News @ M-Media

Author: editor

  • “တက္ကသိုလ်ဝင်တန်း သချာင်္မေးခွန်း ပုစ္ဆာ အမှန်တကယ်ပဲ မှားခဲ့တာလား?”

    “တက္ကသိုလ်ဝင်တန်း သချာင်္မေးခွန်း ပုစ္ဆာ အမှန်တကယ်ပဲ မှားခဲ့တာလား?”

    မတ် ၁၆ ၊ ၂၀၁၇
    ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှု့တက္ကသိုလ် R.I.T) ရေးသည်။

    မြန်မာနိုင်ငံတွင် ပညာရေးကို အုပ်ချုပ်သူအစိုးရအဆက်ဆက်က မိမိတို့အလိုအတိုင်း စမ်းသပ်စစ် ဆေးအဖြေရှာလာခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာ သာကြာလာခဲ့သည်။ စာရေးသူ တို့ တက္ကသိုလ်ဝင်တန်း ကျောင်းသားဘဝက ဓာတုဗေဒ၊ရူပဗေဒ၊သင်္ချာဘာသာရပ်မေးခွန်းများ၏

    အဆင့်အတန်းသည် ယခုအာဆီယံအဖွဲ့နိုင်ငံများဖြစ်သော မလေးရှား၊အင်ဒိုနီးရှား၊ဘရူးနိုင်းနိုင်ငံ တို့ထက် သာလွန်ရုံသာမက ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ တက္ကသိုလ်ဝင်တန်းသင်ရိုးများထက် လည်း များစွာသာကြောင်း ဆရာကြီးများကထောက်ပြ ပြောဆိုခဲ့ဖူးပါသည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံမှရသော M.B.B.S ဆရာဝန်ဘွဲ့ကို အင်္ဂလန်နိုင်ငံက အသိအမှတ်ပြုသည်။ ရန်ကုန်စက်မှုတက္ကသိုလ်မှရသော အင်ဂျင်နီယာ B.E ဘွဲ့ကို စင်္ကာပူနိုင်ငံက အသိအမှတ်ပြုခဲ့ပြီး အလုပ်အကိုင်၊ အခွင့်အလမ်းများ ရစေခဲ့သောဖြစ်ရပ်များသည် အမှန်တကယ်ရှိခဲ့ဖူးပါသည်။

    စာရေးသူတို့နိုင်ငံတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲသည် စာဖြေသူကျောင်းသား၊ ကျောင်း သူများနှင့်မိဘများကို ညှို့ယူဖမ်းစားနိုင်သည်မှာ အကြောင်းရှိသည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကို ဖြေဆိုနေသူသည် ဘဝတိုက်ပွဲတစ်ခုကို ဆင်နွှဲနေသူနှင့် အလားတူပေသည်။ ထို့ကြောင့် ကာယ ကံရှင်မိဘများ၊ မိမိတို့ရင်သွေးငယ်များ ပညာရေးအတွက် ငွေတွေသုံးကြ စာမေးပွဲကာလအတွင်း အလုပ်အကိုင်များကိုပစ်ကာ စာစစ်ဌာနများသို့အကြို အပို့လုပ်ကြ ပြေးလွှားကြ လုပ်နေမှု့များသည် လက်တွေ့သာဓကများဖြစ်ပါသည်။

    မြန်မာတစ်နိုင်ငံလုံးတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲမေးခွန်းကို ၂၀၁၅ခုမှစ၍ ပြည်တွင်း တစ်စုံ၊ပြည်ပတစ်စုံ စစ်မေးလာသည်မှာ ယခုနှစ်၂၀၁၇ခု မတ်လစာမေးပွဲထိဖြစ်ပါသည်။ တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် ပြည်တွင်းစာစစ်ဌာနပေါင်း ၁၅၇၇ ခုနှင့် ပြည်ပစာစစ်ဌာနပေါင်း (၁၇)ခု ရှိကြပါသည်။ စာမေးပွဲကြီးဖြေဆိုရန် တရားဝင်စာရင်းသွင်းထားသူပေါင်း ၈ သိန်းနီးပါးရှိသည်မှာ မနှစ်ကထက် သာလွန်ပေသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး စာစစ်ဌာနတွင်လူနာစာဖြေသူ ၁၄ ဦး၊ မြောက်ဥက္ကလာပဆေးရုံကြီးတွင် ၈ ဦးဖြေဆိုလျက်ရှိသည်။ အင်းစိန်ဗဟိုအကျဉ်းထောင်တွင် စာဖြေသူ ၂၈ ဦး၊ မန္တလေးဗဟိုအကျဉ်းထောင်တွင် ၁၀ဦး၊ဘားအံအကျဉ်းထောင်တွင် ၁ ဦး၊ ပေါက် မြို့မ ရဲစခန်းအချုပ်တွင် ၂ ဦးနှင့် မကွေးမြို့သစ်ရဲစခန်းအချုပ်တွင် ၁ ဦး ဖြေဆိုလျက်ရှိသည်။ ပိုထူးဆန်းသည်မှာ ကိုယ်လက်အင်္ဂါမသန်စွမ်းဖြေဆိုသူ ၁၀၁ ဦး၊ ဆွံ့အ၊နားမကြားဖြေဆိုသူ ၂၄ ဦး ရှိပါသည်။ ယခုနှစ်တွင် မျက်မမြင်စာဖြေသူ လုံးဝ လုံးဝ မရှိခဲ့ခြင်းသည်လည်း ထူးခြားဖြစ်စဉ်တစ်ခု ဖြစ်သည်။

    တစ်ပွဲထိုး ကံစမ်းသည့်အနေဖြင့် ပါလျှင်စံ၊ မပါလျှင်ခံ သဘောမျိုးဖြေဆိုသူများရှိကြောင်း အောက်ပါကိန်းဂဏန်းများက သက်သေပြလျက်ရှိပါသည်။ ဥပမာ- ၈.၃.၂၀၁၇ မြန်မာစာဖြေဆို သည့်နေ့တွင် စာဖြေသူပေါင်း ၇၁၆၂၁၆ဦးရှိခဲ့ပြီး၊ ၉.၃.၂၀၁၇ အင်္ဂလိပ်စာဖြေဆိုသည့်နေ့တွင်       ၇၁၅၀၇၉ဦး၊ သင်္ချာဖြေဆိုသည့်နေ့တွင် ၇၁၄၅၂၁ ဦး၊ ဓာတုဗေဒဘာသာရပ်နေ့ဖြေဆိုသူ ၆၄၀၀၀၇ ဦး၊ ရူပဗေဒနေ့တွင်ဖြေဆိုသူဦးရေ ၆၃၉၇၂၅ ဦးသာရှိတော့သည်။

    ယခုနှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် သင်္ချာဘာသာရပ် ဖြေဆိုသည့်နေ့၌ စာဖြေသူအ များစု မျက်စိပျက် မျက်နှာပျက်ဖြစ်ခဲ့သည်ကို သတိထားမိသည်။ လူမှုရေးကွန်ရက် Facebook တွင် အမှတ် ၂၀ကျော်ဖိုးမှားနေသည်ဟု အချို့က ထောက်ပြထားသည်။ အချို့သင်္ချာဆရာများက ၅မှတ် ဖိုးသာမှားကြောင်း ရှင်းပြထားသည်ကိုဖတ်ခဲ့ရသည်။ သင်္ချာဘာသာရပ်၌ စာသင်ကြားမှု့ အတွေ့ အကြုံရင့်ကျက်သော စာရေးသူ၏မိတ်ဆွေဆရာတစ်ဦးက “ မေးတဲ့သင်္ချာပုစ္ဆာအားလုံးက အဖြေ ထွက်ပါတယ်။ မေးခွန်းတွေက တိကျမှု အားနည်းနေတယ်။ အဖြေအမျိုးမျိုးထွက်နိုင်တယ်။ စာဖြေသူတွေ အတွက် ဝိရောဓိဖြစ်စေတယ်။ step by step ဖြေဆိုခဲ့တဲ့စာဖြေသူတွေကတော့ အမှတ်ပြည့်ရမှာ သေချာပါတယ်” ဟု စာရေးသူအားပြောဆိုခဲ့ပါသည်။

    သင်္ချာစာမေးပွဲမေးခွန်း မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ အချိန်တန်၍ အောင်စာရင်းထွက် လျှင်အမှတ်ပြည့် (၁၀၀)ရရှိသူများဧကန်အမှန် ထွက်ပေါ်လာမည်ဟု စာရေးသူယုံကြည်ပါသည်။ လေ့ကျင့်မှု့များသော စနစ်တကျ အချိန်ယူသင်ကြားတတ်မြောက်ထားသော စာဖြေသူတိုင်း ထူးချွန် ကြမည်ဖြစ်ပါသည်။

    သို့သော် ထိုတက္ကသိုလ်ဝင်တန်းသခ်ျာမေးခွန်းပါ ပုစ္ဆာအချို့သည် အမှန်တကယ်လိုအပ် ချက်၊အားနည်းချက်များရှိခဲ့ပါက အာဆီယံနိုင်ငံ(၁၀)နိုင်ငံ၏ သင်္ချာပညာရှင်များအလယ် မြန်မာ့နိုင် ငံ၏ ပညာရေးပုံရိပ်ကျဆင်းနိုင်ပါသည်။

    မေးခွန်းထုတ်သူ စာစစ်မှူးချုပ်အနေဖြင့် မိမိစစ်မေးခဲ့သော လိုအပ်ချက်ရှိသည့်မေးခွန်းပုစ္ဆာ အတွက် တာဝန်ယူမှု၊တာဝန်ခံမှုတော့ရှိပါလိမ့်မည်။

