News @ M-Media

Author: M-Media

  • စက်တင်ဘာလက ဘုန်းကြီးများ ဝိုင်းရိုက်ခံရသည့် ကရင်အဘိုးအိုးကွယ်လွန်

    စက်တင်ဘာလက ဘုန်းကြီးများ ဝိုင်းရိုက်ခံရသည့် ကရင်အဘိုးအိုးကွယ်လွန်

    အောက်တိုဘာ ၂၂၊ ၂၀၁၂
    M-Media
    သတင်း-ဇာဏီ

    ပြိးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းက ဘားအံမှာ ဘုန်းကြီး ၀ိုင်းရိုက်ခံရလို့ ဆေးရုံတင်ထားရတဲ့ အဘိုးအိုဟာ ဒီနေ့ နေ့လည်ကပဲ အလ္လာဟ်အရှင်မြတ် အမိန့်တော်ခံယူ ( ကွယ်လွန်) သွားပါပြီ။ ဒီနေ့ည အေရှာဟ်ပြီး(၈ နာရီခွဲ) မှာ မြေမြှုပ် သဂြိုလ်မည်ဖြစ်ကြောင်း သိရပါတယ်။

    ဘုန်းကြီးများ ဝိုင်းရိုက်ခံရမှုကြောင့် ဆေးရုံတွင် ကုသမှုခံယူနေစဉ်က ဓါတ်ပုံ
    the victim in the hospital

    ပြီးခဲ့တဲ့ စက်တင်ဘာလ ၅-ရက်နေ့က ဘားအံမြို့ပေါ်တွင် မနက်အစော ဗလီမှ ပြန်လာသော အသက် ၇၄-နှစ်အရွယ် အဖိုးအိုတစ်ဦးအား ဘုန်းကြီး ၃-ပါးက ၀ိုင်းဝန်းထိုးနှက် ကန်ကျောက်မှုကြောင့် အဖိုးအိုမှာ ဒဏ်ရာများရရှိပြီး နံရိုးကျိုးကာ ဆေးရုံမှာ တက်ကုသခဲ့ရာမှ ယနေ့မှာ ကွယ်လွန်သွားတာဖြစ်ပါတယ်။
    ကရင်ပြည်နယ် နှစ်ခြင်းရွာမှာ နေထိုင်တဲ့ အဘိုးအိုဟာ ဘားအံ့မှာရှိတဲ့ သမီးဖြစ်သူ ထံ အလည်လာတဲ့အချိန် မနက်စောစော ဗလီဝတ်ကျောင်းတော်သို့ ဝတ်ပြုပြိးပြန်အလာမှာ ဆွမ်းခံကြွလာတဲ့ ဘုန်းကြီးတန်းကို ဖြတ်လို့ ဆိုပြီး ဘုန်းကြီးသုံးပါးက ဝိုင်းဝန်းရိုက်နက် ခဲ့ကြခြင်းဖြစ်ပါတယ်။

  • ရသေ့တောင်တွင် မွတ်စလင်မ် အမျိုးသမီးတစ်ဦး မုဒိမ်းကျင့်ခံရ

    ရသေ့တောင်တွင် မွတ်စလင်မ် အမျိုးသမီးတစ်ဦး မုဒိမ်းကျင့်ခံရ

    အောက်တိုဘာ ၂၂၊ ၂၀၁၂
    M-Media
    သတင်း – ထွန်းတောက်

     

    ၂၀၁၂-ခု ၁၀-လပိုင်းမှာ ရသေ့တောင်မြို့နယ် ညောင်ပင်ကြီးကျေးရွာမှာနေတဲ့ မွတ်စလင်မ်အမျိုးသမီးတစ်ဦးကို စစ်တပ်မှ စစ်ဗိုလ်တစ်ဦးမှ မုဒိမ်းကျင့်မှုစော်ကားခဲ့သည်ဟု သတင်းရရှိပါသည်။

    ဖြစ်စဉ်မှာ – ရသေ့တောင်မြို့နယ် ညောင်ပင်ကြီးကျေးရွာနေ မွတ်စလင်မ်အမျိုးသမီးတစ်ဦးဖြစ်သူ မရော်ကော်မာ အသက်(၂၅)နှစ် (ဘ) ဦးအေမာန်ဟူဆောင် အား စစ်တပ်မှ ဗိုလ်အာကာလှိုင်နှင့် ရခိုင်တစ်ဦးမှ အတင်း အဓမ္မခေါ်ဆောင်သွားပြီး မုဒိမ်းကျင့်ပြီး ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

