News @ M-Media

Author: editor

  • လူနည်းစုဝင်တွေ ဆက်လက် ဖိနှိပ်ခံနေရမှု လန်ဒန်ရောက် မြန်မာအချို့ ဆန္ဒပြ

    လူနည်းစုဝင်တွေ ဆက်လက် ဖိနှိပ်ခံနေရမှု လန်ဒန်ရောက် မြန်မာအချို့ ဆန္ဒပြ

    စက်တင်ဘာ ၁၂ ၊ ၂၀၁၆
    M-Media
    သတင်း-မြတ်သူရအောင်
    14238254_1254516197905908_8993740816512879410_n
    ဒီကနေ့ စက်တင်ဘာလ ၁၂ ရက်နေ့ ဒေသစံတော်ချိန် ၁၂ နာရီတွင် လန်ဒန်မြို့ မြန်မာသံရုံးအရှေ့မှာ Burmese Muslim Association (BMA-UK) မှဦးဆောင်၍ ယူကေရောက် မြန်မာအချို့ဟာ မြန်မာအစိုးရကို ဆန့််ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲ တရပ်ပြုလုပ်ခဲ့ပါတယ်။

    မြန်မာပြည်က အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ သူတွေအပါအဝင် လူနည်းစုများ ခွဲခြားဆက်ဆံ ခံနေရခြင်း ကိစ္စ ၊ လူနည်းစုဝင်တွေကို Identity Card for National (NVC) အစိမ်းရောင်ကဒ်တွေ ထုတ်ပေးနေပြီး အထောက်အထားမဲ့ ဧည့်နိုင်ငံသားအဖြစ် သတ်မှတ်ရန် လုပ်ဆောင်နေမှုများကို ကန့်ကွက်သည့် အနေနဲ့ ဆန္ဒပြခဲ့ကြတယ်လို့ သိရှိရပါတယ်။

    ” ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ စတက်လာပြီး မကြာခင် ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကိုက မွတ်စလင်မ်တွေဟာ ဧည့်နိုင်ငံသားတွေ ဖြစ်တယ်လို့ မီဒိယာတခုကို ပြောခဲ့တယ်။  နောက်တခါ ခရစ်ယာန်ဘာသာဝင်တွေရဲ့ ချာခ်ျဝင်းထဲမှာ မြိုင်ကြီးငူဆရာတော်ရဲ့ ကျူးကျော် စေတီ တွေ အတင်းဝင်ရောက်တည်ဆောက်ခဲ့တယ်။ နောက်ပြီး ရွှေဂွန်းက ဗလီ ဘေးလမ်းကြားမှာ စေတီ ထပ်ပြီး တည်ခဲ့တယ်။ သူရဲသမိန်နဲ့ လုံးခင်းမှာ ဗလီတွေ ဖျက်ခံရတယ်။ မီးရှို့ခံရတယ်။ ကျနော်တို့ဟာ စစ်အစိုးရ လက်ထက် မှာ တောက်လျောက်အဖိနှိပ် အကြမ်းဖက်ခံခဲ့ရတယ်။ NLD အစိုးရ တက်လာတဲ့အခါမှာ ကျနော်တို့ နိုင်ငံသားအခွင့်အရေး တန်းတူရဖို့ အများကြိး မျှော်လင့်ချက်ထားခဲ့ပါတယ်။ ဒါပေမယ့် ဖိနှိပ်မှုတွေ ဆက်ဖြစ်နေတယ်။ အခု မွတ်စလင်မ်နဲ့ လူနည်းစု ဝင်တွေကို NVC ဆိုတဲ့ အစိမ်းရောင်ကဒ် ပေးပြီးတော့ အထောက်အထားမဲ့ တဲ့လူတွေ ဖြစ်အောင် ဆက်လုပ်နေတယ်လို့ သိရတယ်။ ဒါတွေကို ဆန့်ကျင်တယ်ဆိုတဲ့ အကြောင်း သံရုံးမှာ ဆန္ဒထုတ်ဖော်ရင်းနဲ့ ကျနော် တို့ မက်ဆစ်ပေးခဲ့တာဖြစ်ပါတယ်။ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည် ကို မုန်းလို့ မဟုတ်ပါဘူး။ လိုအပ်ချက်အရ တိုင်းပြည်ခေါင်းဆောင် တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဆီ တောင်းဆိုရတာဖြစ်ပါတယ် “လို့ ဆန္ဒပြပွဲကို ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ကိုကျော်စွာက  M-Media ကို ပြောပြပါတယ်။

    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ  ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကို တရားဝင် ခရီးစဉ်အဖြစ် ရောက်ရှိနေတာဖြစ်ပြီး မနက်ဖြန်မှာ အမေရိကန်ပြည်ထောင်စုကို ဆက်လက်ထွက်ခွါမယ်လို့ သိရှိရပါတယ်။

    14291848_1254514037906124_5530652928303341794_n

    14330034_1254515627905965_8611808964666718385_n

    14344359_1254513824572812_6878032901653648378_n

  • ဓမ္မသဟာရ  သင်တန်းသားများ သမိုင်းဝင် ပန်းသေးဗလီသို့ သွားရောက်လေ့လာ

    ဓမ္မသဟာရ သင်တန်းသားများ သမိုင်းဝင် ပန်းသေးဗလီသို့ သွားရောက်လေ့လာ

    စက်တင်ဘာ ၁၂ ၊ ၂၀၁၆
    M-Media
    သတင်း-သီဟ
    .14225620_1383879038307577_3946635072675158951_n
    မန္တလေးမြို့ အရှေ့ ပြင်  ဓမ္မသဟာရ  သင်တန်းမှ ကျောင်းသား/သူ လူငယ် သင်တန်းသား များဟာ အုပ်ထိန်းသူ ဆ၇ာတော် တစ်ပါးလိုက်ပါလျက် စက်တင်ဘာလ ၁၁ ရက်နေ့တွင် မန္တလေးမြို့မှ သမိုင်းဝင် ပန်းသေးဗလီသို့ သွားရောက်လေ့လာခဲ့ကြကြောင်း သိရပါတယ်။
    .
    လေ့လာရေး ကျောင်းသား/သူများကို ပန်းသေးဗလီ ဂေါပက အဖွဲ့ ဥက္ကဌ မှ  ပန်းသေး ဗလီ သမိုင်းကြောင်း နှင့် အစ္စလာမ်ဘာသာ အကြောင်း သိ ကောင်းစ ရာ များ ကို ရှင်း လင်း ပြောကြား ခဲ့ ကြောင်း သတင်းရရှိပါတယ်။
    .
    မန္တလေးမြို့မှ  ပန်းသေးဗလီကို ၁၈၆၈ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။

    14317565_1383879014974246_955389712343502417_n

    panthay_mosque_mandalay_myanmar

  • “အလောင်းမင်းတရား တည်ခဲ့တဲ့ ရန်ကုန်မြို့ဟောင်းထဲက ဗလီ သုံးလုံး”

    “အလောင်းမင်းတရား တည်ခဲ့တဲ့ ရန်ကုန်မြို့ဟောင်းထဲက ဗလီ သုံးလုံး”

