News @ M-Media

Author: editor

  • ပြည်မြို့မှာ ကျင်းပမည့် တမန်တော်နေ့ပွဲ အပိတ်ခံရ

    ပြည်မြို့မှာ ကျင်းပမည့် တမန်တော်နေ့ပွဲ အပိတ်ခံရ

    ဇန်နဝါရီ ၁၅ ၊ ၂၀၁၇
    ဧရာဝတီမှ ကူးယူဖော်ပြသည်။

    ပြည်မြို့မှာပြုလုပ်မယ့် တမန်တော်နေ့အခမ်းအနား / ကောင်းမြတ်မင်း / ဧရာဝတီ

    ပြည်မြို့၌ ယနေ့ပြုလုပ်မည့် အစ္စလာမ်ဘာသာဝင်တို့၏ “၁၉၄၁ ကြိမ်မြောက် တမန်တော်နေ့”အား ရန်ကုန်အခြေစိုက် မျိုးချစ်ပရဟိတအဖွဲ့မှ လာရောက် ကန့်ကွက်သည့်အတွက် ပွဲဖျက်သိမ်းလိုက်ရသည်။

    ယမန့်နေ့ နေ့လည်ပိုင်းက ပွဲဖျက်သိမ်းရန် အကြောင်းကြားလာ၍ ပြည်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ် အုပ်ချုပ်ရေး မှူး၊ မြို့နယ်ရဲမှူး၊ တိုင်းသာသနာရေးဦးစီးမှူး၊ ဘာသာရေးအဓိကရုဏ်းကွန်ရက်(ပြည်ခရိုင်) နှင့် တမန်တော်နေ့ ကျင်းပရေး ကော်မတီအဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးရာ မိနစ် ၃၀ခန့် ပွဲကျင်းပခွင့်ပေးခဲ့သော်လည်း မျိုးချစ်ပရဟိတအဖွဲ့မှ လုံးဝဖျက် သိမ်းရန်တောင်းဆိုခဲ့သည့်အတွက် ဖျက်သိမ်းလိုက်ရကြောင်း ဘာသာရေးအဓိကရုဏ်း ကွန်ရက်အဖွဲ့ ဝင်(ပြည်ခရိုင်) ကိုသန်းထိုက်က ဧရာဝတီကိုပြောသည်။

    “ မနေ့က နေ့လည် ၂ နာရီကနေ ညနေ ၄ နာရီအထိ အစည်းအဝေးမှာ နာရီဝက်နဲ့အပြီးပွဲလုပ်ပါလို့ ညှိတာ မွတ်ဆလင် တွေဘက်က အဆင်ပြေလက်ခံတယ်။ အဲဒါကို မျိုးချစ်ပရဟိတအဖွဲ့က လုံးဝဖျက်သိမ်းရမယ်ပြောတော့ ညပိုင်းမှာ ဇောတိကရုံ ဘုန်းကြီးကျောင်းမှာ ထပ်ညှိတာ ဘယ်လိုမှအဆင်မပြေဘူး။ ကန့်ကွက်ချင်ရင် အစောကြီးကတည်းက ကန့်ကွက်သင့်တယ်။ ပွဲလုပ်ခါနီးမှကပ်ပြီး ပွဲဖျက်တာတော့ မလုပ်သင့်ဘူး။ အခုအားလုံးဖိတ်ထားတဲ့ လူတွေလာနေတာ ပြန်လွှတ်နေရတယ်” ဟု ကိုသန်းထိုက်ကဆက်ပြောသည်။

