News @ M-Media
Author: editor
  • ထောက်လှမ်းရေးဟောင်း တစ်ဦးကို ဖမ်းဆီးလိုက်ခြင်းဖြင့် ဦးကိုနီ လုပ်ကြံခံရမှု လမ်းဆုံး
    ထောက်လှမ်းရေးဟောင်း တစ်ဦးကို ဖမ်းဆီးလိုက်ခြင်းဖြင့် ဦးကိုနီ လုပ်ကြံခံရမှု လမ်းဆုံး
    ပြည်ထဲရေးဝန်ကြီး ရှင်းလင်းပြောကြားနေစဉ်။ ဓာတ်ပုံ-တေဇလှိုင်
    ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေးဖြစ်သူ ရှေ့နေကြီး ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ရန် ငွေကြေးထောက်ပံ့သူဟု ပြည်ထဲရေးဝန်ကြီးဌာနကဆိုသည့် ထောက်လှမ်းရေးဟောင်း ဇေယျာဖြိုးကို နောက်ဆုံး ဖမ်းဆီးလိုက်ခြင်းဖြင့် အမှုမှာ လတ်တလော အဆုံးသတ်သွားပြီ ဖြစ်သည်။
    ဦးကိုနီလုပ်ကြံခံရပြီး တလနီးပါးအကြာဖြစ်သည့် ယနေ့တွင် ရန်ကုန်မြို့၊ မူးယစ်ပြတိုက်၌ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးနှင့် ရဲချုပ်ဇော်ဝင်းတို့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး နောက်ဆုံးရ အခြေအနေများကို ရှင်းလင်းခဲ့သည်။
    အမှုနှင့် ပတ်သက်ပြီး နောက်ဆုံးဖမ်းဆီးထားသည့် ဗိုလ်ကြီးဟောင်း ဇေယျာဖြိုးသည် စစ်တက္ကသိုလ် အပတ်စဉ် ၃၈ ဆင်းဖြစ်ပြီး ယခင် ဗဟိုထောက်လှမ်းရေးတပ် (ဗထလ) ဟု ခေါ်ပြီး ၂၀၀၀ ခုနှစ်နောက်ပိုင်းတွင် တပ်မတော် သတင်းစုဆောင်းရေး အတတ်သင်ကျောင်းဟု နာမည်ပြောင်းခဲ့သည့် ကျောင်းတွင် တာဝန်ထမ်းဆောင်ခဲ့သူတဦး ဖြစ်သည်။
    ထောက်လှမ်းရေး ဗိုလ်ကြီးဟောင်း ဇေယျာဖြိုးသည် ၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာတွင် အငြိမ်းစားပေးခံခဲ့ရပြီး 38 Group ဟု နာမည်ရသည့် ကုမ္ပဏီ အပါအဝင် ကုမ္ပဏီပေါင်းလေးခု တည်ထောင်ထားသူဖြစ်သည်။
    ၎င်းသည် ဦးကိုနီကို သတ်ဖြတ်ရန် ပူးပေါင်းကြံစည်သူ၊ ဒုဗိုလ်မှူးကြီးအဆင့်ဖြင့် တပ်မှ နုတ်ထွက်ထားသည့် အောင်ဝင်းခိုင်နှင့်အတူ ကုမ္ပဏီတခုကိုလည်း ၂၀၁၆ ခုနှစ်က ပူးပေါင်းတည်ထောင်ထားပြီး ဇေယျာဖြိုး၏ အမျိုးသမီးဖြစ်သူလည်း ပါဝင်ခဲ့သည်။
    ထို့နောက်သည် ရန်ကင်း၊ ကျောက်ကုန်းရှိ ဘုန်းကြီးကျောင်းတကျောင်းတွင် ရဟန်းဝတ်ဖြင့် တိမ်းရှောင်နေခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ ယခုလ ၈ ရက်တွင် ၎င်း၏နေအိမ်သို့ သွားရောက်ရှာဖွေရာ တဦးတည်းနာမည်ဖြင့် မှတ်ပုံတင် လေးခု တွေ့ရှိရပြီး စကားပြောစက်နှင့်အတူ ဆက်စပ်ပစ္စည်းများလည်း တွေ့ရှိခဲ့ရသည်ဟု ပြည်ထဲရေးက ဆိုသည်။