    စက်တင်ဘာ ၁၁၊ ၂၀၁၆
    M-Media
    ကိုဗခင် (စင်ကာပူ) ရေးသည်။

    .
    ၂၀၀၆ ခုနစ်မှာ ကျွန်တော် စင်ကာပူရောက်တော့ အိမ်အနီးအနားက ဗလီဝတ်ကျောင်းတွေကို အင်တာနက်မှာ ရှာရင်းနဲ့ မြစ်ကြောင်း တလျောက်မှာ ဗလီဝတ်ကျောင်းတွေကို ဟိုတစု ဒီတစု ပိုပြီး တွေ့ရတာကို သတိထားမိတယ်။စင်ကာပူ တနိုင်ငံလုံး ဗလီဝတ်ကျောင်းတော်ပေါင်း အလုံးရေ ၇၀ ရှိပါသည်။ သတိထားမိသလောက် ရိုချာ (Rocher River) မြစ်ဝမှာ ၁၈၄၆ ကဆောက်တဲ့ ဟာဂျီမကြီး ဖာတီမာ ဗလီဝတ်ကျောင်း (Masjid Hajjah Fatimah) ၊မြစ်အပေါ်ကို ဆက်တက်သွားရင် ၁၉၀၇ ခုနစ်က အဗ္ဗဒူလ် ဂဖါးရ် ဗလီဝတ်ကျောင်း (Abdul Gaffoor Mosque၊ ထိုဗလီ နှစ်လုံးကြားမှာ ၁၉၆၂ ခုနစ်ကဆောက်တဲ့   မာလဘာ ဗလီဝတ်ကျောင်း (Masjid Malabar) ပေါ့လေ။စင်ကာပူက နံမည်ကျော် စူလ်တန်ဗလီဝတ်ကျောင်း Masjid Sultan ကိုလည်း ရိုချာမြစ် (Rocher River) နဲ့ ခပ်လှမ်းလှမ်းမှာတွေ့ရပါသည်။
    .
    စင်ကာပူ (Singapore River)  မြစ်ဝမှာ  ၆၂ နှစ်သက်တမ်းရှိ မော်လာနာ မိုဟာမက်အလီ ဗလီဝတ်ကျောင်း (Moulana Mohamed Ali Mosque), မြစ်ညာကိုဆက်တက်ရင် ၁၈၂၀ ခုနစ်က ဆောက်တဲ့ အိုမာ ကန်ပုန်း မလာကာ ဗလီဝတ်ကျောင်း (Masjid Omar Kampong Melaka) ၊ ထို ဗလီ နှစ်လုံးကြား နောက်ဖက်ခပ်လှမ်းလှမ်းမှာ ၁၈၂၆ ကဆောက်တဲ ကျူလီယာ ဗလီဝတ်ကျောင်း (Chulia Mosque) စသည်ဖြင့် မြစ်အောက် ၊မြစ်ဝ၊ မြစ်ညာ ရဲ့  မနီးမဝေးမှာ တွေ့ရပါသည်။
    .
    ကျွ့န်တော်တို့ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် တလျောက်က မြို့တွေမှာလည်း အခုလိုပဲ ဗလီဝတ်ကျောင်း တွေ တွေ့ရပါသည်။ ရန်ကုန်ရောက်ရင်လည်း ဗလီတွေ အတော်များများတွေ့လေ့ ရှိသော်လည်း ဒီဗလီတွေကို ဘယ်တုန်းကဆောက်လည်း ဘယ်သူတွေဆောက်ခဲ့လည်း ထူးထူးထွေထွေ အထူးတလည် မစဉ်းစားခဲ့မိရိုး အမှန်ပါ။ ကိုလိုနီခေတ်ဦးမှာ မြန်မာပြည်ကို အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်တခုအဖြစ် သတ်မှတ်လိုက်တော့ ကိုလိုနီနိုင်ငံသားတွေ လွတ်လပ်စွာ ကူးသန်းသွားလာရာကနေ ကိုလိုနီခေတ်ရန်ကုန်မှာ ဗလီဝတ်ကျောာင်း အများစုဆောက်ခွင့် ရခဲ့ကြပါတယ်။အုပ်ချုပ်သူအစိုးရက အုပ်ချုပ်ခံ ပြည်သူတွေကို လိုအပ်ချက်အရ တရားဝင် ခွင့်ပြုပေးရတာလည်း ထူးဆန်းလှသည် မဟုတ်ပါ။ မြန်မာပညာတတ်တွေ အလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့ စင်ကာပူမှာလည်း ၁၀စုနှစ် ၂ စုအတွင်း ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်း၊တရားရိပ်သာတွေ ဟာ လွန်ခဲ့တဲ့ ၁၀စုနစ်ကထက် အဆပေါင်းများစွာ တိုးပွားလာပါတယ်။
    .
    ဒါပေမယ့် ဒီနှစ်ပိုင်းတွေထဲ စေ့စေ့ဆော်ဆော် စွပ်စွပ်စွဲစွဲ အကြောင်းတရားတွေဖြစ်လာတော့ လက်လှမ်းမှီသလောက် မူရင်း မှတ်တမ်းမှတ်ရာတွေကို ရှာရှာဖွေဖွေ ဖတ်ကြည့်မိပါတယ်။ ဗလီဲ ဝတ်ကျောင်းတွေနဲ့ ပတ်သက်ပြီး မြို့စွဲ ဒေသစွဲ သန်တဲ့  မန္တလေးသား များကတော့ သူတို့မန်းမြို့က ဗလီ ဝတ်ကျောင်းများကတော့  မန်းလေးမြို့တည် မြန်မာဘုရင် မင်းတုန်းမင်ကြီး လက်ထက်ကတည်းက ရှိခဲ့တာဆိုပြီး ဂုဏ်ယူဝင့်ကြွား ပြောလေ့ရှိတော့၊ ကိုယ့်စိတ်ထဲမှာ ရန်ကုန်မှာရော ဗလီတွေများ အင်္ဂလိပ်လက်ထက် မရောက်ခင်က မရှိခဲ့ဘူးလား။  အင်္ဂလိပ်တွေထက် မြန်မာပြည်စောရောက်တဲ့ အီတလီ၊ပြင်သစ်၊ပေါ်တူဂီ မူရင်းမှတ်တမ်းတွေကို ကိုယ်ကဖတ်နိုင်စွမ်း မရှိတော့  ရန်ကုန်နဲ့ ပတ်သက်တဲ့ အင်္ဂလိပ် မှတ်တမ်းတွေကိုရှာဖွေဖတ်ပါတယ်။ အခုချိန်အထိ ကျွန်တော် လက်လှမ်းမှီသလောက်  ရန်ကုန်မှာ ဗလီဝတ်ကျောင်းတွေကို နေရာအတိအကျနဲ့ ပထမဆုံး မြေပုံမှတ်တမ်းတင်သွားသူက ၁၈၄၆ ခုနစ် ၊ သြဂုတ်လ ၁၄ ရက်နေ့မှာ ရန်ကုန်ဆိပ်ကမ်းကိုရောက်လာတဲ့ မစ္စတာဂရန့်ပါ။ ဆရာတင်နိုင်တိုး စာအုပ် အရဆို မစ္စတာဂရန့် အလည်လာချိန်မှာ ၁၈၄၅ မှ ၁၈၄၆ အထိတာဝန်ယူခဲ့တဲ့ မြန်မာ မြို့ဝန် မင်းကြီးမင်းလှ မဟာမင်းခေါင်ကျော်ထင် (ဦးညို) သို့မဟုတ် ၁၈၄၆ မှ ၁၈၅၀ အထိ အုပ်ချုပ်ခဲ့တဲ့ မြို့ဝန်မင်းကြီးမဟာမင်းခေါင်ရာဇသူ (ဦးထိုက်) လက်ထက် အချိန် ဖြစ်မယ်လို့ယူဆပါသည်။

