News @ M-Media

Author: editor

  • စစ်ကိုင်း မြို့မဗလီသို့ ဖောင်တော်ဦးကျောင်းမှ သင်တန်းသား/သူများ သွားရောက်လေ့လာ

    စစ်ကိုင်း မြို့မဗလီသို့ ဖောင်တော်ဦးကျောင်းမှ သင်တန်းသား/သူများ သွားရောက်လေ့လာ

    စက်တင်ဘာ ၁၀ ၊ ၂၀၁၆
    M-Media
    သတင်း-သီဟ
    14317564_10208624313819746_7522665794320260079_n
    စစ်ကိုင်းမြို့ မြို့မဗလီဝတ်ကျောင်းတော် သို့ မန္တလေး ဖောင်တော်ဦးအဖွဲ့မှ ဦးဇင်း ဦးမဏ္ဏလ ဦးဆောင်သောအဖွဲ့ ဒီကနေ့ စက်တင်ဘာ ၁၀ ရက်နေ့တွင် သွားရောက်လေ့လာခဲ့ကြောင်း သိရှိရသည်။
    .
    လေ့လာရေးခရီးစဉ်အတွင်း ဗလီဝတ်ကျောင်းတော်နှင့် ပတ်သက်၍ သိရှိလိုသည်များ၊ အစ္စလာမ်ဘာသာနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း မြို့ဗလီ ဝတ်ကျောင်းတော်ရဲ့ ရှေ့ဆောင်အီမာမ်ဖြစ်သူ ဦးစိုးနေဦးက M-Media ကိုပြောပါတယ်။
    .
    ယခုကဲ့သို့ လာရောက်လေ့လာသည့်အတွက် အထူးပင်ဝမ်းသာမိကြောင်းနှင့် မည်သည့်အဖွဲ့အစည်းမှ မည်သူမဆို လာရောက်လေ့လာနိုင်ကြောင်း ဦးစိုးနေဦးက ထပ်ဆင့်ပြောကြားပါတယ်။

    14317563_1682753405380141_1713533428305160308_n

    13244627_1682753275380154_7869719835508180669_n

  • အမုန်းစကား ပြောဆို၊ ရေးသားသူတွေကို ထောင်(၃)နှစ်ချမယ့် ဥပဒေ လာတော့မယ်

    အမုန်းစကား ပြောဆို၊ ရေးသားသူတွေကို ထောင်(၃)နှစ်ချမယ့် ဥပဒေ လာတော့မယ်

    panzagar
    နေပြည်တော်(စက်တင်ဘာ ၉ရက်၊ ၂၀၁၆ခုနှစ်)။ ။ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားစေရန်နှင့် စိတ်ဝမ်းကွဲပြားမှုဖြစ်ပွားစေရန် အမုန်းစကားတစ်ရပ်ရပ်အား ပြောဆိုခြင်း၊ ထပ်ဆင့်ပြောဆိုခြင်း၊ စည်းရုံးသိမ်းသွင်းခြင်းနှင့် လူထုဆက်သွယ်ရေးနည်းလမ်းမှ တဆင့် ပြုလုပ်ဆောင်ရွက်မှုများ အား ထောင်ဒဏ်(၃)နှစ်ထိ ကျခံစေရမည်ဟူ၍ ရေးဆွဲထားသော ဥပဒေကြမ်းတစ်ခု လွှတ်တော်သို့ မကြာခင် တင်သွင်းရန် ရှိနေသည်။
    .
    “အမုန်းစကားများ ကာကွယ်တားဆီးရေးဥပဒေ” ဟူ၍ အမည်ပေးထားသည့် ဥပဒေမူကြမ်းကို ဥပဒေပညာရှင်များ၊ ဘာသာအသီးသီးမှ ဘာသာရေးခေါင်းဆောင်များနှင့် ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့ တို့က ရေးဆွဲထားခြင်းဖြစ်ပြီး ယင်းဥပဒေကြမ်းအား ဥပဒေအဖြစ်ပြဌာန်းပေးရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက လွှတ်တော်သို့ တင်သွင်းမည်ဖြစ်သည်။
    .
    လက်ရှိတွင်မူ ဥပဒေမူကြမ်းအား  ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ပေးပို့ကာ အကြံပြုချက်များ တောင်းခံထားပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ပြောင်းလဲ၊ ပြင်ဆင်၊ ဖြည့်စွက်၊ ဖြုတ်ပယ်ဟူသည့် အကြံပြုချက်များပြီးပါက သမ္မတရုံးသို့ပေးပို့ပြီးနောက် လွှတ်တော်သို့တင်သွင်းသွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဇာနည်ဝင်းက မဇ္ဈိမကို ပြောသည်။
    .
    ဥပဒေကြမ်း၏ တားမြစ်ချက်ပါ ပုဒ်မ(၉)တွင် “မည်သူမျှ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားစေရန်နှင့် စိတ်ဝမ်းကွဲပြားမှုဖြစ်ပွားစေရန် အမုန်းစကားတစ်ရပ်ရပ်အား ပြောဆိုခြင်း၊ ထပ်ဆင့်ပြောဆိုခြင်း၊ စည်းရုံးသိမ်းသွင်းခြင်း၊ လူထုဆက်သွယ်ရေးနည်းလမ်းမှတဆင့် ပြုလုပ်ဆောင်ရွက်ခြင်းမပြုရ” ဟူ၍ ထည့်သွင်းရေးဆွဲပြီး ဖောက်ဖျက်ပါက အများဆုံးထောင်ဒဏ်(၃)နှစ် ကျခံရမည်ဖြစ်သည်။
    .
    “အဲ့ဒီပုဒ်မ(၉)ကို ဖောက်ဖျက်ကျူးလွန်တယ်ဆိုရင် အနည်းဆုံး ထောင်ဒဏ်(၆)လမှ အများဆုံး(၃)နှစ်အထိ ကျခံစေရမည်ဆိုပြီး ရေးဆွဲထားပါတယ်။  ပြစ်မှု၊ ပြစ်ဒဏ်တွေက လွှတ်တော်မှာ ပြင်ချင်လည်း ပြင်ဦးမှာပေါ့။ အတည်တော့ယူလို့မရသေးဘူးပေါ့” ဟု ဦးဇာနည်ဝင်းက ပြောသည်။
    .
    လူမျိုး၊ ဘာသာ တစ်ခုနှင့်တစ်ခုအကြား အမုန်းပွားစေသည့် လှုံ့ဆော်၊ ပြောကြားမှုများကို ဥပဒေဖြင့်ကာကွယ်မည့်အပေါ် Equality Myanmar(ညီမျှခြင်းမြန်မာ) မှ ဒါရိုတာဖြစ်သူ ဦးအောင်မျိုးမင်းက ကြိုဆိုလိုက်ပြီး “တစ်ဖက်မှာလည်း ဒီလိုမျိုးပြဌာန်းခြင်းကြောင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို မထိခိုက်ဖို့က လိုအပ်တယ်။ တိတိကျကျ မသတ်မှတ်ထားရင် လိုသလိုတွေးပြီးတော့ လိုသလိုဆွဲတာလည်း ဖြစ်လာနိုင်တယ်” ဟု မှတ်ချက်ပြုသည်။
    .
    ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ်ဖြစ်သူ ဦးဖေသန်းကမူ “အမုန်းစကား” ဟူသည့် ဝေါဟာရအပေါ် တိတိကျကျအဓိပ္ပာယ်ဖွင့်ဆိုသင့်သည်ဟု ဆိုသည်။
    .
    “အဓိကတော့ အမုန်းစကားဆိုတာကို အဓိပ္ပာယ်ဖွင့်ဖို့ လိုတာပေါ့။ အဲ့ဒီအဓိပ္ပာယ်ဖွင့်ဆိုချက် မပြည့်စုံရင် ရလဒ်တွေလွဲသွားနိုင်တယ်။ ဆိုပါတော့ဗျာ။ ဦးဖြိုးမင်းသိန်းက မဘသ(အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့) မလိုဘူးလို့ပြောလိုက်တာကို အမုန်းစကားလို့ပြောလို့ မရဘူးလား။ ဒါလည်း အဖွဲ့တစ်ဖွဲ့ကို ထိခိုက်စေတယ်လေ။ အဲ့ဒါမျိုးဆိုရင်တော့ တော်တော့ကို အဓိပ္ပာယ်ဖွင့်ရ ခက်လိမ့်မယ်” ဟု ဦးဖေသန်းက ပြောသည်။
    .
    မဇ္ဈိမ မှ ကူးယူဖော်ပြသည်။
    http://mizzimaburmese.com/article/17792