    “၂၁.၁၀.၂၀၁၂ ရက်နေ့မှာ ရသေ့တောင်မြို့နယ်၊ ညောင်ပင်ကြီးကျေးရွာနေ မရော်ကော်မာဆိုတဲ့ ကလေး၂-ယောက်မိခင် အိမ်ထောင်ရှင် မွတ်စလင်မ် အမျိုးသမီးကို ၅၃၆ တပ်က က ဗိုလ်အာကာလှိုင်နဲ့ ရခိုင်တစ်ယောက်က အတင်းအဓမ္မခေါ်ဆောင်သွားပါတယ်။ စစ်တပ်လုံခြုံရေးစခန်းကို ခေါ်သွားပြီး မုဒိမ်းကျင့်ပါတယ်။ နောက် ၃-နာရီလောက်ကြာတော့ ပြန်လွှတ်ပေးလိုက်ပါတယ်။ အဲဒါက ၂၁-ရက်နေ့က ဖြစ်ခဲ့တာပါ။”

    “အဲဒီနေ့မှာပဲ အဲဒီရွာကပဲ မော်လ၀ီဂျော်လာန် (အသက် ၃၀-နှစ်) (ဘ) ဦးစယတ်ခါလာန်ဆိုသူရယ်၊ ဦးဆိုလ်တာန်ကြီး (အသက် ၅၅-နှစ်)ရယ်ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး ညှဉ်းပန်းနှိပ်စက်ပါတယ်။ ပြီးတော့ ငွေညစ်ပြီးတောင်းပါတယ်။ သူတို့က မပေးတဲ့အခါမှာ မော်လ၀ီဂျော်လာန်ရဲ့အိမ်ကို ၀င်ရောက် ဖျက်ဆီးမွှေနှောက်ပြီး ရွှေငွေ တန်ဖိုး (၁၀)သိန်းဖိုးခန့်ယူဆောင်သွားပါတယ်။”

    “နောက် ဒီ ၁၀-လပိုင်းမှာပဲ ၁၆-၁၀.၁၂ ရက် မနက် ၁၀-နာရီမှာ ထောင်တောင်ကျေးရွာမှာနေတဲ့ M.D ရော်ရှစ် (အသက်-၄၀) (ဘ) ဦးနူအာလမ်ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ ပြီးတော့ ၅-ရက်တိတိဖမ်းထားပြီး ၂၁-ရက်နေ့မှာမှ ပြန်လွှတ်ပေးတယ်။ သူ့ကို ထောင်တောင်ကျေးရွာ အုပ်စု အထွေးမောင်ဆိုတဲ့ ရခိုင်အုပ်ချုပ်ရေးမှူးက ငွေ(၃)သိန်း ညစ်ပြီတောင်းပါတယ်။ အဲဒါကို ပေးလိုက်တော့ ပြန်လွှတ်ပေးပါတယ်။ အခုက ရခိုင်မှာ ရခိုင်တွေက အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေကြပြီး မွတ်စလင်မ်တွေက သူတို့အနိုင်ကျင့်တာ ခံနေရပါတယ်” လို့ ကျောက်တော်နဲ့ ရသေ့တောင်ဒေသ မြို့ခံများက ပြောပြခဲ့ပါတယ်။

  • ရခိုင်ပြည်နယ် မင်းပြားနှင့် မြောက်ဦးတွင် မွတ်စလင်မ်ရွာများ မီးရှို့ဖျက်ဆီး အကြမ်းဖက်ခံနေရ

    ရခိုင်ပြည်နယ် မင်းပြားနှင့် မြောက်ဦးတွင် မွတ်စလင်မ်ရွာများ မီးရှို့ဖျက်ဆီး အကြမ်းဖက်ခံနေရ

    အောက်တိုဘာ ၂၂၊ ၂၀၁၂
    သတင်း – ထွန်းတောက်

    ရခိုင်ပြည်နယ် မင်းပြားမြို့ရှိ ရခိုင်များနဲ့ ဘုန်းကြီးများစုပေါင်းပြီး မင်းပြားမြို့ဝန်းကျင်မှ မွတ်စလင်မ်ရွာများကို မီးရှို့ဖျက်ဆီးပြီး အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေကြောင်း သတင်းရရှိပါသည်။

    မင်းပြားရှိ ရခိုင်အခေါ် ပိုက်သည်ရွာလို့ခေါ်တဲ့ တံငါရွာကို မနေ့ည (၂၁.၁၀.၁၂)ရက်ညတွင် မီးစပြီးရှို့ခဲ့ပါတယ်။ ပိုက်သည်ရွာဟာ မွတ်စလင်မ်ရွာဖြစ်ပါတယ်။ မီးရှို့တာက ဘုန်းကြီးပျံပွဲတွေမှာ သုံးတဲ့ ဒုံးတွေ၊ ယမ်းတောင့်တွေနဲ့ပစ်ပြီး မီးရှို့ခဲ့ပါတယ်။ ရခိုင်အရပ်သားတွေနဲ့အတူ ဘုန်းကြီးတွေလည်း ပါဝင်ကြောင်းသိရပါတယ်။ ပိုက်သည်ရွာမှာ ၁၉-အိမ် မီးလောင်သွားခဲ့ပြီး ဒဏ်ရာရသူ (၅)ယောက် ရှိကြောင်း သိရပါတယ်။ ဗလီတစ်လုံးရှိပြီး မီးရှို့ခံရမှုတွင် မီးလောင်ကျွမ်းမှုမရှိဘဲ ကျန်နေခဲ့ကြောင်းလည်း သိရပါတယ်။