    111
    .
    သူရဲ့ ရန်ကုန်သို့ ခရီးတခေါက်စာအုပ် စာမျက်နှာ ၂၁မှာ(A little further in-land appears the plain wooden spire of the Armenian Church, not very far from which, on the same road is the Roman Catholic Church, whilst in three different parts of the town there are Mohummudan mosques, indicating that intolerance in religious matters, at least, is not amongst the faults of the Boodhists.) ရန်ကုန်ဆိပ်ကမ်းနဲ့ မနီးမဝေးမှာ အာမေးနီးယန်းချပ်စ် တခု၊ရိုမန်ကက်သလစ်ချပ်စ်တခုနဲ ဗလီဝတ်ကျောင်းသုံးခုတွေ့ရကြောင်း ရေးသွားခဲ့ပါတယ်။ထို့အပြင် ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက သူ့စာအုပ်ရဲ့ နောက်ဆုံးက မြေပုံမှာ ဗလီဝတ်ကျောင်း သုံးခုရဲ့ နေရာအတိအကျ ကို ထည့်ဆွဲပေးခဲ့တာပါ။ ၎င်းမြေပုံထဲမှာပဲ တရုတ်သင်းချိုင်း၊ အင်္ဂလိပ်သင်းချိုင်းကြား ထဲမှာ မွတ်စ်လင်တွေအတွက် ကဘရ်စတန် တစ်ခုကိုပါ မြို့အပြင်မှာတွေ့ရနိုင်ပါတယ်။
    .14330834_10208277601912355_381737537_n
    ၎င်းရန်ကုန်မြို့ဟောင်းမြေပုံနဲ့ ပတ်သက်ပြီး သတိထားမိတာ တခုက ၁၉၉၈ ခုနစ်ထုတ် ဦးအေးချို (မဟာဝိဇ္ဇာ) ရေးတဲ့ ဆူးလေစေတီသမိုင်း စာအုပ် စာမျက်နှာ ၃၂မှာ အလောင်းမင်းတရားလက်ထက်ရန်ကုန်မြို့ဆိုတဲ့ မြေပုံမှာ ဗလီတလုံးပဲ နေရာပြထားတော့ ၊ နောက်ထပ် ၂လုံးက အလောင်းမင်းတရားတည်ခဲ့တဲ့ ရန်ကုန်မြို့ထဲမှာ နောက်ပိုင်းမှ ထပ်ဆောက်တယ်လို့ တွေးထင်မိပါ၏။
    .
    ဆရာကြီး ဦးမောင်ကိုဂဖါရီက ၁၉၆၀ အောက်တိုဘာလထုတ် ဂါးဒီးယန်းမဂ္ဂဇင်းမှာ ရန်ကုန်မှာ ဗလီသုံးလုံးရှိခဲ့ဖူးကြောင်း၊ တခြမ်းပဲ့ဗလီ၊ လမ်း၁၃၀ ပိန္နဲကုန်းဗလီနဲ့ ဘင်ဂါလီကဘရ်စတန်ထဲက ဗလီတွေဖြစ်ကြောင်း၊ သူရဲ့ရန်ကုန်ရောက် ရှေးဦး မွတ်စ်လင် အသိုင်းအဝိုင်းဆောင်းပါးထဲမှာ ရေးထားတာလည်းဖတ်ရသည်။
    .
    ရန်ကုန်မြို့ဟောင်းတည်ဆောက်ပုံအရ ဆရာကြီးရေးတဲ့ ဗလီသုံးလုံးဟာ ဂရန့်စာအုပ်ထဲက ဗလီတွေထက် ပိုပြီးနောက်ကျနိုင်ဖွယ် ရှိပါသည်။
    .
    ထိုကြောင့် ဂရန့်ရဲ့ စာအုပ်ထဲက ဗလီဝတ်ကျောင်းတော်သုံးလုံးဟာ အောက်မြန်မာပြည် ရန်ကုန်မြို့မှာ ဗမာဘုရင် လက်ထက်တော်က မြေပုံနဲ့တကွ အခိုင်အမာတွေ့ရတဲ့ဗလီဝတ်ကျောင်းသုံးလုံးဖြစ်ကြောင်း ဆင်ခြင်မိပါတယ်။ စိတ်ဝင်စားသူများ အတွက်ကတော့ အလောင်းမင်းတရားတည်ခဲ့တဲ့ ရန်ကုန်မြို့ရဲ့ အကျယ်အဝန်း၊  ခန့်မှန်းခြေ လူဦးရေ နဲ့ လက်ရှိ မြို့အနေအထားအရဆို ဘယ်နေရာ လောက်မှာ တည်ရှိမည်နိုင်ဆိုတာ ဆက်လက်စူးစမ်းသင့်ပေသည်။
    .
    မည်သို့ပင်ဆိုစေကာမူ အရှေ့တောင်အာရှ အနှံ့ မြစ်ကမ်း၊ မြစ်ဆိပ်၊မြစ်ဝတွေနဲ့ မနီးမဝေးအရပ်တွေမှာ မွတ်စ်လင်ကုန်သည်လူတန်းစားများ အေးချမ်းစွာနေထိုင်ခဲ့ကြောင်း သက်သေတည်လျက်ရှိပါ၏။

    ကိုဗခင် (စင်ကာပူ)

    ကူးချထားသောစာအုပ်များ
    ၁) ဆူးလေစေတီသမိုင်း, ဦးအေးချို (မဟာဝိဇ္ဇာ), ၁၉၉၈ ခုနစ်ထုတ်။
    ၂) စာမျက်နှာ ၃၁၊ မဟာရန်ကုန်ကောက်ကြောင်း၊ တင်နိုင်တိုး။
    ၃) The First Muslim Community of Rangoon by Mg Ko Gaffari, The Guardian Magazine, 1960 October
    ၄) A Rough Pencillings of a Rough Trip to Rangoon in 1846, Colesworthy Grant

  • NVC နဲ့ ပုဒ်မ-၆၅ ဆက်စပ်လာရင် နိုင်ငံသားဖြစ်ဖို့ အခွင့်အလမ်း နည်းသွားလိမ့်မယ် (တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ချို)

    NVC နဲ့ ပုဒ်မ-၆၅ ဆက်စပ်လာရင် နိုင်ငံသားဖြစ်ဖို့ အခွင့်အလမ်း နည်းသွားလိမ့်မယ် (တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ချို)

    စက်တင်ဘာ ၁၁ ၊ ၂၀၁၆
    M-Media
    မိုးစက် တွေ့ဆုံမေးမြန်းသည်။
    .
    Identity Card for National Verification

