News @ M-Media

Author: editor

  • အမေရိကန် ပြည်သူတွေနားထဲ သံချို  သွေးတဲ့ ဒေါ်နယ်ထရမ့်ရဲ့ တေးသံသာ

    အမေရိကန် ပြည်သူတွေနားထဲ သံချို သွေးတဲ့ ဒေါ်နယ်ထရမ့်ရဲ့ တေးသံသာ

    နိုဝင်ဘာ ၁၁ ၊ ၂၀၁၆
    M-Media
    မောင်ရဲဝင်း(တောင်ကြီး) ရေးသည်။

    Republican presidential candidate Donald Trump turns around to supporters behind him as he speaks before a crowd of over 3,500 Saturday, July 11, 2015, in Phoenix. (AP Photo/Ross D. Franklin)
    (AP Photo/Ross D. Franklin)

    နိုဝင်လာလ (၈) ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အမေရိကန်ရွေးကောက်ပွဲရလဒ်ဟာ ကမ္ဘာကြီးကို အံ့သြစေခဲ့ပါတယ်။  အမေရိကနိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ရမယ်ဆိုတဲ့ ကျောရိုးကို အခြေခံပြီးထား မဲဆွယ်စည်းရုံးတဲ့အတွက် ရီပါပလစ်ကန်ပါတီဟာ မဲဆန္ဒနယ်အများစုမှာ အနိုင်ရ ခဲ့ကြတာပါ။

    ရီပါပလစ်ကန်ပါတီက ဒေါ်နယ်ထရမ့်ဟာ ရွေးကောက်ပွဲမဲဆွယ်ရာမှာနိုင်ငံနဲ့ လူမျိုးကို ကာကွယ်ရမယ်၊ ပြည်သူတွေရဲ့ လုံခြုံရေးကို ရှေ့ရှုရမယ်၊ အကြမ်းဖက်ရန်က ကာကွယ်ရမယ်၊ လူဝင်မှုကြီးကြပ်ရေးကိစ္စ ထိန်းချုပ်ရမယ်၊ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုကို ဦးစားပေးရမယ်၊ ဖွံ့ဖြိုးတိုးတက်မှုကိုတားဆီးနေတဲ့ နိုင်ငံရေး လုပ်ထုံးလုပ်နည်းတွေကို ဖယ်ရှား ပစ် ရမယ် ဆိုတဲ့ ကြွေးကြော်သံများနဲ့ မဲဆွယ်ခဲ့ပါတယ်။

    တဘက်မှာလည်း ဒေါ်နယ်ထရမ့်ရဲ့ မက္ကဆီကန် လူမျိုးတွေကိုတားဆီးမယ့်ကိစ္စ၊ အစ္စလာမ်ဘာသာဝင်တွေကို ထိန်းချုပ်မယ့်ကိစ္စ၊ အမျိုးသမီးတွေကို ချိုးနှိမ်တဲ့ကိစ္စ၊ လူမည်းတွေကို အထင်သေးတဲ့ကိစ္စတွေကလည်း တကမ္ဘာလုံးရဲ့ အာရုံစူစိုက်မှုကို ရရှိခဲ့ပါတယ်။

    အပြောအဆိုကြမ်းတမ်းပြီး တကိုယ်ကောင်းဆန်တဲ့ ဒေါ်နယ်ထရမ့်၊ လူမုန်းများပါတယ်ဆိုတဲ့ ဒေါ်နယ်ထရမ့် ဟာ နိုင်ငံရေးဝါရင့် အမျိုးသမီးကြီး ဟယ်လရီကလင်တန်အပေါ် အသာစီးရသွားတာကို စာနယ်ဇင်းသမားတွေနဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး ပညာရှင်တွေ တောင် မယုံနိုင်လောက်အောင်ဖြစ်ရပါတယ်။ သေခြာတာကတော့ ဒေါ်နယ်ထရမ့်ဟာ (၄၅) ယောက်မြောက် အမေရိကန် သမ္မတဖြစ်လာ ခဲ့ပြီဆိုတာပါပဲ။

    ဘာ့ကြောင့် ဒေါ်နယ်ထရမ့် က ဟယ်လရီကလင်တန်အပေါ်အသာစီးရသွားတာလဲ၊ သူ ဘာတွေပြောခဲ့လို့ အများစုမဲကို ရယူနိုင်ခဲ့တာလဲ၊ ဒေါ်နယ်ထရမ့်ရဲ့အောင်ပွဲ အရင်းအမြစ်ကို ပြန်လည်သုံးသပ် ကြည့်ကြရအောင်။

    ရီပါပလစ်ကန်ပါတီကို ကိုယ်စားပြုဖို့အတွက် ပါတီတွင်းရွေးချယ်တဲ့အခါမှာ ဝါရင့်နိုင်ငံရေးသမားတွေကို အောင်နိုင်ခဲ့ပြီးတဲ့နောက် ပြိုင်ဘက်ပါတီက ဟယ်လရီကိုပါ အနိုင်ရသွားတာတဲ့  ဒေါ်နယ်ထရမ့်ဟာ နိုင်ငံရေးလောက ထဲကို ဗျူဟာ အသစ်အဆန်းတွေ သယ်ဆောင်လာခဲ့သူဖြစ်ပါတယ်။ အမျိုးသားရေးဝါဒကို အခြေခံပြီး ဒေါ်နယ်ထရမ့်ကို လက်ခံကြသူတွေရှိပေမယ့် သူအနိုင်ရလိုက်တာဟာ အမျိုးသားရေးဝါဒကြောင့်လည်း မဟုတ်၊ အစ္စလာမ်ကြောက်တရားကြောင့်လည်း မဟုတ်၊ အမျိုးသမီး သမ္မတတင်ဖို့ အဆင့်သင့်မဖြစ်လို့လည်း မဟုတ်ပါဘူး။

    သမ္မတဘေလ်ကလင်တန်၊ သမ္မတအိုဘားမားတို့ရဲ့ ဦးဆောင်မှုအောင်မှာ ချွတ်ခြုံကျရတဲ့ ပြည်သူတွေရဲ့ ခံစားချက်တွေကို ထင်ဟပ်စေတဲ့ မူဝါဒတွေကို ရှေ့တန်းတင်တဲ့အတွက် ဒေါ်နယ်ထရမ့်ရဲ့ ပြောဆိုစည်းရုံးမှုတိုင်းဟာ နေ့စဉ်ရုန်းကန်နေရဲ့တဲ့ ဘဝကို စိတ်ကုန်ပြီး အပြောင်းအလဲတွေကို ဆာလောင်နေတဲ့ အလုပ်သမား လူတန်းစားရဲ့နားထဲ တယောထိုးသံတွေလို သာယာသွားခဲ့စေ လို့ပဲ  ဖြစ်ပါတယ်။

