News @ M-Media

Author: M-Media

  • ဓါး၊လှံများ အပ်ရန် ရက်မပြည့်ခင် သံတွဲမှ မွတ်စလင်ခေါင်းဆောင်များကို အကြောင်းပြဖမ်း

    ဓါး၊လှံများ အပ်ရန် ရက်မပြည့်ခင် သံတွဲမှ မွတ်စလင်ခေါင်းဆောင်များကို အကြောင်းပြဖမ်း

    နိုဝင်ဘာ၊ ၁ ၊ ၂၀၁၂
    M-Media

    ရခိုင်ပြည်နယ် သံတွဲမြို့ ဂျာမေဗလီကြီးမှ ရှေ့ဆောင်ဆရာတော်လည်း ဖြစ်၍ မြို့နယ် သာသနာ့ပညာရှင်များ အဖွဲ့မှ ဥက္ကဌလည်း ဖြစ်သော ဆရာဦးဝါဟစ်နှင့် ထိုဗလီမှ ဂေါပက လူကြီး ဦးတင်အောင်တို့အား ၂၀၁၂ ၊ နိုဝင်ဘာ(၁) ရက်နေ့ တွင် အာဏာပိုင်များ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

    ဖမ်းဆီးရခြင်းအကြောင်းအရင်းမှာ ဓါး ၂ နက် တွေ့ရ သောကြောင့်ဟု စုံစမ်းသိရှိရပါသည်။

    ရခိုင်ပြည်နယ် တဝှမ်း ဓါး၊လှံလက်နက်များ လုံခြုံရေးအဖွဲ့ဝင်များအား နိုဝင်ဘာ ၃ ရက်နေ့နောက်ဆုံးထားပြိး အပ်နှံရန် သက်မှတ်ရက်နောက်ပိုင်းတွေ့ရှိလျှင် အရေးယူမည့်ဟု ကြေငြာချက်ထွက်ပြီး သတ်မှတ်ရက်မတိုင်ခင် ယခုလို့ မွတ်စလင်မ်များအား ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

    မြန်မာအစိုးရမှ ရခိုင်ပြည်နယ်အတွင်း အဓိကရုန်းဖြစ်စေရန် လှုံ့ဆော်ပေးသည့် နောက်ကွယ်မှ လူများအား ဖမ်းဆီးမည်ဟု ကတိပေးပြီး- တကယ် အပြစ်ကျူးလွန်သည့် လူများအား မဖမ်းဆီးဘဲ- မွတ်ဆလင်ဗလီဆရာများနှင့် ဂေါပက လူကြီးများအား စွပ်စွဲမှု မျိုးစုံဖြင့် စတင် ဖမ်းဆီးနေပြီ ဖြစ်ပြီး- မွတ်ဆလင်တို့ကိုသာ နည်းမျိုးစုံဖြင့် စွပ်စွဲ အရေးယူရန် ပြင်ဆင်လျှက် ရှိကြောင်း နိုင်ငံရေး လေ့လာသူ တစ်ဦးမှ သုံးသပ်ပြောဆိုပါသည်။

  • ‎’ကျွန်တော့်ဘဝရဲ့ အောင့်သက်သက်များ’

    ‎’ကျွန်တော့်ဘဝရဲ့ အောင့်သက်သက်များ’

    နိုဝင်ဘာ၊ ၁ ၊ ၂၀၁၂
    ဆောင်းပါးရှင်-Mohammed Naeem

     

    မိဘတွေက မွေးစာရင်းမှာ နာမည်ရေးရင် မြန်မာနိုင်ငံမှာနေပြီး မြန်မာစာသင်တဲ့ ကျောင်းထားမဲ့ ရည်ရွယ်ချက်နှင့် မြန်မာနာမည်ရေးပါတယ်။

    ဒါပေမဲ့ မြန်မာပြည်မှာ သနပ်ခါးပါးကွက်လေးနဲ့ ကျောင်းစတက်တဲ့ မူလတန်းကတည်းက ကုလားလို့ ဆရာမရော သူငယ်ချင်းတွေပါ ခေါ်ကြတယ်။

    ဟုတ်ကဲ့ ကျွန်တော် ရေရေရာရာမသိသေးတဲ့ ဝေါဟာရ အဆန်းလေးမို့ အောင့်သက်သက်နဲ့ ပြုံးနေခဲ့ပါတယ်။

    အလယ်တန်းကျောင်းသားဘဝမှာ လူရည်ချွန်ရွေးခံရတော့ မင်းက ကုလားတဲ့ လိုက်လို့မရဘူးဆိုပြန်တယ်။

    အဲဒီတုန်းက မရေမရာ စဉ်းစားမိတာ စာတော်ရဲ့သားနဲ့ ငါဘာလို့ ကုလားဖြစ်ရတာလဲ။

    ဟုတ်ကဲ့ မိဘတွေက စိတ်အားမငယ်အောင် ထပ်ပြီး ငါ့သားကြိုးစားထား ဆိုတဲ့ အားပေးတာလေးကြောင့် အောင့်သက်သက်နဲ့ မျက်ရည်သုတ်ပြီး ပြုံးနေခဲ့ပါတယ်။

    အသက်ကလေးရလာတော့ နိုင်ငံသားစီစစ်ရေးကတ်ပြား လုပ်ရမယ်ဆိုပြီး အဖေက လ.ဝ.က ဆိုတဲ့ရုံး သွားရမယ်ဆိုတော့ ဘာမှန်းညာမှန်းမသိ လွှတ်ပျော်နေတာ ငါတော့ လူဖြစ်ကတ်ရတဲ့ လူကြီးဖြစ်ပြီပေါ့။

    ရုံးထဲဝင်ဝင်ချင်း တွေ့ရတဲ့ စာသား အဓိပ္ပါယ် အဖေ့မေးကြည့်မိတာ နအုံပူကနဲဖြစ်သွားလို့ ဆက်မမေးပဲ ပါးစပ်ပိတ်လိုက်ရတယ်။ ‘အဖေ လူကို ဘယ်လိုမြိုရတာလဲ’ ဆိုတာလေး မေးမိတာကို ရိုက်ရလားလို့ တွေးရင်း လက်ထောက်ရင်း ကွမ်းဝါးနေတဲ့ လက်ထောက်ဦးစီးမှုးဆီ ရောက်သွားပါတယ်။

    ဟုတ်ကဲ့ အဖေဘက်က အဖိုးရဲ့ အဖေက အိန္ဒိယ၊ အမေက ရှမ်း။ အဖွားရဲ့ အဖေရော အမေရော ဗမာစစ်စစ်။
    အမေဘက်က အဖိုးရဲ့ အဖေက ဗမာ၊ အမေက အိန္ဒိယ။ အဖွားရဲ့ အဖေက စူရတီ၊ အမေက မွန်။ ဦးစီးမှုးက ကျွန်တော်တို့က သွေးနှောတွေဖြစ်လို့ လူမျိုးနေရာမှာ ခုလိုရေးပေးပါတယ်။
    အိန္ဒိယ+ရှမ်း+ဗမာ+စူရတီ+မွန် တဲ့။ ဒီတစ်ခါ နအုံထပ် အနွှေးခံရတာက ‘အဖေတို့ အမေတို့ရဲ့ အဘိုးတို့ အဘွားတို့က ဘာလို့ အမျိုးတူအောင် မင်္ဂလာ မဆောင်တာလည်း’ မေးမိလို့ပါ။ အဖြေမရပဲ အရိုက်ခံနေရလို့ အောင့်သက်သက်နဲ့ လူမျိုးပေါင်းစုံတဲ့ နိုင်ငံသားစီစစ်ရေးကတ်ကြီး ရလာမဲ့အရေး တွေးရင်း အောင့်သက်သက်နဲ့ ပြုံးနေခဲ့ပါတယ်။

    အစိုးရစစ် ၈တန်းမှာ ဂုဏ်ထူးတွေနဲ့ အောင်ပြန်တော့ နာမည်ကြီးတဲ့ အထက်တန်းကျောင်းတက်ချင်လို့ မိဘကို ပူဆာမိတယ်။

    စေတနာကြီးတဲ့ မိဘတွေက သားပညာရေး ထူးချွန်စေလိုတော့ အထက(*)ဗိုလ်တစ်ထောင်ကို ဟိုလူကြီးပြေးကပ် ဒီလက်ဆောင်ဝယ်ပေးနဲ့ ရအောင် အပ်ပေးရှာပါတယ်။

    ဟုတ်ကဲ့ တစ်ခန်းလုံးမှာ တစ်ယောက်တည်းသော မွတ်စလင်မ် ၉တန်းကျောင်းသားကို ဟိန္ဒူအစ တရုတ်အဆုံး အကုန်လုံး ကုလားခေါ်ကြပြန်တော့ သြော် သူငယ်ချင်းတွေ နုတ်ကျိုးနေလို့ ခေါ်တာ ခေါ်ကြပါစေပေါ့ အောင့်သက်သက်နဲ့ ပြုံးနေခဲ့ပါတယ်။

    ၁၀တန်းအောင်တော့ ကျောင်းမပြီးသေးတဲ့ ခေတ်ဆိုတော့ အင်စတီကျူတ်တတ်ချင်တဲ့ ရောဂါ တစ်စခန်းထပြန်ပါတယ်။ အမှတ်ကောင်းအောင်ကြိုးစားဆိုတဲ့ မိဘတွေရဲ့ အားပေးမှုတွေကြောင့် စက်မှုတက္ကသိုလ်တက်ခွင့်ရပါတယ်။

    ရှားရှားပါးပါး သူငယ်ချင်းကောင်းတွေ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာစာ မိုင်နာယူရတဲ့ ပထမနှစ် နဲ့ ဒုတိယနှစ်မှာ မြန်မာစာ အမှတ်ကောင်းအောင် ကြိုးစားပြီး အမြဲအမှတ်ကောင်းခဲ့တော့ ကမ္မဝါဖတ်မဲ့ ကုလားဆိုပြီး အခေါ်ခံရပြန်တယ်။

    ဟုတ်ကဲ့ မြန်မာစာဋ္ဌာနမှုးအစ ကျောင်းသားတွေအဆုံး ဂုဏ်ထူးရှင် ကုလားဆိုပြီး ခေါ်တာတစ်မျိုး ဘတ်စ်ကားပေါ်က လစ်ရင်လစ်သလို ‘သာရေးကြိုးတစ်ပြား’ လို့ ကောင်းချီးပေးခံရတာတစ်ဖုံ ဆိုတော့ အောင့်သက်သက်နဲ့ ၈နှစ်နီးပါး အမုန်းမဖက် ပြုံးနေခဲ့ပါတယ်။

