News @ M-Media
Author: editor
  • နိုင်ငံတကာ အမျိုးသမီးများနေ့ အမှတ်တရ ဂုဏ်ပြု
    နိုင်ငံတကာ အမျိုးသမီးများနေ့ အမှတ်တရ ဂုဏ်ပြု
    မတ် ၈ ၊ ၂၀၁၇
    M-Media
    သီဟ စုစည်းတင်ဆက်သည်။
    ဒီကနေ့ မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် M-Media မှm တင်ဆက်ပေးခဲ့ဘူးတဲ့ ကဏ္ဍအသီးအသီးမှာ ထင်ပေါ်ကျော်ကြားခဲ့တဲ့ မြန်မာမွတ်စလင်မ် အမျိုးသမီးတွေအကြောင်းကို စုစည်း၍ ဖော်ပြပေးလိုက်ပါတယ်။
    လူမှုထူးချွန်ပထမအဆင့်ကို ပထမဆုံးရရှိသူ အမျိုးသမီး ဟာဂျီမ ပျဉ်းမနားဒေါ်ပု
    http://www.m-mediagroup.com/news/2190
    http://www.m-mediagroup.com/news/3940
    ရခိုင်ကမန်နွယ် ပါလီမန်အမတ် ဒေါ်အေးညွန့်
    http://www.m-mediagroup.com/news/5119
    လက်ရွေးစင် အဖြစ် ၁၉၆၉ ကျွန်းဆွယ် ဘောလီဘော ချန်ပီယံဆု နှင့် မြန်မာ့ အကောင်းဆုံး နည်းပြဆရာဆု ရခဲ့ဘူးသည် ဒေါ်ဘေဘီ
    http://www.m-mediagroup.com/news/22015
    မြန်မာသံစဉ် တေးသံရှင် လူငယ်များ ပေါ်ထွန်းစေလိုသည့် ဓာတ်ပြားခေတ် အဆိုကျော် ဒေါ်မာမာဝေ
    http://www.m-mediagroup.com/news/41770
    မွတ်စ်လင်မ် ကုသိုလ်ဖြစ်ဆေးရုံ က ဒေါက်တာ ဒေါ်ခင်ဝင်းကြူ ရဲ့ ပုံရိပ် တစေ့တစောင်း
    http://www.m-mediagroup.com/news/32641
    ဒေါ်ဝင်းမြမြနှင့် အင်တာဗျူး
    http://www.m-mediagroup.com/news/1918
    ဒေါ်နီနီအေး (ပထမဆုံး ရေခဲတောင်တက် အမျိုးသမီးအဖွဲ့ခေါင်းဆောင်)
    http://www.m-mediagroup.com/news/194
  • Time မဂ္ဂဇင်း နိုင်ငံတကာ အနာဂတ် လူငယ်ခေါင်းဆောင်၁ဝ ဦးထဲ မဝေဝေနု ပါဝင်
    Time မဂ္ဂဇင်း နိုင်ငံတကာ အနာဂတ် လူငယ်ခေါင်းဆောင်၁ဝ ဦးထဲ မဝေဝေနု ပါဝင်
    မဝေဝေနု (Credit- Times Magazine)
    ၂၀၁၇ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့ထုတ် အထင်ကရ Time Magazine မှာ နောင်တခေတ်မှာ ခေါင်းဆောင်ဖြစ်လာမယ့် လူငယ်၁၀ ဦးတို့ရဲ့ အမည်တွေကို ဖော်ပြထားရာမှာ မြန်မာနိုင်ငံက မဝေဝေနုလည်း ပါဝင်ပါတယ်။ မဝေဝေနုဟာ ရခိုင်ပြည်နယ်ဇာတိ ရိုဟင်ဂျာအမျိုးသမီးတဦး ဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ ထောင်မှလွတ်မြောက်ခဲ့ပြီးနောက်ပိုင်း Women Peace Network Arakan အဖွဲ့ တည်ထောင်သူ ဖြစ်သလို Justice for Women အဖွဲ့ကို ပူးတွဲ မတည်ခဲ့သူလည်းဖြစ်ဖြစ်ပါတယ်။
    ရခိုင်ပြည်နယ်အတွင်းက အမျိုးသမီးငယ်တွေအတွက် ပညာသင်ကြားခွင့်နဲ့ ဥပဒေ ရေးရာတွေမှာ အခမဲ့အကျိုးဆောင်ပေးခြင်းနဲ့ အမျိုးသမီးငယ်တွေရဲ့ ဘဝမြင့်မားအောင် ကြိုးပမ်းဆောင်ရွက်နေသူလည်း ဖြစ်ပါတယ်။ မဝေဝေနုဟာ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ် ဦးကျော်မင်းရဲ့ သမီးဖြစ်ပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရသူလည်း ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စုက နာမည်ကျော် Times Magazine ဖော်ပြထားတာကို မခွာညိုက ပြောပြပေးပါမယ်။
    မြန်မာပြည်တွင်းက တခြား ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေနည်းတူ စစ်အစိုးရ အုပ်ချုပ်တဲ့ခေတ်မှာ ဝေဝေနုနဲ့ သူ့မိသားစုဟာ ယုံကြည်ချက်ကြောင့် ကျခံရတဲ့ အကျဉ်းသားတွေဖြစ်ခဲ့ရပါတယ်။ မဝေဝေနု အသက် ၁၈ နှစ်အရွယ်မှာ ၁၉၉၀ ရွေးကောက်ခံ ကိုယ်စား လှယ်ဖြစ်တဲ့ ဖခင်ဦးကျော်မင်းနဲ့တကွ မိသားစုဝင်အားလုံးကို ဖမ်းဆီးခံခဲ့ရချိန်မှာ သူလည်း ပါဝင်ခဲ့ကြောင်း Time Magazine ရဲ့ ဝဘ်ဆိုက်စာမျက်နှာမှာ အခုလို ဖော်ပြထားပါတယ်။
    “ကျမ အသက် ၁၈ နှစ်မှာ ကျမအဖေ၊ တခြား မိသားစုဝင်သုံးဦးနဲ့အတူ အဖမ်းခံခဲ့ရပါတယ်။ တရားသူကြီးက ထောင်ဒဏ် ၁၇ နှစ် ချမှတ် လိုက်ကြောင်း စီရင်ချက်ချသံ ကြားလိုက်ရတဲ့အချိန်မှာ ကျမ တုန်လှုပ်သွားပါတယ်။ တရားမျှတမှုမရှိဘူးလို့လည်း တွေးမိပါတယ်။ ဘာလို့လဲ ဆိုတော့ ကျမတို့ဟာ မျှတတဲ့ ကြားနာစစ်ဆေးမှုကို မရခဲ့ကြပါဘူး၊ ကျမတို့အတွက် ဥပဒေအကျိုးဆောင်လည်း ငှားရမ်းခွင့် မရခဲ့ကြပါဘူး။ ထောင်ထဲရောက်တော့ ကျမလိုပဲ တခြား အမျိုးသမီးငယ်တွေဟာ ရာဇဝတ်မှုကျူးလွန်ထားတာမရှိဘဲ ထောင်ဒဏ်အပြစ်ပေးခံထားရပြီး တကယ်တန်းမှာ သူတို့ဟာ နိုင်ငံရေးနဲ့ စီးပွားရေးစနစ်ဆိုးအရ သားကောင်ဖြစ်နေကြသူတွေဆိုတာကို တွေ့လိုက်ရတဲ့အတွက် အရမ်းကို တုန်လှုပ်ခဲ့ရပါတယ်။ သူတို့ဟာ ဆင်းရဲတဲ့အတွက်ကြောင့် ဒီနေရာကို ရောက်လာကြရသူတွေဖြစ်တယ်လို့ သိလိုက်ရတော့ ကျမက ကံကောင်းတယ်လို့ တွေးလိုက်မိပါတယ်။ အဲဒီအချိန်ကတည်းကစပြီး တိုင်းပြည်ကို နိုင်ငံရေးအပြောင်းအလဲဖြစ်အောင် ကြိုးပမ်းရာမှာ စိတ်ရောကိုယ်ပါ ပါဝင်ဆောင်ရွက်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။” လို့ Time Magazine ကို မဝေဝေနုက ပြောသွားခဲ့ပါတယ်။
    အသက် ၃၀ သာရှိသေးတဲ့ မဝေဝေနုဟာ လူ့အခွင့်အရေးအကြောင်း၊ တန်းတူညီမျှ အကျိုးခံစားခွင့်အကြောင်းတွေကို သူ့ရဲ့ဇာတိ ရခိုင်ပြည် နယ်ထဲက လူတွေကို သင်ကြားပေးရင်း သူ့ရဲ့ အချိန်အတော်များများကို ကုန်လွန်စေပါတယ်။
    သူကိုယ်တိုင်လည်း ရိုဟင်ဂျာအမျိုးသမီးတဦး ဖြစ်တဲ့အတိုင်း မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာမှာ နိုးကြားမှုရရှိစေအောင် ဆောင်ရွက်ပေးခဲ့သူတဦးလည်းဖြစ်ပါတယ်။
    ထောင်ဒဏ် ၇ နှစ်ကျခံခဲ့ရပြီး ၂၀၁၂ ခုနှစ် သူမ ထောင်က ပြန်လွတ်လာချိန်မှာ သူသင်ယူဆဲ ဥပဒေပညာကို ပြီးဆုံးအောင်ဆက်လက် သင် ယူခဲ့ပြီး ပြည်တွင်းစစ်နဲ့ ယုံကြည်ချက်ကြောင့် ခွဲခြားဆက်ဆံခံရမှုတွေနဲ့ နှစ်ပေါင်းများစွာ ပျက်စီးယိုယွင်းနေတဲ့ တိုင်းပြည်ကို ဒီမိုကရေစီရေး တိုးမြင့်အောင်ဆောင်ရွက်ဖို့ စတင်အားထုတ်ခဲ့ပါတယ်။
    ထောင်ထဲမှာ အပြစ်မရှိဘဲ ထောင်ကျနေကြသူတွေကို တွေ့တော့ တိုင်ပြည်ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးပုံစံကို တကယ်အပြောင်းအလဲဖြစ်စေမယ့် အလုပ်တခုခုကို လုပ်မှဖြစ်မယ်ဆိုတာကို ကျမ နားလည်လာခဲ့တဲ့အကြောင်း Time Magazine ကို ပြောပါတယ်။
    ၂၀၁၂ ခုနှစ်မှာ ထောင်မှလွတ်မြောက်ခဲ့ပြီးနောက်ပိုင်း Women Peace Network Arakan အဖွဲ့ တည်ထောင်သူ ဖြစ်သလို အမျိုးသမီးများ အတွက် တရားမျှတရေး “Justice for Women” အဖွဲ့ကို ပူးတွဲမတည်ခဲ့သူလည်းဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းမှာ သူဟာ အမျိုးသမီးငယ်တွေအတွက် ဥပဒေရေးရာကိစ္စတွေမှာ အခမဲ့ အကျိုးဆောင်ပေးတာနဲ့ ပညာသင်ခွင့်-စတဲ့ ကိစ္စတွေကို ဆောင်ရွက်ပေးပြီး မိန်းကလေးတွေကို စွမ်းဆောင်ရည်မြှင့်တင်ပေးဖို့ ဆောင်ရွက်ပေးတဲ့အကြောင်း သူက ပြောပါတယ်။
