News @ M-Media

Author: editor

  • မန္တလေး ပန်းသေးမိသားစု အမျိုးသမီး သာရေး၊နာရေး အသင်း မှ သက်ကြီးရွယ်အိုများအား ဂါရဝပြု

    မန္တလေး ပန်းသေးမိသားစု အမျိုးသမီး သာရေး၊နာရေး အသင်း မှ သက်ကြီးရွယ်အိုများအား ဂါရဝပြု

    မေ ၁၇ ၊ ၂၀၁၇
    M-Media
    သတင်း- သီဟ

    ၂၀၁၇ ခုနှစ် မေလ ၁၇ ရက်နေ့မှာ မန္တလေး ပန်းသေးမိသားစု အမျိုးသမီး သာရေး၊နာရေး အသင်းမှ အသင်းဝင် အမျိုးသမီးများဟာ မကြာခင်ကျရောက်တော့မည့် အစ္စလာမ်ဘာသာဝင်တွေရဲ့ ရမဿွန် ဥပုသ်လ အကြိုအဖြစ် မန္တလေး ပန်းသေးဗလီ ရှေ့ဆောင်အီမာမ်များနှင့် သက်ကြီးရွယ်အိုများအတွက် ဂါရဝပြုလက်ဆောင်များကို အိမ်တိုင်ယာရောက် သွားရောက်ပြီးပေးအပ်ခဲ့ကြတယ်လို့ သိရှိရပါတယ်။

    Info and Photo-ပန်းသေးမိသားစု FB

  • မြိတ်တွင် ဘာသာပေါင်းစုံ ပါဝင်သည့် ပဋိပက္ခ ကာကွယ် တားဆီးရေးကွန်ရက် ဖွဲ့စည်းမည်

    မြိတ်တွင် ဘာသာပေါင်းစုံ ပါဝင်သည့် ပဋိပက္ခ ကာကွယ် တားဆီးရေးကွန်ရက် ဖွဲ့စည်းမည်

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ Grand Jade ဟိုတယ်၌ မေလ ၁၅ရက်မှ ၁၉ရက်နေ့အထိ ပြုလုပ်လျှက်ရှိသည့် ဘာသာ ပေါင်းစုံ ဘာသာရေးခေါင်းဆောင်များ ပါဝင်သော ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးဖိုရမ်တွင် ဒေသအတွင်း ပဋိပက္ခ ကာကွယ်တား ဆီးရေးကွန်ရက်တစ်ခု ဖွဲ့စည်းသွားမည်ဟု ယင်းဖိုရမ်ဖြစ်မြောက်ရေး တာဝန်ရှိသူထံမှ သိရသည်။

    ဖိုရမ်ဖြစ်မြောက်ရေးကော်မတီ ဦးဆောင်သူ ကိုအာကာဦးက “မတူညီတဲ့ ယုံကြည်မှုတွေ၊ ဓလေ့စရိုက် အယူဝါဒတွေကြားထဲမှာ တစ်ဦးနဲ့တစ်ဦး သဟဇာတရှိရှိနဲ့ နေထိုင်နိုင်တဲ့ နည်းစနစ် အသိပညာတွေ သိလာအောင် ပြုလုပ်တာ ဖြစ်တယ်ပေါ့နော်။ ဘာသာရေးပဋိပက္ခနှင့် ငြိမ်းချမ်းရေးကိစ္စ ထိခိုက်လာနိုင်မယ့် ကိစ္စတွေကို နယ်ပယ်အသီးသီးက မတူညီတဲ့ ဘာသာခြားတွေစုပြီး ကွန်ရက်တစ်ခု ဖွဲ့စည်းသွားမယ်”ဟု ယနေ့ (မေ ၁၆ရက်)တွင် ကေအိုင်စီသို့ ပြောသည်။

    မိမိတို့ဒေသအနေဖြင့် ၂၀၁၂-၂၀၁၃ခုနှစ်တွင် ဘာသာရေး ပဋိပက္ခ အသွင်ဆောင်သည့် လုပ်ရပ်တစ်ခုဖြစ်ပွားခဲ့ပြီး အရပ်ဖက် အဖွဲ့အစည်းများက အချိန်မီ ထိန်းသိမ်းခဲ့ရကြောင်း၊ ၅နှစ်တစ်ကြိမ် ကျင်းပသည့် ပရိယာယ်များသော နိုင်ငံရေး (အထွေထွေ ရွေး ကောက်ပွဲ)အတွင်း ဘာသာရေးကို ခုတုံးလုပ် အသုံးချသွားမည်ကို စိုးရိမ်သည့်အတွက် ကြိုတင်ပြီး ကာကွယ်ပြုလုပ်ရခြင်းဖြစ် သည်ဟု ကိုအာကာဦးက ဆက်ပြောသည်။

    ငါးရက်တာ ပြုလုပ်မည့် အဆိုပါဖိုရမ်အတွင်း မတူညီသည့် ဘာသာခြားအချင်းချင်း ယုံကြည်မှု၊ အယူဝါဒ၊ ဓလေ့စရိုက် အပြန်အ လှန် ဆွေးနွေးခြင်း၊ ဘာသာပေါင်းစုံအသီးသီးမှ အဆောက်အဦးများ သွားရောက်လေ့လာခြင်း၊ နိုင်ငံရေး၊ ဘာသာရေး၊ လူ့အခွင့် အရေး၊ အသိပညာပေးမှုများ လုပ်ဆောင်ပြီးနောက် နယ်ပယ်အသီးသီးမှ မတူညီသည့် ဘာသာအချင်းချင်းကြား စုစည်းပြီး ပဋိ ပက္ခ ကာကွယ်တားဆီးရေးကွန်ရက်တစ်ခုကို ဖွဲ့စည်းတည်ဆောက်သွားမည်ဟု တာဝန်ရှိများထံမှ သိရသည်။

    ၎င်းဖိုရမ်သို့ တက်ရောက်လာသူ မြိတ်မြို့နယ်ရှိ မောင်ငံရွာသား ကိုချစ်ထွေးက “ဗုဒ္ဓ၊ ခရစ်ယာန်၊ ဟိန္ဒူ၊  အစ္စလမ်ဘာသာခြား တွေနဲ့ ရင်းနှီးမှုတွေ ပိုရအောင် လာပြီးတက်တာပါ။ မတူကွဲပြားတဲ့ ဘာသာခြား သူငယ်ချင်းတွေနဲ့ သူတို့ ယုံကြည်မှု၊ ခံယူချက်၊ ဆောင်ရွက်မှုတွေ သိလာရတယ်။ အချင်းချင်းကြားမှာ ရင်းနှီးမှု တည်ဆောက်လာနိုင်အောင် ဒီလိုပွဲမျိုး မကြာမကြာ ပြုလုပ်ပေး စေချင်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

    အဆိုပါဖိုရမ်သို့ ဘာသာပေါင်းစုံမှ ခေါင်းဆောင်ကြီးများ၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ အစိုးရ ဌာန ဆိုင်ရာများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ တနင်္သာရီ၊ ကျွန်းစု၊ မြိတ်နှင့် ပုလောမြို့နယ်မှ ဒေသခံ ကိုယ်စားလှယ် ၁၅၀နီးပါး တက်ရောက်သည်ဟု သိရသည်။

    ကေအိုင်စီ သတင်းဌာမှ ကူးယူဖော်ပြသည်။

  • “ပြည်တွင်းငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီ ဖက်ဒရယ်ခရီးကို လှမ်းလိုလျှင်”

    “ပြည်တွင်းငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီ ဖက်ဒရယ်ခရီးကို လှမ်းလိုလျှင်”

