News @ M-Media
Author: M-Media
  • မြန်မာပြည်မှာ လူသတ်အကြမ်းဖက်ဝါဒကို တရားဝင် ဗြောင်ထောက်ခံ ဝါဒဖြန့်ခွင့်ရှိပြီလား?
    မြန်မာပြည်မှာ လူသတ်အကြမ်းဖက်ဝါဒကို တရားဝင် ဗြောင်ထောက်ခံ ဝါဒဖြန့်ခွင့်ရှိပြီလား?
    အောက်တိုဘာ၊ ၂၁၊ ၂၀၁၂
    M-Media
    မောင်ပုည
    တောင်ကုတ်မြို့ OIC ဆန့်ကျင်ရေး ဆန္ဒပြပွဲမှ ကြွေးကြော်သံ ပိုစတာပုံကို ပြည်တွင်းအခြေစိုက် 7 Days ဂျာနယ်မှ အကြီးတန်း သတင်းထောက် ဥက္ကာကိုကိုမှ ၄င်း၏ တရားဝင် Facebook အကောင့်တွင် Share ထားခြင်းဖြစ်သည်။
    တောင်ကုတ်မြို့မှာ ပြီးခဲ့သည့် ဇွန်လတွင် သံတွဲမြို့ တရားစခန်းမှာပြန်လာသည့် မြန်မာမွတ်စလင်မ် (၁၀)ဦးအား အကြမ်းဖက်သမား လူပေါင်း ၃၀၀ ကျော်က ရက်စက်စွာ အကြမ်းဖက် ရိုက်နှက်သတ်ဖြတ်ခဲ့မှု ဖြစ်ပွားခဲ့ရာမြို့ဖြစ်သည်။
    ယခုလို တရားဥပေဒမဲ့လုပ်ရပ်ကို OIC ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲတွင် ပြန်လည်ရည်ညွှန်းပြီး ခြိမ်းခြောက်ပြောဆိုသည့်  လုပ်ရပ်ကို နာမည်ကြီး ဂျာနယ်တခု၏ အကြီးတန်း သတင်းထောက်မှ ပြောင်ပြောင်တင်းတင်း ထောက်ခံ အားပေးမှုပြုလုပ်မှု့မှာ တိုင်းပြည်ရဲ့ စတုတ္ထမဏ္ဍိုင်လို့ ကြွေးကြော်နေတဲ့ မီဒီယာများရဲ့ သတင်းထောက်များ၏ စံပြ လိုက်နာရမည် ကျင့်ဝတ်တွေလား။? လက်ရှိ ဒီမိုကရေစီ ပြောင်းလဲရေး လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံ၏ ခေါင်းဆောင်ကြီးများ ဖြစ်ကြတဲ့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်၊ NLD ပါတီ ဥက္ကဋ္ဌ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်တို့ အတန်တန်ပြောကြားနေသည့် တရားဥပေဒစိုးမိုးရေး ပျက်သုန်း သွားပြီလားဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်နေပါတော့သည်။
  • ကုရ်ဘာနီအီးဒ်နှင့် ပတ်သက်၍ မြန်မာမွတ်စလင်မ်များသို့ MMSYမှ နှိုးဆော် ပန်ကြားလွှာထုတ်ပြန်
    ကုရ်ဘာနီအီးဒ်နှင့် ပတ်သက်၍ မြန်မာမွတ်စလင်မ်များသို့ MMSYမှ နှိုးဆော် ပန်ကြားလွှာထုတ်ပြန်
    အောက်တိုဘာ၊ ၂၀၊၂၀၁၂
    M-Media
    ကုရ်ဘာနီအီးဒ်နှင့်ပတ်သက်၍ မြန်မာမွတ်စလင်မ်များအနေနှင့် ဆောင်ရန်ရှောင်ရန်များကို မြန်မာမွတ်စလင်မ် ကျောင်းသား လူငယ်များအဖွဲ့မှ ယခင်နှစ်များကလည်း နှိုးဆော် ပန်ကြားခဲ့သည့် နည်းတူ ယခုနှစ်တွင်လည်း နှိုးဆော်ပန်ကြားလွှာထုတ်ပြန်လိုက်ကြောင်း သိရှိရပါတယ်။
    လာမည့် ၂၀၁၂ အောက်တိုဘာ ၂၇ ရက်(စနေနေ့)တွင် ကျရောက်မည့် အီသွလ်အသွာဟာ ကုရ်ဘာနီ အီးဒ်အခါ သမယတွင် မိမိဘေး ပတ်ဝန်းကျင်ရှိ အများပြည်သူတို့  စိတ်အနှောင့်အယှက် မဖြစ်စေရန်၊ နေထိုင်သွားလာရေး အခက်အခဲ မရှိစေရေးတို့အတွက် မြန်မာမွတ်စလင်မ် ပြည်သူများက စံပြအနေဖြင့် လိုက်နာပေးပါရန် ကြေငြာချက်တွင် ထည့်သွင်းဖော်ပြထားတာတွေ့ရပါတယ်။
    ကြေငြာချက်အပြည့်အစုံမှာ
    “ကုရ်ဘာနီအီးဒ်နှင့် ပတ်သက်၍ ရှောင်ရန်ဆောင်ရန် မြန်မာမွတ်စလင်မ် ပြည်သူများသို့ နှိုးဆော် ပန်ကြားလွှာ”
    အလ္လာဟ်အရှင်မြတ်ထံတော်မှ ငြိမ်းချမ်းသာယာမှု အဖြာဖြာ အသင့်အပေါ်သို့ကျရောက်ပါစေ . . .
