News @ M-Media
Author: editor
  • သာကေတ ကအစ္စလာမ် စာသင်ကျောင်းလေးကျောင်း ဘယ်လို ပိတ်ပင်ခံခဲ့ရသလဲ
    သာကေတ ကအစ္စလာမ် စာသင်ကျောင်းလေးကျောင်း ဘယ်လို ပိတ်ပင်ခံခဲ့ရသလဲ
    ကျော်ဖုန်းကျော် ရေးသားသည်။
    အစ္စလာမ်စာသင်ကျောင်းတစ်ကျောင်းအား ပိတ်ရန် ပြင်ဆင်နေကြစဉ်။ ဓာတ်ပုံ-တေဇလှိုင်
    ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ အနော်မာ ၁ ရပ်ကွက်မှ အစ္စလာမ်စာသင်ကျောင်း လေးကျောင်းအား အမျိုးသားရေးအဖွဲ့ဟု ၎င်းတို့ကိုယ်ကို အမည်ခံယူထားသောအဖွဲ့မှ ရဟန်းနှင့်လူပုဂ္ဂိုလ်များက အကြပ်ကိုင်ပိတ်ခိုင်းမှု ဧပြီ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည်။
    သို့သော် အဆိုပါ ဖြစ်ရပ်မှာ သာကေတမြို့နယ်မှ နယ်ခံဗုဒ္ဓဘာသာဝင်များနှင့် မွတ်ဆလင်ဘာသာဝင်များ အကြား ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အများစုက ထင်မှတ်နေကြသည်။
    ထိုဖြစ်စဉ်သည် အများထင်မှတ်ထားသည်နှင့် ကွဲလွဲနေသည်ကို ဖြစ်စဉ်အား မဖြစ်မီမှစတင်ကာ ဖြစ်စဉ်ပြီးဆုံးသည်အထိ အနီးအနားတွင် Frontier သတင်းထောက်နှင့် ဓာတ်ပုံသတင်းထောက်များက စောင့်ကြည့်နေခဲ့သဖြင့် မျက်မြင် လေ့လာသိရှိခဲ့ရပါသည်။
    ထို့ကြောင့် ဖြစ်စဉ်ဖြစ်ပွားခဲ့မှုအား အချိန်ကာလနှင့်တကွ ရေးသား ဖော်ပြလိုက်ပါသည်။
    နံနက် ၉ နာရီ
    မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ၏ ဥက္ကဋ္ဌ ဦးဥာဏဓမ္မ၊ အတွင်းရေးမှူး ဦးသုစိတ္တ၊ မကွေးကျောင်းတိုက်ဆရာတော်တို့ ဦးပါမောက္ခတို့နှင့် အမျိုးသားရေးလှုပ်ရှားသူဟု ၎င်းကိုယ်ကို၎င်း သုံးစွဲသည့် ကိုဝင်းကိုကိုလတ်အပါအဝင် ကိုနိုင်ဝင်းထွန်း၊ ကိုသက်မျိုးဦးနှင့် ကိုနေဝင်းအောင်တို့အား ပုဒ်မ ၅၀၅(ခ)ဖြင့် ကမာရွတ်မြို့နယ် အာဏာပိုင်များက တရားစွဲဆိုထားသည့်အမှု၏ ရုံးချိန်းရှိကြောင်း ကမာရွတ်မြို့နယ်တရားရုံး၏ ကြေညာသင်ပုန်းတွင် ဖော်ပြထားသည်။
    အမှုအား မြို့နယ်တရားသူကြီး ဒေါ်သန္တာရှင်က ကြားနာစစ်ဆေးမည်ဖြစ်သည်။
    ယင်းအမှုသည် အမေရိကန်သံရုံးရှေ့တွင် ပြီးခဲ့သည့်နှစ်က ဆန္ဒပြခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ ကနဦးကက ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ ဖြင့် ဒုမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက ၎င်းတို့အား တရားစွဲဆိုထားရာမှ နောက်ထပ် ပုဒ်မတိုးစွဲဆိုခြင်း ဖြစ်ပါသည်။ ပုဒ်မ ၁၉ အမှုနှင့် ပတ်သက်၍ တရားရင်ဆိုင်နေသည်မှာ ကာလကြာမြင့်နေပြီဖြစ်သော်လည်း ပုဒ်မ ၅၀၅(ခ)အမှုနှင့်မူ ပထမဆုံး စတင်ကြားနာသည့်နေ့ဖြစ်သည်။
    နံနက်ခင်း အချိန်မှစတင်၍ တရားရုံးတဝိုက်တွင် လူများစတင်စုရုံး စုရုံးဖြစ်နေကြသည်။
    ကမာရွတ်တရားရုံးသို့ ကိုဝင်းကိုကိုလတ်နှင့်အဖွဲ့ ရောက်ရှိလာကြစဉ်။ ဓာတ်ပုံ-တေဇလှိုင်
    မွန်းလွဲ ၁ နာရီခန့်
    ရဟန်းသံဃာအချို့နှင့် အများစုက အင်္ကျီလည်ကတုံးအဖြူနှင့် ပုဆိုးများ ဝတ်ဆင်ထားသည့် လူကြီးလူငယ်များ တရားရုံးပတ်ဝန်းကျင်သို့ အများအပြား စုဝေးလာကြသည်။ ခန့်မှန်းခြေ ၁၀၀ နီးပါးခန့်အထိရှိလာသည်။
    မကြာမီတွင် အမျိုးသားရေးဝါဒီ ဦးဝီရသူ ကားဖြင့် ရောက်ရှိလာသည်။ လူအများက စုရုံးကြိုဆိုကြသည်။ ဦးဝီရသူအား လူအုပ်ကြားတွင် တို့းဝှေ့ကာ ဓာတ်ပုံရိုက်ရန်ကြိုးပမ်းသည့် 7day သတင်းစာမှ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်ဇော်သိုက်အား လူအုပ်က ဝိုင်းဝန်းအော်ဟစ် တွန်းထိုးကြသည်။ စုရုံးစုရုံးဖြစ်သွားကာ သတင်းထောက်က လွတ်ရာသို့ ထွက်ခွာသွားရသည်။ ထို့နောက် ခပ်လှမ်းလှမ်း လက်ဖက်ရည်ဆိုင်တွင် သွားထိုင်နေသောသူ့အား လူငယ်ခြောက်ဦးခန့်က ဆိုင်ထဲဝင်ကာ လိုက်လံမေးမြန်းခဲ့သည်။ အခြေအနေ ဆက်လက်မတင်းမာတော့ဘဲ ပြီးစီးသွားသည်။
    ဦးဝီရသူက ကမာရွတ်တရားရုံးနှင့် သုံးအိမ်ကျော်ခန့်ရှိ ဘုန်းကြီးကျောင်းတစ်ခုသို့ ဝင်ရောက်သွားသည်။
    မွန်းလွဲ ၂ နာရီ
    မြို့နယ်တရားသူကြီး ဒေါ်သန္တာရှင်က အမှုကို စတင်စစ်ဆေးသည်။ တရားခွင်သို့ ဆရာတော် ဦးပေါမောက္ခ မတက်ရောက်ဘဲ အမှုတွင်ပါဝင်သည့် ကျန်သံဃာများနှင့် လူပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
    ထူးခြားသည်မှာ တရားသူကြီးသည် ပုံမှန်တရားသူကြီးများ ထိုင်လေ့ရှိသည့်စင်မြင့်ထက်တွင် မထိုင်ဘဲ ရှေ့နေများ မတ်ရပ်ရပ် အမှုလျှောက်လဲသည့်နေရာတွင် ဖိနပ်ပါချွတ်ကာ ရပ်လျက် အကျိုးအကြောင်းကို ရှင်းပြခဲ့ခြင်းဖြစ်သည်။
