News @ M-Media

Author: editor

  • ဦးကိုနီ အသတ်ခံရမှု သံသယရှိသူတဦး ဖမ်းဆီးထားကြောင်း သမ္မတရုံး ထုတ်ပြန်

    ဦးကိုနီ အသတ်ခံရမှု သံသယရှိသူတဦး ဖမ်းဆီးထားကြောင်း သမ္မတရုံး ထုတ်ပြန်

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဥပဒေအကြံပေး ရှေ့နေဦးကိုနီ ရန်ကုန်နိုင်ငံတကာလေဆိပ်မှာ လုပ်ကြံခံရမှုမှာ ပူးပေါင်းပါဝင်သူတဦးဖြစ်တယ်လို့ သံသယရှိ ခံထားရတဲ့ ဦးအောင်ဝင်းဇော် အသက် (၄၆) နှစ်ကို ဖမ်းဆီး ထားတယ်လို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရ ဒု-ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

    အခုဖမ်းဆီးရမိတဲ့ ဦးအောင်ဝင်းဇော်ဟာ သူနဲ့ ထောင်ထဲမှာ အတူနေဖူးတယ်လို့ Myanmar Now သတင်းဌာနကို ပြောထားတဲ့ ဦးအောင်စိုးက သူ့ကို လူသတ်ပေးဖို့ လာငှားခဲ့တဲ့ ဗ က ဆိုတဲ့ လူနဲ့ အတူတူပဲဖြစ်တယ်လို့ ဗီအိုအေကို အတည်ပြုပြောပါတယ်။

    ဒါကြောင့်လည်း ဗက မြင့်ဆွေ၊ အောင်ဝင်းဇော်ဆိုတဲ့ နာမည် ၃ ခုဟာ အခုသမ္မတရုံးက ထုတ်ပြန်ကြေငြာချက်ထဲမှာ ပါတဲ့ ဦးအောင်ဝင်းဇော် နဲ့ တဦးတည်ဖြစ်တယ်ဆိုတာကို ဦးအောင်စိုးက အတည်ပြုပါတယ်။

    ရှေ့နေ ဦးကိုနီဟာ အင်ဒိုနီးရှားနိုင်ငံကနေ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၉ ရက်နေ့က ရန်ကုန်နိုင်ငံတကာလေဆိပ် ကိုပြန်ရောက်ရောက်ချင်းသေနတ်သမား ကြည်လင်းက အနီးကပ်လုပ်ကြံသတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

    အဲဒီနောက် သေနတ်သမားကြည်လင်းကို လေဆိပ်မှာရှိတဲ့ အငှားယာဉ်မောင်းတွေ နဲ့ ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ပြီး၊ အဲဒီလိုဖမ်းဆီးစဉ်အတွင်း အငှားယာဉ်မောင် ကိုနေ၀င်း သေနတ်ထိမှန် သေဆုံးခဲ့ပါတယ်။

    မူရင်းလင့်ခ် Link

  • ဦးကိုနီ၏ မိသားစုအား သံအမတ်ကြီးများ လာရောက်အားပေး

    ဦးကိုနီ၏ မိသားစုအား သံအမတ်ကြီးများ လာရောက်အားပေး

    လုပ်ကြံမှုကြောင့် ကွယ်လွန်ခဲ့သည့် ဦးကိုနီ၏ မိသားစု အား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်၊ ဗြိတိန်၊ ရုရှား၊ တူရကီ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ကနေဒါ၊အင်ဒိုနီးရှား၊ အရှေ့တီမော  သံအမတ်ကြီး များ လာရောက် တွေ့ဆုံပြီး အားပေးစကားပြောကြားခဲ့ကြောင်းသိရှိရသည်။

    အမေရိကန်၊ ဗြိတိန်၊ ရုရှား၊ တူရကီ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးများ
    အင်ဒိုနီးရှား သံအမတ်ကြီး နှင့် စစ်သံမှူး
    ကနေဒါ သံအမတ်ကြီး

     