    ဂျက်ဖရီတင်အုန်း (R.I.T ရန်ကုန်စက်မှုတက္ကသိုလ်) ရေးသည်။

    မြန်မာနိုင်ငံတွင် ပြည်သူလူထု မထင်တာတွေ၊ အမှန်တကယ်ဖြစ်ခဲ့သလို ကမ္ဘာပေါ်မှာမရှိ ရှားပါး ဖြစ်ရပ်တွေလည်း ဧကန်အမှန်ဖြစ်လျက်ရှိနေသည်ကို သတင်းမီဒီယာများတွင်လည်းကောင်း ၊ လူမှု့ရေးကွန်ယက် Facebook တွင်လည်း ထူးထူးဆန်းဆန်းတွေ့နေရပါသည်။

    ဦးသိန်းစိန်အစိုးရလက်ထက်၊ မြန်မာလူမျိုးတို့၏ အထွဋ်အမြတ်ထားရာ ဥာဏ်တော်အမြင့် ၃၂၆ပေရှိတဲ့ ရွှေတိဂုံစေတီပေါ် လင်းတ ၆ကောင်နားသွားခဲ့သည့်ဖြစ်ရပ်သည် စိတ်ဝင်စားဖွယ် ကောင်းလှသည်။ စာရေးသူက ထိုစဉ်ကယူခဲ့သော အတိတ်နိမိတ်ကို ပြန်ပြောပြရလျှင် ၁။ “ ဆွမ်းဆန်ထဲ ကြွက်ချေးများ လာရောက်မည်။” ၂။ “ နိုင်ငံ၏ပုံရိပ်ကျဆင်းမည်။” ၃။ “ မင်္ဂလာရှိသော နေရာများ အမင်္ဂလာများဖြစ်သွားမည်။” ၄။ “နိုင်ငံ၏အထွဋ်အထိပ် ဦးဆောင်နေရာများတွင် ပြည်သူလူထု၏အော့နှလုံးနာ၊ မလိုလား၊ မနှစ်သက်သူများနေရာဝင်ယူလာမည်။” စသည်ဖြင့် ယူဆခဲ့သောအတွေးများသည် ၂၀၁၅ခု နိုဝင်ဘာလ ၈ရက် ပါတီစုံ အထွေထွေရွေးကောက်ပွဲကြီး  တွင် လုံးဝဥသုန် မှန်ကန်ခဲ့ပေသည်။ စေ့စေ့တွေးလျှင် ရေးရေးပေါ်ပါသည်။ ရွှေတိဂုံစေတီတော်ကြီး သည် မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်များ၏ ဂုဏ်ယူစရာနေရာတစ်ခု၊ နားခဲ့သည့် ငှက်သည် သင်္ချိုင်းသုသာန်များတွင် လူသေကောင်များကို စားသုံးသည့် မြန်မာတို့မနှစ်မြို့သော လင်းငှက်ဖြစ်သည်။

    မထင်မှတ်နောက်ဖြစ်ရပ်တစ်ခုမှာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရလက်ထက်က လူမှု့ရေးအသင်းကြီးတစ်ခု အနေဖြင့် ဆောင်ရွက်သွားမည်ဟု ဖွဲ့စည်းခဲ့သော “ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကြီး” သည် နိုင်ငံပိုင် ပြည်သူ့ ဘဏ္ဍာတော်ငွေများဖြင့် တည်ထောင်ထားသည့် အဖွဲ့အစည်းတစ်ခုအနေဖြင့် ကမ္ဘာသိဖြစ်ခဲ့သည်။ အခြေခံပညာ ကျောင်းဆရာ၊ဆရာမများ၊တက္ကသိုလ်ကောလိပ်ဆရာ၊ဆရာမများ၊ အစိုးရဝန်ထမ်း များပါ၊ ဝန်ထမ်းမိသားစုများပါ၊ ထိုပြည်ခိုင်ဖြိုး အသင်းကြီးတွင် အဖွဲ့ဝင်အနေဖြင့်ပါဝင်ရသည်။ ၂၀၁၀ခု ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်သောအခါ ပါတီအဖြင့် အသွင်ပြောင်းကာ “ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ” ဖြစ်သွားခဲ့ပါသည်။ ပြည်သူပိုင်ပစ္စည်းများ၊ ပါတီပိုင်ဖြစ်သွားခဲ့ပါသည်။ နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးဋ္ဌာနချုပ်ကြီးကို စာရေးသူ မြင်သောအခါ ထင်ရှားသော သက်သေအထောက်အထားတစ်ခုရခဲ့ပြန်သည်။ ၂၀၁၀ခု ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲ၌ အနိုင်ရခဲ့ပြီး အစိုးရဖွဲံ့ခဲ့သောအခါ ဗိုလ်ချုပ်၊ဗိုလ်ချုပ်ကြီးများ တစ်ချိန်က ဖြစ်ခဲ့သူများသည် အစိုးရအဖွဲ့တွင် နာမည်အရှေ့၌ “ဦး”-တတ်ကာ ဝန်ကြီးများဖြစ်လာကြတော့သည်။

    ပြည်နယ်တိုင်းဒေသများရှိ ယခင်ကတိုင်းမှူး ဗိုလ်ချုပ်များသည် ပြည်နယ်၊ တိုင်းဒေသများရှိ နာမည်အရှေ့၌ “ဦး” တက်ကာ ဝန်ကြီးချုပ်များဖြစ်လာကြပြီး၊ အပိုင်စားမင်းများ ဖြစ်လာကြတော့သည်။ နိုင်ငံပိုင် မြေပေါ် မြေအောက်၊ ရေပေါ်၊ရေအောက်တွင်းထွက် သယံဇာတများကို မိမိအနီးအနားရှိ ဝေစား။မျှစား၊ ပေါင်းစား၊ချစား၊စီးပွားရေးမုဆိုး ခရိုနီများနှင် ဖက်လှဲတကင်း အလုပ်ဖြစ်ခဲ့သောကြောင့် ရရှိလိုက် သော ဆိုးကျိုးရလာဒ်တစ်ခုမှာ “စားစရာမရှိသော လူတန်းစားနှင့် ထားစရာမရှိသော လူတန်းစား (၂) ရပ်” ပေါ်ထွန်းလာခဲ့ခြင်းပင်ဖြစ်သည်။

    ဝန်ကြီးချုပ်တာဝန်များ ထမ်းဆောင်ခဲ့သည့် သက်တမ် ၅ နှစ်ကာလ ပြီးဆုံးသောအခါ နောက်တက်လာသည့် ပြည်နယ်တိုင်း ဒေသကြီးအစိုးရထံ အပ်နှံရမည့် ပြည်သူ့ဘဏ္ဍာများ (ငွေ၊ အဆောက်အဦး၊ လယ်ယာမြေ၊ မော်တော်ကား)စသည်တို့ကို ပြည်သူရွေးချယ်သည့် အစိုးရထံ လုံးဝမအပ်ဘဲ မိမိတို့၏ မိခင်ရင်းပါတီ စစ်ဗိုလ်ချုပ်များဖြင့် ဖွဲ့စည်းထူထောင်ထားသည့် “ပြည်ခိုင်ဖြိုး” ပါတီသို့လွှဲအပ်ပေးခဲ့ခြင်းသည် မရိုးသားသော ပြယုဂ် အနေနဲ့ မြန်မာ့သမိုင်းတွင် ကျန်ရစ်နေမည်မှာ သေချာသည်။ ဥပမာပြရလျှင် မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ နှင့် ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်တို့သည် မိမိတို့တိုင်းဒေသကြီးရှိ အစိုးရများထံ ဘီလျှံချီရှိငွေကျပ် ကို သိန်းပေါင်းများစွာသည် ထင်ရှားသော သက်သေလက္ခဏာတစ်ရပ်ဖြစ်ခဲ့ သည်။