    ဒီနေ့ (၂၂.၁၀.၁၂)မနက် (၇)နာရီမှာလည်း မင်းပြားရှိ သရက်ဦးရွာကို မီးစရှို့ခဲ့ကြောင်း၊ ရွာလုံးကျွတ် မီးလောင်သွားခဲ့ကြောင်း၊ ရွာရှိ ဗလီ(၂)လုံး အပါအ၀င် တစ်ရွာလုံးရှိ အိမ်ခြေ (၂၂၉)အိမ် အားလုံး မီးလောင် ပျက်စီးသွားခဲ့ပြီး၊ ဒဏ်ရာရသူ(၇)ဦး၊ ဓါးခုတ်ခံရပြီးသေသူ(၅)ဦး၊ သေနတ် ထိမှန်သေဆုံးသူ (၁)ဦးရှိခဲ့ကြောင်း သိရပါသည်။ မီးရှို့သူများသည် ပထမဦးစွာ ဓါတ်ဆီ ပုလင်းများကို ပစ်ခဲ့ပြီးနောက် ယမ်းထောင့်များကို ပစ်၍ မီးရှို့ခဲ့သည်ဟုလည်း သိရပါသည်။

    ဒီနေ့ မနက် နေ့လည် (၂)နာရီမှာပဲ မင်းပြားရှိ အောင်ဒိုင်ကျေးရွာကို မီးစရှို့ခံရကြောင်း၊ ဗလီ(၁)လုံးနှင့် မီးလောင်သွားသော အိမ်ခြေအရေအတွက် မသိရသေးပါ။

    ဒီနေ့မနက် (၁၁)နာရီတွင်ပင် မြောက်ဦးရှိ ပရိန်ကျေးရွာအား အကြမ်းဖက်မီးရှို့ခဲ့ရာ အသေအပျောက် စာရင်းမသိရသေးပါ။ ပေါင်းကုတ်ရွာကိုလည်း ရခိုင်နှင့်ဘုန်းကြီးများ ၀ိုင်းထားကြောင်းသိရသည်။ ပေါက်တောဝမြို့ပေါ် မွတ်စလင်မ်များနေထိုင်ရာ ရပ်ကွက်(၃)နှင့် (၄)အား ရခိုင်နှင့် ဘုန်းကြီးများက၀ိုင်းပြီး အကြမ်းဖက်မီးရှို့ရန် ၀ိုင်းထားစဉ် စစ်တပ်မှ နောက်(၃-၄)ရက်ကြာရင် ရပ်ကွက်(၃)နှင့်(၄)ရှိ မွတ်စလင်မ် အိမ်ခြေများအား ပြောင်းရွေ့ပေးမည်ဟုပြောကြားပြီး မီးရှို့ခြင်းမပြုလုပ်ရန် တားဆီးထားကြောင်းလည်း သတင်းရရှိပါသည်။