    ရဲချုပ်ဇော်ဝင်း၏ ပြောကြားချက်များအရ လက်ရှိဖမ်းဆီးမိထားသည့် အောင်ဝင်းဇော်ကို စစ်ဆေး မေးမြန်းချက်များမှတဆင့် စတင်ခိုင်းစေသူ ဇေယျာဖြိုးကို သိရှိခဲ့ခြင်းဖြစ်ကာ ယခုလ ၃ ရက်နေ့က ရန်ကင်းတွင် ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
    အစွန်းရောက် မျိုးချစ်စိတ်၊ လူငယ်သဘာဝနှင့် ပုဂ္ဂိုလ်ရေးအရ သတ်ခဲ့ခြင်းဟုဆို
    ဦးကိုနီလုပ်ကြံခံခဲ့ရခြင်းသည် “အစွန်းရောက် မျိုးချစ်စိတ်ကြောင့်” ဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။
    “တကယ်တမ်း စိစစ်တဲ့အခါမှာတော့ ဒီဟာဟာ ဘယ်လိုခေါ်မလဲ မျိုးချစ်တဲ့စိတ် အစွန်းရောက်သွားတာ၊ အစွန်းရောက်တဲ့ မျိုးချစ်စိတ်ကနေ …………. လုပ်ကြံလိုက်တယ်လို့ အစ်ကိုတို့ ဖော်ထုတ်လို့ရတယ်” ဟု ပြည်ထဲရေးဝန်ကြီးက ဆိုသည်။
    ထို့ပြင် ဇေယျာဖြိုးနှင့်အောင်ဝင်းခိုင်သည် “လူမှုကွန်ရက်မှာ တွေ့ရသည့် ဦးကိုနီ၏ ပြောဆိုလုပ်ကိုင်ချက်များအပေါ် လူငယ်သဘာဝအရ၊ ပုဂ္ဂိုလ်ရေးအရ မကြေနပ်မှုများ ဖြစ်ပေါ်ခဲ့” ရာက အောင်ဝင်းခိုင်က “ဦးကိုနီကို ရှင်းပစ်မှ ကောင်းမယ်” ဟု ပြောဆိုခဲ့ခြင်းမှ စတင်ခဲ့ခြင်းဖြစ်သည်ဟုလည်း ရဲချုပ်ဇော်ဝင်းက ပြောကြားခဲ့သည်။
    ဦးကိုနီ၏ နောက်ကွယ်မှ အသိုင်းအဝိုင်းကို ပြည်ထဲရေးဝန်ကြီး ထည့်ပြော
    ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက သတင်းထောက်များ၏ မေးခွန်းများကို ပြန်လည်ဖြေကြားရာတွင် ဦးကိုနီ လုပ်ကြံခံရမှုနောက်ကွယ်တွင် “[ဦးကိုနီကိုယ်တိုင်]၏ နောက်ကွယ် အသိုင်းအဝိုင်းက” လုပ်ကြံခဲ့သလားဆိုသည်ကိုလည်း ထည့်သွင်းစဉ်းစားရကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    “ရွေးကောက်ပွဲမတိုင်ခင်က ဦးကိုနီဘာတွေ ပြောခဲ့သလဲ။ အဲဒီပြောခဲ့တဲ့အတိုင်း ရွေးကောက်ပွဲပြီးတဲ့အချိန်မှာ အင်န်အယ်ဒီဟာ အာဏာရသွားတယ်။ အဲ့အချိန်မှာ ဦးကိုနီဟာ သူလုပ်နိုင်မယ့်၊ ရမယ့် အတိုင်းအတာ လုပ်နိုင်လား၊ မလုပ်နိုင်တဲ့အတွက် သူ့ရဲ့ နောက်ကွယ်က အသိုင်းအဝိုင်းတွေက လုပ်ကြံလားဆိုတာလည်း အစ်ကိုတို့ စဉ်းစားရမယ်။ အမျိုးမျိုး… ချိန်ဆရမယ်” ဟု ပြည်ထဲရေးဝန်ကြီးက ဆိုသည်။
    အောင်ဝင်းခိုင်၏ ထွက်ဆိုချက်ကို စောင့်ရန်သာရှိ
    ပြည်ထဲရေး၏ ပြောကြားချက်များကို အချုပ်ဆိုရပါက “အောင်ဝင်းခိုင်ကို ဖမ်းမိမှသာလျှင်” ထပ်မံတွေ့ရှိချက်များနှင့် အခြား ပူးပေါင်းပါဝင်သူများ ထပ်ရှိနိုင်သေးလားဆိုသည်ကို သိနိုင်မည်ဖြစ်ပြီး စုံစမ်းစစ်ဆေးမှုများ “ဆက်လုပ်သွားမှာပေါ့” ဟု ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့သည်။
    လက်ရှိအချိန်တွင် အောင်ဝင်းခိုင်မှာမူ လွတ်မြောက်နေဆဲဖြစ်သည်။
