News @ M-Media
Author: editor
  • ကြည်လင်း၏အမှုတွဲက လုပ်ကြံမှုကျူးလွန်ရန် ကမ်းလှမ်းခဲ့ဟု ထောင်ထွက်တစ်ဦး ထုတ်ဖော်
    ကြည်လင်း၏အမှုတွဲက လုပ်ကြံမှုကျူးလွန်ရန် ကမ်းလှမ်းခဲ့ဟု ထောင်ထွက်တစ်ဦး ထုတ်ဖော်
    ပုံစာ – အကျဉ်းသားဟောင်း ဦးအောင်စိုးကို အင်းစိန်မြို့နေအိမ်တွင် တွေ့ရပုံ။ ဦးအောင်စိုးသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ လူမှုရေး လုပ်ငန်းတစ်ခုတွင် စေတနာ့ဝန်ထမ်းတစ်ဦးအဖြစ် ကူညီ ဆောင်ရွက်လျက်ရှိသည် (ဓာတ်ပုံ – ဇော်ထက်/Myanmar Now)
    ဆွေဝင်း/Myanmar Now
    ရန်ကုန် (Myanmar Now) – ရှေ့နေဦးကိုနီကို ရန်ကုန်လေဆိပ်တွင် လုပ်ကြံခဲ့သည့် ဦးကြည်လင်းနှင့် ဘုရားခိုးဂိုဏ်းတွင် လက်တွဲလုပ်ကိုင်ဖူးသူတစ်ဦးက ရန်ကုန်မြို့လယ်တွင် လုပ်ကြံသတ်ဖြတ်မှုတစ်ခု တာဝန်ယူပေးရန် ယမန်နှစ်က ကမ်းလှမ်းခဲ့ကြောင်း အကျဉ်းသားဟောင်းတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။
    ကမ်းလှမ်းမှုကို သူက ငြင်းပယ်လိုက်ပြီးနောက်ပိုင်း ဦးကြည်လင်းက တာဝန်ကို လက်ခံကာ အမှုကျူးလွန်လိုက်သည်ဟု ယူဆကြောင်း ထုတ်ဖော်ပြောဆိုသူမှာ ရန်ကုန် အင်းစိန်မြို့နယ်၊ ဖော့ကန် ရပ်ကွက်တွင် နေထိုင်သော ၅၁ နှစ် အရွယ် ဦးအောင်စိုး ဖြစ်သည်။
    သူသည် ၂ဝဝ၉၊ ၂ဝ၁ဝ ပြည့်နှစ်တို့တွင် မန္တလေးအိုးဘိုထောင် အဆောင်အမှတ် (၃) တွင် ရှိနေစဉ် ဦးကြည်လင်း၊ ဦးအောင်ဝင်းဇော်တို့နှင့် ဆုံတွေ့ခဲ့သူ ဖြစ်သည်။
    ဦးကြည်လင်း၊ ဦးအောင်ဝင်းဇော်တို့မှာ ဘုရားခိုးမှုဖြင့် နှစ်ရှည်ထောင်ကျနေသူ အမှုတွဲများ ဖြစ်ကြောင်း ဦးအောင်စိုးက ပြောကြားပြီး၊ ထိုအချိန်က အိုးဘိုအကျဉ်းထောင်တွင် တာဝန် ထမ်းဆောင်ခဲ့သူ အကျဉ်းဦးစီးတာဝန်ရှိသူတစ်ဦး နှင့် နှစ်ရှည်ထောင်ကျခဲ့သော နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဘိုဘို ခေါ် စမ်းချောင်းဘိုဘိုကလည်း ထိုအချက်ကို အတည်ပြု ပြောဆိုသည်။
    ၂ဝ၁၆ ဇွန်လတွင် ဦးအောင်ဝင်းဇော်က ဦးအောင်စိုး နေထိုင်ရာ အင်းစိန်မြို့နယ်သို့ ခဲရောင် ပါဂျဲရိုးကားဖြင့် ရောက်ရှိလာပြီး လူသတ်ရမည့်အလုပ် ရှိကြောင်း၊ လူမျိုးခြား ဘာသာခြား နိုင်ငံခြား သံတမန်တစ်ဦးကို နေ့ခင်းကြောင်တောင် မြို့လယ်ခေါင်တွင် ပစ်သတ်ရမည့် အလုပ်ဖြစ်ကြောင်း၊ အလုပ် အောင်မြင်လျှင် အားလုံးအတွက် အကျိုးရှိမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဦးအောင်စိုးက ဆိုသည်။
    “ကိုယ့်နိုင်ငံအတွက်၊ ကိုယ့်လူမျိုးအတွက်၊ ကိုယ့်ဘာသာအတွက် အကျိုးရှိမယ်၊ ခင်ဗျား ငွေကြေးလည်း ထိုက်ထိုက်တန်တန် ရမယ်။ ဘယ်လောက်ရမှာလဲလို့ မေးလိုက်တော့ ကျွန်တော့်ကို ခင်ဗျား ဘယ်လောက်လိုချင်လဲ၊ လောလောဆယ် (သိန်း) ၃ဝဝ ပါတယ်၊ ခင်ဗျား ၅ဝဝ ယူမလား၊ ၁,ဝဝဝ ယူမလား မေးတယ်” ဟု ဦးအောင်စိုးက Myanmar Now နှင့် ဇန်နဝါရီ ၃၁ ရက်နေ့က အင်းစိန်မြို့နယ်ရှိ သူ၏အိမ်တွင် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
    အလုပ်လက်ခံပါက သေနတ်ပစ် လေ့ကျင့်ရန် တောတွင်းသို့ ချက်ချင်း လိုက်ရမည်၊ လုပ်ကြံမှု ပြုလုပ်သည့်အခါ ဦးအောင်ဝင်းဇော် ကိုယ်တိုင် ကား သို့မဟုတ် ဆိုင်ကယ်ဖြင့် စောင့်ပြီး သူ့အား ခေါ်ယူ ထွက်ပြေးမည်၊ ကျူးလွန်မှု အထမြောက်ပြီးသည်နှင့် ကရင်ပြည်နယ်ရှိ DKBA တပ်များ လှုပ်ရှားရာ နယ်မြေဘက်သို့ တိမ်းရှောင်ရမည်ဟု သူ့အား ပြောဆိုခဲ့ကြောင်း ဦးအောင်စိုးက ရှင်းပြသည်။
    ဦးအောင်စိုးက ဒုစရိုက်အမှောင်လောကကို ပြန်မသွားလိုတော့ကြောင်း၊ ကောင်းရောင်း ကောင်းဝယ် လုပ်ကိုင်စားသောက်ပြီး မိသားစုနှင့်အတူ နေထိုင်လျက် ရှိနေကြောင်း ပြောဆိုပြီး ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့သည်ဟု ဆိုသည်။
    ထိုအလုပ်ကို သူ့အားလာရောက်အပ်နှံခြင်းမှာ သူသည် ယခင်က တပ်ထဲသို့ နှစ်နှစ်ခန့် ဝင်ရောက်ဖူးပြီး သေနတ်ပစ်တတ်ခြင်း၊ အကျဉ်းထောင်အတွင်း နေထိုင်စဉ် အခြားသော ရာဇဝတ် အကျဉ်းသား အများအပြားကဲ့သို့ အကျဉ်းဦးစီးဝန်ထမ်းတို့ကို ကျွန်သာသာ ရိုကျိုး၍ နေသူမဟုတ်ဘဲ သဘောထားတင်းတင်းမာဖြင့် နေတတ်သူဖြစ်သောကြောင့်ဟု ယူဆကြောင်း ဦးအောင်စိုးက ပြောသည်။ ဦးအောင်စိုးမှာ အရပ် ၆ ပေခန့်ရှိပြီး၊ ခိုင်မာ တောင့်တင်းသော ခန္ဓာကိုယ်ရှိ၍ ထောင်တွင်းလူဆိုးများ အချင်းချင်းကြားပင် ကြောက်ရွံ့ရသူဖြစ်သည်ဟု အကျဉ်းသားဟောင်းတချို့က ပြောဆိုသည်။
    ယခုအချိန်တွင် အသက် ၄၈ နှင့် ၅ဝ ကြားရှိမမည်ဟု ယူဆရသည့် ဦးအောင်ဝင်းဇော်မှာ အသားညိုညို၊ ပိန်ပိန်ပါးပါး၊ အရပ်ရှည်သူဖြစ်ကြောင်း၊ တပ်မတော် အရာရှိငယ်ဘဝတွင် ပြစ်ချက်ဖြင့် ထုတ်ပယ်ခံရဖူးပြီး နောက်ပိုင်းတွင် ဘုရားခိုးဂိုဏ်းတချို့နှင့် ပေါင်းပြီး စီးပွားရှာရင်း ထောင်ကျခဲ့သူဖြစ်ကြောင်း ဦးအောင်စိုး၏ ပြောဆိုချက်အရ သိရသည်။
    “သူ့ကို ဘာလုပ်နေလဲလို့ ကျွန်တော်က မေးတော့ သူက သူ့ကို တိုက်ခန်းပေးထားတယ်၊ ကားပေးထားတယ်၊ လက်ရှိ ဒီအလုပ်တွေ လုပ်ရတယ် (လို့ ဖြေတယ်)” ဟု ဦးအောင်စိုးက ပြောသည်။
    အိုးဘိုထောင်တွင် အတူရှိစဉ် ဦးအောင်ဝင်းဇော်သည် သူ၏အမှုတွဲ ဦးကြည်လင်းနှင့် နီးနီးကပ်ကပ် ဆက်ဆံကြောင်း၊ ၄င်းတို့ နှစ်ဦးလုံးသည် ငွေရလျှင် ဘာမဆိုလုပ်မည့် လူစားများ ဖြစ်ကြောင်း ဦးအောင်စိုးက ဆိုသည်။
    ထောင်တွင်းကာလတွင် ဦးကြည်လင်းသည် အေးဆေး တည်ငြိမ်စွာ ပြောဆို နေထိုင်တတ်ပြီး၊ သူ့ကိုထိလျှင် ပြန်လည်တုန့်ပြန်ရန် အသင့်ရှိသည့် အနေအထား တွေ့ခဲ့ရကြောင်းလည်း သူက ဆိုသည်။
    ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရန်ကုန်လေဆိပ်ရှေ့တွင် ဖမ်းဆီးရမိသည့် ဦးကြည်လင်း၏ဓာတ်ပုံကို ဖေ့ဘုတ် လူမှုကွန်ရက်တွင် တွေ့ရှိခဲ့ပြီးနောက် သူ့ကို လာရောက် ကမ်းလှမ်းခဲ့သော အလုပ်မှာ ဦးကိုနီအား သတ်ရန်ဖြစ်သည်ဟု ခိုင်ခိုင် မာမာ ယုံကြည်ကြောင်း ဦးအောင်စိုးက ဆိုသည်။
    “သူတို့နှစ်ယောက်လုံးက ထောင်ထဲမှာတုန်းကတည်းက စိတ်တူကိုယ်တူတွေ။ အတူတူ စားတယ်။ အတူတူ အိပ်တယ်။ နှစ်ယောက်လုံးက ငွေရရင် ဘာမဆို ဂရုမစိုက်ဘူး၊ သူတို့က တွဲဖက်ညီတယ်။ ကျွန်တော် မှားသွားရင်တော့ မတတ်နိုင်ဘူး။ ဒါပေမယ့် ကြည်လင်း မျက်နှာကို မြင်လိုက်ကတည်းက သူတို့ အတူလုပ်ကြတယ်လို့ ပြောနိုင်တယ်။ သူတို့တွေ သူငယ်ချင်း အရင်းရင်းခေါက်တွေ” ဟု ဦးအောင်စိုးက ပြောဆိုသည်။
    ဦးအောင်စိုး လုပ်ကြံမှုကျူးလွန်ရန် ကမ်းလှမ်းခံရသည် ဟူသော ပြောဆိုချက် မှန်ကန်မှု ရှိမရှိကို Myanmar Now က သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေအကြံပေး အစ္စလမ်ဘာသာဝင် ရှေ့နေ ဦးကိုနီလုပ်ကြံခံရခြင်းသည် ပုဂ္ဂိုလ်ရေးအငြိုးအတေးလော၊ ဘာသာရေးလူမျိုးရေးကိုအကြောင်းခံသည်လော သို့တည်းမဟုတ် နိုင်ငံရေးအရလုပ်ကြံခြင်းဖြစ်သည်လောဆိုသည်ကို ယခုအချိန်ထိ ရှင်းလင်းမှု မရှိသေးပေ။ ဇန်နဝါရီ ၃ဝ ရက်က ထုတ်ပြန်သော နိုင်ငံတော်သမ္မတရုံးကြေညာချက်တွင်မူ ယခုလုပ်ကြံမှုသည် နိုင်ငံတော်တည်ငြိမ်ပျက်ပြားစေရန် လုပ်ဆောင်မှုဖြစ်သည်ဟု ရေးသားထားသည်။
    ဦးအောင်စိုးက သူ့အနေဖြင့် ယခုကဲ့သို့ တရားဝင် ထုတ်ဖော်ပြောဆိုမှုများကြောင့် အသက်အန္တရာယ် ကျရောက်နိုင်သည်ကို သဘောပေါက်သော်လည်း အကျဉ်းထောင်အတွင်းတွင် အသက်ဘေးနှင့် ကြိမ်ဖန်များစွာ ရင်ဆိုင်ခဲ့ဖူးသောကြောင့် အလွန်အမင်းစိုးရိမ်စိတ်များ မရှိတော့ကြောင်း၊ ယခုအမှုနှင့် ပတ်သက်၍ နောက်ကွယ်မှ ခိုင်းစေသူများကို ဖော်ထုတ်နိုင်စေလိုသောကြောင့် ထုတ်ဖော် ပြောဆိုရခြင်း ဖြစ်ကြောင်း ပြောကြားသည်။
    ဦးအောင်စိုးသည် လုယက်မှုများ ကျူးလွန်မှုဖြင့် ၁၉၉၆ တွင် ထောင်ဒဏ် ၅၈ နှစ် ချမှတ်ခံရပြီး၊ ၂ဝ၁၄ ဇန်နဝါရီ ၃ ရက်နေ့တွင် နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့သည်။ ဘုရားခိုးမှုဖြင့် ၂ဝဝ၃ ခုနှစ်မှစ၍ ထောင်ဒဏ်အနှစ် ၂ဝ ကျနေသော ဦးကြည်လင်းသည်လည်း ထိုနေ့တွင်ပင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်မှ လွတ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
    လွတ်မြောက်ပြီးနောက် အကျဉ်းထောင်များ၊ ရဲဘက်စခန်းများတွင် ဖြစ်ပျက်နေသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို မီးမောင်းထိုးပြသည့်အနေဖြင့် “အုတ်ရိုးအတွင်း သံဆူးကြိုးဝင်းမှ လူဆိုးများ” ဟူသော စာအုပ်ကို အင်းစိန်အောင်စိုး ကလောင်အမည်ဖြင့် ရေးသား ထုတ်ဝေခဲ့သည်။
    ထို့အပြင် သူသည် အားလပ်ချိန်များတွင် အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အမေ့အိမ်ပညာဒါနစာသင်ကျောင်းတွင် ကလေးငယ်များကို ဆံပင် အခမဲ့ ညှပ်ပေးခြင်း၊ သူ၏ဘဝအတွေ့အကြုံပေါ် အခြေခံပြီး ပညာပေး ဟောပြောခြင်းတို့ဖြင့် လုပ်အားပေးလျက်ရှိသည်။ ။
    https://www.facebook.com/myanmarnownews/photos/a.545566185591124.1073741828.518067831674293/796872520460488/?type=3
  • သက်ရှိ ပင်လုံ ဦးစံအောင် ကွယ်လွန်ရှာပြီ
    သက်ရှိ ပင်လုံ ဦးစံအောင် ကွယ်လွန်ရှာပြီ
    ဖေဖော်ဝါရီ ၁ ၊ ၂၀၁၇
    M-Media
    သတင်း-သီဟ
    ဓာတ်ပုံ- တေဇလှိုင်
    ပင်လုံ စာချုပ်ချုပ်ဆိုစဉ်က မြန်မာ့အလင်းသတင်းစာ သတင်းထောက်အဖြစ် ကိုယ်တိုင် ကိုယ်ကျ မှတ်တမ်းတင် သတင်းရယူခဲ့သည့် သက်ရှိ ပင်လုံဟု တင်စားခေါ်ဝေါ်ခြင်းခံရသူတစ်ဦး ဖြစ်သည့် ဦးစံအောင် (စာရေးဆရာ / သတင်းထောက် – ပင်လုံညီလာခံ) သည် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ ည ၁၀ နာရီကျော် အချိန်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရှိရသည်။
    ၁၉၂၄ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက်နေ့တွင် တောင်ကြီးမြို့၌ မွေးဖွားခဲ့သော ဦးစံအောင်သည် အသက် ၁၅ နှစ်အရွယ်တွင် American Baptist Missionary School ၌ အထက်တန်းပညာ ဆည်းပူးနေစဉ်အချိန်ကပင် မြန်မာ့အလင်းသတင်းစာသို့ သတင်းများ စမ်းသပ် ရေးသားပေးပို့ရင်း အကျိုးတော်ဆောင်သတင်းထောက်အဖြစ် ချီးမြှင့်ခံခဲ့ရသူဖြစ်သည်။
    ပင်လုံ စာချုပ်ချုပ်ဆိုစဉ်က မြန်မာ့အလင်းသတင်းစာ သတင်းထောက်အဖြစ် ကိုယ်တိုင် ကိုယ်ကျ မှတ်တမ်းတင် သတင်းရယူခဲ့သည့် သက်ရှိ ပင်လုံဟု တင်စားခေါ်ဝေါ်ခြင်းခံရသူတစ်ဦးလည်းဖြစ်သည်။
    ဦးစံအောင်သည် သတင်းထောက်တစ်ဦးအဖြစ်သာ ယင်းသို့ တာဝန်ကျေခဲ့သူတစ်ဦး မဟုတ်၊ လွတ်လပ်ရေးရပြီးနောက် ဒုတိယအကြိမ်အဖြစ် ကျင်းပသည့် ပါလီမန် ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်၊ ပအိုဝ်မဲဆန္ဒနယ်အမှတ် ၃ မှနေ၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံရ၍ ၁၉၅၂ မှ ၁၉၅၆ ခုနှစ်အထိ ဥပဒေပြုအမတ် တာဝန်ကိုလည်း ထမ်းဆောင်ခဲ့ဖူးသည်။
    တရုတ်ဖြူကျူးကျော်မှုကို ကုလသမဂ္ဂတွင် မြန်မာအစိုးရက သက်သေပြရန် ၁၉၅၃ခုနှစ်အတွင်း ပြင်ဆင်ရာတွင်  ကုလသမဂ္ဂကိုတင်ပြဖို့ အထောက်အထားရဖို့ ဓာတ်ပုံအပြင် သူတို့ရဲ့ ကျောပိုးအိတ်မှာ လေယာဉ်ပျံစီးရင် ကပ်ပေးတဲ့ အမှတ်အသား တံဆိပ်လေးတစ်ခုကို ဝှက်ယူပြီး သက်သေပြဖို့ လုပ်နိုင်ခဲ့ကြောင်းသိရသည်။
    အစ္စလာမ်ာဘာသာဝင် တဦးဖြစ်တဲ့ ကွယ်လွန်သူ ဦးစံအောင် ကို မနက်ဖြန် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တောင်ကြီးမြို့ မွတ်စလင်မ် သုသာန်တွင် မြေမြှုပ်သဂြိုဟ်မည်ဖြစ်ကြောင်းသိရှိရသည်။
  • ဦးကိုနီ လုပ်ကြံခံရမှု ရဲစစ်ဆေးချက် ပေါက်ကြား
