News @ M-Media

Author: editor

  • အမှားပြင်ဆင်ခြင်းနှင့် M-Media ပရိတ်သတ်အား အသိပေးတောင်းပန်ခြင်း

    အမှားပြင်ဆင်ခြင်းနှင့် M-Media ပရိတ်သတ်အား အသိပေးတောင်းပန်ခြင်း

    နိုဝင်ဘာ ၁၆ ၊ ၂၀၁၆
    M-Media

    နိုဝင်ဘာ ၁၅ ရက်နေ့ (ယမန်နေ့) တွင် မိမိတို့ M-Media မှ ” ပြည်သူမကြိုက်သည့် တောင်ကိုရီးယားသမ္မတ ရာထူးမှ နှုတ်ထွက်ပြီ” သတင်းခေါင်းစဉ်ဖြင့် ဘာသာပြန် သတင်းတပုဒ်ကို တင်ဆက်ခဲ့ပါသည်။

    အဆိုပါပို့စ်မှာ CNN သတင်းဌာန အမည်ဖြင့် ဆင်တူယိုးမှား ဖြစ်အောင် ထုတ်လွှင့်ခဲ့သည့်   http://cnn-alive.com  တွင်ဖော်ပြထားသည်ကို အခြေခံ၍ ရေးသားထားခြင်းဖြစ်ပြီး ထိုသတင်းမှာ ခိုင်မာမှုမရှိဘဲ လုပ်ကြံဖန်တီးထားသည့် သတင်းဖြစ်ကြောင်း  နောက်ပိုင်းတွင် တွေ့ရှိခဲ့ရပါသည်။

    ယခုအခါ အဆိုပါ တောင်ကိုးရီးယား သမ္မတ နှုတ်ထွက်သည့် သတင်းကို M-Media  ၀ဘ်ဆိုက်နှင့် Facebook စာမျက်နှာ ၂ ခုစလုံးမှ ပြန်လည် ဖြုတ်ချခဲ့သည်ကို ပရိတ်သတ်များအား အသိပေးအပ်ပါသည်။ ထိုကဲ့သို့ မှားယွင်းဖော်ပြခဲ့မှုအတွက်လည်း M-Media စာဖတ် ပရိတ်သတ်ကို အနူးအညွတ်တောင်းပန်လိုပြီး၊ နောင်တွင် ထိုကဲ့သို့ မဖြစ်စေရန် ဂရုတစိုက် ဆောင်ရွက်သွားပါမည်။

  • ဘာသာပေါင်းစုံ စည်းလုံးညီညွတ်ခြင်း ဖော်ညွှန်းနေသည့် နိဗ္ဗာန်ဈေးပွဲတော်လေး

    ဘာသာပေါင်းစုံ စည်းလုံးညီညွတ်ခြင်း ဖော်ညွှန်းနေသည့် နိဗ္ဗာန်ဈေးပွဲတော်လေး

    နိုဝင်ဘာ ၁၅ ၊ ၂၀၁၆
    M-Media
    ဂျက်ဖရီတင်အုန်း(ရန်ကုန်စက်မှု့တက္ကသိုလ်R.I.T) ရေးသည်။
    2222

    “စည်းလုံးခြင်းသည် ခွန်အား၊ ညီညွတ်ခြင်းသည် အင်အား”ဆိုသည့် ပြယုဂ်ကို မတူကွဲပြားဘာသာဝင်တို့ စုပေါင်းပြုလုပ်ကြသည့် စတုထ္တအကြိမ်မြောက် ကျင်းပပြုလုပ်ခဲ့တဲ့ နိဗ္ဗာန်ဈေးပွဲလေးကြောင်း စာရေးသူတင်ပြချင်ပါတယ်။

    နိဗ္ဗာန်ဈေးပွဲကို နိုဝင်ဘာလ ၁၅ရက် အင်္ဂါနေ့က  (ခ)ရပ်ကွက် သင်္ကန်းကျွန်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပပြုလုပ် ခဲ့ခြင်းဖြစ်သည်။

    ထိုရပ်ကွက်လေးကို လွတ်လပ်ရေး ရပြီးချိန်မှ စ၍ ဖဆပလ အစိုးရခေတ်အထိ “မြို့မ “ရပ်ကွက်လေး ဟု လူသိများခဲ့ကြပါသည်။