    တရားသူကြီးက ၎င်းသည်နေပြည်တော်သို့ ပြောင်းရွှေ့တာဝန်ကျသဖြင့် ယနေ့လုပ်ငန်းတာဝန်များ လွှဲအပ်နေကြောင်း၊ အမှုအား နောက်တရားသူကြီးက ဆက်လက်စစ်ဆေးမည် ဖြစ်ကြောင်း ပြောကြားသည်။ အမှုသည် အာမခံပေးလို့မရသည့် အမှုဖြစ်သော်လည်း နောက်ထပ်ရုံးချိန်းသာ ထပ်ချိန်းလိုက်မည်ဖြစ်ကြောင်း ညှိနှိုင်းပြောဆိုကာ လာမည့်မေ ၁၂ ရက်သို့ ချိန်းဆိုပေးလိုက်သည်။
    ထိုအချိန်တွင် ဦးဥာဏဓမ္မနှင့် ဦးသုစိတ္တတို့အပါအဝင် တရားခွင်တွင် ၎င်းတို့နှင့် ယှဉ်တွဲထိုင်နေသော သံဃာများက ပုဒ်မ ၅၀၅(ခ) တပ်ခြင်းသည် ဖိနှိပ်ခြင်းဖြစ်ကြောင်း၊ သံဃာများအား တရားစွဲလျှင် သံဃနာယက ခွင့်ပြုချက်လိုကြောင်း၊ ယခုကဲ့သို့ သံဃနာယက ခွင့်ပြုချက်မပါဘဲ တရားစွဲဆိုခြင်းအား လက်မခံသဖြင့် အမှုအား ရင်ဆိုင်မည်မဟုတ်ဘဲ ဖမ်းလျှင်လည်း ခံမည်ဖြစ်ကြောင်း၊ သံဃနာယက ခွင့်ပြုချက်မဲ့ တရားစွဲဆိုသည့်အမှုအား လက်ခံသည့် တရားသူကြီးသည်လည်း ဥပဒေကို မျက်ကွယ်ပြုကြောင်း တရားခွင်တွင် တရားသူကြီး ဒေါ်သန္တာရှင်ကို ပြောကြားခဲ့သည်။ တရားသူကြီးကမူ ဥပဒေအတိုင်းသာသွားမည်ဖြစ်ပြီး အခြားအပိုင်းမှာမူ ဆရာတော်တို့၏ သဘောထားပေါ်မူတည်ကြောင်း ၎င်းအနေနှင့် သဘောထားမှတ်ချက် မပေးကြောင်း ဖြေးညှင်းစွာ တုန့်ပြန်ပြောခဲ့သည်။
    တရားခွင်တွင် လာရောက်သတင်းယူသည့် သတင်းထောက်များကိုလည်း မှန်မှန်ကန်ကန်ရေးရန် တရားခွင်မှအထွက်တွင် သံဃာတစ်ပါးက ပြောကြားခဲ့သည်။
    ကမာရွတ်တရားရုံးသို့ ကိုဝင်းကိုကိုလတ်နှင့်အဖွဲ့ ရောက်ရှိလာကြစဉ်။ ဓာတ်ပုံ-တေဇလှိုင်
    မွန်းလွဲ ၂ နာရီခွဲခန့်
    တရားခွင်မှ ထွက်လာသည့် သံဃာများနှင့် လူများအား အပြင်မှစောင့်ဆိုင်းနေသည့် လူအုပ်က လက်ခုပ်လက်ဝါးတီးကာ ကြိုဆိုကြသည်။
    ဦးဝီရသူကမူ တရားရုံးအနီးရှိ ဘုန်းကြီးကျောင်းတွင် တရားရုံးဆုံးဖြတ်ချက်ကျသည်အထိစောင့်ဆိုင်းနေခဲ့သည်။
    မကြာမီတွင် အမျိုးသားများ တစ်ဦးနှင့်တစ်ဦး လက်ချိတ်ကာ ဦးဝီရသူပြန်လည်ထွက်ခွာရန် စီစဉ်ပေးကြသည်။ ဦးဝီရသူသည် နှာခေါင်းအုပ်အမည်းကိုစွပ်ပြီး ကားဆီသို့ ခပ်မှန်မှန်လှမ်းသွားကာ ကားနားအရောက်တွင် သတင်းထောက်များအား အနားတိုးလာရန်ခေါ်ယူခဲ့သည်။ ထို့နောက် နှာခေါင်းအုပ်ကိုချွတ်ပြစ်လိုက်ပြီး သူ့ပါးစပ်အား တိတ်အနီနှင့် အနက်ဖြင့် ကြက်ခြေခပ် ပိတ်ထားသည်အား ထုတ်ဖော်ပြပြီး လက်မထောင်ကာ ကားထဲဝင်၍ ထွက်ခွာသွားသည်။ လူအုပ်ကထိုအချိန်တွင် “အမျိုးသားရေးဝါဒ အောင်ရမည်၊ အောင်ရမည်”ဟု အကြိမ်ကြိမ် အော်ဟစ်ကြသည်။
    ဦးဝီရသူ တရားရုံးမှ ပြန်လည် မထွက်ခွာမီ တွေ့ရစဉ်။ ဓာတ်ပုံ-တေဇလှိုင်
    မွန်းလွဲ ၃ နာရီခန့်
    တရားရင်ဆိုင်ရသော ပုဂ္ဂိုလ်များပြန်သွားပြီးနောက် တရားရုံးအနီး စုရုံးနေသော လူအုပ်အတွင်းမှ အချို့က သာကေတ အနော်မာရပ်ကွက်သို့ ချီတက်ကြမည်ဖြစ်ကြောင်း ပြောကြားသံများ ကြားရသည်။ ထို့ကြောင့် Frontier သတင်းထောက်က ချဉ်းကပ်မေးမြန်းရာ ဟုတ်မှန်ကြောင်း အချို့က တုန့်ပြန်ကြသည်။
    ကိုဝင်းကိုကိုလတ်အား Frontier သတင်းထောက်က ဆက်သွယ်ရာ အနော်မာသွားမည့်သူများတွင် ၎င်းမပါကြောင်း၊ မည်သူဦးဆောင်ကြောင်းလည်း မသိကြောင်း ပြန်လည်ဖြေကြားသည်။
    မွန်းလွဲ ၃ နာရီခွဲခန့်
    သာကေတမြို့နယ်၊ အနော်မာ ၁ ရပ်ကွက်၊ အနော်မာလမ်းမပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ကမာရွတ်မှ ထွက်ခွာလာသော လူအုပ်စု ရောက်ရှိလာသည်။ “တောင်သာလေးကျောင်းတိုက်ဆရာတော်”ဟူသော စာတမ်းကတ်ထားသည့် နံပါတ်အဝါဖြင့် ကားပေါ်မှ ဆင်းလာသည့် ဆရာတော်က ဦးဆောင်ကာ ကျန်သံဃာနှစ်ပါးနှင့် လူအုပ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ရပ်ကွက်တွင်းရှိ အစ္စလာမ်စာသင်ကျောင်းများအား ပိတ်ပေးရန် စတင်ဖိအားပေး ပြောဆိုသည်။
    အဆိုပါလူအုပ်စုတွင် ခန့်မှန်းခြေ စုစုပေါင်း သံဃာနှင့်လူ ၁၀၀ ဦးခန့် ပါရှိသည်ကို တွေ့ရသည်။
    ၎င်းတို့ အဓိကပြောဆိုသည်မှာ အစ္စလာမ်စာသင်ကျောင်းများသည် ဘာသာရေးသင်ကျောင်းများသာဖြစ်ပြီး ဝတ်ပြုခွင့် မရှိကြောင်း၊ ဝတ်ပြုနေသည်မှာ တရားမဝင်ကြောင်း၊ ထို့ကြောင့်ပိတ်ပေးရန် အမိန့် ထုတ်ပေးရန် တောင်းဆိုကြသည်။
    အုပ်ချုပ်ရေးမှူးက ၎င်းတွင် လုပ်ခွင့်မရှိကြောင်း၊ ထိုသို့လုပ်သည်မှာ ဥပဒေနှင့်မညီကြောင်း ပြန်လည်ပြောကြားသည်။
    လူအုပ်စုသည် တဖြည်းဖြည်းများလာပြီးနောက် အုပ်ချုပ်ရေးမှူးလည်း ပြန်လည် ခွန်းတုန့်ပြန်မရှင်းနိုင်တော့ဘဲ အထက်အဆင့်အား ဖုန်းဆက်တိုင်ကြားခဲ့သည်။
    အစ္စလာမ်စာသင်ကျောင်းများ ပိတ်ပေးရန် သံဃာနှင့် လူ ၁၀၀ ခန့်ပါဝင်သည့် လူအုပ်စုက တောင်းဆိုကြသည်။ ဓာတ်ပုံ-တေဇလှိုင်
    မွန်းလွဲ ၄ နာရီခန့်