    အရှေ့တီမောနိုင်ငံ သံအမတ်ကြီး
    ဘင်္ဂလာဒေရှ့် သံအမတ် ကြီး

    ဓါတ်ပုံ-Khin Maung Lwin FB

  • နောက်ကျောက ဓားနဲ့ထိုးမယ့်သူတွေကို ပြည်သူ့အစိုးရ အရေးယူဖို့လိုပြီ

    နောက်ကျောက ဓားနဲ့ထိုးမယ့်သူတွေကို ပြည်သူ့အစိုးရ အရေးယူဖို့လိုပြီ

    ကာတွန်းဖန်တီးသူ-လဂွန်းအိမ်

    ဖေဖော်ဝါရီ ၃ ၊ ၂၀၁၇
    ဂျက်ဖရီတင်အုန်း (R.I.T) ရေးသည်။

    မြန်မာနိုင်ငံတွင် နိုင်ငံရေးပြဿနာများကို လူကြီးလူကောင်းဆန်စွာ စားပွဲဝိုင်းထိုင်ကာ ခေါင်းချင်းဆုံကာ ဆွေးနွေးညှိနှိုင်းအဖြေရှာသည့် နည်းလမ်းများကို ကျင့်သုံးရမည့်အစား လက်နက် အားကိုး အာဏာအားကိုး အကြမ်းဖက်ဖြေရှင်းခဲ့သည့် နည်းလမ်းမျိုးစုံကို ကျင့်သုံးခဲ့သည့် သမိုင်းများ အမှန်တကယ်ရှိခဲ့ပေသည်။ ဥပမာပြရလျှင် လွတ်လပ်ရေးဗိသုကာကြီး တပ်မတော်ဖခင် ကြီး ဗိုလ်ချုပ်အောင်ဆန်း အပါဝင် အာဇာနည်ခေါင်းဆောင်ကြီး (၉)ဦး လုပ်ကြံခံရသည့် ၁၉၄၇ ခု  ဇူလိုင်လ ၁၉ ရက်နေ့ကြီးက မြန်မာ့သမိုင်းသက်သေ တစ်ခုပင်ဖြစ်သည်။ နိုင်ငံရေးကိစ္စကို လက်နက်အားကိုး လူမိုက်ဆန်ဆန် ဖြေရှင်းခဲ့သောကြောင့် မြန်မာ့သမိုင်း ရာဇဝင်ရိုင်းခဲ့ရပေသည်။

    နဝတ၊ နအဖ စစ်အစိုးရများလက်ထက် ထိုစဉ်က NLD ပါတီလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဥက္ကဌ သူရဦးတင်ဦးနှင့် NLD ပါတီဝင်များအား ဒီပဲယင်းရွာအနီးတွင်စနစ် တကျ အကွက်ကျကျ ကြိုတင်ကြံရွယ်ထားသော လူသတ်ပွဲကြီးကို အာဏာရှင်များက ဦးဆောင်ကာ ဖန်တီးခဲ့သော်လည်း ကံကောင်းထောက်မသဖြင့် ထိုခေါင်းဆောင်(၂) ဦး အသက်ဘေးမှ လွတ်မြောက်ခဲ့ပေသည်။

    မြန်မာနိုင်ငံတွင် ထိလွယ်၊ရှလွယ်၊ပေါက်ကွဲလွယ်သည့် လူမျိုးရေး၊ဘာသာရေး၊ အဓိကရုဏ်း များကို နောက်ကွယ်ကနေ ကြိုးကိုင်ကာ ဟန်ချက်ညီညီ ဘာသာရေး ခုတုံးလုပ် နိုင်ငံရေးအမြတ် ထုတ်နေသော ခပ်ညံ့ညံ့ အောက်တန်းစား အတွေးအခေါ် မြေခွေးယုတ် လူတန်းစားတစ်ခု ရှိနေပေသည်။ ထိုအုပ်စုကို နောက်ကွယ်က “လက်မဲကြီး” အုပ်စုဟု မြန်မာပြည်သူလူထုက သိထားကြသည်။

    ထိုလက်မဲကြီးအုပ်စုသည် နိုင်ငံရေးမတည်မငြိမ်မှု့ကို “တောကြောင်ပမာ”  စောင့်ကြည့်နေ သည်။ စစ်အာဏာရှင်စနစ်ကို လက်ယပ်ခေါ်ကာ အသက်ပြန်သွင်းချင်သည်။ မြန်မာပြည်ကြီးကို တစ်ချိန်က ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ အာဖရိကမှ အီသီးယိုးပီးယားနိုင်ငံအောက် အရောက်ပို့ချင်ဟန်ရှိသည်။ အာဃတ တရားလက်ကိုင်ထား အတ္တတရားများ ဖုံးလွှမ်းကာ လောဘ၊ ဒေါသ၊မောဟများ ဖိစီးကာ လူစိတ်ပျောက်နေသော အုပ်စုတစ်စုလို့အများက သိထားကြသည်။ထို့ ကြောင့်လည်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး အပါဝင် နိုင်ငံတကာ၏ စောင့်ကြည့်ခြင်းကိုလည်း ယနေ့ တိုင်ခံနေရဆဲဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်များကို မြန်မာနိုင်ငံသို့ ကုလသမဂ္ဂအဖွဲ့ကြီးက ယနေ့တိုင်စေလွှတ်နေခြင်း လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်း များရယူနေခြင်းသည် ထင်ရှားသော ဥပမာတစ်ရပ်ဖြစ်သည်။ ဤဖြစ်ရပ်သည် နိုင်ငံပုံရိပ်ကျဆင်းနေ ခြင်း၏ သင်္ကေတ တစ်ရပ်ဖြစ်သည်။

