News @ M-Media

Author: editor

  • အခြေခံဥပဒေပြင်လိုသူတွေကို မဘသ သတိပေး

    အခြေခံဥပဒေပြင်လိုသူတွေကို မဘသ သတိပေး

    လူစည်ကားတဲ့ ရန်ကုန်လေဆိပ်မှာ ရှေ့နေဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ပူးပေါင်းကြံစည်သူတွေအကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြသထားတဲ့ မှတ်တမ်းတွေကို လေ့လာနေသူတစ်ဦး (ဓာတ်ပုံ – ထက်ခေါင်လင်း/Myanmar Now)

    ထက်ခေါင်လင်း/Myanmar Now

    ရန်ကုန် (Myanmar Now) – ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်လိုသူတွေကို သတိထားကြပါလို့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ရဲ့ အထင်ကရ ခေါင်းဆောင်တွေက ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုနဲ့ ဆက်စပ်ပြီး တနင်္လာနေ့မှာ ပြောလိုက်ပါတယ်၊

    လုပ်ကြံခံရသူ ထင်ရှားတဲ့ အစ္စလမ်ဘာသာဝင် ရှေ့နေ ဦးကိုနီဟာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်သူ တစ်ယောက် ဖြစ်ပြီး ဒီအခြေခံဥပဒေအရ လွှတ်တော်အသီးသီးရဲ့ နေရာ၂၅ ရာခိုင်နှုန်းကို တပ်မတော်သားအမတ်တွေက ရွေးကောက်ပွဲ ဝင်စရာ မလိုဘဲ ရနေတာပါ။

    မဘသ ခေါင်းဆောင် ဆရာတော် တစ်ပါး ဖြစ်တဲ့ ဦးဝီရသူက တခြားနိုင်ငံတွေရဲ့ လွှတ်တော်တွေမှာ တပ်မတော်သား ကိုယ်စားလှယ်တွေ မလိုအပ်ပေမယ့် မြန်မာနိုင်ငံမှာတော့ လိုအပ်တယ်၊ အခြေခံဥပဒေဟာ တစ်မျိုးသားလုံးရဲ့ လုံခြုံရေးအတွက် အရေးကြီးတာကြောင့် လွှတ်တော်အတွင်းက တပ်မတော်သားကိုယ်စားလှယ် မရှိစေချင်သူ၊ အခြေခံဥပဒေကို ပယ်ဖျက်ချင်သူတွေ သတိထားကြပါလို့ သူက ရေးသားလိုက်ပါတယ်။

    ဒါ့အပြင် ဦးဝီရသူက အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီကို လုပ်ကြံမှုမှာ ပါဝင်ကြသူတွေကို ကျေးဇူးစကား ဆိုပါတယ်၊

    “ဒီပွဲမှာတော့ အနာဂတ် မြန်မာ့သာသနာအတွက် စိုးရိမ်မှုတွေ ကင်းပျောက်သွားလို့ စိတ်သက်သာရာတော့ ရလိုက်တယ်၊ ကြည်လင်းကို ကျေးဇူးတင်တယ်၊ အောင်ဝင်းဇော်ကို ကျေးဇူးတင်တယ်၊ အောင်ဝင်းခိုင်ကို ကျေးဇူးတင်တယ်၊ ဇေယျာဖြိုးကို ကျေးဇူးတင်တယ်” လို့ မန္တလေးမြို့က ဦးဝီရသူက သူ့ရဲ့ အင်တာနက် လူမှု ကွန်ရက်စာ မျက်နှာမှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့က ရေးသားလိုက်ပါတယ်၊

    ဦးကြည်လင်းက ရန်ကုန်လေဆိပ် သေနတ်သမား၊ ဦးအောင်ဝင်းဇော်က စီစဉ်သူဖြစ်ပြီး၊ ငွေကြေး ထုတ်ပေးသူက ဦး ဇေယျာဖြိုးတို့ဖြစ်တယ်၊ သူတို့ကို ဖမ်းဆီးပြီး လူသတ်မှုနဲ့ အရေးယူထားတယ်လို့ ပြည်ထဲရေးဌာနက ဖေဖော်ဝါရီ ၂၄ သတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက်ပြီး ဦးဝီရသူကတော့ “သူတို့မိသားစုတွေကို စာနာမိတယ်” လို့ ဆိုပါတယ်။

    လုပ်ကြံမှုမှာ ပါဝင်တဲ့ လေဆိပ်သေနတ်သမား၊ တပ်မတော်အရာရှိဟောင်းတွေနဲ့ ဘာအဆက်အသွယ်မှ မရှိကြောင်း၊ အကြမ်းဖက်မှုမှန်သမျှကို ရှုတ်ချပြီး အကြမ်းဖက်ခံရသူ တိုင်းကိုလည်း စာနာမိကြောင်း ဦးဝီရသူက ရေးပါတယ်။

    ဦးဝီရသူဟာ မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာဟာ အစ္စလမ်ဘာသာရဲ့ လွှမ်းမိုးမှု အန္တရာယ် ကျရောက်နေကြောင်းကို တက်တက်ကြွကြွလှုံ့ဆော်လေ့ရှိပြီး သူ့ရဲ့ တရားပွဲများမှာလည်း ဒီအကြောင်းတွေကို အမြဲတမ်း ဟောပြောလေ့ ရှိပါတယ်။

    မဘသ အတွင်းရေးမှူး မှတ်ချက်
    —————————-

    Facebook ရေးသားချက်နဲ့ ပတ်သက်ပြီး ဦးဝီရသူကို Myanmar Now က ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရခဲ့ပါဘူး။

    မဘသ ဗဟိုအဖွဲ့ အတွင်းရေးမှူးကတော့ ဦးဝီရသူရဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ ရေးသားချက်ဟာ ရေးသားသူရဲ့ ပုဂ္ဂလိက အာဘော်သာဖြစ်တယ်၊ ဦးကိုနီအသတ်ခံရ စဉ်က အဖွဲ့အနေနဲ့ ဝမ်းနည်းကြောင်း ထုတ်ပြန် ကြေညာပြီးဖြစ်တယ်လို့ ဆိုပါတယ်။

    သို့သော်လည်း ဦးကိုနီလိုမျိုး အခြေခံဥပဒေပြင်လိုသူတွေကို မုန်းတီးသူ၊ သတ်ချင်သူတွေ အများအပြား ရှိတယ်လို့ မဘသ အတွင်းရေးမှူး၊ မွန်ပြည်နယ် မြစေတီဆရာတော် ဘဒ္ဒန္တ ဝိမလဗုဒ္ဓိက ယူဆပါတယ်။