    (NVC) နှင့် ပတ်သတ်ပြီး တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ချိုနှင့် M-Media မှ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
    .
    M-Media- အရင်ဆုံး NVC ဆိုတာ ဘယ်လိုလူတွေကို ထုတ်ပေးလို့ရလည်းဆိုတာ ရှင်းပြပေးပါလား။
    .
    ဦးခင်မောင်ချို- ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေ အပိုဒ်-၁၃ (၁) အရ ယာယီသက်သေခံလက်မှတ် (White Card) ကိုင်ဆောင်သူတွေကိုသာ အပိုဒ်-၁၃(၄) အရ ယာယီသက်သေခံ လတ်မှတ်သစ်တစ်ခု (NVC) ထုတ်ပေးနိုင်ပါတယ်။ မြန်မာနိုင်ငံ အရပ်ရပ်မှာ နေထိုင်ကြတဲ့ အစ္စလာမ်ဘာသာဝင် အားလုံးဟာ ယာယီသက်သေခံလတ်မှတ် ကိုင်ဆောင်ထားတဲ့သူတွေ မဟုတ်ကြတဲ့အတွက် သူတို့ကို အစုလိုက် အပြုံလိုက် NVC တွေ ထုတ်ပေးဖို့ မလိုအပ်ပါဘူး။
    .
    M-Media-  နိုင်ငံသားအထောက်အထား တင်ပြနိုင်မှု အားနည်းရင်ရော ဘယ်လိုလုပ်လို့ရနိုင်မလဲ။
    .
    ဦးခင်မောင်ချို- အထောက်အထားတင်ပြနိုင်မှု အားနည်းရင် (ဒါမှမဟုတ်) မည်သည့်နိုင်ငံသား အမျိုးအစားမှာ အကျုံးဝင်ကြောင်း အတည်ပြုဖို့ ဒိဟဖြစ်နေရင် (ဒါမှမဟုတ်) နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူဆိုင်ရာ ပြဌာန်းချက်တွေနဲ့ အကျုံးမဝင်ဘူး (သို့) NVC ကိုင်ဆောင်သူတွေထဲကမှ လျှောက်ထားလာရင် လျှောက်ထားသူ (အလွှာရှင်) ရဲ့ ဆန္ဒအလျှောက် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ ပုဒ်မ-၆၅ အရ လျှောက်ထားဖို့ ညွှန်ပြပါလိမ့်မယ်။ (ပုဒ်မ -၆၅။    ။ ပုဂ္ဂိုလ်တစ်ဦးသည် နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ ဟုတ်မဟုတ် အဆုံးအဖြတ်ခံယူရန် အကြောင်းကိစ္စ ပေါ်ပေါက်ပါက ဗဟိုအဖွဲ့ကို လျှောက်ထားနိုင်သည်) ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့အညီ နိုင်ငံသားစီစစ်ပေးဖို့ လိုအပ်ပြီး နိုင်ငံသားစီစစ်ရေးကတ်ပြား နိုင်ငံသားအမျိုးအစားအလိုက် ထုတ်ပေးဖို့မှလည်း အချိန်ယူဆောင်ရွက်ရမယ့် ကိစ္စဖြစ်တဲ့အတွက် အလွှာရှင်ဟာ အချိန်ကာလကြာမြင့်နိုင်တာကို သတိပြုဖို့ လိုအပ်ပါတယ်။ NVC နဲ့ ပုဒ်မ-၆၅ ဆက်စပ်လာရင် နိုင်ငံသားဖြစ်ဖို့ အခွင့်အလမ်း နည်းပါးသွားနိုင်ပါတယ်။
    .
    M-Media- မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တွေ နိုင်ငံသားဖြစ်ဖို့အတွက် နည်းလမ်းတွေရော ဘယ်လိုမျိုးတွေ ရှိပါသလဲ။
    .
    ဦးခင်မောင်ချို-     မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်အများစုဟာ ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူတွေပဲ ဖြစ်ကြပါတယ်။ ၁၉၄၇ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ-၁၀၊ ၁၉၇၄ခုနှစ်၊ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ- ၁၄၅(ခ) နဲ့ ၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ-၃၄၅(ခ) ဖွဲ့စည်းပုံအခြေခံဥပဒေ (၃) ရပ်က ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူတွေကို အသိအမှတ်ပြု အတည်ပြုထားပြီးတော့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ-၆ ကလည်း ထပ်မံအတည်ပြုထားပါတယ်။
    နောက်ပြီး ၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပါယ်ဖွင့်ဆိုရေး ဥပဒေ ပုဒ်မ-၁၄ တွင် “ဥပဒေ ပြဌာန်းချက် တစ်ရပ်ရပ်ကို အခြားဥပဒေတစ်ရပ်ရပ်ဖြင့် ရုပ်သိမ်းရင် (က) ရုပ်သိမ်းခြင်း ခံရသော ပြဌာန်းချက်ရဲ့ အာဏာသက်ရောက်ခြင်းကို မထိခိုက်စေရ။ ထို့ပြင် ယင်းဥပဒေ ပြဌာန်းချက်အရ နည်းလမ်းတကျ ပြုလုပ်ဆောင်ရွက်ခဲ့သည်တို့ကို မထိခိုက်စေရ။(ခ) ရုပ်သိမ်းခြင်းခံရသော ပြဌာန်းချက်အရ ရရှိခဲ့သည့်ရပိုင်ခွင့် သို့မဟုတ် အခွင့်အရေးကို မထိခိုက်စေရ” လို့ ပြဌာန်းထားပါတယ်။ အဲ့ဒီအခွင့်အရေးတွေဟာ ဒီနေ့တိုင် တည်မြဲနေတဲ့အတွက် ဒီဥပဒေအရ အစ္စလာမ်ဘာသာဝင် အများအပြားဟာ ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူတွေ ဖြစ်ကြပါတယ်။
