News @ M-Media

Author: editor

  • မောင်တောမှ မွတ်စလင်မ် အများစု နိုင်ငံခြားသားများဟု ရခိုင် ဝန်ကြီးချူပ်၏ တရားဝင် FB Page ရေး

    မောင်တောမှ မွတ်စလင်မ် အများစု နိုင်ငံခြားသားများဟု ရခိုင် ဝန်ကြီးချူပ်၏ တရားဝင် FB Page ရေး

    ဖေဖော်ဝါရီ ၈ ၊ ၂၀၁၇
    M-Media
    သတင်း-နန္ဒ

    ဝန်ကြီးချူပ် ဦးညီ ၏ FB စာမျက်နှာမှ ရေးသားမှု Link

    ရခိုင်ပြည်နယ် မောင်တောမှ မွတ်စလင်မ် အများစုအား နိုင်ငံခြားသားများဟုသုံးနှုန်းဖော်ပြထားတဲ့ သတင်းတပုဒ်ကို  ရခိုင်ဝန်ကြီးချူပ် ဦးညီပုရဲ့ တရားဝင် FB စာမျက်နှာ မှ ရေးသားထားတာကို တွေ့ရှိရပါတယ်။

    ရခိုင်​ပြည်​နယ်​ ​မောင်​​တောခရိုင် ​လုံခြုံ​ရေး၊တရားဥပ​ဒေစိုးမိုး​ရေးနှင့်​​ဒေသ ဖွံ့ဖြိုးတိုးတက်​​ရေးဆိုင်​ရာ​ပေါင်းစပ် ​ညှိနှိုင်း​ရေးအဖွဲ့၏(၁/၂၀၁၇)လုပ်​ငန်းညှိနှိုင်း အစည်းအ​ဝေးပြုလုပ်​ ခြင်း ခေါင်းစဉ်ဖြင့် ဖော်ပြတဲ့ သတင်းတွင်
    ” ​မောင်​​တောခရိုင်​ အတွင်း တိုင်းရင်းသား ၆မျိုး (ကချင်​၊ချင်း၊ဗမာ၊မွန်​၊ရခိုင်​၊ရှမ်း ) ရှိပြီး၊ နိုင်​ငံခြားသား (အိန္ဒိယ၊ဘင်္ဂလား​ဒေ့ရှ်​၊ ပါကစ္စတန်​နှင့်​ အခြားလူမျိုး စုစု​ပေါင်း လူဦး​ရေ ၈၃၄၈၂၇ ​ယောက်​ ​)နေထိုင်​လျက်​ရှိသည်​။” ဟု ထည့်သွင်းရေးသားဖော်ပြထားခြင်းဖြစ်ပါတယ်။

    မောင်တောမြို့နယ်တွင် နေထိုင်သည့် လူဦးရေ ၏ ၉၀% ကျော်မှာ ရိုဟင်ဂျာ မွတ်စလင်မ်များဖြစ်ကြပြီး ပါလီမန်ဒီမိုကရေစီ ဦးနုအစိုးရ လက်ထက်တွင် တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုခဲ့ကြောင်း သမိုင်း မှတ်တမ်းများတွင်ပါရှိသော်လည်း နောက်ပိုင်းအစိုးရလက်ထက်တွင် နိုင်ငံသား အဖြစ်အသိအမှတ်ပြုရန် ၁၉၈၂ ဥပဒေဖြင့် စိစစ်ရန် လိုအပ်ကြောင်း သာ သဘောထားပြီး ရခိုင်ပြည်နယ်မှ မွတ်စလင်မ် အများစုမှာ နိုင်ငံခြားသားများ ဖြစ်ကြောင်း တရားဝင်ကြေညာချက် မရှိသေးကြောင်း လေ့လာတွေ့ရှိရပါတယ်။

  • ဦးကိုနီ သူရဲကောင်းလား

    ဦးကိုနီ သူရဲကောင်းလား

    မောင်သိန်းလွင်

    ဦးကိုနီဟာ ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့် ခေါင်းဆောင်ပြီး အင်ဒိုနီးရှားကို လေ့လာခရီးထွက် တဲ့ အဖွဲ့ထဲမှာ ပါသွားပါတယ်။ ဘာသာအယူ မတူ ကွဲပြားသူများအကြား ချစ်ကြည်ရင်းနှီးစွာအတူ ယှဉ်တွဲနေထိုင်မှု လေ့လာရေးခရီးဖြစ်ပါတယ်။ တပ်မတော်သား ၀န်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ပါဝင်ပါတယ်။ အဲဒီ ခရီးစဉ်က အပြန် မင်္ဂလာဒုံလေဆိပ်အရောက် အိမ်ပြန်ဖို့ ပြင်ဆင်နေစဉ်မှာ သေနတ်နဲ့ပစ်ခတ်လုပ်ကြံသတ်ဖြတ်တာကို ခံခဲ့ရပါတယ်။ သတင်းစာတွေ၊ ဂျာနယ်တွေမှာလည်း အဲဒီသတင်းကို အထူးအသားပေး ဖော်ပြခဲ့ပါတယ်။

    “NLD ဥပဒေအကြံပေး ဦးကိုနီ သေနတ်ဖြင့် အနီးကပ် လုပ်ကြံသတ်ဖြတ်ခံရ” ခေါင်းစဉ်နဲ့ ဖော်ပြပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဥပဒေအကြံပေးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကိုနီသည် ဇန်န၀ါရီ ၂၉ ရက် ညနေ ၅နာရီ ၁၀ မိနစ်အချိန်ခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် Terminal 1 ရှေ့တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရခြင်း ကြောင့် ကွယ်လွန်သွားခဲ့ကြောင်းလို့ ဖော်ပြကြပါတယ်။

    ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရပြီးတဲ့အခါ Facebookမှာ ထင်မြင်ချက်အမျိုးမျိုးပေးကြ၊ ရေးသားကြတာကို ဖတ်ရှု ရပါတယ်။ အချို့ကတော့ သနားဂရုဏာသက်ကြောင်း၊ မိသားစုနဲ့ထပ်တူ ၀မ်းနည်းရကြောင်း၊ တိုင်းပြည်အတွက် နစ်နာ မှုတစ်ခုဖြစ်ကြောင်း၊ သူရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ပြီး ဂုဏ်ယူကြောင်း၊ သူရဲကောင်းတစ်ယောက်လို သေဆုံးခဲ့ ခြင်းဖြစ်ကြောင်း၊ ဂုဏ်ပြုချီးကျူးကြပါတယ်။ အချို့မနှစ်သက်တဲ့ လူတွေကတော့ ချီးကျူးစရာမလိုကြောင်း၊ ဘာကြောင့်လဲဆိုတော့ ဦးကိုနီဟာ အစ္စလာမ်ဘာသာကိုးကွယ်သူဖြစ်လို့ မွတ်စလင်တွေရဲ့ ကောင်းကျိုးကိုသာ ကြည့် သူဖြစ်ကြောင်း စသည်ဖြင့် ဆန့်ကျင်ရေးသားကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘာမှမဝေဖန်လိုပါဘူး။ လွတ်လပ်စွာ သဘောကွဲလွဲခွင့်ရှိပါတယ်။