    “ကျမအနေနဲ့ အမျိုးသမီးတွေရဲ့  power အင်အားကို ယုံကြည်တယ်။ အမျိုးသမီးတွေကို ယုံကြည်တယ်ဆိုတဲ့အခါကျတော့ ကျမတို့ လုပ်နေတာက အခုနပြောသလို အမျိုးသမီးတွေကို အသိပညာပေးမှုတွေ။ နောက်တခုက အမျိုးသမီးတွေကို အသိပညာပေးတဲ့အခါမှာဆိုရင် Justice for Women အနေနဲ့ဆိုရင် ဥပဒေပိုင်းဆိုင်ရာ အသိပညာပေးမှု။ ဥပမာ-လိင်ပိုင်ဆိုင်ရာ စော်ကားခံရတယ်ဆိုလို့ရှိရင် ဘယ်လိုမျိုး ဖြေရှင်းမလဲပေါ့။ ဘယ်လိုဆိုရင် လိင်ပိုင်ဆိုင်ရာ စော်ကားခံနေရတာလဲ။ နှုတ်ပိုင်းဆိုင်ရာ၊ နောက်ပြီးတော့ ကိုယ်ထိလက်ရောက် စော်ကားခံရတာ၊ နှုတ်နဲ့ စော်ကားခံရတာ စသဖြင့် အဲဒီလိုဟာမျိုးတွေကိုလည်း အသိပေးတယ်။ နောက်ပြီးတော့ အဲဒီလို ဖြစ်လာရင် ဘယ်လိုမျိုး ဖြေရှင်းမလဲပေါ့။ အမျိုးသမီးဖြစ်နေလို့ တရားမျှတမှုရရှိတဲ့နေရာမှာ အားနည်းနေတဲ့ဟာတွေကို ဥပဒေပိုင်းဆိုင်ရာ ပညာပေးမှု၊ ဘယ်လို၊ ဘယ်လို channel တွေက သွားလိုရလဲပေါ့။ ကျမတို့ အခု Justice for Women ဆိုလို့ရှိရင် ရှေ့နေအမတွေနဲ့ထောင်ထားတာပေါ့နော်၊ ရှေ့နေအမတွေက အရမ်းတော်တယ်၊ Free legal consultation လိုဟာမျိုးတွေ ပေးပါတယ်။ နောက်ပိုင်းကျရင် ကျမတို့ legal aid – တရားရေးဆိုင်ရာ ဝန်ဆောင်မှု အခမဲ့ပေးတာတွေပါ လုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။”
    မဝေဝေနုဟာ သမ္မတဟောင်း ဘုရှ်တည်ထောင်ထားတဲ့ George Bush Center က ပြုလုပ်တဲ့ လွတ်လပ်မှုနဲ့ခေါင်းဆောင်မှု ၂၀၁၅ သင်တန်းရဲ့ ကျောင်းဆင်းတဦးလည်း ဖြစ်တဲ့အပြင် Foreign Policy မဂဇ္ဇင်းရဲ့ ၂၀၁၅ ခုနှစ် ထိပ်တန်း နိုင်ငံတကာတွေးခေါ်ပညာရှင် စာရင်းထဲမှာလည်း ပါဝင်သူ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် ဘီဘီစီရဲ့ ထိပ်တန်းအမျိုးသမီးများ ၁၀၀ စာရင်းမှာလည်း မဝေဝေနုဟာ စာရင်းဝင်ဖြစ်ခဲ့ပါတယ်။
    ၂၀၁၅ ခုနှစ်က မဝေဝေနုဟာ အမေရိကန်သမ္မတဟောင်း George W. Bush ရဲ့  Bush Institute က ပြုလုပ်တဲ့ လူငယ်ဖိုရမ် တနှစ်ပြည့် အခမ်းအနားကို လာရင်း အိမ်ဖြူတော်မှာလည်း သမ္မတအိုဘားမားနဲ့အတူ တွေ့ဆုံခွင့်ရခဲ့ပါတယ်။
    သူက သင်ကြားပေးနေတဲ့ ပြည်သူ့အခွင့်အရေးအတွက် ပြည်သူတွေရဲ့ ပါဝင်ဆောင်ရွက်မှုဆိုတာ ဘာလဲ ဆိုတဲ့ကိစ္စရပ်မျိုးကို – ဖွံ့ဖြိုးပြီး နိုင်ငံတချို့ကတော့ သိပ်ပြီး အခြေခံကျလွန်း၊ ခေတ်နောက်ကျလွန်းတယ်လို့ ယူဆကောင်းယူဆနိုင်ပါတယ်။ ဒါပေမယ့် မဝေဝေနုကတော့ ဒါဟာ အနာဂတ်အတွက် အရေးပါတဲ့ရင်းနှီးမြှုပ်နှံမှုအဖြစ် ရှုမြင်ပါတယ်။ လူငယ်တွေကို အဓိကအာရုံစိုက်တာဟာ မရှိမဖြစ် အရေးကြီးတဲ့ ကိစ္စရပ်ပါ – လုပ်သင့်လုပ်ထိုက်ပါတယ် – လို့လည်း သူက ပြောပါတယ်။
    မဝေဝေနုအပါအဝင် ဖော်ပြထားတဲ့ လူငယ်ဆယ်ဦးဟာ ကန့်သတ်မှုတွေ၊ အတားအဆီးတွေကိုကျော်လွန်ပြီး လမ်းသစ်ကို ဖောက်ထွက်နိုင် သူတွေ ဖြစ်ကြောင်းနဲ့ သူတို့ရဲ့ကိုယ်ပိုင်အစွမ်းအစတွေကြောင့် မျှော်လင့်မထားတဲ့နေရာတွေကို ရောက်လာကြသူတွေဖြစ်ကြသလို ကမ္ဘာ ကြီးကိုလည်း ကောင်းမွန်တဲ့ဘက်ကနေ တိုးတက်ပြောင်းလဲစေတဲ့အကြောင်း Time Magazine မှာ ရေးသားဖော်ပြထားပါတယ်။
    Time Magazine ရဲ့ “အနာဂတ်လူငယ်ခေါင်းဆောင်ဆယ်ဦး” စာရင်းထဲမှာ မြန်မာပြည်က မဝေဝေနုအပြင် ကျန် ကိုးဦးကတော့တောင်အာဖရိကနိုင်ငံက Trevor Noah ၊ El Salvador က Nayib Bukele ၊ အမေရိကန်ပြည်ထောင်စုက Tyler Oakley ၊ Nathan Chen နဲ့ Emily Weiss ၊ Belgium က Hanne Gaby Odiele ၊ Austria က Sebastian Kurz ၊ အင်္ဂလန်က Phoebe Waller-Bridge ၊ နိုင်ဂျီးရီးယား နိုင်ငံက Oscar Ekponimo တို့ ဖြစ်ကြပါတယ်။
    VOA မှ ကူးယူဖော်ပြပါသည်။
  • ဒီမိုကရေစီစနစ်နဲ့ လိုက်လျော ညီထွေတဲ့နိုင်ငံသားဖြစ်မှု။
    ဒီမိုကရေစီစနစ်နဲ့ လိုက်လျော ညီထွေတဲ့နိုင်ငံသားဖြစ်မှု။
    မင်းမျိုးဝင်း|ရန်ကုန်တက္ကသိုလ်| ရေးသည်။
    နိုင်ငံသားဖြစ်မှုဆိုတာ ဘယ်တော့မှ အမျိုးသားရေး သီးခြားလက္ခဏာ တစ်ရပ်နဲ့ ဆက်နွယ်ခဲ့တာ မရှိဘူးလို့  ဂျာဂျင်ဟာဘားမတ်စ်က သူ့ရဲ့စာတမ်းတစ်စောင်ဖြစ်တဲ့ “နိုင်ငံသားဖြစ်မှုနှင့် အမျိုးသားရေး သီးခြား အမှတ်လက္ခဏာ” ဆိုတဲ့စာတမ်းမှာဖော်ပြထားပါတယ်။ နိုင်ငံသားဖြစ်မှုဟာ အမျိုးသားရေးသီးခြား အမှတ်လက္ခဏာနဲ့ မတွဲဖက်ရဘူး ဆိုတာ ဒီမိုကရေစီနိုင်ငံတစ်ခုအတွက် အရေးကြီးဆုံးအတွေးအခေါ် တစ်ရပ်ဖြစ်တယ်။
    ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအဖြစ် အသွင်ပြောင်းတည်ဆောက်တဲ့ အခါမှာ နိုင်ငံသားဖြစ်မှုကို နိုင်ငံသား အခွင့်အရေး၊ နိုင်ငံသား လွတ်လပ်ခွင့်တို့ကိုအခြေခံပြီး မတည်ဆောက်ဘဲ၊ လူမျိုးကြီးဝါဒတွေ ဒါမှမဟုတ် လူမျိုးကြီးတွေရဲ့ အမျိုးသားရေးသီးခြား လက္ခဏာတွေအပေါ်မှာ အခြေခံ တည်ဆောက်ဖို့ကြိုးစားလာပြီဆိုရင် ဒီမိုကရေစီဖော်ဆောင်ဖို့ အခက်အခဲတွေ၊ အဟန့်အတားတွေ၊ ပြဿနာတွေနဲ့ရင်ဆိုင်ရတတ်ပါတယ်။ နိုင်ငံသား အခွင့်အရေး၊ နိုင်ငံသားလွတ်လပ်ခွင့်တို့ကို အခြေခံပြီးမတည်ဆောက်ဘဲ၊ လူမျိုးကြီးတွေရဲ့ အမျိုးသားရေး သီးခြား လက္ခဏာတွေအပေါ်မှာ အခြေခံတည်ဆောက်ခြင်းဟာ လူတစ်ဦးချင်းစီရဲ့နိုင်ငံသား အဖြစ်ရပိုင်ခွင့် အခွင့်အရေးတွေကို ချိုးဖောက်လိုက်တာပဲ ဖြစ်တယ်။
    ဒါဟာ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း အပိုဒ် အမှတ်(၁၅)မှာ ဖော်ပြထားတဲ့ “လူတိုင်းသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ်ခံယူခွင့်ရှိသည်” “ ဥပဒေအရမဟုတ်လျှင် မည်သူမျှ မိမိ၏နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခြင်းမခံစေရ၊ နိုင်ငံသားအဖြစ် ပြောင်းလဲနိုင်သောအခွင့်အရေးကိုလည်း ငြင်းပယ်ခြင်း မရှိစေရ” ဆိုတဲ့အချက်ကိုချိုးဖောက်တာဖြစ်တယ်။ လူ့အခွင့်အရေးရဲ့အခြေခံအကျဆုံးဖြစ်တဲ့ နိုင်ငံသားဖြစ်ခွင့် အခွင့်အရေးကို ချိုးဖောက်ခံရတာပဲဖြစ်တယ်။
    လူသားတစ်ယောက်အနေနဲ့ နိုင်ငံသားဖြစ်ခွင့်အခွင့်အရေးမရရှိဘူးဆိုရင် လူ့အခွင့်အရေးလည်းဆုံးရှုံးရ လောက်အောင်ဖြစ်ပါတယ်။ အဆိုးဆုံးကတော့ မိမိမွေးဖွားကြီးပြင်းရာ နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံသားဖြစ်ခွင့် အခွင့်အရေး မရရှိဘဲ၊ ဆုံးရှုံးနေခြင်းဟာ လူသားတစ်ယောက်အဖြစ်တောင် ရှင်သန်ခွင့်မရှိရလောက်အောင် လူသားရဲ့ဂုဏ်သိက္ခာနဲ့ မွေးရာပါလူ့အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့အဖြစ်မျိုး ရင်ဆိုင်နေရသူလိုဖြစ်နေပါတယ်။
    နိုင်ငံတိုင်းမှာ နိုင်ငံသားဖြစ်မှုဆိုတာ အင်မတန်အရေးကြီးသလို အဲဒီနိုင်ငံသားဖြစ်မှုနဲ့ပတ်သက်ပြီး အမြင်တွေ၊ အယူအဆတွေ မတူညီမှုတွေလည်း ကြီးကြီးမားမားရှိပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း နိုင်ငံသားဖြစ်မှုနဲ့ ပတ်သက်လာရင် အမြဲတန်းလိုလိုငြင်းခုံနေကြရပြီး ကိုယ့်ရပ်တည်ချက်နဲ့ကိုယ် အနိုင်ရဖို့သာ ကြိုးစားနေကြတာတွေ ရှိပါတယ်။ အထူးသဖြင့် လူမျိုးနဲ့ကိုးကွယ်တဲ့ဘာသာပေါ်မှာအခြေခံပြီး နိုင်ငံသားဖြစ်မှုဟာ အခက်အခဲတွေနဲ့ရင်ဆိုင် နေရတာတွေရှိပါတယ်။
