News @ M-Media

Author: editor

  • လူမျိုးရေး၊ ဘာသာရေး သတင်းတွေ သတိပြုရေးဖို့ ပြန်ကြားရေး ဝန်ကြီး ဦဖေမြင့်ပြော

    နိုဝင်ဘာ ၇၊ ၂၀၁၆
    M-Media
    သတင်း-သီဟ
    mp-dr-phay-myint

    လူမျိုးရေး၊ ဘာသာရေး စတဲ့ ထိလွယ်ရှလွယ် တဲ့ သတင်းတွေကို  ရေးသားရာမှာ အထူးသတိပြု ရေးသားဖို့ ပြန်ကြားဝန်ကြီး ဦးဖေမြင့်က ပြောကြားလိုက်ပါတယ်။

    ပြည်ထောင်စု ဝန်ကြီး ဦးဖေမြင့် က
    ” သတင်းမီဒီယာ သမားများကို အနည်းငယ် ဆွေးနွေးပြောကြားလိုတာ ကတော့ လူမျိုးရေး၊ ဘာသာရေး စတဲ့ ထိလွယ်ရှလွယ်ဖြစ်တဲ့ သတင်းတွေကို ရေးသားရာ အထူးသတိပြု ရေးသားကြဖို့နဲ့ သတင်းအရင်းအမြစ်ကို အသေအချာ အတည်ပြုရေးသားကြဖို့နဲ့ သတင်းမီဒီယာကျင့်ဝတ်တွေကို အတိအကျ လိုက်နာကျင့်သုံးကြဖို့၊ မိမိရရှိသည့် သတင်းသည် အခြေအမြစ် ခိုင်မာမှုရှိမရှိ လေ့လာ စူးစမ်းပြီး တင်ပြဖို့ လိုကြောင်း၊ သတင်းဦးဖို့ အလေးထားသည်မှန်သော်လည်း မိမိသတင်းသည် အခြေခံအကြောင်းအရာ အချက်အလက် မခိုင်မာမှုများကို သတင်းရေးသည့်အခါ အထင်အမြင်လွဲမှားမှုများ ဖြစ်တတ်ကြောင်း၊ အချို့သတင်းများသည် ယင်းသို့သော သတင်းများကို အများစိတ်ဝင်စားအောင် ရေးသားသည့် သတင်းများက အများပြည်သူကြား ပျံ့နှံ့သွား လေ့ရှိကြောင်း၊ သတင်းမီဒီယာသမားများ အနေဖြင့် သတင်း၏ မှန်ကန်မှုသည် အရေးကြီးကြောင်း သိရှိပြီးဖြစ်သော်လည်း မှန်ကန်မှုရှိမရှိ စိစစ်ဖို့ လိုအပ်ကြောင်း ထင်ရှားသည့် သတင်းများကို သေချာစွာ အတည်မပြုဘဲ ရေးသားသည်ကို တွေ့ရကြောင်း၊ အချင်းချင်းလည်း သတိထားမိမည်ဖြစ်ကြောင်း၊ ပိုမိုတိကျအောင် စူးစမ်းဆောင်ရွက်ရန် လိုကြောင်း၊ သတင်းကို ထင်မြင်ချက်ဖြင့် ရောနှောရေးသားသည်ကို တွေ့ရကြောင်း၊ သုံးသပ်ချက်၊ မှတ်ချက်များနှင့်ရေးသားမှုကို ဂရုပြုစေလိုကြောင်း၊ အားလုံးမဟုတ်သော်လည်း အချို့၏ သတင်းများသည် အနှောင့်အယှက် မဖြစ်စေလိုသည့်အတွက် ပြောကြားခြင်းဖြစ်ကြောင်း၊ လွတ်လပ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှု ရှိကြတဲ့ မီဒီယာဖြစ်စေရေး ကြိုးပမ်း ဆောင်ရွက်ကြဖို့ တိုက်တွန်း လိုပါကြောင်း ”

    နိုဝင်ဘာ ၆ ရက်နေ့က ဒီမိုကရေစီသစ်အတွက် အားလုံးပါဝင်သည့် လွတ်လပ်သော မီဒီယာ ညီလာခံ အစီအစဉ်တွင်ပြောကြားခဲ့သည့် အဖွင့်အမှာစကားမှာ ယခုကဲ့သို့ တည့်သွင်း၍ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

    Photo and Ref: မြန်မာအစိုးရ မီဒီယာ

  • အမေရိကန် သမ္မတ ရွေးကောက်ပုံ

    အမေရိကန် သမ္မတ ရွေးကောက်ပုံ

    နိုဝင်ဘာ ၇ ၊ ၂၀၁၆
    M-Media
    မောင်ရဲဝင်း (တောင်ကြီး) ရေးသည်။

    ရွေးကောက်ပွဲ သဘောတရားလေးသိရင် အမေရိကန် သမ္မတ ဘယ်သူဖြစ်မလဲလို့ စောင့်ကြည့်ရတာ ပိုအရသာရှိနိုင်မှာမို့ ဗဟုသုတ အဖြစ် မျှဝေလိုက်ပါတယ်။

