News @ M-Media
Author: M-Media
  • ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင် ဒေါက်တာ ဇာဂနာနှင့် တွေ့ဆုံခြင်း
    ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင် ဒေါက်တာ ဇာဂနာနှင့် တွေ့ဆုံခြင်း
    အောက်တိုဘာ၊ ၁၂ ၊ ၂၀၁၂
    Source: THE MODERN WEEKLY -NO.328
    ဒီအေ၀ိုင်
    ကျွန်တော်တို့တိုင်းပြည်မှာလူမှုဆက်ဆံရေးသဟဇာတ (social harmony) ဖြစ်ဖို့အတွက် အားလုံးမှာ ကျင့်ဝတ်ရှိရမယ်။ အခုလို လူမှုဆက်ဆံရေး သဟဇာတမဖြစ်တာကြောင့် ပြည်တွင်းမှာ ပဋ္ဋိပက္ခတွေဖြစ်နေရတာပါ။ ကျင့်ဝတ်တွေထဲမှာမှယဉ်ကျေးမှုကျင့်ဝတ်ရှိဖို့က အရေးကြီးဆုံးဖြစ်ပြီး လူကိုလူလို့မြင်ဖို့လိုပြီး တခြားဘာသာနဲ့ ဓလေ့ထုံးတမ်းအစဉ်အလာကို မစော်ကားရဘူးဆိုတာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ဦးဇာဂနာကို မေးမြန်းပါတယ်။ တချို့ကိုကောက်နှတ်ဖော်ပြပါတယ်။
    ယဉ်ကျေးမှု့ ကျင့်ဝတ်ရှိဖို့က အရေးအကြီးဆုံးဖြစ်ပါတယ်။ (ဒေါက်တာ ဇာဂနာ)
    မော်။ ။ဦးတို့ကော်မရှင်အနေနဲ့ ရခိုင်အရေးနဲ့ပတ်သက်ပြီး ဘာတွေဆောင်ရွက်နေပါသလဲ။
    ဖြေ။ ။ နိုင်ငံတကာက တချို့သတင်းတွေနဲ့ပတ်သက်ပြီးမဟုတ်မမှန် လျှောက်ပြောတာတွေရှိတယ်။ မဟုတ်တာတွေပြောတယ်လို့ စွပ်စွဲချင်တာတော့ မဟုတ်ဘူး။ သတင်အမှားတွေ ဖြစ်လာတဲ့အခါ အဲ့ဒီသတင်း အမှားတွေကို ပြန်ဖြေရှင်းနှိင်ဖို့အတွက် ပြန်ကြားရေးအဖွဲ့ မှာပါတဲ့ ဆရာဦးဝံသရယ်ဦးကိုကိုကြီးရယ်၊ ကျွန်တော်ရယ်ပြန်ဖြေနေပါတယ်။ အဓိကတော့ နိုင်ငံခြားက တချို့တွေက မဟုတ်မမှန်လုပ်တယ်လေ။ ကျွန်တော့်အနေနဲ့က ဘယ်ဘက်ကမှ လိုက်ပြီးရှင်းတာမဟုတ်ပေမဲ့ ရပ်တည်ချက်အရငြိမ်းငြိမ်းချမ်းချမ်းပဲ ဖြေရှင်းစေချင်တယ်။ ကြမ်းကြမ်းတမ်းတမ်း မဖြေရှင်းစေချင်ဘူး။
    မော်။ ။ ဒီမိုကရေစီသွားနေတဲ့ လမ်းကြောင်းမှာ အဓိကရုဏ်းတြွေုဖစ်အောင် လှုံဆော်နေတဲ့သူတွေကို ဦးအနေနဲ့ဘာတွေ ပြောပြချင်ပါသလဲ။
    ဖြေ။ ။ ဆိုရှယ်ဟာမိုနီဖြစ်ဖို့အတွက် ကျင့်ဝတ်တွေက ခြောက်ခုရှိတယ်ပေါ့။ ကျွန်တော့် အမြင်ပါ။ တခြားလူတွေကိုတော့ မပြောဘူး။ အခုလို social harmony မဖြစ်လို့ ကချင်ပြည်နယ်မှာကော၊ ရခိုင်ပြည်နယ်မှာကော ပဋ္ဋိပက္ခတွေ ဖြစ်နေရတာပေါ့။ သူများဘာသာကိုလည်း မစော်ကားရဘူး။ သူများဓလေ့ထုံးတမ်း အစဉ်အလာကိုလည်း မစော်ကားရဘူး။ ယဉ်ကျေးမှု၊ ကိုးကွယ်ရာကိုလည်းမစော်ကားရဘူ။ အခုလိုဖြစ်အောင်သွေးထိုးမြှောက်ပင့်လုပ်နေတဲ့ သူတွေကလည်း culture ethic ကိုချိုးဖောက်တာပဲ။ သည်လို လုပ်နေတယ်ဆိုရင် ကျွန်တော်တို့ ပြဿနာကဖြေရှင်းလို့ရမှာ မဟုတ်ဘူး။ ကြီးလာဖို့ပဲ ရှိတော့တယ်။ မဖြေရှင်းနှိင်ရင် ရခိုင်နယ်ကြီးတစ်ခုလုံးဟာ တစ်ချိန်လုံးစစ်အုပ်ချုပ်ရေး လက်အောက်မှာပဲ နေနေရတော့မှာ။သည်အတွက် နစ်နာစရာရှိရင် ရခိုင်တိုင်းရင်းသားတွေ နစ်နာသလို အဲသည်ဒေသမှာရှိနေတဲ့ အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ လူမျိုးတွေလည်း နစ်နာမယ်။ ဘာကြောင့်လည်းဆိုတော့ ဟိုဘက်မှာ ဗုဒ္ဓဘာသာကျောင်းတွေ ဖျက်ဆီးခံရတယ်ဆိုရင် ဗုဒ္ဓဘာသာကိုးကွယ်တဲ့ စစ်သားတွေကကော သည်ခံမှာလား။
    ပိုပြီးဖိနှိပ်တော့မှာပေါ့။ ဒါနဲ့ပဲပြဿနာက ပြီးတော့မှာ မဟုတ်ဘူးလေ။ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်လို့ရအောင် အခြေအနေတွေကို ဖန်တီးနေလို့ စစ်တွေမှာ အခြေအနေလေး ကောင်းခါစရှိသေး ပြဿနာတစ်ရပ်ဖြစ်အောင် ထပ်ထပ်ဖန်တီးကြတယ်။ ပြဿနာမဟုတ်ဘဲ ပြဿနာလုပ်တာဆိုတော့ တစ်ဖက်နိုင်ငံကလည်း အခုလို လုပ်ကြမယ်ဆိုရင် နိုင်ငံအချင်းချင်း၊ ဘာသာအချင်းချင်းဆိုတဲ့ ကျင့်ဝတ်ကို ချိုးဖောက်တာ။ ယဉ်ကျေးမှု ကျင့်ဝတ်ကို ချိုးဖောက်တယ်ဆိုရင် ကျွန်တော်ပြောတဲ့ လူမှုဆက်ဆံရေးက သဟဇာတဖြစ်ဖို့အတွက် social harmony ကရမှာမဟုတ်ဘူး။ social harmony မရသမျှ ရခိုင်ပြည်နယ်ငြိမ်းချမ်းမှုဆိုတာ ကတည်ဆောက်လို့မရ။ ပြေလည်အောင်ဖြေရှင်းပေးနေတာကို နားမ၀င်ဘူးဆိုရင် ကိုယ့်ဒုက္ခကိုယ်ရှာသလို ဖြစ်လိမ့်မယ်။ ဒါကျွန်တော်ကော်မရှင် အဖွဲ့ဝင် တစ်ယောက်အနေနဲ့မဟုတ်ဘဲ အလွတ်ပြောပြတာပါ။ အဲသည်မှာ ရခိုင်လူမျိုးတွေမှာလည်း ဝေဒနာအများကြီးရှိပါတယ်။ ဥပဒေအတိုင်း ဥပဒေချိုးဖောက်ကျူးလွန်တဲ့သူကို အရေးယူဖို့က နံပါတ်တစ် ဥပဒေက အကာအကွယ်ပေးရမယ်။
    အခုလိုမဟုတ်ဘဲ ဥပဒေနဲ့အကာအကွယ်မပေး ဘဲနဲ့ ဘာအပြစ်မှမရှိတဲ့ လူတွေဒုက္ခရောက်နေတာကို ကျွန်တော်တို့အနေနဲ့ လိုက်ပိုက်ကြည့်လို့ မသင့်တော် ပါဘူး။ ဖြစ်စေချင်တာက ကချင်မှာစစ်ဖြစ်တယ်။ ကေအိုင်အေနဲ့ မြန်မာစစ်တပ်ဖြစ်တယ် ခံရတာကပြည်သူတွေ ကျွန်တော်တို့ အဲ့သည့်ပြည်သူတွေရဲ့မျက်နှာကိုကြည့်ရမယ်။ မတရားအမှုကျူးလွန်သူတွေကို ဥပဒေအတိုင်း အရေးယူဖို့လုပ်နေတယ်။ ထိုက်သင့်တဲ့ ပြစ်ဒဏ်အရ အရေးယူမယ်။ အပြစ်လုပ်တဲ့သူကို ခြေရာခံမိပေမယ့် သူတို့က ပြေးနေတယ်။ ပြည်နယ်ထဲမှလဲ မဟုတ်ဘူးဆိုတော့ ဘယ်လိုလုပ်ကြမလဲ။ ကျွန်တော်တို့လည်း သူတို့ကိုအကြိမ်ကြိမ် အဖန်ဖန် မေတ္တာရပ်ခံတယ်။ ခင်ဗျားတို့ကိုသိနေပြီ မလုပ်ကြနဲ့ဆိုပြီးတောင်းပန်ပါတယ်။ တိုင်းပြည်ငြိမ်းချမ်းရေးအတွက်ပါ။ ဒီမိုကရေစီလမ်းကြောင်းအပေါ်ကို သွားနေတဲ့အချိန်မှာ ရခိုင်ပြည်နယ်ကြီး ငြိမ်းချမ်းသွားရင် ကချင်ပြည်နယ်ငြိမ်းချမ်းရေးကို ကြိုးစားလို့ရမယ်။ တပြိုင်နက်တည်းတော့ မလုပ်နိုင်ပါဘူး။ အတတ်နိုင်ဆုံးကြိုးစားနေတဲ့ကာလမှာ ပြဿနာတွေမဖြစ်စေချင်ဘူး။ တချို့ကိုယ်တိုင်လည်းမတွေ့ဘဲ ပြောတဲ့ လူတွေရှိတယ်။ ဖေ့စ်ဘုတ်ခ်လိုနေရာမှာတော့ မဖြေရှင်းချင်တော့ပါဘူး။