    အမေရိကန် ပထမဦးစားပေး
    —————————-
    ဒေါ်နယ်ဟာ “အမေရိကန်နိုင်ငံကို အင်အားကြီးအောင်ပြန်လုပ်မယ်” လို့ ကြွေးကြော်ချက်နဲ့အစပြုပြီး နိုင်ငံရေးလောကထဲကို ခြေစုံပစ်ဝင်လာခဲ့တာ ဖြစ်ပါတယ်။ ယခင် သမ္မတတွေ၊ နိုင်ငံရေးသမားတွေရဲ့ ပျော့ညံ့မှုကြောင့် အမေရိကန်နိုင်ငံဟာ အဘက်ဘက်မှာ နောက်ကျကျန်နေရပြီလို့ စည်းရုံးရေးခရီးတွေမှာ မကြာခဏပြောပါတယ်။ အမေရိကန်နိုင်ငံဟာ ကမ္ဘာမှာ ကယ်တင်ရှင်ကြီးလုပ်ပြီး သံတမန်ရေးတွေနဲ့ နိုင်ငံခြားဆက်ဆံရေးတွေ တည်ဆောက်နေပေမယ့် ရသင့်ရထိုက်တဲ့ အကျိုးအမြတ်မရရှိဘူးလို့ ယူဆသူဖြစ်ပါတယ်။ ဒါကြောင့် ဥရောပနဲ့ အာရှနိုင်ငံတွေမှာ  အမေရိကန်ရဲ့ လိုအပ်ချက်တွေကိုအရင်မဖြည့်စီးပေးရင် စစ်ရေး အကူအညီပေးနေတာတွေ၊ ငွေကြေး အကူအညီပေးနေ တာတွေ ပြန်ရုပ်သိမ်းမယ်၊ စီးပွားရေး အကျိုးမရှိရင် ဘာအကူအညီမှ  မပေးဘူးလို့ ကြုံးဝါးထားပါတယ်။ အမေရိကန်သမ္မတဟာ အမေရိကန်ပြည်သူတွေအတွက်သာဖြစ်ရမယ်ဆိုတဲ့ သူ့ရဲ့ ရပ်တည်ချက်က အခြေခံလူတန်းစား အမေရိကန်ပြည်သူတွေနားထဲ နာဝင်ချိုတဲ့  စကားတွေဖြစ်ပါတယ်။

    သမ္မတ ဘေလ်ကလင်တန်လက်ထက်က မက္ကဆီကို၊ အမေရိကန်နဲ့ ကနေဒါ နိုင်ငံတို့အကြားချုပ်ဆိုခဲ့တဲ့ မြောက်အမေရိက လွတ်လပ်စွာကုန်သွယ်ရေးစာချုပ် (NAFTA) ရဲ့ အကျိုးဆက်ကြောင့် အမေရိကန်နိုင်ငံက စက်ရုံအလုပ်ရုံတွေ ပိတ်၊ မက္ကဆီကိုနိုင်ငံကို ရွေ့ပြောင်းသွားခဲ့ပါတယ်။ သန်းပေါင်းများစွာသော ပြည်သူတွေ အလုပ်လက်မဲဖြစ်ရပြီး အမေရိကန်စီးပွားရေးကို ထိခိုက်စေခဲ့ပါတယ်။

    အထူးသဖြင့် ဝစ္စကန်ဆင်၊ မီချီဂန်နဲ့ အိုဟိုင်းရိုးပြည်နယ်တွေက မော်တော် ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းတွေကို အကြီးအကျယ်ထိခိုက်ခဲ့ပါတယ်။ သမ္မတဘေလ် ကလင်တန်နဲ့ သူချုပ်ဆိုခဲ့တဲ့ ကုန်သွယ်ရေးစာချုပ်ကို အဲဒီပြည်နယ်မှာနေထိုင်သူတွေ အခဲမကျေသေးဘူးဆိုတဲ့အချက်ကို ဒေါ်နယ် အသုံးချနိုင်ခဲ့ပါတယ်။

    ဒီစာချုပ်ကို ပြန်စစ်ဆေးမယ်။ ပြန်ပြီး ညှိနှိုင်းမယ်။ အမေရိကန်ဘက်က လိုချင်တာ မရရင် ဖျက်မယ်။ တခြားကုန်သွယ်ရေးစာချုပ်တွေကို ပြန်စိစစ်မယ်။ ပြည်တွင်းက စက်ရုံတွေပိတ်ပြီး နိုင်ငံရပ်ခြားကိုပြောင်းရွေ့တဲ့ ကုမ္ပဏီတွေကို ဒဏ်ခတ်မယ်။ အမေရိကန်ဈေးကွက်ထဲ ဝင်လာတဲ့ တရုတ်ပစ္စည်းတွေကို အခွန်တွေ တိုးကောက်မယ်။ ပြည်တွင်းဖြစ်ကိုအားပေးမယ်။

    တံခါးဖွင့် စီးပွားရေးဆိုတာ အမေရိကန်ပြည်သူတွေအတွက် အကျိုးရှိမှသာ ဖွင့်သင့်သလောက်ဖွင့်မယ်ဆိုတဲ့ ယူဆချက်က စက်ရုံအလုပ်ရုံတွေကို မှီခိုနေကြတဲ့ အလုပ်သမား လူတန်းစားတွေ အကြိုက်ပါပဲ။ ဒါကြောင့် ယခင် ရီပါပလစ်ကန်ပါတီ သမ္မတလောင်းတွေ ဖြစ်တဲ့ ဂျွန်မကိန်းနဲ့ မိဒ်ရောမ်နီ တို့မစည်းရုံးနိုင်ခဲ့တဲ့ ဝစ္စကန်ဆင်၊ မီချီဂန်နဲ့ အိုဟိုင်းရိုးပြည်နယ်တွေကို ဒေါ်နယ်ထရမ့် အနိုင်ရယူပြလိုက်နိုင်တာ ဖြစ်ပါတယ်။

    နိုင်ငံခြားရေးပေါ်လစီမှာလည်း အမေရိကန်နိုင်ငံသည်သာ ပထမ ဦးစားပေးဖြစ်ရမယ်လို့ ကြွေးကြော်ချက်ဟာ ကမ္ဘာ့အလယ်မှာ အမေရိကန်နိုင်ငံရဲ့အင်အားလျော့ကျနေပြီလို့ ခံစားနေရတဲ့  ပြည်သူတွေအဖို့ မျှော်လင့်ချက် တရပ်ဖြစ်စေခဲ့ပါတယ်။

    အိုဘားမားကို သမိုင်းကဖျောက်မယ်
    ————————————-
    သမ္မတအိုဘားမားကို အားမလိုအားမရဖြစ်နေတဲ့ အမေရိကန်ပြည်သူတွေရဲ့ ခံစားချက်ကို ဖမ်းစားနိုင်ဖို့ရာအတွက် ‘အိုဘားမားရဲ့ အမိန်ကြေညာချက်တွေကို ပယ်ဖျက်မယ်၊ အိုဘားမားကို သမိုင်းထဲက ဖျောက်မယ်’ လို့ ပြောဆို စည်းရုံးခဲ့ပါတယ်။ အဲဒီအပြင် အိုဘားမားရဲ့ နိုင်ငံခြားဆက်ဆံရေး ပျော့ပျောင်းမှုတွေ၊ ဆီးရီးယား ဒုက္ခသည်တွေကို ကူညီပေးမှုတွေ၊
    စီးပွားရေး တိုးတက်မှုနှုန်းနှေးတာတွေ ကိုလည်း ဒေါ်နယ်ထရမ့်က ပြစ်တင်ဝေဖန်ပြီး သူဟာ ပြည်သူတွေနဲ့ အမြင်တူတယ်ဆိုတဲ့ အချက်ကို ပြသနိုင်ခဲ့တယ်။

    အိုဘားမား သက်တမ်း (၈) နှစ်တာကာလ အတွင်း စီးပွားရေးတည်ငြိမ်လာပေမယ့် သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ မတွေ့မြင်ရဘူးလို့ လူများစုကခံစားလာကြ ပါတယ်။ အမေရိကနိုင်ငံရဲ့ GDP တိုးတက်နှုန်းဟာ လွန်ခဲ့တဲ့ (၅) နှစ်အတွင်း နှစ်စဉ် ၂ ရာခိုင်နှုန်းကျော်ကျော်လေးသာရှိနေခဲ့ပါတယ်။ ယခု ၂၀၁၆ မှာ တိုးတက်မှုနှုန်းလျော့နေမယ်လို့ ခန့်မှန်းချက်တွေထွက်ပေါ်လာနေတာတဲ့အပြင် တရုတ်နိုင်ငံကို စီးပွားရေးအရ ရှုံးနိမ့် စပြုနေပြီလို့ အမေရိကန်ပြည်သူတွေ မှတ်ယူထားကြပါတယ်။

