News @ M-Media
Author: M-Media
  • ရာဇ၀တ်ကောင်များကို အမိဖမ်းမယ်
    ရာဇ၀တ်ကောင်များကို အမိဖမ်းမယ်
    အောက်တိုဘာ၊ ၂၇ ၊ ၂၀၁၂
    M-Media
    မြန်မာပြည်ထဲမှာ- လူသားပေါင်းများစွာကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ နေရပ်ဇာတိများမှ အစုလိုက် အပြုံလိုက် မောင်းထုတ်ခြင်း၊ လူသားမျိုးနွယ်စု တစ်ခုအား ဂုဏ်သိက္ခာညှိုးနွယ်စေရန် လှုံ့ဆော်ခြင်း၊ လူသား ချင်းကြား အမုန်းတရားမျိုးစေ့ချပေးခြင်း-တို့ဟာ Crime Against Humanity နဲ့ ကမ္ဘာ့ခုံရုံးကို တင်ဘို့ ပြည့်စုံ လုံလောက်တဲ့ အကြောင်းရင်းများ ဖြစ်တယ်။
    မြန်မာပြည်ထဲမှာ ဖြစ်ခဲ့တာတွေ၊ ဖြစ်နေတာတွေဟာ ရိုဟင်ဂျာနဲ့ ရခိုင်အကြား ဖြစ်တဲ့ မျိုးနွယ်စုချင်း ပဋိပက္ခ မဟုတ်ဘူး- ဗုဒ္ဓဘာသာ အကြမ်းဖက်များက အစ္စလာမ်ဘာသာဝင်တွေကို မျိုးဖြုတ်တဲ့ မျိုးပြုတ်သတ်ဖြတ် မောင်းထုတ်မှု ဖြစ်တယ် ဆိုတာ ငြင်းမရနိုင်တဲ့ အထောက်အထားတွေ ရှိနေတယ်။ ဒါကြောင့် ရိုးရိုးသာမန် ရခိုင် ဗုဒ္ဓဘာသာများက ရိုဟင်ဂျာများကို သုတ်သင်နေခြင်း မဟုတ်ဘဲ ဘုန်းကြီးများကိုယ်တိုင်က တစ်နိုင်ငံလုံး မွတ်ဆလင် ဆန့်ကျင်ရေး ဆန္ဒပြပြီး ခေါင်းဆောင်ခဲ့တယ်။ ရခိုင်တောနယ်က ဆင်းရဲနွမ်းပါးသူတွေ၊ လူဆိုး လူမိုက်တွေကို ကုလားသတ်ပွဲမှာ မပါရင် မင်းရဲ့ သာရေးနာရေးကို ငါတို့ တာဝန်မယူဘူး- မင်းကို ဗုဒ္ဓဘာသာ တွင်းက ထုတ်ပစ်မယ်လို့ အကြပ်ကိုင် စည်းရုံးခဲ့တယ်။ ဒါတွေ အားလုံး တိကျတဲ့ အထောက်အထား သက်သေ သက်ကန် ရှိနေပြီး ဖြစ်တယ်။
    ဒုတိယ အဆင့်အနေနဲ့ ငါတို့မှာ ကမ္ဘာ့ခုံရုံးကို တင်ဘို့ ကျွမ်းကျင်ပြီး အတွေ့အကြုံရင့်ကျက်တဲ့ ကမ္ဘာ့ ရှေ့နေတွေ နဲ့ အမှုအပ်ပြီးလည်း ဖြစ်နေပြီ။ အခုအချိန်မှာ သူတို့က အမှုတွဲ ရေးနေချိန် ဖြစ်နေပြီ။
    ဒီထက်ပိုပြီးခိုင်လုံတဲ့ သက်သေများ ရစေဘို့- အသတ်ခံရတဲ့ အပြစ်မယ့် ပြည်သူ့ အလောင်းတွေကို အစုလိုက် အပြုံလိုက် ဘယ်လိုမြှုပ်သလဲ၊ ဘယ်နေရာတွေမှာ မြှုပ်သလဲ။ အလောင်းတွေကို ဘယ်လို ဖျောက်ဖျက်သလဲ၊ ဘယ်ပါတီ၊ ဘယ်အုပ်စုက အကြမ်းဖက် လူစုတွေကို ဘယ်လို ခေါ်လာပြီး လူစုသလဲ- ဆိုတာတွေကို ရာဇ၀တ် ကောင်များအပေါ်က စောင့်ကြည့်နေတဲ့ Satellite Sentinel Project ကို လွန်ခဲ့တဲ့ ၃၉ ရက်ကတည်းက တပ် ဆင်ပြီး ဖြစ်နေတယ် ဆိုတာ- လူမိုက်မျက်ကန်း ပညာမဲ့များ မသိခဲ့လေခြင်းသာ ဖြစ်တယ်။
    ငါတို့က မတရားမှုကို တရားမှုနဲ့ တော်လှန်ဘို့ ပြင်ဆင်ပြီး ဖြစ်နေပါတယ်။ ကမ္ဘာအလယ်မှာ အစ္စလာမ်က အကြမ်းဖက်သလား-၊ သို့မဟုတ် မွတ်ဆလင်များကို နာမည်ဖျက်နေတဲ့ မေတ္တာရှင် ဟန်ဆောင်သူများက အကြမ်းဖက်သလား- မကြာမှီ ပေါ်လာရမှာပါ။
    ငါ ပြောတာတွေ လေဖန်းဒါန်းစီးပြီး ခြိမ်းခြောက်တာလား၊ လက်တွေ့လား ဆိုတာတော့- သတင်းပတ် ၅ ပတ် အတွင်း အဖြေ ပေါ်လာရစေပါမယ်လို့- တိုင်းပြည်ကို ကတိပေးပါတယ်။ လက်ရှိ ဆောင်ရွက်နေတာတွေထဲက ဖွင့်ပြောနိုင်သမျှလောက်ကိုသာ ပြောရခြင်းသာ ဖြစ်တယ် ဆိုတာကိုလည်း-၊ မကြာမှီ ရက်အတွင်း ရာဇ၀တ် ကောင်များ လက်တွေ့ရင်ဆိုင်ရပါတော့မယ်။