    ထို့နောက် ထင်ရှားထောက်ပြစရာ အချက်တစ်ခုမှာ ၂၀၀၈ခု ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်သည်။ ကမ္ဘာပေါ်တွင် နိုင်ငံတိုင်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၊ ဥပဒေ၊ နည်းဥပဒေ စသည်တို့သည် ဘုရားဟောကျမ်းဂန်၊ထာဝရမှန် စည်းမျဉ်းဥပဒေများမဟုတ်ကြပေ။ သိပ္ပံပညာရှင်များ စဉ်းစား၊တွေးခေါ်၊လက်တွေ့၊သုတေသနပြုမှုမြောက်များစွာထဲမှ ထုတ်ဖော်ခဲ့ သည့် Law များ၊ Principals၊ ဥပဒေသများ၊ နိယာမများသည်ပင်လျှင် ခေတ်ကာလနှင့် အံ့ဝင်ခွင်ကျ မဖြစ်တော့၍ ပြင်ဆင်ပယ်ဖျက် အသုံးပြုနေရသည်များရှိသည်။

    ကမ္ဘာကြီး၏ အချိန်တိုင်း၊သိပ္ပံနှင့် နည်းပညာများတိုးတက်ပြောင်းလဲနေခြင်း၊လူသားတို့၏  အသိဥာဏ်ပညာများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီး၏ လူ့အခွင့်အရေးပါ ပြ ဋ္ဌာန်းချက်များကို မဖြစ်မနေလေးစားလိုက်နာရခြင်း၊ စသည့်အခြေအနေ အကြောင်းတရားများ အောက်တွင် နိုင်ငံတစ်နိုင်ငံသည် မိမိတို့၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို မိမိတို့ အစိုးရအဖွဲ့ အတွင်း လွှတ်တော်များအတွင်း ခေတ်ကာလ လိုအပ်ချက်နှင့်အညီ နိုင်ငံအကျိုး ပြည်သူလူထု အကျိုးအတွက် ပြင်ဆင်ဖြည့်စွက်ရေးဆွဲ နေရသည်ကိုကမ္ဘာ့စံပြ ဒီမိုကရေစီနိုင်ငံများဖြစ်သည့် အမေရိကန်နိုင်ငံနှင့် အိမ်နီးချင်းအိန္ဒိယနိုင်ငံတို့၏ နိုင်ငံရေး သမိုင်းများကိုလေ့လာပါက သိနိုင်ပါသည်။

    သို့သော် ကမ္ဘာ့အံဖွယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ခုမြန်မာပြည်မှာရှိနေပါသည်။ မြန်မာ့ အရေးကျွမ်းကျင်နှံ့စပ်သည့် ဘာတင်းလစ်တနာဆိုသူက “ မြန်မာပြည်၏ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို တရားသူကြီးချုပ် ဦးအောင်တိုးက အာဏာရှင်ကြီး ဦးသန်းရွှေ အလိုကျ မြန်မာပြည် တည်သရွေ့ စစ်တပ်က အမြဲတမ်းအာဏာရှိစေရေး ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ရေး” စသည့် အခြေခံမူများပေါ်အခြေခံကာ ရေးဆွဲခဲ့ကြောင်း ဘန်ကောက်ပို့စ်တွင်ရေးသားခဲ့ ဖူးပါသည်။

    ၁၉၈၈ခုနှစ် စက်တင်ဘာလ ၁၈ရက်နေ့တွင် ပါဝင်ခဲ့သော “နဝတ” စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစောမောင်က နိုင်ငံတကာ မီဒီယာများအား ပြောကြားခဲ့သော စကားများသည် စစ် သားကြီး ပီသကြောင်း ခေါင်းဆောင်ကောင်းပီသကြောင်းကို သမိုင်းသက်သေထူခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးက “ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ပါတီကို အာဏာအပ်မယ်။ တပ်မတော်က စစ်တန်းလျား ပြန်မယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲတဲ့ အလုပ်ဟာ တပ်မတော်အလုပ်မဟုတ်ဖူး။ ရွေးကောက်ပွဲ အနိုင်ရပါတီရဲ့အလုပ်သာဖြစ်တယ်” ဟု သမိုင်းမှတ်တမ်း ရေးထိုးခဲ့ဖူးပါသည်။

    လက်ရှိမြန်မာနိုင်ငံတွင် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အုပ်ချုပ်နေသည်မှာ ၇ နှစ်ကြာခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၂၅ မြို့ရှိသည့်အနက်၊ ၂၇၈ မြို့နယ်တွင် ဆ န္ဒမဲပေးခွင့် ရှိသူ ဦးရေ ၂၂၄၉၆၆၆၀ ဦးအနက်၊ ၂၀၇၈၆၅၉၆ ဦးတို့က ထောက်ခံသည့်အတွက် ထောက်ခံသည့်ရာခိုင်နှုန်းမှာ ၉၂ ဒသမ ၄ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်တိုးက ၂၀၀၈ခုနှစ်မေလ ၁၀ရက်နေ့တွင် ထုတ်ပြန်ကြေညာ ခဲ့ပေသည်။ ထိုစဉ်က ကော်မရှင် ဥက္ကဋ္ဌက မြန်မာပြည်၏လူဦးရေသည် ၅၇၅၀၄၃၆၈ ဖြစ်သည် ဟု ဖော်ပြခဲ့သည်။ ၂၀၁၄ သန်းခေါင်စာရင်း အရ လက်ရှိ မြန်မာပြည်၏ လူဦးရေနှင့် ၆သန်းကျော်ကာ ဟ နေသည်။

    အထူးစိတ်ဝင်စားဖွယ်ကောင်းသည်မှာ ၂၀၁၄ ခုနှစ် မတ်လ ၃၀ရက်နေ့ ကမ္ဘာ့ကုလသမ္မဂ အဖွဲ့ကြီးနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကူအညီဖြင့် ကောက်ခံခဲ့သော သန်းခေါင်းစာရင်း မှတ်တမ်းများအရ မြန်မာတစ်နိုင်ငံလုံး၏ လူဦးရေသည် ၅၁ ဒသမ ၄ သန်းသာရှိကြောင်းသိရသည်။ နှစ်ကာလကြာလေလေ လူဦးရေများလေလေ ဖြစ်သည်မှာ ငြင်းချက်မထုတ်နိုင်သော သက်သေ တစ်ခုဖြစ်သည်။ သို့သော် ၂၀၀၈ ဖွဲ့စည်းပုံ အတည်ပြုစဉ်က ၅၇ သန်းကျော် ရှိပြီး ၂၀၁၄ခု သန်းခေါင်စာရင်းကောက်ရလာဒ်တွင် ၅၁ သန်းကျော် ရှိနေခြင်းသည် မြန်မာပြည်၏လူဦးရေ နှစ် ကာလ ကြာလေလေ လျော့သွားလေလေ ဖြစ်စဉ်တစ်ခုကို ပြသည့်အညွှန်းကိန်း ရလာဒ်ကို ဖော်ဆောင်နေခြင်းသည် ကမ္ဘာ့အံဖွယ်တစ်ခုလား? ဒါမှမဟုတ်ရင် “ငါ့စကားနားရ၊ ငါပြောတာ အမှန် ငါလုပ်တာအမှန်” ငါတကောကောပြီး ထင်ရာစိုင်းခဲ့ ရာဇဝင်ရိုင်းခဲ့သည့်ဖြစ်စဉ်တစ်ခုလား ဆိုတာ ကမ္ဘာက ထောက်ပြစရာဖြစ်နေပေသည်။ ထို့ကြောင့် ထိုဖွဲ့စည်းပုံကို မပြင်သရွေ့ပြည်တွင်း ငြိမ်းချမ်းရေး လုံးဝမရနိုင်သလို  တိုင်းရင်းသားများ တောင်းဆိုနေသည့် ဒီမိုကရေစီ ဖက်ဒရယ်ခရီး ကိုလည်း  လျှောက်လှမ်းနိုင်မည်မဟုတ်ပေ။

    ဂျက်ဖရီတင်အုန်း (R.I.T ရန်ကုန်စက်မှုတက္ကသိုလ်)

  • မိုးကုတ် ပတ္တမြားမြေကို ဘယ်သူတွေ ဖျက်ဆီးခဲ့လဲ ?

