News @ M-Media
Author: editor
  • ညီမျှချင်းမြန်မာရဲ့ ဘာသာရေး လွတ်လပ်ခွင့် စာတမ်းထုတ်ပြန်
    ညီမျှချင်းမြန်မာရဲ့ ဘာသာရေး လွတ်လပ်ခွင့် စာတမ်းထုတ်ပြန်
    ဖေဖော်ဝါရီ ၂၉ ၊ ၂၀၁၆
    12744335_10154092172985864_7152297383243090825_n
    ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနဲ့ ကရင်ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ လွတ်လပ်စွာယုံကြည် ကိုးကွယ်ခွင့်တွေ ချိုးဖောက်ခံနေရတဲ့ ဖြစ်စဉ်တွေ အပေါ် လေ့လာ ပြုစုထားတဲ့ သုံးသပ်ချက် စာတမ်း ကို ညီမျှချင်းမြန်မာ (Equality Myanmar)က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
    ရန်ကုန်မြို့ Orchid Hotel မှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ထုတ်ပြန် လိုက်တာဖြစ်ပါတယ်။
    ညီမျှချင်းမြန်မာ(Equality Myanmar)က ဒါရိုက်တာ ဦးအောင်မျိုးမင်းက သူတို့တွေ့ရှိ ချက်တွေကို အခုလို ပြောပါတယ်။
    “ဒီ သုတေသနကပြောမယ်ဆိုရင်တော့ အကြောင်းအရာအားလုံးကို ကျနော် အခြေအနေအလိုက် လိုက်ပြီးလုပ်ဆောင်တာမရှိပါဘူး၊ ဒါပေမယ့်ရရှိတဲ့ သတင်းပေါ်မူတည်ပြီးတော့ သုံးသပ်ဖြစ်ပါတယ်၊ ထင်ထင်ရှားရှားဖြစ်သွားတဲ့ ကိစ္စဖြစ်တဲ့ မန္တလေးက ဘာသာပေါင်းစုံကိစ္စတွေကို ဖမ်းတာတွေ၊ နောက် ရန်ကုန် မှာ မွတ်ဆလင်ဘာသာဝင်တွေကို ဈေးရောင်းခွင့်မပြုတာတွေ၊ နောက်တစ်ခုက ကရင်ပြည်နယ်မှာ ခရစ်ယာန်တွေ၊ ဘုရားကျောင်းထဲမှာ ဗုဒ္ဓဘာသာဘုန်း ကြီးကျောင်းအတင်းဖွဲ့တာတွေ၊ အဲ့ဒါကဖြစ်နေတာက အများကြီး၊ ဒါပေမယ့် ဖြစ်နေတဲ့ အကြောင်းအရာကို ထင်ထင်ရှားရှားနဲ့ တိတိကျကျပြောနိုင်မယ့် အကြောင်းအရာကို ပြောတာပါ”
    အဲ့ဒီသုံးသပ်ချက်စာတမ်းထဲမှာ မျိုးစောင့်ဥပဒေလေးရပ်စလုံးဟာ မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့်တွေကို ထိခိုက်နေကြောင်း ထည့်သွင်းထားတယ်လို့ ပြောပါတယ်။
    ဒါ့အပြင် မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်နဲ့ပတ်သတ်လို့ နောက်တက်လာမယ့်အစိုးရသစ် ကို တိုက်တွန်းသွားမယ်လို့လည်း ပြောပါတယ်။
    အဲ့ဒီသုံးသပ်ချက်စာတမ်းကို မြန်မာနိုင်ငံနဲ့ နိုင်ငံတကာက လူ့အခွင့်ရေးလေ့လာသူတွေ စုပေါင်းပြီး ပြုစုထား တာဖြစ်တယ်လို့ သိရပါတယ်။
    ဓါတ်ပုံ – ဦးအောင်မျိုးမင်း FB
    RFA မြန်မာပိုင်းမှ ကူးယူဖော်ပြသည်။
    မူရင်း http://www.rfa.org/burmese/news/equality-myanmar-statement-02282016121643.html
  • Arakan Army(AA) အဖွဲ့နှင့် ဆက်စပ်သည့် လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါး အမြောက်အများ ဖမ်းမိကြောင်း အစိုးရ သတင်းထုတ်ပြန်
    Arakan Army(AA) အဖွဲ့နှင့် ဆက်စပ်သည့် လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါး အမြောက်အများ ဖမ်းမိကြောင်း အစိုးရ သတင်းထုတ်ပြန်
    မသင်္ကာဖွယ်တွေ့ရှိသည့်ကားအား လှည့်ကင်းဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးရာမှ လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ
    12795529_840709949390206_6469478498668074168_n
    နေပြည်တော် ဖေဖော်ဝါရီ ၂၈
    ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် တာမွေမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၆ ရက် နံနက် ၂ နာရီ ၂၀ မိနစ်တွင် သက်သေများနှင့်အတူ လှည့်ကင်း ဆောင်ရွက်နေစဉ် နတ်မောက်ရပ်ကွက် ဦးထွန်းမြတ်လမ်း၊ Victor International School ရှေ့အရောက် မီးဖွင့်ပြီး စက်နှိုးရပ်ထားသော Toyota Hilux Vigo ယာဉ်အား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ အလုံမြို့နယ် ထော်လီကွေ့ စောရန်ပိုင်အနောက်ရပ်ကွက် နွယ်သာကီလမ်းနေ Arakan Army(AA) အဖွဲ့မှ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ အောင်မြတ်ကျော်(ခ) ညီညီစိုး(ခ) မင်းခန့် (ခ) ညီညီ(၂၆) နှစ်အား ယာဉ်ပေါ်မှ Austria နိုင်ငံလုပ် GNP-190 နံပါတ်ပါ 9MM သံကိုယ်ထည် အနက်ရောင် ပစ္စတို (၁)လက်နှင့် ဆက်စပ်ပစ္စည်း(၁၄)မျိုးအားတွေ့ရှိသဖြင့် တာမွေမြို့မရဲစခန်းတွင် လက်နက်များ အက်ဥပဒေပုဒ်မဖြင့် အမှုဖွင့်စစ်ဆေးခဲ့သည်။
    စစ်ဆေးချက်အရ ၎င်းသည် ဝေသာထွန်း(ခ)မျိုးဇော်(၃၃)နှစ်နှင့်အတူ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ (၄၂)ရပ်ကွက်တွင် ငှားရမ်းနေထိုင်ကြောင်းသိရှိရသဖြင့် သွားရောက် ရှာဖွေရာ ဝေသာထွန်း(ခ)မျိုးဇော်အား မတွေ့ရှိသော်လည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ် အတွင်းမှ စစ်သုံးအီကွေးမင့်(၄၂)ခု၊ အစိမ်းရောင်ပြောက်ကြား ကျောပိုးအိတ်(၈၀)အိတ်၊ အစိမ်းရောင်စစ်ဘေးလွယ်အိတ်(၇၀)လုံး၊ ၎င်းကြိုး(၆၀)၊ Bushnell စာတန်းပါ ညကြည့်မှန်ပြောင်း(၅)ခု၊ ICOM IC-V8 စာတန်းပါ အစိမ်းရောင် စကားပြောစက်(၂၁)လုံး၊ Compass စာတန်းပါသံလိုက်အိမ်မြှောင်(၉)လုံး၊ GARMIN စာတန်းပါ GPS(၁)လုံး၊ စစ်သုံးအစိမ်းရောင် ပလတ်စတစ်မြေယာခင်း(၈၉)ထည်၊ လက်လုပ် မိုင်း၊ လက်ပစ်ဗုံး၊ မြေမြှုပ်ဗုံးများပြုလုပ်ရာတွင် အသုံးပြုသည့် ပလတ်စတစ်ကော်ပိုက် (အမာ)အပိုင်းအစများ၊ သံပြား(၄)ပြား၊ ကော်ပြား(၁)ပြား၊ ယာဉ်နံပါတ်ပြား(၁)ခုတို့အား သိမ်းဆည်းရမိခဲ့ပြီး ယင်းနေ့ မွန်းလွဲ ၃ နာရီ မိနစ် ၅၀ တွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ ဘုမ္မာလမ်းသွယ်တွင် ဝေသာထွန်း(ခ)မျိုးဇော်အား ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ နှစ်ဦးအား ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့မရဲစခန်းတွင် ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး အက်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေပုဒ်မတို့ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။
    ဆက်လက်ပြီး ဝေသာထွန်း(ခ)မျိုးဇော် နေထိုင်ရာ မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ ဘုမ္မာ(၂)လမ်းနေအိမ်သို့ သွားရောက်ရှာဖွေရာ လှေကားအံဝှက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၃၃၀၈၀ဝ)ပြား ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့နှစ်ဦးအား မြောက်ဥက္ကလာပမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီ(၁၀)ရက်တွင် လွန်ခဲ့သော(၆)လခန့်က ဝေသာထွန်း(ခ)မျိုးဇော် ငှားရမ်းနေထိုင်ခဲ့သည့် လှိုင်သာယာမြို့နယ်၊ အတွင်းပဒံရွာ၊ ရွှေကမ်းသာယာအိမ်ရာ နေအိမ်သို့ သွားရောက်ရှာဖွေရာ AK ကျည်ဘောက် (၁၉)ခု၊ AK ကျည်(၇၀၄၀)တောင့်၊ 12.7 လေယာဉ်ပစ် စက်သေနတ် ကျည်(၄၄၀)တောင့်၊ RTA47 စက်လတ်ကျည်(ခါးပတ် ၁၃ တွဲကျည်ပါ) ၁၀၀၀ တောင့်၊ AK လေ့ကျင့်ရေးကျည် (၁၉၅)တောင့်၊ စက်လတ်ကျည်အိမ်ဝိုင်း(၂)ခု၊ M34 မီးခိုးဗုံး (၄)လုံး၊ လက်နက်ကြီးပို့ကျည် (၁၂)လုံး၊ TNT ယမ်းထုပ်(၂၀၀ ဂရမ်စီပါ) (၅၆)ထုပ်၊ မီးရှို့စနက်တံကြိုး(ရိုးရိုး) ၉၄ ပေ၊ ၆ လက်မ ၊ မီးရှို့စနက်တံချောင်း(၁၉၅)ချောင်းနှင့် RTA 74 စက်လတ်ကျည်ခါးပတ်(၂)ခုတို့ သိမ်းဆည်းရမိသဖြင့် ၎င်းတို့နှစ်ဦးအပြင် နေအိမ်တွင်နေထိုင်သည့် ကျော်စိန် (စိစစ်ဆဲ)၊ အေးချမ်း(စိစစ်ဆဲ)တို့အား သောင်ကြီးနယ်မြေ ရဲစခန်း(ပ)၈၀/၂၀၁၆၊ လက်နက်များအက် ဥပဒေပုဒ်မ ၁၉(စ) ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။
    12795333_840709952723539_6372762973297342225_n
    အဆိုပါတရားခံ၏ စစ်ဆေးပေါ်ပေါက်ချက်အရ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်၊ ရမ်းသစ်ကြီးကျေးရွာ အုပ်စုရှိ Arakan Army (AA)အဖွဲ့၏ ပုဇွန်ကန် အဆောက်အဦးအနီးတွင် တူးဖော်ရှာဖွေခဲ့ရာ RPG (၆)လက်၊ ပါရီ(၇)လက်၊ စနိုက်ပါ (၄)လက်၊ RPG ဗုံးသီး(၃၉)လုံး၊ RPG ပို့ကျည် (၅၀)တောင့်၊ ကျည်အိမ်(၇၀)ခု၊ ကျည် (၁၁၁၉၇)တောင့်၊ TNT ယမ်းတုံး(၄၅)တုံး၊ စနက်တံ (၂၅၄)ခု၊ ယမ်းကြိုး ထုပ် (၁၀)ထုပ်၊ မှန်ပြောင်း(၂)ခု၊ ဓါတ်ခဲ(၁၄)လုံး၊ ဒီတိုနေတာ(၄)ခု၊ Laser Scope (၁)ခု တို့အား သိမ်းဆည်းရမိသည်။
    ထို့အပြင် အဆိုပါတရားခံများသည် လက်နက်/ခဲယမ်းများအား၂၀၁၄ ခုနှစ်အတွင်း ပြင်ဦးလွင် လမ်းကြောင်းမှ (၂)ကြိမ်၊ ၂၀၁၅ ခုနှစ်တွင် ပြင်ဦးလွင် လမ်းကြောင်းမှ(၆)ကြိမ်၊ ဘားအံလမ်းကြောင်းမှ (၁၀)ကြိမ်၊ စုစုပေါင်း(၁၈)ကြိမ် ရန်ကုန်မြို့သို့ ကိုယ်ပိုင် မော်တော် ယာဉ်ဖြင့် သယ်ဆောင်ခဲ့ကြောင်း၊ ဆက်လက်၍ ရန်ကုန်မြို့တွင် ပြန်လည်ထုပ်ပိုးပြီး လိုင်းကားဖြင့်(၃)ကြိမ်၊ ကိုယ်ပိုင်မော်တော်ယာဉ်ဖြင့် (၁၁)ကြိမ်၊ စုစုပေါင်း(၁၄)ကြိမ်ခွဲ၍ စစ်တွေ မြို့သို့ ပို့ဆောင်ခဲ့ကြောင်း၊ ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်အတွင်း စစ်တွေမြို့သို့ ပို့ဆောင်ခဲ့သော လက်နက်/ခဲယမ်း အရေအတွက် စုစုပေါင်းမှာ လက်နက်ငယ်(၃၄၅)လက်၊ လက်နက်ငယ်ကျည် မျိုးစုံ(၈၀,၂၀၀)တောင့်၊ RPG(၁၆)လက်၊ RPG ဗုံးသီး(၂၁၃)လုံး၊ လက်ပစ်ဗုံး (၃၀၀)လုံး၊ TNT ယမ်း(၇၅၀)တောင့်၊ မိုင်း(၄၀)လုံး၊ ဆက်သွယ်ရေး အထိုင်စက်(၂)လုံး၊ လမ်းလျှောက် စကားပြောစက်(၃၃)လုံး၊ ချပ်ဝတ်(၁၅၀)စုံနှင့် အခြားဆက်စပ်ပစ္စည်းမျိုးစုံဖြစ်ကြောင်း သိရသည်။
    ထိုကဲ့သို့ ဖမ်းဆီးထိန်းသိမ်းထားသော အောင်မြတ်ကျော်(ခ)ညီညီစိုးသည် Arakan Army (AA) မှ စစ်ဦးစီးချုပ်၊ ဗိုလ်မှူးချုပ် အဆင့်ရှိ ထွန်းမြတ်နိုင်၏ တပည့်ဖြစ်ကြောင်း၊ ၎င်းမှ ဒုတိယဗိုလ်မှူးကြီးအဆင့် ရာထူးတိုးမြှင့်ပေး၍ လက်နက်များဝယ်ယူရန် တာဝန်ပေးအပ် ခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်၊ မေလမှစတင်၍ ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး လက်နက်/ခဲယမ်းများ ၀ယ်ယူသယ်ဆောင်မှုများ ဆောင်ရွက်နေခဲ့ရာမှ ဖေဖေါ်ဝါရီ(၆)ရက်တွင် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း Arakan Army (AA) မှ ဗိုလ်မှူးချုပ်အဆင့်ရှိ ထွန်းမြတ်နိုင်သည် ရခိုင်အမျိုးသား ပါတီမှ ဦးစံကျော်လှ၏ သမီးဖြစ်သူ မဇာဇာ(နှင်းဇာဖြူ)နှင့်လက်ထပ်ထားကြောင်း ထွက်ဆိုချက် များအရသိရ သည်။