    မော်။ ။ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ ဖေ့စ်ဘုတ်ခ်ကစပြီး ပဋိပက္ခဖြစ်သွားတယ်ဆိုပြီး သိထားရပါတယ်။ နိုင်ငံ တကာကလည်း သည်ဆိုရှယ်မီဒီယာကို သုံးနေကြတယ်ဆိုတော့ သည်ကနေ တစ်ဆင့်ဝါဒဖြန့်တဲ့သူတွေနဲ့ ပတ်သက်ပြီး ကော်မရှင်အနေနဲ့ ဘယ်လိုဖြေရှင်းဖို့ စီစဉ်ထားပါသလဲ။
    ဖြေ။ ။ တကယ့်ဖြစ်ရပ်အမှန်ကို ကော်မရှင်ရဲ့ ဖေ့စ်ဘုတ်ခ်မှာ ဆက်တိုက်တင်ပေးနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဘက်မှာလဲ အားနည်းချက်ရှိပါတယ်။ ဆယ်မိနစ်တစ်ခါ ဆယ့်ငါးမိနစ် တစ်ခါ သတင်းတောက် လျှောက်တင်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့် အခုကိုထိုင်လုပ်နေတဲ့သူတွေကြောင့် လျှောက်တင်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့် အခုကိုထိုင်လုပ်နေတဲ့သူတွေကြောင့် နှောင့်နှေးနေရတာလည်းရှိတယ်။ ဒါ့အပြင် အင်တာနက်မရှိတဲ့နေရာမှာ ဘာလို့ဒီကောင်မလေး ပုံတက်တာလည်းဆိုပြီး စဉ်းစားနေတာ။ အဲ့သည်တင်တဲ့လင့်ခ်ကို မီခါနီးကြမှ အလယ် ကလူက ထွက်ပြေးတော့ ဘာမှအရေးမယူနိုင်သေးဘူး။ နောက်ပြီး ဆိုက်ဘာ အတက်ခ်က ပြန်ခုခံနိုင်တဲ့ အင်အားမှာ နည်းပညာက သည်နိုင်ငံက အားနည်းနေတယ်။ နောက်တစ်ခုက သတင်းတင်နိုင်ဖို့အတွက် ရေးသားပုံကလည်း အရေးကြီးတယ် ဒါနဲ့ပက်သတ်ပြီး ကျွန်တော်တို့ကို နိုင်ငံတော်ကပေးထားတဲ့ facility မှာ အားနည်းတယ်။ ဒါကတော့ အမှန်မဟုတ်ပါဘူး။ အမှန်ကဒီလိုပါဆိုပြီး ချက်ချင်းပြန်ကြားနိုင်ဖို့ကလည်း လိုတယ် တစ်ချို့က အဓိကရုဏ်းတွေ ဖြစ်နေတဲ့ကြားထဲ ဘာမှန်းမသိ ညာမှန်းမသိတဲ့သူတွေကလည်း တစ်ပုံ ကြီး အမှားလုပ်တဲ့ သူတို့ကို ပြန်ပြီးတိုက်ခိုက်ဖို့တော့မရှိဘူး။ ပြန်ကာကွယ်ဖို့ဘဲရှိတယ်။ ပြီးခဲ့တဲ့အပတ်က ရခိုင်မှာ ဈေးရောင်းတဲ့ကောင်လေးရဲ့ သတင်းအမှားတွေ ထွက်လာတဲ့အတွက် ကျွန်တော်တို့ကော်မရှင်က သည်ကောင်လေးရဲ့ အဖြစ်ကအခုလိုမဟုတ်ပါဘူး။ သူ့ကိုသူ့အမေနဲ့ပြန်တွေ့နေပြီဆိုတာကို ကျွန်တော်တို့ ဆိုက်မှာပြန်ဖြေရှင်းပေးထားပါတယ်။ ၀က်ဘ်ဆိုဒ်က official မထွက်သေးပေမယ့် ဖေ့စ်ဘုတ်ခ်မှာ ဖော်ပြနေပါ တယ်။
    မော်။ ။ တခြားဖြည့်စွက်ပြောကြားချင်တာရှိရင် ပြောပေးပါ။
    ဖြေ။ ။ တစ်ဘက်နိုင်ငံရဲ့ လုပ်ရပ်ကြောင့် သည်မှာ ဆန္ဒဖော်ထုတ်မှုတွေကိုလုပ်ပါ။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ် သံရုံးရဲ့နယ်နိမိတ်ကိုတော့ မဖျက်ဆီးကြပါနဲ့။ ဆန္ဒဘဲထုတ်ဖော်ကြပါ။ ကိုယ့်တိုင်းပြည်က လေးစားမှုတစ်ခု အနေနဲ့ပေးစေချင်တယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြဿနာတစ်ခုကို ပြေလည်အောင် ဖြေရှင်နေကြတဲ့အချိန်မှာ အတတ်နိုင်ဆုံး ကိုယ့်မှာရှိနေတဲ့စိတ်လှုပ်ရှားမှုတွေကို နည်းနည်းထိန်းပေးကြပါ။ ပြဿနာတစ်ခုဖြစ်လာတိုင်း ဆူဆူပူပူဖြေရှင်းမယ့်အစား ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းကြပါ။ မီးလောင်တာကိုတွေ့တယ်။ အဲ့ဒါကိုရေနဲ့ပက်ဖြန်း ရင်ငြိမ်းပါတယ်။ ရေအေးနဲ့ငြှိမ်းလည်း ငြိမ်းသလို ရေနွေးနဲ့ဆိုလည်းငြိမ်းတယ်။ ဒါကိုဘာလို့ ရေနွေးနဲ့ပက်ချင် တာလဲ၊ ရေနွေးနဲ့ပက်တော့ ကိုင်တဲ့သူလည်းပူပါတယ်။ ဖြေရှင်းပေးနေတာကို လက်ခံပေးပါ။ မြှောက်ပေးနေတဲ့ နှစ်ဖက်လုံးကိုလည်း မေတ္တာရပ်ခံပါတယ်။ ဆက်လုပ်နေရင်တော့ သမ္မတက တိုက်ရိုက်ခန့်အပ်ထားတဲ့ကော်မရှင် အဖွဲ့ဖြစ်တာကြောင့် လုပ်နေတဲ့သူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်။ ဒါ့အပြင် ရခိုင်ကိစ္စကို ရခိုင်ပြည်နယ်တစ်ခုတည်းမှာ မဟုတ်ဘဲ နေရာစုံဒေသစုံမှာ ကျွန်တော်တို့ကိစ္စလို့ သတ်မှတ်ပေးစေချင်တယ်။
    မော်။ ။ အခုလိုဖြေကြားပေးတာ ကျေးဇူးအထူးတင်ပါတယ်။
    ဒီအေ၀ိုင်
  • ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး၊ မီဒီယာကကာကွယ်​ စောင့်ရှောက်ပေး
    ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး၊ မီဒီယာကကာကွယ်​ စောင့်ရှောက်ပေး
    အောက်တိုဘာ၊ ၁၂၊ ၂၀၁၂
    M-Media
    စနေမောင်မောင် (ဘားမား)
    ၁။ မြန်မာနိုင်ငံ မှုခင်းသတင်းထောက်လောကမှာ စာနယ်ဇင်းကျင့်ဝတ်အပြင် အခါအားလျော်စွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့လေ့ကျင့်စီမံ ညွှန်ကြားရေးမှူးချုပ်ကိုပါ နာခံပြီးသတင်းရေးကြရတယ်။ အားကစား၊ ကျန်းမာရေး၊ ဂမ္ဘီရ စသဖြင့် ဂျာနယ်အမျိုးမျိုး ဖတ်ရှုနေတဲ့ပရိသတ်တွေထဲမှာ မှုခင်းသတင်း ဝါသနာရှင်တွေကို ထောက်ပြပြောဆိုရမယ်ဆိုရင် မှုခင်းသတင်း တစ်ပုဒ်မှာ တရားလို၊ တရားခံရဲ့ မိဘနာမည်၊ ဘာသာ၊ လူမျိုး ရေးသားဖော်ပြခွင့် မပြုဘူး။ ဆိုင်ကယ်၊ ကားနံပါတ် မဖော်ပြရဘူး၊ အဆုံးစွန် ဆုံးက အလိုမတူဘဲ သားမယားပြုကျင့်ခံရတဲ့ ၃၇၆ အမှုတွေမှာ နစ်နာသူအမျိုးသမီး ပျို၊ အို၊ ကြီး၊ ငယ်ရဲ့ နာမည်နဲ့ နေရပ်ဖော်ပြခွင့် မရှိဘူး၊ မြို့ပေါ်ရပ်ကွက်မှာ ဖြစ်ခဲ့ရင်တောင် ဘာမြို့နယ်တွင် ဖြစ်ပေါ်ခဲ့သည်လို့ဘဲ ရေးပြရတယ်။
    ၂။       မှုခင်းသတင်းရဲ့ အလိုက်အထိုက် ဖော်ပြလို့မရတာတွေကို သတင်းထောက်က ဖော်ပြရေးသား သတင်းတင်ပြလာရင်တောင် တာဝန်ခံ အယ်ဒီတာ၊ တာဝန်ခံ စာတည်းချုပ်တွေက ဖြုတ်ထုတ်ဖြတ် လုံးဝလုပ်ရတယ်။ ခြေချော်လက်ချော် ဖော်ပြမိတာမျိုး ဘယ်တုံးကမှ မပေါ်ပေါက်ခဲ့ဘူး။ အလကား ပေါ်ပေါက်လို့ ရမလား၊ စာပေစီစစ်ရေးကို ဖြတ်ကြရသကိုး။ ဒီဟာတင်ပြနေရတာက မှုခင်းရှုထောင့်၊ မှုခင်းသတင်း၊ တကယ့်ဖြစ်ရပ်၊ မှုခင်းသတင်းနဲ့ခရိုင်းမ် ဆိုတဲ့ တရားဝင် မှုခင်းသတင်း ဂျာနယ် လေးစောင်ကို မပြတ်ဖတ်ရှု ဆန်းစစ် သုံးသပ်ပြီး အဲ့ဒီက ထင်ပေါ်တဲ့ ရလဒ်ကို သုံးသပ်တင်ပြတာပါ။
    ၃။       ဖော်ပြခဲ့တဲ့ သတင်းထောက်တို့ လိုက်နာရေးသားရတဲ့ စာနယ်ဇင်းကျင့်ဝတ်နဲ့ လမ်းညွှန်ချက်တွေ ခပ်သိမ်းကို တစ်ထိုင်တည်း ပျစ်ပျစ်နှစ်နှစ် စည်းပျက်ကမ်းပျက် ချိုးဖောက်ဖော်ပြခဲ့တာကတော့ မြန်မာ့အလင်း၊ ကြေးမုံနဲ့ မြဝတီ စတဲ့နိုင်ငံတော်ပိုင်သတင်းစာတွေပါ။ ပထမဆုံး ကျင့်ဝတ်ချိုးဖေါက်တာပါ။
