News @ M-Media
Author: M-Media
  • ၂၀၀၃ ခုနှစ်က ဝီရသူနှင့် မြန်မာ မွတ်စလင်တို့၏ မြင်ကွင်းကျယ် (ဘာသာပြန်)
    ၂၀၀၃ ခုနှစ်က ဝီရသူနှင့် မြန်မာ မွတ်စလင်တို့၏ မြင်ကွင်းကျယ် (ဘာသာပြန်)
    Oct 21, 2003
    By Cem Ozturk
    Source:  http://www.atimes.com/atimes/Southeast_Asia/EJ21Ae01.html
    မန္တလေးမှ သမ္မတ ဦးသိန်းစိန်ထောက်ခံပွဲ (သို့) ရိုဟင်ဂျာ ဆန့်ကျင်ရေး ဆန္ဒပြပွဲ တွင် ဝိရသူအား တွေ့ရပုံ
    ပြည်တွင်းမှာရှိတဲ့ ပေါ်ပြူတာဒီမိုကရေစီ လှုပ်ရှားမှုတွေကို ဖိနှိပ်လွန်းတာကြောင့် မြန်မာစစ်အစိုးရကို နိုင်ငံတကာက စောင့်ကြည့်ကြပါတယ်။ အတိတ်က နိုင်ငံရေးအကြပ်အတည်းတွေဖြစ်ရင်  ရန်ကုန်မြို့ကြီးမှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်မ်တွေအကြား တင်းမာမှုတွေ ရှိလာအောင် ဖန်တီးပြုလုပ်မြဲဖြစ်ပါတယ်။ ဒါကြောင့်ဒီတစ်ကြိမ် ဖြစ်ပျက်လာတဲ့ ဗုဒ္ဓဘာသာနဲ့ မွတ်စလင်မ်တွေအကြား တင်းမာမှုကတော့ တိုက်ဆိုင်မှုလို့ ပြောဖို့တော့ တော်တော်ခဲယဉ်းနေပါတယ်။
    မြန်မာတချို့ကတော့ မွတ်စလင်မ်လူနည်းစုအတွင်း ”အကြမ်ဖက်သမားတွေ” ရှိနေတယ်လို့ လက်ညှိုးထိုးကြပါတယ်။ ဒီစွပ်စွဲချက်ဟာ မြန်မာနိုင်ငံမှာ အစ္စလာမ်မစ် အတော်များများရှိနေလို့လား ဒါမှမဟုတ် နိုင်ငံတကာရဲ့ “war on terror” လှုပ်ရှားမှုများကို အရင်းတည်ပြီး နိုင်ငံတကာရဲ့ ထောက်ခံမှု ရအောင် ကြိုးစားခြင်းလားဆိုတာ မေးခွန်းထုတ်ရပါမယ်။
    အနီရောင် သင်္ကန်းကို ခြုံထားမယ်။ ဦးခေါင်းကို ပြောင်နေအောင်ရိပ်ထားမယ်၊ မျက်နှာပေါ်မှာတော့ တည်ငြိမ်တဲ့အသွင်ပေါ်နေမယ်၊ အဲဒီလိုဘုန်းကြီးထိုင်နေပုံက သူထိုင်နေတဲ့ နံရံကျောဘက်က ရွှေရောင်ဗုဒ္ဓရုပ်ပွား ဆင်းတုပုံမျိုးပါပဲ။ ဒါပေမယ့် သူရဲ့စကားလုံးတွေကတော့ ငြိမ်းချမ်းရေးကနေ တော်တော်ကြီး အလှမ်းကွာနေပါတယ်။
    ”ဦးဇင်းတို့ မြန်မာနိုင်ငံမှာ ပြဿနာရှိတယ်။ ဒီမန္တလေးမှာကို ပြဿနာရှိတယ်။ အဲ့ဒီ ပြဿနာဆိုတာ အစ္စလာမ်ပဲ။ မန္တလေးမှာ အခုမှ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေရှ်က ဝင်ရောက်လာတဲ့ မွတ်စလင်တွေရှိတယ်။ ဒီလူတွေဟာ သူခိုးတွေ အကြမ်းဖက်သမားတွေပဲ။ သူတို့က ဦးဇင်းတို့ ဘာသာနဲ့ အမျိုးသမီးတွေကို မလေးစားဘူး။ ဦးဇင်းတို့က ဗုဒ္ဓဘာသာဖြစ်ပြီး အေးချမ်းတယ်။ သို့ပေမယ့် ကိုယ့်ကိုယ်ကို ကာကွယ်ရမယ်။”
    ဒီလိုမျိုး တရားတွေ ဟောနေတဲ့ မြင်ကွင်းကို မန္တလေးမြို့က  ရွှေအင်ပင် ဘုန်းကြီးကျောင်းနံဘေးမှာရှိတဲ့ ဘုန်းတော်ကြီး ပညာသင်ကျောင်းမှာ တွေ့ခဲ့ရတာပါ။ ဗုဒ္ဓဘာသာ နက်ရှိုင်းစွာပျံ့နေတဲ့ ဒီလိုတိုင်းပြည်မျိုးမှာတော့ ဘုန်းကြီးဆိုတာ အစိုးရပြီးရင် သြဇာအရှိဆုံးပါ။ ဖော်ပြပါ စကားလုံးမျိုးတွေ ပြောခဲ့သူက ၀ီရသူဘွဲ့အမည်ရ ဘုန်းကြီးဖြစ်ပါတယ်။ သူ့ကိုတော့ မန္တလေးမှာ တရားသမားတော်တော် များများက လေးစားကြပါတယ်။ သူရဲ့ ခက်ထန်တဲ့ မာရေကျောရေ စကားလုံးတွေကြောင့် သူ့ကို “တိုက်ပွဲဝင်” ဘုန်းကြီးဆိုတဲ့ ဟော်လီးဝုဒ်မှာ ကျော်ကြားသလိုမျိုး အမည်ပျက် နဲ့ ကျော်ကြားနေတော့တာပါပဲ။
    ဝီရသူ၏ Asia Times Online နှင့် September 14 ရက်နေ့တွင် မတွေ့ဆုံမီ ရက်သတ္တပတ် အနည်းငယ်က တရားဟောပွဲ တစ်ခု ပြုလုပ်ခဲ့ပါသေးတယ်။ အဲဒီမှာ ဘုန်းကြီးအပါး ၃၀၀၀ခန့် တက်ရောက်ခဲ့ပါတယ်။ ဒါဟာ များပြားလှတဲ့ ပမာဏလည်းဖြစ်ပါတယ်။ တရားပွဲမှာတော့ ဘုန်းကြီးတွေကို မွတ်စလင်မ်တွေက ခြိမ်းခြောက်မှုတွေရှိလာနေတာကြောင့် အဲဒါမျိုးကို ဘယ်လိုတုန့်ပြန်မလဲဆိုတဲ့အကြောင်း ဟောပြောခဲ့ပါတယ်။
    မြန်မာနိုင်ငံတွင် အစ္စလမ် ဘာသာကိုးကွယ်သူ လူမျိုး အဓိကအားဖြင့် ၄မျိုး ရှိပါတယ်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ဆင်းသက်လာသော ပန်းသေးလူမျိုး (Chinese Hui). နောက်တစ်မျိုးက အင်္ဂလိပ် ကိုလိုနီခေတ်က ရောက်လာသော ပါကစ္စတန်နဲ့ အိန္ဒိယ လူမျိုးများ။ နောက်တစ်မျိုးမှာ လူမျိုးအားဖြင့် မြန်မာမူစလင် ဖြစ်သူတွေကတော့ အာရပ်ကုန်သည်တွေ ၊ အန္ဒိယကုန်သည်တွေ ပြောင်းရွှေ့နေထိုင်လာကြတယ်၊  ၉ ရာစုကနေ ၁၄ ရာစုအကြား မလေးနဲ့ ထိုင်းတို့က ပညာရှင်တွေကြောင့် ကူးပြောင်း ၀င်ရောက်လာကြတယ်၊ အဲဒီအချိန်ကနေ တလျောက်လုံး မြန်မာပြည်တွင်း နေထိုင်ခဲ့သူများဖြစ်သည်။ နောက်ထပ်အများဆုံးနဲ့ အဆင်းရဲဆုံး မွတ်စလင်တွေကတော့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေပဲဖြစ်ပါတယ်။