    သမ္မတရုံး
    ———–
    ဒါပေမယ့် ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး လုပ်ကြံခံရလို့ ၂၅ နာရီအကြာမှာ နိုင်ငံတော်သမ္မတရုံး ကလည်း ကြေညာချက်ထုတ်ပြန်ပါတယ်။ ဦးကိုနီလုပ်ကြံခံရမှုဟာ နိုင်ငံတော်တည်ငြိမ်မှု ပျက်ပြားစေရန် ရည်ရွယ်လုပ် ဆောင်ခြင်းဖြစ်နိုင်ကြောင်း၊ ကနဦးစစ်ဆေးချက်များအရ သုံးသပ်တွေ့ရှိရကြောင်းလို့ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အခုဖြစ်စဉ်မှာ ပြည်သူတွေ အထိတ်တလန့်မဖြစ်ဘဲ၊ တည်ငြိမ်အေးချမ်းစွာနေထိုင်ကြဖို့ ဘာသာရေးနဲ့လူမျိုးရေး သွေးထိုးမှုတွေကို အထူးသတိပြုကြဖို့လည်း သတိပေးထုတ်ပြန်ပါတယ်။

    တပ်မတော်
    —————
    မြန်မာ့တပ်မတော်ကလည်း ဦးကိုနီလုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး ကြေညာချက်ထုတ်ပြန်ပါတယ်။ ဖြစ်စဉ်မှန် ပေါ်ပေါက်ရေးဖြစ်မှု ကျူးလွန်သူတွေကို အမြန်ဖမ်းဆီးနိုင်ရေးအတွက် လုံခြုံရေးအဖွဲ့အစည်းတွေလည်း ပူးပေါင်း ဆောင်ရွက်မှာဖြစ်တဲ့အကြောင်း တပ်မတော်သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့က ၃၀-၁-၂၀၁၇ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

    နိုင်ငံရေး အင်အားစုများ
    —————————-
    မြန်မာနိုင်ငံအရေးပါတဲ့ နိုင်ငံရေးအင်အားစုတွေကလည်း ကြေညာချက်တွေ အသီးသီးထုတ်ပြန်ခဲ့ကြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ စသည့် စသည့် အဖွဲ့အစည်းအသီးသီးက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

    ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးဇော်သိန်းကလည်း ”ဒီကိစ္စကို မြန်မာနိုင်ငံပြည်သူ့ရဲတပ်ဖွဲ့က အရေးယူဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့က အပြည့်အ၀ပူးပေါင်းဆောင်ရွက်ပေးထားပါတယ်။” လို့ ပြောတဲ့ အကြောင်း သတင်းစာထဲမှာ ဖတ်ရပါတယ်။

    အာဏာရ NLD ပါတီက ဦးကိုနီလုပ်ကြံခံရခြင်းကို ၀မ်းနည်းကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အတွက် အစားထိုးမရသော ဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်ကြောင်း၊ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ နေပြည်တော်မှာလည်း ဦးကိုနီအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် လွှတ်တော်သို့ တက်ရောက်တဲ့ ဒီချုပ် အမတ်တွေက ဖဲကြိုးအနက်တပ်ဆင်ပြီး တက်ရောက်ခဲ့ပါတယ်။ အဲဒီလိုကြေညာချက်တွေ ထုတ်ပြန်ရတယ်ဆို ကတည်းက ဒီပြသနာရဲ့ အတိမ်အနက်နဲ့ အခြေအနေကို ခန့်မှန်းမိကြမယ်ထင်ပါတယ်။

    ဦးကိုနီရဲ့သမီးကြီး ဒေါက်တာယဉ်နွယ်ခိုင်က “လူကတော့ ပြန်လာစေချင်လို့မှ မရတော့တာ။ ကျွန်မတို့မှာ နောက်ထပ်ဖြစ်စေချင်တာ ဆိုတာ မရှိတော့ဘူးလေ။ အမှုမှန်ပေါ်စေချင်တာပေါ့။ ဒါပါပဲ။ ရေဆုံးမြေဆုံးအထိ လိုက်ပြီး အမှုမှန်ပေါ်စေချင်တယ်။ ဒါပဲ တောင်းဆိုချင်ပါတယ်။ ဒီထက်တခြားဘာမှ တောင်းဆိုစရာမရှိပါဘူး” လို့ ပြော ကြားခဲ့ပါတယ်။

    ကျွန်တော်နဲ့ ဆရာဦးကိုနီတို့ ပေါင်းသင်းဆက်ဆံလာခဲ့ကြတာ နှစ်ပေါင်း ၄၀ ကျော် ရှိပါပြီ။ သူ့အကြောင်းကို အစအဆုံး သိသူတစ်ယောက်လို့ ယူဆပါတယ်။ သူဘာတွေလုပ်တယ်။ ဘာရည်ရွယ်ချက်နဲ့လုပ်တယ် ဆိုတာတွေကို လည်း ဂဃနဏသိရှိသူတစ်ဦးဖြစ်ပါတယ်။

    ဦးကိုနီနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ
    ————————————
    ဆရာဦးကိုနီဟာ ၂၀၁၃ခုနှစ် ဇန်န၀ါရီလက ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုပြင်ကြမှာလဲ ဆိုတဲ့ စာအုပ်ကို ရေးသား ထုတ်ဝေခဲ့ပါတယ်။ အဲဒီစာအုပ်မှာ ကျွန်တော်အမှာစာရေးသားခဲ့ပါတယ်။ အဲဒီအမှာစာမှာ သူနဲ့ကျွန်တော် ပြောဆိုဆွေးနွေးကြတဲ့ အကြောင်းအရာတွေကို ဖော်ပြခဲ့ပါတယ်။ “အခြေခံဥပဒေကို ပြင်သင့်တယ်လို့ ကျွန်တော်ပြောတာက လူတစ်ဦးတစ်ယောက်၊ အသင်းအဖွဲ့တစ်ခုအတွက် ရည်ရွယ်ပြီးပြောတာ မဟုတ်ပါဘူး။ တစ်တိုင်းပြည်လုံး၊ တိုင်းရင်းသားလူမျိုးစုအားလုံး၊ နိုင်ငံသူ နိုင်ငံသားအားလုံးရဲ့ ကောင်းကျိုးအတွက် ရည်ရွယ်ပြီး ပြောတာပါ”

    “အခြေခံဥပဒေကို ပြင်တဲ့အခါ တရားဥပဒေရှုထောင့် Legal point of view တစ်ခုတည်းကသာ ပြင်ဖို့ ကျွန်တော်ပြောနေတာ မဟုတ်ပါဘူး။ Political point of view နိုင်ငံရေးရှုထောင့်၊ Logical point of view ယုတ္တိဗေဒ ရှုထောင့်စတဲ့ . . . စတဲ့ ရှုထောင့်အမျိုးမျိုးကနေ သုံးသပ်ပြီး ပြင်သင့်တယ်လို့ ကျွန်တော်ယူဆပြီး ဒီဆောင်းပါးတွေကို ကျွန်တော်ရေးနေတာပါ …” လို့ သူက ဆိုပါတယ်။