    ထို့ကြောင့်လည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာများကို ၂၀၁၇ခု ဧပြီလ ၁ ရက်နေ့ တွင်စတင် မစစ်ဆေးခင် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ တက္ကသိုလ်များမှဘာသာရပ်ဆိုင်ရာ စာစစ် မှူးချုပ်များကို ရန်ကုန်သို့ဖိတ်ခေါ်ထားပါသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်တိကျခိုင်လုံသော အမှတ်ပေး စည်းမျဉ်းများ တပြေးညီပေါ်ထွက်လာစေရန် ရည်ရွယ်ပါသည်။ တိုင်းနှင့်ပြည်နယ်ဘာ သာရပ်ဆိုင်ရာ ပါမောက္ခကြီးများ တွေ့ဆုံဆွေးနွေးညှိနှိုင်းကာ မိမိတို့ဖြတ်သန်းလာခဲ့သော စာစစ် အတွေ့အကြုံများကို အခြေပြုကာ စာဖြေသူအပေါင်းအတွက် အကောင်းဆုံးအဖြေတစ်ခုကို ထုတ် ပေးကြမည်ဖြစ်ပါသည်။

    လူသားဟူသည် အမှားနှင့်ကင်းသည်ဟူ၍မရှိပြီ။ တက္ကသိုလ်ဝင်တန်းသင်္ချာစာစစ်မှူးချုပ် ကြီးသည်လည်း လူသားတစ်ဦးပင်တည်း။သူ့ထဲတွင် တိကျရေရာသေချာသော “တာဝန်ယူမှု၊ တာဝန်ခံမှု” အဖြေတစ်ခုတော့ ဧကန်မုချ ရှိကိုရှိမည်ဟု စာရေးသူယုံကြည်မိပါသည်။

  • နိုင်ငံတော်တွင် တင်နေသေးသည့် နောက်ထပ် အကြွေးတခု

    နိုင်ငံတော်တွင် တင်နေသေးသည့် နောက်ထပ် အကြွေးတခု

    ၂၀၁၂ ခုနှစ်က ဂျပန်နိုင်ငံတွင် ပြုလုပ်ခဲ့သော အညတရ သူရဲကောင်းဆု တတိယ အကြိမ် ဆုပေးပွဲ

    မကြာသေးခင်က ရန်ကုန်မြို့တွင် ဦးကိုနီနှင့် ကိုနေဝင်းတို့အတွက် ချီးကျူးဂုဏ်ပြုပွဲအခမ်းအနားကျင်းပသွား တာ တွေ့သည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တက်ရောက်ပြီး နှစ်ယောက်လုံးကို ချီးကျူးစကားများ ပြော ကြားသွားသည်။ ကျန်ရစ်သူမိသားစုနှစ်စုအနေဖြင့် မိမိတို့မိသားစုဝင် ကွယ်လွန်သွားသည့်အတွက် ဝမ်းနည်းပူဆွေးနေကြ မည်မှာမှန်သော်လည်း တဖက်က ယခုလို တတိုင်းတပြည်လုံးက မိမိတို့ကို နှုတ်အားဖြင့်တင်မက ငွေအား၊ လူအားဖြင့်ပါ ဝိုင်းဝန်းဖေးမကူညီကြသည်ကိုမြင်ရသဖြင့် ဖြေသာမည်၊ မိမိတို့ချစ်ခင်ရသည့် သွားလေသူနှစ်ဦးအတွက် ဝမ်းမြောက် ဂုဏ်ယူ ကြလိမ့်မည်၊ စိတ်ဒဏ်ရာများလည်း နက်နက်မကျန်ရစ်နိုင်ဟု ယုံကြည်ပါသည်။

    သို့ရာတွင် ကျွန်တော်တို့ မေ့နေခဲ့ကြသော မမေ့အပ်သော ကိစ္စတခုရှိပါသေးသည်။ ဦးကိုနီနှင့် ကိုနေဝင်းတို့လောက် လူသိ မများ၊ ဟိုးလေးတကျော်မဖြစ်ဘဲ လူမသိသူမသိပေးဆပ်ခဲ့ကြသူတွေအတွက်လည်း စာနာကြောင်း၊ လေးစားဂုဏ်ယူကြောင်း၊ အသိအမှတ်ပြုကြောင်း ထုတ်ဖော်ပြသဖို့ဖြစ်သည်။ ၁၉၆၂ အာဏာသိမ်းသည်မှစကာ ၂ဝ၁၀ နောက်ပိုင်း   မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်အောင် အုတ်တချပ်သဲတပွင့်ပါဝင်ကာ တွန်းတင်ပေးခဲ့ကြသူအပေါင်း ဒုနှင့်ဒေး ရှိခဲ့ သည်။ ထိုသူတို့သည် မည်သည့်အကျိုးစီးပွားကိုမျှ မျှော်ကိုး၍မဟုတ်ဘဲ အမှန်တရားကို ချစ်မြတ်နိုးစိတ်၊ တရားမျှတမှု၊ လွတ်လပ်မှုနှင့် လောကပါလတရားများထွန်းကားရေးတို့ကို လိုလားသောစိတ်တစ်ခုတည်းဖြင့် ကျရာနေရာမှ ဝင်ရောက်ကာ တိုက်ပွဲဝင်ခဲ့ကြသူများဖြစ်သည်။

    ၁၉၆၂ ခုနှစ်နှင့် ၂ဝ၁ဝ ပြည့်နှစ်အကြား နှစ် ၅၀ ကာလအတွင်း စစ်အာဏာရှင်စနစ်ဆိုးကြောင့် ဒုက္ခရောက်သူ၊ ဘဝပျက်ခဲ့ သူတွေ တပုံတပင်ရှိသည်။ လမ်းပေါ်ထွက်ဆန္ဒပြ၍ ထောင်ကျခံ၊ ညှဉ်းပန်းနှိပ်စက်ခံ၊ နောက်ဆုံး အသက်အသေခံခဲ့ ရသူတို့ သာလျှင် စနစ်ဆိုး၏ဒဏ်ကို ခံစားခဲ့ရသည်မဟုတ်။ နိုင်ငံရေးလုပ်မိသူတို့၏ နီးစပ်ပတ်သက်သည့် မိသားစုဝင်၊ ဆွေမျိုးသား ချင်း၊ မိတ်ဆွေအပေါင်းအသင်းများလည်း တနွယ်ငင် တစင်ပါ ခံစားခဲ့ကြရသည်။ လက်နက်ကိုင် တောခိုသွားကြသူတို့၏ ကျန်ရစ်ခဲ့သည့်မိသားစုဝင်များ၊ ဆွေမျိုးသားချင်းများလည်း အမျိုးမျိုးဒုက္ခပေးခံခဲ့ရသည်။ ကျွန်တော့်မိတ်ဆွေ တယောက်၏ ဖခင်သည် စစ်ထောက်လှမ်းရေး၏ ဖမ်းဆီးခြင်းခံခဲ့ပြီးနောက် သူတို့မိသားစု ဒုက္ခအကြီးအကျယ်ရောက်ခဲ့ကြသည်။ တချိန် က နိုင်ငံရေးလုပ်ဖော်လုပ်ဖက်များကလည်း သတင်းမမေး၊ အားပေးနှစ်သိမ့်မှုမရှိခဲ့ကြဟု ဆိုသည်။

    ဖခင်ဖြစ်သူအဖမ်းခံရသည့်နောက် အိမ်မှာ မိန်းမတွေချည်း ကျန်ရစ်ခဲ့သည်။ အိမ်ရှင်က အိမ်လခတိုးတောင်းတာ ခံရသည်။ မိခင်ဖြစ်သူမှာ အစိုးရဝန်ထမ်းဖြစ်ရာ နောက်ဆုံး ရမယ်ရှာပြီး အလုပ်ဖြုတ်ခံရသည်။ အပြင်မှာ စာပြစားဖို့လုပ်တာကိုပင် ထောက်လှမ်းရေးက စာမသင်နိုင်အောင် အမျိုးမျိုးလိုက်နှောင့်ယှက်သည်။ ငတ်တလှည့် ပြတ်တလှည့်ဖြင့် ဖြတ်သန်းရသည်။ စာအုပ်များကို အဟောင်းတန်းတွင် ရောင်းစားရသည်အထိ ဖြစ်သည်။ နိုင်ငံရေးသမားမိသားစုဆိုလျှင် ပတ်ဝန်းကျင်က မဆက်ဆံချင်ကြ။ ကူကွယ်ရာမဲ့ဘဝ ရောက်ရသလိုရှိခဲ့သည်။ အမေနှင့်သမီးတွေချည်း ကြံ့ကြံ့ခံကာ ရပ်တည်ခဲ့ရသည်။

    ကျွန်တော့်မိတ်ဆွေလို ခါးသီးသည့်အတွေ့အကြုံများကို ခံစားခဲ့ရသူပေါင်း မြန်မာနိုင်ငံတွင် ထောင်သောင်းသိန်းဂဏန်းမျှ ရှိနိုင်သည်။ ထိုခံစားခဲ့ရသူများမှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက စုဆောင်းပြုစုထားသည့် နိုင် ငံရေးအကျဉ်းသားဟောင်း/သစ် စာရင်းဝင်နေသူဦးရေထက် ပိုသည်။

    ထောက်လှမ်းရေးက ညကြီး အချိန်မတော် တံခါး လာခေါက်ပြီး “မေးစရာရှိလို့ လိုက်ခဲ့ပါဦး” ဟု ခေါ်သွားကာ ကံကောင်းစွာဖြင့် ပြန်လွှတ်ခံခဲ့ရဖူးသူအားလုံး၊ ထိုသူတို့နှင့် ပတ်သက်ပြီး ထိခိုက်ခံစားခဲ့ရသူအားလုံး၊ ၁၉၈၈၊ ၂ဝဝ၇ စသည့် အရေးအခင်းတို့တွင် လမ်းပေါ်ထွက်ဆန္ဒပြ၍ဖြစ်စေ၊ ဘေး ကရပ်ကြည့်ရာမှဖြစ်စေ ကျည်သင့်ကာ ကွယ်လွန်ခဲ့သူများအားလုံး၊ ရိုက်နှက်ဖမ်းဆီးခံရသူအားလုံး၊ လိင်ပိုင်းအစော်ကားခံခဲ့ရသူအားလုံး စသည်ဖြင့် အာဏာရှင်စနစ်ဆိုး၏ရိုက်ချက်ကို အဖျားအနားပင်ဖြစ်စေ ထိမှန်ခဲ့ကြသူအားလုံးကို ဆိုလိုသည်။

