News @ M-Media
Author: editor
  • အလဲထိုးဘုရင် ရိုးရာလက်ဝှေ့ချန်ပီယံ ထွန်းထွန်းမင်း
    အလဲထိုးဘုရင် ရိုးရာလက်ဝှေ့ချန်ပီယံ ထွန်းထွန်းမင်း
    ကျော်ဇင်လှိုင် ရေးသည်။
    မြန်မာတိုင်း(မ်) မှ ကူးယူဖော်ပြပါသည်။
    boxing-1
    ယနေ့ခေတ် ရိုးရာလက်ဝှေ့ လောကမှာ အလဲထိုးဘုရင်အဖြစ် နာမည်ကြီးသူ၊ အားမာန် အပြည့်နဲ့ ပွဲစဉ်တိုင်းမှာ ရင်ဆိုင်ထိုးသတ်သူ၊ ပြင်းထန်တဲ့ ခြေကန်ချက်တွေနဲ့ ပြိုင်ဘက် တိုင်းကို အချိန်တို အတွင်း အလဲထိုးအနိုင်ယူ နိုင်သူဆိုတဲ့ ဂုဏ်ပုဒ်တွေကို ပိုင်ဆိုင်ထားသူကတော့ လက်ရှိရိုးရာ လက်ဝှေ့ အလွတ်တန်းချန်ပီယံ ထွန်းထွန်းမင်း ဖြစ်ပါတယ်။
    ထွန်းထွန်းမင်းရဲ့ပွဲဆို ပြည်တွင်းပြိုင်ဘက် နဲ့ထိုးထိုး၊ ပြည်ပပြိုင်ဘက်နဲ့ တွေ့တွေ့ ဘယ်နေရာမှာပဲ ကျင်းပပါစေ ပွဲစဉ်တိုင်းက ပရိသတ်အပြည့်ပါပဲ။ သူထိုးတဲ့ပွဲစဉ်တိုင်းက ပရိသတ်ပြည့်သလို မထိုးခင်မှာရော ထိုးနေစဉ် အတွင်းမှာပါ ဆုတော်ငွေတွေ အများကြီး ရရှိတတ်တဲ့ ရိုးရာလက်ဝှေ့မောင်တစ်ဦးဖြစ်ပါတယ်။
    ဒါကြောင့် ရိုးရာလက်ဝှေ့ပရိသတ်တွေ ရဲ့ အသည်းနှလုံး ရရှိထားသူလို့လဲ ဆိုနိုင်ပါတယ်။ လက်ရှိအချိန်မှာ အသက် ၂၄ နှစ်သာရှိသေးတဲ့ ထွန်းထွန်းမင်းဟာ ၂၀၁၂ အာရှ ‘မွေ’ ငွေတံဆိပ် ဆု၊ ၂၀၁၃ ဆီးဂိမ်း’မွေ’ ရွှေတံဆိပ်ဆု၊ ၂၀၁၅ ခုနှစ်အတွက် အကောင်း ဆုံး လက်ဝှေ့သမားဆု၊ ဒဂုံရွှေအောင်လံဆု၊ ၂၀၁၅ Air KBZ  အောင်လံဆုစတဲ့ ဆုတံဆိပ် များစွာကို ရရှိထားသူဖြစ်ပြီး မြန်မာပြည်အလွတ်တန်းချန်ပီယံဘွဲ့ကိုတော့ အသက်၂၃ နှစ်မှာ ရရှိခဲ့သူဖြစ်ပါတယ်။
    boxing-4
    ဓာတ်ပုံများ- ဇာနည်ဖြိုး
    ရွှေခါးပတ် ချန်ပီယံဟောင်းဖြစ်တဲ့ စောငမန်းကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာမှာ အလဲထိုး အနိုင်ယူပြီး မြန်မာပြည်အလွတ် တန်း ချန်ပီယံရွှေခါးပတ်ကို လွှဲပြောင်းရယူခဲ့တာပါ။ လက်ဝှေ့သမား သက်တမ်းတစ်လျှောက် ရင်ဆိုင်ထိုးသတ်ခဲ့တဲ့ ၅၆ ပွဲမှာ ၄၃ ပွဲနိုင်၊
    ၁၂ ပွဲသရေ၊ တစ်ပွဲရှုံးဆိုတဲ့ စံချိန်ကောင်းကိုလည်း ရရှိထားသူဖြစ်ပါတယ်။
    သူ့ကို ပထမဆုံးရှုံးပွဲတွေ့စေခဲ့တဲ့ ကမ္ဘာ့ မွေထိုင်းချန်ပီယံဟောင်း အမေရိကန်နိုင်ငံသား ဆိုင်းရပ်စ်ဝါရှင်တန်ကို နှစ်ကြိမ်တိုင် တိုင် ပြန်လည်အနိုင်ယူပြီး လက်စားချေထားနိုင်သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာ ၂၀ ရက် က ဆိုင်းရပ်စ်နဲ့ ထိုးသတ်ခဲ့တဲ့ နောက်ဆုံးပွဲ
    မှာ ၇၁ စက္ကန့်နဲ့ပဲ အလဲထိုးအနိုင်ယူခဲ့ပြီး ရိုးရာ လက်ဝှေ့ဂုဏ်ကို ဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ မြန်မာပြည်ချန်ပီယံ ဖြစ်ပြီးနောက်ပိုင်း ၂၀၁၅ ခုနှစ် တစ်နှစ်လုံး နိုင်ငံခြားသားတွေ နဲ့သာ ရင်ဆိုင်ထိုးသတ်ခဲ့ရတဲ့ ထွန်းထွန်းမင်း အတွက်၂၀၁၆ ခုနှစ်မှာတော့ ပထမဆုံး ပြည်တွင်းစိန်ခေါ်သူပေါ်လာခဲ့ပါတယ်။သတ္တိကလပ်ရဲ့ ပထမတန်းလက်ဝှေ့ကျော် စောဂေါ်မူတိုပါ။ စောဂေါ်မူတိုနဲ့ ဇန်န၀ါရီ ၁၇ ရက်မှာ မြန်မာပြည် ချန်ပီယံစိန်ခေါ်ပွဲအဖြစ် ရင်ဆိုင်ထိုးသတ်ခဲ့ရာ ဒုတိယအချီ ၃၃ စက္ကန့်မှာ အလဲထိုးနဲ့ အနိုင်ရခဲ့ပြီး ချန်ပီယံဘွဲ့ ကို ကာကွယ်ခဲ့ပါတယ်။ ဒီလိုမြန်မာပြည်ချန်ပီယံကို မွန်ပြည်နယ်၊ မုဒုံမြို့၊ ဖနုံကျေးရွာမှာ မွေးဖွားခဲ့တာဖြစ်ပြီး အရင်က မုဒုံသားကလပ် ကိုယ်စားပြု  လက်ဝှေ့ သမားဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ သူ့ရဲ့နေအိမ်မှာပဲ ရိုးရာကလပ်ကို ဖွင့်လှစ်ထားပြီး မျိုးဆက်သစ် လက်ဝှေ့သမားလေး တွေကို လေ့ကျင့်ပေးနေပါတယ်။
    ကလပ် အမည်ကို သူ့ရဲ့နာမည်ဖြစ်တဲ့ ထွန်းထွန်းမင်းနာမည်နဲ့ပဲ ဖွင့်လှစ်ထားပါတယ်။ မြန်မာပြည်ချန်ပီယံကြီး လေ့ကျင့်တဲ့ ရိုးရာ လက်ဝှေ့ကလပ်ဆိုပေမယ့် နိုင်ငံတကာအဆင့်မီ အားကစားပစ္စည်းတွေနဲ့ လေ့ကျင့် တာကိုတော့ မတွေ့ရပါဘူး။ ရိုးရှင်းတဲ့ သဲအိတ် နဲ့ လက်သီး ထိုးလေ့ကျင့်ပြီး သူရဲ့နာမည်ကျော် ခြေကန်ချက်တွေအတွက်ကတော့ သဲအိတ်တွေ၊ တာယာတွေနဲ့ပတ်ထားတဲ့သစ်ပင်ကိုပဲ တွေ့ရမှာပါ။ ဒါကိုပဲကန်ပြီးတော့ လေ့ကျင့် တာလို့ ဆိုပါတယ်။ ထွန်းထွန်းမင်းက တစ်နေ့ကို လေးနာရီလောက် ပုံမှန်လေ့ကျင့်ဖြစ်တယ်လို့ ဆိုပါတယ်။ “ကျွန်တော်တစ်နေ့ကို လေးနာရီလောက် လေ့ကျင့် ဖြစ်ပါတယ်။ မနက် ၆ နာရီလောက် ကနေ ၈ နာရီ၊ ညနေဆိုရင် ၃ နာရီခွဲလောက် ကနေ ၅ နာရီခွဲလောက်ထိ လေ့ကျင့်ဖြစ်ပါတယ်” လို့ မြန်မာတိုင်း(မ်)ကို ပြောပါတယ်။ သူ့က အစားအသောက်ကို အဓိကထားဆင်ခြင်ပြီး ခန္တာကိုယ်ဝိတ်ကို ထိန်းရတယ်လို့ဆိုပါတယ်။
    boxing-3