    ဦးကိုနီ လုပ်ကြံခံရမှု ရဲစစ်ဆေးချက် ပေါက်ကြား
    NLD ဥပဒေအကြံပေး ဦးကိုနီ လုပ်ကြံခံရမှုကို စုံစမ်းစစ်ဆေးနေတာ နှစ်ရက်မြောက်လာပေမယ့်၊ ဘာရည်ရွယ်ချက်နဲ့ ဘယ်သူက ခိုင်းစေတာလဲဆိုတာကို အစိုးရဖက် ထုတ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။ တချိန်တည်းမှာ ရဲစစ်ဆေးချက်တွေက အင်တာနက်ပေါ် ပေါက်ကြားလာတဲ့ အပေါ်မှာလည်း လုံခြုံရေးတာဝန်ရှိသူတွေရဲ့ စုံစမ်းဆောင်ရွက်ချက်တွေ အပေါ် မေးခွန်းထုတ်လာစရာဖြစ်လာပါတယ်။ နောက်ကွယ်က တရားခံစစ်မပေါ်ပဲ သေနက်သမားဖမ်းမိမှုနဲ့ပဲ အဆံုးသတ်သွားမှာကို စိုးရိမ်နေကြတဲ့အကြောင်း ဗွီအိုအေ သတင်းထောက် မမေခ စုံစမ်း မေးမြန်း သတင်းပေးပို့ ထားပါတယ်။
    တရားလွှတ်တော် ရှေ့နေ ဦးကိုနီ ကို သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံခဲ့သူ သေနက်သမားကို ရဲစစ်မေးမှုလုပ်တာမှာ သူဖြေထားတဲ့ ဖြေဆိုချက်တွေဟာ လူမှု ကွန်ရက် မီဒီယာတွေမှာ ပေါက်ကြား ပျံ့နှံ့ခဲ့ပါတယ်။ ဒီစာရွက်စာတမ်းတွေဟာ သေနက်သမားရဲ့ ဖြေဆိုချက် အစစ်အမှန်တွေဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံးပြောခွင့်ရသူက ဗွီအိုအေကို အတည်ပြုပြောပါတယ်။
    ဥပဒေကြောင်းအရဆိုရင်တော့ ဒီလို ရဲစစ်ဆေးချက်တွေက အများပြည်သူကို ထုတ်ဖော်ပြသမှုကို ကန့်သတ်ထားတာပါ။ ဒီလို ရဲစစ် ဆေးချက် အချို့ပျံ့ နှံမှုက အစိုးရရဲ့ လုံခြုံရေးပိုင်းကို မေးခွန်းတွေ ထုတ်လာသလို လုံခြုံရေးတာဝန်ရှိသူတွေရဲ့ စစ်ဆေးမှုတွေကို ဝေဖန်ထောက်ပြတာတွေ ရှိလာခဲ့ပါတယ်။ ဘယ်လိုကြောင့် အွန်လိုင်းမှာ ပျံ့နှံခဲ့သလဲဆိုတာ တရားဝင် ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။
    ဥပဒေပညာရှင်တဦး ဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကတော့ ရှားရှားပါးပါး လူမြင်ကွင်းမှာ အသတ်ခံလိုက် ရတဲ့ ဒီဖြစ်ရပ်ကို အစိုးရပိုင်းဘက်က ဖိဖိစည်းစည်းကိုင်တွယ်မှုအားနည်းနေတယ်လို့ ယူဆပါတယ်။ ဒါကြောင့် တကယ့် တရားခံအ စစ်မပေါ်ဘဲ ပြီးသွား နိုင်မှာကို စိုးရိမ်မိတယ်လို့ ပြောပါတယ်။
    “ဒါကတော့ အရမ်းရှုပ်ထွေးနေတယ်၊ NLD အဖွဲ့ချုပ်က ဦးဝင်းထိန်ကိုယ်တိုင်က သူတို့ ၀င်ရောက်မစွက်ဖက်ဘူး၊ ဖိအားမပေးဘူးတဲ့။ သူ့အလုပ်ကို သူလုပ်တာပဲ လုပ်ပါလိမ့်မယ်ဆိုပြီးတော့ ဦးဝင်းထိန်ကပြောထားတော့ အဲဒါက တာဝန်အရှိဆုံးလူကပြောတာဆိုတော့ ဆရာတို့က ပြောရမှာ အတော်ခက်တယ်၊ NLD ပါတီကလည်း သူတို့ခေါင်းဆောင်ကို သေမတက်ကြောက်နေရာတာ၊ သူတို့ခေါင်းဆောင် မီးစိမ်း မပြမခြင်း တုတ်တုတ်တောင်မလုပ်ရဲဘူး။ ဒေါ်အောင်ဆန်းစုကြည်က မီးစိမ်းမပြပဲနဲ့ သူ့ဆီက Green Light မပြမချင်း လွှတ်တော်က ဘာအဆိုမှ မတင်ရဲဘူး၊ ဘာကိုမှ မဆုံးဖြတ်ရဲဘူး၊ ဟိုလိုလို ဒီလိုလိုနဲ့ အဆုံးသတ်လိုက်မှာကို သိပ်စိုးရိမ်တာပဲ။ ဒီလို လုပ်ကြံမှုမျိုးက မြန်မာပြည်မှာ တခါမှ မပေါ်ဖူးဘူး။ ဒီတက်လာတဲ့ လူထုအစိုးရက လုံခြုံရေးကို လုံးဝကိုင်ခွင့်မရှိဘူး။ ရဲတပ်ဖွဲ့ကြီးက စစ်တပ်အောက်ရောက်နေတယ်၊ အဲဒီတော့ သူတို့ပေးတဲ့ သတင်းပဲရမယ်၊ သူတို့ လုပ်ချင်တာတွေ ၀င်ရောက်စွက်ဖက်လို့လည်းမရဘူး။ အဲဒါအစဉ်အလာအားဖြင့်လည်း အဲလိုလုပ်နေကြပဲ၊ စစ်အစိုးရ နှစ် ၅၀ သမိုင်းမှာတော့ အဲဒီသဘောကြီး ဖြစ်နေတယ်၊ မဟုတ်တာတွေ လျှောက်ပြနေတယ်၊ ဒါကြီးက တော်တော်သံဿယဖြစ်စရာ ကောင်းတယ်။ ဦးကိုနီနဲ့ ဘုရားဂိုဏ်းတွေလည်း ဘာမှ မဆိုင်ဘူး။”
    နိုင်ငံတော်အတွက် အရေးကြီးတဲ့ ဒီလုပ်ကြံမှုဆိုင်ရာ စာရွက်စာတမ်းအချို့ အွန်လိုင်းမှာ ပျံနှံခဲ့တာဟာ နိုင်ငံရဲ့ လုံခြုံရေးစနစ်ကျိုးပေါက်တာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ဝေဖန်ထောက်ပြခဲ့ပါတယ်။
    “ဒီလုပ်ကြံသတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်မှာ အစိုးရနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ စုံစမ်းစစ်ဆေးမှုအပိုင်းကတော့ လက်ရှိအခြေအနေမှာ ပြောမယ်ဆိုရင် အားရ ကျေနပ်ဖွယ်မရှိဘူးလို့ မြင်တယ်။ အမူဖြစ်ပွားပြီးတော့ ဒီ ၂၄ နာရီအတွင်းမှာ ကနဦး သတင်းထုတ်ပြန်မှု အခြေအမြစ်နဲ့ မလုပ်နိုင်တာကလည်း အများပြည်သူကြားမှာ ယုံကြည်မှုကို ကျဆင်းစေတယ်ဆိုပြီး ကျနော်ကတော့ မြင်တယ်။ အရပ်ဖက် အဖွဲ့အစည်းတွေအနေနဲ့ကလည်း စောင့်ကြည့်လေ့လာဖို့ လိုအပ်တယ်လို့ မြင်တယ်။ နောက်ပြီးတော့ လွှတ်တော်အနေနဲ့လည်း ကျနော့်အမြင်အရ စောင့်ကြည့်လေ့လာဖို့ လိုအပ်တယ်လို့ မြင်တယ်။ဘာဖြစ်လို့လဲဆိုတော့ လူမြင်ကွင်းမှာ လူ ၁ ယောက်ကို ဦးခေါင်းကို သေနတ်နဲ့ ပစ်ပြီးသတ်တယ်ဆိုတာကတော့ အင်မတန်မှ လူမဆန်တဲ့ ဒီလိုဖြစ်ရပ်ဖြစ်ခဲ့တယ်ဆိုတာကို အရေးတယူနဲ့ လေ့လာစောင့်ကြည့်ဖို့ လိုအပ်တယ်လို့ မြင်တယ်။
    အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ အဲဒီစာရွက်စာတမ်းအရ ရာဇ၀တ်မှုနဲ့ထောင်ကျဖူး တဲ့ မြင့်ဆွေ ဆိုသူက ဦးကိုနီ ရဲ့ ဓာတ်ပုံကို ပြပြီး သတ်ပေးမည် ဆိုပါက ကား ၁ စီး ပေးမည်ဟုဆိုကာ ပြောဆိုခဲ့ပြီး လုပ်ကြံရာမှာ အသုံးပြုတဲ့ သေနတ် ၂ လက် ကိုလည်း ပေးခဲ့ကြောင်း ဖမ်မိထားတဲ့ သေနတ်သမားက ထွက်ဆိုထားပါတယ်။ ဒီစာရွက်တွေ ဘယ်သူ့ဆီက စတင် ပျံ့နှံ့လာတယ်ဆိုတာတော့ ယခုချိန်ထိ မသိရှိရသေးပါဘူး။
    ဖမ်းမိထားတဲ့ သေနတ်သမားဦးကြည်လင်ဟာ ရှေးဟောင်းဘုရားခိုးယူရောင်းဝယ်မှုနဲ့ ထောင်ကျခဲ့သူဖြစ်ပြီး၊ သမ္မတဦးသိန်းစိန်လက်ထက် လွတ်ငြိမ်းချမ်းသာနဲ့ ပြန်လည်လွတ်မြောက်လာသူဖြစ်ပါတယ်။
    http://burmese.voanews.com/a/u-ko-ni-case-investigation-update-/3699983.html
  • ဆရာဦးကိုနီ ဒုတိယအကြိမ် လုပ်ကြံခံရတော့မှာလား?
    ဆရာဦးကိုနီ ဒုတိယအကြိမ် လုပ်ကြံခံရတော့မှာလား?