    ကျွန်တော်ငယ်ငယ်ကနေခဲ့သည့် ရပ်ကွက်ထဲတွင် ၉/၁၁ တိုက်ခိုက်မှုပြီးကာလလောက်ကဖြစ်မည်၊ ကျောချင်းကပ်လမ်းက မွတ်စလင်ကောင်လေးတစ်ယောက်ကို ထောက်လှမ်းရေးက အယ်လ်ကိုင်ဒါနှင့်ပတ်သက်သည်ဟု သံသယဖြင့် ဖမ်းဆီးသွား ခဲ့ရာ စစ်မေးရင်း လက်လွန်သွားခဲ့သည်။ ထောက်လှမ်းရေးက ထိုကောင်လေး၏မိသားစုဝင်များအား သည်ကိစ္စမပေါက်ကြား စေရန်နှင့် နာရေးကို တိုးတိုးတိတ်တိတ်လုပ်ရန်သာ လာသတိပေးခဲ့သည်ဟု နောက်ပိုင်းပြန်ကြားရသည်။ ထိုသို့သော အညတရပေါင်းများစွာရှိသည်။ သူတို့အတွက် သို့မဟုတ် သူတို့၏ကျန်ရစ်သူအသိုင်းအဝိုင်းအတွက်လည်း ထည့်စဉ်းစားဖို့လိုသည်။

    ခေတ်ဆိုးစနစ်ဆိုးကြောင့် ထိခိုက်ခံစားခဲ့ရသူများအနက် အဆိုးရွားဆုံးက ဥမမည် စာမမြောက် ကလေးငယ်များ ဖြစ်သည်။ ကိုယ်အားကိုးသည့် မိဘ၊ ဆွေမျိုး၊ စသည်တို့ ဒုက္ခရောက်၊ အသက်ဆုံးသည်ကို မြင်ရရာမှ သွေးပျက်ကာ တသက်လုံး စိတ်ရောဂါရသွားသည့် ကလေးငယ်များက ဘဝမှာအနစ်နာဆုံးဖြစ်သည်။ လူကြီးဆိုသည်က ကိုယ်ယုံကြည်ရာကို လုပ်ခြင်း ဖြစ်၍ ဘာပဲဖြစ်လာဖြစ်လာ ဖြေသာနိုင်သေးသည်။ စိတ်ကြံ့ခိုင်နိုင်သေးသည်။ ကလေးဆိုသည်ကတော့ နုနယ်စဉ်မှာ စိတ်ထဲကို ဒဏ်ရာနက်နက် ဝင်သွားခဲ့လျှင် တသက်လုံး နာလန်ထူမည်မဟုတ်တော့။ သူတို့၏ ပညာရေး၊ ရုပ်ကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ လူမှုဆက်ဆံရေး အားလုံးထိခိုက်နစ်နာသွားတော့မည်။ တိုက်ပွဲဖြစ်ပွားရာ တိုင်းရင်းသားဒေသများမှာဆို လည်း သည်အတိုင်း။ မိမိရှေ့မှာ လူတွေ ရုပ်ပျက်ဆင်းပျက်သေကြ၊ ရွာတွေ မီးရှို့ခံရတာကို မြင်ရ၊ ကိုယ့်ရှေ့မှာသူများကို ကျူးလွန်တာဖြစ်စေ၊ ကိုယ့်ကိုကျူးလွန်တာဖြစ်စေ ခံစားရပြီဆိုလျှင် ထို ကလေးငယ်များသည် တသက်လုံး ပုံမှန်ဘဝမှာ နေသွားဖို့မဖြစ်နိုင်တော့။ စောစောကပြောခဲ့သည့် ကျွန်တော့် မိတ်ဆွေဆိုလျှင် တစ်သက်လုံး အမုန်းတရားဖြင့်ကြီးပြင်းလာခဲ့ရသည်ဟု ဆိုသည်။ ဒုက္ခရောက်နေသည့် အချိန် ရုပ်ဝတ္ထုအကူအညီထက် စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုမရခဲ့ခြင်းက အမုန်းတရားကိုမီးတောက်စေသည့် အဓိကအကြောင်းအရင်း ဖြစ်မည်ထင်သည်။ ဆိုလိုသည်မှာ ထိခိုက်နစ်နာခဲ့သူများ အတွက် စစ်အစိုးရအဆက်ဆက်သာလျှင် တရားခံမဟုတ်၊ ကျွန်တော်တို့ လူ့အဖွဲ့အစည်းဝင်များကိုယ်တိုင်လည်း တာဝန်ရှိ သည်။ ပြည်သူများအကြားတွင် ဘယာဂတိ အစိုးမိုးမခံဘဲ မတရားမှုကို ငုံ့မခံစိတ်၊ နစ်နာသူအပေါ် အားပေးဖေးကူချင်စိတ်များ ထိုစဉ်က ကိန်းအောင်းခဲ့လျှင် ကျွန်တော့်မိတ်ဆွေသည် အစိုးရဆိုးကြောင့် ဖခင်ထောင်ကျနေရဦးတော့၊ မိသားစုဝင်များ သည်လောက် ဒုက္ခမရောက်နိုင်၊ အမုန်းတရားများလည်း သည်မျှမပွားစည်းနိုင်ဟု သုံးသပ်မိသည်။ ခုတော့ အစိုးရကတင်မက ပတ်ဝန်းကျင်ကပါ ရေနစ်သူဝါးကူထိုးသလိုဖြစ်သည်ဟု သူ့ဖြစ်ရပ်ကိုကြည့်၍ ခံစားရသည်။

    ကျွန်တော်ညွှန်ပြလိုသည့်အချက်မှာ ထိုသို့သော ထိခိုက်ခံစားခဲ့ရသူများအတွက် နိုင်ငံတော်က မည်သို့သော အစီအစဉ်ဖြင့် ပြန်လည်ကုစားပေးမည်နည်းဆိုသည့် အချက်ဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ဖူးသူများ အတွက် ပုံမှန်အချိန်တခု ရောက်တိုင်း ကူညီစောင့်ရှောက်ပေးမည့် အသင်းအဖွဲ့၊ လူပုဂ္ဂိုလ် စသည် ယနေ့ ပေါ်ထွက်လာကြပြီဖြစ်သည်။ သို့သော်လည်း အပေါ်တွင်ပြောခဲ့သလို စိတ်ဒဏ်ရာဖြင့် ကြီးပြင်းခဲ့ရသူများအတွက် ရုပ်ပိုင်းမဟုတ်သည့် မည်သို့သော ပြန်လည်ထူ ထောင်ရေးအစီအစဉ်ကို လုပ်ဆောင်မည်ကို နိုင်ငံတော်အနေဖြင့်၊ အထူးသဖြင့် လက်ရှိအစိုးရအနေဖြင့် စဉ်းစားထားသည်ကို သိရှိလိုသည်။ ဒါက စနစ်အကူးအပြောင်းကို ဖြတ်သန်းနေရသည့်နိုင်ငံတိုင်းအတွက် အရေးကြီးသည့်လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ နိုင်ငံတကာမှာတော့ Transitional Justice “အသွင်ကူးပြောင်းကာလ တရားမျှတမှု” ဟု ခေါ်ကြသည်။ ဒီမိုကရေ စီနိုင်ငံထူထောင်မည်ဆိုပါက မဖြစ်မနေဆောင်ရွက်ရမည့် တရားမျှတမှုရှာဖွေသည့်လုပ်ငန်းဖြစ်သည်။ ‘အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး’ ခေါင်းစဉ်ဖြင့် အတိတ်ကို ပြည်ဖုံးကားချခြင်း၊ သင်ပုန်းချေခြင်း၊ ကျူးလွန်ခဲ့သူများကို ခွင့်လွှတ်ခြင်းနှင့် မသက်ဆိုင်သော သီးခြားလုပ်ငန်းစဉ်ဖြစ်သည်။ သာဓကပြရလျှင် အတိတ်က အစိုးရအဆက်ဆက်၏ မှားယွင်းခဲ့သည့်အပြစ် များကို အတိအလင်းဖွင့်ဟဝန်ခံခြင်း၊ (ဦးကိုနီနှင့် ကိုနေဝင်းမိသားစုများအား လုပ်ပေးသလို) နစ်နာခဲ့သူများအား ပြန်လည် ကြည့်ရှုစောင်မခြင်း၊ တချိန်က နာမည်ပျက်စာရင်း သွင်းခံခဲ့ရသူများအား လူဆိုးမဟုတ်ကြောင်း ပြန်လည်ကြေညာပေးခြင်း၊ ဒီမိုကရေစီတိုက်ပွဲတွင် စွန့်လွှတ်အနစ်နာခံခဲ့ရသူအားလုံးတို့အတွက် အထိမ်းအမှတ်တခုခု (ပြတိုက်၊ ကျောက်တိုင်၊ ပန်းခြံ စသည်) ပြုလုပ်ပေးခြင်း၊ ထိုသူတို့အတွက် ရည်စူး၍ နေ့တနေ့ကို အောက်မေ့ဖွယ်နေ့အဖြစ် သတ်မှတ်ပေးခြင်း၊ စိတ်ဒဏ်ရာဖြင့်ကြီးပြင်းခဲ့ကြရသူများအတွက် နှစ်သိမ့်ဆွေးနွေးမှု၊ နွေးထွေးမှုများ ပြန်လည်ပေးခြင်း စသည်တို့ပါဝင်သည်။