    သင်္ဃန်းကျွန်းဘူတာ နံဘေးတွင် တည်ရှိပါသည်။  မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်(မဆလ)ခေတ်နောက်ပိုင်းကျမှ  (ခ) ရပ်ကွက်ဟူ၍ ဖြစ်လာပါသည်။

    ထိုရပ်ကွက်တွင် ဗုဒ္ဓဘာသာဦးရေ၊ ဟိန္ဒူဘာသာဦးရေ နှင့် ခရစ်ယာန်ဘာသာဦးရေမှာ ၃၀ ရာခိုင်နှုန်းလောက်ရှိပြီး အစ္စလာမ်ဘာသာဝင်ဦးရေမှာ ၇၀ ရာခိုင်နှုန်းခန့်ရှိပါသည်။

    ပို၍ ထူးခြားသည်မှာ ထိုရပ်ကွက်လေးတစ်ခုတွင်ပင် ဗုဒ္ဓဘာသာ ဓမ္မာရုံတစ်ခု၊   ဟိန္ဒူဘုရားကျောင်း Temple တစ်ခု၊ ခရစ်ယာန်ဘာသာဝင်တို့၏ Roman Catholic Saint. Josep Church နှင့်Baptist Church တစ်ခုစီ အပြင်၊ ၁၉၃၆ ခုနှစ်က တည်ဆောက်ခဲ့သော အစ္စလာမ်ဘာသာဝင်တို့၏  ဗလီတစ်လုံးလည်း ရှိနေပါသည်။

    ထိုရပ်ကွက်သည်  ဗြိတိသျှကိုလိုနီခေတ်ကတည်းက တည်ရှိခဲ့ပါသည်။ သင်္ဃန်းကျွန်းမြို့စတည်ကတည်းက မူလတည်ရှိခဲ့သော ရပ်ကွက်ဖြစ်ပြီး သင်္ဃန်းကျွန်းဘူတာရုံ နှင့် အလွန်နီးကပ်၍ ရပ်ကွက်နေပြည်သူများ ရန်ကုန်မြို့သို့ရထားဖြင့်သွားရာတွင် အလွန် လွယ်ကူလှပါသည် အဆင်ပြေလှပါသည်။

    ဘာသာလူမျိုးမခွဲခြားဘဲ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကို အဓွန့်ရှည်တည်တံ့စေလိုတဲ့အတွက် အခုလို   နိဗ္ဗာန်ဈေးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ နှစ်စဉ် ကျင်းပနေပုံကို သွားရောက်လေ့လာခဲ့ပါသည်။

    (ခ)ရပ်ကွက်ရှိ ဓမ္မာရုံလူငယ်များ အဖွဲ့  (ခ) ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့ဦးစီးကာ ရပ်ကွက်အတွင်းရှိ မတူကွဲပြား ဘာသာဝင်များပူးပေါင်းပါဝင်အားဖြည့်စုစည်းကာ ရပ်ကွက် နိဗ္ဗာန်ဈေးပွဲတော်ကို ကျင်းပါနေတာကို တွေ့ရှိခဲ့ရသည်။

    နိဗ္ဗာန်ဈေးပွဲတော် ဟု ဆိုသော်လည်း  မည်သည့် စားစရာ သောက်စရာ များ စတီးခွက်စသည့် အိမ်သုံးပစ္စည်း စသည်တို့ကို ငွေပေးစရာ မလိုဘဲ  ရပ်ကွက်နေ ပြည်သူလူထုအား  အခမဲ့ ဝေငှထားသော ကတ်ပြားလေးများအား ပြ၍ ရယူနိုင်ပါသည်။

    ထိုကတ်ပြားလေးများအား ရပ်ကွက် အုပ်ချုပ်ရေးမှူးးရုံးတာဝန်ရှိသူများနှင့် ရပ်ကွက် ဓမ္မာရုံတာဝန်ခံများမှ ရပ်ကွက်နေပြည်သူများအား အဓိကဦးစားပေးကာ တစ်အိမ်ထောင်လျှင် ကပ်ပြား ၃ ခုခန့်ကို  ဝေငှထားတာကို တွေ့ရှိရသည်။

