News @ M-Media

Author: M-Media

  • ရမည်းသင်းကိစ္စ ဗီးနပ်စ်ဂျာနယ် သွေးထိုးလှုံ့ဆော်ဖော်ပြ

    ရမည်းသင်းကိစ္စ ဗီးနပ်စ်ဂျာနယ် သွေးထိုးလှုံ့ဆော်ဖော်ပြ

    အောက်တိုဘာ၊ ၁၆၊ ၂၀၁၂
    M-Media
    သတင်း၊ ဇာဏီ

    ရမည်းသင်းမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနဲ့စပ်လျဉ်းပြီး ယနေ့ထုတ် ဗီးနပ်စ်ဂျာနယ်တွင် ဖော်ပြခဲ့သော ဒုရဲအုပ်ကျော်နိုင်လွင် ပြောကြားမှုများနှင့် ပတ်သက်ပြီး ရမည်းသင်းမြို့ခံ မွတ်စလင်မ်များမှ ဗီးနပ်ဂျာနယ်သို့ ဆက်သွယ်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

    “ဗီးနပ်စ်ဂျာနယ်မှာ ဗုဒ္ဓဘာသာ ၂-ယောက် ဓါးထိုးခံရတယ်။ ပြီးတော့ ဗ.မ.က ရပ်ကွက်က မွတ်စလင်မ်တွေဟာ ရိုဟင်ဂျာတွေ ဘင်္ဂါလီတွေဖြစ်တယ်ဆိုပြီး ဒုရဲအုပ်ကျော်နိုင်လွင်က ပြောတယ်လို့ ရေးထားတယ်လေ။ ရမည်းသင်းမှာ ဟိုး ရှေးမြန်မာဘုရင်တွေ လက်ထက်ကတည်းက ဘိုးဘေးဘီဘင်တွေ အဆက်ဆက် နေလာခဲ့ကြတဲ့ မြန်မာမွတ်စင်မ်တွေပဲ ရှိတယ်။ ဘယ်က ဘင်္ဂါလီ၊ ရိုဟင်ဂျာမှ မရှိဘူး။ ပြီးတော့ ဗ.မ.က ရပ်ကွက်က မွတ်စလင်မ်တွေဟာ ရိုဟင်ဂျာတွေ ဘင်္ဂါလီတွေဖြစ်တယ်ဆိုပြီး ပြောတဲ့ ဒုရဲအုပ်ကျော်နိုင်လွင်ဆိုတာ ပျော်ဘွယ်ဇာတိ။ လွန်ခဲ့တဲ့ ၄-၅ လ တုန်းက သူပဲ တရားခံတစ်ယောက်ကို ရိုက်စစ်ရင်း သူ့ကြောင့် အဲဒီတရားခံသေသွားဖူးတယ်။ အဲဒါနဲ့ သူပြောင်းသွားလိုက်ရသေးတယ်။ အခုပြန်ရောက်လာတာ။ ပြီးတော့ ရမည်းသင်းမြို့က အခြေအနေမှန်တွေကို တိုင်းရဲမှူးကိုယ်တိုင်လည်း ရှင်းလင်းပြောပြထားပြီးသားပဲလေ။ အဲလို မဟုတ်မမှန်ပါဘူးဆိုတဲ့ သတင်းကို ဒီဂျာနယ်က အခုဖော်ပြတယ်။ အဲဒါနဲ့ ဗီးနပ်စ်ဂျာနယ်က အယ်ဒီတာ ဆက်နိုင်ဇော်ကို ဖုန်းဆက်ပြီးပြောတဲ့ အခါကျတော့ သူတို့ ပြင်ဆင်ချက် ပြန်ထည့်ပေးပါ့မယ်လို့ပြောတယ်။”လို့ ရမည်းသင်းမြို့မှ ဘကြီးအောင်က M-Media ကို ပြောပြလာပါတယ်။

    “အခုခေတ်မှာ ဂျာနယ်တွေ အပြိုင်အဆိုင်ထုတ်ရင်း ဂျာနယ်စောင်ရေတိုးဖို့ပဲ လုပ်နေကြတယ်။ မဟုတ်မမှန်သတင်းရေးသားဖို့ကိုလည်း ၀န်မလေးကြဘူး။ အဆိုးဆုံးကတော့ စာနယ်ဇင်းကျင့်ဝတ်ဆိုတာကို မစောင့်ထိန်းကြဘူး။ တွေ့မြင်နေရသလောက် မီဒီယာတွေက ဘာသာရေး ပဋိပက္ခတွေ ပိုဖြစ်လာအောင် လှုံ့ဆော်ပေးနေတယ်။”လို့ ရမည်းသင်းမြို့ခံ မွတ်စလင်မ်တစ်ဦးမှ သုံးသပ်ပြောပြလာပါတယ်။