    မြို့နယ်မှူးနှင့် ရဲအရာရှိကြီးတစ်ဦး ရောက်ရှိလာသည်။ ဆက်လက် ရှင်းပြသည်။ မကြာမီ မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော်ဟုသိရသည့် ဆရာတော်တစ်ပါး ရောက်ရှိလာသည်။ အုပ်ချုပ်ရေးမှူးရုံးထဲသို့ သတင်းထောက်များမဝင်ရန် လူအုပ်က တားမြစ်လာသည်။ ထို့ကြောင့် မည်သို့ညှိနှိုင်းကြသည်ကို မသိရတော့ပေ။
    တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ ဒုတိုင်းမှူး ရဲမှူးကြီးမျိုးဆွေလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့သို့ ရောက်လာသည်။
    သံဃာများနှင့် နောက်ထပ်လူများလည်း ကားများဖြင့် ထပ်ရောက်လာကြသည်။
    အေပီသတင်းဌာနမှ ရုပ်သံသတင်းထောက် ကိုမင်းကြည်သိန်း ရောက်လာပြီး ရပ်ကွက်ရုံးရှေ့တွင် သတင်းမှတ်တမ်း ရိုက်ကူးနေစဉ် တစ်စုံတစ်ဦး ဖြေကြားပေးနိုင်မလားဟု အင်တာဗျူးခွင့် တောင်းသည်။ သတင်းထောက်တွေက မေးတော့တစ်မျိုး၊ လွှင့်တော့တမျိုး စသည်ဖြင့် လူအုပ်တွင်းမှ ပြောကြားကာ အခြားမာထန်သော စကားများလည်း ပြောလာကြသည်။ ကိုမင်းကြည်သိန်းက ထိုသို့မပြောရန် ပြန်လည်ပြောကြားသည်။ သံဃာတစ်ပါး ရောက်လာချိန်တွင် ကိုမင်းကြည်သိန်းက သူ့ကိုယ်သူ ‘ကျွန်တော်’ဟု သုံးနှုန်းပြောဆိုကာ သံဃာတော်ကို ‘တပည့်တော်’ဟု သုံးနှုန်း မပြောဆိုသဖြင့်ဟုဆိုကာ အော်ဟစ်ခံရသည်။ သူ့ကို တစ်ဦးက ထီးနှင့်ရိုက်ခဲ့သည်။ တစ်ဦးက ခြေနှင့် ကန်သည်။ ဆွဲလားရမ်းလား ဖြစ်ပြီးနောက် ရဲက သတင်းထောက်များအား ရပ်ကွက်ရုံးနားမကပ်ရန်နှင့် အဝေးသွားနေရန် နှင်ထုတ်ပြီး မျဉ်းဝါကြိုးများ တားလိုက်တော့သည်။
    ရဲက သတင်းထောက်များအား ရပ်ကွက်ရုံးနားမကပ်ရန်နှင့် အဝေးသွားနေရန် နှင်ထုတ်ခဲ့သည်။ ဓာတ်ပုံ-တေဇလှိုင်
    ညနေ ၅ နာရီကျော်
    အဝေးမှနေရသဖြင့် မည်သို့ ညှိနှိုင်းဆုံးဖြတ်လိုက်သည်ကို မသိရသော်လည်း အုပ်ချုပ်ရေးမှူးရုံးအား လာရောက် ဖိအားပေးသည့်အဖွဲ့မှ လက်ရွေးစင်လူငါးဦးက ရဲများ၊ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးအချို့နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သာကေတမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာဝေဖြိုးအောင်တို့ ခြံရံကာ အစ္စလာမ်ဘာသာရေး စာသင်ကျောင်းများအား လိုက်လံသော့ခတ် ချိတ်ပိတ်ကြလေသည်။
    ထိုသို့သော့ပိတ်သည်အား ဓာတ်ပုံ၊ ဗွီဒီယိုမရိုက်ကူးစေရန် သတင်းထောက်များအား ရဲများက တားမြစ်ခဲ့ကြသည်။
    ည ၇ နာရီကျော်တွင် ကျောင်းလေးကျောင်းလုံးအား ပိတ်ပင်ပြီးစီးခဲ့သည်။
    လွှတ်တော်အမတ် ဒေါက်တာဝေဖြိုးအောင်အား ယခုကဲ့သို့ သူ့ရှေ့မှောက်တွင် ပြုမူနေသည့်ကိစ္စအား သတင်းထောက်များက မေးမြန်းရာ မှတ်ချက်တစ်စုံတရာပေးရန် ငြင်းဆိုခဲ့သည်။
    မွတ်ဆလင်ဘာသာဝင် ၁၀ ဦးခန့်က မတရားကြောင်း ဒေါက်တာဝေဖြိုးအောင်အား ဝိုင်းဝန်းအော်ဟစ်တိုင်ကြသည်။ သို့သော် တခဏကြာပြီးနောက် ငြိမ်သက်သွားကြသည်။
    ရဲမှူးကြီးမျိုးဆွေက “ရဲက လုံခြုံရေးပဲ ယူပေးတာပါ။ ဒီလိုလုပ်တဲ့သူတွေကို အရေးယူဖို့ အုပ်ချုပ်ရေးက ဆုံးဖြတ်ပါလိမ့်မယ်” ဟု သတင်းထောက်များကို ပြောကြားသည်။
    ဘာသာရေး စာသင်ကျောင်း စုစုပေါင်း လေးကျောင်းကို သော့ခတ်ပိတ်ခဲ့သည်။ ပိတ်ခံရသည်မှာ အနော်မာ အရှေ့ ၄ လမ်း၊ အနောက် ၇ လမ်း၊ အနောက် ၁၁ လမ်းနှင့် အရှေ့ ၁၂ လမ်းတို့မှ အစ္စလာမ်ဘာသာရေး စာသင်ကျောင်းများ ဖြစ်ကြသည်။ အနောက် ၁၁ လမ်း စာသင်ကျောင်းမှ မော်လဝီ ကိုထွန်းထွန်းဝင်း၏ အဆိုအရ တစ်ကျောင်းလျှင် ကျောင်းသား ၂၅၀ ခန့် တက်ရောက်နေကြသဖြင့် ကျောင်းလေးကျောင်းတွင် စုစုပေါင်း ကျောင်းသား ၁,၀၀၀ ခန့်ရှိမည်ဟုသိရသည်။ ကျောင်းလေးကျောင်းအနက် ၎င်း၎င်းတာဝန်ထမ်းဆောင်သည့် ကျောင်းတွင် တရားဝင် ဝတ်ပြုခွင့်ရှိကြောင်း၊ စာရွက် စာတမ်းများလည်းရှိကြောင်း၊ ၁၉၅၈ ခုနှစ်က ပုဇွန်တောင်မှ ဗလီတစ်လုံးအား ဖျက်ကာ နေရာရွှေ့ပြောင်းပေးရသဖြင့် ထိုနေရာအား အစားရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
    စုံစမ်းတွေ့ရှိချက်အရ အဆိုပါစာသင်ကျောင်းများတွင် ဝတ်ပြုကြသည်မှာလည်း မှန်ကန်ကြောင်း သိရသည်။
    ဖြစ်စဉ်ဖြစ်ပွားခဲ့သည့်နေရာတစ်ဝိုက်တွင် ရဲတပ်ဖွဲ့က လုံခြုံရေးရယူထားစဉ်။ ဓာတ်ပုံ-တေဇလှိုင်
    အမည်မဖော်လိုသော မွတ်ဆလင်ဘာသာဝင် ရာအိမ်မှူးတစ်ဦးကလည်း “ကျွန်တော်တို့ အေးအေးချမ်းချမ်း နေတာကို လာဖျက်စီးကြတယ်ဗျာ။ အတော်စိတ်မကောင်း ဖြစ်ရတယ်။ ဘာပြဿနာမှလည်း မဖြစ်ဘူးဘဲနဲ့ ဒီလိုလုပ်ကြတယ်။ ဘယ်သူမဆို ကိုယ့်ဝတ်ပြုတဲ့နေရာကို ဒီလိုလာပိတ်ရင် ဘယ်ရင်ထဲ ကောင်းမလဲ”ဟု Frontier ကိုပြောသည်။