    ၂၀၁၂ အောက်တိုဘာ ၂၇ ရက် စနေနေ့တွင် ကျရောက်မည့် အီသွလ်အသွာဟာ ကုရ်ဘာနီ အီးဒ်အခါ သမယတွင် မိမိဘေး ပတ်ဝန်းကျင်ရှိ အများပြည်သူတို့  စိတ်အနှောင့်အယှက်မဖြစ်စေရန်၊ နေထိုင်သွားလာရေး အခက်အခဲ မရှိစေရန် လိုအပ်ပါသည်။ သို့  ဖြစ်ပါ၍ မြန်မာမွတ်စလင်မ် ပြည်သူများ အနေဖြင့် အောက်ပါအချက်များအား စံပြအနေဖြင့် လိုက်နာပေးပါရန် လေးစားစွာ နှိုးဆော်ပန်ကြားအပ်ပါသည်။
    ကုရ်ဘာနီ မတိုင်မှီ
    ● သားကောင်များအား သူတပါးခြံများ၊ နေအိမ်ပတ်ဝန်းကျင်များ၊ အများပိုင်လမ်းများတွင် စားကျက်လွတ်ထားခြင်းမပြုရန်။
    ● လမ်းသွားလမ်းလာများ အနှောင့်အယှက်ဖြစ်စေနိုင်သည့် အပြိုင်အဆိုင်နွားမောင်းခြင်း၊ ပိုင်ရှင်မဲ့ သွားလာနေစေခြင်း၊ လမ်းများပိတ်နေခြင်း မရှိစေရန်။
    ● ဘေးပတ်ဝန်းကျင်တွင် သားကောင်များ၏ မစင်များ၊ အနံ့အသက်များနှင့် မြက်၊ ကောက်ရိုးစသည့် စားကြွင်းစားကျန်များ မကျန်ခဲ့စေရန် ၊ သန်ရှင်းရေးပြန်လုပ်ရန်။
    ကုရ်ဘာနီနေ့ 
    ● သားကောင်များ လှီးဖြတ်ခြင်းကိစ္စများကို မှတ်တမ်းတင် ဓါတ်ပုံ နှင့် ဗီဒီယိုရိုက်ကူးခြင်းများ မပြုကြပါရန် နှင့် အခြားသူများ ရိုက်ကူးလျှင်လည်း တားဆီးပေးကြရန်။
    ● ကုရ်ဘာနီနှင့် ပတ်သက်ပြီး ဆိုရှယ်မီဒီယာနှင့် ဝဘ်ဆိုဒ်များတွင် အဆိုပါ ဓါတ်ပုံနှင့် ဗီဒီယိုများကို မတင်ကြပါရန်။
    ● မိမိတို့ အရပ်ဒေသတွင် နိုင်ငံတော်အစိုးရက ကုရ်ဘာနီအတွက် သီးသန့်  နေရာသတ်မှတ်ထားပါက ထိုနေရာတွင်သာ ကုရ်ဘာနီလုပ်ရန်။
    ● ကုရ်ဘာနီလုပ်ပြီးပါက အသုံးပြုသည့် ဓားများ၊ ပစ္စည်းကိရိယာများနှင့် အသားများအား လုံခြုံစွာ ဖုံးအုပ်ပြီးမှ သယ်ဆောင်ရန်။
    ● သွေးပေကျံနေသော ကိုယ်လက်များဖြင့်သော်လည်းကောင်း၊ အ၀တ်အထည်များဖြင့်သော် လည်းကောင်း၊ ဓားများကိုင်ဆောင်၍သော် လည်းကောင်း အများမြင် လမ်းများပေါ်တွင် အမြင်မတော် သွားလာခြင်းမပြုရန်။
    ● အသား သယ်ဆောင်ရာလမ်းတလျှောက် သွေးများ တစက်စက်ကျခဲ့ခြင်း မရှိစေရန်။