    မြန်မာပြည်မှာမွေး မြန်မာပြည်မှာနေ
    မြန်မာစကားပြော မြန်မာစာသင်
    မြန်မာလိုနေပြီး အစ္စလာမ်ဘာသာဝင်ဖြစ်လို့ ဘယ်လောက်ပညာတတ်တတ် ထိုက်တန်တဲ့ နိုင်ငံ့ဝန်ထမ်း နေရာမရနိုင်တော့ တတ်တဲ့ပညာ ချောင်ခဏထိုးပြီး ဝမ်းစာရေးပြဿနာ ဖြေရှင်းရပြန်တယ်။

    လူမျိုးစုံ ဘာသာစုံနဲ့ ထိတွေ့ဆက်ဆံရတဲ့အခါ စီးပွားရေး သမားပီပီ နူတ်ထွက်စကား ချိုသာရမယ် ဆိုတော့ ယဉ်ကျေးမှုကို ရှေ့တန်းတင်ပြီး ဆက်ဆံတော့ စီးပွားတက်လာပါတယ်။

    ဟုတ်ကဲ့ ပြဿနာက ကုလားဆိုင်မှာ ဝယ်ရတာကောင်းတယ်ဆိုတဲ့ စကားကြောင့် ငိုရခက် ရယ်ရခက် ဘာပြောရမှန်းမသိတော့ အောင့်သက်သက်နဲ့ ပြုံးနေခဲ့ပါတယ်။

    စစ်အစိုးရ အဆက်ဆက်မှာ ပါးရိုက်ခံလိုက် နားရိုက်ခံလိုက် အကြိမ်ကြိမ်ခံလာခဲ့ရတဲ့ ပြည်ထောင်စု ကုလား ကျွန်တော်များကို ရွှေဒုံးဘီအောင်ရဲ့ မဟုတ်မတရား စွပ်စွဲရေးသားထားတဲ့ ဖွတ်ကလိ စာအုပ်ကြီးနဲ့ စတင်ဖိနှိပ်တဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေဟာ တကယ့် ငရဲခန်းပါပဲ။ နိုင်ငံတစ်ဝှမ်း အစ္စလာမ်မုန်းတီးရေးတွေ ရိုက်သွင်းပြီး ဝတ်ပြုဆောင် ဗလီတွေဖျက်ဆီး မီးရှို့၊ အိမ်တွေ ဆိုင်တွေကို နေ့မအား ညမအား ဝင်လု အကြမ်းဖက်၊ ကိုယ်ဝန်ဆောင် မွေးကင်းစ ကလေးမကျန် သတ်ဖြတ်တဲ့ ရာဇဝတ်မှုကြီးတွေကို ဘာသာရေးဝတ်စုံတွေ ဝတ်ထားသူများ တရပ်စပ်ကျူးလွန်ကြပါတယ်။

    နိုင်ငံတော်ကို ငြိမ်ဝပ်ပိပြားအောင် အုပ်ချုပ်နေသူများက အစော်ကားခံရတဲ့ အနှိပ်စက်ခံရတဲ့ ကျွန်တော်တို့ကို ကုလားပေါ်ကုလားထပ်နေအောင် စော်ကားထားတဲ့ ဖွတ်ကလိ စာအုပ်ကြီးထဲက အကြောင်းတွေ မြောက်ဥက္ကလာပက ဘုရားထဲခေါ်ပြီး မဟုတ်မှန်ကြောင်း ဆင့်ခေါ်စာပို့ပြီး ရှင်းပြခိုင်းပါတယ်။

    ဟုတ်ကဲ့ အဲဒီတုန်းကတည်းက ဖျက်ဆီးခံထားရတဲ့ ဗလီဝတ်ကျောင်းတွေ အစိုးရတွေသာ ဘောင်းဘီပြောင်းသွားတယ် အခုထိ ပြင်ဖို့လည်းမပေး၊ ဝတ်ပြုခွင့်လည်းမပေးသလို တရားခံတွေလည်း ဘယ်ဆီမှာမှန်းမသိတော့ပါ။ ဆိုးတာက လာလုပ်ရင် ပြန်မခုခံရဘူးဆိုပြီး ထုတ်ပြန်ထားတဲ့ အမိန့်ကြောင့် အောင့်သက်သက်နဲ့ လက်ပိုက်လို့သာ ပြုံးနေခဲ့ပါတယ်။

    တစ်နှစ်တစ်မျိုး မရိုးနိုင်အောင် ဖန်တီးနေတဲ့ လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေဟာ အာဏာရှင်တို့ အသက်ဆက်နိုင်ရေးအတွက် နိုင်ငံတကာ အတွေ့အကြုံနည်းပါးလှတဲ့ ရိုးသားသူ ပြည်သူများဟာ အသုံးချခံတွေ ဖြစ်ခဲ့ ဖြစ်စဲပါ။

    အခုလို ဒီမိုကရေစီ မြေစမ်းခရမ်းပျိုးနေချိန်မှာ လွတ်လပ်ခွင့်ပေးခဲ့တဲ့ မီဒီယာကို မီးကုန်ယမ်းကုန် အသုံးချပြီး အစ္စလာမ်ဘာသာဝင်များကို ကမ်းကုန်အောင် online ကနေ တိုက်ခိုက်နေရင်းကနေ ကျောက်နီမော်မှာ ဖြစ်ပွားခဲ့တဲ့ သာမာန် ဖြစ်ရိုးဖြစ်စဉ် ရာဇဝတ်မှုကို ဘာသာရေး လူမျိုးရေး ခေါင်းစဉ်တွေတပ်ပြီး လှုံ့ဆော်လာကြပြီး အဲဒီအမှုနဲ့ ဘာမျှမဆိုင်ပဲ တောင်ကုတ်မှာ အပြစ်မဲ့ အစ္စလာမ်ဘာသာဝင် ခရီးသွား ၁၀ဦးကို နေ့ခင်းကြောင်တောင် လူမြင်ကွင်းမှာ ရက်ရက်စက်စက် ရိုက်သတ်ခဲ့ပါတယ်။

    ဟုတ်ကဲ့ သတင်းစာတွေမှာ ‘မွတ်စလင် ကုလား ၁၀ဦး အသတ်ခံရ’ ဆိုပြီး ရိုင်းစိုင်းစွာ ကနဦး သတင်းထုတ်ပြန်ခဲ့ပြီး နောက်ထပ်ပြင်ဆင်ချက်မှာ ‘ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင် ၁၀ဦး အသတ်ခံရ’ ဆိုပြီး ဒဏ်ရာကို ဆားထပ်ထည့်ပေးပါတယ်။
    နိုင်ငံတော်က စုံစမ်းပြီး သက်သေထွက်မဲ့သူမရှိလို့ အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်ဖို့ အခက်အခဲတွေဖြစ်ရပါတယ်လို့ သတင်းထုတ်ပြန်ပါတယ်။ အခုလို
    နိုင်ငံတော်ရဲ့ တရားရေးမဏ္ဌိုင် ကောင်းမွန်လွန်းလို့ အောင့်သက်သက်နဲ့ မချိပြုံး ပြုံးနေခဲ့ပါတယ်။

    ဟုတ်ကဲ့ အခုဖြစ်နေတဲ့ ရခိုင်ပြည်နယ် အရေးမှာ အဖြစ်မှန်တွေကို ပြည်သူတွေကို ဖုံးကွယ်ထားပြီး မမှန်ကန်တဲ့ မီဒီယာတွေရဲ့ သွေးထိုးမှုတွေကို လက်ပိုက်ကြည့်နေတာ၊ ရိုဟင်ဂျာဆန့်ကျင်ရေးတို့ ဘင်္ဂါလီ ဆန့်ကျင်ရေးတို့ကနေ မွတ်စလင်မ်ဆန့်ကျင်ရေးဖြစ်လာနေတာ၊ နိုင်ငံတစ်ဝှမ်းမှာ စာတွေဝေပြီး တရားဝင် မွတ်စလင်မ် မုန်းတီးရေးလုပ်နေသူတွေကို လစ်လျူရှုထားတာ၊ ကရင်ပြည်နယ်က ဗလီဝတ်ကျောင်းတွေ ဗုံးခွဲခံရတဲ့ အဆင့်ရောက်လာနေတာ၊ လူလယ်ခေါင်မှာ ဘာသာရေးဝတ်စုံတွေနဲ့ လူတွေ အစ္စလာမ်ဘာသာကို ပြောင်းပြောင်းတင်းတင်း စော်ကားတာကို ခွင့်ပြုနေတာတွေဟာ အောင့်သက်သက်နဲ့ အပြုံးမပျက် ခံနေရတဲ့ အဖိနှိပ်ခံတွေကို အစွန်းရောက် အကြမ်းဖက်သမားတွေ ဖြစ်လာအောင် လုပ်နေခြင်းပဲလို့ ယူဆရမလိုဖြစ်နေပါတယ်။

    ဟုတ်ကဲ့ ကျွန်တော်တို့နေထိုင်တဲ့ တိုင်းပြည်မှာ ဘာသာရေး လွတ်လပ်ခွင့် အပြည့်ရှိပါတယ်။

    အစ္စလာမ်ဘာသာကလွဲရင်ပေါ့ဗျာ*******

  • ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် စာနယ်ဇင်း ရှင်းလင်းပွဲ ကျင်းပ

    ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် စာနယ်ဇင်း ရှင်းလင်းပွဲ ကျင်းပ

    နိုဝင်ဘာ ၁၊ ၂၀၁၂
    ရန်ကုန်
    သတင်း – ဇော်ဇော်

    မြန်မာအမျိုးသား ကွန်ဂရက်ပါတီမှ ကမကထပြုလုပ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်စာနယ်ဇင်းရှင်းလင်းပွဲ တစ်ရပ်အား ၂၀၁၂ -ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့ နေ့လည် ၁း၀၀-နာရီတွင် ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမ၌ ကျင်းပခဲ့ပါတယ်။

    အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် စာနယ်ဇင်းရှင်းလင်းပွဲသို့ နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး ခေါင်းဆောင်များ၊ စာနယ်ဇင်းအဖွဲ့များကို ဖိတ်ကြားခဲ့ပါတယ်။ ယင်းအခမ်းအနားသို့ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ သံဃာတော်များ၊ အစ္စလာမ်ဘာသာရေးခေါင်းဆောင်များ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ကိုမြအေး နှင့် စာနယ်ဇင်းသမားများ လေ့လာသူများ စုစုပေါင်း ၅၀၀-ကျော် တက်ရောက်ခဲ့ကြပါတယ်။ အဆိုပါ ပွဲတွင် ရခိုင်အရေးကိစ္စကို ရှုထောင့်အမျိုးမျိုးဖြင့် ဆွေးနွေးတင်ပြခဲ့ကြရာ ပွဲပြီးဆုံးချိန် ညနေ ၄ နာရီဝန်းကျင်ခန့်တွင် တက်ရောက်လာသော နယ်ပယ်အသီးသီးမှ ခေါင်းဆောင်များညှိနှိုင်း၍  “ နိုဝင်ဘာ ငြိမ်းချမ်းရေးကြေငြာချက် ” အမည်ဖြင့် ကြေငြာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ ကြေငြာချက် အပြည့်အစုံမှာ –

    နိုဝင်ဘာ ငြိမ်းချမ်းရေးကြေငြာချက်

    နိဒါန်း

              ၂၀၁၂ ခုနှစ်အတွင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခအရပ်ရပ်တို့အပေါ် နိုင်ငံရေးပါတီများ၊ လူမှုအထောက်အကူပြု အဖွဲ့အစည်းများနှင့် ဘာသာရေးခေါင်းဆောင်များက ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့တွင် ငြိမ်းချမ်းရေးပေါ်တွင် အခြေပြု တွေ့ဆုံဆွေးနွေးကာ အောက်ပါ နိုဝင်ဘာ ငြိမ်းချမ်းရေး ကြေငြာချက်ကို စုပေါင်းလက်မှတ်ရေးထိုး ထုတ်ပြန် ကြေငြာလိုက်သည်။

    ၁။       ရခိုင်ပြည်နယ်အတွင်း ဖြစ်ရပ်မှန်များကို ပိုမို၍ ပွင့်လင်းမြင်သာစွာ သုံးသပ်နိုင်ရန်အတွက် နိုင်ငံပိုင် မီဒီယာများနှင့် ပုဂ္ဂလိကပိုင်မီဒီယာများက ဖော်ပြပေးရန် တောင်းဆိုကြသည်။

    ၂။       ဤငြိမ်းချမ်းရေးဆွေးနွေးပွဲ့သို့ တက်ရောက်လာကြသော အဖွဲ့အစည်းအသီးသီး၏ ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုအစိုးရအဆင့်ကိုယ်စားလှယ်များပါဝင်သော ပိုမိုကျယ်ပြန့်သည့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနှီးနှောဖလှယ်ပွဲများ ကျင်းပပေးရန် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတကြီးအား အကြံပြု တောင်းဆိုကြသည်။

    ၃။       ရခိုင်ပြည်တွင် တရားဥပဒေ စိုးမိုးရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်များအတွက် သက်ဆိုင်ရာ နိုင်ငံတော်အစိုးရ တာဝန်ရတာဝန်ရှိသူများအား ချီးကျူးပြီး ယခုထက်ပိုမိုထိရောက်သော ဆောင်ရွက်ချက်များကို အလျင်အမြန် အကောင်အထည်ဖော်ရန် မိမိတို့က တညီတညွတ်တည်း တိုက်တွန်းကြသည်။

    • မြန်မာအမျိုးသားကွန်ဂရက်ပါတီ
    • ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ဗဟန်းမြို့နယ်)
    • ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ
    • ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)
    • အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ
    • အမျိုးသား လူ့အခွင့်အရေးနှင့် ဒီမိုကရက်တစ်ပါတီ
    • မြန်မာနိုင်ငံ တောင်သူလယ်သမား အစည်းအရုံး
    • ကုရ်အာန့်အသိပညာပြန့်ပွားရေးကော်မတီ
    • မြို့ခေါ် ခမီအမျိုးသားညီညွတ်ရေးအဖွဲ့
    • မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ
    • မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
    • ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ရေးအဖွဲ့ချုပ်
    • မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ
    • အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့်ငြိမ်းချမ်းရေးပါတီ
    • ရှေ့နေများကွန်ယက်
    • နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဝင်းဆွေ
    • မြန်မာမွတ်စလင်ကွန်ယက်
  • ရခိုင်ပြည်နယ် အတွင်းက ကမန်လူမျိုးစု  (VOA Interview)

    ရခိုင်ပြည်နယ် အတွင်းက ကမန်လူမျိုးစု (VOA Interview)

    နိုဝင်ဘာ၊ ၁ ၊ ၂၀၁၂

    Source: VOA

    ဒီတပတ် မြန်မာအရေး မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ကမန်တွေဟာ အနည်းဆုံး ရခိုင်ပြည်၊ မြောက်ဦးခေတ်ကတည်းက ရခိုင်လူမျိုးတွေနှင့်အတူ နေထိုင်လာခဲ့ကြဆိုတာ သမိုင်းအထောက်အထားတွေ ရှိပါတယ်။ ဒီလို ရာစုနှစ်နှင့်ချီ ယှဉ်တွဲနေထိုင်လာကြတဲ့ လူတွေကြား အကြမ်းဖက်မှုတွေ ဖြစ်ပေါ်နေကြတာကို ဘယ်လို တားဆီးသင့်ပါသလဲ။ ရခိုင်ပြည် အလယ်ပိုင်းက ကမန်အမျိုးသားတစ်ဦး နှင့် ဦးကျော်ဇံသာက ဆွေးနွေးသုံးသပ်ထားပါတယ်။

    ဦးမောင်မောင်တင်။ ။ဘယ်လိုဖြစ်လဲဆိုတော့ဗျာ။ မနေ့ညကပင် ကျနော်က ရင်တမမနှင့် သူတို့ဝင်လာမယ်၊ ဝင်လာမယ်ဆိုတာကို စိုးရိမ်ကြောင့်ကြပြီးတော့ တညလုံး ကျနော် အိပ်မရဘူး။ နောက်ပြီး ကျနော်တို့ ရွာထဲမှာရှိတဲ့ ကလေးတွေ၊ အမျိုးသမီးတွေ၊ အဘွားကြီးတွေ၊ အဘိုးကြီးတွေ အားလုံး အိမ်တွေထဲမှာ သူတို့လာမယ်၊ လာမယ်၊ ဝင်မယ်၊ ဝင်စီးမယ် အကြမ်းဖက်မယ်ဆိုတာကိုပဲ ရင်တမမနှင့် ကျနော်တို့ စောင့်ရင်း စောင့်ရင်း ကျနော်တို့ အိပ်ပျော်သွားခဲ့တယ် ခဏလေးပေါ့လေ။ မနက်မိုးလင်းလောက်မှ နည်းနည်းလေး အိပ်ပျော်သွားခဲ့တယ်။ မနက် (၇) နာရီကျော်လောက်၊ (၇) နာရီ (၅) မိနစ်နှင့် (၁၀) မိနစ်ကြားလောက်မှာ အသံတစ်ခုကြားတာက ဝင်လာပြီးဆိုတဲ့ အသံကြားလိုက်တယ်။ အဲဒီတော့ ဘာဝင်လာသလဲ ကျနော်တို့ ကျောက်ထရံက လမ်းကြောင်းပေါ်သွားကြည့်တော့ လူအုပ်စုက အများကြီး သူတို့ရခိုင်လူမျိုးတွေပေါ့။ အဲဒီ အုပ်စုက ဘယ်ကလာသလဲဆိုတော့ ကျနော်တို့ ကျောက်နီမော်။ ကျောက်ထရံရဲ့  အစွန်းအဖျားဖက်မှာရှိတဲ့ ကျေးလက်တောရွာတွေဖြစ်တဲ့ ရမ်းဗြဲနယ်တိုင်းနယ် လို့ ခေါ်တာပေါ့ အဲဒီတိုင်းနယ်က ကျေးရွာသေးသေးက လူတွေ ရခိုင်လူမျိုးတွေပေါ့။ (၂၁) ရွာက လူတွေလို့လည်း ထင်ရတယ်။ ဒါပေမဲ့ နှစ်ဆယ့်တစ်ရွာက လူတွေကို စည်းရုံးပြီး ခေါ်လာတယ်ဆိုတာကတော့ ဒါကတော့ သေချာပေါက် ဖြစ်မယ်လို့ ကျနော် အောက်မေ့ရတယ်။ လူအုပ်ကြီးက အများကြီးပဲ။

    ဦးကျော်ဇံသာ။ ။ ဘယ်သူက စည်းရုံးပြီးတော့ ခေါ်လာတာလဲ။

    ဦးမောင်မောင်တင်။ ။ သူတို့စည်းရုံးပြီးတော့ ခေါ်လာတဲ့ လူတွေထဲမှာတော့ ခေါင်းဆောင်တွေကတော့ သူတို့ ဒီအကြမ်းဖက်၊ အကြမ်းနည်းနှင့် တိုက်ခိုက်မယ်ဆိုတဲ့ ခေါင်းဆောင်တွေကတော့ ရှိမှာပေါ့ဗျာ။ အဲဒီခေါင်းဆောင်တွေကတော့ ကျနော် မပြောချင်ပါဘူး။ ပြောရင်လည်း တဖက်သတ် ကျနော် ရန်မှုခံပြီး ရန်သူအဖြစ်နဲ့ ရန်မှုခံရမှာကိုလည်း စိုးရိမ်ရတယ်။

    ဦးကျော်ဇံသာ။ ။ ဦးမောင်မောင်တင် ကျနော် တခု သိချင်တာက ကျနော်လည်း ရခိုင်ပါဗျာ။ ဒါပေမယ့် ကျနော်တို့ ငယ်ငယ်တုန်းကတော့ ကျနော့်အဖေ ရမ်းဗြဲတို့ ဘာတို့မှာ ကျောင်းဆရာ လုပ်ခဲ့တယ်။ အဲဒီက ဆရာကြီးဦးဖိုးရင်ဆိုတာ ကမန်လူမျိုးပဲ။ ဆွေမျိုးလိုပဲ။ ကျနော်တို့ မြောက်ဦးမှာ လာနေတယ်။ အခုဘယ်လိုကြောင့် ကမန်တွေနှင့် ရခိုင်တွေ ရန်ဖြစ်ရသလဲ။ ဘယ်လိုကြောင့်။ အရင်က ချစ်ချစ်ခင်ခင် နေလာတာပဲ။