    ”ပါကစ္စတန်လူမျိုးတွေက အဆိုးဆုံးပဲ” ဟု ဝီရသူ ဟောပြောတာပါ။ “ မြန်မာနိုင်ငံသားတွေကို အခြေအနေဆိုးအောင်လုပ်တယ်။ အမေရိကန် ကလည်း အလ်ကိုင်းဒါးကို အပြစ်ပေးချင်တာနဲ့ မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့မှူလုပ်တာပါ။ အဲ့ဒါကြောင့်သာ ဒီမှာ ထိခိုက်ခံစားရတယ်။ ဗုဒ္ဓဘာသာဝင်တွေဟာ ငတ်မွတ်နေရပြီ အဲ့ဒါ သူတို့ အလ်ကိုင်းဒါးနဲ့ ဆက်သွယ်လို့ ဖြစ်တာ။” ဟုဝီရသူကဆိုသည်။
    အမေရိကန်က မြန်မာကို ပိတ်ဆို့အရေးယူတာက မြန်မာစစ်အစိုးရကြောင့်ဆိုတာထက် အလ်ကိုင်ဒါကြောင့်လို့ ပြောတာ ၀ီရသူက ပထမဆုံးပါပဲ။ ဒါပေမယ့် မြန်မာပြည်က မွတ်စလင်တွေ အကြမ်းဖက်သမားတွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး ပြောတဲ့ထဲမှာတော့ သူက ပထမဆုံး မဟုတ်ပါ။
    အဲဒီလိုအဖွဲ့အစည်းတွေနဲ့  ပတ်သတ်မှုရှိတဲ့ လူမျိုးဆိုပြီး ရိုဟင်ဂျာတွေကို နိုင်ငံတကာက အာရုံစူးစိုက်ခဲ့ပါတယ်။ ဤအချက်ကို နိုင်ငံတကာ အကြမ်းဖက်ဆန့်ကျင်ရေး အဖွဲ့များက မှတ်သားထားခဲ့သလို ရန်ကုန်အခြေစိုက် မြန်မာစစ်အစိုးရကလည်း မှတ်သားထားခဲ့ပါတယ်။
    မြန်မာနိုင်ငံ အစိုးရကတော့ ရိုဟင်ဂျာတွေကို တိုင်ရင်းသားအဖြစ် ဘယ်တုန်းကမှ အသိအမှတ် မပြုခဲ့ပါ။ ၁၉၇၈တုန်းက နဂါးမင်းစစ်ဆင်ရေး လုပ်ပြီး ရှင်းလင်းသုတ်သင်တော့ ထောင်ချီတဲ့ ရိုဟင်ဂျာများမှာ ဘင်္ဂလားဒေရှ်သို့ ထွက်ပြေးခဲ့ကြပါတယ်။ အဲဒီလို စစ်ဆင်ရေးမျိုး ၁၉၉၀ အစောပိုင်းနှစ်များက ထပ်လုပ်တော့ ရိုဟင်ဂျာဒုက္ခသည်များစွာ ထွက်ပြေးခဲ့ရပြန်ပါတယ်။
    အဲဒီအချိန်က စပြီး ရိုဟင်ဂျာတွေက နိုင်ငံထဲ ပြန်ဝင်လာခဲ့ကြပါတယ်။ ၁၀၀,၀၀၀ လောက်ကတော့ ဘင်္ဂလားဒေ့ရှ်မှာ ကျန်နေပါတယ်။ အချို့မှာ UN ဒုက္ခသည် စခန်းများတွင် နေထိုင်နိုင်ပေမယ့် သူတို့ လူမျိုးစုတွေ ဒုက္ခရောက်နေတာကို ပြန်လည်ကူညီနိုင်တယ့် အခြေအနေ မရှိပါ။
    အဲဒီလို စိတ်ပျက်ဖွယ် အခြေအနေတွေကြောင့် အနောက်တောင် နယ်စပ်တလျှောက်မှာ မပြောပလောက်တဲ့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့လေးများ ပေါ်ပေါက်လာရပါတယ်။ အဖွဲ့အများစုရဲ့ လိုလားချက်ကတော့ တန်းတူညီမျှ စီးပွားရေး အခွင့်အရေးနဲ့ ဘာသာရေး လွတ်လပ်မှု ဖြစ်ပါတယ်။ အချို့ အဖွဲ့ကတော့ သီးခြားပြည်နယ်တစ်ခုအဖြစ် ရပ်တည်ခွင့် တောင်းဆိုပါတယ်။ အဖွဲ့ အားလုံးကတော့ နှစ်ပေါင်း၅၀ကြာ ရပ်တည်တိုက်ခိုက်လာတဲ့ မြန်မာ့တပ်မတော်နဲ့ ယှဉ်ရင်တော့ အရေအတွက်အားဖြင့် မပြောပလောက်ပါဘူး။
    ရိုဟင်ဂျာ စည်းလုံးညီညွတ်ရေးအဖွဲ့ (The Rohingya Solidarity Organization – RSO) ကိုလည်း ၁၉၈၀ခန့်က စတင်တည်ထောင်ခဲ့ကြပါတယ်။ တာလီဘန် နှင့် ကက်ရှ်မီးအခြေဆိုက်မူဂျာဟစ်များကို နမူနာယူ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ နောင်မှာတော့ အဖွဲ့များစွာ ကွဲသွားခဲ့သည်။ နောက်များမှာတော့ သဘောထား သင့်တင့်တဲ့ Arakan Rohingya National Organization ဖြစ်လာပါတယ်။ ထို အဖွဲ့များထဲမှ တစ်ဖွဲ့ကတော့ အလ်ကိုင်းဒါးနှင့် ချိတ်ဆက်ထားပြီး ဂျမားအစ္စလမ် အဖွဲ့ နဲ့ အာဖဂန် ဟစ်ဘီအစ္စလမ်အဖွဲ့များရဲ့ အကူအညီကို ရထားတယ်လို့ ဆိုပါတယ်။
    ”အရင်ကတည်းက ပြဿနာတွေ ရှိခဲပေမယ့် နောက်ပိုင်းမှာ ပါကစ္စတန်မွတ်စလင်တွေကြောင့် ပိုဆိုးလာတယ်” ဟု ဝီရသူက ဆိုပါတယ်။ ” “သူတို့က မြန်မာကို မွတ်စလင် ဖြစ်စေချင်ကြတာ။ ဒါပေမယ့် မြန်မာနိုင်ငံက ဗုဒ္ဓဘာသာနိုင်ငံပဲ။ သူတို့က ကျန်တဲ့ အာရှတစ်ခုလုံးကို မွတ်စလင် ဖြစ်စေချင်ကြတာ။ မွတ်စလင် စည်းမျဉ်းတွေနဲ့ နေစေချင်နေကြတာ။ ဦးဇင်းတို့ကတော့ ဗုဒ္ဓသာသာဝင်ပဲ။”
    ”မြန်မာနိုင်ငံက ရာဇဝတ်မှူ အားလုံးနီးပါးဟာ မွတ်စလင်တွေကြောင့်ပဲ။ ဘိန်းလည်းစိုက်တယ်။ ခိုးလည်းခိုးတယ်။ မုဒိန်းလည်းကျင့်တယ်။ အာဖဂန်မှာလိုလည်း ဗုဒ္ဓရုပ်ပွားတော်ကို ဖျက်ဆီးချင်နေကြတယ်။ အခုတော့ ဒီလုံချည်မျိုးနဲ့ ရန်စတယ်။”