    ယခုအခါ ကြည်လင်းကို ပုဒ်မ ၃၀၁၊ လက်နက်ပုဒ်မ ၁၉ (စ)၊ လဝကဥပဒေ ၁၃ (၁) အရလည်းကောင်း၊ အောင်ဝင်းဇော်အား ပုဒ်မ ၃၀၁၊ လက်နက်ပုဒ်မ ၁၉ (စ)အရ လည်းကောင်း၊ ဇေယျာဖြိုးအား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀ နှင့် ၄၆၈ အရ လည်းကောင်း၊ အောင်ဝင်းခိုင်ကို ပုဒ်မ ၃၀၂ အရလည်းကောင်း အရေးယူ အမှုဖွင့်ထားသည်။
    သတင်း-မြတ်ကျော်သူ
    Frontier Myanmar မှ ကူးယူဖော်ပြပါသည်။
    http://frontiermyanmar.net/mm/news/4176
  • အမျိုးသား ၂ ဦးကို ဦးကိုနီအမှုနှင့် ဆက်စပ်ပြီး တာမွေမြို.တွင် ဖမ်းဆီးခဲ့
    အမျိုးသား ၂ ဦးကို ဦးကိုနီအမှုနှင့် ဆက်စပ်ပြီး တာမွေမြို.တွင် ဖမ်းဆီးခဲ့
    ပုံစာ။ တပ်မတော် ထောက်လှမ်းရေးဗိုလ်ကြီးဟောင်း ဦးဇေယျာဖြိုးအား ရန်ကုန် အင်းစိန်မြို.နယ်ရှိ အမျိုးဘာသာ သာသနာစောင့်ရှောက်အဖွဲ.ဥက္ကဌ ဆရာတော်ဦးတိလောကဘိဝံသနှင့် သီတဂူဆရာတော် အရှင်ဥာဏိဿရတို့ ၂၀၁၅ ခုနှစ်ခန့်က တွေ့ဆုံပွဲဓာတ်ပုံမှတ်တမ်းတွင်တွေ့ရစဉ်။
    ဆွေဝင်း/Myanmar Now
    ရန်ကုန် (Myanmar Now)–အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်ပါတီ၏ ဥပဒေအကြံပေး ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှုနှင့် စပ်လျဉ်း၍ အမျိုးသားနှစ်ဦးကို ရန်ကုန်တိုင်း တာမွေမြို.တွင် လွန်ခဲ့သည့် ရက်သတ္တပတ်ကျော်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
    တာမွေမြို.နယ်ရှိ တာမွေလေးရပ်ကွက်တွင် ဦးဇေယျာဖြိုး ဆိုသူအား ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် လည်းကောင်း၊ ဦးတင်ထွန်းအောင်ဆိုသူအား ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် တာမွေမြို.နယ် မာန်အောင်ရပ်ကွက်တွင် လည်းကောင်း ရဲတပ်ဖွဲ.ကဖမ်းဆီးခဲ့ကြောင်း တာမွေမြို.နယ် အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်ပါတီမှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းက ပြောကြားသည်။
    ဦးဇေယျာဖြိုးကို ဖမ်းဆီးခဲ့ရာတွင် ၀န်ထမ်းသက်သေခံကဒ် သုံး၊ လေးကဒ် တွေ.ရှိခဲ့ပြီး၊ ဦးတင်ထွန်းအောင်ကို ဖမ်းဆီးခဲ့ရာတွင် တပ်မတော် ထောက်လှမ်းရေးအကူတပ်အဖွဲ.၀င် ကဒ်ပြားတွေ.ရှိခဲ့သည်ဟု သိရကြောင်း ဦးလှသိန်းက Myanmar Now ကိုပြောကြားသည်။
    “သူတို့တွေက ဒီဒေသခံမဟုတ်ဘူး။ ဒီမှာလာပြီး ပုန်းအောင်းနေတာလို့သိရတယ်” ဟု ဦးလှသိန်းကဆိုသည်။
