News @ M-Media
Author: M-Media
  • အမေရိကန်တွင် မြန်မာမွတ်စလင် ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ရေး လုပ်ငန်း စတင်
    အမေရိကန်တွင် မြန်မာမွတ်စလင် ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ရေး လုပ်ငန်း စတင်
    နိုဝင်ဘာ၊ ၄ ၊ ၂၀၁၂
    M-Media
    သတင်း- နေစိုင်း
    အမေရိကန်နိုင်ငံ ဖို့ဝိုန်းမြို့တွင် မြန်မာမွတ်စလင်များမှ ပထမဆုံး တည်ဆောက်မည့် ဗလီဝတ်ကျောင်းတော်အား စတင်တည်ဆောက်နေပြီဖြစ် ကြောင်း ယင်းဗလီဝတ်ကျောင်းတော် တည်ဆောက်ရေးအား ကမကထပြု ဆောင်ရွက်နေသည့် ဘီအမ်အီးစီစီ ခေါ် မြန်မာမွတ်စလင်ပညာရေးနှင့် ကော်မြူနတီစင်တာမှတဆင့် သိရှိရပါသည်။
    ဗလီဝတ်ကျောင်းတော်ပုံစံအကြမ်း
    ဖို့ဝိုန်းမြို့တွင် အိမ်တန်းလျား သုံးခု၌ ဆွလ္လာသ်ဝတ်ပြုရန်အတွက် အခန်းများငှားရမ်းထားကြသော်လည်း ဖို့ဝိုန်းမြို့သို့ ပြောင်းရွေ့လာသည့် မြန်မာမွတ်စလင်ဦးရေ တိုးပွားလာနေသည့်အတွက် ဗလီဝတ် ကျောင်းတော်တစ်ဆောင် တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်နေကြခြင်းဖြစ်သည်။ ခရစ်ယာန်ဘုရားရှင့်ခိုးကျောင်း အများအပြား ရှိသောကြောင့် ဖိုဝိုန်းမြို့အား ချက်ခ်ျကျောင်းမြို့တော်ဟု တင်စားခေါ်ဝေါ်ကြပြီး အစ္စလာမ်မစ်စင်တာ၊ လဂဒိုးဗလီ ခေါ် ပါကစ္စတန်ဗလီနှင့် ဘောစနီးယားဗလီများရှိသည်။ ဖို့ဝိုန်းမြို့သို့ရောက်ရှိလာသည့် ဗုဒ္ဓဘာသာဝင် မြန်မာအသိုင်းအဝိုင်းတွင်လည်း ဘုန်းကြီးကျောင်းလေးကျောင်းရှိပြီဟုလည်း သိရပါသည်။
    ဗလီဝတ်ကျောင်းတော် တည်ဆောက်ရန် ၂၀၁၁ ခုနှစ်တွင် လေးဧကနီးပါး အကျယ်အဝန်းရှိသည့် မြေနေရာအား ဝယ်ယူကာ ဗလီမြေသန့်ရှင်းရေးအား ပြုလုပ်ခဲ့ကြသည်။ ဗလီဝတ်ကျောင်းတော်အား အပိုင်းလေးပိုင်း ပိုင်းခြားကာ တည်ဆောက် သွားမည်ဖြစ်ကြောင်းနှင့် ယင်းဗလီဝတ်ကျောင်းတော်နှင့်အတူ အမျိုးသမီးဆောင်နှင့် စာသင်ဆောင်များအားလည်း ပူးတွဲ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရပါသည်။
    “အမြန်ဆုံးဆွလ္လာသ် ဝတ်ပြုနိုင်ဖို့အတွက် အခုလောလောဆယ်တော့ ဗလီရဲ့ မျက်နှာစာအခြမ်းကို အရင်ဆောင်မယ်။ ဝူဇူခန်း (ကိုယ်လက်သန့်စင် ဆေးကြောခန်း) နှစ်ခန်းကိုလည်း တခါတည်းဆောက်လိုက်မယ်။ ပထမ အပိုင်းပြီးရင်တော့ စုစုပေါင်း ၁၅၀ ကျော်လောက် ဆွလ္လာသ် ဝတ်ပြုနိုင်လိမ့်မယ်။ နောက်မှကျန်တဲ့ အပိုင်းတွေကို တိုးချဲ့သွားဖို့စီစဉ်ထားတယ်။”ဟု ဘီအမ်အီးစီစီ၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဟာဂျီယူနွတ် မှပြောသည်။
    ပထမတည်ဆောက်မည့် အပိုင်းအတွက် အမေရိကန်ဒေါ်လာ လေးသိန်းကျော် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး ဆောက်လုပ်ရေးလုပ်ငန်းစီမံချက်သည် ငွေကြေးကောက်ခံရရှိမှုအပေါ် မူတည်နေသောကြောင့် တည်ဆောက်ပြီးစီးနိုင်မည့် နေ့ရက်အတိအကျအား မသိရသေးပေ။
    ၂၀၁၂ ခုနှစ် အောက်တိုဘာလာ ၂၈ရက်နေ့က ဆောက်လုပ်ရေးစတင်ရန် အမေရိကန်ရောက် မြန်မာမွတ်စလင်များ စုပေါင်းဒိုအာပြုစဉ်
    “မြန်မာမွတ်စလင်တွေဆောက်တယ်ဆိုတော့ အလှူငွေတွေကိုလည်း မြန်မာမွတ်စလင်တွေဆီကဘဲ အဓိကထားကောက်တယ်။ ဖို့ဝိုန်းမြို့တင်မကဘူး တခြားမြို့… တခြားနိုင်ငံမှာနေကြတဲ့ မြန်မာမွတ်စလင်တွေကလည်း အလှူငွေထည့်ကြတယ်။ ဗလီက မွတ်စလင်တိုင်း အတွက်ဖြစ်တယ်ဆိုတော့ မြန်မာမွတ်စလင်မဟုတ်ဘဲ  အလှူငွေထည့်ဝင်နိုင်အောင် စီစဉ်ဆောင်ရွက်နေပါ။ လောလောဆယ်တော့ ပထမဆောက်မယ့် အပိုင်းအတွက် သုံးပုံ တစ်ပုံနီးပါးလောက် ကောက်ခံရရှိပြီးပါပြီ။” ဟု ဘဏ္ဍာရေးမှူး ကိုမြတ်ကိုမှ ရှင်းပြပါသည်။
    အခြားအရပ်ဒေသများတွင် နေထိုင်ကြသည့် အလှူရှင်များအနေဖြင့် အလှူငွေများထည့်ဝင်လိုပါက ဘီအမ်အီးစီစီ၏ အင်တာနက် စာမျက်နှာမှလည်းကောင်း၊ စာတိုက်မှတဆင့်လည်းကောင်း၊ ဘဏ်ငွေလွှဲစနစ်ဖြင့်လည်းကောင်း၊ တဆင့်ခံငွေလွှဲစနစ်ဖြင့်လည်းကောင်း ထည့်ဝင် လှူဒါန်းနိုင်ကြောင်းသိရပါသည်။