    လုံချည်တွင် ဗုဒ္ဓသာသာ သင်္ကေတများနဲ့  မအင်္ဂါလို့ ယူရတဲ့ပုံများထိုးထားတဲ့ လုံခြည်တွေကို မလေးရှားမှာ ရ ရိုက်နှိပ် ၀တ်ဆင်ကြတယ်လို့ ဆိုပါတယ်။  အဲဒီကိစ္စကတော့ ၂၀၀၁ခုနှစ်က ဖြစ်ပေါ်ခဲ့တဲ့ အဓိကရုဏ်းရဲ့ အစမီးပွားပါပဲ။ အဓိကရုဏ်းကတော့ တောင်ငူ၊ ပြည်၊ စစ်တွေ၊ နှင့် မန္တလေး မြို့များသို့ ပျံ့နှံ့ခဲ့ပါတယ်။ ဦးဆောင်သူတွေကတော့ ဗုဒ္ဓသာသာ ဘုန်းကြီးများပါပဲ။  မွတ်စလင်များရဲ့ စီးပွားရေး လုပ်ငန်းများ အိမ်များနှင့် ဗလီဝတ်ကျောင်းများကို ဖျက်ဆီးခဲ့ပြီး လူကိုးယောက် သေဆုံးခဲ့ရပါတယ်။
    လူ့အခွင့်စောင့်ကြည့်ရေးအဖွဲ့ရဲ့ ၂၀၀၁ခုနှစ် ထုတ်ပြန်တဲ့ ”မြန်မာမွတ်စလင်များကိုဖြိုခွဲခြင်း” ခေါင်းစဉ်နဲ့ အစီရင်ခံစာအရ အဲဒီတုန်းက ဘုန်းကြီးတွေက အစိုးရနဲ့ အဓိကရုဏ်းဖေါ်ဆောင်ရေးကို ပူးပေါင်း လုပ်ဆောင်ခဲ့ကြပြီး ”အမျိုးပျောက်မှာ စိုးကြောက်လှသည်” လိုမျိုး လက်ကမ်းစာစောင်တွေကို ဖြန့်ချိခဲ့တယ်လို့ သိရပါတယ်။
    လက်ကမ်းစာစောင်တွေကို ကြံ့ဖွံ့အဖွဲ့က ဦးစီးလုပ်ဆောင်ပေးခဲ့တာပါ။ ကြံ့ဖွံ့ကတော့ အဲဒီတုန်းက စစ်အစိုးရက ဦးဆောင်ဖွဲ့ထားတဲ့ အရပ်သားအဖွဲ့ပါ။ ဒီမိုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ခြုံခိုတိုက်ခိုက်တာမျိုးတွေကို အဲဒီအဖွဲ့က လုပ်ဆောင်ခဲ့တာပါ။
    အဓိကရုဏ်းကို ဘုန်းကြီးတွေက ဦးဆောင်တာက သဘာဝမကျသလို ရှိပေမယ့် သေချာစွာ လေ့လာကြည့် ရင်တော့ ၎င်းအချက်သည် သံသယဖြစ်ဖွယ်မဟုတ်ပါ။ စစ်အစိုးရရဲ့ ထောက်လှမ်းရေးတွေက ဘုန်းကြီးများအကြား စိမ့်ဝင်ပျံ့နှံ့လျက်ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘုန်းကြီးတွေက ဒီမိုကရေစီအရေးမှာ တက် တက်ကြွစွာ လှုပ်ရှားကြတာကြောင့် သူတို့ကို စောင့်ကြည့်ဖို့ ထည့်ထားတာပါ။ အခုဆိုရင်တော့ အဲဒီထောက်လှမ်းရေးများ၏တာဝန်က ဘုန်းကြီးများကို စောင့်ကြည့်ရုံသက်သက်ထက် ပိုတယ်လို့ ဆိုနိုင်ပါတယ်။
    လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ အဓိကရုဏ်းဖြစ်အောင် လှုပ်ရှားကြတဲ့ ဘုန်းကြီးများတွေက လက်ကိုင်ဖုန်းတွေ ကိုင်ထားကြတယ်။ အဲဒီအချိန်က လက်ကိုင်ဖုန်းဆိုတာ မြန်မာနိုင်ငံ၌ ငွေကြေးချမ်းသာသူအချို့သာကိုင်နိုင်ပြီး အစိုးရက ထောက်ပံ့ထားကြောင်း ထင်ရှားလှပါတယ်။ အဲဒီအချိန်က ဘုန်းကြီးများအကြားမှာ အဓိကရုဏ်းထောက်ခံသူနှင့် ဆန့်ကျင်သူဟူ၍လည်း နှစ်ပိုင်းကွဲလျက် ရှိတာကြောင့် ထောက်လှမ်းရေး သူလျှိုဘုန်းကြီးတွေ ရှိနေတယ်ဆိုတာကို သက်သေခံနေပါတယ်။
    “ဝီရသူဆိုတာ အစိုးရခိုင်းတာ လုပ်နေတာပါ”ဟု အမည်မဖော်လိုသူ ဘုန်းကြီးတစ်ပါးက Asia Times Online ကို ပြောပါတယ်။ “သူပြောတာတွေဟာ ဗုဒ္ဓဘာသာမဟုတ်ဘူး။ သူလုပ်နေတာတွေကလည်း ဗုဒ္ဓဘာသာမဟုတ်ဘူး။ သူ့အယူအဆတွေကို လက်မခံတဲ့ဘုန်းကြီးတွေ အများကြီးပါပဲ။” အဲဒီဘုန်းကြီးကပဲ ဖြည့်စွက်ပြောပါတယ်။ ဝီရသူဟောပြောချက်များကိုလည်း ဘုန်းတော်ကြီးများက အသိအမှတ်မပြုကြပါဘူး။
    စစ်အစိုးရကတော့ ယခင်ကတည်းက နိုင်ငံရေးအခက်ကြုံလာရင် ဘာသာရေးအဓိကရုဏ်းတွေ ဖန်တီးနေကြပါ။ အဖြေက ရှင်းပါတယ်။ အဲဒီလိုလုပ်လိုက်တော့ သူတို့ အာဏာသိမ်းရမယ်၊ အာဏာသိမ်းတဲ့ ပုံစံကိုလည်ုး နိုင်ငံတကာမှာ အမြင်ရှင်းသွားအောင်ပါ။
    ဖေဖော်ဝါရီလ (၁၅)ရက် ၂၀၀၀-ခုနှစ်၊ အမေရိကန်ကွန်ဂရတ် လူ့အခွင့်အရေးအဖွဲ့မှာ ထွက်ဆိုချက်အရ ၁၉၉၄-ခုနှစ်အတွင်း ကရင်သူပုန် နှစ်ခြမ်းကွဲခဲ့ရခြင်းကလည်း အစိုးရ၏လက်ချက်ပါပဲ။ အဲဒိလို နှစ်ခြမ်းကွဲခဲ့ရတာကြောင့် KNU ရဲ့ အဓိကခြေကုပ်စခန်းဖြစ်သော မာနယ်ပလောကျဆုံးခဲ့ပါတယ်။
    ၁၉၉၁-ခုမှာလည်း ရိုဟင်ဂျာ ၂၅၀,၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ်အတွင်းသို့ ထွက်ပြေးခဲ့ရပါတယ်။ အဲဒီတုန်းက NLD ရွေးကောက်ပွဲနိုင်တော့ အစိုးရက အာဏာလွှဲမပေးတာကြောင့် နိုင်ငံတကာက ဖိအားပေးနေဆဲအချိန်ပါ။
    အစိုးရကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားတော့ နိုင်ငံတကာကနေ စီးပွားရေးပိတ်ဆို့တာတွေ၊ ရှုံ့ချခံရတာတွေ များနေချိန်ပါ။ အဲဒီလိုအချိန်မျိုးဆိုတော့ စစ်အစိုးရက အဓိကရုဏ်းအသွင်မျိုးထပ်မံဖန်တီးခဲ့ တာ အသေအချာပါပဲ။ အဲဒီတုန်းကKNLA (ကရင်အမျိုးသားလွတ်မြောက်ရေးတပ်)ကို တိုက်ခိုက်ခဲ့ပါတယ်။
    လူနည်းစု မွတ်စလင်တွေကတော့ လွယ်ကူတဲ့ ပစ်မှတ်ပေါ့။ KNLA ကို တိုက်ခြင်းထက် ရိုဟင်ဂျာကို တိုက်ခြင်းက အကြောင်းပြပင် ပိုလှနေသေးတာပေါ့။ နိုင်ငံတကာရဲ့ “War on Terror” အကြမ်းဖက်ဆန့်ကျင်ရေး ဟု ခေါင်းစဉ်တောင် တပ်လိုက်နိုင်ပါသေးတယ်။