    ● နေရာတိုင်းတွင် သွေးများနှင့် အခြားကြွင်းကျန်များကို စနစ်တကျ ဆေးကြောသန့် စင်ရန်။
    ● ဆူညံစွာ ဟွန်းတီးခြင်း၊ အော်ဟစ်သွားလာခြင်းမပြုဘဲ တည်ငြိမ်အေးချမ်းစွာ၊ ဂုဏ်သိက္ခာရှိစွာ နေထိုင်ပြုကျင့်ရန်။
    ● ပတ်ဝန်းကျင် အနှောင့်အယှက်ဖြစ်နိုင်သည့်အချက်မှန်သမျှအားလုံး စဉ်းစားရှောင်ကြဉ်ရန်။
    ● ကုရ်ဘာနီ မတိုင်ခင်၊ ကုရ်ဘာနီအတွင်းနှင့် ကုရ်ဘာနီအီးဒ်ပြီးသည် အထိ မိမိပတ်ဝန်းကျင်တွင် သော်လည်းကောင်း၊ ရောက်ရာအရပ်တွင်သော်လည်းကောင်း ပျူပျူငှာငှာ၊ လေးလေးစားစား ဆက်ဆံပြီး အများပြည်သူအကျိုး တတ်နိုင်သမျှဆောင်ရွက်ရန်။
    မြန်မာမွတ်စလင်မ် ကျောင်းသားလူငယ်များ
    (Myanmar Muslim Students and Youth)
    အောက်တိုဘာ ၊ ၂၀၁၂
  • ပုရစ်တစ်ကောင်၏ တမ်းချင်း (ကဗျာ)
    ပုရစ်တစ်ကောင်၏ တမ်းချင်း (ကဗျာ)
    အောက်တိုဘာ၊ ၂၀၊ ၂၀၁၂
    M-Media
    Pearl Ster
    အာ် ငါ့ဘဝ! သနားမယ့်သူမရှိ ……
    တွင်းထဲမှာ နေမရတဲ့တခဏ ထွက်ခဲ့မိပါ၏။
    နေ့စေ့လစေ့ မွေးကာနီးဖွားခါ နီး
    အပြင်လောကတစ်ခဏ
    သွားလိုသည့်စိတ်ဆန္ဒ ကြောင့် ငါလှမ်းခဲ့မိ
    ငါ့အား စောင့်ပြီးဖမ်းမည့် သူများလှပါဘိ ……
    ငါ့လိုဘဲအဖမ်းခံထားရသူများလှပါဘိ …….
    ငါ့ဘဝလည်း သူ့လက်ထဲသို့ ကျရောက်ရရှာ၏ ……
    နွားအားသနားသူ မိတ်ဆွေအပေါင်းတို့ !
    ကျွန်ုပ်သည် လည်းအသက်နဲ့ပါ .
    ကျွန်ုပ်၏ဖြစ်လာတော့မယ့်
    သားသမီးလေးတွေ အပြင်ထွက်ဖို့တာဆူနေချိန်ပါ …..
    ကျွန်ုပ်သည် အသက်ခန္ဓာနဲ့တကွ ဆီပူအိုးထဲ ကိုရောက်ရရှာတာပါ …..
    တခြားသတ္တဝါတွေကသေမှ ဆီပူထဲ ရောက်ရတာ
    ကျုပ်တို့ကျတော့ အရှင်လတ်လတ် ရောက်ရတာ
    မကျေနပ်ဘူးဗျာ ….
    သနားကြပါဗျာ ကျုပ်တို့ကိုလည်း
    မစားကြပါနဲ့ဗျာ
    ကျွနုပ်၏ ခံစားချက်မည်သို့ရှိမည်ကို သင်တို့ စဉ်းစားကြည့်မိပါသလား …….
    သင်တို့အလွန်ကြိုက်နှစ်သက်စွာစားသောက်နေသော ပုရစ်ကြော် ,
    ခံစားချက်မဲ့စွာ ဥ ပါမှအရသာရှိတာလို့
    ပြောရက်လိုက်ကြတာ …….