    အမေရိကန်ပြည်သူအများစု မနှစ်သက်တာကတော့ အိုဘားမားကဲ (ObamaCare) လို့ခေါ်တဲ့ ကျန်းမာရေး အာမခံအစီအစဉ်ပဲဖြစ်ပါတယ်။ အလုပ်ရှင်တွေကို မဖြစ်မနေ ကျန်းမာရေးအာမခံစီစဉ်ပေးဖို့  ၂၀၁၅ ခုနှစ်ကစပြီး ဥပဒေအရပြဋ္ဌာန်းထားပြီး၊ ကျန်းမာရေးအာမခံ မစီစဉ်ပေးရင် အလုပ်ရှင်ကို ဒဏ်ရိုက်မယ် (ဒါမှမဟုတ်) စီစဉ်ထားပေးလျက်သားနဲ့ အာမခံမဝယ်ရင်  အလုပ်သမားကိုဒဏ်ရိုက်မယ်လို့ ပါရှိပါတယ်။ ဒီအစီအစဉ်ကိုအစပြုတဲ့အချိန်က လွှတ်တော်မှာ ညှိနှိုင်းမရလို့ အစိုးရရုံးတွေ ပိတ်ရတဲ့အထိ ဖြစ်ခဲ့ပါသေးတယ်။ အသုံးမတည့်တဲ့ ကျန်းမာရေး အာမခံကို  ဥပဒေပြုပြီး ဝယ်ခိုင်းတယ်လို့ ပြည်သူအများစုက ခံစားရတဲ့အတွက် အိုဘားမားကဲ ကို မနှစ်သက်ကြတာပါ။ ဒေါ်နယ်ထရမ့်က ဒါကို အကွက်ကောင်းယူပြီး သူအာဏာရရင် အိုဘားမားကဲ တခုလုံး ဖျက်သိမ်းပေးပါမယ်လို့ ပြောဆိုစည်းရုံးခဲ့တာပါ။

    တံတိုင်းခတ်မယ်၊ စစ်ဆေးမယ်
    ——————————-
    လူဝန်မှုကြီးကြပ်ရေး ကိစ္စရပ်အပေါ် ဒေါ်နယ်ထရမ့်ရဲ့ ရပ်တည်မှုဟာ အမေရိကန်ပြည်သူအများစုကို သိမ်းသွင်းနိုင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံနဲ့ နယ်ချင်းစပ်နေတဲ့ မက္ကစီကိုပြည်သူတွေ အမြောက်အများဟာ အမေရိကန်နိုင်ငံထဲ တိတ်တခိုးဝင်ရောက် နေထိုင်ကြပါတယ်။ မက္ကစီကို နယ်စပ်ကတဆင့် မူးယစ်ဆေးဝါးနဲ့ အတူ ဒုစရိတ်သမားတွေဝင်ရောက်နေတယ်လို့  အမေရိကန်ပြည်သူတွေက ယုံကြည်ကြပါတယ်။ ဒါကြောင့် တရားမဝင် ဝင်ရောက်နေထိုင်ကြတဲ့ မက္ကစီကန် လူမျိုးတွေကို သူတို့နိုင်ငံ ပြန်ပို့မယ်၊ နယ်စပ်တလျောက် တံတိုင်းကြီးတည်ဆောက်မယ်၊  ဒီတံတိုင်းရဲ့ ကုန်ကျစရိတ်ကိုလည်း မက္ကစီကန်အစိုးရကို ပေးခိုင်းမယ်လို့ မဲဆွယ်ကာလတလျောက်မှာ ပြောဆိုစည်းရုံးခဲ့ပါတယ်။

    ဒေါ်နယ်ထရမ့်ဟာ အမေရိကန်နိုင်ငံအတွင်းကို ဒုက္ခသည်တွေ ခေါ်သွင်းနေတဲ့ ကိစ္စကိုလည်း မလိုလားသူတယောက်ဖြစ်ပါတယ်။ အထူးသဖြင့် ဆီးရီးယား ဒုက္ခသည်တွေကို ခေါ်သွင်းမယ်ဆိုရင် အမေရိကန်ပြည်သူတွေရဲ့ လုံခြုံရေးစိုးရိမ်ရတယ်လို့ ပြောလေ့ရှိပါတယ်။ တဆက်တည်းမှာ ပြည်တွင်းက မွတ်စလင်တွေကို စောင့်ကြည့်ရမယ်၊ အစ္စလာမ်ဘာသာဝင် တွေကို ပြည်ဝင်ခွင့် ပိတ်ရမယ်၊ အကြမ်းဖက်ကိစ္စဖြေရှင်းပြီးမှ အစ္စလာမ်ဘာသာဝင်တွေကို ပြည်ဝင်ခွင့် ကိစ္စ ပြန်စဉ်းစားမယ် အစရှိသဖြင့် ပြောဆိုစည်းရုံးတာဟာလည်း အစ္စလာမ်ကြောက်ဝါဒအောက်မှာ နားယောင်နေတဲ့ အမေရိကန်ပြည်သူတွေ သဘောကျစေတဲ့အချက်ဖြစ်ခဲ့ပါတယ်။

    နိုင်ငံရေးစည်းဘောင်တွေ လွန်ဆန်သူ
    —————————————-
    ဒေါ်နယ်ဟာ နိုင်ငံရေးလောကထဲက မဟုတ်ပေမယ့် နိုင်ငံရေးသမားတွေနဲ့ နီးစပ်သူတစ်ဦးပါ။ လွန်ခဲ့တဲ့ အနှစ် (၃၀) အတွင်း တီဗီရှိုးတွေကတဆင့် လက်တွေ့ဖျော်ဖြေရေးသမားအဖြစ် လူသိများတဲ့ အမေရိကန် သူဌေးကြီးဖြစ်ပါတယ်။ နာမည်ကြီး သူဌေးတဦး အနေနဲ့ ငွေကုန်ခံပြီး ကြော်ငြာတွေနဲ့ ထွေထွေထူးထူး လုပ်နေစရာမလိုတဲ့အပြင် စည်းရုံးရေးမဲဆွဲပွဲတွေအတွက် တခြားလူတွေဆီ လက်ဝါးဖြန့်စရာ မလို၊ ဘယ်သူ့မျက်နှာမှထောက်ထားစရာမလို သူဖြစ်ပါတယ်။ ဒါကြောင့် စိတ်ထဲရှိတာလွတ်လွတ်လပ်လပ်ပြောမယ်၊ ပြောချင်တာပြောမယ်ဆိုတဲ့ သူရဲ့အမူအကျင့်ဟာ သာမန် အမြင်မှာ ကလေးဆန်ပြီး ရိုင်းစိုင်းတယ်လို့ထင်ကြပေမယ့် တခြားနိုင်ငံရေးသမားတွေနဲ့ မတူတာတော့အမှန်ပါပဲ။ ဖျော်ဖြေရေးသမား တယောက်အနေနဲ့  ပရိသတ် အကြိုက်ပြောတတ် တာကြောင့် သူ့ရဲ့ ထူးခြားတဲ့အမူအကျင့်ဟာ လူတွေကြားထဲ ရေပန်းစားလာခဲ့ပါတယ်။ နိုင်ငံရေးအရ သင့်မသင့်တွေ ကြည့်မနေဘဲ လုပ်စရာရှိတာလုပ်၊ ပြောစရာရှိတာပြောမယ်ဆိုတဲ့ သူ့ရဲ့ စရိုက်ဟာ မာယာများတဲ့နိုင်ငံရေးသမားတွေကို စိတ်ကုန်နေသူတွေအဖို့ အားကိုးစရာဖြစ်လာခဲ့ပါတယ်။