    အသွင်ကူးပြောင်းကာလ တရားမျှတမှုသည် ဒဏ်ရာဒဏ်ချက်များကို သက်သာပျောက်ကင်းစေရန် နိုင်ငံတော် အစီအစဉ်ဖြင့် ကုစားပေးခြင်းဖြစ်သည်။ ထိုဒဏ်ရာဒဏ်ချက်များကို ပျောက်ကင်းအောင် အရင်မလုပ်ဘဲ စနစ်အကူးအပြောင်းကိုသာ ပုံ ဖော်မည်ဆိုပါလျှင် စစ်မှန်သော တရားမျှတမှုထွန်းကားသည့် လူ့ဘောင်ကို တည်ဆောက်နိုင်မည်မဟုတ်ပါ။ နောင်တ ချိန်တွင် မြန်မာနိုင်ငံသည် ပြည်တွင်းစစ်ချုပ်ငြိမ်း၍ ပြည်သူအများ တောင့်တသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တစ်ခု ဖြစ်လာသော်လည်း ကြားကာလတွင် အသွင်ကူးပြောင်းကာလ တရားမျှတမှုကို မဖော်ဆောင်ထားမိပါက သွေးပြည်ပုပ်တို့ကို ဖောက်ချကာ ဆေးမထည့်ဘဲ အပေါ်က အရေပြား ထပ်ပိုးပြီး မိတ်ကပ်လိမ်းသည်နှင့် တူပါလိမ့်မည်။ တိုင်းပြည်ကသာ တည်ငြိမ်သွားပြီး စီးပွားရေးကောင်းချင် ကောင်းလာမည်ဖြစ်သော်လည်း ခေတ်ဆိုးကိုဖြတ်သန်းခဲ့ရသည့် နိုင်ငံသားများ၏ မျက်နှာပေါ်တွင် စစ်မှန်သော အပြုံးတို့ကိုတော့ မြင်ရမည်မဟုတ်ပါ။

    ဆရာကြီးရွှေဥဒေါင်းစကားဖြင့်ပြောရလျှင် စိတ်တွင် ဆူးများတချောင်းပြီး တချောင်းပေါက်နေသော လူများ မြန်မာနိုင်ငံတွင် အများအပြားကျန်ရှိနေပါသေးသည်။ ဦးကိုနီနှင့်ကိုနေဝင်းတို့ကို မမေ့သကဲ့သို့ ထိုလူအများကိုလည်း မမေ့အပ်ဘဲ လက်တွဲ ခေါ်ဖို့၊ ဂရုစိုက်ဖို့ နိုင်ငံတော် (အစိုးရနှင့်ပြည်သူ) တွင် အကြွေးကျန်နေပါသည်။     ။

    (ဝေယံဘုန်းသည် Myanmar Now ၏ အယ်ဒီတာတဦး ဖြစ်သည်)

  • ဦးဝီရသူအား အရေးယူဆောင်ရွက်ထားမှု သာသနာရေး ဝန်ကြီးဌာန သတင်းထုတ်ပြန်

    ဦးဝီရသူအား အရေးယူဆောင်ရွက်ထားမှု သာသနာရေး ဝန်ကြီးဌာန သတင်းထုတ်ပြန်

    နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့၏ ညွှန်ကြားလွှာများကို ဖောက်ဖျက်ကျူးလွန်သဖြင့် ဦးဝီရသူ ခေါ် ဦးဝိစိတ္တာဘိဝံသအား အရေးယူဆောင်ရွက်ထားရှိမှုအခြေအနေ ရှင်းလင်းတင်ပြခြင်း

    ၁။ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မ သဟာရကျောင်းတိုက်ဆရာတော် ဦးဝီရသူ ခေါ် ဦးဝိစိတ္တာဘိဝံသသည် ၄င်း၏ Wira Thu facebook account မှ ၂၆-၂-၂၀၁၇ ရက်နေ့၊ ည ၁၀ နာရီ ၃၉ မိနစ်အချိန်တွင်“ချောင်ကြိုချောင်ကြားက ကြည်လင်းများ” ခေါင်းစဉ်ဖြင့် “ဒါပေမယ့် ဒီပွဲမှာတော့ အနာဂတ်မြန်မာ့သာသနာအတွက် စိုးရိမ်မှုတွေ ကင်းပျောက် သွားလို့ စိတ်သက်သာရာတော့ ရလိုက်တယ်။ ကြည်လင်းကို ကျေးဇူးတင်တယ်။ အောင်ဝင်းဇော်ကို ကျေးဇူးတင်တယ်။ ဇေယျာဖြိုးကို ကျေးဇူးတင်တယ်။ သူတို့မိသားစုတွေကို စာနာမိတယ်။ သို့မဟုတ်ရင် ငါးနှစ်အတွင်းမှာ ထိုင်းလို အဖျက်အုတ်မြစ် ခိုင်သွားနိုင်တယ်။ တပ်ကိုယ်စားလှယ်တွေကို မောင်းထုတ် ချင်သူတွေ သတိထားကြ။ ခြေဥ ဖျက်ချင်သူတွေ သတိထားကြ။ ကြည်လင်းတွေ ချောင်ကြိုချောင်ကြားက ထွက်လာမှ မဘသကို လွှဲမချနဲ့။ တပ်ကိုယ်စားလှယ်တွေဟာ အခြားနိုင်ငံမှာ မလိုအပ်ပေမယ့် ငါတို့ နိုင်ငံမှာတော့ လိုအပ်နေသေးတယ်”စသည်ဖြင့် ရေးသားဖော်ပြခဲ့ပါသည်။

    ၂။ ထို့အပြင် Wira Thu facebook account မှ ၁-၃-၂၀၁၇ ရက်နေ့၊ မွန်းလွဲ ၂ နာရီ ၄၄ မိနစ် အချိန်၌ “အခြေခံဥပဒေကို ပြင်ဆင်ချင်သူတွေအတွက် သတင်းစကား”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဝီရသူ-မစိုးရိမ် account မှ ၂-၃-၂၀၁၇ ရက်နေ့၊ ညနေ ၆ နာရီ ၅၁ မိနစ် အချိန်၌ “ဒကာတော် ဦးကြည်လင်း ဘေးရန်ကင်းပါစေ၊ ကိုယ်ဆင်းရဲကင်းပါစေ၊ စိတ်ဆင်းရဲကင်းပါစေ”စသည့် ရေးသား မှုများကိုလည်းကောင်း၊ ၅-၃-၂၀၁၇ ရက်နေ့၊ ည ၈ နာရီ ၃၀ မိနစ် အချိန်၌ “ပျော်စရာကောင်းတဲ့ မသာအလောင်း”ခေါင်းစဉ်ဖြင့် လည်းကောင်း ရဟန်းတော်တစ်ပါး၏ ဝိနည်းသိက္ခာနှင့် မညီသည့် ရေးသားမှုများကို လှုမှုကွန်ရက် အင်တာနက်သို့ လွှင့်တင်ခဲ့ကြောင်း တွေ့ရှိရပါသည်။

    ၃။ ဦးဝီရသူ ခေါ် ဦးဝိစိတ္တာဘိဝံသသည် ခွင့်ပြုချက် ရယူခြင်းမရှိဘဲ ၉-၂-၂၀၁၇ ရက်နေ့ညတွင် ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်း၊ ကျုံကူကျေးရွာ ဘောလုံးကွင်း၌ “ဒို့တာဝန်အရေး(၃)ပါးနှင့် ၉၆၉” ခေါင်းစဉ်ဖြင့် တရားဟောခဲ့ကြောင်း၊ ဟောပြောရာတွင် သမ္မတကြီးဦးသိန်းစိန် အစိုးရနှင့် သမ္မတကြီး ဦးထင်ကျော် အစိုးရ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား နှိုင်းယှဉ်ဝေဖန်၍ နိုင်ငံရေးပါတီများအကြားတွင် ဘက်လိုက်ဟောပြောခြင်း၊ မတူညီသော ဘာသာဝင်များအကြားတွင် အမုန်းတရားများ ကြီးထွားစေရန် လှုံ့ဆော်ဟောပြောခြင်းများ ပြုလုပ်ခဲ့သဖြင့် ညွှန်ကြားလွှာအမှတ် (၈၃)ကို ဖောက်ဖျက်ခဲ့သူ ဆရာတော်ဦးဝီရသူအား တရားဟောပြောခွင့်ကို ပိတ်သိမ်းပေးရန် သို့မဟုတ် လိုအပ်သလို အရေးယူပေးနိုင်ပါရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ထံ ၂၈-၂-၂၀၁၇ ရက်နေ့တွင် လျှောက်ထားခဲ့ကြောင်း သိရှိရပါသည်။

    ၄။ ယင်းသို့ ဦးဝီရသူ၏ လူမှုကွန်ရက်တွင် ဘာသာသာသနာရေးနှင့် သက်ဆိုင်ခြင်းမရှိသော အမုန်း စကားများကို အခြေခံ၍ လှုံ့ဆော်ပြောဆိုမှုများသည် ထေရဝါဒဗုဒ္ဓဘာသာ ရဟန်းတစ်ပါး၏ ဝိနည်း တရားတော်နှင့်မညီညွတ်သော ဆောင်ရွက်ချက်များဖြစ်ပြီး အများပြည်သူအကြား ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေးကိစ္စရပ်များ၌ မလိုလားအပ်သည့် အငြင်းပွားမှုများ၊ ပြဿနာများ ဖြစ်ပွားလာစေရန် ဖန်တီး သကဲ့သို့ ဖြစ်နေသည့်အပြင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ညွှန်ကြားလွှာအမှတ်(၈၃)၊ (၉၁)၊ (၉၃)နှင့် (၉၄)တို့ကို ဖောက်ဖျက်ကျူးလွန်ပြီး ရဟန်းတော်တစ်ပါး၏ ဝိနည်းသိက္ခာနှင့်မညီသည့် အထက်ပါ ရေးသားလှုံ့ဆော်မှုများကို ပြုမူဆောင်ရွက်ခဲ့သည့် ဦးဝီရသူ ခေါ် ဦးဝိစိတ္တာဘိဝံသအား ဝိနည်းတရားတော် နှင့်အညီ အရေးယူဆောင်ရွက်ပေးနိုင်ရေး သာသနာရေးဦးစီးဌာနမှ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ လျှောက်ထားခဲ့ပါသည်။