    နိုင်ငံသူ၊နိုင်ငံသားများ နယ်ပယ်စုံကဏ္ဍများတွင် ခေါင်းဆောင်မှု အရည်အသွေး တိုးတက် မြင့်မားရန် ရည်ရွယ်ချက်ဖြင့် ဇန်နဝါရီလ ၂၂ ရက်မှ ၂၉ ရက်နေ့အထိ အင်ဒိုနိးရှားနိုင်ငံ ဂျကာတမြို့၊ မာလူကူပြည်နယ် တို့တွင် ကျင်းပခဲ့သော Senior Leadership Program လေ့လာရေးခရီးစဉ်သို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဒုတိယဝန်ကြီး ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥပဒေအကြံပေးလည်းဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဥပဒေရေးရာ အကြံပေးလည်းဖြစ်သူ မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေအစည်းအရုံး ဗဟိုကော်မတီဝင်လည်းဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဆရာဦးကိုနီအား ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ် ပြည်ပဆိုက်ရောက် ပြင်ပ Terminal-1 ကားပါကင်ရှေ့တွင် ဘုရားခိုးမှုဖြင့်ထောင်ထွက် ကြည်လင်း (၅၃)နှစ်က သေနတ်ဖြင့် အနီးကပ် ဦးခေါင်းကို ပစ်ခတ်ခဲ့ သောကြောင့် ဆရာဦးကိုနီသည် ဇန်နဝါရိလ ၂၉ ရက်၊ ညနေ ၅ နာရီ ၈ မိနစ် အချိန်၌ တိုင်းပြည် အတွက် အသက်ပေး လှူသွားခဲ့သည့် သတင်းသည် လူသားဆန်သည့် ဒီမိုကရေစီဘက်တော်သား များအတွက် ထိတ်လန့် တုန်လှုပ် ချောက်ချားသွားစေခဲ့သည်။

    ထူးဆန်းအံ့သြဖွယ်ရာလည်းဖြစ် ဂုဏ်ယူဖွယ်ရာလည်းဖြစ်ခဲ့သည်မှာ အကြမ်းဖက်လူသတ် သမားအား Taxi-driver အယောက် ၅၀ လောက်က ဝိုင်းဝန်းဖမ်းဆီးခဲ့ရာတွင် အကြမ်းဖက်သမား၏ သေနတ်ဖြင့် ပစ်ခတ်မှု့ကြောင့် ကလေး (၃)ဦး၏ ဖခင် တက္ကစီယာဉ်မောင်း ကိုနေဝင်း (၄၂)နှစ် ကွယ်လွန်ခဲ့ရှာသည်။ ထိုနေရာတွင် ပြည်သူ့ရဲဆိုသူများ အချိန်နှင့်တပြေးညီ တာဝန်ထမ်းဆောင် နေမည်ဆိုပါက မဟာရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီး၌ အရုပ်ဆိုး အကျည်းတန်စေခဲ့ သော အဆိုပါ အကြမ်းဖက်ဖြစ်ရပ် အခုလို ပေါ်ပေါက်ခဲ့မည် မထင်ပေ။

    ဆရာဦးကိုနီ၏ အကြမ်းဖက်လုပ်ကြံခံရသည့် ဖြစ်ရပ်ဆိုးနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စ ယန်ဟီးလီက “မြန်မာနိုင်ငံမှာ အထင်ရှားဆုံးနှင့် လေးစားဖွယ် အကောင်းဆုံး အစ္စလာမ်ဘာသာဝင် ရှေ့နေဦးကိုနီ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခံ ရသည့်အတွက် ကျန်ရစ်သူမိသားစုနှင့် ထပ်တူ မိမိ အလွန်ဝမ်းနည်းရပါကြောင်း” သူမ၏ တွစ်တာ (Twitter) စာမျက်နှာ၌ ရေးသားဖော်ပြထားပါသည်။