    ဟယ်လရီနဲ့ ဆန့်ကျင်ဘက်
    —————————
    ဒေါ်နယ်ထရမ့်လျောက်မယ့်ခရီးဟာ ဟယ်လရီလျောက်မယ့် ခရီးလမ်းကြောင်းနဲ့ အင်မတန်မှကွာဟလှပါတယ်။ ဟယ်လရီဟာ အိုဘားမားနဲ့ မူဝါဒရေးရာတွေမှာ သဘောထားကွဲလွဲမှုတွေရှိပေမယ့် ဟယ်လရီအနိုင်ရရင် အိုဘားမားလျောက်တဲ့ လမ်းပေါ်မှာ ဆက်လျှောက်နေမှာဖြစ်တယ်လို့ ယေဘုယအားဖြင့် ယူဆလို့ရပါတယ်။ ဒါကြောင့် ဟယ်လရီအနိုင်ရတာဟာ အိုဘားမားလက်အောက်မှာ ဆက်နေရသလို ပဲဖြစ်မယ်လို့ ဒေါ်နယ်ထရမ့် အပါအဝင် ရီပါပလစ်ကန်ခေါင်းဆောင်တွေက အမြဲပြောကြပါတယ်။ ဒီလိုပြောဆိုမှုဟာ အရင်ရွေးကောက်ပွဲမှာ အိုဘားမားကို မဲမပေးခဲ့သူတွေကို ထပ်မံဆွဲယူလိုက်တဲ့အပြင် အိုဘားမားကို မကြိုက်သူတွေကိုလည်း မဲဆွယ်စည်းရုံးလိုက်သလိုပါပဲ။

    စီးပွားရေးမူဝါဒတွေကိုကြည့်ရင် ဟယ်လရီက တံခါးဖွင့်ဝါဒကို ဆက်လက်ကျင့်သုံးသွားမှာဖြစ်ပြီး စီးပွားရေးလုပ်ငန်းပိုင်းဆိုင်ရာမူဝါဒတွေအပေါ် စည်းဘောင်တွေ တိုးချဲ့ရမယ်လို့ဆိုပါတယ်။

    ဒေါ်နယ်က ပြည်တွင်း စီးပွားရေးလွတ်လပ်မှုကို အားပေးမှာဖြစ်ပြီး စည်းဘောင်တွေကိုလျော့ချမယ်၊ သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေး တားမြစ်ချက်တွေကို ပယ်ဖျက်မယ်၊  ပြည်ပရဲ့ပြိုင်ဆိုင်မှုတွေကိုသာ ထိန်းချုပ်သွားမှာဖြစ်ပါတယ်။ ဟယ်လရီက သူလုပ်ချင်တဲ့လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်နိုင်ဖို့ အခွန်တွေကို တိုးမြင့်ဖို့လိုအပ်တယ်လို့ ပြောနေချိန်မှာ  ဒေါ်နယ်ဟာ တသီးပုဂ္ဂလဝင်ငွေရော စီးပွားရေး လုပ်ငန်းဝင်ငွေတွေအပေါ်မှာပါ အခွန်တွေလျော့ချသွားမှာဖြစ်တယ်၊ ဒါပေမယ့် နိုင်ငံခြားသွင်းကုန်တွေအပေါ်မှာတော့ အခွန်တိုးမယ်လို့ဆိုပါတယ်။

    ဒါကြောင့် ဒေါ်နယ်ထရမ့်ရဲ့အောင်ပွဲဟာ အမျိုးသားရေးဝါဒီကို အခြေခံတာမဟုတ်ဘဲ အမေရိကန်အခြေခံလူတန်းစားတွေ ကြားချင်၊ မြင်ချင်၊ ဖြစ်ချင်တာတွေကို အကောင်အထည်ဖော်ဆောင်ပေးမယ် ဆိုတဲ့ နိုင်ငံအကျိုးစီးပွားအပေါ် အခြေခံတဲ့တာဖြစ်လို့ ပြည်သူတွေနားထဲ သံချို သွေးတဲ့ တေးသံသာတွေဖြစ်လို့ ပါပဲ။ ပြောင်းလဲမှုကိုဆာလောင်နေတဲ့ အခြေခံပြည်သူ အလုပ်သမား လူတန်းစားရဲ့ အားပေးထောက်ခံမှုနဲ့ သူဌေးကြီးဒေါ်နယ်ထရမ့်က အောင်ပွဲဆင်ခဲ့ရခြင်းဖြစ်ပါတယ်။

    မောင်ရဲဝင်း (တောင်ကြီး)

  • အမေရိကန်ရွေးကောက်ပွဲမှာ အစ္စလာမ်ဘာသာဝင် လွှတ်တော်အမတ် (၂) ဦးအနိုင်ရ

    အမေရိကန်ရွေးကောက်ပွဲမှာ အစ္စလာမ်ဘာသာဝင် လွှတ်တော်အမတ် (၂) ဦးအနိုင်ရ

    နိုဝင်ဘာ ၁၀ ၊ ၂၀၁၆
    M-Media

    နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အမေရိကန်နိုင်ငံ အထွေထွေရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်အပါအဝင် ရီပါပလစ်ကန် ပါတီဘက်က အများစု အနိုင်ရရှိခဲ့ပါတယ်။ ဒီမိုကရက်တစ်ပါတီဝင်တွေဟာ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်တွေမှာ အမတ်ဦးရေအနည်းငယ်သာရရှိခဲ့ကြပါတယ်။ အနိုင်ရရှိတဲ့ ဒီမိုကရက်တစ်အမတ်တွေအနက် အစ္စလာမ် ဘာသာဝင် လွှတ်တော်အမတ် (၂) ဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။

    ဒီ (၂) ဦးကတော့ အခြားသူတွေမဟုတ်ပါဘူး။ မီနီဆိုးတားပြည်နယ်က ကီးသ် အက်လီဆမ် (Keith Ellison) နဲ့ အင်ဒီယားနားပြည်နယ်က အန်ဒရီ ခါဆမ် (André D. Carson) တို့ ပဲဖြစ်ပါတယ်။ သူတို့ (၂) ဦးဟာ လက်ရှိ အောက်လွှတ်အမတ်တွေဖြစ်ကြပြီး နောက် သက်တမ်း (၂) နှစ်အတွက် ထပ်မံ အနိုင်ရလိုက်ကြတာဖြစ်ပါတယ်။ ကီးသ် ဟာ မီနီယားပို့လစ်မြို့ပါဝင်တဲ့ မီနီဆိုးတားပြည်နယ်ရဲ့ မဲဆန္ဒနယ် (၅)မှ အနိုင်ရတာဖြစ်ပြီး၊ အန်ဒရီ ကတော့ အင်ဒီယားနားပို့လစ်မြို့ပါဝင်တဲ့ အင်းဒီယားနားပြည်နယ်ရဲ့ မဲဆန္ဒနယ် (၇)မှ အနိုင်ရတာဖြစ်ပါတယ်။

    keith-ellison
    ကီးသ် အက်လီဆမ် (Keith Ellison)

    အသက် (၅၃) နှစ်အရွယ်ရှိတဲ့ ကီးသ် အက်လီဆမ်ဟာ နိုဝင်ဘာလ ၂၀၀၆ ခုနှစ် ရွေးကောက်ပွဲကအနိုင်ရရှိခဲ့ပြီး ပထမဆုံး အစ္စလာမ်ဘာသာဝင် လွှတ်တော်အမတ်ဖြစ်လာခဲ့သူပါ။ သူဟာ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလမှာ သမ္မတဟောင်း သောမက် ဂျက်ဖဆင် ပိုင်ဆိုင်တဲ့ အင်္ဂလိပ်ဘာသာပြန် ကိုရ်အာန်ကျမ်းကို ကိုင်တွယ်ပြီး လွှတ်တော်မှာ တာဝန်ယူဖို့ ကျမ်းကျိန်ခဲ့သူဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ  ပြည်နယ်လွှတ်တော်မှာလည်း တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ဘောဂဗေဒဘွဲ့နဲ့ ရှေ့နေဘွဲ့တွေကို ဆွတ်ခူးရရှိထားသူဖြစ်ပါတယ်။

    andre_carson
    အန်ဒရီ ခါဆမ် (André D. Carson)