    ယင်းဗလီဝတ်ကျောင်းတော် တည်ဆောက်ရေး စီမံကိန်းအား ကမကထပြုဆောင်ရွက်နေသည့် မြန်မာမွတ်စလင် ပညာရေးနှင့် ကော်မြူနတီ စင်တာသည် ၂၀၁၀ ခုနှစ်တွင် ဘာသာရေးကို အခြေခံသည့် လူမှုအသိုင်းအဝိုင်း အဖွဲ့အစည်းအဖြစ် အမေရိကန်နိုင်ငံတွင် တရားဝင် မှတ်ပုံတင်ထားသော အဖွဲ့အစည်းဖြစ်ပါသည်။
    အဖွဲ့အစည်း၏ အခြေခံစည်းမျဉ်းများအရ ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်နေ့တွင့် ရှေ့လာမည့် သက်တန်းနှစ်နှစ်အတွက် ဆက်လက် တာဝန်ထမ်းဆောင်ကြရန် ဒါရိုက်တာဘုတ်အဖွဲ့ဝင် ၁၅ ဦးအား မိသားစု ၂၀၅ စု၏ မိသားစုဝင်များမှ လှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ် တင်မြှောက်ခဲ့ကြောင်း ရွေးကောက်ပွဲဖြစ်မြောက်ရေး ကော်မရှင်မှထုတ်ပြန်ထားသည့် သတင်းကြေငြာချက်အရ သိရှိရပါသည်။ ၎င်းတို့ ၁၅ ဦးအတွင်း လူကြီးလူငယ်၊အမျိုးသား ၊ အမျိုးသမီးများအပါအဝင် အာလင် ပညာရှင်များနှင့် ခေတ်ပညာတတ်များလည်း ပါဝင်ကြောင်းသိရပါသည်။
    “ကျနော်တို့ရဲ့ ဒါရိုက်တာအဖွဲ့အတွင်းမှာ အလုပ်အမှုဆောင်ကော်မတီ၊ ဘဏ္ဍာရေးကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးကော်မတီနဲ့ ဗလီဆောက်လုပ်ရေး အလုပ်အမှုဆောင်အဖွဲ့ ဆိုပြီး ကော်မတီတွေဖွဲ့စည်းပြီး စနစ်တကျ လုပ်ကိုင်ဆောင်ရွက်နေပါတယ်။” ဟု အဖွဲ့အစည်း ဥက္ကဌဖြစ်သူ ဦးခင်မောင်ချိုမှ ပြောပါသည်။ “လုပ်ငန်းစီမံချက်က ကြီးတယ်ဆိုတော့ ကျနော်တို့အနေနဲ့ အချိန်ယူပြီး ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်လုပ်နေကြပါတယ်။” ဟု ဦးခင်မောင်ချိုမှ ဖြည့်စွက်ပြောဆိုခဲ့ပါသည်။
    ဘီအမ်အီးစီစီသည် မစ္စဂျေဒေ နူရ်ွအစ္စလာမ် ခေါ် အစ္စလာမ့် ဂုဏ်ရောင်ဗလီဝတ် ကျောင်းတော်ဟုအမည်ခေါ်တွင်စေမည့် ဗလီဝတ်ကျောင်းတော် တည်ဆောက်ရေးလုပ်ငန်းနှင့် ဘာသာရေး၊ လူမှုဝန်ဆောင်ရေး လုပ်ငန်းများအား လုပ်ဆောင်နေကြောင်းသိရပါသည်။ အသေးစိတ် အချက်အလက်များအား အဖွဲ့အစည်း၏ အင်တာနာ စာမျက်နှာ www.bmeccfw.org နှင့် www.facebook.com/bmeccfw မှတဆင့်ကြည့်ရှုနိုင်ပါသည်။
    ဗလီဝတ်ကျောင်းတော်၏ အခြေခံအုတ်မြစ် တည်ဆောက်ရာတွင် မွတ်စလင်အများ ကိုယ်တိုင်ကိုယ်ကျ ပါဝင်နိုင်ရန်အတွက် နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီတွင် စီစဉ်ထားကြောင်းနှင့် မွတ်စလင်တိုင်း လာရောက်ပါဝင်နိုင်ရန် ဖိတ်ကြားထားကြောင်း သိရှိရပါသည်။
    ဗလီဝတ်ကျောင်း အခြေခံအုတ်မြစ်ချပွဲ ဖီတ်ကြားလွှာ
  • ဗုဒ္ဓဘာသာဝင် ၄သိန်းခွဲ ဆော်ဒီတွင် နေထိုင် အလုပ်လုပ်ကိုင်လျှက်ရှိ
    ဗုဒ္ဓဘာသာဝင် ၄သိန်းခွဲ ဆော်ဒီတွင် နေထိုင် အလုပ်လုပ်ကိုင်လျှက်ရှိ
    နိုဝင်ဘာ၊ ၄ ၊ ၂၀၁၂
    M-Media
    အမေရိကန် Department of State ၏ ၂၀၀၇ ခုနှစ် နိုင်ငံတကာ ဘာသာသာသနာ လွတ်လပ်ရေး အစီရင်ခံစာအရ ဆော်ဒီအာရေဗျနိုင်ငံတွင် နိုင်ငံခြားမှ လာရောက်နေထိုင်ပြီး အလုပ်လုပ်နေသူပေါင်း ၈ မီလီယံ ရှိနေကြောင်းသိရပြီး ၄င်းတို့အထဲတွင် မွတ်စလင်မ်များရော မွတ်စလင်မ်မဟုတ်သူများပါ ပါဝင်လျက်ရှိသည်။
    သီရိလင်္ကာမှ လုပ်သားပေါင်း ၄ သိန်းရှိပြီး အရှေ့အာရှမှ ဖြစ်သော တရုတ်၊ ဗီယက်နမ်နှင့် ထိုင်ဝမ်တို့မှ ထောင်ဂဏန်းရှိသည့် ဗုဒ္ဓဘာသာဝင်များလည်း ရှိကြောင်း သိရသည်။ ၈ မီလီယံ နိုင်ငံခြားသား နေထိုင်သူများထဲ၌ နီပေါလ်နိုင်ငံမှ ပြောင်းရွှေ့နေထိုင်လာကြသူများလည်း ပါဝင်လျက်ရှိကြောင်း သိရသည်။