    လုံခြုံရေးတင်းကျပ်တဲ့ လေဆိပ်လိုနေရာမျိုးမှာ ထိုကဲ့သို့ အကြမ်းဖက်လုပ်ကြံခံရခြင်းဟာ အလွန်စိတ်ဓာတ်ယုတ်ညံ့တဲ့ ကောက်ကျစ်စဉ်းလဲတဲ့ လူမဆန်သည့်လုပ်ရပ်ဖြစ်ကြောင်း ဝါရင့်နိုင်ငံရေးသမားများက ဆန်းစစ်ပြောဆိုကြပါသည်။ အကြမ်းဖက်လုပ်ကြံသူ တရားခံ၏ နောက်ကွယ်တွင် အများပြည်သူလူထု သိပြီးဖြစ်သော ဒီမိုဆန့်ကျင်အင်အားစုကြီးများ၊ ပုံစံအမျိုးမျိုး ဖြင့်ရှိနေကြသည်။ ထိုအုပ်စုများသည် NLD ပါတီ အစိုးရကို လုံးဝမထောက်ခံ။ ဒီမိုကရေစီ အင်အား စုများကို ဆန့်ကျင်ကြသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ ကို ရာနှုန်းပြည့်ထောက်ခံကြသည်။ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြုလုပ်နေသော ဒီမိုကရေစီရေး ဖယ်ဒရယ်ပြည်ထောင်စုရေးမူဝါဒများကို မနှစ်သက် မရှုစိမ့်ကြပေ။  အကောင်းမြင်ဝါဒဖြင့် မကူညီ။ အဆိုးမြင်ဝါဒဖြင့် နောက်ကွယ်ကနေ လစ်ရင်လစ်သလို အခါအခွင့် သင့်သလို နောက်ကျောကနေ ဓားနဲ့ထိုးမည့်သူများဖြစ်သည် ဟု အမေရိကန် အခြေစိုက် ဒီမိုအင် အားစုများက ဝေဖန်ထောက်ပြထားသည်။ သတိပေးထားသည်။

    ဆရာဦးကိုနီသည် ပြည်တွင်း ပြည်ပ မီဒီယာများနှင့်တွေ့ဆုံပွဲများတွင် ၂၀၀၈ခု ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်ထဲတွင် ၂၅% ရာခိုင်နှုန်းသော ပြည်သူလူထု၏ ရွေးကောက်ခံ မဟုတ်သော တပ်မတော်သားများပါဝင်နေမှု၊ ကာကွယ်ရေးဦးစီးချုပ်သည် ကာကွယ်ရေးဝန်ကြီး ထက်အာဏာ (power) ရှိနေမှု၊ ၂၀၀၈ခု ဖွဲ့စည်းပုံသည် စစ်တပ်ကြီးစိုးရေး မူဝါဒကို အခြေခံထားသော ဖွဲ့စည်းပုံဖြစ်ကြောင်း တို့ကို ကွင်းကွင်းကွက်ကွက် ထောက်ပြနိုင်ခဲ့သူဖြစ်သည်။ ထို့ကြောင့်လည်း လူမှု့ရေးကွန်ရက် facebook စာမျက်နှာများတွင် ဆရာဦးကိုနီအား လူမျိုးရေး၊ ဘာသာရေး၊အစွန်းရောက်များနှင့် အာဏာရူး အစွန်းရောက်များက တိရစ္ဆာန်ပမာ ရိုင်းပြစွာ၊ ယုတ်ညံ့စွာ ရေးသားဖော်ပြခဲ့သည်ကို စာရေးသူသတိထားမိသည်။

    ဆရာဦးကိုနီသည် ဥပဒေရေးရာတွင် ရှားမှရှား ပါရမီရှင်တစ်ယောက်ဖြစ်သည်ကို ဆရာ့၏ ဟောပြောပွဲတိုင်းက သက်သေထူပါသည်။ အချို့က “ဆရာဦးကိုနီ ဟာ ၂၀၀၈ ခု ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထုံးလိုချေ၊ရေလိုနှောက်၊ ကြောင်ပုစွန်စား၊ ကြွပ်ကြွပ်ဝါးစားထားသလားများ အောက်မေ့ရ တယ်”ဟု ဆရာ၏ဟောပြောပွဲ အများစုကို တက်ရောက်အားပေးတဲ့အခါတိုင်း ပရိသတ်များ၏ ချီးမွမ်းပြောဆို လက်ခုပ်သြဘာသံများကို စာရေးသူမကြာခဏ ကြားခဲ့ရပါသည်။

    ဆရာဦးကိုနီ၏ ဥပဒေရေးရာတွင် တမူထူးခြားပါရမီရှင် တစ်ယောက်ဖြစ်တာကို မီးမောင်းထိုးပြရလျှင် ၂၀၀၈ ခု ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတ၏လုပ်ပိုင်ခွင့် အာဏာ တစ်ရပ်အနေဖြင့် လိုအပ်ချက်တစ်ရပ်အနေဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နေရာတွင် ဒီမိုကရေစီမိခင်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို အောင်လံတံခွန်ထူပေးခဲ့ခြင်းပင်ဖြစ်သည်။

    မြန်မာ့နိုင်ငံရေးတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတလုံးဝ မဖြစ်ရေးအတွက် ၂၀၀၈ခု ဖွဲ့စည်းပုံ ၅၉(စ)ကို တရားသူကြီးချုပ် ဦးအောင်တိုး၏ အကူအညီဖြင့် ရေးဆွဲခဲ့ခြင်းဖြစ်သည်။ လူပုဂ္ဂိုလ်တစ်ဦးအား တမင်ရည်ရွယ်၍ အာဃာတ ထား၍ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း ဥပဒေပညာရှင် များ လုံးဝသိထားကြသည်။