    ခံပြင်းတယ်,နာကျည်းတယ်
    ပုရစ်ဆိုတဲ့ဘဝ ဘဝဆက်တိုင်းမရောက်ရပါစေနဲ့…
    ကိုရွှေနွားရယ် အားကျတယ်ဗျာ
    သက်ရှိသတ္တဝါခြင်းတူ တူ
    ခင်ဗျားကျတော့ သနားလိုက်ကြတာ ….
    ကျုပ်ကိုကျ ကုလားမစားလို့ မသနားကြတာများလား …
    ကျုပ်သိချင်တယ်ဗျာ..
    ကျုပ်တို့လည်း မျိုးတုန်းတော့မယ် ထင်ပါရဲ့ဗျာ …
  • ကျနော်တို့နဲ့ ထိုက်တန်တဲ့နိုင်ငံကို ကျနော်တို့ရကြပါမယ်။
    ကျနော်တို့နဲ့ ထိုက်တန်တဲ့နိုင်ငံကို ကျနော်တို့ရကြပါမယ်။
    အောက်တိုဘာ၊ ၂၀၊၂၀၁၂
    M-Media
    အောင်တင်
    “ဗုဒ္ဓဘာသာဝင်များ ပိုင်ဆိုင်သော အိမ်ခြံမြေ လယ်ယာများ မွတ်စလင်တို့ကို ရောင်းချခြင်းမပြုရဟူသော အချက်အပါအ၀င် စည်းကမ်းချက်(၄)ချက်ကို ကရင်ပြည်နယ် ဂိုဏ်းပေါင်းစုံ သာသနာတော် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့မှ ထုတ်ပြန်ဟူ၍ အမှတ်(၈၁) အောက်တိုဘာ(၁၉)ရက်နေ့ ၊၂၀၁၂ နေ့ထုတ် မြန်မာပို့စ် ဂလိုဘယ် သတင်းဂျာနယ် မျက်နှာဖုံးပေါ်တွင် ဖော်ပြခဲ့သည်။
    အဆိုပါ သတင်းတွင်
    • ဘားအံမြို့ မဲဘောင်ကျောင်းတိုက်အတွင်း ကျင်းပခဲ့သော အစည်းအဝေးတွင် ဘားအံမြို့ ရပ်ကွက်ပေါင်း(၉)ခု အနက် အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးမှလွဲ၍ ကျန်အုပ်ချုပ်ရေးမှူးများအပါအ၀င် လူပေါင်း(၁၀၀)ကျော်တက်ရောက်ခဲ့ကြောင်း
    • ဇွဲကပင် တောင် ဆရာတော် ဦးက၀ိဓဇက စည်းကမ်းချက်လေးရပ်ကို ကြေညာခဲ့သည်။
    (၁) ဗုဒ္ဓဘာသာဝင်များ ပိုင်ဆိုင်သော ဘိုးဘွားပိုင် အိမ်ခြံမြေ လယ်ယာများကို မွတ်စလင်များထံ ရောင်းချခြင်း၊ ငှားရမ်းခြင်း၊ ပေါင်နှံခြင်း ၊ မပြုရန်
    (၂) ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ မွတ်စလင်နှင့် အိမ်ထောင်မပြုရန်
    (၃) ဗုဒ္ဓဘာသာဝင်များသည် ဗုဒ္ဓဘာသာများ ရောင်းချသောဆိုင်မှာသာ အားပေးရန် ၊
    (၄) ဗုဒ္ဓဘာသာဝင်များသည် မွတ်စလင်များအတွက် အိမ်ခြံ လယ်ယာမြေ အဆောက်အအုံတို့ကို နာမည်ခံကာ ၀ယ်ယူပေး၊ ဆောက်လုပ်ပေး ၊ ငှားရမ်းပေး ခြင်းမပြုရန်တို့ဖြစ်သည်။
    • ၄င်းစည်းကမ်းချက်များကို ဖောက်ဖျက်ကျူးလွန်ပါက ထိရောက်သောပြစ်ဒဏ်များ ချမှတ်ခံရမည့်ဖြစ်ကြောင်း၊
    • အောက်တိုဘာ(၁၄)ရက်တွင် ကျင်းပခဲ့ပြီး အစည်းအဝေးအပြီး နောက်တစ်ရက်တွင် တစ်မြို့လုံးသို့ ဖြန့်ဝေကြောင်း
    • ယင်းအစည်းအဝေးမတင်မီ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်း ဇွဲကပင်တောင်ဆရာတော်အား လာရောက်ဖူးခဲ့ကြောင်း၊