    ၁၉၇၄တွင် မွေးဖွားခဲ့သော ရန်ကုန်မြို.ဇာတိ ဦးဇေယျာဖြိုးသည် စစ်တက္ကသိုလ်အမှတ်စဉ် ၃၈ ဆင်းဖြစ်ပြီး၊ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်ဦးဆောင်သော တပ်မတော်ဗဟိုထောက်လှမ်းရေးတပ်တွင် ၂၀၀၄ ခုနှစ်ထိ ဗိုလ်ကြီးအဆင့် ဖြင့် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်ဟု သူနှင့်နီးစပ်သူ စစ်ဖက်အသိုင်းအ၀ိုင်းက Myanmar Now ကိုပြောဆိုသည်။
    “သူက ထောက်လှမ်းရေးကထွက်ရပြီးနောက်ပိုင်း စီးပွားရေးကုမ္ဗဏီတွေ အများကြီးလုပ်နေတာ” ဟု သူ့နှင့် နီးစပ်သူတစ်ဦးကဆိုသည်။
    ရန်ကုန် အင်းစိန်မြို.နယ်ရှိ အမျိုးဘာသာ သာသနာစောင့်ရှောက်အဖွဲ.ဥက္ကဌ ဆရာတော်ဦးတိလောကဘိဝံသနှင့် သီတဂူဆရာတော် အရှင်ဥာဏိဿရတို့ ၂၀၁၅ ခုနှစ်ခန့်က တွေ့ဆုံပွဲကိုရိုက်ကူးခဲ့သော ဓာတ်ပုံထဲတွင်ပါရှိသူ လူလတ်ပိုင်းအမျိုးသားတစ်ဦးအား ဦးဇေယျာဖြိုးဆိုသူဟု လူမှုကွန်ယက်တွင် ပြောဆိုနေမှုများရှိရာ၊ ထိုဓာတ်ပုံထဲက အမျိုးသားသည် ဦးဇေယျာဖြိုးဖြစ်ကြောင်း ၄င်းနှင့်ရင်းနှီးသိကျွမ်းသူများက အတည်ပြုပြောဆိုသည်။
    ဦးဇေယျာဖြိုးဖမ်းဆီးခံရမှုသတင်းကို ပြည်တွင်းထုတ် ၇န်ကုန်အခြေစိုက် Speaker ဂျာနယ်က ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ကနဦးရေးသားခဲ့ခြင်းဖြစ်သည်။
    နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက တိကျသည့်ဖြေကြားမှုမပြုလုပ်ဘဲ မကြာခင် သတင်းထုတ်ပြန်မှု ပြုလုပ်မည်ဟု သာဆိုသည်။
    ဇန်န၀ါရီလ ၂၉ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အနီးကပ် သေနတ်ပစ်လုပ်ကြံသတ်ဖြတ်ခံရသော ဦးကိုနီအမှုနှင့်ဆက်စပ်၍ ဦးကြည်လင်းနှင့် ဦးအောင်ဝင်းဇော်ဆိုသူအား ဖမ်းဆီးထားကြောင်း နှင့် ၄င်းတို့ နှစ်ဦးအား ငွေပေးခိုင်းစေသူ ဦးအောင်ဝင်းဇော်၏ညီ ဒုတိယဗိုလ်မှုးကြီးဟောင်း ဦးအောင်ဝင်းခိုင်ကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း အစိုးရကထုတ်ပြန်ထားသည်။
    #
  • ဒေါ်အောင်ဆန်းစုကြည် နှင့် အနောက်နိုင်ငံ သံအမတ်ကြီးများ ရခိုင်အရေးနှင့် ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေး
    ဒေါ်အောင်ဆန်းစုကြည် နှင့် အနောက်နိုင်ငံ သံအမတ်ကြီးများ ရခိုင်အရေးနှင့် ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေး
    ဖေဖော်ဝါရီ ၂၃ ၊ ၂၀၁၇
    M-Media
    သတင်း-မြတ်သူရအောင်
    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့်  နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့  မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ် သံအမတ်ကြီး၊ အမေရိကန်သံအမတ်ကြီးနှင့် ဗြိတိန်သံရုံး ဒုတိယအကြီးအကဲ တို့ ဟာ ဒီကနေ့ မွန်းလွဲပိုင်းမှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
