News @ M-Media

Author: editor

  • န.ဝ.တ စစ်အစိုးရခေတ်  တမန်တော်နေ့ အခမ်းအနား (ဓါတ်ပုံမှတ်တမ်း)

    န.ဝ.တ စစ်အစိုးရခေတ် တမန်တော်နေ့ အခမ်းအနား (ဓါတ်ပုံမှတ်တမ်း)

    ဇန်နဝါရီ ၂၂ ၊ ၂၀၁၇
    M-Media
    ရှာဖွေတင်ပြသူ-သီဟ

    န.ဝ.တ စစ်အစိုးရ အုပ်ချူပ်စဉ် ကာလ ၁၉၉၄ ခုနှစ် တွင်ကျင်းပခဲ့သော အစ္စလာမ်ဘာသာဝင်တွေရဲ့ တမန်တော်နေ့ အခမ်းအနား တရပ်ကို ထိုစဉ်က န.ဝ.တ စစ်ကောင်စီ အဖွဲ့ဝင် ၊ ရန်ကုန်တိုင်းစစ်ဌာနချူပ် တိုင်းမှုးဟောင်း၊ သာသနာရေးဝန်ကြီး ဒု-ဗိုလ်ချူပ်ကြီး မျိုးညွှန့် တက်ရောက်အမှာစကားပြောကြားခဲ့သည့် ဓါတ်ပုံမှတ်တမ်းဖြစ်ပါသည်။

    မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်တို့၏ တမန်တော်နေ့ အခမ်းအနားကို  ရှေးဘုရင်များ လက်ထက်ကစ၍ စတင်ကျင်းပပြုလုပ်ခဲ့သည်ဟု သမိုင်းမှတ်တမ်းများ အရ သိရသည်။

    နှစ်စဉ် အမြို့မြို့အနယ်နယ်၌ ကျင်းပလေ့ရှိခဲ့ပြီး ပါလီမန်ဒီမိုကရေစီ အစိုးရလက်ထက်က နိုင်ငံတော်သမ္မတ ၊ ဝန်ကြီးချူပ်များ ကိုယ်တိုင် တက်ရောက်ခြင်း၊ သဝဏ်လွှာများပေးပို့ခြင်းများ ပြုလုပ်ခဲ့ကြပါတယ်

    image ကို ၁၉၉၅ ခု၊ ဇန်နဝါရီလ ထုတ် အစ္စလာမ့်မျက်ဝန်း စာစောင်မှ ရယူပါသည်။

  • NVC ကိစ္စ တွေ့ဆုံမှု လ.ဝ.က အတွင်းဝန်နှင့် အင်တာဗျူး

    NVC ကိစ္စ တွေ့ဆုံမှု လ.ဝ.က အတွင်းဝန်နှင့် အင်တာဗျူး

    အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေနဲ့ ၀န်ကြီးဌာန တာဝန်ရှိ သူတွေဟာ မြန်မာမွတ်စလင်မ် ကိုယ်စားလှယ်တွေနဲ့ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၁ ရက်နေ့က တွေ့ဆုံပြီး NVC လို့ခေါ်တဲ့ (နိုင်ငံသားစီစစ် ခံရမယ့်သူတွေ ကိုင်ဆောင်တဲ့ကဒ်)အကြောင်း ရှင်းပြခဲ့ပါတယ်။

    အဆိုပါ တွေ့ဆုံပွဲနဲ့ပတ်သက်ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်ကို RFA သတင်းထောက် မဝေယံမိုးမြင့် က ဆက်သွယ်မေးမြန်းချက်

  • ဆရာကြီး ဦးရာဇတ် (၁၁၉)နှစ်မြောက်မွေးနေ့ အမှတ်တရ စကားဝိုင်း

    ဆရာကြီး ဦးရာဇတ် (၁၁၉)နှစ်မြောက်မွေးနေ့ အမှတ်တရ စကားဝိုင်း

    ဇန်နဝါရီ ၂၁၊ ၂၀၁၇
    သတင်း-MRTV
    .
    မန္တလေးတက္ကသိုလ်ကြီးဖြစ်မြောက်အောင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့တဲ့ ဆရာကြီး ဦးရာဇတ်အကြောင်းကို နှောင်းလူများသိရှိစေဖို့ ရည်ရွယ်ပြီး ဇန်န္န၀ါရီလ (၂၀)ရက်နေ့မှာ ကျရောက်တဲ့ ဆရာကြီးရဲ့ (၁၁၉)နှစ်မြောက်မွေးနေ့ အမှတ်တရအဖြစ် ဆရာကြီးဦးရာဇတ် အကြောင်းသိကောင်းစရာ အမေးအဖြေကဏ္ဍ နှင့် စာစီစာကုံးဆုပေးပွဲအခမ်းအနားကို ဇန်န္န၀ါရီလ (၂၀)ရက်နေ့မနက်က မန္တလေးမြို့ရှိ Mandalay Community Centre မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

    ဆရာကြီးကို အောင့်မေ့ သတိရတဲ့အနေနှင့် ဆရာကြီးရဲ့မွေးနေ့မှာ အင်္ဂလိပ်စာစာစီစာကုံးဆုရရှိသူ (၅)ဦးကို ဆုချီးမြှင့်ပေးခဲ့သလို မန္တလေး တက္ကသိုလ်ကျောင်းသားဟောင်းကြီးများဖြစ်တဲ့ စာရေးဆရာဆူးငှက် ၊မြန်မာစာဆရာကြီး ဦးတင်မြင့် ၊ ဆရာကြီး ဦးနေ၀င်း (ဓာတုဗေဒ)တို့က ဆရာကြီးအကြောင်းကို မျိုးဆက်သစ်လူငယ်များ အားကျအတူယူတတ်စေဖို့ ပြန်ပြောင်း တမ်းတပြောဆိုခဲ့ကြပါတယ်။