    ပြည်မြို့တွင် တမန်တော်နေ့အခမ်းအနားကျင်းပပြုလုပ်ခဲ့သည့်အကြိမ်တိုင်း ငြိမ်းငြိမ်းချမ်းချမ်းနှင့် ပွဲကျင်းပပြုလုပ်ခဲ့သော် လည်း ယခုနှစ်ပြုလုပ်မှသာ ပွဲဖျက်သိမ်းပေးရခြင်းဖြစ်ကြောင်းနှင့် အစ္စလမ်ဘာသာဝင်များအနေနှင့် အကြမ်းဖက်သည့် ဘာသာမဟုတ်ကြောင်း သက်သေပြသည့်အနေနှင့် အေးချမ်းစွာ ပွဲဖျက်သိမ်းပေးလိုက်ခြင်းဖြစ်ကြောင်း တမန်တော်နေ့ အခမ်းအနားပြင်ဆင်သူ ကိုကျော်နိုင်ကဆိုသည်။

    “ နှစ်စဉ်နှစ်တိုင်း အေးအေးချမ်းချမ်းကျင်းပပြုလုပ်တဲ့ အလှူအတန်းပွဲတခုဖြစ်တယ်။ အဲဒါကို လူအုပ်စုတစုက ကန့်ကွက် လာတဲ့အပေါ်မှာ ကျနော်တို့ အစ္စလာမ်ဘာသာဟာ ငြိမ်းချမ်းတဲ့ဘာသာဖြစ်တယ်ဆိုတာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရော ကမ္ဘာသူကမ္ဘာသားတွေရောသိစေချင်လို့ ရပ်လိုက်တာဖြစ်ပါတယ်။ ပထမအနေနဲ့ နိုင်ငံတော်အကြီးအကဲတွေရဲ့ ခွင့်ပြုမိန့် ကျလာလို့ ဒါကိုလုပ်ရတာပါ။ အခုတော့ ကျနော်တို့ ချက်ပြုတ်ထားတာတွေတောင် လှူခွင့်မရတော့ပါဘူး” ဟု ကိုကျော်နိုင် က ဆက်ပြောသည်။

    တမန်တော်နေ့ကျင်းပရာ ပြည်မြို့ ရွာဘဲနယ်မြေ စည်တော်မင်္ဂလာရပ်ကွက်ရှိ ဗလီရှေ့တွင် ဗုဒ္ဓဘာသာသာသနာ့အလံ ထောင်၍ သံဃာတော်များတင်ဆောင်ထားသည့် Light Truck  ကားအပါအဝင် ကား ၈ စီးခန့်ရပ်ထားရာ၊ အဆိုပါအဖွဲ့ အား မည်သည့်အဖွဲ့ဖြစ်ကြောင်းနှင့် ကန့်ကွက်ရခြင်းအကြောင်းကို ဧရာဝတီမှ သွားရောက်မေးမြန်းရာ မဖြေကြား နိုင်ကြောင်း ပြောကြားခဲ့သည်။

    စည်တော်မင်္ဂလာရပ်ကွက်ရှိ ဗလီအနီးတွင် ရဲတပ်ဖွဲ့ဝင် ၂၀ ခန့် လုံခြုံရေးယူထားပြီး ဗလီအတွင်း မဏ္ဍပ်များဖျက်သိမ်းနေ ကြောင်းတွေ့ရသည်။

    မူရင်းလင့်ခ်

  • မြန်မာ ၅ ဦးသတ်ခံရမှု သံသယရှိသူ မလေး ၁၅ ဦးကို ထိန်းသိမ်း

    မြန်မာ ၅ ဦးသတ်ခံရမှု သံသယရှိသူ မလေး ၁၅ ဦးကို ထိန်းသိမ်း

    ဇန်နဝါရီ ၁၂ ၊ ၂၀၁၇

    ပြီးခဲ့တဲ့ အပတ်က မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသား ၅ယောက် အသတ်ခံခဲ့ရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ရဲတပ်ဖွဲ့က မလေးရှားနိုင်ငံသား ၁၅ ယောက်ကို ထိန်းသိမ်းထားတဲ့အကြောင်း The Strait Times သတင်းစာကရေးပါတယ်။