    ဇန်နဝါရီ ၃၁ ၊ ၂၀၁၇
    M-Media
    ဒန်ငြာရှိန်း ရေးသားသည်။
    ဦးကိုနီ
    မြန်မာ့အရေးလေ့လာသူ သတင်းစာဆရာ ဘာတီးလ် လစ်တနာရဲ့အဆို –
    ————————————————
    “ဦးကိုနီလုပ်ကြံခံရတာဟာ ရိုဟင်ဂျာအရေးနဲ့ ဆက်နွယ်နေတာကြောင့်ဆိုလို့ဆိုကြတယ်။ ဒါက တကယ့်ကို အဓိပ္ပါယ်မရှိတဲ့အဆိုပဲ။ ဦးကိုနီက မွတ်စလင်တစ်ဦး၊ မြန်မာမွတ်စလင်တစ်ဦးလို့ ဆိုတာ ပိုမှန်မယ်။ သူ့ကိုကျွန်တော်သိတာ နှစ်တော်တော်ကြာပြီ။ သူက သူ့သာသနာနဲ့သူရဲ့နိုင်ငံရေးလှုပ်ရှားမှုကို ဘယ်တုန်းကမှ ဒွေးရောယှက်တင်မလုပ်ခဲ့ဘူး။ ဒီမိုကရေစီနည်းမကျတဲ့ ၂၀၀၈ အခြေခံဥပဒေအပေါ်မှာသာ သူအဓိက စိုးရိမ်စိတ်ထားခဲ့တယ်။ ဘယ်တုန်းကမှ သူ့သာသနာနဲ့ ပတ်သတ်ပြီး ပြောလေ့ပြောထမရှိဘူး။ သူ့အတွက်တော့ သူ့ယုံကြည်မှုနဲ့သူပဲ၊ ဒါထက်ဘာမှ မပိုဘူး။ ရိုဟင်ဂျာအရေးနဲ့သူလုပ်ကြံခံရတဲ့အရေးကို ဘယ်သူမှ ဆက်စပ်ဆင်ခြေပေးနိုင်မယ်မထင်ဘူး။ ဒီလိုဆင်ခြေမျိုးက အဓိပ္ပါယ်လုံးဝမရှိတဲ့ဆင်ခြေပဲ။ သူ့လူမျိုး ကိုယ့်တိုင်းပြည်ကို ဒီမိုကရေစီနည်းလမ်းအပေါ် မှန်သထက်မှန်အောင် ရောက်စေဖို့ ဆန္ဒရှိသူကို မြင့်မားတဲ့ ဂုဏ်သိက္ခာရှိသူလို့ဆိုရမယ်။ သူက ပရောဖက်ရှင်နယ် ဆန်လွန်းသူတစ်ဦးလည်းဖြစ်ပါတယ်။” (http://www.irrawaddy.com/in-person/bertil-lintner-recalls-slain-nld-lawyer.html)
    ဒေါက်တာ မလစ်ဆာ ခရောက်ခ်ျ ၊ နယူးဆောက်ဝေးလ်ယူနီဗာစီတီရဲ့အဆို –
    ————————————————–
    “ဦးကိုနီဟာ ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေးကို တားဆီးထားတဲ့ ဥပဒေပုဒ်မ ၅၉ (စ)ကို ပါလီမန်က ဖျက်သိမ်းနိုင်ဖို့ အတွေးအမြင်ကို ချပြခဲ့သူတစ်ဦးဖြစ်တယ်။ ၁၉ ၄၇ ခုနှစ်က ပြဌာန်းခဲ့တဲ့ အခြေခံဥပဒေကို ဖျက်သိမ်းပြီးတဲ့အချိန် ၁၉ ၅၀ ပြည့်လွန်ကာလတွေမှာ ဦးကိုနီက (ဦးနေ၀င်အစိုးရ) ပြဌာန်းမယ့် အခြေခံဥပဒေရဲ့ အရင်းအမြစ်ပြဿနာတွေကို နက်နက်ရှိုင်းရှိုင်း လေ့လာသဘောပေါက်ခဲ့သူလည်းဖြစ်တယ်။ ဒါကြောင့်လည်း ၂၀၀၈ အခြေခံဥပဒေရဲ့ ထွက်ပေါက်ကို ချက်ချင်း ထောက်ပြနိုင်ခဲ့တာဖြစ်တယ်။ နိုင်ငံတကာ မီဒီယာတွေမှာ ဦးကိုနီ ကို မွတ်စလင်ရှေ့နေ၊ ဒါမှမဟုတ် အဲန်အဲလ်ဒီဥပဒေအကြံပေးစသဖြင့် ဖော်ပြကြတယ်။ ဒါပေမယ့် ဦးကိုနီက အဲဒါတွေထက် အစပေါင်းများစွာပိုမိုနေသူတစ်ဦးအဖြစ် အမှတ်ရနေကြရမယ်။ မြန်မာ့သမိုင်းမှာ ထင်ရှားတဲ့ ဥပဒေပညာရှင်တွေ၊ သမိုင်းဝင်မွတ်စလင်တွေနဲ့တန်းတူ ဦးကိုနီကိုလည်း အမှတ်ရသင့်ပါတယ်။”  (http://www.newmandala.org/personal-tribute-u-ko-ni/)
    လုပ်ကြံခံရချိန်နဲ့ ဘာကြောင့်လုပ်ကြံခံရသလဲ
    ဦးကိုနီလုပ်ကြံခံရချိန်မှာ သူဟာ ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်ခေါင်းဆောင်တဲ့ ၂၁ ဦးအဖွဲ့နဲ့အတူ နိုင်ငံတော်ရဲ့တာဝန်ပေးအပ်ခြင်းကြောင့်သွားခဲ့ရတဲ့ အင်ဒိုနီးရှားခရီးစဉ်ကနေ ပြန်လည်ရောက်ရှိချိန်ဖြစ်ပါတယ်။ ပြည်ထောင်စုဝန်ကြီးနဲ့အဖွဲ့ဟာ နိုင်ငံတော်က ပေးအပ်တဲ့တာဝန်တစ်ရပ်ကို ထမ်းဆောင်အပြီး ပြန်လည်ရောက်ရှိချိန်ဖြစ်တယ်ဆိုတာကို အထူးသတိချပ်ကြရမှာ ဖြစ်ပါတယ်။
    ဘာတီးလ်လစ်တနာရဲ့ အဆို – “၂၁ ဦးထဲမှာမှ သူတစ်ယောက်တည်းလုပ်ကြံခံရတဲ့အပေါ်မှာ သုံးသပ်ဖို့ အချက်အလက်အပြည့်အစုံမရှိသေးတာကြောင့် အခုအချိန်မှာ ကျွန်တော်တို့ မှန်းဆပြီးပဲ ပြောနိုင်ပါလိမ့်မယ်။ သေနတ်သမားက ဦးကိုနီလေယာဉ်ကွင်းထဲက ထွက်အလာကို စောင့်နေခဲ့တယ်။ ဒါကြောင့်ဒီသေနတ်သမားကို စေခိုင်းတဲ့နောက်ကွယ်ကတစ်ဦးကတော့ လေယာဉ်နဲ့ ပြန်လာမယ်ဆိုတာလည်း သိတယ်၊ ပြန်လာမယ့်အချိန်ကိုလည်းသိတယ်။ ဒါက အသေအချာကြိုတင်စီမံမှုဆိုတာကို ညွှန်ပြနေတယ်။ ရောရမ်းပြီး သေနတ်နဲ့ ပတ်ရမ်းတာမျိုး မဟုတ်ဘူး။ ရိုဟင်ဂျာအရေးနဲ့ ဒါနဲ့ဘာဆိုဘာမှ မပတ်သက်ဘူး။ ဒီလုပ်ကြံမှုက နိုင်ငံရေးအရ ဖြစ်ပျက်သွားခဲ့တဲ့ လုပ်ကြံမှုကြီးပဲ။ ဒီအဖြစ်အပျက်နောက်ကွယ်မှာ အဖွဲ့အစည်းတစ်ခုခုရှိနိုင်တယ်ဆိုတာကတော့ အမှန်အကန်ပဲ။ ဒီတိုင်းပြည် (မြန်မာပြည်)မှာ ဖြစ်ခဲ့တဲ့ နိုင်ငံရေးလုပ်ကြံမှုတွေတိုင်းမှာ တကိုယ်တော် သေနတ်သမားဆိုတာ မရှိဘူး၊ ဒါက နိုင်ငံရေးအရ ဖြစ်ခဲ့တဲ့ လူသတ်မှု ၊ ဒီအဖြစ်အပျက်ကို နိုင်ငံရေး (လုပ်ကြံမှု) လို့ပဲ သေချာပေါက်ယူဆရမယ်။ နောက်ကွယ်က ဘယ်အုပ်စု ပါဝင်နေသလဲဆိုတာ ကြိုးစားရှာဖွေရမယ်။” (http://www.irrawaddy.com/in-person/bertil-lintner-recalls-slain-nld-lawyer.html)
    ဦးကိုနီမှမိမိကိုယ်ကို ဖော်ပြခဲ့ပုံ – “ကျွန်တော်က တားဂတ်ပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကြံပေးဖြစ်သလို အခြေခံဥပဒေပြင်ဆင်ရေးဗဟိုကော်မတီရဲ့ အဖွဲ့ဝင်လည်းဖြစ်နေတယ်။” (http://us10.campaign-archive1.com/?u=f15b18127e37f74088063b773&id=f493aad31e&e=b1f8bbab15)
    ဦးကိုနီ၏ ပြောစကားအချို့ –
    ——————————
    က . (နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဥပဒေနှင့်ပတ်သတ်၍) “ဒီနေရာမှာ ပုံမှန်မဟုတ်တဲ့ နည်းလမ်းတစ်ခုတော့ရှိတယ်။ ၅၉(စ)ကို ခေတ္တရုပ်သိမ်းဖို့ အထူးဥပဒေတစ်ရပ်ပြဌာန်းဖို့လိုတယ်။ ဒီအထူးဥပဒေကို ပြည်ထောင်စုလွှတ်တော်က မဲခွဲတဲ့အခါ ရာနှုန်း ၅၁ ရာနှုန်းနဲ့ အတည်ပြုလိုက်နိုင်မှာဖြစ်တယ်။ (ရိုက်တာ ၊ ဖေဖော်ဝါရီ ၂ ၊ ၂၀၁၆ – http://www.reuters.com/article/us-myanmar-politics-idUSKCN0VB1ES) ဒီပြောကြားချက်ကတော့ ၂၀၁၆ ဧပြီမှ ပြဌာန်းခဲ့တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံဥပဒေမထွက်ပေါ်မီ၊ အဲန်အဲလ်ဒီပါတီ နိုင်ငံတော်အစိုးရအဖြစ် စတင်တာဝန်မထမ်းဆောင်မီကတည်းက ပြောကြားထားချက်ဖြစ်ပါတယ်။”
    ခ. (မျိုးစောင့်ဥပဒေနှင့်ပတ်သတ်၍) “မျိုးစောင့်ဥပဒေက ဗုဒ္ဓဘာသာဝင်အမျိုးသမီးတွေကိုသာ အကာအကွယ်ပြုထားတယ်။ တခြားဘာသာဝင်အမျိုးသမီးတွေအတွက် ရော။ ဥပဒေတစ်ရပ်ဆိုတာ လူတိုင်းကို အကာအကွယ်ပေးရတာမျိုးဖြစ်တယ်ခင်ဗျ။ အခု ဒီမျိုးစောင့်ဥပဒေက တတိုင်းပြည်ထဲမှာ နေတဲ့ ဘာသာခြားအမျိုးသမီးတွေကို လုံးဝလစ်လျူပြုထားတာမျိုးဖြစ်နေပြီ။ ” (ဧရာဝတီ၊ စက်တာဘာ ၂ ၊ ၂၀၁၅)