    ဆရာကြီး ဦးရာဇတ် ဟာ
    -မဟာဝိသုတာရာမကျောင်းတိုက် ဓမ္မာရုံစာကြည့်တိုက် အသင်းဥက္ကဋ္ဌ၊
    -ဗဟိုအမျိုးသားကျောင်း ကျောင်းအုပ်ကြီး၊
    -အပျော်တမ်းရဲတပ် ဗိုလ်ချုပ်၊
    -ကျောင်းသားတွေကို အမျိုးသားရေးနဲ့ မျိုးချစ်စိတ်သွင်းပေးသူ၊
    -ဗုဒ္ဓဘာသာဝင်နဲ့ အစ္စလာမ်ဘာသာဝင်တွေအကြား ချစ်ကြည်ရေးတည်ဆောက်ပေးခဲ့သူ၊
    -နိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင်ကွန်ဂရက် ဥက္ကဋ္ဌ၊
    -မန္တလေးခရိုင်ဖက်ဆစ်တော်လှန်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊
    -မန္တလေးတက္ကသိုလ်ကြီး တည်ထောင်သူ၊
    -ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့အစိုး ရအဖွဲ့မှာ ပညာရေးနှင့် အမျိုးသား စီမံကိန်းဌာန၀န်ကြီး၊
    -အမျိုးသားခေါင်းဆောင် အာဇာနည်တဦး
    အဖြစ်တိုင်းပြည်နဲ့ လူမျိုးအကျိုးသယ်ပိုးခဲ့သူ တစ်ဦးဖြစ်ပါတယ်။

  • အစ္စလာမ်ဘာသာဝင်တွေ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တိုင်ကြား

    အစ္စလာမ်ဘာသာဝင်တွေ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တိုင်ကြား

    ဇန်နဝါရီ ၂၀ ၊ ၂၀၁၇

    ( ဓါတ်ပုံ – ဇန်နဝါရီလ ၁၆ ရက်နေ့ နေ့စွဲနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံ မြန်မာနိုင်ငံသား အစ္စလမ်ဘာသာဝင် ၂၇ ဦးက စုပေါင်းလက်မှတ်ရေးထိုး တိုင်ကြားထားတဲ့စာ တစ်စိတ်တစ်ပိုင်းကို တွေ့ရစဉ် )

    လူမျိုးရေး ဘာသာရေး အကြမ်းဖက်မှုတွေ ထပ်မံမဖြစ်ပွားစေရေးအတွက် ထိရောက်စွာအရေးယူတားမြစ်ပေးဖို့ မြန်မာနိုင်ငံသား အစ္စလမ်ဘာသာဝင် ၂၇ ဦးက စုပေါင်းလက်မှတ်ရေးထိုးပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ စာရေးသားတင်ပြလိုက်ပါတယ်။

    အစ္စလာမ်ဘာသာဝင်တွေရဲ့လူမှုဘဝ လုံခြုံစိတ်ချမှုရရှိစေရေး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်အပါအဝင် အစိုးရအကြီးအကဲတွေဆီကို အစ္စလာမ်ဘာသာဝင်တချို့က စုပေါင်းလက်မှတ်ရေးထိုးပြီး စာရေးသားပေးပို့ထားတယ်လို့ အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်တဲ့ မဒါလီမြင့်က ပြောပါတယ်။

    ‘ ၂၀၁၆ ဧပြီကနေစပြီးတော့ပေါ့နော်၊ ကျမတို့ အစ္စလာမ်ဘာသာဝင်တွေကို ရွှေတိဂုံဘုရားဈေးရောင်းတဲ့ကိစ္စတွေ၊ သူရဲသမိန်ကိစ္စဆိုလည်း သာမန်ပုဂ္ဂိုလ်တွေကနေ အသွင်ပြောင်းပြီးတော့မှ တိုက်ခိုက်တာတွေ ရှိလာတယ်လေ၊ ဖြစ်စဉ်တွေက တောက်လျှောက်ဖြစ်လာပြီးတော့ တမန်တော်နေ့ အခမ်းအနား ဆိုပြီးလုပ်တာရှိတယ်၊ အားလုံးဟာ တရားဝင်ခွင့်ပြုချက်ကို ယူပြီးတော့မှ လုပ်တာပါ၊ ဒါပေမဲ့ မျိုးချစ်အဖွဲ့တွေက မလုပ်ရဘူးဆိုပြီးတော့ လာပြီးတော့ပိတ်ပင်ခဲ့တယ်၊ ကျွန်မတို့က စိတ်လုံခြုံမှုရရှိအောင် ဒေါ်အောင်ဆန်းစုကြည်ဆီကို ဥပဒေအတိုင်း အမြန်ဆုံးဆောင်ရွက်ပေးဖို့ စာတင်ထားတာပါရှင့်”

    သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်း ကို ဆက်သွယ်မေးမြန်းရာမှာ အဲဒီစာကို လက်ခံရရှိခြင်း မရှိသေးဘူးလို့ ပြောပါတယ်။

    ကျနော့်ဆီကိုတော့ အဲဒီစာ မရောက်သေးပါဘူးခင်ဗျ၊ ရောက်လာတော့မှပဲ အခြေအနေကြည့်မှာပေါ့လေ”