  • OIC ကိစ္စ အစ္စလာမ်သာသနာ ရေးရာကောင်စီ အတွင်းရေးမှူး  ဦးဝဏ္ဏရွှေနှင့် အင်တာဗျူး

    OIC ကိစ္စ အစ္စလာမ်သာသနာ ရေးရာကောင်စီ အတွင်းရေးမှူး ဦးဝဏ္ဏရွှေနှင့် အင်တာဗျူး

    အောက်တိုဘာ၊ ၁၆၊ ၂၀၁၂

    VOA မြန်မာပိုင်း

    မူဆလင်အဖွဲ့တွေဘက်က သဘောထားကို သိရအောင်လို့ အစ္စလာမ်သာသနာရေးရာကောင်စီ ဌာနချုပ်က ဦးဝဏ္ဏရွှေကို ဗွီအိုအေမြန်မာပိုင်းက မခင်ဖြူထွေးက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

    မေး။ ။ မြန်မာနိုင်ငံမှာ OIC ရုံးဖွင့်မယ့်ကိစ္စကို ကန့်ကွက်ဆန္ဒပြမှုတွေကလည်းရှိနေတယ်။ အခုဆိုရင် အစိုးရကလည်း တရားဝင် ထုတ်ပြောလိုက်ပြီပေါ့နော်။ ရုံးခန်းဖွင့်ဖို့ကိစ္စကို ဖွင့်ခွင့်မပြုဘူးဆိုတာ ပြောလိုက်ပါတယ်။ အဲ့ဒီ့တော့ ဦးဝဏ္ဏရွှေတို့လို မြန်မာနိုင်ငံထဲမှာ ရှိတဲ့ မူဆလင် အသင်းအဖွဲ့တွေအနေနဲ့ အခု OIC ရုံးခန်းလာဖွင့်ဖို့ စီစဉ်တဲ့အပေါ်မှာဦးဝဏ္ဏရွှေတို့ရဲ့ နားလည်မှုက ဘယ်လိုရှိပါသလဲ။

    ဖြေ။ ။ OIC နဲ့ပတ်သက်လို့ ပြောရရင် နံပတ်တစ်က OIC နဲ့ ကျနော်တို့ အဖွဲ့ချုပ်တွေနဲ့က အဆက်အသွယ်မရှိဘူးနော်။ OIC ဆိုတာ သိတဲ့အတိုင်းပဲ သူက အစ္စလာမ်နိုင်ငံ ၅၇နိုင်ငံနဲ့ဖွဲ့ထားတဲ့ အဖွဲ့ဖြစ်တယ်။ အစိုးရတွေ နဲ့ဖွဲ့ထားတဲ့ အဖွဲ့ဖြစ်တဲ့ အတွက် အန်ကယ်လ်တို့ အဖွဲ့တွေနဲ့တော့ အဆက်အသွယ်တော့ မရှိဘူး။ ဒီနိုင်ငံက နိုင်ငံတော်အစိုးရတွေနဲ့ ဆက်သွယ်ဆောင်ရွက်တဲ့ ကိစ္စဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရနဲ့ ဆက်သွယ်ဆောင်ရွက်တဲ့ ကိစ္စကလည်း အန်ကယ်လ်တို့ အနေနဲ့က အသေးစိတ် မသိရပါဘူး

    ယေဘူယျ ကြားရတာကတော့ လူမှုအထောက်အကူပြုလုပ်ငန်းတွေ လုပ်မယ်ဆိုပြီးတော့ အန်ကယ်လ်တို့ကတော့ လူမှုအထောက်အကူပြုလုပ်ငန်းတွေ လုပ်မယ်ဆိုရင် လူမျိုးမရွေး၊ ဘာသာမရွေး လူမှုရေးလုပ်မယ်ဆိုရင် ဘယ်အဖွဲ့အစည်းမဆို အန်ကယ်လ်တို့က ကြိုဆိုပါတယ်။ ဒါကတော့ အန်ကယ်လ်တို့ရဲ့ သဘောထားပေါ့လေ။

    မေး။ ။ အခုအခြေအနေမှာ ဦးဝဏ္ဏရွှေတို့အနေနဲ့ရော OIC ရုံးဖွင့်ဖို့၊ မဖွင့်ဖို့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုဖြစ်စေချင်ပါလဲရှင့်။

    ဖြေ။ ။ ကျနော်တို့ဖြစ်စေချင်တာကတော့ OIC ရုံးလာဖွင့်တာနဲ့ပတ်သက်လို့ OIC မှမဟုတ်ဘူး နိုင်ငံတကာအဖွဲ့အစည်းတွေက ကျနော်တို့ နိုင်ငံထဲမှာရှိတဲ့ ဒုက္ခရောက်နေတဲ့ပြည်သူတွေကို လူမျိုးမရွေး၊ ပြည်သူမရွေး အကူအညီပေးမယ်ဆိုရင် ကျနော်တို့က ကြိုဆိုပါတယ်။ ဒါပေမယ့် တခုရှိတာပေါ့နော်။ ဘာလဲဆိုတော့ ကျနော်တို့ နိုင်ငံတွင်းမှာ ရှိနေကြတဲ့ ဘာသာတခုနဲ့တခု လူမျိုးတခုနဲ့တခု အေးချမ်းစွာနေနေတဲ့အခြေအနေ ပျက်ယွင်းမယ်ဆိုရင်တော့ ကျနော်တို့က ဒါမျိုးတော့ မလိုလားပါဘူး။