    ခြိမ်းခြောက်မှုအချို့
    ——————-
    ဦးကိုနီ လုပ်ကြံခံရချိန်မတိုင်မီ၊ ဖေ့ဘွတ်ပေါ်မှာ ခြိမ်းခြောက်စာအချို့ ပျံ့နှံ့ခဲ့ပါတယ်။ ဆရာတော် ဦးဝီရသူအမည်ခံထားတဲ့ ဖေ့ဘွတ်စာမျက်နှာက မျိုးစောင့်ဥပဒေကို ထိပါးသူဘယ်သူမဆိုကို ခြိမ်းခြောက်ထားတာမျိုး ရှိခဲ့ပါတယ်။ ဒါ့အပြင် ဦးကိုနီ လုပ်ကြံခံရပြီးချိန်မှာလည်း အဲန်အဲလ်ဒီပါတီမှ ဒေါ်အောင်ဆန်းစုကြည်ကလွဲပြီး ကျန်သူအားလုံးကို လုပ်ကြံသတ်ပြစ်မယ်လို့ ခြိမ်းခြောက်နေတဲ့ ဖေ့ဘွတ်စာမျက်နှာအချို့ ရှိနေဆဲဖြစ်ပါတယ်။
    ဒီအချက်အလက်တွေဟာ မျက်ကွယ်ပြုထိုက်တဲ့ အချက်အလက်မျိုးတွေမဟုတ်ပါ။ အမုန်းစကားတွေအပေါ်နိုင်ငံတော်အစိုးရ ရဲ့ ကြိုးရှည်ရှည်လှန်ထားမှုက ဦးကိုနီရဲ့အသက်ကို စတေးစေသလို ဖြစ်ခဲ့တယ်ဆိုရင် မှားယွင်းမယ်မထင်ပါ။
    ဒုတိယတကြိမ်လုပ်ကြံဖို့ ကြိုးစားနေပြီလား
    ဆရာဦးကိုနီ လုပ်ကြံခံရတာဟာ မြန်မာ့ဒီမိုကူးပြောင်းရေးအတွက် အသက်စတေးခံခဲ့ရတာမျိုးသာဖြစ်တယ်ဆိုပြီး ပြည်သူအများစုက လတ်တလော ခံယူထားပါတယ်။ နောက်ဆက်တွဲအနေနဲ့ မြန်မာ့အရေးသုံးသပ်သူတွေ ထင်မြင်ထားသလို ဦးကိုနီဟာ မြန်မာ့ဒီမိုကရေစီခေတ်ပြောင်း ကာလရဲ့ ထာဝရသူရဲကောင်းဖြစ်လာမယ်၊ မြန်မာမွတ်စလင်များရဲ့ မြန်မာနိုင်ငံရေးသမိုင်းမှာ ပါဝင်ပေးဆပ်မှု ထာဝရမှတ်တိုင်သစ်ဖြစ်လာမယ်။ ဒါတွေကို မလိုလားသူများရှိနေသလို ဦးကိုနီကို လုပ်ကြံတဲ့ လူတစ်စုကလည်း ဒီလိုအဖြစ်မျိုးကို လိုလားကြမှာ လုံးဝမဟုတ်ပါ။
    ဒီတော့ မလိုမုန်းထားသူတွေက ကြယ်တစ်ပွင့်အဖြစ် သမိုင်းတွင်ရစ်တော့မယ့် ဦးကိုနီလုပ်ကြံခံရမှုကို ကဖျက်ယဖျက်လုပ်ကြကိန်းပဲ ရှိပါတော့တယ်။ ဦးကိုနီလုပ်ကြံခံရမှုကို ဒီကရီ အတိုင်းအတာ တစ်ခုထိ ၀ိတ်လျှော့မယ်၊ နိုင်ငံရေးဒါမှမဟုတ် ဘာသာရေးယုံကြည်ချက်ကြောင့် အသတ်ခံရတာမျိုး မဟုတ်ပဲ ပုဂ္ဂိုလ်ရေးကြောင့် အသတ်ခံရတာမျိုးဆိုပြီး အကွက်ဆင် ၀ါဒဖြန့်ပါလိမ့်မယ်။
    ဦးလှဆွေ(အမတ်ဟောင်း) ၏ ရေးသားချက် – “ကျနော့်အတွေးက ဦးကိုနီ ကို သတ်တာဟာ နိုင်ငံရေး ကြောင့် လို့ သော်၎င်း ၊ ဘာသာရေးကြောင့် လို့ သော်၎င်း ၊ အခြေခံဥပဒေ ပြင်မှာစိုးလို့ ကြောင့် လို့ သော်၎င်း ၊ ရမ်းတုပ် မှန်းတုပ်နေတဲ့လူတွေကို စိတ်ပျက်မိတယ် ။ ဒါကနောက်တော့ စစ်လိုက်ရင် ပေါ်လာမှာဘဲလေ လောစရာမလိုဘူး ၊ ကိုယ့်မှတ်ချက်က သောက်တစ်လွှဲကြီးဖြစ်နေရင် ရှက်ဖွယ် ဘဲ ၊ ဥပမာ ဒီလူက ရာဇဝတ်မှု့နဲ့ထောင်နှစ်ရှည်ကျ ဘဝ ပျက်ခဲ့ရတာဟာ ဦးကိုနီရှေ့နေလိုက်တာကြောင့် ဆိုပြီး အငြိုး နဲ့ နယ်စပ်က သေနပ်ဝယ် စောင့်ဆော်တာဆိုရင် ခြေ/ဥ ကြောင့် တို့ နိုင်ငံရေးကြောင့်တို့ မွတ်ဆလင်ဖြစ်လို့ စတဲ့ မှတ်ချက်တွေဟာ ဟာသ တွေ ဖြစ်ကုန်မှာပေါ့ ။”
    အထက်ပါ သုံးသပ်ချက်ကို ဦးလှဆွေက ယနေ့နေ့စွဲနဲ့ သူ့ရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ ရေးတင်ထားတာဖြစ်ပါတယ်။ ဦးလှဆွေရဲ့သုံးသပ်ချက်ကတော့ ကွယ်လွန်သူဦးကိုနီရဲ့ မကွယ်လွန်မီ သမိုင်းကြောင်းအချက်အလက်ပေါ် အခြေမခံဘဲ မိမိကိုယ်ပိုင် ပုဂ္ဂလိကခံစားပြီး ရေးသားထားတာမျိုးသာဖြစ်ပါတယ်။ ဒါပေမယ့် သွေးဆူလွယ်တဲ့ မြန်မာပရိသတ် အတွက်တော့ ဦးလှဆွေက ပရိယာယ်သာသာနဲ့ နက်နက်ကလေးနှက်တတ်တာကို သတိချပ်ရပါမယ်။
    ဦးကိုနီနဲ့အတူ Laurel ဥပဒေအကျိုးဆောင်အဖွဲ့တည်ထောင်သူ ဦးခင်မောင်ဌေးရဲ့မှတ်ချက်ကတော့ ဦးလှဆွေရဲ့ သံသယကို တစစီဖဲ့ထုတ်ပြထားပါတယ်။ ဦးခင်မောင်ဌေးက သည်ဗွိုက်စ်ဂျာနယ်မှာ “ဥပဒေကြောင်းအရ လုပ်ခဲ့ကြတာချည်းဆိုတော့ သတ်လောက်အောင်နာကြည်းစရာမရှိဘူးထင်တယ်လေ” ဆိုပြီး လုပ်ကြံခံရမှုနဲ့ လိုက်ပါဆောင်ရွက်ခဲ့တဲ့အမှု အခင်းတွေ အဆက်အစပ်မရှိနိုင်တဲ့အကြောင်း သုံးသပ်ပြထားပါတယ်။ (http://thevoicemyanmar.com/article/5755-ukn)
    “ဒီအလုပ်တွေမလုပ်နဲ့။ ဆက်လုပ်ရင် သတ်မယ်လို့ သတိပေးတယ်။ သူ (ဦးကိုနီ) ကိုယ်တိုင်ပြန်ပြောတယ်” လို့ ရှေ့နေကြီး ဦးအုန်းလှိုင်ရဲ့အဆိုကို သည်ဗွိုက်စ်က ကိုးကားထားပါသေးတယ်။ (http://thevoicemyanmar.com/article/5755-ukn)
    ဦးသိန်းစိန်အစိုးရလက်ထက် သမ္မတအကြံပေး ဦးနေဇင်လတ်၏ ရေးသားချက် – “ဦးကိုနီအနေနဲ့ (၁၉၈၂) နိုင်ငံသားဥပဒေနဲ့ (၂ဝဝ၈) ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ကြိုးစားတာ အတော်များများ သိပြီးဖြစ်ပါတယ်၊ အဲဒီအချက်တွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ စဉ်းစားပုံ ကွာခြားခဲ့လို့ဖြစ်ဖြစ်၊ ဒေါ်အောင်ဆန်းစုကြည် အလုပ် အင်မတန် များပြားလို့ဖြစ်ဖြစ်၊ ဦးကိုနီနဲ့ အရင်ကလောက် ထိတွေ့မှု မရှိခဲ့တော့ပါဘူး၊ OIC နဲ့ အစ္စလာမ်အသိုင်းအဝိုင်းရဲ့ ဖိအားပေးခြင်းကို ဦးကိုနီက တစ်စုံတစ်ရာ ခံနေရတယ်ဆိုတဲ့သတင်းလည်း ထွက်လာခဲ့ပြန်တယ်၊ မျှော်မှန်းထား သလိုဖြစ်မလာလို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖေ့စ်ဘုတ်က ကြိမ်းဝါးထားတာတွေကိုလည်း ဖတ်လိုက်ရပါတယ်။”
    ဦးနေဇင်လတ်ဟာ သူ့အမြင်နဲ့ကောက်ချက်ကို အထက်ပါအတိုင်း ဦးကိုနီ လုပ်ကြံခံရအပြီး အလျင်အမြန်ချပြ အသုံးတော်ခံခဲ့ပါတယ်။ ဦးနေဇင်လတ်ရဲ့ စွပ်စွဲထားတဲ့ ၁၉ ၈၂ နိုင်ငံသားဥပဒေကို ဦးကိုနီက ပြင်ဆင်ဖို့ကြိုးစားခဲ့ပြီး အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမြင်ကွဲလွဲခဲ့တယ်ဆိုတာကတော့ ရယ်သွမ်းသွေးဖွယ် အဓမ္မစွပ်စွဲချက်ပဲဖြစ်ပါတယ်။
