News @ M-Media

Author: editor

  • စာရေးဆရာ တက္ကသိုလ် မောင်မောင်ခင် (မြန်မာ့ပထမဆုံး ပြဇာတ် အမျိုးသားစာပေဆုရှင်) ကွယ်လွန်

    စာရေးဆရာ တက္ကသိုလ် မောင်မောင်ခင် (မြန်မာ့ပထမဆုံး ပြဇာတ် အမျိုးသားစာပေဆုရှင်) ကွယ်လွန်

    စက်တင်ဘာ ၂၀ ၊ ၂၀၁၆
    M-Media
    သီဟ
    .takatol-mgmgkhin
    မြန်မာ စာပေလောကတွင်  ပြဇာတ် စာပေအမျိုးအစားဖြင့် ပထမဆုံး အမျိုးသား စာပေဆု ရရှိခဲ့တဲ့ စာရေးဆရာ တက္ကသိုလ် မောင်မောင်ခင် တယောက်  ၁၉-၉-၂၀၁၆  ညနေ ၇ နာရီမှာ ရန်ကုန်မြို့ နေအိမ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ အသက်(၉၁) နှစ်ရှိပြီ ဖြစ်ပါတယ်။ ယနေ့ ၂၀-၉-၂၀၁၆ ခုနှစ် မနက် ၁၁း၃၀ တွင် ရေဝေး မွတ်စလင်မ် သုသာန် ဥယျာဉ်တော်၌ အစ္စလာမ်ထုံးစံဖြင့် မြှုပ်နှံသဂြိုဟ် မယ်လို့ သိရပါတယ်။

    ကိုယ်ရေးအကျဉ်း
    ——————
    ဦးမောင်မောင်ခင် (ခ)စာရေးဆရာ တက္ကသိုလ်မောင်မောင်ခင်
    အမျိုးသားစာပေဆုများရှင်၊ ပခုက္ကူ စာပေ တစ်သက်တာ စာပေဆု ၊  ဝိဇ္ဖာပညာထူးချွန် (ဒုတိယ အဆင့်)၊
    ဦးဆောင်ညွှန်ကြားရေးမှူး(ငြိမ်း) ၊ ရုပ်ရှင်လုပ်ငန်း၊ ပြန်ကြားရေးဝန်ကြီးဌာန
    .
    တက္ကသိုလ်မောင်မောင်ခင် သည် ပြည်ခရိုင်၊ ပန်းတောင်းမြို့ဇာတိဖြစ်သည်။ ဖခင်မှာ အငြိမ်းစားပညာအုပ် ဦးရာကွတ် (ခ) ဦးအောင်ဘွင့်ဖြစ်သည်။ မိခင်မှာ ဒေါ်မမကြီးဖြစ်သည်။ ၁၉၂၈ ခု ဖေဖော်ဝါရီ ၁၄ ရက်တွင် ဖွားမြင်သည်။ အမည်ရင်း ဦးမောင်မောင်ခင်ဖြစ်သည်။ ၁၉၅၁ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ရသည်။ ၁၉၅၂ တွင် စာပေဗိမာန်မဂ္ဂဇင်း စာတည်းအဖွဲ့တွင် လက်ထောက် စာတည်းအဖြစ် ဆောင်ရွက်ခဲ့သည်။ ပြန်ကြားရေးဌာနတွင် ဒုတိယ အတွင်းဝန် အဖြစ် ဆောင်ရွက်ခဲ့သည်။ ကျောင်းသုံး စာအုပ် ပုံနှိပ်ထုတ်ဝေရေး ပူးပေါင်းဆောင်ရွက်မှု ဗဟိုကော်မတီ အတွင်းရေးမှူးဖြစ်သည်။ ရုပ်ရှင်လုပ်ငန်း ကော်ပိုရေးရှင်းတွင် ဦးဆောင်ညွှန်ကြားရေးမှူး အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။
    .
    ၁၉၆၇ ခုနှစ်တွင် သဇင်မြို့စာညွန့်များ စာအုပ်ဖြင့် အမျိုးသားစာပေဆု၊ စာပဒေသာ တတိယဆု ရသည်။ ၁၉၆၇ ခုနှစ်တွင်ပင် မညီမျှသော ညီမျှခြင်း ဝတ္ထုတိုစာအုပ်ဖြင့် အမျိုးသားစာပေဆု ဝတ္ထုတို ဒုတိယဆုရရှိသည်။ ၂၀ဝ၇ ခုနှစ် ဇန်နဝါရီလ ၄ ရက် နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်၊ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ ဖြိုးရေးကောင်စီ၏ အမိန့် ကြော်ငြာစာအမှတ် ၂/၂၀ဝ၇ အရ ဝိဇ္ဇာပညာထူးချွန်တံဆိပ် (ဒုတိယဆင့်) ချီးမြှင့်ခံရသည်။ အကန်တော့ခံ သက်ကြီးစာပေ ပညာရှင် တစ်ဦးဖြစ်သည်။
    .
    “အဆင်းခက်ခက် အတက်ကြမ်းကြမ်း” ပြဇာတ်စာအုပ်ဖြင့် ရရှိသည်။ အမျိုးသားစာပေဆု သက်တမ်း တစ်လျှောက် ” ပြဇာတ်စာပေဆု” ကို ဦးစွာရရှိသောစာအုပ်ဖြစ်သည်။ တရားဥပဒေ စိုးမိုးရေး၊ တရားမှန်စီရင်ရေးနှင့် လူတို့၏ကိုယ်ကျင့်တရား ကောင်းမွန်ရေးကို ဦးတည်ပြုစုထားသည်။ ၁၉၆၉ ခုနှစ်၏ ပြက္ခဒိန် တစ်နှစ်အတွင်း ပုံနှိပ်ထုတ်ဝေသမျှ စာအုပ်များအနက် သက်ဆိုင်ရာ ဘာသာရပ်၊ အမျိုးအစားအလိုက် အကောင်းဆုံး တစ်အုပ်ကို ရွေးချယ်၍ တစ်ဆုတည်းသာ ချီးမြှင့်သည်။ အမျိုးသားစာပေဆု ပုံစံသစ် အကောင်းဆုံး တစ်အုပ်ရွေး စနစ်ဖြင့် ပထမဆုံးရရှိခြင်းဖြစ်သည်။
    .
    ၂၀၁၁ ခုနှစ်အတွက် ပခုက္ကူ ဦးအုံးဖေတည်ထောင်သော ပခုက္ကူ စာပေဆုများမှ တစ်သက်တာ စာပေဆုကို စာရေးဆရာကြီး ဦးမောင်မောင်ခင် (တက္ကသိုလ် မောင်မောင်ခင်)က ရရှိခဲ့သည်။
    .
    ကိုးကား- မောင်သန်းဝင်း- ရန်ကုန်တက္ကသိုလ် ၏ ပထမ မြန်မာမွတ်စလင်များ စာအုပ်

    ဓါတ်ပုံအညွန်း-၂၀၁၁ ပခုက္ကူ ဦးအုံးဖေ တစ်သက်တာ စာပေဆု လက်ခံရရှိစဉ်က (Photo-EMG)

  • ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ ဧည့်စာရင်း တိုင်ကြားရန် မလိုတော့

    ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ ဧည့်စာရင်း တိုင်ကြားရန် မလိုတော့

    pyithu-hluttaw
    နေပြည်တော်(စက်တင်ဘာ ၁၉ရက်၊ ၂၀၁၆ခုနှစ်)။ ။ ပြည်သူအများစုက မနှစ်မြို့သည့် ဧည့်စာရင်းတိုင်ကြားရခြင်းကို ပယ်ဖျက်ရန် စက်တင်ဘာ ၁၉ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဆုံးဖြတ်လိုက်သည်။
    .
    ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေအား တတိယအကြိမ်ပြင်ဆင်သည့်ဥပဒေကြမ်းကို လွှတ်တော်တွင် ပြင်ဆင်ချက်များဖြင့် တစ်ပိုဒ်ချင်းစီ မဲခွဲဆုံးဖြတ်ရာတွင် ဥပဒေ၏ မူလပြဌာန်းချက်ဖြစ်သော ဧည့်စာရင်းတိုင်ကြားရသည့်အချက်ကို ပယ်ဖျက်ရန် လွှတ်တော်အမတ်အများစု၏ ထောက်ခံမဲဖြင့် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
    .
    “ဒီဧည့်စာရင်းဟာ ပြည်သူလူထုအပေါ်မှာ ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်လို့ ကျွန်တော်တို့က ယူဆတယ်။ ပြည်သူလူထုကလည်း ယူဆတဲ့အတွက်ကြောင့် ပယ်ဖျက်လိုက်ခြင်းဖြစ်ပါတယ်” ဟု ဥပဒေကြမ်းကော်မတီအဖွဲ့ဝင်ဖြစ်သူ ပြည်ကြီးတံခွန်မြို့နယ်အမတ် ဦးကျော်စိုးလင်းက မဇ္ဈိမကို ပြောသည်။ သူကိုယ်တိုင်လည်း ဧည့်စာရင်းလာစစ်ရင်း ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည်ဟု ဦးကျော်စိုးလင်းက ဆိုသည်။
    .
    အဆိုပါ ဧည့်စာရင်းတိုင်ကြားရန် ပြဌာန်းချက်ကို အမျိုးသားလွှတ်တော်ကလည်း ပယ်ဖျက်ထားပြီးဖြစ်ရာ လွှတ်တော်နှစ်ရပ်လုံးက ပယ်ဖျက်လိုက်သည့်အတွက် နောင်တွင် ဧည့်စာရင်းတိုင်ကြားရန် လိုအပ်တော့မည် မဟုတ်ပေ။