    ဦးမောင်မောင်တင်။ ။ ဟုတ်တယ်ဗျာ။ ကျနော်တို့လည်း အဲဒါ စဉ်းစားရခက်တယ်။ ကျနော်တို့  အေးအတူပူအမျှ၊ ဥမကွဲသိုက်မပျက်၊ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး ကူးလူးဆက်ဆံမှုတွေ၊ ရောင်းဝယ်ဖောက်ကားမှုတွေရော၊ ဒီလူမျိုးတွေနှင့် ကျနော်တို့ ဗုဒ္ဓဘာသာလူမျိုးတွေနှင့် ရခိုင်လူမျိုးတွေနှင့် ကျနော်တို့ အစ္စလာမ်ဘာသာကို ကိုးကွယ်တဲ့ ရခိုင်မျိုးနွှယ်စုနှင့် ကမန်တိုင်းရင်းသားတွေနှင့် ညီလိုအကိုလို နေလာလူတွေပါ။ အခုမှ သူတို့က ဘာကြောင့် ကျနော်တို့အပေါ်မှာ ဒီလို ရန်သူမျိုးလို ထင်လာရတယ်ဆိုတာကို ကျနော်တို့က နားမလည်နိုင်တဲ့အဆင့်ထိ သံသယ ဖြစ်ရပါတယ်။

    ဦးကျော်ဇံသာ။ ။ ကျနော်က အဓိက အဲဒါကို ဖော်ထုတ်ချင်တာ။ ဘာဖြစ်လို့ ရန်မူသွားကြတာလဲ။ ကျနော်တို့နောက် ကျနော်တို့ ကျောင်းမှာနေလာတဲ့ အခါမှာလည်း ကျနော်တို့ ကျောင်းအတူတူသွားကြတယ်။ ကျနော်တို့ တက္ကသိုလ်ရောက်သွားတော့လည်း ခင်ဗျာတို့ဆီကဘဲ အဲဒီ ကျောက်နီမော်က လူတွေ ရခိုင်အသင်းမှာ အတွင်းရေးမှုး တက္ကသိုလ်မှာ လုပ်ကြတယ်။ ချစ်ချစ်ခင်ခင်ပဲ။ အခု ဘာကြောင့်ဖြစ်သလဲ။ ကျနော်အဓိက အဲဒါကို ဖော်ထုတ်ချင်တယ်။

    ဦးမောင်မောင်တင်။ ။ အဲဒါ သူတို့က အကြောင်းကြားတာကတော့ ဒီမေလ၂၈ နေ့က ဖြစ်ခဲ့တဲ့ မသီတာထွေးကိစ္စနှင့် ပတ်သက်ပြီးတော့ ဒါတွေကိုတော့ သူတို့က အကြောင်းခံပြီးတော့ ပြောနေတာပေါ့။

    ဦးကျော်ဇံသာ။ ။ ဒါက ရာဇဝတ်မှုပဲ။ ဘာသာရေးနှင့် ဘာမှ မဆိုင်ပါဘူး။ အဲဒါကတော့ ရာဇဝတ်မှုကို အဲဒီ ဘယ်သူ၊ ဘယ်ဘာသာ၊ ဘယ်ဘာသာ ဆိုတာ ထည့်ပြောစရာကို မလိုတဲ့ကိစ္စပါ။

    ဦးမောင်မောင်တင်။ ။ ကျနော် ထင်သလောက်ဆိုရင်တော့ ဒီနေရာမှာ ပါတီတွေရဲ့  ဂယက်တွေလည်း အများကြီးပါမယ်လို့ ကျနော်ထင်ပါတယ်။ အဲဒီ အဖွဲ့အစည်းက ဒီ လှုပ်ရှားနေတဲ့ လူတွေမရှိရင်လည်း  ဒီလို ရာဇဝတ်မှုတစ်ခု ဒီလောက် ရခိုင်ပြည်နယ်ကြီး တစ်ခုလုံး ပြာကျဆင်းရဲသွားလောက်အောင် အသည်းအသန်နှင့် တကယ့်နောက်ကွယ်က ကန့်လန့်ကာနောက်ကွယ်ကလူ အကြီးအကဲတွေ မရှိဘဲနှင့် ဒါတွေတော့ ဖြစ်နိုင်မယ်လို့ ကျနော်မထင်ပါဘူး။

    ဦးကျော်ဇံသာ။ ။ ကျနော်လည်း အဲဒါစဉ်းစားမိတာ။ အဲဒီတော့ ဦးမောင်မောင်တင် ကျနော် တခုမေးချင်တာက ကျောက်နီမော် မဲဆန္ဒနယ် ရှိသလား။

    ဦးမောင်မောင်တင်။ ။ ရှိပါတယ်။

    ဦးကျော်ဇံသာ။ ။ အဲဒီ ကျောက်နီမော် မဲဆန္ဒနယ်က လွှတ်တော်အမတ်တွေက ဘယ်သူတွေလဲ။

    ဦးမောင်မောင်တင်။ ။ ကျောက်နီမော် မဲဆန္ဒနယ်က ပြည်ခိုင်ရုံးပါတီကတော့ ကျနော်တို့ ကျောက်နီမော် မဲဆန္ဒနယ်က ဒီလိုပါ ရမ်းဗြဲမြို့ နယ် အမှတ် (၂) မဲဆန္ဒနယ်ပါ။ အမှတ် (၂) မဲဆန္ဒနယ်မှာတော့  ပြည်ထောင်စု ကြံ့ခိုင်ရေးဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်တိုင်းဒေသကြီးအတွက် လွှတ်တော်ကိုယ်စားလှယ်က အခု လက်ရှိ လမ်းပန်းဆက်သွယ်ရေးမှာ ဝန်ကြီးဖြစ်နေတဲ့ ဗိုလ်မှုးကြီးဦးကျော်ခင်၊ ရခိုင်တိုးတက်ရေးပါတီမှာကြတော့ ရခိုင်တိုးတက်ရေးပါတီရဲ့  ပုဂ္ဂိုလ်အမတ်လောင်းကြတော့ ကျနော် မမှတ်မိဘူး။ နောက်တစ်ယောက် ကျနော်တို့ အစ္စလာမ်ဘာသာ ကမန်အမျိုးသားတိုးတက်ရေးပါတီမှာကြတော့ ဦးထွန်းမြင့် ပါတယ်။

    ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ပြည်နယ်လွှတ်တော်အတွက် ကမန်ကိုယ်စားလှယ်လည်း ပါတယ်။ သူတို့တွေကကော ပါတီအချင်းချင်း လွှတ်တော်မှာ ပါတီအချင်းချင်း လက်တွဲလုပ်နေကြလား။ သူတို့အချင်းချင်း ညှိနှိုင်းဖြေရှင်းဖို့ ထိန်းသိမ်းဖို့ ကြိုးစားတာကော မရှိဘူးလား။

    ဦးမောင်မောင်တင် ။ ။ အဲဒါတော့ အာဏာရပါတီကတော့ လောလောဆယ် ပြည်ထောင်စုကြံ့ခိုင်ရေး  ဖွံ့ဖြိုးရေးပါတီနှင့်၊ ဒုတိယပါတီကတော့ ကျနော်တို့ ရခိုင်တိုးတက်ရေးပါတီ၊ တတိယ လုံးဝ မဲအပြည့်ရတာကတော့ ကမန်အမျိုးသားတိုးတက်ရေးပါတီ ဖြစ်တယ်။ ဒီနေရာမှာ နောင် election တွေမှာ ရခိုင်မျိုးချစ် စိတ်ဓါတ်တွေကို မွေးမြူးပြီးတော့ ရခိုင်ပြည်နယ်မှာ ဘယ်ပါတီကိုမှ အလိုမရှိလောက်အောင် ဒီဟာ နည်းတစ်မျိုးမျိုးနှင့် သူတို့တွေရဲ့  စိတ်ဓာတ်တွေကို အမျိုးသား၊ အမျိုးသမီးအာလုံးကို တက်တက်ကြွကြွနှင့် ရခိုင်တိုးတက်ရေးပါတီသော်လည်းကောင်း၊ ရခိုင်ဒီမိုကရက်တစ်ပါတီသော် လည်းကောင်း၊ နှစ်ခုစလုံးကို ပူးပေါင်းပြီးတော့ ဘယ်ကြံ့ခိုင်ရေးပါတီကိုပဲဖြစ်ဖြစ်၊ အမျိုးဒီမိုကရေစီပါတီဝင်ပဲဖြစ်ဖြစ် ဘယ်သူကိုမှ မပေးစေချင်တဲ့ သဘောမျိုးများ ရှိကောင်းရှိမလားဆိုတာကိုလည်း ကျနော်တို့ တွေးတောမိပါတယ်။

    ဦးကျော်ဇံသာ ။ ။ ကျနော် တခုထင်တာကတော့ ကမန်ဆိုတာကတော့ ရခိုင်ပြည်မှာ ကမန်ဆိုတဲ့နာမည် ကိုယ်နှိုက်ကလည်း ဂုဏ်ယူစရာကောင်းတဲ့ နာမည်ပါ။ လေးပစ်တဲ့ လေးသည်တော်တွေ၊ ရခိုင်ဘုရင်တပ်မှာ အမှုထမ်းခဲ့တဲ့ စစ်သည်တော်ကောင်းတွေဆိုတဲ့ နာမည် တလေးတစား ခေါ်ဝေါ်ခံယူတဲ့ နာမည်ဖြစ်ပါတယ်။ နောက် ကမန်လူမျိုးတွေမှာ ဘာသာရေးကလွဲရင် ဘာသာစကားလည်း ရခိုင်စကားပဲ ပြောကြတာပဲ။ ရခိုင်လိုပဲ ဝတ်နေကြတာပဲမို့လား။

    ဦးမောင်မောင်တင် ။ ။ ဟုတ်ကဲ့ပါ။ ဟုတ်ပါတယ်။

    ဦးကျော်ဇံသာ။ ။ ဆိုတော့ အဲဒီဟာမှာ အခုအခါမှာ တချို့ က ရခိုင်တချို့ ကို ကျနော် လေ့လာမိတာတော့ သူတို့ ရိုဟင်ဂျာဆိုတာကိုတော့ သူတို့ သိပ်ပြီးမနှစ်သက်ကြဘူး။ ရိုဟင်ဂျာဆိုတာ အသစ်ဖန်တီးပြီးတော့ ဝင်လာတယ်။ ဘာညာဆိုပြီးတော့ ပြောကြတာရှိတယ်။ သူတို့ဖက်က။ ကမန်တွေက ရိုဟင်ဂျာ ဖြစ်သွားပြီးလား။ တချို့ က ကမန်ကိုလည်းပဲ ရိုဟင်ဂျာ စာရင်းထဲမှာ ထည့်ပြီးတော့ ပြနေကြတာ တွေ့ပါတယ်။ ကမန်တွေဟာ ရိုဟင်ဂျာဆိုတဲ့ သဘောကို ခံယူနေချင်ကြတဲ့ သဘောများရှိနေသလား။