    “ဦးကိုနီက မွတ်စလင်တွေ နေရာရအောင် တိုင်းပြည်ရဲ့ခြံစည်းရိုးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို တစ်ခုချင်း ဖယ်ရှားနေတယ်၊ အခုချိန်မှာက တိုင်းပြည်ရဲ့အခြေအနေက ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ မလိုသေးဘူး၊ ရလည်း မရသေးဘူး၊ ဒါကို ပြင်မယ်လို့ပြောနေရင် အမုန်းပွားနေဦးမှာပဲ” လို့ ဆရာတော်က ဆိုပါတယ်၊

    “တပ်မတော်က ဒီဟာကို ကာကွယ်စောင့် ရှောက်ရမယ့်တာဝန် ရှိတယ်၊ ပြင်ချင်ရင် တပ်နဲ့ပေါင်းပေါ့၊ ဦးကိုနီက ဒီခြံစည်းရိုးကို တစ်ချောင်းချင်းဖြုတ်နေတာ၊ ဒါ တစ်နေ့ ချောက်ကျမှာပဲ။ ပြောလို့မှ မရရင် အမျိုးချစ်တဲ့ လူတွေရော၊ ဘုန်းကြီးတွေရော လက်ခံဘူး၊ တပ်ဘက်က အတွင်းကျကျ သိထားတာတစ်ခုက အခုအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို တပ်ဘက်က စောင့်ကြည့်နေတယ်”

    အခြားတစ်ဘက်မှ အသံများ
    —————————-

    ကိုယ်တိုင် ကျူးလွန်သတ်ဖြတ်တာ မဟုတ်ပေမယ့် သံဃာတော်တစ်ပါးအနေနဲ့ ရန်ကုန်လေဆိပ် လူသတ်သမားတွေကို အားပေးအားမြှောက်ပြုတာ၊ ချီးမွမ်းတာ၊ ထောက်ခံတာဟာ ရဟန်းရဲ့ဝိနည်းတော်အရ တတိယပါရာဇိကကျခြင်းဖြစ်တယ်၊ ရဟုန်းဘဝ ပြီးဆုံးသွားပြီး သာမန်လူတယောက်အဖြစ်သာ မှတ်ယူရမယ်လို့ ၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ ပါဝင်သူ မန္တလေးမှ ဦးစိန္တိတက မှတ်ချက်ပေးပါတယ်။

    “အဲ့ဒီလိုလုပ်တာဟာ ရဟန်းဘဝ ပြန်မရတော့ဘူး၊ ရဟန်းမဟုတ်တော့ဘူး၊ ဒါကို တာဝန်ရှိတဲ့ သံဃ အဖွဲ့အစည်းတွေ သိရမယ်၊ သိချိန်မှာလည်း သာသနာတော်ပြင်ပကို ထုတ်ရမှာ၊ အခုက ဦးဝီရသူ ကိုယ်တိုင်က သူလုပ်တာဟာ ဝိနည်းနဲ့မညီတာကို မခံယူလို့လား၊ သက်ဆိုင်တဲ့အဖွဲ့တွေကပဲ ဒီအတိုင်း ကြည့်နေတာလားတော့ တွေးစရာဖြစ်တယ်” လို့ ဦးစိန္တိတက ဆိုပါတယ်၊

    လူသတ်မှုကျူးလွန်ကြသူတွေကို ကျေးဇူးတင်ကြောင်း အများသိ ထုတ်ဖော်ခြင်းဟာ ရာဇဝတ် မှုကို အားပေးအားမြှောက်ပြုတဲ့သဘော သက်ရောက်ပေမယ့် ဥပဒေအရ အရေးယူနိုင်တဲ့အထိတော့ ပြစ်မှုမမြောက်ကြောင်း ဥပဒေရေးရာကျွမ်းကျင်သူတချို့က မှတ်ချက်ပြုပါတယ်၊

    “အမှုဖြစ်စဉ် မဖြစ်ခင်မှာ သူ့အနေနဲ့ ဒီလိုရေးသားခဲ့မယ်ဆိုရင်တော့ ဥပဒေအရ အားပေးအားမြှောက်လုပ်တာ ဆိုပြီး သူ့ကိုအရေးယူလို့ရတယ်၊ အခုက ဖြစ်စဉ်ကြီး ဖြစ်ပျက်ပြီးမှ သူက သူ့စိတ်ခံစားချက်ကို လူမှုကွန်ရက်မှာ ရေးတာ ဖြစ်တဲ့အတွက် သူ့ကို အမှုဖွင့်အရေးယူလို့ကတော့ မရဘူး” လို့ ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဆိုပါတယ်၊

    မဘသအဖွဲ့ရဲ့ ဥပဒေရေးရာ ကျွမ်းကျင်သူ တရားလွှတ်တော်ရှေ့နေ ဦးအေးပိုင်ကလည်း ဦးဝီရသူရဲ့ ရေးသားချက်ဟာ ပုဂ္ဂိုလ်ရေး ခံစားချက်သာဖြစ်တယ်လို့ ဆိုပါတယ်။

    ဖေဖော်ဝါရီ ၂၅ ရက် နေ့ကပြုလုပ်သွားတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက ဦးကိုနီသတ်ခံရမှုဟာ ပုဂ္ဂိုလ်ရေးမုန်းတီးတာကြောင့်ဖြစ်ပြီး၊ လူအချင်းချင်း အမုန်းပွားစေတဲ့ စကားတွေရပ်ကြရမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဦးကိုနီသတ်ဖြတ်ခံမှုနဲ့ပတ်သတ်ပြီး အမုန်းပွားစေတဲ့စကားများ Facebook ကွန်ရက်မှာ ပျံ.နှံ့နေတာကိုတော့ အာဏာပိုင်များက အရေးယူဆောင်ရွက်ခြင်း မပြုတာ တွေ့ရှိရပါတယ်။

    ————————-

  • “မတူသူများနှင့် အတူနေခြင်း” (စာအုပ်အညွှန်း)

    “မတူသူများနှင့် အတူနေခြင်း” (စာအုပ်အညွှန်း)