    OIC ဆန်ကျင်ရေးမြင်ကွင်းတခု Photo-FB

    မေး။ ။ ဟုတ်ကဲ့။ ဗုဒ္ဓဘာသာတွေပေါ့နော်။ အဓိက OIC ရုံးလာဖွင့်မယ့်ကိစ္စကို အကြီးအကျယ် ဆန့်ကျင်တာတွေလည်း ရှိနေပါတယ်။ ဆိုတော့ ဒါဟာ အစ္စလာမ်တွေကို ဆန့်ကျင်တယ်လို့ရော ယူဆပါသလား။ ဘယ်လိုမျိုး ထင်ပါသလဲရှင့်။

    ဖြေ။ ။ အဲ့ဒီ့ဟာပဲ။ ပြောရတာ ဒီလိုလေ။ ဒီလူတယောက် လူတစုလုပ်တာနဲ့ ကျနော်တို့က လူမျိုး ဘာသာတခုကို ကောက်ချက်ချ ပြောဖို့တော့ ခက်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ မနေ့ကပဲ ကျနော်တို့ ရန်ကုန်တိုင်း ဂိုဏ်းပေါင်းစုံ ဥက္ကဌဆရာတော် နဲ့ ကျနော်တို့ တွေ့ဆုံပြီးပြီ။ ဆရာတော်တွေနဲ့ ဒီအကြောင်းလည်း ပြေပြေလည်လည်ရှိတယ်။ အခုကိစ္စတွေတင်မဟုတ်ဘူး အရင် ကိစ္စတွေမှာလည်း ကျနော်တို့ အစ္စလာမ် ဘာသာရေးခေါင်းဆောင်တွေ အနေနဲ့က ဒီမှာ ဗုဒ္ဓဘာသာ အကြီးအကဲ ဆရာတော်တွေနဲ့ အမြဲထိတွေ့မှုရှိပါတယ်။ ကျနော်တို့ကြားမှာ နားလည်မှုရှိပါတယ်။ ဒါပေမဲ့ အားလုံးက နားလည်မှုကတော့ မသက်ရောက်ဘူးပေါ့နော်။ ကျနော်တို့ တနိုင်ငံလုံးမှာ ကျနော်တို့ ဘာသာရေး အကြီးအကဲတွေ တဘက်နဲ့တဘက် နားလည်မှုရှိသလိုတော့ လူတိုင်းတော့ မရှိဘူးပေါ့နော်။ အဲ့သလိုရှိအောင်လည်း ကျနော်တို့က ကြိုးစားသွားရမှာပေါ့နော်။

    မေး။ ။ ဟုတ်ကဲ့။ ဦးဝဏ္ဏရွှေ အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

  • “သိစေချင်လိုက်တာ” (ကဗျာ)

    “သိစေချင်လိုက်တာ” (ကဗျာ)

    အောက်တိုဘာ၊ ၁၅၊ ၂၀၁၂
    M-Media
    မုဒိတာဝေဖြာ

    *နိုင်ငံရပ်ခြားမွတ်စလင်နိုင်ငံတွေမှာ–
    ဘာကျောင်းတိုက်ညာကျောင်းတိုက်
    ဟိုစေတီနဲ့ပုံတူဒီစေတီနဲ့ပုံတူတည်ထားကိုးကွယ်—
    ခဏဘဲသွားနေနေ—နိုင်သားအဖြစ်ဘဲခံယူခံယူ
    သိစေချင်လိုက်တာ!
    ဝမ်းသာလိုက်ရတာကို ရွှေမြန်မာတွေအတွက်။

    *ကိုယ့်နိုင်ငံမှာဆို ဘင်္ဂလားဒေရှ့်ကျောင်းတိုက်–
    -ဘာကျောင်းတိုက်ညာကျောင်းတိုက်
    ခဏဘဲလာနေနေ—နိုင်ငံသားအဖြစ်ဘဲခံယူခံယူ
    သိစေချင်လိုက်တာ!
    ဝမ်းသာလိုက်ရတာကို့ယ်ရွှေမြန်မာတွေရဲ့
    လူမျိုးခြားဘာသာတူတွေအပေါ်သဘောထားကြီးတဲ့အတွက်။

    *ကို့ယ်ရွှေမြန်မာ့နိုင်ငံမှာဘယ်မှာလဲ
    ကိုယ့်လူမျိုးဘာသာကွဲတွေအတွက်ဘုရားကျောင်းကန်
    အသစ်တည်ဆောက်ဖို့နေနေသာ—ရှိတဲ့နယ်ချဲ့ခေတ်ကရှိခဲ့တာ
    ပြင်ခွင့်မရတဲ့အပြင်–ရံဖန်ရံခါအဖျက်စီးပင်ခံရသေးတယ်။
    ကို့ယ်ရွှေမြန်မာ့နိုင်ငံမှာ
    ခဏဘဲသွားနေနေ—နိုင်သားအဖြစ်ဘဲခံယူခံယူ
    အဲဒီမွတ်စလင်တို့ဘာကျောင်းတိုက်ညာကျောင်းတိုက်—
    အဲလေ၊ဘာဗလီ–ညာဗလီ ဆိုတာမျိုး ဝေလာဝေး။
    သိစေချင်လိုက်တာ!
    ရပါတယ်ညီနောင်တို့ရယ်လို့။