    မိုးကုတ် ပတ္တမြားမြေကို ဘယ်သူတွေ ဖျက်ဆီးခဲ့လဲ ?

    သာလွန်ဇောင်းထက် ရေးသည်။

    ဓာတ်ပုံ- ကမ္ဘာ့ဈေးအကြီးဆုံး မြန်မာ့ ပတ္တမြား Sunrise ။ (ဓာတ်ပုံ- itv.com)

    မြန်မာနိုင်ငံဟာ အာရှမှာ သဘာဝသယံဇာတပေါကြွယ်ဝတဲ့နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာကျော် ကျောက်စိမ်းထွက်ရှိရာ ကချင်ပြည်နယ်၊ ဖားကန့်၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထွက်ရှိရာ ရခိုင် ကမ်းရိုးတန်း၊ ပတ္တမြား ထွက်ရှိရာ မိုးကုတ်မြေ စတဲ့ မြန်မာ့နာမည်ကျော် သယံဇာတ နယ်မြေ တွေဟာ အခုဆိုရင် သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးပြီး  အဲဒီဒေသမှာ နေတဲ့ ပြည်သူလူထု ဘ၀တွေကို ခြိမ်းခြောက်နေတဲ့ အန္တရာယ်ဆိုးတွေ ပေးနေတဲ့ အခြေအနေ ကို ဆိုက်ရောက် နေပါပြီ။ အထူးသဖြင့်တော့ သယံဇာတ ထွက်ရှိမှုကြောင့် နာမည်ကျော်ကြားတဲ့ မြန်မာနိုင်ငံမှာ မိုးကုတ်မြေဟာ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ပတ္တမြားထွက်ရှိရာ၊ နိုင်ငံတကာ ပတ္တမြားဈေးကွက်မှာ ရှိနေတဲ့ ပတ္တမြား ၈၀ ရာခိုင်နှုန်း ထွက်ရှိရာ နေရာအဖြစ် ကျော်ကြား လှတဲ့ ရတနာမြေဖြစ်ပေမယ့်လည်း အလွန်အကျွံ့ တူးဖော်မှုတွေကြောင့် သဘာဝ ပတ်ဝန်း ကျင် ပျက်စီး ယိုယွင်းပြီး နာလန်မထူတော့တဲ့ အခြေအနေ ရောက်ရှိသွားခဲ့ရပါပြီ။

    စစ်အစိုးရ အာဏာရယူခြင်းနှင့် သဘာဝ သယံဇာတကျိန်စာမိခြင်း
    ————————————-
    ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီ လူထုလှုပ်ရှားမှု အရေးတော်ပုံကြီးကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်းပြီးတဲ့နောက် စစ်အာဏာရှင် အစိုးရ တက်လာခဲ့ပါတယ်။ စစ်အာဏာရှင် အစိုးရတက်လာခြင်းကတော့ မြန်မာ့သဘာဝသယံဇာတတွေအတွက် ကျိန်စာမိလိုက် သလိုပါပဲ။ ဖားကန့်မြေ၊ မိုးကုတ်မြေ၊ ရခိုင်ကမ်းရိုးတန်းတွေဟာ နိုင်ငံတကာရဲ့ စီးပွားရေး ပိတ်ဆို့မှုကို အကြီးအကျယ်ခံခဲ့ရတဲ့ စစ်အစိုးရအတွက် ငွေတွင်းဖြစ်ခဲ့ပါတယ်။ စည်းကမ်းမရှိ အတိုင်းအဆမရှိ နီးစပ်ရာ ချထားပေးတဲ့ သဘာသယံဇာတူးဖော်ရေးလုပ်ငန်းတွေဟာ မိုးကုတ်မြေကို အတော်ကို အထိနာစေခဲ့ပါတယ်။

    ၁၉၉၀ ခုနှစ်ဝန်းကျင်လောက်စပြီး စစ်အစိုးရဟာ မိုးကုတ်မြေဟာ ပတ္တမြားတူးဖော်ခွင့်ကို အကြီးအကျယ် ချထားပေးခဲ့ပါတယ်။ အထူးသဖြင့်တော့ စစ်တပ်ကိုယ်တိုင် တူးဖော်ရေး လုပ်ငန်းတွေကို အကြီးအကျယ်လုပ်တဲ့အပြင် စစ်တပ်နီးစပ်တဲ့ အသိုင်းအ၀ိုင်းတွေလည်း
    ကျောက်မျက်တူးဖော်ခွင့်ရရှိခဲ့ကြပါတယ်။ ဒါ့အပြင် တရုတ်လုပ်ငန်းရှင်တွေ၊ ထိုင်းလုပ်ငန်းရှင် တွေ အပါအ၀င် နိုင်ငံခြားသားလုပ်ငန်းရှင်တွေဟာ မြန်မာနိုင်ငံသား ကုမ္ဗဏီ အမည်ခံပြီး ကျောက်မျက် တူးဖော်ရေးလုပ်ငန်းတွေ အကြီးအကျယ် လုပ်ကိုင်ခဲ့ကြပါတယ်။ ထွက်ရှိလာတဲ့ ကျောက်မျက်တွေဟာ စစ်အစိုးရ အာဏာပိုင်တွေ ပူးပေါင်းပါဝင်မှုနဲ့ နိုင်ငံတကာ ဈေးကွက် တွေဆီကို ရောက်ရှိသွားခဲ့ပါတယ်။

    ကမ္ဘာ့တန်ဖိုးအကြီးဆုံး Sunrise အမည်ရ မြန်မာ့ပတ္တမြား
    ————————————————————
    ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ၂၀၁၅ ခုနှစ် မေလ ၁၃ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ကျောက် မျက်ရတနာရောင်းပွဲမှာ Sunrise လို့ အမည်ရတဲ့ မြန်မာ့ ပတ္တမြားဟာ အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃ သန်းတောင် ဈေးရခဲ့ပါတယ်။ ဒီ Sunrise ပတ္တမြားဟာ ၂၅ ဒသမ ၅၉  ကာရက် အရည်အသွေးရှိပြီး Cartier ရတနာကုမ္ပဏီက စုဆောင်းထားခဲ့တာပါ။ ဒီပတ္တမြားဟာ မြန်မာ့ ပတ္တမြားဖြစ်ပြီး သဘာဝရဲ့ အဖိုးမဖြတ်နိုင်တဲ့ ရတနာ ၁ ပါး ဖြစ်တယ်လို့ နိုင်ငံတကာ ကျောက်မျက်ရတနာ ပညာရှင်တွေက တအံ့တသြ ပြောဆိုခဲ့ပါတယ်။