    အဆိုပါဖမ်းဆီးရမိသော တရားခံများ၏ ထွက်ဆိုချက်များအရ Arakan Army (AA)မှ ဗိုလ်မှူးချုပ်အဆင့်ရှိ ထွန်းမြတ်နိုင်သည် AA အဖွဲ့အတွက် လက်နက်/ခဲယမ်း၊ အသုံးအဆောင်ပစ္စည်းများဝယ်ယူရန် မူးယစ်ကုန်သည်နှင့် ချိတ်ဆက်ကာ စစ်တွေသို့ မူးယစ် ဆေးဝါးများ ပို့ဆောင်ရောင်းချခဲ့ကြောင်း၊ မူးယစ်ဆေးဝါးရောင်းချရရှိငွေများအား AA ဌာနချုပ်သို့ပေးပို့ရပြီး AA ဌာနချုပ်၏ အစီအစဉ်ဖြင့် လက်နက်/ခဲယမ်းများ ဝယ်ယူ၍ပို့ဆောင် ပေးခဲ့ရကြောင်းသိရှိရသဖြင့် Arakan Army (AA)အဖွဲ့၏ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ လက်နက်/ခဲယမ်းများ တရားမ၀င်ရောင်းဝယ်မှုများနှင့် ပါဝင်ပတ်သက်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
  • မွတ်စလင်များရဲ့ မြင့်မြတ်ဖြူစင် ကုသိုလ်ဖြစ်ဆေးခန်း
    မွတ်စလင်များရဲ့ မြင့်မြတ်ဖြူစင် ကုသိုလ်ဖြစ်ဆေးခန်း
    ကျော်ရင်မြင့် ရေးသည်။
    ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလထုတ် မော်ကွန်း မဂ္ဂဇင်းမှကူးယူဖော်ပြပါသည်။
    Phyu Sin Myit tar
    မုံရွာနယ်က လမ်းအလုပ်သမားတစ်ယောက် နှလုံးဆို့ရှင်တွေ ပျက်ဆီးလို့ ဆေးရုံတက်ရပါတယ်။ နှလုံးခွဲစိတ်ကုသရမယ်၊ မကုသနိုင်ရင်တော့ အသက်ရှည်ဖို့ ခက်တယ်။ လမ်းခင်းရာမှာ အလုပ်ကြမ်းလုပ်ရတဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ ငွေကျပ်သိန်း ၂၀-၂၅ လောက် အကုန်အကျခံဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီလိုအခြေအနေမှာ နတ်ပြည်က သိကြားမင်းဆင်းကယ်သလို ကူညီမယ့်သူပေါ်လာတယ်။ မြင့်မြတ်ဖြူစင်တဲ့။
    မြင့်မြတ်ဖြူစင်ဆိုတာ မွတ်စလင် ကုသိုလ်ဖြစ်အထူးကု ဆေးခန်းပါ။ မန္တလေးမြို့ စကြာနွယ်စင်ရပ်မှာ တည်ရှိတယ်။ လူမျိုး၊ ဘာသာမရွေး လူတန်းစား မခွဲခြားဘဲ ကျန်းမာရေးအတွက် အကူအညီပေးနေသူတွေ ဖြစ်ပါတယ်။
    နှလုံးနဲ့သွေးကြောခွဲစိတ် အထူးကုဆရာဝန်ကြီး ဒေါက်တာဦးခင်မောင်ထွေးရဲ့ အလုပ်ခွင်ကိုသွားလည်စဉ်က လမ်း အလုပ်သမလေးကို ဆေးရုံ ခုတင်ထက်မှာ ကျွန်တော်တွေ့ခဲ့ရဖူးတယ်။ သူ့ကိုအားပေးစကားပြောတယ်။ လူသားအချင်းချင်း စာနာမှု အကူအညီတွေရလို့ ဗုဒ္ဓဘာသာဝင် ကိုးကွယ်တဲ့ လမ်းအလုပ်သမလေးဟာ မွတ်စလင်များရဲ့ မြင့်မြတ်ဖြူစင် ကထောက်ပံ့ အသက်ကယ်ပေးလို့ ကျန်းမာ ရွှင်လန်းစွာအိမ်အပြန်လှသွားတာ ကျွန်တော်တွေ့ရတယ်။ (မော်ဒန်ဂျာနယ်မှာ ဒီအကြောင်း သတင်းဆောင်းပါးလည်း ရေးပါတယ်) လမ်း အလုပ်သမလေးရဲ့အမည်ကို ကျွန်တော်မေ့သွားပြီဖြစ်ပေမယ့် မြင့်မြတ်ဖြူစင် ဆိုတာကိုတော့ စွဲစွဲထင်ထင် ဖြစ်သွားပါတယ်။
    သတင်းစာဆရာ စာရေးဆရာမကြီး လူထုဒေါ်အမာ ဦးဆောင် နာယကအဖြစ် တာဝန်ယူဖွဲ့စည်းတဲ့ ဗြဟ္မစိုရ် လူမှုကူညီရေး အသင်းကလည်း ဆင်းရဲချို့တဲ့သူများ ဆေးရုံတက်ရတဲ့အခါ ကျန်းမာရေးအကူအညီ ပေးဖူးပါတယ်။ တစ်လကို ကျပ်သိန်း ၁၀၀ ကျော်အထိ သုံးစွဲကူညီတာမို့ လူ့အသက်ပေါင်း များစွာ ချမ်းသာရာရခဲ့တယ်။ ကျွန်တော်ကိုယ်တိုင်က အသင်းအတွင်းရေးမှူးဖြစ်ခဲ့လို့ ကျန်းမာရေးကော်မတီ ဥက္ကဌ ဒေါက်တာ ဦးစိုးတင့်တို့နောက်က ဆေးရုံတွေကို လိုက်ဖူးပါတယ်။ ဆင်းရဲနွမ်းပါးသူတွေခမျာ မရှိ ရှိတာလေးတွေ ပေါင်နှံရောင်းချပြီး ဆေးရုံကို ရောက်လာကာ အသက်ကိုလုရှာကြရတာကို တွေ့မြင်ရတယ်။ ဆင်းရဲနွမ်းပါးသူတွေမှာ အနေကျပ်သလို အသေကျပ်တာ မျက်မြင်ဖြစ်ပါတယ်။
    မန္တလေးမြို့မှာတော့ ကျန်းမာရေးစောင့်ရှောက်မှုကို ဂျွန်းဗလီဆေးခန်းတို့လို အသင်းအဖွဲ့တွေကစတင်ပြီး လူမျိုးဘာသာ အစွဲမထား၊ မခွဲခြားဘဲ အကူအညီပေးကြတာပါ။ သူ့နောက်မှာ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတွေရဲ့ သြဝါဒခံတဲ့ ဗြဟ္မစိုရ်လို၊ ချမ်းမြသုခလို လူမှုကူညီရေးအသင်းတွေ ပေါ်ပေါက်လာပါတယ်။
    အင်နဲ့အားနဲ့ ကူညီပေးနိုင်တဲ့ ဗြဟ္မစိုရ်က ၂၀၁၂နောက်ပိုင်းမှာ ပြည်သူ့ဆေးရုံများမှာ ဆင်းရဲနွမ်းပါးသူများကို အကူအညီပေးနေတာ လှျော့့ချလိုက်တယ်။
    ကိုရင်လေးတစ်ပါး ဆေးရုံတက်ရတယ်။ သူ့မယ်တော် ခမည်းတော်များကလည် နွမ်းပါးကြတော့ ဆေးကုသစရိတ် မတတ်နိုင်ဘူး။ တာဝန်သိ ဆရာက မြင့်မြတ်ဖြူစင်နဲ့ ဆက်သွယ်ပေးလိုက်လို့ ကိုရင်လေး အသက်ချမ်းသာရာရသွားတာ ကျွန်တော်သိလိုက်ရတယ်။ ကျွန်တော့်အသိစိတ်ထဲမှာ မြင့်မြတ်ဖြူစင်ကို ပိုပြီးလေးစားတန်ဖိုးထားမိတယ်။
    မြင့်မြတ်ဖြူစင် အထူးကုဆေးခန်းကို တစ်ရက်မှာ ကျွန်တော်သွားလည်ပါတယ်။ အထူးကုဆေးခန်း အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ အငြိမ်းစားရဲမှူးကြီး ဦးလှမြင့်တို့ကအစ ကျွန်တော်သိကျွမ်းပြီး ဖြစ်ပါတယ်။
    အထူးကုဆေးခန်းက ခြောက်ထပ် အဆောက်အအုံကြီးပါ။ အထူးကု ဆရာဝန်ကြီးတွေနဲ့ ပြသချင်လို့ ရောက်နေတဲ့ လူနာတွေက ဆေးခန်းနဲ့ ပြည့်လျှံလို့ ဆေးခန်း အပြင်ဘက်မှာ ပလတ်စတပ်ထိုင်ခုံတွေချပြီး ထိုင်စောင့်နေကြတာကို စတွေ့ရတယ်။ ဆေးခန်း ထဲမှာလည်း လူနာအပြည့်၊ ဘီးတပ်ကုလားထိုင်တွေပေါ်ထိုင်နေသူလည်း ရှိတယ်။ လူနာတွေက အသွင်အမျိုးမျိုး၊ အများစုကတော့ နွမ်းပါးပုံရတယ်။ အဝေးက ကျေးလက်က လာပုံရသူတွေလည်း တွေ့ရတယ်။ မွတ်စလင်များရဲ့ ကုသိုလ်ဖြစ်ဆေးခန်းဖြစ်ပေမယ့် အများစုကတော့ ဗုဒ္ဓဘာသာဝင် တွေနဲ့ တူပါတယ်။