  • “ မင်းတုန်း မင်းတရားကြီး၏ ကုသိုလ်တော်များနှင့် မက္ကာမြို့တော်ရှိ ဒေါင်းဇရပ်ကြီး ”

    “ မင်းတုန်း မင်းတရားကြီး၏ ကုသိုလ်တော်များနှင့် မက္ကာမြို့တော်ရှိ ဒေါင်းဇရပ်ကြီး ”

    စက်တင်ဘာ ၉ ၊ ၂၀၁၆
    ဦးဆယ်မောင်ရေးသည်။
    .13269269_257057158007090_7094931456694712634_n
    မန္တလေးမြို့နှစ်၁၀၀ ပြည့်အထိမ်းအမှတ်ကျင်းပစဉ်က ‘ မန်းရာပြည့်စာစောင်’ ကိုထုတ်ဝေခဲ့ပါသည်။ မန်းရာပြည့် စာစောင်တွင် ရွှေမန်းရာဇဝင်၊ လွှတ်တော်နှင့် ဗြဲတိုက်၊ ပဉ္စမသင်္ဂါယနာတင်မင်းတုန်းမင်း လက်ထက် နိုင်ငံခြားရေး၊မမေ့နိုင်သော မန္တလေးရွှေမြို့တော်၊သီပေါမင်းကို ဖမ်းသွားသော မန္တလေးမြို့သိမ်း အစီအစဉ်မှစ၍ ပန်းချီ၊ပန်းပု၊ အနုပညာဆောင်းပါးများဝေဝေဆာ ဖတ်ရှုရပါသည်။
    .
    ဆောင်းပါးများနှင့်စိတ်ဝင်စားစရာအလွန်ကောင်းသည့် ဆောင်းပါးတစ်ပုဒ်မှာ ‘မင်းတုန်းမင်းတရားကြီး၏ ကုသိုလ်တော်များ” ပင်ဖြစ်လေသည်။ မင်းတုန်းမင်းကြီးနှင့်မိဖုရားများ၏ ကုသိုလ်တော်များမှာ (၈၃)မျှရှိကြောင်းဖော်ပြထားသည်။ ထိုမျှများပြားသည့် ကုသိုလ်တော်များအနက် အထင်ရှားဆုံးသော ကုသိုလ်တော်အချို့ကိုဖော်ပြလျှင်….
    .
    (က) သက္ကရာဇ် ၁၂၂၂ခု၊ကဆုန်လဆန်း ၁ ရက်နေ့ကစ၍ ထုလုပ်စေတော်မူခဲ့သည်။ ဝိနည်း၅-ကျမ်းပါဋ္ဌိတော်ကျောက်ချပ်ရေ ၁၁၁၊အဘိဓမ္မာ၇-ကျမ်းပါဋ္ဌိတော်ကျောက်ချပ်ရေ၂၀၈၊ သုတ် ၃-ကျမ်းပါဋ္ဌိတော်ကျောက်ချပ်ရေ ၄၁၀၊ ပေါင်းကျောက်ချပ်ရေ ၇၂၉ကို သက္ကရာဇ် ၁၂၃၀ပြည့် ကဆုန်လဆန်း ၁၄ရက်နေ့ပြီးပြည့်စုံခဲ့သည်။ သတ္တဌာနအပါအဝင်မဟာလောကမာရဇိန်စေတီတော်ကြီး အုတ်ပြဿဒ်အသီးသီးနှင့် တည်ထားကိုးကွယ်တော်မူထားခဲ့သော ကျောက်ထက်အက္ခရာတင်ကုသိုလ်တော်။
    .
    (ခ) သံဃာတော်အပါး ၂၄၀၀တို့သည် သက္ကရာဇ် ၁၂၃၃ခု၊ တန်ခူးလပြည့်ကျော်(၁၁) ရက်နေ့မှစ၍ဝိနည်းပိဋကကို စတင်ကာသံင်္ဂါယနာ မင်္ဂလာသဘင်ကြီး ပြီးဆုံးအောင်မြင်တော်မူသည့် ပဉ္စမသင်္ဂါယနာတင် ကုသိုလ်တော်။
    .
    (ဂ) ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်ကြီးသို့ မင်းတုန်းမင်းတရားကြီးကိုယ်တော်တိုင် မင်းခမ်းမင်းနားနှင့်တကွ စုန်ဆင်းတော်မူ၍ တန်ဖိုးငွေ ၅၈၅၉၆၇၊၆မူး၁ပဲတန်သည့် ရွှေထီးတော်ကြီးနှင့်တကွ ရွှေဆိုင်းများကို လှူဒါန်းသည့် ကုသိုလ်တော်။
    .
    (ဃ) မဇ္စျိမဒေသမဟာဗောဓိပင် အနောက်မြောက်မဟာရာမ်ပြင်တွင် ဆောက်လုပ်လှူဒါန်းသည့် ခြောက်ခန်းအုတ် ဇရပ်တော်ကြီး။
    .
    (င) မက္ကာမြို့ရှိ ပသီလူမျိုးတို့ ကိုးကွယ်သည့် ပလီကြီးအနီးစတုဒီသာ တည်းခိုရန် ဆောက်လုပ်လှူဒါန်းသော အုတ်ဇရပ်တော်ကြီး။
    .