    ၅။ အဆိုပါလျှောက်ထားချက်အရ ၉-၃-၂၀၁၇ ရက်​နေ့တွင် ကျင်းပပြုလုပ်သည့် သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ စတုတ္ထ အထူးအစည်းအဝေးက ဦးဝိစိတ္တာဘိဝံသ(ဦးဝီရသူ)ကို ၁၀-၃-၂၀၁၇ ရက်နေ့မှ ၉-၃-၂၀၁၈ ရက်နေ့အထိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း တရား ဟောပြောခွင့်ကို တစ်နှစ်ပိတ်ပင်ခဲ့ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေများအရ အရေးယူ ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ကြောင်းနှင့် အဆိုပါဆုံးဖြတ်ချက်အား တိုင်းဒေသကြီး/ ပြည်နယ်သံဃ နာယကအဖွဲ့များအားလုံး(ဂိုဏ်းစုံ)သို့ ညွှန်ကြားထားပြီးဖြစ်ပါသည်။

    ၆။ ထိုကဲ့သို့ ဆုံးဖြတ်ချက်များအပေါ် ဦးဝိစိတ္တာဘိဝံသ(ဦးဝီရသူ)အနေဖြင့် လူမှုကွန်ယက်အင်တာနက် စာမျက်နှာမှသော်လည်းကောင်း၊ သတင်းမီးဒီယာများဖြင့်သော်လည်းကောင်း ဆန့်ကျင်ဝေဖန်ပြောဆိုခြင်းများ ဆောင်ရွက်လာပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများပြည်သူသိရှိ နိုင်စေရန် ရှင်းလင်းဖော်ပြအပ်ပါသည်။

    သာသနာရေး ဝန်ကြီးဌာန ဝဘ်ဆိုဒ်ပါ ဖော်ပြချက်ဖြစ်ပါသည်။

  • ဦးဝီရသူအား တရားဟောခွင့် တနှစ်ပိတ်ပင်

    ဦးဝီရသူအား တရားဟောခွင့် တနှစ်ပိတ်ပင်


    မန္တလေးတိုင်း ဒေသကြီး မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှာ ရှိတဲ့ မစိုးရိမ်တိုက်သစ်က ဦးဝီရသူ အဖြစ် လူသိများတဲ့ နာယက အဖွဲ့ဝင် ဆရာတော် ဦးဝိစိတ္တာဘိဝံသ ဟာ ဘာသာတခုနဲ့ တခုကြား အမုန်းတရား ပွါးစေနိုင်တဲ့ ဟောပြောမှုတွေ လုပ်တာကို တွေ့ရှိရတဲ့ အတွက် ၂၀၁၇ မတ်လ ၁၀ ရက် သောကြာနေ့ကစပြီး ၂၀၁၈ မတ်လ ၉ ရက်နေ့အထိ တရားဟောပြောခွင့် တနှစ် ပိတ်ပင်လိုက်ကြောင်း နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့က မတ်လ ၁၀ ရက် နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။

    ဦးဝီရသူဟာ ဘာသာတခုနဲ့ တခုကြား အမုန်းတရားပွါးပြီး ဘာသာရေး အဓိကရုန်းတွေ ဖြစ်လာစေနိုင်တဲ့ ဟောပြောမှုတွေ၊ အမုန်းတရား ကြီးထွါးစေတဲ့ လှုံ့ဆော်မှုဟောပြောမှုတွေ၊ တရားဥပဒေ စိုးမိုးရေးကို အဟန့်အတား ဖြစ်စေ တဲ့ ဟောပြောမှုတွေ အပြင် နိုင်ငံရေး ပါတီတွေကြား ဘက်လိုက် ဟောပြောမှုတွေ ကို ဒေသအနှံ့အပြားမှာ အကြိမ် အတော်များများ ပြုလုပ်ခဲ့တာမို့ ဒါဟာ နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့က ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို ဖေါက်ဖျက်ရာ ကျနေတယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

    အခုလို ချိုးဖေါက်မှုနေမှုကြောင့် နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့ရဲ့ ၄၇ ပါးစုံညီ အထူးအစည်းအဝေး ကနေ ဦးဝီရသူကို တရားဟောပြောခွင့် တနှစ် ပိတ်ပင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး မလိုက်နာရင် တည်ဆဲ ဥပဒေတွေနဲ့ အရေးယူသွားမယ် လို့လည်း ရေးသား ထားပါတယ်။

    မကြာသေးခင်က တရားလွှတ်တော် ရှေ့နေကြီးဦးကိုနီ ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့ ပစ်ခတ် အလုပ်ကြံခံခဲ့ရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဦးကိုနီကို သတ်ဖြတ်ခဲ့သူဟာ လူတွေကို အန္တရာယ်ပြုမယ့် ခွေးရူးကို သတ်ခဲ့သူမို့ ကျေးဇူးတင်ထိုက်တယ်လို့ ဦးဝီရသူက မိန့်ကြားခဲ့တာ ဖြစ်ပါတယ်။

    ဦးဝီရသူဟာ မူဆလင် မုန်းတီးရေးတရားတွေ ဟောပြောသူအဖြစ် ထင်ရှားပြီး ၂၀၁၃ ဇွန်လထုတ် Times မဂ္ဂဇင်းကြီးရဲ့ မျက်နှာဖုံးမှာတော့ The Face of Buddhist Terror ဗုဒ္ဓဘာသာ အကြမ်းဖက် ဝါဒီရဲ့ မျက်နှာ အဖြစ် ဖေါ်ပြတာ ခံခဲ့ရပါတယ်။

    VOA မြန်မာပိုင်းမှ ကူးယူဖော်ပြပါသည်။

  • လွတ်လပ်စွာပြောဆိုခွင့်နဲ့ အမုန်းစကား ကွဲကွဲပြားပြားဖြစ်စေချင်။

    လွတ်လပ်စွာပြောဆိုခွင့်နဲ့ အမုန်းစကား ကွဲကွဲပြားပြားဖြစ်စေချင်။

    မင်းမျိုးဝင်း|ရန်ကုန်တက္ကသိုလ်|

            လူတိုင်းဟာ လွတ်လွတ်လပ်လပ် ထင်မြင်ယူဆနိုင်ခွင့်ရှိသလို လွတ်လွတ်လပ်လပ် ပြောဆိုပိုင်ခွင့်လည်းရှိပါတယ်။ လွတ်လွတ်လပ်လပ် ရှာဖွေဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နဲ့ ဝေမျှနိုင်ခွင့်တွေလည်းရှိပါတယ်။

    လွတ်လပ်စွာပြောဆိုပိုင်ခွင့်နဲ့ပတ်သက်ပြီး လူ့အခွင့်အရေးကြေငြာစာတမ်းရဲ့ အပိုဒ် ၁၉ မှာလည်း “လူတိုင်းတွင် လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာဖွင့်ဟဖော်ပြနိုင်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ အနှောက်အယှက် မရှိဘဲ၊ လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့်ပါဝင်သည့်အပြင် နိုင်ငံနယ်နိမိတ်များကိုထောက်ထားရန်မလိုဘဲ သတင်း အကြောင်းအရာနှင့် သဘောတရားများကို တစ်နည်းနည်းဖြင့် လွတ်လပ်စွာရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှနိုင်ခွင့် တို့လည်းပါဝင်သည်”လို့ ဖော်ပြထားတာကိုတွေ့ရပါတယ်။

    ကမ္ဘာ့ကုလသမဂ္ဂကထုတ်ပြန်တဲ့ လူ့အခွင့်အရေးကြေငြာစာတမ်းဟာ ကမ္ဘာ့နိုင်ငံအသီးသီးကို လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ကြေငြာစာတမ်းတစ်ခုဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ပဲ၊ ကမ္ဘာနိုင်ငံအသီးသီးရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေမှာလည်း လွတ်လွတ်လပ်လပ် ထင်မြင်ယူဆနိုင်ခွင့်၊ လွတ်လွတ်လပ်လပ် ပြောဆိုပိုင်ခွင့်၊ လွတ်လွတ်လပ်လပ် ရှာဖွေဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နဲ့ ဝေမျှနိုင်ခွင့်တွေရှိကြောင်းကို ထဲ့သွင်းရေးဆွဲထားကြပါတယ်။

    မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၃၅၄ မှာလည့်း “ နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး သို့မဟုတ် ပြည်သူတို့၏ကိုယ်ကျင့်တရားအလို့ငှာ ပြဌာန်းထားသည့်ဥပဒေများနှင့် မဆန့်ကျင်လျှင်  အောက်ပါအခွင့်အရေးများကို လွတ်လပ်စွာသုံးစွဲဆောင်ရွက်ခွင့်ရှိသည်။

    (က) မိမိ၏ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ချိခွင့်၊ (ခ) လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်၊ (ဂ) အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများဖွဲ့စည်းဆောင်ရွက်ခွင့်၊ (ဃ) တိုင်းရင်းသားလူမျိုးတစ်မျိုးနှင့်တစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုးအချင်းချင်းကိုလည်းကောင်း၊ အခြားဘာသာ သာသနာကိုလည်းကောင်း၊ ထိခိုက်နစ်နာမှုမရှိစေဘဲ မိမိချစ်ခင်မြတ်နိုးသည့်စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာ သာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာဆောင်ရွက်ပိုင်ခွင့်” ရှိသည်လို့ ဖော်ပြထားပါတယ်။