    အကယ်၍ အဓိကရုဏ်းတွေထပ်ပြီးပေါ်ပေါက်လာရင်တော့ ၀ီရသူတို့လို သွေးထိုးပေးနေတဲ့ ဘုန်းကြီးတွေကြောင့်ပါပဲ။ ဒီလို ဘာသာရေးအဓိကရုဏ်းဖန်တီးလိုက်တော့ နိုင်ငံသားတွေရဲ့ သာယာဝပြောမှု ဆုတ်ယုတ်အောင် လုပ်နေတဲ့ အာဏာရှင် စံနစ်ကို နိုင်ငံတကာ အာရုံစိုက်မှုကနေ လမ်းလွှဲပေးလိုက်နိုင်တာပေါ့။
    Oct 21, 2003 တွင် Asia Times Online ၌ Cem Ozturk ရေးသားသော Myanmar’s Muslim sideshow ကို ဆီလျှော်အောင် ဘာသာပြန်ဆိုသည်။
  • “ကျောက်ဖြူ အကြမ်းဖက်မှုကိုလုပ်တာ မြို့ခံ တယောက်ဘဲပါတယ်။ ကျန်တာ အပြင်က ရခိုင်တွေ” (ကမန် တစ်ဦး)
    “ကျောက်ဖြူ အကြမ်းဖက်မှုကိုလုပ်တာ မြို့ခံ တယောက်ဘဲပါတယ်။ ကျန်တာ အပြင်က ရခိုင်တွေ” (ကမန် တစ်ဦး)
    နိုဝင်ဘာ ၃၊ ၂၀၁၂
    M-Media
    သတင်း – ထွန်းတောက်
    နိုဝင်ဘာ ၂ (ည ၁၁း၄၅ နာရီ)။  ။ဆင်တမှော်ရောက် မွတ်စလင်မ် ဒုက္ခသည် တစ်ဦး၏ ပြောကြားချက်
    ဆင်တမှော် ။             ။ကျောက်ဖြူမြို့မှာ အကြမ်းဖက်သမားများ၏အကြမ်းဖက်မီးရှို့ခံရမှုကနေ ထွက်ပြေးခဲ့ရပြီး ယခုအခါ ဆင်တမှော်မှာ ရောက်ရှိနေတဲ့ မွတ်စလင်မ်ဒုက္ခသည်များနဲ့ ဆက်သွယ်မေးမြန်းတဲ့အခိုက် ကမန်မွတ်စလင်မ် ဒုက္ခသည်တစ်ဦးပြောပြခဲ့တာဖြစ်ပါတယ်။
    “ဆင်တမှော်ကို တနေ့ကတော့ နယ်စပ်ရေးရာဝန်ကြီးဦးကိုကိုနဲ့ စီးပွားရေးဝန်ကြီး ဦးမြင့်အောင်တို့ ရောက်လာကြတယ်။ ဒုက္ခသည်တွေနဲ့တွေ့တယ်။ မနက်ဖြန်(၃.၁၁.၁၂)မှာ လ.၀.က က ဒုက္ခသည်တွေကို စစ်မယ်၊ စစ်ပြီး၇င် ကျောက်ဖြူကို ပြန်ပို့မယ်လို့ပြောတယ်။ ကျောက်ဖြူက ဒုက္ခသည်တွေက ကမန်တွေချည်းပဲ။ ဒါပေမယ့် အခုတော့ တချို့မှာ မှတ်ပုံတင်၊ အိမ်ထောင်စုဇယားတွေ မရှိကြတော့ဘူး။ ကျောက်ဖြူကို ပို့မယ်ဆိုတာ ကိုယ့်အိမ်တွေကို မဟုတ်သေးပါဘူး။ ကျောက်ဖြူမှာ ဒုက္ခသည်စခန်းပုံစံမျိုးကို ပို့မယ်ပြောတာပါ။”
    “ကျောက်ဖြူက စိတ်ထားကောင်းတဲ့  ရခိုင်တွေကလည်း မွတ်စလင်မ်တွေ အခုလိုဖြစ်တာကို တော်တော်စိတ်မကောင်းဖြစ်ကြတယ်။ သူတို့တွေကလည်း ပြောကြတယ်။ ကျောက်ဖြူက မွတ်စလင်မ်တွေ ဆင်တမှော်မှာ ဒုက္ခရောက်နေကြရတယ်။ ဒါကြောင့် ကျောက်ဖြူကို ပြန်ခေါ်ပါလို့ပြောကြတယ်။ တစ်နေ့က ကျောက်ဖြူက ရခိုင်တွေနဲ့ ကျွန်တော်တို့ဒုက္ခသည်တွေ ဖုန်းပြောဖြစ်တယ်။ သူတို့တွေ ငိုကြတယ်။ ကျောက်ဖြူမှာ မွတ်စလင်မ်တွေ အခုလိုဖြစ်ရတာ ကျောက်ဖြူမြို့ခံထဲက တစ်ယောက်ပဲ အဓိကပါတယ်။ ကျန်တာက တစ်ခြားကရခိုင်တွေ။ ကျောက်ဖြူ အကြမ်းဘက်မှုကို လုပ်သွားတဲ  အဓိကလူက ဗလကြီးလို့ခေါ်တယ်။ ကျောက်ဖြူမြို့က သူတယောက်ဘဲပါတယ်။  သူက ကျောက်ဖြူမှာ မီးပေးတယ်။ အစိုးရကပေးတဲ့ လျှပ်စစ်မီးသေသွားတဲ့အခါမှာ ဗလကြီးက မီးပေးလေ့ရှိတယ်။ ကျွန်တော်တို့ မွတ်စလင်မ်တွေလည်း သူ့ဆီက မီးယူရတာပါ။ သူ အခုလို မွတ်စလင်မ်တွေ ဒုက္ခရောက်အောင် လုပ်တာကို ကျောက်ဖြူက စီးပွားရေးသမား ကိုကျော်လင်းဆိုသူကလည်း မကျေနပ်ဘူး။ ဘာလို့လဲဆိုတော့ မွတ်စလင်မ်တွေစက်လှေတွေကို ကိုကျော်လင်းက ငွေထုတ်ပေးထားတာ။ အခုလိုဖြစ်သွားတော့ သူလည်း စီးပွားရေးထိခိုက်တာပေါ့။ ကိုကျော်လင်းကို ထောက်ခံတဲ့ နောက်တစ်ယောက်ကတော့ ဦးအောင်ဘစောဆိုတဲ့တစ်ယောက်ပါ။ သူကလည်း ကျောက်ဖြူမှာနေပါတယ်။ ရန်ကုန်မှာတော့ အိုလမာရုံးချုပ်နဲ့ မျက်နှာချင်းဆိုင်မှာ ဖွင့်ထားတဲ့ မြတ်မင်္ဂလာ ရွှေဆိုင် ပိုင်ရှင်လို့သိရတယ်။ သူကလည်း ကိုကျော်လင်းကိုထောက်ခံတယ်။ အခုတော့ ဗလကြီးလည်း ကျောက်ဖြူမှာ မရှိတော့ဘူး ရန်ကုန်ရောက်နေတယ်လို့ကြားတယ်။”
    “လွန်ခဲ့တဲ့ ၃-၄ရက်ကတော့ ဒုက္ခသည်တွေအတွက် ဆန်အိတ်(၁၅၀)၊ ပဲအိတ်(၇)အိတ် လာပေးသွားတယ်။ ဒုက္ခသည်က ၄၀၀၀ ကျော်ရှိပါတယ်။ အခုတော့ ကမ်းမှာ စက်လှေ (၂)စီးကပ်ထားတယ်။ ရိက္ခာအတွက်လို့ပဲထင်တယ်။ အဲဒီစက်လှေ (၂)စီးကပ်မယ်ဆိုတော့ ကျွန်တော်တို့ရဲ့ လှေတွေကို ဘေးကို ဆွဲပေးထားရတယ်။ အခုတော့ မှောင်နေပြီဆိုတော့ စက်လှေပေါ်ကို ဘာမှ မမြင်ရဘူး။ ဒီမှာ ဘာမီးမှ မရှိဘူး။ မှောင်မည်းနေတာ။”