    တပ်မတော်အပေါ် သဘောထား
    ———————————-
    တပ်မတော်နဲ့ပတ်သက်ပြီး သူသဘောထားကို ကျွန်တော်ကမေးတော့ “ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်ရာမှာ တပ်မတော်ဟာ အလွန်အရေးကြီးတာပေါ့…။ အခြေခံဥပဒေပုဒ်မ (၁၂၂)မှာ ဥပဒေနှင့်အညီ အမည်စာရင်း တင်သွင်းသော တပ်မတော်သားများသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအတွက် သတ်မှတ် ထားသည့် အရည်အချင်းများနှင့် ပြည့်စုံရမည်လို့ပြဋ္ဌာန်းထားပြီးသားပဲ။ သူတို့လည်း နိုင်ငံ့သားကောင်းတွေပဲ။ ဒါပေမဲ့ ကျွန်တော်ဖြစ်စေချင်တာက တပ်မတော်သား ကိုယ်စားလှယ်တွေကို ခဏခဏမပြောင်းလဲဘဲ ပြည်သူ့လွှတ်တော် အရပ်သားကိုယ်စားလှယ်တွေရဲ့ သက်တမ်းအတိုင်း စခန့်ကတည်းက လွှတ်တော်သက်တမ်းကုန်တဲ့အထိ ရှိစေချင် တယ်။ ပြည်သူ့လွှတ်တော် အရပ်သားကိုယ်စားလှယ်များနည်းတူ တပ်မတော်သားကိုယ်စားလှယ်တွေကလည်း မိမိတို့ရဲ့ လွတ်လပ်သောဆန္ဒအရ မဲပေးပိုင်ခွင့်၊ တိုင်းပြည်တာဝန်ထမ်းဆောင်ခွင့် ရှိစေချင်တာပါပဲ” လို့ ပြောပါတယ်။

    ဒီမိုကရေစီနိုင်ငံဖြစ်လာဖို့
    ————————-
    အဲဒီစာအုပ်မှာပဲ စာရေးသူရဲ့အမှာအနေနဲ့ ”နိုင်ငံတစ်နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုသည်မှာ နိုင်ငံတော် အား မည်သို့မည်ပုံ တည်ထောင် အုပ်ချုပ်မည်ဆိုသည်ကို နိုင်ငံသားများအကြား သဘောတူချုပ်ဆိုထားသော စာချုပ် ကြီးတစ်ရပ်ဖြစ်သည်။ နိုင်ငံတော်အာဏာ၏ ပင်ရင်းပိုင်ရှင်မှာ နိုင်ငံသားပြည်သူများသာဖြစ်ရာ နိုင်ငံသားတို့၏ ဆန္ဒသာအဓိကဖြစ်သင့်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲသူ လူတစ်စု၏ဆန္ဒကိုသာ အလေးထားရမည်ဆို လျှင် နိုင်ငံသားတို့၏ အခန်းကဏ္ဍမှာနောက်တန်းသို့ ရောက်သွားမည်ဖြစ်ပြီး မည်သည့်အခါမျှ ဒီမိုကရေစီနိုင်ငံ ဖြစ်လာ မည် မဟုတ်ပါဟု ကျွန်တော်အလေးအနက် ပြောလိုပါသည်”လို့ သူ့သဘောထားကို တင်ပြသွားပါတယ်။

    ဦးကိုနီနှင့် မဲမသမာမှုများ ဟန့်တားချက်
    ——————————————
    ရွေးကောက်ပွဲ မဲမသမာမှုတွေနဲ့ ပတ်သက်ပြီးတော့ စာအုပ်တစ်အုပ်ရေးခဲ့ပါသေးတယ်။ ဒီမိုကရေစီ ရွေးကောက်ပွဲများ၊ မဲမသမာမှုများနှင့် ပြည်သူတို့၏ အခွင့်အရေးများ ဆိုတဲ့ စာအုပ်ဖြစ်ပါတယ်။ အဲဒီစာအုပ်မှာ “၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပေါ် သုံးသပ်ရပါက ကန့်ကွက်မှုများ၊ အတိုင်အတော ပြဿနာများ အမြောက်အများ ရှိခဲ့ကြောင်း တွေ့ရသည်။

    အံ့သြဖွယ်ရာ အကောင်းဆုံးပြဿနာမှာ ရွေးကောက်ပွဲနေ့ ညနေ (၄)နာရီ မဲရုံးများပိတ်ပြီးနောက် မဲရေတွက် ရာတွင် ညဥ့်နက်သည်ထိ ကြိုတင်မဲထုတ်များ တစ်ထုပ်ပြီးတစ်ထုပ် ရောက်လာကာ ညသန်းကောင်ကျော်သည်ထိ မဲများရေတွက်နေရသည့်ကိစ္စဖြစ်ကြောင်း တွေ့ရသည်။ တစ်စုံတစ်ယောက် အနိုင်မရမချင်း ကြိုတင်မဲများ ဆက်ကာ၊ ဆက်ကာ ရောက်လာနေသည့်သဘောဖြစ်သည်။ အမှန်အားဖြင့် ကြိုတင်မဲဆိုသည်မှာ မဲရုံစဖွင့်သည့် နံနက် (၆)နာရီ ကတည်းကပင် မဲရုံသို့ ရောက်ရှိပြီးဖြစ်ရမည်။ နောက်ထပ် ကြိုတင်မဲဟူ၍ မည်သည့်အရပ်ကမျှ လာရန် အကြောင်းမရှိပါ။ လာခဲ့လျှင်လည်း ဥပဒေအရ လက်မခံရပါ” လို့ ထောက်ပြခဲ့ပါတယ်။

    စာပေနဲ့ အသိဥာဏ်ပေးရုံမကပါဘူး။ လူကိုယ်တိုင်လည်း အနယ်နယ် အရပ်ရပ်သို့ လှည့်လည်သွားရောက် ဟောပြောပါတယ်။ အဲဒီတုန်းက NLD အဖွဲ့ဝင်မဟုတ်သေးပါ။ ကိုယ့်ကား ကိုယ်မောင်း။ ကိုယ့်ထမင်း ကိုယ်စား။ ကိုယ့်ကုန်ကျစရိတ် ကိုယ်ဘာသာကျခံပြီး လှည့်လည်ဟောပြောတာ ဖြစ်ပါတယ်။ ဒါကြောင့် အမှန်တရားကို ဖုံးကွယ်လိုသူတချို့က သူ့ကို မုန်းတီးကြတာ ဖြစ်ပါတယ်။ မော်လမြိုင်သို့ ဟောပြောပွဲသွားတုန်းကဆိုရင် ကျွန်တော်လည်း လိုက်ပါသွားခဲ့ပါတယ်။ နံနက်တစ်ပွဲ၊ ညနေတစ်ပွဲ ဆက်တိုက်ဟောတာ ထမင်းမေ့၊ ဟင်းမေ့ပါပဲ။ ရန်ကုန်ကို ပြန်ရောက်တော့ ည ၁နာရီ ထိုးပါပြီ။ ဟောပြောပွဲတိုင်းမှာ သူပြောနေကြစကားလေး တစ်ခွန်းရှိပါတယ်။