    ၄။       မှုခင်းသတင်းဖော်ပြရာမှာ ကပ်စေးအနဲဆုံး ၂ လက္မ၊ ၃ လက္မထက် စာမျက်နှာ လုံးဝပိုမပေးတဲ့ အဓိက သတင်းစာတွေမှာ မှုခင်းသတင်းလေးပုဒ်ကို သတင်းစာ တစ်မျက်နှာလုံး လေးပိုင်း ပိုင်းပြီးတင်ဆက်ခဲ့တဲ့ သတင်းလေးပုဒ်ပါ။ ဟုတ်ပါတယ်။ ရခိုင်အရေးအခင်းရဲ့ စနက်တန်ချိန်ကိုက်ဗုံး သတင်းပါ၊ အကြောင်းကြောင်းကြောင့် အချိန်မရလို့ ဆိုတဲ့ ဝိနည်းရှောင်လို့ ရရိုးထုံးစံ မရှိခဲ့ပါဘူး။ တာဝန်ရှိသူက တာဝန်ရှိသူပါ။
    ၅။       ဒီလေးပိုင်းပိုင်း သတင်းတွေထဲမှာတောင် ကျောက်နီမော် သတင်းတစ်ပုဒ်က လွှဲရင် ကျန်သုံးပုဒ်မှာ တရားလို၊ တရားခံတွေရဲ့ မိဘအမည် ဘာသာ၊ လူမျိုး မဖော်ပြဘဲ၊ ကျောက်နီမော်သတင်း တစ်ပုဒ်ကိုသာ ရင်ထုမနာ စုတ်တစ်သတ်သတ် ဖြစ်ရအောင် အတုံးလိုက် အတစ်လိုက် တစ်တစ်ခွခွ တမင်သက်သက် ဘာသာပေါင်းစုံ ချစ်ကြည်ရေး ပျက်ပြားအောင် ဆင်ကြံကြံပြီး တက်သစ်စ ဒီမိုကရေစီ နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုကို ရည်ရွယ်ချက်ရှိရှိ ရိုက်ချိုး ဖျက်ဆီးဖို့ ကြိုးစားခဲ့တယ်။ ဒီရိုက်ချက်တွေဟာ မီဒီယာလောကသားတွေက သက်သေခံ ရှာဖွေတွေ့တယ်။
    ၆။       မြန်မာနိုင်ငံသားအားလုံးက ထမင်းစားတာမို့ ခွေးလှေးခုန်လို့ ဖုန်မထဖြစ်တော့ မဆီမဆိုင် လက်ပံသားဓါးနဲ့ချိုင်ပြီး တရားစခန်းဝင်ပြီး ပြန်လာတဲ့ တောင်တွင်းကြီးသားတွေကို သာသနာ့အာဇာနည်ဘွဲ့ ပေပြီးစတေးပစ်ခဲ့တယ်။ အိမ်ကြက်ခြင်း အိုးမဲသုပ် အခွပ်ခိုင်လို့ ရခိုင်အရေးအခင်း ထောင်းလမောင်း ထလိုက်တာ ပြန်လည် ထူထောင်ရေး အတွက် ပြည်တွင်းအလှူရှင်တွေက ငွေသားတင် အလှူငွေစာရင်း (သတင်းစာအရ) သုံးကုဋေကျော် လှူဒါန်းခဲ့ရတယ်။ ဒါလုံလောက်ပြီလား၊ အဝေးကြီး။ နိုင်ငံတကာက အကူအညီတွေ ပေးနေပေမယ့် ဒါလည်း မပြည့်စုံသေးဘူး။
    ၇။       ချောင်ကြိုချောင်ကြား၊ မြို့စွန်မြို့ဖျား၊ ဆိုင်ကယ်တိုက်သတဲ့ဆို ဖြတ်ကနဲရောက်တတ်တဲ့ နယ်ထိန်းစွန်ရဲတွေ ထုံမွှန်းထားတဲ့ မြန်မာပြည်မှာ တရားစခန်းပြန် ဆယ်ဦးတင်မက စီးလာတဲ့ကားကိုပါ မှုန့်မှုန့်ညက်ညက်ချေတာ ၃ နာရီနီးပါးမှာ ပြည်သူ့အသက် အိုးအိမ်စည်းစိမ်ကို လုံခြုံရေးကာကွယ် စောင့်ရှောက်ပေးနေတဲ့ ကူညီပါရစေတွေ မထိန်းနိုင်လို့ လက်ပိုက်ကြည့်နေရတာမျိုး သမိုင်းအမည်းစက် မဆိုးသင့်ဘူး၊ မစွမ်းထင်းသင့်ဘူး။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခါကို မငြိုးနွမ်းစေသင့်ဘူး။ သိသိကြီး ဗြောင်ဥပဒေချိုးဖေါက် မျက်ကွယ်ပြုတာ။
    ၈။       မြန်မာနိုင်ငံ ထာဝရတည်ငြိမ်အေးချမ်းပါစေ။ ဒီလိုလူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ၊ ပပဉ္စဝါဒီ၊ နာဇီလက်သစ်တွေ ဒါရိုက်တာအဖြစ်မှ ကင်းရှင်းကြပါစေ။ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး ထွန်းကားပြန့်ပွားပါစေ။
    ၉။       ရခိုင်အရေးအခင်းကို ဖန်တီးတဲ့ ဒါရိုက်တာတွေ တာဝန်ရှိသူတွေကို လက်သည်တရားခံအစစ်က ဘယ်သူလဲ၊ မြင်အောင်ကြည့်ပြီး နောင်ကျဉ်အောင် ဖော်ထုတ်အရေးယူနိုင်မှ ဥပဒေစိုးမိုးပြီလို့ ဆိုနိုင်မှာ ဖြစ်သလို ဒါမှလည်း နိုင်ငံတော်နဲ့ နိုင်ငံသားတွေ နစ်နာအောင် လုပ်ဝံ့သူတွေ မပေါ်ပေါက်မှာပါ။ ဥပဒေစိုးမိုးရေး၊ တန်းတူညီမျှရေးဟာ ငြိမ်းချမ်းရေးရဲ့ အုတ်မြစ်ပါ။
    ၁၀။     ဖြစ်ခဲ့ပြီးတဲ့ ရခိုင်အရေးခင်းဟာ ဘယ်သူတွေက ဘာရည်ရွယ်ချက်နဲ့ ကာယကံ၊ ဝစီကံ၊ မနောကံ၊ ကံသုံးပါးလက်တွေ့ပယောဂနဲ့ ဘာကြောင့် ထုဆစ်ခဲ့ရတာလဲ၊ ဆန်းစစ်ကြည့်ကြစို့။ ပျားတစ်စက်နဲ့ ပြည်ပျက်အောင်၊ ဆင်ကြံကြံသူတွေဟာ ဘယ်သူတွေလဲ။
    ၁၁။     စနေမောင်မောင် ၁၉၆၄ ခုနှစ်ထဲမှာ လမ်းစဉ်ပါတီထုတ် နိုင်ငံတကါရေးရာဂျာနယ်မှာ ဖတ်ခဲ့ရဘူးတယ်၊ မြန်မာနိုင်ငံ တိုင်းရင်းသားပေါင်းစုံထဲမှာ လူဦးရေ အများဆုံးက ရှမ်းလူမျိုးတဲ့၊ အဲ့ဒီလူဦးရေ သန်းနှစ်ဆယ်ကာလက (ရှမ်း) တိုင်ရင်းသား သုံးသန်းရှိပြီး၊ လူဦးရေအနည်ဆုံးက ကရင်နီ(ကယား) လူမျိုး။ ဒီတုံးက လူဦးရေကိုးထောင်တဲ့။ အဲ့ဒီတုန်းက မြန်မာမွတ်စလင် ၆ ဒသမ ၅ သန်းရှိသတဲ့။ လင်ယူသားမွေးထွန်ကားတဲ့ လောကမှာ ကိုယ်စီ လူဦးရေပေါက်ကွဲပြန့်ပွားများပြားလာလိုက်တာများ (အမျိုးပျောက်မှာ စိုးကြောက်ပါ) စာအုပ်ကို မင်းရဲနန္ဒကျော်ခေါင်၊ ကလောင်ပုန်းက နှစ်သန်း ရိုက်နှိပ်ပြီး အခမဲ့ ရဟန်းရှင်လူကို အလှူလှူခဲ့တယ်။ နိုင်ငံသား အားလုံးထဲမှာ မွတ်စလင်တွေကို ပစ်မှတ်ထားနှိပ်ကွပ်လာခဲ့တယ်။ ပညာရှိနှိပ်စက်နည်းနဲ့ နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေးတွေကို အာဏာနဲ့ အနိုင်ကျင့်ပြီး နိုင်ငံသားချင်း လူမျိုးရေးမုန်းတီးမှုမျိုးစေ့ ပျိုးခဲ့တယ်။
    မင်းရဲနန္ဒကျော်ခေါင် နာဇီဟာ ငြိမ်းချမ်းစွာ အတူယဉ်တွဲနေထိုင်ပြီး မြန်မာမင်းများလက်ထက်က သစ္စာရှိ နာခံတော်ကောင်းများအဖြစ် နေထိုင်လာတဲ့ မွတ်စလင်တွေကို တစ်ဖက်သတ် စွဲချက်တင်ပြီး မလိုမုန်းထားစိတ်နဲ့ (လူမြိုမှ လူမျိုးပြုတ်တယ်) မှိုင်းသွင်းခဲ့တယ်။ အရပ်ဆယ်မျက်နှာကို မေတ္တာပို့သံ ဓမ္မတေး လွှမ်းတဲ့မြန်မာပြည်မှာ မကြံစည်အပ်တဲ့ လူမျိုးရေး ပဋိပက္ခကို စနစ်တကျ လျှို့ဝှက်ကြံစည်ပြီး မျိုးစေ့တွေ ပျိုးလာခဲ့တယ်။ ထေရဗုဒ္ဓဝါဒီ၊ သီလဝိသုဒ္ဓိဖြစ်တဲ့ သံဃာတော်အရှင်သူမြတ်တွေက အာဏာရှင်တွေ အလိုကျ မကခဲ့ဘူး၊ သူတို့ရဲ့ အဓမ္မဝါဒကို ဓမ္မကရပ်တည်ပြီး၊ သတ္တဝါခပ်သိမ်း ငြိမ်းချမ်းရေးကိုပဲ ဆောင်ရွက်တော်မူခဲ့ကြတယ်။