    နိုင်ငံသားဖြစ်မှုနဲ့ပတ်သက်ပြီး သတ်မှတ်ကြတဲ့အရည်အချင်းဟာ ယေဘူယျအနေနဲ့ သွေးအပေါ်အခြေခံတဲ့ နိုင်ငံသားဖြစ်မှုနဲ့ လူသားဖြစ်မှုအပေါ်မှာအခြေခံပြီး သတ်မှတ်တဲ့နိုင်ငံသားဆိုပြီးရှိပါတယ်။ တစ်ချိန်တုံးကတော့ သွေးအပေါ်မှာအခြေခံပြီး၊ ဒီလူမျိုးတွေက ဒီနိုင်ငံနဲ့သက်ဆိုင်တယ်။ ဒီနိုင်ငံမှာနိုင်ငံသားဖြစ်ထိုက်တယ်စသဖြင့် ခွဲခြား သတ်မှတ်ကြပေမယ့် ဒီဘက်ခေတ်မှာတော့ လူမျိုးတွေ၊ ဘာသာတွေ၊ သွေးတွေ၊ ယဉ်ကျေးမှုတွေဟာ အချင်းချင်း ရောယှက်လာကြတာကြောင့် လူသားဖြစ်ခြင်းကိုပဲအခြေခံပြီး နိုင်ငံသားအဖြစ်သတ်မှတ်လာကြပါတယ်။ သွေးကို အခြေခံပြီးသတ်မှတ်မှုဟာ နာဇီအာဏာရှင်ဟစ်တလာကျင့်သုံးခဲ့တဲ့ နိုင်ငံသားပြုမှုစံဖြစ်သလို၊ နာဇီအာဏာရှင် ဟစ်တလာလက်ထက်က ကျင့်သုံးခဲ့မှုတွေကြောင့် သမိုင်းမှာအရိပ်ဆိုးကြီးထင်ဟပ်ခဲ့ရပြီး လူထုတွေနစ်နာကြ ရပါတယ်။ ဒါကြောင့် လူမျိုးရေးဘာသာရေးအခြေခံပြီး၊ လူမျိုးတစ်မျိုး၊ ဘာသာတစ်ခုရဲ့အဖွဲ့ဝင်ဖြစ်ခြင်းအပေါ်မှာ နိုင်ငံသား သတ်မှတ်မှုတွေကို ကမ္ဘာပေါ်ကဒီမိုကရေစီနိုင်ငံတွေမှာ မကျင့်သုံးတော့ပါဘူး။ လူသားရဲ့ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေး၊ တန်းတူညီမျှမှုစတာတွေနဲ့ စဉ်းစားတွေးခေါ်ပြီး လူသားဖြစ်ခြင်းအပေါ်မှာသာအခြေခံပြီး နိုင်ငံသားဖြစ်မှုကို သတ်မှတ်လာကြပါတယ်။
    ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ နိုင်ငံသားဖြစ်မှုဟာ အချုပ်အခြာအာဏာပိုင်တဲ့နိုင်ငံရဲ့ သတ်မှတ်ချက်တွေထဲ ကနေ ရုန်းမထွက်နိုင်သေးပါဘူး။ နိုင်ငံတော်အတွင်းမှာ ပြဌာန်းအတည်ပြုထားတဲ့ ဥပဒေတွေအတိုင်းသာ ဘယ်သူ့ကို မဆို နိုင်ငံသားအဖြစ်ရရှိခွင့်ရှိတယ်။ နိုင်ငံအတွင်းမှာ နိုင်ငံသားဖြစ်မှုနဲ့ဆိုင်တဲ့ ဥပဒေတွေပြဌာန်းတဲ့အခါ နိုင်ငံအလိုက် ကွာခြားချက်တွေ၊ မတူညီမှုတွေတော့ရှိပါတယ်။ နိုင်ငံတိုင်းမှာ တည်ဆဲဥပဒေနဲ့အညီသတ်မှတ်ပြီး အတည်ပြုလက်ခံခဲ့ ကြပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံသားသတ်မှတ်ချက်နဲ့ပတ်သက်ပြီး ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေကို စံထားပြီး သတ်မှတ်တာကိုတွေ့ရမှာဖြစ်တယ်။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေမတိုင်မီကလည်း ၁၉၄၈ ခုနှစ် နိုင်ငံသား ဥပဒေဆိုတာရှိခဲ့ဖူးပါတယ်။ ၁၉၄၈-ခုနှစ် နိုင်ငံသားဥပဒေကတော့ ပျော့ပြောင်းတဲ့ဥပဒေလို့ပြောလို့ရပါတယ်။ အဲဒီ ဥပဒေအရဆိုရင် နိုင်ငံတွင်းမှာရှိတဲ့သူတွေဟာ နိုင်ငံမဲ့တွေဖြစ်မသွားနိုင်ဘူး။ နိုင်ငံသားဆိုရင်နိုင်ငံသား၊ နိုင်ငံခြားသား ဆိုရင်လည်း နိုင်ငံခြားသားဆိုပြီးရှိပါတယ်။ နိုင်ငံခြားသားတွေကိုလည်း နိုင်ငံသားပြုခွင့်လျှောက်ထားနိုင်ပါတယ်။ နိုင်ငံသားပြုခွင့်၊ နိုင်ငံသားဖြစ်ခွင့်ရှိသလို၊ တိုင်းရင်းသားမျိုးနွယ်စုကဆင်းသက်လာတဲ့ မွေးရာပါနိုင်ငံသားတွေအပြင် မိဘဘိုးဘွားတွေက ဒီနိုင်ငံမှာမွေးဖွားကြီးပြင်းလာတယ်၊ ဒါမှမဟုတ် ဒီနိုင်ငံမှာနေထိုင်ပြီး သေသွားခဲ့တယ်ဆိုရင် သူတို့က မွေးဖွားလာတဲ့သူတွေဟာလည်း နိုင်ငံသားဖြစ်ခွင့်ရှိပါတယ်။
    မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းရေးဆွဲခဲ့ပြီး ပါလီမန်ဒီမိုကရေစီခေတ်မှာသုံးစွဲခဲ့တဲ့ ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့နိုင်ငံသားဖြစ်မှုကို လေ့လာကြည့်မယ်ဆိုရင် ၁၉၄၈ ခုနှစ်၊ နိုင်ငံသားဥပဒေကို ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ(၂၄)ရက်က တိုင်းပြုပြည်ပြုလွှတ်တော်မှာ ဥပဒေအဖြစ်အတည်ပြုပြီး၊ ၁၉၄၈ ခုနှစ်၊ ဇန္န၀ါရီလ(၄)ရက်နေ့မှာ အာဏာတည်ခဲ့ပါတယ်။ အဲဒီ နိုင်ငံသားဥပဒေပုဒ်မ (၁၀၊၁၁၊၁၂)ကို လေ့လာကြည့်ခြင်း အားဖြင့် နိုင်ငံတော်၊ တိုင်းရင်းသားနဲ့ တရားဥပဒေဆိုတဲ့အချက်(၃)ချက်ကြောင့် နိုင်ငံသားဖြစ်ခွင့်ရှိတာကိုတွေ့နိုင် ပါတယ်။
    ပုဒ်မ-၁၀။ ပြည်ထောင်စုမြန်မာနိုင်ငံတစ်ဝန်းလုံးတွင် နိုင်ငံသားဟူ၍ တစ်မျိုးတည်းသာရှိရမည်။ ဆိုလိုရင်းမှာ ပြည်ထောင်စုအဖွဲ့ဝင်များ၏ နိုင်ငံသားဟူ၍ အသီးအခြားမရှိစေရ။ ပြည်ထောင်စုမြန်မာနိုင်ငံသားဟူ၍သာရှိရမည်။
    ပုဒ်မ-၁၁။(က)မြန်မာနိုင်ငံတိုင်းရင်းသားတစ်မျိုးမျိုးတွင်ဖြစ်သော သို့တည်းမဟုတ် ဖြစ်ခဲ့သောမိဘနှစ်ပါးမှ မွေးဖွားသူ တိုင်းသည်လည်းကောင်း၊
    (ခ) မြန်မာနိုင်ငံတိုင်းရင်းသားတစ်မျိုးမျိုးတွင်ဖြစ်သော သို့တည်းမဟုတ် ဖြစ်ခဲ့သောဘိုးဘွားများအနက် အနည်းဆုံး တစ်ဦးမှ ပြည်ထောင်စုမြန်မာနိုင်ငံတွင်ပါဝင်လတ္တံ့သော အာဏာပိုင်နက်အတွင်း၌မွေးဖွားသူတိုင်းသည်လည်းကောင်း၊
    (ဂ) ပြည်ထောင်စုမြန်မာနိုင်ငံ၏နိုင်ငံသားဖြစ်သော သို့တည်းမဟုတ် ဤအခြေခံဥပဒေ စတင်အာဏာတည်သည့် နေ့တွင် အသက်ရှင်နေသည်ဖြစ်ပါက တိုင်းရင်းသားအဖြစ်ကိုရယူခွင့်ရှိသော မိဘနှစ်ပါးမှ ပြည်ထောင်စုနိုင်ငံတွင် ပါဝင် လတ္တံ့သော အာဏာပိုင်နက်အတွင်း၌ မွေးဖွားသူတိုင်းသည်လည်းကောင်း၊
    (ဃ) ဗြိတိသျှဘုရင်မင်းမြတ်၏ အာဏာပြန့်ရာနယ်မြေတစ်ခုခုတွင် မွေးဖွားခဲ့သည်ဖြစ်၍ ဤအခြေခံဥပဒေ စတင် အာဏာတည်သည့်နေ့မှအထက် သို့တည်းမဟုတ် ၁၉၄၂ ခု၊ ဇန္န၀ါရီလ(၁)ရက်နေ့မှအထက် အခြားမဲ့သော ဆယ်နှစ် အတွင်း ရှစ်နှစ်အောက်မယုတ်သောကာလအဖို့ ပြည်ထောင်စုနိုင်ငံတွင်ပါဝင်လတ္တံ့သော အာဏာပိုင်နက်အတွင်းတွင် ထာဝစဉ်နေထိုင်ရန်ကြံရွယ်ခဲ့သည်ဖြစ်၍ ထို့ပြင် တရားဥပဒေဖြင့်သတ်မှတ်သောနည်းလမ်းနှင့်အညီ ပြည်ထောင်စု မြန်မာနိုင်ငံသားအဖြစ်ရွေးချယ်ခြင်းကို ထုတ်ဖော်သူတိုင်းသည်လည်းကောင်း ပြည်ထောင်စုမြန်မာနိုင်ငံ၏နိုင်ငံသား ဖြစ်ရမည်။
    ပုဒ်မ-၁၂။ နိုင်ငံသားဖြစ်ခြင်းသဘော၊ နိုင်ငံခြားသားဖြစ်ခြင်းသဘောတို့နှင့်စပ်လျဉ်း၍ လျော်ကန်သင့်မြတ်သည်ဟု ထင်မြင်သည့်အတိုင်း တရားဥပဒေများကိုပြုနိုင်သော ပါလီမန်၏အာဏာသည် ပုဒ်မ(၁၁)ရှိပြဌာန်းချက်ကြောင့် ယုတ်လျော့ခြင်းမဖြစ်ရ။ ထို့ပြင် ထိုကဲ့သို့သောတရားဥပဒေတစ်ခုခုသည် ပုဒ်မ(၁၁)တွင်မပါဝင်သေးသော လူအမျိုးအစားများကို နိုင်ငံသားအဖြစ်ဖြင့် လက်ခံရန်သော်လည်းကောင်း၊ လက်ရှိဖြစ်သော လူအမျိုးအစားများကို
    နိုင်ငံသားအဖြစ်မှ ရပ်စဲစေရန်သော်လည်းကောင်းပြဌာန်းနိုင်သည်။ လို့ နိုင်ငံသားဖြစ်ခွင့်နဲ့ပတ်သက်ပြီး ဖော်ပြထားတာ ကိုတွေ့ရမှာ ဖြစ်ပါတယ်။
    ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံသား ဥပဒေကို ၁၉၄၈-ခုနှစ်၊ဇန္န၀ါရီလ(၄)ရက်နေ့မှာ တိုင်းပြုပြည်ပြု လွှတ်တော်က အက်ဥပဒေအမှတ် (၆၆)အရ ပြဌာန်းအတည်ပြုခဲ့ပြီး အဲဒီနေ့မှာပဲ အာဏာတည်ခဲ့ ပါတယ်။ မြန်မာနိုင်ငံ သားဖြစ်မှု အက်ဥပဒေ(၆၆)မှာ ပုဒ်မပေါင်း(၂၃)ခုနဲ့ ပုဒ်မခွဲတွေကို ပြဌာန်းထားပါတယ်။ ဥပဒေပုဒ်မ(၅)မှာပါဝင်တဲ့ ပြဌာန်းချက်တွေကတော့
    ပုဒ်မ-၅။ အခြေခံဥပဒေစတင်အာဏာတည်ပြီးမှမွေးဖွားသည့် အောက်၌ဖော်ပြသောသူများသည် ပြည်ထောင်စုမြန်မာ နိုင်ငံသားဖြစ်ရမည်။