    “ဧည့်စာရင်းတိုင်လို့ ပြည်သူလူထုဘဝတွေ လုံခြုံမယ်လို့ မယုံကြည်ပါဘူး။ ဧည့်စာရင်းတိုင်ကြားလို့ လူဆိုး၊ သူခိုး၊ ဝရမ်းပြေးတွေ ဖမ်းမိတယ်ဆိုတာ မရှိသလောက်ရှားပါတယ်။ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူတွေလည်း ဧည့်စာရင်းတိုင်ကြားလို့ ဖမ်းမိတယ်ဆိုတာ မရှိသလောက်ရှားမယ် ထင်ပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှတန့်ဆည်မြို့နယ်အမတ် ဦးမြင့်ထွန်းက ပြောသည်။
    .
    အခြားတစ်ဖက်တွင်လည်း ဧည့်စာရင်းတိုင်ကြားရသည့်အချက်ကို ဆက်လက်ထားရှိရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့် တပ်မတော်သားလွှတ်တော်အမတ်များက ဆန္ဒရှိနေသည်။ ဧည့်စာရင်းတိုင်ကြားရခြင်းကို ပယ်ဖျက်လိုက်ပါက နိုင်ငံ၏ လုံခြုံရေးအတွက် စိန်ခေါ်ချက်တစ်ရပ်ဖြစ်လာနိုင်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက လွှတ်တော်တွင် ဆွေးနွေးပြောကြားသည်။
    .
    “ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သော ကျွန်တော်တို့နိုင်ငံအနေနဲ့ သမာရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုတွေကို အမှန်တစ်ကယ် လက်တွေ့ရင်ဆိုင်ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ဟာ ဒေသတွင်းအခြေခံကျတဲ့ ဧည့်စာရင်းတိုင်ကြားခြင်းကဲ့သို့သော ကိန်းဂဏန်းအချက်အလက်များ အတိအကျရရှိရေးဟာ အဓိကကျတဲ့အချက်ဖြစ်ကြောင်း ပြောကြားလိုပါတယ်” ဟု ဧည့်စာရင်းတိုင်ကြားခြင်းကို ဆက်လက်ထားရှိရန် ဗိုလ်ချုပ်အောင်စိုးက ဆိုသည်။
    .
    ထိုကဲ့သို့ ဧည့်စာရင်းတိုင်ကြားခြင်းကို ဆက်ထားသင့်၊ မသင့်အပေါ် သဘောထားကွဲလွဲမှုရှိသည့်အတွက် မဲခွဲဆုံးဖြတ်ခဲ့ရာ လွှတ်တော်အမတ်အများစုက ပယ်ဖျက်ရန် ဆန္ဒရှိသည့်အတွက် ယင်းအချက်အား ပယ်ဖျက်ရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။
    .
    သို့ရာတွင် အရပ်၊ ဒေသတစ်ခုတွင် အချိန်ကာလအားဖြင့် ရက်ပေါင်း(၆၀)ထက် ပိုမိုကြာရှည်စွာ နေထိုင်ပါက ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကို အသိပေးထားရန် ပြည်သူ့လွှတ်တော်က ဥပဒေတွင် ထည့်သွင်းလိုက်သည်။ အသိပေးအကြောင်းကြားခြင်း မရှိပါကလည်း တစ်စုံတစ်ရာ အရေးယူဆောင်ရွက်မည်မဟုတ်ဟု ဆိုသည်။
    .
    “အစိုးရအနေနဲ့ ပြည်သူလူထုကို အကူအညီတစ်ခုပေးမယ်ဆိုရင် စာရင်းဇယားမရှိလို့ရှိရင် ဘာမှကူညီပေးလို့မရဘူး။ စာရင်းဇယား ရရှိနိုင်ရေးအတွက် အသိပေးအကြောင်းကြားးရမယ်ပေါ့။ ဒါပေမယ့် အကြောင်းမကြားဘူးဆိုရင်လည်း ဘာမှမဖြစ်ပါဘူး။ ဥပမာအားဖြင့် ကျူးကျော်တွေပေါ့။ သူတို့က ဒီမှာနေထိုင်တယ်။ ဒါပေမယ့် အကြောင်းမကြားထားဘူးဆိုရင် သူတို့အတွက် အိမ်ရာတွေ၊ တိုက်ခန်းတွေပေးမယ်ဆိုရင် သူတို့အတွက် နစ်နာသွားမှာ စိုးလို့ပါ” ဟု ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ဦးကျော်စိုးလင်းက ရှင်းပြသည်။
    .
    စစ်အစိုးရလက်ထက်တွင် ဧည့်စာရင်းစစ်ဆေးသည့်အကြောင်းပြချက်ဖြင့် နိုင်ငံရေးသမားအများစုကို နေအိမ်အတွင်း ဝင်ရောက်ရှာဖွေဖမ်းဆီးပြီး ထောင်ချလေ့ရှိသည်။
    .
    မဇ္ဈိမ မှကူးယူဖော်ပြသည်။
    http://mizzimaburmese.com/article/18240

  • စစ်အာဏာရှင်စနစ်ကို အာခံတော်လှန်ခဲ့တဲ့ နီအောင်မေသု(ခ) ဦးသု ကျဆုံးခြင်း ၁၄ နှစ်မြောက် အခမ်းအနားကျင်းပ

    စစ်အာဏာရှင်စနစ်ကို အာခံတော်လှန်ခဲ့တဲ့ နီအောင်မေသု(ခ) ဦးသု ကျဆုံးခြင်း ၁၄ နှစ်မြောက် အခမ်းအနားကျင်းပ