    ဒေသခံ ဗုဒ္ဓဘာသာဝင်များနှင့် မွတ်ဆလင် ငါးဦးထက်မနည်းအား မေးမြန်းချက်အရ ယခုလူစုလူဝေးဖြင့် လာလုပ်သူများထဲတွင် ရပ်ကွက်ဒေသခံများ ပါဝင်သည်ကို မတွေ့ရကြောင်း သိရသည်။
    အနော်မာရပ်ကွက်တွင် နေထိုင်သည့် အမည်မဖော်လိုသည့် အသက် ၂၅ နှစ်အရွယ်ရှိ ဗုဒ္ဓဘာသာဝင်လူငယ်တစ်ဦးက “ကျွန်တ်ာတို့ အဲဒီလောက် မရိုင်းပါဘူးဗျာ။ ဒီမှာနေလာတာကြာလှပြီ ဘာပြဿနာမှ မဖြစ်ဖူးဘူး။ ချန်ပီယံလိဂ်(ဘောလုံး)ပွဲတွေရှိရင် ည ၁ နာရီ ၂ နာရီ ဒီလိုပဲ လျှောက်သွားနေတာ။ ဒီလို လုပ်တာတော့ မကောင်းဘူးဗျာ”ဟု ၎င်းက ပြောသည်။
    Frontier မှ ကူးယူ၍ ဖော်ပြပါသည်။
  • အာရဗီစာနှင့် အခြေခံ ဘာသာရေး စာသင်ကျောင်းဆိုသည်မှာ
    အာရဗီစာနှင့် အခြေခံ ဘာသာရေး စာသင်ကျောင်းဆိုသည်မှာ
    ဧပြီ ၂၉ ၊ ၂၀၁၇
    မောင်မောင်ကို ရေးသည်။
    Photograph: David Sillitoe
    အစ္စလမ်ဘာသာဝင် ကလေးငယ်များ..(၅နှစ်မှ ၁၂နှစ် အရွယ်)များကို ဘုရားဝတ်ပြုတတ်အောင် သင်ကြားပေးသော နေရာဖြစ်ပါသည်။
    အင်္ဂလိပ်၊တရုတ်၊ အာဖရိကန်၊ အင်ဒိုနီးရှား၊ တကမ္ဘာလုံးရှိ မွတ်စလင်မ်များ ဘုရားဝတ်ပြုသော အခါ.. အားလုံး အာရဗီဘာသာဖြင့် ရွတ်ဆို ဝတ်ပြုကြပါသည်။ ဥပမာ အခြားဘာသာဝင်များ လက်တင်ဘာသာ၊ ပါဠိဘာသာ၊ သက္ကရိုက်ဘာသာများဖြင့် ရွတ်ဆိုရှိခိုး ကန်တော့သလိုမျိုးဖြစ်ပါသည်။ လူအများစုက မိမိရွတ်ဆိုသည်ကို အပြည့်အဝ နားမလည်ကြပါ။
    အချို့က အနည်းငယ် နားလည်ကြပါသည်။။ အချို့က လုံးဝ နားမလည်ကြပါ။
    သို့သော်…ဘာစာရွတ်လျှင်.. ဦးညွတ်ရမည်… ဘာစာသားရွတ်ဆိုလျှင် မတ်တတ်ပြန်ရပ်ရမည်၊ ဘာစာသားရွတ်ဆိုလျှင်.. ဦးချ..ရမည်..စသဖြင့်… လူမျိုးမရွေး… အားလုံးတညီတညာတည်း… လုပ်ဆောင်နိုင်ကြရအောင်… ခလေးငယ်များကို သင်ကြားပြသရပါသည်။
    ရွတ်ဆိုကြသည်မှာ.. ကျမ်းစာ၏ နောက်ဆုံးကဏ္ဍ(ကဏ္ဍ၃၀)မှ… စာများကို အများဆုံး ဖတ်ရွတ်ကြရပါသည်။ တပိုဒ်ခြင်းအားဖြင့် တိုတောင်းသောကြောင့်ဖြစ်ပါသည်။ မွတ်စလင်မ်တိုင်း ကျား/မ..မဟူ… ထိုနောက်ဆုံးကဏ္ဍ၏ စာပိုဒ်၁၀ပုဒ်ခန့်မျှ.. အလွတ်ကျက်မှတ်ရပါသည်။ ထိုမှသာ..ဝတ်ပြုနိုင်ကြမှာဖြစ်ပါသည်။
    ကျမ်းစာကိုဖတ်တတ်ရန်..ကကြီး၊ ခခွေး..သဘော.. ဗျည်းများမှ စသင်ကြားလျှင်.. လူကြီးများအတွက်.. အမြန်စံနစ်ဖြင့်သင်လျှင်နာရီ၄၀ သင်ရိုးဖြင့်သင်ပေးကြပါသည်။ ကလေးများကိုတော့.. အချိန်များစွာပိုကြာအောင်သင်ရပါသည်။ ဦးစွာပဌမ.. ကျမ်းစားမဖတ်ခင်.. ခြေလက်မျက်နှာဆေးကြောခြင်း သင်ပေးရပါသည်။ ဘုရားဝတ်ပြုခါနီး ခြေလက်ဆေးကြော သန့်စင်ခြင်းနှင့်အတူတူပါ။ ရေသုံးအနည်းဆုံးနှင့် ဆေးကြော သန့်စင်သည့်ပုံစံ အဆင့်ဆင့်ဖြစ်ပါသည်။
    တကမ္ဘာလုံးရှိ မွတ်စလင်မ် မှန်သမျှတပုံစံတည်း… ဆေးကြောသန့်စင် ပုံစံတူကြပါသည်။
    ဥပမာ..ညာဖက်လက်ချောင်းလေးများနှင့် လက်ဖဝါးကိုစတင်ဆေး.. ထို့နောက်ဘယ်ဖက် လက်ချောင်းလေးများနှင့် လက်ဖဝါး…မှ အစချီ၍နောက်ဆုံး.. ဘယ်ဖက်ခြေဖျားနှင့် ခြေချောင်းလေးများကို ဆေးကြောအဆုံးသတ်ပါသည်။ Youtube တွင် ရှာဖွေကြည့်ရှုနိုင်ပါသည်..။
    အာရဗီကျောင်း အခြေခံဘာသာရေး စာသင်ကျောင်းများက.. ယင်းသို့ခြေလက် မျက်နှာဆေးကြောသည်မှ အစပြု၍ ဘုရားဝတ်ပြုနိုင်အောင် ကျမ်းစာပါ အာရဗီစာများ ဖတ်နိုင်အောင် သင်ကြားပေးပါသည်။
    ကျမ်းစာတွင် ဘုရားဝတ်ပြုကြဟု ပါရှိသောလည်း… နေမထွက်ခင် အာရုံဦး၊ နေမွန်းလွဲချိန်၊ နေညိုချိန်၊ နေဝင်ပြီးစအချိန်၊ ညဉ်ဦးချိန် အစရှိသဖြင့် အချိန်များတွင်.. ဦးချဝတ်ပြုကြိမ်ရေ သတ်မှတ်ချက်များ အသေးစိတ်မပါရှိပါ။ .တမန်တော်၏ သမားစဉ်.. ထုံးတမ်းစဉ်လာများမှ လေ့လာလိုက်နာ၍ ကျင့်သုံးကြရပါသည်။ ထို့ကြောင့်ဝတ်ပြုချိန်ကို အတိအကျသိအောင်.. (ဥပမာ..နေထွက်ဆဲ… နေမွန်းတည့်ဆဲ.. နေဝင်ဆဲ.. အချိန်များတွင် ဝတ်ပြု၍လုံးဝ မရပါ).. ဝတ်ပြုစဉ်အတွင်း အကြိမ်ရေမည်မျှ ပျတ်ဝတ်ဦးချ..ရမည်..အစရှိသဖြင့်…ကလေးများကို သင်ကြားပေးရပါသည်။
    ဝတ်ပြုရန် မတ်တပ်ရပ်စဉ်.. ခြေဖဝါး၂ဘက်မည်မျှ ကွာဝေးရမည်၊ လက်ပိုက်ထားလျှင် ဘယ်ဖက် လက်ကောက်ဝတ်အား ညာဖက်၏ လက်သန်းနှင့် လက်မတို့ဖြင့် ဆုပ်ပတ်ကိုင်ပြီး ကျန်လက်ချောင်း၃ချောင်းကို ဘယ်ဖက် လက်ဖျံရိုးပေါ် ဆန့်တန်းထားရမည်. အထိ..အတိအကျ… သေချာသင်ကြားပေးကြရပါသည်။
    ဘုရားဝတ်ပြုတတ်ပြီးလျင်… လူသေကိုရေချိုးပေးခြင်း နည်းနာ၊ သဂြိုလ်ခြင်းနည်းနာ. အစရှိသဖြင့်.. မွေးကင်းစ ကလေးငယ် မွေးဖွားသည့်အခါ ဝတ်ပြုဖိတ်ခေါ်သံဖြင့်.. ဖိတ်ခေါ်သည်မှအစ… သေဆုံးသဂြိုလ်ပြီး.. သေသူအတွက် ဆုတောင်းသည်များအထိ… သင်ကြားပြသပေးကြရာပါသည်။