    လူဆိုးလူမိုက် သွေးအေးအေးနဲ့ ရက်စက်တဲ့ တိုင်းပြည်သစ္စာဖေါက် မျိုးပြုတ်သတ်ဖြတ်တဲ့ တရားခံများကို ဖယ် ရှားပစ်မှ- အနာဂါတ်မြန်မာနိုင်ငံမှာ လူကောင်းလူတော်တွေ အတွက် အခွင့်အရေး ရလာမယ်လို့လည်း ငါတို့ ယုံကြည်တယ်။ လူဆိုးလူမိုက် အကြမ်းဖက် မျိုးဖြုတ်သတ်တဲ့ ခေါင်းဆောင်များနဲ့ အပေါင်းပါများကို ကမ္ဘာ့ခုံရုံး ကို တင်လိုက်လို့ တစ်တိုင်းပြည်လုံးက ငါတို့ကို မကြေနပ်ရင်လည်း ငါတို့ အနေနဲ့ အနာဂါတ်မျိုးဆက်အတွက် အကောင်းကို လုပ်ဆောင်ပေးခဲ့ခြင်း အတွက် ငါတို့ဟာ အကြမ်းဖက် လူသတ်ကောင်များကို တော်လှန်မှုနဲ့ တရားခံအဖြစ် ရဲရဲ တင်းတင်း ခံယူလိုက်မယ်။
    အကြမ်းဖက် အုပ်စုက အခုအချိန်မှာ ငါ့ ကို သတ်လိုက်ရင်လည်း- ငါတို့ တင်ပို့ထားတဲ့ အမှုတွဲ ဖိုင်က ကမ္ဘာ့ ရှေ့နေများ လက်ထဲကို ရောက်နေပြီ- ဆက်တိုက်ဆောင်ရွက်သွားမယ့် လူတွေ ရှိနေပြီ ဆိုတာကိုလည်း ထပ်ဆင့် အသိပေးလိုပါတယ်။
    မတရားမှုဟာ တရားမှုအောက်မှာ ပြားပြားဝပ်သွားစေရပါမယ်။ နေရာတိုင်းမှာ မတရားမှုကသာ အနိုင်ရနေရင်- ဒီကမ္ဘာမှာ တရား ဆိုတာ ရှိတော့မှာ မဟုတ်ဘူး—- ဆိုတာတော့ အမှန်တရားကို ချစ်တဲ့ မြန်မာပြည်သား အားလုံး လက်တွေ့ သိမြင်စေရပါမယ်။
    ဌေးလွင်ဦး
    မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားမှု
    ၂၀၁၂ အောက်တိုဘာ ၂၇ ရက်
    ဤ ကြေငြာချက် ဆောင်းပါးသည် M-Media ၏ အာဘော်မဟုတ်ဘဲ စာရေးသူ၏  သဘောထားအာဘော်သာဖြစ်ပါသည်။
  • ကိုယ့်ဖာသာ အိဒ်မလုပ်တာမဟုတ်၊ မယုံလို့ မလုပ်တာ
    ကိုယ့်ဖာသာ အိဒ်မလုပ်တာမဟုတ်၊ မယုံလို့ မလုပ်တာ
    အောက်တိုဘာ ၂၇၊ ၂၀၁၂
    M-Media
    ညီညီလင်းဇော်
    မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်အဖွဲ့ ကြီးက ဒီနှစ် အိဒ်ပွဲတော်မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက် တယ်ဆိုတာ ကြားကြားချင်းမှာ အလေးသိပ်မထားဖြစ်ပါ။ မလုပ်နဲ့ ဆိုတော့ မလုပ်ဘူးပေါ့။ ခု အောက်တိုဘာ၂၆ ရက်နေ့  ကျော် ပြီး ၂၇ ထဲအ၀င်မှာတော့ ခံစားရတယ်။ ငါတို့ အ မြတ်တနိုးနှစ် စဉ်လုပ်လာခဲ့တဲ့ရိုးရာပွဲတော် ငါတို့ ဒီနှစ် မလုပ်ဖြစ်တော့ဘူးဆိုပြီးတော့။
    ဒီပွဲကို ဘာကြောင့်ငါတို့ မြတ်နိုးပြီး မလုပ်ရလို့  ဘာကြောင့်ဝမ်းနည်းရတာလဲ။ နားမလည်ပဲ ဘုထိုင်ပြောတဲ့လူတွေ၊ မသိကျိုးကျွံပြုတဲ့ လူပိန်းတွေ၊ ခေါင်းထဲမှာ စဉ်းစားဖို့ မပါတဲ့ နလပိန်းတုံးတွေ အတွက်ကတော့ နွားသတ်ပွဲပေါ့၊ ငါတို့ အတွက်ကတော့ အသားလှူကောင်းမှုပြုပွဲ။ ဒီထက်မကဆိုရင် တိရိစ္ထာန်တွေကို ရက်ရက်စက် စက်မပြုအောင် သင်ပေးတဲ့ပွဲ။ ဒီလိုရေးလို့  ၀ိုင်းဆဲကြပါအုံးမယ်။ အားရပါးရ ပက်ပက်စက်စက် လှောင်ပြောင်ကြပါအုံးမယ်။ နွားတော့သတ်ပြီး မရက်စက်အောင် သင်ပေးတယ်ဟုတ်လားဆိုပြီး။ ဟုတ်ပါတယ်၊ သေချာစဉ်းစားကြည့်ပါ။
    သတ်တယ်ဆိုတာ ရေဆူဆူထဲနှစ်သတ်တာမဟုတ်ပါဘူး။ အချွန်အစူးနဲ့ ထိုးသတ်တာမဟုတ်ပါဘူး။ ရိုက်သတ် ခုတ်သတ်တာမဟုတ်ပါဘူး။ ပြီးပြည့်စုံသော သိပ္ဗံ နည်းကျသော အစ္စလာမ်ဘာသာက လည်လှီးခိုင်းတယ်ဆိုတာ ပင်မအာရုံကြောတွေကို ၃ ချက်နဲ့ စက္ကန့် ပိုင်းအတွင်းဖြတ်ခိုင်းထားတဲ့အတွက် အာရုံကြောပြတ် သွားလို့  (ဦးနောက်နဲ့ ခန္ဒ္ဓာဆက်ထားတဲ့ အသိအာရုံကြောတွေပြတ်သွားလို့ ) သူတို့မှာ နာကြဉ်မှူကို မသိ (မရှိ) တော့ပါဘူး။ ဒီကိစ္စ ဆေးသိပ္ဗံပညာရှင်တွေရော အစ္စလာမ်ဘာသာရေးပညာရှင်တွေပါ ရှင်းပြပြီးသားပါ။ အမှန်တကယ် သဘောပေါက်ချင်တယ်ဆိုရင် ရှာဖတ်ကြည့်ပါ။ (စိတ်လည်းမ၀င်စား နားမလည်ချင်ပဲ ငါ့စကားနွားရ ထိုင်ဆဲမဲ့လူတွေအတွက်တော့ အချိန်ကုန်ခံပြီး မရေးတော့ပါ)။