    စက်တင်ဘာ ၁၉၊ ၂၀၁၆
    M-Media
    မိုးစက်
    .14408911_1779739075627234_2031052698_n
    ရန်ကုန်။    ။ လူငယ်တွေအနေနဲ့ ယုံယုံကြည်ကြည်နဲ့သာ လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ကြောင်း နီအောင်မေသု ကျဆုံးခြင်း ၁၄ နှစ်ပြည့် အခမ်းအနားတွင်  နီအောင်မေသု၏ သားဖြစ်သူ ကိုလွှမ်းမိုးအောင်မှ ဆိုခဲ့ပါတယ်။
    .
    “ကျွန်တော်တို့ အခုလို နှစ်ပတ်လည်ပွဲလုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဒီလို အရှေ့က ကျွန်တော့်အဖေတို့လို သူရဲကောင်းတွေ အများကြီး ရှိပါတယ်။ သူတို့က သူတို့ယုံကြည်ရာကို တစ်စိုက်မတ်မတ်လုပ်ဆောင်ကြတဲ့အတွက် အောင်မြင်မှုကို ရရှိခဲ့တယ်။ သူတို့ အသက်နဲ့ရင်းပြီး လုပ်ခဲ့ရတာတွေအတွက် ဒီလိုနေ့တွေမှာ လူတွေရဲ့ အသိမှတ်ပြုမှုကို ခံရတာ သူတို့ရဲ့ အောင်မြင်မှုပါပဲ” လို့ ဆိုပါတယ်။
    .
    ဦးနီအောင်မေသုဟာ နိုင်ငံသားအခွင့်အရေးကို တိုက်ယူခဲ့သည်နှင့် ပတ်သတ်ပြီး “ကျွန်တော့်အဖေက သူအစ္စလာမ် ဘာသာဝင်ဖြစ်ပေမယ့် လည်း သူက လူမျိုးတစ်မျိုးအတွက် တိုက်ခဲ့တာ မဟုတ်ဘူး၊ တိုင်းပြည်တစ်ခုလုံးအတွက် တိုက်ခဲ့တာ” ပါလို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
    .14349155_1779740998960375_308381151_n
    ” သူထောင်ထဲဝင်တုံးက အပ်ထားတဲ့ ထန်းညှက် အစိတ်သားနဲ့ ဆေးလိပ် ၁ ထုတ် ၊ ထောင်က ထွက်တဲ့ အချိန် ပြန်တောင်းတယ်။ ထောင်မှူးက ပျက်ဆီးသွားပြီပြောတော့ ကျန်ရှိအောင် ထိန်းသိမ်းဖို့က ခင်ဗျားတို့တာဝန်.. အဲဒါပြန်မရရင် ထောင်ကမထွက်ဘူးလို့ ပြောလို့ ထောင်မှူးက ဝယ်ပြိး ပြန်ပေးရတဲ့ထိ ရန်သူကို ပက်ပက်စက်စက် ပြန်တိုက်ခဲ့တယ်။ ” လို့ ဦးအောင်မေသု ရဲ့ မိတ်ဆွေတဦး မှ အမှတ်တရ စကားမှာ ထည့်သွင်းပြောကြားခဲ့တာပါ။
    .
    နီအောင်မေသု ဟာ နိုင်ငံရေးမှာ ရယူလိုတာ လိုချင်တက်မက်တာတွေ မရှိဘဲ တိုင်းပြည်အတွက် လုပ်ဆောင်ခဲ့သူဖြစ် လို့ နိုင်ငံရေးသမားဆိုတာ ထက် နိုင်ငံရေး သတ္တဝါလို့ ဆိုရမှာဖြစ်တယ်လို့ မင်းလှ NLD တွင် ဦးအောင်မေသုနှင့် အတူ တွဲဖက် လုပ်ခဲ့သော ကိုခင်ထွန်းမှ ဆိုပါတယ်။
    .
    အဆိုပါ နီအောင်မေသု ကျဆုံးခြင်း ၁၄ နှစ်ပြည့်အခမ်းအနားကို စက်တင်ဘာ ၁၇ ရက်နေ့က တော်ဝင်နှင်းဆီ ခန်းမ မှာ ကျင်းပခဲ့တာ ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ဦးနီအောင်မေသု၏ မိတ်ရင်းဆွေရင်းများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ ၊ နီအောင်မေသု ရဲ့ မိသားစု ဆွေမျိုးများနှင့် မျိုးဆက်သစ်များ တက်ရောက်ခဲ့ကြပါတယ်။
    .
    နီအောင်မေသု(ခ) ဦးသုရဲ့ ကိုယ်ရေးအကျဉ်း
    ——————–
    -မူလတန်းကျောင်းသားဘဝမှစ၍ ဗ.က.သ သို့ဝင်ရောက်ခဲ့သည်။

    -၁၉၆၀-၆၂ ခုနှစ်တွင် သာယာဝတီခရိုင် စည်းရုံးရေးမှူး (ရကသ)ညီလာခံကိုယ်စားလှယ်-အုတ်ဖိုမြို့နယ် ဥက္ကဌ တာဝန်များ ထမ်းဆောင်ခဲ့သည်။

    -သာယာဝတီခရိုင် (၈) မြို့နယ် ဥက္ကဌ တာဝန်ကိုလည်း ထမ်းဆောင်ခဲ့သည်။

    -၁၉၆၃ခုနှစ်ပြည်တွင်းငြိမ်းချမ်းရေး ဆန္ဒပြလူထု ချီတက်ပွဲတွင် (၄)ခရိုင် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲကို ခေါင်းဆောင်ပြီး ရန်ကုန်မြို့၊ ကန်တော်မင် ပန်းခြံသို့ ချီတက်ခဲ့ကြသည်။

    -၁၉၆၉၊ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် ကိုကိုးကျွန်းသို့ အပို့ခံရသည်။

    – ၁၉၇၁၌ ကိုကိုးကျွန်းတိုက်ပွဲ အောင်မြင်စွာ ပြီးဆုံး၍ အင်းစိန်ထောင်သို့ ပြန်ရောက်ရှိခဲ့သည်။

    – ၁၉၇၂၊ ဧပြီ ၁၂ရက်နေ့တွင် အကျဉ်းထောင်မှ ပြန်လွတ်မြောက်ပြီး ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ဒေါ်ရင်လှနှင့် ထိမ်းမြားခဲ့သည်။

    -၁၉၇၆၊ သြဂုတ်တွင် ဒုတိယအကြိမ် ထိန်းသိမ်းခံခဲ့ရသည်။

    -၁၉၈၄၊ ဧပြီတွင် တတိယအကြိမ် ထိန်းသိမ်းခံခဲ့ရသည်။

    -၁၉၈၈၊ အောက်တိုဘာတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သို့ဝင်ရောက်ခဲ့ပြီး ပဲခူးတိုင်း၊ မင်းလှမြို့တွင် ဥက္ကဌတာဝန်ကို ထမ်းဆောင် ခဲ့သည်။

    -၁၉၈၉၊ သြဂုတ် ၂၄တွင် စတုတ္ထအကြိမ် ထိန်းသိမ်းခံခဲ့ရပြီး၊ နိုဝင်ဘာ ၆ရက်တွင် ပုဒ်မ(၅) (ည)ဖြင့် အင်းစိန်စစ်ခုံရုံးမှ ထောင်ဒဏ် (၁၀)နှစ်ချမှတ်ခဲ့သည်။

    -၁၉၉၉၊နိုဝင်ဘာ ၆ရက်နေ့တွင် (၁၀)နှစ်ပြည့်ခဲ့သော်လည်း ပုဒ်မ(၁၀) (က)ဖြင့် ဆက်လက်ထိန်းသိမ်းခံခဲ့ရသည်။ ၂၀၀၂၊ စက်တင်ဘာ ၁၇ ရက်နေ့တွင် အထိန်းသိမ်းခံဘဝဖြင့်ပင် ကွယ်လွန်သွားခဲ့ပါသည်။

    -ကွယ်လွန်ချိန်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များ ရေဝေးမွတ်စလင်သုဿန်သို့ လိုက်လံပို့ဆောင်ခဲ့ပါသည်။

  • ၂၀၁၆ မန်းမောင် လူသစ်တန်း ချန်ပီယံ ကိုကျော်ကျော်လွင်နှင့် တွေ့ဆုံခြင်း

    ၂၀၁၆ မန်းမောင် လူသစ်တန်း ချန်ပီယံ ကိုကျော်ကျော်လွင်နှင့် တွေ့ဆုံခြင်း

    စက်တင်ဘာ ၁၇ ၊ ၂၀၁၆
    M-Media
    သီဟ ဆက်သွယ်မေးမြန်းသည်။
    .kyaw-kyaw-lwin2
    ၂၀၁၆ ခုနှစ် မန္တလေးတိုင်း ကာယဗလ လူသစ်တန်းပြိုင်ပွဲမှာ ချန်ပီယံ ပထမဆု ဆွတ်ခူးခဲ့တဲ့ ကိုကျော်ကျော်လွင် ကို M-Media မှ ဆက်သွယ်မေးမြန်းခွင့်ရခဲ့ပါတယ်။
    .
    M-Media – ကိုကျော်ကျော်လွင် အကြောင်း လေး အကြမ်းဖျဉ်း စာဖတ် ပရိတ်သတ်ကို မိတ်ဆက်ပေးပါအုံး ။
    .
    ဖြေ- ကျနော် နာမည်က ကျော်ကျော်လွင်(ခ) အဗ္ဗဒွလ်ကရီးမ် (မွတ်စလင်မ် အမည်) ပါ ။ ၁၉၈၅ ခုနှစ် နိုဝင်ဘာ ၁၉ ရက် နေ့မှာ ရန်ကုန်မှာ အဖေ- ဦးမောင် မောင် ၊အမေ-ဒေါ်နုတို့ကနေ မွေးဖွားပါတယ်
    .
    M-Media – ဘယ်လိုပုံစံနဲ့ ဒီအားကစား ကို စိတ်ဝင်စားပြီးတော့ ကာယဗလ လောကထဲကို  ရောက်ရှိလာခဲ့ပါသလဲ
    .
    ဖြေ။    ။  ငယ်ငယ်ထည်းက အားကစားထဲမှာ တခုတည်းသော ဝါသနာလို့ ပြောရင်  မမှားပါဘူး။ တခြား ဘောလုံး ခြင်းခတ် ဝါသနာမပါပါဘူး။ ငယ်ငယ်က ဘာသာရေး ကျောင်းတက်ဖြစ်တော့ သူများတွေ နားချိန်ဆို ခြင်းခတ်ဘောကန်ချိန် ကျွန်တော်က ဒိုက်ထိုး