    ဖေဖော်ဝါရီလ ၂၇၊ ၂၀၁၇
    M-Media

    ဖေဖော်ဝါရီလအတွင်း ထွက်လာတဲ့ စာအုပ်ကောင်းတစ်အုပ်ကို ညွှန်းဆိုမိတ်ဆက်ပေးလိုပါတယ်။

    စာပေဗဟုသုတ မဖွံ့ဖြိုးသူတို့အကြား လူမျိုး-ဘာသာ မတူညီခြင်းကို ခြေကုပ်ယူပြီး နိုင်ငံရေးအမြတ်ထုတ်သူတို့ရဲ့ အမုန်းစကားဖြန့်ချိမှု ရပ်တန့်သွားစေဖို့ အီဂျစ်နိုင်ငံ၊ အလ်အဇ်ဟရ်တက္ကသိုလ် ပါမောက္ခနဲ့ ဓမ္မသတ်မှူးချုပ် Sheikh Dr. Shawky Ibrahim Abdul Kareem Allam က စင်ကာပူနိုင်ငံမှာ Building Harmonious Societies in a Plurlistic World ခေါင်းစဉ်နဲ့ အရဗီလို ဟောပြောခဲ့ပါတယ်။

    ဒီဟောပြောချက်ကို MUIS ACADEMY က အင်္ဂလိပ်ဘာသာပြန် ထုတ်ဝေခဲ့ပြီး ယခုအခါ (ဦး) ကျော်ဝင်း M.A(TEFL) က အင်္ဂလိပ်မှတဆင့် မြန်မာဘာသာပြန်ဆိုလိုက်တဲ့ “မတူသူများနှင့် အတူနေခြင်း” စာအုပ်လေးဖြစ်ပါတယ်။

    ဒီဟောပြောချက်အပြင် အသိုင်းအ၀ိုင်းစုံမှ တက်ရောက်သူများရဲ့ မေးမြန်းဖြေကြားချက်များလည်း ပါဝင်ပါတယ်။ မတူကွဲပြားမှုအကြား အေးအတူပူအမျှ နေထိုင်စေနိုင်တဲ့ ဘာသာရေးအခြေတည် လူ့အဖွဲ့အစည်းဆိုင်ရာ အတွေးအမြင်များကို လိုတိုရှင်း ဖတ်ရှုရမှာဖြစ်ပါတယ်။ ဒီစာအုပ်ရဲ့ထူးခြားမှုကတော့ မြန်မာ၊ အင်္ဂလိပ်၊ အရဗီ(မူရင်း) ဘာသာစကားသုံးမျိုးနဲ့ ထုတ်ဝေထားခြင်းပါပဲ။ ဟိုဒိုင်ဗီယာ စာပေတိုက်က ထုတ်ဝေပြီး တန်ဖိုး ၁၅၀၀ ကျပ် ဖြစ်ပါတယ်။

    ကန္တာရရေချိုတွင်း (OASIS) 0997515665, 0997006942 မှ ဖြန့်ချိပါတယ်။

    ရရှိနိုင်သော ဆိုင်များ

    ၁။ ခေတ်သစ်စာပေ
    အမှတ် – ၄၇၀၊ မဟာဗန္ဓုလလမ်း၊ (၃၁)လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းကြား၊ ပန်းဘဲတန်း။ ဖုန်း – ၀၁ ၃၈၀၉၆၈၊ ၀၉ ၅၁၉၄၉၆၉

    ၂။ နဒီပြာပြာ
    အမှတ်-၁၆၂၊ ဗိုလ်ဆွန်ပက်လမ်း၊ ပန်းဘဲတန်းမြို့နယ်။
    ဖုန်း ဝ၉-၉၇၄၇၇၆၆၈၈၊ ဝ၉-၇၃၀၃၁၃၆၇

  • တရားလွှတ်တော် ရှေ့နေ ဦးကိုနီနှင့် အငှားယာဉ်မောင်း ဦးနေဝင်း တို့အတွက် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပ

    တရားလွှတ်တော် ရှေ့နေ ဦးကိုနီနှင့် အငှားယာဉ်မောင်း ဦးနေဝင်း တို့အတွက် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပ

    ရန်ကုန် ဖေဖော်ဝါရီ ၂၆

    တရားလွှတ်တော် ရှေ့နေ ဦးကိုနီနှင့် အငှားယာဉ်မောင်း ဦးနေဝင်း တို့အတွက် အောက်မေ့ဖွယ် အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ ခန်းမ၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ ကျန်ရစ်သူ နှစ်ဘက် မိသားစုဝင်များကို အားပေး စကား ပြောကြားသည်။

    ရှေးဦးစွာ အခမ်းအနားမှူးက တရားလွှတ်တော် ရှေ့နေ ဦးကိုနီ နှင့် အငှားယာဉ်မောင်း ဦးနေဝင်း တို့ ၏ ကိုယ်ရေး အကျဉ်းကို ဖတ်ကြားသည်။

    ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဦးကိုနီသည် ဥပဒေအထောက် အကူအဖွဲ့ထဲတွင် ပါဝင်ခဲ့ခြင်းမှာ ယုံကြည်ချက်နှင့် တရားဥပဒေ စိုးမိုးရေး အတွက် တက်တက် ကြွကြွ တတ်နိုင်သလောက် ပါဝင် ကူညီခဲ့သူ ဖြစ်ပါကြောင်း၊ မိမိတို့သည် ဦးကိုနီအား ရဲဘော်ရဲဘက် တစ်ယောက် အနေဖြင့်ရော၊ ဥပဒေပညာရှင် တစ်ယောက် အနေဖြင့်ပါ အင်မတန်မှ လေးစားပါကြောင်း၊ တန်ဖိုး ထားပါကြောင်း၊ အလားတူ ပုဂ္ဂိုလ် များများရှိမှသာ မိမိတို့ နိုင်ငံတွင် ကိုယ်လုပ်ချင်သည့် ကိစ္စကို တရား ဥပဒေဘောင် အတွင်းမှ လုပ်သည် ဆိုသည့် အစဉ်အလာ ခိုင်မြဲသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

    ထို့ပြင် “အပြစ်တစ်ခု ကျူးလွန်ပြီးတော့ အလွတ် ရုန်းသွားမယ့်သူကို ဖမ်းတယ် ဆိုတာ သူ့ကို မုန်းလို့ မဟုတ်ဘူး။ ဒီလို အပြစ်တွေကို ကျူးလွန်ချင်တိုင်း ကျူးလွန်လို့ မရဘူး။ ကိုယ်မလုပ်သင့်တဲ့၊ မလုပ် ထိုက်တဲ့ ကိစ္စတွေ၊ ရာဇ၀တ်မှုတွေ၊ အပြစ်တွေ၊ သူတစ်ပါးကို ထိပါးစေတဲ့ အလုပ်တွေကို လုပ်ချင်တိုင်း လုပ်ပြီး လွတ်လွတ် လပ်လပ်နဲ့ ပြေးချင်တိုင်း ပြေးလို့ ရမယ်ဆိုတာ ဒါ မဖြစ်သင့်ဘူး။ တရားဥပဒေ စိုးမိုးတဲ့ အသိုင်းအဝိုင်းမှာ ဒါမျိုးဟာ မဖြစ်သင့်ဘူး ဆိုတဲ့ ယုံကြည်ချက်နဲ့ ဦးနေဝင်းက လုပ်တယ်လို့ ကျွန်မ ယုံကြည်တယ်´´ဟု ပြောကြားသည်။

    နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က လူသားတိုင်းသည် အခြေခံအားဖြင့် မကွာခြားကြောင်း၊ လူသားတိုင်းသည် အခြေခံအားဖြင့် စိတ်ချမ်းသာ ချင်ကြောင်း၊ လူကျန်းမာချင်ကြောင်း၊ ကိုယ် မကျန်းမာလျှင် စိတ်ချမ်းသာရန် ခက်ကြောင်း၊ ကိုယ်ကျန်းမာသော်လည်း ပူပင်သောက များနေလျှင်၊ စိတ်ချ လုံခြုံမှုမရှိဘူး ဆိုလျှင်၊ ကိုယ့်ပတ်ဝန်းကျင်တွင် စိတ်ချ လုံခြုံမှု မရှိဘူးဆိုလျှင် စိတ်လည်း မချမ်းသာပါကြောင်း၊ နိုင်ငံသူ နိုင်ငံသားအားလုံး မိမိတို့ နိုင်ငံကို မှီတင်း နေထိုင်သူများ အားလုံး ကျန်းမာရန်၊ ချမ်းသာရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ရိုးရိုးလေး နေထိုင်ခြင်း ဖြစ်ပါကြောင်း၊ လူသားများ၏ ရည်ရွယ်ချက်ပင် ဖြစ်ပါကြောင်း ပြောကြားသည်။

    နိုင်ငံတစ်နိုင်ငံ၏ သမိုင်းအတွက်၊ အစိုးရတစ်ခု အတွက် ဆယ်လ၊ တစ်နှစ်ဆိုသည်မှာ ဘာမျှ မဟုတ်ပါကြောင်း၊ ကာလတိုသာ ရှိပါသေးကြောင်း၊ ဒီလို ကာလတိုလေး အတွင်း မိမိတို့ ဘာကျေနပ်ဖွယ်ရာတွေ ရှိခဲ့သလဲ ဆိုလျှင် ကျေနပ်ဖွယ်ရာများ အသီးသီး ရှိပါကြောင်း၊ ထိုကျေနပ်စရာ များထဲတွင် မိမိတို့၏ အဖွဲ့ချုပ်ထဲတွင် ဦးကိုနီ၊ ဦးနေ၀င်းတို့လို ပုဂ္ဂိုလ်များ ပါခဲ့သည်မှာလည်း မိမိတို့ အတွက် အင်မတန် ကျေနပ်စရာ တစ်ခု၊ ဂုဏ်ယူစရာ ကိစ္စတစ်ခု ဖြစ်ပါကြောင်း၊ မိမိတို့ အနေဖြင့် ဘယ်တော့မှ မမေ့ပါကြောင်း၊ မိမိတို့ လုပ်သင့် လုပ်ထိုက်သည်ကို မလုပ်ရဲသေးသည့် အချိန်မှာ၊ မလုပ်သင့် မလုပ်ထိုက်တာကို ကြောက်လို့ မလွန်ဆန်ရဲသည့် အချိန်မှာ မိမိတို့အဖွဲ့ချုပ်၏ အဖွဲ့ဝင်များထဲမှ အာဇာနည် သူရဲကောင်းများ၊ နိုင်ငံ သားကောင်းများ ရှိခဲ့သည် ဆိုသည့် အသိကို အမြဲ အောက်မေ့ပြီး အင်အား ဖြစ်ကြပါစို့လို့ ဆန္ဒပြုပါကြောင်း´´ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြားသည်။

    ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ကျန်ရစ်သူ နှစ်ဘက် မိသားစုဝင်များနှင့် သီးသန့် တွေ့ဆုံပြီး အားပေး စကား ပြောကြားသည်။

    ယနေ့ကျင်းပသည့် အောက်မေ့ဖွယ် အခမ်းအနားသို့ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက သူရဦးတင်ဦး၊ ဗဟို အလုပ်အမှုဆောင် အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင်များ ဖြစ်ကြသော ဦးဝင်းထိန်၊ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးကိုနီ၏ ကျန်ရစ်သူ မိသားစုဝင်များ၊ ဦးနေဝင်း၏ ကျန်ရစ်သူ မိသားစုဝင်များ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များ၊ အရပ်ဘက် အဖွဲ့အစည်းများမှ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

    (ဇော်ဇော်ကြီး)

    MOI မှ ကူးယူဖော်ပြသည်။

  • သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ခဲ့တဲ့ ဦးကိုနီ လုပ်ကြံခံရမှု အသေးစိတ် အချက်အလက်များ

    သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ခဲ့တဲ့ ဦးကိုနီ လုပ်ကြံခံရမှု အသေးစိတ် အချက်အလက်များ

    ပြည်ထဲရေးဝန်ကြီးဌာနက ဒီနေ့ (ဖေ ၂၅) ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ခဲ့တဲ့ ဦးကိုနီ လုပ်ကြံခံရမှု အသေးစိတ် အချက်အလက်များ

    ■ အရေးယူ ဆောင်ရွက်မှု

    – ကြည်လင်း (ခ) ဖိုးထူးအား ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁)၊ လက်နက် ဥပဒေ ပုဒ်မ ၁၉ (စ)၊ လဝကအက် ၁၃ (၁)။

    – အောင်ဝင်းဇော်အား ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁)၊ လက်နက် ဥပဒေ ပုဒ်မ ၁၉ (စ)၊

    – ဇေယျာဖြိုးအား ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ ၊ ရာဇသတ်ကြီး ပုဒ်မ ၄၂၀/၄၆၈။

    – အောင်ဝင်းခိုင်ကိုလည်း ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အရ မှုခင်းရဲတပ်ဖွဲ့ က တရားစွဲရန် စီစဉ်လျက်ရှိ။

    – ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံ အောင်ဝင်းခိုင်အား ဖမ်းဆီးရမိရေးအတွက် ၎င်း၏ ဓာတ်ပုံနှင့် အချက်အလက်များအား ပြည်တွင်း ၌ ဖြန့်ဝေ စုံစမ်း ဖော်ထုတ်လျက် ရှိသည့် အပြင် နိုင်ငံတကာရဲတပ်ဖွဲ့၊ အာဆီယံ ရဲတပ်ဖွဲ့ တို့သို့လည်း ပေးပို့ချိတ်ဆက် ဆောင်ရွက်လျက်ရှိ