    “လွန်ခဲ့တဲ့ ၃-ရက်လောက်ကပဲ သတင်းထောက်တွေ လာသွားတယ်ဗျ။ နယူးဇီလန်က(၁)ယောက်၊ သြစတြီးယားက(၁)ယောက်၊ လက်ဘနွန်က(၁)ယောက် စုစုပေါင်း(၃)ယောက် ရွာထဲမှာ ၃-နာရီလောက်ကြာတယ်။ ဗီဒီယိုလည်း လှည့်ရိုက်တယ်။ အင်တာဗျူးလည်းလုပ်သွားတယ်။ ကြားထဲက စကားပြန်ပါတယ်။ စကားပြန်ကလည်း အမှန်အတိုင်းတော့ ပြန်ပေးပါတယ်။ သတင်းထောက်တစ်ယောက်က မေးတာရှိတယ်။ နိုင်ငံတော်အစိုးရက ရိုဟင်ဂျာတွေရယ် ကမန်တွေရယ်ကို ပေါင်းပြီး ဘင်္ဂါလီလို့ပြောရင် လက်ခံမလားတဲ့။ ကျွန်တော်တို့တွေ ဖြေတယ်။ လက်မခံနိုင်ပါဘူး။ ကမန်တွေဟာ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုထားခံရတာတောင် အခုလို လုပ်ခံရတာ ဒါကြောင့် လက်မခံနိုင်ပါဘူးလို့ပြောလိုက်တယ်။ ကျောက်ဖြူကို ပြန်ချင်တယ်။”လို့ ပြောကြတော့။ သတင်းထောက်က ပြောတယ် လုံခြုံပါ့မလားတဲ့။ ကျွန်တော်တို့တွေလည်း ပြောလိုက်တယ်။ အဲဒါတွေအတွက်က နိုင်ငံတော်အစိုးရမှာသာ တာဝန်ရှိပါတယ်’လို့ နောက် ပြည်တွင်းက သတင်းထောက် တစ်ယောက်လည်းပါတယ်။ ဘယ်ကလဲ နာမည်ဘယ်သူလဲတော့ မသိဘူး။ အယ်လ်ဂျဇီးဒါး ဦးထုတ်တော့ ဆောင်းထားတယ်ဗျ။ ကျွန်တော်တို့ အေးချမ်းချင်လှပါပြီ” လို့ သူကြုံတွေ့သိထားသမျှရယ် သူ့ခံစားချက်ရယ်ကို M-Media ကို ပြောပြလာပါတယ်။
  • ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ကိုမြအေး(၈၈) ပြောကြားချက်
    ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ကိုမြအေး(၈၈) ပြောကြားချက်
    နိုဝင်ဘာ၊ ၁ ။ ၂၀၁၂
    Source: Messenger News Journal
    ကျွန်တော် ဒီမှာ လာတက်တာက ဆွေးနွေးဖို့ လာတက်တာတော့ မဟုတ်ဘူးဗျ။ ဆွေးနွေးပိုင်ခွင့် အခွင့် အာဏာကိုလည်း ကျွန်တော့်ကို ၈၈ မျိုးဆက်ကျောင်း သားများကလည်း မအပ်နှင်းထားပါဘူး။
    ကျွန်တော်ဒီကိုလာခဲ့တာ ငြိမ်းချမ်းရေးကို လိုလား သူတစ်ယောက်အနေနဲ့ လာခဲ့တာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ဆီမှာ စည်းမျဉ်းစည်းကမ်း ရှိ ပါတယ်။ ၈၈ ကို ကိုယ်စားပြုပြီး ပြောမယ်ဆိုရင် အစည်းအဝေး ဆုံးဖြတ်ချက်အရသာ လုပ်ပိုင်ခွင့် ရှိလို့ ပါ။
    အဲဒီတော့ ဒီနေ့ ဒီအချိန် ဒီနေရာမှာ ကျွန်တော် ပြောတဲ့စကားသည် သာမန်မြအေးဆိုတဲ့ အနေအထား အတိုင်းပဲ ပြောခွင့်ပြုပါ။ အစ္စလာမ်ဘာသာကို ကိုးကွယ် တဲ့ ပြည်သူလူထုထဲက သာမန်မြအေးဆိုတဲ့ လူသား တစ်ယောက်အနေနဲ့ပဲ ပြောခွင့်ပြုပါ။
    ကျွန်တော်တို့ တိုင်းပြည်ဟာ နှစ်ပေါင်းများစွာ အမှောင်ထုအောက်မှာ ဖြတ်သန်းခဲ့ရတယ်။ ကျွန်တော်တို့ ရဲ့ အတွေးအခေါ်တွေဟာ ရိုက်ချိုးခြင်း ခံခဲ့ရတယ်။ လောင်းရိပ်တစ်ခုအောက်မှာ နှစ်ပေါင်းများစွာ ပိတ်ပင် ခြင်းခံခဲ့ရတယ်။ အခုမှ အသွင်ကူးပြောင်းရေးကာလထဲ ကို ချဉ်းနင်းဝင်ရောက်လာခါစ ဖြစ်ပါတယ်။ ဒီမိုကရေ စီဆိုတာ အားလုံး ပြောတတ်ပါတယ်။ တကယ့် ဒီမိုကရက်တစ် ဖြစ်ဖို့အတွက် ပေးဆပ်ခဲ့ရတဲ့ဟာတွေကို ကြည့်မယ်ဆိုရင် ထင်သလောက် မလွယ်ဘူးဆိုတာကို တွေ့ရပါလိမ့်မယ်။
    ပြောချင်တာက မတူကွဲပြားမှုတွေကို နားလည်ဖို့ လိုပါလိမ့်မယ်။ ရင့်ကျက်ဖို့ လိုပါလိမ့်မယ်။ နားလည်မှု ရင့်ကျက်မှု မရှိဘဲနဲ့ ဒီမိုကရက်တစ် နိုင်ငံတစ်ခုကို ဖန်တီးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒီနေရာမှာ ပြောချင်တာ ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုလို့ရှိရင် ဒီနေ့ဒီအချိန်အခါမှာ ကျွန်တော်တို့ရဲ့ စဉ်းစား တွေးခေါ် ချက်တွေဟာ Ground Zero ကိုခင်းပြီး စဉ်းစားဖို့ လိုပါလိမ့်မယ်။ အဲဒီလိုမဟုတ်ဘဲ သမိုင်းဆိုင်ရာ အချက် အလက်တွေနဲ့ အပြန်အလှန် ငြင်းခုန်ပြီးတော့ နေကြမယ် ဆိုရင် ဘယ်လိုမှ ငြိမ်းချမ်းရေးကို မရနိုင်ဘူးလို့ ကျွန်တော်မြင်ပါတယ်။
    ကျွန်တော်ပြောချင်တာက ဒီနေ့ဒီအချိန်အခါမှာ အစ္စလာမ်ဘာသာကို အခြေခံပြီး စဉ်းစားတာမျိုး ဗုဒ္ဓ ဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာကို အခြေခံ စဉ်းစားတာမျိုးထက် Human Being ဆိုတဲ့ လူသား အခြေခံပေါ်မှာ စဉ်းစားခြင်းကသာလျှင် အဖြေမှန်တစ်ခု ကို ရနိုင်ဖို့ နီးစပ်မယ်လို့ မြင်ပါတယ်။
    ဘာပဲပြောပြော ရိုးရိုးပဲ အစ္စလာမ်ဝင်တစ်ယောက် အနေနဲ့ပဲ ပြောပါရစေ။ ကျွန်တော်တို့ဟာ ဒီနိုင်ငံဟာ ဗုဒ္ဓဘာသာဝင် အများစု နေထိုင်တဲ့နိုင်ငံ ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာဝင်များနဲ့ ရဟန်းတော်များကို အစ္စလာမ် ဘာသာဝင်များကလည်း လေးစားဖို့လိုမယ်ဆိုတာ အတိ အလင်း ပြောပါ့မယ်။ အစ္စလာမ်ဘာသာဝင်အတွင်းမှာ ငါတို့ ဘာအားနည်းနေလဲ၊ ငါတို့ အများနဲ့ သဟဇာတ ဖြစ်စွာ ဘယ်လိုနေထိုင်မလဲဆိုတာကိုပါ Community ကို Change ဖို့ အချိန်တန်ပြီလို့ ကျွန်တော် ပြောချင်ပါ တယ်။