    ဘားဆွဲ အုတ်နီခဲတွေနဲ့ချီပြီးမ ဆော့ခဲ့တယ်။
    .
    နည်းပြဆရာမရှိဘဲ ဆော့ရတာဆိုတော့  အဆင်မပြေဘူး ဆိုပေမဲ့ တခြားကျောင်းသားတွေထက် ကျွန်တော်က ပိုကြည့်ကောင်းပါတယ်။ ဘာသာရေးကျောင်းက နေထွက်လာပြီး  အလုပ် လုပ်ရင်း ဘာမှမဆော့ဖြစ်တော့ဘူး။စားလိုက်အိပ်လိုက်    ဒီလိုနဲ့ပေါင်ချိန် ၁၉၀ ဖြစ်လာတယ်။ ၂၂နှစ်အရွယ်မှာ အိမ်ထောင်ကျပြီး နောက်ဆုံး ကလေး ၂ယောက် အဖေ ဖြစ်ပြီးနောက်ပိုင်း ပြန်ပြီး လေ့ကျင့်ဖြစ်တယ်။
    .
    ပြန်လေ့ကျင့်ဖြစ်တာက  ၂၀၁၃ ခုနှစ်မှာ ၈ လပိုင်းလောက်က စဆော့ တာ ၂ လတည်းနဲ့ ၃၅ပေါင်ကျသွားတယ်။
    .
    အစားသောက် ဆင်ခြင် အဆီ၊အစိမ့်၊အချို ရှောင် ညစာထမင်းမစားဘူး။ ၂လတည်းနဲ့ဝိတ်ချပြီးတဲ့နောက်မှာ အလေးစဆော့တာပေါ့။
    .
    M-Media – ပထမဆုံး ဝင်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲနဲ့ ပြိုင်ပွဲ ဝင်ပြိုင် ဖြစ်ခဲ့ပုံ၊ အဲဒီ ပထမဆုံး ပြိုင်ပွဲမှာ ရရှိခဲ့တဲ့ အောင်မြင်မှုကို သိပါရစေ။
    .
    ဖြေ။    ။  တစ်နှစ်ခွဲလောက် ဟိုယောင်ယောင် ဒီယောင်ယောင် လေ့ကျင်ခဲ့နေရင်းနဲ့ ၂၀၁၅ ခုနှစ် ၈ လပိုင်းမှာ ကျနော်ဆရာက လူသစ်တန်း ပြိုင်ပွဲ ဝင်ပြိုင်ဖို့ ပြောတယ်။  ကျွန်တော်ပထမ စဆော့တုန်းက တော့  ဝိတ်ချရုံ သက်သက်ရည်ရွယ်ချက်
    ဆရာပြောတော့မှ သေချာကြိုးစားပြီး လေ့ကျင့်ဖြစ်တယ်။  ပြိုင်ပွဲမတိုင်ခင် ၈ လအလို အစားသောက်က အစ ဆင်ခြင် ပြီး ကြိုးစားလေကျင့်ခဲ့တယ်။  တရက်ကို မနက် ၂နာရီ ညနေ၂နာရီ ပေါင်း ၄နာရီ့ ကျွန်တော် သေချာ လေ့ကျင့်တာကို ဆရာက အားရတော့
    စားသောက်ပုံက အစ ကစားနည်းရော အသေးစိတ်သေချာပြပေးတယ် ။
    .
    အဓိက ဆရာကောင်းတစ်ယောက်ရဲ့ သင်ပြမှု၊ ကျွန်တော် ဇွဲရှိရှိအပင်ပန်းခံပြီး ပျက်ရက် မရှိ ကြိုးစားခဲ့တဲ့ရလဒ်ပါ။ ၈လ လုံးလုံး အဆီလုံးဝရှောင်ခဲ့တယ်။ ကြက်သားပြုတ်၊ အမဲသားပြုတ် ၊ကြက်ဥပြုတ်၊ အကုန် အပြုတ်တွေချည်းစားခဲ့ရတယ်။
    .
    M-Media – ၂၀၁၆ ခုနှစ် မန်းတလေးတိုင်း ကာယဗလ ပြိုင်ပွဲ လူသစ်တန်းမှာ ပထမဆုရတယ်ပေါ။ ပြိုင်ပွဲအတွေ့အကြုံ နဲ့ ပြိုင်ဘက်တွေကို ကျော်ဖြတ်ခဲ့ပုံလေးပြောပြပေးပါ။
    .kyaw-kyaw-lwin-3
    ဖြေ။    ။  27/3/2016 နေ့မှာ ကျင်းပတဲ့ မန္တလေးတိုင်း လူသစ်တန်း ကာယဗလမောင်ပြိုင်ပွဲမှာ ပထမဆုရခဲ့ပါတယ်။ ဆရာ က ပြိုင်ပွဲမတိုင်ခင် ၂ လ ကြိုကတည်းက ကျွန်တော့် လေ့ကျင့်အားကိုကြည့်ပြီး တဘက်က ပြိုင်ဖက် ဘယ်သူဘယ်ဝါ
    မသိဘဲ အတိကျပြောတာ တခုက ငါ့တပည့် ဒီပွဲမှာ မင်းပဲ ပထမရမှာပါတဲ့ဆရာစကားကြောင့်ကျွန်တော်အားတက်ခဲ့ပါတယ်။
    .
    ပြိုင်ပွဲမတိုင်ခင် ကျွန်တော်ပြိုင်ဖက် ဒုတိယရသွားတဲ့ သူကို အားလုံးက  ပထမရမယ်ထင်ခဲ့ကြတယ်။ သူရဲ ဘော်ဒီ အရွယ်အစားနဲ့ ကြွက်သား ကြီးထွားမှုက ကျနော်နဲ့ တော်တော်ကွာ ပါတယ်။ သူက ကျွန်တော်ထက်ကြီးတယ်။ ကြွက်သားပေါလွင်မှုက ကျွန်တော်သာတယ်။ အဓိကကတော့ ဆရာကောင်းတစ်ယောက် ရဲ့ပညာလိုပြောရင် မမှားပါဘူး။  ကျွန်တော်ရဲ့ပထမဆုံးဝင်ပြိုင်တဲ့ ပွဲ မှာ ပထမဆုရတယ်။
    .
    M-Media – ကိုကျော်ကျော်လင်း အားကျလေးစားရတဲ့ ကာယဗလ ကစားသမား ရှိလား ၊
    .
    ဖြေ။    ။  ကျွန်တော်ဆရာပါ။ ကိုညီဖြူပါလူသိများတာကတော့  ကျန်ကျောငိးနာမည်နဲ့ပါ။ အသင်ပြကောင်းသလို  တပည့်တွေအပေါ်မှာလည်း စိတ်ရှည်  ရှည်နဲ့ပြသပေးပါတယ်  ဗုဒ္ဓဘာသာဝင် တစ်ယောက် ပါ။
    တပြည်လုံးအတိုင်းတာမှာ ရွှေတံဆိပ်ခဏခဏရဖူးပါ တယ်။ လောလောဆယ် မန်းလေးမြို့ 83 လမ်း ၂၉ နဲ့ ၃၀ ကြား Planet gym မှာ နည်းပြတစ်ယောက်ပါ။
    .
    M-Media – ကိုကျော်ကျော်လွင် ရဲ့ ရည်မှန်းချက်နဲ့ ရှေ့ဆက်ပြီး လုပ်ဆောင်မယ့် အစီအစဉ် လေးတွေ သိပါရစေ။
    .
    ဖြေ။    ။ နိုင်ငံ လက်ရွေးစင် တယောက် ဖြစ်ချင်ပါတယ်။ နိုင်ငံကိုယ်စားပြုပြီး တိုင်းပြည် ဂုဏ်ဆောင် အားကစား သမား တယောက် ဖြစ်ချင်ပါတယ်။ ကစားသမား ဘဝ အနားယူတဲ့အချိန် နည်းပြတယောက် အဖြစ်နဲ့ မျိုးဆက်သစ်တွေကို လေ့ကျင့်မွေးထုတ်ပေးဖို့ ရည်ရွယ်ထားပါတယ်။
    .
    M-Media -အခုလို ဖြေကြားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။
    .
    ဖြေ။    ။  ဟုတ်ကဲ့ ကျနော်အနေနဲ့လည်း ကျေးဇူးအထူးတင်ရှိပါတယ်။