    ● အင်ဒိုနီးရှားခရီးစဉ်

    – ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် အဖွဲ့တွင် ဦးကိုနီအပါအ၀င် အဖွဲ့ဝင်(၂၄) ဦးသည် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာနှင့် မာလူကူတို့တွင် ၂၀၁၇ခုနှစ်၊ ဇန်န၀ါရီလ ၂၂မှ ၂၉ရက်အထိ Senior Leadership Programme လေ့လာခရီးစဉ် သွားရောက်ခဲ့။

    – ဇန်န၀ါရီလ ၂၉ရက် ၁၆၃၀ချိန် Silk Air လေကြောင်းလမ်းဖြင့် စင်္ကာပူမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိ။

    ● ကြည်လင်း (ခေါ်) ဖိုးထူးတည်းခိုသည့် ဘုန်းကြီးကျောင်းအား တွေ့ရှိ

    – ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် သတင်းရဲတပ်ဖွဲ့ပါ ပူးပေါင်းအဖွဲ့သည် သတင်းသက်သေများနှင့်အတူ ဇန် ၂၉ ရက်နှင့် ၁၈:၃၀ချိန်တွင် ကြည်လင်းတည်းခိုသည့် မင်္ဂလာတောင်ညွန့်မြို့နယ်၊ အောင်မြေဗိမာန် ကျောင်းသို့သွားရောက်ရှာဖွေစစ်ဆေးခဲ့။

    – ရှာဖွေစစ်ဆေးရာတွင် ၂၀၁၆ စက်တင်ဘာလ ၁၄နှင့် ၁၅ရက်နေ့တို့တွင် မြ၀တီမှ ထိုင်းနိုင်ငံသို့သွားရောက် ခဲ့သည့် TBP ကဒ် (၂)ခု၊ Honda Wave-100 ဆိုင်ကယ်(၁) စီးနှင့် စာရွက်စာတမ်း အထောက်အထားအချို့ သိမ်းဆည်းရမိခဲ့။

    ● အောင်ဝင်းဇော်အား ဖမ်းဆီးရမိခြင်း

    – ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ အောင်ဝင်းဇော်အား ဇန် ၃၀ရက် ၀၄:၂၀ချိန်တွင် သံလွင်တံတား(ဘာအံ)၌ ဖမ်းဆီးရမိပြီး ၄င်းအားရန်ကုန်သို့ ခေါ်ယူစစ်ဆေးခဲ့

    – အောင်ဝင်းဇော်သည် စတသ-၃၄သင်တန်းဆင်းဖြစ်ပြီး ၁၉၉၆ခုနှစ်တွင် ဗိုလ်အဆင့်ဖြင့် ခလရ(၂၂၂) ဟုမ္မလင်မှ တပ်မတော်အက်ဥပဒေပုဒ်မ ၄၃(ဃ)ဖြင့် ထောင်ဒဏ် (၂)နှစ်ကျခံခဲ့

    – ၂၀၀၂ခုနှစ်တွင် ကြည်လင်းနှင့်အတူ ဘုရားခိုးမှု (၃)မှုဖြင့် ထောင်ဒဏ် (၂၇)နှစ် ကျခံခဲ့ရပြီး ၂၀၁၄ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့

    ● ဇေယျာဖြိုးအား ဖမ်းဆီးခြင်း

    – အောင်ဝင်းဇော်အား စစ်ဆေးချက်အရ စီစဉ်ညွှန်ကြားသူမှာ ၄င်း၏ညီ အောင်ဝင်းခိုင်နှင့် စီးပွားရေးအတူ လုပ်ကိုင်သူ ဇေယျာဖြိုးတို့ဖြစ်ပြီး ဇေယျာဖြိုးအား ရန်ကင်းမြို့နယ်ရှိ ကျောက်ကုန်းပရိယတ္တိစာသင်တိုက်၌ ရဟန်းဝတ်နေစဉ် ဖေဖော်ဝါရီ၃ရက်တွင် တပ်မတော်မှ ဖမ်းဆီးရမိခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ လွဲပြောင်း ပေးအပ်ခဲ့။

    – ပူးပေါင်းအဖွဲ့သည် ဇေယျာဖြိုး၏ တာမွေမြို့နေအိမ်သို့ဝင်ရောက်ရှာဖွေရာ HYT စကားပြောစက်(၁)လုံးနှင့် စက်စပ်ပစ္စည်းများ၊ Icon အမျိုးအစား စကားပြောစက် (၁)လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ ၄င်း၏ ဓာတ်ပုံပါ နိုင်ငံသားစိစစ်ရေးကဒ် (၄)ကဒ် နှင့် ကွန်ပျူတာ အပါအ၀င်ဆက်စပ်ပစ္စည်း (၂၈)မျိုးအားသိမ်းဆည်းရမိခဲ့။

    – ၄င်းသည် စတသ(၃၈)ဆင်းဖြစ်ပြီး တပ်မတော်သတင်းစုဆောင်းရေး အတတ်သင်ကျောင်း၌ ဗိုလ်ကြီး အဆင့်ဖြင့် တာဝန်ထမ်းဆောင်စဉ် ၁၅-၁၂-၂၀၁၄ ရက်တွင် အငြိမ်းစားပေးခြင်းခံခဲ့ရသူဖြစ်သည်။

    – ၄င်းသည် အငြိမ်းစားယူပြီးနောက် ZYP၊ AIS၊ 38- Group နှင့် ရောင်ဝါဖြိုးကုမ္ပဏီတို့အား တည်ထောင်/အ စုရှယ်ယာဝင်အဖြစ် ဆောင်ရွက်လျက်ရှိ။

    ■ စစ်ဆေးပေါ်ပေါက်ချက်

    ● အောင်ဝင်းခိုင်နှင့် ဇေယျာဖြိုးတို့ပတ်သက်မှု

    – အောင်ဝင်းဇော်၏ ညီတော်စပ်သူ အောင်ဝင်းခိုင်သည် ၂၀၁၅ခုနှစ်တွင် တစ်ခု ဒုဗိုလ်မှူးကြီးအဆင့်ဖြင့် နှုတ်ထွက်အငြိမ်းစား ရရှိခဲ့ပြီးနောက် ရန်ကုန်၌ ဇေယျာဖြိုးနှင့် ပြန်လည်တွေ့ဆုံခဲ့။