    ညနေ ၄နာရီခွဲခန့်အချိန်တွင် နိဗ္ဗာန်ဈေးပွဲတော်ကို ဖွင့်လှစ်ပြီး လူမျိုးဘာသာမရွေး စာသုံးနိုင်ရန် ကြက်ဥ ဘဲဥ ငါးခြောက် ဟင်းများနှင့် ညစာ ထမင်းဟင်းများကိုလည်း   ဓမ္မာရုံမဏ္ဍပ်တွင်ကျွေးမွေးနေကြောင်း တွေ့ခဲ့ရပါသည်။

    စာရေးသူအနေဖြင့် ထိုရပ်ကွက် နိဗ္ဗာန်ဈေးပွဲတော်လေးကို မြင်တွေ့ရသည်မှာ  အတိုင်းမသိဝမ်းသာပီတိဖြစ်ခဲ့ရပါသည်။

    အကြောင်းမှာ ရပ်ကွက်နေ လူဦးရေ အများစုမှာ အစ္စလမ်ဘာသာဝင်များသည် ဘာသာရေးအယူမသည်း၊ အမြင်မကျဉ်းဘဲ ထိုနိဗ္ဗာန်ဈေး ပွဲတော်လေးတွင် ပါဝင် ဆင်နွှဲနေကြသည်ကို တွေ့မြင်ရ၍ အထူး မှတ်တမ်းတင်မိပါသည်။

    ဂျက်ဖရီတင်အုန်း(ရန်ကုန်စက်မှု့တက္ကသိုလ်R.I.T)

  • ၂၀၁၅ ခုနှစ် အမျိုးသားစာပေဆု (နိုင်ငံရေးစာပေဆု)ကို မြန်မာမွတ်စလင်မ် အမျိုးသမီးတစ်ဦး ရရှိ

    ၂၀၁၅ ခုနှစ် အမျိုးသားစာပေဆု (နိုင်ငံရေးစာပေဆု)ကို မြန်မာမွတ်စလင်မ် အမျိုးသမီးတစ်ဦး ရရှိ

    နိုဝင်ဘာ ၁၅ ၊ ၂၀၁၆

     

    15036364_1019231684871364_2421560126676209776_n
    ဓါတ်ပုံ- MOI

    ပါမောက္ခ ဒေါက်တာဒေါ်စန်းစန်းမြင့်သည် ယခုနှစ်အတွက် အမျိုးသား စာပေဆု ရွေးချယ်ခြင်းခံရပြီး ဆရာမကြီး ဆွတ်ခူးရရှိခဲ့သော နိုင်ငံရေးစာပေဆုသည် ဖဆပလခေတ် မြန်မာ့နိုင်ငံရေးသမိုင်း(၁၉၄၈-၁၉၅၈)စာအုပ်ကို ရေးသားထား သော စာအုပ်ဖြစ်ကာ နိုင်ငံရေးစာပေဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

    14991816_924266367710949_5802002858603732983_n

    ”မြန်မာ့နိုင်ငံရေးသမိုင်းမှာ ထင်ရှားသောအဖွဲ့အစည်းကြီး တစ်ရပ်ဖြစ်တဲ့ ဖဆပလအဖွဲ့ကြီး၏ စည်းလုံးညီညွတ်မှု အရှိန်အဟုန်ကာလမှာ တိုင်းပြည်အတွက် ရရှိသောအောင်မြင်မှုကောင်းကျိုးကျေးဇူးများနှင့် ညီညွတ်မှုအကျ ကာလမှာ တိုင်းပြည်အပေါ်ကျရောက်တဲ့ ဆိုးကျိုးဂယက်များကို ဒီစာအုပ် ဖတ်ခြင်းအားဖြင့်တွေ့မြင်ပြီး နိုင်ငံရေးသင်ခန်းစာရယူနိုင်ရန်၊ ညီညွတ်ခြင်း၏တန်ဖိုးကို အထူးအလေးထားကာ တိုင်းပြည်အတွက် တစ်မျိုးသားလုံး စည်းလုံး ညီညွတ်မှုခိုင်မာရန်နှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော် တည်ဆောက် နိုင်ရန်အတွက်ရည်ရွယ်ပြီး ဒီစာအုပ်ကိုရေးသားရခြင်းဖြစ်ပါတယ်။ ပထမဦးဆုံး စာအုပ်လုံးချင်းအနေနဲ့ဆုရရှိတာမို့ အလွန်ဝမ်းသာမိပါတယ်။ (၁၉၄၈-၁၉၅၈)ကာလ နိုင်ငံရေးဟာဆိုရင် ကျယ်ပြန့်ရှုပ်ထွေးများပြားခဲ့တာကြောင့် အထောက်အထားဘက်စုံအောင် စုဆောင်းရှာဖွေပြုစုရေးသားခဲ့ရတဲ့အတွက် အလွန်ပင်ပန်းခဲ့ပါတယ်။ ကြိုးပမ်းရကျိုးနပ်လို့လည်း ဝမ်းသာမိပါတယ်။ ကျွန်မ ဝမ်းသာရတာထက် သားသမီးများရဲ့ပညာရေးကို အလွန်မျှော်လင့်အားပေး ပံ့ပိုးချီးမြှင့် ပေးခဲ့တဲ့ ကွယ်လွန်သွားပြီဖြစ်သော ကျွန်မဖခင်ရဲ့ဂုဏ်ကို ဖြည့်ဆည်းပေးလိုက် နိုင်သလို လက်ရှိအသက် (၉၂)နှစ်ရှိနေပြီဖြစ်တဲ့ အမေ့မွေးနေ့မှာ ဒီဆုကိုရရှိ ခဲ့တယ်ဆိုတာသိရတော့ အမေ့အတွက် မွေးနေ့လက်ဆောင်အဖြစ် ဒီဆုကို ပေးနိုင်တော့မှာမို့ အလွန်ဝမ်းသာပီတိဖြစ်ရပါတယ်”ဟု ပါမောက္ခ ဒေါက်တာ ဒေါ်စန်းစန်းမြင့် (နိုင်ငံရေးစာပေဆု)က ပြောသည်။