    အဲဒီစာထဲမှာ အစ္စလမ်ဘာသာဝင်တွေအပေါ် ခွဲခြားဆက်ဆံတာ၊ ဘာသာရေးပွဲတွေကို နှောင့်ယှက်တာ စတဲ့ အဖြစ်အပျက် ၉ ခုကိုလည်း နေ့စွဲနဲ့ အတိအကျ တိုင်ကြားထားပါတယ်။

    အခုလိုမေတ္တာရပ်ခံစာကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဆီ လိပ်မူပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ ရက်စွဲနဲ့ ပေးပို့ထားတယ်လို့ ပြောပါတယ်။

    နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့က ဥက္ကဌတွေ၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေက အစိုးရအဖွဲ့ဝန်ကြီးချုပ်တွေဆီကိုလည်း မိတ္တူပေးပို့ထားတယ်လို့ ပြောပါတယ်။

    အစ္စလာမ်ဘာသာဝင်တွေရဲ့ ဘာသာရေးပွဲတွေကို တရားဝင်ကျင်းပခွင့်တင်ပြီး လုပ်ခဲ့ပေမယ့် အဖွဲ့အစည်းတချို့က တိုက်ခိုက်ဖိအားပေးတာမျိုးတွေကို သက်ဆိုင်ရာအာဏာပိုင်တွေ တိုင်ကြားပေမယ့် ထိရောက်တဲ့ အရေးယူမှုမျိုးတွေ မရှိသေးဘူးလို့လည်း မဒါလီမြင့်က ပြောပါတယ်။

    RFA မြန်မာပိုင်းမှ ကူးယူဖော်ပြသည်။

  • နိုင်ငံသား အခွင့်အရေးအတွက် ဥပဒေကိုသိရန် လူတိုင်း စာဖတ်ပါ။

    နိုင်ငံသား အခွင့်အရေးအတွက် ဥပဒေကိုသိရန် လူတိုင်း စာဖတ်ပါ။

    ဇန်နဝါရီ ၂၀ ၊ ၂၀၁၇
    ဆောင်းပါးရှင်-ဦးအုန်းမောင် (ရန်ကင်း) တရားလွှတ်တော်ရှေ့နေ

    ပြည်ထောင်စုမြန်မာနိုင်ငံတွင် ရှေးဘုရင်များ လက်ထပ်ကပင် အမိန့်တော်ပြန်တမ်းများ ရှိခဲ့ပါသည်။ ကိုလိုနီအုပ်ချုပ်ရေးခေတ်၊ ဂျပန်ခေတ်၊ လွတ်လပ်ရေးအကြိုခေတ်၊ လွတ်လပ်ပြီး (၁၈) နှစ် ကာလ တော်လှန်ရေးကောင်စီခေတ်၊ ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်၊ စစ်အာဏရှင် (နဝတ)၊ (နယက)ခေတ်၊ ဒီမိုကရေစီဦးတည်သော ပြည်သူရွေးချယ်သည့် အစိုးရခေတ်အသီးသီးတွင် ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများအမိန့်၊ ကြေငြာစာ၊ အမိန့်ကြေငြာစာများမှာလည်း ပြည်သူအချို့သာ စိတ်ဝင်စားကြသည်။ အမိန့်၊ ကြေငြာစာ၊ ညွှန်ကြားချက်များကို သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းများမှ တာဝန်ရှိသူများက ပိုမိုသိရှိကြပါသည်။ ပြည်သူအတွင်း စာဖတ်အားနည်း၍ ဥပဒေပညာကိုလေ့လာရန် စိတ်မဝင်စားကြသဖြင့် ဥပဒေအကြောင်း သိသူအလွန်နည်းပါးသည်။ ပြဿနာပေါ်မှ ဥပဒေပညာရှင်ရှေ့နေ၊ ရှေ့ရပ်များထံ ချဉ်းကပ်ဆောင်ရွက်ကြသည်ကို တွေ့နေရပါသည်။

    ဥပဒေသည် အုပ်ချုပ်သူရော အုပ်ချုပ်ခံ တိုင်းသူပြည်သားအားလုံးနှင့်ပါ အကျုံးဝင်ပါသည်။ ဥပဒေ၏ အထက်တွင် မည်သူမျှမရှိဆိုသည့် ဆိုရိုးနှင့်အညီ ဥပဒေအထက်ကနေ၊ ဥပဒေနှင့် ဆန့်ကျင်ပြီးလုပ်သမျှကို ပြည်သူများက ဥပဒေကိုသိထားလျှင် ဥပဒေနှင့်အညီ တင်ပြ တောင်းဆိုခွင့်ရှိမည် ဖြစ်ပါသည်။ ပြည်သူအားလုံး မိမိနှင့်သက်ဆိုင်သော ဥပဒေ ဗဟုသုတရှိနေလျှင် ဥပဒေအရဆောင်ရွက် ရသော ကိစ္စအရပ်ရပ်သည် လွယ်ကူ ချောမွေ့ မှန်ကန် မြန်ဆန်မည်ဖြစ်ပြီး မိမိတို့အခွင့်အရေးကို အပြည့်အဝခံစားရရှိကြမည် ဖြစ်ပါသည်။