    “အစားအသောက်ကတော့ ဆင်ခြင်ရတယ်။ အဆီများတဲ့ အစားအစာ ရှောင်တယ်။ အချဉ်တွေကို ရှောင်တယ်။ အဆီများတဲ့ အစားအစာ တွေက လူကို မောစေတယ်။ အချဉ်ကျတော့ လူကိုအားလျော့စေတယ်။ အလေးအချိန်ကိုတော့ ကိုယ်နဲ့ထိုးမယ့် ပြိုင်ဘက်အပေါ်မူတည်ပြီး ၀ိတ်အတိုးအလျှော့ လုပ်ရတာပေါ့” လို့ ပြောပါ တယ်။ ထွန်းထွန်းမင်းက လက်ရှိသူရဲ့ စွမ်းဆောင်ရည်အပေါ် အပြည့်အ၀ အားမရသေးဘူးလို့ မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
    “လက်ရှိ ကိုယ့်ရဲ့ပုံစံကိုတော့ အားရ ကျေနပ်မှု ရှိပါတယ်။ ဒါပေမဲ့ အပြည့်အ၀တော့မဟုတ်သေးပါဘူး။ တခြားလက်ဝှေ့ သမားတွေထက်စာရင် ကျွန်တော်လေ့ကျင့်တာနည်းနေသေးတယ်လို့ ထင်တယ်။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် အညံ့ဆုံးလို့
    အမြဲတမ်းတွေးပြီးတော့ ကြိုးစားလေ့ကျင့်ပါ တယ်”လို့ ပြောပါတယ်။ ထွန်းထွန်းမင်းဟာရိုးရာလက်ဝှေ့ ကို ၁၀ နှစ်သားအရွယ်ကတည်းက ထိုးသတ်ခဲ့တာဖြစ်ပြီး အသက် ၂၇၊၂၈ နှစ် အရွယ်လောက်မှာ အနားယူ မယ်လို့ ဆိုပါတယ်။ သူ လက်ဝှေ့ စထိုးဖြစ်ခဲ့ပုံနဲ့ ရိုးရာ
    လက်ဝှေ့သမား ဖြစ် လာခဲ့ပုံကိုလည်း ပြောပြခဲ့ပါသေးတယ်။
    “ကျွန်တော်ငယ်ငယ်က ရန် လည်းတစ်ခါမှမဖြစ်ဖူးဘူး။ ကြောက် တတ်ပြီးခပ်အေးအေးပဲနေတတ်တဲ့ ကျောင်းသား တစ်ယောက်ပါ။ ဒါပေမဲ့ တစ်ရက် ကျောင်းမှာကျောင်းသားတစ်ယောက်နဲ့ရန်ဖြစ်တယ်။ အဲဒီကျောင်းသားနဲ့ အပြင် က အပျော်တမ်းပွဲ လက်ဝှေ့ ပြန်ထိုးဖြစ်တယ်။ အဲဒီမှာလက်ဝှေ့ ထိုးတာကို ၀ါသနာပါလာပြီး ရိုးရာလက်ဝှေ့သမား ဖြစ်လာတာပါ” လို့ ပြောပါတယ်။ ထွန်းထွန်းမင်းဟာ လက်ဝှေ့သမား တစ်ဦး ဖြစ်ပေမယ့် မြန်မာနိုင်ငံသားအချင်းချင်းထိုးရတာထက် နိုင်ငံခြားသားတွေနဲ့ပဲ ထိုးချင် တဲ့ လက်ဝှေ့သမားဖြစ်ပါတယ်။ “ကျွန်တော် မြန်မာအချင်းချင်း မထိုးသတ်ချင်ပါဘူး။ ကျွန်တော့်ဘ၀မှာ ကိုစောငမန်းနဲ့ထိုးတုန်းက တစ်ကြိမ်၊ ဂေါ်မူဒိုနဲ့ ထိုးတုန်းကတစ်ကြိမ် စိတ်မကောင်းဖြစ်ရပါတယ်။ အနိုင် ရခဲ့တယ်ဆိုပေမယ့် အားနာမိတယ်။ လက်ဝှေ့
    သမားတွေဆိုတာ တစ်ယောက်နဲ့ တစ်ယောက် က အမြဲတမ်းတွေ့နေရတာပါ။ အပြင်တွေအတူတူ သွားလာစားသောက်နေကြတာပါ။
    အပြင်မှာဆိုရင် ညီအစ်ကို မောင်နှမလိုနေကြ ပြီး စင်ပေါ်မှာ တကယ့်ပြိုင်ဘက်တွေလို ထိုးရတာဆိုတော့ မျက်နှာနာစရာတွေဖြစ်တယ်။ထိုင်းနိုင်ငံကလုပ်တဲ့မွေထိုင်း ပြိုင်ပွဲတွေဆိုဘယ်တော့မှ ထိုင်းချန်ပီယံချင်း ထိုးတယ်ဆိုတာမရှိပါဘူး။ အခြားနိုင်ငံက ပြိုင်ဘက်တွေနဲ့ပဲ ထိုးကြတာပါ” လို့ ပြောပါတယ်။ မြန်မာ့ရိုးရာလက်ဝှေ့နဲ့ပတ်သတ်ပြီး သူရဲ့အမြင်ကိုလည်း သုံးသပ်ပြောပြခဲ့ပါတယ်။ “ရိုးရာလက်ဝှေ့နဲ့ ‘မွေထိုင်း’ ဆိုရင် အားလုံး နီးပါးတူတယ်။
    ဒါပေမဲ့ ‘မွေ’ အားကစားနည်း က လက်ဝှေ့ထက်ပိုအောင်မြင်တယ်။ ဘာလိုလဲဆိုတော့ သူတို့က ပံ့ပိုးကူညီမှု သိပ် ကောင်းပါတယ်။ ထိုင်းနိုင်ငံက သူတို့ရိုးရာအားကစားနည်းအတွက် ပိုက်ဆံအကုန်ခံပြီး လုပ်တယ်။ နိုင်ငံတကာကိုလှည့်ပြီး သူတို့ ပိုက်ဆံနဲ့သူတို့ ထိုးဖောက်ကြတယ်။ ဒါကြောင့် လူတိုင်းသိပြီး အောင်မြင်လာတာပေါ့။ ကျွန်တော်တို့ ရိုးရာလက်ဝှေ့ကို အဲဒီလို အကုန်ခံပြီး ရင်းနှီးမြှပ်နှံမယ့်လူမရှိသေးဘူး။ သံဆန်ခါ လက်ဝှေ့ဖြစ်တဲ့ MMA ပွဲတွေဆို မြန်မာ့လက်ဝှေ့လောက် ကြည့်မကောင်းပါ ဘူး။ ဒါပေမဲ့ ပံ့ပိုးမှုအားကောင်းတော့ သူတို့က အောင်မြင်တာပေါ့။ ဒီလိုတွေလုပ်နိုင်မယ်ဆိုရင် မြန်မာ့ရိုးရာလက်ဝှေ့လည်း အောင်မြင်လာ မှာပါ”လို့ ပြောပါတယ်။
    နိုင်ငံခြားသားတွေနဲ့သာ ရင်ဆိုင်ထိုး သတ်ချင်တဲ့ ထွန်းထွန်းမင်းဟာ ‘မွေထိုင်း’ ဖိုက်တာတွေနဲ့ သွားရောက်ယှဉ်ပြိုင်ဖို့ စီစဉ် နေတယ်လို့ ဆိုပါတယ်။”ဒီအချိန်ကသူ့ရဲ့ အကောင်းဆုံးအချိန်ပါပဲ။ ဒါကိုအသုံးချပြီး မြန်မာ့ရိုးရာလက်ဝှေ့ ကို နိုင်ငံတကာကသိအောင် ကြိုးစားရမယ်။ သူ့အတွက် ‘မွေထိုင်းဖိုက်’ ထိပ်တန်း ကစား သမားတစ်ဦးဦးနဲ့ ပွဲစီစဉ်ဖို့ ရှိပါတယ်။တကယ့်နာမည်ကြီးကစားသမားနဲ့ တည်ပေး သွားမှာပါ။ ဒီမှာလုပ်ဖို့ထက် ဟိုမှာသွားပြိုင် ဖြစ်ဖို့ ပိုများမယ်ထင်တယ်။ ပရိသတ်တွေအတွက် ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာပါ” ဟု ထွန်းထွန်းမင်းရဲ့ မန်နေဂျာဖြစ်တဲ့ ကိုအောင်ကျော်မိုးက မြန်မာတိုင်း(မ်) ကို ပြောပါတယ်။
    boxing-2
    ထွန်းထွန်းမင်း၊တူးတူးနဲ့ မင်းသားကြီး (ခ) ကိုအောင်ကျော်မိုးတို့ သုံးဦးပေါင်းကာ MTT Group ကိုတည်ထောင်ထားပြီး ရိုးရာ လက်ဝှေ့ပွဲကို စီစဉ်လျက်ရှိပါတယ်။ MTT Group ရဲ့ပွဲဦးထွက်ပွဲ စဉ်အဖြစ် All Star Big Fight ဆိုတဲ့ နိုင်ငံတကာ ရိုးရာလက်ဝှေ့ ပွဲကြီးကို ရန်ကုန်မြို့မှာကျင်းပပြုလုပ်ခဲ့ပြီး အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ ထွန်းထွန်းမင်းနဲ့ တူးတူးတို့ဟာ ၂၀၁၂ ခုနှစ်က ဗီယက်နမ်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့ တဲ့ အာရှ ‘မွေ’ ပြိုင်ပွဲအပြီးမှာ အောင်မြင်မှု တွေ အသီးသီးရရှိခဲ့ပြီး ပထမတန်းလက်ဝှေ့ ကျော်တွေဖြစ်လာတဲ့ လက်ဝှေ့သမားတွေ ဖြစ်ပါတယ်။