    (က) ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်သည့် မိဘတစ်ပါးပါးမှ ပြည်ထောင်စုနိုင်ငံတွင်မွေးဖွားသောသူ။
    သို့ရာတွင်(ထိုသူ၏အဘသည် နိုင်ငံခြားတစ်ခုခု၏နိုင်ငံသားဖြစ်ခဲ့သော်) ထိုသူသည်အရွယ်ရောက်ပြီး နောက်တစ်နှစ် အတွင်းတွင် နိုင်ငံခြားသားအဖြစ်ကိုစွန့်လွှတ်ကြောင်းနှင့် ပြည်ထောင်စုနိုင်ငံသားအဖြစ်တည်မြဲတည်စေရန် ရွေးချယ် ကြောင်း ကြေငြာခြင်းမပြုလျှင် ထိုသူသည် ထိုတစ်နှစ်ကုန်ဆုံးသောအခါ ပြည်ထောင်စုနိုင်ငံသားအဖြစ်မှ ရပ်စဲရမည်။
    (ခ) ပြည်ထောင်စုနိုင်ငံသားဖြစ်သော အဘမှ ပြည်ထောင်စုပြင်ပတွင် မွေးဖွားသောသူ။
    သို့ရာတွင် ဤအက်ဥပဒေအရ သတ်မှတ်သည့် နည်းလမ်းအတိုင်း သတ်မှတ်သည့်ကာလအတွင်းတွင် ပြည်ထောင်စု၏ သက်ဆိုင်ရာကောင်စစ်ဝန်ရုံးတွင် မွေးဖွားကြောင်းကို မှတ်ပုံတင်ခံရသူဖြစ်ရမည်။
    (ဂ) ပြည်ထောင်စုနိုင်ငံသားလည်းဖြစ်၍ ပြည်ထောင်စုနိုင်ငံအစိုးရအမှုကိုထမ်းနေဆဲဖြစ်သော မိဘတစ်ပါးပါးမှ ပြည်ထောင်စုပြင်ပတွင်မွေးဖွားသောသူ။
    သို့ရာတွင် ထိုသူ၏မိဘတစ်ပါးပါးသည် နိုင်ငံခြားသားဖြစ်ခဲ့သော် ထိုသူသည်အရွယ်ရောက်ပြီး နောက်တစ်နှစ် အတွင်းတွင် နိုင်ငံခြားသားအဖြစ်ကိုစွန့်လွှတ်ကြောင်းနှင့် ပြည်ထောင်စုနိုင်ငံသားအဖြစ်တည်မြဲတည်စေရန် ရွေးချယ် ကြောင်း ကြေငြာခြင်းမပြုလျှင် ထိုသူသည် ထိုတစ်နှစ်ကုန်ဆုံးသောအခါ ပြည်ထောင်စုနိုင်ငံသားအဖြစ်မှ ရပ်စဲရမည်။ လို့ ဖော်ပြထားပါတယ်။
    ၁၉၇၄-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့နိုင်ငံသားဖြစ်မှုကိုလေ့လာကြည့်မယ်ဆိုရင်…..
    ၁၉၇၄ ခုနှစ် ဇန္န၀ါရီလ(၃)ရက်နေ့မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပြီး အတည်ပြုပြဌာန်ခဲ့တာဖြစ်ပြီး၊ ၁၉၇၄-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာရှိတဲ့နိုင်ငံသားဖြစ်ခြင်းနဲ့ပတ်သက်ပြီးပုဒ်မ၁၄၅(က)(ခ)၊၁၄၆တို့မှာအခုလိုဖော်ပြထားပါတယ်။
    ပုဒ်မ-၁၄၅(က)။ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၏ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူအားလုံး သည် နိုင်ငံသားများဖြစ်သည်။
    (ခ)။ ဤဖွဲ့စည်းပုံ အခြေခံဥပဒေအတည်ပြုပြဌာန်းသည့်နေ့တွင် ဥပဒေအရနိုင်ငံသားဖြစ်ပြီးသူများသည် လည်း နိုင်ငံသားဖြစ်သည်။
    ပုဒ်မ-၁၄၆။ နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားပြုခြင်းနှင့်နိုင်ငံသားအဖြစ်မှရပ်စဲခြင်းတို့သည် ဥပဒေဖြင့်ပြဌာန်းသည့်အတိုင်း ဖြစ်စေရမည်။ လို့ဖော်ပြထားတာကိုတွေ့ရမှာဖြစ်ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါရှိတဲ့ နိုင်ငံသား ဖြစ်ခြင်းနဲ့ ဆိုင်တဲ့ သဘောသဘာဝတွေကတော့ သိပ်ကွဲလွဲမှုမရှိတာကိုတွေ့ရမှာဖြစ်ပါတယ်။
    ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါဝင်တဲ့ နိုင်ငံသားဖြစ်မှုကို ထုတ်နှုတ်တင်ပြရရင်
    ပုဒ်မ-၃၄၅။ အောက်ဖော်ပြပါ အရည်အချင်းတစ်ရပ်ရပ်နှင့်ပြည့်စုံသူများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားများ ဖြစ်ကြသည်။
    (က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တိုင်းရင်းသားမိဘနှစ်ပါးမှမွေးဖွားသူ၊
    (ခ) ဤဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုပြဌာန်းသည့်နေ့တွင် ဥပဒေအရနိုင်ငံသားဖြစ်ပြီးသူ။
    ပုဒ်မ-၃၄၆။ နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားပြုခြင်းနှင့် နိုင်ငံသားအဖြစ်မှရပ်စဲခြင်းတို့သည် ဥပဒေဖြင့် ပြဌာန်းသည့်အတိုင်း ဖြစ်စေရမည်။
    ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကတော့ စစ်မှန်တဲ့လွှတ်တော်မရှိသေးတဲ့ တစ်ပါတီအာဏာရှင်စနစ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ပြဌာန်းခဲ့တဲ့ဥပဒေဖြစ်တာဖြစ်ပြီး နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့ မကိုက်ညီတဲ့ဥပဒေဖြစ်ပါတယ်။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကိုတော့ လူ့အခွင့်အရေးသမားတွေရော၊ နိုင်ငံတကာပညာရှင်တွေကပါ အဝေဖန် ဆုံးနဲ့ ကမ္ဘာပေါ်မှာအဆိုးရွားဆုံးနိုင်ငံသားဥပဒေလို့တောင် ကင်ပွန်းတပ်ကြပါတယ်။ ဒီ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေဟာ တတ်သိပညာရှင်တွေအားလုံး ပါဝင်ဆွေးနွေးတိုင်ပင်ပြီး ရေးဆွဲထားတဲ့ဥပဒေမဟုတ်သလို၊ လူထုရွေးချယ် တင်မြောက်ထားတဲ့ ကိုယ်စားလှယ်တွေပါဝင်တဲ့ လွှတ်တော်က အတည်ပြုပြဌာန်းထားတာ မဟုတ်ဘဲ၊ တစ်ပါတီ အာဏာရှင်စနစ်၊ မဆလခေတ်၊ လက်ညှိုးထောင်ခေါင်းညိတ်ပြီး ရေးဆွဲပြဌာန်းထားတဲ့ဥပဒေသာဖြစ်တယ်။ လူသားတန်ဖိုး၊ လူ့ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးဆိုတာတွေကို ထဲ့သွင်းစဉ်းစားအခြေခံပြီး ရေးဆွဲထားတာမဟုတ်ဘဲ အာဏာရှင်တို့စိတ်ကြိုက် ရည်ရွယ်ချက်ရှိရှိရေးဆွဲထားတဲ့ဥပဒေသာဖြစ်တယ်။
    ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို ၁၉၈၂ ခုနှစ်၊ အောက်တိုဘာလ(၁၅)ရက်နေ့မှာ ပြည်သူ့လွှတ်တော် ဥပဒေ အမှတ်(၄)ဖြင့် ပြဌာန်းခဲ့ပြီး အခန်း ၈ ခန်း၊ ပုဒ်မပေါင်း ၇၆ ခု၊ ပုဒ်ခွဲပေါင်းများစွာနဲ့ အတည်ပြုခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက တရားမျှတမှုရှိရမယ်၊ လူတိုင်းတန်းတူညီမျှမှုရှိရမယ်လို့ပြဆိုထားပေမယ့် ၁၉၈၂ မြန်မာ နိုင်ငံသားဥပဒေဟာ တရားမျှတမှုနဲ့ တန်းတူညီမျှမှုတွေကို မတွေ့ရတဲ့အတွက် ညီညွတ်မှုမရှိတာကိုတွေ့ရပါတယ်။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေမှာ အငြင်းပွားစရာတွေ၊ ဆွေးနွေးစရာတွေ၊ ပြဿနာဖြစ်နိုင်စရာတွေ ပါဝင်နေတဲ့ အတွက် အဲဒီဥပဒေကို ဖျက်သိမ်းပေးဖို့၊ အသစ်ရေးဆွဲပေးဖို့၊ ပြန်လည်ပြင်ဆင်ပေးဖို့၊ နိုင်ငံတကာနိုင်ငံသားဥပဒေတို့ရဲ့ စံချိန်စံညွှန်းနဲ့ကိုက်ညီဖို့ဆိုတဲ့ တောင်းဆိုမှုတွေလည်းရှိနေပါတယ်။
    ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို လေ့လာကြည့်တဲ့အခါမှာတော့ မြန်မာနိုင်ငံသားအဖြစ်ရပိုင်ခွင့်ရှိဖို့ အခုလို တွေ့ရပါတယ်။
    ပုဒ်မ-၇။ နိုင်ငံတော်အတွင်း၌ဖြစ်စေ၊ နိုင်ငံတော်ပြင်ပ၌ဖြစ်စေ မွေးဖွားသည့်အောက်ပါသူတို့သည်လည်း နိုင်ငံသား ဖြစ်သည်။
    (က) နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားလာကြသူများ၊
    (ခ) နိုင်ငံသားနှင့် ဧည့်နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားကြသူများ၊
    (ဂ) နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူမိဘနှစ်ပါးမှ မွေးဖွားသူများ၊
    (ဃ) ဧည့်နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသောသားသမီးများနှင့် နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားလာကြသူများ၊
    (င) နိုင်ငံသားပြုခွင့်ရသူမိဘနှစ်ပါးမှ မွေးဖွားသောသားသမီးများနှင့် နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူမိဘနှစ်ပါးမှ မွေးဖွားသူများ၊