    ထိုပမာဏမှာ ဆော်ဒီအာရေဗျနိုင်ငံလူဦးရေတွင် ဗုဒ္ဓဘာသာကိုးကွယ်သူပေါင်း ၁.၅ ရာနှုန်းတွင် ပါဝင်လျက်ရှိသည်။ ဆော်ဒီ၏ လူဦးရေစုစုပေါင်းမှာ ၂၇ သန်းကျော်သာရှိပြီး မြန်မာပြည်တွင်မူ လူဦးရေ သန်း ၆၀ ကျော်ရှိနေသည့်အတွက် ဆော်ဒီ၏ ဗုဒ္ဓဘာသာ ၁.၅ ရာနှုန်းပမာဏမှာ သင့်တင့်မျှတသည့် ဘာသာရေး လွတ်လပ်ခွင့်ကြောင့်ဖြစ်ကြောင်း အထောက်အထားရရှိပါသည်။
    ထိုပမာဏကြောင့်လည်း ဆော်ဒီနိုင်ငံသည် အရှေ့အလယ်ပိုင်းနိုင်ငံများထဲ၌ ဗုဒ္ဓဘာသာဦးရေ အများဆုံးဖြစ်ကြောင်းလည်း သိရသည်။ အခြားအရှေ့အလယ်ပိုင်းနိုင်ငံများထဲတွင်မူ နိုင်ငံဧရိယာ ကျယ်ဝန်းခြင်းမရှိလှသော ယူအေအီးနိုင်ငံတွင် ဗုဒ္ဓဘာသာကိုးကွယ်သည့် ပမာဏမှာ နိုင်ငံလူဦးရေ ၄ သန်းကျော်တွင် ၅ ရာခိုင်နှုန်း (ပမာဏ ၂ သိန်း ၂ သောင်း ကျော်) ရှိကြောင်း သိရသည်။ အခြား ထင်ရှားလှသည့် နိုင်ငံမှာ ကူဝိတ်ဖြစ်ပြီး နိုင်ငံလူဦးရေ ၂ သန်းကျော်တွင် ၄ ရာခိုင်နှုန်းမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်နေခြင်းပင်။
    ဘာရိန်းတွင် ၁ ရာခိုင်နှုန်း၊ ကာတာတွင် လူဦးရေ ၉ သိန်းတွင် ၅ ရာခိုင်နှုန်း၊ အိုမန်တွင် ၁ ရာခိုင်နှုန်း၊ အစ္စရေးတွင် ၀.၁ ရာခိုင်နှုန်း၊ လက်ဘနွန်တွင် ၀.၁ ရာခိုင်နှုန်းနှင့် တူရကီတွင် ၀.၁ ရာခိုင်နှုန်းရှိနေကြောင်း သိရသည်။
    အရှေ့အလယ်ပိုင်းရှိ ထင်ရှားသော ဗုဒ္ဓဘာသာ သာသနိက အဆောက်အဦများကို www.buddhanet.info/wbd/region.php?region_id=6 လေ့လာကြည့်ရှုနိုင်ပါသည်။
    မှီငြမ်း –
    1) http://en.wikipedia.org/wiki/Buddhism_in_Saudi_Arabia
    2) www.state.gov/j/drl/rls/irf/2007/90220.htm
    3)http://en.wikipedia.org/wiki/Buddhism_in_the_Middle_East
  • “ရမည်းသင်း ဗမက ရပ်ကွက် သတင်း” မှားယွင်းကြောင်း ဗီးနပ်စ်ဂျာနယ် တောင်းပန်
    “ရမည်းသင်း ဗမက ရပ်ကွက် သတင်း” မှားယွင်းကြောင်း ဗီးနပ်စ်ဂျာနယ် တောင်းပန်
    နိုဝင်ဘာ၊ ၃ ရက်၊ ၂၀၁၂
    M-Media
    သတင်း – မောင်ပုည
    အတွဲ ၄ အမှတ်စဉ် ၁၅ ၂၀၁၂ နိုဝင်ဘာ ၁ ရက် နေ့ထုတ် စာမျက်နှာ ၄ တွင် လွန်ခဲ့သည့် ၂ ပါတ် အရင် ဗီးနပ်စ် ဂျာနယ်တွင် ပြည်ခိုင်ဖြိုးပါတီက စီစဉ်သည့် ဘောလုံးပွဲကြောင့် ရမည်းသင်းတွင် အကြမ်းဖက်မှု့ဖြစ် သတင်းဖော်ပြမှုတွင် ရမည်းသင်း ဗမက ရပ်ကွက် တွင် ဘင်္ဂါလီများနေထိုင်ဟု ရမည်းသင်းမြို့နယ် ရဲစခန်းမှ ဒုရဲအုပ် ကျော်နိုင်လွင် မပြောဆိုဘဲ ၄င်းတို့ဂျာနယ်မှ ပေါဆမှုဖြင့် မှားယွင်းဖော်ပြခဲ့ခြင်းဖြစ်သည် ဟု အယ်ဒီတာမှ တောင်းပန်စာထည့်ခဲ့သည့် တွေ့ရှိရပါသည်။
    အောက်တိုဘာ ၁၆-ရက်နေ့ထုတ် ဗီးနပ်စ်ဂျာနယ်တွင် ဖော်ပြခဲ့သော အကြောင်းအရာများနှင့်ပတ်သက်ပြီး ရမည်းသင်းမြို့ ဗမကရပ်ကွက် ဒေသခံ တိုင်းရင်းသား ဗမာမွတ်စလင်မ်များက တရားစွဲရန် စီစဉ်ခဲ့ကြောင်း M-Media မှာ အောက်တိုဘာ ၁၈ ရက်နေ့သတင်းတွင် ဖော်ပြခဲ့ပြိးဖြစ်ပါသည်။
    ဗီးနပ်စ်ဂျာနယ်တွင်  အကြမ်းဖက်သူများကြောင့် လူငယ်နှစ်ဦး ဓားထိုးခံရကာ တစ်ဦးသေဆုံးခဲ့ကြောင်း၊ ဘုန်းကြီးကျောင်း မုခ်ဦးနှင့် တံခါးတွေ မွတ်စလင်မ်တွေ ဖျက်ဆီးခဲ့ကြောင်း ၊ဗမကရပ်ကွက်တွင် ရိုဟင်ဂျာ၊ ဘင်္ဂါလီများဖြစ်တယ်ဆိုပြီး ဒုရဲအုပ်ကျော်နိုင်လွင်က ပြောခဲ့တယ်လို့ ဗီးနပ်စ်ဂျာနယ်မှာဖော်ပြခဲ့ပါတယ်။
    တိုင်းပြည်အတွင်း မတည်ငြိမ်မှုများဖြစ်နေသော ယခုလိုအချိန်မျိုးတွင် မဟုတ်မမှန်သတင်းပေးသည့် ဒုရဲအုပ်ကျော်နိုင်လွင်နှင့် ဗီးနပ်စ်ဂျာနယ်တို့အား ရမည်းသင်းမြို့ ဗမကရပ်ကွက်ရှိ ဒေသခံတိုင်းရင်းသား ဗမာမွတ်စလင်မ်များက စိတ်ဆိုး ဒေါသဖြစ်ကြကြောင်း၊ တိုင်းပြည်ရဲ့ဝန်ထမ်းတစ်ဦးဖြစ်ပြီး မှန်ကန်စွာရပ်တည်မှုမရှိဘဲ လိမ်ညာပြောသည့် ရမည်းသင်းရဲစခန်းမှ ဒုရဲအုပ်ကျော်နိုင်လွင်နှင့် ဗီးနပ်စ်ဂျာနယ်တို့အား တရားစွဲဆိုရန် သတင်းများထွက်ပေါ်ပြီး ၂ ပတ်ခန့်အကြာ ယခုကဲ့သို့ ဗီးနပ်စ်ဂျာနယ်မှ တရားဝင် တောင်းပန်စာ ထည့်လာခြင်းဖြစ်သည်။