    ဆေးရုံဝန်ထမ်း အမျိုးသမီးလေးတွေကတော့ ထဘီအပြာ၊ အင်္ကျီအနီ၊ ခေါင်းမှာပဝါဖြူဖြူ လွှမ်းခြုံထားတယ်။ သူတို့မျက်နှာတွေက ချိုပြုံးနေတယ်။
    “ပြုံးရွှင်ချိုသာစွာ ဆက်ဆံခြင်းသည် အလှူဒါနကုသိုလ်ပြုရာမည်” ဆိုတဲ့ ဆောင်ပုဒ် အတိုင်း ဝန်ထမ်းတွေက လိုက်နာ လုပ်ဆောင်ကြ ပါတယ်။
    ကျွန်တော့်ကို ခရီးဦးကြိုပြုပြီး လိုက်လံပြသတဲ့ အုပ်ချုပ်မှုကော်မတီဝင် အငြိမ်းစား အထက်တန်းပြ ဆရာမကြီး ဒေါ်ခင်သိန်းက ပြောပြတယ်။ ဝန်ထမ်းတွေဟာ အလုပ် လုပ်ရင်း အလိုလို ကုသိုလ်ရနေကြတာပါလားလို့ ကျွန်တော် အတွေးရောက်သွားတယ်။
    မြင့်မြတ်ဖြူစင် ကုသိုလိဖြစ်အထူးဆေးခန်းမှာ အထူးကုဆရာဝန်ကြီးတွေ၊ သမားတော်ကြီးတွေထိုင်ပြီး ပြင်ပလူနာတွေကို လက်ခံ ကုသပေးပါတယ်။ အထွေထွေရောဂါ၊ အရိုးအကြော၊ သားဖွားမီးယပ်၊ ကလေးအထူးကု ကုသပေးတယ်။ မျက်စိခွဲစိတ်ကုသမှု၊ အသေးစား ခွဲစိတ်ကုသမှု လုပ်ပေးသလို ဓာတ်မှန်၊ ECG၊ Ultrasound နဲ့ ဓာတ်ခွဲခန်းတွေလည်း ရှိတယ်။ သွားနဲ့ခံတွင်းရောဂါ အတွက်တော့ သွားအထူးကုဆရာဝန်ကြီးဆေးခန်းနဲ့ ချိတ်ဆက်ထားပြီး တာဝန်ယူပေးတယ်။ အတွင်းလူနာ အဖြစ် ဆေးရုံတက်ရမယ့် သူတွေကိုတော့ ပြည်သူ့ဆေးရုံကို ပို့ပေးတယ်။ ဆေးဖိုးဝါးခလိုအပ်ရင် အကူအညီပေးပါတယ်။ တစ်ရက်ကို လူနာ ၂၀၀ ဦးလောက် လာကြတယ်။ လာကြတာကလည်း အထက်မြန်မာပြည် မြိ့အစုံ၊ နယ်အစုံပါပဲ။ နေပြည်တော်ကတောင်မှ လာပြတယ်။
    နေပြည်တော်ဆိုတာ ဆေးရုံအကြီးကြီးရှိတဲ့နေရာ၊ သမ္မတကြီးတွေ၊ ဝန်မင်းကြီးတွေ နေတဲ့ အရပ်။ ဆေးရုံ အဆင့်မြင့်လောက်တဲ့နေရာ ကတောင်မှ လာပြတာမို့ ကျွန်တော့်စိတ်ထဲ ထူးဆန်းနေတယ်။ လူနာကိုစကားစပ်ကြည့်တော့ နေပြည်တော်မှာ မသွားတတ်၊ မလာတတ်လို့ပါဆိုပြီး စကား အလိမ္မာသုံးပြီး ဖြေသွားတယ်။ ဆေးရုံ၊ ဆေးခန်းပေမယ့် သွားတတ်လာတတ်၊ ဝင်တတ်ထွက်တတ်ဖို့လည်း လိုသေးတာကိုး။ မြင့်မြတ်ဖြူစင်ကတော့ လူနာအားလုံးကို တံခါးဖွင့်ထားပုံရတယ်လို့ ကျွန်တော်အဖြေထုတ်မိပါတယ်။
    မျက်နှာထားကပြုံး၊ လေသံက ချိုပေမယ့် ဦးခေါင်းမှာ ပဝါခြုံထားတဲ့ ဝန်ထမ်းအမျိုးသမီးလေးတွေကို မြင်ရတော့ မွတ်စလင် အသိုင်းအဝိုင်းဆိုတဲ့ ခံစားစိတ်ကတော့ မဖြစ်ဘံ မရှိပါဘူး။ ကြားနာဖူးတာတွေအရ တချို့ရဲ့စိတ်ထဲမှာ တွန့်ဆုတ်မှုတွေ ရှိကောင်းရှိမယ်။ ကျွန်တော်ကတော့ သတင်းသမားပီပီ ဒီခံစားမှုကိုလည်း သိချင်တာပါပဲ။
    တွေ့ရတဲ့ ဗုဒ္ဓဘာသာဝင် လူနာတွေကို တိုးတိုးတိတ်တိတ်မေးကြည့်တော့ သူတို့ကိုခွဲခြားဆက်ဆံမခံရဘူး။ နွေးထွေးပျူဌာ ဆက်ဆံပါတယ်။ ဘာသာခြားမို့လည်း မျက်နှာမငယ်ရပါဘူးလို့ ပြောကြတယ်။ (သူတို့ပြောတာကြာတော့ ကျွန်တော့်မှာ ရှက်သလိုလို၊ အားနာသလိုလို။ သူတို့က အကုသခံချင်လို့ လာတဲ့လူနာမို့ အလိုက်အထိုက်ပြောတာများ ဖြစ်သလား။ စိတ်မှာ ဝေဝေဝါးဝါး။)
    သူနာပြုအုပ်ဆရာမကြီး ဒေါ်ခင်ပြုံးဦးကို တွေ့ပါပြီ။ သူက ဗမာ၊ ဗုဒ္ဓဘာသာဝင် ၊  မြင့်မြတ်ဖြူစင် မွတ်စလင်တောမှာ အလုပ်လုပ်နေတာ။ ရန်ကုန် အင်းစိန်သူက မန္တလေးဆေးရုံကြီးမှာ သူနာပြုဆရာမကြီးအဖြစ်နဲ့ ပင်စင်ယူပြီးနောက် နေရပ်မပြန်တော့ဘဲ မြင့်မြတ်ဖြူစင်မှာ သူနာပြုအုပ် လုပ်နေတာပါ။
    “ကျွန်မဘဝရဲ့ နောက်ဆုံးအချိန်လေးမှာ ကုသိုလ်ယူပြီး လုပ်နေတာပါ။ ကျွန်မဆီမှာ ဆီးချို နှလုံး သွေးတိုးရှိတော့ ဒီကဆရာဝန်တွေကို ပြခွင့်ရသလို ဆေးတွေလည်း ရတယ်။ ဒီမှာ အလုပ်လုပ်ရတာ ဘာသာခြားတွေနဲ့ဖြစ်ပေမယ့် တင်းကျပ်တဲ့ခံစားမှု မရှိဘူး။ လူသားအချင်းချင်း အတူတူပဲ။ ဘာသာမရွေး မခွဲခြားဘဲ လှုပ်ရှားပေးနေကြတာ။ ဟိုတလောက ရုတ်ရုတ်သဲသတွေ လုပ်ကြတော့ ကျွန်မစိတ်မချမ်းသာဘူး” လို့ သူနာပြုဆရာမကြီးက ပြန်ပြောတယ်။
    10819074_357282921099156_183406482_n
    မြင့်မြတ်ဖြူစင်ကုသိုလ်ဖြစ်အထူးဆေးခန်းကို ၂၀၁၀ (၂.၁၀.၂၀၁၀) မှာစတင်ဖွင့်လှစ်တာပါ။ အုပ်ချုပ်မှုကော်မတီဝင် ဒေါ်ခင်သိန်းက နှစ်အလိုက်ကုသပေးခဲ့တဲ့ လူနာ အရေအတွက်ကို ပြောပြတယ်။ ၂၀၁၁ မှာ ၄၅,၀၀၀၊ ၂၀၁၂ မှာ ၅၅,၀၀၀၊ ၂၀၁၃ မှာ ၆၀,၀၀၀ ကျော်၊ ၂၀၁၄ မှာ ၇၀,၀၀၀ ခန့်၊ တစ်နှစ်ထက်တစ်နှစ် လူနာတွေက တိုးလာနေတယ်။ လူနာတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ ဗုဒ္ဒဘာသာဝင်တွေ ဖြစ်တယ်လို့ စာရင်းတွေက ဖော်ပြတယ်။
    လူနာတွေက အထူးကုသမားတော်ကြီးတွေနဲ့ ပြသကုသကြရပြီး အချို့က ကုသခွင့်ကျသင့်ငွေကို အပြည့်အဝပေးကြတယ်။ အထူးကု သမားတော်တွေကို အလွယ်တကူပြနိုင်တဲ့ အခွင့်အလမ်းကို ရချင်လို့ လာတာပါ။ ဆေးဖိုးဝါးခ မတတ်နိုင်သူတွေ အတွက် မြင့်မြတ်ဖြူစင်က ဆေးဖိုးကျခံပေးတာလည်း ရှိတယ်။ ဆင်းရဲနွမ်းပါးတယ်ဆိုရင် (ဆေးခန်းပြ၊ ဆေးရုံတက်) အခမဲ့ ဆေးကုသခွင့်ရတယ်။ အခမဲ့ဆေးကုသခွင့် ခံစားလိုသူတွေက လျှောက်လွှာပုံစံကို ဖြည့်ရတယ်။ ပုံစံမှာ အစ္စလာမ်ဘာသာကို  ကိုးကွယ်သူဖြစ်ရင် ဗလီဆရာက ထောက်ခံရပြီး တခြားဘာသာဝင်ဖြစ်ရင် ကျေးရွာ/ ရပ်ကွက်လူကြီးက ထောက်ခံရပါတယ်။
    မြင့်မြတ်ဖြူစင်မှာ ဆရာဝန်နဲ့ ဝန်ထမ်း ၅၄ ဦးရှိပြီး တစ်လကို လူနာဦးရေ ၆၀၀၀ လောက်ကုသပေးနေရတယ်။ ကုသိုလ်ဖြစ်ဆေးခန်း တစ်ခန်းဟာ ဘယ်လိုဘဏ္ဍငွေနဲ့ လည်ပတ်နေသလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။