    Sunrise ပတ္တမြားဟာ မြန်မာနိုင်ငံက ထွက်ရှိခဲ့တာဖြစ်ပေမယ့်လည်း မြန်မာနိုင်ငံက ဘယ်လိုထွက်ရှိသွားခဲ့လဲ၊ ဘယ်သူတွေက ရောင်းချခဲ့သလဲ၊ ဘယ်လောက်ဈေးနဲ့ ရောင်းလိုက်တာလဲ စတဲ့ အသေးစိတ် အချက်အလက်တွေမရှိခဲ့ပါဘူး။ ဒါကြောင့် တရားမ၀င် လမ်းကြောင်းကနေ ထွက်ရှိသွားတယ်ဆိုတာကတော့ အသေအချာပါပဲ။

    သယံဇာတကျိန်စာသင့်ခြင်း
    ————————–
    စစ်အစိုးရလက်ထက်မှာ သတ္တုတွင်းဝန်ကြီးဌာနဆိုတဲ့ ၀န်ကြီးဌာန ၁ ခုကို ဖန်တီးပြီး မြန်မာ့ကျောက်မျက်လုပ်ငန်းဆိုတဲ့ အစိုးရပိုင်အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းပြီး ကျောက်မျက် ရတနာ သယံဇာတတူးဖော်မှုလုပ်ငန်းတွေကို အကြီးအကျယ် လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီ
    မြန်မာ့ကျောက်မျက်လုပ်ငန်းမှာ စစ်ဗိုလ်ချုပ်ကြီးတွေက ခေါင်းဆောင်၊ အဖွဲ့ဝင်တွေအဖြစ် ပါဝင်ပြီး သူတို့နဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်တွေအပြင် စစ်တပ်ရဲ့ လုပ်ငန်းတွေဖြစ်တဲ့ ဦးပိုင်နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကိုပါ ကျောက်မျက်လုပ်ပိုင်ခွင့်တွေ
    အကြီးအကျယ် လုပ်ပိုင်ခွင့်ပေးခဲ့ပါတယ်။

    သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေရဲ့ လေ့လာချက်တွေအရ မိုးကုတ်မှာ ကျောက်မျက်တူးဖော်ရေးလုပ်ကွက် ၁၀၀ လောက်ကို စစ်တပ်နဲ့ နီးစပ်သူတွေက လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

    အဲဒီရဲ့ ရလဒ်ကတော့ အတိုင်းအဆမရှိတဲ့ တူးဖော်မှုတွေဖြစ်ပြီး ဆယ်စုနှစ် ၂ ခုကျော်အတွင်း မြန်မာ့သဘာဝသယံဇာတတွေဟာ အောက်ဈေးနဲ့ ပြည်ပနိုင်ငံတွေ ရောက်ရှိပြီး ရတနာ နယ်မြေတွေဟာလည်း ကျိန်စာသင့်သလို မနေသင့် မနေအပ်တဲ့
    နေရာတွေလို ဖြစ်လာပါတယ်။

    ဒေသခံတွေ တော်တော်များများကတော့ သူတို့ဒေသမှာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ၊ ပတ်ဝန်းကျင် ပျက်စီးမှုကြောင့် ဖြစ်လာတဲ့ ဆိုးကျိုးကို ခါးစည်းခံနေရပါတယ်။ ဒေသက ထွက်တဲ့ ရတနာတွေကို သူတို့ဘ၀တွေ မတိုးတက်ဘဲ
    အဲဒီရတနာတွေကို စည်းကမ်းမရှိ တူးဖော်မှု တွေကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကိုတော့ သူတို့ ရင်ဆိုင် ကြုံတွေ့နေရပါတယ်။

    မိုးကုတ်အင်းဥပမာ
    ——————–
    မြန်မာနိုင်ငံကို နယ်ချဲ့ သိမ်းပိုက်ခဲ့တဲ့ အင်္ဂလိပ် အစိုးရဟာ ဘားမား ရူဘီမိုင်း ဆိုတဲ့ ကုမ္ဗဏီကို မိုးကုတ်မှာ ကျောက်မျက်တူးဖော်ရေး လုပ်ကိုင်ခွင့်ပြုခဲ့ပြီး အဲဒီကုမ္ပဏီက စက် အင်အား၊ လူ အင်အား များစွာနဲ့  ကျောက်မျက်တူးဖော်မှုကြောင့် ရေပြင် ၁၆ ဧက၊  မြေပြင် ၁၄ ဧက စုစုပါင်း ဧက ၃၀ အကျယ်အ၀န်းရှိတဲ့ မိုးကုတ်အင်းကြီးဖြစ်ပေါ်လာခဲ့ပါတယ်။

    ရတနာ တူးဖော်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အင်းကြီးဖြစ်ပေမယ့်လည်း သက်ဆိုင်ရာ အာဏာပိုင် တွေရဲ့ တန်ဖိုးမထားမှုတွေကြောင့် အမှိုက်၊ ရေမှော်နဲ့ ရေဆိုးတွေကြောင့် နောက်ဆုံး အနံ့ အသက်ဆိုးတွေ ထွက်ရှိတဲ့ အင်းကြီးအဖြစ် ရောက်ရှိပြီး နောက်ဆုံး မိုးကုတ်သူ မိုးကုတ်သား တွေပါဝင်တဲ့ အင်းထိန်းသိမ်းရေးအဖွဲ့က အင်းကြီး ရေရှည် ရပ်တည်ရေး အတွက် အားသွန် ခွန်စိုက်ကြိုပမ်းနေရပါတယ်။

    ကျောက်မျက်တူးဖော်မှုကြောင့်ဖြစ်ပေါ်လာတဲ့ အင်းကို မထိန်းသိမ်းတဲ့အတွက် ရေရှည် ပျက်စီးမှုတွေဖြစ်ရသလို ကျောက်မျက်တူးဖော်မှုကြောင့် ပျက်စီးနေတဲ့ သဘာဝ ပတ်ဝန်းကျင် ကိုလည်း ထိန်းသိမ်းမှုမရှိတဲ့အတွက် ပိုမိုပျက်စီးပြီးလူမှုအသိုင်းအ၀ိုင်းကို ထိခိုက်လာတဲ့အထိ ဖြစ်လာနေပါပြီ။

    NLD အစိုးရသစ်လက်ထက် အခြေအနေ
    ————————————-
    စစ်အစိုးရလက်ထက်က ဖြစ်ချင်တိုင်းဖြစ်ခဲ့တဲ့ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းတွေ တားဆီးဖို့ NLD အစိုးရသစ်လက်ထက် ၂၀၁၆ ခုနှစ် ဇူလိုင်လမှာ ကျောက်မျက်တူးဖော်ရေး လုပ်ငန်းတွေကို အားလုံးကို ရပ်ဆိုင်းလိုက်ပါတယ်။

    ဒီလိုရပ်ဆိုင်းလိုက်တဲ့အတွက် လုပ်ငန်းရှင်ကြီးတွေနဲ့ ကုမ္ပဏီတွေ အထိနာကြတာမှန်ပေ မယ့်လည်း ကျောက်မျက်တူးဖော်ရေးလုပ်ငန်းမှာ ၀င်ရောက်အလုပ်လုပ်ကိုင်နေရတဲ့ ဒေသခံတွေလည်း အလုပ်မရှိတဲ့ အခြေအနေကို ရောက်ရှိခဲ့ရပါတယ်။ မိုးကုတ်မှာဆိုရင် ဒေသခံတွေဟာ မြို့ပြဒေသတွေ ရွှေ့ပြောင်းတာ၊ တစ်နယ်တစ်ကျေးက ဒေသခံထွက်ကုန် တွေကို ယူပြီး ရောင်းချကြရတဲ့ ကုန်သည်အလုပ်တွေကို ပြောင်းလုပ်နေကြရပါတယ်။