    လက်ရှိအချိန်မှာ ထွန်းထွန်းမင်းဟာ မြန်မာပြည်ချန်ပီယံဖြစ်ပြီး တူးတူးကတော့ မြန်မာပြည်ရဲ့ဒုတိယအကောင်းဆုံး လက်ဝှေ့ သမားလို့ဆိုရမှာပါ။သူတို့ရဲ့ နှစ်ယောက်ရဲ့ ပွဲကို ရိုးရာလက်ဝှေ့ ပရိသတ်တွေက မျှော်လင့်နေကြပေမယ့် သူတို့နှစ်ဦးဟာ အရင်းနှီးဆုံး သူငယ်ချင်းတွေဖြစ်တာကြောင့် ဒီပွဲဟာ မဖြစ်နိုင်သေးဘူးလို့ ထွန်းထွန်းမင်း က ပြောပါတယ်။ “၂၀၁၂ အာရှ’မွေ’ပြိုင်ပွဲသွားပြိုင်တော့ တူးတူးက ကျွန်တော့်ရဲ့ အခန်းဖော်လေ။
    သူများနိုင်ငံမှာ သွားပြိုင်ရတာဆိုတော့ ကုပေးမယ့်လူမရှိဘူး။ သူထိုးရင် ကိုယ်က ကုပေး၊ကိုယ်ထိုးရင်သူကကုပေးနဲ့ ယှဉ်ပြိုင် ခဲ့ရတာပါ။ ဒဏ်ရာတွေရရင်လည်း တစ်ယောက် နဲ့ တစ်ယောက်ပြုစုပြီး ပြိုင်ပွဲကို ဖြတ်သန်းခဲ့ ကြတာ။ ပြီးတော့ ၂၀၁၃ ဆီးဂိမ်းမှာ Camp
    သူနဲ့ ထိုးဖို့ဆိုတာ တော်တော်စဉ်းစားရမယ့် အလုပ် ပါ” လို့ ထွန်းထွန်းမင်းက ပြောပါတယ်။ ထွန်းထွန်းမင်းနဲ့ တူးတူးတို့ရဲ့ မန်နေဂျာ ဖြစ်တဲ့ ကိုအောင်ကျော်မိုးက “ထွန်းထွန်းမင်းနဲ့ တူးတူးတို့ရဲ့ ပွဲကတစ်နေ့နေ့တော့ ဖြစ် လာမှာပါ။ သူတို့တွေ အနားမယူခင်လေး တော့ ဖြစ်လာမယ်ထင်တယ်။ လောလောဆယ် တော့ နိုင်ငံခြားပြိုင် ဘက်တွေနဲ့ ယှဉ်ပြိုင်ခိုင်းပြီး ရိုးရာလက်ဝှေ့ကို ကမ္ဘာက သိအောင် ကြိုးပမ်းသွားမှာပါ” ဟုမြန်မာတိုင်း(မ်) ကို ပြောပါတယ်။
    မူရင်းလင့်ခ် http://myanmar.mmtimes.com/index.php/sports/17800-2016-02-19-09-55-20.html
  • လူမျိုး၊ဘာသာ မခွဲခြားဘဲ ကူညီပေးတဲ့ လမ်း(၁၂၀) သာရေး-နာရေး အသင်း တစ်နှစ်ပြည့်ပြီ
    လူမျိုး၊ဘာသာ မခွဲခြားဘဲ ကူညီပေးတဲ့ လမ်း(၁၂၀) သာရေး-နာရေး အသင်း တစ်နှစ်ပြည့်ပြီ
    ဖေဖော်ဝါရီ ၁၉ ၊ ၂၀၁၆
    M-Media
    သတင်း/ဓါတ်ပုံ- သူရိန်
    IMG_1101
    ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က စတင်ဖွဲ့စည်းပြီး ရပ်ကွက်အတွင်းရှိ လူမျိုးဘာသာစုံကို ကူညီပေးနေသော ရန်ကုန်မြိှု့ မင်္ဂလာတောင်ညွှန့်မြို့နယ် ရေတွင်းကုန်းရပ်ကွက်က  လမ်း၁၂၀လူငယ် သာရေးနာရေး အသင်း ဟာ ယခုဆိုလျှင် တစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။
    ” မိမိရပ်ကွက်မှာ နေထိုင်တဲ့ လူမျိုးဘာသာမရွေး အခက်အခဲများကု ကူညီဖြေရှင်းပေးနေပါတယ်။ လမ်း(၁၂၀) လူငယ်များကနေပြီးတော့ နာရေးကူညီမှု အသင်း တည်ထောင်ချင်တယ် ပြောပါတယ်။ ဒီလုပ်ငန်း အောင်မြင်အောင် ဘာတွေလုပ်ပေးရမလဲ ဘယ်နေရာကနေ ပံ့ပိုးရမလဲဆိုပြီးတော့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော်တို့ ရေတွင်းကုန်း ရပ်ကွက်က အင်မတန် ချစ်စရာကောင်းတဲ့ ဓလေ့ အစဉ်အလာကို ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်” ဟု ရေတွင်းကုန်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲနောင်သိမ်း ကပြောပါတယ်။
    လွန်ခဲ့သော တစ်နှစ်ကျော်ကာလအတွင်း ဗုဒ္ဓဘာသာ ၊ ဟိန္ဒူဘာသာ နှင့် အစ္စလာမ်ဘာသာဝင်များရဲ့ နာရေး ၁၀၀ ကျော်ကို လိုက်ပါကူညီဆောင်ရွက်ပေး ခဲ့ရတယ်လိှု့ သိရပါတယ်။ ဒါအပြင်  ညောင်တုန်း အင်းမရွာမှ ရေဘေးတွက် အိမ်ထောင်စုခြောက်ရာကျော် အတွက် သိန်းသုံးရာကျော်ဘိုး သွားရောက် ကူညီလှူဒါန်းပေးနိုင်ခဲ့ကြောင်းလည်း သိရပါတယ်။
    အဆိုပါ သာရေးနာရေး အသင်း ဥက္ကဌဖြစ်သူ ဟာဂျီ အလီ(ခ) ဦးသီဟစိုးက နာရေးကိစ္စလိုက်ပါ ကူညီဆောင်ရွက်ပေးခဲ့ရပုံနှင့် ပတ်သက်ပြီး ” မရှိနွမ်းပါးသူတွေကျတော့ ဆုံးသွားတဲ့အခါ သူတို့ရဲ့ အပူကတစ်ကြောင်း ငွေရေးကြေးရေးတွေက တစ်ကြောင်း အပူနှစ်ခုဖြစ်သွားတယ်။ မပြီးပြည့်စုံသူတွေကို ကျတော့ အခမဲ့ ကူညီပေးတဲ့ အပြင် ကားတွေ ဘာတွေငှားတာပါ မိမိအသင်းက ပိုက်ဆံစိုက်ထုတ်ပြီး ရှင်းပေးတယ်။ နာရေးရှင်ရဲ့ အိမ်မှာ လိုအပ်တာတွေသုံးဖို့ ပေးပါတယ်”ဟု ရှင်းပြပါတယ်။
    IMG_1131
    ဒါ့အပြင် ရေတွင်းကုန်း ရပ်ကွက်အတွင်း နာရေးများ အပြင် အခြားမြို့နယ်များဖြစ်သည့် တာမွေ၊ ပန်းဘဲတန်း၊ သာကေတ၊ အလုံ စသည့် မြို့နယ်များတွင်လည်း အကူအညီလိုအပ်ပါက လိုက်လံကူညီပေးခဲ့ရကြောင်း သိရပါတယ်။
    လမ်း ၁၂၀လူငယ် သာရေးနာရေး အသင်း တစ်နှစ်ပြည့် အခမ်းအနားကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၉ရက်နေ့ နေ့လည်မှာ မင်္ဂလာတောင်ညွှန့်မြို့နယ် ရေတွင်းကုန်း ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။
    ရှေ့ဆက်၍လည်း အဆိုပါ အသင်းအနေဖြင့် တရားဝင် အသင်းအဖွဲ့ မှတ်ပုံတင်ဆောင်ရွက်သွားပြီးလူမျိုးဘာသာ မခွဲခြားဘဲ နာရေးကူညီမှုများ၊ ပရဟိတ လှူဒါန်းမှုများနှင့် အောက်ဆီဂျင်ဘူး ငှားရမ်းမှု အတွက်ပါ ဆောင်ရွက်ပေးသွားမည်ဟုလည်း သိရပါတယ်။