    *ညီနောင်တို့မပြေလည်ပေမဲ့
    ခန္တီစ ကိုယ်တွေမှာရှိသမို့–
    သိစေချင်လိုက်တာ!
    နိုးပရော်ဘလမ်ဆိုပြီး
    ဘိုးကျော်ဘောင်ဆက်ပြီးနေလာလိုက်ကြတာ။

    *ခု–အိုအိုင်စီ ဆိုတာ–ဂျီတူဂျီ ဆက်သွယ်ထားတာဘဲ။
    သူလာမယ့်ခဏ အလှူရမဲ့ကိစ္စ ဘဲဒို့အစိုးရဘဲစီမံတာဘဲ။
    ခုလဲ–ဒို့အစိုးရကလက်မခံတော့ရင်လဲ—အိုကေဘဲပေါ့!
    သိစေချင်လိုက်တာ!
    ပရော်ဘလမ် ကဒါဘဲဆိုရင် ပြီးရောပေါ့!
    ညီနောင်တိုထဲကတစ့်ချို့ဘာသာရေးကိုတော့–မစော်ကားနဲ့ပေါ့!
    အခင်အမင်မပျက်–နေလာခဲ့ကြတာကို
    သိစေချင်လိုက်တာ!
    (မုဒိတာဝေဖြာ)

  • “မွတ်စလင်မ်တွေ ဘယ်တုန်းကမျှ ဘယ်လူမျိုးကိုမျှ မမြိုခဲ့ဘူးပါ”

    “မွတ်စလင်မ်တွေ ဘယ်တုန်းကမျှ ဘယ်လူမျိုးကိုမျှ မမြိုခဲ့ဘူးပါ”

    အောက်တိုဘာ၊ ၂၀၁၂
    M-Media
    ဆောင်းပါးရှင်- Mohammed Naeem

    ဒီနေ့ မလေးရှားနိုင်ငံ ပူထရာဂျာရာမြို့ မှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးရုံးကို မိတ်ဆွေတစ်ယောက် ဗီဇာသတ်တမ်းတိုးဖို့ လိုက်သွားတုန်း မြန်မာနိုင်ငံက သံဃာတော် ၂ပါး လည်းသက်တမ်းတိုးဖို့ ရောက်နေတယ်။ မြန်မာမွတ်စလင်မ် အမျိုးသမီးတစ်ဦးက အစစ အရာရာ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ဖြည့်စွက်ရေးသား ကူညီပေးနေတာ တွေ့လိုက်ရပါတယ်။ တွေ့ရတဲ့ မြင်ကွင်းအတွက် ပီတိလည်းဖြစ်မိပါတယ်။

    အကြောင်းရာအရာ တစ်ခုလည်း တပြိုင်နက်တည်း တွေးနေမိပါတယ်။

    ဒီနေ့ Facebook ပေါ်မှာ အမျိုးမျိုးဝါဒ ဖြန့်နေကြတဲ့ ခါတော်မီ မျက်ကန်းမျိုးချစ်များဟာ အမှန်တကယ်တော့ racial harmony တို့၊ mutual respect တို့ စတဲ့ နိုင်ငံအများအပြား လက်ခံကျင့်သုံးနေကြတဲ့ အချက်အလက်တွေကို နကန်းတစ်လုံးမျှ နားလည်ကြဟန်မရှိယုံသာမက မဟုတ်မမှန် လုပ်ကြံဇာတ်လမ်းများပင် ပြုလုပ်ကာ “တောမီးလောင် တောကြောင် လက်ခမောင်းခတ်” ဆိုသလို ကိုယ်ကျိုးရှာလို့ အမြတ်ထုတ်ရန် သူ့ထက်ငါဦးအောင် ကြိုးစားနေကြပါတယ်။

    ရိုးရိုးလေးသာစဉ်းစားကြည့်ပါ။ သူတို့ပြောသလို OIC လာကူညီမယ် ရုံးဖွင့်မယ်ဆိုယုံမျှနဲ့ မြန်မာပြည်ဟာ မွတ်စလင်မ်တိုင်းပြည် ဖြစ်သွားနိုင်သလား။

    မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင် ၈၈% ရှိပါတယ်။ မွတ်စလင်မ်တွေ အရေအတွက် ၅% ရှိတယ်ပဲထားပါ။ ဘယ်လိုအချိုးချတဲ့ သင်္ချာပုံသေနည်း နှင့်ပဲတွက်ပါ ဘယ်နည်းနှင့်မျှ မြန်မာပြည်တွင်း နေထိုင်သူ လူဦးရေ ကွာခြားချက်အရ အစ္စလာမ်နိုင်ငံဖြစ်လာစရာမရှိပါ။
    အာရေဗီးယားကျွန်းဆွယ်တစ်ခုလုံးကို နှစ်ပေါင်း ၁၄၀၀ အတွင်း အကြာဆုံး အုပ်ချုပ်ခဲ့တာ မွတ်စလင်မ်တွေပါ။ ဒီနေ့ အာရပ်တစ်ခွင်မှာ မိရိုးဖလာ ခရစ်ယာန်ကိုးကွယ်သူ Coptic Christian အရေအတွက် ၁၄သန်းကျော် ရှိတယ်။ တကယ်လို့ အခုဝါဒဖြန့်နေသလို မွတ်စလင်မ်တွေဟာ အင်အားကြီးမားလာရင် စစ်ပွဲတွေ ဖန်တီးပြီး အစ္စလာမ်ဘာသာထဲ အတင်း အဓမ္မ သွတ်သွင်းတယ်ဆိုရင် ဒီ Coptic Christian တွေ ဒီနေ့ ရှိတော့မည်ပင် မဟုတ်ပါ။

    အိန္ဒိယနိုင်ငံကိုကြည့်ပါ။ိမွတ်စလင်မ်တွေ နှစ်ပေါင်း ၁၀၀၀ ကျော် အုပ်ချုပ်ခဲ့ပေမဲ့ ဟိန္ဒူ ဗုဒ္ဓဘာသာဝင် ဒီနေ့ထိ စုစုပေါင်းလူဦးရေရဲ့ ၈၀%အတိုင်းအတာဖြင့် လူများစု အဖြင့်ရှိနေဆဲပါ။ တကယ်လို့ မွတ်စလင်မ်တွေ အင်အားရှိလာရင် လူတွေကို အစ္စလာမ်ဘာသာထဲ အတင်းဝင်ခိုင်း မဝင်ရင် သတ်ပစ်တာတို့ လုပ်ရိုးမှန်လျင် ဒီနေ့ အိန္ဒိယနိုင်ငံမှာ မွတ်စလင်မ်တွေဟာ ၈၀%ကျန်သင့်တာပါ။ သို့သော် အဖြစ်မှန်ဟာ လက်ရှိဝါဒဖြန့်နေတာတွေရဲ့ ဆန့်ကျင်ဘက်တွေသာ ဖြစ်ကြောင်း တွေ့ရမှာပါ။

    စပိန်နိုင်ငံကိုကြည့်ပါ။ မွတ်စလင်မ်တွေ နှစ်ပေါင်း ၈၀၀ နီးပါး အုပ်ချုပ်ခဲ့ပါတယ်။ မည်သည့် ဘာသာခြားတစ်ဦးကိုမျှ အင်အားသုံးပြီး အစ္စလာမ်ဘာသာကို လက်မခံခိုင်းခဲ့ပါ။ ဒါပေမဲ့ Crusaders တွေဟာ အစ္စလာမ်ဘာသာဝင် တစ်ဦးမကျန်အောင် သုတ်သင်ရှင်းလင်းခဲ့ပါတယ်။ ဒီနေ့ စပိန်မှာ မည်သည့်မွတ်စလင်မ် တစ်ဦးမျှ ဝတ်ပြုရန် ဖိတ်ခေါ်ခွင့်ပင်မပေးပါ။

    ကမ္ဘာအမြင့်ဆုံး ရပ်တော်မူ ဟိန္ဒူဘုရားကျောင်းရှိရာ ဘာသူဂေဖ့် တွင် ဟိန္ဒူဘာသာဝင်တို့ ဘုရားပွဲတော် ကာလ (မလေးရှား သည် OIC အမာခံ အဖွဲ့ဝင်နိုင်ငံဖြစ်သည်။)

    အရှေ့ အာဖရိက၊ မလေးရှား နှင့် ကမ္ဘာ့မွတ်စလင်မ် အများဆုံး နိုင်ငံတစ်ခုဖြစ်တဲ့ အင်ဒိုနီးရှား နိုင်ငံ များကိုကြည့်ပါ။ သမိုင်းတစ်လျှောက် ဘယ်မွတ်စလင်မ် စစ်တပ်မှ အဲဒီနိုင်ငံတွေကို မရောက်ရှိခဲ့ပါ။ အဲဒီဒေသက လူမျိုးစုတွေကို အစ္စလာမ်ဘာသာကို လက်ခံရန် မည်သူမျှ အင်အားမသုံးခဲ့ပါ။

    ဝါဆိုလပြည့်နေ့ ကွာလာလမ်ပူမြို့မြင်ကွင်း တရုတ်လူမျိုး ဗုဒ်ဓဘာသာဝင်များ (Photo-FB)
    ယနေ့တွင် ကွာလာလမ်ပူတမြို့ထဲတွင် မြန်မာ ဘုန်းကြီးကျောင်း (၅၀) ခန့်ရှိနေပြီ ဖြစ်သည်။