  • အမုန်းတရားတွေနဲ့  ဝေးချင်ပါပြီ
    အမုန်းတရားတွေနဲ့  ဝေးချင်ပါပြီ
    နိုဝင်ဘာ၊ ၂ ၊ ၂၀၁၂
    M-Media
    ရေးသူ -တင်မင်းထွဋ်
    ၁၀တန်းဖြေပြီး ခါစလောက်က ရန်ကုန်ဘူတာကြီးရဲ့ စာအုပ်အရောင်းဆိုင်မှာ အရောင်ဝန်ထမ်းလုပ်တုန်းက အကြောင်းလေးတစ်ခုပေါ့။ သာမန်ရိုးကျလေးပါပဲ။ ဘူတာကြီးဆိုတော့ အနယ်အရပ်ရပ်ကို သွားမယ့် ခရီးသည်တွေ အနယ်နယ်အရပ်ရပ်ကနေ ရန်ကုန်မြို့ တော်ကြီး ကို လာတဲ့ခရီးသည်တွေနဲ့  ၂၄နာရီ နီးပါး စည်းကားခဲ့တယ်။ အခုလို ခြောက်ကပ်ကပ်ကြီးနဲ့  အချိန်ပိုင်းလာက်သာ စည်ကားတဲ့နေရာ မဟုတ်ခဲ့ပါဘူး။
    ကျွန်တော်တို့ က စာအုပ်ဆိုင်ဆိုတော့ မုန့် ဆိုင်တွေ – စားသောက်ဆိုင်တွေလို့ တော့ ခရီးသည် အစုံမလာကြပါဘူး။ နောက်ပြီး လွန်ခဲ့သော ၁၅နှစ်လောက်ကလည်း အခုလို ဂျာနယ်တွေ များစားစား မထွက်သေးသလို ဂျာနယ်ခေတ်လည်း မဟုတ်သေးဘူး။ ဂျာနယ်တွေက တစ်ရက်ကို တစ်စောင်နီးပါးတောင် အသစ်မရှိသေးပါဘူး။  နှစ်ရက်ခြား သုံးရက်ခြားလောက်တောင် လက်ချိုးရေလို့ ရတဲ့ ဂျာနယ်တွေပဲ ရှိသေးတယ်။ အဲဒီအချိန်တုန်းက စာအုပ်ဖတ်တဲ့သူ တော်တော်ကို များသေးတယ်။ စာအုပ်ဆိုင် အများစု ရပ်တည်နိုင်ကြသေးတယ်။ အထွေထွေ စရိတ်တွေကလည်း သိပ်မကြီးသေးတဲ့ အတွက် လူအများစု စာအုပ်ဘက်ကို ခြေဦးလှည့်နိုင်ခဲ့ကြတယ်။ နောက်ပိုင်းနှစ်တွေမှာ တစ်စတစ်စ ရုန်းကန်လာခဲ့ရတာ အများစုက စာအုပ်တွေနဲ့  အလှမ်းဝေးခဲ့ကြတယ်။ အခုချိန်မှာ စာအုပ်တစ်အုပ်ရဲ့  ဈေးနှုန်းက အနည်းဆုံး ဒံပေါက်တစ်ပွဲစာ ဖြစ်သွားခဲ့ပြီ။
    ဆက်ပြောရရင်ဗျာ အဲဒီတုန်းက ကျွန်တော်တို့ ကို အများဆုံးဝယ်ယူအားပေးတာက သံဃတော်တွေရယ် မွတ်စ်လင်မ်မဟုတ်တဲ့ အခြားအလွှာစုံက ပုဂ္ဂိုလ်တွေရယ်ပေါ့။ ကျွန်တော်တို့  မွတ်စ်လင်မ်အများစုကတော့ စာအုပ်တောင် ၀င်မမြည်းကြပါဘူး။ မတတ်နိုင်တာမဟုတ်ဘူးနော်။ နားမလည်ကြတာ။ ၁၀ယောက်မှာ တစ်ယောက်လောက်ပဲ ၀င်ကြတာများတယ်။
    နောက်ပိုင်း ဂျာနယ်ခေတ်ရောက်တော့လည်း အားကစားဂျာနယ်ကို တစ်ပြိုင်ထဲ ၃-၄စောင် ၀ယ်ကြပင်မဲ့ ပညာရပ်ဆိုင်ရာ ကျန်းမာရေးဆိုင်ရာတို့ ကြတော့ ၀ယ်ဖို့ တွန့် ကြပါတယ်။ အခုနောက်ပိုင်း ၅နှစ်၆နှစ်မှာတော့ ဘယ်လို့  လည်း မသိတော့ပါဘူး။ ကျွန်တော် တွေ့ ခဲ့တဲ့ အပိုင်းလောက်အထိကတော့ အများအားဖြင့် အဲဒီလိုပါပဲ။ စာအုပ်ကတော့ ကိုယ့်ဘသာသာရေးက လွဲပြီး တခြားစာအုပ်ကတော့ မ၀ယ်တာများတယ်။  မ၀ယ်တာများတော့ မဖတ်ဖြစ်တော့ဘူးပေါ့။
    အရောင်းရဆုံးက ဗုဒ္ဓဘာသာတရား စာအုပ်တွေပေါ့။ အဲဒီတုန်းက ရသပိုင်းတွေကလည်း နံပါတ်(၂)မှာ ရှိသေးတယ် ၊ အခုလို ဟာသနဲ့ အချစ်စာအုပ်တွေက နံပါတ် ၂ မဟုတ်သေးဘူး။ တက်ကျမ်းလို့ ပဲခေါ်ခေါ် စိတ်ဓါတ်မြင့်တင်ရေးဘဲ ခေါ်ခေါ် စာအုပ်တွေလည်း ရောင်းကောင်းပါတယ်။ ဒီတော့ဗျာ အများဆုံးဆက်ဆံရတာက အနယ်နယ် အရပ်ရပ်က ဘုန်းတော်ကြီးတွေ၊ တိုက်အုပ် ဆရာတော်တွေရယ် ၊ စာသင်သားတွေ များပါတယ်။ ၀န်ထမ်း ၄ယောက်မှာ ကျွန်တော်က လွဲပြီး ကျန်တာက ဗုဒ္ဓဘာသာဝင်တွေပါပဲ ။ အခုလိုခွဲခြားဆက်ဆံတာတွေ မရှိခဲ့ပါဘူး။ ဘုန်းတော်ကြီးတွေ နဲ့ လည်း  အဆင်ပြေပါတယ်။ ပုံမှန် တစ်လတစ်ခါ နှစ်လ တစ်ခါလောက်ခရီး သွားလိုက် လာလိုက် လုပ်တဲ့ ဆရာတော်ကြီးတွေ ၊ စာသင်သားဘုန်းဘုန်းတွေ နဲ့ လည်း တွေ့ ပါများတော့ မျက်မှန်း တန်းမိလာတယ်။
    ပြောကြဆိုကြရင်းနဲ့  တစ်စတစ် ရင်းနှီးလာခဲ့တယ်။ တစ်ချို့ စာအုပ်တွေ ကျွန်တော်တို့ ဆိုင်မှာ မရှိသေးတာတွေ ရောင်းသင့်တဲ့ စာအုပ်တွေကို ဆရာတော်တွေက အကြံပေးခဲ့ကြပါတယ်။ ပြောရရင် နယ်ကရထားစီး ခရီးသည်လာရင် ကအစ ဘယ်ဆရာတော်က လွှတ်လိုက်တာပါ၊ ဒီစာအုပ်ရှာပေးပါ ။ စသဖြင့်ပေါ့ ဆိုင်မှာ မရှိတဲ့စာအုပ်တွေ ကြတော့ အပြင်ကရှာပေးလိုက်တာတွေ ရှိပါတယ်။ ဒီလိုကူညီမှုတွေ ကြောင့် နယ်က ဆရာတော်တွေတော်တော်များနဲ့  ရင်းနှီးမှုတွေများလာတယ်။ အရေးကြီးရင် ဆိုင်ကို ဖုန်းဆက်မှာတဲ့အခါ ကျွန်တော်တို့  တွေ ချောနဲ့  ပိုခဲ့ရတာတွေလည်းများပါတယ်။