    အသက် ၁၉ နှစ်နဲ့ ၅၀ အကြား လူ ၁၅ ယောက်ကို မြန်မာနိုင်ငံသားတွေ အတိုက်ခိုက်ခံခဲ့ရတဲ့ စက်ရုံအနီးမှာ မလေးရှားရဲတွေက ကြာသာပတေးနေ့ ဖမ်းဆီးလိုက်တာဖြစ်ပြီး ရဲတပ်ဖွဲ့ရဲ့ မေးခွန်းတွေကို ဖြေကြားဖို့ ၆ ရက် ရမန်ယူ ချုပ်နှောင်မှာဖြစ်ပါတယ်။ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့အနီး ဆာဒန်းမြို့နယ်မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို ပြီးခဲ့တဲ့ ကြာသာပတေးနေ့က လက်နက်ကိုင်လူတစုက ဓားတွေနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် မြန်မာနိုင်ငံသား ၅ ယောက်သေဆုံးခဲ့ပါတယ်။

    ဒီအမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသား ၇ ယောက်ကိုလည်း ရဲက ဖမ်းဆီးခဲ့ပါတယ်။

    မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာ မူဆလင်တွေ ဖိနှိပ်ခံနေရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ မလေးရှားနိုင်ငံမှာ အလုပ်လုပ်တဲ့ မြန်မာနိုင်ငံသားတွေ အခုလို တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။

    ဒါပေမယ့် မလေးရှားရဲတွေကတော့ ဒီ တိုက်ခိုက်မှုဟာ ရိုဟင်ဂျာကိစ္စနဲ့ မဆိုင်ဘဲ၊ နှစ်ဖက် အဖွဲ့နှစ်ခု ခိုက်ရန်ဖြစ်ပွားရာက စခဲ့တာဆိုပြီး ပြောဆိုနေပါတယ်။

    VOA မြန်မာပိုင်းမှ ကူးယူသည်။

  • ၁၉၃၆ ခုနှစ်က တမန်တော်နေ့ အခမ်းအနားမှ ဗမာမွတ်စလင်မ် အပျော်တမ်း ရဲတပ်ဖွဲ့

    ၁၉၃၆ ခုနှစ်က တမန်တော်နေ့ အခမ်းအနားမှ ဗမာမွတ်စလင်မ် အပျော်တမ်း ရဲတပ်ဖွဲ့


    ၁၉၃၆ ခုနှစ်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် တမန်တော်နေ့ အခမ်းအနားမှ ဗမာမွတ်စလင်မ် အပျော်တမ်း ရဲတပ်ဖွဲ့၏ ဓါတ်ပုံ

    ဓါတ်ပုံ- ဦးမောင်မောင်ကြီး(မန်း)

    Image via- ကိုယ် ရံ တော် FB

  • တမန်တော်နေ့ အထိမ်းအမှတ် ပြင်ဦးလွင်မှာ ဘာသာပေါင်းစုံ စုပေါင်းသွေးလှူ

    တမန်တော်နေ့ အထိမ်းအမှတ် ပြင်ဦးလွင်မှာ ဘာသာပေါင်းစုံ စုပေါင်းသွေးလှူ

    ဇန်နဝါရီ ၁၂ ၊ ၂၀၁၇
    M-Media
    သတင်း-သီဟ
    .

    (၁၄၉၁)နှစ်မြောက် တမန်တော်နေ့ အထိမ်းအမှတ်အဖြစ် ဘာသာပေါင်းစုံ စုပေါင်းသွေးလှူဒါန်းပွဲ တရပ်ကို ဇန်နဝါရီ ၁၂ နေ့တွင်  ပြင်ဦးလွင်မြို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
    .
    ပြင်ဦးလွင်မြို့နယ်လုံးဆိုင်ရာ မဟာ တမန်တော်နေ့ကျင်းပရေး ဗဟိုကော်မတီမှ ဦးစီး၍ ပြင်ဦးလွင်မြို့နယ် ဗိုလ်ချုပ်လမ်း”Royal Diamond ခန်းမ တွင် ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပြီး လူပေါင်း ၃၀ ကျော် ပါဝင်၍ သွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
    .
    ယခုကဲ့သို့ တမန်တော်နေ့ အထိမ်းအမှတ် ဘာသာပေါင်းစုံ စုပေါင်းသွေးလှူဒါန်းမှုမှာ ဒုတိယအကြိမ်မြောက်ဖြစ်ကြောင်းသိရှိရသည်။