    လွတ်လပ်စွာပြောဆို၊ရေးသား၊ထုတ်ဝေခွင့်ဆိုတာ စစ်မှန်တဲ့ဒီမိုကရေစီစနစ်ရဲ့မိတ်ဖက်ဖြစ်သလို အာဏာရှင်စနစ်ရဲ့ ရန်ဘက်လည်းဖြစ်ပါတယ်။ လွတ်လပ်စွာပြောဆို၊ရေးသား၊ထုတ်ဝေခွင့်ဆိုတာ ဒီမိုကရေစီလူ့အဖွဲ့အစည်းအတွက် အင်မတန် အရေးကြီးတဲ့ နိုင်ငံသားတို့ရဲ့မွေးရာပါလွတ်လပ်ခွင့်လည်းဖြစ်ပါတယ်။ လွတ်လပ်စွာပြောဆို၊ရေးသား၊ထုတ်ဝေခွင့်ဆိုတာ လူ့အခွင့်အရေးရဲ့ တန်ဖိုးဖြစ်သလို လွတ်လပ်ခြင်း၊တန်းတူညီမျှခြင်း၊တရားမျှတခြင်းတို့ဖြစ်တဲ့ စစ်မှန်တဲ့ဒီမိုကရေစီစနစ်ရဲ့ အုတ်မြစ်ဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ လူတစ်ဦးချင်း၊ နိုင်ငံသားတစ်ဦးချင်း၊ ရသင့်ရထိုက်တဲ့အခွင့်အရေးလည်း ဖြစ်သလို၊ ဥပဒေအရ ရပိုင်ခွင့်ရှိတဲ့အခွင့်အရေးလည်းဖြစ်ပါတယ်။ လွတ်လပ်စွာပြောဆို၊ရေးသား၊ထုတ်ဝေခွင့်ကို ဒီိမိုကရေစီနိုင်ငံတွေမှာရော၊ ဒီမိုကရေစီစနစ်ကို အသွင်ပြောင်းလျှောက်လှမ်းနေတဲ့နိုင်ငံတွေမှာပါ နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ထဲ့သွင်းရေးဆွဲထားရမှာဖြစ်ပါတယ်။ လွတ်လပ်စွာပြောဆို၊ရေးသား၊ထုတ်ဝေခွင့်တွေနဲ့အတူ ငြိမ်းချမ်းစွာစုဝေးခွင့်၊ အသင်းအဖွဲ့တွေ၊ အစည်းအရုံးတွေ ဖွဲ့စည်းခွင့်၊ တစ်ခြားလူမျိုး၊တစ်ခြားဘာသာတရားတွေကို မထိခိုက်ဘဲ၊ လွတ်လွတ်လပ်လပ် ကိုးကွယ်ယုံကြည်ပိုင်ခွင့်နဲ့အတူ မိမိကိုးကွယ်ယုံကြည်တဲ့ ဘာသာတရားအပေါ်မှာ လွတ်လွတ်လပ်လပ် ကျင့်သုံးပိုင်ခွင့်ဆိုတာတွေလည်းပါဝင်ရမှာဖြစ်တယ်။ ဒါမှလည်း နိုင်ငံတကာစံချိန်မီတဲ့ဒီမိုကရေစီကို ပြောင်းလဲနေပြီလို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။

    ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့နိုင်ငံတွေမှာ လွတ်လပ်စွာပြောဆို၊ရေးသား၊ထုတ်ဝေခွင့်ရှိတယ်ဆိုပေမယ့် မိမိတို့ပြောဆို၊ ရေးသား၊ထုတ်ဝေဖော်ပြမှုတိုင်းမှာ လူသားတွေရဲ့အခြေခံရပိုင်ခွင့်တွေ၊ လူတစ်ဖက်သားအပေါ် ပုတ်ခတ်မှုတွေ၊ အငြှိုးထားပြီး အာဃာတတရားကြီးထွားအောင် လှုံ့ဆော်မှုတွေနဲ့အမုန်းစကားဖြန့်ချိမှုတွေကိုတော့ ရှောင်ရှားရမှာဖြစ်ပါတယ်။ လူမျိုးရေး ကြောင့်ဖြစ်ဖြစ်၊ ဘာသာရေးကြောင့်ဖြစ်ဖြစ် တစ်ဖက်နဲ့တစ်ဖက်၊ လူ့အဖွဲ့အစည်းတစ်ခုနဲ့တစ်ခု မုန်းတီးအောင်၊ သွေးကွဲအောင် ဖန်တီးမှုတွေကို ရှောင်ရှားရပါမယ်။

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၃၆၄ မှာလည်း “ လူမျိုးရေးကြောင့်သော်လည်းကောင်း၊ ဘာသာရေးကြောင့် သော်လည်းကောင်း၊ တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း မုန်တီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်းတစ်မျိုးမျိုး ပေါ်ပေါက်လာစေရန်ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန်အကြောင်းရှိသော အပြုအမူသည် ဤဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်ဆန့်ကျင်သည်။ ထိုအပြုအမူမျိုးအတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဌာန်းနိုင်သည်” လို့ ထည့်သွင်းဖော်ပြထားပါတယ်။

    လူမျိုးရေး၊ ဘာသာရေးခွဲခြားဆက်ဆံမှု၊ မုန်းတီးမှု၊ သွေးကွဲအောင်လှုံ့ဆော်မှုတွေဟာ လူ့အဖွဲ့အစည်းတစ်ခုလုံး အတွက် အင်မတန်အရုပ်ဆိုးအကျည်းတန်ပြီး လူသားဝါဒရဲ့အခြေခံဥပဒေသတွေ၊ လူ့ဂုဏ်သိက္ခာကိုလေးစားတန်ဖိုးထားရမယ် ဆိုတဲ့အချက်တွေနဲ့လည်း ဖီလာဆန့်ကျင်ပါတယ်။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုဖြစ်ဖြစ်၊ လူ့အဖွဲ့အစည်းတစ်ခုကိုဖြစ်ဖြစ်၊ လူမျိုးစုတစ်စုစုကိုဖြစ်ဖြစ် ခွဲခြားနှိမ်ချစော်ကားပြီး တိုက်ခိုက် ပြောဆို ရေးသားမှုတွေကို အမုန်းစကား(Hate Speech)လို့ ခေါ်တာဖြစ်တယ်။ အမုန်းစကား(Hate Speech)ဆိုတာ လူမျိုးရေး၊ ဘာသာရေးခွဲခြားဆက်ဆံမှု၊ ပိတ်ဆို့တားမြစ်မှုတွေ အတွက်ရည်ရွယ်ပြီး ၀ါဒဖြန့်ပြောဆိုမှုတွေကိုခေါ်တယ်။ လူတစ်ဦးတစ်ယောက်၊ လူတစ်စု၊ လူမျိုးစုတစ်စု၊ လူမျိုးတစ်ခု၊ ဘာသာတစ်ခုအပေါ်မှာ မလိုမုန်းထား၊နှိမ့်ချစော်ကားနေတာ၊ ခြိမ်းခြောက်ပြောဆိုနေတာတွေဟာ အမုန်းတရားဖြန့်ချိမှုပါပဲ။ လူမျိုး၊ ဘာသာ၊ လိင်နဲ့လူသားမျိုးနွယ်အချင်းချင်းကြားမှာ အမုန်းတရားဖြစ်ပေါ်စေဖို့၊ သွေးကွဲရန်ဘက်ဖြစ်စေဖို့ အတွေးခေါ်တွေနဲ့ အယူအဆတွေပြန့်နှံ့အောင် ၀ါဒမှိုင်းတိုက်မှုတွေကိုလည်း အမုန်းစကား(Hate Speech)လို့ ခေါ်ပါတယ်။ လူနည်းစုလူမျိုးတွေနဲ့ လူနည်းစုဘာသာဝင်တွေကို နာကျင်စေတဲ့စကားမျိုးပြောဆိုတာဟာလည်း အမုန်းစကားကို ဖြစ်ပေါ် စေပါတယ်။ ဒီလို လူမျိုးရေးစော်ကားတာ၊ ဘာသာရေးစော်ကားတာ၊ နာကြင်စေတဲ့စကားတွေပြောတာတွေဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ အမုန်းစကား(Hate Speech)တွေကြောင့် အကြမ်းဖက်တိုက်ခိုက်မှုတွေကနေ မျိုးဖြုတ်သတ်ဖြတ်မှုတွေ အထိဖြစ်ကာ ထိန်းမနိုင်သိမ်းမရ အခြေအနေဆိုက်ရောက်ခဲ့ရတယ်ဆိုတာ သမိုင်းမှာသက်သေတွေ ရှိခဲ့ပါတယ်။

    အမုန်းစကား(Hate Speech) အများစုဟာ တကယ်တော့ ရိုးသားပြီး မိမိလူမျိုး၊ မိမိဘာသာကိုချစ်မြတ်နိုးတဲ့လူထုကို သည်းခြေကြိုက်စကားလုံးတွေဖြစ်တဲ့ လူမျိုးရေး၊ဘာသာရေးစကားတွေ ခုတုံးလုပ်ပြီး လှုံ့ဆော်ဝါဒဖြန့်ကြတာကြောင့် အကြမ်းဖက်မှုတွေဖြစ်ရတာဖြစ်တယ်။ လူမျိုးမတူသူတွေကြား၊ ဘာသာမတူသူတွေကြား သံသယနဲ့အထင်အမြင် လွဲမှားမှုတွေ ကြောင့် ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေပေါ်ပေါက်လာရတာဖြစ်တယ်။ သံသယတွေ၊ အထင်အမြင်လွဲမှားမှုတွေကို အရင်းစစ်ကြည့်လိုက်ရင်  အမုန်းစကား(Hate Speech)တွေကြောင့်ဆိုတာ ထင်ရှားပါတယ်။  လူ့အဖွဲ့အစည်းတွေအတွင်းမှာ အမုန်းစကား (Hate Speech)တွေ ပြန့်နှံ့လာတဲ့အခါ တစ်ဖက်လူ့အဖွဲ့အစည်း၊ တစ်ဖက်လူမျိုးစုတွေကို တိုက်ခိုက်ဖို့ အင်အားစုတွေ အလိုလိုပေါ်ပေါက်လာလေ့ရှိပါတယ်။