    ဒီလိုတွေလုပ်တာ ကျွန်တော့်တို့ ဆိုင်ပိုင်ရှင်က ဗုဒ္ဓဘာသာလို့ ထင်ကြမယ်။ မဟုတ်ဘူးဗျ အစ္စလာမ်ဘာသာဝင်။ ကျွန်တော်ဟိုးငယ်စဉ် ကာလကတည်းက အစွဲကင်းတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ခဲ့ရတယ်။ ကုလားဆိုတဲ့ စကားလုံးက ကျွန်တော်နဲ့ တော်တော်စိမ်းခဲ့တယ်။ သူတို့ စိတ်ထဲမှာတော့ ရှိရင်လည်း ရှိမှာပေါ့ ။ ဒါပင်မဲ့ ကျွန်တော်တို့ ကို ခေါ်ဖို့  အားနာလောက်အောင် ကျွန်တော် ပတ်ဝန်းကျင်က လူတွေက စိတ်ဓါတ်မြင့်ခဲ့တယ်လို့ ပြောလို့ မယ် ထင်တယ်။ နောက်ပြီး ကျွန်တော့် ပတ်ဝန်းကျင်က တွေ့ သလောက် မွတ်စ်လင်မ်တွေက အနေအထိုင် အပြောအဆို ပြုမှု ပုံတွေက လေးစားစရာ ကောင်းလောက်အောင် နေထိုင်ခဲ့တာတွေ့ ခဲ့တယ်။ ကြာခဲ့ပါပြီ။ နောက်ပြီး အလုပ်လုပ်စဉ်ကာလ တစ်လျှောက်မှာလည်း အထက်လူကြီး တော်တော်များများက ခွဲခြားမှုနည်းခဲ့ပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ်နဲ့ မတူတဲ့ ဘာသာခြားကို ပိုတောင် ဦးစားပေးမှုတွေ တွေ့ ခဲ့ရပါတယ်။
    ဆရာတော်ကြီး နှစ်ပါး သုံးပါး ပြောခဲ့တာလည်း မှတ်မိပါသေးတယ်။
    ဘုန်းကြီးတို့  နယ်က ဖုန်းဆက်မှာတိုင်း အချိန်မြန်မြန်နဲ့ ရောက်တယ် စာအုပ်တန်ဖိုးတွေ ချောခတွေ အမြဲတမ်းအမှန်ပဲ တစ်ခါမှ များခဲ့တာမရှိဘူး ။ အရင်ဘုန်ကြီးတို့  လူမျိုးတူ ဆိုင်၃-၄ ဆိုင်ကြုံဖူးပါတယ်။ အစပိုင်းတွေကတော့ ဟုတ်တုတ်တုတ် နောက်ပိုင်းတွေကျတော့ ဘုန်ကြီးတွေနဲ့  ကိုယ့်သာသနာကိုတောင် အမြတ်ကြီး စားချင်ကြတယ်။
    တစ်ချို့ ဒကာတွေက ပြောတယ်။ ဒီကုလားဆိုင်မှာ အားမပေးနဲ့ လို့ ပြောကြတယ်။ ဒါပင်မဲ့ ဒကာလေးတို့ ဆိုင်က ဈေးမှန်တယ် စေတနာကောင်းတယ်။ အကုန်လုံးက စီးပွားရှာကြတာပဲ။ ဒါပင်မဲ့ စိတ်ဓါတ်နဲ့ စေတနာ ကောင်းဖို့ ကလည်း အရေးကြီးတယ်။  ဘုန်းကြီးတို့ မှာ အဲဒီလို အစွဲတွေ မရှိပါဘူး။ လူတစ်ယောက်ဖြစ်လာဖို့ က ထင်သလောက် မလွယ်ပါဘူး။ ဖြစ်လာတဲ့ လူ ချင်းအတူ  ခွဲခြားတာတွေကို ဘုန်းကြီးတို့  လုံးဝမကြိုက်ပါဘူး။”
    ဒီဆရာတော်ကြီးနဲ့  ကျွန်တော်အခုအချိန်ထိ ဆက်သွယ်ရှိနေပါသေးတယ်။ တရားစာအုပ်လောကမှာ နာမည်ကြီးတဲ့ ဆရာတော်တစ်ပါးလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ တစ်လလောက်ကတောင် ဆရာတော်ကြီးနဲ့ ဖုန်းအဆက်အသွယ်ရတော့
    “အခုအဖြစ်အပျက်တွေမှာ ပါတဲ့သံဃာတွေဟာ ရဟန်းတု ရဟန်းယောင်တွေပဲ သာသနာ့ရဲ့ အဆုံးအမကို မသိ၍သော်လည်ကောင်း သိသော်လည်း ငါ စွဲဆိုတဲ့ မထားသင့်တဲ့ စိတ်ဓါတ်တွေနဲ့  လုပ်နေကြတာ။ သံဃာအစစ်မှန်တွေက ဘယ်တော့မှ ဒီလိုလုပ်ရက်တွေကို မလုပ်ဘူး၊သူတို့ လုပ်ရပ်တွေကြောင့် ဘုန်းကြီးတို့  သာသနာဟာ ကမ္ဘာ့ အလယ်မှာ မျက်နှာပျက်ရပြီ ဒကာလေး” တဲ့ ဆရာတော်ကြီးက စိတ်မကောင်းစွာနဲ့ ပြောတာပါ။
    ကျွန်တော် ဒီလိုနဲ့ စာအုပ်ဆိုင်နဲ့  စာအုပ်လောကမှာ ၅နှစ်ကျော် ကျင်လည်ခဲ့ပါတယ်။ ဆရာတော်ကြီးတွေ၊ တိုက်အုပ်ဆရာကြီးတွေက သူတို့ ရဲ့ နယ်က ကျောင်းတိုက် လိပ်စာတွေ ၊ ဖုန်းနံပါတ်တွေ ပေးကြတယ်။ ကျွန်တော့်ကို တော်တော် ရင်းနှီးခဲ့ကြပါတယ်။ အဲဒီအကျိုးတရားတွေက ကျွန်တော် စာအုပ်လောကကနေ Company လုပ်ငန်းစုတွေဘက် ရောက်တဲ့အခါမှာ တော်တော်ကို အကျိုးရှိခဲ့ပါတယ်။ အကျိုးလို့ လို ညောင်ရေလောင်းတဲ့ စိတ်ဓါတ်နဲ့  ကူညီခဲ့တာ မဟုတ်တဲ့ အတွက်ထင်ပါတယ်။