    “ဒီမိုကရေစီနိုင်ငံရေးစနစ်တွင် ‘အစိုးရ’ ဆိုသည်မှာ လူထု၏ ကျေးကျွန်ဖြစ်ပါသည်။ ပြည်သူ့ဝန်ထမ်းဖြစ်သည်။ အရှင်သခင် မဟုတ်ပါ။ ပြည်သူလူထုသာလျှင် အရှင်သခင်၊ နိုင်ငံတော်အာဏာ၏ ပင်ရင်းပိုင်ရှင်များ ဖြစ်ကြပါသည်” လို့ အမြဲတမ်းထောက်ပြပါတယ်။ ပြီးတော့ ရွေးကောက်ပွဲမတိုင်မီ သိထားရမည့် အချက်များ၊ ကြိုတင်ပြင်ဆင်ထားသင့် ပုံများ၊ ရွေးကောက်ပွဲ ကျင်းပသည့် နေ့တွင်လည်း သတိထားရမည့် အချက်များ ဆောင်ရွက်ရမည့် နည်းလမ်းများကို လည်း ဟောပြောပို့ချပါတယ်။
    ၂၀၁၂ ခု ဧပြီလ ၁ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ မှန်မှန်ကန်ကန် ဖြစ်အောင် ကြိုးပမ်းမှုများကိုပြုလုပ်ပြီး “ရွေးကောက်ပွဲနှင့် မဲမသမာမှု” ခေါင်းစဉ်နဲ့ ဆောင်းပါးများရေးတယ်။ ဥပဒေသဘောတရား တွေကို အရှိကို အရှိအတိုင်း ဖြောင့်ဖြောင့်မှန်မှန်တင်ပြတယ်။ အဲဒီဆောင်းပါးတွေကို စုစည်းပြီး “လာမည့် ရွေးကောက်ပွဲမှာ မဲဘယ်လိုပေးရမှာလဲ” ဆိုတဲ့ စာအုပ်ကလေးကို ထုတ်ဝေပြီး ပြည်သူကြားသို့ စိမ့်ဝင်ပျံ့နှံ့သွားအောင် ကြိုးစားတယ်၊ ရွေးကောက်ပွဲမှာ ဆရာရဲ့ စေတနာအရာထင်ခဲ့ပါတယ်။ အားလုံးသိပြီးဖြစ်တာမို့ အကျယ်မဖော်ပြ တော့ပါဘူး။

    ဦးကိုနီနှင့် တရားဥပဒေစိုးမိုးရေး
    ———————————
    မြန်မာပြည်မှာ တရားဥပဒေစိုးမိုးမှု နည်းပါးနေတယ်။ တရားဥပဒေစိုးမိုးမှုမရှိသမျှ တိုင်းပြည်အေးချမ်းသာယာမှု ရှိမှာမဟုတ်ဘူး ဆိုပြီး “ဂဠုန်ဆရာစံ ရာဇ၀တ်တရားခံလား နှင့် တရားဥပဒေစိုးမိုးရေးဆောင်းပါးများ” စာအုပ်ကို ၂၀၁၂ အောက်တိုဘာလက ထုတ်ဝေခဲ့ပါတယ်။ အဲဒီစာအုပ်မှာ ဟံသာဝတီဦးဝင်းတင်၊ စာရေးဆရာ မောင်ဝံသနဲ့ ကျွန်တော်တို့ အမှာစာ ရေးဖြစ်ခဲ့ပါတယ်။ အဲဒီအမှာစာတွေကို ဖတ်လိုက်ရင် ဦးကိုနီ ဘယ်လိုလူစားလဲဆိုတာ သိသာ ပေါ်လွင်ပါလိမ့်မယ်။
    ဆရာဦးကိုနီကို ဥပဒေ ပညာမှာ သူသာ အတော်ဆုံးလို့ ကျွန်တော်ဆိုလိုတာ မဟုတ်ပါဘူး။ သူလို တော်တဲ့သူ၊ သူထက် တော်တဲ့သူတွေလည်း ရှိမှာပါ။ ဒါပေမဲ့ ပညာတော်သလို တိုင်းပြည်အတွက် စေတနာကောင်းထားဖို့လဲ လိုပါ တယ်။ ဦးကိုနီကို မလိုလားသူတွေက ဘာသာမတူ လူမျိုးမတူတဲ့အတွက် ကဲ့ရဲ့ ရှုတ်ချအပြစ်တင်ကြပါတယ်။ သူရဲ့ တိုင်းပြည်အပေါ်ထားတဲ့ စေတနာ၊ လူမျိုးဘာသာ အခြေပြု သွေးထိုးလှုံ့ဆော်မှုတွေ မဖြစ်စေလိုတဲ့ စိတ်ဓာတ်၊ တစ်တိုင်းပြည်လုံး တရားဥပဒေစိုးမိုးပြီး ငြိမ်းချမ်းသာယာစေလိုတဲ့ သဘောထားတွေကိုတော့ မြင်အောင်ကြည့်တတ်ဖို့ လိုပါတယ်။

    ဦးကိုနီ သူရဲကောင်းလား
    ————————–
    ဦးကိုနီကွယ်လွန်တဲ့နေ့က သူရဲ့ သမီးကြီးဖြစ်သူ ဒေါက်တာယဉ်နွယ်ခိုင်ကို ဂျာနယ်တစ်စောင်က “ဦးကိုနီကို သူရဲကောင်းလို့ထင်ပါသလား”လို့ မေးတယ်။ သမီးဖြစ်သူက “ကျွန်မအတွက်ကို မေးတာလား၊ ကျွန်မအတွက် ဆိုရင်တော့ ဖေဖေက သူရဲကောင်းပေါ့။ ဒါပေမဲ့ အခြားလူတွေရဲ့ သတ်မှတ်ချက်ကိုတော့ ကျွန်မ မသိပါဘူး။ သူရဲကောင်း ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာ အများက သတ်မှတ်ကြမှာလေ” လို့ ဖြေလိုက်ကြောင်း ပြောပြပါတယ်။

    ရှိတ်စပီးယားရေးတဲ့ ဂျူးလီးယပ်ဆီဆာပြဇာတ် ကို ဖတ်ဖူးကြမှာပါ ဂျူးလီးယပ်ဆီဆာလုပ်ကြံသတ်ဖြတ်ခံရပြီး တဲ့နောက် လုပ်ကြံသူခေါင်းဆောင်ဗရူးတပ်က မိန့်ခွန်းပြောတယ်။ သူပြောပြီးတဲ့အခါ ဆီဆာရဲ့ မိတ်ဆွေ မတ်အန် တော်နီက မိန့်ခွန်းပြောတယ်။ သူ့ရဲ့မိန့်ခွန်းမှာ ”ကျွန်တော်ဒီကိုရောက်လာတာဟာဖြင့် ဆီဆာကို မြှုပ်နှံသဂြိင်္ုဟ် ဖို့အတွက်သာ ဖြစ်ပါတယ်၊ သူ့ကို ချီးကျူးထောပနာပြုဖို့ ရောက်လာတာ မဟုတ်ပါဘူး။ လူတွေဟာ မကောင်း တာလေးတွေ လုပ်မိတယ်ဆိုရင်…၊ သူတို့သေပြီးတဲ့အထိ ပြောစမှတ်ပြု ကျန်ရစ်တတ်ကြပါတယ်။ အဲ … ကောင်းတာလေးတွေဆိုရင်တော့ … သူတို့ရဲ့ အရိုးစုနဲ့အတူ မြှုပ်နှံပစ်လိုက်ကြတာပါပဲ။ ဒါက လူတွေရဲ့ သဘာဝ ဆိုတော့ ဆီဆာနဲ့ ပတ်သက်ပြီးတော့လည်း . . . ရှိပါစေတော့ . . . “ တဲ့။