    မိုးကုတ်မှာ ၁၉၉၀ နောက်ပိုင်းမှ စတင်ကာ တစ်နိုင်တစ်ပိုင်လုပ်ကွက် ချထားပေးတာကို ဒေသခံ တွေကို ခွင့်မပြုခဲ့ဘဲ  စစ်အစိုးရနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင် တွေနဲ့ သူတို့နဲ့ ဖက်စပ် တွဲဖက်လုပ်ကိုင် သူတွေ၊ အစိုးရနဲ့ တွဲဖက်လုပ်ကိုင်တဲ့ ကုမ္ပဏီတွေကိုသာ ခွင့်ပြုခဲ့တာပါ။ ၂၀၁၂ ခုနှစ်နောက်ပိုင်းမှ တစ်နိုင်တစ်ပိုင် လုပ်ကွက်တွေချထားပေးခဲ့ပေးပေမယ့်လည်း ဒေသခံတွေ လုပ်ကိုင်ခွင့်ကတော့ နည်းပါးနေဆဲပါပဲ။ အစိုးရသစ်အနေနဲ့ ကျောက်မျက်တူးဖော်ရေး လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ပေမယ့်လည်း တူးဖော်ရေး လုပ်ငန်းတွေကြောင့် ပျက်စီးနေတဲ့ သဘာဝပတ်ဝန်းကျင်ကိုတော့ အခုအချိန်အထိ အချိန်မီပြန်လည် ပြင်ဆင်တာ၊ ပြုပြင်တာတွေ မလုပ်ကိုင်သေးပါဘူး။ ဒါကြောင့်လည်း ပျက်စီးနေတဲ့ မြန်မာ့သဘ၀ ပတ်ဝန်းကျင်တွေဟာ စိုးရိမ်ရတဲ့အနေအထားမှာ ရှိနေပါတယ်။

    ဥပဒေသစ်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဘယ်သူ့မှာ တာဝန်ရှိလဲ
    ———————————————————-
    NLD အစိုးရသစ်လက်ထက်မှာလွှတ်တော်က  မြန်မာ့ကျောက်မျက်ရတနာ ဥပဒေသစ်ကို ရေးဆွဲနေပါတယ်။ တဖက်မှာလည်း အမျိုးသားအဆင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မဟာဗျူဟာကို အစိုးရကရေးဆွဲနေပါတယ်။ ဒီဗျူဟာကို ဇွန်လ ၅ ရက်နေ့မှာ
    ထုတ်ပြန်ဖို့ ပြင်ဆင်နေပါတယ်။

    ဥပဒေနဲ့ မဟာဗျူဟာတွေ ဘယ်လောက်ပဲ ရေးဆွဲနေစေကာမူ အဓိက အရေးကြီးဆုံးက အကောင် အထည်ဖော်မှုပါပဲ။ စာရွက်ပေါ်မှာ ရှိနေတဲ့ ဥပဒေတွေ မဟာဗျူဟာတွေကို လက်တွေ့မှာလည်း အသက်ဝင်လာဖို့လိုနေပါတယ်။ အဲဒီလို အသက်ဝင်လာမှပါသာ
    ပျက်စီးနေတဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။

    သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အစိုးရက ဥပဒေနဲ့ မူဝါဒတွေ အကောင်အထည်ဖော်ပြီး တူးဖော်တဲ့ ကုမ္ဗဏီတွေကို ထိထိရောက်ရောက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး မှာ ပူးပေါင်းပါဝင်ဖို့ ညွှန်ကြားဖို့ လိုအပ် နေပါတယ်။ အဲဒီလို ညွှန်ကြားချက်မလိုက်နာတဲ့ ကုမ္ဗဏီတွေကို ထိရောက်စွာ အရေးယူဖို့လည်း အရေးကြီးပါတယ်။

    စစ်အစိုးရက ဦးဆောင်ဖျက်ဆီးခဲ့တဲ့ သဘာဝပတ်ဝန်းကျင်ကို ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရက ပြန်လည် အဖတ်ဆယ် ကယ်တင်ဖို့ လိုနေတာကတော့ အသေချာပါပဲ။

  • အမုန်းတရားဖြန့်ချီသူများ၊လူမျိုးရေး/ဘာသာရေး ပဋိပက္ခဖန်တီးနေသူများ အပေါ် အစိုးရ၏ အရေးယူဆောင်ရွက်မှုများ အားနည်းနေ၍  ပြည်သူလူထုမှ ညီညွတ်စွာ လက်တွဲတွန်းလှန် ဆောင်ရွက်ကြရန် ပန်ကြား”

    အမုန်းတရားဖြန့်ချီသူများ၊လူမျိုးရေး/ဘာသာရေး ပဋိပက္ခဖန်တီးနေသူများ အပေါ် အစိုးရ၏ အရေးယူဆောင်ရွက်မှုများ အားနည်းနေ၍ ပြည်သူလူထုမှ ညီညွတ်စွာ လက်တွဲတွန်းလှန် ဆောင်ရွက်ကြရန် ပန်ကြား”

    မေ ၁၀၊ ၂၀၁၇
    M-Media

    လက်ရှိဖြစ်ပေါ်နေသည့် ကိစ္စရပ်များအတွက် တွေ့ဆုံဆွေးနွေးရန် အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ရန်ကုန်တိုင်းအစိုးရသို့ တတိယအကြိမ်မြောက် ပန်ကြားလွှာ

    – မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင်တွေနဲ့ပတ်သက်လို့ လူတစ်စုက အမုန်းတရား ၀ါဒဖြန့်မှုတွေကနေတစ်ဆင့် ကိုယ်ထိလက်ရောက် အကြမ်းဖက် တိုက်ခိုက်စော်ကားမှုတွေပါ တိုးမြှင့်ပြုလုပ်လာတဲ့အချိန်မှာ အစိုးရကလည်း ထိထိရောက်ရောက် အရေးယူမှု၊ ကာကွယ်ပေးမှု မရှိတဲ့အတွက် အခြေအနေ ပိုမဆိုးသွားအောင်လို့ ပြည်သူများက ၀ိုင်းဝန်း ကြိုးစားတားဆီးပေးကြဖို့ အစ္စလာမ်သာသနာရေးရာကောင်စီက အတွင်းရေးမှူးချုပ် ဦးတင်မောင်သန်းက မေတ္တာရပ်ခံ ပန်ကြားလိုက်ပါတယ်။

    “လူနည်းစုကို လူများစုထဲက မုန်းတီးရေးသမားတွေ နည်းမျိုးစုံနဲ့ အနိုင်ကျင့် တိုက်ခိုက် နှိပ်စက်တာကိုခံနေရချိန်မှာ တစ်ပြိုင်တည်း အစိုးရကပါ လစ်လျူရှုတာကိုလည်း ခံနေရတယ်ဆိုတော့ အလွန်ကြီးမားတဲ့ အန္တရာယ် အခက်အခဲ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်” လို့ M-Media ကို ပေးပို့လာတဲ့ စာမှာ ဖော်ပြထားပါတယ်။

    ပြီးခဲ့တဲ့ တစ်နှစ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အစ္စလာမ်ဘာသာဝင်တွေအပေါ် လက်ရောက်စော်ကားမှု၊ ဗလီဝတ်ကျောင်းတော်တွေကို ဖျက်ဆီးမှု၊ ပိတ်သိမ်းမှုတွေအတွက် အစိုးရထံ အထောက်အထား အခိုင်အမာနဲ့ တင်ပြခဲ့ပေမယ့်လည်း တုန့်ပြန်တာမျိုး မရှိဘူးလို့လည်း ဒီစာမှာ ရေးသားထားပါတယ်။