  • အသားအစ်လက်ချာ (သို့) အယောင်ဆောင် မေတ္တာဝါဒီများသို့ စောင်းတီးခြင်း

    အသားအစ်လက်ချာ (သို့) အယောင်ဆောင် မေတ္တာဝါဒီများသို့ စောင်းတီးခြင်း

    စက်တင်ဘာ ၁၃ ၊ ၂၀၁၆
    သမာဓိ ရေးသည်
    .thamar-di
    စက်တင်ဘာ ၁၃ ရက်နေ့ မြန်မာနိုင်ငံမှာ ကျရောက်ခဲ့တဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ အီဒွလ်အသွဟာ စွန့်လှူဒါနပြုမှု (အသားအစ်) ပွဲတော်ဟာ တစ်နှစ်မှတစ်ခါ လူစိတ်ဝင်တတ်တဲ့ အုပ်စုတစ်စုရဲ့ အနှောက်အယှက်တစ်ချို့ ရှိပေမယ့်လည်း အေးအေးချမ်းချမ်းနဲ့ ပြီးဆုံးသွားခဲ့ပါပြီ။
    .
    တောင်သူဦးကြီးတွေလည်း တစ်ခြားအချိန်မှာ အောက်ဈေးနဲ့ တရုတ်ပြည်ကို တင်ပို့ရတဲ့နွားတွေ မွတ်စလင်တွေရဲ့ အသားအစ်ကြောင့် ကြိုက်ဈေးရခဲ့ပြီး ချောင်လည်ခဲ့သလို၊ နိုင်ငံတော်ကလည်း အသားအစ်မှာ စွန့်လှူတဲ့ နွား၊ ဆိတ်၊ သိုး တစ်ကောင်ချင်းစီအတွက် အခွန်ရလို့ ၀င်ငွေတိုးခဲ့ပါတယ်။ လုပ်အားနဲ့ ထိုက်တန်တဲ့ လုပ်ခမျိုး ရလေ့သိပ်မရှိတဲ့ နွားသတ်ရုံက ဗုဒ္ဓဘာသာဝင် ကစိုင်သမားတွေလည်း အစ်နေ့ကြောင့် ငွေရွှင်ခဲ့ကြပြန်ပါတယ်။
    .
    မွတ်စလင်တွေရဲ့ အီဒွလ်အသွဟာ အသားအစ်မှာ အကျိုးအဖြစ်ထွန်းဆုံးကတော့ ကျွဲ၊ နွားတစ်တွေကိုပဲကွက်ပြီး အသက်ကယ်ဖို့သိတဲ့ ဇီဝိတဒါနအဖွဲ့တွေကြောင့် လူ့ခန္ဓာကိုယ်အတွက် အားအဖြစ်ဆုံး အမဲသားဈေး ခေါင်ခိုက်လာကာ ၀ယ်စားဖို့ အခက်အခဲရှိကြတဲ့ အခြေခံလူတန်းစား ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေ ဖြစ်ပါတယ်။
    .
    ကုရ်ဘာနီအစ်နားနီးမှ နွားသနားဖို့ သတိရတဲ့ အချောင်သမား အုပ်စုတွေအကြောင်းကို ‘မွတ်စလင်၊ အသားအစ်နဲ့ မေတ္တာရှင်ယောင်ဆောင် အချောင်သမားများ’ ဆိုတဲ့ဆောင်ပါးမှာ ထောက်ပြရေးသားခဲ့ပြီးပါပြီ။ ဒါပေမယ့် နောက်ထပ် မကျေလည်တာလေးတွေ ရှိတဲ့အတွက် ဒီမှာ ထပ်ပြီး အန်ပါရစေ။
    .
    ယစ်ပူဇော်တာလား
    ——————-
    စစ်အာဏာရှင်စနစ်ကနေ ဖားတစ်ပိုင်းငါးတစ်ပိုင်း ဒီမိုကရေစီနဲ့ တစ်ပါတည်း ပေါက်ဖွားလာခဲ့တဲ့ မွတ်စလင်ဆန့်ကျင်ရေး အစွန်းရောက်အုပ်စုတွေ ပေါ်လာကတည်းက ကုရ်ဘာနီကို ယစ်ပူဇော်မှုအဖြစ် ပုံဖေါ်ပြောဆိုလာကြပါတယ်။
    .
    တစ်ချို့လူ့အဖွဲ့အစည်းတွေမှာ နတ်တွေ၊ ဘုရားတွေကို ချော့ဖို့၊ မြှူဖို့ သားကောင်တွေကိုသတ် သွေးတွေ၊ အသားတွေနဲ့ နတ်ဘုရားအရုပ်တွေကို ပူဇော်၊ ပသတာမျိုး၊ သုတ်လိမ်းတာမျိုးလို ယစ်ပူဇော်မှုနဲ့ မွတ်စလင်တို့ရဲ့ ကုရ်ဘာနီ အသားအစ်ကို နှိုင်းယှဉ်တဲ့ ရည်ရွယ်ချက်ကတော့ အစ္စလာမ်သာသနာကို အရိုင်းအစိုင်း ဘာသာတရားအဖြစ် ပုံဖော်ချင်တာပဲ ဖြစ်ပါတယ်။ နောက်တစ်ခုက ဒီလိုပုံဖေါ်တဲ့ ဒီအစွန်းရောက်တွေရဲ့ ယဉ်ကျေးမှု၊ ဘာသာတရား နောက်ခံအရ ဘုရားဆိုတာ ဒီလို ပူဇော် ကပ်လှူရတယ်ဆိုတဲ့ အခြေခံကနေလာတဲ့ အတွေးလည်း ဖြစ်ပါတယ်။
    .
    ယစ်ပူဇော်မှုရဲ့ အဓိကအကြောင်းအရင်းနှစ်ခုရှိပါတယ်။ တစ်ခုကတော့ သဘာဝဘေးအန္တရာယ် ကျရောက်တာဟာ နတ်တွေ၊ ဘုရားတွေရဲ့ ဒေါသကြောင့်လို့ ယူဆတဲ့အတွက် ဒီဒေါသတွေပြေပျောက်ဖို့ အဲဒီ နတ်ဘုရားတွေကို သားကောင်တွေ (တစ်ခါတစ်ရံမှာ လူတွေ) နဲ့ ယစ်ပူဇော်ရတာဖြစ်ပြီး၊ နောက်တစ်ခုကတော့ ကိုယ့်ရဲ့လိုဘအောင်မြင်ဖို့ (ဥပမာ စစ်အောင်နိုင်ဖို့) အတွက် ပူဇော်ရတာမျိုးပါ။ အဲဒီပူဇော် ပသလိုက်တဲ့ အသားကို လူသားတွေအနေနဲ့ ထိလို့ ကိုင်လို့ မရတာ၊ စားလို့မရတာ စတဲ့ပညတ်တွေလည်း ရှိပါသေးတယ်။
    .
    ဒါပေမယ့် အစ္စလာမ်က ထာဝရဘုရားရှင်လို့ သတ်မှတ်ထားတဲ့ အလ္လာဟ်အရှင်မြတ်ကတော့ ချော့ရတာ၊ မြှူရတာ၊ ပင့်ရတာ၊ မြှောက်ရတာ၊ ပူဇော်ရတာ၊ ပ,သရတာ၊ ကပ်လှူရတာတွေ လုပ်ပေးရတဲ့ ဘုရားမျိုး မဟုတ်ပါဘူး။ ကုရ်အာန်ထဲမှာ “သင်တို့ ကောင်းမှု၊ မကောင်းမှုဟာ ငါအရှင်မြတ်ရဲ့ တည်ရှိမှုကို ကြီးကြယ်ခြင်း၊ သေးသိမ်ခြင်း အလျင်းမပြုနိုင်” လို့ အပြတ် မိန့်ကြားထားပြီးသားပါ။
    .
    နောက်ပြီး အစ္စလာမ်က ဘာသာဝင်တွေ လိုက်နာဖို့၊ စောင့်ထိန်းဖို့ သတ်မှတ်ထားတဲ့ ပညတ်အားလုံးဟာ လူသားတွေရဲ့ အကျိုးအတွက်သာ ဖြစ်ပါတယ်။ ဥပမာ တစ်နေ့ ဘုရားငါးကြိမ်ဝတ်ပြုရတာကိုကြည့်ရင် တစ်ကြိမ်ချင်းစီမှာ မတ်မတ်ရပ်ရတာ၊ ဦးညွှတ်ရတာ၊ ဦးချရတာ၊ မတ်မတ်ထိုင်ရတာတွေကို အကြိမ်များစွာ ပြုလုပ်ရတာကြောင့် ကိုယ်ခန္ဓာ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပြီး ၀တ်ပြုနေတဲ့အခါမှာ ကိုယ့်ရဲ့ နှုတ်လျှာက ရွတ်ဆိုနေတဲ့ ကျမ်းစာတွေကို အာရုံစိုက်ရတာကြောင့် စိတ်တည်ငြိမ်ဖို့လည်း ကျင့်ပြီးသား ဖြစ်သွားပါတယ်။