    – ဇေယျာဖြိုး၏ ကမ်းလှမ်းချက်အရ ၂၀၁၆ခုနှစ်တွင် ရောင်ဝါဖြိုးကုမ္ပဏီအား ပူးပေါင်းတည်ထောင်ပြီး အောင်ဝင်းခိုင်မှ MD၊ ဇေယျာဖြိုး၏ ဇနီး မသီတာလွင်နှင့် ညီရဲဟိန်းတို့မှ ဒါရိုက်တာအဖွဲ့ဝင်များအဖြစ် ဆောင်ရွက်ခဲ့။

    ● ဦးကိုနီအား သတ်ဖြတ်ရန် ကြံစည်ခြင်း

    – ဇေယျာဖြိုးသည် ၂၀၁၆ဧပြီလဆန်းခန့်တွင် အောင်ဝင်းခိုင်၊ ဦးလင်းဇော်ထွန်းတို့နှင့် တာမွေမြို့နယ်ရှိ မော်ဒန်လက်ဖက်ရည်ဆိုင်၌တွေ့ဆုံစဉ် လူမှုကွန်ရက်များတွင် တွေ့နေရသည့် ဦးကိုနီ၏ပြောဆိုလုပ် ကိုင် ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြပြီး ပုဂ္ဂိုလ်ရေးအရ မကျေနပ်မှုများ ဖြစ်ပေါ်လာခဲ့ကြောင်း သိရှိရ။

    – ဇေယျာဖြိုးနှင့် အောင်ဝင်းခိုင် မော်ဒန်လက်ဖက်ရည်မှအပြန် ကားပေါ်တွင် အောင်ဝင်းခိုင်က “ဦးကိုနီကို ရှင်းပစ်မှကောင်းမည်”၊ ဇေယျာဖြိုးမှ “အစ်ကိုဘာလုပ်ချင်တာလဲ” ဟုမေးရာ ၄င်းအစ်ကို အောင်ဝင်းဇော် ထောင်ကျစဉ်က တပည့်များကိုခိုင်းလျှင် အဆင်ပြေနိုင်မည်၊ အောင်ဝင်းဇော်နှင့် တိုင်ပင်မည်ဟု ပြောခဲ့။

    – တစ်ပတ်ခန့်အကြာတွင် မော်ဒန်လက်ဖက်ရည်ဆိုင်၌ ၄င်းတို့(၂)ဦး ထပ်မံတွေ့ဆုံကြစဉ် အောင်ဝင်းခိုင် မှ အောင်ဝင်းဇော်နှင့် တိုင်ပင်ပြီးဖြစ်ကြောင်း၊ သူကိုယ်တိုင်က ဆောင်ရွက်လိုသည့်ဆန္ဒရှိကြောင်း ငွေ ကြေးထောက်ပံ့ရန် ပြောဆိုခဲ့။

    – ဇေယျာဖြိုးနှင့် သက်သေထွက်ဆိုချက်များအရ အောင်ဝင်းခိုင်သည် ငွေသာရလျှင် ဘာမဆိုလုပ်မည် သဘောရှိသူဖြစ်ကြောင်း သိရှိရ။

    ● သတ်ဖြတ်ရန်ကြိုတင်ငွေထုတ်ပေးမှု

    – ၂၀၁၆ခုနှစ်ဧပြီလတွင် အောင်ဝင်းခိုင်မှ အောင်ဝင်းဇော်သို့ ကျပ်သိန်း (၄၀၀)ထုတ်ပေးခဲ့

    – အောင်ဝင်းခိုင်မှ အောင်ဝင်းဇော်အား မိမိကိစ္စ မိမိအပြီးအပြတ်တာဝန်ယူရန်၊ သေသေချာချာလုပ်ရန်နှင့်
    ပြဿနာမပေါ်စေရန်မှာကြားခဲ့

    – သြဂုတ်လ ပထမပတ်တွင် တာမွေမြို့နယ်၊ မော်ဒန်လက်ဖက်ရည်ဆိုင်တွင် အောင်ဝင်းခိုင်မှဇေယျာဖြိုးအား
    သတ်ဖြတ်ရာတွင်သုံးစွဲရန် ငွေလိုနေကြောင်း ပြောကြားခဲ့

    – သြဂုတ်လ ဒုတိယပတ်ခန့်တွင် ၄င်းမော်ဒန်လက်ဖက်ရည်ဆိုင်တွင်ပင် ဇေယျာဖြိုးမှ အောင်ဝင်းခိုင်အား
    ကျပ်သိန်း(၁၀၀၀)ပေးအပ်ခဲ့

    ● သတ်ဖြတ်မယ့်သူရှာဖွေခြင်း

    – အောင်ဝင်းဇော်သည် ၂၀၁၆ခုနှစ်၊ မေလခန့်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း) ပင်လောင်လမ်းနေ၊ နဂါး (ခေါ်) အောင်ကြည်လင်း (ခေါ်) အောင်နိုင်မြင့် (ဘီးလင်းမြို့နယ်၊ တောင်စွန်းရဲဘက်စခန်းတွင် ရင်းနှီးခဲ့သူ) ထံ ဆက်သွယ်တွေ့ဆုံခဲ့။

    – တွေ့စုံစဉ် ဦးကိုနီအား ဓား (သို့) စကေဘာဖြင့် ထိုးသတ်ရန် ညှိနှိုင်းခဲ့ပြီး ကျပ် သိန်း(၂၀၀) နှင့် လိုင်စင်မဲ့ကား (၁) စီးဖြင့် နဂါးမှသတ်ပေးရန် သဘောတူခဲ့။

    – (၃/၄) ရက်ခန့်အကြာတွင် နဂါးထံဖုန်းဖြင့် ဆက်သွယ်ခေါ်ယူပြီး၊ ကျပ်သိန်း (၂၀၀)နှင့် Online မှ မှာယူရရှိသည့်
    ကျပ်(၆၄) သိန်းတန် Nissan X-Trail မိုးပြာရောင်(လိုင်စင်မဲ့) ကားအား ပေးအပ်စေခိုင်းခဲ့သော်လည်း
    အဆင်မပြေဘဲ နဂါးမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့။

    – ၂၀၁၆ ခုနှစ်၊ ဇွန်လခန့်က အောင်ဝင်းဇော်သည် အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက် ဂျပန်လမ်းနေ အောင်စိုး (မန္တလေး အိုးဘိုထောင်၌ ရင်းနှီးခဲ့သည့် လုယက်မှုဖြင့် ပြစ်ဒဏ် ကျခံခဲ့သူ) အား သွားရောက် တွေ့ဆုံ၍ သံတမန်တဦးအား အခကြေးငွေဖြင့် သတ်ဖြတ်ပေးရန် ကနဦး ညှိနှိုင်းခဲ့။