    အသက်ရှင်နေစဉ်.. ဥပုသ်လအကြောင်း.. ဥပုသ်သီလ စောင့်ထိန်ပုံ… ဥပုသ်ဖြေပုံ.. အလှုအတန်းပြုလုပ်ပုံ… ဆင်းရဲသားများအတွက်. .. မလှုမနေရ… အလှူငွ..ပေးရခြင်း.. မည်မျှပေးရခြင်း.. မည်သူက အလှူခံပိုင်ခွင့် ရှိ/မရှိ… များမြောင်လှသော… ထုံးတမ်းစဉ်လာများကို.. သင်ကြားပေးရပါသည်။
    များသောအားဖြင့်.. မနက် (သို့မဟုတ်) ညနေ.. ညပိုင်း.. ၂ နာရီခန့် နေ့စဉ် သင်ကြားပေးလေ့ရှိပါသည်။
    စနေ၊ တနင်္ဂနွေရက်များ တွင်… ပိုမို အချိန်ယူ သင်ကြားပေးကြပါသည်။
    အကျဉ်းအားဖြင့်… မွတ်စလငိမ်တို့အတွက်… အာရဗီစာသင်ကျောင်းများ.. ဘာအတွက်လိုအပ်သည်ကို.. အကြမ်းအားဖြင့် ရေးသားတင်ပြခြင်းဖြစ်ပါသည်။
  • ဘာသာရေး ပဋိပက္ခ လှုံဆော်နေသူများကို တားဆီးပေးရန် ရန်ကုန်တိုင်းဝန်ကြီးချူပ်ကို စာပို့ခဲ့
    ဘာသာရေး ပဋိပက္ခ လှုံဆော်နေသူများကို တားဆီးပေးရန် ရန်ကုန်တိုင်းဝန်ကြီးချူပ်ကို စာပို့ခဲ့
    ဧပြီ ၂၈ ၊ ၂၀၁၇
    M-Media
    ၂၀၁၇ ခုနှစ် ဧပြီလ ၂၈ ရက်နေ့က ရန်ကုန်တိုင်း သာကေတမြို့နယ် အနော်မာရပ်ကွက်ထဲက အစ္စလာမ်ဘာသာ စာသင်ကျောင်း နှစ်ကျောင်းမှာ ခွင့်ပြုချက်မရှိပဲ ဝတ်ပြုနေတဲ့သည့်ဟု စွတ်စွဲကာ ပိတ်ပေးရန် မျိုးချစ်ကွန်ယက်ဆိုတဲ့အဖွဲ့တခုက မော်တော်ကား အမြောက်အများနဲ့ မနေ့ညနေပိုင်းက ရောက်လာပြီး အုပ်ချုပ်ရေးရုံးမှာ ဖိအားပေးတောင်းဆိုခဲ့ကြပါတယ်။
    ယင်းကဲ့သို့ ဖိအားပေးတောင်းဆိုမှုကြောင့် ရဲတပ်ဖွဲ့နှင့် အုပ်ချူပ်ရေးပိုင်းမှ တရားရုံး၏ ခွင့်ပြုချက်မပါဘဲ စာသင်ကျောင်းများကို ချိပ်ပိတ်ခဲ့ပါတယ်။
    ယင်းဖြစ်စဉ်များ မဖြစ်ပွားခင် ဘာသာရေးပဋိပက္ခဖြစ်စေ၇န် လုပ်ဆောင်နေမှုများကို တားဆီးပေးရန် နှင့် လုံခြုံရေးစီမံပေးရန်အတွကရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချူပ် ဦးဖြိုးမင်းသိန်းထံ သို့ ဘာသာရေးစာသင်ကျောင်းနှင့် ဝတ်ပြုဆောင် အုပ်ချူပ်ရေးအဖွဲ့မှ မေတ္တာရပ်ခံစာ တစ်စောင်ပေးပို့ခဲ့ပါတယ်။
    Image via- Than Lwin Htun  FB(VOA မြန်မာပိုင်းဌာနမှုး)
  • ပေးဆပ်ရင်းနဲ့ ပျော်ကာနေသူ (သို့မဟုတ်) နှစ်ပေါင်း ၆၀ နီးပါး လူနာအားလုံးအတွက် ရှင်သန်နေသူ ချိုတူး
    ပေးဆပ်ရင်းနဲ့ ပျော်ကာနေသူ (သို့မဟုတ်) နှစ်ပေါင်း ၆၀ နီးပါး လူနာအားလုံးအတွက် ရှင်သန်နေသူ ချိုတူး
    သာလွန်ဇောင်းထက် ရေးသည်။
    ချိုတူး(သို့မဟုတ်) MR.A.R.Y MANJRA နှင့် စာရေးသူ
    အဖြူရောင်ဆေးသုတ်ထားတဲ့ အခန်းလေးထဲက သစ်သားထိုင်ခုံလေးပေါ်မှာ အဘိုးအို ၁ ဦး ငြိမ်ငြိမ်သက်သက်ပဲ အပေါက်ဝကို ငေးကြည့်ရင်း ထိုင်နေတယ်။ အခန်းထဲကို ကျနော်တို့ ၀င်လာတော့ သူက နှစ်လိုဖွယ်အပြုံးနဲ့ တိုးလျတဲ့လေသံနဲ့ “ထိုင်ကြပါ” ဆိုပြီး နှုတ်ဆက်တယ်။
    ခပ်လတ်လတ် အသားအရည်ရှိတဲ့ အဘိုးအိုက ပါးရည်နားရည်တွေ တွန့်နေပြီဖြစ်ပေမယ့် သူ့မျက်နှာ ကြည်လင်နေတယ်။ သူ့မျက်ဝန်းတွေမှာ လူတိုင်းကို အလေးထားတဲ့ အကြည့်တွေရှိနေတယ်။ လူတိုင်းကို ကြင်နာသနားတတ်တဲ့ မျက်ဝန်းတွေ သူပိုင်ဆိုင်ထားတယ်။
    သူဝတ်ထားတဲ့ အ၀တ်အစား ခပ်နွမ်းနွမ်းလေပေမယ့် အဝေးကလှမ်းကြည့်လိုက်တာနဲ့ သူဟာ သာမန် အဘိုးအို ၁ ဦးထက်ပိုနေတဲ့ လူသားတစ်ဦး ဆိုတာ သိသိသာသာ ခံစားလိုက်ရတယ်။ သူ့ပတ်ဝန်းကျင်မှာ သူ့ရဲ့ အကြည်ဓာတ်တွေ၊ မေတ္တာဓာတ်တွေ လွှမ်းမိုးနေသလို ခံစားလိုက်ရတယ်။
    ဒီဆေးရုံကို ညီလေးကံဇော်နဲ့ ညီမလေး မယမင်းစုလှိုင်တို့ရဲ့ ခေါက်ဆွဲ ခြောက်တွေ လာလှူတာပါလို့ အဘိုးအိုကို မိတ်ဆက်တော့ အဘိုးအိုက ရွှင်ပျစွာနဲ့ စကားဧည့်ခံတယ်။
    “ဒီဆေးရုံကြီးကလေ အလှူရှင်တွေကြောင့် ရပ်တည်နေတာ။ အလှူရှင်တွေ မရှိရင် ဒီဆေးရုံကြီး မရပ်တည်နိုင်ဘူး” လို့ သူက ဆိုတယ်။
    ချိုတူး(သို့မဟုတ်) MR.A.R.Y MANJRA
    =========================
    အဘိုးအိုက ရန်ကုန်မြို့ လယ်ခေါင် မဟာဗန္ဓုလ ပန်းခြံလမ်းမှာရှိတဲ့ မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံကြီး အကျိုးဆောင်အတွင်းရေးမှူး MR.A.R.Y MANJRA ပါပဲ။
    “ကျနော့်မှာ မြန်မာနာမည်မရှိဘူး။ အဖေက အငယ်ဆုံးဆိုတော့ ချစ်လွန်းလို့ ချိုတူးလို့ ခေါ်တယ်။ မြန်မာနာမည် ချိုတူးပေါ့”ဟု သူက ဆိုတယ်။
    ၁၉ ၃၅ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ချိုတူး (ခေါ်) MR.A.R.Y MANJRAဟာ ဆွေစဉ်မျိုးဆက် ပရဟိတမျိုးရိုးဆိုရင်လည်း မမှားနိုင်ပါဘူး။
    “ကျနော့်အဖေက ဆိုင်ဖွင့်တယ်။ စီးပွားရေးလည်း လုပ်တယ်။ ဆိုင်တွေ အကုန်လုံး ဦးနေ၀င်းခေတ်မှာ ပြည်သူပိုင်သိမ်းသွားတယ်။ အဖေက ဒီမွတ်စလင် ဆေးရုံမှာ အတွင်းရေးမှူးပေါ့။ နောက်တော့ FRC(ဧည့်နိုင်ငံသား) ဖြစ်တော့ အဖေက နားလိုက်တယ်။ ပြီးတော့ သားဖြစ်တဲ့ ကျနော့်ကို ဒီကုသိုလ်ဖြစ်ဆေးရုံမှာ လုပ်ခိုင်းတယ်” လို့ ချိုတူးက ဆိုပါတယ်။