    .
    M-Media-  အစ္စလာမ်ဘာသာဝင်တွေကို သွေးနှောလို့ သုံးနေကြတာကိုရော ဆရာ ဘာများပြောချင်ပါသလဲ။
    .
    ဦးခင်မောင်ချို-     သွေးနှောဆိုတဲ့ အသုံးအနှုန်းနဲ့ပတ်သတ်ပြီးတော့ ဒီအသုံးအနှုန်းဟာ နိုင်ငံသား ဥပဒေ၊ နည်းဥပဒေတွေမှာ မပါဝင်တဲ့ ဥပဒေနဲ့ မညီညွတ်တဲ့ အသုံးအနှုန်းတွေပဲ ဖြစ်ပါတယ်။ ဥပဒေ ပြဌာန်းချက် တစ်စုံတစ်ရာ မရှိပဲနဲ့ သွေးနှော လို့ ခေါ်ဝေါ် သုံးနေကြတာဟာ တည်ဆဲ ဥပဒေတွေနဲ့ ညီညွတ်ခြင်း မရှိပါဘူး။ ဥပဒေတစ်ရပ် ပြဌာန်းဖို့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်၊ အမိန့် အသီးသီး ရှိပါတယ်။ ညွှန်ကြားချက် အမိန့်တွေဟာ ဥပဒေ၊ နည်းဥပဒေတွေကို မကျော်လွန်နိုင်ပါဘူး။ အဲ့ဒီတော့ အစ္စလာမ်ဘာသာဝင်တွေကို သွေးနှောလို့ သုံးနှုန်းနေခြင်းဟာ ဥပဒေနဲ့ မညီညွှတ်ပါဘူး။
    .
    M-Media-  ဘာသာရေးအရ ခွဲခြားဆက်ဆံခံနေရတာတွေလည်း ရှိနေတယ်၊ အဲ့အပေါ်မှာရော ဆရာ့အနေနဲ့ ဘယ်လိုမျိုး သုံးသပ်ချင်ပါလဲ။
    .
    ဦးခင်မောင်ချို-     အစ္စလာမ်ဘာသာဝင် တက္ကသိုလ်ကျောင်းသူ/ကျောင်းသားတွေဟာ ဘွဲ့ရပြီးနောက်ပိုင်း နိုင်ငံသားကတ်ပြား မရရှိတဲ့အတွက် ဘွဲ့လတ်မှတ် မထုတ်ယူနိုင်သူတွေ အများအပြား ရှိနေပါတယ်။ နိုင်ငံသားကတ်ပြားမရရှိတဲ့အတွက် အလုပ်သင်ရှေ့နေတွေ၊ အထက်တန်းရှေ့နေတွေ လိုင်စင်လျှောက်ရာမှာလည်း အခက်အခဲတွေ တွေ့ကြုံနေရပါတယ်။ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူတွေလည်း သတ်မှတ်ချက်တွေ ပြည့်စုံပါလျှက်နဲ့ နိုင်ငံသားကတ်ပြား မရရှိတဲ့အတွက် အသက်မွေးဝမ်းကြောင်း တက္ကသိုလ်တွေတက်ဖို့ ဝင်ခွင့်မရကြပါဘူး။ နိုင်ငံသားကတ်ပြားမရရှိတဲ့အတွက် အလုပ်အကိုင် အခွင့်အလမ်း ဆုံးရူံးမှုတွေလည်း များပြားနေပါတယ်။ ဘာသာရေးအရ ခွဲခြားရာ ရောက်နေတဲ့အတွက် အခုလုပ်ရပ်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့လည်း ဆန့်ကျင်နေပါတယ်။
    .
    M-Media-  နိုင်ငံသား စီစစ်ရေးလုပ်ငန်းတွေနဲ့ ပတ်သတ်ပြီး နိုင်ငံတော် အစိုးရကရော ဘယ်လို တာဝန်အပိုင်းတွေ ရှိပါသလဲ။
    .
    ဦးခင်မောင်ချို- ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ ပုဒ်မ-၇၄ အရ မြန်မာနိုင်ငံသား စီစစ်ရေးလုပ်ငန်းတွေန့ ပတ်သတ်ပြီး နိုင်ငံတော် အစိုးရ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ ဗဟိုအဖွဲ့တွေကပဲ တည်ဆဲဥပဒေတွေနဲ့အညီ အဆုံးအဖြတ် ပေးနိုင်ပါတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ ဗဟိုအဖွဲ့တွေဟာ နိုင်ငံတော်အစိုးရကို တာဝန်ခံပေးပြီး မြန်မာနိုင်ငံသား လုပ်ငန်းရပ်တွေကို အကောင်အထည်ဖော်ရပါတယ်။ ပုဒ်မ-၇၀(ခ) အရ နိုင်ငံတော်အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်သာ အပြီးအပြတ် ဖြစ်ပါတယ်။
    .
    M-Media-  ဆရာ့အနေနဲ့ တခြားဘာများ ဖြည့်စွက်ပြောကြားချင်တာများ ရှိပါသလဲ။
    .
    ဦးခင်မောင်ချို- ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသားဥပဒေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီညွတ်မှုမရှိပေမယ့်လည်း ဒီဥပဒေဟာ တည်ဆဲဖြစ်နေတဲ့အတွက် ဒီဥပဒေအရသာ ဆုံးဖြတ်လို့ ရပါမယ်။ နိုင်ငံသားစီစစ်ရေး လုပ်ငန်းစဉ်မှာ အစ္စလာမ်ဘာသာဝင်တွေကို တည်ဆဲဖြစ်နေတဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စီစစ်ဆောင်ရွက်ပေးပါလို့ မေတ္တာရပ်ခံ လိုပါတယ်။