    ၂၀၁၆ ခုနှစ် သင်္ကြန်ပြီး နှစ်ဆန်းတစ်ရက်နေ့မှာ ရွှေတိဂုံစေတီနား ပွဲဈေးရောင်းနေတဲ့ အစ္စလာမ်ဘာသာဝင် ကိုရဲကိုကိုကို အပါအ၀င် နောက်ထပ် အစ္စလာမ်ဘာသာဝင် ၃ ဦးကို ဘင်္ဂလားကျောင်းတိုက်က ဦးသုစိတ္တနဲ့ အပေါင်းအပါတွေက ရိုက်နှက်ကာ ပစ္စည်းတွေ လုယက်သိမ်းဆည်းခံရတဲ့ ကိစ္စကို အရေးယူပေးဖို့ တိုင်ချက်ဖွင့်ခဲ့ပေမယ့် စခန်းမှူးက အမှုမဖွင့်ပေးခဲ့ကြောင်း၊ ပစ္စည်းတွေကို ပြန်ပေးပြီး ဖိအားပေး ကြေအေးခိုင်းခဲ့ကြောင်း၊ အဲဒီကိစ္စကို အရေးယူဖို့ သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ တိုင်းဝန်ကြီးချုပ် အပါအ၀င် တာဝန်ရှိသူ အဆင့်ဆင့်ကို တိုင်ကြားခဲ့ပေမယ့် တစ်စုံတစ်ရာ အရေးယူမှု မရှိခဲ့ကြောင်းလည်း ဒီစာမှာ ပါဝင်ပါတယ်။

    ကချင်ပြည်နယ် လုံးခင်ဗလီ မီးရှို့ဖျက်ဆီးခံရမှုနဲ့ ပတ်သက်ပြီး တရားဝင် ပိုင်ဆိုင်ခွင့် အထောက်အထားရှိတဲ့ မြေပေါ်မှာ ဆောက်ထားတဲ့ ဒီဗလီဝတ်ကျောင်းတော်ကို ပိတ်သိမ်းခြင်းမပြုဖို့ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက အကြိမ်ကြိမ် မေတ္တာရပ်ခံ ပန်ကြားနေတဲ့ကြားထဲက အာဏာပိုင်တွေဟာ မလျော်သြဇာသုံးပြီး ပိတ်သိမ်းခဲ့တာ၊ အကြမ်းဖက်သမားတွေရဲ့ မီးရှို့ဖျက်ဆီးတာကို တားမြစ်မပေးခဲ့တာ၊ ပိုင်ဆိုင်ခွင့် အထောက်အထားရှိနေတဲ့မြေကို အခုအချိန်အထိ ပြန်လည်ပေးအပ်ခြင်း မရှိသေးတာကိုလည်း စာထဲမှာ ဖော်ပြထားပါတယ်။

    ပဲခူးတိုင်း သူရဲသမိန်ရွာ တိုက်ခိုက်မှုအတွက် “အစိုးရအဖွဲ့အသစ် တာဝန်ယူတဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာ ပဲခူတိုင်း သူရဲသမိန်မှာ ဗလီ၊ ဘာသာရေးစာသင်ကျောင်းနဲ့ သုဿာန်ပါ ဖျက်ဆီးခံခဲ့ရပြီး မွတ်စလင်လူနည်းစုတွေရဲ့နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေလည်း ဖျက်ဆီးလုယက်ခံခဲ့ရတယ်။ လူတွေလည်းအသက်လုပြောင်းရွှေ့ ထွက်ပြေးခဲ့ကြရတယ်။ အခုအချိန်ထိ ကျူးလွန်သူတွေကို အရေးယူခြင်းမရှိခဲ့သလို ဖျက်စီးခံခဲ့ရတဲ့ ဗလီကို ပြင်ဆင်ခွင့်လည်းမရ။ ပြန်ဖွင့်ခွင့်လည်းမရနဲ့ဝတ်ပြုကိုးကွယ်ခွင့်ပါ ဆုံးရှုံးနေရတယ်” လို့ စာထဲမှာ ရေးသားဖော်ပြထားပါတယ်။

    မနှစ်က အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်လမှာ ရန်ကုန်မြို့သစ်က အစ္စလာမ်ဘာသာရေးကျောင်းအချို့ ဥပုသ်လ ၀တ်ပြုကိုးကွယ်မှု ပိတ်ပင်ခံရတာ၊ မင်္ဂလာတောင်ညွှန့်နဲ့ သင်္ကန်းကျွန်းမြို့နယ်တွေမှာ ပုဂ္ဂလ ခိုက်ရန်ဖြစ်ပွားမှုကို အုပ်စုတစ်စုက ဘာသာရေးပဋိပက္ခ ဖန်တီးဖို့ ကြိုးစားတာ၊ တရားရေးလုပ်ငန်းတွေမှာ အမုန်းတရား ဖြန့်ဝေနေသူတွေက ပေါ်ပေါ်တင်တင် စွက်ဖက်လာကြတာ၊ သင်္ဃန်းကျွန်းက မွတ်စလင်တွေရဲ့ နေအိမ်တွေကို လူတစ်စုက အာဏာပိုင်တွေရဲ့ရှေ့မှာပဲ သီးသန့် ၀င်ရောက်စစ်ဆေးတာမျိုးတွေ လုပ်ကြတာ၊ ရဲစခန်းနဲ့ တရားရေးလုပ်ငန်း အဆင့်ဆင့်မှာ လူစုလူဝေးနဲ့ ဖိအားပေး ခြိမ်းခြောက်တာတွေ၊ အခြား မြို့နယ်တွေမှာလည်း နည်းမျိုးစုံနဲ့ ဖိအားပေးပြီး ဗလီနဲ့ သာသနိက အဆောက်အဦးတွေကို ရန်ရှာတာတွေလည်း ရှိနေတယ်လို ဦးတင်မောင်သန်းက ဖော်ပြထားပါတယ်။

    အခုနှစ် သင်္ကြန်အပြီး နှစ်ဆန်းတစ်ရက်နေ့မှာ ရွှေတိဂုံစေတီ ဈေးတန်းက မွတ်စလင်ဈေးသည် ၂ ဦးကို ဦးသုစိတ္တတို့အဖွဲ့က ပစ္စည်းတွေသိမ်းဆည်းပြီး၊ လူတွေကို ပါးရိုက်တာတွေ လုပ်တာတွေဟာ ပြီးခဲ့တဲ့နှစ်က အဖြစ်အပျက်ကို အရေးမယူတာကြောင့်လို့ ဦးတင်မောင်သန်းက ထောက်ပြပါတယ်။

    “ပထမအကြိမ် ကျူးလွန်စဉ်က မုန်းတီးရေးအကြမ်းဖက်အုပ်စုကို အရေးယူခြင်း မပြုခဲ့တဲ့အတွက် အခုနှစ် ဒုတိယအကြိမ် ထပ်မံကျူးလွန်တာဖြစ်တယ်။ အခုလည်း အရေးယူမှု မရှိသေးတဲ့အတွက် နောင်အဆုံးမရှိ ကျူးလွန်နေဦးမှာ ဖြစ်ပါတယ်”