    “အမေရိကန်သမ္မတ ကိုယ်စားလှယ်လောင်းက ဘယ်သူတွေလဲ။ ”

    ၁။ ဒီမိုကရက်တစ်ပါတီဘက်က ဘွားတော် ဟယ်လရီကလင်တန်

    ၂။ ရီပါပလစ်ကန်ပါတီဘက်က ဘိုးတော် ဒေါ်နယ်ထရမ့်

    ၃။ လစ်ဘရယ်ပါတီဘက်က ဦးရီးတော် ဂယ်ရီဂျွန်ဆင်

    တချို့ကတော့ လူလိမ်၊ အော့ကျောလန် နဲ့ အူကြောင်ကြား တို့ ဖြစ်တယ်လို့ အလွယ်တကူပဲ မှတ်ကြတယ်။ တမျိုးမထင်ပါနဲ့ သူများတွေပြောတာကို ဗဟုသုတအဖြစ်ပြောပြတာ။

    “အနိုင်ရဖို့ ဘယ်နှစ်မဲလိုသလဲ။”

    အနည်းဆုံး မဲ (၂၇၀) မဲ။ အဟုတ်ပြောတာ။ မဲ (၂၇၀) ရတဲ့လူ သမ္မတ။ (၂၇၀) ဆိုလို အားရဝမ်းသာနဲ့ လူ အယောက် (၂၇၀) စည်းရုံးပြီး သမ္မတတက်လုပ်လို့ရမယ်တော့ စိတ်မကူးနဲ့ဗျ။ တယောက် တမဲ မဟုတ်ဘူး။ Electro Votes လို့ခေါ်တဲ့ မဲ။ စုစုပေါင်းမှ မဲ (၅၃၈) မဲဘဲရှိတာ။ (၂၆၉) မဲ ဆိုရင် ထက်ဝက်။ တဝက်ကျော်ရမယ်ဆိုလို့ (၂၇၀) မဲ ရရမယ်လို့ပြောတာ။

    “(၅၃၈) မဲ ဆိုတာ ဘယ်က လာတာလဲ။”
    maxresdefault
    ပြည်နယ်အလိုက် ခွဲတန်းချထားပေးတဲ့ မဲ။ ကယ်လီဖိုးနီးယားပြည်နယ်က (၅၅) မဲ။ တက်ဆက်ပြည်နယ် က (၃၈) မဲ၊ ဖလော်ရီဒါပြည်နယ်နဲ့ နယူယောက်ခ်က (၂၉) မဲစီ၊ အီလီနွိုင်နဲ့ ပန်ဆလ်ဗေးနီးယား က (၂၀) မဲစီ၊ အိုဟိုင်းယိုးက (၁၈) မဲ၊ ကျနော်တို့ရဲ့ အင်ဒီယားနားပြည်နယ်ကတော့ (၁၁) မဲ အစရှိသဖြင့် ပြည်နယ် တခုနဲ့တခု မဲအရေအတွက် ကွာကြတယ်။ အဲဒီလို ပြည်နယ် ၅၀ က မဲတွေနဲ့ နဲ့ ဝါရှင်တန်ဒီစီ က (၃) မဲ ပေါင်းလိုက်တော့ စုစုပေါင်း (၅၃၈) မဲ ဖြစ်သွားတာ။

    “ဘယ်လိုဖြစ်လို့ တချို့ပြည်နယ်တွေက မဲ ခွဲတန်း များများရပြီး တချို့ပြည်နယ်တွေက မဲ ခွဲတန်း နည်းနေတာလဲ။”

    ပြည်နယ်တခုချင်းစီမှာ အောက်ထစ်ဆုံး ခွဲတန်း မဲ ၂ မဲ။ ကျန်တာကတော့ လူဦးရေးအပေါ်မူတည်တယ်။ လူဦးရေများတဲ့ပြည်နယ်က မဲခွဲတန်းများများရတယ်။ ဥပမာ ကယ်လီဖိုးနီးယားလို့။ လူဦးရေနည်းရင်တော့ မဲခွဲတန်းနည်းတာပေါ့။
    ကယ်… အခုရှင်းပြတာ ရှင်းသွားရင် ရှုပ်သွားအောင် ထပ်ပြောဦးမယ်။ မဲခွဲတန်းကိစ္စကို တနည်းပြောရရင် အထက်လွတ်တော်၊ အောက်လွတ်တော် ကိုယ်စားလှယ်ဦးရေနဲ့ အတူတူပဲလို့ မှတ်ယူတယ်။ ကယ်လီဖိုးနီးယားမှာ အထက်လွတ်တော် ၂ နေရာ၊ အောက်လွတ်တော် ၅၃ နေရာ၊ ပေါင်း ၅၅ နေရာ။ ဒါကြောင့် မဲခွဲတန်း ၅၅ မဲ။ အင်ဒီယားနားပြည်နယ်မှာ အထက်လွတ်တော် ၂ နေရာ၊ အောက်လွတ်တော် ၉ နေရာ ပေါင်း ၁၁ နေရာ။ ဒါကြောင့် ၁၁ မဲ။