    .
    ကုရ်ဘာနီရဲ့ အကျိုးကျေးဇူးတွေကတော့ အထက်မှာ တင်ပြခဲ့ပြီးပါပြီ။ ကုရ်ဘာနီဟာ ယစ်ပူဇော်သလိုမျိုး နတ်ဘုရားရုပ်ထုတွေ ကို သွေးတွေ၊ အသားတွေနဲ့ သုတ်လိမ်း ပူဇော်ပသရတာမျိုး၊ ကိုယ်လည်းမစားရ၊ သူများကိုလည်း ကျွေးလို့ မရတဲ့ ဖြုန်းတီးမှုမျိုး မဟုတ်ပါဘူး။ အလ္လာဟ်အရှင်မြတ်ကလည်း ‘အသင်တို့ စွန့်လှူလိုက်တဲ့ သားကောင်ရဲ့ အသွေး၊ အသား၊ အမွေးအမျှင် စတာတွေဟာ ငါ့ထံသို့ရောက်သည်မဟုတ်။ သင်တို့ရဲ့ ဒါနသီလသာလျှင် ငါ့ထံ ရောက်ရှိတာဖြစ်တယ်’ လို့ အတိအကျ မိန့်ထားပြီးသားပါ။ အဲဒီဒါနသီလဟာလည်း လူသားတွေရဲ့ အခုဘ၀နဲ့ နောင်တမလွန်မှာ အကျိုးခံစားဖို့အတွက်ပဲ ဖြစ်ပါတယ်။
    .
    အဲတော့ မွတ်စလင်တွေရဲ့ ကုရ်ဘာနီအစ်နေ့ကို ယစ်ပူဇော်မှုအဖြစ် သုံးနှုန်းပြောဆိုတာဟာ လုံးဝ အဓိပ္ပါယ်မရှိဘဲ မိမိကိုးကွယ်တဲ့ ဘာသာ၊ တစ်ခြားသူတွေရဲ့ ဘာသာအကြောင်း ဂဃနဏ နားလည်မှုမရှိတဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ အမုန်းတရားတွေ ပြန့်ပွားအောင်၊ မတည်မငြိမ်ဖြစ်အောင် အစွန်းရောက်အုပ်စုတွေက လှုံ့ဆော်တာပဲ ဖြစ်ပါတယ်။
    .
    ရက်စက်တာလား၊ ကြင်နာတာလား
    —————————–
    ကုရ်ဘာနီကို ဆန့်ကျင်တဲ့ လူပြိန်းအုပ်စုတွေ လက်ညှိုးထိုးတဲ့ နောက်ကိစ္စတစ်ခုကတော့ လည်ပင်းသွေးကြော လှီးတာဖြစ်ပြီး မွတ်စလင်တွေဟာ ရက်စက်သူတွေအဖြစ် အာပေါင်အာရင်းသန်သန် ပြောကြတာပါ။
    .
    ဒီလိုပြောဆိုမှုဟာ လူပြိန်းတောထဲမှာတော့ သြဘာပေးခံရပေမယ့် ဗဟုသုတကြွယ်ဝတဲ့ လူတန်းစားတွေကတော့ ‘ဒီကောင်တွေ တော်တော်အသိနည်းပါလား’ ဆိုပြီး ၀ိုင်းဟားကြမှာပါ။
    .
    အစ္စလာမ်ဘာသာဝင်တွေနေနဲ့ ဘယ်အစားအသောက်ကိုပဲ စားစား ‘ဟာလာလ်’ ဖြစ်မှ စားသုံးဖို့ အစ္စလာမ်က သတ်မှတ်ထားပါတယ်။ ‘ဟာလာလ်’ ဆိုတာ နာမ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ သန့်ရှင်းခြင်း၊ ကျန်းမာရေးနဲ့ ညီညွတ်ခြင်းလို့ ယေဘူယျ အဓိပ္ပါယ်ဖွင့်လို့ရပြီး၊ လည်လှီးတာကို ပြောတာမဟုတ်ပါဘူး။ နာမ်ပိုင်းဆိုင်ရာ သန့်ရှင်းမှုကို ရှင်းရရင် ခိုးထားတဲ့ ပိုက်ဆံ၊ လိမ်ထားတဲ့ပိုက်ဆံ၊ မတရားယူထားတဲ့ ပိုက်ဆံနဲ့ ၀ယ်ထားတဲ့ အစားသောက်ဟာ ဟာလာလ်မဖြစ်တာမျိုးပါ။
    .
    နောက်ပြီး အစ္စလာမ်မှာ တိရစ္ဆာန်ရဲ့ အသွေးကို မစားဖို့နဲ့ သားကောင်ကို ပေါ်တဲ့အခါမှာ သွေးကို ကုန်စင်အောင်ထုတ်ဖို့ သွန်သင်ထားပြီး အဲဒီအတွက် အကောင်းဆုံးနည်းလမ်းဖြစ်တဲ့ လည်ပင်းက သွေကြောကို ဖြတ်တောက်ရတဲ့ နည်းလမ်းကိုလည်း သွန်သင်ပေးထားပါတယ်။
    .
    အဲဒီလို လည်ပင်းကို လှီးတဲ့အခါမှာ အမြင်အရ ရက်စက်တယ်လို့ ယူဆနိုင်ပေမယ့် ဆေးပညာအရတော့ သားကောင်ကို အကြင်နာဆုံး အသက်ထွက်စေတဲ့နည်လမ်းလို့ ဆိုပါတယ်။ လည်ပင်းက သွေးကြောကြီး ၄ ခုကို ခပ်သွက်သွက်လေး လှီးဖြတ်လိုက်တာကြောင့် ဦးနှောက်ထဲကို သွေးက မရောက်တော့ဘဲ စက္ကန့်အနည်းငယ်အတွင်းမှာ သားကောင်ဟာ သတိလစ်သွားပြီး နာကျင်မှုဒဏ်ကို မခံစားရတော့ပါဘူး။
    .
    လည်ပင်သွေးကြောနေတစ်ဆင့် ရောဂါဘယများ ခိုအောင်းရာ သွေးတွေအားလုံးလည်း ထွက်သွားတာကြောင့် အသားကလည်း သန့်သွားပါတယ်။ လည်ပင်းကို လှီးဖြတ်ပြီးတဲ့အခါမှာ သားကောင်က ရုန်းကန်နေတာမျိုးဟာ နာကျင်မှုကြောင့်မဟုတ်ဘဲ ဦးနှောက်မှာ အောက်ဆီဂျင်ပါတဲ့သွေး အလုံအလောက် ပြန်မလာတာတဲ့အတွက် အာရုံကြောတွေကနေ ကြွက်သားတွေကို သတင်းပို့ပြီး ကြွက်သားတွေက သွေးကို ညှစ်ထုတ်ပေးတာကြောင့် ဖြစ်ပါတယ်။
    .
    အစ္စလာမ့်နည်းကျ သားကောင်လှီးဖြတ်ခြင်းကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP အပါအ၀င် ထိန်တန်း နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ကျန်းမာရေးအဖွဲ့အစည်းတွေကလည်း သားကောင်ကို နာကျင်မှုအနည်းဆုံးနဲ့ အသက်ထွက်စေတဲ့၊ ကျန်းမာရေးနဲ့ အညီညွတ်ဆုံးအသားကို ရရှိတဲ့ နည်းလမ်းလို့ သတ်မှတ်ထားပြီး ကမ္ဘာ့နိုင်ငံတစ်ဝှမ်းက သားသတ်ရုံတွေမှာ လက်ရှိအချိန်အထိ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေပါတယ်။
    .