     

    15032804_1782396818667485_2688881383714959624_n
    ဓါတ်ပုံ-မြန်မာ့အလင်း

    အမျိုးသား စာပေဆုမှာ နိုင်ငံတော်က ချီးမြှင့်သည့် စာပေဆိုင်ရာ အမြင့်ဆုံးဆုဖြစ်ပါသည်။

    ဆရာမကြီးသည် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ဇာတိဖြစ်ပြီး ၁၉၄၉ ခုနှစ် ဇွန် ၁၅ ရက်တွင် အဖဦးစံရွှေ(စန္ဒာသီရိပုံနှိပ်တိုက်)နှင့် အမိဒေါ်ကြည်ကြည် တို့မှမွေးဖွားကာ ပြည်မြို့ အထက(၁)မှ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သူတစ်ဦးဖြစ်သည်။ ရန်ကုန်တက္ကသိုလ် မှ သမိုင်းအထူးပြုဖြင့် ဝိဇ္ဇာဘွဲ့နှင့် မဟာ ဝိဇ္ဇာဘွဲ့ကိုအထူးအောင်ဖြင့် အောင်မြင်ခဲ့ပြီး ပါရဂူဘွဲ့လည်းဆက်လက်ရရှိခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် ရန်ကုန်လုပ်သားများကောလိပ်၌ အချိန်ပိုင်းနည်းပြဖြင့် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး တက္ကသိုလ်အသီးသီးတွင် သမိုင်းဌာန၌ တာဝန်အဆင့်ဆင့်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။ ၂ဝဝ၉ ခုနှစ် စက်တင်ဘာလ၌ ရန်ကုန်အရှေ့ပိုင်းခရိုင်တက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)ရာထူးဖြင့် သက်ပြည့် အငြိမ်းစားယူခဲ့ပြီး သမိုင်းသုတေသနပြုစုမှုဖြင့် တက္ကသိုလ်အသီးသီး၌ သုတေသနစာတမ်းများ ပြုစုရေးသားဖတ်ကြားခဲ့ကြောင်း သိရသည်။

    ဆရာမကြီး ဒေါက်တာ စန်းစန်းမြင့်သည် ရန်ကုန်မြို့ ဗိုလ်ဆွန်ပက်လမ်းတွင် မိသားစုနှင့်အတူပျော်ရွှင်စွာနေထိုင်လျက် စာပေတာဝန်များကို ဆက်လက်ထမ်းဆောင် လျက်ရှိကြောင်း သိရသည်။

    ပါမောက္ခ ဒေါက်တာ ဒေါ်စန်းစန်းမြင့် မှာ အစ္စလာမ်ဓမ္မဗိမာန်၏ ဦးဆောင်ဆော်သြရေးမှူး အလ်ဟဂ်ျ ဦးအေးလွင်၏ အမျိုးသမီးဖြစ်သူ ဆရာမကြီးဒေါ်စန်းစန်းတင့်၏ အမ အရင်းတော်စပ်သူ ဖြစ်ကြောင်း သိရှိရပါသည်။