    သို့သော် စစ်အာဏာရှင်တို့၏ အထင်နှင့်အမြင်ကား ဥပဒေပညာရှင်ဆရာ ဦးကိုနီ၏ ၂၀၀၈ခု ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် ပိုင်နိုင်ကျွမ်းကျင်မှု့ကြောင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အနေဖြင့် လက်ရှိ အစိုးရအဖွဲ့ကို ပဲ့ကိုင်နိုင်ခဲ့သည်။ “ ဤဖြစ်စဉ်ကို မင်းသားခေါင်းဆောင်းထားသော ဘီးလူးများသည် NLD ပါတီ၏လုပ်ရပ်မှန်သမျှ မနာလို မုန်းတီးမှု့ပွားများကာ အပြုသဘောမဆောင်၊  အပျက်သဘောဆောင်သည့် နိုင်ငံရေးထိုးနှက်ချက်များကို ပြူလုပ်လာကြတော့သည်။ “ဘေးထိုင်၊ ဘိုင်ကျ၊ ဘုပြောသည့်ပုံစံ” များ လုပ်လာခဲ့ကြသည်မှာ အချို့သောလုပ်ရပ်များသည် ယုတ္တိမရှိသော ဟာဒယရွှင်ဆေးများ ဖြစ်လာနေကြောင်း” ကို ရှေ့မှီ၊ နောက်မှီ နိုင်ငံရေးသုတေသီများက ဝေဖန်ထောက်ပြခဲ့ကြသည် အထိ အရှက်ကင်းမဲ့လာကြသည်။

    “နဝတ၊နအဖ” စစ်အစိုးရများလက်ထက်တွင် ဒီမိုကရေစီအင်အားစုများကို ဖြိုခွင်းရန် ထောင်ထွက်လူမိုက်များ ၊ “ဆိုးပေ၊ဆိုးတေ၊ဆိုးလေများ” (တစ်လုံး၊ နှစ်လုံး၊သုံးလုံး)လောင်းကစား ဒိုင်များအား “စွမ်းအားရှင်” အဖွဲ့ဖွဲ့ပေးခဲ့သည်။ ထိုအဖွဲ့များကို သုံးကာ ၂၀၀၇ ခု ရွှေဝါရောင်သံဃာ တော်များ၏ မေတ္တာသုတ်ရွတ်ဆို လမ်းပေါ်ထွက်ဆန္ဒပြခြင်းကို ဖြိုခွင်းခဲ့သည်။ သမ္မတ ဦးသိန်းစိန်အ စိုးရဖြစ်လာသောအခါ ထိုစွမ်းအားရှင်အဖွဲ့တွင် ပါဝင်ခဲ့သူများသည် အမျိုးဘာသာ၊သာသနာအဖွဲ့ဝင် များ ဖြစ်လာကာ ဦးသိန်းစိန်အစိုးရ၏ ဒေါက်တိုင်များ၊ “ လို-တ-ရ” အခွင့်ထူးခံအဖွဲ့အစည်းတစ်ခုဖြစ် လာပြီး ဒီမိုကရေစီအင်အားစုများအပေါ်၊ အစ္စလာမ်ဘာသာဝင်လူနည်းစုများအပေါ် စိန်ခေါ်မှု့များ၊ ပွတ်တိုက်မှု့များ၊ အကြိမ်ကြိမ်ဖြစ်တိုင်း ဥပဒေ၏အထက် အသာစီးမှအမြဲရနေခဲ့သည်။ ထို့ကြောင့် လည်း ဦးသိန်းစိန်အစိုးရဦးဆောင်သော  ပြည်ခိုင်ဖြိုးပါတီကြီး ၂၀၁၅ခု နိုဝင်ဘာ ၈ ရက်ရွေးကောက် ပွဲအောင်နိုင်ရေးအတွက် ဘာသာရေးခုတုံး လုပ်၊နိုင်ငံရေးအမြတ်ထုတ် ပုံစံအမျိုးမျိုးကို ပေါ်ပေါ်တင် တင် ပြုလုပ်ခဲ့ကြသော်လည်း တစ်ဦးတစ်ဖွဲ့မျှ အရေးယူခြင်း မခံရခြင်းသည် အဓိက သက်သေပေ တည်း။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် “မတူတာတွေကို ခွဲလုပ်ကြမည်။တူတာတွေကို စု ပေါင်းလုပ်ကြမည်။” ဖြစ်သော်လည်း “ငါနှင့်မတူ၊ငါ့ရန်သူ” သဘောထားနေခြင်းသည် NLD အစိုးရအတွက် ဘေးကြပ်၊နံကြပ်ဖြစ်စေခဲ့သည်။ နိုင်ငံရေးအာဏာကို ဖြတ်လမ်းနည်းဖြင့် အချောင် နှိုက်နိုင်ရန် နိုင်ငံရေးမုဆိုးများသဖွယ် ဖြစ်လာနိုင်ဖွယ်ရှိသည်။ (politics is  a driver game) နိုင်ငံ ရေးဟူသည် ညစ်ပတ်သော ကစားနည်းတစ်ခုသဖွယ် ဖြစ်လာပြီလားဟု စာရေးသူ သတိပြုမိတုန် လှုပ်မိလာသည်။ အခြားတစ်ဖက်တွင်လည်း မြန်မာနိုင်ငံ၏တိုင်းရင်းသားများနှင့် အချင်းချင်းဖြစ်ပွား နေသည့်ပြည်တွင်းစစ်မီးလျှံသည် ယနေ့တိုင်တောက်လောင်လျက်ရှိသည်။ စစ်မက်ဖြစ်ပွားနေ သည့် တပ်မတော်နှင့် တိုင်းရင်းသားခေါင်းဆောင်များသည် ယုံကြည်မှု့ တည်ဆောက်၍မရ ဖြစ်နေ ကြသည်။ တိုင်းရင်းသားလက်နက်ကိုင်များတွင်လည်း လက်နက်ရှိသည်။ တပ်မတော်သားများထံ တွင်လည်း လက်နက်ရှိသည်။ တရားမဝင်နည်းလမ်းများဖြင့်လျှို့ဝှက်သယ်ဆောင်လာသော လက် နက်များကို မကြာခဏ ဖမ်းဆီးရမိနေကြောင်းကို မီဒီယာများ၌ ဖော်ပြနေသည်မှာလည်း အကြိမ်ကြိမ် အခါခါပင်ဖြစ်သည်။