    ဓါတ်ပုံများကို Khin Mg Aye ၏ FB စာမျက်နှာမှ ရယူဖော်ပြပါသည်။

     

  • “ သမီးကို ဒီနှစ်ကော ဆေးတက္ကသိုလ် ဝင်ခွင့် ပိတ်ပင်ဦးမှာလား ဝန်ကြီးမင်း”

    “ သမီးကို ဒီနှစ်ကော ဆေးတက္ကသိုလ် ဝင်ခွင့် ပိတ်ပင်ဦးမှာလား ဝန်ကြီးမင်း”

    ဇန်နဝါရီ ၁၁ ၊ ၂၀၁၇
    ဂျက်ဖရီတင်အုန်း (R.I.T ရန်ကုန်စက်မှု့တက္ကသိုလ်) ရေးသည်။

    ကမ္ဘာပေါ်ရှိ တက္ကသိုလ်၊ကောလိပ် အများဆုံး တိုင်းပြည်များမှာ အမေရိကန်ပြည်ထောင်စု နှင့်အနောက်နိုင်ငံများဖြစ်ကြပါသည်။ ထိုကမ္ဘာ့ တက္ကသိုလ်၊ကောလိပ်များတွင် သင်ကြားပေးနေ သော၊ ဘာသာရပ်ပေါင်းမှာ ၆၀၀၀ကျော်ရှိပါသည်။ “ပညာမြင့်မှနိုင်ငံတင့်မည်” ကို ယုံကြည်သော ကြောင့်လည်း ထိုနိုင်ငံများသည် နိုင်ငံတော်၏ ဘဏ္ဍာငွေအများစုကို ပညာရေးအတွက် ပိုမိုသုံးစွဲ နေကြသည်ကို လေ့လာ မိသည်။ လက်ရှိ မြန်မာအစိုးရ အတုယူသင့်ပေသည်။

    အမေရိကန်၊ အင်္ဂလန်၊ သြစတေးလျ၊ပြင်သစ်၊ဂျာမဏီ၊စင်္ကာပူ၊မလေးရှား၊ထိုင်း စသည့် နိုင်ငံများတွင် ပညာသင်ကြားရေး အခွင့်အလမ်းများနှင့်ပတ်သက်၍  ပညာရေးပြပွဲများကို မြန်မာ နိုင်ငံ၏ မြို့ကြီး၊ပြကြီးများတွင် အကြီးအကျယ် လုပ်လာကြသည်ကို သတိထားမိသည်။ထိုနိုင်ငံ တကာ တက္ကသိုလ်၊ကောလိပ်များတွင် တက်ရောက်ခွင့်ရရှိရေးအတွက် IELTS, TOFEL,GCSE စသည့် စာမေးပွဲအင်္ဂလိပ်စာရမှတ်များကိုသာ စံထား၍ အဓိကကြည့်၍ တက္ကသိုလ်၊ကောလိပ် ဝင်ခွင့်များကို လက်ခံပေးပါသည်။ လူမျိုး၊ကိုးကွယ်သည့်ဘာသာ၊ အသားအရောင်၊မိမိနိုင်ငံသား ဖြစ်ခြင်း၊မဖြစ်ခြင်း၊မှတ်ပုံတင်ရှိခြင်း၊မရှိခြင်း တို့ဖြင့်တိုင်းတာ၍ တက္ကသိုလ်၊ကောလိပ်များတွင် ပညာသင်စေခြင်း၊ဘွဲ့အပ်နှင်းခြင်း၊အလုပ်အကိုင်များပေးခြင်းတို့ကို လုပ်ဆောင်လေ့မရှိကြောင်း
    စာရေးသူ သတိပြုမိပါသည်။ အရည်အချင်းရှိသူကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုနေရာပေးလေ့ ရှိသောကြောင့်လည်း အမေရိကန်လို လူဖြူအများအပြားနေထိုင်ရာနိုင်ငံကြီးတွင် လူမဲကပြားသွေးနှော သမ္မတကြီး ဟူစိန်ဘားရက်အိုဘားမားသည်ပင်လျှင် သမ္မတ သက်တမ်း (၂) ကြိမ် တိုင်တိုင် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရလေသည်။ အမေရိကန်နိုင်ငံ၏ နံပါတ်တစ် အဆင့်ရှိ ဟားမားတက္ကသိုလ်ကို တက်ခွင့်ရခဲ့သည့် ဥပဒေပညာရှင် ပါမောက္ခတစ်ဦးဖြစ်ခဲ့သည်။ “သွေးနှော” ဖြစ်၍ ပညာရေး၊နိုင်ငံရေးတွင် ခွဲခြားဆက်ဆံခြင်း မခံရသည့် သက်သေလက္ခဏာ တစ်ရပ်ဖြစ်ပေ သည်။ အမေရိကန်လူမျိုးတို့၏ စိတ်ဓာတ်မျိုးကို စာရေးသူ အမှန်တကယ် ချီးကျူးမိပါသည်။