    “အခု ဖြစ်နေတာအားလုံးက ရခိုင်တွေရယ်၊ ဘုန်းကြီးတွေရယ်က လုပ်နေတာပါ။ အကြမ်းဖက်မီးရှို့နေသူတွေကို စစ်တပ်က သေနတ်တွေ မိုးပေါ်ထောင် ပစ်ဖောက် ခြိမ်းခြောက်နေပါတယ်။ ဒါပေမယ့် သူတို့တွေ နောက်ဆုတ်မသွားကြပါ။ မီးလောင်ကျွမ်းခဲ့တဲ့ နေရာတွေမှာ မွတ်စလင်မ်တွေကိုယ်တိုင်ပဲ ၀ိုင်းဝန်းမီးငြိမ်းသတ်နေရပါတယ်။ အဲလို မီးငြိမ်းသတ်နေတုန်းမှာပဲ မွတ်စလင်မ်တွေကို အကြမ်းဖက်သမားတွေက ၀ိုင်းဝန်းရိုက်နှက်ပြီး ဓါးတွေနဲ့ ၀င်ခုတ်တာကြောင့် ဒဏ်ရာရသူတွေရော သေဆုံးသူတွေရှိပါတယ်။။ မွတ်စလင်မ်တွေလည်း ဒုက္ခရောက်လှပါပြီ။ ပြီးတော့ အခု အကြမ်းဖက်ခံနေရတဲ့ မွတ်စလင်မ် ရွာတွေက ဖုန်းတွေကိုလည်း စစ်တပ်နဲ့ရဲက လိုက်လံသိမ်းဆည်းနေပါတယ်။ ဒါကြောင့် အဲဒီကလူတွေ ဖုန်းတွေကို ၀ှက်ထားပြီး ဆက်သွယ်နေရပါတယ်။ မီးရှို့ခံရတဲ့ရွာကလူတွေ ဘယ်တွေကို ရောက်နေလဲဆိုတာ အတိအကျပြောလို့ မရဘူးဖြစ်နေပါတယ်။ သေဆုံးသူ စာရင်းလည်း ကျွန်တော်တို့အတိအကျမသိရပါဘူး။ အခုက ဘယ်သူ့ ဘယ်သူမှ ဆက်သွယ်ဖို့ တော်တော်ကို ခက်ခဲနေပါတယ်။ ကလေးတွေလည်း အများကြီးသေကြေမှာပါ။ သူတို့အားလုံးအတွက် ကျွန်တော်တို့တွေ တအား ပူပင်နေရပါတယ်။ မွတ်စလင်မ်ညီနောင်တွေအားလုံးလည်း ၀ိုင်းဝန်းပြီး ဆုတောင်းပေးကြပါဦး”လို့ မြို့ခံတစ်ဦးက M-Media ကို သတင်းပေးပို့လာပါတယ်။

    ရခိုင်ပြည်နယ် နောက်ဆက်တွဲ သတင်း ….

    အောက်တိုဘာ၊ ၂၂၊ ၂၀၁၂
    ညနေ ၆နာရီ ၂၅ မိနစ်
    ရန်ကုန်။
    M-Media

    ရန်ကုန်-စစ်တွေ ကားလမ်း ရာမောင်တံတားအနီးမှာရှိတဲ့ ဆမ်းမလီရွာကို ဒီနေ့ညနေ ၄-နာရီမှာ မီးစရှို့ပါတယ်။ ဒေသခံတွေက သက်ဆိုင်ရာကို အကြောင်းကြားထားပေမယ့် ခုနကမှ စစ်တပ်နဲ့ရဲက ရောက်လာကြောင်းသိရပါတယ်။ စစ်တပ်နဲ့ ရဲတွေ ရောက်လာတဲ့ အချိန်မှာပဲ ရခိုင်ပျောက်ကြား သူပုန်တွေရောက်ရှိလာပြီး မွတ်စလင်မ်ရွာတွေကို သေနတ်နဲ့

    ပစ်ခတ်ပါတယ်။ အဲဒါနဲ့ စစ်တပ်က သူတို့ကို ပြန်ပစ်တော့ စစ်တပ်နဲ့ ရခိုင်ပျောက်ကြားတွေအကြား အချင်းချင်းပစ်ခတ်မှုတွေဖြစ်ပွားပြီး စစ်သား(၂)ယောက်ထက်မနည်း သေဆုံးပြီး စစ်သားတချို့လည်း ပျောက်ဆုံးနေကြောင်း ၆း၂၅ နာရီမှာသတင်းရရှိပါတယ်။

    ပြီးတော့ မြောက်ဦးမှာရှိတဲ့ပဲ ဖောင်းဒုတ်ရွာနဲ့ ခိုင်းတောင်ရွာတွေကိုလည်း ၀ိုင်းထားတယ်လို့သိရတယ်။ ဒီည အဲဒီ ၂-ရွာမှာ အခြေအနေလုံးဝ မကောင်းပါ။ အားလုံး စိုးရိမ် ပူပန်နေကြပါတယ်။

  • “မတူညီတဲ့ လူ့အဖွဲအစည်း ၂ ခု အတူယှဉ်တွဲ မနေလို့ မရ” ဟု သမ္မတ ဦးသိန်းစိန်ပြော

    “မတူညီတဲ့ လူ့အဖွဲအစည်း ၂ ခု အတူယှဉ်တွဲ မနေလို့ မရ” ဟု သမ္မတ ဦးသိန်းစိန်ပြော

    အောက်တိုဘာ၊ ၂၁၊ ၂၀၁၂
    M-Media
    မောင်ပုည

    နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ပြည်တွင်း၌ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲတွင် မေးခွန်းများဖြေကြားနေစဉ်
    ဓါတ်ပုံ – The Voice

    နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲတွင် AFP သတင်းဌာန မှ ရခိုင်ပြည်နယ်အခြေအနေကိုမည်သို့ ဆက်လက်ကိုင်တွယ် ဆောင်ရွက်မည်လဲဟု မေးမြန်းချက် အား ဖြေကြားချက် မှ ကောက်နှုတ်ချက်