    ထိုအကျိုးဆက်များကြောင့်လည်း ငွေရလျှင် ဘာမဆိုလုပ်ရဲသော သားသတ်ကောင်များကို စီးပွားရေးမုဆိုး၊နိုင်ငံရေးမုဆိုးများသည် ခါးပိုက်ဆောင်လုပ်ကာ လိုသလို အသုံးချတော့သည်။ ထို မုဆိုးများ၏သားကောင်သည် ဥပဒေပညာရှင် ဆရာဦးကိုနီဖြစ်သွားခဲ့တော့သည်။ ဆရာဦးကိုနီ NLD အာဇာနည်၏ ၃၀.၁.၂၀၁၇ခု ရန်ကုန်မြို့ ရေဝေးဥယျာဉ်တော်၌ ဈာပနာအခမ်းအနားကို စာရေးသူ လိုက်ပါပို့ဆောင်ခဲ့၏။ လူတိုးမပေါက်သော လူပင်လယ်လှိုင်းကြီးသည် ဆရာဦးကိုနီ၏ ဒီမိုမိတ်ဆွေ သားချင်းများပင်ဖြစ်သည်။ “အာဇာနည်မျိုး၊ သေရိုးမရှိသလို” ဗိုလ်ချုပ်အောင်ဆန်းအပါဝင် အာဇာနည်(၉)ဦးတို့သည် မြန်မာ့လွတ်လပ်ရေးအတွက် အာဇာနည်သူရဲကောင်းများဖြစ်သလို ဆရာဦးကိုနီ အပါဝင် မြန်မာ့ဒီမိုကရေစီအရေးတိုက်ပွဲ ဝင်ရင်းကျဆုံးခဲ့သော အာဇာနည်အပေါင်းသည်လည်း  မြန်မာ့ဒီမိုကရေစီနိုင်ငံတော်ကြီးအတွက် ဒီမိုအာဇာနည်များဖြစ်ကြပေသည်။

    မည်သို့ပင်ဆိုစေ ယနေ့ကမ္ဘာကြီးသည် အကြမ်းဖက်လုပ်ရပ်မှန်သမျှကို ကျူပင်ခုတ်၊ကျူ ငုတ်မကျန်အောင် ရှင်းလင်း ဖယ်ရှားနေပြီဖြစ်သည်။ ထို့ကြောင့်နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် (အမ်နက်စတီ) အဖွဲ့ကြီးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုတွင် နိုင်ငံရေးလုပ်ကြံမှု့တစ်ခု၏ အမှတ်လက္ခဏာများရှိနေ ကြောင်း ဇန်နဝါရီ၂၉ ရက်တွင် ဝေဖန်သုံးသပ်ခဲ့သည်။ အစိုးရအနေဖြင့် လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှု့များပြုလုပ်ရန် တာဝန်ရှိသူများအနေဖြင့် ထိုကဲ့သို့သောအကြမ်းဖက်မှု့မျိုးကို သည်းခံမည်မဟုတ်၊ ကျူးလွန်သူကိုလည်း ခွင့်လွှတ်မည် မဟုတ်ဟူသော သဘောထားကို ရှင်းရှင်း လင်းလင်း ပြသရမည်ဖြစ်ကြောင်းကို အမ်နက်စတီအဖွဲ့ကြီးက တိုက်တွန်းထားပါသည်။