    သို့သော် နှစ်ပေါင်း ၅၀ ကျော် စစ်အာဏာရှင်တို့၏ လိုသလိုပညာရေးတွင် ချုပ်ကိုင်ချယ် လှယ်ခြင်း ခံရသည့် မြန်မာ့ ပညာရေးလောကတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးတွင် ရမှတ် ကောင်း၍ အသက်မွေးဝမ်းကြောင်း တက္ကသိုလ်တစ်ခုခုကို တက်ခွင့်ရရေးအတွက် ကျောင်းသား မိဘနှစ်ဦးစလုံးသည် လူဝင်မှု့ကြီးကြပ်ရေး “လဝက” မှထုတ်ပေးသော နိုင်ငံသားစိစစ်ရေးကတ် ပန်းရောင် (သို့မဟုတ်) နိုင်ငံသားပြုကတ်အစိမ်းရောင် (သို့မဟုတ်)ဧည့်နိုင်ငံသားကတ် အပြာရောင်တစ်မျိုးမျိုးကို လက်ဝယ်ကိုင်ဆောင်ထားရမည့်အပြင် ဝင်ခွင့်လျှောက်ထားသူသည်လည်း အထက်ပါ ကတ်တစ်မျိုးမျိုးကို ရရှိထား ရမည်ဖြစ်သည်။ နိုင်ငံသားကတ်လျှောက်ထားသူများအနေ ဖြင့် သက်ဆိုင်ရာ မြို့နယ် “လဝက” ဦးစီး၏ထောက်ခံချက်မူရင်းကို တင်ပြလျှောက်ထားရမည်ဖြစ် သည်။ သို့မဟုတ်ပါက မိမိမျှော်မှန်းထားသည့်တက္ကသိုလ်ကို ကျောခိုင်းရမည်ဖြစ်သည်။လက်ပြနှုတ် ဆက်ရမည်။

    ပညာရေးဝန်ကြီးဌာနကို လူဝင်မှုကြီးကြပ် “လဝက” နှင့်ချိတ်ဆက်ပြီး ကိုးကွယ်သည့် ဘာသာကို အကြောင်းပြု၍နိုင်ငံသား ကတ်ပေးခြင်းကို ခွဲခြားဆက်ဆံခံရသည့် ကျောင်းသားကျောင်းသူ အချို့သည် ဆေးတက္ကသိုလ်ဝင်ခွင့် လျှောက်ထားခဲ့သော်လည်း ၂၀၁၆ ခု ဆေးဝင် ခွင့်စာရင်းထဲတွင် ယခုအချိန်ထိ တက်ရောက်ခွင့်မရကြသေးဘဲ “မျှော်လေတိုင်း မှိုင်းရီ” ဖြစ်နေ ကြပါသည်။