    • အင်မတန်မှ မေးသင့်တဲ့ မေးခွန်းဖြစ်ကြောင်း၊
    • ရခိုင်ပြည်နယ်အရေးကိစ္စဟာ တိုင်းပြည်အတွက် အင်မတန်အရေးကြီးတဲ့ ကိစ္စဖြစ်ကြောင်း၊
    • မိမိတို့ အစိုးရတက်လာပြီး အောင်မြင်မှုတွေလည်းရှိကြောင်း၊ အခက်အခဲတွေ စိန်ခေါ်မှု့တွေလည်းရှိကြောင်း၊
    • အခက်အခဲတွေ စိန်ခေါ်မှု့တွေထဲမှ ရခိုင်ပြည်နယ်ကိစ္စဟာ မမျှော်လင့်ဘဲ ဖြစ်လာတဲ့ အခက်အခဲ စိန်ခေါ်မှု့က ရခိုင်ပြည်နယ် အရေးဖြစ်ကြောင်း၊
    • ဒီကိစ္စနှင့်ပတ်သက်ပြီး ကမ္ဘာက တချို့လဲ စာနာမှုတွေ၊ နားလည်မှု့တွေရှိကြောင်း၊
    • တချို့လဲ သတင်းမှားတွေ ပြုလုပ်ပြီး လုပ်ကြံမှုတွေပြုလုပ်ပြိး စွပ်စွဲတာတွေ ၊ ကမ္ဘာအလည်မှာ မျက်နှာပျက်အောင်လုပ်တွေလည်းရှိကြောင်း၊
    • လူ့အဖွဲ့အစည်း ၂ ခုဟာ တနေရာထဲမှာ အတူနေကြတာဖြစ်တဲ့အတွက် ဘယ်လိုနည်းလမ်းတွေနဲ့ အတူယှဉ်တွဲနေထိုင်နိုင်မလဲဆိုတဲ့ အချက်ဟာ အရေးအကြီးဆုံးအချက်ဖြစ်ကြောင်း၊
    • အတူယှဉ်တွဲပြီးနေနိုင်ဖို့ လုပ်ရမယ့် လုပ်ငန်းတွေများကြောင်း၊
    • အတူယှဉ်တွဲနေထိုင်ဖို့မှာ အခြေခံကျတဲ့ အချက်ဟာ ပညာရေးဖြစ်ကြောင်း၊
    • အသိပညာကျယ်ဖို့၊ အမြင်ကျယ်ဖို့လိုကြောင်း၊
    • ကိုယ်လူမျိုးကိုပဲ ကိုယ်ချစ်လို့မရကြောင်း၊ တခြားလူမျိုးတွေရဲ့ လူအခွင့်အရေးကိုလဲ အလေးထားလိုက်နာပြီး လုပ်ဆောင်ဖို့လိုကြောင်း၊
    • အဲဒီလို လက်ခံနိုင်တဲ့ စိတ်ထားတွေဖြစ်အောင် လုပ်ရမှာဖြစ်ကြောင်း၊
    • အဲဒီလိုလုပ်ရာ မှာ ပညာရေးက စပြိးလုပ်ရမှာဖြစ်ကြောင်း၊ တဖက်က ဘင်္ဂလီ လူမျိုးတွေဘက်မှာလဲ မွေးဖွားနှုန်တွေများနေတာကိုတွေ့ရကြောင်း၊
    • အဲ့ဒီမွေးဖွားနှုန်းများတာလဲ ပြဿနာတရပ်ဖြစ်ကြောင်း၊
    • ဥပဒေမှာတော့ မွေးဖွားနှုန်းကို ကန့်သတ်ထားတာမရှိကြောင်း၊
    • သို့ပေမယ် ဥပဒေမှာ မရှိသော်လဲ ဒေသခံတွေရဲ့ ဓလေ့ထုံးတမ်းအစဉ်အလာရ မွေးဖွားနှုန်းကို ညှိနှိုင်းဆောင်ရွက်ရန်လိုကြောင်း၊
    • ပညာရေးအပြင်အလုပ်အကိုင်ရရှိရေးဟာလဲ အရေးကြီးကြောင်း၊ဘင်္ဂလားဒေရှ်မှာ လူဦးရေကို ထိန်းတဲ့နေရာမှာ အလုပ်အကိုင်နဲ့ ထိန်းချူပ်ကြောင်း၊ ဥပမာအားဖြင့် အထည်ချူပ်စက်ရုံမှာ အလုပ်လုပ်တဲ့ မိန်းကလေးတယောက်ဟာ ကလေး၂ ယောက်ထပ်အပြင်ယူဖို့ မလွယ်ကြောင်း၊ဒါကြောင့် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ လိုအပ်ကြောင်း၊
    • သူလူမျိုး ကိုယ်လူမျိုး ဖြူတယ် မဲတယ်ဆိုတဲ့ အစွဲအလမ်းတွေ သိပ်ပြီးဦးစားမပေးဖို့လိုကြောင်း၊ လူသားဆိုတဲ့ စိတ်ဓါတ်နဲ့ ကြည့်ကြဖို့လိုကြောင်း၊
    • ကမ္ဘာက ဒီနေ့ လူ့အခွင့်ရေးကို ဦးစားပေး စောင့်ကြည့်နေကြောင်း၊ မိမိတို့လည်း ကမ္ဘာကြီးနှင့် လိုက်လျောညီထွေးဖြစ်အောင် နေနိုင်တဲ့ အတွေးအခေါ်တွေ အလေ့အကျင့်တွေလုပ်ပေးသွားဖို့လိုကြောင်း၊
    • ဒီလို ပြုလုပ်ပေးသွားမှ လဲ မတူညီတဲ့လူ့အဖွဲအစည်း ၂ ရပ်အတူယှဉ်တွဲနေထိုင်နိုင်မှာဖြစ်ကြောင်း၊
    • အတူယှဉ်တွဲပြီး မနေလို့လည်း မရကြောင်း၊ နေနိုင်တဲ့နည်းလမ်းတွေလဲ ရှာဖွေနေပြီဖြစ်ကြောင်း၊
    • ဒီလို နည်းလမ်းတွေ ရှာဖွေဖို့ ကြားအဖွဲ့အစည်းဖြစ်တဲ့ အဖွဲ့ဝင် (၂၇) ယောက်ပါတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်လဲ လွှတ်လိုက်ပြီဖြစ်ကြောင်း၊
    • ဒီအဖွဲ့လည်း တော်တော်လေး ဦးနှောက်ခြောက်နေပြီထင်ကြောင်း၊ ယနေ့အထိ မိမိထံ မည့်သည့် အကြံပြုချက်မှ တက်မလာသေးကြောင်း၊
    • သူတို့ရဲ့ အကြံပြုချက်တွေပေါ်မှာမူတည်ပြိး အကောင်းဆုံး ဆောင်ရွက်သွားဖို့ရှိကြောင်း