    အရောင်းသမားဘ၀မှာ နယ်တကာကို marketing ဆင်းရပါတယ်။ အဲဒီအချိန်တွေတုန်းကလည်း နယ်တွေမှာ မွတ်စ်လင်မ်တွေဟာ ကျီလန့် စားစား နဲ့ နေရတာပါပဲ။ ဦးခင်ညွန့် ရဲ့ ခဏခဏ လူမျိုးရေးအဓိကရုန်းတွေကြားမှာ ရှင်သန်နေခဲ့ရတာ။ ကျွန်တော်တို့ ကလည်း marketing ဆင်းတော့ ကားဒရိုင်ဘာကလွဲပြီး ကျန်တဲ့သူက မွတ်စ်လင်မ်။ ဒီတော့ လုံခြုံစိတ်ချရအောင် ကျွန်တော် ဆရာတော်ကြီးတွေရဲ့  ကျောင်းတွေမှာပဲ တည်းခိုနေထိုင်ခဲ့တာပါ။ ခဏ ခဏ ကြုံခဲ့တာပါ။ တစ်ခုမှ အပြုံးမပျက်ခဲ့သလို့  ကာကွယ်မှုအပြည့်ပေးခဲ့တာပါ။ marketing သမား ၇နှစ်ကျော် အတွင်းမှာ တောင်ငူ မြစ်သား ပဲခူး မှာဖြစ်တုန်းကလည်း ကျွန်တော်တို့  နယ်တွေမှာပါပဲ။ နောက် ဟိုးဘက် ရေနံချောင်း ချောက်ဘက်သွားတဲ့ အခါမှာလည်း (ပုံမှန် အချိန်တွေမှာလဲ စိတ်ချရအောင်)  ဘုန်းတော်ကြီးကျောင်းတွေမှာ ကျွန်တော်တို့  စိတ်အေးလက်အေး အိပ်ခဲ့ရပါတယ်။
    ကျွန်တော်တို့  သွားခဲ့တဲ့ကာလတစ်လျှောက်မှာ တည်းခိုနေထိုင်ခဲ့တဲ့ ဘယ်ကျောင်းတိုက်ကိုမှ ၀တ္ထူငွေလှူဒါန်းလို့  မရခဲ့ပါဘူး။ စေတနာသန့် သန့် အစွဲကင်းကင်းတွေနဲ့  ကူညီခဲ့တယ်။ အခုအချိန်ထိလည်း နယ်ကဆရာတော် များများနဲ့  ရင်းနှီးနေဆဲပါ။ ဒါကျွန်တော့် ဘ၀ရဲ့ တွေ့ ခဲ့ရတဲ့ အစိတ်အပိုင်းတွေပါ။ အခုအချိန်မှာတော့ ငခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်ခံနေရတယ်။
    တစ်ဘက်နဲ့ တစ်ဘက်လည်း အမုန်းတရားတွေပွားများလာတယ်။ နောက်ပြီး အာဏာရှင်အစိုးရအဆက်ဆက်ရဲ့  ဆိုးမွေတွေထဲက အဆိုးဆုံးတစ်ခုဖြစ်တဲ့ ခွဲခြားဆက်ဆံမှုတွေကလည်း ဆယ်စုနှစ်တွေနဲ့ ချီပြီး အရိုးစွဲခဲ့တာ ရာစုနှစ်ထိတော့  မကူးသင့်တော့ဘူး ထင်ပါတယ်။ ခံရတာ ကျွန်တော်တို့  တိုင်းရင်းသားလူမျိုးစု အားလုံးပါ။
    ကျွန်တော်တို့ ဟာ မြန်မာနိုင်ငံ အတွင်းမှာ ရှေးရိုးစဉ်ဆက် နေထိုင်လာခဲ့တဲ့ နိုင်ငံသားတွေပါ။ ခေတ်အဆက်ဆက် သမိုင်းတွေကိုလည်း အားလုံး အတူတူ ဒုက္ခခံပြီး ရေးခဲ့တာပါ။  ပေးဆပ်ခဲ့တာပါ။ သူသာတယ် ငါသာတယ်ဆိုတဲ့ စိတ်ဓါတ်နဲ့  ရှေးလူကြီးတွေ လုပ်ခဲ့မယ်ဆိုရင် ကျွန်တော့်တို့ တွေ အာဖရိက နိုင်ငံအချို့ လို့ ပဲ သံသရာကနေ လွတ်နိုင်မှာ မဟုတ်ပါဘူး။
    မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု အစဉ်အလာတွေကလည်း ကျွန်တော်တို့ နဲ့  ဆိုင်ပါတယ်။ ကျွန်တော်တို့ ကတော့ ဘိုးဘွားတွေလည်း မြန်မာပြည်မှာ မွေးခဲ့သလို ဒီမှာပဲ ခေါင်းချသွားပါတယ်။ ကျွန်တော်တို့ လည်း ဒီမှာပဲ အရိုးဆွေးတဲ့အထိ နေမှာပါ။ ဘယ်လိုဒုက္ခရောက်ရောက် ဘာပဲကြုံကြုံ နားကျည်းချက်တွေပဲရှိရှိ၊  ကိုယ်နိုင်ငံမှာပဲ အချိန်တန်ရင် ခေါင်းချချင်တာပါပဲ။  မြန်မာစကား အလွန် အဓိပ္ပါယ်ရှိပါတယ်။ အမိမြန်မာနိုင်ငံ ။  အလွန်အဓိပ္ပါယ်ပြည့်စုံလေးနက်တဲ့ အမိနဲ့  တင်စားထားတာပါ။ ဆိုးဆိုး မိုက်မိုက်ဘယ် သားသမီးကို မဆို မိခင်က ပစ်ရိုးထုံးစံမရှိပါဘူး။  ကျွန်တော်တို့ ကို ဘယ်သူတွေ ဘာပြောပြော ဘာလုပ်လုပ် အမိမြန်မာနိုင်ငံတော်ကြီး ကတော့ သမိုင်းကြောင်းများစွာနဲ့  ရင်ဝယ်ပိုက်ထားမှာပါ။ မိခင်ရှိသေးသရွေ့ တော့ အမွေလိုချင်တဲ့ သားသမီး ရှေ့  မတိုးသင့်ပါဘူး။ မတော် လောဘနဲ့  မိခင်ကိုပါ သတ်ဖို့ ကြံစည်ရင်တော့ ကျန်တဲ့ သားသမီးတွေရဲ့ သွေးနီးလာလိမ့်မယ်နော်။ သွေးဆိုတာ အချိန်တန်ရင်တော့ နီးစမြဲပါ။
    အားလုံး၏ အငြိုအတေးများ တတ်နိုင်သလောက် လျော့နည်းနိုင်ပါစေလို့ 
    ဆုတောင်းလျက်
    တင်မင်းထွဋ်
    ၂ရက် – နိုဝင်ဘာ -၂၀၁၂
  • Eleven Media: မသန့်ရှင်းသော ၀ိညာဉ်၏ ခြောက်လှန့်မှု
    Eleven Media: မသန့်ရှင်းသော ၀ိညာဉ်၏ ခြောက်လှန့်မှု
    နိုဝင်ဘာ ၊ ၃ ရက်၊ ၂၀၁၂
    M-Media
    ဆောင်းပါးရှင်- ရွှေဘိုသား
    အလဲဗင်းမီဒီယာဂရုက ဦးကျော်စိန်(ပညာရေး) ဆိုသူရေးသားထားတဲ့ နောက်ကွယ်မှ ကြိုးကိုင်သူ…ဘယ်သူလဲဆို တဲ့ ဆောင်းပါးကို အောက်တိုဘာ ၂၈ ရက်၊၂၀၁၂ ရက်စွဲနဲ့  ရခိုင်ပြည်နယ်၊ ပဋိပက္ခ ရေချိန်တက်နေချိန်မှာ  ဖြန့်ချိခဲ့ပါတယ်။