    – (၄) ရက်ခန့် အကြာတွင် အောင်စိုးမှ အောင်ဝင်းဇော်ထံ ဖုန်းဆက်လာရာ အောင်ဝင်းဇော်မှ သံတမန် ပြန်သွားပြီ ဖြစ်ကြောင်း ပြောဆိုကာ အဆက်အသွယ် ပြတ်သွားခဲ့။

    – ၂၀၁၆ ခုနှစ်၊ သြဂုတ်လခန့်တွင် အောင်ဝင်းဇော်သည် ယင်းမာပင်မြို့နယ်၊ စိုင်လျှား ကျေးရွာနေ ကြည်လင်း (ခ) ဖိုးထူး အား ဆက်သွယ်၍ ရန်ကုန်သို့ ခေါ်ယူပြီး ဦးကိုနီ၏ ဓာတ်ပုံအား ပြဿကာ သတ်ဖြတ်ပေးရန် ညှိနှိုင်းရာ ကျပ်သိန်း (၂၀၀) တန် ကားတစ်စီးဖြင့် သဘောတူခဲ့။

    – ၎င်းနောက်ပိုင်းတွင် အောင်ဝင်းဇော်မှ ကြည်လင်းသို့ ငွေကျပ် (၁၁) သိန်းကို (၂/၃) ကြိမ်ခန့် ခွဲ၍ လည်းကောင်း၊ သတ်ဖြတ်ထွက်ပြေးရာတွင် အသုံးပြုမည့် ဆိုင်ကယ်ဝယ်ရန် ငွေကျပ် (၁၃) သိန်းကို ၃-၁၂-၂၀၁၆ ရက်တွင် လည်းကောင်း ကြိုတင် ငွေ ပေးအပ်ခဲ့။-

    – ကြည်လင်းသည် Honda Wave 100 ဆိုင်ကယ်ကို ငွေကျပ် (၁၂) သိန်းဖြင့် သန်လျင်မှ ဝယ်ယူပြီး အောင်မြေဗိမာန် ဘုန်းကြီးကျောင်း၌ သိမ်းဆည်းထားရှိခဲ့။

    ● လက်နက်ဝယ်ယူခြင်း

    – ၂၀၁၆ ခုနှစ်အောက်တိုဘာ ၁၆ ရက်ခန့်တွင် အောင်ဝင်းဇော်သည် ဘားအံမြို့သို့ သွားရောက်၍ ယခင် ရှေးဟောင်း ပစ္စည်း အရောင်းအဝယ် လုပ်စဉ် ရင်းနှီးခဲ့သူများ မှတဆင့် ၉ မမ ပစ္စတို (၁) လက်နှင့် ကျည် (၁၁) တောင့်ကို ငွေကျပ် (၂၅) သိန်း ဖြင့် ဝယ်ယူခဲ့။

    – ၎င်းအပြင် (၅) လုံးပြူး သေနတ် (၁) လက် နှင့် ကျည် (၄) တောင့် ကိုလည်း (၃၀) ကျပ်သိန်းဖြင့် ဝယ်ယူခဲ့။

    – အောင်ဝင်းခိုင်ထံမှ စရံရရှိသည့် ကျပ်သိန်း (၁၀၀) ဖြင့် သေနတ်များ ဝယ်ယူခြင်း ဖြစ်။
    ပြစ်မှုကျူးလွန်ရန် ပြင်ဆင်ခြင်း

    – ဇန် ၂၈ ရက် ၁၁:၄၀ အချိန်တွင် အောင်ဝင်းဇော်ထံ အောင်ဝင်းခိုင်မှ ဖုန်းဆက်၍ မနက်ဖြန် ၁၆:၄၀ ချိန် ဦးကိုနီ နိုင်ငံခြားမှ ပြန်ရောက်မည်ဟု ပြောကြားခဲ့၊ အောင်ဝင်းဇော် မှ နေ့လည် ၁၃:၀၀ ချိန်တွင် နေအိမ်၌ သေနတ်နှင့် ကျည်ဆန် များ တိုက်ချွန်ပြီး ကားနောက်ခန်း အခင်းပြားအောက်၌ ဝှက်သိမ်းခဲ့။

    – ညနေ ၁၇:၃၀ ချိန်ခန့်တွင် အောင်ဝင်းခိုင်မှ ထပ်မံဆက်သွယ်လာသည့်အခါ အားလုံးအသင့် ဖြစ်ကြောင်း ကြည်လင်း (ခ) ဖိုးထူးနှင့်လည်း အဆက်အသွယ် ရပြီး ဖြစ်ကြောင်း ပြန်လည် ပြောကြားခဲ့။

    – ည ၂၀:၀၈ ချိန်တွင် အောင်ဝင်းခိုင်မှ အောင်ဝင်းဇော်ထံ ဖုန်းဆက်သွယ်၍ “မနက်ဖြန် နေ့လည် ၁၄:၀၀ ချိန်မှ စပြီး လေဆိပ်၌ ရှိမည်” ဖြစ်ကြောင်း၊ ၂၀:၀၉ ချိန်တွင် “၄၂ အဆင်ပြေလား” ဟု မက်ဆေ့များပို့ခဲ့ အောင်ဝင်းဇော်မှ “OK” ဟု ပြန်ပို့ခဲ့ကြောင်း စိစစ်တွေ့ရှိ။

    ● အခင်းဖြစ်နေ့ လှုပ်ရှားဆောင်ရွက်မှုများ

    – ဇန် ၂၉ ရက် ၁၅:၁၅ ချိန်ခန့်တွင် အောင်ဝင်းဇော်နှင့် ကြည်လင်းတို့ လေဆိပ် ယာဉ်ရပ်နားရာ နေရာသို့ မော်တော်ယာဉ်ဖြင့် ရောက်ရှိခဲ့။

    – ၁၅:၁၉ ချိန်တွင် အောင်ဝင်းခိုင်မှ အောင်ဝင်းဇော်ထံ “တယ်လီဖုန်းဖြင့် ဖုန်းမဆက်နဲ့တော့” ဟု မက်ဆေ့ပို့ခဲ့၊ ၁၅:၂၂ ချိန်တွင် အောင်ဝင်းဇော်မှ “လိုက်ပြနေပြီ” ဟု မက်ဆေ့ပြန်ပို့ခဲ့။

    – ၁၅:၂၈ ချိန်တွင် အောင်ဝင်းခိုင်မှ “CCTV သတိထား” ဟု ပို့ရာ အောင်ဝင်းဇော်မှ ၁၅:၃၀ ချိန်တွင် “OK ၊ Terminal အသစ် ၁၆:၄၀?” ဟု ပြန်ပို့ခဲ့။