    နိုဝင်ဘာ ၊၁၃၊၂၀၁၆ ကြေးမုံသတင်းစာ ပါ သတင်းဆောင်းပါးအား Kamar Atarturk မှ ကောက်နှုတ်ဖော်ပြသည်။

  • ရခိုင်ပြည် အကြံပေးကော်မရှင် စစ်တွေနဲ့ မောင်တော သွားမည်

    ရခိုင်ပြည် အကြံပေးကော်မရှင် စစ်တွေနဲ့ မောင်တော သွားမည်

    46ad96f5-700e-4332-9521-3d7a796b43f9_cx13_cy6_cw87_w987_r1_s_r1
    ရခိုင်ပြည် အကြံပေးကော်မရှင်

    ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင် ၇ ဦးဟာ ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ မောင်တောမြို့နယ်တွေ ကို နိုဝင်ဘာလ ၁၅ ရက်ကနေ ၁၇ ရက်အထိ သုံးရက်ကြာ သွားရောက်မှာဖြစ်ပြီး ဒေသဆိုင်ရာ တာဝန်ရှိ သူတွေ ဒေသခံတွေနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။ ရခိုင်ပြည်မှာ လတ်တလော မငြိမ်မသက် ဖြစ်နေတဲ့ အခြေအနေတွေကိုလည်း လေ့လာ စုံစမ်းသွားမှာ ဖြစ်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

    ရခိုင်ပြည်နယ် စစ်တွေနဲ့ မောင်တောမြို့နယ်တွေကို နိုဝင်ဘာလ ၁၅ ကနေ ၁၇ အထိ သုံးရက်ကြာသွားရောက်မယ့် ရခိုင်အကြံပေးကော်မရှင် ခရီးစဉ်နဲ့ပတ်သက်လို့ ရခိုင်အကြံပေးကော်မရှင် အဖွဲ့ဝင်လဲဖြစ် ငြိမ်းချမ်းမေတ္တာအဖွဲ့ ဦးဆောင်သူလဲဖြစ်တဲ့ ဦးအေးလွင်က ခုလိုပြောပါတယ်။

    “ပထမကျနော်တို့ စီစဉ်ထားတာကတော့ စစ်တွေရှိတယ် နောက်ပြီးရင် မောင်တောကို သွားဖို့ရှိပါတယ်။ အဲဒါကတော့ ပထမ စီစဉ်ထားတာပေါ့နော် ။ နောက် ဖြစ်ပေါ်လာတဲ့ အခြေအနေ တွေကြောင့် ကျနော်တို့ ဒီနေ့မှာအစည်းအဝေးပြန်ပြီးတော့ ထိုင်ပြီးတော့ သွားရေးမသွားရေးဆိုတာကို ပြန် ဆုံးဖြတ်ပါမယ်။ အထွေထွေ ကျနော်တို့ကို ပေးထားသော တာဝန်ကလည်း ကျနော်တို့ Mandate က ရခိုင်ပြည်နယ် တခုလုံးအေးချမ်းသာယာပြီးတော့ တည်ငြိမ်ဖွံ့ဖြိုးရေးအတွက်ကို အကောင်းဆုံး ဘာတွေလုပ်သင့်တယ်ဆိုတဲ့ အကြံတွေကို ပေးရမှာပါ။ ဆိုတော့ အဲဒီ Mandate ဘောင်အတွင်း ကနေပြီးတော့ ရခိုင်ပြည်နယ်မှာရှိတဲ့ မြို့နယ်အားလုံးကို ကျနော်တို့ သွားလေ့လာပြီးတော့  အဲဒီမှာ ရှိနေတဲ့ မြေပြင် အခြေအနေများကို လေ့လာမယ်။ အဲဒီက ပြည်သူတွေနဲ့ ထိတွေ့ပြီးတော့ သူတို့ပြောတာလေးတွေကို နားထောင်ပြီးတော့ ကျနော်တို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို ဘာတွေက လုပ်သင့်တယ်ဆိုတာကို အကြံလေးတွေပေးဖို့ပါပဲ။”

    ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ပြီးခဲ့တဲ့ သြဂုတ်လမှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ကော်မရှင်ကို ဦးဆောင်တဲ့ ကုလအတွင်းရေးမှူး ချုပ်ဟောင်း ကိုဖီအာနန်ကိုယ်တိုင် စက်တင်ဘာ အစပိုင်းမှာ ရခိုင်ပြည်နယ်ကို သွားရောက်လေ့လာခဲ့ပါတယ်။ ဒီတခေါက် အကြံပေးကော်မရှင်ရဲ့ ခရီးစဉ်အတွင်း မစ္စတာကိုဖီအာနန် ပါဝင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ ရခိုင်ပြည်မှာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေဟာ အမျိုးသားလုံခြုံရေးအတွက် စိုးရိမ်ဖွယ်အခြေအနေဖြစ်တယ်လို့ ဦးအေးလွင်က သုံးသပ်ပါတယ်။

    “ကျနော်တို့ကတော့ ဒီ ပုန်ကန်ထကြွမှု မှန်သမျှအားလုံးက ကျနော်တို့ရဲ့ အမျိုးသားလုံခြုံရေးကို တနည်းမဟုတ် တနည်းတော့လေ ထိပါးတယ်လို့ရှိပါတယ်။ ကျနော်တို့ ကချင်မှာလည်း ဖြစ်နေတာပဲ။၊ ရှမ်းပြည်မှာ လည်းဖြစ်နေတာပဲ၊ နော် အဲဒီတော့ ပြည်တွင်းစစ်ကြီးမှာ ဖြစ်နေတဲ့ ပုန်ကန်ထကြွမှု မှန်သမျှဟာ ကျနော်တို့ အမျိုးသားလုံခြုံရေးအတွက် တနည်းမဟုတ်တနည်း အနှောက်အယှက် ဖြစ်တယ်လို့ ကျနော်အဲလိုပဲ ကျနော်တို့ ခံယူပါတယ်။ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်က တည်ငြိမ်ဖို့ လိုပါတယ်၊ တည်ငြိမ်ဖို့ လိုတဲ့အခါကျတော့ ၂ ဘက် အုပ်စုများအတွင်းမှာ ရှိနေတဲ့ သံသယ လေးတွေပျောက်သွားပြီးတော့ တယောက်နဲ့ တယောက် အရင် တုန်းကလို ငြိမ်းချမ်းစွာ အတူယှဉ်တွဲရေးဆိုတဲ့ အနေအထားမျိုးပြန်ပေါ်ပေါက်လာဖို့ ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာကော သူတို့ မှာ လိုအပ်တဲ့ လိုအပ်ချက် ကလေးတွေကို ဖြည့်ဆည်းပေးမယ်ဆိုရင် လူတွေက အရင်တုန်းက ပုံစံအတိုင်း ပဲပေါ့လေ၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနိုင်မယ် ဆိုရင် ဒါဟာ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး ၊ နယ်မြေဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျနော်တို့ Next step ကို ဆက်ပြီးတော့ ဆောင်ရွက်လို့ရမှာပေါ့နော်။ နောက်ပြီးတော့ တယောက်နဲ့ တယောက် ကြားမှာ ရှိနေတဲ့ သံသယတွေ ၊ စိုးရိမ်စိတ် ကလေးတွေ ပျောက် သွားအောင် ကျနော်တို့ လုပ်နိုင်မယ်ဆိုရင်တော့ ဒါ အကောင်းဆုံးဖြစ်မယ်လို့ အဲဒါကို ကျနော့် အနေနဲ့တော့ သုံးသပ်ပါတယ်။”

    ရခိုင်အကြံပေးကော်မရှင်ကို ကိုဖီအာနန် ဦးဆောင်ပြီး အတွေ့အကြုံများတဲ့ နိုင်ငံခြား သား သံတမန် ၂ဦးနဲ့ မြန်မာနိုင်ငံက လူသိထင်ရှားတဲ့ ပုဂ္ဂိုလ်တွေနဲ့ပါ စုစုပေါင်း ၉ဦးနဲ့ ဖွဲ့စည်း ထားတာဖြစ်ပါတယ်။ ဒီကော်မရှင်ဟာ သူတို့ရဲ့လေ့လာတွေ့ရှိချက်တွေကို ၂၀၁၇ သြဂုတ်လ မတိုင်ခင် နိုင်ငံတော်ကို အစီရင်ခံစာ တင်သွင်းရမှာ ဖြစ် ပါတယ်။