    “ပြည်နယ်တခုစီကရတဲ့ မဲခွဲတန်းကို ဘယ်သူတွေက မဲပေးတာလဲ။”

    အဲဒီပြည်နယ်အတွင်းမှာ နေထိုင်တဲ့ မဲပေးပိုင်ခွင့်ရှိတဲ့လူတွေက “သွယ်ဝိုက်တဲ့နည်း” နဲ့ မဲပေးတာ။ ဟုတ်တယ်။ သွယ်ဝိုက်တဲ့နည်း။ ပြည်သူတွေက သူတို့ရဲ့ ကိုယ်စား မဲပေးမယ့်လူတွေကို ရွေးတယ်။ ကိုယ်စားမဲပေးတဲ့လူတွေက အစည်းအဝေးလုပ်ပြီး ပြည်သူတွေရဲ့ ကိုယ်စားမဲပေးတယ်။ ဥပမာ အင်ဒီယားနားပြည်နယ် က (၁၁) မဲ ရပိုင်ခွင့်ရှိတယ်။ ဒီတော့ အင်ဒီယားနားက သူတို့ကိုယ်စား လူ (၁၁) ဦးကိုရွေးတယ်။ ဒီလူ (၁၁) က ဒီဇင်ဘာမှာ အင်ဒီယားနားပို့လစ်မြို့ကိုသွားပြီး အစည်းအဝေးလုပ်မယ်။ ပြီးတော့ သမ္မတရွေးမယ်။

    “ဒါဆို လူတွေရဲ့ ဆန္ဒနဲ့ မဲပေးမယ့်ကိုယ်စားလှယ်ရဲ့ ဆန္ဒနဲ့ တထပ်တည်း ကျနိုင်ပါ့မလား။”

    မကျ-ကျ အောင်ကိုလုပ်ထားပြီးသား။ အမေရိကန် လူလည်ကြီးတွေ ဘာမှတ်လို့လဲ။ မဲပေးမယ့်ကိုယ်စားလှယ်တွေကိုယ်တိုင်ကလည်း ဘယ်သူ့ကို မဲပေးပါ့မယ်လို့ ကြိုပြီး သက်မှတ်ထားပြီးသား။ သဘောတရားသာ စာအုပ်ကြီးအတိုင်းလုပ်ပြီး အားအားယားယား ကိုယ်စားမဲပေးတာ။ မဲပေးမယ့်ကိုယ်စားလှယ် ရွေးတုန်းကတည်း တံဆိပ်ကပ်ပြီး ရွေးထားတာ။
    z_p21-voters
    ဥပမာ – အင်ဒီယားနားပြည်နယ်က လူအများစုက ဒီမိုကရက်တစ်ပါတီဘက်က ဟယ်လရီ ကလင်တန်ကို မဲပေးကြတယ်ဆိုပါစို့။ ဒီတော့ အင်ဒီယားနားပြည်နယ်မှာ ဘွားတော်က အနိုင်ရပြီလို့မှတ်။ ဒီတော့ ဘွားတော်ကို မဲပေးမယ့် လူ (၁၁) ကိုရွေး၊ အစည်းအဝေးခေါ်၊ ဘွားတော်ကို မဲပေးခိုင်း၊ ပြီးတော့ ကျနော်၊ ကျမတို့ အင်ဒီယားနားပြည်နယ်က ဘွားတော်ကိုမဲပေးပါတယ် လို့ သံတော်ဦးတင်ခိုင်း။ ဒီလိုပဲ ရီပါပလစ်ကန်ကို မဲပေးတာများရင် ရီပါပလစ်ကန်ဘက်က လူ (၁၁) ကို ရှေ့ထွက်ပြီး ဘိုးတော်ကြီးကို မဲပေးပါတယ်ခင်ဗျ လို့ သံတော်ဦးတင်ခိုင်းတာ။ ဇာတ်လမ်းက အဲ့လို…အဲ့လို…။

    “ပြည်နယ်တခုချင်းစီက မဲခွဲတန်းနဲ့ အနိုင်အရှုံးဘယ်လိုခွဲသလဲ။”

    လွယ်လွယ်ပြောရရင် “အများနိုင်၊ အကုန်ယူ” စနစ်သုံးတယ်။ ဟုတ်တယ်။ အများနိုင်၊ အကုန်ယူ ပဲ။ ငယ်ငယ်က သားရေကွင်းပစ်၊ ဂေါ်လီရိုက်တဲ့ စနစ်နဲ့အတူတူပဲ။ ထက်ဝက်ကျော်နိုင်ရင် အားလုံးစားပဲ။ အကုန်ကိုစားတာ။ သိပ်မရှင်းရင် ကလေးတွေ ကစားနေတာသွားထိုင်ကြည့်။