    ထိုသို့ တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်နှင့် စပ်လျဉ်းသော ကိစ္စရပ်များ၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများအပေါ် ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်ပါတယ်။
    ဓါတ်ပုံ-Myanmar State Counsellor Office
  • ဦးကိုနီလုပ်ကြံမှု သံသယ တရားခံ ဦးဇေယျာဖြိုး ဖမ်းခံရတဲ့ သတင်း ထွက်ပေါ်
    ဦးကိုနီလုပ်ကြံမှု သံသယ တရားခံ ဦးဇေယျာဖြိုး ဖမ်းခံရတဲ့ သတင်း ထွက်ပေါ်
    ဖမ်းခံရတဲ့ စစ်အရာရှိဟောင်း လေဆိပ် လုပ်ကြံမှုနဲ့ ပတ်သက်မှု ရှိမရှိ အစိုးရက သတင်းထုတ်ပြန်ပါတော့မယ်။
    ဦးဇေယျာဖြိုး သင်္ကန်းဝတ်ခဲ့တဲ့ ရန်ကုန်မြို့ ကျောက်ကုန်းကျောင်းကြီး ပရိယတ္တိစာသင်တိုက်ကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့က တွေ့ရပုံ (ဓာတ်ပုံ – ထက်ခေါင်လင်း/Myanmar Now)
    ထက်ခေါင်လင်း – Myanmar Now
    ရန်ကုန် (Myanmar Now) – ဦးကိုနီကို လုပ်ကြံမှုမှာ ပါဝင်တယ်လို့ ယူဆရသူတစ်ဦးဖြစ်တဲ့ ရန်ကုန်၊ တာမွေမြို့နယ်က ဦးဇေယျာဖြိုး ဖေဖော်ဝါရီ လဆန်းက ဖမ်းဆီးခံရကြောင်း သူသင်္ကန်းစည်းခဲ့တဲ့ ကျောက်ကုန်းကျောင်းကြီး ပရိယတ္တိစာသင်တိုက် ဆရာတော်က ကြာသပတေးနေ့မှာ မိန့်ပါတယ်။
    လဆန်း ၁ ရက်နေ့က အဆိုပါကျောင်းမှာ သင်္ကန်းစည်းတဲ့ တပ်မတော် အရာရှိဟောင်း ဦးဇေယျာဖြိုးဟာ  ၃ ရက်နေ့ မနက်ပိုင်းမှာ လူဝတ်လဲသွားတယ်လို့ ဆရာတော်က မိန့်ပါတယ်။
    “လူပြန်ထွက်သွားပြီး သူ့အိမ်ပြန်သွားတယ်။ အိမ်ပြန်ပြီးမှ အဖမ်းခံရတာလားတော့ မသိဘူးလေ။ သူ့ကို ဒီမှာလာ ပြောလို့ သူသိပြီး လူထွက်တာနေမှာပေါ့။ အိမ်ခဏပြန်ပြီးမှ သူ့ကို ဟိုခေါ်သွားတာ ဖြစ်ပါလိမ့်မယ်” လို့ ဆရာတော်က မိန့်ကြားပါတယ်။
    “အဲ့ဒီအချိန်က ဆရာတော်လည်း ခရီးသွားနေတာ၊ သူလူထွက်တော့ တိုက်အုပ်ကိုယ်တော်က သိက္ခာချပေးလိုက်တာ”
    သူတို့မိသားစုက ကျောင်းမှာ အလှူအတန်းလာရောက် လုပ်ကိုင်တတ်သလို အိမ်မှာ အလှူပွဲ ကျင်းပတဲ့အခါမှာ သွားရောက်  တရားဟော၊ ဆွမ်းဘုန်းပေးခဲ့တာမျိုး ရှိတယ်လို့ ဆရာတော်ထံက သိရပါတယ်။
    လွန်ခဲ့တဲ့ ၁ဝ နှစ်ခန့်က စတင်ရင်းနှီးကြချိန်မှာ ဦးဇေယျာဖြိုးဟာ တပ်မတော်ကနေ နှုတ်ထွက်ပြီးဖြစ်တယ်လို့ ယူဆကြောင်း၊ သင်္ကန်းစည်းတာ ဦးဇေယျာဖြိုး တစ်ဦးတည်း ဖြစ်ပြီး အဲဒီနေ့က ကျောင်းကို မိသားစုနဲ့ဆွေမျိုးသားချင်းများ လာရောက်ကြကြောင်း၊ သူဟာ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူလို့ သိရကြောင်း ဆရာတော်က မိန့်ပါတယ်။