    • ဗုဒ္ဓဘာသာ ကာကွယ်စောင့်ရှောက်မည့် လုပ်ငန်းစဉ်များအား ကရင်ပြည်နယ် ၀န်ကြီးချုပ် ၊ ပြည်နယ်လွှတ်တော် ဥက္ကဌ ၊ ကရင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေး ၀န်ကြီးဌာနနှင့် သက်ဆိုင်ရာသို့ ပေးပို့ခဲ့ကြောင်း ဖော်ပြထားသည်။”
    ဖေ့စ်ဘွတ်တွေထဲမှာတော့ ဒီသတင်းကို လူအတော်များများ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြပါတယ်။ အခုမှလုပ်တာ နောက်ကြနေပြီဖြစ်ကြောင်းနှင့် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် တိုးမြှင့်လုပ်ဆောင်ကြဖို့ တိုက်တွန်းကြပါတယ်။ ကျနော်ကြည့်မိတဲ့အချိန် (၁၅)နာရီအတွင်းမှာ လူ(၅၇၆)ဦးက ကြိုက်ပြီး လူ (၄၆၆)ဦးက ရှယ်ယာလုပ်ပါတယ်။ မှတ်ချက်ပေးသူ (၈၈)ဦးမှာ ကန့်ကွက်သူ တစ်ဦးမှ မရှိ၊ အကုန်ထောက်ခံကြပါတယ်။
    မြန်မာ့နိုင်ငံရေးလောကတွင် အစွန်းရောက်သောအုပ်စုနှင့် အစွန်းရောက်လုပ်ရပ်များကို မသိကျိုးကြင်နေသောအုပ်စုကသာ လွှမ်းမိုးနေသည်ကို ဝမ်းနည်းစွာတွေ့မြင်နေရသည်။
    ဒီအတိုင်းသာ သွားမယ်ဆိုရင် ကျနော်တို့နိုင်ငံဟာ သမိုင်းမှာ တစ်ခါမှမကြုံဘူးသော ချောက်ကြီးထဲ ကျဖို့သာရှိပါတယ်။ ကျနော်တို့နဲ့ ထိုက်တန်တဲ့နိုင်ငံကို ကျနော်တို့ရကြပါမယ်။
  • အိမ်ထောင်ခန်းဆိုင်ရာ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေ
    အိမ်ထောင်ခန်းဆိုင်ရာ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေ
    အောက်တိုဘာ၊ ၁၉၊ ၂၀၁၂
    M-Media
    ဆောင်းပါးရှင်- သုတေသီ
    မြန်မာပြည်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ဘာသာပေါင်းစုံ ချစ်ကြည်စွာစုစည်းနေထိုင်ရာ တိုင်းပြည်တပြည်ဖြစ်ပါတယ်။ ဒါပေမဲ့ခုနောက်ပိုင်းတွေမှာ ပယောဂအမျိုးမျိုးနဲ့ ချစ်ခင်မှုကပျက်စီးပြီး သူ့ဘာသာ ငါစော်ကား ငါ့ဘာသာသူစော်ကားနဲ့ တယောက်နဲ့တယောက် ပုတ်ခတ်စော်ကားနေကြပါတယ်။ ဘာသာရေး အကြောင်းကို မပြောလိုပေမဲ့ လူမှုရေးစော်ကားတာဟာဖြင့် ဥပဒေကို မသိလို့၊ မလေ့လာလို့ လို့ခံစားရပါတယ်။ အဲတော့ ဥပဒေသိတဲ့ သူတွေအနေနဲ့ ဥပဒေအသိကိုမျှဝေပေးခြင်းဖြင့် တဘာသာနဲ့ တဘာသာ လူမှုရေး စော်ကားမှု၊ ပုတ်ခတ်မှုတွေကို အသင့်အတင့် တားမြစ်နိုင်လိမ့်မယ်လို့ယူဆမိပါတယ်။
    မြန်မာပြည်မှာ လွတ်လပ်စွာကိုးကွယ်ခွင့်ရှိသလို ဘာသာတရားတိုင်း သူတို့ရဲ့ မိသားစုအရေးဖြစ်တဲ့ လက်ထပ်၊ ကွာရှင်း၊ သားသမီးအုပ်ထိန်း၊ အမွေ စတာတွေကိုသူတို့ရဲ့ ဓလေ့ထုံးစံတွေနဲ့အညီ ကျင့်သုံးနိုင်ဖို့ ဥပဒေပြဌာန်း ခွင့်ပြု ထားပါတယ်။ ဒီလိုဥပဒေတွေကို ပုဂ္ဂလိကဥပဒေ (သို့) မိသားစုဥပဒေ (သို့) ဓလေ့ထုံးတမ်းဥပဒေလို့ ခေါ်ပါတယ်။
    မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်တွေအတွက် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ၊ မွတ်စလင်တွေအတွက် အစ္စလာမ့်တရားဥပဒေ၊ ခရစ်ယျာန် ဘာသာဝင်တွေအတွက် ခရစ်ယျာန်ဥပဒေ၊ ဟိန္ဒူဘာသာဝင် အတွက် ဟိန္ဒူမိသားစု ဥပဒေလို့ လက်ခံထားရှိပါတယ်။ ဒါပေမဲ့ ဒီဥပဒေတွေကို ဥပဒေစာအုပ်တခုတည်းမှာ အပြည့်အစုံ ရှာဖွေမတွေ့နိုင်ပါဘူး။ ဓလေ့ထုံးတမ်း ဥပဒေ ဖြစ်တဲ့အတွက် စီရင်ထုံး၊ ဖြတ်ထုံးတွေမှာပါ လေ့လာမှ အပြည့်အစုံသိရှိနိုင်ပါတယ်။
    မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ
    မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေဟာ မြန်မာတို့ရဲ့ မမှတ်မိနိုင်လောက်တော့အောင်ကို ရှေးကျပြီး နှစ်ပေါင်းများစွာ ကျင့်သုံးလာတဲ့ ဓလေ့ထုံးစံတွေဟာ ဥပဒေကဲ့သို့ အာဏာသက်ရောက်လာတဲ့အတွက် ပထမဆုံး ဓမ္မသတ်ကျမ်းအဖြစ် နဲ့ ဘုရင်ခေတ်မှာ စတင်ကျင့်သုံးခဲ့ပါတယ်။ နောက်ပိုင်းကိုလိုနီဘ၀မှာ ၁၉၃၀ အရေးတော်ပုံအပြီး ဗမာဗုဒ္ဓဘာသာဥပဒေ လို့ပြဌာန်းခဲ့ပါတယ်။ ဒါကို ဗမာတို့ရဲ့ မိသားစုအရေးဟာ ဘာသာရေးနဲ့ မသက်ဆိုင်ဘူး။ ဗမာတို့ရဲ့ နှစ်ပေါင်းများစွာကျင့်သုံးလာတဲ့ ဓလေ့ထုံးစံသာဖြစ်တယ်လို့ ဗုဒ္ဓဘာသာ ဥပဒေလို့ ခေါ်တာကို ကန့်ကွက်ခဲ့ပြီး ဗမာ့ဓလေ့ထုံးတမ်းဥပဒေလို့ သမုတ်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ လို့ပြောင်းလဲခေါ်ဝေါ်ခဲ့ကြပါတယ်။
    မြန်မာ့ဓလေ့ထုံးတမ်းတခုဟာ ဥပဒေဖြစ်လာဖို့အတွက် နှစ်ပေါင်းများစွာ လိုက်နာကျင့်သုံးခဲ့ခြင်းရှိရပါမယ်။ ဥပဒေကဲ့သို့ အာဏာသက်ရောက်ခြင်းရှိဖို့လဲလိုပါတယ်။
    မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ လက်ထပ်ခြင်းဟာ ဘာသာရေးနဲ့မသက်ဆိုင်ဘဲ လူမှုရေးကိစ္စသက်သက် သာဖြစ်ပါတယ်။
    တရားဝင်ထိမ်းမြားခြင်းမြောက်ရန် အခမ်းအနား၊ စာချုပ်စာတမ်း၊ သက်သေတို့မလိုအပ်ပါဘူး။ ပုဆိုးတန်းတင် အကြင်လင်မယားလို့ ဆိုရိုးရှိပါတယ်။ အမျိုးသားနဲ့ အမျိုးသမီး ၂ဦး တစ်အိမ်ထဲမှာ အတူတူ နေတယ်။ ဘုရားသွား ကျောင်းတက်အတူတူလုပ်တယ်။ ပတ်ဝန်းကျင်က လင်မယားလို့သတ်မှတ် ထားတယ် ဆိုတာတွေဟာ တရားဝင် လင်မယားဖြစ်ဖို့ လုံလောက်တဲ့သက်သေခံချက်တွေဘဲဖြစ်ပါတယ်။