    ဥပမာ အင်ဒီယားနားပြည်နယ်မှာ မဲခွဲတန်း (၁၁) မဲရှိတယ်။ ပြည်သူပေးတဲ့မဲမှာ ဟယ်လရီ ကလင်တန် က မဲအများဆုံးရင် အင်ဒီယားနားပြည်နယ်က ဟယ်လရီကို မဲပေးမယ့် မဲပေးကိုယ်စားလှယ် (၁၁) ကိုရွေးပြီး ဟယ်လရီကိုမဲပေးခိုင်းတာ။ ဟုတ်တယ် (၁၁) ယောက်ဆီက (၁၁) မဲအပြည့် ရတယ်။

    ဥပမာအဖြစ်သာ ပြောရတာ အင်ဒီယားနားပြည်နယ်က ဒေါ်နယ်ထရမ့်ရဲ့ ဘော်ဘော်တွေများတယ်။ သူ့တပည့်ကျော် ဒုသမ္မတလောင်းတောင် အင်ဒီယားနားပြည်နယ်က ချဉ်ဖက် အုပ်ချုပ်ရေးမှူးကို ဆွဲစိထားတာ။ ထူးထူးဆန်းဆန်း မိန်းပြည်နယ်နဲ့ နဘ်စ်ကားပြည်နယ် ၂ ခုပဲ အများနိုင်၊ အကုန်ယူ စနစ်မသုံးတာ။

    [ဒါနဲ့ ကြုံလို့ပြောရဦးမယ်၊ အမေရိကန်နိုင်ငံလို ဖယ်ဒရယ်စနစ်မှာ ပြည်နယ်တွေက သူတို့သဘောနဲ့ သူတို့။ ကိုယ့်ပြည်နယ်အစိုးရနဲ့ကိုယ်။ အတင်းကြီး တခြားပြည်နယ်တွေလုပ်သလို လိုက်လုပ်လို့ တိုက်တွန်းမထားဘူး။]

    “ဒါဆို ပြည်နယ်ကြီးတွေက အဓိကကျတာပေါ့။”

    ဟုတ်သလိုလို-မဟုတ်သလိုလို ပဲ။ ကယ်လီဖိုးနီးယားပြည်သူတွေဆီက ထက်ဝက်ကျော်မဲရရင် မဲခွဲတန်း ၅၅ ခုလုံးကို သိမ်းကျုံးယူသွားမှာ။ တက်ဆက်ဆိုရင် ၃၈ မဲ။ အဓိကကျတာတော့ ကျတာအမှန်ပဲ။ ဒါပေမယ့် ကယ်လီဖိုးနီးယားက ဒီမိုကရက်တစ် အမာခံ။ တတ်ဆက်က ရီပါပလစ်ကန် အမာခံ။ အိတ်ထဲစွဲထည့်ဖို့မပြောနဲ့ ဒီပြည်နယ်တွေက အိတ်ထဲက ထွက်ကိုမထွက်လာတာ။ ဘက်လည်း မပြောင်းဘူး။ မျက်စေ့မိတ်ပြီးထောက်ခံထားကြပြီးသား။ ရပြီလို့သာ အပိုင်တွက်လို့ ရတဲ့ ပြည်နယ်တွေ။

    “ဘယ်ပြည်နယ်တွေက အဓိကပိုကျလဲ။”

    လွယ်လွယ်ပြောရရင် ကိုယ်စားလှယ်လောင်းတွေ ခြေရှုပ်တဲ့ပြည်နယ်တွေ။ ဒါအမှန်ပဲ။ စွဲလို့ရမယ်ထင်လို့ သူတို့တွေ လိုက်စွဲနေကြတာပေါ့။ တနည်းပြောရရင် နှစ်ဘက် အင်အားမျှတဲ့ ပြည်နယ်တွေက ပိုအဓိက ကျတယ်။ ဥပမာ ဖလော်ရီဒါ၊ ပန်ဆလ်ဗေးနီးယား၊ အိုဟိုင်းယိုး၊ ဗဂျီးနီးယား၊ ကိုလိုရာဒို၊ အရီဇိုးနား၊ နဝါးဒါး၊ နယူဟပ်မ်ရှာ၊ နှောက်ကယ်ရိုလိုင်းနား အစရှိတဲ့ ပြည်နယ်တွေ။

    အင်ဒီယားနားပြည်နယ် ဆိုကြည့်၊ ဟယ်လရီလည်း အနားမကပ်ဘူး၊ ဒေါ်နယ်ထရမ့်ကြီးလည်း အရေးမလုပ်ဘူး။ ပါတီတွင်းရွေးကောက်ပွဲကဆို ဖို့တ်ဝိန်းမြို့ကို ဟယ်လရီရဲ့ ယောကျာ်း သမ္မတဟောင်းကြီးပဲလာတယ်။ အဲဒီတုန်းက တက်ခ်နဲ့ပြိုင်နေရလို့ ဒေါ်နယ်ထရမ့် ကိုယ်တိုင်လာခဲ့သေးတယ်။ ခုတော့ သူ့တပည့်ကျော်ကြီးကိုပဲ လွှတ်ထားတယ်။

    “ဒါဆို အရေးမပါလှတဲ့ ပြည်နယ်တွေမှာ မဲပေးလည်း မထူးတော့ဘူးပေါ့။”