    ခုချိန်ဆိုရင်အိဒ်ပေါ့ဗျာ။ နံနက်လင်းရင်တော့ အိဒ်မနက်ပေါ့။ ခါတိုင်းဆိုရင် အိဒ်နေ့  မနက်မိုးမလင်းခင်စောစောထတယ်၊ ရေချိုးတယ်၊ ဘုရားစာဖတ်တယ်၊ ဝေးဝေး တခါမှစားရတဲ့ အစားသောက်နဲ့  နံနက်စာစားကြတယ်။ ပြီးရင် အ၀တ်အသစ်ဝတ်ပြီးပလီသွားကြတယ်။ ဘုရားရှိခိုးပြီးရင် သူငယ်ချင်းတွေ အမျိုးတွေနဲ့  နှုတ်ဆက် ကြတယ်။ အမျိုးအိမ်တွေသွားတယ်။ အဝေးက အမျိုးတွေ မိတ်တွေတွေကို ဖုန်းခေါ်မယ်။ စုဆောင်းတာတွေထဲက လှူကြတယ်။ တနှစ်မှာ တခါရတဲ့ ဒီ အမှတ်တရပွဲ၊ ငါတို့ ဆုံးသွားပြီ။
    ငါတို့ တောင် ဒီလောက်ဝမ်းနည်းနေရင် နေစရာအိမ်ပျောက်သွားတဲ့ ရခိုင်ကမွတ်စလင်မ်တွေ၊ အမေသေ အဖေသေ သားသမီးသေ ကြုံလိုက်ရတဲ့ ရခိုင်ပြည်က ဒုက္ခသည်တွေ မနက်ဖြန် ဘယ်လိုအိဒ်လုပ်ကြမလဲ။
    ဒီနေ့  ရခိုင်အရေးအခင်းကဓာတ်ပုံတွေတွေ့ တယ်။ ကလေးလေးတွေငိုနေတယ်။ အစားတွေမစားရ ရေတွေမသောက်ရတော့ ဖျော့တော့နေကြတယ်။ အဖိုးကြီး အဖွားကြီးအိုတွေကို ပွေ့ ပြီးသယ်နေရကြရတယ်။ ကောင်မလေး ၂ ယောက် သွေးအိုင်ထဲမှာ လဲသေနေတယ်။ အနီးထုပ်နဲ့  ကလေးတယောက် ကျောက်ဖြူက ထွက်လာတာ စစ်တွေရောက်တော့ အသက်မရှိတော့ဘူး။
    စစ်တွေအရောက်ဆုံးသွားတဲ့ ကလေးလေး
    အပြုံးတွေနဲ့  ကျော်ဖြတ်ရမဲ့တနေ့ မျက်ရည်တွေ သွေးတွေနဲ့  လှူးနေရော့မယ်။ အလောင်းတွေနဲ့  ယင်ကောင်တွေ ၀ဲနေရော့မယ်။ ဆာလှောင်လို့  ကလေးတွေအော်နေကြမယ်။ ကျွေးစရာမရှိလို့  အမေတွေ ငေးနေကြမယ်။ အသက်မရှိတော့တဲ့ ရင်သွေးလေးတွေအတွက် ရင်ကွဲရော့မယ်။ ပြေးစရာမရှိလို့  ငိုနေတော့မယ်။
    သူတို့ ဒီလို လုပ်ရက်တယ်။ ငါတို့ ရဲ့  အမြတ်တနိုးနေ့ ကို ဒီလိုဖျက်ဆီးရက်တယ်။ ငါတို့  မမေ့တော့ဘူးအစွန်းရောက် အကြမ်းဖက်သမား ရခိုင်တွေ၊ နည်းအမျိုးမျိုးနဲ့ အားပေးအားမြှောက်တဲ့ကောင်တွေ၊ သွေးဆာနေတဲ့ လူသတ်သမားတွေ။
    သူတို့ လုပ်ရပ်တယ် ဖျက်ဆီးရက်တယ်လို့ ပြောရအောင် အစိုးရကမတားပါဘူး၊ သူတို့ ဟာသူတို့  မလုပ်တာပါလို့  အစိုးရရုံးက ပြောပါတယ်။ ဒါကို မြန်မာသတင်းဌာနတွေကလည်း မှူးဇော်ကို ကိုးကားပြီး တသီကြီးဖော်ပြကြတယ်။ မလှိမ့်တပတ်အမြဲလုပ်တတ်တဲ့ အစိုးရကို ကိုးကားကြတော့တယ်။
    မွတ်စလင်မ်ခေါင်းဆောင်တွေက သူတို့ ဖာသာသူတို့  ဆုံးဖြတ်ချင်သလို ဆုံးဖြတ်တာမဟုတ်ပါဘူး။ အစိုးရကလုပ်ခွင့်မပိတ်ဘူးဆိုတာ မှန်တယ်။ ဒါပေမဲ့ အစိုးရ ရူးချင်ဟန်ဆောင်နေတာ၊ သူမဟုတ်သလိုလုပ်နေတာက အစ္စလာမ်တွေကို ဒီလောက် စော်ကားနေတာ တိုက်ခိုက်နေတာကို ဘာမှအရေးမယူပေးဘူး။ ပေါ်တင် တိုက်ခိုက်နေတာ၊ စည်းရုံးနေတာ၊ လှုံ့ ဆ်ာနေတာ၊ စာတွေဖြန့် နေတာ၊ ရိုဟင်ဂျာကိုဆန္ခပြပြီး အစ္စလာမ်ကိုပေါ်တင်တိုက်ခိုက်နေတာတွေကို လွတ်ထားပေးတယ်။ အစိုးရထဲကလူတွေကိုယ်တိုင်က အစ္စလာမ်ဆန့် ကျင်ရေးလုပ်နေတယ်။ မှူးဇော်ကိုယ်တိုင်က မုန်းတီးရေးလုပ်နေတယ်။ သတင်းမှားတွေပေးနေတယ်။
    အစ္စလာမ်ခေါင်းဆောင်တွေ အကြိမ်ကြိမ်သွားပြောတယ်၊ စာတင်တယ်၊ တောင်းဆိုတယ်၊ ထိန်းပေးဖို့ မေတ္တာရပ်ခံတယ်။ ဘာမှမလုပ်ပေးဘူး။ အိဒ်ပွဲအတွက်လည်း လုံခြုံရေးမပေးနိုင်ဘူးလို့ ပြောတယ်။ လုံခြုံရေးပေးဖို့ နေနေသာသာ သူတို့ ကိုယ်တိုင်က အစ္စလာမ်ဆန့် ကျင်ရေးအတွက် လမ်းဖွင့်ထားပေးတာကို သိသိကြီးနဲ့  မွတ်စလင်မ်ခေါင်းဆောင်တွေက ငြိမ်နေရမလား။ ကမ္ဘာမီးလောင် သားကောင်ချနင်းနေတာကို သိသိနဲ့  မျက်စိမှိတ်ပြီး ထောင်ချောက်ထဲဆင်းရမလား။