    အသက် (၄၂) နှစ်အရွယ်ရှိတဲ့ အန်ဒရီ ခါဆမ်ကတော့ ရဲအရာရှိ ဘဝကနေ မြို့နယ်လွှတ်တော်ထဲရောက်ရှိလာပြီး ၂၀၀၈ ခုနှစ်မှာ ဒုတိယမြောက် အစ္စလာမ်ဘာသာဝင် လွှတ်တော်အမတ်ဖြစ်လာခဲ့ပါတယ်။ အင်ဒီယားနားပို့လစ်မြို့ရဲ့ ဒီမိုကရက်တစ်ပါတီ ဥက္ကဌအဖြစ်လည်း တာဝန်ယူခဲ့ပါသေးတယ်။ အန်ဒရီဟာ ၁၉၃၈ခုနှစ် ကနေ ၂၀၀၇ခုနှစ် အထိ လွှတ်တော် ကိုယ်စားလှယ် ဂျူလီယာ ခါဆမ် ရဲ့မြေးဖြစ်ပြီး သူ့အဖိုး ကိုယ်စားပြုခဲ့တဲ့ မဲဆန္ဒနယ်မြေကို ဆက်လက်ကိုယ်စားပြုနေသူဖြစ်ပါတယ်။

    ကီးသ် နဲ့ အန်ဒရီ နှစ်ဦးလုံးဟာ အာဖရိကန်-အမေရိကန် လူမျိုးတွေဖြစ်ကြပြီး ခရစ္စယာန် မိဘတွေကနေ မွေးဖွားကြီးပြင်းလာသူတွေဖြစ်ကြပါတယ်။ ငယ်ရွယ်စဉ်မှာပဲ အစ္စလာမ်ဘာသာကို လေ့လာခွင့်ရခဲ့ပြီး အစ္စလာမ်ဘာသာရဲ့ သွန်သင်ဆုံးမမှုတွေကို လက်ခံလာခဲ့ကြသူတွေဖြစ်ပါတယ်။

    သူတို့နှစ်ဦးရဲ့ ပညာရေး၊ ပြည်သူ့လုံခြုံရေးနဲ့ စီးပွားရေးအမြင်တွေကြောင့် လူအများရဲ့ ထောက်ခံမှုကို ရရှိကြတာဖြစ်တယ်လို့ သိရပါတယ်။

  • ရခိုင်ပြည်နယ်ကို နိုင်ငံတကာက ဖွံ့ဖြိုးရေးအကူအညီ ပြောင်းပေး မယ်

    denmark-ambassador-meet-cso-sittwe
    မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး Mr. Peter Lysholt Hansenနဲ့ စစ်တွေမြို့က အရပ်ဘက်လူမှုအဖွဲ့တွေ နိုဝင်ဘာလ ၈ ရက်နေ့က စစ်တွေမြို့ Strand Hotel မှာ တွေ့ဆုံနေစဉ် Photo: Than Tun

    ဒိန်းမတ်နိုင်ငံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ရခိုင်ပြည်နယ်မှာ ပေးနေတဲ့ လူသားချင်း စာနာမှုအကူ အညီတွေကိုလျှော့ချပြီး ဖွံ့ဖြိုးရေးအကူအညီတွေ ကို ပြောင်းလဲပေးဖို့ ပြင်ဆင်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီးက ပြောပါတယ်။

    မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး Mr. Peter Lysholt Hansen က စစ်တွေမြို့က အရပ်ဘက် လူမှုအဖွဲ့တွေ နဲ့ မနေ့ကတွေ့ဆုံစဉ်မှာ ပြောဆိုခဲ့တာလို့ သံအမတ်ကြီးနဲ့ တွေ့ဆုံရာမှာပါဝင်ခဲ့တဲ့ စစ်တွေမြို့ လူမှုအဖွဲ့အစည်းများ ကိုယ်စားပြုကော်မတီ နာယကတစ်ဦးဖြစ်သူ ဦးသန်းထွန်း ကပြောပါတယ်။

    ဖွံ့ဖြိုးရေးအကူအညီတွေကို ရခိုင်ပြည်နယ်အတွင်းက လူ့အဖွဲ့အစည်း နှစ်ခုစလုံးကို ပေးဖို့ သံအမတ်ကြီးက ပြောဆို ခဲ့တယ်လို့ ဦးသန်းထွန်းကပြောပါတယ်။

    မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး Mr. Peter Lysholt Hansen ဟာ ရခိုင်ပြည်နယ် မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စစ်တွေမြို့မှာ အရပ်ဘက်အဖွဲ့တွေနဲ့ မနေ့က တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

    သံအမတ်ကြီးဟာ ရသေ့တောင်မြိ့နယ် အငူမော်နဲ့ မောင်တောမြို့နယ် အင်းဒင်ကျေးရွာတွေကို ဒီနေ့ သွားရောက်လေ့လာခဲ့သလို မနက်ဖြန်မှာလည်း စစ်တွေ မြို့နယ်မှာရှိတဲ့ မွတ်ဆလင် ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး မွတ်ဆလင်ခေါင်းဆောင်အချို့နဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ သိရပါတယ်။

    RFA မှကူးယူဖော်ပြပါသည်။

     

  • ” ပြည်ခိုင်ဖြိုး ပါတီဥက္ကဌ ပြောတဲ့ ‘အမျိုး၊ဘာသာ၊ သာသနာ’ ထိန်းသိမ်းစောင့်ရှောက်ခြင်း”ကို သုံးသပ်ခြင်း

    နိုဝင်ဘာ ၈ ၊ ၂၀၁၆
    ဂျက်ဖရီတင်အုန်း ( R.I.T ရန်ကုန်စက်မှုတက္ကသိုလ် ) ရေးသည်။

    u-than-htay
    ပြည်ခိုင်ဖြိုး ပါတီဥက္ကဌ ဦးသန်းဌေး (ဓါတ်ပုံ- ဦးသန်းဌေး FB)

    မြန်မာနိုင်ငံကို တစ်ပါတီအာဏာရှင်စနစ်ဖြင့် ( ၂၆ )နှစ်ကြာ အုပ်ချုပ်ခဲ့သောကြောင့် ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်အောင်ပြုလုပ်ခဲ့သူ ဦးနေဝင်းသည် ၁၉၈၈ခုနှစ်မှာ မြန်မာ့ဆိုရှယ်လစ်ပါတီ အထွေထွေညီလာခံကြီးတွင် မြန်မာပြည်သူ လူထုအား ပြောကြားသည့်မိန့်ခွန်းတွင် “ စစ်တပ်ဆိုတာ ပစ်ရင် မိုးပေါ် ထောင်မပစ်ဘူး။ တည့်တည့်ပစ်တယ်။” ဟူ၍ လူမိုက်ဆံဆံပြောကြားခဲ့သော ကြောင့် ပြည်သူလူထု အများစုက မကျေမနပ်ဖြစ်ခဲ့ရသည်။ “မဆလ” ပါတီကိုယ်စားပြု ဥက္ကဋ္ဌ တစ်ဦးအနေဖြင့် ပြောကြားခဲ့သည့် အတွက် ထို “မဆလ” ပါတီအား ပြည်သူလူထုက ရွံရှာမုန်းတီး ခဲ့ကြသည်။