    ဒီအတောအတွင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ အောက်တိုဘာလ ၁၃ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ် မောင်တောမြို့နယ်တ၀ိုက် တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေစဉ် ဂွဆုံကျေးရွာကို တပ်မတော် စစ်သည်တွေ ရောက်သွား ချိန်မှာ မီးလောင်နေတဲ့ အိမ် အလုံး ၅၀ ကိုတွေ့ခဲ့ ရကြောင်း၊ ဓါး လက်နက်ကိုင်ဆောင်ထားသူ ၇ ဦး လာရောက်တိုက်ခိုက်တာကြောင့် ပစ်ခတ် ရှင်းလင်းရာမှာ အကြမ်းဖက် သမား ၆ ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။

    ဒါးကြီးဇား တောင်ရွာမှာလည်း နယ်မြေရှင်းလင်းစဉ် မီးလောင်ကျွမ်း နေတဲ့ အိမ်ခြေ ၆၀ လောက် တွေ့ရပြီး တုတ်ဓါး ကိုင်ဆောင်သူ လူ၂၀ လောက်က လာရောက် တိုက် ခိုက်တာကို ပြန်လည် ပစ်ခတ်ချိန်မှာ လူ ၁၉ ဦး အသေဖမ်းဆီး မိကြောင်း ရေးသား ထားပါတယ်။ တခါ မောင်တော ဝါးပိတ်ကျေးရွာကို အကြမ်းဖက်သမားတွေ လာေ ရာက်တိုက်ခိုက် မယ် လို့ သတင်းရတာကြောင့် သွားရောက် ရှင်းလင်းရာမှာ အကြမ်းဖက်သမား ၁၀ ဦးလောက်က ကျေးရွာတွင်း နေအိမ်တွေကို မီးရှို့ပြီး ဇင်ပိုင်ညာရွာဘက် ထွက်ပြေးသွား ကြကြောင်း တပ်မတော်က သတင်းထုတ်ပြန် ခဲ့ပါတယ်။

    VOA မှ ကူးယူဖော်ပြသည်။

  • HRW က မောင်တောအစီရင်ခံစာ ထုတ်ပြန်၊ အစိုးရက တုန့်ပြန်ပြော ဆို

    HRW က မောင်တောအစီရင်ခံစာ ထုတ်ပြန်၊ အစိုးရက တုန့်ပြန်ပြော ဆို

    111
    မီးရှို့ဖျက်ဆီးခံထားရတဲ့ ရွာတွေကို HRW က ဂြိုလ်တုကနေ ရိုက်ကူးထားတာကို တွေ့ရစဉ်

    ရခိုင်ပြည်နယ် မောင်တောမြို့နယ်က ကျေးရွာ ၃ ရွာမှာ မီးလောင်မှုနဲ့ ဆက်စပ်ပြီး ပျက်စီးသွားတဲ့ အဆောက်အဦး ၄၃၀ လောက်ရှိနေကြောင်းနဲ့ အဲဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂကို ဖိတ်ခေါ် သင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ HRW က ဒီကနေ့ ရက်စွဲနဲ့ အစီရင်ခံစာ ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

    အဲဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး HRW အဖွဲ့ရဲ့ အာရှတိုက်ဆိုင်ရာ ဒုတိယ ဒါရိုက်တာ Mr. Phil Robertson က အခုလို ပြောပါတယ်။

    “မောင်တောမြို့နယ်က ကျေးရွာ ၃ ရွာမှာ အဆောက်အဦး ၄၃၀ ဖျက်ဆီးခံထားရတာတွေ့ရှိထား ပါတယ်။ အောက်တိုဘာလ ၉ ရက်နေ့က နယ်ခြားစောင့်တပ်တွေ အတိုက်အခိုက်ခံရပြီး နောက်ပိုင်း နယ်မြေရှင်းလင်းရေးအတွင်း ဖြစ်ပျက်ခဲ့တာပါ။ နယ်မြေရှင်းလင်းမှုတွေအတွင်း ညှင်းပန်းနှိပ်စက်မှုတွေ ၊ ဖမ်းဆီးမှုတွေ ၊ အဓမ္မပြုကျင့်မှုတွေရှိတယ်လို့လည်း စွပ်စွဲပြောဆိုမှုတွေ ရှိနေပါတယ်။ ဂြိုလ်တုကရိုက်ကူး တဲ့ မှတ်တမ်းတွေ့ရှိချက်တွေအရဆိုရင် အဲဒီကျေးရွာ ၃ ရွာမှာ ဆိုးဆိုးဝါးဝါး မီးရှို့ဖျက်ဆီးခံထားရတာတွေ ရှိနေပါတယ်။ ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂက တာဝန်ယူသင့်ပါတယ်” လို့ပြောတာဖြစ်ပါတယ်။