    အစိုးရမက မတားမြစ်ထားဘူး၊ သူတို့ ဖာသာသူတို့  မလုပ်တာဆိုပြီး မလိမ့်တပတ်မပြောနဲ့ ။ လူပိန်းတွေး လူပိန်းရေးမလုပ်ကြနဲ့ ။ ပြသနာမဖြစ်ဖြစ်အောင် လုပ်နေကြတာကိုသိလျက်နဲ့  အစိုးရဖက်က တာဝန်ပျက်ကွက်နေလို့ ၊ လုံခြုံမှုမရှိတော့တာကို သိလျက်နဲ့  လုံခြုံရေးမပေးလို့ ၊ ကုန်ကုန်ပြောမယ် အစိုးရကိုမယုံလို့  မွတ်စလင်မ်တွေ ကိုယ့်ဖာသာကိုယ် ဆင်ခြင်လိုက်ကြတာလို့ ပဲပြောပါ။
  • မဲဆောက်မှ ကုရ်ဘာနီအီးဒ်နေ့ အလှူ
    မဲဆောက်မှ ကုရ်ဘာနီအီးဒ်နေ့ အလှူ
    အောက်တိုဘာ၊ ၂၆ ၊ ၂၀၁၂
    ပြည်တော်မြင့်(ဧရာဝတီ)
    မဲဆောက်- ထိုင်းနိုင်ငံ
    ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ယနေ့ပြုလုပ်သည့် ကိုရ်ဘာနီအိဒ်ပွဲတော်သို့ မြန်မာနိုင်ငံ မြ၀တီဘက်ခြမ်းမှ ထောင်နှင့်ချီသည့် အစ္စလမ်ဘာသာဝင်များ လာရောက်ခဲ့ကြသည်။
    မဲဆောက်အိဒ်ပွဲတော် လာရောက်ကြသည့် မြန်မာဘက်ခြမ်းမှ ချို့တဲ့သူများကို မဲဆောက်ရှိ လုပ်ငန်းရှင်များက ငွေကြေး၊ အ၀တ်အထည်နှင့် အသားများ ပေးဝေကြသည်။
    မဲဆောက်အိဒ်ပွဲတော် လာရောက်ကြသည့် မြန်မာဘက်ခြမ်းမှ ချို့တဲ့သူများကို မဲဆောက်ရှိ လုပ်ငန်းရှင်များက ငွေကြေး၊ အ၀တ်အထည်နှင့် အသားများ ပေးဝေကြသည်။
    မဲဆောက်မြို့မှ လုပ်ငန်းရှင်တဦးဖြစ်သည့် ဟာဂျီယူနွတ်က ”မဲဆောက်မှာက နှစ်တိုင်း ပေးကမ်းမှုကို ပြုလုပ်ကြတာပါ။ အသားအိဒ်မှာရော မုန့်အိဒ်မှာရော အမြဲတမ်း ပုံမှန် လုပ်နေကြပါ။ အဓိက မြန်မာဘက်က လာတဲ့လူတွေကို ပိုပြီးပေးကမ်းဖြစ်ပါတယ်” ဟု ပြောသည်။
    ငွေကြေးအနေနှင့် အသက်အရွယ် ကြီးရင့်သူများနှင့် ကျန်းမာရေးချို့တဲ့သူများကို တဦးလျှင် ထိုင်းဘတ်ငွေ ၅၀၀ မှ ၁,၀၀၀ လှူဒါန်းကြသည်ဟု အလှူငွေ ရရှိခဲ့သော မသန်စွမ်းသူ တဦးဖြစ်သည့် ကိုမာမွတ်က ပြောသည်။
    မိသားစုနှင့်အတူလာသည့် ကိုမာမွတ်က ”မဲဆောက်အိဒ်ပွဲကို လာတာ အများစုက မြ၀တီနဲ့ ကော့ကရိတ်နယ်ထဲကလူတွေ များတယ်။ ဒီပွဲအတွက် မဲဆောက်ကို နှစ်ရက် ကြိုပြီးလာရတယ်။ တည်းတာကတော့ မဲဆောက်ဗလီကြီးနဲ့ အခြားဗလီတွေမှာ ညအိပ် တည်းကြတယ်။ မိသားစုအလိုက် လာကြတာများတယ်။  ဒီနေ့အိဒ်ပွဲပြီးတာနဲ့ နောက်နေ့ ကားတန်းနဲ့ ကော့ကရိတ် ပြန်ဆင်းကြမယ်” ဟု ပြောသည်။
    ပုံမှန်အားဖြင့် ထိုင်းနှင့် မြန်မာ အစ္စလမ် ဘာသာဝင်များ၏ ကိုရ်ဘာနီအိဒ်ပွဲတော်သည် တရက်စီ ခြား၍ကျ ရောက်သော်လည်း ယခုနှစ်အတွက် မြန်မာနိုင်ငံတွင်  ပြည်တွင်းရေး အခြေအနေအချို့ကြောင့် အိဒ်ပွဲတော် မကျင်းပနိုင်သည့်အတွက် စိတ်မကောင်းဖြစ်ရသည်ဟု မဲဆောက် အခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာ မူဆလင်များ အစည်းအရုံး (ABMU) အဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဦးဟာမစ်က ပြောသည်။
    ၎င်းက ”တိုင်းပြည် တည်ငြိမ်ဘို့အတွက် အစိုးရက တာဝန် ပျက်ကွက်ခဲ့တယ်။ ဒီပြဿနာကို အစိုးရက ထိထိ ရောက်ရောက် ကိုင်တွယ်မှု မရှိဘဲ မီးစာတဘက် ရေမှုတ်တဘက် ပေါ်လစီကို ကျင့်သုံးခဲ့လို့ဖြစ်တယ်” ဟု ဧရာဝတီသတင်းဌာနသို့ ပြောသည်။
    မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နှင့် အခြားဒေသအချို့တွင်  ဆိုးရွားစွာ ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ယခုလ ၂၇ ရက်နေ့တွင် ကျရောက်မည့် ကိုရ်ဘာနီအိဒ်ပွဲတော်ကို ယခုနှစ်တွင် ကျင်းပခြင်း မပြုလုပ်ဘဲ ရပ်ဆိုင်းထားရန်  မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလမ်ဘာသာရေး အဖွဲ့ချုပ်ဝင် အားလုံး တညီတညွတ်ထဲ သဘောတူကြောင်း ယမန်နေ့ ရက်စွဲဖြင့် ကျေညာချက် ထုတ်ပြန်ခဲ့သည်။