    (စ) ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှမွေးဖွားလာသောသားသမီးများနှင့် နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူမိဘနှစ်ပါးမှမွေးဖွားကြသူများ၊ လို့ ဖော်ပြထားတာကို ကြည့်ခြင်းအားဖြင့် နိုင်ငံသားဖြစ်မှုဟာ နိုင်ငံသားအပေါ်အဓိကအခြေခံပြီး ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူတို့နဲ့ ဆက်စပ်ထားတာကိုတွေ့ရပါတယ်။
    အထက်မှာဖော်ပြခဲ့တဲ့ နိုင်ငံသားဥပဒေတွေကိုလေ့လာကြည့်ခြင်းအားဖြင့် နိုင်ငံသားဖြစ်ခြင်းကို လူတစ်ဦးချင်း ရပိုင်ခွင့်လို့မမြင်ဘဲ၊ အရည်အချင်းကိုလိုက်ပြီးဆုံးဖြတ်တာမျိုးမဟုတ်ဘဲ၊ သွေးအပေါ်အခြေခံမှု တနည်းပြောရရင် ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်ဖြစ်သလဲဆိုတဲ့အချက်ပေါ်မှာအခြေခံပြီး ဆုံးဖြတ်နေတယ်ဆိုတာကိုတော့ ၁၉၈၂ နိုင်ငံသားဥပဒေရဲ့ ၀ိသေသလက္ခဏာက သက်သေခံနေပါတယ်။ ဒါဟာ အမျိုးသားနိုင်ငံထူထောင်ချင်သူတွေ အုပ်ချုပ်တဲ့တိုင်းပြည်တွေမှာ တွေ့ရတတ်တဲ့လုပ်နည်းလုပ်ဟန်တွေ၊စဉ်းစားတွေးခေါ်ပုံတွေဖြစ်တဲ့ တစ်ပါတီ အာဏာရှင်စနစ်ရဲ့ ရည်ရွယ်ချက်ရှိရှိလုပ်ရပ်တွေဆိုတာထင်ရှားပါတယ်။ တိုင်းပြည်တစ်ပြည်ရဲ့ အမျိုးသားရေး သီးခြားအမှတ် လက္ခဏာတစ်ရပ်ကို လူမျိုးတစ်မျိုး၊ ဘာသာတစ်ခုတည်းအပေါ်မှာ အခြေခံတည်ဆောက်ခြင်း ဖြစ်တယ်။ မြန်မာနိုင်ငံလို တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ စုဝေးနေထိုင်တဲ့ တိုင်းပြည်တစ်ခုမှာ လူမျိုးတစ်မျိုး၊ ဘာသာတစ်ခုအပေါ်မှာမူတည်ပြီး နိုင်ငံသားဖြစ်မှုသတ်မှတ်ခြင်းဟာ လူမျိုးကြီး စိတ်ဓာတ်ရဲ့ပြယုဂ်ဖြစ်သလို၊ မိမိမနှစ်သက်တဲ့လူမျိုးတွေ၊ အဲဒီလူမျိုးသွေးပါဝင်သူတွေ၊ မိမိနဲ့ကိုးကွယ်ယုံကြည်မှု မတူတဲ့ဘာသာဝင်တွေကို ခွဲခြားဆက်ဆံလိုခြင်း၊ တရားမျှတမှုမပေးလိုခြင်း၊ တန်းတူညီမျှမခံစားစေလိုခြင်းတို့အပြင် အဆုံးစွန်အနေနဲ့ လုံးဝမောင်းထုတ်ချင်ကြတဲ့စိတ်ဓာတ်တွေပြည့်နှက်နေတဲ့ အာဏာရှင်တို့ရဲ့အတွင်းရောဂါလက္ခဏာ တွေပဲဖြစ်ပါတယ်။
    ပြည်ထောင်စုမြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ်၊ ဇန္န၀ါရီလ(၄)ရက် (လွတ်လပ်ရေးနေ့)ကျမှသာ စတင်ပေါ်ပေါက် လာတယ်ဆိုတာကို မမေ့ကြဖို့လိုပါတယ်။ လွတ်လပ်ရေးမရခင်က မြန်မာနိုင်ငံမှာ လူမျိုးစုံ ဘာသာစုံနေလာခဲ့ကြပြီး ဖြစ်ပါတယ်။ တစ်ချိန်က နိုင်ငံသားဆိုတာထက်စာရင် ရှင်ဘုရင်နဲ့ကျေးကျွန်ဆိုတဲ့သဘောမျိုးသာ ရှိခဲ့တာဖြစ်ပြီး၊ ရှင်ဘုရင်တွေဟာ သူတို့အပေါ်သစ္စာစောင့်သိသူတွေကို သူ့မြေပေါ်မှာနေထိုင်ခွင့်ပေးခဲ့တာဖြစ်တယ်။ မြန်မာနိုင်ငံသား ဆိုတာ ခေတ်သစ်မြန်မာနိုင်ငံရယ်လို့ ထူထောင်တော့မှသာ ပြောဆိုဆွေးနွေးစရာဖြစ်လာတာပါ။
    နိုင်ငံတော်ဆိုတာ နိုင်ငံသားတွေမရှိဘဲ ထူထောင်လို့မရနိုင်ပါ။ နိုင်ငံတော်ဟာ နိုင်ငံသားတွေကို အဓိကအခြေ မခံဘဲ နိုင်ငံတော်အဖြစ်ရပ်တည်နိုင်ခြင်းမရှိပါ။ နိုင်ငံတော်မှာ နိုင်ငံသားတွေကိုဖယ်ထုတ်လို့လည်း မရနိုင်ပါ။ နိုင်ငံသားတွေကို ဖယ်ထုတ်လို့မရနိုင်သလို နိုင်ငံသားကိုအခြေခံပြီး ဖန်တီးရတဲ့နိုင်ငံဖြစ်တာမို့ နိုင်ငံတော်နဲ့ နိုင်ငံသား ဆိုတာ တိုက်ရိုက်ဆက်နွယ်လျှက်ရှိပါတယ်။ နိုင်ငံတော်ရှိရင်နိုင်ငံသားရှိရပါမယ်။ နိုင်ငံသားရှိမှလည်း နိုင်ငံတော် ဆိုတာရှိမှာပါ။ ဒါကြောင့် နိုင်ငံတစ်နိုင်ငံရဲ့ရပ်တည်မှုဟာ နိုင်ငံသားများရဲ့တည်ရှိမှုအပေါ်မှာ အဓိကတိုက်ရိုက် သက်ဆိုင်ပါတယ်။ နိုင်ငံသားတွေကလည်း နိုင်ငံသားဖြစ်မှုအပေါ်မှာ အဓိကအခြေခံရတဲ့အတွက် တိုင်းရင်းသား ပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံနေထိုင်တဲ့မြန်မာနိုင်ငံမှာ ဒီမိုကရေစနစ်ကို အသွင် ကူးပြောင်းဖော်ဆောင်ဖို့အတွက် နိုင်ငံသားမဖြစ်ရင်၊နိုင်ငံတော်ဟာဥပဒေအရတောင့်တင်းတဲ့နိုင်ငံဖြစ်မှာ မဟုတ်ပါဘူး။
    ဒီမိုကရေစီအသွင်ကူးပြောင်းနေတဲ့နိုင်ငံတစ်ခုအနေနဲ့ အရေးတကြီးဆောင်ရွက်ရမယ့်လုပ်ငန်းကတော့ နိုင်ငံသားဖြစ်မှုအခွင့်အရေးတွေကို နိုင်ငံသားအားလုံးက ခွဲခြားဘေးဖယ်ထုတ်ခံရမှုမရှိဘဲ ရရှိခံစားနိုင်ဖို့ပဲဖြစ်ပါတယ်။ နိုင်ငံသားဖြစ်မှုအခွင့်အရေးတွေဖြစ်တဲ့ ဥပဒေအခွင့်အရေးတွေ၊ နိုင်ငံရေးအခွင့်အရေးတွေနဲ့ လူမှုစီးပွားအခွင့်အရေး တွေကို နိုင်ငံသားအားလုံးက တန်းတူခံစားပိုင်ခွင့်ရှိရမှာဖြစ်ပါတယ်။ ဒါ့အပြင် လွှမ်းမိုးကြီးစိုးထားတဲ့ လူများစု တစ်ခုတည်းရဲ့ အမျိုးသားအမှတ်လက္ခဏာကိုသာမက ကျန်လူနည်းစုလူမျိုးစုတွေရဲ့ အမျိုးသားအမှတ်လက္ခဏာတွေ ကိုလည်း ထိန်းသိမ်းခွင့်ပြုရမှာဖြစ်ပါတယ်။ ဒါမှလည်း လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ လူ့အဖွဲ့ အစည်းဖြစ်ထွန်းလာမှာဖြစ်ပြီး နိုင်ငံသားဖြစ်မှုအခွင့်အရေးတွေကို တန်းတူညီမျှခံစားနိုင်မှာဖြစ်ပါတယ်။ တကယ်လို့သာ လူ့အဖွဲ့အစည်းဟာ အစွန်းရောက်အမျိုးသားရေးဝါဒီတွေ၊ ဘာသာရေးအစွန်းရောက်တွေ၊ လူမျိုးကြီးဝါဒအစွန်းရောက် တွေ၊ ဥပဒေအထက်ကအခွင့်ထူးခံလူနည်းစုတွေနဲ့ အာဏာရှင်စနစ်ဆိုးရဲ့လက်ကျန်ဝါဒီတွေ လွှမ်းမိုးကြီးစိုးနေမှုတွေ ဆက်လက်လွှမ်းမိုးနေအုံးမယ်ဆိုရင်တော့ နိုင်ငံသားဖြစ်မှုအခွင့်အရေးတွေဟာ ဝေးကွာနေအုံးမှာဖြစ်ပြီး၊ ဒီမိုကရေစီ စနစ်အသွင်ပြောင်းဖော်ဆောင်နေခြင်းဟာလည်း အိပ်မက်ဆန်တဲ့အတွေးစိတ်ကူးတွေသာ ဖြစ်နေပါလိမ့်မယ်။
    အခုလို ဒီမိုကရေစီကိုပြောင်းလဲဖော်ဆောင်နေတဲ့အချိန်မှာ ဒီမိုကရေစီရဲ့စံချိန်စံညွှန်းတွေနဲ့အညီ နိုင်ငံသား ဆိုတာကို ရွေးချယ်သတ်မှတ်ကြဖို့လိုပါတယ်။ လူတစ်ဦးချင်းရပိုင်ခွင့်လို့မြင်ပြီး နိုင်ငံသားဖြစ်ခွင့်သတ်မှတ်ရပါမယ်။ နိုင်ငံခြားသားမဟုတ်သူတွေကို နိုင်ငံသားအဖြစ်စိစစ်ပြီး အသိအမှတ်ပြုပေးရပါမယ်။ နိုင်ငံတွင်းမှာ နိုင်ငံသားကို တစ်မျိုးတစ်စားတည်းသတ်မှတ်ပြီး၊ နိုင်ငံခြားသားတွေကိုလည်း နိုင်ငံသားပြုခွင့် အသိအမှတ်ပြုသင့်ရင် ဥပဒေနဲ့အညီ အသိအမှတ်ပြုပေးရပါမယ်။ ဘယ်သွေးပါသူတွေ၊ ဘယ်လူမျိုးဖြစ်သူတွေလဲဆိုတာကိုကြည့်ပြီး နိုင်ငံသားအဖြစ် သတ်မှတ်မယ့်အစား ဒီမြေပေါ်မှာ ခေတ်အဆက်ဆက်နေလာခဲ့သူတွေက ဆင်းသက်လာသူတွေ၊ တိုင်းကျိုးပြည်ကျိုး သယ်ပိုးသူတွေ၊ တိုင်းပြည်အပေါ်သစ္စာစောင့်သိရိုသေသူတွေ၊ တိုင်းပြည်ရဲ့ဥပဒေတွေကို လေးစားလိုက်နာသူတွေ၊ တိုင်းပြည်ကိုသံယောဇဉ်ရှိသူတွေဖြစ်မယ်ဆိုရင် ဒီနိုင်ငံရဲ့နိုင်ငံသားအဖြစ် အသိအမှတ်ပြုလက်ခံပေးတာက ဒီမိုကရေစီ စနစ်နဲ့ အဆီလျော်ဆုံးစိတ်နေသဘောထားဖြစ်မှာပါ။ ဒီလိုမှမဟုတ်ဘဲ သွေးအပေါ်မှာအခြေခံပြီး ဆုံးဖြတ်မယ်ဆိုရင် တော့ အရည်အချင်းရှိသူတွေဟာ တစ်ခြားတိုင်းပြည်တွေမှာရောက်ပြီး၊ တိုင်းပြည်ရဲ့အခြေခံလူသားအရင်းအမြစ်တွေ၊ တိုင်းပြည်ရဲ့အင်အားတွေ လက်လွတ်ဆုံးရှုံးပြီး၊ ညံ့ဖျင်းတဲ့သူတွေပဲ နိုင်ငံသားအဖြစ် တိုင်းပြည်တွင်းမှာကျန်ရစ်ခဲ့မယ် ဆိုရင် တိုင်းပြည်ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်တည်ဆောက်တဲ့နေရာမှာ အခက်အခဲတွေ၊ အကြပ်အတည်းတွေ၊ အဟန့်အတား အနှောက်အယှက်တွေကြောင့် တိုင်းပြည်ရဲ့အရွေ့ဟာ နှောင့်နှေးကြန့်ကြာနိုင်ပါတယ်။