    ဆောင်းပါးရှင် မန်းတက္ကသိုလ် ဆရာဦးတင်ရှိန်က ‘မန်းရာပြည့်’ ပွဲတော်ကြီးနှင့် ကြုံကြိုက်ရာမဟာ မင်္ဂလာအခါသမယကြီးတွင် မင်းတုန်းမင်းတရားကြီး၏ ဒါနကုသိုလ်တော်များကို ပြန်လည်သုံးသပ်အောက်မေ့ကာ ကျွန်ုပ်နှင့်တကွ စာဖတ်ပရိသတ်များပါ ပတ္တာနုမောဒနာကုသိုလ်တော်ကို ပျော်ရွှင်စွာအညီအမျှယူကြပါစို့။ သာဓု…သာဓု…သာဓု…ဟု နိဂုံးချုပ်ထားသည်။
    .
    မင်းတုန်းမင်းတရားကြီး၏ ကုသိုလ်တော်များအနက် မက္ကာမြို့တော်ရှိ ရိုဘသ်ခေါ် ဒေါင်းဇရပ်ကြီးနှင့် ပတ်သက်၍ မော်လာနာနူရ်မိုဟမ္မဒ် ဆရာဦးခင်ရွှေ၏ “အာရေဗျနှင့် ရွှေလမ်းငွေလမ်း” ကျမ်းငယ်တွင်အောက်ပါအတိုင်း တွေ့ရပါသည်။
    .
    မင်းတုန်းမင်းတရားကြီးသည် ညီလာခံသဘင်၌ ဆုံးဖြတ်၍ အလှူငွေအလုံအလောက်ပေးပြီး မက္ကာမြို့တွင် လစ်လ္လာတိုက် ဇရပ်ဆောက်လုပ်ရန် ဗမာ မွတ်စလင်သူတော်စင်နှစ်ဦးတို့အား တာဝန်လွှဲခဲ့၏။
    .
    ယင်းသို့မွန်မြတ်သည့် တာဝန်လွှဲအပ်ခံရသူများမှာ ဟာဂျီအဗဒွလ်ကရင်မ်(ခေါ်) ဟာဂျီဦးရွှေပေါ်နှင့် ခလီဖွာအဟ်မဒ်(ခေါ်) ကျော်ထင် ဂုဏ္ဏရပ်ဘွဲ့ရ ခလီဖွာဟာဂျီဦးဘိုးမြတို့ ဖြစ်ကြလေသည်။
    .
    ထိုပုဂ္ဂိုလ်နှစ်ဦးတို့သည် မင်းတုန်းမင်းတရားကြီး၏ ယုံပုံလွှဲအပ်မှုကို တာဝန်သိသိ၊ သစ္စာရှိရှိနှင့် မက္ကာရွှေမြို့တော်တွင် ၂ ထပ်တိုက် အဆောက်အအုံကို ဆောက်လုပ်ခဲ့ကြလေသည်။ ယင်းအဆောက် အအုံမှာ အရှေ့မျက်နှာစာလေးခန်း၊ အနောက်အလျား ၁၂ ခန်းရှိပြီး အရှေ့နဖူးစီးတွင် ဒေါင်းတံဆိပ် ထုလုပ်ထား၏။
    .
    ယင်းအဆောက်အအုံဆောက်လုပ်သည့် ရည်ရွယ်ချက်မှာ မြန်မာတိုင်းရင်းသားမွတ်စလင်များ ဟဂ်ျပြုရန် အာရေဗျနိုင်ငံ မက္ကာမြို့သို့ ရောက်လာသော အခါ ဣနြေ္ဒရှိရှိ တည်းခိုနေထိုင်ရန်အတွက်ဖြစ်ပေသည်။
    .
    ဤသည်ကားမြန်မာတိုင်းရင်းသား မွတ်စလင်များအပေါ်တွင် ထားရှိခဲ့သည့် မင်းတုန်း မင်းတရားကြီး၏ ကောင်းမြတ် လှသော စေတနာပင် ဖြစ်ချေသည်။
    .
    ဟာဂျီများတည်းခိုရန် ဆောက်လုပ်ခဲ့သောဧည့်ရိပ်သာအဆောက်အအုံမှာ အာရပ်တို့အခေါ်အဝေါ်အရ “ဗရမာရိုဗသ်” ဟုအမည်တွင်လျက်ကမ္ဘာ့နိုင်ငံအသီးသီးမှ ဟဂ်ျပြုရန်နှစ်စဉ် ရောက်ရှိလာကြသော လူမျိုး အသီးသီးတို့ ရှုစားရာတွင် ၀င့်ကြွားစွာတည်ရှိနေ၏။ ယနေ့တိုင်ယိုယွင်းသော်လည်း မားမားမတ်မတ် ရပ်တည်လျက်ရှိနေသေး၏။
    .
    ယင်းဗရမာရိုဗသ်(ခေါ်) ဗမာမွတ်စလင်ဟာဂျီများ၏ ဧည့်ရိပ်သာ မက္ကာမြို့ရှိ ပသီလူမျိုးတို့ကိုးကွယ်သည့် ပလီကြီးအနီး စတုဒီသာ တည်းခိုရန်ဆောက်လုပ်လှူဒါန်းသော အုတ်ဇရပ်တော်ကြီး ဆောက်လုပ်ပြီးစီးခဲ့ သောအခါတွင် မင်းတုန်းမင်းတရားကြီး၏ ကိုယ်စားလှယ်တော်များသည် အာရေဗျနိုင်ငံရုံးတော်တွင် မှတ်ပုံတင်ခဲ့ကြ၏။ ယင်းမှတ်ပုံတင်စာချုပ်မှာ အာရဗီဘာသာဖြင့် တစ်ဖက်ပါအတိုင်းဖြစ်၏ ဟုရေးသားပြီး အာရဗီဘာသာဖြင့် ရေးသားထားသည့် မှတ်ပုံတင်စာချုပ်ဓာတ်ပုံမိတ္တူကို ကူးယူဖော်ပြထားသည်မှာ……