    အခုလည်း ဦးကိုနီကို ဂုဏ်ပြုချီးကျူးဖို့ ဒီဆောင်းပါးကို ရေးတာမဟုတ်ပါဘူး။ ဒါပေမဲ့ တိုင်းပြည်နဲ့လူမျိုးအပေါ် သူ့ရဲ့ သစ္စာဖောက်တဲ့အချက်၊ ဗုဒ္ဓဘာသာကို စော်ကားပြောဆိုတဲ့အချက်၊ အမျိုးဘာသာ အခြေပြု သွေးထိုးလှုံ့ဆော်မှု တွေပြုတဲ့အချက်၊ တစ်ခုတလေရှိရင် လူတွေသိသွားအောင် အထောက်အထားအကိုးအကားနဲ့ ဖော်ပြစေချင်ပါတယ်။ သက်သက်မဲ့ အပုတ်ချတဲ့သဘောမျိုးတော့ မပြောကြစေချင်ပါဘူး။ သူ့ရဲ့ ကောင်းမွန်တဲ့လုပ်ဆောင်ချက်တွေကို မေ့ပစ်ချင်မေ့ပါ။ မေ့ပစ်လို့ရနိုင်ပါတယ်။ ဒါပေမဲ့ အထောက်အထားမရှိ တမင်သက်သက် စွပ်စွဲပြောဆိုတာတွေကို တော့ ရှောင်ရှားစေချင်ပါတယ်။ ဦးကိုနီကတော့ သူ့အသက်ကို စွန့်လွှတ်ပြီး ကျန်တဲ့သူတွေ သူလိုမဖြစ်အောင် သတိပေးခဲ့ပါပြီ။ တိုင်းပြည်အတွက် တန်ဖိုးရှိတဲ့သူတွေ သူလို အသက် စွန့်မသွားကြပါစေနဲ့လို့ ဆုတောင်းနေမိပါတယ်။ တကယ်တော့ ဒီဖြစ်ရပ်ဟာ ကျွန်တော်တို့တိုင်းပြည်မှာ တရားဥပဒေစိုးမိုးမှု မရှိလို့ပါဘဲ။ ပြီးတော့ ဦးကိုနီရဲ့ ပညာနဲ့စေတနာကို ယှဉ်တွဲပြီး မြင်စေချင်ပါတယ်။ ဦးကိုနီရဲ့ တရားဥပဒေစိုးမိုးရေး စာအုပ်မှာ ကျွန်တော်အမှာစာ ရေးပေးတုန်းက-

    မေခနှင့် မလိခသည် ပေါင်းဆုံ၏။ ထိုအခါ “မြစ်မဧရာ”ပေါ်ထွန်းခဲ့၏။
    “မြစ်မဧရာ”သည် မြန်မာပြည်၏ “အသက်” ….။
    ဆရာ၏ စေတနာနှင့် ဆရာ၏ ပညာတို့သည် ပေါင်းဆုံ၏။ ထိုအခါ “တရားဥပဒေစိုးမိုးရေး ဆောင်းပါးများ” စာအုပ် ပေါ်ထွန်းခဲ့၏..။
    “တရားဥပဒေစိုးမိုးရေး”သည် မြန်မာနိုင်ငံနှင့် နိုင်ငံသားများ၏ “အသက်” . . .။
    ထို့ကြောင့်
    တိုင်းပြည်ကို ချစ်သော၊
    နိုင်ငံသားအားလုံးကို မြတ်နိုးသော၊
    ငြိမ်းချမ်းရေးကို လိုလားသော၊
    တည်ငြိမ်အေးချမ်းရေးကို နှစ်သက်သော
    သူအားလုံး “တရားဥပဒေစိုးမိုးရေး”ကို နှလုံးသည်းပွတ်တွင် သိမ်းဆည်းပြီး၊ ဦးနှောက်တွင် သိုမှီးထား နိုင်ကြပါစေ … လို့ ဆန္ဒပြုမိပါတယ်။

    အခုလည်း နောက်ထပ်နောက်ထပ် လုပ်ကြံသတ်ဖြတ်မှုတွေ ထပ်မံမပေါ် ပေါက်ကြပါစေနဲ့လို့ ဆုမွန်ကောင်း တောင်းနေမိပါတော့တယ် . . . ။

    ကဲ… မိတ်ဆွေ သင်ကကော ဦးကိုနီကို ဘယ်လိုမြင်ပါသလဲ။ ဦးကိုနီအပေါ် ဘယ်လိုသတ်မှတ်ပါသလဲ။ လွတ်လပ်စွာ သဘောကွဲလွဲခွင့်ရှိပါတယ်။ လူတစ်ယောက် ဘာပြောတယ်ဆိုတာထက် ဘာလုပ်တယ်ဆိုတာကို ကြည့်ပြီး ဆုံးဖြတ်ကြတာပေါ့။

    ချစ်ခင်လေးစားလျက်
    မောင်သိန်းလွင်

    WeeklyHeadline
    Vol2, No.6, (6-2-2017) မှ ကူးယူဖော်ပြပါသည်။

  • ဦးကိုနီအမှုမှာ ဒုတိယမြောက်ဖမ်းခံရသူ ဦးအောင်ဝင်းဇော်ဆိုတာဘယ်သူလဲ

    ဦးကိုနီအမှုမှာ ဒုတိယမြောက်ဖမ်းခံရသူ ဦးအောင်ဝင်းဇော်ဆိုတာဘယ်သူလဲ

    ဆွေဝင်း/Myanmar Now

    ရန်ကုန် (Myanmar Now) — တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ဆက်စပ်ပြီး ဒုတိယမြောက်ဖမ်းဆီးရမိထားတဲ့သူဟာ ၄၆ နှစ်အရွယ် ဦးအောင်ဝင်းဇော်ဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံးက ယခုလ ၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

    ဦးအောင်ဝင်းဇော်ဟာ ရန်ကုန်လေဆိပ်လုပ်ကြံမှု အခင်းဖြစ်တဲ့နေရာမှာ ဖမ်းခံရသူ ဦးကြည်လင်းနဲ့အတူ ပြစ်မှုကျူးလွန်ရာမှာ ပါဝင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    တကယ်တော့ သူတို့နှစ်ဦးလုံးဟာ ရာဇဝတ်မှုတစ်ခုကို အတူတူကျူးလွန်တယ်ဆိုတာ ဒါ ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။ သူတို့နှစ်ဦးဟာ ၂ဝဝ၃ ခုနှစ်လောက်မှာ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်တွေကို တရားမဝင် ပြည်ပ ခိုးထုတ်မှုနဲ့ မန္တလေး အိုးဘိုထောင်မှာ အတူတူထောင်ကျခဲ့ဖူးကြောင်းကို ထိုအချိန်က တာဝန်ကျခဲ့ဖူးတဲ့ ထောင်အရာရှိများ၊ ရာဇဝတ်အကျဉ်းသားဟောင်းများ၊ နိုင်ငံရေးအကျဉ်းသား ဟောင်းများက Myanmar Now ကို အတည်ပြုပြောဆိုပါတယ်။