    ဧပြီလ ၂၈ ရက်နေ့က မျိုးချစ်အမည်ခံ အုပ်စုဟာ သာကေတက ဘာသာရေးစာသင်ကျောင်းကို ပိတ်ပစ်ဖို့ အာဏာပိုင်တွေကို ဖိအားပေးခဲ့ပြီး၊ ဘာသာစာသင်ကျောင်းမှာ ဘုရားဝတ်ပြုခွင့်မရှိဆိုတဲ့ အကြောင်းပြချက်ဟာ ‘အဓိပ္ပါယ်မဲ့လှသော စည်းကမ်းသတ်မှတ်ချက်’ လို့ လည်း ဦးတင်မောင်သန်းက ထောက်ပြပါတယ်။

    နောက်ပြီး ဘာသာရေးစာသင်ကျောင်း၊ ၀တ်ပြုခန်း (၀တ်ပြုဆောင်)နဲ့ ဗလီဝတ်ကျောင်းတော်ဆိုတဲ့ အဆောက်အဦး ၃ မျိုးရှိနေပြီး၊ ၀တ်ပြုခန်း ဒါမှမဟုတ် ဗလီတို့ မရှိတဲ့အတွက် ဘာသာရေးကျောင်းကို ယာယီဝတ်ပြုဆောင်အဖြစ် အသုံးပြုခြင်းဖြစ်ကြောင်း၊ နိုင်ငံရပ်ခြားမှာ မွတ်စလင်တွေ ၀တ်ပြုဖို့အတွက် သီးသန့် ၀တ်ပြုဆောင်တွေ ထားရှိကြောင်း ဥပမာပေး ပြောကြားထားပါတယ်။

    “ထိုင်း အပြည်ပြည်ဆိုင်ရာလေဆိပ် အဟောင်း၊ အသစ် (၂) ခုလုံးမှာ Prayer Room လို့ခေါ်သော ၀တ်ပြုခန်း (၀တ်ပြုဆောင်) များ ထားရှိပါတယ်။ အမျိုးသားများအတွက်သာမက အမျိုးသမီးများအတွက်ပါ စီစဉ်ထားရှိပါတယ်။ တရုတ်ပြည် ကွမ်ကျိုး ကုန်စည်ပြပွဲတွင်လည်း ထိုနည်းအတိုင်း အမျိုးသား/အမျိုးသမီး သီးသန့်ဝတ်ပြုခန်းများ စီစဉ်ထားရှိပေးပါတယ်။ ဒါ မြန်မာများနဲ့ အနီးစပ်ဆုံးနေရာများကို ဥပမာညွှန်းပြောခြင်း ဖြစ်ပါတယ်။ နိုင်ငံတကာအသိုက်အ၀န်းမှာ ရယ်သွမ်းဖွယ်ဖြစ်ရတာ ဒီအချက်လည်းပါပါတယ်။ ဗလီမရှိတဲ့မြို့နယ်က ဘာသာတရားကိုင်းရှိုင်းသူတွေ ဘာသာရေးစာသင်ကျောင်းကို ယာယီဝတ်ပြုဆောင်အဖြစ် အသုံးပြု ဘုရားရှိခိုးတာကိုဘဲ ပြစ်မှု တစ်ခုကျူးလွန်သလိုလို၊ ကမ္ဘာပျက်တော့မလိုလို ရမ်းရမ်းကားကား တားမြစ် ပိတ်ပင်တာကို အံ့သြ မဆုံးဖြတ်ကြတာပေါ့”

    နောက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေက အာမခံပေးထားတဲ့ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ဥပဒေပြဌာန်းချက်တွေဟာ စာအုပ်ထဲမှာသာရှိနေကြာင်း၊ အခု မိမိ တင်ပြခဲ့တာတွေဟာ အစိုးရသစ်လက်ထက် ၁ နှစ်တာကာလမှာ ဖြစ်ပွားခဲ့တာတွေဖြစ်ကြောင်း၊ ၆၂ ခုနှစ်နောက်ပိုင်း စစ်အာဏာရှင်လက်ထက်၊ ဦးသိန်းစိန်အစိုးရလက်ထက်တွေမှာ အစ္စလာမ်ဘာသာဝင်တွေ ခါးခါးသီးသီး ခံစားခဲ့ရတာတွေ မပါသေးကြောင်း အစ္စလာမ်သာသနာရေးရာကောင်စီ အတွင်းရေးမှူးချူပ် မှ ထည့်သွင်း ရေးသားထားပါတယ်။

    နိဂုံးချုပ်အနေနဲ့ အထက်ပါ ဖြစ်စဉ်တိုင်းနဲ့ပတ်သက်ပြီး မဖြစ်ခင်မှာ လူကိုယ်တိုင်၊ စာ၊ ဖုန်းများနဲ့ သက်ဆိုင်ရာကို အသိပေးခဲ့ကြောင်း၊ ဖြစ်ပွားပြီးနောက်ပိုင်းမှာလည်း တိုင်တန်း၊ အကြံပြု၊ မေတ္တာရပ်ခံမှုများစွာ ပြုလုပ်ခဲ့ကြောင်း၊ ဒါပေမယ့် အစိုးရက တုန့်ပြန်ဆောင်ရွက်မှု မပြုကာ လစ်လျူရှုထားတဲ့အတွက် မုန်းတီးရေးလှုံ့ဆော်သူတွေ၊ ပဋိပက္ခ ဖန်တီးသူတွေဟာ အတင့်ရဲလာတာကြောင့် အခြေအနေတွေ ပိုမို မဆိုးသွားစေဖို့အတွက် ပြည်သူတွေက ၀ိုင်းဝန်း ကြိုးစားဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံပါကြောင်း ဖော်ပြထားပါတယ်။

    ” ဒီအခြေအနေအားလုံးနဲ့ပတ်သက်ပြီး သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ၊ တာဝန်ရှိသူများကို စာနဲ့ အကြိမ်ကြိမ် တင်ပြခဲ့ပြီး၊ ပြည်ထောင်စု သာ/ယဉ် ၀န်ကြီးနဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်တို့ကို တွေ့ဆုံခွင့်ပြုရန်လည်း အကြိမ်ကြိမ်တင်ပြခဲ့ပေမယ့် အခုအချိန်အထိ တွေ့ဆုံခွင့် မရသေးပါ။ နောက်ဆုံးအခြေအနေကိုပြောရရင် မုန်းတီးရေးလှုံဆော်သူများ၊ ပဋိပက္ခဖန်တီးအကြမ်းဖက်သူများ တိုး၍တိုး၍ အတင့်ရဲ အနိုင်ကျင့်မှုများကို လူနည်းစု မွတ်စလင်များ ရင်ဆိုင်နေရချိန်တွင် နိုင်ငံတော် အစိုးရ၏ လျစ်လျူရှုမှုကိုပါ ကြုံတွေ့နေရပါတယ်။ ဒီလိုစိန်ခေါ်မှုတွေကြားထဲက ပိုမိုဆိုးရွားတဲ့ အခြေအနေ မရောက်ရှိအောင် ပြည်သူအားလုံးတိုင်းပြည်အနာဂတ်အတွက် အမျော်အမြင်ရှိရှိ ညီညီညွှတ်ညွှတ် လူမျိုးဘာသာမခွဲဘဲ လက်တွဲဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်”

    ဦးတင်မောင်သန်းရဲ့ စာနဲ့အတူ ပါရှိလာတဲ့ နိုင်ငံတော် အစိုးရထံ အသိပေး၊ အကြောင်းကြား၊ မေတ္တာရပ်ခံစာများကိုလည်း ပူးတွဲပြီး  ဖော်ပြပေးလိုက်ပါတယ်။

    ဗလီဝတ်ကျောင်းတော်များကို အကာကွယ်ပေးရေး၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို အာမခံပေးရေး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ ပေးပို့သည့် အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ မေတ္တာရပ်ခံလွှာ