    အဲဒီလိုတော့လည်းမဟုတ်ပြန်ဘူး။ တခါတလေတော့လည်း လန့်ဖြန့်ပြီး အပြောင်းအလဲတွေရှိတတ်တယ်။ ဥပမာ အင်ဒီယားနားပြည်နယ်က မဲခွဲတန်းတွေအမြဲတန်း ရီပါပလစ်ကန် ဆီရောက်နေတာ ၂၀၀၈ ကမှ ထူးထူးဆန်းဆန်း ဒီမိုကရက်ဘက်ရောက်သွားဖူးတယ်။ လူသစ်တွေ မဲထွက်ပေးလို့ လို့ဆိုကြတယ်။ နောက်တခုက လွတ်တော်။ ကိုယ်လိုချင်တဲ့ သမ္မတ မရလည်း လွတ်တော်ဆီ ဘယ်လိုလူတွေရောက်လာသလဲဆိုတာ အရေးကြီးတယ်။ ဒါကြောင့် လွတ်တော်အမတ်တွေကိုလည်း စိတ်ကြိုက်ရွေးပြီးမဲပေးကြဖို့လိုတယ်

    “ရွေးကောက်ပွဲနေ့က ဘယ်နေ့လဲ။”

    နိုဝင်ဘာလ (၈) ရက်။ ဒါပေမယ့် အဲဒီရက်မတိုင်ခင်ကတည်းက ကြိုတင်မဲပေးလို့ရတယ်။

    “အဖြေဘယ်ခါရမလဲ။”

    နိုဝင်ဘာလ (၈) ရက်နေ့ည အဖြေပေးမယ်တဲ့။ ရွေးကောက်ပွဲအဖြေကိုပြောတာ။ “အများနိုင်၊ အကုန်ယူ” စနစ်နဲ့သွားနေတော့ အဲဒီနေ့ညဆိုရင် ဘယ်ပြည်နယ်တွေက ဘယ်သူ့ကိုမဲပေးလဲဆိုတာသိရပြီ။ အနိုင်-အရှုံးသိရပြီ။ ဒါပေမယ့် မပြီးသေးဘူး။ ဒီဇင်ဘာ (၁၉) ရက်နေ့မှ ပြည်နယ်အသီးသီးရဲ့ မဲပေးမယ့် ကိုယ်စားလှယ်တွေက သူတို့သက်ဆိုင်ရာ ပြည်နယ်မြို့တော်တွေမှာ အစည်းအဝေးလုပ်ပြီး မဲပေးကြမှာ။ အဲဒီတော့မှ အတည်။

    သတင်းတွေကြည့်တဲ့အခါ ၂၇၀ မဲ ဘယ်သူအရင်ရမလဲလို့ ပြောတာတွေ ကြားရမယ်။ အမေရိကန်နိုင်ငံမြေပုံမှာ ရလဒ်ကို အခြေခံပြီး ပြည်နယ် အလိုက် အနီနဲ့ အပြာ အရောင်ချယ်တာတွေ တွေ့ရမယ်။ ဒီလောက်သိထားရင် နိုဝင်ဘာ (၈) ရက်နေ့ညနေမှာ နားလည်ပါးလည်နဲ့ ရောယောင်ပြီး ရင်ခုံလို့ရပြီ။

    မောင်ရဲဝင်း (တောင်ကြီး)
    နိုဝင်ဘာ (၆) ရက်၊ ၂၀၁၆။

  • ရခိုင်အရေး သတင်းရေးသားခြင်းများ အပေါ် အစိုးရက ဟန့်တားနေဟု လူ့အခွင့်အရေး အဖွဲ့များပြော

    နိုဝင်ဘာ ၆ ၊ ၂၀၁၆

    un-and-eu-delegation-visiting-rakhine
    Photo: Nyunt Win/EPA

    မြန်မာတိုင်းမ်စ်မှ ဂျာနယ်လစ်တစ်ဦး အလုပ်ထုတ်ခံရခြင်း အပါအဝင် ရခိုင်ပဋိပက္ခတွင် သတင်းရေးမည့် ဂျာနယ်လစ်များအား အစိုးရက ဟန့်တား ပိတ်ပင်နှောင့်ယှက်ခြင်းများ ရှိနေကြောင်း လူအခွင့်အရေးအဖွဲ့တစ်ချို့က ပြောသည်။

    ရခိုင်ပြည်နယ်က ပဋိပက္ခများအကြောင်း သတင်းရေးသားရန် ကြိုးစားကြသည့် မီဒီယာသမားများအပေါ် တားဆီးနှောင့်ယှက်ပိတ်ပင်ခြင်းများကို ရပ်သင့်ကြောင်း Committee to Protect Journalist CPJ က ထုတ်ပြန်သည်။

    ပဋိပက္ခဒဏ် ကြုံတွေ့သည့် ရခိုင်ပြည်နယ်သို့ အမေရိကန်၊ ဥရောပနှင့် ကုလသမဂ္ဂတို့မှ ကိုယ်စားလှယ်များအား သွားရောက်ခွင့်ပြုလိုက်ပြီးချိန်တွင် CPJ ၏ ထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့ခြင်းလည်းဖြစ်သည်။