    အလားတူ အောက်တိုဘာ ၂၉၊ ၂၀၁၆ခု တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုးပါတီ) ဥက္ကဋ္ဌ ဦးသန်းဌေးက ဧရာဝတီခရိုင်၊မြို့နယ်အလိုက်ဥက္ကဋ္ဌများ၊ ကော်မတီဝင် များနှင့် တွေ့ဆုံပွဲတွင် “(၁) အမျိုးဘာသာ သာသနာ (၂) တိုင်းပြည်လုံခြုံရေး (၃) သဘာဝဘေး အန္တရာယ်ကျရောက်ခြင်းဆိုတဲ့ အခြေအနေ (၃) ရပ်တွင် အမိန့်စောင့်ရန်မလိုဘဲ မိမိစိတ်ကြိုက် လုပ်ဆောင်နိုင်ကြောင်း ‘ဘယ်လိုပဲလုပ်လုပ်’ တရားသည်”ဟု မှတ်ယူကြောင်း “အဲ့ဒီ (၃)ချက်နဲ့ ပတ်သက်လာရင် ခင်ဗျားတို့လုပ်ချင်ရာလုပ် အကုန်မှန်တယ်။ အကုန်တရားတယ်။ ဘာအမိန့်မှ မလိုဘူး။  အဲဒါယေဘုယျ လမ်းညွှန်ချက်ပဲ” ဟုပြောကြားခဲ့ပေသည်။

    “ ထို့အပြင် ရခိုင်ဒေသအတွင်း ဖြစ်ပွားခဲ့သည့်အခြေအနေများကို ပြန်လည်သုံးသပ်ကြည့် မည် ဆိုပါက ဘယ်လိုပဲဖြစ်ဖြစ် မိမိတို့အမျိုးများ အတိ ဒုက္ခရောက်ကြသည် ဖြစ်၍ ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် ထိပ်ဆုံးခေါင်းစဉ်ဖြင့် ပြုလုပ်သွားရမည့်လမ်းစဉ်ဖြစ်သည်” ဟူ၍လည်း ပြောကြား ခဲ့ပါ သည်။ ထို့အပြင် ဧရာဝတီတိုင်းဒေသကြီးသည် ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီ အဖွဲ့များ စုစည်းရာ၂၀၁၅ နိုဝင်ဘာလ၊ ၈ရက်နေ့ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲကြီးတွင် ပြည်ခိုင်ဖြိုးပါတီဝန်ကြီး အများစု ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရာနေရာဒေသ တစ်ခုလည်း ဖြစ်သည်။ ထို့အပြင်အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့များ (မဘသ)အဖွဲ့များ ကိုယ်တိုင် ပြည်ခိုင်ဖြိုးပါတီအား ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပေါ်ပေါ်ထင်ထင် မဲဆွယ်စည်းရုံးလှုံ့ဆော်ရာ ဒေသကြီး တစ်ခု လည်းဖြစ်ခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီ ဝန်ကြီးဟောင်းများ ရွေးကောက်ပွဲတွင် ဝက်ဝက်ကွဲ ရှုံးနိမ့်ခဲ့ရာ ဒေသကြီးလည်းဖြစ်ပါသည်။

    ထိုတိုင်းဒေသကြီးတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌကြီးက အစွန်းရောက် အမျိုးသား ရေးဝါဒီများ၊ ပြည်ခိုင်ဖြိုး ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံပွဲတွင် “ လူ့အခွင့်အရေးထက် ပြည်သူ လူထုလုံခြုံရေးနှင့် စားဝတ်နေရေးကို ဦးဆောင်ပေးဆောင်ရွက် ရမည်” ဟုလည်းမိန့်ချွေသွားခဲ့သေးသည်။ ထို့ကြောင့် စာရေးသူသည် ဆရာတော်ဘုရားကြီး အရှင်သံဝရာ လင်္ကာရ ၏ တရားတော်တစ်ခုကို သွားသတိရမိခဲ့သည်။ ဆရာတော်ဘုရားကြီးက “ အမျိုးကိုစောင့်ချင်ရင် ပညာတတ်အောင်လုပ်ကြ၊ အလုပ်ကောင်းကောင်းရှိအောင်လုပ်ကြ၊ ဝင်ငွေကောင်းအောင်လုပ်ကြ၊ “ဘာသာ” ကိုစောင့်ချင်ရင် ငါးပါးသီလကို လုံအောင်စောင့်ကြ။ “သာသနာ” ကိုစောင့်ချင်ရင် ရဟန်းသာမဏေများ၊ ဂန္ထစုရ ဝိပသာနစုရ ပရိပတ္တိ ပဋိပတ္တိ အလုပ်ကိုသာ သေသေချာချာ လုပ်ကြ၊ ကြီိးကြီးကျယ်ကျယ်တွေ လျှောက်ပြော လျှောက်လုပ်မနေနဲ့။ ကြီးကျယ်ဆိုတာ ကြီးမှကျယ်တာပဲကောင်းတယ်။ မကြီးပဲနဲ့၊မကျယ်ချင်ပါနဲ့။ “ကြီး” ဆိုတာပညာ ဗဟုသုတ၊ အသိဥာဏ်ကြီးတာကို ပြောတာ” ဟုမိန့်တော်မူခဲ့သည်ကို ပြန်ပြောင်းသတိရမိသည်။ ပညာရှိပီသလှ၍ စိတ်ထဲ ကြိတ်ပြီး လေးစားမိခဲ့သည်။

    ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌကြီးဆိုလိုသည့် “ အမျိုးဘာသာ၊သာသနာ” ဟူသည် “ဗုဒ္ဓဘာသာကိုးကွယ်သည့် လူမျိုးအရေးကိုသာ လုပ်ဆောင်မည်”ဟု စာရေးသူနားလည်မိသည်။ ဥက္ကဋ္ဌကြီး သည် တစ်ချိန်က လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း ထူထောင်ခဲ့သည့် တပ်မတော် တွင် ဗိုလ်ချုပ် ရာထူးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း လေ့လာမိပါသည်။ မီးရထားဝန် ကြီးတစ်ဦးအနေဖြင့်လည်း တာဝန်ယူခဲ့ဖူးကြောင်း သိခဲ့ရပါသည်။ မြန်မာလွတ်လပ်ရေးအတွက်
    ဗြိတိသျှနယ်ချဲ့များနှင့် ဖက်ဆစ် ဂျပန် တို့အား တွန်းလှန်ခဲ့ရာတွင် တိုင်းရင်းသားပေါင်းစုံ၊ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ပါဝင်ခဲ့သည်ကို ဗိုလ်ချုပ်အောင်ဆန်း၏ ရွှေစကား၊ ရွှေမိန့်ခွန်း” များတွင် ဥက္ကဋ္ဌကြီး လေ့လာနိုင်ပါသည်။ ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၄၇ နှင့် ၃၄၈ တွင် “မည်သူမဆို ဥပဒေအရာတွင် တန်းတူ ညီမျှ အခွင့်အရေး ရရှိစေရမည့်အပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှ ရယူပိုင်ခွင့် ပေးရမည်” ဟုလည်းကောင်း၊ “မည်သည့်နိုင်ငံသားကိုမျှ လူမျိုးဇာတိ၊ကိုးကွယ်သည့်ဘာသာ၊ ရာထူး၊ဌာနန္တရ၊ အဆင့်အတန်း၊ယဉ်ကျေးမှု၊အမျိုးသား၊အမျိုးသမီး၊ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားဆက်ဆံခြင်းမပြုရ” ဟူ၍ဖော်ပြထားကြောင်း တွေ့ရပါသည်။ ထို့အပြင် ဖွဲ့စည်းပုံ ပုဒ်မ ၃၆၂တွင် “ ခရစ်ယာန်ဘာသာ၊အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ နတ်ကိုးကွယ်သောဘာသာတို့ကို နိုင်ငံတော်တွင် တည်ရှိ နေသော ကိုးကွယ်ယုံကြည်ရာဘာသာများ”ဟူ၍ အသိအမှတ်ပြုထားကြောင်း၊ ဥက္ကဋ္ဌကြီး ဂဃနဏ လေ့လာထားလျှင် “အမျိုးဘာသာ၊သာသနာ” ဟူသောစကားကို ရှေ့တန်းတင်ပြော ဆိုလိမ့်မည်ဟု စာရေးသူမထင်ပါ။