    အံ့သြစရာကောင်းတာက နိုင်ငံတကာအသိုင်းအ၀ိုင်းကနေ ရခိုင်မှာအကြမ်းဖက်ခံရလို့ အိုးအိမ်မဲ့ခဲ့သူ စုစုပေါင်း ၂၂၅၈၇ မှာ ၂၁၇၀၀ က မွတ်စလင်မ်တွေဖြစ်ပါတယ်လို့ ဖော်ပြထားနေကြတာတွေ၊ နိုင်ငံတကာမီဒီယာတွေမှော သမ္မတရုံး အရာရှိ ဦးဇော်ဌေးရဲ့ မလွှဲမရှောင်သာဝန်ခံခဲ့ရမှုတွေရှိနေတာတောင် စောင့်ဆည်းရမဲ့ သိက္ခာကို မငှဲ့ကွက်နိုင်တော့ဘဲ “ပြည် တွင်းမှ အစွန်းရောက် မော်လ၀ီဆရာများ” ဆိုတဲ့ အသုံးအနှုံးမျိုးကို သုံးစွဲပြီးတော့ ကလိမ်စေ့ငြမ်းဆင်ထားမှုပါ။
    အချိန်ကိုက်ဖြန့်ဝေခဲ့တဲ့ အဲဒီဆောင်းပါးမှာတော့
    ၁) နိုင်ငံတော်သမ္မတရဲ့ အာဏာရပါတီဝင် မြန်မာနိုင်ငံသား လွှတ်တော်ကိုယ်စားလှယ်တွေကို အထောက်အထားမဲ့ စွပ်စွဲပြီးတော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို ထိကပါး ရိကပါး သွယ်ဝိုက်စွာ လှောင်ပြောင်ထားပါတယ်။
    ၂) အခုလိုအချိန်မျိုးမှာ မည်သူသည်နိုင်ငံသား၊ မည်သူသည်နိုင်ငံသားမဟုတ်လို့ ခွဲခြားပြောဆိုပြီး နိုင်ငံသားမဟုတ်သူများတွေကသာ လက်သည်တရားခံတွေဖြစ်တယ်လို့ အထောက်အထားမဲ့ ရော်ရမ်းပြောဆိုထားပါတယ်။
    ၃)  မောင်တောအကြမ်းဖက်မှုကို တောင်ကုတ်ကိစ္စနဲ့ ဆက်စပ်မှုမရှိဘဲ မွတ်စလင်မ်ဗလီဆရာအယောက် ၃၀ ပါဝင်တဲ့ အဖွဲ့ အဲဒီဒေသကို ရောက်ရှိခဲ့တာကြောင့် အကြမ်းဖက်မှု ဖြစ်ပွားခဲ့ရတာပါလို့ ဆိုထားပါတယ်။
    ၄) ထုံးစံအတိုင်းရိုဟင်ဂျာကို သပ်လျှိုပြီး ဗုဒ္ဓဘာသာရခိုင်လူမျိုးများသာ ဓားစာခံဖြစ်နေရတာပါလို့ တဘက်သတ်တင်ပြထားပါတယ်။
    အဆိုးဆုံးကတော့ ပစ်မှတ်ကိုတိုက်ရိုက် မထိခိုက်စေအောင် ကွေ့ဝိုက်ရှောင်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ တည်ဆဲ သမ္မတကို ရှုံ့ချထားတာပါပဲ။
    အဲဒီဆောင်းပါးမှာ ရေးသားထားတာက – “စီးပွားရေးပြည့်ဝလာသော ဘင်္ဂါလီလူမျိုးတို့၏ ထိုးစစ်ကို နိုင်ငံရေးလက်နက် တပ်ဆင်ခွင့်ပြု လိုက်သောအခါတွင် အရာရာသည် ရိုဟင်ဂျာဆိုသော စိတ်ကူးအိပ်မက်ကို အကောင်ထည်ဖော်ရန် အချိန်ကိုက် ဖြစ်နေပါတော့သည်။”
    အဲဒီစာသားတွေက မြန်မာနိုင်ငံရဲ့ အာဏာရပါတီလွှတ်တော် ကိုယ်စားလှယ်တွေကို တိုက်ရိုက်ပျက် ရယ်ပြု စော်ကားလိုက်ပြီးသကာလ ဆက်လက်ရေးသားပြန်တာက –
    “နိုင်ငံအတွင်း တရားဝင်ဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီတစ်ခုမှ ပြောရေးဆိုခွင့်ရှိသူက ………….. သမ္မတကြီး၏ ပြောစကားကိုပင် လက်မခံနိုင်သော ထိုပုဂ္ဂိုလ်သည် မည်သို့သော သဘောထားမျိုး ရှိနေပါသနည်း။ ထိုပါတီသည် မည်သို့သော ပါတီမျိုးဖြစ်နိုင်ပါသနည်း။” လို့ လမ်းမမှန်နည်းမကျ ရေးသားထားပြန်ပါသည်။
    လက်ရှိမြန်မာနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတရဲ့ ဆုံးဖြတ်ချက်ပြောစကားကို ထောက်ခံလို့လည်းရသလို ကန့်ကွက်လို့လည်းရပါတယ်။
    လက်ရှိ လွှတ်တော်ထဲမှာ ကိုယ်စားလှယ်အဖြစ်ရောက်ရှိနေကြတဲ့ ဘာသာခြားအမတ်တွေကို လွှတ်တော်တွင်းနေရာပေးတာ အဘယ်သို့သော ပါတီမျိုးဖြစ်နိုင်ပါသနည်းလို့ သွယ်ဝိုက်စွာ မေးခွန်းထုတ်လိုက်ခြင်းဖြစ်ပါသလားဆိုတာ အလဲဗင်းဆရာကြီးများ မိမတို့ စိတ်ထဲ ပြန်လည်မေးမြန်းကြည့်ကြဖို့ပါ။
    သဘောထားမမှန်တဲ့ ဦးကျော်စိန်နဲ့ အလဲဗင်းဂရုတို့ဟာ တဘက်မှာတော့ ဖော်လန်ဖားသယောင်နဲ့ နောက်တဘက်မှာချောင်ပိတ်ရိုက်ဖို့ အားသန်နေတာကြောင့် မူလတန်းကျောင်းသားတောင် သတိထားမိတဲ့ ဒီတစ်ချက်ကို သတိထားမိဖို့များ မေ့လျော့ခဲ့လေသလား။
    ရခိုင်ပြည်နယ်ကို နိုင်ငံတော် သစ္စာဖောက်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံရဖူးတဲ့ ဦးခင်ညွှန့်နဲ့အတူ အစ္စလာမ် ဘာသာဝင်တွေ ရဟတ်ယာဉ်နဲ့ ရောက်လာဖူးတာက ဘာများအဆန်းရှိပါသလဲ။ ဦးခင်ညွှန့် ခရစ်ယာန်ဘာသာဝင်၊ ကေအင်ယူတွေနဲ့လည်း နီးနီးကပ်ကပ် ဆက်ဆံခဲ့ဖူးသလို အဲဒီခရစ်ယာန် ဘာသာဝင် ကေအင်ယူတွေ၊ ဝ အဖွဲ့တွေ ကိုးကန့် အဖွဲ့ တွေ ကတော့ မြို့တော်ရန်ကုန်ထိတက်ပြီး လက်နက် တရားဝင်ကိုင်နိုင်ခဲ့ကြတာပါပဲ။