    နေရာတကာမှာ အနိုင်ပိုင်းပြီး လူမျိုးကြီးဝါဒတည်ထောင်ရေး လျှို့ဝှက်လုပ်ရှားဆောင်ရွက်တဲ့ အာဏာရှင် အုပ်ချုပ်သူတွေရဲ့ နှစ်ငါးဆယ်ရွှေရတုလွန်ကာလမှာ သတ်သတ်မှတ်မှတ် အဓိကပစ်မှတ်ထားပြီး နှိပ်ကွပ်ခံနေရတဲ့ မွတ်စလင်တွေဟာ အကျယ်ချုပ်နဲ့ နေထိုင်ကြီးပြင်းလာနေရတယ်။ ပညာရေး၊ စီးပွားရေး၊ အလုပ်အကိုင်၊ ရာထူး ဘက်စုံက ဖိနှိပ်ခွဲခြားခံရတယ်။ ဒါပေမယ့် လူမှုရေး၊ စီးပွားရေး၊ အနုပညာနဲ့ အားကစားစတဲ့ ကဏ္ဋစုံမှာ နိုင်ငံဂုဏ်ဆောင် အောင်ပွဲရအောင် မွတ်စလင်တွေလဲ တတပ်တအား အမှန်တကယ် ကြိုးစားခဲ့တာ သမိုင်းသက်သေ ရှိပါတယ်။
    အခုလို ကောလဟာလ သတင်းလိမ်တွေနဲ့ ဒီခေတ်မှာလုပ်ကြံချင်လို့ မလွယ်တော့ပါဘူး။ ကမ္ဘာ့ရွာမှာ [IT] မျက်လုံး၊ နားတွေနဲ့ပါ။ အစစ်အမှန်တရားအရ ပြောရရင် မြန်မာနိုင်ငံမှာ မြန်မာ (ဗမာ) လူမျိုးပြီးရင် မွတ်စလင်ဟာ ဒုတိယလူဦးရေအများဆုံးပါ။ ကချင်၊ ရှမ်း၊ ချင်း၊ ကရင်၊ မွန်၊ ရခိုင်၊ ကယား စတာတွေထက် မြို့တိုင်းရွာတိုင်းမှာ ရှေးအစဉ်အဆက်နေထိုင်တွေ့ရှိနိုင်တာက အသေအခြာ မွတ်စလင်ပါ။ ကရင်မရှိတဲ့ အရပ်၊ ရှမ်းမရှိတဲ့အရပ်၊ ကချင်မရှိတဲ့အရပ်တွေ ရှိချင်ရှိမယ်။ မွတ်စလင် မရှိတဲ့အရပ်ဆိုတာ တွေ့ရဖို့ ရှားပါတယ်။
    ၂၀၀၈ ဖွဲ့စည်းပုံမှာ တစ်စုတစည်းထဲ သတ်မှတ်လူဦးရေရှိရင် လူနည်းစုလွှတ်တော် ကိုယ်စားလှယ် ၁ ယောက်နှုန်း သတ်မှတ်ချက်ရှိပေမယ့် သမိုင်းသက်သေတည် မွတ်စလင်များတဲ့ ရန်ကုန်မြို့က မွတ်စလင် လူနည်းစု လွှတ်တော်ကိုယ်စားလှယ် ဒီနေ့လွှတ်တော်ထဲမှာ ရှိနေလို့လား။ မရှိပါဘူး၊ မပါအောင်လည်း အဲ့ဒီကျတော့  မွတ်စလင်က မြန်မာမို့ပါတဲ့။ နားလှည့်ပါးရိုက် ပြန်ပါလေရော။ ဒါဆို ဗမာတိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တိုင်း မွတ်စလင်တွေကို ကိုယ်စားပြုတာ မမေ့ဖို့ လိုပါတယ်။
    *၂၀၁၄ မှာ မြန်မာနိုင်ငံလူဦးရေ သန်းခေါင်စာရင်းကောက်ကြမယ်။ နိုင်ငံတကာက တက်သစ်စ ဒီမိုကရေစီမြန်မာနိုင်ငံတော်သစ်ကို နည်းပညာရော ငွေကြေးရော ဝိုင်းကူညီမယ်။ ကိုယ်တိုင်ပူးပေါင်း ကူညီမယ်။ စနစ်တကျ ဘိုင်အိုဂရဖ်ဖီတွေနဲ့ မှတ်တမ်းတင်မယ်။ အရှိကို အရှိအတိုင်း တန်ဘိုးထားမှတ်သားမယ်။ ဒါဆို မွတ်စလင်ဟာ တိုင်ရင်းသားတွေထဲမှာ လူဦးရေ အများဆုံး ပေါ်တင်ကြီးဖြစ်တော့မယ်။ ဒါကိုအစိုးရိမ်လွန်ပြီး လူမျိုးကြီးဝါဒီ အစွန်းရောက်တွေက လူမျိုးရေး ပဋိပက္ခ ပွဲတိုက်ကြတာပဲ။
    ကမ္ဘာမှာ၊ မြန်မာပြည်မှာ တိုင်းရင်းသားမျိုးနွယ် မူလ (၁၄၅ မျိုး)၊ နောက်ပြောင်း (၁၃၅ မျိုး)ထဲမှာ ဗမာလူမျိုးပြီးရင် ဒုတိယ လူဦးရေအများဆုံးက ဦးပိန် (တံတား)၊ ဦးရာဇတ်၊ ဦးရာရှစ်၊ ဦးခင်မောင်လတ်၊ ဆရာချယ်၊ ဗိုလ်မှူးဘရှင်၊ ဝတ်လုံဦးဖေခင်၊ ဝမ်းအိုဝမ်းဦးကျော်ဝင်းမောင် တို့လိုလူမျိုးတွေဆိုတာ သမိုင်းမှန်ကို ဘယ်လိုမှ ဖျောက်ဖျက်လို့ မပျောက်နိုင်တာကို စိုးရိမ်လို့၊ ဒါပေါ်တော့မှာ စိုးရိမ်လို့ ရခိုင်အရေးအခင်းနဲ့ ဆင်ကြံကြံ ဝိတ်လျှော့တာမျိုးပါ။
    မြန်မာနိုင်ငံသားအားလုံး သတိထားကြဖို့လိုတယ်။ ပြည်တွင်းငြိမ်းချမ်းရေး၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး၊ နိုင်ငံသားတိုင်း နိုင်ငံသားကောင်းပီသရေး၊ နိုင်ငံနဲ့ လူမျိုးအပေါ် သစ္စာစောင့်သိ ကာကွယ်ရေး၊ အသိ၊ သတိ အလေးအနက် ထားရှိကြပါစို့လို့ တိုက်တွန်းနှိုးဆော်လျက်။ ။
    (မြန်မာပြည်ကြီး ငြိမ်ချမ်းသားယာရေးနဲ့ ဒို့တာဝန်အရေးသုံးပါး အားလုံးလေးစားပြီး၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေး၊ ဝိုင်းဝန်းကြိုးစားပေး)
    စနေမောင်မောင် (ဘားမား)
  • မမေးလည်းဖြေ(၁၃)- ရိက္ခာအတွက် တိရိစ္ဆာန်ကို သတ်တာ ရက်စက်ကြမ်းကြုတ်တာလား?
    မမေးလည်းဖြေ(၁၃)- ရိက္ခာအတွက် တိရိစ္ဆာန်ကို သတ်တာ ရက်စက်ကြမ်းကြုတ်တာလား?
    အောက်တိုဘာ၊ ၁၂ ၊ ၂၀၁၂
    M-Media
    ဒေါက်တာဇာကိရ်နိုက်(ခ်)
    အမေး (မေးသူမှာ ဟိန္ဒူဘာသာဝင် တစ်ဦးဖြစ်သည်။)
    တိရိစ္ဆာန်တစ်ကောင်ကို သတ်ဖြတ်တာဟာ ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူပဲ။ မွတ်စလင်တွေက ဘာကြောင့် အသားကိုမှ စားကြရတာလဲ။
    အဖြေ
    သက်သတ်လွတ် စားတဲ့ဝါဒက ကမ္ဘာမှာ အခုတလော ခေတ်ထနေတယ်။ အတော်များများက ဒါကို တိရိစ္ဆာန်တွေရဲ့ အခွင့်အ ရေးဆိုတာနဲ့ပဲ ချိတ်ဆက်ပြီး ဆိုနေကြတယ်။ တကယ်ဆိုရင် လူအတော် များများကပဲ အသားငါး စားသုံးမှုကို တိရိစ္ဆာန်တွေရဲ့ အခွင့်အရေးကို ချိုးဖောက်တာပဲလို့လဲ ပြောနေကြပါတယ်။
    အစ္စလာမ်က သတ္တဝါ ခပ်သိမ်းကို သနားကရုဏာထားကြဖို့ ဆိုထားပါတယ်။ တစ်ချိန်တည်းမှာပဲ အလ္လာဟ်က အံ့ဩဖွယ်ရာ သစ်ပင် ပန်းမာလ်တွေ သတ္တဝါတွေကို လူသားရဲ့အကျိုးအတွက် ဖန်ဆင်းပေးထား တော်မူတယ်။ လူသားဘက်ကတော့ ဒီကမ္ဘာရဲ့ အရင်းအမြစ်တိုင်းကို တရားနည်းလမ်းတကျ အလ္လာဟ်ဘက်က ပေးလာတဲ့ နေအ်မသ် ကောင်းချီး ချမ်းသာနဲ့ အမာနသ် ယုံပုံမှုအဖြစ် သုံးစွဲကြရမယ်လို့ပါ တိုက်တွန်းထားတယ်။
    ဒီစောဒကနဲ့ ပတ်သက်လို့ တခြားအချက် ရှုထောင့်အစုံစုံကို ရှုကြည့်ကြပါစို့။
    ၁။ မွတ်စလင်တစ်ဦးသည် သက်သတ်လွတ် ဝါဒီသက်သက် ဖြစ်နိုင်သည်
    မွတ်စလင်တစ်ဦးဟာ သက်သတ်လွတ် စားသူအဖြစ်နဲ့လဲ မွတ်စလမ်င်စစ်စစ်တစ်ဦး ဖြစ်နိုင်တာပါပဲ။ မွတ်စလင်တစ်ဦးကို အသားကိုပဲ မှီဝဲကြရမယ်ဆိုပြီး မလုပ်မနေရ မပညတ်ထားပါဘူး။
    ၂။ ကုရ်အာန်က မွတ်စလင်များအား သားငါးစား သုံးခွင့်ကိုလဲ ပြုထားပါသည်။
    ဘာပဲဖြစ်ဖြစ် ကုရ်အာန်ကလဲ မွတ်စလင်တို့ကို အသားငါး စားသုံးခွင့်ကို ပေးထားပါတယ်။ ဒီအချက်ကို အောက်ပါ ကုရ်အာန် အာယတ်က သက်သေထူပြနေပါတယ်။
    “အို…ယုံကြည်သူတို့၊ တာဝန်ခပ်သိမ်းကို ကျေပွန်ကြ၊ အသင်တို့ (အစားအစာ) အတွက် ခြေလေးချောင်း သတ္တဝါတို့အား အမည် နာမနှင့် ချွင်းချက်ပေး ခွင့်ပြုထား တော်မူသတည်း။” [ အလ် ကုရ်အာန်  ၅း ၁ ]