    လက်တွေ့ဖြစ်ရပ်မှန်တစ်ခုကို တင်ပြရလျှင် ရန်ကုန်တိုင်းဒေသကြီး၊လှိုင်မြို့နယ်၊ တိုက်အ မှတ် ၁၅၅/ဘီ၊အခန်း ၅၂၊ (၈)ရပ်ကွက်တွင်နေထိုင်သူ ဦးဇော်မင်း (နိုင်/ပြု)၏ သမီး မနှင်းနှင်းဝေ သည် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၂၀၁၄-၂၀၁၅ခု ပညာသင်နှစ်တွင် အ.ထ.က (၂) လှိုင်မှဝင်ရောက်ဖြေဆိုခဲ့ရာ ၅ဘာသာဂုဏ်ထူးကို အမှတ်ပေါင်း ၅၂၇ မှတ် ဖြင့်အောင်မြင်ခဲ့ပါသည်။

    ဆရာဝန်ဖြစ်ချင်သောကြောင့် ဆေးတက္ကသိုလ်တစ်ခုတည်းကိုသာ လျှောက်ထားခဲ့ပါသည်။ဆေး တက္ကသိုလ်ဝင်ခွှင့်ထက် များစွာကျော်လွန်ခဲ့သော်လည်း နိုင်ငံသားကတ် လျှောက်ထားခြင်းမရှိခဲ့၍  “လဝက” ၏ထောက်ခံစာကို အချိန်မှီ ပို့ပေးနိုင်ခဲ့ခြင်း မရှိသောကြောင့် ၂၀၁၅ ခု ဆေးတက္ကသိုလ် တက်ခွင့်ဆုံးရှုံးခဲ့ပါသည်။

    ထို့ကြောင့်လည်း မနှင်းနှင်းဝေ၏ မိခင်ဒေါ်လှကြည် (MYGN-003182) ၃ခေါက်ချိုးမှတ်ပုံ တင် ကိုင်ဆောင်သူနှင့် မနှင်းနှင်းဝေတို့သည် လှိုင်မြို့နယ် “လဝက” ရုံး၌ နိုင်ငံသား မှတ်ပုံတင်များ ကို ၁၉၈၂ခု မြန်မာနိုင်ငံသား ဥပဒေ လုပ်ထုံးလုပ်နည်းအတိုင်း ကြိုးစား၍ မှတ်ပုံတင်များကိုလျှောက်     ထားခဲ့ပါသည်။ ဒါကြောင့်လည်း “လဝက” ဦးစီးက ဒေါ်လှကြည် နှင့် သမီးမနှင်းနှင်းဝေအား နိုင်ငံ သားကတ်လျှောက်ထားကြောင်း ထောက်ခံစာများကို ၂၀၁၆ခု စက်တင်ဘာလတွင် ပြုလုပ်ပေးခဲ့ပါ သည်။ “လဝက”မှပေးသော ထိုထောက်ခံစာ ၂ ခုကို ၂၀၁၆ခုနှစ် ဆေးတက္ကသိုလ် ဝင်ခွင့်အမှီ “အဆည” ညွှန်ကြားရေးမှူး ဒေါ်———— ဆီ ၊ ဖခင်ဖြစ်သူ ဦးဇော်မင်း ကိုယ်တိုင်ပေးအပ်ခဲ့ပါသည်။ ထူးခြားဖြစ်စဉ် ရှိလျှင် သိရှိရန်မကြာခဏ “အဆည” ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေး
    မှူးတို့ကိုတွေ့ဆုံမေးမြန်းခဲ့ပါသည်။ “ဒီနှစ် ကျိန်းသေ ဆေးကျောင်း တက်ရမည်ဖြစ်ကြောင်း “ဒီနှစ်ထောက်ခံစာ ၂ခုကို နေပြည်တော်ကို တင်ပြီးခဲ့ပြီဖြစ်ကြောင်းကို “အဆည” တာဝန်ရှိသူမှ ဦးဇော်မင်းအား ပြောကြားခဲ့ပါသည်။