  • ရခိုင်ပြည်နယ်မှ ပြည်သူများအတွက် အမေရိကန်မှ ဒေါ်လာ ၅ သန်းကူညီမည်။
    ရခိုင်ပြည်နယ်မှ ပြည်သူများအတွက် အမေရိကန်မှ ဒေါ်လာ ၅ သန်းကူညီမည်။
    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၆
    M-Media
    မိုးစက်
    US for Rakhine
    ရန်ကုန်။    ။ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဘေးသင့် လူမှုအသိုက်အဝန်းများ၊ နေရပ်ရွေ့ပြောင်း ဒုက္ခသည်များနှင့် ဆင်းရဲနွမ်းပါးသူများ အတွက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ငါးသန်းကို ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း အမေရိကန်သံရုံးက ထုတ်ပြန်ကြေငြာလိုက်ပါတယ်။
    မြန်မာပြည်သူလူထုကို အကူအညီပေးနိုင်ရန်အတွက် ထားရှိထားသည့် ကတိကဝတ်များကို အကောင်အထည်ဖော်သည့်အနေဖြင့် အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ (USAID)  မှ ရခိုင်ပြည်နယ်အတွင်း အစီအစဉ်တစ်ခုကို စတင်လိုက်ခြင်းလည်း ဖြစ်ပါတယ်။
    ထိုသို့ဆောင်ရွက်ရာတွင် ရခိုင်ပြည်နယ်အတွင်းရှိပြည်သူများသည် ၎င်းတို့ကိုယ်တိုင် မိမိတို့လိုအပ်ချက်များနှင့် ဦးစားပေးလုပ်ဆောင်ရမည့် ကဏ္ဍများကို ဦးစားပေးလုပ်ဆောင်သွားရမှာလည်း ဖြစ်ပါတယ်။
    အဆိုပါ အကူညီမှာ  အိမ်ထောင်စု ၉,၀၀၀ သို့မဟုတ် လူဦးရေ ၄၅,၀၀၀ ခန့်အတွက် ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း လူမှု့အသိုက်အဝန်းများနှင့် လူနေမှုအဆင့်အတန်းများ တိုးတက်စေရေးအတွက်လည်း အမေရိကန်သံရုံးက နိုင်ငံတကာအဖွဲ့အစည်းများနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်လျှက် ရှိနေကြောင်းလည်း အဆိုပါ ထုတ်ပြန်ကြေငြာချက်မှာ ပါရှိပါတယ်။
    မြန်မာနိုင်ငံသားများအတွက် အလားလာကောင်းများစွာကို အကောင်ထည်ဖော်နိုင်ရေးအတွက် ကူညီပေးနိုင်ရန် အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီသည် အခြားသော ပြည်တွင်းနှင့် နိုင်ငံတကာ အလှူရှင်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိနေကြောင်း သိရှိရပါတယ်။
    ကိုးကား- U.S. Embassy Rangoon
  • သခင် စိတ်လား၊ ကျွန် စိတ်လား
    သခင် စိတ်လား၊ ကျွန် စိတ်လား
    သိန်းမြင့်ညို (ချောက်)
    Messenger ဂျာနယ်မှ ကူးယူဖော်ပြပါသည်။
    Bogyoke Aung San and U Pe Kin at Inlay Lake
    “ကိုဖေခင်…၊ ခင်ဗျားကို ကျွန်တော် ပြောစရာရှိတယ်။ တော်လှန်ရေးသမား ဆိုတာ သုံးမျိုး သုံးစား ရှိတယ်။ ခင်ဗျားသိလား။ “ပထမ တစ်မျိုးက လက်နက် ကိုင်ပြီး တိုက်ရဲတယ်။ သတ်ရဲ ဖြတ်ရဲ အသေခံရဲတယ်။ ဒုတိယ အမျိုးအစားက လက်နက် ကိုင်ပြီး မတိုက်ရဲ မခိုက်ရဲ၊ မသတ်ရဲ၊ မဖြတ်ရဲဘူး၊ အသေလည်း မခံရဲဘူး။ ဒါပေမဲ့ တစ်ရွာဝင် တစ်ရွာထွက် အပင်ပန်းခံ၊ အဆင်းရဲ ခံပြီး စည်းရုံးရေး လုပ်နိုင်တယ်။ စားစရာ ရရင်စား၊ မရရင် မစားဘဲ ဇွဲနပဲနဲ့ အငတ်ခံနိုင်တယ်။ တတိယ အမျိုးအစားက တိုက်လည်း မတိုက်ရဲ၊ အသေလည်း မခံရဲ၊ အပင်ပန်း အဆင်းရဲ အငတ်အပြတ်လည်း မခံနိုင်ဘူး။ ခပ်ကြော့ကြော့လေး ၀တ်စားပြီး၊ ဦးနှောက် သုံးပြီး တိုင်းပြည် အတွက် ဘာလုပ် ပေးရမလဲ၊ လုပ်ပေးနိုင်တယ် ဆိုတဲ့ လူစားမျိုး ဖြစ်တယ်”
    ဒီစကားကို ပြောခဲ့တဲ့ သူကတော့ အမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ဆန်း (ဗိုလ်ချုပ်အောင်ဆန်း)ပဲ ဖြစ်ပါတယ်။ ၁၉၄၆ ခုနှစ်၊ ဇန်န၀ါရီလ(၂၀) ရက်နေ့မှာ ကျင်းပတဲ့ ရွှေတိဂုံအလယ်ပစ္စယံ လူထုဟောပြောပွဲမှာ ရှမ်းပြည်နယ် အတွက် အဆို တင်သွင်း ခဲ့တဲ့ ဦးဖေခင်ကို ဗိုလ်ချုပ်အောင်ဆန်းက တွေ့ဆုံပြီး အထက်ပါ စကားကို ပြောခဲ့တာပါ။
    ဦးဖေခင် ဆိုတာ ပင်လုံစာချုပ် ချုပ်ဆိုတဲ့ ပွဲမှာ ပါဝင် ခဲ့တဲ့ သမိုင်းဝင်ပုဂ္ဂိုလ် တစ်ဦး ဖြစ်ပါတယ်။  မြန်မာ့ သမိုင်းကြောင်းကို ပြောရရင်၊ အထူးသဖြင့် ပင်လုံညီလာခံ အကြောင်း ပြောရမယ် ဆိုရင် ဦးဖေခင်တို့၊ ဦးတင်ဧတို့ကို ချန်လှပ်ပစ်ခဲ့လို့ မရပါဘူး။ တစ်နည်း ပြောရရင် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာခဲ့ရတာ ကိုယ်နှိုက်က ဦးဖေခင်တို့၊ ဦးတင်ဧတို့ရဲ့ လုံ့လပယောဂတွေနဲ့ မကင်းခဲ့ပါဘူး။ သမိုင်းကြောင်းကို ပြန်ပြီး ကောက်ရမယ် ဆိုရင်တော့  အရှည်သားကလား။
    ဦးဖေခင်ဆိုတာက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရန်ကုန် တက္ကသိုလ်မှာ ကျောင်းအတူ နေခဲ့ဖူးပါတယ်။  ဦးဖေခင်က တက္ကသိုလ်ကို ဗိုလ်ချုပ်အောင်ဆန်းထက်  တစ်နှစ် စောပြီး ရောက်ပါတယ်။ တက္ကသိုလ်မှာ အတူဆုံခဲ့ကြတဲ့ သူငယ်ချင်းတွေပါ။
    ဒီနေရာမှာ တစ်ခု သတိထားမိတာ ရှိပါတယ်။ လွတ်လပ်ရေး အကြိုကာလတွေမှာ ပေါ်ပေါက်ခဲ့တဲ့ နိုင်ငံ့ ခေါင်းဆောင်တွေ ထဲမှာ လူမျိုးရေးခွဲခြားမှု၊ ဘာသာရေး ခွဲခြားမှု လုံးဝ မရှိခဲ့ပါဘူး။