    “သင်တို့ (လူသားများ) အတွက် ငါအရှင်က ကျွဲနွား တိရိစ္ဆာန်များကို ဖန်ဆင်းထား တော်မူသည်။ ယင်းတို့မှ အနွေးဓါတ် ရသည်။ များစွာသော အကျိုးတရားများကို ရရှိစေမည်။ လူသားတို့ စားသုံးစရာ အသားကို ရစေသည်။” [ အလ် ကုရ်အာန်   ၁၆း ၅ ]
    “အသင်တို့အဖို့ ခြေလေးချောင်း သတ္တဝါတို့တွင် စဉ်းစား ဆင်ခြင် သုံးသပ်ရန် အချက်သည် အမှန်ပင် ရှိချေသည်။ သူတို့၏ ခန္ဓာအတွင်းတွင် သင်တို့သောက်သုံးရန် နို့ကို ထုတ်ပေးစေ၏။ ထို့အပြင်  အသင်တို့အဖို့  ၄င်းတို့တွင်အကျိုးပြုချက် အများအပြား ရှိနေသေးသည်။ ထို့ပြင်တဝ အသင်တို့သည် ၄င်းတို့အနက်မှအသားကို စားသုံးရသည်။” [ အလ် ကုရ်အာန်  ၂၃း ၂၁ ]
    ၃။ အသားဓါတ်သည် အာဟာရ ပြည့်ဝပြီး ပရိုတိန်းကြွယ်ဝလှသည်
    အသားငါး အစားအစာဟာ အထူးပင် ပရိုတိန်းဓါတ်ကို ရရှိစေရာ အရင်းခံကောင်းတစ်ခု ဖြစ်တယ်။ ဇီဝဗေဒအရ ပြည့်စုံလှတဲ့ ပရိုတိန်းတွေ ပါရှိတယ်။ ဆိုလိုတာက ခန္ဓာကိုယ်က မထုတ်လုပ်နိုင်တဲ့ အစားအစာက တစ်ဆင့်သာ ရနိုင်တဲ့ အမိုင်နိုအက်ဆစ် ရှစ်မျိုးစလုံး အသားမှာ ပါနေတယ်။ အသားမှာ သံဓါတ်၊ ဗီတာမင် ဘီ နှင့် နိုင်ယာဆင် တို့လည်း ပါသေးတယ်။
    ၄။ လူတွင် အစုံစား သတ္တဝါ၏ သွားပုံစံ ရှိသည်
    နွား၊ ဆိတ်၊ သိုးတို့လိုမျိုး အသီးအရွက်စား တိရိစ္ဆာန်တို့ရဲ့ သွားကို လေ့လာကြည့်ရင် အားလုံးမှာ ထူးထူးဆန်းဆန်း တူညီနေတဲ့ အချက် တစ်ချက်ကို တွေ့ရမယ်။ ဒီ တိရိစ္ဆာန်အားလုံးမှာပဲ ပြားနေတဲ့ သွားတွေရှိမယ်။ တစ်နည်းပြောရရင် ဟင်းသီးဟင်းရွက်ပါတဲ့ အစာ အာဟာရနဲ့ သင့်တော်တဲ့ပုံစံပေါ့။ ခြင်္သေ့၊ ကျား၊ ကျားသစ်တို့လို အသားစား သားရဲတိရိစ္ဆာန်တွေရဲ့ သွားတွေကို လေ့လာကြည့်ရင် သူတို့မှာက ချွန်ထက်တဲ့ သွားတွေကိုယ်စီပါကြတယ်။ အသားဖြစ်တဲ့ အစာအာဟာရနဲ့ သင့်တော်အောင်ပေါ့ဗျာ။ လူရဲ့သွားတွေကို ဆန်းစစ် လေ့လာကြည့်မယ်ဆိုရင်တော့ ပြားတဲ့သွားလဲပါသလို ချွန်တဲ့သွားလဲ ပါနေတာကို တွေ့ကြရမယ်။ အနန္တတန်ခိုးတော်ရှင် အလ္လာဟ်က လူသားတွေကို ဟင်းသီးဟင်းရွက်တွေကိုသာ စားစေလိုတော်မူရင် ဘာကြောင့် အရှင်က လူတွေမှာ ချွန်ထက်တဲ့ သွားတွေကို ဖန်ဆင်းပေးထား ရတာတုံး ဆိုပြီး မေးခွန်းထုတ် ကြည့်နိုင်ပါမယ်။ ဟင်းသီးဟင်းရွက်ရော အသားရော နှစ်မျိုးစလုံး လူတို့ကို စားစေချင်လို့ လိုအပ်လို့ ရည်မျှော်ပြီး ဖန်ဆင်းပေးထားတော်မူတယ် ဆိုတဲ့အချက်က ကြောင်းကျိုးလဲကျ ယုတ္တိလဲတန်နေပါတယ်။
    ၅။ လူသည် ဟင်းသီးဟင်းရွက်နှင့် အသား နှစ်မျိုးစလုံးကို အစာချေ ဖျက်နိုင်သည်
    ဟင်းသီးဟင်းရွက်စား သတ္တဝါများရဲ့ အစာချေ စနစ်က ဟင်း သီးဟင်းရွက်များကိုသာ အစာချေဖျက်နိုင်တာပါ။ အသားစား သတ္တဝါများ ရဲ့ အစာချေစနစ်ကလည်း အသားကိုသာ အစာချေဖျက်နိုင်ပါတယ်။ ဒါပေမဲ့ လူရဲ့ အစာ ချေဖျက်စနစ်ကကျတော့ ဟင်းသီးဟင်းရွက်ကိုရော အသားငါးကိုပါ အစာချေဖျက်နိုင်ပါတယ်။ အနန္တတန်ခိုးတော်ရှင် အလ္လာဟ်အနေနဲ့ ဟင်းသီးဟင်းရွက်ကိုသာ စားစေချင်တာဆိုရင် အရှင်က ကျွန်ုပ်တို့ကို ဟင်းသီးဟင်းရွက်ကိုရော သားငါးကိုပါ အစာချေ စေနိုင်တဲ့ အစာချေစနစ်ကို ဘာကြောင့် ချီးမြှင့်ထားရတာလဲ။
    ၆။ ဟိန္ဒူ ကျမ်းစာများမှာ အသားစားခွင့် ပေးထား
    (က) သက်သတ်လွတ်မှ သက်သတ်လွတ် သက်သက်စားတဲ့ ဟိန္ဒူ တော်တော်များများ ရှိတယ်။ အသားငါး စားတာဟာ ဘာသာတရားကို ဆန့်ကျင်ရာရောက်တယ်လို့ သူတို့က ထင်ကြတယ်။ ဟိန္ဒူကျမ်းစာများက လူကို အသားငါး စားခွင့်ပေးထားတယ်ဆိုတဲ့ အချက်က အမှန်ပါပဲ။ ကျမ်းစာတွေထဲမှာ ဟိန္ဒူပညာရှိကြီးများနဲ့ သူတော်စင်ကြီးတွေက အသား ငါး စားတယ်လို့ ဖော်ပြထားပါတယ်။
    (ခ) ဟိန္ဒူတို့ရဲ့ ဥပဒေကျမ်းဖြစ်တဲ့ မနု ဆွမရုတိ အခန်း ၅၊ ပါဒ ၃၀မှာ “စားထိုက်ရာ အသားကို စားသုံးသူသည် နေ့စဉ် ရက်ဆက်ပဲ စားစား၊ ဘာမှ မကောင်း မဖြစ်၊ အကြောင်းကား ထာဝရအရှင် ကိုယ်တော်တိုင်က တချို့ကို အစားခံဖို့နဲ့ တချို့ကို စားသုံးသူ အဖြစ်နဲ့ ဖန်ဆင်းထားတော်မူ တာကြောင့်ပါပဲ။”
    (ဂ) မနူ ဆွမရုတီကျမ်းရဲ့ အခန်း ၅၊ ပါဒ ၃၁ မှာလဲ ဒီလို ဆိုထားပါသေး တယ်။ ယာဇ်ပူဇော်မှု အတွက် အသားကို စားသုံးခြင်းကား မှန်ကန်၏။ ဤသည်ကို ရိုးရာအရ နတ်ဘုရားတို့၏ စည်းမျဉ်းတစ်ရပ် အဖြစ် သိထားကြ၏။
    (ဃ) မနု ဆွမရုတီ အခန်း ၅၊ ပါဒ ၃၉ နဲ့ ၄၀ မှာ ဆိုထားသေးတာက “ထာဝရ”အရှင် ကိုယ်တော်တိုင်က ယာဇ်ပူဇော်ရန် အတွက် ယာဇ်ပူဇော် ရသည့် တိရိစ္ဆာန်များကို ဖန်ဆင်းထားတော်မူ၏။ . . .”ဤအတွက် ကြောင့် ယာဇ်ကောင်ကို သတ်ခြင်းကား သားကောင်ကို သတ်သည် မမည်ချေ”တဲ့။
    (င) မဟာဘာရတ္တ အနုသျှသျှံ ပရဝါ အခန်း ၈၈ မှာ ဒရ်မာရာဂ်ျ ယုဒိရှ် သီရနဲ့ ပီတာမဟ် ဗိရှ်မားတို့အကြား ဘာ အစားအစာကို ရရဒဟ် (အသုဘ အခမ်းအနား) မှာ ပီထရီစ်(ဘိုးဘေးများ)အတွက် ရည်စူးပြီး ကျွေးသင့်ကြောင်း ဆွေးနွေးချက်ကို အသေးစိတ် ဖော်ပြထားပါတယ်။ စာပိုဒ်က ဒီလိုဆိုထားပါတယ်။
    ယုဒိရှ် သီရ ကဆိုသည်။
    “အို . . . ငါ့စကားကို နားထောင် လော့၊ သေသူတို့အတွက် ရည်စူးပြီး အဘယ် အရာကို အလှူပြုပါသော် အကျိုးကုသိုလ် မကုန်မခမ်းရာ ဖြစ်အံ့။ တစ်ဖန် အဘယ်အရာ ဟာဗီ(စ) နှင့် ပသခဲ့ပါသော် အမြဲ ထာဝရ ကုသိုလ်အကျိုး တည်တံ့အံ့ရာနည်း။ အမှန်တွင် အဘယ်အရာနှင့် ပူဇော်ပါက ရေရှည် တည်အံ့ရာနည်း။”