    ‘ဤကား မက္ကာမြို့ရုံးတော်တွင် အစ္စလာမ်သာသနာလက်ထောက် တရားမှူးချုပ် မော်လာနာဖခရ်ရှေ့တော်တွင်ဟစ်ဂျရီ ၁၂၈၀ခု၊ဇီလ်ကအ်အဟ်လ ၂၀ ရက်နေ့တွင်မက္ကာမြို့ရှရီအသ်တရားဌာနတွင်တံဆိပ်ခတ်နှိပ်၍ မှတ်ပုံတင်သောစာချုပ်တည်း။
    .4
    ယင်းဧည့်ရိပ်သာကား မြန်မာနိုင်ငံပြည့်ရှင်မင်း၊ အိမ်ရှေ့မင်း၏ သားတော်၊ကုန်းဘောင်မင်း၏သားတော် မင်းတုန်းမင်း၏ တရားဝင် ခန့်အပ်ခံရသော ကိုယ်စားလှယ်တော်များဖြစ်ကြသည့်…..မြို့သားမုဟမ္မဒ်၏သားဟာဂျီခလီဖွာအယ်မဒ် (ခလီဖွာဟာဂျီဦးဖိုးမြ)၊ ရန်ကုန်မြို့သား အဗ္ဗဒွလ်ကရိမ်(ဟာဂျီဦးရွှေပေါ်)၊ ပုသိမ်မြို့သား အဗ်ဒါလ်ရဟိမ်း၏သား မုဟမ္မဒ်ဟနီးဖ်တို့က     ဝကဖ်ပြုလှူဒါန်းသော အဆောက်အအုံဖြစ်၏’
    .
    ယခုအချိန်အခါတွင် မင်းတုန်းမင်းတရားကြီး၏ အလှူတော်ငွေဖြင့်ဆောက် လုပ်လှူဒါန်းခဲ့သည့် ဒေါင်းဇရပ်တော်ကြီးမှာ ထိုနေရာတွင် မရှိတော့ပြီ။ နှစ်တစ်ရာကျော်အချိန်ကြာမြင့်၍ ယိုယွင်း ပျက်စီးလာသောကြောင့် မက္ကာမြို့ရှိ သူက်ဆိုင်ရာတို့က ဖြိုဖျက်ပြီး တိုက်အသစ်ဆောက်လုပ်ထားပါသည်။ အာရပ်တို့အခေါ် ဗရာမာရိုဘသ်၊မြန်မာ အခေါ် ဒေါင်းဇရပ်ကြီးတွင်မြန်မာဟာဂျီများ တည်းခိုခွင့်မရကြတော့ပါ။
    .
    မင်းတုန်းမင်းတရားကြီး၏ ကုသိုလ်တော်ဒေါင်းဇရပ်ကြီး၏ အကြောင်းလေ့လာရေးနှင့်ပြန်လည်ရရှိရေး အတွက် အချိန်အခါအခြေအနေ အလျောက် ကြိုးပမ်းခဲ့ကြပါသည်။
    .
    ၁၉၅၀ ခုနှစ်လောက်က မြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဆရာကြီးဦးအဗ္ဗဒူလာအား ဟဂ်ျကော်မရှင်ဖွဲ့၍ မြန်မာရိုဘတ် အခြေအနေလေ့လာရန် စေလွှတ်ခဲ့ဖူးပါသည်။ နိုင်ငံတော်၏စရိတ်ဖြင့်ဆရာ ဦးအဗ္ဗဒူလာကိုစေလွှတ် ခဲ့ခြင်းဖြစ်ပါသည်။ ဆော်ဒီအာရေဗျနိုင်ငံခြားရေး ဝန်ကြီးနှင့် ဆရာကြီးဦးအဗ္ဗဒူလာတွေ့ဆုံဆွေးနွေးခဲ့ရပါသည်။ မြန်မာနိုင်ငံမှ အမြဲတမ်း ကိုယ်စားလှယ်တစ်ဦးကို မက္ကာမြို့တော်တွင် ထားရှိ၍မြန်မာဟာဂျီများ ကိစ္စဆောင်ရွက်ရန်၊ မြန်မာရိုဘတ်တွင် ကျူးကျော် ဝင်ရောက်နေထိုင်သူများအား ဖယ်ရှားရန်ကိစ္စများ ဆွေးနွေး ခဲ့ကြောင်း၊ ဆရာကြီး ဦးအဗ္ဗဒူလာသည် မက္ကာမြို့တော်မှမြန်မာနိုင်ငံတော်သို့ ပြန်လည်ရောက်ရှိသောအခါ အစီအရင်ခံ စာတစ်စောင်ကို နိုင်ငံခြားရေးဝန်ကြီးဌောနသို့ တင်သွင်းခဲ့ကြောင်း လေ့လာမှတ်သားရပါသည်။
    .
    ၁၉၈၀ ပြည့်နှစ် အတွက် ဟဂ်ျပြုရန်(၁၅၀)အား နိုင်ငံတော်က ခွင့်ပြုခဲ့ပါသည်။ မက္ကာမြို့တော်ရှိရိုဘတ်ခေါ် ဒေါင်း ဇရပ်ကြီးပြုပြင်ဆောက်လုပ်ရေး အတွက် အစ္စလာမ်အဖွဲ့ကြီး၆-ဖွဲ့မှညီညွတ်စွာဆောင်ရွက်လုပ်ဆောင်ရန် ယခင်ပြည်ထဲရေးနှင့်သာသနာရေး ဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်က မေတ္တာရပ်ခံခဲ့ပါသည်။ ယင်းမေတ္တာရပ်ခံချက်အရ၊ ၁၇.၈.၈၀ နေ့တွင် အစ္စလာမ်အဖွဲ့ကြီး၆-ဖွဲ့မှ ဥက္ကဌ ၊အတွင်းရေးမှူးနှင့် ကိုယ်စားလှယ်၃ ဦးကျစီ တက်ရောက်သည့် စုံညီအစည်းအဝေးကြီးတွင် ‘အစ္စလာမ်ဗဟိုအဖွဲ့’ ကိုဖွဲ့စည်းခဲ့သည်။ အမှုဆောင်အဖွဲ့တွင် အလှည့်ကျသဘာပတိ မွဖ်သီချုပ် မဟ်မူဒ်၊ ဒါဝတ်ယူစွတ်၊သီရိပျံချီမော်လာနာဃာဇီမိုဟမ္မဒ်ဟာရှင်၊ဦးအေးမောင်၊ဦးလှတင်၊ ဦးအိုင်အက်စ်၊ ဗားနီးယားတို့ဖြစ်ပါသည်။
    .
    အတွင်းရေးမှူးချုပ်ဟာဂျီဦးသိန်း၊ ဘဏ္ဍာရေးမှူးထွန်းညို၊ အတွင်းရေးမှူး(၃)ဦး၊စာရင်းစစ်တစ်ဦးနှင့် အမှုဆောင် ၅-ဦးပါဝင်ပါသည်။ အလှည့်ကျ သဘာပတိ မစ္စတာအိုင်အက်စ် ဗာနီယား၏ ဟဂ်ျခရီးစဉ် အစီအရင်ခံစာတွင် ဟာဂျီတချို့မှာမြန်မာနိုင်ငံဒေါင်း တံဆိပ်ခတ်(ရိုဘတ်)အဆောက်အအုံတွင် တည်းခိုကြကြောင်းဖော်ပြသည်ကိုတွေ့ ရှိရပါသည်။ဒေါင်းတံဆိပ် (ရိုဘတ်)အဆောက်အအုံအစီအရင်ခံစာအပိုင်းတွင်ကော်မတီဝင်ဟာဂျီမော်လာနာဦးခင်ရွှေသည် မက္ကာမြို့တော်သို့ရောက်ရှိပြီး  နောက် ရိုဘတ်အဆောက်အုံသို့ ၃-ကြိမ်တိုင်တိုင် သွားရောက်လေ့လာမှတ်သားခဲ့ကြောင်း အစီရင်ခံထားပါသည်။ ရိုဘတ်အဆောက်အအုံနှင့် ပတ်သက်၍….
    .
    ‘အဆောက်အအုံမှာ (၃) ထပ်ဖြစ်၍ ပေ ၆၀x ပေ ၁၂၀ ခန့်ရှိသသည့် တတိယထပ်တွင် အမိုးမရှိတော့ပါ။ ရိုဘတ်အဝင်တံခါး အပေါက်ပေါ်တွင် “ အလ္လာအရှင်မြတ်ဖို့ လှူဒါန်းမှု၊ ရိုဗသ်ဗရ်မာ၊ ဟစ်ဂျရီ ၁၂၈၀ ခု”  ဟု ကမ္ဗည်းထိုးထားသည်
    ကို တွေ့မြင်ခြင်းဖြင့် အဆောက်အအုံ မှာ နှစ် ၁၂၀ ခန့် ရှိပြီကို သိရှိနိုင်ပါသည်။ ဒေါင်းတံဆိပ်ကိုမူ ပြုတ်ကျ ပျက်စီးမည်စိုး၍ ဖြုတ်ယူ သိမ်းထားကြောင်းသိရသည်။
    .
    ရိုဘတ် အောက်ထပ်ပုံကိုလည်း ရေးဆွဲဖော်ပြထားပါသည်။