    ရခိုင်ပြည်နယ်တွင် စစ်တပ်၏ အကြမ်းဖက်မှုဖြိုခွင်းရေး၌ အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုများ၊ အလွဲသုံးစားလုပ်မှုများ ရှိနေကြောင်း စွပ်စွဲချက်များ ကျယ်ကျယ်ပြန့်ပြန်ထွက်ပေါ်နေသည့်ကြား ယခုကဲ့သို့ မီဒီယာများကို တားမြစ်မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း CPJ ကဆိုသည်။

    မောင်တောမြို့တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွား၍ လုံခြုံရေးဆောင်ရွက်နေစဉ် သတင်းမီဒီယာများမှ ဂျာနယ်လစ်နှင့် ဓာတ်ပုံသတင်းသမားများအား ဖြစ်ပွားရာနေရာများသို့ သွားရောက်ခွင့်အား စစ်တပ်က တားမြစ်ထားခဲ့ကြောင်း CPJ က ပြောသည်။

    သတင်းမီဒီယာများအတွက် ဘေးကင်းလုံခြုံမှု မရှိ၍ သွားရောက်ခွင့် မပြုခြင်းဖြစ်ကြောင်း လုံခြုံရေးတာဝန်ရှိသူများက ဆိုသည်။ အောက်တိုဘာ ၉ ရက် တိုက်ခိုက်မှုနောက်ပိုင်း သတင်းသမားများ ရိုက်ကူးလာသည့် ဓာတ်ပုံများကိုလည်း စစ်တပ်အရာရှိများက ဖျက်ခိုင်းခြင်းများ ရှိခဲ့သည်ဟု ဆိုသည်။

    “မြန်မာနိုင်ငံရဲ့ ရွေးကောက်ခံအစိုးရအနေနဲ့ ရခိုင်အရေးတွင် လွတ်လွတ်လပ်လပ် ဘေးကင်းလုံခြုံစွာ သတင်းများ လိုက်ပါရေးသားခွင့် ရအောင် လုပ်ဆောင်ပေးသင့်ပါတယ်။ ထွက်ပေါ်နေတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး အကောင်းဆုံးနည်းလမ်းက လွတ်လပ်တဲ့ မီဒီယာကို ခွင့်ပြုပေးရမှာဖြစ်တယ်။ တကယ်လို့ အစိုးရအနေနဲ့ ဖုံးကွယ်စရာ မရှိဘူးဆိုရင် ရခိုင်အရေးမှာ မီဒီယာကို ဝင်ရောက်ခွင့်ပြုသင့်တယ်။”ဟု CPJ ၏ အရှေ့တောင်အာရှဆိုင်ရာ အကြီးတန်းကိုယ်စားလှယ် Shawn Crispin က ပြောခဲ့သည်။

    စစ်တပ်၏ သားမယားပြုကျင့်မှုရှိသည်ဟု သတင်းဖော်ပြခဲ့သည့် Myanmar Times မှ ထောက်လှမ်းရေးသတင်းအယ်ဒီတာ Fiona MacGregor က အလုပ်မှ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။

    နိုဝင်ဘာ ၂ ရက်က ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနှင့် ဥရောပသမဂ္ဂအပါအဝင် နိုင်ငံရှစ်နိုင်ငံမှ သံကိုယ်စားလှယ်များက ရခိုင်ပြည်နယ်သို့ ရောက်ရှိကာ စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်ခဲ့သည်။

     Mizzima မှ ကူးယူဖော်ပြသည်။

  • နှစ်(၅၀) နီးပါး သက်တမ်းရှိ ရွှေလှေကျေးရွာ ဗလီ ဖျက်ပေးဖို့ ရုံးပိတ်ရက်မှာ မြို့နယ်ထွေအုပ်မှ စာထုတ်

    နှစ်(၅၀) နီးပါး သက်တမ်းရှိ ရွှေလှေကျေးရွာ ဗလီ ဖျက်ပေးဖို့ ရုံးပိတ်ရက်မှာ မြို့နယ်ထွေအုပ်မှ စာထုတ်

    နိုဝင်ဘာ ၆၊ ၂၀၁၆
    M-Media
    သတင်း ဖြူလေး
    shwe-hlay
    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ရွှေလှေကျေးရွာ အစ္စလာမ် ဗလီဝတ်ပြုကျောင်းအား အပြီးဖျက်သိမ်းဆောင်ရွက်ပေးရန် ညွှန်ကြားချက် တစ်ခု နိုဝင်ဘာလ (၆) ရက်နေ့က ထွက်ပေါ်လာခဲ့ပါတယ်။

    အဆိုပါ ညွှန်ကြားချက်ကို မြို့နယ် အုပ်ချုပ်ရေးမှူးရုံး (အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန) မှ ရွှေလှေဗလီသက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ ထံကို ရုံးပိတ်ရက် (တနင်္ဂနွေ) နေ့ဖြစ်သော်ငြားလည်း ရွှေလှေဗလီအား အပြီးတိုင် ဖျက်သိမ်းပေးဖို့အတွက် အကြောင်းကြားစာ တစ်စောင်ကို ပေးပို့ခဲ့ခြင်း ဖြစ်ပါတယ်။