    “ကျွန်မတို့ အစ္စလာမ်ဘာသာမှာ စီးပွားလုပ်လို့ တစ်နှစ်ကိုငွေကျပ် ၁၀၀ ကျပ်အသားတင်မြတ်ရင် ၂ ကျပ် ပြား ၅၀ ဆင်းရဲသားကြေး လှူဒါန်းရပါတယ်။ ဇကားသ်လို့ခေါ်ပါတယ်။ ဘုရားသခင်က မလုပ်မနေရ တာဝန်ပေးထားခြင်းပဲ ဖြစ်တယ်။ ဇကားသ်ပေးလှူသူတွေရဲ့ အလှူငွေတွေ လက်ခံရပါတယ်။ မွတ်စလင်တွေထဲကပဲ ဘယ်ဘာသာဝင် အတွက်မဆို ရည်စူးလှူဒါန်းတာတွေလည်း ရှိတယ်။ ဗုဒ္ဓဘာသာဝင် ဝင်များက ပေးလှူတာလည်းရှိတယ်။ ဥပမာ- စာရေးဆရာ ဆရာမာန်မြင့် မိသားစုက ကျပ်သိန်း ၅၀ လှူပါတယ်” လို့ ဒေါ်ခင်သိန်းက ပြောပြတယ်။
    နိုင်ငံခြားက အလှူငွေတွေရှိသလားဆိုတာ ကျွန်တော်မေးတယ်။
    “ဘယ်နိုင်ငံနဲ့မှ အဆက်အသွယ်မရှိသလို ဘယ်နိုင်ငံရဲ့ အကူအညီ အလှူအတန်းကိုမှလည်း လက်ခံမှာ မဟုတ်ပါဘူး။ ကိုယ့်ပြည်တွင်းကရတဲ့ အလှူငွေနဲ့ပဲ ပြန်လည်ကုသ ကုသိုလ်ပြုပေးနေတာပါ” ဆိုပြီး ဒေါ်ခင်သိန်းက ဖြေကြားပါတယ်။
    အုပ်ချုပ်မှုကော်မတီအတွင်းရေးမှူး မန္တလာ ဦးစိုးမြင့်ကတော့ “ကျွန်တော်တို့ ပိုက်ဆံအများကြီး မရှိဘူး။ ဇကားသ် လှူကြတဲ့အချိန် များများရှိတယ်။ သုံးနေရင်း ကုန်သွားတယ်။ ဒါပေမယ့် ပိုက်ဆံကြောင့်တော့ ဆေးခန်းက ရပ်မသွားဖူးဘူး။  မော်တော်ကားလို ပြောရရင် ဓာတ်ဆီတစ်ပုလင်းချင်း ထည့်မောင်းနေရတာပါ” လို့ ပြောပြရင်း ရယ်မောတယ်။
    ဓာတ်ဆီတစ်ပုလင်းချင်းထည့်မောင်းသလို တရွေ့ရွေ့ချီတက်နေရတဲ့ မြင့်မြတ်ဖြူစင်က လုပ်ငန်းတွေလည်း ထပ်ချဲ့နေသေးတယ်။ ကုသိုလ်ဖြစ်ဆေးခန်း ဖွင့်လှစ်တာ လေးနှစ်ပြည့်မြောက်ချိန်မှာ ကျောက်ကပ်ဆေးတဲ့စက် သုံးလုံးတပ်ဆင်ပြီး တစ်နေ့နှစ်ဆိုင်းနဲ့ တစ်ရက်ကို လူနာခြောက်ဦး ကျောက်ကပ်ဆေးပေးနေတယ်။
    10822740_357283461099102_1254487934_n
    ကျောက်ကပ်ဆေးစက်တွေ တပ်ဆင်ဖြစ်သွားပုံကို မန္တလာဦးစိုးမြင့်က ပြန်ပြောပြတယ်။။
    ကျောက်ကပ်ဆေးရတယ်ဆိုတာ အင်မတန် ငွေကုန်ကြေးကျများတယ်။ တစ်ခါက အငြိမ်းစားကျောင်းအုပ် ဆရာမကြီးတစ်ယောက် ကျောက်ကပ်ပုံမှန်ဆေးနေရတယ်။ သူ့ခင်ပွန်းကလည်း ကျောင်းဆရာမို့ ကြွယ်ဝချမ်းသာတာ မဟုတ်ဘူး။ ကျောက်ကပ်ဆေးရတာကြောင့် ဆုဆောင်းထားတဲ့ ရွှေတိုရွှေစလည်း ကုန်ပြီ။ တတ်စွမ်းသမျှကူကြတဲ့ တပည့်တွေကလည်း ဆက်မလှူ၊ ဆက်မကူနိုင်တော့ဘူး။ ဒီအခြေအနေမှာ ဆရာမကြီးခင်မျာ ကျောက်ကပ်ဆက်မဆေးဘဲ လက်လျှော့ရတော့မယ် ဆိုတာကို မြင်ရတော့ သနားတာကြောင့် ကျောက်ကပ်ဆေးပေးတာကို မြင့်မြတ်ဖြူစင်မှာ စလုပ်ဖြစ်သွားတယ်တဲ့။
    ကျောက်ကပ်ဆေးရာမှာ အသုံးပြုရတဲ့ ကိရိယာတွေက တစ်ခါသုံးပစ္စည်းဖြစ်တာကြောင့် လူနာတစ်ယောက် ကျောက်ကပ်ဆေးပြီးတိုင်း စွန့်ပစ်ရတယ်။ ကျောက်ကပ်တစ်ခါဆေးရင် ကုန်ကျစရိတ်က ငွေကျပ် သုံးသောင်းကျော်တယ်။ ကျောက်ကပ်ဆေးတဲ့စက်တစ်လုံးရဲ့ တစ်နှစ် ကုန်ကျစရိတ်က ကျပ်သိန်း ၃၀၀ ကျော်တယ်။ ဒါကြောင့် အသစ်ထပ်ချဲ့ချင်ပေမယ့် မတတ်နိုင်သေးဘူးလို့ မန္တလာစိုးမြင့်က ပြောပြပါတယ်။
    “ကျောက်ကပ်ဝေဒနာရှင်တွေ အမြောက်အမြားရှိနေတာ သိပေမယ့် ကိုယ်နိုင်သလောက် လုပ်ပေးနေရတာပါ။ ဆရာဖေမြင့်ရဲ့ နှလုံးသား အာဟာရစာအုပ်ထဲက သောင်ပြင်မှာ ပြန်လွှတ်ပေးတဲ့လူလိုပေါ့။ တစ်ကောင်အသက်ရှင်ခွင့်ရရင်လည်း တစ်ကောင်ပေါ့ဆိုတဲ့ စိတ်ထားနဲ့ လုပ်နေရတာပါ။ မြန်မာနိုင်ငံမှာ မြင့်မြတ်ဖြူစင်က ပထမဆုံးအခမဲ့ ကျောက်ကပ်ဆေးပေးခြင်းကို ကုသိုလ်ဖြစ်လုပ်ပေးနိုင်တာမို့ ဂုဏ်ယူတယ်” လို့ ဒေါ်ခင်သိန်းက ဆိုတယ်။
    မြင့်မြတ်ဖြူစင် ကုသိုလ်ဖြစ်အထူးကုဆေးခန်းကို ၂၀၁၅ ခုနှစ်အတွက် အာရှနိုင်ငံများ ဆေးရုံစီမံခန့်ခွဲမှု ညီလာခံမှာ Corporate Social Responsibility ခေါင်းစဉ်နဲ့  Excellent Award ဆုချီးမြှင့်ခံရပါတယ်။ နိုင်ငံပေါင်း ၁၁ နိုင်ငံက ဆေးရုံပေါင်း ၁၀၂ ရုံထဲက ရွေးချယ်ချီးမြင့်တာ။ မြန်မာနိုင်ငံမှာ ပုဂ္ဂလိကဆေးရုံများထဲက ပထမဆုံးချီးမြှင့်ခံရတာလို့ မန္တလာဦးစိုးမြင့်က ဆိုပါတယ်။
    နိုင်ငံတကာ အသိအမှတ်ပြု ဆုချီးမြှင့်ကြတာလည်း ဝမ်းသာစရာဖြစ်ပါတယ်။ တကယ့်ကို လူမျိုး၊ ဘာသာ၊ လူတန်းစားမခွဲခြားဘဲ လူနာတိုင်းကို ကူညီကုသပေးနေတာ။ မြင့်မြတ်ဖြူစင်ရှိနေလို့ ဆင်းရဲနွမ်းပါးသူများအတွက် အားထားစရာဖြစ်နေရတာကို ပိုပြီး ဝမ်းသာပါတယ်။ ဒီအလုပ်ကို လုပ်ဆောင်နေကြတဲ့ မွတ်စလင်မိတ်ဆွေများကိုလည်း ကျေးဇူးတင်ပါတယ်။
    ဆက်စပ်သတင်းဖတ်ဖို့
    ————————-
    မြင့်မြတ်ဖြူစင် မွတ်စလင် ကုသိုလ်ဖြစ်ဆေးခန်း (၄)နှစ်ပြည့် အထိမ်းအမှတ် ကျောက်ကပ်တု သွေးသန့်စင်သည့် ဌာန ဖွင့်လှစ်
    http://www.m-mediagroup.com/news/34754
  • ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့ မှ ကိုဇော်ဇော်လတ်၊ မပွင့်ဖြူလတ် နှင့် ကိုဇော်ဝင်းဘို တို့အားအလုပ်နှင့်ထောင်ဒါဏ် ၂ နှစ်အမိန့်ချ
    ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့ မှ ကိုဇော်ဇော်လတ်၊ မပွင့်ဖြူလတ် နှင့် ကိုဇော်ဝင်းဘို တို့အားအလုပ်နှင့်ထောင်ဒါဏ် ၂ နှစ်အမိန့်ချ
    5422_1179943825383101_6612769405167013108_n