    44

    ရိုဘတ်အဆောက်အအုံအစီအရင်ခံစာတွင် မော်လာနာဦးခင်ရွှေသည် ပြည့်ပြည့်စုံစုံ တိတိကျကျ ရေးသားဖော်ပြခဲ့သည်ကို ဖတ်ရှုရပါသည်။ ဖတ်ရှုသူသည် ဒေါင်းဇရပ်ကြီး (ရိုဘတ်)ကို ကိုယ်တိုင်တွေ့မြင်လေ့လာ သကဲ့သို့ ခံစားရပါသည်။
    .
    ၁၉၈၁ ခုနှစ်၊ဇူလိုင်လ ၃၀ ရက်နေ့တွင် ဟာဂျီမ ပျဉ်းမနားဒေါ်ပုနေအိမ်၌ ဒေါင်းဇရပ်ကြီးပြင်ဆင်ဆောက်လုပ်ရေး အတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းရန် အစည်းအဝေး ကျင်းပခဲ့ပါသည်။ ယခင်ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန ဝန်ကြီး၏တိုက်တွန်းချက် အရ ဤကော်မတီဖွဲ့ရန်ဖြစ်ပါသည်။ အစည်းအဝေးတွင်မက္ကာမြို့တော်ရှိ ရိုဘတ်(ဒေါင်းဇရပ်တော်ကြီး) ပြင်ဆင်ဆောက်လုပ်ရေးကော်မတီ ဟုအမည်ဖြင့် အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရန် ဆွေးနွေးဆုံးဖြတ်ခဲ့ပါသည်။
    .
    (၁)    ဆရာချယ်……………ဥက္ကဌ
    (၂)    ဟာဂျီမ ဒေါ်ပုပျဉ်းမနား…….အဖွဲ့ဝင်
    (၃)    ဦးဘသောင်း (အငြိမ်းစားအတွင်းဝန်)…….အဖွဲ့ဝင်
    (၄)    ဟာဂျီ ဦးအေးခ (အငြိမ်းစားဆည်မြောင်း အင်ဂျင်နီယာ)………အဖွဲ့ဝင်
    (၅)    ဦးဆယ်မောင် …….အတွင်းရေးမှူး
    (၆)    ဦးသိန်းအောင်(ကထိက၊စီးပွားရေးတက္ကသိုလ်)…..အဖွဲ့ဝင်
    (၇)    ဦးခင်မောင်ဝင်း(အင်ဂျင်နီယာ ရန်ကုန်စက်မှုတက္ကသိုလ်)…..အဖွဲ့ဝင်
    .
    ယင်းကော်မတီမှ အစည်းအဝေးများကျင်းပပြီး ရိုဘတ်(ဒေါင်းဇရပ်တော်ကြီး) ပြင်ဆင်ဆောက်လုပ်ရေး အတွက် လုပ်ငန်းစီမံချက် တစ်ရပ်ကိုရေးဆွဲ၍ သက်ဆိုင်ရာသို့ တင်ပြခဲ့ပါသည်။ သို့ရာတွင် ယခင်ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ်အ
    ပြောင်းအလဲပြီးနောက် လုပ်ငန်းဆက်လက်အကောင်အထည်ဖော်ရန် နှောင့်နှေးကြန့်ကြာခဲ့ရသည်။
    .
    သို့နှင့် ၁၉၉၀ ပြည့်နှစ်သို့ ရောက်လာခဲ့ရာ နိုင်ငံတော်မှ စေလွှတ်သည့် ဟဂ်ျပြုရန်သွားမည့် ပုဂ္ဂိုလ်များထဲမှ အောက်ပါ ပုဂ္ဂိုလ်များပါဝင်သည့် မြန်မာရိုဘတ်လေ့လာရေး ကော်မတီ ကို သာသနာရေးဌာန ၁၉.၆.၉၀ ရက်စွဲပါ စာအမှတ် ၅၃၂/ ၅၇/ သာသနာ-၅ (ည-ခ)ဖြင့် ဖွဲ့စည်းပေးခဲ့ပါသည်။
    .
    (၁)    ဦးဘဒင်……အဖွဲ့ခေါင်းဆောင်
    (၂)    ဦးဆယ်မောင်……..အဖွဲ့ဝင်
    (၃)    ဦးတင်စိုး…………. အဖွဲ့ဝင်
    (၄)    ဦးလွင်………… အဖွဲ့ဝင်
    (၅)    ဦးထွန်း……. အဖွဲ့ဝင်
    .
    ဤကော်မတီ၏တာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
    .
    (က)    ရိုဘတ် ဆောက်လုပ်လှူဒါန်းသည့် ဝကဖ်စာချုပ်အရ အထောက်အထားများကို လေ့လာရန်၊
    (ခ)    ရိုဘတ်အား လက်ရှိပြန်လည်ဆောက်လုပ်နေသည့် အခြေအနေလေ့လာရန်၊
    (ဂ)    မြန်မာဟာဂျီများသည် မက္ကာမြို့တော်တွင် ရိုဘတ်ဒေါင်းဇရပ်ကြီးတွင် တည်းခိုနိုင်ရေးအတွက် အခွင့်အလမ်းရရှိစေရန်။    မြန်မာဟာဂျီများ မက္ကာမြို့တော် ရောက်ရှိကြပြီးနောက် ဟဂ်ျကျင့်စဉ်ကျင့်ရပ်များကို ဆောင်ရွက်ကြပါသည်။ .
    ရိုဘတ်လေ့လာရေးကော်မတီ အဖွဲ့ခေါင်းဆောင် ဦးဘဒင်နှင့် အဖွဲ့ဝင် ဦးဆယ်မောင်တို့သည် ၂၂.၇.၉၀ နေ့တွင် ဟဂ်ျနှင့်ဝကဖ် ဝန်ကြီးအလ်ရှိက်အဗ္ဗဒယ်ဝဟဗ်အဗ္ဗဒယ်ဝါစီနှင့် ဝန်ကြီး၏လက်သို့ပေးအပ်ကာ ရိုဘတ်ရရှိရေးတင်ပြဆွေးနွေးခဲ့ပါသည်။
    .
    (က)    ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ ယခင်ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအံ့မောင် လက်မှတ်ရေးထိုး၍ “ မြန်မာရိုဘတ်လေ့လာရေးကော်မတီ” ဖွဲ့စည်းသည့် ၁၉.၆.၉၀ ရက်စွဲပါအမှတ်
    ၅၃၂/ ၅၇/ သာသနာ-၅ (ည-ခ)။
    .
    (ခ)    မက္ကာမြို့တော်ရှိ မြန်မာရိုဘတ်(ဒေါင်းဇရပ်တော်ကြီး)နှင့် ပတ်သက်၍လေ့လာရရှိသည့် သမိုင်းဝင်အထောက်အထား အချက်အလက်များ (အင်္ဂလိပ် ဘာသာဖြင့် ရေးသားထားသည်)