    “သူတိုက်တွေဘာတွေ ဆောက်တယ်ဆိုတာလောက်ပဲ သိတယ်။ ကျန်တာတော့ ဦးဇင်းတို့လည်း မသိဘူး” လို့ ဆရာတော်က မိန့်ပါတယ်။
    “သူ့ကို ဖမ်းသွားပြီး နောက်ပိုင်းလည်း ကျောင်းကို ဘယ်ရဲတွေမှ လာမေးမြန်းကြတာမျိုး မရှိပါဘူး”
    ဦးဇေယျာဖြိုးကို ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး ရန်ကုန်၊ တာမွေရဲစခန်းကို ကြာသပတေးနေ့ ညနေပိုင်းက ဆက်သွယ်ရာမှာ တာဝန်မှူးဖြစ်သူ ဒုရဲအုပ်တစ်ဦးက စခန်းအနေနဲ့ ဒီကိစ္စကို မသိရှိကြောင်း၊ ဖမ်းဆီးမှုမှာလည်း တာမွေမြို့နယ်ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်ခဲ့ခြင်း မရှိကြောင်း  ပြန်လည်ဖြေကြားပါတယ်။
    နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို ဆက်သွယ် မေးမြန်းရာမှာတော့ ဦးဇေယျာဖြိုးကို ဖမ်းဆီးထားမှုနဲ့ ပတ်သက်ပြီး အဖြေ တိတိကျကျ မပေးပေမယ့် မကြာခင် သတင်းထုတ်ပြန်မှု ပြုလုပ်မယ်လို့ ပြောပါတယ်။
    “အဲ့ဒီကိစ္စအတွက် ကျွန်တော်တို့ ညှိနှိုင်းနေပါတယ်။ လာမယ့် ၁ ရက်၊ ၂ ရက်အတွင်း သတင်း ထုတ်ပြန်မှာပါ။ အဲ့ဒီလူကို ဖမ်းဆီးထားတာ ဟုတ်သလား၊ မဟုတ်ဘူးလား၊ ပက်သက်သလား၊ မပတ်သက်ဘူးလား အားလုံးကို သတင်းမထုတ်ပြန်သေးခင် ကျွန်တော်တို့ ဘာမှပြောလို့မရသေးပါဘူး” လို့ ဦးဇော်ဌေးက ဆိုပါတယ်။
    အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေအကြံပေး ရှေ့နေဦးကိုနီ ဇန်နဝါရီလကုန်းပိုင်း ရန်ကုန်လေဆိပ်မှာ လုပ်ကြံခံရမှုကို  အာဏာပိုင်တို့က စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ပေမယ့် တွေ့ရှိချက်တွေကို အဆက်မပြတ် ထုတ်ပြန်ခြင်း မရှိတဲ့အတွက် ဝေဖန်ခံနေရပါတယ်။ ဦးဇေယျာဖြိုး အထိန်းသိမ်းခံရတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး အများပြည်သူက အာဏာပိုင်တို့ရဲ့ ထုတ်ပြန်ချက်ကို စောင့်မျှော်နေကြပါတယ်။
    ဦးဇေယျာဖြိုးနဲ့ သူ့မိသားစုဟာ အမှတ် D-8, မင်္ဂလာလမ်း၊ တာမွေလေးရပ်ကွက်မှာ နေထိုင်ကြသူတွေဖြစ်တယ်၊ သူဟာ စစ်သက္ကသိုလ် အပတ်စဉ် ၃၆ ဆင်းသူဖြစ်ပြီး ဗဟိုထောက်လှမ်းရေးတပ် (ဗကထ-ရေကြည်အိုင်) မှာ သင်တန်းနည်းပြတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံမှာ စစ်ခွေးအထူးလေ့ကျင့်ရေး သင်တန်း တက်ရောက်ဖူးသူဖြစ်ကြောင်း ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် ဂျာနယ် The Speaker News Journal အတွဲ ၁၊ အမှတ် ၁၄ မှာ သတင်း ရေးသားထားပါတယ်။