    ချိုတူးဟာ မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံမှာ ၁၉ ၆၃ ခုနှစ်မှာ စတင်ပြီး ပါဝင် လုပ်အားပေးရပါတော့တယ်။
    “ကျနော်ကောလိပ်ပြီးစပေါ့။ အဖေက ကုသိုလ်ဖြစ်ဆေးရုံမှာ လုပ်ဆိုတော့ လည်းလုပ်ရတာပေါ့။ ဒီအလုပ်ကလေ အရမ်းမွန်မြတ်တယ်” လို့ သူက ဆိုတယ်။
    ကုသိုလ်ဖြစ်ဆေးရုံမှာ ချိုတူးဟာ ဆေးရုံကော်မတီ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ရင်း ဓာတ်လှေကားမောင်း၊ တံမြက်စည်းလှည်း၊ အမှိုက်ကျူံး စတဲ့ အလုပ်ပေါင်းစုံကို လုပ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။
    ရန်ကုန် ဘားလမ်းရှိ မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံ
    မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံ
    ===================
    မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံလို့ နာမည်တပ်ထားပေမယ့် ဒီဆေးရုံဟာ မွတ်စလင်တွေအတွက်ပဲ ကုသပေးတဲ့ဆေးရုံမဟုတ်ဘဲ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ခွဲခြားခြင်းမရှိဘဲ ဆေးဝါးကုသပေးနေတဲ့ ဆေးရုံပါ။ ၁၉ ၃၇ ခုနှစ် မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
    “ဒီဆေးရုံကလေ ဂျပန်တွေ ဗုံးလာကြဲတဲ့အချိန်မှာတောင်မှ မပိတ်ခဲ့ဘူး။ စဖွင့်တုန်းက ဆေးခန်းလေးပေါ့။ တဖြည်းဖြည်းဆေးရုံဖြစ်လာတာ။ ဂျပန်တွေ ဗုံးလာကြဲချိန် ဆေးခန်းမှာရောက်နေတဲ့ ဗိုက်ကြီးသည် လူနာ ၁ ယောက် မမွေးနိုင်ဘူး။ အဲဒါ ဆေးရုံက ကော်မတီဝင်က သူ့ကားနဲ့ ဗုံးတွေရှောင်ရင်း အမျိုးသမီးဆေးရုံပို့ခဲ့ရတယ်” လို့ သူက ဆိုတယ်။
    ကျနော်ကိုယ်တိုင်လည်း ဆေးရုံတစ်ခုလုံးကို လိုက်လံ ကြည့်ရှုခဲ့ပြီး လာရောက်ဆေးကုသတွေထဲမှာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ပါဝင်နေတာ တွေ့ခဲ့ရတယ်။ အထူးသဖြင့်တော့ ကျောက်ကပ်ဆေးဌာနမှာ တက်နေသူ အများစုက ကျေးလက်တောရွာတွေက တက်လာတဲ့ ဆင်းရဲနွမ်းပါးသူတွေ ဆိုတာလည်း သတိထားမိတယ်။
    အမှိုက်မရှိ၊ ကွမ်းတံတွေး မရှိ၊ အနံ့အသက်ဆိုးမရှိ
    ကုသိုလ်ဖြစ်ဆေးရုံ ဘယ်လို ရပ်တည်နေလဲ
    ===========================
    မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံမှာ ၀န်ထမ်းပေါင်း ၁ ရာကျော်ရှိနေပြီး ဆရာဝန်တွေ၊ သူနာပြုတွေအားလုံးကလည်း လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံပါဝင်ပါတယ်။ ဆရာဝန်ကြီးတွေ အများစုကတော့ ကုသိုလ်ဖြစ် ဒါန လာရောက် ဆေးကုသပေးကြတာပါ။
    ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆရာဝန်ဖြစ်တဲ့ ဒေါက်တာတင်မျိုးဝင်းက ကုသိုလ်ဖြစ်ဆေးရုံရဲ့ အဖွဲ့ဝင် ခေါင်းဆောင် ဆရာဝန်တဦးလည်းဖြစ်ပါတယ်။ ဒီဆေးရုံဟာ နှစ်စဉ် လူနာများစွာ တိုးချဲ့ အခမဲ့ ကုသပေးနေရပြီး နှစ်စဉ်လည်း စရိတ်တွေ တိုးလို့လာနေပါတယ်။ စရိတ်တွေအများစုကလည်း ဘာသာပေါင်းစုံက လှူဒါန်းကြတာပါ။
    “အလှူငွေတွေက ဘာသာပေါင်းစုံက လှူကြတာ။ ကျနော်တို့ အစ္စလမ်တွေလည်း လှူကြတယ်။ ၁ နှစ်လုံး အမြတ်ရဲ့ ဘယ်လောက်ဆိုပြီး ပြန်လှူကြတာလည်းရှိတယ်။ အခု နိုင်ငံခြားကနေ လှူကြတာလည်းရှိတယ်။ အဓိကကတော့ ဘာသာပေါင်းစုံက လှူကြတာ” လို့သူကဆိုတယ်။
    သန့်ရှင်းေ်နတဲ့ ကုသိုလ်ဖြစ်ဆေးရုံ
    လတ်တလော ကုသိုလ်ဖြစ်ဆေးရုံမှာ သားဖွားခန်း၊ ခွဲစိတ်ဆောင်၊ အထူးလူနာခန်း၊ ပြင်လူနာဌာန ၊ ကျောက်ကပ်ဆေးဌာန အပါအ၀င် အဆောင်များစွာရှိပါတယ်။ ကျောက်ကပ်ဆေးဌာနမှာ ကျောက်ကပ်ဆေးစက်တွေ ထပ်မံ တပ်ဆင်နေပြီး စက် ၉ လုံး အလှူခံရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။
    “ကျောက်ကပ်ဆေးစက်တွေ တပ်ထားပြီးသား။ အခုလည်း ၉ လုံး ထပ်ရထားတယ်။ စက်တွေအတွက် ဆေးရည်တွေလည်း လိုမယ်။ ဒီဆေးရုံကြီး တစ်ခုလုံးက တစ်နှစ်ကို အခု ၈၇ ကုဋေ ( သိန်း ၈၇၀၀ ) ကုန်တယ်။ ကျနော်လေ အမြဲပဲ စိုးရိမ်နေရတာက အလှူငွေ ရပါ့မလားပေါ့။ အလှူငွေ မရရင်တော့ ကျနော်တို့ ဆက်ပြီး ရပ်တည်နိုင်မှာမဟုတ်ဘူး” ချိုတူးက ပြောတယ်။
    ဒီဆေးရုံကြီး တစ်ခုကို လျှောက်သွားကြည့်တော့ အမှိုက်မတွေ့ ၊ အနံ့အသက် ဆိုးဝါးတာမရ၊ အကုန်လုံး သန့်သန့်ရှင်းရှင်း ဖြစ်နေတာကို သတိထား မိတယ်။ လူနာရှင်မပါတဲ့ ကျောက်ကပ်ဆေးရမယ့် အဘိုးအို ၁ ဦးကို သူနာပြု ၃ ယောက်လောက် ဖေးဖေးမမနဲ့ ဆေးရုံတက်ဖို့ ပြင်ဆင်ပေးနေတာလည်း တွေ့ခဲ့ရတယ်။ဆေးရုံတက် လူနာအများစုက နွမ်းပါးဆင်းရဲကြသူတွေချည်းပါပဲ။
    မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံဆိုပေမယ့် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ လူနာတွေကို ကုသပေးနေတယ်
    အညတရ ချိုတူး
    ==========
    ၁၉ ၆၃ ခုနှစ်ကတည်းက ကုသိုလ်ဖြစ် ဆေးရုံမှာ လုပ်အားပေးရင် ကုန်လွန်ခဲ့တာ အခုဆိုရင်တော့ ချိုတူးရဲ့ လုပ်အားပေးသက်တမ်းက ၅၄ နှစ်ရှိလာပြီ ဖြစ်သလို ချိုတူးအသက်ကလည်း ၈၂ နှစ်ရှိလာပြီဖြစ်ပါတယ်။
    “ကျနော်က ပုံမှန်ဆိုရင် ဗုဒ္စဟူးနဲ့ သောကြာ နားလေ့မရှိဘူး။ ဒါပေမယ့်လည်း အလုပ်ရှိရင် ရှိသလို တက်နေရတာပဲ။ မနက်ဆိုရင် ကျနော်ဒီမှာ ထိုင်ပြီး စီမံရတာပဲ။ ဆေးရုံဆိုပေမယ့် လမ်းဘေးမှာ နေမကောင်းဖြစ်လဲနေတဲ့ မျက်မမြင်လူနာကိုလည်း စောင့်ရှောက်ပေးရတာမျိုး။ စားစရာမရှိတဲ့ လူနာကို ထမင်းချက်ကျွေးရတာမျိုးတွေလည်းရှိတယ်။ ဆေးကုပေးရတာ တစ်ခု တည်းမဟုတ်ဘူး။ ဘာမဆို ကျနော်တို့က အခမဲ့ လုပ်ပေးနေရတာ။ ရှေ့ဆက်ပြီး ရပ်တည်နိုင်ပါ့မလားဆိုတာလည်း အမြဲ စိုးရိမ်တယ်” လို့ သူက ဆိုပါတယ်။
    ချိုတူးမှာ သား ၁ ဦးနဲ့ သမီး ၁ ဦးရှိပြီး သူ့သားဟာလည်း ဒီဆေးရုံမှာလည်း ပြန်ပြီး အလုပ်လုပ်နေပါတယ်။
    “ကျနော့်သားလေ။ ဟိုမှာ ဆေးရုံကိစ္စတွေ အကုန်လိုက်လုပ်နေတာ အဲဒါ ကျနော့်သား” လို့ ဂုဏ်ယူတဲ့လေသံနဲ့ ပြောတယ်။
    ကျွန်းသားထိုင်ခုံလေးနဲ့ စားပွဲလေးမှာ သူဟာ နှစ်ပေါင်းများစွာ ဆေးရုံနဲ့ လူနာတွေ အတွက် သူ စီမံခန့်ခွဲခဲ့ပေမယ့် အခုတော့ သူကိုယ်တိုင်လည်း အိုမင်းနေပါပြီ။ ဒါပေမယ့်လည်း သူ့အသွင်အပြင် ဟန်ပန်တွေက တက်ကြွစွာနဲ့ ဆေးရုံ ကိစ္စတွေကို စီမံနေဆဲပါပဲ။
    “ဒီဆေးရုံဘေးနားက မြေကွက်က လှူထားတာ။ အဲဒါကို ရအောင် လုပ်ရမယ်။ အဲဒါဆိုရင် လူနာတွေအတွက် ပိုပြီး အဆင်ပြေမယ်။ အခု နေရာထိုင်ခင်း အခက်အခဲရှိတယ်။ လူကများ။ ဆေးရုံကသေးတော့။ လှူထားတဲ့ မြေကွက်မှာ ဆေးရုံ ထပ်ဆောက်နိုင်ရင်တော့ ကောင်းမယ်။ အခု ကျပ်နေတယ်” လို့ ချိုတူးက လေသံအေးအေးနဲ့ ရှင်းပြတယ်။
    ချိုတူးရဲ့ ရာထူးက ဂုဏ်ထူးဆောင် အထွေထွေအတွင်းရေးမှူးပါ
    ကျနော်တို့ သူ့ကို နှုတ်ဆက်ပြီး ဆေးရုံပြန်ထွက်တော့ သူက ဆေးရုံ အ၀ အထိလိုက်လာပြီး နှုတ်ဆက်ပါတယ်။
    “ကျနော့်နာမည်က မာန်ဂျရာ (MANJRA)။ တကယ်လို့ မှတ်ဖို့ခက်တယ်ဆိုရင် တောင်အာဖရိက သမ္မတ မာန်ဒဲလားနဲ့ ဆင်တူ နာမည် မာန်ဂျရာ ဆိုပြီး မှတ်ထားပါ” လို့ သူက အပြုံးတွေနဲ့ လိုက်နှုတ်ဆက်တယ်။
    ကျနော်တို့ ဆေးရုံအ၀ လှေကားကနေ ဆင်းသွားတဲ့အထိ သူက လှေကားပေါ်ကနေ ပြုံးပြရင်း လက်ပြ နှုတ်ဆက်နေဆဲပဲ။ သူရဲ့ ကျန်ရှိတဲ့ ဘ၀ သက်တမ်းမှာ သူဟာ ဆေးရုံ ထိုင်ခုံလေးပေါ်မှာ ဆက်ထိုင်ရင်း လူနာတွေ ဆက်အလုပ်လုပ်သွားမယ်ဆိုတာ သူ့မျက်ဝန်းတွေက သက်သေပြနေတယ်။
    နှစ်ပေါင်း ၆၀ နီးပါး တိတိကျကျဆိုရင် နှစ်ပေါင်း ၅၄ နှစ်တိုင်အောင် သူ အလုပ်လုပ်ခဲ့တဲ့ ဒီဆေးရုံမှာ နောက်ဆုံးထွက်သက်အထိ သူ အလုပ်လုပ်နေမယ်ဆိုတာ ယုံမှား သံသယရှိစရာမလိုတာကတော့ အသေအချာပါပဲ။
    စာရေးသူ၏ FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
  • “ယနေ့ခေတ် ပညာရေးကို စကားလုံးဝေါဟာရတွေနဲ့ ပဲ  တန်ဆာဆင်ပြီး အချိန် မကုန်သင့်”
    “ယနေ့ခေတ် ပညာရေးကို စကားလုံးဝေါဟာရတွေနဲ့ ပဲ တန်ဆာဆင်ပြီး အချိန် မကုန်သင့်”
    ကာတွန်း Credit- သီဟစော
    ဧပြီ ၂၅ ၊ ၂၀၁၇
    ဂျက်ဖရီတင်အုန်း(R.I.T) ရေးသည်။
    ၂၃ ရက် ဧပြီလ မှာအစိုးရစစ်စာမေးပွဲများဖြစ်ကြတဲ့ Grade 4 နှင့် Grade 8 အပါဝင် Grade 9 အထိ စာမေးပွဲအောင်စာရင်းတွေ ထွက်ခဲ့ကြတယ်။ဒီနှစ်ထူးခြားတာက Grade 4 နှင့်Grade 8  အတန်းတင်းစာမေးပွဲများကျင်းပပြီး စစ်ဆေးနေချိန်တစ်လျှောက်လုံး စာရေးသူရဲ့မိတ်ဆွေ စာစစ်ဆရာမများနှင့်တွေ့လိုက်တိုင်း သူတို့ပြောကြတာကတော့”အမှတ် ၂၀ ဖိုးကို ခဲရာခဲဆစ် မနည်းရှာပြီး လုပ်ပေးခဲ့ရတယ်။ မေးခွန်းက စာဖြေသူတွေကို အလွယ်တကူ ဖြေနိုင်အောင် December လ စာမေးပွဲမေးခွန်းတွေထဲကပဲ အမှတ် ၂၀ ကျော်ဖိုးမေးထားခဲ့တယ်။ တစ်ချို့ခလေးတွေအတွက် ကုစားမဖြေရအောင် ကျမတို့က အောင်မှတ်ဖိုးကို ဆွဲထုတ်ရှာပေးခဲ့တယ်။ဒါတောင် စာမေးပွဲကျသေးတဲ့သူက ကျကြတာ ပါပဲ “ဟူ၍ဆရာမတွေရဲ့ ညည်းတွားသံလေးများကိုလည်း စာရေးသူ ကြားခဲ့ရပါတယ်။ ဒီနှစ်စာမေးပွဲအောင်စာရင်းတွေကို” အတန်းကူးပြောင်းလို့” သတ်မှတ်တာ ကြေညာတာကို တွေ့လိုက်ရလို့အများစုက အံ့သြသွားကြပါလိမ့်မယ်။