    ကိုးကွယ်ယုံကြည်ရာ ဘာသာတရား တားမြစ်ချက်မရှိပါဘူး။ မည်သည့်ဘာသာဝင်ကိုမဆို တရားဝင် လက်ထပ်နိုင်ပါတယ်။
    မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ အသက်အရွယ်ကန့်သတ်ချက်မရှိပါဘူး။ မိန်းကလေးနှင့် ယောကျာင်္းလေး လူပျို၊ အပျိုဖေါ်ဝင်ပြီး အိမ်ထောင်သားမွေး ပြုနိုင်တဲ့ မည်သည့် အသက်အရွယ်မဆို တရားဝင် ထိမ်းမြားနိုင်ပါတယ်။ ဒါပေမဲ့ ကိုလိုနီခေတ်မှာ အင်္ဂလိပ်အစိုးရပြဌာန်းခဲ့တဲ့ ကလေးသူငယ်များ ထိမ်းမြားခြင်းကိုကာကွယ်သည့် ဥပဒေ (၁၉၂၉) ကြောင့် ယခုအခါ ယောကျာင်္းလေးအသက် ၁၈နှစ်၊ မိန်းကလေးအသက် ၁၆ နှစ်မပြည့်ခင် လက်ထပ်ခွင့်  မရှိတော့ပါဘူး။
    တရားဝင် လင်မယားဖြစ်ဖို့အတွက် သွေးသားတော်စပ်မှုဆိုင်ရာ တားမြစ်ချက် မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေမှာ မရှိပါဘူး။ နှမအရင်းနှင့်ပင်တရားဝင်လင်မယားဖြစ်နိုင်ပါတယ်။ မည်သူမျှတားမြစ်နိုင်ခြင်းမရှိပါ။
    ကွာရှင်းပြီးသားမိန်းမတယောက်သည် ချက်ခြင်းနောက်အိမ်ထောင်ပြုနိုင်ပါတယ်။
    ယောကျာင်္းတယောက် ဟာ တချိန်ထဲမှာ မိန်းမဘယ်နှစ်ယောက်ဘဲယူရမယ် ဆိုတဲ့ တားမြစ်ချက်လဲ မရှိပါဘူး။ မိန်းမအမြောက်အများ ယူတဲ့စနစ်ပါ။ နောက်မိန်းမယူဖို့ ပထမမယား သဘောတူရန်လဲ မလိုအပ်သလို ကန့်ကွက်လို့လဲ မရပါဘူး။ ယောကျာင်္းနောက်မိန်းမယူယုံမျှ ဖြင့်လဲ ပထမမိန်းမက ကွာရှင်းခွင့်မရပါဘူး။ ယောကျာင်္းကောင်းတယောက် မောင်းမပေါင်း ၁၀၀၀ လို့ လက်ခံထားတဲ့ ဓလေ့ထုံးတမ်းဥပဒေပါ။
    မိန်းမ တယောက်ကတော့ တချိန်ထဲမှာ တရားဝင် လင်ယောကျာင်္း တယောက်သာ ယူခွင့်ရှိပါတယ်။ ယောကျာင်္းရှိလျှက် နောက်ယောကျာင်္းနှင့် ကာမ ကျူးလွန်ခြင်းဟာ မယားခိုးမှုလို့သတ်မှတ်ပါတယ်။ ရှေးယခင် ဓမ္မသတ်တွေအရ ထိုလင်ငယ်နေတဲ့မယားကို လင်ယောကျာင်္းက ရိုက်နှက်ဆုံးမခွင့် နဲ့ ကာမကျူးလွန်တဲ့ နောက် ယောကျာင်္းကို မိမိပိုင်နက်အတွင်းမိပါက သတ်နိုင်ခွင့်တောင်ပြဌာန်းထားပါတယ်။ ဒါကို ကိုလိုနီခေတ် ရာဇသတ်ကြီး ခေါ် ပြစ်မှုဆိုင်ရာဥပဒေ ပြဌာန်းလိုက်တော့ မှ နောက်ယောကျာင်္းဖြစ်တဲ့ မယားခိုးကို ထောင်ဒဏ်သာ သတ်မှတ် ပါတော့တယ်။ မိန်းမကိုတော့ အိမ်ထောင်ရေးဖေါက်ပြန်မှုအဖြစ် ယောကျာင်္းဘက်က ကွာရှင်းခွင့်ရပါတယ်။
    ကွာရှင်းခြင်းနဲ့ပတ်သက်ရင်တော့ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ မည်သည့်အကြောင်းပြချက်မှမလိုဘဲ ၂ဦးသဘောတူ ကွာရှင်းနိုင်ပါတယ်။ မိန်းမဘက်ကတဘက်သတ်ကွာရှင်းချင်ရင်တော့ ယောကျာင်္းဖြစ်သူဟာ ကူးစက်ရောဂါခံစားနေရလျှင်၊ပေါင်းသင်းရန်ပျက်ကွက်လျှင်၊ ထောက်ပံ့ရန်ပျက်ကွက်လျှင်၊ နှင့် လက်ရောက်မှုတွေ ကျူးလွန်လျှင် ကွာရှင်းနိုင်ပါတယ်။