    ဦးမောင်မောင်တင် ။ ။ အဲဒါတော့ ကျနော်တို့ ရခိုင်ပြည်တောင်းဘက်ပိုင်းမှာတော့ အထူးသဖြင့် ကျောက်ဖြူရယ်၊ ရမ်းဗြဲရယ်၊ သံတွဲရယ် ဒီနေရာမှာရှိတဲ့ လူတွေကြတော့ အခုနေ ကျနော်တို့ ရမ်းဗြဲမြို့ နယ်မှာကြတော့ ပိုပြီးတော့ ကင်းရှင်းတယ်။ လူစိမ့်ဝင်မှုဆိုတာလည်း ဘင်္ဂလားဒေ့ရှ်က လူစိမ့်ဝင်မှု၊ နိုင်ငံရပ်ခြားက စိမ့်ဝင်မှု ဆိုတာ လုံးဝမရှိသလောက်ပါ။ နောက် ရိုဟင်ဂျာကိစ္စကလည်း ဒီ ရမ်းဗြဲကျွန်းတန်းမှာ ကျောက်ဖြူခရိုင်ရှိတယ်၊ ရမ်းဗြဲမြို့ နယ်ရှိတယ်၊ ကျောက်နီမော်အုပ်စုရှိတယ်။ ဒီဟာထဲမှာလည်း ကျနော်တို့  ရိုဟင်ဂျာဆိုတာကိုလည်း လူတွေက ဘယ်လိုနည်းနှင့်မှ သူတို့က ရိုဟင်ဂျာကိုလည်းပဲ သူတို့က သဘောလည်း မပေါက်ဘူး။ လက်လည်းမခံတဲ့လူတွေ ဖြစ်ပါတယ်။ ကျနော်တို့ ကိုယ်တိုင်ကလည်း ဒီလိုပါ။ ဘင်္ဂလီဆိုတာကတော့ ဝေးပေါ့။ ဘင်္ဂလီဆိုတာကတော့ ဒီနေရာမှာ ကျနော်တို့ ကျောက်နီမော်ဒေသ အနေနှင့် ဆိုရင်လည်း မောင်းတော၊ ဘူးသီးတောင်ဖက်က ဒီနေရာမှာ အခြေစိုက်ပြီးတော့ နေတာတွေ မရှိသလိုပါပဲ။ အမှန်အားဖြင့် ပြောရရင် လုံးဝမရှိတဲ့ အတိုင်းအတာပါ။

    ဦးကျော်ဇံသာ ။ ။ ဆိုတော့ တချို့ ကလည်း ပြောတယ်။ အဲဒီလို ဘူးသီးတောင်၊ မောင်းတောဘက်က ဟိုဘက်က ဝင်လာတယ်လို့ ယူဆရတဲ့သူတွေကို ခရီးသွားလာခွင့်ပိတ်တယ်။ လက်ထပ်ထိမ်းမြားခွင့်တောင့်မှ ခွင့်ပြုချက် ယူရတယ်ဆိုတာတွေ လုပ်တယ်လို့ ပြောတယ်။ အဲဒီလို ဥပဒေမျိုး ဒီ ကမန်ဒေသတွေမှာကော လုပ်ခဲ့လား။ ကျောက်ဖြူတို့…

    ဦးမောင်မောင်တင် ။ ။ အများကြီး လုပ်ခဲ့ပါတယ်။ အများကြီး အများကြီး လုပ်ခဲ့ပါတယ်။ ကျနော်တို့ ကိုယ်တိုင် ကိုယ်နှိုက်ကပဲ ၂၀၀၈ ခုနှစ်က ကျနော်တို့ မှတ်ပုံတင်ရှိတဲ့ ကမန်နိုင်ငံသားမှတ်ပုံတင်ရှိတဲ့ ကမန်တွေပဲ။ ၂၀၀၈ ခုနှစ်က ကျနော့်အမျိုးသမီး ဆေးကုဖို့သွားတဲ့ အချိန်တောင်မှ ကျနော်အမျိုးသမီးက အမတကဒ် ပေါ့နော်။ ပန်းရောင်သုံးခေါက်ချိုးပေါ့။ ကျနော်မှာတော့ နိုင်ငံသား စီစစ်ရေးကဒ် ရှိပါတယ်။ အဲဒီအချိန်မှာ ကျနော်တို့ ဗီဇာတွေ ဘာတွေ ယူပြီးတော့ဘဲ သွားခဲ့ရတာ ရှိပါတယ်။

    ဦးကျော်ဇံသာ ။ ။ အရင်တုန်းကတော့ အဲလို မရှိဘူးဗျာ။ ကျနော်တို့ ငယ်ငယ်တုန်းကတော့ အဲဒီ နိုင်ငံသား လက်မှတ်ကိုင်ပြီးတော့ ကျနော်တို့နှင့် လေယာဉ်ပျံ အတူတူစီးသွားတာ တက္ကသိုလ် သွားတက်ကြတာ ရှိတာပဲ။ အခုအဲလို မွစ်စလင်ဘာသာဝင် ရခိုင်ပြည်ထဲမှာဆိုရင် ကမန်ဖြစ်ဖြစ် ဘာဖြစ်ဖြစ် မသွားရဘူး။ လက်ထပ်ဖို့အတွက် ခွင့်ပြုချက်ယူရမယ်ဆိုတာ ဘယ်အချိန်မှာ စပြီးလုပ်ခဲ့တာလဲ ခင်ဗျာ။

    ဦးမောင်မောင်တင် ။ ။ အဲဒါတော့ နှစ်အားဖြင့် ကျနော်တွက်ကြည့်မယ်ဆိုရင်တော့ တော်တော်ကြာပါပြီဗျာ။ ၉၆ ခုနှစ်လောက်ကတင် ကျနော်တို့ ဒီ အသည်းအသန် ဖြစ်လာတယ်လို့ပဲ ကျနော် ထင်ပါတယ်။

    ဦးကျော်ဇံသာ။ ။ ဆိုတော့ အဲဒီဟာကြောင့်များ တင်းမာမှုကို ပိုမိုဖြစ်စေတယ်လို့ သဘော ဆိုနိုင်သလား။

    ဦးမောင်မောင်တင် ။ ။ အဲဒါတော့ နိုင်ငံရေးဘက်မှာ ကျနော်တို့ အခု ဖြစ်နေတဲ့ကိစ္စ ဒါနှင့်ပဲ ကျနော် ပတ်သက်တယ်လို့ မထင်ပါဘူး။ ဒါတော့ နည်းတစ်မျိုးမျိုးနှင့် ဘင်္ဂလီဆိုတာကို အကြောင်းပြပြီးတော့ ရိုဟင်ဂျာဆိုတာကို အကြောင်ပြုပြီးတော့ အကြမ်းဖက်ဝါဒတစ်ခုကို မင်းမိုက်စရိုက်ပုံစံမျိုးနှင့် လူမျိုးဘာသာ ပြုန်းတီးအောင်၊ လူမျိုးတုန်းသတ်ဖြတ်နေတဲ့ ပုံစံမျိုး အကြမ်းဖက်နေတဲ့ ပုံစံမျိုးတခုလို့ ကျနော် မြင်ပါတယ်။

    ဦးကျော်ဇံသာ ။ ။ နောက်တစ်ခုက ဦးမောင်မောင်တင် ခင်များတို့ဘက်မှာတော့ ကျနော် သိပ်မကြားမိဘူး။ ဒါပေမယ့် ဟိုဘက်မှာလည်း ဒီ ရသေ့တောင်တို့၊ ဘူးသီးတောင် မောင်းတောတို့မှာ၊ အဲဒီဖက်မှာတော့ ရှိတယ်။ နှစ်ဖက်လုံး လွန်ကျွံတာတွေရှိတယ်။ ဒါပေမယ့် ကျနော်က အဓိက ဒီနေ့ ဇောင်းပေးပြီးတော့ ဆွေးနွေးချင်တာ ကမန်တွေရဲ့  ပြဿနာ ဖြစ်ပါတယ်။ ဆိုတော့ ကမန်တွေဟာ ရိုဟင်ဂျာလို့လည်း သူတို့ မခံယူဘူး။ အဲဒါကိုလည်း လက်မခံဘူး။ နှစ်ပေါင်းများစွာလည်း နေလာတယ်။ ဘာသာရေးကလွဲလို့ သူတို့မှာ ရခိုင်နှင့် ကွဲပြားစရာလည်း ဘာမှရှိဘူး။ ဦးမောင်မောင်တင်တို့နှင့် နှစ်ပေါင်းများစွာ အတူတူနေလာတဲ့ ရခိုင်တွေ၊ ဗုဒ္ဓဘာသာတွေ အထဲမှာကော ဦးမောင်မောင်တင်နှင့် အရင်တုန်းက ရင်းနှီးတဲ့ မိတ်ဆွေတွေ မရှိဘူးလား။

    ဦးမောင်မောင်တင် ။ ။ အများကြီးပဲ ရှိပါတယ်။

    ဦးကျော်ဇံသာ ။ ။သူတို့ ဘာလုပ်နေကြလဲ။ သူတို့နှင့် ဦးမောင်မောင်တင်နှင့် အခု မျက်နှာချင်းဆိုင်တွေ့ပြီး ပြောနိုင်တဲ့ အနေအထား ရှိပါသလား။

    ဦးမောင်မောင်တင် ။ ။ ရှိတဲ့လူတွေကလည်း အများကြီးရှိတယ်။ မရှိတဲ့ လူတွေကလည်းကတော့  နည်းနည်းလေးပါ။

    ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့။ အဲဒီတော့ ရှိတဲ့လူတွေနှင့် ဆက်သွယ်ပြီးတော့ လုပ်လို့ မရနိုင်ကြဘူးလား။ ကျနော်တို့ အဖွဲ့အစည်းအတွင်းက။

    ဦးမောင်မောင်တင် ။ ။ ရှိတဲ့သူတွေကိုလည်းပဲ ရခိုင်မျိုးချစ်စိတ်ဓာတ်ကို အတင်းအဓမ္မ လွန်စွာနေတဲ့သူတွေက  ကျနော်တို့တွေ အစ္စလာမ် မွစ်စလင်တွေနှင့် ရင်းရင်းနှီးနှီးသူတွေတောင်မှ သူတို့တွေဟာ ရရာနေရာက ဒုက္ခပေးမယ်ဆိုလို့ အဲဒီလူတွေကိုယ်တိုင်တောင်မှ ထွက်ပြေးသွားတဲ့ လူတွေရှိတယ်။