    “ကျွန်တော်တို့ကို နှုတ်မိန့်နဲ့တော့ ဗလီ ဖျက်သိမ်းပေးဖို့ကို နိုဝင်ဘာ ၅ ရက်နေ့ကတည်းပြောထားတယ်။ ကျွန်တော်တို့လည်း ရုံးစာ မပါဘူးလားမေးတော့ ဒီနေ့ ပိတ်ရက်ကြီးကို ရုံးကစာရောက်လာတာပဲ” လို့  ဘီးလင်း အစ္စလာမ်သာသာနာရေးရာ ကောင်စီမှ တာဝန်ရှိသူတစ်ဦးမှ M-Media ကိုပြောပါတယ်။

    ထိုစာထဲတွင် ရွှေလှေဗလီသည် ဘာသာရေးအဆောက်အဦးများ ဆောက်လုပ်ရာတွင် ခွင့်ပြုချက်ရယူမှု မရှိဘဲ ဆောက်လုပ် ခဲ့ခြင်းဖြစ်ပြီး ရွှေလှေဗလီမြေမှာ လယ်ယာမြေဖြစ်ပြီး သာသနာဂရန် မရှိခြင်း၊ ဆောက် လုပ်ရာတွင် လုပ်ထုံးလုပ်နည်းများနှင့် မညီညွတ်ကြောင်း စီစစ်တွေ့ရှိရတဲ့အတွက် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်ရန် အတွက် အကြောင်းကြားခြင်းဖြစ်ကြောင်း ပါရှိပါတယ်။
    14964037_942306032541424_248019090_o
    “ကျွန်တော်တို့လည်း ရန်ကုန်က သက်ဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းတွေကိုတော့ အကြောင်းကြားထားတယ်။ ကျွန်တော်တို့ ကောင်စီဥက္ကဌကြီးကတော့ ကိုယ်ကိုယ်တိုင်တော့ ဖျက်ပေးစရာမလိုဘူးလို့ ပြောတယ်။

    ကျွန်တော်တို့လည်း ကျွန်တော်တို့ ဗလီကိုတော့ ကိုယ်တိုင်ဖျက်မပေးနိုင်ဘူး။ ဗလီဘာမှ မဖြစ်ဖို့ကိုတော့ ကျွန်တော်တို့ တတ်နိုင်သလောက် ကြိုးစားသွားမယ်” လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

    ရွှေလှေဗလီ သာသနာတော်ကျောင်းအဖြစ်အသုံးပြုရန်အတွက်  ရွှေလှေကျေးရွာနေ ဦးဗိုလ်ပူ+ ဒေါ်မော်ရွန်ဘီတို့မှ ၄င်းတို့ ပိုင်ဆိုင်သည့် ဧရိယာ ၀.၄၀ ဧက ကျယ်ဝန်းသည့်မြေကို  ၁၉၆၇ ခုနှစ်တွင် လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ယင်းမြေပေါ်တွင် ဝတ်ပြုရန်ကျောင်းတော်နှင့် ဘာသာရေး စာသင်ကျောင်း  တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။ ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ပြီး နှစ် (၂၀) ကျော်အကြာ ပျက်ဆီးမှု များကြောင့် ပြင်ဆင်ဖို့ ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် ခွင့်ပြုချက်ဖြင့် ၁၉၈၇ တွင် ပြင်ဆင်ခဲ့ပြိး အရေးအခင်းဖြစ်ပွား၍ ရပ်ဆိုင်းခဲ့ရပါတယ်။ နောက်ပိုင်း တက်လာသည့် အစိုးရ လက်ထက်တွင် ပြုပြင်မွမ်းမံခွင့်မရဘဲ ပျက်ဆီးယိုယွင်းနေသည့် သစ်သား အဆောက်အဦကိုသာ နှစ်ပေါင်း များစွာ ဆက်လက် အသုံးပြုခဲ့ရကြောင်း သိရပါတယ်။

    ” ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအသစ် တက်လာကတည်း နောက်ကြောင်းပြန် တဲ့ ကိစ္စ တွေ မလုပ်ဘူးလို့ ပြောတယ်။ ခရိုနီတွေ ၊ စစ်အာဏာရှင်တွေ လုပ်ခဲ့တာတွေကို နောက်ကြောင်းပြန်ဖို့ မရှိဘူးလို့ ပြောပေမယ့် အခု နှစ်ပေါင်းများစွာ ရှိနေပြိးသား သာသနိက အဆောက်အဦးတွေကို အထောက်အထားမစုံဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ နည်းမျိုးစုံ သုံးပြီး ဖျက်ဖို့ လုပ်နေတာတွေဟာ အပြောနဲ့ အလုပ်နဲ့ တလွဲစီ ဖြစ်နေတယ်။ ဒီအဆောက်အဦးတွေက မနေ့က တနေ့ကမှ ဆောက်ထားတာ မဟုတ်ပါဘူး။ ဒါတွေ အန်တီစု မသိဘဲ အောက်ခြေက လုပ်နေတာဆိုလည်း အုပ်စုတစုက ရည်ရွယ်ရွယ်ချက် ရှိရှိ ပြဿနာကို မီးမွှေးနေတာလို့ပဲ မြင်ပါတယ်။ ” လက်ရှိ ဖြစ်ပေါ်နေမှုအပေါ် အမည်မဖော်လိုတဲ့ အစ္စလာမ်ဘာသာဝင်တဦးက မှတ်ချက်ပြုတာပါ။