    အဲဒီအင်အားစုတွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ဘာသာရေးနဲ့ဆိုင်တဲ့ခွဲခြားဆက်ဆံမှုတွေ၊ ကိုးကွယ်ယုံကြည်တဲ့ ဘာသာမတူသူတွေကို ခွဲခြားဆက်ဆံဖို့၊ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် ခေတ်အဆက်ဆက် နှစ်ပေါင်းများစွာ အတူနေလာကြပြီး ဒီမြေမှာမွေး၊ ဒီမြေမှာသေကြရမယ့်သူတွေကိုတောင် ကိုယ်လိုသူလိုညီရင်းအစ်ကို စိတ်မထားနိုင်ကြတော့ဘဲ၊ တစ်နိုင်ငံတည်းသားတွေလို့မမြင်နိုင်ကြတော့ဘဲ ခွဲခြားဆက်ဆံမှုတွေပြုလုပ်လာကြတယ်။ နိုင်ငံသားအချင်းချင်းတွေဖြစ်နေ ပါလျက်နဲ့ ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်တွေနဲ့ စီးပွားရေးအဆက်အဆံမလုပ်ဖို့၊ ဘာသာမတူသူတွေရဲ့ဈေးဆိုင်တွေမှာမ၀ယ်ဖို့၊ ဘာသာမတူသူတွေကို မြို့ရွာတွေတွေမှာနေထိုင်ခွင့်မပြုဖို့၊ မြို့ရွာတွေကနေမောင်းထုတ်ဖို့၊ ဘာသာရေးအဆောက်အဦတွေကို အကြောင်းအမျိုးမျိုးရှာပြီး ပိတ်သိမ်းဖို့စတာတွေ ရေးသား ပြောဆို ဟောပြော ၀ါဒမှိုင်းတိုက်နေတာတွေဟာ လွတ်လပ်စွာ ပြောဆို ရေးသားခွင့်နဲ့ရောထွေးသွားကြပြီး၊ အမုန်းစကား(Hate Speech) ဖြန့်ချိမှုအဆင့်ကို ရောက်သွားပါတော့တယ်။

    အဲဒီ အမုန်းစကား(Hate Speech)တွေဖြစ်ပေါ်လာအောင် လှုံ့ဆော်နေတဲ့စကားတွေဟာ ဘယ်လို လူနည်းစု ဘာသာဝင်တွေကို လူများစုတွေက အခွင့်အရေးမပေးဘဲ ကန့်သတ်ထားရမယ်။ ဘယ်ဘာသာဝင်တွေရဲ့ဆိုင်တွေကိုတော့ ဈေးမ၀ယ်ဘဲရှောင်ကြဉ်ရမယ်၊ ဘယ်ဘာသာဝင်တွေကို မြို့ရွာတွေမှာနေထိုင်ခွင့်မပြုရဘူး၊ ဘယ်ဘာသာဝင်တွေရဲ့ ဘာသာရေး ဆိုင်ရာအဆောက်အဦးတွေကို ဖျက်သိမ်းရမယ်။ ဘယ်ဘာသာဝင်နဲ့တော့ လက်ထပ်ခွင့်မရှိဘူးစတဲ့ လူမျိုးနဲ့ လိင်အရ သီးသန့် ခွဲခြားသတ်မှတ်ဖို့ တိုက်တွန်းနှိုးဆော်တာမှန်သမျှ အမုန်းတရားဖြစ်ပေါ်ဖို့လှုံ့ဆော်မှုပါပဲ။ ဒါကို လွတ်လပ်စွာ ပြောဆိုခွင့်လို့ဆိုပြီး ခွင့်ပြုပေးရမှာမဟုတ်တဲ့အပြင် လွတ်လပ်စွာပြောဆိုခွင့်ကိုပါ ထိခိုက်နစ်နာအောင်ပြုလုပ်တဲ့အတွက် ဥပဒေနဲ့တားမြစ်ရမှာ ဖြစ်ပါတယ်။

    လွတ်လပ်စွာပြောဆိုခွင့်ဆိုတာက လူနည်းစုဘာသာဝင်တွေနဲ့ လူမျိုးမတူသူတွေကို ခွဲခြားဆက်ဆံဖို့မဟုတ်ပါဘူး။ လူမျိုးရေး၊ဘာသာရေးခွဲခြားဖို့ အမုန်းစကားတွေအတွက် ပြောဆိုခွင့်မဟုတ်ပါဘူး။ လွတ်လပ်စွာပြောဆိုခွင့်ကို အောက်ခြေကနေ လှိုက်စားမယ့် အမုန်းစကားပြောဆိုမှုတွေ၊ လူမျိုးရေး ဘာသာရေးဖယ်ထုတ်လိုမှုတွေ၊ ခွဲခြားဆက်ဆံမှုတွေ မဖြစ်ပေါ်အောင် တားဆီးပြီး လွတ်လပ်စွာပြောဆိုခွင့်တွေနဲ့မရောယှက်အောင် ကြိုးစားရမှာဖြစ်ပါတယ်။ လူမျိုးရေး၊ ဘာသာရေး ခွဲခြားဆက်ဆံဖို့၊ လူမျိုးရေး ဘာသာရေးဖယ်ထုတ်ဖို့ အမုန်းစကားဖြန့်ချိနေမှုတွေကို လက်ခံပေးနေတဲ့နိုင်ငံဟာ ကိုယ့်နိုင်ငံကို ကိုယ်တိုင်ပျက်စီးရာ ပျက်စီးကြောင်းဖန်တီးဖို့ အုတ်မြစ်ချနေခြင်းဖြစ်ပါတယ်။

    ဒါကြောင့် ဒီမိုကရေစီနိုင်ငံတွေမှာတော့ အမုန်းစကားဖြန့်ချိနေမှုကို ဥပဒေနဲ့တားမြစ်ထားတာတွေရှိပါတယ်။ နိုင်ငံသားတွေဖြစ်တဲ့ လူမျိုးစုတွေအချင်းချင်း၊ ဘာသာတွေအချင်းချင်း သိက္ခာချရေးသားပြောဆိုတာ၊ စော်ကားနှိမ်ချပြောဆို ရေးသားတာမျိုးပြုလုပ်လာရင် အစိုးရကိုယ်တိုင် တရားစွဲဆိုပြစ်ဒဏ်ပေးကြတယ်။ လူတစ်ဦးကိုအထင်အမြင်သေးတဲ့စကားမျိုး၊ ဂုဏ်သိက္ခာ ထိခိုက်စေတဲ့စကားမျိုးပြောခြင်းဟာ ဂုဏ်သိက္ခာထိခိုက်စေတဲ့အဆင့်မှာသာရှိပြီး တစ်ဦးချင်းနဲ့ဆိုင်တဲ့ပြစ်မှု ဖြစ်ပေမယ့် လူမျိုးရေး ဘာသာရေးတစ်ခုခုကို အထင်သေးအမြင်သေး စော်ကားပြောဆို ရေးသား ဟောပြောနေမှုတွေကတော့ လူ့အဖွဲ့အစည်းကြား ရှင်းရခက်တဲ့အမုန်းမျိုးစေ့ချတာဖြစ်လို့ တိုင်းပြည်အတွက်ရော၊ နောင်မျိုးဆက်တွေအတွက်ရော ထိခိုက်စေနိုင်တဲ့အတွက် ရေရှည်မှာ အင်မတန်ကြီးမားတဲ့ ရာဇ၀တ်ပြစ်မှုပဲဖြစ်တယ်။

    လူမျိုးတစ်မျိုးနဲ့ ဘာသာရေးတစ်ခုခုအပေါ် အမုန်တရားဖြစ်ပေါ်အောင် ပြောဆိုရေးသားဟောပြောမှုတွေကြောင့် ပြောဆိုတဲ့လူများစု လူမျိုးစု လူမျိုး၊ ဘာသာဝင်တွေကသာ အပြောခံရတဲ့ လူနည်းစု လူမျိုးစု လူမျိုး၊ ဘာသာဝင်တွေကို အကြမ်းဖက်မှုတွေ သွားရောက်ကျူးလွန်နိုင်တဲ့အတွက် အမုန်စကားဖြန့်ချိသူတွေဟာ လူ့အဖွဲ့အစည်းတစ်ခုလုံးနဲ့ တိုင်းပြည် အတွက် ကြောက်စရာကောင်းတဲ့ မတည်ငြိမ်မှုဖန်တီးသူတွေလို့ သတ်မှတ်လို့တော့မရပါဘူး။ အပြောခံရတဲ့ လူနည်းစု လူမျိုးစု လူမျိုး၊ ဘာသာဝင်တွေကလည်း အကြမ်းဖက်မှုတွေကို တန်ပြန်ကျူးလွန်မှုတွေ ပြုလုပ်လာနိုင်ပါတယ်။ အဲဒီလိုအခါမျိုးမှာ လူ့အဖွဲ့အစည်းတစ်ခုလုံးနဲ့ တိုင်းပြည်အတွက်ပါ ထိတ်လန့်ကြောက်ရွံ့စရာကောင်းတဲ့ မတည်ငြိမ်မှုတွေဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ အမုန်စကားဖြန့်ချိမှုတွေဟာ ပြောသူဘက်ကဖြစ်ဖြစ်၊ အပြောခံရတဲ့ဘက်ကဖြစ်ဖြစ် အားလုံးထိခိုက်နစ်နာရတဲ့ အပြင် တိုင်းပြည်အပြောင်းအလဲအတွက်ရော၊ တိုင်းပြည်တည်ငြိမ်မှု၊ တိုးတက်မှုတို့အတွက်ပါ နစ်နာစေပါတယ်။