    ဒါ့ကြောင့် မွတ်စလင်တွေရဲ့ သားကောင်လှီးဖြတ်ခြင်းနည်းလမ်းဟာ ‘သူ့အသတ် မသတ်ရ’ လို့ သွန်သင်ခြင်းခံထားရတဲ့ လူ့အဖွဲ့အစည်းက ၀က်တွေ၊ နွားတွေ၊ ကျွဲ၊ ကြက်၊ ဘဲ၊ ခွေး၊ ကြောင်တွေကို မှိန်းနဲ့ထိုးသတ်တာ၊ တင်းပုပ်နဲ့ ထုသတ်တာ၊ အရှင်လတ်လတ် ရေနွေးဖျောတာ၊ လည်မျိုကိုင်ပြီး ရိုက်သတ်တာထက်စာရင် ပိုပြီး လူသားဆန်တဲ့၊ အကြင်နာတရား ပြည့်ဝတဲ့ နည်းလမ်းဖြစ်တယ်ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေပါတော့တယ်။
    .
    ငါ့စကားနွားရ
    ————
    ဒီနှစ်မှာ နောက်ထပ် ထပ်တိုး အန်ချင်တာလေးတစ်ခုကို ထပ်တွေ့ရပါတယ်။
    .
    အဲဒါကတော့ ခြင်ထောင်ကိစ္စ၊ ပေါင်ခြံကိစ္စတွေမှာ ၀င်ဝင်ပါတတ်ပြီး နိုင်ငံရဲ့ တရားစီရင်ရေး အုပ်ချုပ်ရေးကဏ္ဍတွေမှာ လူတွင်ကျယ်လုပ် ၀င်ရောက်စွက်ဖက်တတ်တဲ့ မန်းတိုင်းမဘသရဲ့ ကြေငြာချက်နဲ့၊ ဘာသာခြားတွေ (အထူးသဖြင့် အစ္စလာမ်ဘာသာဝင်တွေ) ကို တိုက်ခိုက်ဖို့၊ မောင်းထုတ်ဖို့၊ အစ္စလာမ်ဘာသာဝင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို ခိုးဆိုးလုယက်ဖို့၊ ဘ၀တွေကိုဖျက်ဆီးဖို့ တိုက်ရိုက်တစ်ဖုံ၊ သွယ်ဝိုက်၍တစ်ဖုံ လှုံ့ဆော်ကာ ဗုဒ္ဓဘာသာ အစွန်းရောက်ဝါဒကို ပုံဖော်နေတဲ့ ကမ္ဘာသိ အစွန်းရောက်ဘုန်းကြီး ၀ီရသူရဲ့ Facebook စာမျက်နှာက မှတ်ချက်တစ်ခုပါပဲ။
    .
    (ဗုဒ္ဓဘာသာ အစွန်းရောက်ဝါဒလို့ပြောလို့ အော်ဂလီမဆန်ပါနဲ့။ အစ္စလာမ့်မစ် အကြမ်းဖက်သမားတွေ ထည်လဲသုံးတဲ့ ဘာသာဝါးမျိုးခံရမှု၊ ယဉ်ကျေးမှုလွှမ်းမိုးခံရမှုစတဲ့ အိုက်ဒီယိုလော်ဂျီတွေကို ၀ီရသူနဲ့ သူ့ရဲ့အပေါင်းအပါ အဖွဲ့အစည်းတွေက ဤသည်မရွေး ကူးချထားလို့ ဒီလိုဆိုရခြင်း ဖြစ်ပါတယ်။)
    .
    ကြားဖြတ်အနေနဲ့ ပြောရရင် စက်တင်ဘာ ၁၂ ရက်နေ့ညပိုင်းမှာ ၀ီရသူဟာ မန္တလေးမှာ လူရာချီတဲ့ အုပ်စုနဲ့ မေတ္တာသုတ်ရွတ်တယ်လို့ဆိုကာ ဒေသမတည်မငြိမ်ဖြစ်အောင် လုပ်ခဲ့ပါသေးတယ်။ တကယ်တော့ ဒီပုဂ္ဂိုလ်ဟာ မေတ္တာသုတ်ကိုသာ ရွတ်ချင်တာဖြစ်ပြီး၊ မေတ္တာမထားချင်တဲ့ပုဂ္ဂိုလ်ဆိုတာ သူ့ရဲ့ သွေးထိုးမှုတွေ၊ လှုံ့ဆော်မှုတွေ၊ မုသားပြောဆိုမှုကနေ အထင်းသား တွေ့မြင်နိုင်ပါတယ်။ ၂၀၁၄ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ မန္တလေးအကြမ်းဖက်မှုမှာလည်း ၀ီရသူဟာ လုပ်ကြံမုဒိမ်းသတင်းကို ဆိုရှယ်မီဒီယာမှာတင်ကာ အကြမ်းဖက်မှုဖြစ်ပွားအောင် လှုံ့ဆော်ခဲ့ဖူးပါတယ်။
    .
    ပြန်ကျော့ရင် ၀ီရသူရဲ့မှတ်ချက်ရဲ့ ဆိုလိုရင်းကတော့ မွတ်စလင်တွေရဲ့ တိရစ္ဆာန်ကို လည်လှီးခြင်းက (လည်လှီးတာဟာ သတ္တ၀ါကို သေစေရာမှာ အကြင်နာဆုံးနည်းလမ်းဆိုတာကို အထက်မှာ ရှင်းပြခဲ့ပြီးပါပြီ) အကြမ်းဖက်သမားတွေ ပေါ်ပေါက်ဖွားရာနည်းလမ်းဖြစ်တယ်၊ သတ္တ၀ါတွေကို ကြင်နာမှ ဘာသာတရားဖြစ်တယ်၊ အစ္စလာမ်ဘာသာဝင်တွေကြောင့်၊ အစ္စလာမ်ဘာသာကြောင့် ကမ္ဘာကြီး မငြိမ်းမချမ်းဖြစ်နေတယ်ဆိုတဲ့ ပညာမဲ့ဆန်ဆန် ဝေဖန်မှုပါပဲ။ ဒါဟာ အောက်တန်းစားဆန်တဲ့ ၀ါဒဖြန့်ချီမှုလည်း ဖြစ်ပါတယ်။
    .
    ဘာသာတိုင်းမှာ ဘာသာရေးကို ခုတုံးလုပ်တဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေ အရင်ကလည်ရှိခဲ့၊ အခုလည်းရှိနေပြီး နောက်လည်း ရှိနေအုံးမှာပါပဲ။
    .
    ခရစ်ယာန်မှာ အမေရိကန်အခြေစိုက် KKK အဖွဲ့၊ ယုဂန်ဒါအခြေစိုက် Lord’s Resistance Army၊ ဗဟိုဘာဖရိက က အခြေစိုက် Antibalaka၊ အိန္ဒိယအခြေစိုက် National Liberation Front of Tripura၊ အိုင်ယာလန်အခြေစိုက် Catholic Reaction Force/Protestant Action Force စသဖြင့် နောက်ထပ် အများကြီး ရှိနေပြီး၊ ဟိန္ဒူမှာလည်း Saffron terror၊ Rashtriya Swayamsevak Sangh (RSS) စတဲ့အဖွဲ့တွေဟာ ထင်ရှားတဲ့ အကြမ်းဖက်အဖွဲ့တွေဖြစ်ပါတယ်။ ဗုဒ္ဓဘာသာမှာဆိုရင်တော့ သီရိလင်္ကာက BBS အကြမ်းဖက်အဖွဲ့၊ မြန်မာနိုင်ငံက ၉၆၉၊ မဘသ အစွန်းရောက်အဖွဲ့တွေကတော့ ကမ္ဘာကျော်ပါတယ်။ အစ္စလာမ်က အကြမ်းဖက်အဖွဲ့တွေကတော့ ကမ္ဘာသိ၊ မြန်မာသိဖြစ်နေတဲ့အတွက် မဖော်ပြတော့ပါဘူး။ နောက်ထပ် ဂျူး၊ ဆစ်ခ် စတဲ့ ဘာသာတွေမှာလည်း အကြမ်းဖက်အဖွဲ့အစည်းတွေ ရှိနေပါတယ်။
    .