    ဘိရှ်မားက ဆိုသည်။ “အို . . . ယုဒိရှ်သိရာ၊ ငါ့စကားကို နားဆင်လေ။ ထိုထို သူက ပွမ်းတီးထားရာ ဟာဗီ(စ)တို့သည်သာလျှင် သေသူကို ရည်စူး၍ ပြုသည့် အလှူတော် (ရှရဒဟ်)အဖို့ အကောင်းဆုံး ဖြစ်၏။ ဆိုင်ရာဆိုင်ရာ သစ်သီးဝလံတို့ကိုလည်း တွဲဖက် ပါဝင်စေသော် ပိုပြီး သင့်ရာ၏။ အကယ်၍ နှမ်း၊ ဆန်၊ မုယော၊ မာရှာ၊ ရေနှင့် သစ်မြစ် သစ်သီးများနှင့် သေသူအဖို့ ရည်စူးပြီး ဆက်ကပ်လှူဒါန်းသည် ရှိသော် သေသူတို့က တစ်လထိ ပီတိ ဘဝင်ရွှင်ပြီး ရှိအံ့။” အို . . . မင်းကြီး၊ ငါးသားကို တည်းခင်းကျွေးမွေးခဲ့ပါသော် သေသူတို့က နှစ်လတာ ရွှင်ကြည်နေအံ့။ သိုးသားနှင့် တည်ခင်းသော် သုံးလ၊ ယုန်သားဆိုက လေးလ၊ ဆိတ်သားဆိုပါက ငါးလ၊ ဝက်သားနှင့်ဆိုက ခြောက်လ၊ ငှက်သားဆိုသော် ခုနှစ်လထိ ကျေးဇူးတင်ရှိနေအံ့။ ပရိရှ်တာဟုခေါ်သော  သမင်၊ ဒရယ်၊ ချေတို့မှရသည့် အသားနှင့် အလှူပြုသော် တမလွန်မှာ ရောက်နေသူတို့ကို ရှစ်လအထိ ကျေးဇူးဆပ်ရာ ရောက်အံ့။ ရူရုအသားနှင့် လှူသော် ကိုးလထိ ကျေးဇူးဆပ်ရာ ရောက်အံ့။ ဂူဗာရား အသားနှင့် လှူဒါန်းကျွေးမွေးခဲ့သော် ဆယ်လတာ ရွှင်မြူးပြီးရှိအံ့။ ကျွဲသားနှင့်ဆိုပါက ဆယ့်တစ်လတာအထိ သူတို့က ဝမ်းမြောက် ရွှင်မြူးနေကြချေအံ့။ အမဲသားနှင့်အလှူပြုသော် ဆယ့်နှစ်လ တစ်နှစ်လုံးအထိ ရွှင်မြူးဝမ်းသာ နေကြအံ့။ ထောပတ်နှင့် ပယာဆာတို့ကို ရောပြီးလှူသော် အမဲသားကဲ့သို့ပင် တစ်နှစ်လုံး ဝမ်းမြောက် ကြည်နူးစွာ နှင့် ရှိနေချေအံ့။
    ဧရာမ နွားသိုးကြီး အသား (ဝဒရီနဆာ)ဖြင့် လှူဒါန်း ကျွေးမွေးခဲ့ပါသော် နှစ်နှစ်တာအထိ ရွှင်မြူးနေချေအံ့။ ကြံ့သားဖြင့်သူတို့သေဆုံးရာ လပြက္ခဒိန် ရက်နေ့များမှာ ရည်စူးလှူဒါန်းခဲ့ပါသော် အတောမသတ်နိုင်အောင် ရွှင်မြူးနေကြချေအံ့။ ကန်ချာနာပန်း၏ ပွင့်ဖတ် ပွင့်ချပ်များ၊ ကလပ်စကာနှင့် အနီရောင်အဆင်းရှိ ဆိတ်၏ အသားဖြင့် ရည်စူး ဆက်သခဲ့လျှင်လည်း အလားတူပင် အတောမသတ်နိုင်အောင် ရှိအံ့တည်း။
    အသင်တို့၏ ဘိုးဘေးများက ထာဝရ ကျေနပ်မဆုံး ရှိနေစေလို ဘိမူ နီထွေးသော ဆိတ်၏ အသားဖြင့် တည်ခင်းကျွေးမွေးခြင်းမှာ အလျော်ကန်ဆုံးပင် ဖြစ်ချေသတည်းတဲ့။
    ၇။ တခြားဘာသာတရားများ၏ ဩဇာလွှမ်းမိုးမှုခံရသော ဟိန္ဒဝါဒ
    ဟိန္ဒူကျမ်းစာများထဲမှာ နောက်လိုက်တွေကို အသား ငါးစားဖို့ ခွင့်ပြုထားခဲ့ပေမဲ့ များစွာသောဟိန္ဒူတွေက သက်သတ်လွတ် ဟင်းသီးဟင်း ရွက်ကိုပဲ စားသုံးနေကြတယ်။ ဘာကြောင့်လဲဆိုတော့ ဂျိမ်းဝါဒလို တခြား ဘာသာတရားတွေရဲ့ ဩဇာလွှမ်းမိုးမှုကို ခံသွားရလို့ပဲ ဖြစ်တယ်။
    ၈။ အပင်များမှာလည်း အသက် ရှိသည်
    တချို့ဘာသာတရားတွေက အစားအသောက် စည်းမျဉ်းအဖြစ် သက်သတ်လွတ် ဟင်းသီးဟင်းရွက်သက်သက်ကိုပဲ လိုက်နာခဲ့ကြတယ်။ သက်ရှိတိရိစ္ဆာန်တွေကို သတ်ဖြတ်ခြင်းကို လုံးဝဆန့်ကျင်ခဲ့ကြတယ်။ သက်ရှိ တိရိစ္ဆာန်တစ်မျိုးမျိုးကို လုံးဝသတ်ဖြတ်ခြင်းမရှိဘဲနဲ့ လူတစ်ဦးဟာ အသက် ရှင်ရပ်တည်နိုင်တယ်ဆိုရင် ကျုပ်က ဒီလို ဘဝပုံစံကို ပထမဆုံး လက်ခံသူ ဖြစ်လိမ့်မှာပါ။ အတိတ်တုံးက လူတွေဟာ အပင်တွေကို သက်မဲ့များဆိုပြီး ထင်ခဲ့ကြတယ်။ ဒီနေ့ဆို အပင်တွေမှာလဲ အသက်ရှိတာကို ကမ္ဘာ့နိယာမအဖြစ် အားလုံးက လက်ခံထားကြပြီ။ ဒီအတွက် ကြောင့် သက်သတ်လွတ်စားမှု စစ်စစ်ဖြစ်ရင်လဲပဲ သက်ရှိသတ္တဝါတွေကို မသတ်ကြေးဆိုတဲ့ သူတို့ရဲ့ အကြောင်းပြချက်ကို ရေရာမှု မရှိစေနိုင်တော့ ပါဘူး။
    ၉။ အပင်များသည်လည်း နာကျင်မှုကို ခံစားနိုင်
    အပင်တွေကတော့ နာကျင်မှုကို မခံစားနိုင်ရယ်လို့ သူတို့က ရှေ့ဆက်ပြီး ဒီတော့ စောဒကတက်ခဲ့ကြတယ်။ ဒါကြောင့် အပင်တစ်ပင် ကို သတ်တာက တိရိစ္ဆာန် တစ်ကောင်ကို သတ်တာထက်စာရင် ဘာမှ မပြောပလောက်ဖူးဆိုပြီး အကြောင်းပြကြတယ်။ အပင်တွေကလည်း နာကျင်မှုကို ခံစားတတ်တယ်လို့ ဒီနေ့ သိပ္ပံက ပြောလာပါပြီ။ အပင် တွေရဲ့ ငိုညည်းသံကို လူတွေကတော့ မကြားနိုင်ပါဘူး။ ဒါကလဲ လူရဲ့ နားက ကြား နိုင်မဲ့နှုန်း ၂၀ ဟတ်ဇ်ကနေ ၂၀ဝ၀ဝ ဟတ်ဇ်ကြားမှာမရှိရင် အသံကို ကြားနိုင်ရည် မရှိပါဘူး။ ဒီနှုန်းထားထက် နိမ့်ရင်ပဲဖြစ်ဖြစ် မြင့်ရင်ပဲ ဖြစ်ဖြစ် လူရဲ့နားက မကြားနိုင်ပါဘူး။ ခွေးတစ်ကောင်က ၄၀ဝ၀ဝ ဟတ်ဇ် အထိ ကြားနိုင်ပါတယ်။ ဒီဝီစိသံတွေကို ခွေးတွေပဲ ကြားနိုင်ပါတယ်။ လူက မကြားနိုင်ပါဘူး။ ခွေးက သူ့သခင်ထံကလာတဲ့ ဝီစိသံကို ကြားနိုင်တယ်။ အမေရိကပြည်ထောင်စုက လယ်သမားတစ်ဦး က အပင်တွေရဲ့ ငိုညဉ်းသံကို လူကပါကြားနိုင်တဲ့ ကိရိယာတစ်ခုကို တီထွင်ပြီး လေ့လာ သုတေသနပြုခဲ့တယ်။ အပင်က ရေကို ငိုတောင်း လာတာကို သူ ချက်ချင်းပဲ သိခဲ့ရတယ်။ နောက်ဆုံး သုတေသန ပြုချက်များအရ အပင်တွေကလဲ ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုတို့ကိုတောင် ခံစားနိုင်တာကို ပြသခဲ့တယ်။ အပင်တွေက ငိုလည်း ငိုကြွေးနိုင်တယ်တဲ့။
    ၁၀။ အာရုံနှစ်ပါး လျော့နည်းနေတဲ့ သက်ရှိတစ်ခုကို သတ်ဖြတ်ခြင်းက အသေးအမွှား ရာဇဝတ်မှု မဟုတ်ပါဘူး။
    တစ်ခါတုံးက သက်သတ်လွတ် စားတဲ့သူတစ်ဦးက တိရိစ္ဆာန် တွေမှာ အာရုံငါးပါးရှိပေမဲ့ အပင်တွေမှာက အာရုံနှစ်ခု သို့မဟုတ် သုံးခု ပဲ ရှိတယ်လို့ ပြောဆိုစောဒကတက်ခဲ့ဖူးပါတယ်။ ဒါကြောင့်မို့ အပင် တစ်ပင်ကို သတ်ခြင်းက တိရိစ္ဆာန်တစ်ကောင်ကို သတ်ဖြတ်တာလောက် အပြစ် မများပါဘူး။ အများကြီး နည်းတယ်တဲ့။ ဒါက သူ့ဆင်ခြေလေ။ကဲ ဒါဆို ခင်ဗျားရဲ့ ညီလေးကို တခြား လူတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ဆွံအလဲ ဆွံ့အတယ်၊ နားကလဲ မကြားဘူးဆိုပါစို့။ သူ အရွယ်ရာက်လာချိန်မှာ တစ်ဦးဦးက သူ့ကို သတ်ခဲ့တယ် ဆိုပါစို့။ အသင့်ကိုပဲ တရားသူကြီး လုပ်ပြီး ဒီအမှုကို တရားစီရင်ပါ။ ခင်ဗျားရဲ့ ညီ လေးက အာရုံနှစ်ပါး ချို့ယွင်းနေလို့ လူသတ်သမားကိုတော့ အပြစ်ကို လျှော့လျှော့ပေါ့ပေါ့ စီရင်ပါလို့ အရေး ဆိုလာတယ် ဆိုပါစို့။ ခင်ဗျားက ဒေါသတကြီးနဲ့ ဆွံ့အနားထိုင်း နေတဲ့ ဒုက္ခိတ အပြစ်မဲ့သူကိုမှ သတ်ရက်တဲ့ ကောင်မျိုးကို ဘာကြောင့် ကျုပ်က လျှော့လျှော့ပေါ့ပေါ့ ပြစ်ဒဏ်ချရမှာတုံး။ ကြီးလေးတဲ့ အပြစ်သာ ပေးရမှာပေါ့ဆိုပြီး ထအော်မှာ ကျိန်းသေပဲ။