    ယောကျာင်္းတယောက်ကတော့ မိန်းမတယောက်ဟာ အကြောင်းမရှိဘဲ ပေါင်းသင်းရန်ပျက်ကွက်မှု၊ မိန်းမ၀တ္တရားမကျေပွန်မှု နဲ့ အိမ်ထောင်ရေးဖေါက်ပြန်မှုတွေကျူးလွန်ရင် ကွာရှင်းခွင့်ရပါတယ်။
    ကွာရှင်းမှုအပြီး တဆက်တည်း ပစ္စည်းခွဲဝေပေးရန်တောင်းဆိုနိုင်ကြပေမဲ့၊ မယားရဲ့ အိမ်ထောင်ရေး ဖေါက်ပြန်မှုကြောင့် ကွာရှင်းတာဆိုရင်တော့ ထိုမိန်းမမှာ ပစ္စည်းအပေါ်မှာ အရေးဆိုခွင့်မရှိပါဘူး။
    သားသမီးအုပ်ထိန်းခွင့်နဲ့ပတ်သက်လျှင်လည်း ၂နှစ်အောက်ငယ်တဲ့ သားသမီး၊ သမီးမိန်းကလေးများ အိမ်ထောင်ကျတဲ့အထိနဲ့ သားယောကျာင်္းလေးများ အရွယ်ရောက်တဲ့ထိ မိခင်ကအုပ်ထိန်းခွင့်ရှိပြီး ဖခင်က စရိတ်များကို တာဝန်ယူရမှာဖြစ်ပါတယ်။ မိန်းမရဲ့ အိမ်ထောင်ရေးဖေါက်ပြန်မှုကြောင့် ဆိုရင်တော့ မိခင်ဟာ သားသမီးအုပ်ထိန်းခွင့်ဆုံးရှုံးပါတယ်။
    ရှေးယခင် ဓလေ့ထုံးတမ်းအရ မယားကြီး၊ မယားငယ်၊ အမြောင် နဲ့ အပျော်မယား ရယ်လို့ အဆင့်အတန်းတွေ သတ်မှတ်ထားခဲ့ပြီး အမွေဆက်ခံခွင့်နဲ့ သားသမီးတွေရဲ့ခံစားခွင့်တွေမှာပါ ကွာခြားပါတယ်။ ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာမြန်မာအမျိုးသမီး များအထူးထိမ်းမြားမှု နှင့်အမွေဆက်ခံရေး အက်ဥပဒေ ပြဌာန်းပြီးနောက် မယားမည်မျှရှိစေကာမူ မယားအားလုံးဟာ ညီမျှသော မယားပြိုင် အဆင့်အတန်းရရှိလာကြပါတယ်။
    CEDAW လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာညီလာခံမှ အမျိုးသမီးများ အမျိုးသားများနှင့်တန်းတူ အခွင့်အရေး ရရှိရေး၊ အမျိုးသမီးများအနှိမ်ခံရမှု ပပျောက်ရေးအတွက် ဥပဒေကြမ်းတခုတင်သွင်းခဲ့ပါတယ်။ ထိုဥပဒေအရ ပြည်တွင်းမိသားစုဥပဒေများကို သူ့ဥပဒေနဲ့အညီ လိုအပ်သလိုပြင်ဆင်ရပါမယ်။ ဒီညီလာခံမှာ ကမ္ဘာ့နိုင်ငံ အားလုံးနီးပါး တက်ရောက်ပြီး သဘောတူလက်မှတ်ထိုးခဲ့ကြပေမဲ့ ပြည်တွင်းဥပဒေကို သူ့ဥပဒေနဲ့အညီ ပြင်ဆင်ဖို့ကိုတော့ မြန်မာနိုင်ငံအပါအ၀င် နိုင်ငံတော်တော်များများ မလိုက်နာနိုင်ကြသေးဘဲ ရှိနေပါတယ်။ ဒီထဲမှာ ပြည်တွင်း မိသားစုဥပဒေ တွေကို တလင်တမယားစနစ်အဖြစ် ပြဌာန်းပေးရမယ်ဆိုတာကို မလိုက်နာနိုင်တာလဲ တချက် အပါအ၀င် ဖြစ်ပါတယ်။
    ဒါကတော့ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေရဲ့ အိမ်ထောင်ရေးဆိုင်ရာသိမှတ်စရာ အကျဉ်းချုပ်ဖြစ်ပါတယ်။