    အစ္စလာမ်ဘာသာမှာ အင်အားသုံးပြီး သာသနာထဲ ဇွတ်ဝင်ခိုင်းဖို့ ဘယ်လိုမျှမဖြစ်နိုင်တဲ့ အခြေခံအချက်ဟာ ကုရ်အာန်ကျမ်းတော်မြတ်ထဲမှာ ပါရှိတဲ့ အလ္လာဟ်အရှင်မြတ်ရဲ့ အောက်ပါ အမိန့်အရ သာပိုပြီး ထင်ရှားစေပါတယ်။

    “—မည်သူတစ်ဦး တစ်ယောက်ကိုမျှ အစ္စလာမ်သာသနာတော်တွင်း၌ ဝင်ရောက်ရန်အတွက် အတင်းအဓမ္မ အနိုင်အထက် အလျင်းမပြုရ။ —“

    ကုရ်အာန်ကျမ်းမြတ် ကဏ္ဍတော် ၂၊ စာပိုဒ်အမှတ် ၂၅၆။

    အစ္စလာမ်ဘာသာဟာ လူတို့ရဲ့ ထံပါး ဓါးမိုး၍ ပြန့်ခဲ့တယ်ဆိုတာမှန်ပါတယ်။ ဒါပေမဲ့ အဲဒီဓါးဟာ သံနှင့်ပြုလုပ်ထားတာ မဟုတ်ပဲ မှန်ကန်မှု၊ ကျိုးကြောင်းဆီလျော်မှု စတဲ့ Intellect ဆိုတဲ့ ဥာဏ်ပညာရဲ့ ဓါးပဲဖြစ်ပါတယ်။ အစ္စလာမ်ဘာသာရဲ့ သင်ကြားမှုတွေဟာ လူတွေရဲ့ အသိဥာဏ်တဲ့ လျော်ညီတဲ့ နှလုံးသားက လက်ခံနိုင်တဲ့ သဘာဝကို မဆန့်ကျင်ပဲ သဘာဝကို အသုံးချပြီး လောကီ လောကုတ္တရာ နှစ်ဋ္ဌာနရဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းမှုကို ဆောင်ကျဉ်းပေးနိုင်တဲ့ အတွက်ပဲဖြစ်ပါတယ်။

    အဲဒါကြောင့်လည်း အလ္လာဟ်အရှင်မြတ်ဟာ ကုရ်အာန်ကျမ်းတော်မြတ်မှာ အခုလို အမိန့်ပေးထားပါတယ်။

    “——အသင်သည် လူတို့အား ဥာဏ်ပညာဖြင့်လည်ကောင်း၊ ကောင်းမြတ်သော ဆုံးမသြဝါဒဖြင့် လည်းကောင်း အလ္လာဟ်အရှင်မြတ် ဘက်တော်သို့ ဖိတ်ခေါ်ပါလေ။ ထိုမှတပါး အသင်သည် ၎င်းတို့အား အကောင်းဆုံးနည်းဖြင့် အချေအတင်ပြောဆိုပါလေ—-“

    ကုရ်အာန်ကျမ်းမြတ် ကဏ္ဌတော် ၁၆၊ စာပိုဒ်အမှတ် ၁၂၅။

    ၁၉၈၆ ခုနှစ် Reader’s Digest ‘Almanac’ မှာ ဆောင်းပါးတစ်ခုမှာ ကမ္ဘာ့ဘာသာကြီးများရဲ့ တိုးတက်မှု စာရင်းဇယားကို ၁၉၃၄ ခုနှစ်မှ ၁၉၈၄ ခုနှစ် အထိ နှစ်ပေါင်း ၅၀ ကာလ အပိုင်းအခြား တစ်ခု နှင့် ပတ်သက်ပြီး ရေးသားထားပါတယ်။ အဲဒီ ဆောင်းပါးကိုပဲ ‘The Plain Truth’ မဂ္ဂဇင်းမှာထပ်မံ ဖော်ပြခဲ့ပါတယ်။

    အဲဒီဆောင်းပါးမှာ အစ္စလာမ်ဘာသာဟာ ၂၃၅% တိုးတက်ခဲ့တဲ့ အတွက် နံပါတ် ၁ နေရာ ရခဲ့ပြီး ခရစ်ယာန်ဘာသာဟာ ၄၇% တိုးတက်ခဲ့ပါတယ်။

    အဲဒီ နှစ်၅၀ အတွင်း ဘယ်မွတ်စလင်မ်စစ်တပ်မှ စစ်ပွဲတွေဖြစ်ပြီး သူတပါးနိုင်ငံကို အင်အားသုံးပြီး မွတ်စလင်မ်ထဲ မဝင်ခိုင်းခဲ့ပါ။ သန်းပေါင်းများစွာသောသူများဟာ နှစ် ၅၀ အတွင်း အစ္စလာမ်ဘာသာဝင်တွေ ဖြစ်ခဲ့ကြပါတယ်။