    ဧရာဝတီ၊ ဖေဖော်ဝါရီ ၂၆၊ ၂၀၁၆
    မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် လဝက အက် ပုဒ်မ ၁၃/၁ ဖြင့် တရားစွဲဆိုခံထားရ သည့် ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့ မှ ကိုဇော်ဇော်လတ် မပွင့်ဖြူလတ် နှင့် ကိုဇော်ဝင်းဘို တို့အား ဖေဖော်ဝါရီလ (၂၆) ရက်နေ့ က အလုပ်နှင့်ထောင်ဒါဏ် ၂ နှစ်ချမှတ်လိုက်သည်။
    ထို့အပြင် ကိုဇော်ဇော်လတ် နှင့် မပွင့်ဖြူလတ်တို့အား ၂၀၁၃ ခုနှစ်က KIA ဌာနချုပ် လိုင်ဇာသို့ ငြိမ်းချမ်းရေး ခရီးစဉ်လမ်းလျှောက်ချီတက်ရာတွင် မတရားသင်းပင်းမှု ပုဒ်မ ၁၇ (၁)ဖြင့် တရားစွဲဆိုခံနေရခြင်းဖြစ်သည်။
    ဧရာဝတီမှ ကူးယူဖော်ပြပါသည်။
  • အိုးမကွာ အိမ်မကွာ အလုပ်မပျက် English လေ့လာ
    အိုးမကွာ အိမ်မကွာ အလုပ်မပျက် English လေ့လာ
    12111937_1201809396499432_1349830618500926422_n
    ကျော်မိုးအောင် ရေးသည်။
    မကြာခဏ ဆိုသလို ကြုံကြိုက် တိုက်ဆိုင်တိုင်း အမေးခံရတဲ့ မေးခွန်း တစ်ခု ရှိပါတယ်။ သူတို့ မေးတာက အင်္ဂလိပ်စာအင်္ဂလိပ်စကား တတ်လည်း တတ်ချင်တယ် … သင်တန်းတွေဘာတွေ တက်ဖို့လည်း အခြေအနေ မပေးဘူး … ဘယ်လို လေ့ကျင့်ရမလဲ ဆိုတာပါ။
    မေးတဲ့သူတွေက အများအားဖြင့် လူလတ်ပိုင်း အရွယ်တွေပေါ့။ ရာထူးတာဝန် လုပ်ငန်းဆောင်တာ မျိုးစုံနဲ့ အလုပ်များနေကြသူ … အချိန်အား များများစားစား မရှိကြသူ တွေပါ။ ပညာအားဖြင့်လည်း အနိမ့်ဆုံး ဆယ်တန်းလောက်တော့ အောင်ထားသူတွေ ဘွဲ့ရတွေပါ။
    အထူးသဖြင့် နိုင်ငံခြားသားတွေ အရင်ကထက် မြန်မာပြည်ကို အဝင်အထွက် ပိုများလာတဲ့ …. ပြည်တွင်းကသူတွေ နိုင်ငံရပ်ခြား အသွားအလာ ပိုများလာတဲ့ ခုနောက်ပိုင်းကာလတွေမှာ အင်္ဂလိပ်ဘာသာစကား တတ်ကျွမ်းဖို့ ပို အရေးပါလာတော့ ပို စိတ်ဝင်စားလာကြတာပေါ့လေ။
    အဲလိုမျိုး အလုပ်တစ်ဖက်နဲ့ လူလတ်ပိုင်းတွေ … သင်တန်းတွေ တက်နေဖို့လည်း အဆင်မပြေသူတွေ အိုးမကွာအိမ်မကွာ အလုပ်မပျက်စေဘဲ အင်္ဂလိပ်ဘာသာစကား တိုးတက်အောင် ဘယ်လို လုပ်နိုင်မလဲ ဆွေးနွေး အကြံပြုကြည့်ချင်ပါတယ်။
    ၁။ ကြား ပြော ဖတ် ရေး
    ———————-
    စကားပြောခြင်းရဲ့ အစက နားထောင်ခြင်းပါ။ ကလေးငယ်တွေ စကားဘယ်လိုပြောတတ်လဲ စဉ်းစားကြည့်ရင် ကိုယ်နားရည်ဝနေတာကို တုပပြောရင်း ပြောတတ်လာတာ ဆိုတာ သတိထားမိမှာပါ။ အဲဒီနောက်မှာ သူငယ်တန်းအရွယ်လောက် ရောက်တော့ ဝလုံး ဆိုတာ စဖတ်တတ်လာတယ်။ ABCD တွေ စ ဖတ်တတ်လာတယ် …. နောက်ဆုံးမှ ရေးတာပါ။ ခုလည်းပဲ နိုင်ငံခြား ဘာသာစကားတစ်ခုကို အဲဒီလို အစဉ်အတိုင်း လေ့လာရင် အတတ်မြောက်ဆုံးလို့ပဲ ဆိုပါရစေ။
    ဘာသာစကားနဲ့ များများ ထိတွေ့ပါ။ များများ နားထောင်ပါ။ ပြောကြည့်ပါ။ များများ ဖတ်ပါ။ ရေးကြည့်ပါ။ တတ်ကို တတ်ပါတယ်။ ဒီနည်းလမ်းက လွဲလို့လည်း တတ်စရာ တခြားနည်းလမ်း မရှိပါ။
    ၂။ ဆိုကြမယ် ပျော်ကြမယ်
    ————————–
    အဲဒီတော့ ပထမဆုံးအဆင့် ကိုယ့်အနီးဆုံးမှာ အင်္ဂလိပ်လို ကြားနေရဖို့ လိုပါတယ်။ ပြောမယ့်သူမရှိရင် ခပ်ဆင်ဆင် ဖန်တီးယူနိုင်ပါတယ်။ ကိုယ့်ကို နိုင်ငံခြားသားကြီးတစ်ယောက်က အရှင်လတ်လတ် အနားကနေ အင်္ဂလိပ်လို ပြောနေမှ အင်္ဂလိပ်စကား ကြားရတဲ့ခေတ်မှ မဟုတ်တော့ပဲ။ ဖုန်းထဲကနေတောင် အသံ နားထောင်လို့ ရနေပြီ ဖြစ်တော့ အင်္ဂလိပ်လို အသံသွင်းထားတဲ့ audio file တွေ များများ နားထောင်ပေးပေါ့။
    ခက်တာက စကားပြော သင်ခန်းစာ အသံသွင်းထားတာတွေကို တစ်ကြိမ်ထက်ပို အကြိမ်ကြိမ် နားထောင်ဖို့ဆိုတာက ပျင်းစရာ အကောင်းသား။ဒါကို ဖြေရှင်းနိုင်တာက တေးသီချင်းတွေက တစ်ဆင့်ပေါ့လေ။ အင်္ဂလိပ်သီချင်း များများ နားထောင်ပါ။ လိုက်ဆိုပါ။
    သီချင်းကနေ တတ်မြောက်နိုင်တာ အများကြီးပါပဲ … စကားလုံးတွေ သိလာမယ်။ နားထောင်စွမ်းရည် တက်လာမယ်။ အသံထွက်တွေ မှန်မှန် ထွက်တတ်လာမယ်။ intonation တွေ stress တွေ rhythm တွေ သင်မှန်းမသိ သင်ယူပြီးသား ဖြစ်လာမယ်။ စာကြောင်းလိုက် သဒ္ဒါမှန်မှန် သုံးတတ်လာမယ်။ (သဒ္ဒါနည်းကျ မဟုတ်တဲ့ ချွင်းချက် တချို့ကိုတော့ ဒီမှာ ထည့်မပြောတော့ပါ။ အများအားဖြင့် သီချင်းများမှာလည်း သဒ္ဒါမှန်ပါတယ်။) အဲဒီ သီချင်းစာသားတွေနေရာမှာ အစားထိုးပြီး တခြားဝါကျတွေ ပြောင်းပြောလို့ ရေးလို့ ရပါမယ်။
    ဥပမာလေး ပြောရရင် “Just give me a reason” ဆိုတာကနေ “Just tell me the answer.” “Just show me the way.” “Just tell me the truth.” စတာတွေ ပွားယူတာမျိုးပါ။ သီချင်းတိုင်းကနေ ဒီလို လေ့လာယူနိုင်ပါတယ်။ ဒီတော့ အင်္ဂလိပ်လို ပြောတတ်ချင်ရင် ခုပဲ အင်္ဂလိပ်သီချင်းတွေ နားထောင်ရင်း လိုက်ဆိုကြည့်လိုက်ကြတော့နော်။
    ၃။ ရုပ်ရှင်ကြည့်ရင် ပါးစပ် မပိတ်ကြေး
    —————————————
    ခေါင်းစဉ်ကိုကြည့်ပြီး ဘာကြီးပါလိမ့် ထင်မိမယ်။ ဆိုလိုချင်တာက ကိုယ့်အားလပ်ချိန် အင်္ဂလိပ်စကားပြော ရုပ်ရှင် ဇာတ်ကားတွေ ကြည့်ရင် (ခပ်တိုးတိုးပဲဖြစ်ဖြစ် .. အနည်းဆုံး စိတ်ထဲကနေဖြစ်ဖြစ်) နောက်ကနေ လိုက်ပြောကြည့်ဖို့ပါ။ ကိုယ်ပြောတာ မှားများနေမလား … သူများက ကိုယ့်ကို လှောင်များ လှောင်မလား စိုးရိမ်စရာ မလိုတဲ့ စကားပြောလေ့ကျင့်နည်းပါ။ မိသားစုဝင်တွေရှေ့တော့ ရှက်စရာမလိုဘူး ထင်ပါတယ် … အင်္ဂလိပ်ဘာသာစကား တိုးတက်စေချင်လို့ လေ့ကျင့်နေတာပဲလေ။ လှောင်စရာမှ မဟုတ်တာ။