    ဦးကျော်ဇံသာ ။ ။ဦးမောင်မောင်တင်တို့ ကမန်တွေဖက်ကကော အဲဒီလို တင်းမာတဲ့ စိတ်ဓာတ်ရှိတဲ့သူတွေ ရှိသလား။ ရှိကောရှိမှာပေါ့။

    ဦးမောင်မောင်တင် ။ ။ မရှိပါဘူး။ ကျနော်တို့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ အဲဒီလို ရင်းရင်းနှီးနှီးနှင့် နေလို့ရပါတယ်။

    ဦးကျော်ဇံသာ ။ ။ အဲဒီလို တင်းမာတဲ့ သဘောထားရှိသူ မရှိဘူးပေါ့။

    ဦးမောင်မောင်တင် ။ ။ မရှိပါ။ လုံးဝ လုံးဝ မရှိပါ။

    ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ကမန်လွှတ်တော်အမတ်ဆိုတဲ့ အမတ်ကကော။ သူက ဘာများ အခု ဆောင်ရွက်ပေးနိုင်သလဲ။

    ဦးမောင်မောင်တင် ။ ။ အဲဒီပုဂ္ဂိုလ်ကတော့ သူကိုယ်တိုင်ပဲ သူ့မြို့ နယ်တစ်ခုလုံး ပြာကျသွားပြီ။ သူ့မြို့ နယ်တစ်ခုလုံး မရှိတော့ ရန်ကုန်မှာပဲ တိမ်ရှောင်ပြီးတော့ ထွက်ပြေးသွားပြီ။

    ဦးကျော်ဇံသာ ။ ။ ဆိုတော့ ကျနော်တို့ ရှေ့ကိုမျှော်ပြီး ကြည့်ရအောင်။ ဒီလိုပဲ တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်ပြီးတော့ နေသွားကြတော့မှာလား။ ဘယ်လိုလို့ ငြိမ်းချမ်းရေး ရမလဲ။ ကျနော်တို့ ငြိမ်းချမ်းရေးရအောင် ဘယ်လို ဆက်ပြီးလုပ်သင့်တယ်လို့ ထင်ပါသလဲ။ ဦးမောင်မောင်တင်တို့ဖက်က။

    ဦးမောင်မောင်တင် ။ ။ ငြိမ်းချမ်းရေးရအောင်ဆိုရင်တော့ ကျနော်တို့က အတူယှဉ်တွဲ   နေထိုင်ဖို့အတွက်ကတော့ အငြိုးအတေးတွေ အာဃာတတရားတွေကို ထားပြီးတော့ လူသားဝါဒ ကျင့်သုံးနိုင်ရင်တော့ တရားဥပဒေ၊ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းသာယာရေးကို အမြန်ဆုံး  အကောင်ထည်ဖော်နိုင်ရင်တော့ ဒါက ကျနော်တို့ ရင်ဆိုင်နိုင်တာပဲ။

    ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ငြိမ်းချမ်းရေး တစ်နေ့ ရလာမယ်လို့ မျှော်လင့်ပါသလား။ ပြန်လည်ပြီးတော့ ရနိုင်တယ် ထင်သလား။

    ဦးမောင်မောင်တင် ။ ။ ငြိမ်းချမ်းရေးဆိုတာက နိုင်ငံတော်အစိုးရက ဥပဒေတရား စိုးမိုးရေးနှင့်  တည်ငြိမ်အေးချမ်းသာယာရေးကို အမြန်ဆုံး အကောင်ထည်ဖော်သင့်တယ်။ ဒါကတော့ ဒီလူတွေဟာ အရင်လည်း ဒီလူမျိုးတွေ၊ ဘာသာမတူတဲ့ လူမျိုးတွေ၊ ဘာသာတူတဲ့ လူမျိုးဖြစ်ဖြစ်၊ လူမျိုးဘာသာ မတူတဲ့ လူတွေက အများကြီးဘဲ ကမ္ဘာပေါ်မှာ နေနေကြတာ။

  • “ဘာသာပေါင်းစုံချစ်ကြည်ရေး ရှေးရှုပေးပါ”  ဦးဝဏ္ဏရွှေနှင့် မဇ္စျိမ အင်တာဗျူး

    “ဘာသာပေါင်းစုံချစ်ကြည်ရေး ရှေးရှုပေးပါ” ဦးဝဏ္ဏရွှေနှင့် မဇ္စျိမ အင်တာဗျူး

    အောက်တိုဘာ၊ ၃၀၊ ၂၀၁၂

    (မဇ္ဈိမသတင်းဂျာနယ်အတွဲ-၁၊အမှတ်-၆၊စာ-၁၂)

     

    မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့၏ တွဲဖက်အတွင်းရေးမှူးချုပ် ဦးဝဏ္ဏရွှေ



    ရခိုင်ပြည်နယ်တွင် မေလကုန်မှ စတင်သည့် ဗုဒ္ဓဘာသာ ရခိုင်များနှင့် ရိုဟင်ဂျာ အစ္စလာမ်ဘာသာဝင်များအကြား တင်းမာမှုများမှသည် ဇွန်လအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ၊ မီးရှိုးဖျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။

    အာဏာပိုင်များက မြို့နယ်အချို့အား ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီးနောက် အရေးပေါ်အခြေအနေပင် ကြေငြာခဲ့ရပြီး အခြေအနေများ ငြိမ်သက်သွားသယောင်ရှိခဲ့သော်လည်း အောက်တိုဘာလ ၂၁ ရက်နေ့မှ စတင်ကာ နှစ်ဖက်အုပ်စုများ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်မှုများနှင့် မီးရှို့ဖျက်ဆီးမှုများ ဖြစ်ပေါ်လာခဲ့ပြန်သည်။

    ယခုကဲ့သို အဓိကရုဏ်းများအပေါ် မီဒီယာများ သတင်း တင်ဆက်မှုများနှင့် ပက်သက်၍ သဘောထားများ သိရှိနိုင်ရန်အတွက် ရန်ကုန်မြို့ အခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့၏ တွဲဖက်အတွင်းရေးမှူးချုပ် ဦးဝဏ္ဏရွှေအား မဇ္စျိမသတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်။

    အိဒ်နေ့ကို တနိုင်ငံလုံး မကျင်းပဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့ရလဲဆိုတာ ရှင်းပြပေးပါဦး။

    အိဒ်နေ့ကို ကျွန်တော်တို့ မကျင်းပဖြစ်တဲ့အကြောင်းကတော့ ရခိုင်ဒေသမှာ ၅ လကျော်မျှ တရားဥပဒေစိုးမိုးမှုကင်းမဲ့နေတာ၊ အပြစ်မဲ့ပြည်သူတွေ သေကြေကြတယ်။ အိုးအိမ်တွေ စွန့်ခွာ ထွက်ပြေရတယ်။ ဒီအခြေအနေကို ကျွန်တော်တို့ စိတ်မချမ်းမြေ့ဘူး။ တရားဥပဒေ စိုးမိုးရေး ရှိစေချင်တယ်။ အဒီ ရခိုင်ပဋိပက္ခကို အကြောင်းပြုပြီးတော့ အခြားပြည်နယ်နဲ့ တိုင်းတွေမှာလည်း ကျွန်တော်တို့နိုင်ငံမှာ ရှိခဲ့ပြီးသား ဘာသာ တစ်ခုနဲ့ တစ်ခုကြားမှာ လေးစားမှု၊ နားလည်းမှုတွေဟာ တဖြည်းဖြည်း လျော့ပါးလာတယ်။

    အဲ့ဒီကိစ္စကို အကြောင်းပြုပြီးတော့ ကုရ်ဘာနီအိဒ်နေ့ ပြုလုပ်ဆင်နွှဲခြင်းအားဖြင့် ရှေ့ကကောင်းခဲ့တဲ့ အစဉ်အလာတွေကို ထိခိုက်နိုင်တဲ့ အတွက် ဒီနှစ်အတွက် ကုရ်ဘာနီအိဒ်နေ့ စွန့်လွှတ်လိုက်ပါတယ်။

    ကုရ်ဘာနီအိဒ်နေ့ဟာ အစ္စလာမ်ဘာသာဝင်တွေ အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်တစ်ခုလို့ သိရပါတယ်။ ဒီလိုနေ့မျိုးကို မကျင်းပရပဲ စွန့်လွှတ်လိုက်ရတော့ ဘယ်လိုခံစားရပါသလဲ။

    လူမျိုးတိုင်း ဘာသာတိုင်းပါပဲ။ နေ့ထူးနေ့မြတ် နှစ်ပတ်လည်းရက်ဆိုတာ တစ်နှစ်လုံး စောင့်နေတဲ့ရက်ပါပဲ။ ဒီရက်ကို စွန့်လွှတ်တဲ့ အတွက် မွတ်စလင်မ်အားလုံးကတော့ အတိုင်းမသိ ၀မ်းနည်းပါတယ်။ ဒါပေမယ့် အဲ့ဒီဝမ်းနည်းတာက ရခိုင်ဒေသဖြစ်စဉ်ကို အကြောင်းပြုပြီး ကျွန်တော်တို့ နိုင်ငံမှာ မကြုံဖူးတဲ့ အဲ့လို ကိစ္စရပ်တွေဖြစ်နေတာ ၀မ်းနည်းစရာပါ။

    ပဋိပက္ခမှာ ထိခိုက်နစ်နာမှုတွေ သေဆုံးမှုတွေကိုရော ဘယ်လိုသတင်းရပါသလဲ။

    အခုဖြစ်နေတဲ့ သတင်းအားလုံးဟာ အများအားဖြင့် အလွဲတွေချည်းပဲ။ ရခိုင်ဒေသမှာရှိတဲ့ ပြည်သူတွေဆိုရင်လည်း အသက်အိုးအိမ် လုံခြုံမှုမရှိဘူး။ စားဖို့ ရိက္ခာ မရှိဘူး။ ဒါပေမယ့် အဲ့ဒါ ပြောင်းပြန်ကြီးခမျ။ ဘယ်လိုလဲဆိုတော့ အဲ့ဒီလူတွေကပဲ အကြမ်းဖက်မှုတွေ ဆောင်ရွက်မယ့်အနေအထားမျိုးလို သတင်းတွေဟာ မတည်ငြိမ်ပါဘူး။ မမှန်ဘူး။ ကျွန်တော်တို့ပြောချင်တာ ရခိုင်ဒေသမှာ အများစုက နှစ်ဖက်ပြည်သူတွေ ဒုက္ခရောက်နေပါတယ်။ ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေကို ကျွန်တော်တို့ ဘာသာရေး အဖွဲ့အစည်းတွေက ရှာဖွေနေပါတယ်။ အမှန်တကယ်ဒီလူတွေအတွက်လိုနေတာက ရိက္ခာတို့၊ တည်ငြိမ်အေးချမ်းစွာ အသက်ရှင်နေထိုင်ခွင့်တို့ဖြစ်ပါတယ်။