    ဦးကိုနီဟာ ၂၀၁၃ ခုနှစ်ကတည်းက What is PR? Quintana, Myanmar and 1982 Citizenship Law ဆိုတဲ့စာအုပ်ကို ရေးသားပြီး ၁၉ ၈၂ နိုင်ငံသားဖြစ်ခွင့်ဥပဒေကို ထောက်ပြဝေဖန်ခဲ့သူဖြစ်ပါတယ်။ ဒီလိုရှိထားတဲ့ ရှေ့နေကြီးကိုမှ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၆ ဧပြီမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးဖန်တီးဖို့ အသုံးချခဲ့လေရော့သလား။ ဒါမှမဟုတ် ဦးနေဇင်လတ်ပြောသလို ဦးကိုနီကပဲ လတ်တလောကောက်ကာငင်ကာနဲ့ သူ့အမြင်တွေပြောင်းပြီး ၁၉၈၂ နိုင်ငံသားဖြစ်ခွင့်ဥပဒေကို လက်ထိလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ခွာပြဲခဲ့လေရော့လား။ အဖြေကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးကိုနီရဲ့ ၁၉၈၂ နိုင်ငံသားဖြစ်ခွင့်ဥပဒေအပေါ်ထားရှိတဲ့ အမြင်သဘောထားကို သိရှိပြီးမှ မိမိရဲ့နံဘေးမှာ ဥပဒေအတိုင်ပင်လာလုပ်ဖို့ ကမ်းလှမ်းခဲ့တာပါ။
    ဦးနေဇင်လတ်က ဦးကိုနီသည် ဒေါ်အောင်ဆန်းစုကြည်ကို ကြိမ်းဝါးထားတာတွေ လုပ်ထားပါတယ်လို့လည်း စွပ်စွဲထားပြန်ပါသေးတယ်။ ဒါဟာ လုပ်ကြံစွပ်စွဲမှု  ၊ အသရေဖျက်မှုဖြစ်ပါတယ်။ ဦးကိုနီရဲ့ ၂၀၁၇ နှစ်သစ်ကူးပန်ကြားလွှာမှာ လွှတ်တော်အမတ်မင်းတွေကို ရွေးကောက်ပွဲမ၀င်မီ ပေးထားတဲ့ကတိတွေဖြည့်ဆီးဖို့နဲ့ အခြေခံဥပဒေပြင်ဆင်ရေးတွေကိုသာ အလေးထားတိုက်တွန်းထားတာတွေ့ရပြီး ဦးနေဇင်လတ်ဆိုသလို ဒေါ်အောင်ဆန်းစုကြည်ကို ကြိမ်းဝါးထားတာမျိုး တစ်လုံးတပါဒမျှ မတွေ့ရပါ။ (ဦးကိုနီ၏ နှစ်သစ်ကူးပန်ကြားလွှာ အပြည့်အစုံ – https://www.facebook.com/koni.lawyer/photos/pcb.1216218001796517/1216217148463269/?type=3&theater)  ဦးနေဇင်လတ်အနေနဲ့ လက်ရှိ အခြေခံဥပဒေကို ဘုရားတစ်ဆူဂူတစ်လုံးလို ကိုးကွယ်ထားသော်ငြားလည်း ပြည်သူလူထုတစ်ရပ်လုံးကတော့ အဲဒီဥပဒေကို ဘယ်လိုသဘောထားသလဲဆိုတာ သိတာကြောင့် ကျီးလန့်စာများစားရတော့မယ်လို့ အထင်ရောက်သွားခဲ့လေရော့သလားဟုသာ သုံးသပ်ရပါတော့မယ်။
    ဦးကိုနီ ဘယ်သူလဲ၊ ဘယ်သူ့အတွက်အလုပ် လုပ်ခဲ့သလဲ
    ဦးကိုနီ ၊ ရှေ့နေကြီးဦးကိုနီ ၊ ဆရာကြီးဦးကိုနီ ၊ ဖခင်ကြီးဦးကိုနီ၊ ခင်ပွန်းသည်ကြီးဦးကိုနီ ၊ ဘိုးဘိုးကြီးဦးကိုနီ စသည်စသည်တို့ထက် “ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဥပဒေအား ဖန်တီးကြံဆပေးခဲ့သူ” ၊ “ကိုယ်ကျိုးမဖက်ဘဲ မြန်မာ့ဒီမိုကရေစီအရေး နိုင်ငံသားအားလုံးကောင်းစားရေးအတွက် အလုပ်လုပ်ခဲ့သူ” ဆိုတဲ့ အချက် ၂ ခုက သာပြီး ပေါ်လွင်ထင်ရှားပါတယ်။
    ဒေါ်အောင်ဆန်းစုကြည်ကို ဦးကိုနီ ကူညီခဲ့တာဟာ ဒေါ်အောင်ဆန်းစုကြည်ကောင်းစားရေး အတွက်မဟုတ်ပါ။ မြန်မာလူထုကြီးကောင်းစားရေးအတွက် ဖြစ်ပါတယ်။
    ဒါကြောင့်လည်း ဦးကိုနီရဲ့နာရေးဟာကျွန်တော်တို့ လူမှန်းသိတတ်စကတည်းက လူမျိုးဘာသာစုံ နိုင်ငံသား သောင်းချီ မတိုက်တွန်းရဘဲ တက်ခဲ့တဲ့ ကြီးကျယ်တဲ့ ပထမဆုံး နာရေးအခမ်းအနားဖြစ်ခဲ့ပါတယ်။ နိုင်ငံတကာခေတ္တရောက် နိုင်ငံသားတွေ နာရေးလုပ်ရခဲ့တဲ့ နာရေးအခမ်းအနားဖြစ်ခဲ့ပါတယ်။ မွတ်စလင်ထုကြီးဝန်းရံထားတဲ့ အလယ်မှာမှ ဗုဒ္ဓဘာသာဝင်တွေ၊ ခရစ်ယာန်ဘာသာဝင်တွေ၊ ဟိန္ဒူနဲ့ အခြားအခြားသော ဘာသာဝင်တွေစုစည်းပေါင်းရုံးခဲ့ကြတဲ့ နာရေးအခမ်းအနားကြီးဖြစ်ပါတယ်။
    ဒီနာရေးအခမ်းအနားကြီးကနေ လူမျိုးဘာသာစုံ နိုင်ငံသားတွေကြားမှာ နိုင်ငံချစ်စိတ်ဆိုတဲ့ ပေါင်းစည်းပေးစေတဲ့ အားတစ်ခုကို အင်းအားအပြည့် သတင်းစကားပေးခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ပူနေတဲ့သွေးတွေကို ဘီးအဖြစ်လည်ပတ်စေပြီးတော့ ဦးကိုနီနာရေးကပေးတဲ့ သတင်းစကားကို ဆက်လက်သယ်ယူသွားဖို့ လိုအပ်ပါတယ်။
    ကျွန်တော်တို့ လက်ရှိဘာလုပ်သင့်သတုန်း
    ဦးကိုနီလုပ်ကြံခံရမှုကို နိုင်ငံရေး ဘာသာရေးလုပ်ကြံခံရမှုအဖြစ်ကနေ အဆင်လျော့ကျသေးသိမ်အောင်သွားအောင်၊ ကျူးလွန်သူတွေ အပြစ်လျော့သွားအောင်၊ နောက်ကွယ်က လက်မည်းကြီးတွေကို မဖော်ထုတ် မဖမ်းဆီးနိုင်ရလေအောင်၊ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုသမိုင်းမှာ ဦးကိုနီရဲ့နာမည် မှေးမှိန်ပျောက်ကွယ်သွားအောင်၊ ဦးကိုနီ မကွယ်လွန်မီ သူ့ရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ အကြိမ်ကြိမ်ဝေမျှခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စ သေးသိမ်ပျောက်ကွယ်သွားအောင်၊ အားသွန်ခွန်စိုက်လုပ်ဆောင်နေကြသူအားလုံးကို ရှုတ်ချကြပါစို့၊ မျက်ကွယ်ပြုကြပါစို့၊ ကြဉ်ရှောင်ကြပါစို့။
    “တစ်ယောက်ယောက်ကတော့ အမှန်တရားအတွက် ရပ်ရမယ်။ လူဆိုတာ တစ်ခါပဲ သေတယ်။ အဲ့တော့ မှန်တာကိုလုပ်ရင်းနဲ့ပဲ သေသွားမယ်။” ဆရာဦးကိုနီ (၁၉၅၃-၂၀၁၇)
    မှန်တာကို လုပ်ရင်းသေသွားသော ဦးကိုနီအား လုပ်ကြံသတ်ဖြတ်ခံရခြင်းအကြောင်းရင်းမှန်ကို ဖော်ထုတ်နိုင်ရေးအတွက် – ဦးကိုနီ၏ အထက်ပါပြောစကားအတိုင်း ရပ်တည်ပြလိုက်ပါ မိတ်ဆွေ။
  • လုပ်ကြံခံရတဲ့ ရှေ့နေကြီး ဦးကိုနီ အတွက် အမှတ်တရ ပြောစကားများ
    လုပ်ကြံခံရတဲ့ ရှေ့နေကြီး ဦးကိုနီ အတွက် အမှတ်တရ ပြောစကားများ
    ဇန်နဝါရီ ၃၁ ၊ ၂၀၁၇
    M-Media
    သီဟ& မိုးစက်
    အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းမှာ ရန်ကုန်လေဆိပ် နိုင်ငံတကာဆိုက်ရောက်ဆောင်ရှေ့ တက္ကစီ စတန်းမှာ အကြမ်းဖက်လူသတ်သမား တစ်ဦးမှ ဦးခေါင်းကို သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ပြီး လုပ်ကြံမှုကြောင့် ကွယ်လွန်ခဲ့ရပါတယ်။
    လုပ်ကြံမှုကြောင့် ကွယ်လွန်ခဲ့တဲ့ အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သူ ရှေ့နေကြီး ဦးကိုနီအတွက် မြန်မာမွတ်စလင်မ် အသိုင်းအဝိုင်းမှ ခေါင်းဆောင်အချို့နှင့် နယ်ပယ်အသီးသီး ဦကိုနီကို လေးစားချစ်ခဲ့ကြတဲ့ နယ်ပယ်အသီးသီးမှ ပြည်သူများရဲ့  ဝမ်းနည်းကြေကွဲမှုအထိမ်းအမှတ် ရင်တွင်းဖြစ် စကားများကို M-Media မှ ဆက်သွယ်မေးမြန်း၍ စုစည်း ဖော်ပြလိုက်ရပါတယ်။
    xxxxxxxxxxxxxxxxxxxxxxxxxxxxxxx
    ဆရာ ဦးကိုနီလုပ်ကြံခံရတယ်ဆိုတာ ဘာသာကို ခုတုံးလုပ်ပြီး နိုင်ငံရေး ဆူပူအောင်လုပ်နေတာပါ။ လုပ်တဲ့သူက အခု သတင်းတွေကြားတော့လည်း သူကအခြေအမြစ်မရှိတဲ့လူ၊ ဘုရားဆင်းတုခိုးတဲ့လူ ဒါမျိုးဟာတွေကို မြှောက်ပေးပြီး လုပ်ခိုင်းတာပါ။