    နိုင်ငံတစ်နိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် အမြင့်ဆုံးဖြစ်ပြီး ပြဌာန်းဥပဒေများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်  ညီညွတ် ရမည်ဖြစ်ပါသည်။ အချို့ဥပဒေများသည် ဥပဒေစံနှုန်းများနှင့် ကိုက်ညီပြီး လိုက်နာကျင့်သုံးမှု ခိုင်မြဲနေပါလျှက် ယင်းပြဌာန်း ဥပဒေနှင့် ရှေ့နောက်မညီသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေများလည်း ရှိပါသည်။ ထိုအခါတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရပါသည်။ အချို့ပြဌာန်းဥပဒေများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီညွတ်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သဖြင့် ပျက်ပြယ်ပါသည်။ ထိုကြောင့် ပြဌာန်းဥပဒေကို ပြင်ဆင်ရပါသည်။ ဥပဒေပြဌာန်းချက်တစ်ရပ်ကို မည်ကဲ့သို့ အကောင်အထည်ဖော်ဆောင်ရွက်ရမည်ကို ဥပဒေနှင့်ညီညွတ်သော နည်းဥပဒေများ ပြဌာန်းရပါသည်။ ဥပဒေနှင့် နည်းဥပဒေသည် ရှေ့နောက်ညီညွတ်ရမည် ဖြစ်ပါသည်။ လုပ်ထုံးလုပ်နည်းများသည် ဥပဒေနှင့်ဆန့်ကျင်၍ မရပါ။ ဥပဒေ၊ နည်းဥပဒေရှိပါလျှက် အုပ်ချုပ်သူတို့၏ မူဝါဒအရ အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်ဆောင်ရွက်ကြပါသည်။ အဆိုပါ အမိန့်၊ ညွှန်ကြားချက်များကို ပြည်သူများက သိအောင် ကြိုးစားဖို့လိုပါသည်။ နိုင်ငံသား စီစစ်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် ပြည်သူများနှင့် လ.ဝ.က တာဝန်ရှိ ဝန်ထမ်းများ ပွင့်လင်းမြင်သာစွာဖြင့် ပြည်သူ ဗဟိုပြု ဆောင်ရွက်လျှင် အခက်အခဲ ပြဿနာများ ကျော်လွှားနိုင်မည် ဖြစ်ပါသည်။

    ယခုအခါ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေသည် တည်ဆဲဥပဒေဖြစ်နေခြင်းကြောင့် ယင်းဥပဒေတွင် ပျော့ကွက်၊ ဟာကွက်များနှင့် နိုင်ငံတကာ စံနှုန်း မပြည့်ဝမှုများ ရှိနေလင့်ကစား ပြင်ဆင်နိုင်ခြင်း မရှိသေး၍ ယင်းဥပဒေဖြင့်ပင် စခန်းသွားရဦးမည်ဖြစ်ရာ နိုင်ငံသားလတ်မှတ်လျှောက်ထားသူများ အနေဖြင့် (သို့မဟုတ်) မိဘအုပ်ထိန်းသူများအနေဖြင့်

    -မိမိသည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပုဒ်မ-၃၄၅ (က) နှင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေပုဒ်မ- ၃ နှင့် ၅ အရ တိုင်းရင်းသား ဟုတ် မဟုတ် မွေးရာပါနိုင်ငံသား ဟုတ် မဟုတ် သိဖို့လိုပါသည်။

    – မိမိသည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပုဒ်မ-၃၄၅ (ခ) နှင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေပုဒ်မ-၆ ပါ ဥပဒေအရ နိုင်ငံသား ဟုတ် မဟုတ်နှင့် ပုဒ်မ-၇ အရ နိုင်ငံသား ဟုတ် မဟုတ် သိဖို့ပါသည်။

    – လျှောက်ထားမည့်သူ၏ မွေးဖွားကြောင်းလတ်မှတ် (မွေးစာရင်း)၊ ပုံစံ-ထွေ-၁(က) ရှိရန်လိုအပ်ပြီး သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ မွေးဖွားသည့်နေ့မှစပြီး (၇)ရက်အတွင်း အကြောင်းကြားရပါမည်။ မွေးစာရင်းမရှိပါကလည်း မည်သူက မွေးဖွားပေးကြောင်း အကြောင်းကြားရမည်ဖြစ်ပါသည်။

    -ကလေးအမည်ကို အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ-၆၆/၆ တွင်ထည့်သွင်းရပါမည်။ အိမ်ထောင်စုစာရင်းမရှိလျှင် ပြုလုပ်ဖို့လိုပါသည်။

    – ကလေးအသက် (၁၀)နှစ်ပြည့်သည့်နေ့မှစ၍ (၁)နှစ်အတွင်း မှတ်ပုံတင်ပေးရန် (လ.ဝ.က)သို့လျှောက်ထားရမည်ဖြစ်ပြီး ပျက်ကွက်ပါက ဒဏ်ငွေ (၅၀) ပေးဆောင်ရမည်ဖြစ်ကာ (၅)နှစ်ဆက်တိုက် ပျက်ကွက်လျှင် ဒဏ်ငွေ- ၁၀၀၀ ပေးဆောင်ရမည် ဖြစ်ပါသည်။

    – ကလေးအသက် (၁၀)နှစ်ပြည့်ကလေး မှတ်ပုံတင်ရာတွင် ၁၀)နှစ်ပြည့်သည့်နေ့မှစ၍ (၁)နှစ်အတွင်း မိမိနေထိုင်ရာ မြို့နယ် (လ.ဝ.က)ရုံးတွင် ကိုယ်ရေးမှတ်တမ်း ပုံစံ (နိုင်-၂) သုံးစောင်နှင့် နိုင်ငံသားစီစစ်ရေးကတ်ပြား နိုင် ၃(က)အတွက် ငွေပေးသွင်းပြီး ပြေစာရယူရမည် ဖြစ်ပါသည်။

    – ကိုယ်ရေးမှတ်တမ်းပုံစံ (နိုင်-၂ )တွင်ရေးသွင်းနိုင်ရန် (လ.ဝ.က)ရုံးမှ မေးမြန်းချက်များကို မှန်ကန်ပြည့်စုံစွာ ဖြေဆိုရမည် ဖြစ်ပါသည်။