    ဒီနေ့ အမျိုးမျိုးသော လိမ်လည်ဝါဒဖြန့်နေတဲ့ကြားက အမေရိကန်နိုင်ငံ နှင့် ဥရောပမှာ အစ္စလာမ်ဘာသာဟာ လက်ခံကိုးကွယ်ယုံကြည်လာသူ အများဆုံးစာရင်းထဲမှာ ထိပ်ဆုံးမှာပါ။ အဲဒီနိုင်ငံတွေမှာ ဒီလောက် အစ္စလာမ်ဆန့်ကျင်ရေး ပိုစတာတွေတပ်ပြီး တိုက်ခိုက်နေတာတောင် သိန်း သန်းချီပြီး အစ္စလာမ်ဘာသာကိုလက်ခံလာသူတွေတိုးလာနေတာ ဘယ်ဓါးနဲ့ ခြိမ်းခြောက်နေလို့လည်း စဉ်းစားကြည့်ရင်သိနိုင်ပါတယ်။

    မလေးရှားနိုင်ငံမှာ မွတ်စလင်မ်တွေရဲ့ အရေအတွက်ဟာ စုစုပေါင်းလူဦးရေရဲ့ ၅၅%သာရှိပါတယ်။ ကျန်တာ တရုတ်ဗုဒ္ဓဘာသာ၊ တရုတ်ခရစ်ယာန်၊ တမီလ်ဗုဒ္ဓဘာသာ၊ တမီလ်ခရစ်ယာန် စသဖြင့် လူတွေ နှစ်သက်ရာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးထားသလို ဘယ်ဘာသာကိုမျှ ဘာမီဒီယာကိုမျှ သုံးစွဲပြီးစော်ကားခွင့်မရှိပါဘူး။ မည်သည့်ဘာသာဝင်ကမျှ အမျိုးပျောက်မှာလည်း စိုးကြောက်မနေသလို လူဝင်မှုကြီးကြပ်ရေးလိုရုံးမှာတောင် “မြေမြို၍ လူမျိုးမပျောက်၊ လူမြိုမှ လူမျိုးပျောက်မည်” ဆိုတဲ့စာတမ်း အစား “ယဉ်ကျေးပါ၊ တာဝန်ကျေပါ၊ ပြုံးရွှင်စွာ အကူအညီပေးပါ” စတဲ့ စာတမ်းများနှင့် တာဝန်ထမ်းဆောင်နေသော လူယဉ်ကျေးများရဲ့ ဆက်ဆံရေးကို မြင်တွေ့ရမှာဖြစ်ပါတယ်။

    နိဂုံးချုပ်အနေနှင့် Dr. Joseph Adam Pearson ဆိုတဲ့ ပညာရှင် ပုဂ္ဂိုလ်ကြီးပြောခဲ့တဲ့ စာပိုဒ်လေး တစ်ခု တင်ပြချင်ပါတယ်။

    “ဒီနေ့ လူတွေဟာ အာရပ်တွေလက်ထဲ တစ်နေ့ကျရင် နြူကလီယားဗုန်းရောက်သွားမှာကို စိုးရိမ်နေကြတယ်။ အမှန်တော့ အဲဒီ လူတွေဟာ အဖြစ်မှန်ကို ယနေ့တိုင် မရိပ်စားမိတာပါ။ အစ္စလာမ်ဆိုတဲ့ ငြိမ်းချမ်းရေး ဗုန်းဟာ ကမ္ဘာပေါ်မှာ တမန်တော်မြတ် မုဟမ္မဒ်(peace be upon him) မွေးဖွားလာတဲ့နေ့ မှစပြီး ကျရောက်ပြီးဖြစ်တယ် ဆိုတာပါ။”

    လက်တွေ့အဖြစ်အပျက်ကလေး တစ်ခုမှာ လူငယ်တစ်ဦး နိုင်ငံရပ်ခြားမှာရှိနေစဉ် လူမျိုးရေးမုန်းတီးမှု ဖြစ်လာအောင် Youtube ကနေ စော်ကားထားတာကို မလေးရှားနိုင်ငံအတွင်းရောက်တာနှင့် လေဆိပ်မှာတင် တရားဝင် ဝန်ချတောင်းပန်စေခဲ့ပါတယ်။

    ဒီလိုအရေးယူမှုမျိုးတွေ အမှန်တကယ်လုပ်လာမယ်ဆိုရင် ယုတ်မာလှတဲ့ ပြည်တွင်း၊ ပြည်ပ နေ အမုန်းဝါဒီများရဲ့ တစ်နပ်စား အကြံများကို ထိန်းချုပ်နိုင်မှာဖြစ်သလို ကမ္ဘာ့နိုင်ငံများနည်းတူ တိုးတက်တဲ့လူ့ဘောင်သစ်ဆီသို့ လျှောက်လှမ်းနိုင်မှာဖြစ်ကြောင်းပါ ခင်ဗျား။

    Ref: Was Islam Spread by the sword? ; History of Islam ; Heroes and Hero worship.