    မြန်မာနိုင်ငံမှာ လူမျိုးပေါင်း(၁၃၅)မျိုး ရှိတယ်လို့ သတ်မှတ် ထားပေမယ့်လည်း တကယ့် မျိုးချစ်ပုဂ္ဂိုလ် စစ်စစ်တွေကတော့ ဒါကို တစ်မြေထဲနေ၊ တစ်ရေထဲသောက်၊ တစ်ခရီးထဲသွားတဲ့ သွေးချင်းသားချင်းတွေ လို့ပဲ မြင်တယ်။ လူမျိုးရေး အစွန်းရောက်တာမျိုး၊ ဘာသာရေး အစွန်းရောက်တာမျိုး လုံးဝ မရှိခဲ့ကြဘူး။
    ဦးဖေခင်ကိုပဲ ကြည့်လေ။ ဦးဖေခင်ဟာ မြန်မာမွတ်စလင် တစ်ဦးသာ ဖြစ်တယ်။ သူ့ကို မန္တလေးတိုင်း ဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ဆွဲမှန်ကျေးရွာမှာ မြန်မာသက္ကရာဇ် ၁၂၇၄ ခုနှစ်၊ ၀ါခေါင်လပြည့်နေ့ (ခရစ်နှစ် ၁၉၁၂ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်)နေ့မှာ အစ္စလာမ် ဘာသာဝင် အဖ ဦးဗဗခန်နဲ့ အမိ ဒေါ်တုတ်တို့က မွေးဖွား ခဲ့တယ်။ မြန်မာမွတ်စလင် တစ်ယောက် ဖြစ်တယ်။ ဒါပေမဲ့ သူ့သွေးထဲမှာ ဘာသာရေး ခွဲခြားမှု လုံးဝ ကင်းရှင်းခဲ့တယ်။ ဘယ်နယ်ချဲ့ရဲ့ ပယောဂမှ ပူးဝင်မခံခဲ့ဘူး။ ဘယ်ဘာသာရေး ခေါင်းဆောင်တွေရဲ့ အယူအစွဲတွေမှ ပူးဝင် မခံခဲ့ဘူး။
    ဦးဖေခင် နားလည် ထားတာက ဗမာလည်း မြန်မာ၊ မွတ်စလင်လည်း မြန်မာလို့ပဲ ခံယူထားတယ်။ တိုင်းပြည် လွတ်လပ်ရေး အတွက်၊ တိုင်းပြည်ဖွံ့ဖြိုးရေး အတွက် ဘာသာရေးတွေ၊ လူမျိုးရေးတွေက အဓိက အခြေခံ မကျဘူး။ ဒီတိုင်းပြည်ရဲ့ တိုးတက်ရာ တိုးတက်ကြောင်း အတွက် ကိုယ်တတ်နိုင်တဲ့ ဘက်က တစ်တပ် တစ်အား ပူးပေါင်းပါဝင် ကူညီမယ် ဆိုတဲ့ စိတ်ပဲ ထားခဲ့တယ်။ ကျဉ်းမြောင်းတဲ့ လူမျိုးရေးစိတ်၊ ကျဉ်းမြောင်းတဲ့ ဘာသာရေး စိတ်ဓာတ်တွေ ကင်းရှင်းခဲ့တယ်။ အဲဒါကြောင့်လည်း ဗိုလ်ချုပ်အောင်ဆန်းက သူ့ကို တိုင်းပြည်ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍတွေမှာ ပါဝင် ဆောင်ရွက် စေခဲ့တယ်။
    ဦးဖေခင်ဟာ ဗိုလ်ချုပ်အောင်ဆန်းတို့၊ သခင်နုတို့၊ သခင် သန်းထွန်းတို့နဲ့  ကျောင်းသား ဘ၀ကတည်းက ခင်မင်သိကျွမ်း ရင်းနှီးခဲ့တယ်။ ဒါပေမဲ့ နိုင်ငံရေးကို စိတ်မ၀င်စားခဲ့ဘူး။ နိုင်ငံရေးသမား လုပ်ဖို့လည်း စိတ်ကူး မရှိခဲ့ဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံလွတ်လပ်ရေးနဲ့ အတူ ရှမ်းပြည်နယ်ရဲ့ အနာဂတ် အရေးကိုတော့ စိတ်ဝင်စားမိတယ်။ အဲဒါကြောင့်လည်း ရွှေတိဂုံအလယ်ပစ္စယံမှာ ရှမ်းပြည်နယ်နဲ့ ပတ်သက်ပြီး အဆို တင်သွင်းရာက ဗိုလ်ချုပ်အောင်ဆန်းရဲ့ စည်းရုံးမှုကြောင့် နိုင်ငံရေး လောကထဲ ရောက်လာခဲ့ရတယ်။
    ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်က ဦးဖေခင်ကို ဖ.ဆ.ပ.လ အဖွဲ့ချုပ် အမှုဆောင် အဖွဲ့ဝင် တစ်ဦး အဖြစ် လည်းကောင်း၊ ဖ.ဆ.ပ.လ ဦးစီး အဖွဲ့ဝင် အဖြစ် လည်းကောင်း၊ ဖ.ဆ.ပ.လ အဖွဲ့ချုပ်မှာ တောင်တန်းနယ် ဒေသ အတွင်းရေးမှူး အဖြစ် လည်းကောင်း တာဝန် ထမ်းဆောင်ရင်း ပင်လုံစာချုပ် အကောင်အထည် ဖော်ဖို့ အရေးပါတဲ့ အခန်းကဏ္ဍကို ရောက်ခဲ့ရတယ်။
    မြန်မာနိုင်ငံ လွတ်လပ်ရေး မရခင် ကာလတွေတုန်းက တောင်တန်း ဒေသတွေဟာ ဗမာပြည်မကြီးနဲ့ ကူးလူး ဆက်ဆံဖို့ အခွင့်အလမ်း မရှိခဲ့ကြဘူး။ တောင်တန်းဒေသတွေကို အင်္ဂလိပ်နယ်ချဲ့တွေက ထိန်းချုပ်ထားပြီး စော်ဘွားစော်ခံတွေနဲ့ အုပ်ချုပ်ထားတယ်။ စော်ဘွားကြီးတွေကိုလည်း လုပ်ပိုင်ခွင့်အာဏာ အပြည့်အ၀ ပေးထားခဲ့တာမို့ တော်ရုံ လူငယ်တွေဟာ နိုင်ငံရေး အသိအမြင် တိုးတက်ဖို့ ခက်ခဲလွန်းတယ်။ တက်ကြွတဲ့ နိုင်ငံရေး အမြင်ရှိတဲ့ လူငယ်တွေကို ဖိနှိပ်ထားတယ်။ အထူးသဖြင့် ဘိန်းတွေ၊ သုံးဆယ့်ခြောက်ကောင် လောင်းကစားတွေနဲ့ ရှမ်းပြည်နယ် လူထုကို နိုင်ငံရေးနဲ့ ကင်းဝေးအောင် သွေးဆောင် ထားခဲ့ကြတယ်။ နိုင်ငံရေး အသိရှိတဲ့ လူငယ်တွေ ပေါ်လာရင်လည်း (Frontier crossing Act) လို့ခေါ်တဲ့ “နယ်ခြား ဒေသကျော်ဖြတ်မှု ချုပ်ကိုင်ရေးဥပဒေ” နဲ့ ဖမ်းဆီး ချုပ်နှောင်ထားတယ်လို့ သိရတယ်။ မလိုလားအပ်သူ ဆိုပြီး နယ်နှင်ဒဏ် ပေးလို့ရတယ်။ အဲဒါကြောင့် ရှမ်းလူငယ်တွေ ပြည်မနဲ့ ဆက်ဆံဖို့ဆိုတာ အလွန် အန္တရာယ်များလှတဲ့ စွန့်စားမှု တစ်ရပ် ဖြစ်ခဲ့တယ်။
    ဒါပေမဲ့ တိုးတက်သော ရှမ်းလူငယ်တွေ ဖြစ်ကြတဲ့ ဦးထွန်းမြင့်(လင်းခေး)၊ ဦးတင်ဧ(ရှမ်းပြည်)၊ ဦးထွန်းမြင့် (တောင်ကြီး)၊ ဦးစံဖေ၊ ဦးခွန်ထီး၊ ဦးအုန်းဖေ၊ ဦးသန်းဖေ၊ ဦးဘတင်၊ ဦးသုတ၊ ဦးအေးကျော်တို့ဟာ ရွှေတိဂုံ အလယ်ပစ္စယံ လူထုဟောပြောပွဲကို လျှို့ဝှက်စွာ တက်ရောက်လာကြတယ်။ အဲဒီ ဟောပြောပွဲမှာ ရှမ်းပြည်နယ် အတွက် ဦးဖေခင် တင်သွင်းတဲ့ အဆိုကို တစ်ခဲနက် ထောက်ခံခဲ့ကြတယ်။ ဦးဖေခင် တင်သွင်းတဲ့ အဆိုကတော့ “ဗမာပြည်မကြီးကို လွတ်လပ်ရေး ပေးရင် တောင်တန်းဒေသတွေကိုလည်း ချန်လှပ် မထားရန်၊ တစ်ပါတည်း ပြည်နယ် ပြည်မ လွတ်လပ်ရေး ပေးရန်” တို့ပဲ ဖြစ်ပါတယ်။
    မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ခရီးကြမ်းကြီးဟာ “ဓားသွားပေါ်က ပျားရည်စက်”လိုပဲ။ လွတ်လပ်ရေး ဆိုတာ ချိုမြိန်တဲ့ အရသာ ရှိကောင်း ရှိပေမယ့် ဓားသွားလို အန္တရာယ်များတဲ့ အခက်အခဲ အတားအဆီးတွေကို ဖြတ်သန်း ခဲ့ကြရတယ်။
    ကြီးမားတဲ့ အတားအဆီးတွေ ထဲကမှ တစ်တိုင်းပြည်လုံးရဲ့ စည်းလုံးညီညွတ်မှုနဲ့ ဖက်ဆစ်ဂျပန်တွေကို မောင်းထုတ် နိုင်ခဲ့တယ်။ ဖ.ဆ.ပ.လ အဖွဲ့ချုပ်ကြီးရဲ့ မှန်ကန်တဲ့ ဦးဆောင်မှုနဲ့ နယ်ချဲ့အင်္ဂလိပ်ကို စိန်ခေါ်ခဲ့တယ်။ နယ်ချဲ့အင်္ဂလိပ်က မြန်မာပြည်သူလူထုကို သွေးခွဲ ခဲ့တယ်။ ပြည်နယ်ပြည်မ ခွဲခြား ပစ်ဖို့  ကြိုးစားခဲ့တယ်။ တောင်တန်းဒေသတွေကို ဆက်လက် ထိန်းချုပ် ထားချင်သေးတယ်။ ဗမာပြည်မကြီးကို မတတ်သာလို့ လက်လွှတ်လိုက်ရတဲ့ တိုင်အောင် ပြည်နယ်တောင်တန်း ဒေသတွေကိုတော့ လက်လွှတ်ချင်ဟန် မတူဘူး။ အဲဒါ ကြောင့်လည်း ရှမ်းစော်ဘွားတွေကို စည်းရုံးခဲ့တယ်။
    ဗိုလ်ချုပ်တို့ လန်ဒန်မှာ လွတ်လပ်ရေး အတွက် ဆွေးနွေးခဲ့ကြတဲ့ အချိန်မှာပေါ့။ ဗမာပြည်မကို လွတ်လပ်ရေး ပေးမယ်၊ တောင်တန်း ဒေသတွေကတော့ သူတို့ရဲ့ သဘောဆန္ဒ အလျှောက်ပဲ ဖြစ်ရစေမယ်လို့ ညှိနှိုင်း နေကြတယ်။ ဗိုလ်ချုပ်တို့ကလည်း ပြည်နယ်တောင်တန်း ဒေသတွေ မပါဘဲ လွတ်လပ်ရေး ရခဲ့မယ် ဆိုရင်တောင် အဲဒီလွတ်လပ်ရေးဟာ“အတောင်မပါတဲ့ငှက်”လိုဖြစ်မယ် ဆိုတာ သဘောပေါက်ထားတယ်။ အဲဒါကြောင့် ပြည်နယ်တောင်တန်း ဒေသတွေနဲ့ တစ်ပါတည်း လွတ်လပ်ရေးပေးဖို့ တောင်းဆိုခဲ့တယ်။
    ဒါပေမဲ့ အဲဒီ အချိန်မှာပဲ မထင်မှတ်တဲ့ အနှောင့်အယှက် တစ်ခု ၀င်လာတယ်။ အင်္ဂလိပ်နယ်ချဲ့တွေရဲ့ သွေးထိုးမှုကို နားယောင်ခဲ့တဲ့ စော်ဘွားတွေက အင်္ဂလိပ် အစိုးရထံ ကြေးနန်းစာ ပို့လိုက်တယ်။ “အောင်ဆန်းက ငါတို့ ကိုယ်စားလှယ် မဟုတ်၊ ရှမ်းပြည်နယ် အတွက် ဘာမှ ပြောပိုင်ခွင့် မရှိ၊ ရှမ်းပြည်ကိစ္စ ဆွေးနွေးလိုလျှင် ငါတို့ကို ဖိတ်ပါ”ဆိုတဲ့ ကြေးနန်းစာပါပဲ။
    အင်္ဂလိပ်နန်းရင်းဝန် အက်တလီဟာ အဲဒီ ကြေးနန်းစာကို ဗိုလ်ချုပ်အောင်ဆန်းကို ပြလိုက်တယ်။ ဗိုလ်ချုပ် နားလည် လိုက်တယ်။ ရှမ်းပြည်နယ်ကို အင်္ဂလိပ်တွေ သွေးခွဲလိုက်ပြီ ဆိုတာကိုပေါ့။ ရှမ်းပြည်နယ်မှာ ရှိတဲ့ စော်ဘွားတွေလည်း နယ်ချဲ့အင်္ဂလိပ်ရဲ့ ပယောဂ ပူးဝင် ခံလိုက်ရတယ်။ “မစားရ ၀ခမန်း” မက်လုံးတွေနဲ့ ပြည်နယ်ပြည်မ သွေးစည်းမှုကို သွေးခွဲလိုက်တယ်။ သမိုင်းစဉ်ဆက် သွေးစည်းခဲ့တဲ့ မြန်မာနိုင်ငံကို အင်္ဂလိပ်နယ်ချဲ့တွေ နှစ်ပေါင်းတစ်ရာ နီးပါး သွေးခွဲခဲ့သလို ယခုလည်း သွေးခွဲ လိုက်ကြပြန်တယ်။
    တိုးတက်တဲ့ ရှမ်းလူငယ်တွေဟာ နိုင်ငံရေး မျက်ခြည် ပြတ်မခံခဲ့ဘူး။ တောင်တန်း ဒေသတွေနဲ့ ဗမာတွေဟာ သွေးစည်းညီညွတ်မှု ရှိတယ် ဆိုတဲ့ အကြောင်း ချက်ချင်း တုံ့ပြန် လိုက်ကြတယ်။ ရှမ်းလူငယ် ကိုတင်ဧ(နောင်-အငြိမ်းစား နိုင်ငံတော်ကောင်စီဝင်)က ဦးဆောင်ပြီး တောင်ကြီးနဲ့ အနီးအနား ပတ်ဝန်းကျင် မြို့တွေမှာ လူထု ဆန္ဒပြပွဲတွေ ကျင်းပ လိုက်ကြတယ်။
    “ဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်းပြည်နယ် အပါ အ၀င် တောင်တန်းဒေသ အားလုံးကို ကိုယ်စားပြုသည်။ ဗိုလ်ချုပ်အောင်ဆန်းကို ငါတို့ ထောက်ခံသည်။ ဗမာပြည်မကို လွတ်လပ်ရေး ပေးလျှင် ရှမ်းပြည် အပါအ၀င် တောင်တန်း ဒေသကိုပါ တစ်ပြိုင်နက်တည်း လွတ်လပ်ရေးပေးပါ”ဆိုပြီး လန်ဒန် အစိုးရထံ ကြေးနန်း ပြန်ရိုက် လိုက်ကြတယ်။ ဒီတော့မှ အင်္ဂလိပ် အစိုးရလည်း ရှမ်းပြည်သူလူထုရဲ့ သဘောထား အမှန်ကို သိရှိ နားလည်သွား တယ်။ “ဒီလို ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တောင်တန်း ဒေသကိုယ်စားလှယ်တွေ တွေ့ဆုံညှိနှိုင်း ဆွေးနွေးကြပါ။ ရရှိလာတဲ့ သဘောတူညီချက်ကို ဗြိတိသျှအစိုးရ အနေနဲ့ လက်ခံပေးပါမယ်”ဆိုတဲ့ အဖြေကို ပေးခဲ့တယ်။ ဒါဟာ “အောင်ဆန်းအက်တလီ ” စာချုပ်ရဲ့ ရေသောက်မြစ်ပဲ ဖြစ်ပါတယ်။
    နယ်ချဲ့အင်္ဂလိပ်တွေရဲ့ အထင်ကတော့ ရှမ်းဗမာ သွေးစည်းရေး မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ကြတယ်။  နယ်ချဲ့ အင်္ဂလိပ်က နှစ်ပေါင်း တစ်ရာ သွေးခွဲ အုပ်ချုပ်ထားတာမို့ ဘယ်နည်းနဲ့မှ ရှမ်းဗမာ သဘောတူညီမှု ရလိမ့်မယ်လို့ မထင်မှတ်ခဲ့ဘူး။ အဲဒါကြောင့်လည်း ဗိုလ်ချုပ်အောင်ဆန်း တို့ကို နှစ်သိမ့်လွှတ်လိုက်ဟန် တူပါတယ်။ အက်တလီတို့ ထင်မယ် ဆိုရင်လည်း ထင်စရာပါ။ ရှမ်းပြည်နယ်မှာ စော်ဘွားတွေ၊ မြို့စားတွေ၊ ငွေခံမှူးတွေ ကို အခွင့်အရေး ပေးထားတယ်။ ဘိန်းနဲ့ လောင်းကစားဝိုင်းတွေ ဖွင့်ပြီး နိုင်ငံရေး နားမျက်စိတွေ ပိတ်ထားခဲ့ပြီကိုး။ ဒီတော့လည်း ဗိုလ်ချုပ်အောင်ဆန်းတို့ တစ်တွေ ဘယ်လောက်ပဲ စည်းရုံးကြပါစေ အောင်မြင်လိမ့်မယ်လို့ လုံးဝ ထင်မှတ် မထားခဲ့ဘူး။ တကယ်တော့ နယ်ချဲ့ ဆိုတာ ဘယ်နယ်ချဲ့မှ သီလ မစောင့်ထိန်းကြပါဘူး။ မျက်မှောက်ခေတ် နယ်ချဲ့တွေလည်း ဒီပုတ်ထဲက ဒီပဲတွေ ဆိုတာ သမိုင်းသင်ခန်းစာ ယူထားကြဖို့တော့ လိုလိမ့်မယ် ထင်ပါတယ်။