    အမှန်တကယ်ပဲ ကုရ်အာန်က အခုလို ဆိုထားပါတယ်။
    “အို .. လူသားတို့၊ မြေကမ္ဘာဝယ် ရှိရှိသမျှသော အရာများ အနက် သန့်စင် ကောင်းမွန်သော အရာတို့ကို စားသုံးကြတဲ့။” [ကုရ်အာန်   ၂း ၁၆၈]
    ၁၁။ ကျွဲနွား ဦးရေက အတိုင်းထက် အလွန် တိုးပွားနေ
    တကယ်လို့ လူတိုင်းလူတိုင်းကသာ သက်သတ်လွတ်စား သမား တွေ ဖြစ်နေမယ်ဆိုရင် သူတို့တွေရဲ့ မျိုးပွားနှုန်းနဲ့ ပွားများနှုန်းက အင်မတန် မြန်လွန်းတာကြောင့် ကမ္ဘာမှာ ကျွဲနွား တိရစ္ဆာန်ဦးရေဟာ အဆမန် ပေါက်ကွဲနေပါမယ်။ အလ္လာဟ်ရှင်က အရှင့်ရဲ့အနန္တ ဥာဏ်တော်ကြောင့် အရှင့်ရဲ့ ဖန်ဆင်းမှုချိန်ခွင်လျှာကို အချိုးကျကျ ဘယ်ပုံတည်နေရမယ် ဆိုတာကို သိတော်မူတယ်။ ဒါကြောင့် ကျွဲနွား သိုးဆိတ်စတဲ့ တိရိစ္ဆာန်တွေရဲ့ အသားကို အရှင်က ကျွန်ုပ်တို့ကို စားသုံး ခွင့်ပြုထားတာဟာ အံ့ဩစရာ မရှိပါဘူး။
    ၁၂။ အားလုံးက သက်သတ်လွတ်သမား မဟုတ်တဲ့အတွက်ကြောင့် အသားရဲ့  တန်ဖိုးကလဲ သင့်သင့်မျှမျှ ရှိနေရပါတယ်။
    လူတချို့က သက်သတ်လွတ်သမားတွေ ဖြစ်နေတာကို ကျွန်ုပ် က အမှု မထားပါဘူး။ ဘာပဲဖြစ်ဖြစ်ပေါ့ သူတို့ဘက်က သားငါး စားတဲ့သူ တွေကို ရိုင်းစိုင်း ရက်စက်သူတွေဆိုပြီးတော့ ရှုတ်မချသင့်ပါဘူး။ တကယ် ဆိုရင် အားလုံးသော အိန္ဒိယလူမျိုးတွေကသာ သက်သတ်လွတ်သမားများ မဟုတ်ကြတော့ဘဲ သားငါးစားသူတွေ ဖြစ်သွားကြမယ်ဆိုရင်တော့ လက်ရှိ သားငါးစားသမားတွေဟာ ပိုပြီး ဆုံးရှုံးမှု ကြီးထွားသွားရပါ လိမ့်မယ်။ အသားရဲ့တန်ဖိုးက ဈေးထိုးတက်သွားမှာ ကြောင့်ပါပဲ။
    ဘာသာပြန်ဆိုသူ
  • ဘိုကလေး မွတ်စလင်မ်သုဿာန် မတရား ကျူးကျော်ခံရမှု့ သတင်းအပြည့်အစုံ
    ဘိုကလေး မွတ်စလင်မ်သုဿာန် မတရား ကျူးကျော်ခံရမှု့ သတင်းအပြည့်အစုံ
    အောက်တိုဘာ၊ ၁၂ ၊ ၂၀၁၂
    M-Media
    သတင်း၊ ဓါတ်ပုံ – ထွန်းတောက်
    ဧရာဝတီတိုင်း ဘိုကလေးမြို့ရှိ မွတ်စလင်မ်သုဿာန်အား မတရားသိမ်းပိုက်၍ သင်္ချိုင်းများကိုဖျက်ဆီးရှင်းလင်းပြီး အဆောက်အဦး ဆောက်လုပ်နေသည့်အကြောင်း ၉.၁၀.၁၂  နေ့တွင် M-Media တွင် ဖော်ပြခဲ့သည့်သတင်းအား အကြောင်းစုံသိရရန်အတွက် ဆက်လက်စုံစမ်းခဲ့ပါသည်။
    သင်္ချိုင်းမြေပေါ်တွင် ကျူးကျော်ဆောက်လုပ်နေသော အဆောက်အဦးအား အဝေးမှ မြင်ရပုံ
    ယင်း ဘိုကလေးမြို့တွင် အစ္စလာမ်သာသနာဝင် မွတ်စလင်မ်ဦးရေ (၁၀၀၀)၀န်းကျင်ရှိပြီး ၀တ်ပြုဆုတောင်းရန် ဗလီ(၂)လုံးရှိခဲ့သည်။ ဤမွတ်စလင်မ်သုသာန်သည် လွတ်လပ်ရေးမရမီ ကိုလိုနီခေတ် ၁၉၂၀-ခုနှစ်ကတည်းက ဘိုကလေးမြို့တွင် ရှိခဲ့သည်မှာ နှစ်တစ်ရာနီးပါးခန့်ရှိပြီး မြေစာရင်းဆိုင်ရာ မြေပုံနှင့်တကွ အထောက်အထားစာရွက်စာတမ်းများလည်းရှိသည်။ ယင်းကဲ့သို့ ရှိနေသောအခြေမှ ယခုအခါတွင် မည်သည့်စီးပွားရေးလုပ်ငန်းရှင်မှန်းမသိသူတစ်ဦးမှ မတရားဝင်ရောက်၍ သင်္ချိုင်းဂူများဖျက်ဆီးပြီး အဆောက်အဦး တစ်ခုကို ဆောက်လုပ်နေခဲ့ပါသည်။ ယင်းကဲ့သို့ ဆောက်လုပ်မည်ကိုလည်း သုဿာန် တာဝန်ရှိသူများအား အသိပေး အကြောင်းကြားခြင်းမရှိပဲ သင်္ချိုင်းမြေအား မတရားသဖြင့် ၀င်ရောက်ကျူးကျော်ခြင်းသာဖြစ်ကြောင်း၊ ထိုကဲ့သို့ လုပ်ဆောင်ခြင်းမှာ တည်ဆဲဥပဒေများကို မထေမဲ့မြင်ပြု၍ လုပ်ပိုင်ခွင့်နှင့်အာဏာကို လွဲမှားလွန်ကျူးစွာ အခွင့်ထူးယူ၍ နိုင်လိုမင်းထက်ပြုမူနေသည်ကို သက်ဆိုင်ရာ အာဏာပိုင်များမှ ထိန်းသိမ်းအရေးယူမှု မပြုလုပ်သည်သာမက တားဆီးခြင်းကိုပင် မပြုသောကြောင့် မွတ်စလင်မ်များအနေဖြင့် မိမိတို့အပေါ် နိုင်လိုမင်းထက် အနိုင်ကျင့်သည်ဟု ခံစားရသောကြောင့် ဘိုကလေးမြို့ရှိ မွတ်စလင်မ်(၈၀၀)ကျော်မှ ၀ိုင်းဝန်း လက်မှတ်ရေးထိုးကာ နိုင်ငံတော် သမ္မတကြီးထံသို့ စာပို့တိုင်ကြားကြားသည်ဟု ထပ်မံသိရှိရပါသည်။
    ၁၉၃၀-ခုနှစ်က မြှုပ်နှံထားသည့် သင်္ချိုင်းဂူအား ဖျက်ဆီးမခံရမီက
    ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး “ဒီဘိုကလေးမြို့မှာ မွတ်စလင်မ်တွေရှိနေကြတာ ဟိုးတုန်းကတည်းကပါ။ မြို့ပေါ်မှာတော့ ဗလီ(၂)လုံးရှိပါတယ်။ ပြီးတော့ ဒီသုဿာန်က ဟိုးအရင် ကိုလိုနီခေတ်ကတည်းက ရှိခဲ့တာပါ။ လွတ်လပ်ရေးရပြီးခေတ်နောက်ပိုင်းမှာတော့ မြေပုံတွေ စာရွက်စာတမ်းတွေနဲ့ အထောက်အထားစုံလင်စွာ ရှိခဲ့ပါတယ်။ အဲလို ရှိလာခဲ့ရာကနေ လွန်ခဲ့တဲ့ ၁-နှစ်ခွဲလောက်မှာ အာဏာပိုင်က စာပို့လာပါတယ်။ စာကလည်း သုဿာန် ဖျက်သိမ်း/ပိတ်သိမ်းဖို့အတွက် မဟုတ်ပါဘူး။ အခုဆိုရင် ဘိုကလေးနဲ့သာပေါင်းကို တံတားဆောက်လိုက်တယ်။ အဲဒီတံတားကိုသွားဖို့က သုဿာန်ဘေးလမ်းကနေ ကျော်သွားရတယ်။ အဲဒီအတွက် သုဿာန်တွေကို ဒီနားမှာမထားသင့်ဘူး။ ဒါကြောင့် သဘောထားခံယူချက်ဆိုပြီး စာပို့တာ။ မွတ်စလင်မ်တွေကလည်း သင်္ချိုင်းကို ဘာယ်လိုလုပ်တာမျိုး မဖြစ်စေချင်ဘူး။ ဒါကြောင့် ဘာမှအကြောင်းမပြန်ကြပါဘူး။
    သူတို့လည်း ဘာမှထပ်ပြီးပြောတာ မရှိတော့ဘူး။ မွတ်စလင်မ်သုဿာန်နဲ့ ဗုဒ္ဓဘာသာသုဿာန်က ကပ်ရပ်ပါ။ ဟုတ်ကဲ့ အခုလို မွတ်စလင်မ်သုဿာန်မြေပေါ်မှာ မတရားသိမ်းပိုက်ပြီးလုပ်နေပေမယ့် ဟိုဘက်က ဗုဒ္ဓဘာသာသုဿာန်ကတော့ ဘာမှမလုပ်ပါဘူး။ ဒီအတိုင်းပဲ ရှိနေတာပါ။ မွတ်စလင်မ်တွေအနေနဲ့က သုဿာန်ဆိုတာကို အလေးထားကြသူတွေဆိုတော့ ဖျက်ဆီးတာမျိုးမလုပ်စေချင်ပါဘူး။ အခုတော့ သူတို့စက်ရုံဆောက်တာနဲ့ သင်္ချိုင်းဂူတွေကို ဖျက်ဆီးတယ်၊။ မြှုပ်ထားတာတွေကို သူတို့သဘောနဲ့သူတို့တူးပြီး ဘယ်လိုလုပ်ပစ်လိုက်ကြလဲတော့မသိပါဘူး။ ကျွန်တော်တို့ တစ်ခုပြန်သိရတာက အဲဒါကလည်း ဘာသာခြားမိတ်ဆွေတွေဆီကနေပြန်သိရတာပါ။ ဘာလဲဆိုတော့ သူတို့သင်္ချိုင်းဂူတွေကို ဖျက်တဲ့အချိန်မှာ ၁၉၃၀-ခုနှစ်လောက်ကတည်းက ရှိခဲ့တဲ့သင်္ချိုင်းဂူမှာ မြှုပ်ထားတဲ့ရုပ်ကလပ်ဟာ ကဖန်(ပိတ်ဖြူ)တောင် မပျက်စီးသေးပဲ ပုံသဏ္ဍာန်မပျက်ရှိနေတယ်တဲ့။ အဲဒါကို ဘယ်လိုလုပ်ပစ်လိုက်လဲ ကျွန်တော်တို့ မသိလိုက်ရဘူး။ တကယ်ကို စိတ်မကောင်းဝမ်းနည်းဖြစ်မိတယ်။ ပြီးတော့ ကျွန်တော်တို့ဒီမှာရှိတဲ့သူတွေ အားလုံးက တောသူတောင်သားတွေ ရိုးသားကြတယ်။ အဲဒီအပေါ်မှာ အနိုင်ကျင့်တယ်။ အာဏာပိုင်ကလည်း ဘာမှ ဖြေရှင်းမပေးပါဘူး။ ဒါကြောင့် ကျွန်တော်တို့တွေမှာ ဖိနှိပ်ညှဉ်းပန်းခံနေရပါတယ်။”လို့ ဘိုကလေးမြို့ခံတစ်ဦးမှ သူ့ခံစားချက်အား M-Media သို့ ပြောပြခဲ့ပါတယ်။