    .
    (ဂ)     မြန်မာမွတ်စလင် အမျိုးသားရေးရာ အဖွဲ့ချုပ်၏ ဥက္ကဌနှင့် အတွင်းရေးမှူးတို့၏စာများ။
    .
    (ဃ)    မက္ကာမြို့တော်ဝန်နှင့် မင်းတုန်းမင်းတရားကြီး၏ ကိုယ်စားလှယ်တော်များ ချုပ်ဆိုခဲ့သည့်စာချုပ် ဓာတ်ပုံမိတ္ထူ (မော်လဝီဦးခင်ရွှေတင် အာရေဗျနှင့် ရွှေလမ်းငွေလမ်းစာအုပ်မှ ကူးယူဖော်ပြသည်။)
    .
    ထိုအချိန်တွင် မက္ကာမြို့တော်သို့ ဟဂ်ျပြုရန်ရောက်ရှိလာသည့် မောလနာဃာဇီမိုဟာမက်ဟာရှင်က ရိုဘတ်လေ့လာရေးအဖွဲ့ဝင် ဦးဆယ်မောင်အား ရိုဘတ်နှင့်ဆိုင်သည့် အာရဗီဘာသာနှင့်စာရွက်စာတမ်း တစ်စောင်ပေးပါသည်။
    ထိုစာတမ်းမှ အရေးကြီးသော အချက်အလက်များကို ထုတ်နှုတ်ခဲ့ပါသည်။ ဟဂ်ျနှင့်ဝကဖ် ဝန်ကြီးနှင့်တွေ့ဆုံချိန်တွင် မြန်မာရိုဘတ်ကြီး၏ သမိုင်းကြောင်းကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားပြုစု၍ တင်ပြစာနှင့်အတူ ပူးတွဲပေးအပ်ခဲ့ပါသည်။ ထိုသမိုင်းစာတမ်းကို
    နောင်အလျဉ်းသင့်သောအခါ မြန်မာဘာသာပြန်ဆိုချက်နှင့် ဖော်ပြရန်ရည်ရွယ်ပါသည်။
    .
    ဟဂ်ျနှင့်ဝကဖ်ဝန်ကြီးနှင့်တွေ့ဆုံစဉ်က မြန်မာရိုဘတ်ကြီးပြန်လည်ရရှိရေးကိစ္စကို တင်ပြခဲ့ကြသည်။ ဝန်ကြီးက ကိုယ်စားလှယ်များတင်ပြချက်မှာ မှန်ကြောင်း၊ အရေးယူစဉ်းစားထိုက်သောကိစ္စဖြစ်ကြောင်း ဖြေကြားပါသည်။ ဝန်ကြီးက ကိုယ်စားလှယ်များအား ကျမ်းတော်မြတ်ကုရ်အာန်နှင့် ကအ်ဘာကျောင်းတော်ပေါ်တွင်လွှမ်းခြုံထားခဲ့သည့် လွှာရုံတော်မှလက်ဆောင်များပေးအပ်ပါသည်။
    .
    ၁၉၉၀ပြည့်နှစ်တွင်ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ဖွဲ့စည်းပေးသည့် မြန်မာရိုဘတ်လေ့လာရေး အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်တို့သည် ဟဂ်ျ၊ ဝကဖ်ဝန်ကြီးနှင့်တွေ့ဆုံတင်ပြခွင့်ရခဲ့သည်။ သို့သော်လည်း
    အကြောင်း အမျိုးမျိုးကြောင့် မြန်မာ ရိုဘတ်ကြီးပြန်လည် ရရှိရေးမှာ အကောင်အထည် မပေါ်သေးပါ။
    .
    မြန်မာမွတ်စလင် အမျိုးသားရေးရာ အဖွဲ့ချုပ်မှ နိုင်ငံတော်အကြီးအကဲများထံ တင်ပြ၍ခွင့်ပြုချက်ရယူပြီး ဆော်ဒီအာရေဗျ အစိုးရ သက်ဆိုင်ရာပုဂ္ဂိုလ်များထံသို့ မြန်မာ့ရိုဘတ်ကိစ္စ အကြိမ်ကြိမ်စာရေးသား ဆက်သွယ်ခဲ့ပါသည်။ ဆော်ဒီအာရေဗျ သက်ဆိုင်ရာများထံမှ ပြန်ကြားစာ တစ်စောင်တွင်ရိုဘတ်ကြီးပြန်လည်ဆောက်လုပ်ရာတွင် ကုန်ကျစရိတ်များမှာ ဌားရမ်းခများနှင့် ပြေကြေပြီဖြစ်ကြောင်းသိရပါသည်။ ထိုအချက်မှလွှဲ၍ မြန်မာရိုဘတ်ကြီးတွင် မြန်မာဟာဂျီများ တည်းခိုခွင့်ရရှိရေးမှာ ယနေ့ထက်ထိတိုင် မသေချာ မရေရာပင်ရှိနေပါသည်။
    .
    ၁၉၉၅ ခုနှစ်တွင် မက္ကာမြို့တော်သို့ ဟဂ်ျပြုရန်သွားကြသည့် ဟာဂျီများ၏အဖွဲ့ခေါင်းဆောင် ဟာဂျီ ဗိုလ်မှူးအုန်းမောင်၏ အစီအရင်ခံ စာတွင် မြန်မာရိုဘတ်(ခေါ်) ဒေါင်းဇရပ်ကြီးကိစ္စနှင့် ပတ်သက်၍ အခန်းကဏ္ဍ တစ်ခုအနေနှင့် အစီရင်ခံထားပါသည်။ ယင်းအစီရင်
    ခံစာရ အောက်ပါပုဂ္ဂိုလ်များသည် မက္ကာမြို့နိုဇာလမ်းရှိ ဝကဖ်နှင့်ရိုဘတ်များ ထိန်းသိမ်းကြီးကြပ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ညွှန်ကြားရေးမှူးချုပ်နှင့်တွေ့ဆုံခဲ့ပါသည်။
    .
    (က)    ဟာဂျီဗိုလ်မှူးအုန်းမောင်
    (ခ)    ဟာဂျီဦးတင်ရွှေ
    (ဂ)    ဟာဂျီပေါလ်စန်းမောင်
    (ဃ)    ဟာဂျီအီစမာအိလ်အာရစ် ဘရူးခြား။
    .
        အဖွဲ့မှမြန်မာရိုဘတ်ဆောက်လုပ် စရိတ် ကြေလည်သွားပြီဖြစ်၍ ထိုရိုဘတ်အား မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးရန်တောင်းဆိုကြရာ၊ ညွှန်ကြားရေးမှူးချုပ်က ထိုသို့လွှဲပြောင်းပေးရန် အစီအစဉ် မရှိသေးကြောင်း၊ မြန်မာဟာဂျီလောင်းများနေရာထိုင်ခင်း စီစဉ်ပေးမည့် အကြောင်း ဖြေကြားချက်ရရှိခဲ့ပါသည်။
    .