  • မွတ်စလင်၊ အသားအစ်နှင့် မေတ္တာရှင်ယောင်ဆောင် အချောင်သမားများ

    မွတ်စလင်၊ အသားအစ်နှင့် မေတ္တာရှင်ယောင်ဆောင် အချောင်သမားများ

    စက်တင်ဘာ-၁၀ ၊ ၂၀၁၆
    သမာဓိ ခံစားတင်ပြသည်။
    .14333109_1387561754605554_2826687962611315450_n
    မကြာခင်မှာ မွတ်စလင်တို့ရဲ့ ကုရ်ဘာနီအစ် (အသားအစ်)နေ့ ကျရောက်မှာဖြစ်ပါတယ်။ ထုံစံအတိုင်း တစ်နှစ်တစ်ခါ ပေါ်လာတတ်တဲ့ ခါတော်မီ မေတ္တာရှင်တွေ၊ တိရစ္ဆာန်ချစ်သူတွေလည်း အလျှိုအလျှို ပေါ်ထွက်လာကြပြီး နွားတွေဟာ ဘယ်လို ကျေးဇူးကြီးကြောင်း၊ နွားတွေရှားပါးတဲ့အတွက် လယ်ယာလုပ်ငန်းတွေ ဘယ်လို ထိခိုက်ရကြောင်း၊ ဒီကုရ်ဘာနီဟာ ‘သူ့အသတ် မသတ်ရ’ ဆိုတဲ့ ပညတ်ကို ဆန့်ကျင်နေကြာင်း ပြောဆိုပြီး တစ်ကမ္ဘာလုံးမှာ သူတို့လောက် မေတ္တာတရားကြီးမားတဲ့ ပုဂ္ဂိုလ်တွေမရှိတော့ သယောင်၊ သူတို့လောက် ဘာသာရေးလေးစားတဲ့၊ ဘာသာ သာသနာကို ချစ်မြတ်နိုးတဲ့သူတွေ မရှိသယောင်ယောင် အာပေါင်အာရင်းသန်သန်နဲ့ အော်ကြ ဟစ်ကြပါတယ်။
    .
    တကယ်တော့ အဲဒီကြောင်သူတော်တွေဟာ သတ္တ၀ါတွေအပေါ် အထူးသဖြင့် နွားတွေအပေါ် တကယ်မေတ္တာ ရှိလို့ စေတနာရှိလို့ အော်နေကြတာ မဟုတ်ဘဲ မွတ်စလင်တွေကို စော်ကားဖို့၊ အမုန်းတရားတွေ ကိန်းအောင်းလာပြီး တိုင်းပြည် မတည်ငြိမ်ဖြစ်ဖို့ လောင်စာထည့် လှုံ့ဆော်လိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်နေကြတာဖြစ်ပါတယ်။
    .
    မွတ်စလင်တွေရဲ့ အသားအစ်နေ့ကို ဆန့်ကျင်ကြ၊ ပိတ်ပင်ဖို့ တားမြစ်ဖို့ ဆောင်ရွက်ကြသူတွေရဲ့ အဓိက ထောက်ပြချက် ၃ ခု ရှိပါတယ်။ ပထမတစ်ခုကတော့ ကံ ၅ ပါးထဲမှာ သူတစ်ပါး အသတ် မသတ်ရဘူးလို့ ပါနေတာကြောင့် ဗုဒ္ဓဘာသာဝင်အများစုရှိတဲ့ မြန်မာနိုင်ငံမှာ ကုရ်ဘာနီအစ်နေ့ဟာ ဘာသာဝင်တွေရဲ့ စိတ်နှလုံးကို ထိခိုက်စေတယ်၊ ဗုဒ္ဓဘာသာရဲ့ အခြေခံသွန်သင်မှုကို ချိုးဖောက်တယ်ဆိုတာပဲဖြစ်ပါတယ်။
    .
    ဒုတိယတစ်ခုက လယ်ယာကိုင်းကျွန်းလုပ်ငန်းတွေမှာ နွားရှားပါးတဲ့ ပြဿနာဖြစ်ပြီး၊ တတိယထောက်ပြချက် က နွားတွေဟာ ကျေးဇူးရှင်ဖြစ်တယ် ဆိုတဲ့အချက်ပါ။
    .
    ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ
    ———————————–
    ‘သူတစ်ပါးအသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ပါ၏’ လို့ အဓိပ္ပါယ်ရတဲ့ ဒီပညတ်ချက်ဟာ တကယ်တော့ အင်မတန် နှလုံးသွင်းဖွယ်ကောင်းတဲ့ ပညတ်တစ်ခုပါ။ ကိုယ်ဒုက္ခရောက်တာကို မခံလိုရင် သူတစ်ပါးကို ဒုက္ခရောက်အောင် မလုပ်နဲ့ဆိုတဲ့ ကိုယ်ချင်းစာစိတ်ကို ထည့်သွင်းပေးတဲ့ သွန်သင်မှုတစ်ခုလည်းဖြစ်ပါတယ်။
    .
    ဒါပေမယ့် အဲဒီသွန်သင်မှုကို ဗုဒ္ဓဘာသာဝင်တွေကိုယ်တိုင် ဘယ်လောက်လိုက်နာပါသလဲလို့ မေးရင်တော့ အဖြေက ‘No’ လို့ပဲရမှာပါ။ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင် ၈၇ ရာခိုင်နှုန်း အူမတောင့်ဖို့အတွက် ကြက်၊ ဘဲ၊ ၀က်၊ နွား၊ ဆိတ် စတဲ့ သတ္တ၀ါပေါင်းများစွာကို သားသတ်ရုံတွေမှာ နေ့စဉ်သတ်ဖြတ်နေရသလို၊ ဘာသာရေးနဲ့ ဆက်နွယ်တဲ့အလှူတွေမှာတောင် ၀က်တွေ၊ ကြက်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ကျွေးမွေးပြီး ကုသိုလ်ယူနေကြတာ မငြင်းနိုင်တဲ့ ထင်သာမြင်သာရှိတဲ့ အမှန်တရားပါပဲ။
    .
    သတ္တ၀ါအသက် သတ်ရခြင်းဆိုတဲ့ ‘အကျိုးတရား’ ဖြစ်စေတဲ့အတဲ့ ‘အကြောင်း’ တွေထဲမှာ အသားစားခြင်းဆိုတဲ့ ကိစ္စကလည်း တစ်ခုပါအ၀င်ဖြစ်ပါတယ်။ အသားစားချင်ရင်၊ အသက်သတ်ရသလို၊ အသက်သတ်မှလည်း အသားရနိုင်မှာပါ။ အသားလေး နည်းနည်းလောက် လှူပါလို့ ၀က်တစ်ကောင်စီမှာ၊ ကြက်တစ်ကောင်စီမှာ သွားပြီး အလှူခံလို့ မရပါဘူး။ ကိုယ်တိုင်က မသတ်ဖို့ပဲ လိုတယ်၊ သူများသတ်တာ စားလို့ရတယ်ဆိုတာမျိုး၊ မြင်သား၊ ကြားမဟုတ်ရင် စားလို့ရတယ်ဆိုတာမျိုးကတော့ အကုသိုလ် ‘Transfer’ လုပ်တာ၊ မလိမ့်တစ်ပတ်လုပ်တာသာဖြစ်ပါတယ်။ တစ်နည်းဆိုရရင် ကိုယ်တိုင်က သူတစ်ပါးပစ္စည်း ခိုးတာကို မကြိုက်၊ မလုပ်ပေမယ့် ခိုးရာပါပစ္စည်းကို ဒိုင်ခံလက်ခံနေသလိုမျိုးပါပဲ။
    .
    ပိုစတာတွေကိုင်၊ ဗီနိုင်းတွေကိုင်ပြီး နွားသတ်မှုဆန့်ကျင်ရေး လိပ်ခေါင်းထွက်အောင် အော်ခဲ့တဲ့ ဘုန်းကြီးတစ်ပါး ဆွမ်းဘုန်းပေးနေတာကို ဆိုရှယ်မီဒီယာမှာ မြင်ဖူးပါတယ်။ ဟင်းအမျိုးပေါင်း ၂၀ ကျော်လောက် ရှိတဲ့အထဲမှာ ၈ မျိုးလောက်က အသား၊ ငါး ဟင်းတွေပါပဲ။ နွားသတ္တ၀ါ မသေရေး အကြီးအကျယ် ပွဲခံခဲ့တဲ့ အဲဒီ မေတ္တာရှင်ကြီးက ငါ့ရဲ့ဝမ်းဝဖို့ သတ္တ၀ါတွေ သေပေးနေရပါလားဆိုတဲ့အသိ အဲဒီဆွမ်းဝိုင်းမှာ ၀င်မလာတာ သိပ် အံ့သြစရာကောင်းပါတယ်။
