏ်တွေ ပေးဖို့ စီစဉ်ထားပါတယ်။
    .
    တစ်နိုင်ငံလုံးမှာ မွတ်စလင်ဘာသာဝင်ရှေ့နေ ၂၀၀ ဝန်းကျင်ခန့်ရှိပြီး အသင်းမှတ်ပုံတင် ရရှိလာတဲ့အခါ မွတ်စလင်ဘာသာဝင် ရှေ့နေတိုင်း အသင်းဝင်ဖြစ်ရေးအတွက် စည်းရုံးသွားမယ်လို့ ဦးကိုနီက ပြောပါတယ်။
    .
    မြန်မာနိုင်ငံသား မွတ်စလင်ရှေ့နေများအသင်းကို ပထမဆုံး ဖွဲ့စည်းတာဖြစ်ပြီး နာယက အဖြစ် ဦးကိုနီ၊ ဥက္ကဌအဖြစ် ဦးကျော်ငြိမ်း၊ ဒုတိယဥက္ကဌအဖြစ် ဦးတင်ထွန်းနဲ့ အတွင်းရေးမှူးအဖြစ် ဦးခင်မောင်ချို တို့က တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။
    .
    Photo: မွတ်စလင်ရှေ့နေများအသင်း နာယကဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို တွေ့ရစဉ်
    .
    RFA မှ ကူးယူဖော်ပြပါသည်။