    – မိဘ (သို့မဟုတ်) အုပ်ထိန်းသူသည် မြို့နယ် (လ.ဝ.က)ရုံးမှ အကြောင်းကြားစာရလျှင် ငွေသွင်းပြေစာပြသ၍ အသက် (၁၀)နှစ်ပြည့် နိုင်ငံသားမှတ်ပုံတင်ကတ်ပြားပုံစံ (နိုင်-၃) နှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားပုံစံ နိုင်-၃(က)တို့ကို လတ်မှတ်ထိုး၍ ထုတ်ယူရမည် ဖြစ်ပါသည်။

    – အသက် (၁၀)နှစ်ပြည့် နိုင်ငံသားမှတ်ပုံတင်ကတ်ပြားပုံစံ နိုင်-၃ နှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားပုံစံ နိုင်-၃(က)တို့ကို ကိုင်ဆောင်ထားသူတိုင်းသည် အသက် (၁၈)နှစ်ပြည့်သည့်နေ့မှစ၍  (၁)နှစ်အတွင်း နိုင်ငံသားလတ်မှတ်ပုံစံ (နိုင်-၆) နှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားပုံစံ နိုင် ၆(က) တို့နှင့် လဲလှယ်ကိုင်ဆောင်ရန် လျှောက်ထားရမည် ဖြစ်ပါသည်။

    -ထိုသို့ ကာယကံရှင်ကိုယ်တိုင်လျှောက်ထားရာတွင် ပုံစံဖိုးများငွေသွင်းပြီးကြောင်း ပြေစာတောင်းခံရမည် ဖြစ်ပါသည်။

    – ကိုယ်ရေးပုံစံ (နိုင်-၂)တွင် ရေးသွင်းနိုင်ရန် (လ.ဝ.က) ရုံးမှ မေးမြန်းချက်များကို ကာယကံရှင်ကိုယ်တိုင် မှန်ကန်ပြည့်စုံစွာ ထပ်မံဖြေဆိုရမည် ဖြစ်ပါသည်။

    – မြို့နယ် (လ.ဝ.က)ရုံးမှ အကြောင်းကြားစာရရှိသည့်အခါ ကိုယ်တိုင်သွားရောက်၍ ပြေစာများပြသပြီး နိုင်ငံသားလတ်မှတ် နိုင်-၆(က)တို့ကို လတ်မှတ်ရေးထိုးထုတ်ယူရမည် ဖြစ်ပါသည်။

    – နိုင်ငံတော်အတွင်း နေထိုင်သူများ၏ အသက် (၁၀)နှစ်ပြည့်နိုင်ငံသား မှတ်ပုံတင်ကတ်ပြား (နိုင်-၃) ဖြစ်စေ၊ နိုင်ငံသားစီစစ်ရေးကတ်ပြား -၃ (က)ဖြစ်စေ၊ နိုင်ငံသားစီစစ်ရေးကတ်ပြား -၆ (က)ဖြစ်စေ ဟောင်းနွမ်းဆွေးမြေ့ မထင်မရှားဖြစ်သည့်အခါ (သို့မဟုတ်) ပျောက်ဆုံး၊ ပျက်ဆီးသည့်အခါတွင် နိုင်ငံသားလတ်မှတ်နှင့် စီစစ်ရေးကတ်ပြားလျှောက်ထားစဉ်ကအတိုင်း မိတ္တူထုတ်ပေးရန် မြို့နယ် (လ.ဝ.က) ရုံးသို့ နည်းလမ်းတကျ လျှောက်ထားနိုင်ပါသည်။

    – နိုင်ငံသားလတ်မှတ်နှင့် စီစစ်ရေးကတ်ပြားလျှောက်ထားခြင်းကိစ္စအရပ်ရပ်နှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံသား ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (၁၉၈၃) အပိုဒ်-၁၂ (က) (ခ) (ဂ) နှင့် အပိုဒ်- ၁၅၊ ၁၈၊ ၂၀ ပြဌာန်းချက်တို့နှင့်အညီ ဆောင်ရွက်ရမည် ဖြစ်ပါသည်။
    နိုင်ငံသားတစ်ဦးသည် မြန်မာနိုင်ငံသား ဥပဒေ (၁၉၈၂)၊ ပုဒ်မ-၁၂ အရ နိုင်ငံတော်၏ ဥပဒေများကို ရိုသေလေးစားလိုက်နာရန် တာဝန်ရှိပါသည်။ နိုင်ငံတော်၏ ဥပဒေပါတာဝန်များကို ထမ်းဆောင်ရမည်ဖြစ်ပါသည်။ နိုင်ငံတော်၏ ဥပဒေပါအခွင့်အရေးများကို ခံစားခွင့်ရှိပါသည်။