    ဦးအောင်ဝင်းဇော်ဟာ ထိုအမှုနဲ့ထောင်မကျခင်၊ အခြားအမှုတစ်ခုနဲ့လည်း ထောင်ကျဖူးကြောင်း၊ ပြီးတော့ သူဟာပြစ်ချက်တစ်ခုကြောင့် တပ်မတော်ကနေ အထုတ်ခံထားရတဲ့ အရာရှိဟောင်း တစ်ယောက်ဖြစ်ကြောင်းလည်း သိရပါတယ်။

    ဦးအောင်ဝင်းဇော်က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံလမ်း အထက်ဘလောက် တိုက်နံပါတ် ၂၅၆ မှာ ငယ်စဉ်ကတည်းက နေထိုင်ခဲ့ကြောင်း၊ ဖခင်က တပ်မတော်အရာရှိ အငြိမ်းစားတစ်ဦးဖြစ်ကြောင်း၊ အစ်ကိုတစ်ယောက်၊ ညီတစ်ယောက်၊ နှမတစ်ယောက်ရှိကြောင်း အဲဒီလမ်းထဲမှာ အခုထိ ဆက်လက်နေထိုင်နေတဲ့ သူ့ရဲ့ ငယ်သူငယ်ချင်းတစ်ဦးက ပြောဆိုပါတယ်။

    “သူဆယ်တန်းအောင် တပ်ထဲဝင်သွားကတည်းက ကျွန်တော်နဲ့ သိပ်မတွေ့ဖြစ်တော့ဘူး။ ငယ်ငယ်ကတော့ အေးအေးဆေးဆေးသမားပါပဲ။ ကြီးမှ ထောင်တွေဘာတွေကျပြီး ဘာတွေဖြစ်မှန်းလည်း ကျွန်တော်တို့လည်း မသိတော့ဘူး။ သူ့အဖေက ဆုံးပြီ။ သူ့အမေလည်း ဒီကပြောင်းသွားတာ ၂ နှစ်လောက်ရှိပြီ” လို့ အမည်မဖော်လိုသူ အဲဒီသူငယ်ချင်းက ပြောပါတယ်။

    သူ့သူငယ်ချင်းပြောတဲ့ အချက်တွေဟာ မှန်ကန်ကြောင်း ရန်ကုန်၊ အင်းစိန်မြို့နယ်မှာ နေထိုင်နေတဲ့ ဦးအောင်ဝင်းဇော်ရဲ့ ဖခင်ဘက်က ဦးလေးတော်စပ်သူ အငြိမ်းစား အင်းစိန်ထောင်ပိုင် ဦးဌေးလှိုင်က Myanmar Now ကို ပြောပါတယ်။

    ဒီအမှုမှာ သူ့တူပါဝင်နေတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ မေးမြန်းတဲ့အခါမှာတော့ သူက “ဦးလေး အသက်လည်းကြီးပါပြီ။ အေးအေးဆေးဆေး နေချင်ပါပြီ။ ဖြစ်ချိန်တန်ဖြစ် ပျက်ချိန်တန်ပျက်ပေါ့။ ဒီ့ထက် မပြောပါရစေနဲ့” လို့ပဲ သူက ခပ်တိုးတိုး ပြန်ဖြေခဲ့ပါတယ်။

    လူသတ်ပွဲစားလား

    ဦးအောင်ဇော်ဝင်း၊ ဦးကြည်လင်းတို့နဲ့ ထောင်ထဲမှာဆုံဖြစ်ခဲ့ပြီး ရန်ကုန်၊ အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက်မှာ ယခု နေထိုင်နေတဲ့ ဦးအောင်စိုးကတော့ လေဆိပ်လုပ်ကြံမှုအပြီး နာရီပိုင်းအတွင်း ပျံ့နှံ့လာတဲ့ ဓာတ်ပုံတွေကြည့်ပြီး ဒီအမှုမှာ ဦးအောင်ဝင်းဇော် ပါနိုင်ကြောင်း Myanmar Now ကို ဆက်သွယ်ပြောကြားလာပါတယ်။

    သူ့ရဲ့ပြောဆိုချက်အရ ဦးကြည်လင်းနဲ့ ဦးအောင်ဝင်းဇော်တို့ဟာ ထောင်အတူတူကျ အမှုတွဲတွေဖြစ်သလို၊ ထောင်ထဲမှာလည်း ရင်းရင်းနှီးနှီးပေါင်းသင်းတဲ့ စိတ်တူကိုယ်တူ သူငယ်ချင်းနှစ်ဦးဖြစ်ကြောင်း၊ ထောင်ထဲမှာ ဦးအောင်ဝင်းဇော်ဟာ ငွေလမ်းခင်းပြီး လူပေါ်လူဇော် လုပ်ချင်သူဖြစ်ကြောင်း၊ ဦးကြည်လင်းကတော့ လူအများစုနဲ့ ခပ်ကင်းကင်းနေပြီး တည်ငြိမ်တဲ့ အမူအရာ အပြည့်ရှိသူ ဖြစ်ကြောင်း ပြောဆိုပါတယ်။

    “အောင်ဝင်းဇော်က တပ်ထွက်အရာရှိဆိုတော့ အားလုံးက ဗိုလ်ကြီးဆိုတဲ့ သဘောမျိုးနဲ့ ‘ဗက’ လို့ သူ့ကို ခေါ်တယ်။ ကြည်လင်းကတော့ သူနဲ့တွဲပေမယ့် ဦးဆောင်ဦးရွက် လုပ်တတ်တဲ့လူမျိုး မဟုတ်ဘူး။ နှစ်ယောက်လုံးတူတာကတော့ ငွေရရင် ဘာမဆို လုပ်မယ် ဆိုတာပဲ” လို့ ဦးအောင်စိုးက ပြောပါတယ်။

    “ဒါ့ကြောင့် ကြည်လင်းပုံကို ကျွန်တော့်မိန်းမက လာပြတော့၊ ဒီအမှုမှာကျိန်းသေပေါက် အောင်ဝင်းဇော် ပါတယ် ဆိုပြီး ကျွန်တော်သိလိုက်ပြီ” လို့လည်း ဆက်ပြောပါတယ်။

    အဲဒီလို သူအခိုင်အမာပြောနိုင်ရတဲ့အချက်ကတော့ ထောင်ထဲမှာတုန်းက သူပြောပြခဲ့ဖူးတဲ့ အင်းစိန်မြို့နယ် အိမ်လိပ်စာရှိရာကို မနှစ်က ဇွန်လတုန်းက ဦးအောင်ဝင်းဇော် တစ်ယောက် ခဲရောင် ပါဂျဲရိုးကားလေးနဲ့ ရောက်လာခဲ့ပါတယ်။ သူက ဦးအောင်စိုးဆီကို အလုပ်လာအပ်တာပါ။ အလုပ်ကတော့ လူသတ်ပေးဖို့ပါ။