    သင်္ချိုင်း မြေပုံ မိတ္တူ
    သမ္မတကြီးထံ တိုင်ကြားစာ
    သမ္မတကြီးထံ တိုင်ကြားစာ
    ဘိုကလေးမြို့ရှိ မွတ်စလင်မ်(၈၀၀)ကျော်မှ ၀ိုင်းဝန်းလက်မှတ်ရေးထိုး
  • အဇ္ဈတ္တ ပါဖော့မင့်(စ)
    အဇ္ဈတ္တ ပါဖော့မင့်(စ)
    အောက်တိုဘာ၊ ၁၁ ၊ ၂၀၁၂
    ကိုအင်းဝ
    ကျွန်တော်တွေးမိပါသည်။ မြစ်တွေဘာကြောင့် ကွေ့ ကောက်ရသနည်း။ ရေဆိုတာ ကြည်လင်တဲ့အရာ သန့် စင်တဲ့အရာ အဲဒီလိုကြည်လင်သန့်စင်တဲ့ ရေတွေ တစ်စုတစ်ဝေးတည်း စီးဆင်းသွားကြခါမှ ဘာကြောင့် ကွေ့ ကောက်သွားရပါသနည်း။ တကယ်တော့မြင့်ရာမှနိမ့်ရာသို့စီးဆင်းတဲ့ရေဟာပထ၀ီအနေအထားရကုန်းမြင့်တွေကို ရှောင်ရှားရင်း မလွှဲမသာမရှောင်သာ ကွေ့ ကောက်လိုက်ရခြင်း ဖြစ်ပါလိမ့်မည်။
    မြစ်တွေဟာ ကွေ့ ကောက်တယ်။
    မိန်းမတွေဟာ ကွေ့ ကောက်တယ်။
    ကျွန်တော်ကလည်း မဖြောင့်တန်းခဲ့ဘူး။
    ဖတ်ခဲ့ဖူးသော ကဗျာတစ်ပုဒ်ထဲကဖြစ်သည်။ တကယ်တော့ မြစ်တွေ ကွေ့ ကောက်ကြသလို လူမိန်းမတို့  ကွေ့ ကောက်ကြသလို လူယောက်ျားတို့  မကျော်ဖြတ်နိုင်သဖြင့် ကွေ့ ကောက်လိုက်ရခြင်းဖြစ်မည်။ လူတွေက အတ္တကျောက်ဆောင်၊ လောဘပင်လယ်ထဲ လိုလိုလားလား ရွက်လွှင့်ရာမှ ကွေ့ ကောက်လိုက်ရခြင်း ဖြစ်လိမ့်မည်။
    ဤလောဘသည်ကား လူသားတို့  စိုက်ပျိုးထားသော မာယာတောများ အပြိုင်းပြိုင်းထနေ၏ ။ ထိုမာယာတောများ ကိုပင် လူသားတို့  မြေဆီကျွေးကြ၏။ ရေလောင်းပေါင်းသင်ကြ၏ ။ ထိုသို့ ဖြင့် ဤလောကတွင် သက်စောင့်ဆေးထက် အဆိပ်ခွက်များ ပိုမို၍ ဝေစည်လာကြ၏ ။ နဂိုလှပြီးသားလောကသည် လူတို့ ၏အတ္တခြေသံ မာယာလက်ချက်များကြောင့် တဖြည်းဖြည်း အကျည်းတန်စပြုလာပြီဖြစ်သည်။
    As you sow, So shall you reap.
    ဤလောကသည် သင်ပျိုးကြဲခဲ့သမျှ သင်ပြန်လည် ရိတ်သိမ်းရမည်ဖြစ်သည်။ ပိတောက်စိုက်သူသည် ပိတောက်ရနံ့ ကို ရှုရှိုက်ရပြီး ပဒိုင်းပင်စိုက်သူသည် ပဒိုင်းသီးရနံ့ သာ ရှုရှိုက်ရမည်ဖြစ်သည်။ သင်အားကိုးတကြီး ကာရံခဲ့သော မာယာစည်းရိုးများသည်ကား သင်၏အတိတ်၊ ပစ္စုပန်၊အနာဂတ်တို့ အတွက် သက်လုံကောင်းသော အကာအကွယ်များ မဖြစ်ခဲ့ပါ။ တကယ်တော့ ထိုမာယာသည် အတ္တမြစ်ကြီး၏ အကိုင်းအလက်မြစ်လက်တက်ငယ်မျှသာ ဖြစ်၏။
    ထိုအတ္တကြောင့်ပင် တောရိုင်းဝါဒ(၀ါ) ကြီးနိုင်ငယ်ညှင်းဝါဒကြီး ပေါ်လာခဲ့သည်။လူကမြွေကိုကြောက်၏။ မြွေက ပင့်ကူကို ကြောက်၏။ ပင့်ကူကားလူကိုပြန်ကြောက်၏။ တကယ်တော့ ဤလောက၌ ပြီးပြည့်စံသောညီမျှခြင်းများရှိ၏။ မြင်သာသော ညီမျှခြင်းများနှင့် မမြင်သာသောညီမျှခြင်းများသာ။ လူသည် လူလူချင်းလှည့်စား၏။ ကမ္ဘာကြီးကိုလှည့်စား ချင်လာ၏။ စကြ၀ဠာကြီးကိုပင် လှည့်စား၏။ ယုတ်စွအဆုံး ကိုးကွယ်ရာအရှင်ကိုပင် လှည့်စားလာ၏။
    တစ်ခါတုန်းက အရှေ့ အလယ်ပိုင်းဒေသရှိ နိုင်ငံတစ်ခုတွင် ကုလားအုတ်မွေးသူတစ်ဦး ရှိခဲ့၏။ တစ်နေ့ တွင် ကုလားအုတ်များအနက်မှ အလှဆုံးအကြီးဆုံးကုလားအုတ် တစ်ကောင် ပျောက်သွား၏။ ပတ်ဝန်းကျင် ရွာနီးစပ်၌ ရှာတော်လည်း မတွေ့ ။ ကန္တာရတစ်ခွင် ပြဲပြဲစင်အောင် ရှာသောလည်းမတွေ့ ။ ပိုင်ရှင်မှာရှာမရသည့်အဆုံး စိတ်ညစ်လာ၏။ လူသားပီပီလွန်စွာမှ နှမြောလာ၏။ ကြံရာမရသည့်အဆုံး ဘုရားထံဆုပန်သည်။ “ အို- အရှင် ၊ထိုကုလားအုတ် ပြန်ရှာတွေ့ 
    လျှင် တန်ဖိုးငွေ၏ ဆယ်ပုံတစ်ပုံဖြစ်သော ဒီနာငွေတစ်ဆယ်ဖြင့် ရောင်းချပါမည် ” ဟု ဘုရားသခင်ထံ ကိုးလိုက်၏။
    ထိုသို့  ဆုပန်ပြီး မကြာမှီအချိန်မှာပင် ကုလားအုတ်အားရှာတွေ့ သွား၏။ ကုလားအုတ်ရှာတွေ့ ၍ ၀မ်းသာသွားသော်လည်း ရုတ်ချည်းပင် ပြန်လည်ဝမ်းနည်းသွားတော့၏။ တစ်ရာတန်သောကုလားအုတ်အား တစ်ဆယ်ဖြင့်ရောင်းရတော့မည်။ ဘုရားသခင်ထံ ဆုပန်မိသည်မှာ မှားများမှားသွားလေပြီလားဟု တွေးမိ၏။ တစ်ဖန် ဘုရားသခင်အမိန့် ကြောင့်သာလျှင် ပြန်လည်ရှာတွေ့ ခြင်းဖြစ်သည်ဟုလည်း ယုံကြည်၏။
    လောဘနှင့်ဓမ္မ သူ့ ရင်ထဲ လုံးထွေးသတ်ပုတ်နေ၏။ ကတိပေးထားသည့်အတိုင်း ဒီနာငွေတစ်ဆယ်ဖြင့် ရောင်းရင်လည်း ဒီနာငွေ ၉၀ တောင်နာလိမ့်မည်။ ပြီးတော့ ကုလားအုတ်ကြီးကလည်း ၀၀ဖြီးဖြီး။ အကယ်၍ ဒီနာငွေတစ်ရာဖြင့် ရောင်းချလိုက်ပါကလည်း ဘုရားသခင်၏ အမျက်တော်ရှမည်။ ဘုရားသခင်အပြစ်ပေးပါက ဒီ့ထက်ပိုနာ နိုင်သည်။ တစ်ဆယ်ဖြင့်လည်း မရောင်းနိုင်၊ တစ်ရာဖြင့် လည်း မရောင်းရဲ။ ကတိကိုလည်း မလွန်ဆန်နိုင်၊ လောဘကိုလည်း မပယ်နိုင် ခမျာမှာ ခက်နေသည်။
    သို့ သော် သူသည် လူသားဖြစ်၏။ လူသားပီပီ အခက်အခဲ ကြုံလျှင် မာယာကို အားကိုး၏။ ထိုမာယာကြောင့်ပင် အကြံတစ်ခုရလာသည်။ မကြာမီ သူသည်ဈေးသို့ သွားကာ ခြူတစ်ခုဝယ်၍ ကုလားအုတ်၌ဆွဲ၏။ တစ်ဖန်လူစည်းကားသောနေရာတွင် ကုလားအုတ်အား ချည်နှောင်ကာ အောက်ပါအတိုင်းဆိုင်းဘုတ် ချိတ်လေ၏။
    ရောင်းမည်
    ကုလားအုတ် ၁၀ ဒီနာ
    ခြူ ၉၀ ဒီနာ
    စုစုပေါင်း ၁၀၀ ဒီနာ
    မှတ်ချက်။ ။ တစ်ခုချင်း ခွဲမရောင်းပါ။
    ကိုအင်းဝ
    ဆန်းဦးလ ယဉ်ကျေးမှု အနုပညာမဂ္ဂဇင်း အမှတ်(၁) မှ ကူးယူဖေါ်ပြပါသည်။