    ထိုင်းနိုင်ငံတွင် ယနေ့ကျရောက်သည့် ကိုရ်ဘာနီအိဒ်ပွဲတော်ကို လာရောက်သည့် မြ၀တီမှ ဒေါ်ခါလာကြီးက ”မဲဆောက်မှာရှိတဲ့ ဟာဂျီတွေက ရက်ရက်ရောရော ပေးကမ်းနိုင်တော့ မြန်မာဘက်က လာတဲ့လူတွေ များတယ်။ ပိုက်ဆံ မရတဲ့လူတွေရှိပေမဲ့ အသားကတော့ တယောက်ကို သုံးလေးပိသာလောက် အနည်းလေး ရတယ်၊ ကျမတို့ဆီမှာက ခုခေတ်အသားဈေးနဲ့ဆိုရင် တော်ရုံတန်ရုံလူ ပိသာလိုက် ၀ယ်စားဘို့က လွယ်တာ မဟုတ်ဘူး” ဟု ပြောသည်။
    ကိုရ်ဘာနီအိဒ်ပွဲတော်သည် အစ္စလမ် ဘာသာဝင်များအကြား အရေးကြီးသည့်ပွဲတော်ဖြစ်ပြီး ပြဌာန်းရခြင်းနှင့် ပတ်သက်၍ ကိုရမ် ကျမ်းစာ ၂၂း၂၈ နေ့တွင် တွက်ချက် သတ်မှတ်ထားသော ကာလအတွင်း ခွာကွဲစားမြုံ့ပြန် သတ္တ၀ါများကို သင့်တို့အတွက် ရိက္ခာဖြစ်စေ၏ သို့ဖြစ်၍ ၎င်းတို့ကို စားသုံးကြလော့၊  နွမ်းပါးသော သူဆင်းရဲများကို ကျွေးမွေးကြလော့ဟု ဆိုထားသည်။
    ထိုင်းနိုင်ငံ၏ လူဦးရေသန်း(၇၀)ခန့် ရှိသည့်အနက် အစ္စလမ် ဘာသာဝင် အရေအတွက်မှာ  (၁၀) ရာခိုင်နှုံးခန့် ရှိသည် ဟု မဲဆောက်ဗလီကြီး၏ ဂေါပက အဖွဲ့ဝင်တဦးဖြစ်သည့် နိုင်ဘန်ကျုံက ပြောသည်။
    ၎င်းက ထိုင်းတောင်ပိုင်းရှိ နာရာသီဝပ်၊ ပါတနီ၊ ယာ့လာ၊ ဆုံခလာ၊ စတွန်း စသည့် ပြည်နယ်များတွင် အစ္စလမ်ဘာသာဝင်များ အများစု နေထိုင်ကြပြီး ယနေ့ ကျရောက်သည့် ကိုရ်ဘာနီအိဒ်ပွဲတော်ကို ထိုင်းနိုင်ငံ အတွင်း ဘာသာဝင်များ နေထိုင်ကြသည့် နေရာဒေသများတွင်လည်း တပြိုင်တည်း ကျင်းပကြသည်ဟု ဆိုသည်။
    ယနေ့မွန်းလွဲပိုင်းက မဲဆောက်ဗလီကြီးတွင်တွေ့ရသည် မြန်မာနှင့်ထိုင်းအစ္စလမ်ဘာသာဝင်များ (ဓာတ်ပုံများ – ပြည်တော်မြင့်/ဧရာဝတီ)
  • ရခိုင်အကြမ်းဖက်မှု Genocide အဖြစ် သတ်မှတ်ရန်၊ ကူညီထိန်းသိမ်းရန် အမေရိကန်ဆရာဝန်မှ US အစိုးရသို့ အကြောင်းကြားစာ
    ရခိုင်အကြမ်းဖက်မှု Genocide အဖြစ် သတ်မှတ်ရန်၊ ကူညီထိန်းသိမ်းရန် အမေရိကန်ဆရာဝန်မှ US အစိုးရသို့ အကြောင်းကြားစာ
    အောက်တိုဘာ၊ ၂၅ ၊ ၂၀၁၂
    သို့ အမေရိကန်နိုင်ငံခြားရေးရာဌာန –
    ကျွန်ုပ်သည် အမေရိကန်နိုင်ငံသား ဆရာဝန်တစ်ဦးဖြစ်ပါသည်။ ၂၀၀၆ တွင် MSF အဖွဲ့နှင့်အတူ ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ ရောက်ရှိခဲ့ပါသည်။ ထိုလုပ်အားပေးတွင် ဆေးဘက်ဆိုင်ရာ ဆရာဝန်အဖြစ် တာဝန်ထမ်းခဲ့ပြီး ရိုဟင်ဂျာများ၏ လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေအဖြစ်လည်း ဆောင်ရွက်ခဲ့ပါသည်။
    ပြီးခဲ့သည့် ရက်ပေါင်း ၄ ရက်အတွင်း ရခိုင်ပြည်နယ် အလယ်ပိုင်း၌ ရခိုင်ရဟန်းများနှင့် အရပ်ဘက်ပြည်သူများပါဝင်သည့် ဆိုးသွမ်းလူအုပ်စုကြီးသည် ရိုဟင်ဂျာမိသားစုပေါင်း ၁ ထောင်ကျော်ကို အင်အားသုံးမောင်းထုတ်ပြစ်ခဲ့ပါသည်။ တွေ့ရာနေရာများ၌ ရိုဟင်ဂျာများကို သတ်ပစ်ခဲ့သဖြင့် သတင်းအချက်အလက်များအရ ရိုဟင်ဂျာပေါင်း ၂၀၀ မှ ၅၀၀ အထိ သေဆုံးခဲ့ရပါသည်။ ရိုဟင်ဂျာ ရွာ ၄ ရွာကို မီးရှို့ပစ်ခဲ့ပါသည်။ ထိုသို့သော အခြေအနေများဖြစ်ပွားနေစဉ်တွင် ရဲများနှင့် စစ်သားများပါ ရှိနေခဲ့ကြသော်လည်း တစုံတရာ တားဆီးဟန့်တားခြင်းမျိုး မရှိခဲ့ပါ။ အချက်အလက်များအရ မီးသတ်ရဲဘော်အချို့က မီးကိုငြိမ်းသတ်ဖို့ ကြိုးပမ်းခဲ့ခြင်းမျိုး ရှိပါသည်။