    နေ့ခင်းကြောင်တောင်၊ မြို့လယ်ခေါင်မှာ လူမျိုးမတူ ဘာသာခြားတစ်ဦးကို ပစ်သတ်ရမယ်၊ အောင်မြင်ရင် အမျိုးဘာသာအတွက်ကောင်းမယ်၊ အလုပ်လက်ခံရင် သိန်း ၁,ဝဝဝ ထိပေးမယ်၊ သတ်ဖြတ်ပြီးရင် DKBA တပ်တွေရှိတဲ့ ကရင်ပြည်နယ်ဘက်ကို ထွက်ပြေး တိမ်းရှောင်ဖို့ စီစဉ်ပေးမယ်ဆိုတဲ့ ဦးအောင်ဝင်းဇော်ရဲ့ကမ်းလှမ်းချက်ကို ဦးအောင်စိုးက လက်မခံခဲ့ပါဘူး။

    “ကျွန်တော်ကသူ့ကို ‘မင်းဘာတွေလုပ်နေလဲ’ ဆိုတော့ သူ့က ‘ငါ ထောင်က ထွက်လာကတည်းက ငါ့ကို ဒီလိုအလုပ်တွေ လုပ်ဖို့ တိုက်ခန်းပေးထားတယ်၊ ကားပေးထားတယ်။ လိုသမျှထောက်ပံ့တဲ့သူတွေရှိတယ်’ ဆိုပြီး ပြောပြပါတယ်။ သူပြောနေတဲ့စကားတွေက သိပ်မြင့်လွန်းတော့ ကျွန်တော်က မယုံဘူး။ ဘုရားခိုးဂိုဏ်းကကောင်က ဘာသာရေးတွေ ဘာတွေ ကာကွယ်မယ် ဆိုတော့ ကျွန်တော်က လုံးဝမယုံဘူး” လို့ ဦးအောင်စိုးက ပြောပြပါတယ်။ ဦးအောင်စိုးကိုယ်တိုင်ကလည်း လုယက်မှုများနဲ့ ၁၉၉၆ ခုနှစ်မှာ ထောင်ဒဏ် ၅၈ နှစ် ချမှတ်ခံရပြီး၊ ၂ဝ၁၄ ခုနှစ်အတွင်း သမ္မတဦးသိန်းစိန်ရဲ့လွတ်ငြိမ်းချမ်းသာမှုနဲ့ ပြန်လွတ်မြောက်လာခဲ့သူပါ။

    ဒုတိယမ္ပိကမ်းလှမ်းမှု

    ဦးအောင်ဝင်းဇော်က ဦးအောင်စိုးကို အင်မတန် လျှို့ဝှက်စွာ ကျူးလွန်ရမယ့် လူသတ်လုပ်ကြံမှုတစ်ခု ဘာ့ကြောင့် ရွေးချယ်ကမ်းလှမ်းခဲ့ပါသလဲ။

    ဦးအောင်စိုးရဲ့ ပြောပြချက်အရ မန္တလေးထောင်ထဲမှာရှိနေတုန်း ၂ဝဝ၉ ခုနှစ်မှာ ဦးအောင်ဝင်းဇော်ဟာ DKBA လက်နက်ကိုင်အဖွဲ့နဲ့ ပတ်သက်သူတစ်ဦးရဲ့ အကူအညီနဲ့ သေနတ်နှစ်လက်ကို ခိုးသွင်းပြီး ထောင်ကနေ ထွက်ပြေးမယ်လို့ သူ့ဆီ လာတိုင်ပင်ခဲ့ဖူးကြောင်း၊ အဲဒီအချိန်မှာ ဦးအောင်စိုးဟာ ထောင်တွင်းနေသား ၁ဝ နှစ် ရှိပြီးဖြစ်ပြီး နိုင်ငံတော်လွတ်ငြိမ်း ချမ်းသာခွင့်လာရင် လွတ်မြောက်ဖို့မျှော်လင့်နေတဲ့ အချိန်ဖြစ်တဲ့အတွက် ထောင်ဖောက်မယ့် အကြံကို လက်မခံခဲ့ကြောင်း ပြောပါတယ်။ ဒါပေမယ့် သူဟာ ဒီသတင်းကို လုံးဝ မပေါက်ကြောင်းရအောင် နှုတ်လုံခဲ့တာမို့ ဦးအောင်ဝင်းဇော်ရဲ့ အထူး ယုံကြည်မှုကို ရရှိခဲ့သူဖြစ်ပါတယ်။

    ဒါ့အပြင် ဦးအောင်စိုးဟာ ၁၉၈၈ ခုနှစ်မတိုင်မီက စစ်တပ်ထဲမှာ နှစ်နှစ်မျှဝင်ရောက် တာဝန် ထမ်းဆောင်ခဲ့ဖူးတာ၊ ကရာတေး ကောင်းမွန်စွာတတ်မြောက်ထားတာ၊ အခုအချိန်အထိ ကောင်းကောင်းတိုက်ခိုက်နိုင်သေးတဲ့ ခန္ဓာကိုယ် အနေအထား ရှိတာ၊ ထောင်တွင်းကာလမှာ သဘောထားတင်းမာစွာ နေထိုင်တတ်သူဖြစ်တာတို့ကြောင့် သူ့ကို ဦးအောင်ဇော်ဝင်းက လူသတ်လုပ်ကြံတဲ့အလုပ်ကို ကမ်းလှမ်းခဲ့တာလို့ ဦးအောင်စိုးက ယုံကြည်နေတာပါ။

    “ဦးကိုနီလုပ်ကြံရအောင် အောင်ဝင်းဇော်ရော၊ ကြည်လင်းရော ဘာမှ ဆက်စပ်စရာမရှိဘူး။ သူတို့နောက်ကွယ်က ငွေပေးခိုင်းလို့လုပ်တာ။ ကျွန်တော်ယုံကြည်တယ်၊ သူ့နောက်မှာ အကောင်ကြီးတွေပဲ” လို့ ဦးအောင်စိုးက ဆိုပါတယ်။

    လေဆိပ်လုပ်ကြံမှုမှာ အဓိက သံသယ တရားခံ တစ်ယောက်ဖြစ်သူ ဦးအောင်ဝင်းဇော်ကို ဖမ်းဆီးရမိလိုက်ပြီးတဲ့နောက်မှာတော့ နောက်ကွယ်က လက်မည်းကြီးတွေ၊ ကြိုးကိုင်သူတွေကို ဖမ်းမိရေးအတွက် ပြည်သူများက မျှော်လင့်နေကြပါတယ်။ ။

    Myanmar Now မှ ကူးယူဖော်ပြပါသည်။

  • ဦးကိုနီနှင့် ကိုနေဝင်းတို့ အတွက် အောက်မေ့ဖွယ် ဆုတောင်းခြင်း အခမ်းအနား မန္တလေးမှာ ပြုလုပ်