    သို့သော် ဒီဇင်ဘာလ ၁၉ရက်၊၂၀၁၆ခုတွင် မြန်မာတစ်နိုင်ငံလုံး ရှိ ဆေးတက္ကသိုလ် ၅ခုစလုံးကိုဖွင့်လှစ်ခဲ့သော်လည်း နေပြည်တော် တင်ထားသည့် မနှင်းနှင်းဝေ၏ အမှုတွဲလျှောက်လွှာမှာ ယခုအချိန်အထိ ပြန်မကျသေးပေ။ ဇန်နဝါရီလ (၁၈) ရက်နေ့တွင် ဆေး တက္ကသိုလ် ဝင်ခွင့်များကို ပိတ်တော့မည်ဖြစ်သည်။ “မိအေး ၂ခါ” နာသလို ပညာရေးတွင် ဆုံးရှုံးနစ်နာတော့မည်ဖြစ်သည်။ ထိုမိသားစုအနေဖြင့် အချိန်ကုန်၊ငွေကုန်၊လူပမ်း၊စိတ်ပမ်း ဖြစ်ရတော့မည့် အခြေအနေတွင် ဆိုက်ရောက်နေကြောင်း စာရေးသူ သတိပြုမိပါသည်။ ပညာရေးဝန်ကြီးဌာနမှဝန်ထမ်းများ အချိန်နှင့် တပြေးညီ အလုပ်မလုပ်မှန်းပေါ်လွင်သည်။

    မြန်မာနိုင်ငံတွင် မည်သည့် မှတ်ပုံတင်ကတ်မျှ ကိုင်ဆောင်ထားခြင်း မရှိသော်လည်း တိုင်းရင်းသားများ၊နိုင်ငံသားများ အမြောက်အမြားရှိနေပါသည်။ ဥပမာ “၂၀၀၈ နာဂစ်မုန်တိုင်း”ကြောင့် မုန်တိုင်းသင့်ဒေသနေ ပြည်သူများ၏ သားသမီးများ၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ကရင်ပြည်နယ် စသည့် “စစ်ဖြစ်ပွားရာ ဒေသများရှိ ကျောင်းသား၊ကျောင်းသူများ၊ မီး၊ရေ၊လေရန်သူမျိုး (၅)ပါးကြောင့် လက်ဝယ်၌ မည်သည့် သက်သေ၊ မှတ်ပုံတင်ကတ်ပြားမျှ ကိုင်ဆောင်ထားခြင်းမရှိသူများ၏ ရင်သွေး ထူးချွန်သူများသည် နိုင်ငံသား စစ်စစ်များဖြစ်ကြသော်လည်း “နိုင်၊ပြု၊ဧည့်” ကတ်ပြားတစ်ခုမျှ မရှိကြတော့ပေ။ ထို့ကြောင့် အသက်မွေးဝမ်းကြောင်း တက္ကသိုလ်တက်ခွင့်များ၊ နှစ်စဉ် ဆုံးရှုံးနေရခြင်းသည် နိုင်ငံ၏အနာဂတ်အတွက် လုံးဝအနှုတ်လက္ခဏာဘက်ကို ပြဆိုနေပေသည်။