    “ အမှန်တရားကို နတ်စောင့်သည်။ ဘုရားသခင်သည် အမှန်တရားဘက်တွင်ရှိသည်။” ဟူ၍ အမှန်တရားကို ချစ်မြတ်နိုးသူများ၊ဒီမိုကရေစီ အင်အားစုများက ရာနှုန်းပြည့် ယုံကြည်ကြပါသည်။ အမှန်တရားအတွက် လူ့အခွင့်အရေး ဒီမိုကရေစီအရေးအတွက် ကြံ့ကြံ့ခံရပ်တည်လာခဲ့ကြသူများ သည် အချိန်တစ်ချိန်တွင် အောင်ပွဲခံရမည်သာဖြစ်သည်။ လူ့အသက်ကို ကြက်ကလေး၊ ငှက်ကလေး သဘောထားကာ ရက်စက်ယုတ်မာခဲ့သော လုပ်ရပ်များသည် ဗူးပေါ်သလို ပေါ်လာပြီး ခေတ်အဆက်ဆက် အာဏာာရှင်များ၊ လူတိရစ္ဆာန်များသည် ပြည်သူလူထု၏ တံတွေးခွက်တွင် ပက် လက်မျှောသလို မြန်မာပြည်ကြီးကို ပျက်ဆီးရာ ပျက်ဆီးကြောင်းများကို ဖန်တီးနေသူများ မြန်မာ ပြည်ကြီးဖွံ့ဖြိုးတိုးတက်ရာ တိုးတက်ကြောင်းများကို ဟန့်တားပိတ်ဆို့နှောက်ယှက်ဖျက်ဆီးသူများ သည် အဝီစိ ဂျိုးကပ်မည့် အဝီစိအတွက် လောင်စာများဖြစ်၍ နိဂုံးချုပ်ရမည်မှာ လောကသစ္စာ တရားပင်တည်း။   ။

    ဂျက်ဖရီတင်အုန်း (R.I.T ရန်ကုန်စက်မှု့တက္ကသိုလ်)

    **(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နေရာရှာဖွေဖော်ထုတ်သူမှာ မည်သူဖြစ်ကြောင်း အာဏာရပါတီမှ တရားဝင် ထုတ်ပြန်ထားခြင်း မရှိသဖြင့် M-Media အနေဖြင့် အဆိုပါ အချက်အလက်အား သီးခြား အတည်ပြုနိုင်ခြင်းမရှိပါ။ )

  • ဦးကိုနီ သတ်ဖြတ်ခံရမှု အစိုးရသတင်းစာတွေ ဦးစားမပေး

    ဦးကိုနီ သတ်ဖြတ်ခံရမှု အစိုးရသတင်းစာတွေ ဦးစားမပေး

    Image via twitter

    ဦးကိုနီ သေနတ်ပစ်ခံရတဲ့သတင်းကို အစိုးရထုတ်သတင်းစာတွေမှာ ဖေါ်ပြပုံနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။ မြန်မာပြည်က ပုဂ္ဂလိကသတင်းစာအားလုံးမှာ  ဦးကိုနီလုပ်ကြံခံရတဲ့သတင်းကို ရှေ့ဆုံး စာမျက်နှာမှာ ဖေါ်ပြခဲ့ကြပေမယ့် အစိုးရပိုင်သတင်းစာတွေကတော့ အဲဒီလို ဦးစားပေး ဖေါ်ပြခဲ့ခြင်း မရှိပါဘူး။