    – ၁၆:၁၉ ချိန်တွင် အောင်ဝင်းဇော်မှ “မင်းကားတွေ့တယ် စကားပြောဖို့ အဆင်ပြေလျှင် ဖုန်းဆက်” ဟု မက်ဆေ့ပို့ရာ ၁၆:၃၀ ချိန်တွင် အောင်ဝင်းခိုင်မှ “OK” ဟု ပြန်ပို့ခဲ့။

    – အောင်ဝင်းဇော် မှ ၁၆:၃၀ ချိန်တွင် “ဘယ်အပေါက်က ထွက်မယ် ပြန်ပြောပေး၊ ငါ Arrival မှာ ရှိ” ဟု မက်ဆေ့ ပို့ရာ အောင်ဝင်းခိုင်မှ ၁၆:၄၀ ချိန်တွင် “No. 6 မှ ထွက်မယ်၊ အသင့်ပြင်ထားတော့” ဟု မက်ဆေ့ပြန်ပို့ခဲ့။

    – အောင်ဝင်းဇော်နှင့် ကြည်လင်းတို့ အချိန်စောင့်ရင်း စကားပြောစဉ် အောင်ဝင်းဇော်မှ “လွယ်တော့ မလွယ်ဘူး ထွက်ပေါက် ပိတ်နေတယ်၊ မင်းမလုပ်ချင် မလုပ်နဲ့၊ ဒီမှာ မလုပ်ဘဲ နောက်က လိုက်သွားမယ်” ဟု ပြောခဲ့။

    ● အောင်ဝင်းခိုင် တိမ်းရှောင်ခြင်း

    – ဇန် ၂၉ ရက် ၂၁:၃၀ ချိန်တွင် ဇေယျာဖြိုးထံ အောင်ဝင်းခိုင်မှ ဖုန်းဆက်သွယ်၍ အိမ်သို့လာခေါ်ရန် ပြော၍ သွားရောက် ခေါ်ဆောင်ခဲ့၊ ရွှေဘုန်းပွင့် စေတီ သို့ ရောက်ရှိ၊ လမ်းတွင် ဇေယျာဖြိုးမှ ဦးကိုနီ သတင်း သိ/မသိ မေးရာ အောင်ဝင်းခိုင်မှ ငါခိုင်းတဲ့ လူဟု ဖြေခဲ့။

    – စေတီအား ပတ်၍ ဆုတောင်းပြီး အပြန်တွင် အောင်ဝင်းခိုင်က နေပြည်တော် သို့မဟုတ် မကွေးသို့ သွားမည်ပြော၍ ဇေယျာဖြိုးမှ ရောင်ဝါဖြိုး ကုမ္ပဏီ ဒါရိုက်တာ တဦးဖြစ်သော ရဲထွဋ်လှိုင်ထံ ဖုန်းဆက်၍ နောက်တစ်ရက်တွင် အောင်ဝင်းခိုင်အား နေပြည်တော်သို့ မော်တော်ယာဉ်ဖြင့် ခေါ်ဆောင်သွားရန် မှာကြားခဲ့။

    – ဇန် ၃၀ ရက် ၁၇:၃၀ ချိန်တွင် ရဲထွဋ်လှိုင်နှင့် အောင်ဝင်းခိုင်တို့ ဇဗ္မူသီရိမြို့နယ်၊ ပဒုမ္မာ (၂) လမ်းရှိ ရောင်ဝါဖြိုး ကုမ္ပဏီရုံးခွဲသို့ ရောက်ရှိ၊ အောင်ဝင်းခိုင်မှ ဖုန်း (၂) လုံးနှင့် စာရွက်စာတမ်း အချို့အား မီးရှို့ ဖျက်ဆီးခဲ့။

    – အောင်ဝင်းခိုင်အား မကွေးသို့ သွားရန် မြို့မ ဈေး ကားဂိတ်သို့ ပို့ဆောင်စဉ် ကားဆီထည့်၊ ဥပ္ပါတသန္တိ ဘုရားရှေ့ မောင်းစေ၍ ကားပေါ်မှ ဆုတောင်း၊ ပရဆေးဥယျာဉ် ရှေ့အရောက်တွင် ကားရပ်တန့်ခိုင်းပြီး လူတယောက်လာခေါ်မည်ဟု ပြော၍ အောင်ဝင်းခိုင် ဆင်းခဲ့။

    ● လူမှုကွန်ရက် စာမျက်နှာများ၌ ဖော်ပြမှု အခြေအနေများ

    – တရားခံ ကြည်လင်းအား အနီးကပ်ကြပ်မတ်သူ အောင်ဝင်းဇော်သည် စစ်တက္ကသိုလ် အမှတ်စဉ် (၃၄) ကျောင်းဆင်းဖြစ်ပြီး ၎င်း၏ ထွက်ဆိုချက်အရ ၎င်းနှင့် အတူ ပူးပေါင်း ဆောင်ရွက်သည့် ညီဖြစ်သူ အောင်ဝင်းခိုင် မှာလည်း စစ်တက္ကသိုလ် အမှတ်စဉ် (၃၆) ကျောင်းဆင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့။

    – သတင်းထုတ်ပြန်ပြီးနောက် ၎င်းတို့၏ ဓာတ်ပုံများ၊ အပတ်စဉ်တူ အဖွဲ့များစု ရိုက်ထားသည့် ဓာတ်ပုံများ၊ ဟောင်ကောင်တွင် မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း၊ ဟောင်ကောင် ကောင်စစ်ဝန်ချုပ် ဦးဇော်ဇော်စိုး၊ သံမှူး ဦးကျော်ဇေယျာလင်းတို့နှင့် တွဲရိုက်ထားသည့် ဓာတ်ပုံများ၊ ယူဆချက် အမျိုးမျိုးဖြင့် လူမှုကွန်ရက်တွင် ဖော်ပြပျံ့နှံ့ခဲ့။

    – ၎င်း ဓာတ်ပုံပါသူများအား စိစစ် မေးမြန်းခဲ့ရာ လုပ်ငန်းတူ/အပတ်စဉ်တူများသည် ဂေါက်ရိုက် ပြိုင်ပွဲ၊ ညစာစားပွဲ၊ အလှူအတန်းနှင့် ဟောင်ကောင်သို့ အလည်အပတ် သွားစဉ် မိတ်ဆွေများ နှင့် အမှတ်တရ ရိုက်ထားသည့် ပုံများသာ ဖြစ်ပြီး ပါဝင်သူများသည် အမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ဆေးပေါ်ပေါက်မှု မရှိကြောင်းတွေ့ရှိရ။

     

    BBC မြန်မာပိုင်းမှ ကူးယူဖော်ပြသည်။