    ရခိုင်မှာ မွတ်စလင်မ်တွေ ကြီးပွားပြီး ဗလီကျောင်းတွေ တိုးချဲ့ဆောက်လုပ်နေနိုင်ပေမယ့် ပြဿနာတစ်ခု စတင်မီးမွှေးဖို့အတွက်တော့ ဗလီကျောင်းများ ပြုပြင်ခွင့်ကိုတောင် ပိတ်ပင်ခံထားရတဲ့  ရန်ကုန်က ဗလီဆရာ အယောက် ၃၀ က သွားရောက်သင်ကြားပြသပေးရသယောင် ရေးသားထားတာတော့ ရယ်စရာ ပျက်လုံးပါပဲ။
    ရန်ကုန်မြို့လယ်ခေါင်က ချမ်းသာကြွယ်ဝလှတဲ့ မြန်မာမွတ်စလင်မ်ကြီးတွေတောင် နိုင်ငံတကာ အစ္စလာမ့်အသိုင်းအ၀ိုင်း အကူအညီမရှိ၊ သာသနိက အဆောက်အဦ ပြုပြင်ခွင့်မရှိ၊ အချို့မြို့နယ်တွေမှာ အာဇန်သံ ကျယ်ကျယ်ပေးပိုင် ခွင့်မရှိ စတဲ့ ချုပ်ချယ်မှုတွေကို ဦးစီးဦးရွက်ပြုပြီး မဖယ်ရှားနိုင်သေးပါဘူး။ အဲဒီလိုအချိန်မျိုးမှာမှ ရခိုင်ပြည်နယ်က ခရီးသွားလာဖို့ ပိတ်ပင်ခံထားရတဲ့ isolated အုပ်စုထွက် ပညာတတ်လက် တစ်ဆုပ်စာ လူတန်းစားက နိုင်ငံတကာ အစ္စလာမ့်အသိုင်း အ၀ိုင်းရဲ့ အထောက်အပံ့နဲ့ ကြီးပွားပြီး ဗလီတွေဆောက်လုပ်နေတာပါ ဆိုတာကတော့ အလဲဗင်းရဲ့ ကူလီကူမာတစ်ခုပါပဲ။
    နိုင်ငံတော်အစိုးရရဲ့ ကြေငြာချက် ၂/၂၀၁၂ အရဆိုရင် အစိုးရနဲ့တရားဝင် ငြိမ်းချမ်းရေးယူထား သူတွေကတောင် ဒီရခိုင်ပြဿနာမှာ ဒေသန္တရထွက် လက်နက်တွေ ကိုင်ပြီး လှုပ်ရှားနေကြတယ်ဆိုတာ ဖော်ပြထားပါတယ်။
    ဒီမှာလည်း မြန်မာမီဒီယာရဲ့ ခွဲခြမ်းစိတ်ဖြာလေ့လာနိုင်စွမ်းအား အလွန်တရာ နည်းပါးလှတာကို ကွက်ကွက်ကွင်းကွင်း သိနိုင်ပါတယ်။ ခွဲထွက်ရေးနဲ့ ကိုယ်ပိုင် အုပ်ချုပ်ရေးလုပ်တဲ့ နေရာမှာ လက်နက်ကိုင်ခြင်းက တာအသွားဆုံး နည်းလမ်းပါ။
    မြန်မာပြည်တွင်းမှာ အိုင်အန်ဂျီအိုတွေ၊ အန်ဂျီအိုတွေ မှိုလိုပေါက်နေခဲ့တာ ဆယ်စုနှစ်များစွာ အရင်ကတည်းကပါ။ ထင်ရှားပြီး အုပ်စုကြီးတဲ့ World Vision, Save The Children တို့တွေဟာဆိုရင် ဘယ်ဘာသာဝင်တွေ ကျောထောက်နောက်ခံ လုပ်ထားသလဲဆိုတာ တော်တော်များများသိနေပါတယ်။ အခုမြန်မာပြည်ရဲ့ ပဋိပက္ခမှာ အနောက်ချည့်ပြောမနေကြေးဆိုရင် အနောက်ထက်ဆိုးတာ မြောက်ဘက်မှာပါ။
    လက်ရှိ ကိုယ်ပိုင်အုပ်ချုပ်ရေး ရထားတဲ့အထဲ မြန်မာပိုက်ဆံ မသုံး၊ မြန်မာဆက်သွယ်ရေးက ဖုန်းမကိုင်၊ မြန်မာအစိုးရရဲ့ ရွေးကောက်ပွဲကို သူတို့နယ်မြေမှာ ပေးပြီးမကျင်းပ၊ အဲဒီဒေသက ကျောင်းတွေမှာ မြန်မာစာမသင်၊ မြန်မာစကားမပြောတာ ဘယ်သူတွေများလဲ အမြင်ကျဉ်းပြီး တဘက်ကမ်းနေတဲ့ အလဲဗင်းအုပ်စုဝင်များ အဖြေပေး စေချင်ပါတယ်။
    အခုလိုအချိန်မျိုးမှာ ငြိမ်းချမ်းရေးရှေးရှုတဲ့ အချက်အလက်တွေကို ဖော်ပြပြီး တာဝန်သိစွာနဲ့ အခြေအနေကို ထိန်းရမယ့်အစား ပြည်တွင်းမှာ ငြိမ်းချမ်းစွာနဲ့ နေထိုင်လာခဲ့တဲ့ လူနည်းစု မွတ်စလင်မ်တွေ၊ တိုင်းရင်းသား ကမန်တွေကိုပါ စိတ်ညှိုးနွမ်းငယ်ရအောင်၊ လုံခြုံမှုကင်းမဲ့သွားအောင်၊ အကြောက်တရား အမုန်းတရားတွေ များပြားလာအောင် ပြုလုပ်နေတဲ့ ဒေါက်တာသန်းထွဋ်အောင် ဦးဆောင်တဲ့ အလဲဗင်းက နို်င်ငံတကာမှာ ပြည်သူ့ချဉ်ပတ် ဖြစ်မှန်းမသိ ဖြစ်နေပါပြီ။ အာဘော်တွေကလည်း နိုင်ငံတကာရဲ့ အသိအမှတ်ပြုခြင်းမခံရတဲ့ အပြင် ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရတာကြောင့် ပြည်တွင်းမှာ သာနေတဲ့ အိမ်ကြက်ကြီး နေ့ခင်းကြောင် တောင် ဦးနှောက်ပျက်လို့ တွန်နေပုံမျိုး ဖြစ်နေတာကို သတိထားကြစမ်းစေချင်ပါတယ်။
    စိတ်ခံစားချက်နဲ့ အစွဲအလမ်းတွေဖုံးလွှမ်းပြီး ဆုံးဖြတ်လို့မရနိုင်တဲ့ အချက်ကတော့ မည်သူသည် နိုင်ငံသား မည်သူသည် နိုင်ငံသားမဟုတ်ဆိုတဲ့အချက်ဖြစ်သလို အလဲဗင်းမီဒီယာသည်လည်း နိုင်ငံတော်ရဲ့ တည်ဆဲဥပဒေတွေကို တိတိကျကျလိုက်နာကာ ၀ါဒဖြန့်မှိုင်းတိုက်ခြင်းမှ ကြဉ်ရှောင်ဖို့လိုကြောင်း သတိပေးလိုက်ရပါတယ်။