    ပညာရေးဌာန နှင့် “လဝက”ဌာန ကို ချိတ်ဆက်ပြီး တက္ကသိုလ်ဝင်ခွင့်ကို လက်ခံခြင်း၊ဘွဲ့လက်မှတ်ပေးခြင်း၊ ဘွဲ့နှင်းသဘင် အခမ်းအနားများကို တက်ခွင့်ပြုခြင်း စသည်တို့သည် အနာဂတ်လူငယ်မျိုးဆက်သစ် လူငယ်များ၏ တက်လမ်းကို ပိတ်ပင်ခြင်း၊ ဆူးငြောင့်ခလုတ်၊ အဟန့်အတားများ၊ ကြိုတင်စီမံ လုပ်ဆောင်ရာရောက်ခြင်း၊ နိုင်ငံချစ်စိတ်ကို ပျောက်ပျက်အောင်
    လုပ်ခြင်း နိုင်ငံ ပုံရိပ်ကို နိုင်ငံတကာ အလယ်တွင် ကျဆင်းအောင်ပြုလုပ်ခြင်း ဖြစ်သည်ဟု  ကင်းဘရစ်ဂ်ျ တက္ကသိုလ် ပါမောက္ခဟောင်း ဒေါက်တာ ဒေးဗစ်စမသ်က နယူးယော့တိုင်း သတင်းစာကြီးတွင် ရေးခဲ့ဖူးကြောင်း စာရေးသူ မီဒီယာတစ်ခုတွင်ဖတ်ခဲ့ဖူးပါသည်။

    မြန်မာနိုင်ငံတွင် ပြည်သူ့အခွန်စား ဌာနဆိုင်ရာ အတော်များများ၏ အရာရှိဆိုသူများသည် အကျင့်ပျက်၊ ခြစား၊ လာဘ်ပေးလာဘ် ယူမှု့များကို ယခုအစိုးရ လက်ထက်တိုင် ပုံစံအမျိုးမျိုးဖြင့် ကျူးလွန်နေဆဲဖြစ်ပါသည်။ ပြည်သူလူထု၏ အရေးကိစ္စနှင့် ပတ်သက်လာလျှင် တာယန်ယူမှု၊ တာဝန်ခံမှု၊တာဝန်သိမှု စိတ်ဓာတ်များ “ကြက်ပျောက်၊ ငှက်ပျောက်” ပျောက်နေကြသည်ဟု စာရေး သူ သုံးသပ်မိပါသည်။

    ထို့ကြောင့်လည်း စက်တင်ဘာလ ကတည်းက ပညာရေးဌာနကို “လဝက” ရဲ့နိုင်ငံသားလျှောက်ထားကြောင်း မူရင်းစာရွက်လေးကို အထက် အဆင့်ဆင့်တင် သဘောထားမှတ်ချက် တောင်း ဟိုပို့ ဒီပို့ အလုပ်ရှုပ်ပြီး ယခုအချိန်ထိ ထူးမခြားနားသေး ဖြစ်နေ ရခြင်းသည် မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန ၏အချိန်နှင့် တပြေးညီ လုပ်ငန်းကိစ္စများကို အကောင်အထည်မဖော်နိုင်သေး ကြောင်း အထက်အောက် စီမံခန့်ခွဲမှု့များ ညံ့နေသေးကြောင်းကို ပညာရေးတွင် အမှန်တကယ် နစ်နာသူကျောင်းသူလေး မနှင်းနှင်းဝေရဲ့ ဆေးတက္ကသိုလ်ဝင်ခွင့် လျှောက်လွှာက သက်သေထူ နေပါကြောင်း မီးမှောင်းထိုး တင်ပြလိုက်ပါသည်။

    ဂျက်ဖရီတင်အုန်း (R.I.T ရန်ကုန်စက်မှု့တက္ကသိုလ်)

    ဆက်စပ် အကြောင်းအရာများဖတ်ဖို့
    —————————–
    အမှတ်မှီပေမယ့် မှတ်ပုံတင်မရှိလို့ ဆေးတက္ကသိုလ် တက်ခွင့်မရတဲ့ ကျောင်းသူလေး မှ နိုင်ငံတော်ခေါင်းဆောင်များထံ မေတ္တာရပ်ခံစာပို့
    http://www.m-mediagroup.com/news/58469

    လဝက ထောက်ခံချက် ပါသည့်တိုင်အောင် ဆေးကျောင်းတက်ခွင့် မရသေးတဲ့ ကျောင်းသူလေး
    http://www.m-mediagroup.com/news/64061