    Mohammed Naeem FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

  • ရမည်းသင်းတွင် ဓါးထိုးခံရသူမှ မွတ်စလင်များ မလုပ်ကြောင်း ပြောသော်လည်း မွတ်စလင် ၇ ဦးအား ဖမ်းထားစဲ

    ရမည်းသင်းတွင် ဓါးထိုးခံရသူမှ မွတ်စလင်များ မလုပ်ကြောင်း ပြောသော်လည်း မွတ်စလင် ၇ ဦးအား ဖမ်းထားစဲ

    အောက်တိုဘာ၊ ၁၅၊ ၂၀၁၂
    M-Media
    သတင်း – ဇာဏီ

    ရမည်းသင်းမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနဲ့စပ်လျဉ်းပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်ထွဋ်မှ ဦးဆောင်ပြီး ရမည်းသင်းမြို့ရှိ မွတ်စလင်မ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရပါသည်။

    ယင်းဆွေးနွေးပွဲနှင့်ပတ်သက်ပြီး ဆက်သွယ်စုံစမ်းရာ “ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်ထွဋ်က ဦးဆောင်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး၊ ခရိုင်ရဲမှူးတို့ပါဝင်ပြီး ရမည်းသင်းမြို့ရှိ ဗလီများရဲ့ ကိုယ်စားလှယ်များ၊ အာရဗီတက္ကသိုလ်မှ ကိုယ်စားလှယ်များကို ခေါ်ယူပြီး အစည်းအဝေးတစ်ခုကို ဒီနေ့မနက် ၁၀-နာရီမှာ ရမည်းသင်းမြို့ ဆောက်လုပ်ရေးဧည့် ရိပ်သာမှာ ပြုလုပ်ခဲ့တာပါ။ ဆွေးနွေးတာတွေက ရမည်းသင်းမြို့မှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေ တည်ငြိမ်အောင် သူတို့ဘက်က ဆောင်ရွက်ထားတာတွေကို တင်ပြပါတယ်။ ပြီးတော့ မွတ်စလင်မ်တွေဘက်က အခြေအနေတွေကိုလည်း တင်ပြဆွေးနွေးခွင့်ပေးတယ်။ မွတ်စလင်မ်တွေဘက်က တင်ပြတာက အင်တာနက်၊ Facebook စာမျက်နှာတွေမှာ မဟုတ်မမှန်သတင်းတွေ ထွက်ပေါ်တာတွေကို ထိန်းသိမ်းပေးကြဖို့ ဆွေးနွေးပါတယ်။ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက မွတ်စလင်မ်တွေကို မေတ္တာရပ်ခံပါတယ်။ တည်ငြိမ်အောင် ထိန်းသိမ်းနေပြီဖြစ်တဲ့အတွက် မွတ်စလင်မ်များဘက်မှ သည်းခံကြဖို့ ဖျောင်းဖျပါတယ်။ ဟိုးအရင်ကတော့ ဘာပဲပြောပြော ခြိမ်းခြောက်တဲ့ ပုံစံနဲ့ပြောတတ်ပေမယ့် အခု အစည်းအဝေးမှာတော့ မေတ္တာရပ်ခံတဲ့ပုံစံနဲ့ ပြောလာပါတယ်။”လို့ ရမည်းသင်းမြို့ခံ တစ်ဦးမှ ပြောပြလာပါတယ်။

    “ဟိုနေ့ကဖမ်းထားတဲ့ မွတ်စလင်မ် မီးသတ်ရဲဘော် ၆-ယောက်ရယ်၊ ရာအိမ်မှူးရယ်ကို မီးသတ်ဝတ်စုံတွေဝတ်လျက်ပဲ ဓါးထိုးခံရတယ်ဆိုတဲ့ ၂-ယောက်ရှိတဲ့ ဆေးရုံပေါ်ကိုခေါ်သွားပြီး တရားခံတွေလားဆိုတာကို မေးမြန်းပါတယ်။ ဓါးထိုးခံရတယ်ဆိုတဲ့သူနှစ်ဦးလုံးမှ သူတို့အား ဓါးနှင့်ထိုးသူမှာ အဲဒီ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရာအိမ်မှူးဆိုသူတို့ မဟုတ်ကြောင်းပြောပါတယ်။ ဒါပေမယ့် အဲဒီသူ ၇-ယောက်လုံးကို ရမံယူပြီး အချုပ်နဲ့ ၁-လ ထပ်ထားပါတယ်။ အဲဒီ ၇-ယောက်လုံးရဲ့ မိသားစုဝင်တွေက စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။ အခု အချိန်ထိတော့ အဲဒီ ၇-ယောက်လုံးကို ညှဉ်းပန်း နှိပ်စက်တာ မရှိပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ ညှဉ်းပန်း နှိပ်စက်ပြီး တရားခံအဖြစ် အတင်းအဓမ္မ ၀န်ခံခိုင်းတာမျိုး ဖြစ်လာမှာကိုတော့ စိုးရိမ်နေကြတယ်။ ဘုန်းကြီးကျောင်းတ၀ိုက် နေအိမ်တွေကနေ ပြောင်းရွေ့သွားသူတွေလည်း အခုထိတော့ ပြန်မလာကြသေးပါဘူး။ အခု ညနေအထိတော့ ရမည်းသင်းမြို့ပေါ်မှာ အေးဆေး တည်ငြိမ်စွာရှိနေပါတယ်”လို့ ရမည်းသင်းမြို့ခံများမှ ရမည်းသင်းမြို့၏အခြေအနေများကို M-Media သို့ပြောကြားလာပါတယ်။