    ကျွန်တော် လူဆိုတဲ့အပေါ်မှာ စိတ်ဝင်စားပါတယ်။ ကျွန်တော့်ကိုကြိုက်တဲ့ လူမျိုးတံဆိပ်ကပ်လိုက်ပါ။ ကျွန်တော့်ကို ကြိုက်တဲ့ အမည်ခေါ်လိုက်ပါ။ ကျွန်တော် ကိုယ့်ကျွန်တော် လူပီသစွာ နေထိုင်ဖို့ပဲ စိတ်ဝင်စားပါ တယ်။
    ကျွန်တော် နားလည်တဲ့ ဘာသာရေးများဟာ လူ ပီသအောင် လူသားဆန်စွာ နေထိုင်နိုင်အောင် ကျင့်ကြံ ပေးတဲ့ တရားတွေလို့ ကျွန်တော် အဲဒီလို နားလည်ထား တဲ့အတွက် ကျွန်တော် လူတစ်ယောက်အဖြစ်ပဲ နေထိုင် ခွင့်ပြုပါ။ အဲဒီအပေါ်မှာ ကျွန်တော် ဘာမှမသိရဘဲနဲ့ ကျွန်တော့် အဖေ အမေ အဘိုး အဘွား အမွေပေးတဲ့ ဘာသာရေးဆိုတဲ့ တံဆိပ်အပေါ်မှာ ခွဲခြားဆက်ဆံတဲ့ ဟာမျိုးကိုတော့ ရင်မဆိုင်ပါရစေနဲ့။ ကျွန်တော် လက် လည်းခံမှာ မဟုတ်ပါဘူး။
    ကျွန်တော် ပြောချင်တာက သမိုင်းဆိုင်ရာ အချက် အလက်တွေ ဒီနေရာမှာ ထပ်ပြီး ရခိုင်တိုင်းရင်းသား တွေအတွက်ကို နည်းနည်းလေး ပြောပါရစေ။ ရခိုင် ပြည်နယ်အနေနဲ့ကလည်း လဝက ဥပဒေနဲ့ ပတ်သက်ပြီး တော့လည်း ကျွန်တော် နည်းနည်းပြောချင်တယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မွေးဖွားတဲ့ အစ္စလာမ် ဘာသာဝင်တွေဖြစ်တဲ့ အတွက်ကြောင့်မို့လို့ မြန်မာနိုင်ငံသူ နိုင်ငံသားနဲ့ မြန်မာနိုင်ငံ အပေါ်မှာတော့ သစ္စာရှိဖို့ လိုပါ လိမ့်မယ်။
    ကျွန်တော်တို့ နိုင်ငံဟာ တစ်ဖက်က အိန္ဒိယလို သန်းထောင်ကျော်နိုင်ငံနဲ့ တစ်ဖက်က တရုတ်ပြည်ကြီးဆို တဲ့ သန်းထောင်ကျော်တဲ့ နိုင်ငံကြားမှာ ရှိတဲ့အတွက် ပထဝီဝင်နိုင်ငံရေးကို မစဉ်းစားဘဲနဲ့ လဝက ဥပဒေကို လိုချင်တဲ့ ပုံစံတွေ ဆွဲပြောနေတာ အလွန်များတယ်လို့ မြင်ပါတယ်။
    တစ်ဖက်ကလည်း အဲဒီလို ဆွဲပြောတာ မှားသလို တစ်ဖက်ကလည်း ဒီကောင်တွေဟာ ကုလားတွေပါ ကုလားတွေပါလို့ ပြောတာ ကျွန်တော် ဝမ်းနည်းပါ တယ်။ အိမ်ရှင်တွေ မဟုတ်ပါဘူး၊ ဧည့်သည်တွေပါလို့ ပြောကြားခြင်းဟာလည်း လက်ခံနိုင်စရာ မရှိပါဘူး။
    ဟုတ်ပါပြီ။ ကျွန်တော်တို့တိုင်းပြည်ကို သစ္စာရှိဖို့ ကျွန်တော်တို့ Community ကို Change လုပ်ပါလို့ ဒီနေရာကနေပြီး အတိအလင်း တောင်းဆိုပါတယ်။ သစ္စာမရှိလို့ ပြောနေတာ မဟုတ်ပါဘူး။ တစ်ဖက်နဲ့ တစ်ဖက် နားလည်မှု လွဲနေလို့ပါ။ နောက်တစ်ခုက သမိုင်းဆိုင်ရာ အချက်အလက်တွေနဲ့ တစ်ခေတ်တုန်းက ရွှေထီးဆောင်းခဲ့ ဆောင်းခဲ့၊ ဒီဟာတွေ ပြန်လှန်ပြောနေ လို့လည်း အဖြေတစ်ခုကို ရမှာ မဟုတ်ပါဘူး။
    ရိုဟင်ဂျာ တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး ကျွန်တော်လူသားတစ်ယောက်အနေနဲ့ပဲ မြင်ပါတယ်။ ရိုဟင်ဂျာ တိုင်းရင်းသားတွေ ဟုတ်တယ် မဟုတ်ဘူး ဆိုတာ ပညာရှင်တွေ ဆွေးနွေးငြင်းခုန်ပြီး အတည်ပြု ချင်လည်း ပြုမယ်။ အတည်မပြုချင်လည်း မပြုဘူး။ အဓိက သေချာတာကတော့ ရိုဟင်ဂျာလူမျိုးသည် တိုင်း ရင်းသားပါ။ တိုင်းရင်းသားပါလို့ ထပ်ကာတလဲလဲ ကြွေးကြော်နေတာတွေဟာ ဒီနေ့ ဒီအချိန်အခါမှာ ဘယ် လိုမှ ငြိမ်းချမ်းရေးက တည်ဆောက်လို့ ရနိုင်မှာမဟုတ် ဘူးဆိုတာလည်း ရိုဟင်ဂျာလူမျိုးများကို အတိအလင်း ပြောပါရစေ။
    ကျွန်တော်တို့ အင်မတန် စိုးရိမ်ရတဲ့ အခြေအနေဆိုး ကြီးထဲကို ရောက်နေတယ်လို့ ကျွန်တော် မြင်ပါတယ်။
    ရခိုင်ပြဿနာဟာ တဖြည်းဖြည်းနဲ့ ကြီးမားလာ ပြီးတော့ ရန်ကုန်မြို့မှာဆိုရင် အစ္စလာမ်ဘာသာရေး အဖွဲ့က ခေါင်းဆောင်တွေရယ်၊ နိုင်ငံတော် သံဃမဟာ နာယက အပါအဝင် အင်မတန် ကြည်ညိုလေးစားစရာ ကောင်းတဲ့ ရဟန်းသံဃာတွေ ဘုန်းတော်ကြီးတွေကကော ရန်ကုန်မြို့ မန္တလေးမြို့တွေမှာ ဒီပြဿနာတွေ မီးပွား မကူးနိုင်အောင် ဝိုင်းဝန်းထိန်းသိမ်းနေရတဲ့ အခြေအနေ မျိုးတွေမှာ အခြေအနေဟာ အလွန် အကဲဆတ်တဲ့ အခြေ အနေမျိုးတွေပါ။
    အကဲဆတ်တဲ့ အခြေအနေမျိုးမှာ ငြင်းရင်ခုန်ရင်းနဲ့ ဒီပြဿနာတွေ ဒီဘက် ဆက်လာမှာကို မလိုလားပါဘူး။ ဒါဟာ တိုင်းပြည်နောက်ကြောင်း ပြန်လှည့်သွားနိုင်စရာ ဖြစ်တဲ့အပြင်ကို ကျွန်တော်တို့နိုင်ငံရဲ့ Image ပျက်စီး ပါလိမ့်မယ်။