    တပ်မတော်၏ အရေး (၃)ပါးတွင် တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးသည် အဓိက အသက်သွေးကြောတစ်ခုဖြစ်ပါသည်။ ပါတီဥက္ကဋ္ဌကြီး၏ “ အမျိုး၊ဘာသာ၊သာသနာ” အရေးဟူသော စကားလုံးသည် ပျားရည်ထက်လည်း ချိုမြိန်လှပါသည်။ ဂီတသံစဉ်တွေလိုလည်း နားဝင်ချိုလှပါသည်။သို့သော် “ ဓားသွားထက်က ပျားရည်စက်လို” ထိလွယ်ရှလွယ် လှပါသည်။  ဗုဒ္ဓဘာသာ မဟုတ်သူ တိုင်းရင်းသား/နိုင်ငံသားများအား စည်းလုံးညီညွတ်မှုကို ထိခိုက်စေပါသည်။ ပွတ်တိုက်မှုကို ဖြစ်စေပါသည်။ ပါတီထိပ်တန်းခေါင်းဆောင်တစ်ဦး၏ “ အမျိုးဘာသာ၊သာသနာ နှင့်ပတ်သက်ရင် ဘာလုပ်လုပ် တရားတယ်။ အမိန့်တောင်းရန်မလိုဘူး” ဟူသော စကားသည် မတူကွဲပြား လူမျိုးများအတွက် ခြိမ်းခြောက်ခံရသည့် ခံစားမှုများကိုဖြစ်စေသည့်အပြင် ပြည်ခိုင်ဖြိုး ပါတီအပေါ် မြန်မာပြည်သူလူထု၏ ယုံကြည်ထောက်ခံမှုကိုလည်း လျော့နည်းကျဆင်း စေမည် ဖြစ်ကြောင်း သတိထားမိပါသည်။

    “ တိုင်းရင်းသား စည်းလုံးညီညွတ်မှုသည်” မြန်မာနိုင်ငံ၏ အသက်သွေးကြောတစ်ခုဖြစ် သည်။ ထို့ကြောင့်လည်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက “တိုင်းရင်းသား အချင်းချင်းညီညွတ်ရေး၊ တိုင်းသူပြည်သားလူထု ညီညွတ်ရေး အဲဒီညီညွတ်ရေး နှစ်ခု မရှိသမျှ ကာလပတ်လုံး ဒီတိုင်းပြည်ဟာ လွတ်လပ်ပင်၊လွတ်လပ်သော်ငြားလည်း ဘယ်ပါတီ တက်တက် ဘယ်အစိုးရလုပ်လုပ် “ဖာသည်” တိုင်းပြည် ဖြစ်နေမှာပဲလို့ကျွန်တော်ပြောချင်ပါတယ်။ အဲဒီတော့ ကား ဒီနှစ်ခုကိုခင်ဗျားတို့ မပျက်ပြားစေနဲ့။ ဘယ်သူက ဘာလုပ်လုပ်၊ မပျက်စေပါနဲ့ အဲဒါအင်မတန် အရေးကြီးပါတယ်” ဟု “ စည်းလုံးခြင်းသည် ခွန်အား၊ ညီညွတ်ခြင်းသည် အင်အားဖြစ်သည်”ကို မီးမောင်းထိုးပြခဲ့သည်။

    မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေးကြောင်းစာတမ်းပါ အပိုဒ်ပေါင်း(၃၀)ကို လက်မှတ်ရေးထိုးထားသည့် နိုင်ငံပေါင်း ၁၉၃ နိုင်ငံ စာရင်းဝင်ဖြစ်ပါသည်။လူ့အခွင့်အရေးကို တန်ဘိုးထား လေးစား လိုက်နာသော နိုင်ငံများသည် ကမ္ဘာ့အလယ် ဂုဏ်တင့်တယ်လှသည်။ထိုနိုင်ငံများသို့ ကမ္ဘာ့စီးပွားရေးလုပ်ငန်းရှင်များ ရင်းနှီးမြှပ်နှံ ကြသည်။ အကျိုးရလဒ်အနေနဲ့ တိုင်းပြည်၏ အခွန်ဘဏ္ဍာငွေများ ရရှိသလို နိုင်ငံသူ၊နိုင်ငံသားများ၏ အလုပ်အကိုင် အခွင့်အလမ်းကောင်းများလည်း များပြားလာသည်။ ပြည်သူလူထု၏ စားဝတ်နေရေး များသည်လည်း ပြေလည်ကြသည် ကိုတွေ့ရသည်။ ထို့ကြောင့်လည်း ခိုး၊ဆိုး၊လုယက်၊ လိမ်ညာ၊ လှည့်ဖြား၊ဥပဒေမဲ့လုပ်ရပ်များ မရှိသလောက်ဖြစ်သည်ကိုသတိပြုမိသည်။ “ ချိန်ခွင်လျှာပမာမျှတသော တရားဥပဒေစိုးမိုးမှု ကာကွယ်စောင့်ရှောက်မှု” အောက်တွင် နေထိုင်ကြသော နိုင်ငံသူ နိုင်ငံသားများသည် တရားဥပဒေကို လေးစားလိုက်နာကြသည့် အတွက် အထွေအထူး လုံခြုံရေးအစီမံများ မလိုအပ်ကြောင်း လေ့လာမိသည်။ ထို့ကြောင့် လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်များ ကို မထီမဲ့မြင် ပြူလုပ်ပြောဆိုခြင်းသည် နိုင်ငံတော်၏ပုံရိပ်ကို ကျဆင်းစေသည့် လုပ်ရပ်ဖြစ်၍အထူး ရှောင်ကြဉ် အပ်ပေသည်။

    ယခုအချိန်အခါသည် အပြောင်းအလဲတစ်ခုကို “အလျင်” တစ်ခုနှင့် သွားနေသောအချိန်ဖြစ် သည်။ ပြည်သူလူထုအများစုကြီး၏ စားဝတ်နေရေး ပြေလည်စေရေးအတွက် နိုင်ငံတော်၏ အတိုင် ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့နိုင်ငံ အသီးသီးသို့သွားကာ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ရင်းနှီးမြှပ်ရေးစတဲ့ အကူအညီတွေကို မြန်မာနိုင်ငံကြီး ပြန်လည်ဦးမော့လာစေရေး အတွက် မမောနိုင် မပမ်းးနိုင် ကြိုးပမ်းနေချိန် ဖြစ်ပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က  “ကျမတို့နိုင်ငံမှာ ပြုပြင်ပြောင်းလဲဖို့ အလိုအပ်ဆုံးအရာက လူ့သဘာဝဖြစ်လေ့ဖြစ်ထရှိသော “မနာလို ဝန်တိုစိတ်၊ လူမျိုးရေး ခွဲခြားဆက်ဆံလိုစိတ်” စသည်တို့ကိုပြုပြင်ပြောင်းလဲရန် အဓိက သော့ချက်ဖြစ်ကြောင်း” စေတနာထား ထောက်ပြခဲ့ခြင်းဖြစ်သည်။ ခေါင်းဆောင်ကောင်းတစ်ဦး၏ အဖိုးတန်စကား ရတနာတစ်ခုဖြစ်သည်။ သီတဂူဆရာတော်ကြီးကလည်း “ဘယ်ကိစ္စမဆို အစွန်းမရောက်ဘဲ အလယ်အလတ် လမ်းစဉ်လိုက်မှသာ အောင်မြင်နိုင်မယ်။ ဂျိုပေါက်တဲ့ နွားလို၊ အစွမ်း ထက်တဲ့ တောဝက်လို မာနခဲနဲ့ မြင်မြင်သမျှ တိုက်ခိုက်နေရင်လည်း အများမုန်းပြီး မအောင်မြင်တတ်ကြောင်း” ဟောကြားခဲ့သည်ကို ခေါင်းဆောင်နေရာရထားသူများကို နားလည်စေချင်သည်။