    ဦးကိုနီဟာ နိုင်ငံတော်ကို ကောင်းတဲ့ဥပဒေအမွေ ပေးခဲ့ချင်တယ်။ အခု ရှိနေတဲ့ ဥပဒေကြီးဟာ ကျွန်တော်တို့အားလုံးအတွက် မသင့်တော်သလို အဲ့ဒါကို တတ်သိနားလည်တဲ့သူကို လုပ်ကြံလိုက်တာလို့ပဲ ကျွန်တော်ကတော့ နားလည်ပါတယ်။
    အာဏာတည်မြဲအောင် ဒီမိုကရေစီမရရှိအောင် လုပ်နေတာပါ။ ဦးကိုနီဟာ ကိုယ်စားလှယ်လောင်းနေရာလည်း မယူခဲ့ပါဘူး။ လွှတ်တော် အမတ်နေရာလည်း မယူခဲ့ပါဘူး။ ဝန်ကြီးနေရာလည်း မယူခဲ့ပါဘူး။ ဒါပေမယ့် သူဟာ နိုင်ငံတော်အတွက် အသက်ကိုစတေးပေးခဲ့တဲ့
    အာဇာနည်ပါ။ ရှေးမြန်မာမင်းများ လက်ထက်ကတည်းက နိုင်ငံအတွက် မြန်မာမွတ်စလင်တွေက အသက်ပေးခဲ့တာပါ။ အခုချိန်ထိလည်း နိုင်ငံတော်အတွက် အသက်ပေးရဲတယ်ဆိုတာ ဦးကိုနီက သက်သေပြသွားတာပဲ ဖြစ်ပါတယ်။
    ကျွန်တော်တို့ အားလုံးအတွက် အစားထိုးမရတဲ့ ဝမ်းနည်းမှု ဖြစ်ပါတယ်။ ဦးကိုနီဟာ အာဏာကို မမက်မောခဲ့ပါဘူး၊ နေရာကို မယူခဲ့ပါဘူး။ ဘာအကျိုးမှ မမျှော်ကိုးခဲ့ပဲ နိုင်ငံတော်အတွက် အသက်ကိုစတေးပြီး ချစ်လှစွာသော မိသားစုနဲ့ အားလုံးကို ခွဲခွာပြီးသွားတဲ့အတွက်
    ကျွန်တော်ဟာ အခုချိန်ထိအောင် အလွန်အင်မတန်မှ ဝမ်းနည်းခံစားမိပါတယ်။
    ခလီဖွာ ဦးသိန်းဝင်းအောင် (အစ္စလာမ် ပရမတ္တ မိသားစု ဂိုဏ်းချုပ်ဆရာတော်)
    —————————————————–
    ဦးကိုနီကို ဆုံးရှုံးသွားတာက နိုင်ငံတော်က အားထားရတဲ့ နိုင်ငံရေးသမားတစ်ယောက် ဆုံးရှုံးသွားတာပါပဲ။ ဒီမိုကရေစီ ဘက်တော်သားတစ်ယောက်၊ ဥပဒေပညာရှင်တစ်ယောက် ဆုံးရှုံးသွားတဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်။
    ဒီမိုကရေစီ နိုင်ငံတည်ဆောက်ရေးအတွက် ဥပဒေအရရော နိုင်ငံရေးအရပါ ထိထိရောက်ရောက် အထောက်အကူပြုနေတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်နေတော့ တစ်နိုင်ငံလုံးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ခုဖြစ်ပါတယ်။ အရင်ကတည်းက
    နိုင်ငံရေးခေါင်းဆောင်တွေနဲ့ အယူအဆမတူတဲ့လူတွေကြားမှာ လက်နက်အားကိုးနဲ့  အကြမ်းဖက်ဖြေရှင်းတာတွေ ရှိခဲ့ပါတယ်။ အရင်ဒီလိုရှိခဲ့တဲ့အတွက်လည်း တိုင်းပြည်က နစ်နာခဲ့တာပဲ ရှိပါတယ်။ အခုလည်း တိုင်းပြည်ရဲ့ နစ်နာမှုတစ်ခုပါပဲ။ နိုင်ငံတွင်းရော
    နိုင်ငံပြင်ပမှာရော ကျွန်တော်တို့အနေနဲ့ အကြမ်းဖက်တယ်ဆိုတာကို ဆန့်ကျင်ပါတယ်။ အကြမ်းဖက်တာကို ချုပ်ငြိမ်းစေချင်ပါတယ်။
    ဦးတင်မောင်သန်း (အစ္စလာမ်သာသနာရေးရာကောင်စီ အတွင်းရေးမှူးချုပ်)
    —————————————————–
    ဆရာဦးကိုနီ လို သူရဲကောင်း တွေ များမြောင်စွာ မွေးဖွားပေးဖို့ ကျနော်တို့မှာ တာဝန်ကျန်ခဲ့ပြီ
    ခေတ်တခေတ်မှာ တယောက်သာ ပေါ်ထွန်းတတ်တဲ့ မြန်မာ နိုင်ငံ အတွက် ၊ မြန်မာ မွတ်စလင် ကွန်မြူ နတီ အတွက် မတထောင် တကောင်ဘွား အာဂ ဇာနည် ဥာဏ သူရဲကောင်း တယောက်အတွက် ထာဝရ ဂုဏ်ယူနေမှာပါ။
    ကိုဇင်ဘိုအောင်(Singapore)
    ————————————————-
    နိုင်ငံရေးကို အကြမ်းဘက်မှုနဲ့ လုပ်ကြံသတ်ဖြတ်သူတွေဟာ သူရဲဘောကြောင်သူတွေပါဆရာ၊
    ဆရာကတော့ယုံကြည်ရာကို အသေခံရပ်တည်သွားတဲ့ကျနော်တို့ရဲ့သူရဲကောင်းပါ
    ထင်လင်းသန့်
    ————————————————-
    ဆရာဦးကိုနီကိုလုပ်ကြံတာနာဂစ်ခြေဥ ၂၀၀၈ ဖွဲ့စည်းပုံစာအုပ်စိမ်းကြီးကိုမပြုပြင်လိုသူလူမသာလူ့မိုက်ရိုင်းအောက်တန်းစားစိတ်ဓာတ်ပိုင်များ၏စိတ်ဓာတ်နှင့်လုပ်ရပ်များသည်မြန်မာပြည်နိုင်ငံရေးအားလုပ်ကြံလေခြင်းဖြစ်သည်။
    သန့်ဇင်ဦး ( မိုးမိုး )
    ————————————————-
    ဆရာဦးကိုနီ လုပ်ကြံခံရမှုက မြန်မာပြည်အတွက် ဥပဒေလောကအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီးပါ။
    တန်းတူညီမျှမှုနှင့်တရားဥပဒေစိုးမိုးမှု အားနည်းကြောင်း ဆရာဦးကိုနီက သွေးမြေကျ၍ သက်သေပြုခဲ့ပါပြီ။
    မြန်မာပြည်ကြီး နိုးကြားပါတော့
    မမီဇာန်
    ————————————————-
    ဆရာတာဝန်ကြေခဲ့ပါပြီ။  ငြိမ်းချမ်းစွာအနားယူပါတော့ဆရာ။
    မျိုးအောင်
    ————————————————-
    မိသားစုတစ်​စု၊ လူနည်းစုတစ်​စုရဲ့ နစ်​နာမှုမဟုတ်​ခဲ့ဘူး။
    တစ်​နိုင်ငံလုံးအတွက်​ နစ်​နာဆုံးရှုံးမှုပါ။
    ဆရာဦးကိုနီရဲ့ အသက်​တစ်​​ချောင်းကို အ​ကြောင်းခံလို့ နစ်​နာဆုံးရှုံးခဲ့ရသူ နိုင်​ငံသားတိုင်း ​သွေးစည်းညီညွတ်​မှုကို ရနိုင်​ပါ​စေ။
    အိစန္ဒီချို
    ————————————————-
    နောက်ထပ်ဦးကိုနီတွေဖြစ်အောင်ကြိုးစားကြစို့။
    ဘုန်းမြင့်ကို
    ————————————————
    ဦးကိုနီအတွက်ဂုဏ်ယူပါတယ် …
    ဒီမိုကရေစီ အစိုးရသစ်လက်ထက်မှာ
    မြန်မာ့ဒီမိုကရေစီ အရေးအတွက်
    ပထမဆုံးအသက်ပေးသွားသူသည်
    မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်အဖြစ်
    သမိုင်းမော်ကွန်းတင်ကျန်ရစ်ပါပြီ ။
    JuneGio®
    ————————————————
    ဦးကိုနီကိုသေအောင်လုပ်ကြံသတ်ဖြတ်
    လိုက်တာနဲ့တပြိုင်နက်
    ဦးကိုနီဟာထာဝရရှင်သန်သွားတော့တာဘဲဗျာ။
    တင့်ဆွေအောင်
    ————————————————
    ဦးကိုနီ လုပ်ကြံခံလိုက်ရတာ တိုင်းပြည်ရဲ့ နစ်နာမှု ပါ။ တိုင်းပြည်ရဲ့  လုံခြုံရေးကို ထိပါးမှု နိုင်ငံတကာ အလယ်မှာ မြန်မာ နိုင်ငံ ရဲ့  ဆယ်မရတဲ့ သိက္ခာပါ။ ဒါကြောင့် ဒီသိက္ခာကို တစ်သက် လုံး အတွက် ပြန်ဆယ်ပေးပါ။
    Hate speech ကို ပြောင်ပြောင်တင်း တင်း လုပ်နေတဲ့ အရေခြုံ ဘုန်းကြီးများအဖွဲ့ အစည်းများ အားလုံးကို အရေး ယူပေးပါ။ ဘယ်ဘာသာ ဘယ်လူမျိုးကို မဆို ဘာသာရေး လွတ်လပ်ခွင့် ပေးပါ။ ထိပါးစော်ကားသူ အားလုံးကို တရား ဥပဒေနဲ့ အညီ အရေးယူပေးပါ။
    ဒါမှ ငြိမ်းချမ်းမှာ။ ဒီမိုကရေစီ အစစ် ရ တယ်လို့  ကမ္ဘာမှာ ပွဲ လယ်တင့်မှာပါ။
    မသက်ထွေး
    ————————————————
    မိမိပတ်ဝန်းကျင် အသိုင်းအ၀ိုင်းအတွက်
    ကောင်းကျိုးပြုဖို့ သွန်​သင်​ထားတဲ့
    အစ္စလာမ် သာသနာရဲ့ အဆုံးအမကို
    လိုက်နာရင်း….