    .
    ဆိုတော့ ဗုဒ္ဓဘာသာဝင် ၈၇ ရာခိုင်နှုန်းရှိတဲ့နိုင်ငံမှာ အသားဈေးကွက် ၀ယ်လိုအားကို ပြည့်မီဖို့ နေ့စဉ် သတ္တ၀ါတွေရဲ့ အသက်ပေါင်းများစွာကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတဲ့ သားသတ်ရုံတွေဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ စိတ်နှလုံးကို ထိခိုက်စေတယ်၊ ဗုဒ္ဓဘာသာရဲ့ အခြေခံပညတ်ကို ချိုးဖောက်နေတယ်ဆိုပြီး မွတ်စလင်တွေ ကုရ်ဘာနီလုပ်တာကို အပြစ်ဖို့ချင်တဲ့ မေတ္တာရှင်ယောင်ဆောင် အချောင်သမားတွေက ဘာ့ကြောင့် အသံမထွက်ကြတာလဲ။ ဒီသားသတ်ရုံတွေမှာ နေ့စဉ်နဲ့အမျှ သေဆုံးသွားတဲ့ သတ္တ၀ါတွေကို ဘာ့ကြောင့် ကယ်တင်ဖို့ မကြိုစားကြတာပါလဲ။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့အတွက် ဘယ်လိုပုံစံမျိုးနဲ့မဆို သူတစ်ပါးအသက် သတ်ဖြတ်မှုကို ပိတ်ပင်ရမယ်လို့ နိုင်ငံတော်ဘာသာနေ့ အခမ်းအနားကို ဂုဏ်ယူဝင့်ကြွားစွာ လုပ်နေကြတဲ့ အဲဒီအုပ်စုတွေ ဘာ့ကြောင့် မလှုံ့ဆော်တာပါလဲ။ မွတ်စလင်တွေရဲ့ တစ်နှစ်တခါ အသားအစ်ကိုမှ ဘာ့ကြောင့် ခါးနာနေရပါသလဲ။
    .
    တကယ်တော့ ကိုယ်တိုင်က အပြည့်အ၀ လိုက်နာကျင့်သုံးနိုင်ခြင်းမရှိတဲ့ ကိုယ့်ဘာသာတရားရဲ့ အမိန့်ပညတ်တစ်ခုကို ဘာသာခြားက လိုက်နာရမယ်ဆိုတဲ့ စကားမျိုး၊ အဲဒီသဘောမျိုး ပြောဆိုတာဟာ အင်မတန် အောက်တန်းကျတဲ့ စိတ်ဓာတ်မျိုးလို့သာ သတ်မှတ်ရမှာပါ။
    .
    နွားရှားပါးခြင်း
    —————
    မြန်မာနိုင်ငံရဲ့ လယ်ယာလုပ်ငန်းမှာ နွားရှားပါးမှုပြဿနာကို ရင်ဆိုင်နေရတာဟာ တော်တော်လေး ကြာမြင့်ခဲ့ပါပြီ။ ဒါပေမယ့် အဲဒီနွားရှားပါးမှုရဲ့ အကြောင်းအရင်းကတော့ မွတ်စလင်တွေ ကုရ်ဘာနီ လုပ်တာကြောင့်မဟုတ်ဘဲ တစ်ဖက်နိုင်ငံတွေကို နွားတွေ မှောင်ခိုကုန်ကူးတာကြောင့်ပဲ ဖြစ်ပါတယ်။
    .
    လယ်ယာလုပ်ငန်းမှာ အိမ်နီးချင်းနိုင်ငံတွေထက်ယှဉ်ရင် တော်တော်လေး အဆင့်အတန်းနိမ့်ကျနေတာကြောင့် မြန်မာနိုင်ငံမှာ စက်တွေအစား အခုအချိန်အထိ နွားတွေကို အသုံးပြုနေရပါတယ်။ စိုက်ပျိုးရေးထွက်ကုန် ဈေးကွက်မကောင်း၊ ကုန်ဈေးနှုန်းကြီးမှု၊ လယ်ယာလုပ်ငန်းတွေမှာ ရင်းနှီးသလောက် ပြန်မရ စတဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ရင်ဆိုင်နေရတဲ့ တောင်သူဦးကြီးတွေဟာ နွားမှောင်ခိုသမားတွေရဲ့ ဈေးမျိုးမျိုးမြတ်မြတ်ကလေးတွေ ပေးမှုကြောင့် လတ်တလော တစ်ဝမ်းတစ်ခါး ပြဿနာကို ဖြေရှင်းရေးအတွက် ခိုင်းနွားတွေကို ထုတ်ရောင်းကြရပါတယ်။
    .
    ဒီလို မှောင်ခိုနွားတွေဟာ တစ်ဖက်နိုင်ငံကို နေ့စဉ် အကောင် ရာထောင်ချီ သွားနေကြတာပါ။ နွားရှားပါးမှုပြဿနာကို ဗန်းပြပြီး မွတ်စလင်အများစု ရရှိထားတဲ့ နွားသတ်လိုက်စင်တွေကို အလှူခံတာတို့၊ ကြားဖြတ်ဝယ်တာတို့ လုပ်တဲ့အဖွဲ့တွေလည်း ပေါ်လာပါတယ်။ ဒါပေမယ့် ဒါဟာလည်း မွတ်စလင်တွေ စီးပွားပျက်အောင် စိတ်ယုတ်စိတ်ပုတ်နဲ့ လုပ်ဆောင်တာမျိုးဖြစ်ပြီး တစ်ဖက်နိုင်ငံသားတွေ ပြည်တွင်းမှာ စည်သွပ်ဘူးစက်ရုံဖွင့်တဲ့အခါမှာ အဲဒီအဖွဲ့တွေကပဲ ဆက်ကြေးကောက်ပြီး နွားတွေကို ကြိုက်သလောက် သတ်ခွင့်ပြုထားပြန်ပါတယ်။ အဲတော့ ဒေသအတွင်းမှာလည်း နွားတွေကို ပုံမှန်သတ်နေသလို၊ တစ်ဖက်နိုင်ငံကိုလည်း နွားတွေ နေ့စဉ် မှောင်ခိုသွားနေတဲ့အတွက် မိအေးနှစ်ခါနာ ဖြစ်ရပါတယ်။ နွားရှားပါးမှုရဲ့ အဓိက အကြောင်းအရင်းပါပဲ။
    .
    မွတ်စလင်တွေ တစ်နှစ်တစ်ခါမှ လုပ်တဲ့ ကုရ်ဘာနီဟာ အစိုးရ၊ မွတ်စလင်မဟုတ်တဲ့ လူ့အဖွဲ့အစည်းတွေအပေါ်မှာ အကျိုးအများကြီး ဖြစ်ထွန်းပါတယ်။ စွန့်လှူဒါနပြုဖို့အတွက် မွတ်စလင်အများစုဟာ နွားတွေကို ဈေးကောင်းပေး ၀ယ်ကြတဲ့အတွက် နွားပိုင်ရှင်တွေဟာ ဈေးကောင်းရကြပါတယ်။ ကုရ်ဘာနီလုပ်တဲ့အခါမှာလည်း တစ်ကောင်ချင်းအလိုက် အစိုးရကို အခွန်ပေးရတဲ့အတွက် တိုင်းပြည် ဘဏ္ဍာငွေလည်း တိုးပါတယ်။ (အစိုးရက အကုန်အကျခံပြီး ဘုရားတည် ကျောင်းဆောက် လုပ်တဲ့အခါ နိုင်ငံတော်ဘဏ္ဍာနဲ့ လုပ်ရတာဖြစ်လို့ မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာ သာသနိက အဆောက်အဦးတိုင်းမှာ မွတ်စလင်တွေရဲ့ အခွန်ငွေ၊ ကုရ်ဘာနီမှာ ပေးရတဲ့ အခွန်ငွေတွေ ပါဝင်တယ်ဆိုတာ မမေ့ပါနဲ့) ကုရ်ဘာနီ လုပ်ငန်းစဉ်ကို ကြီးကြပ်ပေးရတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာလည်း အဲဒီနေ့မှာ အပိုဝင်ငွေ ရပြီး၊ အိမ်ပြန်တဲ့အခါ အသားထုတ်လေးပါ သယ်သွားနိုင်ပါသေးတယ်။