    ကျွန်တော်တို့ မြန်မာနိုင်ငံလို တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးစုံ၊ ဘာသာစုံ၊ နိုင်ငံသားစုံရှိနေတဲ့လူ့အဖွဲ့အစည်းမှာ အခက်အခဲတွေကြားက ဒီမိုကရေစီစနစ်ကိုပြောင်းလဲဖို့ ကြိုးစားနေရတဲ့အချိန်ဖြစ်တဲ့အတွက် တရားဥပဒေစိုးမိုးမှုကိုအခြေခံပြီး တားမြစ်ရမှာဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ပြောင်းလဲဖော်ဆောင်နေချိန်မှာ အမုန်းစကား (Hate Speech)ပြောဆိုနေမှုတွေနဲ့ ပတ်သက်ပြီး  အရေးယူဖို့အတွက် ဥပဒေကြမ်းရေးဆွဲနေပြီဖြစ်ကြောင်းနဲ့ တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူရမှာဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုကလည်း  ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေမှာ ရှိတဲ့ ၀ိဇယမင်္ဂလာ ဓမ္မသဘင်ခန်းမမှာ ဇူလိုင်လ ၁၄ ရက်နေ့ကပြုလုပ်တဲ့ သတ္တမအကြိမ်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ဧကာဒဿမ အစည်းအဝေးဒုတိယနေ့အစည်းအဝေး တက်လာချိန် မီဒီယာတွေမေးမြန်းတဲ့အခါ ပြောကြား သွားသလို၊  ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့နဲ့ မေလအတွင်းက မန္တလေးမှာတစ်ကြိမ်၊ ရန်ကုန်မှာ တစ်ကြိမ်တွေ့ဆုံပွဲမှာ အဲဒီအဖွဲ့ရဲ့ နာယကတွေနဲ့ အဖွဲ့ဝင်တွေတင်ပြချက်တွေကြောင့် အဲဒီဥပဒေရေးဆွဲဖို့ဖြစ်လာတဲ့အကြောင်း အခုလိုပြောကြားခဲ့ပါတယ်။

    “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်းပဲ၊ မြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံသားတိုင်း၊ တိုင်းရင်းသားတိုင်းဟာ မိမိယုံကြည်ရာ၊ နှစ်သက်ရာဘာသာကို လွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်ရှိတယ်။ ကိုးကွယ်တဲ့ဘာသာအားလုံးကိုလည်း နိုင်ငံတော်အစိုးရက အသိအမှတ်ပြုတယ်။ စောင့်ရှောက်မယ်ဆိုပြီးပြဌာန်းချက်ရှိပါတယ်။ အဲဒါမှာ ဘာသာတစ်ခုက ဘာသာတစ်ခုကို၊ လူတစ်စုကနေ ဘာသာမတူတဲ့လူတစ်စုကို ထိခိုက်ပုတ်ခတ်ခြင်း၊ အနိုင်ကျင့်ခြင်းမရှိစေရဆိုတာလည်း ကာကွယ်ပေးတဲ့ အပိုဒ်လည်းရှိပါတယ်။  ဒါ အခြေခံဥပဒေပြဌာန်းချက်ပါ။ အခြေခံဥပဒေဆိုတာကတော့ နိုင်ငံတစ်ခုရဲ့ မိခင်ဥပဒေဖြစ်လို့မလို့ ခုနကအကြောင်းအရာတွေ အပေါ်မှာ အသေးစိတ်ဖော်ပြရေးသားနိုင်ဖို့ သူ့မှာအခြေအနေမပေးပါဘူး။ အဲဒီမှာ ခုနက အရေးကြီးတဲ့ဥပဒေပုဒ်မတွေကို နောက်ဆက်တွဲဥပဒေအဖြစ် ပြန်လည်ပြီးမှရေးဆွဲပါမယ်။ အဲဒါကြောင်မို့လို့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ အကြီးအကဲတွေရဲ့တင်ပြချက်အရ အမုန်းစကား(Hate Speech)တွေ ဖြန့်ဝေမှု၊သွေးခွဲမှုကြောင့်မို့ မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေ၊ပဋိပက္ခတွေ မပေါ်ပေါက်စေနိုင်ဖို့အတွက်ကို အမုန်းစကား(Hate Speech) တားဆီးရေးဥပဒေ မူကြမ်းတစ်ခု ရေးဆွဲဖို့ အတွက် ဆုံးဖြတ်ကြပါတယ်”လို့ပြောခဲ့ပြီးဖြစ်ပါတယ်။

    အဲဒီ ဥပဒေမူကြမ်းကို ၀န်ကြီးဌာနကရေးဆွဲမှာမဟုတ်ဘဲ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့က အငြိမ်းစားဥပဒေ ပညာရှင်တွေနဲ့ရေးဆွဲပြီး သာသနာရေးဝန်ကြီးဌာနက လေ့လာသုံးသပ်ပြီး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးကိုပို့ပြီး သဘောထား မှတ်ချက်တောင်းယူမယ်၊ ပြီးရင် ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းအတည်ပြုမှာဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ပြောခဲ့ပါသေးတယ်။

    “လွှတ်တော်မှာအတည်ပြုပြီးတဲ့နောက် နောက်ဆုံးအခြေအနေနဲ့ကိုက်ညီတဲ့၊ ခေတ်စနစ်၊ ဒီမိုကရေစီကျင့်စဉ်နဲ့ ကိုက်ညီတဲ့ဥပဒေကြမ်းတစ်ရပ် ပေါ်ထွက်လာမှာဖြစ်ပါတယ်။ ဥပဒေတစ်ရပ်အတည်ဖြစ်လာမှာဖြစ်ပါတယ်။ အဲဒီဥပဒေအရပဲ ဘာသာပေါင်းစုံကိုးကွယ်ကြတဲ့ လူမျိုးပေါင်းစုံကိုကာကွယ်ပေးနိုင်တဲ့ အနေအထားတစ်ရပ်ပေါ်ပေါက်လာမှာ သေချာပါတယ်” လို့ပြောခဲ့သလို  လက်ရှိအခြေအနေမှာ အမုန်းစကားပြောဆိုနေကြသူတွေကိုလည်း တည်ဆဲဥပဒေအရပဲ အရေးယူရမှာ ဖြစ်ပါတယ်လို့ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့်လည်း အခုအချိန်အထိတော့ အမုန်းစကား(Hate Speech) ပြောဆိုရေးသားဟောပြောနေသူတွေဟာ ဒီမိုကရေစီစနစ်ရဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့ လွတ်လပ်စွာပြောဆိုရေးသားခွင့်ကို အခွင့်ကောင်းယူကာ ဗရမ်းဗတာဆန်ဆန် အမုန်းစကားဖြန့်ချိမှုတွေကိုပြုလုပ်နေကြဆဲ၊ ရေးသားနေကြဆဲ၊ ဟောပြောနေကြဆဲဖြစ်သလို လူမျိုးရေး၊ဘာသာရေး သွေးခွဲ ရန်တိုက်မှုတွေကိုလည်း ပြုလုပ်နေဆဲဖြစ်ကြပါတယ်။ လွတ်လပ်စွာပြောဆိုရေးသားခွင့်ကိုအသုံးချပြီး ရည်ရွယ်ချက်ရှိရှိနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ လူမျိုးရေး၊ လူမှုရေးစတာတွေ မတည်မငြိမ်ဖြစ်အောင်၊ ဆူပူမှုတွေဖြစ်အောင်၊ အရပ်သား အစိုးရသစ်အကြပ်အတည်းဖြစ်အောင်၊ အရပ်သားအစိုးရသစ်နဲ့လူထုကြား အမြင်မှားအထင်မှားတွေ ပေါ်ပေါက်လာအောင်၊ လူထုခေါင်းဆောင်၊ နိုင်ငံတော်တော်၏ အတိုင်ပင်ခံအပေါ် နိုင်ငံတကာက အပြစ်တင်ဝေဖန်မှုတွေဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ ဖန်တီးနေမှုတွေရှိနေဆဲပဲဖြစ်ပါတယ်။  တိုင်းပြည်တည်ငြိမ်တိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ နိုင်ငံသားတို့ဘ၀လုံခြုံ အေးချမ်းစေဖို့အတွက် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ချုပ်ချယ်တာမျိုးမဟုတ်ဘဲ၊ တရားဥပဒေစိုးမိုးမှု စံချိန်စံညွှန်းနဲ့အညီ အမုန်းစကား(Hate Speech) တားဆီးရေးဥပဒေတစ်ရပ် အမြန်ဆုံးရေးဆွဲ အတည်ပြုဖို့ အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်းနဲ့ အဲဒီဥပဒေပေါ်ပေါက်လာမှသာ ဘာသာတစ်ခုနဲ့တစ်ခု၊ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး၊ လူ့အဖွဲ့အစည်း တစ်ခုနဲ့တစ်ခု ပဋိပက္ခဖြစ်စေအောင်၊ အကြမ်းဖက်မှုတွေပေါ်ပေါက်စေအောင်၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တည်ငြိမ်အေးချမ်းမှု ကိုပျက်ပြားအောင် လှုံ့ဆော်ဖန်တီးနေသူတွေ၊ သွေးခွဲရန်တိုက်နေသူတွေကို ကျူးလွန်တဲ့အတိုင်းအတာပေါ်မူတည်ပြီး ပြစ်မှု ပြစ်ဒဏ်တွေချမှတ်နိုင်မှာဖြစ်ပါတယ်။

    ဒါမှသာ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ကြွေးကြော်သံနဲ့အတူ လူထုနှစ်ပေါင်းများစွာမျှော်လင့်ပြီး အားကိုးတကြီး ထောက်ခံ ရွေးချယ်ခဲ့တဲ့ အရပ်သားအစိုးရအနေနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ် အေးချမ်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးကို အမုန်းစကား(Hate Speech)တွေ ကင်းကင်းရှင်းရှင်းနဲ့ အမြန်ဆုံးပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ တိုင်းပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးစုံ၊ ဘာသာစုံ ပြည်ထောင်စုသား နိုင်ငံသားအားလုံးကလည်း စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ သဟဇာတဖြစ်စွာပူးပေါင်းဆောင်ရွက်ကြမှသာ အမုန်းတရားကင်းစင်ပြီး ချစ်ခြင်းတရားတွေနဲ့ပြည့်နှက်နေတဲ့ နိုင်ငံတော်သစ်ကို မိမိတို့ရဲ့နောင်လာနောက်သားမျိုးဆက်သစ်တွေဆီ လက်ဆင့်ကမ်းနိုင်ခဲ့မှာဖြစ်ပါကြောင်းနဲ့ လူ့ဘောင် လောကအတွက် အကောင်းဆုံးအကျိုးပြုသူတွေအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူခဲ့ကြဖို့လိုကြောင်း တင်ပြလိုက်ရပါတယ်။

    မင်းမျိုးဝင်း|ရန်ကုန်တက္ကသိုလ်|