    ဗီဒီယို-

  • လူမျိုးရေး ဘာသာရေး အစွန်းရောက် လှုံ့ဆော်မှုများကို B-M-A မှ ရှုံ့ချသည့် ကြေငြာချက်ထုတ်ပြန်

    လူမျိုးရေး ဘာသာရေး အစွန်းရောက် လှုံ့ဆော်မှုများကို B-M-A မှ ရှုံ့ချသည့် ကြေငြာချက်ထုတ်ပြန်

    အာက်တိုဘာ၊ ၂၁၊ ၂၀၁၂
    M-Media
    မောင်ပုည

    မြန်မာနိုင်ငံ အနှံ့တွင် လက်ရှိဖြစ်ပေါ်လက်ရှိသော အစ္စလာမ်သာသနာဝင် မြန်မာမွတ်စလင်များကို တဘက်သက်မုန်းတီးရေး လှုံဆော်မှု့များနှင့်ပတ်သက်ပြီး  မြန်မာမွတ်စလင်မ် အစည်းအရုံး (B-M-A) မှ ရှုံ့ချသည့် ကြေငြာချက်တစ်စောင် ကို အောက်တိုဘာလ၊(၂၁) ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာလိုက်ကြောင်း သိရှိရပါသည်။ အဆိုပါကြေငြာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

    လူမျိုးရေး ဘာသာရေး အစွန်းရောက် လှုံ့ဆော်မှုများကို ပြင်းထန်စွာ ရှုံ့ချခြင်း

    ၁။ အောက်တိုဘာ(၁၄) ၂၀၁၂ခုတွင် ဖါးအံမြို့ ဇွဲကပင်တောင်ဆရာတော် ဦးကဝိဓဇက ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ဆင့်ခေါ်ပြီး အစ္စလာမ်ဘာသာဝင် မြန်မာတိုင်းရင်းသားများ မုန်းတီးဆန့်ကျင်ရေး ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ပြီးနောက် တစ်မြို့လုံးသို့ လိုက်နာဆောင်ရွက်ရန်နှင့် မလိုက်နာပါက ထိရောက်စွာ ပြစ်ဒါဏ်ခတ်မည်ဖြစ်ကြောင်း လူသိရှင်ကြား ထုတ်ပြန်ခဲ့သည်ဟု သိရှိရသည်။