    အမြဲတမ်း လုပ်ရမယ် မဆိုလိုပါ။ စိတ်ရောကိုယ်ပါ အနားယူရင်း အင်္ဂလိပ်ကား ကြည့်ချိန်မှာ အပျင်းလည်းပြေ အင်္ဂလိပ်အရည်အသွေးလည်း တိုးတက်စရာ … တစ်ချက်ခုတ် နှစ်ချက်ပြတ်ပါ။ ရုပ်ရှင်မှ မဟုတ်ပါ … BBC VOA Al Jazeera သီတင်းတွေ နားထောင်ရင်းလည်း လေ့ကျင့်လို့ရတာပဲ။ ကျယ်ကျယ် အသံထုတ် လိုက်မပြောဖြစ်ရင်တောင် နားထောင်ရင်း အသူံးအနှုန်းတွေကို လေ့လာဖြစ်နေမှာပေါ့။ မရှက်ပါနဲ့ … လုပ်ကြည့်ပါ။
    သူတို့ ပြောနေတဲ့ နှုန်းက မြန်နေတော့ လိုက်ပြောရမှာ ခက်မှာပေါ့ … မီသလောက် လိုက်ပြောကြည့်ပါ။ လွယ်လွယ်ပြောရရင် တစ်ကြောင်းကျော်ပြီး ဆိုပါစို့။ အချိန်တစ်ခုအကြာမှာ နှုတ်သွက်လာတာ သတိပြုမိမှာပါ။
    ၄။ ကလေးငယ်တွေကို အသုံးချပါ
    ————————————
    အိမ်မှာ ကလေးငယ်ရှိရင် အခွင့်ကောင်းပါ။ သူတို့အတွက် ကာတွန်းကားလေးတွေ ပြဖြစ်မယ် ဆိုရင် လူကြီးတွေလည်း လေ့ကျင့်ဖို့ အခွင့်ကောင်းတစ်ခု ရပါတယ်။ နောက်တစ်ချက်က ကလေးငယ်များအတွက် ရေးသားထုတ်ဝေတဲ့ အင်္ဂလိပ် ပုံပြင်စာအုပ်လေးတွေ ကာတွန်းစာအုပ်လေးတွေကို ကိုယ့်တူကိုယ့်သားများကို အသံထွက် ဖတ်ပြပေးဖို့ပါ။
    အရေးကြီးတဲ့တစ်ချက် ပြောလိုပါတယ်။ မြန်မာပြည်က ရေးတဲ့စာအုပ်တွေ ထုတ်တဲ့ အခွေတွေကို (လုံးဝ) အားမထားပါနဲ့။ စော်ကားလိုခြင်း အလျဉ်းမဟုတ်ပါ … ဒါပေမယ့် ကြုံဖူးသလောက် အမှားတွေ အလွန် များလို့ပါ။ မူရင်း authentic material တွေကိုသာ သုံးပါ။ ဆိုလိုချင်တာက မြန်မာတွေရေးတဲ့ နှစ်ဘာသာနဲ့ ထုတ်တဲ့ ကလေးစာအုပ်များသည် (အားလုံး ဒီအတိုင်း ဖြစ်နေတယ် မဆိုနိုင်ပေမယ့်) ဘာသာစကား လေ့လာစရာ အကောင်းဆုံး စံနမူနာ မဟုတ်လို့ မူရင်း အင်္ဂလိပ် စာအုပ်များ အခွေများကိုသာ သုံးကြဖို့ အကြံပြုတာပါ။
    နောက်တစ်ချက်က ကလေးငယ်များကို အသုံးချရင်း အင်္ဂလိပ်လို ပြောဖြစ်အောင် ပြောကြည့်ကြစေချင်တာပါ။ “Let’s go.” “Wait for me.” “It’s lunch time.” “Open your mouth.” စတာမျိုးလေးတွေက အင်မတန် ရိုးရှင်းလွယ်ကူပေမယ့် ကိုယ့်ဘာသာကိုယ် မပြောဖြစ်ဘဲ ဖြစ်နေရင် ကလေးငယ်တွေနဲ့ ပြောရင်း ကိုယ်လည်း နှုတ်သွက်လာပါမယ်။ အထူးသဖြင့် ကိုယ့်ကလေးတွေကို International School တွေမှာ ထားဖို့ စိတ်ကူးထားတယ် … ဒါမှမဟုတ် လက်ရှိ အဲလိုကျောင်းတွေမှာ ထားနေတယ် ဆိုရင်ပေါ့။ ကလေးအတွက်ရော မိဘအတွက်ပါ အကျိုးရှိပါလိမ့်မယ်။
    ၅။ကလေးလုပ်ပါ … သူငယ်ပြန်ပါ
    ———————————–
    ကလေးစာအုပ်လေးတွေ ဖတ်ပါ။ Graded Readers တွေ ဖတ်ပါ။ ကလေးစာပေဆိုပြီး အထင်မသေးပါနဲ့။ အခြေခံကျကျ အသံးအနှုန်း မှန်မှန်ကန်ကန် အဲဒီကနေ ရပါလိမ့်မယ်။ ကိုယ်မသိထားသေးတဲ့ အသုံးအနှုန်းတွေလည်း တွေ့မိပါလိမ့်မယ်။Audio book တွေလည်း လာတတ်လို့ အားချိန်မှာ စာအုပ်နဲ့တွဲပြီး နားထောင်ရင်း အသံထွက်ဖတ်လို့ ရပါတယ်။ အဓိက ပြောချင်တာက လူကြီးတွေမှာ လိုနေတတ်တဲ့ အခြေခံလေးတွေကို ကလေးစာပေ ဖတ်ရင်း ရနိုင်တယ်ဆိုတာ အကြံပေးချင်တာပါ။ အလုပ်သွားအလုပ်ပြန် ကားမောင်းရင်း ကားစီးရင်း ရထားစီးရင်း ဆိုင်ကယ်စီးရင်းလည်း နားထောင်လို့ ရတယ်နော်။
    ၆။ Social Media ကို အသုံးချပါ
    ——————————
    Facebook အပါအဝင် social media တွေကနေ သင်ယူတတ်မယ်ဆို သင်ယူစရာ အများကြီးပါ။ English ဘာသာစကား လမ်းညွှန်တွေ သင်ခန်းစာတွေ နေ့စဉ် တင်ပေးနေတဲ့ page တွေ အများကြီး ရှိပါတယ်။ like လုပ်ထား … follow လုပ်ထားပါ။ နိုင်ငံတကာက အင်္ဂလိပ်ဘာသာစကား လေ့လာနေသူတွေ ဖွဲ့ထားတဲ့ group တွေ ရှိပါတယ်။ member ဝင်ထားပါ။ friend မဟုတ်နေရင်တောင် သူတို့နဲ့ အဆက်အသွယ် ရှိနေပါမယ်။ ကိုယ် စိတ်ဝင်စားရာခေါင်းစဉ်ရှိရင် မှားမှာမကြောက်ဘဲ အင်္ဂလိပ်လို ပါဝင် ဆွေးနွေးပါ။ comment ပေးပါ။ မေးလိုတာကို မေးပါ။ ဒီနည်းအားဖြင့်လည်း အရေးအဖတ်စွမ်းရည်များ အတိုင်းအတာတစ်ခုထိ လေ့ကျင့်ပြီးသား ဖြစ်ပါတယ်။
    ၇။ Diary ရေးပါ
    —————-
    အင်္ဂလိပ်လို diary လေး ကြိုးစားပြီး ရေးကြည့်ပါလား။ အသေးစိတ် ရေးဖို့ မဆိုလိုသလို အစပိုင်းမှာ broken English လည်း ဖြစ်ရင် ဖြစ်မှာပေါ့ … အမှားလည်း ပါနိုင်တာပေါ့။ အရေးကြီးတာက ရေးဖြစ်တဲ့ အလေ့အကျင့် ဖြစ်စေချင်တာပါ။ Accuracy မှန်ဖို့ထက် fluency ချောချောမွေ့မွေ့ လက်ကရေးထွက်ဖို့ ပို ရည်ရွယ်ပါတယ်။ Online မှာလည်း ရေးလို့ရပါတယ်။ ကိုယ်ပိုင် blog လေးတွေမှာ တစ်ကြောင်းစ နှစ်ကြောင်းစကနေ စပြီး ရေးလည်း ရတာပဲ။
    ကျွန်တော်တောင် online မှာ ရောက်တတ်ရာရာ စာတိုပေစ ရေးရင်း (မြန်မာလို ဆိုလိုတာပါ။) ရေးလိုရာရာကို လူနားလည်အောင် တဖြည်းဖြည်း ရေးတတ်လာသလို ခံစားရပါတယ်။ ကိုယ်ရေးတာကို ပိုပြီး ယုံကြည်မှု ဖြစ်လာစေတယ်။ တစ်ရက်တစ်ရက်ကို ငါးမိနစ် ဆယ်မိနစ် အချိန်ပေးပြီး ခေါင်းထဲပေါ်တာ ရောက်တတ်ရာရာကို ballpen မလွှတ်တမ်း keyboard က လက်မခွာစတမ်း ချရေးကြည့်ပါလား။ ရှေ့ပိုင်းမှာခက်ပေမယ့် တဖြည်းဖြည်း တိုးတက်လာပါလိမ့်မယ်။