    မွတ်စလင်လူငယ်တွေအစွန်းရောက်သွားတာဟာ ငွေ၊ မိန်းမ၊ ပုံဖျက်ထားတဲ့ ဘာသာရေးသွန်သင်ချက်တွေနဲ့ စည်းရုံးသိမ်းသွင်းတာဖြစ်တယ်လို့သာ ကမ္ဘာတစ်တစ်ဝှမ်းက လက်ခံထားကြပါတယ်။ ဒ့ါကြောင့် ကုရ်ဘာနီလုပ်လို့ အကြမ်းဖက်သမားတွေပေါ်ထွက်လာတယ်၊ အစ္စလာမ်မှာပဲ အကြမ်းဖက်အဖွဲ့အစည်းတွေရှိတယ်ဆိုတဲ့ ပုံစံမျိုး ၀ါဒဖြန်နေတဲ့ ၀ီရသူရဲ့စကားကတော့ သိပ်ကို အခြေအမြစ်မဲ့လွန်းပါတယ်။
    .
    နောက်ပြီး ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်၊ ရ၀မ်ဒါဂျီနိုဆိုက်၊ နာဇီဂျီနိုဆိုက်၊ ခမာဂျီနိုဆိုက် စသဖြင့် ကမ္ဘာတစ်ဝှမ်းနဲ့ မြန်မာနိုင်ငံမှာပါ ခေတ်အဆက်ဆက် ဘာသာရေးကိုအခြေခံတဲ့၊ လူမျိုးရေးကို အခြေခံတဲ့၊ နိုင်ငံရေးကို အခြေခံတဲ့ စစ်ပွဲတွေ၊ တိုက်ခိုက်သတ်ဖြတ်မှုတွေ အတောမသတ်နိုင်အောင် ဖြစ်ပွားခဲ့ပါတယ်။ ဒါကိုမှ အစ္စလာမ်ဘာသာကပဲ၊ မွတ်စလင်တွေကပဲ ကမ္ဘာကြီးမငြိမ်းချမ်းအောင် လုပ်နေတယ်လို့ မြင်နေရင်တော့ ရွာသာကြီး စိတ္တဆေးရုံမှာသွားပြီး စစ်ဆေးမှုခံယူဖို့ အကြံပြုပါရစေ။
    .
    အစ္စလာမ်သာသနာမှာ တိရစ္ဆာန်တွေကို ကိုယ်ရဲ့ အဟာရအတွက်နဲ့ ကိုယ့်ကို အန္တရာယ်ပြုလာတဲ့အချိန်တွေမှာသာ သတ်ခွင့်ပြုထားတာဖြစ်ပြီး၊ အဲဒီအကြောင်းနှစ်ရပ် မရှိရင်တော့ သတ္တ၀ါမပြောနဲ့ အပင်တစ်ပင် သစ်ကိုင်းတစ်ကိုင်းတောင် ချိုးခွင့်မရှိပါဘူး။ လူဆိုရင်လည်း သေစားသေစေအတွက်သာ အထောက်အထား ခိုင်ခိုင်လုံလုံပြကာ သတ်ခွင့်ရှိပြီး သေဆုံးသူရဲ့ မိသားစုက ကျေအေးမယ်ဆိုရင် တရားခံက သေမိန့်ကနေ လွတ်မြောက်ခွင့်ရပါတယ်။ ဒါ့ကြောင့် သတ္တ၀ါတွေအပေါ် ကြင်နာရမယ်၊ သူ့အသက်သက်ခွင့်မရှိဘူးလို့ တစ်ဖက်မှာဆိုထားပြီး နောက်တစ်ဖက်မှာတော့ သူများသတ်ထားရင်တော့ ကိုယ်က စားလို့ရတယ် ဆိုတဲ့ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် အယူအဆမျိုး၊ လူ့အဖွဲ့အစည်း တည်ငြိမ်အောင် ထိန်းညှိပေးနိုင်မယ့် ဥပဒေမျိုးမရှိတဲ့ အယူဝါဒမျိုးထက်စာရင်တော့ အစ္စလာမ်ဟာ ပိုသဘာဝကြပြီး၊ လူ့မှုဘ၀နဲ့လည်း ပိုကိုက်ညီတယ်လို့ ပြောလို့ရပါတယ်။
    .
    မန်းတိုင်း မဘသ ရဲ့ ကြေငြာချက်ကလည်း ၀ီရသူနဲ့တစ်သဘောတည်းဖြစ်နေပြီး တစ်ခုစိတ်ဝင်စားဖို့ကောင်းတာက မွတ်စလင်တွေရဲ့ ကုရ်ဘာနီအစ်နေ့မှာ “သတ္တ၀ါတွေကိုသတ်ဖြတ်တာဟာ မြင့်မြတ်တဲ့ ဘာသာတရားတစ်ခုရဲ့ စံချိန်စံနှုန်းနဲ့ လုံးဝ မအပ်စပ်ဘူး” လို့ ရေးသားထားတာပါပဲ။
    .
    ဘာသာတရားတစ်ခုရဲ့ မြင့်မြတ်တဲ့ စံနှုန်းကို ဘယ်သူက သတ်မှတ်ပေးထားတာလဲ။ ဘယ်အဖွဲ့အစည်းက ထုတ်ပြန်ပြီး ကမ္ဘာပေါ်က ဘယ်နိုင်ငံတွေက လက်ခံထားပါသလဲ။ ငါ့ဘာသာရဲ့ သွန်သင်ချက်ကသာ မြင့်မြတ်တဲ့စံနှုန်းဖြစ်တယ်လို့ တစ်ဖက်ဆွဲယူဆမယ်ဆိုရင်တော့၊ ငါဘာသာကလွဲရင် ကျန်တာအကုန် မိစ္စာဒိဌိပဲလို သတ်မှတ်ထားတဲ့ အလ်ကိုင်ဒါးတို့လို၊ IS တို့လို အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ပုလင်းတူဗူးဆို့ ဖြစ်သွားပါလိမ့်မယ်။ တစ်ခါတစ်လေ ငါ့စကားနွားရပြောတယ်ဆိုတာလည်း ကိုယ့်ရှုး ကိုယ်ပြန်မပတ်အောင် သတိထားတတ်ရပါတယ်။
    .
    တစ်ကယ်တော့ ၀ီရသူအပါအ၀င်၊ ကုရ်ဘာနီ ဆန့်ကျင်ရေးအဖွဲ့တွေဟာ အမှန်တကယ် သတ္တ၀ါတွေကို ကြင်နာလို့၊ သနားလို့၊ တစ်ကယ်မေတ္တာရှိလို့မဟုတ်ဘဲ အစ္စလာမ်ဘာသာကို တိုက်ခိုက်လိုတဲ့ စိတ်ဓာတ်နဲ့သာ ဆောင်ရွက်နေကြတာဖြစ်ပါတယ်။
    .
    အစ္စလာမ်ဘာသာကိုတိုက်ခိုက်လို့ ဘာမှ အမြတ်ရစရာမရှိပါဘူး။ အခုတောင် ၀ီရသူတို့လက်ချက်ကြောင့် ကမ္ဘာမှာ ဗုဒ္ဓဘာသာဟာ ပုံတော်တော်ပျက်နေပါပြီ။ နောက်ဆုံး မွတ်စလင်တွေ မခံနိုင်လို့ ပြန်တုန့်ပြန်ရင်လည်း Loose-Loose အခြေအနမျိုးသာ ဖြစ်မှာပါ။ နောက်ပြီး မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဒေသတွင်းနိုင်တွေကို ကြည့်လိုက်ရင် မွတ်စလင်ပါဝါ ကြီးတာကြောင့် မြန်မာနိုင်ငံမှာ အစ္စလာမ်ဆန့်ကျင်ရေး ပီပီပြင်ပြင်ပုံပေါ်လာရင် တိုင်းပြည်ရှေ့ရေးအတွက် မကောင်းနိုင်ဘူးဆိုတာ သိထားဖို့လိုပါတယ်။
    .
    အစွန်းရောက်တွေ၊ အကြမ်းဖက်သမားတွေ တန်ခိုးထွားလာတဲ့ လူ့အဖွဲ့အစည်းဟာ မငြိမ်းချမ်းဖူးဆိုတာ ဆီးရီးယား အီရတ်နဲ့ အာဖဂန်တို့က အကောင်းဆုံး သက်သေပါပဲ။ ဒါ့ကြောင့် အစိုးရအပါအ၀င် သမာသမတ်ကျတဲ့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ၀ီရသူလို့၊ နွားသနားရေးအဖွဲ့တွေလို အာချောင်ချင်တဲ့၊ ဘာသာရေးဗန်းပြ အမြတ်ထုတ်ချင်တဲ့ အဖွဲ့တွေကို အချိန်မီတားဆီးဖို့ တိုက်တွန်းလိုက်ပါတယ်။
    .
    (သမာဓိ – ၁၃.၉.၁၆)