    အမှန်တကယ် ဒီအသုံးအနှုန်းကို သုံးစွဲဖို့ ‘နဝတစစ်အစိုးရ’လက်ထက် ကတည်းက ပညာရေးဝန်ကြီးဌာနက လမ်းညွှန်ထားကြောင်း စာရေးသူ သိခဲ့ပါတယ်။တကယ်တော့ စာမေးပွဲအောင်ရင် အတန်းတက်တယ်။အတန်းကူးပြောင်းသွားတယ်လို့ သိထားကြပြီး စာမေးပွဲကျရှုံးရင်တော့  အတန်းမတက်ဖူး။ နဂိုရှိရင်းစွဲအတန်းပဲ။အတန်းမကူးပြောင်းပေးဖူး လို့ဆိုလိုကြောင်း ကိုလည်း အားလုံးနီးပါး သိထားကြပါတယ်။ အင်္ဂလိပ်စာမှာတော့ အောင်ရင် pass ကို သုံးပြီး စာမေးပွဲမှာကျရှုံ့းလို့အတန်းမတက်ရင် fail ကိုသုံးတာလည်း အများအသိဖြစ်ပါတယ်။ တနည်း fail or pass သုံးကြပါတယ်။မြန်မာစကားမှာတော့ ခေါ်လို့ ပြောလို့နားထောင်လို့ကောင်းလို့ နှုတ်ကျိုး သုံးနှုံးနေတာကတော့ “စာမေးပွဲအောင်စာရင်း”ဖြစ်နေတော့”အတန်းကူးပြောင်း”ဆိုတဲ့အသုံးအနှုန်းဟာ မြန်မာ့ပညာရေးလောကမှာ အသုံး မတွင်ကျယ်ခဲ့တာပါ။
    ဒါပေမယ့်အခြေခံပညာကျောင်းတွေမှာ ကျောင်းပြောင်းကိစ္စတွေအတွက်  ကျောင်းထွက်လက်မှတ်သွားယူခဲ့တဲ့အခါမှာ သက်ဆိုင်ရာ အချို့ကျောင်းတွေက” အတန်းကူးပြောင်း”ဆိုတဲ့အသုံးကို ထောက်ခံစာတွေမှာ သုံးကြောင်း စာရေးသူမိတ်ဆွေ သင်္ဃန်းကျွန်းမြို့နယ်က  အငြိမ်းစားကျောင်းအုပ်ဆရာကြီးတစ်ဦးကအောင်စာရင်းကြေညာသည့်နေ့ကရှင်းပြခဲ့ဖူးပါသည်။ ဒီအတွက်ကြောင့်လည်း ‘အတန်းကူးပြောင်း’အသုံးအနှုန်းသည် ဆန်းပြားသည့် အသုံး ထူးဆန်းသည့်အသုံးမဟုတ်ကြောင်း  အခြေခံပညာကျောင်းအချို့မှာ သုံးနေတာကြာပြီ ဖြစ်ကြောင်း စာရေးသူတင်ပြလိုခြင်းဖြစ်ပါသည်။
    ထိုသို့မဟုတ်ပါက “ပြောင်းလဲချိန်တန်ပြီ”ဆောင်ပုဒ်ဖြင့်အစိုးရ ဖြစ်လာသော အရပ်သားအစိုးရအနေဖြင့် မြန်မာလူထုကြီးတစ်ရပ်လုံး နှစ်ပေါင်းများစွာသုံးစွဲလာခဲ့သော ” စာမေးပွဲအောင်စာရင်း”ကို “အတန်းကူးပြောင်း “ဆိုပြီး  ပြောင်းလဲရသလားဟူသော မမှန်ကန်သည့်  ဝေဖန်ရေး လေကန်ရေးဖြစ်သွားမည်ကိုလည်း စာရေးသူစိုးရိမ်မိပါသည်။အကြောင်းမှာ ၁၉၈၈ ခုစက်တင်ဘာလ ၁၈ ရက်  နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု့တည်ဆောက်ရေးအဖွဲ့(နဝတ)စစ်အစိုးရ အာဏာရှိစဉ်တွင် နိုင်ငံကိုခေါ်သည့် Burma ကို Myanmar သို့လည်းကောင်း လူမျိုးနှင့်ဘာသာစကားကို ခေါ်သည့် Burmese ကိုလည်း Myanmar သို့လည်းကောင်း ပြောင်းလဲခဲ့ပေသည်။ထို့ကြောင့် Myanmar သည် Burma နှင့်Burmese အဓိပ္ပါယ် နှစ်ခွ ဖြစ်သွားခဲ့ရပါသည်။
    အင်္ဂလိပ်စာဖြင့် စာပေရေသားရာတွင် ရှုပ်ထွေးမှု့များဖြစ်လျက်ရှိပါသည်။ အနောက်တိုင်းသား အင်္ဂလိပ်လူမျိုးတွေကို ဆန့်ကျင်ကြောင်း ပြသလိုဟန်တူပါသည်။
    ရှေးအခေါ်အဝေါ်အသုံးအနှုန်းများကို ဇာတိသွေးဇာတိမာန် တက်ကြွဟန် လုပ်ပြပြီးပယ်ဖျက်ခဲ့ပါသည်။အမှန်တကယ် ဘာသာစကားနှင့်မျိုးချစ်စိတ်ဓာတ်သည် လုံးဝခြားနားပါသည်။ဂျပန်လူမျိုးတို့သည် မျိုးချစ်စိတ်ဓာတ်မည်မျှပြင်းထန်ကြောင်းကို တက္ကသိုလ်ရှိ သင်ရိုးများကို ဂျပန်စာဖြင့်သင်ကြားစေခြင်း စက်မှု့ထုတ်ကုန်အမျိုးမျိုး၏သုံးစွဲပုံများကို ဂျပန်စာဖြင့်ရေးသာ့းခြင်း  ဂျပန်စကားကို ကောင်းစွာပြောဆို တတ်သည့်နိုင်ငံခြားသားများကို  လုပ်ငန်းခွင်များတွင် လစာကောင်းကောင်းပေးခြင်း စသည့် လုပ်ရပ်များ ကို ပြုလုပ်ခဲ့သော်လည်း အင်္ဂလိပ်လူမျိုးများတီထွင်ခဲ့သည့် နိုင်ငံကိုခေါ်သည့် Japan  နှင့်  လူမျိုးနှင့်ဘာသာစကားကိုခေါ်သည့် Japanese တို့ကို ပြောင်းလဲခဲ့ခြင်းမရှိခြင်းသည် အထူးမှတ်သားစရာဖြစ်သည်။
    ထင်ရှားသော သာဓက တစ်ခုကို  တင်ပြရလျှင် တပ်မတော်ဖခင် လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းသည် ဗြိတိသျှနယ်ချဲ့အင်္ဂလိပ်တို့၏နယ်ချဲ့စနစ်ကို ခါးသည်းစွာမုန်း  တီးသော်လည်း အင်္ဂလိပ်လူမျိုးနှင့်အင်္ဂလိပ်ဘာသာစာပေတို့ကို မုန်းတီးခြင်းမရှိကြောင်းကို ဗိုလ်ချုပ်အကြောင်းရေးသားထားသည့် ကိုယ်ရေးအတ္ထုပ္ပတ္တိ စာအုပ်များနှင့် ဗိုလ်ချုပ်ပြတိုက်ကို သွားရောက်လေ့လာလျှင်   သိနိုင်ပါသည်။ ဝါဒနှင့်ဝါဒီကို ကွဲကွဲပြာ့းပြားသိဖို့လိုအပ်ပါသည်။ “လူကိုခင်လျှင် မူကို ပြင်သည် ။လူကို မုန်းလျှင်မူကို သုံးခဲ့ကြသည့် ခေတ်အဆက်ဆက် အစိုးရများ၏ နိုင်ငံ့ပုံရိပ်ကျဆင်းစေသည့် လုပ်ရပ်ဆိုးများကို ပြည်သူ့အရပ်သားအစိုးရ သတိပြုဖို့လိုပါသည်။ နိဂုံးချုပ်တင်ပြရလျှင်  နိုင်ငံတော်၏ထိပ်တန်းတာဝန်များကို ထမ်းဆောင်သူများအနေဖြင့်  တိုင့်းပြည်အတွက် မည်သည့်အလုပ်ကို လုပ်လုပ် အနှစ်သာရပြည့်ဝသည့်အလုပ်များကို တာဝန်သိသိ သစ္စာရှိရှိ ထမ်းရွက်ဖို့လိုပေလိမ့်မည် ဟု စာရေးသူထင်မြင်မိသည်။ စကားလုံးလေးများပြောင်းသည့် အပေါ်ယံ ရေပေါ်အရုပ်ရေးသည့်လုပ်ရပ်များသည် ပြစားသည့် အလုပ်များသာ ဖြစ်ပါကြောင်း ပြည်သူလူထုကြီးအား လိမ်ညာသည့် လုပ်ရပ်များဖြစ်ကြောင်း ထပ်လောင်းတင်ပြလိုက်ရပါသည် ။
    လေးစားလျက်
    ဂျက်ဖရီတင်အုန်း(ရန်ကုန်စက်မှု့တက္ကသိုလ် R.I.T)