    ၈။ သိသူဖော်စားတဲ့ ရတနာသိုက်
    ———————————-
    အမှတ် (၆)မှာတုန်းက social media အကြောင်း ပြောပြီးသွားပါပြီ။ အဲဒါကတော့ Facebook သုံးရင်း နည်းနည်းစီ သင်ယူနည်းပေါ့။ ခုပြောမှာကတော့ အင်္ဂလိပ်စာ သင်ကြားပေးတဲ့ website တွေ အကြောင်းပါ။ မြန်မာလို ရေးထားတာဆို Myanmar Network လို ဆိုက်တွေ ရှိပါမယ်။ ဒါ့အပြင် ကိုယ် အားတဲ့အချိန်လေးအတွင်း … ညဖက်ဖြစ်ဖြစ် မနက်စေစောဖြစ်ဖြစ် အချိန်သတ်မှတ်ချက်မရှိ အားရင်အားသလို အင်္ဂလိပ်ဘာသာစကား အခမဲ့ လေ့လာသင်ယူနိုင်တဲ့ website တွေလည်း အများကြီးပါ။ ဥပမာအားဖြင့် coursera တို့ futurelearn တို့ပါ။ လွယ်လွယ်ကူကူပဲ စာရင်း ပေးလို့ ရပါတယ်။ နိုင်ငံတကာက စိတ်ပါဝင်စားသူတွေနဲ့အတူတူ စာသင်တဲ့ video clip လေးတွေ ကြည့်လိုက်၊ audio file လေးတွေ ဖွင့် နားထောင်လိုက်၊ pdf စာအုပ်လေးတွေ download လုပ်ပြီး ဖတ်ကြည့်လိုက်၊ မေးထားတဲ့ မေးခွန်းလေးတွေ ဝင်ဖြေလိုက်၊ ကိုယ်က မေးချင်တာ မေးလိုက်နဲ့ဆို အင်္ဂလိပ်ဘာသာစကားနဲ့ အဆက်မပြတ် လေ့လာသင်ယူနေဖြစ်တာပေါ့။ BBC Learning English တို့လို website တွေလည်း ရှိပါတယ်။ အများကြီးပါ။ Youtube တို့ study.com တို့လည်း အပါအဝင်ပေါ့။ ပိုက်ဆံပေးပြီး တက်ရတဲ့ သင်တန်းတွေလည်း online မှာ တစ်ပုံတစ်ပင်ပါ။ Academic ပိုင်း ပိုဆန်တဲ့ အင်္ဂလိပ်စာ လေ့လာသူတို့အတွက်ဆို TED talk တွေ နားထောင်စေချင်ပါတယ်။ ဥပမာအားဖြင့် IELTS ဖြေဆိုဖို့ လေ့ကျင့်နေကြသူများအတွက်ပါ။ subtitle ပါ တွဲလျက် download လုပ်လို့ရတော့ အတိုင်းထက်အလွန်ပါပဲဗျာ။
    File size အကြီးကြီးတွေ မဟုတ်ပါဘူး။ တော်တော် သေးသေးလေးတွေပါ။ဒီအတွက် အင်တာနက် အသုံးစရိတ် တစ်လကို တစ်သောင်းနှစ်သောင်းထက် မပိုပါဘူး။ ပြန်ရမယ့် အကျိုးအမြတ်က အလွန် အဖိုးတန်ပါတယ်။ မြန်မာပြည် internet speed ဘာဖြစ်တယ် ညာဖြစ်တယ် စိတ်မပူပါနဲ့ ရပါတယ်။ ကျွန်တော်လည်း ဖုန်းတစ်လုံး laptop တစ်လုံးနဲ့ ကျောင်းတောင်တက်လာတာပါ။ မနက်စောစောလိုမျိုးဆို streaming တောင် လုပ်လို့ရပါသေးတယ်။
    ၉။ ပြောဖြစ်အောင်ပြော
    ————————-
    အင်္ဂလိပ်စကားပြောတတ်ချင်ရင် အရေးအကြီးဆုံက ပြောဖြစ်အောင်ပြောဖို့ပါ။ ပြောရမယ့်သူ မရှိဖြစ်နေရင် ကိုယ့်ဟာကိုယ် ပြော .. အသံသွင်းထား … ပြန်နားထောင်ကြည့်ပါ။ ဖုန်းတစ်လုံးရှိရင် ကိုယ်ပြောတာကိုယ် နားထောင်ကြည့်လို့ ရပါပြီ။
    အပေါ်မှာ ပြောခဲ့တဲ့ စာအုပ်ကို အသံထွက်ဖတ်တာ ရုပ်ရှင်ထဲက ဒိုင်ယာလော့ခ်တွေ လိုက်ရွတ်တာတွေကို ဖုန်းတစ်လုံးနဲ့ အသံသွင်းထားပြီး ပြန် နားထောင်ကြည့် … ကိုယ် ဘာတွေလိုနေတာလည်း ကိုယ့်ဟာကိုယ် သိပါလိမ့်မယ်။ နီးစပ်ရာ ဆရာတစ်ဦးဦးကို ပေးနားထောင်ခိုင်းလို့လည်း ရပါတယ်။
    တစ်ခါတစ်လေ ကိုယ့်နားမှာ ကဲ့ရဲ့လှောင်ပြောင်မယ့်သူ မရှိဘူး ဆိုလည်း တစ်ယာက်ထဲ တတွတ်တွတ် အင်္ဂလိပ်လိုပြောပြီး အသံကူးထားကြည့်ပေါ့ဗျာ။
    ဒါကတော့ ပြောစရာ အဖော်လည်း မရှိမယ့်သူမျိုးတွေ မဖြစ်ဖြစ်အောင် ပြောထွက်အောင် လုပ်တာပါ။ နိုင်ငံခြားသား မိတ်ဆွေ တစ်ဦးဦးနဲ့ သိကြွမ်းတယ်ဆိုလည်း သူနဲ့ ကြုံတိုင်းဆုံတိုင်း တစ်လုံးစနှစ်လုံးစဖြစ်ဖြစ် ရအောင် ပြော။ အဓိကက ပြောထွက်ဖို့ပါ … မှားတာမှန်တာ နောက်တစ်ဆင့်။ များသောအားဖြင့် ကြုံရတဲ့ ပြသနာက မပြောရဲတာ … ကိုယ့်နှုတ်ကနေ အင်္ဂလိပ်လို ပြောမထွက်တာမျိုးကိုး၊ နှုတ်ရဲစေဖို့ လေ့ကျင့်ခန်းပေါ့။
    နိဂုံးချုပ်ရရင်
    ဘာသာစကားတစ်ခု တတ်ကျွမ်းဖို့အတွက် ဖြတ်လမ်း မရှိပါ။
    အဲဒီဘာသာစကားနဲ့ အကြိမ်ကြိမ်အခါခါ လက်ပွန်းတတီး ထိတွေ့နေမှသာ ရတာမျိုးပါ။ အဲလိုဝန်းကျင်ဖြစ်အောင် ကိုယ့်အိမ်မှာ ရအောင် ဖန်တီးယူပါ။ တကူးတက အချိန်ပေးပြီးလည်း လုပ်သင့်သလို တခြား အိမ်အလုပ် လုပ်ရင်း ကာယလေ့ကျင့်ခန်းလုပ်ရင်း အနားယူရင်း အင်္ဂလိပ်ဘာသာစကားနဲ့ ထိတွေ့မှု ရှိအောင်နေပါ။ တီဗီ ဖုန်း ကက်ဆက် ရေဒီယို နောက်ခံ background အနေနဲ့ အင်္ဂလိပ်လိုပြောနေ ဆိုနေတာ တစ်ခုခု ဖွင့်ထားပြီး အလုပ်လုပ်ပါ။ အားစိုက်ထုတ်ပြီး နားထောင်မနေပါနဲ့ … မိတ်ဆွေရဲ့နားထဲ ကြားမှန်းမသိ ကြားနေရရင်ကို ဦးနှောက်က သူ့ဟာသူ အလုပ်လုပ်နေပါလိမ့်မယ်။
    သေးသေးမွှားမွှား လွယ်လွယ်ကူကူလေးတွေကစပြီး အပြောကျင့်ပါ။ ဘသာစကားတစ်ခု လေ့လာတာ ပျော်စရာအဖြစ် ရှုမြင်ပါ။ မကြောက်ပါနဲ့။ မှားလည်း ဘာမှ မဖြစ်ပါ။ ရဲစိတ်မွေး အားတင်းထား … မရမက မဖြစ်မနေ ပြောဖြစ်အောင်ပြော ရေးဖြစ်အောင်ရေးပါ။ ဘာလေးပဲဖြစ်ဖြစ် ဖတ်ဖြစ်အောင်ဖတ်ပါ။
    အချိန်အတိုင်းအတာတစ်ခု ကြာလာတာနဲ့အမျှ ဒီတိုင်းနေတုန်းကနဲ့မတူဘဲ အင်္ဂလိပ်ဘာသာစကား တိုးတက်လာတာ ကိုယ့်ကိုယ်ကို အံ့သြစရာ ကိုယ်တိုင် ကြုံလာရပါလိမ့်မယ်။ ကိုင်း ခုပဲ စလိုက်ကြစို့လား။ ဖုန်းထဲက အင်္ဂလိပ်သီချင်းလေး စနားထောင်လိုက်တော့နော်။
    ** စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည်။