    နှစ် (၅၀) နီးပါး ဝတ်ပြုမှုများ ပြုလုပ်ခဲ့သည့် ယင်းရွှေလှေဗလီကို နိုဝင်ဘာလ(၁၈) ရက်နေ့တွင် အပြီးတိုင် ဖျက်သိမ်းဆောင်ရွက်ပေးရန်နှင့် ဆောင်ရွက်ပြီးစီး ပါက ပြန်လည်တင်ပြခြင်းများ ပြုလုပ်ရန် အကြောင်းကြားထားခြင်းပဲဖြစ်ပါတယ်။

    NLD အစိုးရသစ်တက်လာပြီး ဇူလိုင်လအတွင်း  ဖားကန့် ရှိ လုံးခင်းကျေးရွာ အစ္စလာမ်ဝတ်ပြုဆောင်ကို တရားမဝင်၍ ဖျက်ပေးဖို့ စာထုတ်ခဲ့ပြီး သက်ဆိုင်ရာ ဂေါပက အဖွဲ့မှ ချိတ်ပိတ်ပေးရန် သဘောတူညီခဲ့သော်လည်း အစွန်းရောက်တချို့ လှုံ့ဆော်မှုကြောင့် မီးရှိုးဖျက်ဆီးခြင်းခံခဲ့ရပါတယ်။ အလားတူ ဇူလိုင်လ အတွင်းမှာပဲ ပဲခူးတိုင်း သူရဲသမိန်ကျေးရွာမှ ဗလီဝတ်ကျောင်းတော် မှာလဲ ဒေသခံများရဲ့ ဖျက်ဆီးမှုကို ခံခဲ့ရပြီး ယနေ့ချိန်ထိ ပြန်လည် ဖွင့်လှစ်ခွင့်မရသေးကြောင်း သိရှိရပါတယ်။

  • ဟိန္ဒူ တွေကို တိုက်ခိုက်သူတွေ ထပ်ဖမ်းခံရ

    ဟိန္ဒူ တွေကို တိုက်ခိုက်သူတွေ ထပ်ဖမ်းခံရ

    နိုဝင်ဘာ ၆ ၊ ၂၀၁၆

    ဘင်္ဂလားဒစ်ရှ်နိုင်ငံက ဟိန္ဒူ  လူနည်းစုကိုတွေ အချိန်ကိုက် တိုက်ခိုက်မှုနဲ့ စပ်ဆက်သူတွေကို ရဲတွေက ထပ်မံ ဖမ်းဆီးနေပါတယ်။

    ပြီးခဲ့တဲ့ တနင်္ဂနွေက စဖြစ်ခဲ့တဲ့ ဘင်္ဂ္လားဒက်ရှ် အရှေ့ပိုင်းမှာရှိတဲ့ ဟိန္ဒူ ဘုရားကျောင်း ၁၇ကျောင်းနဲ့ ဟိန္ဒူ တွေ နေထိုင်ရာ အိမ်ခြေ ၁၀ဝကျော်ကို တိုက်ခိုက်မှုနဲ့ ဆက်စပ်ပြီး လူပေါင်း ၄၀ကျော်ကို ဖမ်းဆီးထားပြီး ဖြစ်ပါတယ်။

    ဒီတိုက်ခိုက်မှုတွေမှာ ဟိန္ဒူ လူမျိုး ဒါဇင်နဲ့ချီပြီး ဒဏ်ရာရခဲ့ပါတယ်။

    ဖေ့စ်ဘွတ်မှာ မူဆလင်တွေရဲ့ အထွတ်အမြတ်ထားရာ မက္ကာမြို့တော်ကို လှောင်ပြောင်တဲ့ ရေးသားမှုတခုကနေ စဖြစ်ခဲ့ပုံရတယ်လို့ သိရပါတယ်။

    ဒီလို ရေးသားခဲ့တဲ့ ဟိန္ဒူ  လူမျိုးကောင့်ပိုင်ရှင်က သူ့အကောင့် ခိုးယူရေးသားခံရတယ်လို့ ပြောဆိုခဲ့ပေမယ့် သူလည်း အဖမ်းခံရတဲ့အထဲ ပါဝင်ခဲ့ပါတယ်။

    မူရင်း BBC

    _92290164_7e234f38-44b3-4a82-a3e3-bff14f65e7f0
    ဒီတိုက်ခိုက်မှုတွေမှာ ဟိန္ဒူ ဒါဇင်နဲ့ချီပြီး ဒဏ်ရာရခဲ့