    သတင်းအမျိုးမျိုး တစ်နေရာနဲ့ တစ်နေရာ မတူညီကြဘူးဖြစ်နေပါတယ်။ မှန်ကန်တိကျတဲ့ ကိန်ဂဏန်းတွေနဲ့ အဖြစ်မှန်တွေကို သိရဖို့နဲ့ မှန်ကန်တဲ့ အချက်အလက်တွေ ရရှိဖို့အတွက် ဘယ်လိုဆောင်ရွက်ရင် ရနိုင်တယ်လို့ အကြံပြုချင်ပါသလဲ။

    အဲ့လိုနေရာတွေ သတင်းရယူဖို့၊ ထုတ်လုပ်ဖို့ဆိုတာ နိုင်ငံပိုင် သတင်းဌာနတွေလည်း ရှိတာပဲလေ။ ဖြစ်စဉ်ဖြစ်ရပ်တွေကို အချိန်နဲ့ တပြေးညီ တိတိကျကျ မှန်မှန်ကန်ကန် ဖော်ထုတ်မယ်ဆိုရင် ဒီကောလဟာလတွေ၊ ထင်ကြေးနဲ့ သတင်းတွေ၊ လေထဲမှာ ပျောက်သွားမှာပေါ့။

    ဦးဝဏ္ဏရွှေတို့ သတင်းရင်းမြစ်တွေအရ ရာဂဏန်းတောင်ရှိနေတယ်ဆိုတော့၊ အတော်လေးကို ကွာခြားနေတာ တွေ့ရပါတယ်။

    နိုင်ငံတော် အစိုးရက ဘက်ပေါင်းစုံက စဉ်းစားပြီးတော့ သတင်းကို လိုတဲ့ အဆင့်ဆင့်က ထုတ်ပြန်သွားတဲ့ သဘောမျိုး ကျွန်တော်တို့ ယူဆပါတယ်။ ဒါပေမယ့် အဲ့ဒါကလည်း နိုင်ငံတော်က ချင့်ချိန်ပြီး သတင်းကို ထုတ်ပြန်တဲ့ အခါမှာ အခက်အခဲက ဘာပေါ်လာလဲဆိုတော့ ချင့်ချိန်ပြီးသတင်းထုတ်ပြန်တဲ့ အပေါ် အခွင့်ကောင်းယူပြီး သတင်းမှားတွေ ၀င်လာတတ်တာပေါ့နော်။ ကျွန်တော်တို့ အမြင်ကတော့ နိုင်ငံတော်ကနေ သတင်းကို အချိန်နဲ့တပြေးညီ ထုတ်ပေးမယ်။ သတင်းမှားတွေကို မှားရင်မှားကြောင်း ချေဖျက်ပေးမယ်ဆိုရင်တော့ ကောလဟာလတွေ ပျောက်သွားမှာပေါ့။

    အရင် ဇွန်အရေးအခင်းကိစ္စကို စုံစမ်းရေးကော်မရှင်တွေ သွားရောက် စုံစမ်းဖော်ထုတ်နေတဲ့ကာလမှာ (အစီရင်ခံစာတောင် ထွက်မလာသေးပါဘူး) တကျော့ပြန်ဖြစ်လာရတော့ ဘာကြောင့်လို့ သုံးသပ်နိုင်မလဲခမျ။

    လက်ရှိဖြစ်နေတဲ့ဟာရော အရင်ဖြစ်စဉ် ဖြစ်နေတဲ့ဟာရော၊ ဒီဖြစ်စဉ်ရဲ့ အစရော အားလုံးဟာ ဥပဒေချိုးဖောက်မှုတွေချည်းပဲ။ ဥပဒေကို မလေးမစားလုပ်ပြီး ဆောင်ရွက်တဲ့သူတွေကြောင့် ဥပဒေဘောင်ထဲက ဖြေရှင်းရမယ့်အစား ဥပဒေမဲ့ဖြေရှင်းတာတွေက တနေ့တနေ့ ဥပဒေမဲ့ ဆောင်ရွက်ချက်တွေ ခေတ်စားလာပြီးတော့ ဥပဒေမဲ့မှုအပေါ်မှာ ဥပဒေထပ်မဲ့တဲ့ဟာဖြစ်ပါတယ်။ ဒါတွေကို ဖြေဖျောက်ဖို့ဆိုတာ ဒီနေရာမှာ လူမျိုးဘာသာကို အဓိကမထားပဲနဲ့၊ ကျွန်တော်တို့ မြင်ရမှာက ဘယ်လူမျိုးပဲဖြစ်ဖြစ်၊ ဘယ်ဘာသာပဲဖြစ်ဖြစ် ဥပဒေနဲ့ အညီနေတဲ့သူဟာ ဥပဒေဘက်တော်သားဟာ လူကောင်းတွေ ဖြစ်ပါတယ်။ ဥပဒေကို ဆန့်ကျင်ဖောက်ဖျက်တဲ့ ဘယ်လူမျိုး၊ ဘယ်လူမျိုး၊ ဘယ်ဘာသာမဆို ဥပဒေနဲ့ အညီအရေးယူဆောင်ရွက်မယ်ဆိုရင် ဒီဥပဒေမဲ့မှုတွေဟာ ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။ ပြည်သူလူထုဘက်က အားနည်းချက်လို့ ကျွန်တော်မဆိုလိုဘူးခမျ။ ကျွန်တော်တို့ နိုင်ငံ ရာခိုင်နှုံးအားဖြင့်ပြောရရင် နည်းနည်းလေးသာ ဆိုးတာဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ နိုင်ငံသားအများစုကြီးက လူကောင်းတွေပါပဲ။
    အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းတွေကလဲ အကြမ်းမဖက်တဲ့နည်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဒီပဋိပက္ခကို ဖြေရှင်းဖို့ပြောသလို၊ ဗုဒ္ဓဘာသာ ဆရာတော်ကြီးတွေ နိုင်ငံတော် သံဃာ့မဟာ နာယကအဆင့် ဆရာတော်ကြီးတွေကလည်း မေတ္တာရှေ့ထားပြီး ဆောင်ရွက်ဖို့ ဆော်သြကြပါတယ်။ ဒါဟာ နှစ်ဖက် အသိုင်းအ၀ိုင်းကြားမှာ ဘာသာရေးတာဝန်ရှိသူတွေဘက်က တာဝန်ပျက်ကွက်မှု မဟုတ်ပါဘူးခမျ။ တပိုင်းက နိုင်ငံတော်အစိုးရအနေနဲ့ တည်ငြိမ်းအေးချမ်းစွာနေဖို့ပြောတယ်။ ပြုပြင်ဆောင်ရွက်ဖို့ ပြောတာတွေလဲ ရှိပါတယ်။ သို့သော် ဥပဒေစိုးမိုးမှု မဲ့တယ်ဆိုတာက ဥပဒေကို ကိုင်စွဲပြီး ဆောင်ရွက်တဲ့ အဖွဲ့အစည်းများဟာ ဥပဒေနဲ့အညီ တိတိကျကျ ဆောင်ရွက်ပေးဖို့လိုပါတယ်။ ဥပဒေနဲ့ အညီ တိတိကျကျ ဆောင်ရွက်ပေးရင် ပြစ်မှုတစ်ခု ကျူးလွန်တာနဲ့ အဲ့ဒီပြစ်မှုနဲ့ အညီ အရေးယူပေးမယ်ဆိုရင် နောက်လူက အဲ့ဒီပြစ်မှုကို မကျူးလွန်တော့ဘူး။

    မီဒီယာများကလည်း ကျွန်တော်တို့ နိုင်ငံရဲ့ သတင်းကို ရေးသားတဲ့ အခါမှာ ဘာသာပေါင်းစုံ ချစ်ကြည်ရေးကိုလည်း ရှေးရှုပေးပါလို့ မေတ္တာ ရပ်ခံလိုပါတယ်။ ဖြစ်စဉ်ဖြစ်ရပ်အမှန်ကို ရေးတာကိုတော့ ကျွန်တော်တို့လည်း လက်ခံပါတယ်။ သို့သော် သတင်းရဲ့ ဦးတည်ချက်ကတော့ ဘာသာပေါင်းစုံချစ်ကြည်ရေးကို ရှေးရှုပေးပါလို့ ကျွန်တော်တို့အနေနဲ့ မေတ္တာရပ်ခံလိုပါတယ်။

    ဆိုတော့ ဥပဒေကို အကောင်အထည်ဖော်တဲ့ အပိုင်းမှာ ချွတ်ယွင်းအားနည်းချက်တွေ တွေ့နေရတယ်လို့ ဆိုလိုချင်ပါသလားခမျ။

    ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကျွန်တော် အဲ့လိုပဲ ယူဆပါတယ်။

    OIC ရုံးဖွင့်မယ့်ကိစ္စနဲ့ ပက်သက်ပြီးရော သတင်းတွေက အမျိုးမျိုးဖြစ်နေပါတယ်။ OIC ရုံးဖွင့်ဖို့ဆိုတဲ့ ကိစ္စမှာ မြန်မာအစ္စလာမ်အဖွဲ့ကြီးကို ဆွေးနွေးတိုင်ပင်မှုတွေ ရှိခဲ့လားခမျ။