    ဒါကြောင့်မို့ မြန်မာနိုင်ငံရဲ့နိုင်ငံသားဖြစ်မှုသတ်မှတ်တဲ့နေရာမှာ အမြှော်အမြင်ကြီးကြီးနဲ့ ကြောင်းကျိုး ညီညွတ်စွာ၊ ဒီမိုကရေစီစံချိန်စံညွှန်းနဲ့အညီ လူသားတန်ဖိုး၊ လူ့ဂုဏ်သိက္ခာကို ထည့်သွင်းစဉ်းစားပြီး နိုင်ငံသားဖြစ်မှုကို သတ်မှတ်ဖို့လိုပါတယ်။ တိုင်းပြည်တွင်းမှာရှိတဲ့ လူအသီးသီး၊ လူမျိုးအသီးသီး၊ ဘာသာအသီးသီး အခွင့်အရေးတန်းတူ မရသေးသမျှကာလပတ်လုံး စစ်မှန်တဲ့မိုကရေစီလို့ အမည်တပ်လို့မရနိုင်ပါဘူး။
    လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းက ဒီမိုကရေစီနဲ့ပတ်သက်ပြီး ”ဒီမိုကရေစီဆိုတိုင်း ဒီမိုကရေစီတာ မဟုတ်ဘူး။ ဒီမိုကရေစီခေတ်စားလာတဲ့အခါမို့ ရောယောင်သံဖမ်းပြီး ပြောကြတာတွေလည်း အများကြီးဘဲ။ ဒါဖြင့် ဒီမိုကရေစီဆိုတာဘာလဲ။ လူလူချင်း၊ လူတန်းစားအချင်းချင်း၊ လူမျိုးအချင်းချင်း အစရှိသည် အားဖြင့် အခွင့်အရေးတန်းတူ ကျပ်ပြည့်တင်းပြည့်မရှိသမျှကာလပတ်လုံး ဒီမိုကရေစီ ကျပ်ပြည့်တင်းပြည့် မဟုတ် သေးဘူး။ လူမျိုး၊ ဘာသာ၊ လိင်မရွေး တိုင်းပြည်ကြီးသားတိုင်း ရသင့်ရထိုက်တဲ့အခွင့်အရေးတွေပါရမယ်။ လူမျိုးရေး အရ ကွဲပြားခြားနားတဲ့ လူများစု၊လူနည်းစုကိစ္စတွေမှာတော့ လူများစုလူမျိုးစုက လူနည်းစုလူမျိုးတွေအပေါ် လွှမ်းမိုးမှု မရှိစေမှ၊ ဒီမိုကရေစီမှန်မယ်။ မြင့်မြတ်တဲ့လွတ်လပ်ရေးဆိုတာ လွတ်လပ်စွာဘာသာတရားကိုးကွယ်နိုင်မှု၊ လွတ်လပ်စွာ ဘာသာတရားကို ကာလဒေသမရွေး ဟောပြောနိုင်မှု၊ ကြောက်ရွံ့စိုးရိမ်ပူပန်ခြင်းမှ ကင်းလွတ်မှု၊ လူအ လူနဘ၀မှ လွတ်မြောက်မှု့တို့ဖြစ်တယ်။ လူမျိုးအရ၊ ဘာသာအရ၊ လိင်အရအခွင့်အရေးခွဲခြားမှုနှိမ့်ချမှုတွေကို ဥပဒေအရ ပယ်ဖျက်ပြီး၊ ဒီလို နှိမ့်ချတာမျိုးတွေ့ရင် ဥပဒေအရအပြစ်ပေးတာမျိုးတောင်စီမံရမယ်။ ဒါမှဒီမိုကရေစီ ပီသမယ်” လို့ မိန့်ချွေခဲ့တာကိုလည်း နှလုံးသွင်းကျင့်သုံးမှသာ ဒီမိုကရေစီစံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှာဖြစ်ပါတယ်။
    ဒါမှသာ ဒီမိုကရေစီနိုင်ငံတစ်ခုအတွက် အရေးကြီးဆုံးအတွေးအခေါ်တစ်ရပ်ဖြစ်တဲ့ အမျိုးသားရေးသီးခြား အမှတ်လက္ခဏာတစ်ရပ်နဲ့ ဆက်နွယ်မှုမရှိတဲ့နိုင်ငံသားဖြစ်မှု၊ ဒီမိုကရေစီစနစ်နဲ့ လိုက်လျောညီထွေတဲ့နိုင်ငံသားဖြစ်မှု တစ်ရပ်ဖော်ဆောင်နိုင်မှာဖြစ်ပြီး နိုင်ငံသားအားလုံးရဲ့စည်းလုံးညီညွတ်တဲ့အင်အားတွေနဲ့ စစ်မှန်တဲ့ဒီမိုကရေစီကို အရှိန် အဟုန်ပြင်းပြင်း ပြောင်းလဲနိုင်မှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
    ကိုးကား။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေများ၊ မြန်မာနိုင်ငံသားဥပဒေ၊ လူ့အခွင့်အရေးနှင့်ဒီမိုကရေစီဂျာနယ်များ။
    မင်းမျိုးဝင်း|ရန်ကုန်တက္ကသိုလ်|
  • “သဟဇာတ ဖြစ်စွာ အတူနေထိုင်ရေး ပညာပေး” ခရီးနီးပါ့မလား ?
    “သဟဇာတ ဖြစ်စွာ အတူနေထိုင်ရေး ပညာပေး” ခရီးနီးပါ့မလား ?
    မတ်လ ၄  ၂၀၁၇
    ကျော်မိုးအောင်ရေးသည်။
    မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် သဟဇာတဖြစ်ရေးအတွက် အရပ်ဖက်အဖွဲ့ စည်းများနှင့် ဘာသာပေါင်းစုံ ဆွေးနွေးပွဲ 30.3.2013 (ဓါတ်ပုံ-Myanmar Peace Center)
    NGO တစ်ခုက ရေးသားထားပြီး အချို့ဒေသတွေ ဘုန်းတော်ကြီးသင်စာသင်ကျောင်းတွေမှာ pilot စမ်းသပ်ထားပြီးဖြစ်တဲ့ ပြည်သူ့နီတိ သင်ရိုးသစ်ကို မြန်မာပြည် လက်ရှိအနေအထားမှာ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုသူရော၊ မကြိုက်တဲ့သူ ကန့်ကွက်တဲ့သူတွေပါ ရှိမှာပါ။ အောင်မြင်ပါ့မလားတောင် စိုးရိမ်စရာ။
    ပညာရေးလောကသား ကျောင်းဆရာတစ်ယောက် အနေနဲ့ နိုင်ငံတကာ သင်ရိုးတွေ လေ့လာဖြစ်ပါတယ်။ ဥပမာအားဖြင့် စင်္ကာပူ မူလတန်း သင်ရိုးညွှန်းတမ်းမှာ လူမှုရေးဘာသာရပ်ရဲ့ သင်ခန်းစာက Our Neighbor ဆိုတဲ့ ခေါင်းစဉ်နဲ့ ကိုယ့်ပတ်ဝန်းကျင်က လူတွေအကြောင်း၊ သူတို့တွေ ဘာ လုပ်ကြတယ် … ဘယ်လို ပွဲလမ်းသဘင်တွေရှိတယ် … သူတို့ အခြေခံ ခံယူချက်က ဘာတွေ ဆိုတာကို ကာတွန်းလေးတွေ ပုံပြင်လေးတွေနဲ့ သင်ကြားပေးတာပါ။ တရုတ်နှစ်သစ်ကူးပွဲအကြောင်း … တရုတ်လူမျိုးတို့ရဲ့ ရိုးရာအစဉ်အလာ စတာတွေ၊ ဟိန္ဓူတို့အကြောင်း … ဒီပါဝလီပွဲကို သွားလည်ကြတဲ့အကြောင်း စတာတွေ၊ ခရစ်ယာန်တို့ရဲ့ အခြေခံ ဓလေ့တွေ … ခရစ္စမတ်ပွဲတော်ကျင်းပပုံတွေ၊ ပြီးတော့ မွတ်စလင်မ်တို့ကြောင်း … ဥပုသ်လ ဝါကျွတ်အီးဒ်ပွဲတော်မှာ မုန့်စားကြတာတွေ အစရှိသည်ဖြင့် သင်ပေးတာပါ။ Social Harmony ဖြစ်စေရေးအတွက်ပါ။
    အင်္ဂလန်ပညာရေးမှာ အခြေခံကတည်းက ဘာသာတရားများအကြောင်း လေ့လာသင်ယူခြင်းက ဘာသာရပ်တစ်ခု ပါ ပါတယ်။ ဘာသာတရားတွေ ထွန်းကားလာပုံ၊ ဘာသာတရားတို့ရဲ့ အခြေခံ ခံယူချက်တွေ၊ ဘာသာတရား အသီးသီး ပေါ်ထွန်းလာပြီးနောက် ဘယ်လိုဘယ်ပုံ အကျိုးရှိပုံတွေအကြောင်းကို လူမှုဗေဒဘာသာရပ်တစ်ခုအနေနဲ့ ပထဝီ သမိုင်းတို့ကိုပါ အခြေခံလို့ လေ့လာသင်ယူခွင့် ငယ်စဉ်ကတည်းက ရခဲ့ကြတာပါ။ မူလတန်းက စလို့ အထက်တန်းအထိ သင်ရိုးညွှန်းတမ်းမှာ ပါသလို တက္ကသိုလ်အဆင့်မှာလည်း ဆက် လေ့လာလို့ ရပါသေးတယ်။
    ဂျပန် သင်ရိုးညွှန်းတမ်းမှာလည်း သင်ရကြောင်း၊ သူတို့ ငယ်ငယ်ကတည်းက ကျောင်းမှာ သင်ခဲ့ရလို့ ဘယ်ဘာသာတရားက ဘယ်လို ကျင့်သုံးကြတယ် ဆိုတာ သိနေတယ်ဆိုတဲ့အကြောင်း ဂျပန် မိတ်ဆွေများ ပြောပြလို့ သိရပါတယ်။
    ဥပမာတွေ ပြောပြတာပါ။
    ဘာသာရေးကို သင်ပေးနေတာမဟုတ်ပါ … ဘာသာတစ်ခုအကြောင်း သင်ပေးနေတာ မဟုတ်ပါ။ ဘာသာတရား ဆိုတာ ဒီလိုတွေ ရှိပါလား ဆိုတာရယ် .. ကိုယ့်ပတ်ဝန်းကျင်က ကိုယ်နဲ့ မတူသူတွေအကြောင်း တစေ့တစောင်း သိခွင့်ရထားတာရယ် စတာတွေက ပတ်ဝန်းကျင်မှာ သဟဇာတ ဖြစ်စေရေးအတွက် အရေးတကြီး လိုအပ်ချက်တွေပါ။
    မဟုတ်လည်း ဒါတွေ ကြားရမှာပဲ … မဟုတ်မမှန် ပုံပျက်ပန်းပျက် ဖြစ်နေတဲ့ လိုရာပုံဖော်ထားတဲ့ အမှား တွေကို ကလေးတွေကို ပေးသိမလား … စနစ်တကျနဲ့ ကိုယ်စားပြုနိုင်တဲ့ (authentic ဖြစ်တဲ့) အရှိတရားကို ပေးသိမလား … ဘယ်ဟာက ပို သင့်တော်မလဲ စဉ်းစားကြည့်နိုင်ပါတယ်။
    နုနယ်တဲ့ကလေးတွေကို အရောင်အဆင်း ကင်းမဲ့ပြီး အဖြူထည်လေးတွေပဲ ဖြစ်စေချင်ရင် မှန်ကန်တဲ့ အသိ ပေးဖို့ အင်မတန် အရေးကြီးပါတယ်။ မဟုတ်ရင် မိမိ သက်ဆိုင်ရာ ဘာသာအသီးသီးက ခေါင်းဆောင်များ ဆရာသမားများက ကိုယ့်ချင်းကိုယ် ပြောမယ့် ဝါဒမှိုင်းတိုက်ထားတဲ့ သူများမကောင်း ငါတို့ကောင်း၊ ငါတို့က အမြဲတမ်း ခံနေရ ဆိုတဲ့ မှိုင်း ဝင်ပါတယ် (ဘယ် ဘာသာဝင် မဆိုပါ။) ဒါမှမဟုတ်လည်း Facebook လို ဆိုရှယ်မီဒီယာမှာ၊ တခြား မီဒီယာစုံမှာ ဖွသမျှ အဟုတ်ထင်ကြပါမယ်။ အဲဒါကို ရှောင်နိုင်ဖို့က ဘယ်ဘက်ကိုမှ ဘက်မလိုက်ဘဲ academic ဆန်ဆန် ပညာသင်ယူခြင်းကနေ ရနိုင်ပါမယ်။