    နိုင်ငံသားတစ်ဦးသည် တစ်ချိန်တည်းတွင် အခြားနိုင်ငံသားအဖြစ်ကိုပါ ခံယူခွင့်မရှိပါဘူး။ နိုင်ငံသားလတ်မှတ်နှစ်မျိုး ကိုင်ဆောင်ထားခွင့်မရှိပါဘူး။ နိုင်ငံသားတစ်ဦးသည် နိုင်ငံခြားသားတစ်ဦးနှင့် အိမ်ထောင်ပြုလိုက်ကာမျှဖြင့် နိုင်ငံသားအဖြစ်မှ ဆုံးရှုံးမည်မဟုတ်ပါ။ အဆိုပါ နိုင်ငံခြားသားလည်း နိုင်ငံသားနှင့် အိမ်ထောင်ပြုလိုက်သဖြင့် နိုင်ငံသား အလိုအလျောက် ဖြစ်လာမည် မဟုတ်ကြောင်းကို သတိပြုရမည်ဖြစ်ပါသည်။ မိမိတို့ သား သမီး၏ အနာဂတ်ရေးအတွက် စဉ်းစားကြဖို့လိုပါသည်။ (၁၅-၁၀-၁၉၈၂) ရက်နောက်ပိုင်းမှစ၍ မည်သည့်နိုင်ငံခြားသားမျှ (ဥပဒေပြဌာန်းချက်အရမှအပ) မည်သည့်နည်းနှင့်မျှ နိုင်ငံသားအဖြစ် ရရှိနိုင်မည်မဟုတ်ကြောင်း သိရှိထားဖို့လိုပါသည်။ နိုင်ငံသားတစ်ဦးသည် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလတ်မှတ်ကို ကိုင်ဆောင်ပြီးနောက် ဥပဒေနှင့်အညီ နိုင်ငံတော်မှ အပြီးအပိုင် ထွက်ခွာခြင်း၊ ဥပဒေမဲ့ခိုးထွက်ခြင်း၊ နယ်စပ်မှတိတ်တဆိတ် ထွက်ခွာခြင်း ပြုလုပ်လျှင် နိုင်ငံသားအဖြစ်မှ ရပ်စဲသွားနိုင်ပါသည်။ နိုင်ငံသားအဖြစ်မှ ရပ်စဲခံရသူ၊ ရုပ်သိမ်းခံရသူသည် ပယ်ဖျက်ထားသော နိုင်ငံသားလက်မှတ်ကို အပ်နှံခြင်း၊ အပ်နှံခြင်းမပြုဘဲ ပျက်ကွက်လျှင်ဖြစ်စေ၊ ဆက်လက်အသုံးပြုလျှင်ဖြစ်စေ၊ အခြားသူတစ်ဦးအား မသမာသေနည်းဖြင့် လွှဲပြောင်းပေးအပ်လျှင်ဖြစ်စေ၊ သေဆုံးသူ၏ လက်မှတ်ကိုဖြစ်စေ ကိုင်ဆောင် အသုံးပြုလျှင် ထောင်ဒဏ် (၁၀) နှစ်နှင့် ငွေဒဏ် ၂၀၀၀၀ ကျပ် ကျခံရမည်ဖြစ်ပါသည်။

    နည်းဥပဒေအပိုင်-၃၆ တွင် နိုင်ငံသားလက်မှတ်အတု ပြုလုပ်လျှင် အားပေးကူညီလျှင် ထောင်ဒဏ် (၁၅)နှစ်နှင့် ငွေဒဏ် ၅၀၀၀၀ ကျပ် ကျခံရမည်ဟု ဆိုထားသော်လည်း နည်းဥပဒေအပိုဒ် -၃၇ တွင်မူ ပုံစံ (နိုင်-၃) သို့မဟုတ် နိုင်-၃ (က) သို့မဟုတ် ပုံစံ နိုင်-၆ (က)ကို အတုပြုလုပ်လျှင် အားပေးကူညီလျှင် ရာဇသတ်ကြီး ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ပြဌာန်းထားပါသည်။ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ -၄၆၈ အရ ထောင်ဒဏ် ၇ -နှစ်အထိ အပြင် ငွေဒဏ်၊ ပုဒ်မ-၃၇၁ အရ ထောင်ဒဏ်-၃ နှစ်ထိ အပြင်ငွေဒဏ် ပြဌာန်း ထားပါသည်။ နိုင်ငံသားအဖြစ်မှ ရပ်စဲခံရသူ သို့မဟုတ် ရုပ်သိမ်းခံရသူသည် နိုင်ငံခြားသား အဖြစ်သို့ရောက် ရှိသွားပြီး ပြည်နှင်ဒဏ်ပေးခံရသည်အထိ အရေးယူခြင်းကိုခံရနိုင်သည့်အပြင် မည်သည့်နိုင်ငံသား လက်မှတ် အမျိုးအစားကိုမျှ လျှောက်ထားခွင့်မရှိတော့ကြောင်း သတိပြုသင့်ပါသည်။

    ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည် နိုင်ငံသား လက်မှတ်လျှောက်ထားရာတွင် နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ ဟုတ်၊မဟုတ်နှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ခံယူရန် လိုအပ်ပါက ဗဟိုအဖွဲ့သို့ လျှောက်ထားနိုင် ခွင့်ရှိပါသည်။ ဗဟိုအဖွဲ့၏ ဆုံးဖြတ်ချက်ကို မကျေနပ်ပါက အယူခံလွှာကို မြို့နယ် (လ.ဝ.က) ရုံးမှတစ်ဆင့် ဝန်ကြီးအဖွဲ့ (အစိုးရအဖွဲ့) သို့ အယူခံဝင်ရောက်နိုင်ပါသည်။ အစိုးရအဖွဲ့၏ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်သည်ဟု ပြဌာန်းထားပါသည်။

    ထို့ကြောင့် မြန်မာနိုင်ငံသားဖြစ်ထိုက်ခွင့် အရည်အချင်းရှိသူများသည် ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသားဥပဒေမှာ တည်ဆဲဖြစ်နေခြင်းကြောင့် ယင်းဥပဒေ၊ နည်းဥပဒေအရသာ နိုင်ငံသားလက်မှတ် လျှောက်ထားကြရဦးမည်ဖြစ်ရာ လျှောက်ထားသူများသည် အောက်ပါအချက်များကို သတိပြုလိုက်နာဆောင်ရွက်ကြရန် အကြံပြုလိုပါသည်။