    အဓိက ပြောချင်တာက ဒီနေ့ ဒီအချိန်မှာ ဟိုး ၈၈ ခုနှစ်က ဖြစ်ရပ်ကလေး မြင်ရင်း ပြန်ပြောပါရစေ။ စစ်အစိုးရက ပစ်ခဲ့ပါတယ်။ စစ်အစိုးရရဲ့ နံပါတ်တုတ် တွေက ရိုက်ခဲ့ပါတယ်။ ကျွန်တော်တို့က ၈ ပေ ၁၂ ပေလောက် ကျဉ်းမြောင်းတဲ့ အခန်းထဲမှာ ထည့်သွင်း အကျဉ်းချခဲ့ပါတယ်။ ထောင်သွင်း အကျဉ်းချ ရက်စက် သတ်ဖြတ်ခဲ့တဲ့ ကာလတွေမှာ သူတို့ပစ်တဲ့ ကျည်ဆံ တွေ သူတို့ရိုက်တဲ့ နံပါတ်တုတ်တွေက တိုက်ခန်း အကျဉ်းလေးထဲမှာရှိတဲ့ ဖျာကြမ်းတွေက ဘယ်ဘာသာ ဘယ်လူမျိုးဆိုပြီး မခွဲထားပါဘူး။ ဗုဒ္ဓဘာသာလည်း ထိမှာပဲ၊ ခရစ်ယာန်လည်း ထိမှာပဲ၊ ဟိန္ဒူလည်း ထိမှာ ပဲ။ အဓိကကတော့ ထိတဲ့နေရာမှာ ဘာသာလူမျိုးဆို ပြီးတော့ ခွဲခြားထားတာ မဟုတ်ပါဘူး။ ဒီဖိနှိပ်မှုကို ပြည်သူလူထုတစ်ရပ်လုံး ဘာသာပေါင်းစုံ လူမျိုးပေါင်း စုံ ခံစားလာခဲ့ရပြီးတော့မှ အခုအချိန်မှာ ဒီလို အကွဲ အပြဲနဲ့ ပို၍ ပို၍ ဆိုးရွားတဲ့ ခေတ်ကာလကြီးထဲကို ရောက်အောင် တွန်းပို့နေတဲ့ လူတစ်စု အတိအလင်း ပြောပါ့မယ်။ လူတစ်စုဆိုတဲ့အထဲမှာ ဘယ်ဘက်အုပ်စု က ဘယ်လို၊ ဘယ်ဘက်အုပ်စုက ဘယ်လိုဆိုတာ မရိုး စွပ်ချင်ပါဘူး။
    ဒီနေရာမှာ ပွင့်ပွင့်လင်းလင်းပဲ ထပ်ပြောပါ့မယ်။ ပြည်တွင်းပြည်ပ ဒီပြဿနာကို ဖန်တီးနေတဲ့ သူတွေဟာ ဒီတိုင်းပြည်မှာ ရင်းရင်းနှီးနှီး နေလာခဲ့ကြတဲ့ အစဉ် အလာရှိနေခဲ့ကြတာကို ဖျက်ပြီးတော့ အင်မတန် ဝမ်း နည်းစရာကောင်းတဲ့ ခေတ်ဆိုးကြီးကို ဖန်တီးနေတာဖြစ် တဲ့အတွက် အားလုံး ညီရင်းအစ်ကိုလို လက်တွဲချိတ် ထားရမှာ ဖြစ်ပါတယ်။
    လက်တွဲချိတ်တဲ့နေရာမှာ ရိုးရိုးသားသားပဲ လက် တွဲချိတ်ချင်ပါတယ်။ ဒီနေရာမှာ ဒီလိုချိတ်ပြီး ဒီလို အခွင့်အရေးယူမယ်ဆိုတဲ့ စိတ်နဲ့ စာလို့ရှိရင် ငါတို့ တိုင်းပြည်ကို ငြိမ်းချမ်းအောင် ဘယ်လို တည်ဆောက်မလဲ ဆိုတဲ့ဟာကို လက်တွဲယူပြီး အပြန်အလှန် လေးစားမှု၊ အပြန်အလှန်ရိုသေမှု၊ ရိုသေသင့် ရိုသေထိုက်တဲ့ လူကို ရိုသေခြင်းတရားအပေါ်မှာ သွားချင်ပါတယ်။
    တစ်ချိန်တုန်းက အစ္စလာမ်ဘာသာဝင်တွေ ဘုရား ဖူးသွားတဲ့အခါ ဟာခ်ျလုပ်တဲ့အခါမှာ ကောင်းကောင်း မွန်မွန် နေနိုင်အောင် ဗမာဘုရင်တွေထဲက မင်းတုန်းမင်း ကြီးက မက္ကာမြို့တော်မှာ ဒေါင်းဇရပ် တည်ဆောက်ပေး ခဲ့ဖူးပါတယ်။ အတိအလင်း ရှိပါတယ်။ အရင်းတုန်းက ဘာသာတရား ချစ်ကြည်ရင်းနှီးမှုကို ပြတာပါ။ မန္တလေး ရတနာပုံ နန်းတွင်းထဲမှာ အစ္စလာမ်ဘာသာဝင်တွေ ကောင်းကောင်းမွန်မွန် ဝတ်ပြုနိုင်အောင် ဗလီ ထားခဲ့ ဖူးတာ ရှိပါတယ်။
    အဲဒီလိုပဲ အစ္စလာမ်ဘာသာဝင်တွေအနေနဲ့ကလည်း အင်္ဂလိပ်ဟာ ဗမာပြည်ကို တိုက်ခဲ့တဲ့အခါမှာ ဗမာလူမျိုး တွေနဲ့အတူတူ ဗုဒ္ဓဘာသာဝင်တွေနဲ့ အတူတူ နယ်ချဲ့ ကိုလိုနီစနစ်ကို သမိုင်း အစဉ်အဆက် တွန်းလှန်ခဲ့တာ အထင်အရှား မြင်နိုင်ပါတယ်။
    အခုအချိန်မှာ Ground Zero ကို ကျဆင်းချင်ပါ တယ်။ Ground Zero ကိုဆင်းပြီးတော့ ကျွန်တော်တို့ ကြားထဲမှာ သဟဇာတ မဖြစ်မှု အစ္စလာမ်ဘာသာဝင် တွေက မှားတာကိုလည်း မှားတာ ရဲရဲပြင်ဖို့ လိုပါလိမ့် မယ်။ အဲလို ရဲရဲပြင်တာကို ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာ တွေလည်း ရှိပါတယ်။ ကျွန်တော်တို့ ပြင်ဖို့ ကြိုးစား ရပါလိမ့်မယ်။ ကြိုးစားတဲ့အခါမှာ ဗုဒ္ဓဘာသာဝင်တွေ ဟိန္ဒူဘာသာဝင်တွေ ခရစ်ယာန်ဘာသာဝင်တွေ အနေနဲ့ ကလည်း လက်တွဲခေါ်ပါလို့ အနူးအညွတ်တောင်းပန် ရင်း နိဂုံးချုပ်အပ်ပါတယ်။
  • ဗ.က.သ/တ.က.သ ဥက္ကဋ္ဌ ဦးရာရှစ် ရာပြည့် အခမ်းအနား ကျင်းပမည်
    ဗ.က.သ/တ.က.သ ဥက္ကဋ္ဌ ဦးရာရှစ် ရာပြည့် အခမ်းအနား ကျင်းပမည်
    နိုဝင်ဘာ၊ ၂၊ ၂၀၁၂
    M-Media
    သတင်း – အေးမောင်
    ရန်ကုန် ။     ။ ဗ.က.သ/တ.က.သ ဥက္ကဋ္ဌ ဦးရာရှစ်(၁၉၁၂-၂၀၁၂) ရာပြည့်အခမ်းအနားတစ်ရပ်ကို နိုဝင်ဘာလ (၅)ရက် နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
    ဦးရာရှစ် ရာပြည့်အခမ်းအနားအား  နိုဝင်ဘာလ (၅)ရက် နေ့လည် (၂)နာရီတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမ၌ ကျင်းမည်ဖြစ်သည်ဟု သိရှိရပါသည်။
    အခမ်းအနားကျင်းပရခြင်းမှာ ရည်ရွယ်ချက်(၃)ရပ်ရှိကြောင်း၊
    (၁) ဒုတိယကျောင်းသားသပိတ်ခေါင်းဆောင်၊ တ.က.သ ဥက္ကဌနှင့် ပထမဆုံး ဗ.က.သ ဥက္ကဌ၊ အမျိုးသားလွတ်မြောက်ရေးနှင့် ပါလီမန် ဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်ရာတွင် ထင်ရှားခဲ့သော ဦးရာရှစ်၏ ရာပြည့်နေ့ကို ဂုဏ်ပြုသောအားဖြင့် ထိုအခမ်းအနားကို ကျင်းပရခြင်း၊
    (၂) ခေတ်အဆက်ဆက် ကျောင်းသားသမဂ္ဂ မျိုးဆက်များအကြား ပိုမိုထိတွေ့ရင်းနှီးမှုရှိစေရန်၊