    လက်ရှိဖြစ်ပျက်နေသည့် သောင်းကျန်းခိုက်ရန်ပွားမှုများသည် ဗုဒ္ဓဘာသာဆိုင်ရာ အဖွဲ့အစည်းများသို့ လျင်မြန်စွာ ပျံ့နှံ့သွားပြီး ယင်းအဖွဲ့အစည်းများက ရိုဟင်ဂျာများကို ဆက်သွယ်ခြင်း၊ စားရေရိက္ခာထောက်ပံ့ခြင်းများ မပြုလုပ်နိုင်ဖို့ တားဆီးနေကြပြီး အကယ်၍ ပြုလုပ်ခဲ့ပါကလည်း ယင်းသူကို သစ္စာဖောက်အဖြစ် ကင်ပွန်းတပ်ကြပါတော့သည်။
    ရန်ကုန်မြို့မှ အေပီသတင်းတွင်ဖော်ပြထားသည့် အချက်အလက်များသည် ယနေ့နိုင်ငံတကာ မီဒီယာသို့ ပျံ့နှံ့ရောက်ရှိခဲ့ပါသည်။ ထိုသတင်းတွင် ဖြစ်ပျက်လျက်ရှိသော ဆူပူသောင်းကျန်းမှုများသည် နှစ်ဘက်သော လူမျိုးစုများအကြား ရန်လိုမှုများနှင့် အိုးအိမ်ပစ္စည်းများကို ဖျက်ဆီးပစ်ခြင်းများ ပါဝင်ကြောင်း ဖော်ပြသည်။ ထိုသတင်းကို မြန်မာအစိုးရဘက်မှ ရခိုင်အရေး ပြောခွင့်ရပုဂ္ဂိုလ် မျိုးသန့်နှင့် ရခိုင်ပြည်နယ် အုပ်ချုပ်ရေးကိုယ်စားလှယ် ဗိုလ်ချုပ်လှသိန်းတို့က အတည်ပြုပေးခဲ့ပါသည်။. ထိုပုဂ္ဂိုလ်နှစ်ဦးမှာ လက်ရှိအာဏာရအစိုးရဘက်မှဖြစ်ကြပါသည်။ ဇွန်နှင့် ဇူလိုင်လများအတွင်း ရိုဟင်ဂျာများကို  တိုက်ခိုက်ခဲ့သည်များကို လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့အစည်းမှ မှတ်တမ်းတင်ထားပြီး အစိုးရအနေဖြင့် ထိုဆူပူမှုများကို တားဆီးနိုင်သင့်ကြောင်း ဖော်ပြခဲ့ပါသည်။
    မကြာသေးမီက သမ္မတသိန်းစိန်၏ သဘောထားကြီးစွာဖြင့် မွတ်စလင်မ်များအား ဖိတ်ခေါ်ကမ်းလှမ်းခဲ့သည်မှာ သင့်မြတ်သော်လည်း တဖက်တွင် ဆူပူသောင်းကျန်းနေသူ များကို တားဆီးပိတ်ပင်နိုင်သည်အထိ ထိရောက်အကျိုးဖြစ်ထွန်းမှုမရှိပါ။ ဆူပူသောင်းကျန်းမှုများကိုလည်း တိုက်ရိုက်အကျိုးမသက်ရောက်စေခဲ့သလို ရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေးချိုးဖောက်နေမှုများကိုလည်း မဟန့်တားနိုင်ခဲ့ပါ။
    အမေရိကန်နှင့် နိုင်ငံတကာအဖွဲ့အစည်းများက ဤသို့သော ဆူပူသောင်းကျန်းမှုကြီးကို “ဂျီနိုဆိုက်ဒ်” သို့မဟုတ် “မျိုးတုန်းသတ်ဖြတ်ပွဲကြီး” အဖြစ် သတ်မှတ်ရန်လည်းကောင်း၊ ထိုဆူပူသောင်းကျန်းမှုကြီးကို ဟန့်တားဖို့ ချဉ်းနင်းဝင်ရောက်ကြရန်လည်းကောင်း လိုအပ်လျက်ရှိပါသည်။
    ထိုဆူပူသောင်းကျန်းမှုကြီးမှာ မြင့်မားသောအခြေအနေနှင့်အတူ လွယ်ကူစွာပျံ့နှံ့နေပြီး ရိုဟင်ဂျာများသည် ဘဏ်ဌာနများမှ (မိမိတို့ထံရောက်ရှိလာသော ငွေများကို) ထုတ်ယူဖို့ အိမ်အပြင်သို့ပြင် ထွက်မလာနိုင်ကြပါ။ ရခိုင်ပြည်နယ်အပြင်ဘက်သို့ ထွက်ပြေးဖို့လည်း ဆက်သွယ်ရေးတစ်စုံတစ်ရာမျှ မရှိပါ။ သူတို့အတွက် ထွက်ပေါက်မှာ တဘက်တွင် ပိတ်ကာထားသည့် ဘင်္ဂလားဒေ့ရှ်သာရှိပါသည်။ ရိုဟင်ဂျာများမှာ ရခိုင်တွင် ထောက်ချောက်ထဲသို့ ရောက်ရှိနေသူများအသွင် ရှိနေကြရပါသည်။
    ရိုဟင်ဂျာများသည် ၄င်းတို့နေထိုင်ရာနေရာ၊ ၄င်းတို့ဘိုးဘွားများနေထိုင်ခဲ့ရာနေရာတွင် ဆက်လက်နေထိုင်ဖို့ အခွင့်အရေးရှိကြောင်းကို ကျွန်ုပ်အနေဖြင့် များပြားစွာ သဘောတူပါသည်။ မြန်မာပြည်တွင်းရှိ ၊ အထူးသဖြင့် ရခိုင်ရှိ အဖိနှိပ်အခြိမ်းခြောက်ခံရိုဟင်ဂျာများအနေဖြင့် ၄င်းတို့ကိုယ်ပိုင် ထွက်သွားလိုသည် သို့မဟုတ် ဆက်လက်နေထိုင်လိုသည်ကို လွတ်လပ်စွာဆုံးဖြတ်ဖို့ အခွင့်အရေးရှိသင့်ပါသည်။ ၄င်းတို့အနေဖြင့် ဆက်လက်အသက်ရှင်နေထိုင်ဖို့နှင့် အရှုံ့ချခံနှင့် အဖိနှိပ်ခံများ ဘ၀မှ လွတ်မြောက်ကြဖို့ကသာ ဦးစားပေးအခြေအနေဖြစ်ကြောင်း ကျွန်ုပ်ယုံကြည်မိပါသည်။ ၄င်းတို့မှာကား အစိုးရလုံခြုံရေးများ၏ ပါဝင်ဟန့်တားခြင်းမျိုးမရှိဘဲ လက်ပိုက်၍သာ ကြည့်နေကြသည့်ရခိုင်ဆူပူသောင်းကျန်းမှုကြီးထဲတွင် ငုတ်တုတ်ထိုင်နေကြရပါသည်။