    ဦးကိုနီနှင့် ကိုနေဝင်းတို့ အတွက် အောက်မေ့ဖွယ် ဆုတောင်းခြင်း အခမ်းအနား မန္တလေးမှာ ပြုလုပ်

    ဖေဖော်ဝါရီ ၄ ၊ ၂၀၁၇

    လုပ်ကြံခံရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ဗဟို) ဥပဒေ အထောက်အကူပြု အဖွဲ့ဝင် တရားလွှတ်တော် ရှေ့နေ ဦးကိုနီနှင့် တက္ကစီ ယာဉ်မောင်း ဦးနေဝင်း တို့ကို ရည်စူးပြီး အောက်မေ့ဖွယ် ဆုတောင်းခြင်း အခမ်းအနားကို မန္တလေးမြို့ရှိ အိုရီယန်တယ်လ် ဟောက်စ် ခန်းမမှာ ယနေ့ (ဖေဖော်ဝါရီ ၄) မှာ ကျင်းပတာ ဖြစ်ပါတယ်။

    အခမ်းအနားမှာ မြဝတီမင်းကြီး ကျောင်းတိုက် ဆရာတော်၊ နိုင်ငံကျော် ဓမ္မကထိက မနောမယ ဆရာတော်၊၊ မန္တလေးတိုင်း အစိုးရ အဖွဲ့က တိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးစိုင်းကျော်ဇော၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဦးဇာနည်အောင်၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးမျိုးသစ်၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီး ဒေါက်တာ စိုးသန်း၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်၊ တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦး၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်သဲစုဝေ၊ ပါမောက္ခ၊ ဌာနမှူး၊ နှလုံးနှင့်သွေးကြောခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာ ခင်မောင်ထွေး၊ စာရေးဆရာ ထင်လင်းဦး၊ စာရေးဆရာ ကျော်ရင်မြင့်၊  ဦးတင်ဝင်း နှင့်  ဦးဇော်လင်းဦး တို့က ဆရာ ဦးကိုနီနဲ့ ပတ်သက်တဲ့ မှတ်သား ဖွယ်ရာတွေ၊ သိမှတ်ဖွယ်ရာတွေနဲ့ ဆရာ ဦးကိုနီရဲ့ မပြီးဆုံးသေးတဲ့ ကြိုးပမ်းမှုတွေ အကြောင်း ဟောပြောခဲ့ကြကြောင်းသိရှိရပါတယ်။

    ဦးကိုနီဟာ အင်ဒိုနီးရှားနိုင်ငံကနေ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၉ ရက်နေ့က ရန်ကုန်နိုင်ငံတကာလေဆိပ် ကိုပြန်ရောက်ရောက်ချင်းသေနတ်သမား ကြည်လင်းက အနီးကပ်လုပ်ကြံသတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

    info-Soe Nay Oo
    Photo- Khin Mg Tun

     

  • ကိုနေဝင်း၏ ကျန်ရစ်သူ မိသားစု အတွက် မွတ်စလင်မ် အဖွဲ့များမှ အလှူငွေပေးအပ်

    ကိုနေဝင်း၏ ကျန်ရစ်သူ မိသားစု အတွက် မွတ်စလင်မ် အဖွဲ့များမှ အလှူငွေပေးအပ်

    ဖေဖော်ဝါရီ ၃ ၊ ၂၀၁၇
    M-Media
    သတင်း-သီဟ

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေကြီး ဦးကိုနီ ကို လုပ်ကြံခဲ့သည့် တရားခံအား ဖမ်းဆီးရန် ကြိုးပမ်းရင်း အသတ်စွန့်သွားခဲ့ရသူ (ဦး​နေဝင်း) ၏ ကျန်​ရစ်​​သော သမီးကြီး နှင့်​ သားများအတွက်​ ပညာ​ရေး ရံပုံ​ငွေ ထူ​ထောင်​ရန်​ စီစဉ်​​နေ​သော ၈၈   ငြိမ်းချမ်း​ရေး နှင့်​ ပွင့်​လင်းလူ့အဖွဲ့အစည်းထံသို့ အလှူငွေ ၂.၅၀၀.၀၀၀ ကျပ် (၂၅သိန်း ကျ ပ်​တိတိ)  အစ္စလာမ်ဘာသာဝင် များဖြင့် ဖွဲ့စည်းထားသော Social Alliance ( လူမှု့မဟာမိတ်​အဖွဲ့) အာဇာနည်​​ခေါင်း​ဆောင်​ကြီး ဦးရာဇတ်​၏သား ဦးတင်​မြင့်​နှင့်​ အတူ ၈၈ ရုံးခန်းရှိရာ​နေရာသို့ သွား​ရောက်​​ပြီး ဦးကိုကိုကြီးထံသို့ ​ပေးအပ်​ခဲ့ကြောင်းသိရှိရသည်။

    အဲဒီ​နောက်​တွင်​ မင်္ဂလာဒုံရှိ (ဦး​နေဝင်း) အိမ်​သို့သွား​ရောက်​၍ ရက်​လည်​တွင်​ ကပ်​လှူရန်​ ပစ္စည်း ၅ ပါး လှူဒါန်းခဲ့ကြောင်း သိရပါတယ်

    \

    အလားတူ ရန်ကုန်တိုင်းဒေသကြီး အိုလမာ သာသနာ့ ပညာရှင်များအဖွဲ့ချုပ် ပညာရေးနဲ့ လူမှုရေးအကျိုးဆောင်အဖွဲ့မှ ကွယ်လွန်သူ ကိုနေဝင်း၏ အမျိုးသမီးထံသို့ ဖေဖော်ဝါရီလ ၂ ၇က်နေ့က သွားရောက်၍ အလှူငွေများပေးအပ်ခဲ့ကြောင်း RFA သတင်း၏ ဖော်ပြချက်အရသိရှိရပါတယ်။

    အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ တာဝန်ရှိသူများမှလည်း (၃၀-၁-၂၀၁၇)ရက်နေ့တွင် ကိုနေဝင်း၏ ကျန်ရစ်သူမိသားစုထံ  သွားရောက်တွေ့ဆုံ နှစ်သိမ့်အားပေးပြီး နာရေးကူငွေ ကျပ်(၁၀)သိန်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိပါတယ်။

    ရှေ့နေ ဦးကိုနီဟာ အင်ဒိုနီးရှားနိုင်ငံကနေ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၉ ရက်နေ့က ရန်ကုန်နိုင်ငံတကာလေဆိပ် ကိုပြန်ရောက်ရောက်ချင်းသေနတ်သမား ကြည်လင်းက အနီးကပ်လုပ်ကြံသတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

    အဲဒီနောက် သေနတ်သမားကြည်လင်းကို လေဆိပ်မှာရှိတဲ့ အငှားယာဉ်မောင်းတွေ နဲ့ ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ပြီး၊ အဲဒီလိုဖမ်းဆီးစဉ်အတွင်း အငှားယာဉ်မောင်း ကိုနေ၀င်း သေနတ်ထိမှန် သေဆုံးခဲ့ပါတယ်။