    3
    မက္ကာမြို့တော်ဝန်နှင့် မင်းတုန်းမင်းတရားကြီး၏ ကိုယ်စားလှယ်တော်များ ချုပ်ဆိုခဲ့သည့် စာချုပ်ဓာတ်ပုံမိတ္ထူ။

    .
    မြန်မာရိုဘတ်ကိစ္စ ညှိနှိုင်းဆောင်ရွက်နိုင်ရန် သံအမတ်ကြီးအငြိမ်းစားဗိုလ်မှူးကြီး မောင်မောင်ကြီးဦးဆောင်သည့် အဖွဲ့ငယ်ကို မြန်မာနိုင်ငံမွတ်စလင် အမျိုးသားရေးရာအဖွဲ့ချုပ်မှာ ဖွဲ့စည်းထားပါသည်။ မြန်မာရိုဘတ်အဖွဲ့မှ မြန်မာဟာဂျီများ
    မက္ကာမြို့တော်သို့ရောက်ရှိသည့်အခါ သက်တောင့်သက်သာ တည်းခိုနိုင်ကြစေရန် ရိုဘတ်ကြီးပြန်လည်ရရှိရေးကိုဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
    .
    နိုင်ငံတော်အစိုးရသည် ရှေးသာသနာပြုမင်းများ၏ ထုံးတမ်းစဉ်လာအတိုင်း ဘုရားတည်ခြင်း၊ကျောင်းဆောက်ခြင်း၊သာသနာရေး ကိစ္စများကို စွမ်းစွမ်းတမံ ဆောင်ရွက်ခြင်းများပြုလုပ်ချိန်ဖြစ်ပါသည်။ ယနေ့နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့မှ ပြည်သူအများ၏ ပါဝင် ကူညီမှုဖြင့် ဆောင်ရွက်နေသည့် ကုသိုလ်တော်များသည် မင်းတုန်းမင်းတရားကြီး၏ ကုသိုလ်တော်များကဲ့သို့ပင် အလွန် များပြားကြောင်းတွေ့မြင်သိရှိနိုင်ပါသည်။ မင်းတုန်းမင်းတရားကြီး၏ ကုသိုလ်တော် တစ်ရပ်ဖြစ်သည့် ဒေါင်းဇရပ်ကြီး ပြန်လည်ရရှိရေး ကိစ္စတွင်လည်း နိုင်ငံတော်က ထိရောက်စွာကူညီဆောင်ရွက်ပေးခြင်းဖြင့် ဧကန်မုချပြန်လည်ရရှိမည်ဟု ယုံကြည် ပါကြောင်း တင်ပြလိုက်ရပေသည်။
    .
    **( ယခု ဆောင်းပါး ရေးသားသူ ကွယ်လွန်သူ ဦးဆယ်မောင်မှာ မြန်မာနိုင်ငံ ဝိဇ္ဖာသိပ္ပံပညာရှင် အလုပ်အမှုဆောင် အဖွဲ့ဟောင်းတဦးဖြစ်ပြီး ဆောင်းပါး ရေးသားချိန်မှာ ၁၉၉၅ ခုနှစ် နောက်ပိုင်း န.၀.တ စစ်အစိုးရ အုပ်ချူပ်စဉ် ကာလ အတွင်းဖြစ်မည်ဟု ခန့်မှန်းရပြီး ထည့်သွင်းဖော်ပြခဲ့သည့် စာစောင်နှင့် အချိန်ရက်စွဲအတိအကျ တို့ကို M-Media မှ မသိရှိရသေးပါ။ အဆိုပါအချက်အလက်များ ရရှိလျင် ထပ်မံဖြည့်စွက်ပေးသွားမည်ဖြစ်ကြောင်း စာဖတ်သူများကို တင်ပြအပ်ပါသည်။)

  • သေးငယ်ပြီး အစွမ်းထက်တဲ့ နေရောင်ခြည်သုံး ရေသန့် ကိရိယာ

    သေးငယ်ပြီး အစွမ်းထက်တဲ့ နေရောင်ခြည်သုံး ရေသန့် ကိရိယာ

    စက်တင်ဘာ ၉၊ ၂၀၁၆
    M-Media

    water-purifier

    – အမေရိကန်သိပ္ပံပညာရှင်တွေဟာ လက်သည်းခွံလောက်သာ အရွယ်အစားရှိတဲ့ ရေသန့်ကိရိယာလေးတစ်ခုကို တီထွင်လိုက်ပြီး ရေထဲက အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေကို နေရောင်ခြည်အသုံးပြုကာ အထိရောက်ဆုံး သတ်နိုင်တယ်လို့ သိရပါတယ်။

    ကယ်လီဖိုးနီးယားပြည်နယ် Stanford တက္ကသိုလ်က တီထွင်ခဲ့တာဖြစ်ပြီး ၁ စင်တီမီတာနဲ့ ၂ စင်တီမီတာ အရွယ်အစားရှိတဲ့ အဲဒီ ရေသန့်ကိရိယာလေးဟာ မိနစ် ၂၀ အတွင်းမှာ ရေထဲက ဘက်တီးရီးယား ၉၉.၉ ရာခိုင်နှုန်းကို သေစေနိုင်တယ်လို့ ဓာတ်ခွဲခန်း စမ်းသပ်မှုရလဒ်ကို Nature Nanotechnology စာစောင်မှာ ပြီးခဲ့တဲ့ လက ဖော်ပြခဲ့ပါတယ်။

    “ရေကို သန့်စဉ်တဲ့နေရာမှာ နေရောင်ခြည်ကို အသုံးချနိုင်ရေး ပိုကောင်းတဲ့နည်းလမ်းတွေကို သိပ္ပံပညာရှင်တွေက ရှာဖွေခဲ့ကြပါတယ်။ ဒါပေမယ့် အခုသုံးနေတဲ့ ‘ဖိုတိုကတ်တလစ်’ (နေရောင်ခြည်စွမ်းရည်သုံးကာ ဓာတုဗေဒဓာတ်ပြုမှု ဖြစ်ပေါ်သည့် ပစ္စည်း) တွေကတော့ များသောအားဖြင့် ခရမ်းလွန်ရောင်ခြည်ကို အသုံးပြုတာ ဖြစ်ပါတယ်” လို့ သုတေသနအဖွဲ့ခေါင်းဆာင် ချုံလျူက ပြောကြားခဲ့ပါတယ်။