    ၂။ ဖြစ်စဉ်ကြီးတစ်ခုလုံးကို ခြုံငုံသုံးသပ်ပါက မေလ(၂၈)ရက် ၂၀၁၂ခု သပြေချောင်းရွာသူ ရခိုင်အမျိုးသမီးငယ် အသတ်ခံရမှုနှင့် မည်သို့မှ မသက်ဆိုင်သော မြန်မာမွတ်စလင် ခရီးသွား(၁၀)ဦးကို နေ့ခင်းကြောင်တောင် ဇွန်လ(၃)ရက်နေ့ တောင်ကုတ်မြို့လည်တွင် ကားပေါ်မှ ဆွဲချပြီး သွေးအေးအေးနှင့် သတ်ဖြတ်မှုမှ စတင်ခဲ့သည်။ ထိုလူသတ်ပွဲကြီးကို သက်ဆိုင်ရာ ဒေသအာဏာပိုင်များက လစ်လျှူရှုခဲ့ခြင်း၊ အစိုးရပိုင် သတင်းစာများတွင် အသတ်ခံရသူများကို မွတ်စလင်ကုလားဟူ၍ နှိမ့်ချခေါ်ဝေါ်ခြင်းတို့ဖြင့် မြန်မာမွတ်စလင် မုန်းတီးရေး ပထမခြေလှမ်း စတင်ခဲ့သည်ဟု သုံးသပ်သည်။

    ၃။ ဒုတိယအဆင့်အဖြစ် ဆက်တိုက်ဆိုသလိုပင် မြန်မာအစိုးရအဖွဲ့ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး (မှူးဇော်) က တစ်ဖက်နိုင်ငံမှ အကြမ်းဖက်သမားများ လက်နက်ကိုင် ကျူးကျော်ဝင်ရောက်လာပြီဟု သူ၏ Facebookမှ တစ်ဆင့် လှုံ့ဆော်ခဲ့သည်။ ရခိုင်ပြည်နယ်ရှိ မွတ်စလင် နှိပ်ကွပ်ရေး အထိကရုဏ်းကြီးကို ရခိုင်အစွန်းရောက်များနှင့် ဒေသဆိုင်ရာ အာဏာပိုင်အချို့ ပူးပေါင်း၍ ဖန်တီး အကောင်အထည်ဖေါ်ခဲ့သည်ဟု ယူဆနိုင်စရာ အထောက်အထားများကို အထင်အရှား တွေ့ရှိရသည်။

    ၄။ ဖားအံလှုံ့ဆော်မှုသည် မွတ်စလင်မုန်းတီးရေး လက်တွေ့ကွင်းဆင်း စမ်းသပ် အကောင်အထည်ဖေါ်ခြင်း(Pilot Project) တတိယခြေလှမ်းဟု ယုံကြည်သည်။ လူမျိုးရေး အထိကရုဏ်း(Communal Violence)တစ်ခုကို စနစ်တကျ အကောင်အထည် ဖေါ်နိုင်ရေးအတွက် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာကို လူတစ်စုက လက်ဝယ်အပိုင် ရယူ ကျင့်သုံးကြည့်ခြင်းဖြင့် တစ်ဆင့်မြှင့် သွေးတိုးစမ်းလိုက်ခြင်းလည်းဖြစ်၏။

    ၅။ ဖားအံလှုံ့ဆော်မှု တတိယဆင့် အောင်မြင်ပါက မြန်မာမွတ်စလင်ဆန့်ကျင်ရေး အထိကရုဏ်းကြီးကို အမြို့မြို့အနယ်နယ်တွင် တစ်နိုင်လုံး အတိုင်းအတာဖြင့် အကောင်အထည်ဖေါ်ခြင်း စတုတ္ထအဆင့် မလွဲမသွေ ရောက်ရှိလာမည့် အရိပ်လက္ခဏာများကို တွေ့နေရသည်။

    ၆။ အနော်ရထာမင်း ပထမနိုင်ငံတော် တည်ထောင်စဉ်ကပင် မြန်မာနိုင်ငံသို့ ရောက်ရှိလာသော အစ္စလာမ်သာသနာကို အစဉ်အဆက် ကိုးကွယ်လာကြပြီး မြန်မာတိုင်းရင်းသားဘုရင် အဆက်ဆက်နှင့် လွတ်လပ်ရေးတိုက်ပွဲ အဆင့်ဆင့်တွင် သာမက ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး တည်ထောင်ရာတွင်လည်း အစ္စလာမ်သာသနာဝင် မြန်မာ တိုင်းရင်းသားများက တာဝန်ကြေစွာ အသက်၊သွေး၊ချွေး ပေးဆပ်ခဲ့ကြသည်။ ထို့ကြောင့် ၁၉၄၇၊ ၁၉၇၄နှင့် ၂၀၀၈ခုနှစ်များတွင် ပြဋ္ဌာန်း အတည်ပြုထားခဲ့သည့် နိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံများတွင် မြန်မာနိုင်ငံတော် အတွင်း အစ္စလာမ်သာသနာအား ယုံကြည် ကိုးကွယ်ကြသည့် မြန်မာတိုင်းရင်းသားများလည်း မှီတင်းနေထိုင်ကြသည်ဟု အတိအလင်း အသိအမှတ်ပြု ထည့်သွင်းရေးဆွဲခဲ့သည်။