    ရှမ်းပြည်သူလူထုရဲ့ သွေးစည်းညီညွတ်မှုကြောင့် “အောင်ဆန်းအက်တလီ”စာချုပ်ကို (၂၇. ၁. ၁၉၄၇) နေ့မှာ အောင်မြင်စွာ ချုပ်ဆို နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ တောင်တန်းဒေသတွေနဲ့  ညှိနှိုင်း ဆွေးနွေး ရဦးမှာမို့ ဗိုလ်ချုပ်အောင်ဆန်းဟာ ဗမာပြည်ကို ချက်ချင်း ပြန်လာခဲ့ပါ တယ်။
    ဖေဖော်ဝါရီလ(၂)ရက်နေ့မှာ ဗိုလ်ချုပ်တို့ ရန်ကုန်ကို ပြန်ရောက်လာကြပြီး ဖေဖော်ဝါရီလ(၈)ရက်နေ့မှာ ပင်လုံကို ထပ်ပြီး ခရီးဆက်ခဲ့ရတယ်။ ဗမာပြည် လွတ်လပ်ရေး အတွက် အချိန်တိုင်းဟာ တန်ဖိုးရှိနေတယ်။ အဲဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းဟာ အချိန်မဆိုင်းဘဲ (အနားမယူဘဲ) ရှမ်းပြည်နယ်ကို ခရီးထွက်ခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ပင်ပန်းနွမ်းနယ် နေရမယ့် အစား အနာဂတ် မြန်မာနိုင်ငံရဲ့ ကံကြမ္မာ အတွက် တက်ကြွ ရွှင်လန်းနေတယ်။ ဖေဖော်ဝါရီလ(၈)ရက်နေ့ ညနေမှာတော့  ရှမ်းစော်ဘွားကြီးတွေ၊ ကချင်ခေါင်းဆောင်ကြီးတွေကို ပျော်ရွှင်စွာ နှုတ်ခွန်းဆက်ပြီး လန်ဒန် အတွေ့အကြုံတွေကို ရှင်းလင်း ပြောပြခဲ့တယ်။ တက်ရောက် လာကြတဲ့  တောင်တန်းကိုယ်စားလှယ်တွေကလည်း ဗိုလ်ချုပ်ရဲ့ ရိုးသား ပွင့်လင်းမှုကို ကျေနပ် နှစ်သိမ့်နေကြတယ်။
    နောက်တစ်နေ့ ပင်လုံညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်းဟာ အနာဂတ် မြန်မာပြည်ရဲ့ အခြေအနေကို ရှင်းရှင်း နဲ့ ဘွင်းဘွင်းပဲ ပြောပြခဲ့တယ်။ ကိုယ့်ပြည်တွင်းက ပြဿနာကို ကိုယ့်အချင်းချင်း နားလည် ခွင့်လွှတ်မှုတွေ နဲ့သာ ဖြေရှင်းရမှာ ဖြစ်တဲ့ အကြောင်း၊ အမေကျော် ဒွေးတော် လွမ်းနေလို့ မဖြစ်ကြောင်း၊ ဘယ်ပြည်ပကမှ သူတို့ အကျိုးစီးပွား အတွက် အကျိုးအမြတ် မရှိဘဲ ကူညီမှာ မဟုတ်တဲ့ အကြောင်း၊ နောက်ဆုံး သူတို့ အကျိုး အတွက် အသုံးချသွားကြမှာ ဖြစ်တဲ့ အကြောင်း။ အဲဒါကြောင့် ကိုယ့်အချင်းချင်း စည်းလုံး ညီညွတ်စွာ လက်တွဲပြီး ပြဿနာ အရပ်ရပ်ကို ဖြေရှင်းဖို့ လိုကြောင်း ပြောကြား သွားတယ်။
    ဒါပေမဲ့လည်း “ဘယ်လောက်ပဲ စေတနာမှန်မှန်၊ ဘယ်လောက်ပဲ ရိုးသားမှု ရှိနေပါစေ၊ အဖျက်အမှောင့်တွေကတော့ ပေါ်လာစမြဲပါပဲ။ ပင်လုံညီလာခံကြီးဟာ အစကောင်း သလောက်၊ အနှောင်း မသေချာတော့မယ့် အခြေအနေ အထိ ရောက်လာခဲ့တယ်။
    ပင်လုံညီလာခံမှာ ဦးဆောင် ဆွေးနွေးကြတဲ့ ရှမ်းနဲ့ ကချင်ခေါင်းဆောင်တွေက “တောင်တန်းသားများ ညီညွတ်ရေးကောင်စီ ”အမည်နဲ့ တောင်းဆိုချက်တွေ တောင်းဆိုလာကြတယ်။
    (၁)မြန်မာတို့နှင့် အဆင့်အတန်းတူ၊ အခွင့်အလမ်းတူ၊ ရပိုင်ခွင့်တူ ဒီမိုကရေစီကျကျ ခံစားခွင့်  ရှိရမည်။
    (၂)  အမှုဆောင်ကောင်စီတွင် ပါဝင် ဆောင်ရွက် ကြသော ရှမ်းကိုယ်စားလှယ်နှင့် ကချင်ကိုယ်စားလှယ် တို့သည် မိမိတို့လူမျိုး အသီးသီး၏ ပြည်တွင်းရေးရာ အားလုံး အတွက် တာဝန်ယူ ဆောင်ရွက်ကြရမည်။ ထို့အပြင် ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ မီးရထား အကောက်တော် အစရှိသော အားလုံးနှင့်ဆိုင်သော ကိစ္စရပ်များ အတွက် အားလုံး စုပေါင်းကာ တာဝန်ယူ ဆောင်ရွက်ကြရမည်။
    (၃)  ကချင်တို့က သီးခြား ကချင်ပြည်နယ် အလိုရှိကြောင်း တောင်းဆိုချက်ကို ဤကော်မတီက ထောက်ခံသည်။
    (၄) မြန်မာကိုယ်စားလှယ်တော်များနှင့် ဘုရင်ဧကရာဇ် အစိုးရ၏ သဘောတူညီချက်များသည် ရှမ်း၊ ကချင်တို့နှင့် မပတ်သက်စေရ။
    (၅) လွတ်လပ်ရေး ရပြီးသည့်နောက်  မြန်မာပြည်ထောင်စုမှ ကျွန်ုပ်တို့ ခွဲထွက်လိုလျှင် ကျွန်ုပ်တို့ သဘောကျသည့် အချိန်တွင် ခွဲထွက် နိုင်ခွင့် ရှိစေရမည်။
    အဲဒီ တောင်းဆိုချက်တွေကြောင့် ဗိုလ်ချုပ်အောင်ဆန်းဟာ တော်တော် စိတ်ပျက် သွားခဲ့တယ်။ စည်းလုံး ညီညွတ်တဲ့ နိုင်ငံတစ်နိုင်ငံ ထူထောင်ဖို့ အတွက် မဖြစ်နိုင်တော့ဘူးလို့ ယူဆခဲ့တယ်။ လွတ်လပ်ရေး အတွက် စည်းလုံးညီညွတ်စွာ တိုက်ပွဲ ၀င်ကြရမယ့် အစား တောင်းဆိုချက်တွေနဲ့ အကျပ် ကိုင်ခဲ့ကြတယ်။
    ဗိုလ်ချုပ်အောင်ဆန်း စိတ်ပျက်မယ် ဆိုလည်း စိတ်ပျက်စရာပါ။ “မုန့်ဆီကျော်က ဘယ်ဆီနေမှန်း မသိသေးဘူး။ နှုတ်ခမ်းနာနဲ့ တည့်ပါ့မလား”ဆိုသလို ဖြစ်နေပြီ။ တိုင်းပြည်က လွတ်လပ်ရေးတောင် မရသေးဘူး။  ခွဲထွက်ဖို့က အရင်ဆုံး စိတ်ကူးနေကြတယ်။ ဗိုလ်ချုပ်အောင်ဆန်း အနေနဲ့ အတော် စိတ်ကုန်သွားခဲ့ဟန် တူပါတယ်။ အဲဒါကြောင့် “ခင်ဗျားတို့က ပြည်ထောင်စု ဖွဲ့ဖို့ မူအရတောင်မှ သဘောမတူရသေးခင် ခွဲထွက်ရေး စကားပြောတာတော့ မကောင်းပါဘူးဗျာ”လို့ ပြောခဲ့ပါတယ်။
    ဗိုလ်ချုပ်အောင်ဆန်းဟာ ကချင်ခေါင်းဆောင်နဲ့ ရှမ်းစော်ဘွားကြီးတို့ရဲ့ သဘောထား တင်းမာမှုတွေကြောင့် ပင်လုံစာချုပ် ပျက်ပြယ်လုနီးပါး ဖြစ်သွားရတာကို စိတ်မကောင်း ဖြစ်နေဟန်တူပါတယ်။ ရန်ကုန်ပြန်ဖို့ လေယာဉ်ပျံ မှာယူခိုင်းတဲ့ အထိ အဖြစ်အပျက်တွေက မြန်ဆန်လွန်း နေပါတယ်။