    ကျွန်ုပ်အနေဖြင့် မြန်မာပြည်မှ ထွက်ခွာဖို့အလိုရှိသည့် ရိုဟင်ဂျာများကို အမေရိကန်ဦးဆောင်ပြီး အထောက်အပံ့ဖြင့်ထွက်ခွာသွားနိုင်ဖို့ ညှိနှိုင်းဆောင်ရွက်ပေးရန် အကြံပြု တင်ပြအပ်ပါသည်။ အိုအိုင်စီကမူ ပြန်လည်ထူထောင်ရေးအတွက် ဒေါ်လာမီလီယံ ၂၀၀ (ထုတ်ပေးဖို့)တင်ပြထားပါသည်။  ထိုငွေကြေးများက မြန်မာပြည်မှ ထွက်ခွာခြင်းမရှိ ဘဲ ဆက်လက်နေထိုင်ရန် ရွေးချယ်ကြမည့် ရိုဟင်ဂျာများအတွက် ဆက်သွယ်ရေးနှင့် လူမှုကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ပါလိမ့်မည်။ ဤသည် လုပ်ဆောင်၍ မရသော အခြေအနေတွင် ရှိနေသည်မဟုတ်ပါ။ မွတ်စလင်မ်ကမ္ဘာက အမေရိကန်မပါဝင်သော ဤသည့်အခြေအနေကို တုန်လှုပ်နေပြီး အနောက်နိုင်ငံများ၏ အာရုံစူးစိုက်မှုသည်လည်း ရိုဟင်ဂျာများကိုယ်စား မာမာတင်းတင်း စေ့စပ်ညှိနှိုင်းပေးဖို့ သို့မဟုတ် ကြားဝင်ဆောင်ရွက်ပေးဖို့ (လိုအပ်ပါသည်။) အခြားသော အသိအမှတ်ပြုနိုင်သည့် ဒေါသူပုန်ထမှုရော အသိအမှတ်မပြုနိုင်သည့် ဒေါသူပုန်ထမှုများကိုပါ ရိုဟင်ဂျာများ၏ အတိဒုက္ခများအဖြစ် သတ်မှတ်ပြီး စောဒကတက်ကြရပါလိမ့်မည်။
    ပြည်သူလူထုအနေဖြင့် ဤသည်ကို အခြားသော ဘော့စနီးယားမျိုးဖြစ်မလာဖို့ ၊ အခြားသော နာဇီဂျာမနီဖြစ်မလာဖို့၊ အခြားသော ရ၀မ်ဒါဖြစ်မလာဖို့ လုပ်ဆောင်ကြရပါမည်။ ထိုနေရာများတွင်မူကား နိုင်ငံတကာအဖွဲ့အစည်းများသည် အလောင်းကောင်များကို မြှုပ်နှံဖို့အချိန်ရောက်မှသာ ချဉ်းနင်းဝင်ရောက်နိုင်ခဲ့ကြပါသည်။
    ကျေးဇူးတင်ပါသည်။
    Nora E. Rowley MD MPH
    https://www.facebook.com/nora.rowley.5
  • အကြမ်းဖက်မှုတွေ အရေးယူဖို့ ဘန်ကီမွန်းတိုက်တွန်း
    ကိုသားညွန့်ဦး
    26.10.2012
    VOA Myanmar
    ရခိုင်ပြည်နယ်အတွင်းက ဥပဒေမဲ့အကြမ်းဖက်မှုတွေကို အဆုံးသတ်နိုင်ရေး အရေးယူဆောင်ရွက်မှုတွေ လုပ်သွားဖို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်း မြန်မာအာဏာပိုင်တွေကို တိုက်တွန်းလိုက်ပါတယ်။ အိမ်နီးချင်း တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံမှာ တည်ငြိမ်မှုရှိဖို့ မျှော်လင့်တယ်လို့ သူ့ဆန္ဒကို ပြောသွားပါတယ်။ ဒီအကြောင်းတွေကိုတော့ ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။
    ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့ တနင်းနွေနေ့ကစပြီး နောက်တကျော့ဖြစ်လာတဲ့ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွေကြောင့် ဒီလိုဥပဒေမဲ့လုပ်ရပ်တွေကို ရပ်တန့်သွားရေးအတွက် မြန်မာအစိုးရဖက်က အရေးယူကိုင်တွယ်မှုတွေလုပ်ဖို့ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက မြန်မာအာဏာပိုင်တွေကို တိုက်တွန်းသွားတာပါ။ ဒီတခေါက် အကြမ်းဖက်မှုတွေ မီးရှို့မှုတွေဟာ ရခိုင်ပြည်နယ်တွင်း မြို့နယ်ခြောက်မြို့နယ်မှာ အဓိက ဖြစ်ခဲ့ပြီး၊ ဒီကနေ့ထက်အထိ အချို့နေရာတွေမှာ ကျို့ကြား မီးရှို့တိုက်ခိုက်မှုလေးတွေ ရှိနေတုန်းပဲလို့ သိရပါတယ်။