    -(၁၅-၁၀-၁၉၈၂) ရက် နောက်ပိုင်းမွေးဖွားသူများသည် သက်ဆိုင်ရာဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနတို့ မှ မွေးစာရင်း မွေးဖွားကြောင်းထောက်ခံစာ (သို့မဟုတ်) မွေးဖွားပေးသူ၏ ထောက်ခံချက်၊ မွေးဖွားကြောင်း လတ်မှတ်ပုံစံ ထွေ-၁(က) စသည်တို့ ပြည့်စုံအောင်ရှိထာသင့်ပါသည်။

    – လ.ဝ.က အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ-၆၆/၆ တွင် ကလေးအမည်ကို ထည့်ထားပြီး ဖြစ်သင့်ပါသည်။

    – ကလေးအသက် (၁၀)နှစ်ပြည့်လျှင် (၁)နှစ်အတွင်း (၁၀)နှစ်ပြည့် မှတ်ပုံတင်ကို မိဘ၊ အုပ်ထိန်းသူက လျှောက်ထားသင့်ပါသည်။

    – ထိုသို့လျှောက်ထားရာတွင် အသက် (၁၀)နှစ်ပြည့် ကလေး၏ မိဘနှစ်ပါး၏ နိုင်ငံသားအထောက်အထား၊ အဘိုးအဘွား၏ နိုင်ငံသားအထောက်အထားပြည့်စုံစွာ တင်ပြပြီး မေးမြန်းချက်များကို ပြည့်စုံမှန်ကန်စွာ ဖြေကြားသင့်ပါသည်။

    – အသက် (၁၀)နှစ်ပြည့်ဖြစ်စေ၊ (၁၈)နှစ်ပြည့်ဖြစ်စေ လျှောက်ထားရာတွင် လျှောက်လွှာနှင့် ပုံစံ (နိုင်-၂) တွင် မိမိသိသည့်အတိုင်း မှန်ကန်စွာရေးသွင်းသင့်ပါသည်။ ကွဲလွဲမှုများမဖြစ်ရန် လိုအပ်ပါသည်။ ကာယကံရှင်၏ မိဘနှစ်ပါး၏ အဘိုး၊ အဘွား (၄) ဦးနှင့် စပ်လျဉ်း၍ အမည်၊ မွေးသက္ကရာဇ်၊ မွေးရပ်၊ လူမျိုးနှင့် နိုင်ငံသားကိုင်ဆောင်သည့် လတ်မှတ်၏ အမှတ်၊ သေဆုံးလျှင် (ရက်စွဲ) သေဆုံးသည့်ဒေသတို့ကို ကြိုတင်၍ မှန်ကန်စွာစီစဉ်ပြင်ဆင်ထားသင့်ပါသည်။
    ကာယကံရှင်၏ မွေးချင်းများ၊ ဆွေမျိုးများ၏ အချက်အလက်၊ အချိတ်အဆက်များကို ကြိုတင်မေးမြန်းပြင်ဆင်ထားသင့်ပါသည်။ မမှတ်မိ၊ မသိရှိပါက ဇာတိတူ၊ ရှေ့နောက်သိသူများ၏ ထွက်ဆိုဝန်ခံချက်၊ ကျန်းကျိန်၊ ကတိသစ္စာ ပြုချက်များ ကြိုတင်ပြင်ဆင်ထားသင့်ပါသည်။

    –    သက်ဆိုင်ရာ (လ.ဝ.က) မှ ပုံစံ (နိုင်-၂) ရေးသွင်းချက်များကို သေချာစွာ ဖတ်ရှုစစ်ဆေးပြီး မှန်ကန်ပြည့်စုံမှ လတ်မှတ်ရေးထိုးသင့်ပါသည်။

    –    မိမိတို့၏ မိသားစု၏ မိဘ၊ ဘိုးဘွား မျိုးရိုးအစဉ်ဆက်ဇယား တစ်စောင်ကို အမြဲပြုစုထားသင့်ပါသည်။ သားစဉ်မြေးဆက် သိမ်းဆည်းထားသင့်ပါသည်။

    –    မိမိသည် တိုင်းရင်းသားဖြစ်လျှင် တိုင်းရင်းသားလူမျိုး၊ အနွယ်စဉ်ဆက်၏ အချက်အလက်ကို မှန်ကန်စွာ တင်ပြသင့်ပါသည်။ လူမျိုးအမည်မှန်ကန်ဖို့ လိုပါသည်။ သူတစ်ပါးပေးသည့် လူမျိုးအမည်ကို လက်မခံသင့်ပါ။

    –    တိုင်းရင်းသား ဘာသာစကား တစ်ခုခုပြောဆိုနိုင်သူ ဖြစ်သင့်ပါသည်။

    –    ဥပဒေအရ နိုင်ငံသားလျှောက်မည့်သူများသည် မည်သည့်အထောက်အထားမျှမရှိပါက ၁၉၄၉-ခုနှစ် မြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေးဥပဒေ ပုဒ်မ-၅(၂)(ဂ) ပါ ပြဌာန်းချက်နှင့် အကြုံးဝင်လျှင် ၁၉၅၁-ခုနှစ် မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးနည်းဥပဒေ အပိုဒ်-၁၃(၁)အရ ထုတ်ပေးသည့် ယာယီသက်သေခံလတ်မှတ် (white card ရုပ်သိမ်းပြီး) အစား အပိုဒ် -၁၃(၄) အရ ထုတ်ပေးသည့် နိုင်ငံသားစီစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NVC) ကို ကိုင်ဆောင်ရနိုင်ဖွယ် ရှိပါသည်။