    အဲဒီအဖွဲ့က အခုတီထွင်လိုက်တဲ့ ကိရိယာကတော့ ခရမ်းလွန်ရောင်ခြည်တင်မကဘဲ လူတွေမြင်နိုင်တဲ့ သာမန်အလင်းရောင်တွေကိုပါ အသုံးပြုနိုင်မှာဖြစ်ပြီး ဘက်တီးရီးယား သတ်နိုင်စွမ်းကတော့ မယုံနိုင်လောက်အောင် မြင့်မားပါတယ်။ လျူ ကတော့ စမ်းသပ်မှုရလဒ်တွေအရ အင်မတန် အားရစရာကောင်းတယ်လို့လည်း ဆိုပါတယ်။

    “အားအသာဆုံးတစ်ချက်က ဒီကိရိယာလေးဟာ နေရောင်ခြည်စွမ်းအင်ကို ၅၀ ရာခိုင်နှုန်းလောက် အသုံးချနိုင်မှာဖြစ်ပါတယ်။ ဒါဟာ ရေသန့်စင်တဲ့နှုန်းကို တော်တော်လေး လျင်မြန်စေပါတယ်။ နောက်ထပ် အပိုထပ်ဆောင်းပြီး စွမ်းအင်အသုံးပြု ရတာမျိုး မရှိတော့ပါဘူး”

    အခုအသုံးပြုနေတဲ့ သာမန် ရေသန့်ကိရိယာတွေဟာ ခရမ်းလွန်ရောက်ခြည်တွေကို အသုံးပြုတာဖြစ်ပြီး ရေသန့်စဉ်ဖို့အတွက် အနည်းဆုံး ၂ ရက်လောက် ကြာမြင့်ပါတယ်။

    ဒီကိရိယာအသစ်ကိုတော့ မိုလီဘ်ဒီနမ် ဒိုင်ဆာလ်ဖိုက်လို့ခေါ်တဲ့ အင်အော်ဂဲနစ် ဒြပ်ပေါင်းနဲ့ ပြုလုပ်ထားတာဖြစ်ပြီး နေရောင်ခြည်က ဒီဒြပ်ပေါင်းထဲမှာရှိတဲ့ အီလက်ထရွန်လေးတွေကို လှုံ့ဆော်ပေးရာကနေ ရေ၊ အောက်ဆီဂျင်တို့နဲ့ ဓာတ်ပြုကာ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်တာ ဖြစ်ပါတယ်။

    လျူကတော့ ဒီကိရိယာလေးဟာ စွမ်းအင်နဲ့ ရေရှားပါးတဲ့ နိုင်ငံတွေက ပြည်သူလူထုကို အကူအညီပေးနိုင်မယ့် အခြေအနေမျိုး ရှိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    လက်ရှိ ကမ္ဘာပေါ်မှာ လူပေါင်း သန်း ၆၆၀ ကျော်လောက်ဟာ ကောင်းမွန်တဲ့ ရေအရင်းအမြစ်ကို မရရှိဘဲ အနည်းဆုံး ၁.၈ ဘီလီယံလောက်ကလည်း ညစ်ညမ်းတဲ့ရေတွေကို သန့်စင်ပြီး ပို့လွှတ်တဲ့ ရေတွေကို အသုံးပြုနေရတယ်လို့ ကုလရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

    Ref: Aljazeera

  • ဟင်္သာတတွင် မွတ်စလင်မ်များ ကုရ်ဘာနီ အလှူလုပ်မည့် သားကောင် ထက်ဝက် သံဃာအချို့ လာရောက်အလှူခံ ၊ လက်ခံဖို့ အာဏာပိုင်များ ဖိအားပေး

    ဟင်္သာတတွင် မွတ်စလင်မ်များ ကုရ်ဘာနီ အလှူလုပ်မည့် သားကောင် ထက်ဝက် သံဃာအချို့ လာရောက်အလှူခံ ၊ လက်ခံဖို့ အာဏာပိုင်များ ဖိအားပေး

    စက်တင်ဘာ ၉၊ ၂၀၁၆
    M-Media
    သတင်း-ဖြူလေး
     
    ရန်ကုန်။ ။ ဧရာဝတီတိုင်း ဒေသကြီး ဟသာင်္တမြို့နယ်တွင် ကုရ်ဘာနီပြုလုပ်မည့် သားကောင်များကို သံဃာတော်များက ထက်ဝက်အလှူခံရာတွင် ပေးအပ်ရန် အတွက် သက်ဆိုင်ရာ အာဏာပိုင် တာဝန်ရှိသူများက အစ္စလာမ်ဘာသာဝင်များကို ဖိအားပေးခဲ့ကြောင်း သိရပါတယ်။
     
    “ကျွန်တော်တို့ကို ဒီနေ့ ကုရ်ဘာနီအတွက်ဆိုပြီး အစည်းအဝေးခေါ်တယ်။ အစည်းအဝေးမှာ အရင်က မဘသ ဆရာတော်ပေါ့၊ အခုတော့ ပရဟိတကျောင်းတွေဘာတွေ ဖွင့်ထားတဲ့ ဆရာတော်ဖြစ်တဲ့ ဓမ္မဗိမာန်ကျောင်းဆရာတော် ဒေါက်တာ အရှင်လကာင်္ရ” က ကျွန်တော်တို့ကုရ်ဘာနီ သားကောင် လုပ်မယ့်ထဲက တစ်ဝက်ကို လှူရမယ်ပြောတယ်၊ ဟသာင်္တခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစန်းဌေးကလည်း အဲ့ဒါကို ထောက်ခံပြီး သူ့ဘက်ကနေပဲ ကျွန်တော်တို့ကို ပြောတယ်” လို့ ဟသာင်္မြို့နယ် ဒေသခံတစ်ဦးက M-Media ကိုပြောပါတယ်။
     
    အစည်းအဝေးတွင် ရပ်မိရပ်ဖများမှလည်း ကုရ်ဘာနီပြုလုပ်ရာတွင် ဥပဒေလမ်းကြောင်းမှန်စွာ ပြုလုပ်ရန်၊ စည်းကမ်း စနစ်တကျဖြင့် ပြုလုပ်ကြရန်ကိုလည်း ပြောဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။
     
    စက်တင်ဘာလ (၉) ရက်နေ့တွင် အစည်းအဝေးကို ပြန်လည်ခေါ်ယူခဲ့ပြီး ထိုနေ့တွင် ကုရ်ဘာနီလုပ်ရန် သားကောင်အရေအတွက်ကို သက်ဆိုင်ရာတာဝန်ရှိသူများမှ အတိအကျ သတ်မှတ်ပေးသွားမယ်လို့လည်း သိရှိရပါတယ်။