    ဒီနေရာမှာ တစ်ချက်ရှိတာက ဘယ်အဖွဲ့အစည်းပဲလာလာ ကျွန်တော်တို့ နိုင်ငံအတွင်းမှာရှိတဲ့ လူမျိုးတစ်မျိုးနဲ့တစ်မျိုး၊ ဘာသာတစ်ခုနဲ့တစ်ခုကြားမှာ ချစ်ကြည်မှုကို ထိခိုက်စေမယ်ဆိုရင်တော့ ဒီလုပ်ရပ်မျိုးကို စဉ်းစာသင့်တယ်။ OIC နဲ့ပက်သက်လို့ ကျွန်တော်တို့ကို နိုင်ငံတော်အစိုးရကနေပြီးတော့ စာချုပ်မချုပ်ခင်ရော၊ ချုပ်ပြီးတော့ရော တစ်စုံတရာ ညှိနှိုင်းခဲ့တာ တိုင်ပင်ခဲ့တာ ဆွေးနွေးခဲ့တာ မရှိပါဘူး။ အလားတူပဲ OIC ကို ဗမာပြည်ထဲမှာ ရုံးခန်းဖွင့်ဖို့အတွက် ကျွန်တော်တို့ ၅ ဖွဲ့ကနေ တောင်းဆိုခဲ့တာ၊ တိုက်တွန်းခဲ့တာ၊ အကြံပေးခဲ့တာလဲ မရှိပါဘူး။ OIC နဲ့ပက်သက်လို့ MOU စာချုပ် ချုပ်ပြီးတဲ့ နောက်ပိုင်းမှာလည်း ကျွန်တော်တို့ တွေ့ရှိချက်အရ ဆိုလို့ ရှိရင် အစိုးရက အများပြည်သူ သိရှိအောင် ကြေငြာပေးခဲ့ခြင်းလည်း မရှိဘူး။ ကြေငြာပေးတဲ့ အချက်တွေဟာ ကောလဟာလတွေ ပျံ့နှံ့ပြီးတော့ နားလည်မှု လွဲမှားမှုတွေပျံ့နှံ့ပြီးတော့ ကြီးထွားတဲ့အချိန်ကြမှ ထုတ်ပြန်တော့ OIC နဲ့ ပက်သက်ပြီး ကျွန်တော်တို့အတွက်လည်း ပြောရဆိုရ ခက်တဲ့အနေအထားမျိုးဖြစ်သွားပါတယ်။

    OIC နဲ့ နယ်စပ်ရေးရာဝန်ကြီးနဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်ဆိုတာ ဖတ်ခွင့်၊ သိခွင့် ရလားခမျ။

    ကျွန်တော်တို့လည်းမသိရပါဘူးခမျ။ OIC နဲ့ အစိုးရ ဆောင်ရွက်ချက်ကို တစ်စုံတစ်ရာ မသိရပါဘူး။ အကြမ်းဖျင်းပေါ့နော် မီဒီယာမှာ ပါသလောက်တော့ သိပါတယ်။ လူမှုအထောက်အကူပြု လုပ်ငန်းတွေဆောင်ရွက်ပေးမယ်။ ဘာသာရေး ကိစ္စမပါဘူးဆိုတဲ့ သဘောတွေ ကျွန်တော်တို့ ဖတ်ရပါတယ်။

    မြန်မာအစ္စလာမ်အဖွဲ့ကြီးအနေနဲ့ရော ရခိုင်ပြည်နယ်မှာ ဒုက္ခရောက်နေသူတွေအတွက် ဘာတွေဆောင်ရွက်ပေးနေပါသလဲ။

    ဇွန်လမှာစဖြစ်ကတည်းက ဒုက္ခသည် ကူညီရေးပံ့ပိုးမှုကော်မတီဆိုတာ ကျွန်တော်တို့ ဖွဲ့ပြီးတော့ တနိုင်တပိုင် ဆန်တို့၊ ဆီတို့၊ ရိက္ခာတို့ ထောက်ပံ့တဲ့ကိစ္စတွေ လုပ်ခဲ့ပါတယ်။ ဒီလိုလုပ်တဲ့နေရာမှာ ကျွန်တော်တို့က အစ္စလာမ် ဘာသာဝင်တွေတင်မကဘူး။ ဒုက္ခရောက်နေတဲ့ ကျွန်တော်တို့ ညီနောင်ပြည်သူတွေပါ ကျွန်တော်တို့ တတ်နိုင်တဲ့နည်းလမ်းနဲ့ တတ်စွမ်းသမျှ ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။

    အခေါ်အဝေါ်တွေနဲ့ ပက်သက်ပြီး ရခိုင်ပြည်နယ်မှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေကို ဘင်္ဂါလီတွေလို့ခေါ်ကြသလို၊ တချို့မလည်း ရိုဟင်ဂျာလို့ ခေါ်ကြပါတယ်။ ဘာကွာခြားလဲဗျ။

    ကျွန်တော်တို့ ဘာသာရေး အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်တဲ့ဟာက မြန်မာနိုင်ငံ နယ်နမိတ်အတွင်းမှာရှိတဲ့ အစ္စလာမ်သာသနာကိုကိုးကွယ်တဲ့ မည်သည့်လူမျိုးမဆို ကျွန်တော်တို့နဲ့ သက်ဆိုင်ပါတယ်။ ကျွန်တော်တို့က သူတို့ရဲ့ ဘာသာရေးနဲ့ ပက်သက်တဲ့ ကိစ္စတွေကို ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဥပမာ ရခိုင်ပြည်နယ်မှာ တိုင်းရင်းသားထဲမှာ ကမန်လူမျိုးရှိတယ်။ သူတို့တွေက အစ္စလာမ်ဘာသာဝင်တွေပါ။ တိုင်းရင်းသားတွေပါပဲ။ အလားတူပဲ အခြားအခြားသော ပြည်နယ်နဲ့ တိုင်းတွေမှာလည်း တိုင်းရင်းသားလူမျိုးတွေထဲမှာ အစ္စလာမ်ဘာသာဝင် အနည်းနဲ့ အများဆိုသလိုရှိပါတယ်။ သူတို့ လူမျိုးတစ်မျိုးချင်းဆိုင်ရာ အမျိုးသားရေး၊ သူတို့ အမည်ပြဌာန်းတာနဲ့ ပက်သက်လို့ ကျွန်တော်တို့ ဘာသာရေးအဖွဲ့တွေရဲ့ တာဝန်လည်းမဟုတ်ပါဘူး။ သူတို့ ရဲ့ အယူအဆသာလျှင်ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့တာဝန်ကတော့ သူတို့ရဲ့ ကိုးကွယ် ယုံကြည်မှုနဲ့ပက်သက်တဲ့ ကိစ္စရပ်တွေကို ဆောင်ရွက်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

    အရင်တုန်းကရော မြန်မာနိုင်ငံမှာ အခုလို အီးဒ်နေ့ မကျင်းပဘဲ ရှောင်ကြဉ်ခဲ့ရတာတွေ ဖြစ်ခဲ့ဖူးလားဗျ။
    ဖြစ်ခဲ့ဖူးပါတယ်။ ၁၉၈၃ ခုနှစ်မှာ တစ်ခေါက်ဖြစ်ပါတယ်။ အဲ့ဒီတုန်းက ဘာသာတစ်ခုနဲ့ တစ်ခုကြား နားလည်မှုတွေ ပျက်ပြားလို့ဖြစ်ပါတယ်ခဗျာ။ ၁၉၈၇ မှာတစ်ခါ ၁၉၉၇ မှာတစ်ခါဖြစ်တယ်။ သုံးကြိမ်ဖြစ်ဖူးပါတယ်။ ၁၉၈၃ မှာ ဖြစ်တဲ့ကိစ္စကတော့ မော်လမြိုင်မှာ ဖြစ်ခဲ့တယ်။ ရေးမြို့မှာ ဗလီဝတ်ကျောင်းတော် ဖျက်စီးခံရတဲ့ ကိစ္စဖြစ်ဖူးတယ်။ ၁၉၈၇ မှာဖြစ်တဲ့ ကိစ္စကတော့ ညောင်တုန်းမြို့မှာ ပြသနာ အနည်းငယ်တက်ခဲ့ဖူးတယ်။ နောက်တစ်ခေါက် တောင်ကြီးမြို့မှာ ဖြစ်ခဲ့ဖူးတယ်။ ၁၉၉၇ မှာတော့ ရန်ကုန်မြို့မှာလည်း အနည်းငယ် ဖြစ်ခဲ့ဖူးပါတယ်။ ကျွန်တော်တို့ မှီသလောက်ဖြစ်စဉ်တွေကို တင်ပြတာခဗျ။

    ဘာတွေ ထပ်မံဖြည့်စွက်ပြောကြားလိုပါသလဲခမျ။
    ကျွန်တော်တို့ မြန်မာပြည်မှာ အစ္စလာမ်ဘာသာရောက် ရှိခဲ့တာ နှစ်ပေါင်းများစွာကြာပါပြီ။ ကျန်တဲ့ ညီနောင်တွေရဲ့ အကြားမှာ ငြိမ်းငြိမ်းချမ်းချမ်း၊ ချစ်ချစ်ခင်ခင် နေထိုင်ခဲ့ပါတယ်။ ရခိုင်ပြည်နယ် ပဋိပက္ခကို အကြောင်းပြုပြီးတော့ ကျွန်တော်တို့မှာ ဘာဖြစ်လဲဆိုတော့ ကျန်တဲ့ ဘာသာဝင်တွေနဲ့ ကျွန်တော်တို့နဲ့ကြားမှာ အားတုံ့အားနာ ဖြစ်နေရပါတယ်။ အဲ့လို အားတုံ့အားနာ ဖြစ်နေရတာကို ကျွန်တော်တို့ မနေလိုပါဘူး။ အရင်လိုပဲ ဘာသာတစ်ခုနဲ တစ်ခုကြားမှာ ချစ်ချစ်ကြည်ကြည်နေရတာကိုပဲ ကျွန်တော်တို့ ကြိုက်ပါတယ်။ ဘာသာပေါင်းဆုံးချစ်ကြည်ရေးကို ကျွန်တော်တို့လည်း တတ်နိုင်သမျှ ဆောင်ရွက်နေပါတယ်။
    မီဒီယာများကလည်း ကျွန်တော်တို့ နိုင်ငံရဲ့ သတင်းကို ရေးသားတဲ့အခါမှာ ဘာသာပေါင်းစုံ ချစ်ကြည်ရေးကိုလည်း ရှေ့ရှုပေးပါလို့  မေတ္တာရပ်ခံလိုပါတယ်။ ဖြစ်စဉ်ဖြစ်ရပ် အမှန်ကိုရေးတာကိုတော့ ကျွန်တ်ာတို့လည်း လက်ခဲ့ပါတယ်။ သို့သော် သတင်းရဲ့ ဦးတည်ချက်ကတော့ ဘာသာပေါင်းစုံချစ်ကြည်ရေးကို ရှေးရှုပေးပါလို့ ကျွန်တော်တို့ အနေနဲ့ မေတ္တာရပ်ခံလိုပါတယ်။