    ဒီလောကမှ ထွက်ခွာသွားသူမို့ ဂုဏ်ယူမိပါတယ်။
    အဖိုးတန် အစ္စလာမ့်သားကောင်း အာဇာနည်တဦးရဲ့
    ပုံရိပ်ကောင်းကို ပြခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်…..လို့။
    မတီ
    ————————————————
    ဒီမိုက‌ရေစီနိုင်‌ငံ‌တော်‌ကြီး၏ ကြီးမား‌သော ဆုံးရှုံးမှု တစ်ရပ်‌ပါ။ ထို့အတွက်‌ ‌ဖော်‌ပြစရာ စကားလုံးမရှိ‌အောင်‌ စိတ်‌မကောင်းဖြစ်မိပါသည်‌။
    စိုးရာဇာ (L.LB)
    ————————————————
    မြန်မာမွတ်စလင်တွေအနေနဲ့ နိုင်ငံရေးနဲ့ကင်းကင်းနေပြီး စီးပွားရေးတောင့်တင်းခိုင်မာအောင်အားယူသင့်ပြီမြန်မာနိုင်ငံအတွက် နောက်ကွယ်က ပိုမိုခိုင်မာတဲ့ အကူညီပေးနိုင်ပါတယ်။ လူလုံးထွက်ပြတဲ့ အနေထားတွေကို တတ်နိုင်သလောက်
    သတိထားပြီးဆင်ခြင်သင့်တယ်လို့ ယူဆပါကြောင်း။
    ညီလင်းထိုက်
    ————————————————
    ဦးကိုနီ ဆုံးရှုံးမူက မြန်မာနိုင်ငံကို စစ်မှန်တဲ့ ဒီမိုက‌ရေစီနိုင်ငံ ဦးတည်းရေးကို အဟန့်အတားဖြစ်သွားတယ်လို့ ယူဆပါတယ်။ ဥပဒေကြောင်းအရ ရဲရဲဝံ့ဝံ့ ပြောဆိုရဲတဲ့ သတ္တကလည်း သူ့မှာ အပြည့်ရှိ တယ်။ နိုင်ငံရဲ့ ဆုံးရှုံးမှုကြီးလို့ပဲ မြင်ပြီး စိတ်မကောင်းများစွာ ဖြစ်မိတယ်။
    ဦးတင်မောင်ထွန်း
    ————————————————
    မြန်မာနိုင်ငံတော်ကြီးအတွက်နစ်နာမှုတရပ်ပါ။
    Tin Zew Than
    ————————————————
    ဆရာဦးကိုနီ စင်ကာပူဟောပြောပွဲ ၂ ကြိမ် လာတာ ၂ ကြိမ်လုံး တက်ရောက်နားထောင်ခဲ့ပါတယ်။
    ပထမ ၁ ကြိမ်က ” အနာဂတ်မြန်မာနိုင်ငံတော်ကို ထု ဆစ်ခြင်း” ဆရာကိုနီ က ဆရာဖေမြင့် ကိုနေဘုန်းလတ် တို့ နှင့်အတူ ဟောခဲ့တာပါ။
    အဲမှာ ထူးထူးခြားခြား ဆရာတော်တွေပါ လာတက်ပါတယ်။ မေးသမျှ မေးခွန်းတွေ ကို ပညာရှင်ပီသစွာ ဖြေကြား ခဲ့ပါတယ်။
    ဒုတိယအကြိမ် နောက်ဆုံး ပါ ၈၈ ကိုမင်းကိုနိုင် ရယ် ဆရာဦးကိုနီ ရယ် လာဟောပါတယ် ခေါင်းစဉ်က “ခေတ်သစ်ရောင်နီ မြန်မာပြည် ”
    စစချင်း ဆရာဦးကိုနီ က စင်ကာပူက မြန်မာတွေ မဲပေး တဲ့ခါ မှာ တက်တက်ကြွကြွမဲ ပေးခဲ့ကြတာ ပလက်ဖောင်း ပေါ်အိပ် မဲပေးခဲ့တာကြတာ ကို ကျေးဇူးတင်ကြောင်းပြောပါတယ်။
    ကိုမင်းကိုနိုင် က ဆရာဦးကိုနီကို အချိန်များများ ပေးပြောစေခဲ့တာ respect တအားရှိတာကို မြင်တွေ့ခဲ့ပါတယ်။
    ဆရာ ချည်းပဲ အချိန်တော်တော်များများပြောသွားတာပါ။ ဆရာ တကယ့်ကို ပညာ သဘာ ရင့်ကျက်ပါတယ်။
    NUS တို့ လို တက္ကသိုလ် တွေက ပြုလုပ်တဲ့ law forum တွေမှာလာ တက်လေ့ရှိတာ လည်း သိရပါတယ်။
    အဖိုးအဖြတ်နိုင်တဲ့ ပညာရှင် ပရိုတစ်ယောက် ပါ တိုင်းပြည်အတွက် အရမ်းနစ်နာပါတယ်။
    မိသားစုအတွက် ဆုံးရှုံးမှု၊ လူငယ်တွေအတွက် ဆုံးရှုးံမှု တိုင်းပြည်အတွက် ဆုံးရှုံးမှုပါ။
    “လူသေ သော်လည်း နာမည် ဘယ်တော့မှ မသေ” ပါဘူး
    #MMC
    ————————————————
    အလှဆုံးပန်းတစ်ပွင့်ဆိုတာ အမြန်ဆုံးခူး ခြွေခံရတာပဲလေ။
    အဲဒီလိုပဲ အမြင့်ဆုံး သစ်ပင်ဟာလည်း မိုးကြိုးပစ်ချခံရတာပါပဲ။
    ဦးကိုနီ ဒွန်နယာ အာခေရသ် နှစ်ဌာနအတွက် တာဝန်ကြေပါတယ်။
    အလ္လာဟ်ရှင်မြတ်က ဂျန္နသ် နဆီစ်ပေး ချင်လို့ အချိန်ကိုက် ခေါ်သွားတယ်လို့ပဲ ဖြေသာရပေမဲ့ အမှန်တရားအတွက် စကားသံတိတ်သွားရခြင်းကတော့ ကမ္ဘာ ကြီး တစ်ခုလုံးအတွက် မိုးမှောင်ကျသွား တဲ့ Black Sunday နေ့ပါပဲ။
    ဆရာ့ အသက်သွေးနဲ့ ရေးထိုးထားပေးခဲ့ တဲ့ မြန်မာ့သမိုင်းကတော့ ပင်ယံထက်မှာ မွှေးကြူနေအုံးမှာပါဘဲ။
    ဒါပေမဲ့ အကြမ်းဖက်လုပ်ရပ်ဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်ရှုပ်ချသူမတွေ့ရသလောက်ရှိတဲ့ အတွက်တော့ ရှုံချချင်ပါ တယ်ဗျာ။
    ရဲခေါင်ထွေး
    ————————————————
    အမှန်တရားရဲ့ဘက်​​တော်သား ဆရာဦးကိုနီ အသက်​​​ပေးခဲ့ရ​ပေမယ့်​ နာမည်နဲ့ဆန္ဒ​တွေ ​မ​သေပါဘူး ဆရာ့ရဲ့ဆန္ဒနဲ့ နိုင်ငံတွက်ကြိုးစားမှု​တွေ ​​​​အထ​မြောက်​​စေဖို့ ​အတွက်က​​တော့နိုင်ငံကိုချစ်တဲ့ ​နိုင်ငံသားတိုင်​ လူသားဆို့တဲ့​ခေါင်းစဉ်​​အောက်​က​နေ သွေးစည်း​ညီညွတ်
    ဖို့လိုပါတယ်​ ။ ဆရာ့နှင့်​ နိုင်​ငံအတွက်​ လက်​နက်​ကိုင်​အကြမ်းဖက်​ကို ဖမ်းဆီနိုင်​ရန်​ အသက်​​ပေးကြိုးစားခဲ့တဲ့ ဦး​နေ၀င်း​စိတ်​ဓါတ်​မျိုး ကိုလည်း​​လေးစားစွာဂုဏ်ပြု​အတုယူ လို့ ဆက်​လက်​ကြိုးစားဖို့လိုပါတယ်
    မြတ်သူသူအောင်
    ————————————————
    ဆရာပြောဘူးတယ်
    သန်းကောင်ထက်ညဥ့်မနက်တော့ပါဘူးတဲ့
    ဟုတ်တယ်ဆရာ
    အခုတော့ ညတာရှည်လွန်းလှပါတယ်
    ပသီဇော်မင်းထွန်း(မန္တ​လေး)
    ————————————————
    ဆရာ့ပြောစကားတစ်ခု မှတ်ထားမိတာက
    “ကျနော်က သိနေရဲ့နဲ့ မပြောမိရင် အပြစ်မကင်းဘူးဖြစ်နေမယ်… ဒီတော့ ကိုယ်မြင်သိနေတဲ့ တရားဥပဒေအရေးရာမှာ ပြောပြပေးတာပါ” တဲ့…. ပညာရှင်တွေ ပညာရှိမဆန်တော့တဲ့အရပ်မှာ မိုးခါးရေကို ပါးစပ်ပိတ်ခဲ့တဲ့ ပညာရှိပါ…
    TSP
    ————————————————
    မွတ်စလင်တွေကို ခိုးဝင် ဧည့်သည်အဖြစ် ပုံဖေါ်ခြင်တဲ့ဖိနှိပ်ချင်တဲ့လူတွေ။
    နိုင်ငံတိုးတက်မူ့ကို မလိုလားတဲ့ လူတွေ။
    အာဏာမောင်ပိုင်စီချင်တဲ့ လူတွေ။
    အဟိတ်တိရစ္ဆာန်စိတ်သာရှိတဲ့လူတွေက ဆရာကို သတ်သွားတာ။
    ဆရာဟာ ကျုပ်အတွက် ရင်ထဲက ထာဝရ ခေါင်းဆောင်ပါ။
    ကျော်မင်းအာကာ
    ————————————————
    ဆရာ မသေပါဘူး ဘယ်တော့မှမသေပါဘူး သူထာဝရ ရှင်သန်သွားတာပါ မြေခ ခဲ့တဲ့သူ့ သွေးတွေက ထာဝရရှင်သန်ဖို့ မျိုးစေ့တည်သွားခဲ့တာပါ
    (အာကာဦး – မေတ္တာလက်ကမ်းအဖွဲ့  – မြိတ်)
    ဆရာ နိုင်​ငံ​တော်​ ​ပေါ် အသက်​နဲ့ရင်းပြီး တာဝန်​​ကျေခဲ့ပါတယ်​။
    Thuyazaw Annawar
    ————————————————
    တ်​လိုက်​တာမဟုတ်​ပါဘူး.
    နှစ်​ဘဝရဲ့​အာဇာနည်​အဖြစ်​မိတ်​ဆက်
    ပေးလိုက်​တာပါ…
    ..​အောင်​ဆန်းလင်း..
    ————————————————
    အိုင်စစ်တို့ ကုလားအကြမ်းဖက်တို့နဲ့ တိုင်းပြည်ကိုသတင်းအမှားတွေနဲ့ ကြိုတင်ဝါဒဖြန့် တကယ်အကြမ်းဖက်ခံနေရတဲ့ ပစ်မှတ်က အစ္စလာမ်ဘာသာဝင်တွေဖြစ်နေတယ်။
    (မြန်မာပြည်သားအစ္စလာမ်ဘာသာဝင်တစ်ဦး)
    ————————————————
    နေရာမယူခဲ့ပေမယ့်
    အသက်ပေးခဲ့တဲ့
    ဆရာဦးကိုနီ
    ကျွန်မတို့ရင်ထဲမှာအမြဲရှင်သန်နေမှာပါ။
    ဆွေမာဦး