    မောင်တောမြို့နယ်က ပြောင်ပိုက် ခေါ် (ငါးစားကြူး)ရွာမှာ အဆောက်အဦး ၈၅လုံး ၊ ကြက်ရိုးပြင် ကျေးရွာမှာ ၂၄၅ လုံးနဲ့ ၀ပိတ်ကျေးရွာမှာ အဆောက်အဦး ၁၀၀ ဟာ မီးလောင်မှုကြောင့် ဆက်နွယ်ပြီး ပျက်စီးသွားတာလို့ HRW က ဂြိုလ်တုကနေ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေနဲ့ ဖေါ်ပြထားတာဖြစ်ပါတယ်။

    HRW ရဲ့အစီရင်ခံစာအပေါ် မြေပြင်မှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ သမ္မတရုံးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေး က အခုလို ပြောပါတယ်။

    “အစီရင်ခံစာထွက်လာတယ်ပေါ့နော်၊ ထွက်လာတာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ပြန်ပြီးတော့ စုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်ပေါ့၊ ဆက်ပြီးတော့လည်း လုပ်သွားမယ်၊ ဖြစ်စဉ်မှာဆိုရင် ပွင့်ဖြူချောင်း ကျေးရွာမှာ စစ်ကြောင်းမှူး ၁ ဦး၊ တပ်ရင်းမှူး ၁ ဦး ကျဆုံးခဲ့ရတယ်၊ နောက်စစ်သည် ၁ ဦး ကျဆုံးခဲ့ရတယ်၊ ဖြစ်စဉ်ကို ပြန်ကြည့်ရင် အကြမ်းဖက်တိုက်ခိုက်တဲ့လူတွေဟာ ရွာကိုမီးရှို့ပြီး ထွက်ပြေးတဲ့ အလေ့အထတွေလည်းရှိတယ်”

    မနေ့က နိုဝင်ဘာလ ၁၂ ရက်နေ့က တပ်မတော်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ နယ်မြေရှင်း လင်းရာမှာ ပွင့်ဖြူချောင်းကျေးရွာမှာ ရောက်ရှိစဉ် တိုက်ခိုက်ခံရတဲ့အတွက် စစ်ကြောင်းမှူး ၁ ဦးနဲ့ တပ်သား ၁ ဦး သေဆုံး ခဲ့ပါတယ်။ အဲဒီကျေးရွာမှာ တုတ်၊ ဓါးတွေ ကိုင်ဆောင်ထားတဲ့ ရွာသူ ရွာသား ၅၀၀ လောက် က အယောင်ပြပြီး စစ်ကြောင်းကို ၀ိုင်းခဲ့ကြောင်းနဲ့ အဲဒီအချိန်မှာ အလစ်အငိုက် ပစ်ခတ်ခံရတာ ဖြစ်ကြောင်း၊ မြေပြင်မှာ အကြမ်းဖက် သမားတွေနဲ့ ရွာသားတွေကို ခွဲခြားဖို့ ခက်ခဲကြောင်း ဦးဇော်ဌေး က ပြောပါတယ်။

    မနေ့က မောင်တောမြို့နယ် မောင်နှစ်မတောင်ကျေးရွာအ၀င်နားမှာ နယ်ခြားစောင့် ရဲကွပ်ကွဲမှု ဌာနချုပ်က ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဝန်ထမ်းတွေ စီးနင်းလာတဲ့ ကား ၃ စီးကို လက်လုပ်မိုင်းတစ်လုံးနဲ့ ဖေါက်ခွဲခဲ့ပြီး ပစ်ခတ်မှုတွေ လည်း ရှိခဲ့တယ်လို့ မြ၀တီက သတင်းထုတ်ပြန်ထားပါတယ်။

    RFA မှ ကူးယူဖော်ပြသည်။