    ပြန်ကြားရေးဝန်ကြီးဌာနက အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ The Global New Light of Myanmar သတင်းစာက – PDF ပုံစံနဲ့ ဇန်န၀ါရီလ ၃ဝ ရက်နေ့ တနင်္ဂနွေနေ့ည စောစောပိုင်း web site မှာ ဖေါ်ပြခဲ့ရာမှာ ဒီသတင်းကို မျက်နှာဖုံးစာမျက်နှာက ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်မှာ ချယ်ရီပင်စိုက်နေတဲ့ သတင်းရဲ့အောက်နားမှာ ကပ်လျှက် ဖေါ်ပြထားခဲ့ပေမယ့်  နောက်တနေ့ တနင်္လာနေ့ တကယ်တန်း သတင်းစာထွက်လာချိန်မှာတော့ တတိယစာမျက်နှာကို ရောက်ရှိသွားပါတယ်။ အလားတူ မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတွေမှာ ဒီသတင်း ကို ရှေ့အဖုံးမှာမထည့်ဘဲ နောက်ကျောမှာပဲ ဖေါ်ပြပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး ဧရာဝတီသတင်းဌာနက  အစိုးရသတင်းစာ အယ်ဒီတာချုပ် ဦးအေးမင်းစိုးကို မေးမြန်းရာ မှာ ရှေ့ဆုံးစာမျက်နှာမှာ ဖေါ်ပြမိတဲ့ PDF ဖိုင်နဲ့ သတင်းဟာ ဝန်ထမ်းတယောက်က သတင်းစာအပြီးမသတ်မီ မှားယွင်းတင်ပြမိတာဖြစ်ပြီး မျက်နှာဖုံးမှာ တခြားသတင်းတွေကို ဦးစားပေး ပြောင်းလဲထည့်သွင်းခဲ့တယ် လို့ ပြောပါတယ်။ ဒီလိုဆောင်ရွက်ဖို့လည်း ထိပ်ဆုံးကပုဂ္ဂိုလ်တွေက ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဖြေပါတယ်။

    RFA မှ ကူးယူဖော်ပြပါသည်။

    http://www.rfa.org/burmese/news/ukoni-assassinated-news-02012017235949.html

  • ဦးကိုနီ လုပ်ကြံခံရမှု ကိုဖီအာန် ပြင်းထန်စွာ ရှုံချ၊ အမြန်ဆုံးဖော်ထုတ်ဖို့ တောင်းဆို

    ဦးကိုနီ လုပ်ကြံခံရမှု ကိုဖီအာန် ပြင်းထန်စွာ ရှုံချ၊ အမြန်ဆုံးဖော်ထုတ်ဖို့ တောင်းဆို

    ဖေဖော်ဝါရီ ၂ ၊ ၂၀၁၇
    M-Media
    သတင်း-သီဟ

    ရန်ကုန်လေဆိပ်တွင် ဖြစ်ပွားခဲ့သည့် သတ်ဖြတ်မှုအပေါ် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် အဖွဲ့၊ ဥက္ကဌ ကုလ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်မှ ပြင်းထန်စွာ ရှုတ်ချကြောင်း ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ပါတယ်။

    ကြေညာချက် အပြည့်အစုံမှာ

    ကျွန်တော့်အနေနဲ့ လူအများ လေးစားရတဲ့ ရှေ့နေဦးကိုနီ သေနတ်ဖြင့် ပစ်သတ်ခံရမှုနဲ့ သေနတ်ပစ်သူကို လိုက်လံဖမ်းဆီးရင်း သေဆုံးခဲ့ရတဲ့ ယာဉ်မောင်း ဦးနေဝင်းတို့ ဖြစ်ရပ်ကို ပြင်းထန်စွာ ရှုံ့ချပါတယ်။

    ကျွန်တော့်အနေနဲ့ ကွယ်လွန်သူများရဲ့ မိသားစုများနဲ့ မိတ်ဆွေများထံသို့ အလွန်အမင်း ဝမ်းနည်း ကြေကွဲရပါကြောင်း ပြောလိုပါတယ်။ဒီသတင်းဟာ တုန်လှုပ်စရာကောင်းပြီး ဝမ်းနည်းစရာ ကောင်းပါတယ်။

    လူ့အခွင့်အရေးနဲ့ တရား ဥပဒေ စိုးမိုးရေးအတွက် လုပ်ဆောင်နေသူတွေ အပေါ် အကြမ်းဖက်ခြင်းဟာ စက်ဆုပ်ဖွယ် ကောင်းပါတယ်။ ကျွန်တော်တို့ရဲ့ မတူကွဲပြားမှုတွေ ဘယ်လိုပဲ ရှိနေပါစေ၊

    အပြန်အလှန် ပြောဆိုဆွေးနွေးခြင်းနှင့် သည်းခံခြင်းတို့နဲ့သာ ရှေ့ဆက်နိုင်မှာ ဖြစ်တယ်လို့ ကျွန်တော် ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်။ အကြမ်းဖက်မှုဟာ အဖြေမဟုတ်ပါဘူး။

    ဒီ ဆိုးဝါးလှတဲ့ ရာဇဝတ်မှုကို တတ်နိုင်သမျှ အမြန်ဆုံး စုံစမ်းစစ်ဆေးပြီး အရေးယူဆောင်ရွက်ကြဖို့ သက်ဆိုင်ရာ တာဝန်ရှိသူများကို တောင်းဆိုပါတယ်။

    ref: kofiannanfoundation