    –    NVC (အစိမ်းရောင်ကတ်) ၏ သက်တမ်းမှာ (၂) နှစ်ဖြစ်ပြီး အထောက်အထား ပြည့်စုံမှန်ကန်စွာ တင်ပြနိုင်ပါက နိုင်ငံသား လက်မှတ်ရရှိမည်ဖြစ်ပြီး မတင်ပြနိုင်ပါက သက်တမ်း (၂) နှစ်ပြည့်လျှင် သက်တမ်းတိုးပေးမည်ဖြစ်ကြောင်းနှင့် အထောက်အထား တင်ပြနိုင်သည့်အခါတွင် နိုင်ငံသားစီစစ်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

    ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်ကြသူများသည် နိုင်ငံခြားသားမဟုတ်ပါက နိုင်ငံသားလက်မှတ် လျှောက်ထားရယူကိုင်ဆောင်ရန် လိုအပ်ပါသည်။ နိုင်ငံသားတိုင်းသည် ကိုးကွယ်သည့် ဘာသာနှင့် လုံးဝသက်ဆိုင်ခြင်းမရှိပါ။ မိမိ၏မိဘ၊ ဘိုးဘွားအစဉ်အဆက် အခြေချနေထိုင်လာမှုနှင့်သာ သက်ဆိုင်ပါသည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ-၁၁(က) (ခ) (ဂ) (ဃ) ပါ နိုင်ငံသားဖြစ်မှုနှင့် ညီညွှတ်သူများသည် ပုဒ်မ-၁၁(က) ပါ နိုင်ငံသားနှင့် တစ်တန်းစားတည်း ဖြစ်ပါသည်။ ထိုသူများသည် ဖွဲ့စည်းပုံဥပဒေအရ နိုင်ငံသားများဖြစ်ကြ၍ ပြဌာန်းဥပဒေ အပေါ်လွှမ်းမိုးပါသည်။ ထိုသူများနှင့် ထိုသူများမှ ဥပဒေနှင့်အညီ မွေးဖွားသက်ဆင်းလာသူများသည် နိုင်ငံသားဖြစ်ပြီးသူများ ဖြစ်ပါသည်။ (၄-၁-၁၉၄၈) ရက်မတိုင်မီက အခြေချနေထိုင်ခဲ့ကြသော မျိုးဆက်များဖြစ်၍ ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေ မပြဌာန်းမီ (၁၅-၁၀-၁၉၈၂) ရက်မတိုင်မီ မွေးဖွားသူများဖြစ်၍ ၁၉၇၄-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၁၄၅ (ခ) အရလည်း နိုင်ငံသားဖြစ်ပြီးသူများ ဖြစ်ပါသည်။ ထိုသူများမှ မွေးဖွားလာသူများသည် ၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေအရ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ လုံးဝမဖြစ်နိုင်ပါ။ ထိုသူအားလုံးသည် တိုင်းရင်းသားမဟုတ်၊ ကပြား ဖြစ်သည်၊ သွေးနှော ဖြစ်သည်ဟုဆိုစေဦး နိုင်ငံသားလက်မှတ် နိုင်ငံသားစီစစ်ရေးကတ်ပြား၊ နိုင်-၃၊ ၃ (က)၊ နိုင်-၆၊ ၆(က) ရထိုက်သူများ ဖြစ်ပါသည်။ တိုင်းရင်းသားဖြစ်ခြင်း၊ မဖြစ်ခြင်းသည် ဥပဒေအရ သီးခြားဆောင်ရွက်ရမည့် ကိစ္စဖြစ်ပါသည်။ စစ်မှန်သော နိုင်ငံသားဘဝသည် တန်ဖိုးရှိပါသည်။

    ထို့ကြောင့် နိုင်ငံခြားသားမဟုတ်သော နိုင်ငံသားအရည်အချင်းရှိသည့် ပုဂ္ဂိုလ်အားလုံး မိမိတို့၏ အဖိုးတန်သည့် နိုင်ငံသားအခွင့်အရေး မဆုံးရှုံးရလေအောင် စာဖတ်ကြပါ။ ဥပဒေအကြောင်းကို သိအောင်လုပ်ကြပါ။ နိုင်ငံသားစိစစ်သည့်  ကိစ္စကို စိုးရိမ်မှုမရှိဘဲ အချိန်မီ လုပ်သင့်တာကို လုပ်ကြပါ။ ကြိုတင်ပြင်ဆင်ကြပါ။ လ.ဝ.က တာဝန်ရှိသူများနှင့် ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟ၊ အဂတိ ကင်းရှင်းစွာဖြင့် ပူးပေါင်းဆောင်ရွက်ကြပါရန်လည်းကောင်း၊  တာဝန်ရှိသူများကလည်း အမိန့်၊ ညွှန်ကြားချက်များထက် ဥပဒေ၊နည်းဥပဒေနှင့် အညီသာ မှန်ကန်မြန်ဆန်စွာ စိစစ်ထုတ်ပေးသင့်ပါကြောင်း တိုက်တွန်းအပ်ပါသည်။ နိုင်ငံသားအခွင့်အရေးအတွက် ဥပဒေကိုသိရှိရန် လူတိုင်းစာဖတ်ကြပါဟု တိုက်တွန်းအပ်ပါသည်။

    ပြည်ထောင်စုကြီး စည်းလုံးညီညွတ် ငြိမ်းချမ်းသာယာ ဖွံဖြိုးတိုးတက်ဖို့ နိုင်ငံသားအားလုံးလူမျိုး ဘာသာမခွဲခြား ပြည်ထောင်စုသားများ အဖြစ် ရပ်တည်နိုင်ကြပါစေ။

    ဦးအုန်းမောင် (ရန်ကင်း) တရားလွှတ်တော်ရှေ့နေ