    ရန်ကုန်လေဆိပ် လုပ်ကြံမှုရဲ့ အဓိက ကွင်းဆက်တရားခံ တစ်ဦးဖြစ်တယ်လို့ အာဏာပိုင်တို့ သတင်းထုတ်ပြန်ထားတဲ့ ဒုတိယဗိုလ်မှူးကြီးဟောင်း ဦးအောင်ဝင်းခိုင်ဟာလည်း စစ်တက္ကသိုလ်ဆင်း ဖြစ်ပြီး  ၂ဝ၁၄ ခုနှစ်မှာ တပ်မတော်ကနေ နှုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။  ။
    —————–
  • တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးအတွက် ဗေဒင်ယတြာနောက် မလိုက်မိစေဖို့ သူရဲကောင်း ၃ဖော်ကိုအားကိုးစို့
    တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးအတွက် ဗေဒင်ယတြာနောက် မလိုက်မိစေဖို့ သူရဲကောင်း ၃ဖော်ကိုအားကိုးစို့
    ဂျက်ဖရီတင်အုန်း(RIT) ရေးသည်။
    ကျွန်တော်တို့မြန်မာနိုင်ငံတွင် ကျောင်းသား၊ ကျောင်းသူ မိဘပြည်သူစိတ်အဝင်စားဆုံး စာမေးပွဲကြီးကား တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီး ပင်ဖြစ်သည်။ ၂၀၁၇ခု မတ်လ ၈ရက်နေ့တွင် စတင်ကျင်းပတော့မည် ဖြစ်သည်။ ဖြေဆိုမည့်သူများမှာ ၆သိန်းကျော်ရှိကြောင်း စုံစမ်းသိရှိရသည်။ ဖြေဆိုသူများထဲမှ ၃ ပုံ ၁ ပုံသာ အောင်မြင်နေကြောင်း သုတေသီများက ပြောဆိုကြသည်။
    စာမေးပွဲကြီးနီးကပ်နေသော်လည်း အချို့ကျောင်းသားများသည် မေးခွန်း hot spot နောက်လိုက်နေကြသည်။ အချို့ဗေဒင်၊ယတြာ၊ မန္တရားများ နောက်လိုက်နေကြသည်။ ဗေဒ၊ယတြာ၊ မန္တရားဆရာများကလည်း နေရာပေါင်းစုံမှ အလျှိုလျှို ပေါ်ထွက်လာနေကြသည်။ ထိုဆရာများအား ဆက်သရသော ကန်တော့ကြေးများ၊ ဥာဏ်ပူဇော်ခများကလည်း မနည်းလှပါဘိ။ လူနာမျက်ဖြူစိုက် လေ ဆရာကြိုက်လေ ပုံစံများစွာကိုတွေ့ရသည်။
    တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီး ဖြေဆိုရမည့် ဘာသာရပ် ၆ခု အတွက် မည်သည့်ဘာသာရပ် ဖြေဆိုတဲ့နေ့မှာ၊ မည်သည့်အရပ်ဘက်ကို၊ မျက်နှာမူလိုက်ပါ။ မည်သည့်သစ်သီးကိုစားသွားပါ။ ဘယ်အကြော်ကို စားသွားပါ။ ဘာပန်းကို ဆောင်ထားပါ။ ဘယ်နေရာမှာ သွားတင်ပါ။ စာမေးပွဲဖြေ တဲ့နေ့မှာ ဘာအရာင်ရှိတဲ့ဘောလ်ပင်ကိုသုံးပါ။ အိမ်ကထွက်ရင် လက်ခုပ်၊ဘယ်နှစ်ချက်တီးပြီး ထွက်ပါ။ စသည်ဖြင့် အခါတော်ပေး၊ ပြောဟောနေသူများကလည်း ဒုနဲ့ဒေး များပြားလှပါသည်။
    စာရေးသူ ရန်ကုန်စက်မှု့တက္ကသိုလ် အင်ဂျင်နီယာ ကျောင်းသားဘဝက ဗေဒင်၊ယတြာများ နှင့် ပတ်သက်လို့ ဆရာကြီး လယ်တွင်းသားစောချစ် ပြောဟောခဲ့ဖူးသော စကားလေးတစ်ခွန်းကို ကြားယောင်မိပါသည်။ ဆရာက “ ကိုယ့်အကြောင်း၊ ကိုယ့်လောက် မသိတဲ့သူကို ကိုယ့်အကြောင်း ကို ပိုက်ဆံတွေပေးပြီး ပြောဟောခိုင်းတဲ့လူတွေဟာ အင်မတန် သနားစရာကောင်းပါတယ်။” ဟူ၍ ဆရာက ပြောခဲ့ဖူးပါသည်။