    ထို့အပြင် သီတဂူဆရာတော်ဘုရားကြီးက “ လူတွေကို ကုလားလား? ဗမာလား? မွတ်စလင်လား? ခရစ်ယာန်လား? ခွဲနေစရာမလိုဘူး။ လူဆိုးလား? လူကောင်းလား? ခွဲနိုင်ရင်တော်ပြီ။ အဲဒါမှ ဗုဒ္ဓဝါဒ မြန်မာ့ဝါဒ” ဟုမိန့်ကြားခဲ့ခြင်းသည် လူသားဝါဒ လူ့အခွင့်အရေးကို လေးစား တန်ဖိုးထားလိုက်နာသင့်ကြောင်း သွယ်ဝိုက်ပြောဆိုရာလည်း ရောက်ပေသည်။

    မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ မထားအပ်သော စိတ်ဓာတ်တို့ကို လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းက ၂၀.၄.၁၉၄၃ ခုက “ဟိုရှေးရှေးတုန်းက ရှိခဲ့တဲ့ သေးသိမ်တဲ့ စိတ်ဓာတ်၊ စိတ်ဖျင်းတွေကိုဖျောက်။ကျွန်စိတ်၊ကျေးစိတ်တွေ ကိုဖျောက်။ဂိုဏ်းဂဏစိတ်တွေ ဖျောက်။ ဒါမှမြန်မာနိုင်ငံတော် ကြီးပွားချမ်းသာမှာပဲ။ ဒီလိုစိတ်ဓာတ်တွေကို မဖျောက်နိုင်ဘူးဆို ရင်တော့ အဲဒီသူတွေဟာ ဒီနိုင်ငံရဲ့ “သွေးသစ္စာ” ကိုဖောက်ဖျက်သူတွေပဲလို့ ကျွန်တော်ဒီကနေ အတိအလင်း ကြေငြာပါတယ်”ဟု မိန့်ကြားခဲ့ပါသည်။

    ထို့ကြောင့် မြန်မာနိုင်ငံတော်ကြီး ခေတ်မှီ ဖွံ့ဖြိုးတိုးတက်လာစေရန် စိတ်ဆန္ဒရှိသူတိုင်း လူသား သဘာဝ အမှားမကင်းသည့် အတွက် “ပျက်အစဉ်၊ ပြင်ခဏ” ဆိုသည့်အတိုင်း တိုင်းပြည်အတွက် ထိခိုက်စေမည့် အပြောအဆို အမူအကျင့်များ လုပ်ရပ်များကို  သတိ၊အသိထားပြီး ရှောင်ရှားသင့် ဖို့ အချိန်တန်ပြီဟု စာရေးသူနားလည်မိပါသည်။ သို့မဟုတ်ပါက “ ကြမ်းပေါက်ကျွံလျှင် နှုတ်၍ရ၊ စကားကျွံလျှင် နှုတ်၍မရ” ဆိုသည့်စကားကို နိုင်ငံတော်၏ အရေးပါ အရာရောက်သော အဖွဲ့အစည်း ခေါင်းဆောင်များ၊ ပါတီခေါင်းဆောင်များ၊ အစိုးရဌာနဆိုင်ရာ ဝန်ကြီးများ၊နိုင်ငံတော် အကြီးအကဲဆိုသူများအနေဖြင့် “မပြောခင်စကား စဉ်းစားထား။ ပြောနေစဉ်လည်း စဉ်းစားထား။ ပြောပြီးရင်လည်း ပြန်စဉ်းစားပါ။” ဟု အကြံပြု တိုက်တွန်းရင်း တိုင်းပြည်တိုးတက်ရေးအတွက် အားလုံး အတူတကွ အလုပ်လုပ်ကြပါစို့ ဟုအကြံပြုလိုက်ရပါသည်။

    ဂျက်ဖရီတင်အုန်း ( R.I.T ရန်ကုန်စက်မှုတက္ကသိုလ် )

  • ရမည်းသင်း (ရွာတန်း) တွင် မည်သည့် ပြဿနာမှ မရှိကြောင်း ဒေသခံများ သတင်းထုတ်ပြန်

    နိုဝင်ဘာ ၇ ၊ ၂၀၁၆
    M-Media

    ယမန်နေ့ညတွင် ရမည်းသင်းမြို့တွင် လူမျိုးရေး ပြသနာများ ဖြစ်ပွားနေသယောင် လှုံ့ဆော်မှုများကို ပြန်လည်တုံ့ပြန် ရှင်းလင်း ထားသော ဒေသခံများ၏ သတင်းထုတ်ပြမှုကို ဖော်ပြအပ်ပါသည်။
    yamaetin
    ရမည်းသင်းမြို့ အမည်ဖြင့် FB စာမျက်နှာမှ သတင်းအမှန် ဖော်ပြမှု
    ————————————————-
    ရမည်းသင်း ၌(6.11.2016)ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် ကုတင်ကျေးရွာကျောင်းထိုင် ဆရာတော် အရိုက်ခံရမှု နှင့်ပတ်သက်သည့် မှုခင်းဖြစ်စဉ် အား ရမည်းသင်းတွင် မြန်မာ/မူစလင် အထိကရုန်းများဖြစ်နေသည့် သဘောမျိုးဖြင့် ဒီအကောင့်များမှဖွနေပါတယ်။

    ဒီအကောင့်များ အားလေ့လာကြည့်ရာတွင်လည်း ရမည်းသင်းသား မဟုတ်ကြပါအဆိုပါကတင်ကျေးရွာမှ ကျောင်းထိုင် ဆရာတော်အား အရိုက်ခံရသည်ဆိုသည်မှာတော့မှန်ပါသည်။

    သို့ပေမယ့်ရိုက်သူမှာ ငွေကြေး တစ်စုံတရာရယူလိုသောကြောင့် ရိုက်နှက်ခြင်းမျိုးဖြစ်သည့် မှုခင်းဖြစ်စဉ်တစ်ခုသာဖြစ်ပြီး မည်သူမည်ဝါကပြုလုပ်ခဲ့သည်ဟု မသိရသေးပါ။

    တရားခံအားဖမ်းဆီးရမိရန် စုံစမ်းရှာဖွေလျှက်ရှိပါသည်။ ရမည်းသင်းတွင် ဘာမှမဖြစ်ပါ တစ်မြို့နယ်လုံးအေးချမ်းပျော်ရွှင်စွာနှင့် ဘုံကထိန်ပွဲကိုဆင်နွဲနေကြပါတယ်။

    ဒီလိုမဟုတ်မဟတ် လူမှုကွန်ယက်များမှ ရမည်းသင်းမြို့၏ တည်ငြိမ်အေးချမ်းရေးအား ပျက်ပြားစေရန်အကြံ ဖြင့် ဖွနေခြင်းသာဖြစ်ပါသည်ဒါကြောင့် အဆိုပါသတင်းများ အား မယုံကြည်ကြပါရန်နှင့်ဒါတွေဟာ အထိကရုန်း တစ်ခုဖြစ်ရန် တမင် ဖန်တီးနေမှုများသာဖြစ်သည်ဟု ထင်ပါသည် ။ သတိထားစေချင်ပါသည်ခင်ဗျား…………

    စုံစမ်းမေးမြန်းလိုပါက
    မြို့နယ် မဘသ
    ၀၉၇၉၃၅၅၈၉၆၉
    ဗောဓိကုန်းစာသင်တိုက်
    ၀၉၂၁၇၄၂၈၇
    မြို့နယ် ထွေအုပ်
    ၀၉၃၆၂၈၅၅၄၆
    တို့ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။

    စတင်လှုံ့ဆော်ရေးသားသူဟု ယူဆရသူ၏ ပိုစ်လင့်ခ်
    https://www.facebook.com/permalink.php?story_fbid=214059982361818&id=100012734534229

    ရမည်းသင်းမြို့ခံများ၏ သတင်းအမှန် ဖော်ပြထားမှု
    https://www.facebook.com/officialyamethinnews/posts/1248428575180707