    ရှမ်းပြည်လူထုလည်း စိုးရိမ်စိတ်တွေ ၀င်နေကြပြီ။ ရှမ်းလူငယ်တွေ ဖြစ်ကြတဲ့ ဦးဖေခင်တို့၊ ဦးတင်ဧတို့ တစ်တွေလည်း ပျာယာခတ်ကုန်ကြပြီ။ ဒီပင်လုံညီလာခံကြီးသာ ပျက်သွားခဲ့မယ် ဆိုရင် ဗမာနိုင်ငံကတော့ လွတ်လပ်ရေး ရသွားမှာ ဖြစ်ပေမယ့် တောင်တန်းဒေသတွေဟာ အင်္ဂလိပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ နှစ်ပေါင်း ရာထောင် ကြာတဲ့ အထိ အဖိနှိပ် ခံနေရလိမ့်ဦးမယ်လို့ တွေးခဲ့ကြတယ်။ အဲဒါကြောင့် ဒီပင်လုံညီလာခံကြီးကို အပျက် မခံနိုင်ဘူး။ ပြန်လည် အသက်ဝင်လာအောင် ကြိုးစားခဲ့တယ်။ အခြေအနေကို စောင့်ကြည့်နေကြတဲ့ ကျောင်းသားတွေ၊ အဖွဲ့အစည်းပေါင်းစုံက ရှမ်းပြည်သူလူထုတွေ ဟာ “လွတ်လပ်ရေး ချက်ချင်းပေး”၊ “ရှမ်းဗမာ ပူးပေါင်းပါ”၊ “နယ်ချဲ့အလိုမရှိ”ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ မြို့ထဲမှာ လှည့်လည် ဆန္ဒပြခဲ့ကြတယ်။
    ပျက်ပြယ်လုနီးပါး ဖြစ်ခဲ့ရတဲ့ ပင်လုံညီလာခံကြီးဟာ တိုးတက်တဲ့ ရှမ်းလူငယ် အဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုရဲ့ စွမ်းအားကြောင့် ပြန်လည် လူးလွန့်လာခဲ့တယ်။ ကိုယ်စားလှယ်တွေ အားလုံး ပြန်လည် ညှိနှိုင်းခဲ့ကြတယ်။  တစ်ဖက်နဲ့ တစ်ဖက်၊ တစ်ဦးနဲ့ တစ်ဦး အလျော့အတင်းတွေနဲ့ သည်းခံ နိုင်ခဲ့ကြလို့ ပင်လုံစာချုပ်ကို အောင်မြင်စွာ ချုပ်ဆို နိုင်ခဲ့ကြတယ်။
    တကယ်လို့သာ တောင်တန်းဒေသတွေကလည်း သူတို့ရဲ့ တောင်းဆိုချက်တွေကို လုံးဝ မစွန့်လွှတ်သလို ဗိုလ်ချုပ်အောင်ဆန်းတို့ ပြည်မအဖွဲ့ကလည်း အလျော့ မပေးကြဘူး ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ အလှည့်အပြောင်းဟာ တစ်မျိုးတစ်ဖုံ ဖြစ်သွား နိုင်စရာရှိပါတယ်။
    ဗမာနိုင်ငံကတော့ တစ်နှစ် အတွင်း လွတ်လပ်ရေး ရရှိမှာ ဖြစ်ပေမယ့် တောင်တန်းဒေသတွေရဲ့ လွတ်လပ်ရေးကတော့ “ရွှေပြည်တော် မျှော်တိုင်းဝေး”ဆိုသလို  အင်္ဂလိပ်နယ်ချဲ့တွေ သနားမှ ချမ်းသာရမယ့် အခြေအနေမျိုး အထိ ရောက်သွားနိုင်ပါတယ်။ ဗမာနိုင်ငံ အနေနဲ့ကလည်း ပြည်နယ်တောင်တန်းဒေသတွေ မပါဘဲ လွတ်လပ်ရေးရမယ် ဆိုရင်တောင် ပထ၀ီအနေအထားအရ လုံခြုံရေးဟာ အမြဲတမ်း ခြိမ်းခြောက် ခံရနိုင်ပါတယ်။
    ဘာပဲပြောပြော ကျွန်တော်တို့ အားလုံး ကံကောင်း ခဲ့ကြပါတယ်။ အမြော်အမြင် ကြီးမားတဲ့ ခေါင်းဆောင်တွေ၊ အပေးအယူ မျှတတဲ့ ခေါင်းဆောင်တွေ၊ စိတ်လိုက် မာန်ပါ မလုပ်တတ်တဲ့ ခေါင်းဆောင်တွေကြောင့် ကျွန်တော်တို့ အားလုံး နယ်ချဲ့အင်္ဂလိပ် လက်အောက်က လွတ်မြောက် ခဲ့ရပါတယ်။
    နောက်ထပ် ကျွန်တော်တို့ အားလုံး ဘယ်နယ်ချဲ့ရဲ့ လက်အောက်မှာမှ အရောက် မခံလိုကြတော့ပါဘူး။  မြန်မာနိုင်ငံဟာ ၀ံပုလွေတွေရဲ့ အလယ်မှာ ရောက်နေတဲ့ သိုးငယ်ပမာ ဒီကနေ့ ပထ၀ီအနေအထား အရ ရောက်ရှိ နေပါတယ်။ အင်အားကြီး နိုင်ငံကြီးတွေရဲ့ အလယ်မှာ “နိုင်ငံရေး ကျားကွက်”အရွှေ့ခံရ နိုင်ပါတယ်။ နိုင်ငံရေး၊ စီးပွားရေးတွေမှာ ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့် ရှိခဲ့တဲ့ လွတ်လပ်သော အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံ ဘ၀ကနေပြီး နောက်ထပ် အမှောင်တွင်းကို ကျရောက် မသွားဖို့ ဆိုရင်တော့ ပြည်ထောင်စု တိုင်းရင်းသားအားလုံး “ပင်လုံစိတ်ဓာတ်”ခိုင်မြဲဖို့ လိုအပ်လှကြောင်းပါ ခင်ဗျာ။
    မူရင်းလင့်ခ်=>http://www.messengernewsjournal.com/news/Article/detail.php?id=50830
  • စစ်ဘေးရှောင်များသို့ မူဆယ်မှ ရှမ်းလူငယ်နှင့် အစ္စလာမ်လူငယ်အဖွဲ့ ပူးပေါင်း၍  သိန်း ၁၂၀ ကျော်ဖိုးလှူဒါန်း
    စစ်ဘေးရှောင်များသို့ မူဆယ်မှ ရှမ်းလူငယ်နှင့် အစ္စလာမ်လူငယ်အဖွဲ့ ပူးပေါင်း၍ သိန်း ၁၂၀ ကျော်ဖိုးလှူဒါန်း
    ဖေဖော်ဝါရီ ၁၈ ၊ ၂၀၁၆
    M-Media
    ကိုဇော်မင်း(မူဆယ်)မှ ဓါတ်ပုံနှင့် သတင်းပေးပို့ပါသည်။
    Kyout Mae
    မူဆယ်မြို့ခံများ၏ လှူဒါန်းမှုကို  ရှမ်းလူငယ်အဖွဲ့နှင့် အစ္စလာမ် လူငယ် အဖွဲ့ ပူးပေါင်းပြီး ကျောက်မဲမြို့ စစ်ဘေးရှောင်ပြည်သူများအတွက် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့က စားနပ်ရိက္ခာများ သွားရောက်လှူဒါန်းခဲ့ကြောင်းသိရပါတယ်။
    စစ်ဘေးရှောင်ပြည်သူများအတွက် ဆန်အိတ်၊ ကုလားပဲ၊ အသားတု၊ ဆား၊ ငါးမုန့်ခြောက်၊ သွားတိုက်တံ၊ သွားတိုက်ဆေး၊ ဆိုလာမီးအိမ်(အသစ်) ၊ အင်္ကျီအသစ်၊ စတဲ့ အစားအသောက်နဲ့ အသုံးအဆောင်ပစ္စည်း စုစုပေါင်း တန်ဖိုး သိန်း ၁၂၀ ကျော်ဖိုးကို ကျောက်မဲမြို့ အမှတ်(၂) ရပ်ကွက် ၊ နမ့်စစ်လင်းကျောင်းတိုက်တွင် ဖွင့်လှစ်ထားသော စစ်ဘေးရှောင်စခန်း အလှူခံဌာသို့ သွားရောက်လှူဒါန်းခဲ့တာဖြစ်ကြောင်းသိရှိရပါတယ်။