    ပြီးခဲ့တဲ့ ဇွန်လတုန်းစပြီး ရခိုင်ပြည်နယ်အတွင်းက ဒေသခံရခိုင်လူမျိုးဗုဒ္ဓဘာသာတွေနဲ့ ဘင်္ဂလီနွယ် မွတ်ဆလင်တွေအကြား အပြန်အလှန်တိုက်ခိုက်မှုတွေကြောင့် အစိုးရအာဏာပိုင်တွေဖက်က အရေးပေါ်အခြေအနေ ကြေညာခဲ့ရပါတယ်။ ဒီနောက် အစိုးရဖက်က ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ စုံစမ်းရေးအဖွဲ့  ဖွဲ့ပေးခဲ့သလို၊ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာလေ့လာရေးအဖွဲ့တွေကိုလည်း အဲဒီ ဖြစ်ပျက်ခဲ့တဲ့နေရာတွေကို သွားရောက်ကြည့်ရှုခွင့်ပေးခဲ့ပါတယ်။ အခုတခေါက်မှာ ရုတ်တရက်ဆိုသလို အကြမ်းဖက်မှုတွေကြောင့် ရက်တိုတိုအတွင်းမှာပဲ လူ အသေအပျောက်တွေ မထင်မှတ်လောက်အောင် များပြားခဲ့ပါတယ်။
    မြန်မာနိုင်ငံဟာ အခုဆိုရင် အာရှနဲ့ကမ္ဘာမှာ သည်ခံနယားလည်နိုင်မှုနဲ့ သဘောထားပျော့ပြောင်းမှုတွေမှာ စံပြလို ဖြစ်ဖို့အားထုတ်နေချိန်မှာ၊ ဒီလိုဖြစ်ရပ်တွေကြောင့် ဒီပုံရိပ်ကို မထိခိုက်စေချင်ဘူးလို့ အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရသူ မစ္စတာNesirlky က ပြောပါတယ်။
    ကုလသမဂ္ဂအနေနဲ့လည်း ဒီ တင်းမာမှုတွေလျှော့ကျသွားဖို့နဲ့ ဒေသတွင်း လူမှုသဟဇာတဖြစ်လာစေဖို့ ဆောင်ရွက်နိုင်သမျှ အားလုံး ကူညီဆောင်ရွက်သွားဖို့အဆင်သင့်ရှိပါတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ပြောခွင့်ရသူက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် အခု အဖြစ်အပျက်တွေကြောင့် မြန်မာနိုင်ငံမှာ အစိုးရက ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေါ်လုပ်ငန်းတွေကို ထိခိုက်လာမှာလည်း စိုးရိမ်ရတယ်လို့ ထပ်လောင်း ပြောခဲ့ပါတယ်။
    မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးဌာနကလည်း အခု ဖြစ်ရပ်တွေနဲ့ပတ်သက်လို့ သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ တိုတိုတုတ်တုတ်တုန့်ပြန်သွားပါတယ်။
    မြန်မာနဲ့ တရုတ်နိုင်ငံဟာ ရင်းနှီးတဲ့အိမ်နီးချင်းနိုင်ငံတွေဖြစ်တယ်၊ မြန်မာနိုင်ငံမှာ တည်ငြိမ်မှုတွေ ရှိနေစေဖို့ မျှော်လင့်ပါတယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Hong Lei က ပြောသွားတာပါ။
    အခု နောက်ဆုံးအခေါက် ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွေဖြစ်တဲ့နေရာတွေမှာ ရခိုင်က စီးပွားရေးအရ အချက်အချာကျတဲ့ ကျောက်ဖြူမြို့လည်း ပါဝင်နေပါတယ်။ တရုတ်နိုင်ငံအနေနဲ့က အဲဒီမှာ ဒေါ်လာ ဘီလီယံနဲ့ချီပြီး ဓါတ်ငွေ့လိုင်းစီမံကိန်း စတင်တဲ့နေရာဖြစ်ပါတယ်။
    အခု အောက်တိုဘာလမှာ တကျော့ပြန်ဖြစ်လာတဲ့ ရခိုင်ပြည်နယ် လူမျိုးစုချင်းပဋိပက္ခတွေကြောင့်မို့ ဒုက္ခသည်အရည်အတွက်ဟာ ဒုက္ခသည် စခန်းတွေ အတွင်းမှာတင် ၇သောင်း၅ထောင်လောက်အထိ ရှိသွားပြီဖြစ်ပြီး၊ ဒီအတွက် လူသားချင်းစာနာကူညီမှု အထောက်အပံ့တွေ ပိုလို့ လိုအပ်နေတယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးကလည်း ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် တူရကီ စစ်ဖက်သုံးလေယဉ်နှစ်စင်းဟာလည်း ရန်ကုန်လေဆိပ်ကို အောက်တိုဘာလ ၂၅ ရက်နေ့က ဆိုက်ရောက်ခဲ့တယ်လို့ ရန်ကုန် မျက်မြင်တွေက ပြောပါတယ်။ ဒါဟာလည်း ရခိုင်မှာရှိတဲ့ ဒုက္ခသည်တွေအတွက် ကမ္ဘာ့အစ္စလာမ်အဖွဲ့ချုပ်ဖက်က ဒါမှမဟုတ် တူရကီနိုင်ငံဖက်က အကူအညီအထောက်အပံ့တွေ ပေးပို့ဖို့ လာရောက်တယ်လို့ တွက်ဆကြပါတယ်။
    Source: http://burmese.voanews.com/content/un-bankimoon-myanmar-rakhine-riot/1533805.html