    (၃) ကျောင်းသားသမဂ္ဂ၏ အခန်းကဏ္ဍနှင့် သမိုင်းကြောင်းများကို မျိုးဆက်သစ်များ ပိုမိုသိရှိလာစေရန်အတွက် ရည်ရွယ် ကျင်းပရခြင်းဖြစ်ကြောင်းကို အခမ်းအနား ဖြစ်မြောက်ရေး စီစဉ်သူတစ်ဦးမှ ပြောပြပါတယ်။
    ကျောင်းသား အဖွဲ့အစည်းများ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ပေါ်ပေါက်လာပုံ
    ရန်ကုန်တက္ကသိုလ် စတင်တည်ထောင်စဉ်က တက္ကသိုလ် အာဏာပိုင်များတွင် ကျောင်းသားများအတွက် အဖွဲ့အစည်းတစ်ရပ် ရှိသင့်သည်ဟူသော အယူအဆရှိခဲ့သော်လည်း အကောင် အထည်မပေါ်ခဲ့ပေ။ တက္ကသိုလ် အဓိပတိဖြစ်သော ဘုရင်ခံဆာဟာကုတ်ဘတ်တလာ၏ မေတ္တာရပ်ခံချက်အရ ဒေါက်တာဦးညိုက တက္ကသိုလ်ကျောင်းသားများ အသင်းတိုက်တစ်ခု  တည်ဆောက်ရန်ငွေကျပ် ၁၇၀၀၀၀ ကို လှူဒါန်းခဲ့သည်။ ထိုငွေဖြင့် ၁၉၂၉-ခုနှစ်တွင် အသင်းတိုက်ကို စတင်တည်ဆောက်ခဲ့ ရာ ၁၉၃၀-ပြည့်နှစ်အတွင်း ပြီးစီးသည်။ ၁၉၃၀-ပြည့်နှစ် စက်တင်ဘာလ ၂၀-ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်အားကစားရုံ၌ ကျင်းပသည့် ကျောင်းသားထု အစည်းအဝေးက တက္ကသိုလ်ကျောင်းသားများသမဂ္ဂဖွဲ့စည်းရန် ဆုံးဖြတ်ပြီး အဖွဲ့ဝင် ၁၂- ဦးပါသော သမဂ္ဂစည်းမျဉ်းရေးဆွဲရေး ကော်မတီကို ဖွဲ့စည်းလိုက်သည်။ ထိုကော်မတီက ရေးဆွဲသည့် သမဂ္ဂစည်းမျဉ်းဥပဒေကို ၁၉၃၁-ခုနှစ် ဇန်န၀ါရီလ ၉-ရက်နေ့တွင် ကျင်းပသော  ကျောင်းသားထု အစည်းအဝေးက လက်ခံအတည်ပြုလိုက်ပြီး ဥက္ကဋ္ဌအဖြစ် ကိုကျော်ခင်၊ အတွင်းရေးမှူးအဖြစ် ကိုရာရှစ်တို့ ဦးဆောင်သော သမဂ္ဂ အမှုဆောင်ကော်မတီကို ဖွဲ့စည်းလိုက်ခြင်းအားဖြင့် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တကသ)ဟူ၍ တရားဝင်ပေါ်ပေါက်လာခဲ့သည်။ ဆောက်လုပ်ပြီးစီးပြီးသော တက္ကသိုလ် ကျောင်းသားများ အသင်းတိုက်ကိုလည်း တက္ကသိုလ် ကျောင်းသားများ သမဂ္ဂသို့ လွှဲပြောင်းပေးခဲ့သည်။
    မှတ်ချက် – ကိုကျော်ခင်သည်လည်း အစ္စလာမ်ဘာသာဝင်ပင်။
    ရန်ကုန်တက္ကသိုလ်သမိုင်း (၁၉၂၀-၁၉၉၅) ရန်ကုန်တက္ကသိုလ် (၇၅)နှစ်မြောက်စိန်ရတုသဘင် ရန်ကုန် တက္ကသိုလ်သမိုင်းနှင့် အထိမ်းအမှတ် စာစောင်များ ပြုစုထုတ်ဝေရေး လုပ်ငန်းကော်မတီ။
    ဦးရာရှစ်အကြောင်းပိုစ်များဖတ်လိုလျင် http://www.m-mediagroup.com/news/tag/urashid
    ၀၀၁
  • ကုရ်အာန်ကို နေ့စဉ် ဖတ်ရွတ်ကြောင်း ဗြိတိန် ၀န်ကြီးချုပ်ဟောင်း တိုနီဘလဲရ် ပြောကြား
    ကုရ်အာန်ကို နေ့စဉ် ဖတ်ရွတ်ကြောင်း ဗြိတိန် ၀န်ကြီးချုပ်ဟောင်း တိုနီဘလဲရ် ပြောကြား
    နိုဝင်ဘာ၊ ၂ ၊ ၂၀၁၂
    M-Media
    Source: magtimes.com
    မွတ်စလင်မ်တွေရဲ့ ဘာသာတရား (အစ္စလာမ်) ပာာ လှပ တင့်တယ်သလို တမန်တော် မုပာမ္မဒ်(ဆွ) ကလည်း ကြီးမြတ်တဲ့ လူယဉ်ကျေး လူ့ အဖွဲ့အစည်း အင်အားစု တစ်ရပ် ထူထောင်နိုင်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ် လို့ Observerမဂ္ဂဇင်းနဲ့ အင်တာဗျုးတစ်ရပ်မှာ ဗြိတိန် ၀န်ကြီးချုပ်ဟောင်း တိုနီဘလဲရ်က ပြောပါတယ်။
    “ကျွန်တော်က သမ္မာကျမ်းစာကို နေ့တိုင်းဖတ်သလို၊ ကုရ်အာန်ကျမ်းတော်မြတ်ကိုလည်း နေ့တိုင်းဖတ်ရွတ်ပါတယ် “လို့ ၀န်ကြီးချုပ်ဟောင်း က အဆိုပါ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားပါတယ်။
    အစ္စလာမ့် ကျမ်းစာ (ကျမ်းမြတ်ကုရ်အာန်) ဖတ်ရွတ်ခြင်းဟာ ဘာသာရေး အသိအမြင် တိုးပွားစေတယ်လို့လည်း ဘလဲရ် က ထပ်ဆင့် ပြောကြားသွားပါသေးတယ်။
    အခုလို ကျမ်းတော်မြတ်ကုရ်အာန်နဲ့ ပက်သက်ပြီး ၀န်ကြီးချုပ်ဟောင်းက ပြောကြားတာ ပထမအကြိမ် မဟုတ်ပါဘူး။ ၂၀၀၆ခုနှစ်မှာလည်း ကျမ်းမြတ် ကုရ်အာန်ဟာ (အမှားတွေကို) ပြုပြင်ပြောင်းလဲပေးတဲ့ ကျမ်းစာတစ်စောင် ဖြစ်ကြောင်း ပြောကြားခဲ့ပါသေးတယ်။
    ဗြိတိန် ဝန်ကြီးချူပ်ဟောင်း ဘလဲရ် ရဲ့ မရီးဖြစ်တဲ့ Lauren Booth ကလည်း အီရန်က မြင့်မြတ်တဲ့ အထွတ်အမြတ်ထားရာ သမိုင်းဝင်နေရာတွေကို သွားရောက် လည်ပတ်ပြီးတဲ့နောက်မှာ အစ္စလာမ်ကို သက်ဝင်ယုံကြည်လာသူ ဖြစ်လာပါတယ်။
    Lauren Booth ရဲ့ပုံတွေကတော့ သတင်းမှာ မပါပေမယ့်  ဖြည့်စွက် ထည့်ထားခြင်း ဖြစ်ပါတယ်။
    Booth stands next to a damaged building in Gaza in 2008
    အစ္စလာမ်သာသနာကို သက်ဝင်ကူးပြောင်းပြီးနောက် Lauren Booth
    ဆက်လက်ဖတ်ရှု့လိုလျှင်
    http://www.dailymail.co.uk/news/article-2002883/Tony-Blair-reads-Koran-day-stay-faith-literate.html