    .
    ပေါ်ပြီးတဲ့ အသားတွေကို ဝေငှတဲ့အခါမှာလည်း ဘာသာ၊ လူမျိုးမရွေး လှူဒါးန်းတဲ့အတွက် ဗုဒ္ဓဘာသာဝင်တွေလည်း အသားဟင်းကို ၀၀လင်လင် စားသုံးရပြီး အနည်းဆုံး ဈေးဖိုး တစ်ရက်၊ နှစ်ရက်စာတော့ သက်သာသွားပါတယ်။ ကုရ်ဘာနီလုပ်တဲ့နေ့နဲ့ နောက်ထပ် အနည်းဆုံး ၁ ရက်လောက်မှာ မြန်မာ့အသားဈေးကွက် ပြည့်မီဖို့ သတ်ပေးနေရတဲ့ နွားသတ်ရုံတွေ ပိတ်တာကြောင့် တစ်ကယ်တမ်းချိန် ထိုးကြည့်ရင် မွတ်စလင်တွေရဲ့ ကုရ်အာနီဟာ နိုင်ငံတစ်ဝှမ်းက သားသတ်ရုံတွေမှာ သတ်တဲ့ တစ်ရက်၊ ဒါမှမဟုတ် ၂ ရက်စာ နွားအရေ အတွက်လောက်ပဲ ရှိပါတယ်။
    .
    ဒါ့ကြောင့် မွတ်စလင်တွေ ကုရ်ဘာနီလုပ်လို့ နွားတွေ ရှားပါးရတဲ့ဆိုတဲ့ အပုပ်ချမှုဟာလည်း အင်မတန် လူပြိန်းဆန်တဲ့ ပြော ဆိုမှုသာ ဖြစ်ပါတယ်။
    .
    ကျေးဇူးရှင်လား
    —————–
    မွတ်စလင်တွေရဲ့ အသားအစ်ကို ဆန့်ကျင်တဲ့ မေတ္တာရှင်တွေ ထောက်ပြတဲ့ နောက်တစ်ခုက လယ်ယာလုပ်ငန်းမှာ မရှိမဖြစ် လိုအပ်တဲ့အတွက် နွားတွေဟာ လူသားတွေရဲ့ ကျေးဇူးရှင်ဆိုတဲ့အချက်ပါပဲ။
    .
    ဒါဆိုရင် မေးခွန်းကပေါ်လာပါပြီ။ အဲဒီနွားတွေဟာ တကယ့်လက်တွေ့မှာ ဒီမေတ္တာရှင်တွေပြောတဲ့ ကျေးဇူးရှင် ‘role’ မျိုး ရရဲ့လား။ တစ်ကယ်တော့ မရပါဘူး။ မြန်မာနိုင်ငံမှာ လယ်ယာလုပ်ငန်း လုပ်တဲ့သူတွေဟာ နွားတွေကို ခိုင်းကောင်းတဲ့အချိန် ဆဲဆို၊ ရိုက်နှက်ကာ ကောင်းကောင်းခိုင်းပြီး၊ ခိုင်းလို့မရတဲ့အခါမှာတော့ နွားသတ်ရုံကို သွားရောင်းစားကြတာပါ။
    .
    ဘယ်သူမှ ငါတို့ရဲ့ ကျေးဇူးရှင်ပါဆိုပြီး တစ်သက်လုံး အဆောင်အယောင်နဲ့ မထားပါဘူး။ ဆင်းရဲတွင်း နက်လွန်းတာကြောင့် နွားတွေကို သူတိုနဲ့ ထိုက်တန်တဲ့ အစားအစာတောင် မကျွေးနိုင်ကြပါဘူး။ ဒီအတိုင်းခိုင်းရင် ခိုင်းမကောင်းလို့ သင်းကွပ်ကား နွားညွှန့်တုန်းအောင်လုပ်ပြီး ခိုင်းကြတာပါပဲ။ မွတ်စလင်တွေအရှေ့မှာ ကျေးဇူးရှင်အဖြစ် ပုံပေါ်ခံရတဲ့ နွားကြီးတွေ တကယ်လက်တွေ့မှာတော့ စားလိုက်၊ အိပ်လိုက်၊ မေထုံမှီဝဲလိုက်ဆိုတဲ့ တိရစ္ဆာန်စည်းစိမ် အပြည့်အ၀တောင် မခံစားရရှာပါဘူး။
    .
    တစ်နှစ်တစ်ခါ ပေါ်လာတဲ့ မေတ္တာရှင်တွေကိုယ်တိုင်လည်း နွားကို ကျေးဇူးရှင်ဆိုပြီး အစာလေးသွားကျွေးတာ၊ အိမ်မှာခေါ်ပြီး မွေးစားထားတာမျိုး မရှိပါဘူး။ မွတ်စလင်တွေ ကုရ်ဘာနီအသားဝေတဲ့အခါ သွားမတိုးရင်တောင် ကံကောင်း လို့ ပြောရမှာပါ။
    .
    အဲဒီတော့ မွတ်စလင်တွေရဲ့ ကုရ်ဘာနီကို တားမြစ်ဖို့၊ ပိတ်ပင်ဖို့ ဆန္ဒပြသူတွေဟာ၊ ကြိုးစားသူတွေဟာ အမှန်တကယ် ဗုဒ္ဓဘာသာရဲ့ အဆုံးအမကို လိုက်နာကြသူ၊ လိုက်နာလိုသူတွေ၊ မေတ္တာတရားကြီးမားသူတွေ၊ သတ္တ၀ါတွေအပေါ်မှာ စာနာသူတွေမဟုတ်ဘဲ၊ လူမျိုးရေး ဘာသာရေး အမုန်းတရားတွေ ဖြန့်ဝေတဲ့၊ လူ့အဖွဲ့အစည်း မတည်ငြိမ်အောင်လုပ်တဲ့ လူဗာလ အချောင်သမားများသာ ဖြစ်တယ်ဆိုတာဟာ ကွက်ကွက်ကွင်းကွင်း ပေါ်လွင်နေပါတယ်။
    .
    မွတ်စလင်တွေရဲ့ အသားအစ်က နိုင်ငံနဲ့ လူ့အဖွဲ့အစည်းအပေါ် အကျိုးပြုတဲ့ ပမာဏလောက်တောင် ဒီအချောင်သမားတွေဟာ လူ့အဖွဲ့အစည်းအပေါ် အကျိုးမပြုဘဲ၊ ဘာသာရေးဘန်းပြ အမြတ်ထုင်ချင်တဲ့သူတွေသာ ဖြစ်ပါတယ်။
    .
    မွတ်စလင်တွေလည်း ဆင်ခြင်ရမယ်
    —————————-
    ဒါပေမယ့် မွတ်စလင်တွေအနေနဲ့လည်း ကုရ်အာနီလုပ်တဲ့အခါ အစိုးရက သတ်မှတ်ပေးထားတဲ့နေရာတွေမှာ၊ သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း လုပ်ဆောင်ဖို့လိုပါတယ်။ အပေါ်ကပြောခဲ့တဲ့ အချောင်သမားတွေ ကလွဲပြီး တကယ့် သတ္တ၀ါတွေကို ကြင်နာသနားတတ်တဲ့၊ စာနာတတ်တဲ့ စစ်မှန်တဲ့ ဗုဒ္ဓဘာသာဝင်တွေ အောက်ခြေမှာ အများကြီးရှိတာကို သိထားဖို့ လိုပါတယ်။
    .
    ကိုယ်က ဘာသာရေးဆိုင်ရာ စွန့်လှူဒါနပြုမှုကို လုပ်တာဖြစ်ပေမယ့် ဒီ စစ်မှန်တဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ စိတ်ထဲမှာ ထိုခိုက်စေမယ့် အပြုအမူမျိုးတွေ (သွေးစွန်းတဲ့ အင်္ကျီတွေနဲ့ ပတ်နေတာ၊ ချွန်ထက်တဲ့လက်နက်တွေကို အကာကွယ်မပါဘဲ ကိုင်ဆောင်သွားတာ) ကို ရှောင်ကျဉ်ဖို့လိုပါတယ်။
    .
    နောက်တစ်ခုက ကုရ်ဘာနီဟာ အသားစားပွဲ၊ နွားသတ်ပွဲမဟုတ်ပါဘူး။ တမန်တော်ကြီးအီဗရာဟင်မ်ရဲ့ စွန့်လှူဒါနပြုမှု ကို ရောင်ပြန်ဟပ်စေ တာဖြစ်တဲ့အတွက် အသားဝတ္ထုတွေကို စွန့်လှူဖို့သက်သက် ရည်စူးရမှာဖြစ်ပြီး အမှန်တကယ်မှာလည်း ကိုယ့်ရဲ့ စေတနာ သဒ္ဓါတရားကို ပတ်ဝန်းကျင်မှာ ရောင်ပြန်ဟပ်စေရပါလိမ့်မယ်။
    .
    သမာဓိ (၁၀.၉.၁၆)