    နောက်တစ်ပိုင်းက ဒီအကြောင်းအရာတွေ ထည့်သွင်း ပြဋ္ဌာန်းရေးဆွဲမယ်ဆိုပြီးဖြစ်လာတာ ခုအစိုးရသစ်လက်ထက် မနေ့တနေ့ကမှ မဟုတ်ပါ။ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ခုနှစ်မှာ ပြည်တွင်းပဋိပက္ခအချို့ ဖြစ်အပြီးမှာ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် သဟဇာတဖြစ်ရေးအတွက် ဘာသာတရားအသီးသီးမှ ခေါင်းဆောင်များ၊ အရပ်ဖက် လူ့အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊ ပညာရှင်များ ပါဝင်တဲ့ ဘာသာပေါင်းစုံ ဆွေးနွေးပွဲ တစ်ရပ်ကို ၂၀၁၃ ခုနှစ် မတ်လ ၃၀ရက် နေ့လယ် ၂နာရီက ရန်ကုန် Myanmar Peace Center ရုံးခန်းမှာကျင်းပခဲ့ပါတယ်။
    အဲဒီမှာ သီတဂူ ဆရာတော်ကြီးတို့ကိုယ်တိုင် သဝဏ်လွှာပေးပို့၊ တက်ရောက်သူ ရဟန်းရှင်လူအားလုံး သဘောတူညီစွာနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့တာက ရေရှည်ကုစားနိုင်ရေးအတွက် စီမံချက်အနေနဲ့ မြန်မာပြည်က အခြေခံ ပညာသင်ခန်းစာ သင်ရိုးညွှန်းတမ်းမှာ ဘာသာကြီးလေးခုအကြောင်း သဟဇာတဖြစ်စေမယ့် သင်ခန်းစာများကို သိမှတ်စရာ ဗဟုသုတအနေနဲ့ ထည့်သွင်းသင်ကြားဖို့ပါ။
    အဲဒီကြေညာချက်ထဲက အမှတ် (၁၀)မှာ ဒီလို ပြောခဲ့တာပါ။
    “(၁၀) ဘာသာပေါင်းစုံ အတူတကွ ယှဉ်တွဲနေထိုင်နိုင်ရေးနှင့် ပတ်သက်သည့် ပညာပေး ဆွေးနွေးမှုများနှင့်ကျောင်းသင်ခန်းစာများတွင် ထည့်သွင်းသင်ကြားနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားရန် သဘောတူသည်။”
    အဲဒီ ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက ချခဲ့တဲ့ဆုံးဖြတ်ချက်အတိုင်း စမ်းသပ်စီမံကိန်းများ အကောင်အထည်ဖော်နေခဲ့တာပါ။
    လက်ရှိ ပြဋ္ဌာန်းစာအုပ်များကို ရေးဆွဲတဲ့ အဖွဲ့ကလည်း ဦးသိန်းစိန်အစိုးရလက်ထက် နိုင်ငံတော် သမ္မတအကြံပေး ဒေါက်တာကျော်ရင်လှိုင်တို့ ဦးဆောင်တဲ့ CDNH ဆိုတဲ့ “ကွဲပြားခြားနားမှုနှင့် အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့” ကနေပါ။ သူတို့ နှစ်နဲ့ချီ သုတေသန လုပ်ထားတာကို အဆိုပြုတာပါ။
    လက်တွေ့ အကောင်အထည် ဖော်နိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာပါပဲ။ ပညာရေးလောကသား တစ်ယောက်အနေနဲ့တော့ ဖြစ်စေချင်မိပါတယ်။ အမျိုးသား ရင်ကြားစေ့ရေးအတွက် လိုအပ်ချက်တစ်ခု လို့ ရိုးသားစွာ မြင်မိပါတယ်။
    ref:
    မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် သဟဇာတဖြစ်ရေးအတွက် အရပ်ဖက် လူ့အဖွဲ့အစည်းများနှင့် ဘာသာပေါင်းစုံဆွေးနွေးပွဲ ပူးတွဲကြေညာချက် Link
  • “လှုံ့ဆော်တာနဲ့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူလို့ရတယ်”
    “လှုံ့ဆော်တာနဲ့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူလို့ရတယ်”
    တရားလွှတ်တော်ရှေ.နေ ဦးကြီးမြင့်။ (ဓာတ်ပုံ-Myanmar Now)
    ဆွေဝင်း/ Myanmar Now
    ရန်ကုန် (Myanmar Now)—ဦးကိုနီကိုလုပ်ကြံမှုနဲ့ ပတ်သက်သူတွေကို ပြည်ထဲရေးဝန်ကြီးဌာနတာဝန်ရှိသူများက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ တို့နဲ့ စွဲချက်တင်ဖို့ ပြင်ဆင်နေတယ် လို့ မကြာသေးမီပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့ပါတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ အရေးမယူတာကို မီဒီယာကမေးရာမှာ ဒီဥပဒေနဲ့ အရေးမယူဘူးဆိုတာ မနှစ်နှောင်ပိုင်းကဖြစ်သွားတဲ့ ရခိုင်ပြည်နယ်မောင်တော ရဲကင်းစခန်းများဝင်ရောက်တိုက်ခိုက်တဲ့ကိစ္စ၊ ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲကိစ္စတွေမှာတောင် အကြမ်းဖက်မှုဥပဒေကို မသုံးခဲ့ကြောင်း၊ ဒါ့ကြောင့် လူတစ်ဦးတည်းသာသေဆုံးတဲ့ ဦးကိုနီကိစ္စကိုလည်း အကြမ်းဖက်မှုပုံစံနဲ့ မကိုင်တွယ်ရခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောခဲ့ပါတယ်။ ဦးကိုနီလုပ်ကြံမှုဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အကျုံးဝင်ပါသလား၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူခဲ့မယ်ဆိုရင် ဘာတွေဖြစ်လာမလဲ၊ တရားရုံတင် စစ်ဆေးတဲ့အခါမှာရော အခုစွဲချက်တင်မယ့် ပုဒ်မတွေကို အပြောင်းအလဲဖြစ်သွားနိုင်မလားဆိုတာကို အသက် ၇၂ နှစ်အရွယ်ရှိ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကို Myanmar Now က သွားရောက်မေးမြန်းခဲ့ပါတယ်။ ဦးကြီးမြင့်ဟာ ၁၉၇၀ ခုနှစ်၊ ၁၉၇၄ ခုနှစ်၊ ၁၉၇၉ ခုနှစ်၊ ၁၉၈၂ ခုနှစ်၊ ၁၉၈၈ ခုနှစ်တို့မှာ နိုင် ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးခံရခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်ပြီးတော့ ပြည်ထောင်စုရှေ့နေများနဲ့ ဥပဒေအထောက် အကူပြုအဖွဲ့မှာ ယာယီဥက္ကဌအဖြစ် ဆောင်ရွက်နေသူတဦးဖြစ်ပါတယ်။
    မေး။ ။ ဦးကိုနီအမှုမှာ လူသတ်မှုပုဒ်မ ၃၀၂ လို ရာဇ၀တ်မှုနဲ့ အရေးယူတယ်။ ဒါဟာလုံလောက်တဲ့ စွဲချက်တွေလို့ ဆရာထင်လား။
    ဖြေ။ ။ မမှန်ဘူး။ ဘာဖြစ်လို့လဲဆိုရင် ဒီ ၃၀၂ ဆိုတာက သာမန်လူသတ်မှုပဲလေ။ ဒီ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေက ၂၀၁၄ ခုနှစ်ကျမှပေါ်တာ။ ဘာလို့ပေါ်ရလဲဆိုတော့ ရှိနေတဲ့ဥပဒေနဲ့ မလုံလောက် တော့ဘူး။ အကြမ်းဖက်တာကြီးက တအားကိုခေတ်မီလာပြီးတော့၊ အုပ်စုနဲ့ ဂိုဏ်းနဲ့ဖွဲ့လာပြီးတော့ အရမ်းကိုသူတို့ဘက်က ခေတ်မီ လူသတ်မှုတွေ ဖြစ်လာတဲ့အခါကျတော့ ဒီဥပဒေမျိုးနဲ့ ပြန်လည်တုံ့ပြန်မှရမယ်ဆိုပြီး ဒီဥပဒေကို လွှတ်တော်မှာတင် အတည်ပြုလိုက်တာ။ ကမ္ဘာ့စံချိန်မီဥပဒေအနေနဲ့ ပြဋ္ဌာန်းလိုက်ရတာ။ ဦးကိုနီအမှုကိုကြည့်မယ်ဆိုလို့ရှိရင် ခဲလုံးတစ်လုံးတည်းနဲ့ ပစ်မှတ် ၄၊ ၅ ခုလောက်ကို မှန်အောင်ပစ်တာ။ ဗုဒ္ဓဘာသာဝင်တွေနဲ့ မူစလင်တွေ စိတ်ဝမ်းကွဲပြား အောင်၊ အခြေခံဥပဒေပြင်ဆင်ရေးကို ရှေ့မတိုးရဲအောင်၊ မလုပ်ရဲအောင်ပေါ့။ နောက်တခါ စစ်အာဏာရှင်သက်ဆိုးရှည်ရေး အတွက် အားထုတ်နေတဲ့ ခရိုနီတွေရဲ့လှုပ်ရှားမှုတွေက ရှေ့ထွက်လာတာ။ အဲ့ဒီလိုဂိုဏ်းနဲ့၊ အုပ်စုနဲ့လုပ်တဲ့ဟာတွေမှန်သမျှ သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တည့်တည့်ပဲ။ ဒီဥပဒေနဲ့အရေးယူမှုတွေ လုပ်ရမယ်။ သာမန် ၃၀၂ လောက်နဲ့မ ဟုတ်တော့ဘူး။ သာမန် ရည်းစားနဲ့မကျေနပ်လို့ ကပ်ကြေးနဲ့ထိုးသတ်သလို ရိုးရိုးမဟုတ်ဘူး။ ဒီကိစ္စက နိုင်ငံတော်နဲ့ပတ် သက်နေတဲ့ အကြမ်းဖက်မှုဖြစ်တယ်။ လေဆိပ်မှာဖြစ်တဲ့ကိစ္စ။ လေဆိပ်ဝန်ဆောင်မှုဖြစ်နေစဉ်ဆိုတာ ဘာကိုအဓိပ္ပါယ်ခေါ် သလဲဆိုတာ ပါလာတယ်။ လေယာဉ်ပေါ်က ဆင်းလာပြီး ၂၄ နာရီကာလအတွင်းကို လေယာဉ် ၀န်ဆောင်မှုကာလလို့ခေါ် တယ်။ အဲ့ဒီကာလမှာဖြစ်တာတွေက သေဒဏ်ပဲ။ အထူးသဖြင့် လေဆိပ်မှာဖြစ်တာကိုလည်း အကျုံးဝင်စေတယ်။
    မေး။ ။ အကြမ်းဖက်မှုဥပဒေမှာကော အတိအကျဘယ်လိုတွေ အဓိပ္ဗါယ်ဖွင့်ဆိုထားလဲ။