    ကံကိုယုံ၍ ဆူးပုံတက်နင်းသူများ ဆူး ဆူးခံရမှာသေချာပါသည်။ ဘုရားတ၍ ချောက်ကမ်း ပါးပေါ်က ခုန်ချလျှင် အသက်သေဆုံးပါမည်။ အသက်ကို ဥာဏ်စောင့်သင့်ပါသည်။
    ကွယ်လွန်သူ စာရေးဆရာကြီး ပီမိုးနင်းကလည်း “ကံ” ဟူသည် “အလုပ်” ဖြစ်တယ်။ “အလုပ်ကိုကောင်းစွာလုပ်မှ ကံ၏အကျိုးကို ခံစားရပေမည်။” ဟူ၍ရေးသားခဲ့ဖူးပါသည်။ မိမိသင် ခန်းစာများကို နည်းမှန်၊ လမ်းမှန် စနစ်တကျ ကြိုးပမ်းအားထုတ်ခဲ့သူမှန်သမျှ စာမေးပွဲတွင် ကံကောင်းကြမည်ဖြစ်သည်။ ထူးချွန်ထက်မြက် ဂုဏ်ထူးထွက် ကြမည်ဖြစ်သည်။
    “ဒါပဲကြည့် ကွက်တိ ပါရင်စံ၊ မပါရင်ခံ” သဘောမျိုးထားကာ ကံစမ်းမဲပုံစံမျိုး တစ်ပွဲထိုးဖြေဆိုနေကြသူများမှာလည်း မြန်မာ့ပညာရေးလောကတွင် အမြောက်အမြားရှိနေပါ  သည်။ “ အနာမခံလျှင် ၊ အသာမစံရ” ဟူသော စကားသည် စိတ်ဓာတ်ခွန်အားကြီးမြတ်သူတို့၏ “ဇွဲ၊ လုံ့လ၊ဝီရိယ” ကိုအောင်မြင်မှု့ရဲ့သော့ချက်တစ်ခုအနေဖြင့် ယုံကြည်သူတို့၏ အဓိဌာန်ဖြစ်သည်။ ဥပမာပြရလျှင် မဟာဇနကမင်းသားသည် ပင်လယ်ပြင်ကြီးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ခြင်း သည် “ဇွဲ၊လုံ့လ၊ဝီရိယ” ဟူသော သူရဲကောင်းသုံးဖော်ကို မဟာမိတ်လုပ်ခဲ့သောကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ပြီး အောင်မြင်မှု့ သရဖူကို ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။
    ဒါကြောင့် ကျောင်းဆရာလုပ်သက် နှစ် ၃၀ ရှိတဲ့ စာရေးသူအနေဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် သူများအား အကြံပြုလိုသည်မှာ “ တကယ်ဖြစ်ချင် တကယ်လုပ်ကြပါ၊ အဟုတ် ဖြစ်ပါသည်။”  မြတ်စွာဘုရားသခင်က ဟောကြားခဲ့သည်မှာ “မိမိကိုယ်သာ အားထားရာ၊ မိမိကိုယ် သာ ယုံကြည်ရာ” ဖြစ်သည်။
    စာဖြေမည့်သူများအနေဖြင့် “မိမိ၏ အနာဂတ်ပန်းတိုင်သည် မိမိလက်ဝယ်တွင် ရှိနေသည်” ဟု ယုံကြည်ပြီး မိမိ၏ပဲ့ကိုင်ရှင်သည် မိမိသာဖြစ်သည်ဟု နားလည်လက်ခံပြီး ယခုအချိန်ကစပြီး အချိန်ကို စနစ်တကျကျ စီမံခန့်ခွဲကာ ငွေပေးရန်မလိုသော (ဇွဲ၊ လုံ့လ၊ ဝီရိယ) အဖော်မွန်များကို အားကိုးမည်။ အချိန်ရှိခိုက် လုံ့လစိုက်မည် ဆိုပါက မကြာခင် ကျရောက်တော့မည့် အစိုးရစစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးကို ဧကန်မုချ ဖြေဆိုနိုင်မည်ဖြစ်ပါကြောင်း အကြံပြုလိုက်ပါသည်။
    ဂျက်ဖရီတင်အုန်း ( R.I.T ရန်ကုန်စက်မှုတက္ကသိုလ် )