    ရ။ နိုင်ငံသားများ၏ လူမျိုး ဇာတိ၊ ယုံကြည်ကိုးကွယ်ရာ ဘာသာ သာသနာကို အကြောင်းပြု၍ ခွဲခြား နှိမ့်ချမှုမှန်သမျှသည် အခြေခံဥပဒေကို ဖေါက်ဖျက်မှုဖြစ်သည်။ လူ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသော ရာဇဝတ်မှုမြောက်သည်။ နိုင်ငံတကာ ရာဇဝတ်တရားရုံးတွင် ရာဇဝတ်ကောင်များအဖြစ် တရားစွဲဆိုနိုင်သော နိုင်ငံတကာဆိုင်ရာ ရာဇဝတ်မှုလည်းဖြစ်၏။

    ၈။ လူတစ်စုက လူအုပ်စုတစ်ခုလုံးကို ပစ်မှတ်ထား၍ အစီစဉ်ရှိရှိ ရာဇဝတ်မှု ကျူးလွန်ကြရန် အတိအလင်း ကြေညာချက်ထုတ်ပြန်ပြီး လူသိရှင်ကြား လှုံ့ဆော်ပြလိုက်နိုင်ခြင်းသည် မြန်မာပြည်တွင် မင်းမဲ့စရိုက်များ ထွန်းကားနေပြီး တရားဥပဒေ စိုးမိုးမှု လုံးဝ မရှိကြောင်း အခိုင်အမာ သက်သေပြလိုက်ခြင်းဖြစ်သည်။

    ၉။ နိုင်ငံသား လူနည်းစုအုပ်စု တစ်ခုလုံးအပေါ် ထိုးနှက်တိုက်ခိုက်ရန် လူသိရှင်ကြား လှုံ့ဆော်မှုများကို မသိကြိုးကျွန်ပြုနေသော မြန်မာ့နိုင်ငံရေးပါတီအဖွဲ့အစည်းများနှင့် လူမှုရေး အသင်းအဖွဲ့များကို ပြင်းထန်စွာ ရှုံ့ချသည်။

    ၁၀။ နိုင်ငံသားများ၏ အသက် စည်းစိမ် အိုးအိမ်များကို လူမျိုး၊ ဘာသာ မခွဲခြားဘဲ တရားဥပဒေအရ အကာအကွယ်ပေးရန် ပျက်ကွက်မှုကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများအတွက် သမ္မတကြီး ဦးသိန်းစိန်အစိုးရတွင် တိုက်ရိုက် တာဝန်ရှိကြောင်းနှင့် တာဝန်ခံရမည်ဖြစ်ကြောင်းကို ပြင်းထန်စွာ သတိပေးလိုက်သည်။

    ၁၁။ ကျွန်ုပ်တို့ မျိုးဆက်သစ် မြန်မာမွတ်စလင်များသည် ရှေးမြန်မာမွတ်စလင်များ၏ ဂုဏ်ပြောင်သော တိုင်းပြုပြည်ပြု၊ တိုင်းချစ်ပြည်ချစ် အစဉ်အလာကောင်းများကို လက်ဆင့်ကမ်း သယ်ဆောင်ကာ ငြိမ်းချမ်းရေးကို မြတ်နိုးသော ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ တိုင်းရင်းသား ပြည်သူလူထုကြီးနှင့် ခိုင်မြဲစွာ လက်တွဲ၍ တည်ငြိမ်အေးချမ်းသော ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော်သစ်ကြီး တည်ဆောက်ရေးကို အနှောက်အယှက် အတားအဆီး မှန်သမျှ ကျော်လွှားပြီး မဖြစ်မနေ တည်ဆောက်သွားမည်ဖြစ်ကြောင်း ထပ်လောင်း အတည်ပြု ကြေညာလိုက်သည်။

    မြန်မာမွတ်စလင် အစည်းအရုံး
    အောက်တိုဘာ (၂၁) ၂၀၁၂

     

    Media Contact

    ကိုကျော်စွာ +44 782 842 6801(UK)  [email protected]

    ဒေါ်မော်လီ +1 416 516 7383 Canada  [email protected];

    Ma Yasmin +1 408 250 6227(USA)  [email protected]

     

    ကြေငြာချက်အား PDF ဖိုင် Download ယူရန်။