    ဖြေ။ ။ ဥပဒေမှာ အဓိပ္ပါယ်ဖွင့်ထားတာက အကြမ်းဖက်မှုဆိုသည်မှာ အကြမ်းဖက်မှုတခု ခုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဥပဒေနှင့်မညီပဲ တနည်းနည်းဖြင့် ကျူးလွန်သူ၊ သို့မဟုတ် ကျူးလွန်ရန်အား ထုတ်သူကိုသော်လည်းကောင်း၊ အကြမ်းဖက်မှုတွင် ကြံရာပါအဖြစ်ပါဝင်သူ သို့မဟုတ် အကြမ်းဖက်မှုကျူးလွန်ရန် အခြား သူများအား ညွှန်ကြားသူ သို့မဟုတ် စည်းရုံး သိမ်းသွင်းသူကိုသော်လည်းကောင်း၊ အကြမ်းဖက်မှုကျူးလွန်နိုင်ရန် ရည်ရွယ် ချက်ဖြင့် ပါဝင်ထောက်ပံ့သူကိုသော်လည်းကောင်း ဆိုလိုတယ်။ အကြမ်းဖက်သမားဆိုသည်မှာ၊ အကြမ်းဖက်အုပ်စုဆိုသည် မှာ အကြမ်းဖက်မှုတခုခု ကျူးလွန်ရန် အချိန်ကာလတစ်ခုခုယူ၍ ဖွဲ့စည်းထားသည့် လူ ၂ ဦးနှင့် အထက်ပါသော အသင်းအ ဖွဲ့ကို ဆိုသည်။ ယင်းစကားရပ်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အရ လည်းကောင်း၊ ဗဟိုအဖွဲ့က ပြည် ထောင်စုအစိုးရ၏ အတည်ပြုချက်ဖြင့်လည်းကောင်း ကြေညာထားသည့် အကြမ်းဖက်အုပ်စုသည် ပါဝင်သည်။ နောက်တခါ လှုံ့ဆော်မှုဆိုသည်မှာ အကြမ်းဖက်မှုတခုခုကို ကျူးလွန်ရန်အတွက် လှုံဆော်ရန် ရည်ရွယ်ချက်ဖြင့် သတင်းစကား သို့မ ဟုတ် သတင်းစကားအချက်အလက်ကို သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ ဖြန့် ဝေခြင်း၊ အားပေးအားမြှောက်ပြုခြင်း၊ သို့မဟုတ် အခြားတနည်းနည်းဖြင့် ကြားမြင်သိရှိခြင်းကို ဆိုသည်။
    မေး။ ။ ရဲတပ်ဖွဲ့ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရဆိုရင် ပြည်ခိုင်ဖြိုးလွှတ်တော်အမတ် ယခင်ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူးကြီးဟောင်း လင်းဇော်ထွန်းဟာ အောင်ဝင်းခိုင်၊ ဇေယျာဖြိုးတို့နဲ့ လက်ဖက်ရည်ဆိုင်ထိုင်ပြီး ဦးကိုနီကိစ္စမကျေမနပ်ပြောခဲ့တယ်။ ဒီလိုပြောပြီး အပြန်မှာ အောင်ဝင်းခိုင်နဲ့ ဇေယျာဖြိုးက ကားပေါ်မှာစကားပြောရင်း ဦးကိုနီကိုသတ်ဖို့ စတင်ဆွေးနွေးခဲ့တယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့က အမှုဖြစ်ပြီး သူ့ကိုခေါ်ယူစစ်ဆေးတဲ့အခါမှာလည်း ဒီကိစ္စမှာသူမပါဘူးဆိုပြီး သတင်းထုတ်ပြန်ထားတယ်။ ဦးလင်းဇော်ထွန်းကိုယ်တိုင်လည်း သူဦးကိုနီကိစ္စ အောင်ဝင်းခိုင်တို့၊ ဇေယျာဖြိုးတို့နဲ့ စကားပြောဖူးတာသာရှိတယ်၊ သတ်မယ့်ကိစ္စသူမသိ၊ သူမပါဘူးဆိုပြီး သတင်းမီဒီယာတွေကို ပြောနေတယ်။ ဆိုတော့ ဦးလင်းဇော်ထွန်းရဲ့ အခြေအနေကို ဥပဒေကြောင်းအရဘယ်လိုမြင်လဲ။
    ဖြေ။ ။ သူက လှုံ့ဆော်မှုထဲမှာပါတယ်။ သတင်းအချက်အလက်ကို သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ၊ တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ဒီလိုကျူးလွန်ဖို့ ဖြန့်ဝေခြင်း၊ အားပေးအားမြှောက်ပြုခြင်း၊ သို့မဟုတ် အခြားတနည်းနည်းဖြင့် ကြားမြင်သိရှိစေခြင်းဆိုတာပါ။
    မေး။ ။ ဒါပေမယ့် တိုက်ဆိုင်တာရော မဖြစ်နိုင်ဘူးလား။ ဦးကိုနီကိစ္စ စကားပြောမိတယ်။ သူစကားပြောပြီးအပြန်မှ ဟိုနှစ်ယောက်က သူတို့ဘာသာသူတို့ ဦးကိုနီကိုသတ်ဖို့ကြံတယ်။ နောက်သူလုံးဝမသိ၊ မမျှော်လင့်ပဲနဲ့ အခုလိုလုပ်ကြံမှုဖြစ်သွားတယ်။ ဒါမျိုး မဖြစ်နိုင်ဘူးလား။
    ဖြေ။ ။ မဖြစ်နိုင်ဘူး၊ ဖြစ်နိုင်တယ်ဆိုတဲ့ဟာကို ဥပဒေက အဲ့ဒီလိုပြောလို့မရဘူး။ ဥပဒေမှာက ရှင်းရှင်းလေးပဲ။ အဲ့ဒီကိစ္စမဖြစ် ခင် ဒီစကားတွေပြောခဲ့တယ်။ ပြီးတော့အဲ့ဒီကိစ္စဖြစ်သွားတယ်။ ဒါပဲ။ အဲ့ဒီတော့ ဥပဒေက ဒီစကားရပ်တွေနဲ့ သိလို့ဖြစ်စေ၊ မသိလို့ဖြစ်စေ အားပေးအားမြှောက်ပြုရာရောက်တယ်။
    မေး။ ။ ဒါဆိုရင် ဒီအကြမ်းဖက်ဥပဒေနဲ့အရေးမယူဘဲ ရာဇ၀တ်မှုနဲ့ပဲ အရေးယူတာဟာ အာဏာပိုင်တွေက တမင်သက်သက် နဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာလား။
    ဖြေ။ ။ ဒီကိစ္စကြီးက ကျယ်ပြန့်သွားပြီးတော့ အများကြီး ဒီမှာပါလာနိုင်တယ်။ နောက်တစ်ခါ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့သာစွဲမယ်ဆိုရင် ဘယ်သူမှ သေဒဏ်ကနေမလွတ်ဘူး။ အခုဒီမှာက ကြည်လင်းက သေဒဏ်ကျပြီး ကျန်တဲ့သူတွေက တစ်သက်တစ်ကျွန်းတို့၊ ၁၀ နှစ်တို့ ဘာတို့နဲ့ ကျသွားပြီး ပြီးသွားတာမျိုး ဖြစ်နိုင်တယ်။ အဲ့ဒီလမ်းကြောင်းကြီးကို ခင်းထားတယ်။
    မေး။ ။ စွဲချက်တင်တာတော့ ရဲတပ်ဖွဲ့ကနေ စွဲချက်တင်တာပေါ့။ တရားရုံးမှာရော ပြောင်းလို့မရဘူးလား။ ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်ကိုကြည့်ပြီးတော့ ဒီပုဒ်မတွေ ပြောင်းလိုက်တာမျိုးပေါ့။
    ဖြေ။ ။ ဒါက ဥပဒေ၀န်ထမ်းမှာ တာဝန်ရှိတယ်။ နိုင်ငံတော်ကို ကိုယ်စားပြုမယ့် ဥပဒေ၀န်ထမ်းက သတ္တိရှိမယ်၊ ဥပဒေကို ကျွမ်းကျင်မယ်၊ တိုင်းပြည်အပေါ်မှာ စေတနာထားမယ်ဆိုရင် ရဲတပ်ဖွဲ့ကဘယ်လိုပဲတင်တင်၊ ဥပဒေ၀န်ထမ်းက ဒီကိစ္စဟာ ဒီဥပဒေနဲ့မဟုတ်ဘူး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူရမယ့်ကိစ္စ၊ ပြန်စစ်ပြီး သူက အမှုကိုတည်ဆောက်လို့ ရတယ်။ ဥပဒေ၀န်ထမ်းက ဒီနေရာမှာ အချက်ပဲ။
    မေး။ ။ အခုရော အဲ့ဒီလိုတည်ဆောက်မယ်လို့ရော ယုံကြည်လား။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ ဆရာလဲသိတာပဲ။ တရားရေးအဖွဲ့နဲ့ အားပြိုင်လို့ရှိရင်ပေါ့။
    ဖြေ။ ။ ဒီဟာမှာ ရှေ့နေချုပ်ကို (အစိုးရက) ခန့်ထားတာပဲ။ ကိုယ်ခန့်ထားတဲ့သူက ဥပဒေကိုမစောင့်ရှောက်ဘူးဆိုလို့ရှိရင် လက်ရှိအစိုးရကိုပဲ အပြစ်တင်ရတော့မှာပဲ။ ရှေ့နေချုပ်တို့၊ ရန်ကုန်တိုင်းဥပဒေချုပ်တို့က ကိုယ်ခန့်ထားတဲ့သူတွေ။ ရဲတပ်ဖွဲ့က ဘာပဲတင် တင် သူတို့က ထိန်းကျောင်းပေးပြီး လုပ်လို့ရတဲ့သူတွေ။ သူတို့ပျော့လို့၊ ညံ့လို့၊ ကြောက်လို့မလုပ်တာကတော့ သူတို့တာဝန် ပဲလေ။ ဒီအစိုးရတာဝန်ပဲ။
    မေး။ ။ အမျိုးဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဦးဆောင်တရာတော်တစ်ပါးဖြစ်တဲ့ ဦးဝီရသူဟာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာရေးထားတာက ဦးကိုနီကိုသတ်တဲ့သူတွေကို ကျေးဇူးတင်တယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိပါးချင်သူတွေကို သတိပေးတယ်ဆိုတဲ့အပေါ် ဆရာ့အနေနဲ့ဘယ်လိုယူဆလဲ။ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက မကြာသေးခင်က သတင်းစာရှင်းလင်းပွဲအစမှာ အမုန်းစကားတွေ ရပ်သင့်ကြပြီလို့ပြောခဲ့တယ်၊ ဒါပေမယ့် အခုချိန်ထိ ဒါ မျိုးကို အရေးယူတာမျိုးတွေ တခါမှမရှိသေးဘူး။
    ဖြေ။ ။ သူက နောက်ထပ်အလားတူအမှုမျိုး ထပ်ကျူးလွန်အောင် လှုံ့ဆော်လိုက်တာလေ။ လူသတ်မှုကဖြစ်ပြီးသွားလို့ အရေးယူလို့မရတော့ဘူးဆိုတာမှမဟုတ်တာ။ လှုံ့ဆော်တာနဲ့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူလို့ရတယ်။ ဒါပေမယ့် သူ့ကိုအရေးယူ မှုမရှိတာနဲ့ ပတ်သက်ရင်တော့ ကိုယ်လည်း ဗုဒ္ဓဘာသာဝင်တစ်ဦးဆိုတော့ ဘုန်းကြီးတစ်ပါးကို အရေးယူဖို့ ပြောဖို့ရာမှာတော့ ကွာ။ ဒါက နိုင်ငံတော်ရဲ့တာဝန်ပဲ။