News @ M-Media

Author: M-Media

  • ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချူပ် ဗုဒ္ဓဘာသာ ခေါင်းဆောင်တွေကို တွေ့ဆုံ

    ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချူပ် ဗုဒ္ဓဘာသာ ခေါင်းဆောင်တွေကို တွေ့ဆုံ

    အောက်တိုဘာ၊ ၆၊ ၂၀၁၂

    Source: BBC မြန်မာပိုင်း

    တနင်္လာနေ့မှာ ရာမူးနဲ့ ကော့စ်ဘဇား တို့ကို ကိုယ်တိုင် သွားရောက်ပြီး ကြည့်ရှုမယ်

    ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ဖြစ်ပေါ် ခဲ့တဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းတွေ တိုက်ခိုက် ခံရမူနဲ့ ပတ်သက်ပြီး ဝန်ကြီးချူပ် ရှိတ်ခ် ဟာဆီနာက ဗုဒ္ဓဘာသာ ခေါင်းဆောင် တွေကို စနေနေ့က ဝန်ကြီးချူပ် ရုံးခန်းကို ဖိတ်ခေါ်ပြီး တွေ့ဆုံ ခဲ့ပါတယ်။

    တနာရီလောက် ကြာတဲ့ ဒီတွေ့ဆုံပွဲမှာ ဝန်ကြီးချူပ် ရှိတ်ခ်ဟာဆီနာက အကြမ်းဖက် သူတွေကို ဖမ်းဆီးပြီး တရား ဥပဒေနဲ့ အညီ အရေးယူ ဆောင်ရွက်မှာ ဖြစ်ကြောင်းနဲ့ ဘုန်းတော်ကြီး ကျောင်းတွေကို ပြန်လည် တည်ဆောက်ပေးမှာ ဖြစ်သလို နစ်နာ သူတွေကိုလည်း လျော်ကြေး ပေးမယ်လို့ ကတိပြု ပြောကြား ခဲ့တယ်လို့၊ တွေ့ဆုံပွဲကို တက်ရောက် ခဲ့သူ မာရမာကြီး ရှေ့နေ ဘီပလော့ ဘရဝါက ဘီဘီစီကို ပြောပြ ပါတယ်။

    ဝန်ကြီးချူပ်ဟာ လာမယ့် တနင်္လာနေ့မှာ အကြမ်းဖက် မီးရှို့တိုက်ခိုက် ခံခဲ့ ရတဲ့ ရာမူးနဲ့ ကော့စ်ဘဇား တို့ကို ကိုယ်တိုင် သွားရောက်ပြီး ကြည့်ရှုမှာ ဖြစ်သလို ဘာသာရေး ခေါင်းဆောင်တွေနဲ့ လည်း အဲဒီမှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။

    အခုအခါ ဒီအရေး ကိစ္စကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကျဆင်း စေခဲ့တာကြောင့် အာဏာပိုင်တွေဟာ အရေးယူမူတွေ အကြီး အကျယ် ပြုလုပ်နေ ပါတယ်။

    စနေနေ့က ထုတ်ပြန်တဲ့ သတင်းတွေ အရ လူပေါင်း ၂၅၀ဝ လောက်ကို ရဲက တရားစွဲဆို ထားပြီး၊ ဖမ်းဆီးထားသူ ၂၀ဝ ကျော်ကိုလည်း စစ်ဆေး မေးမြန်း နေတယ်လို့ သိရပါတယ်။

  • ဗုဒ္ဓဘာသာဝင်များ အပေါ် အကြမ်းဖက်မှု မြန်မာ အစ္စလာမ်များ ကန့်ကွက်

    ဗုဒ္ဓဘာသာဝင်များ အပေါ် အကြမ်းဖက်မှု မြန်မာ အစ္စလာမ်များ ကန့်ကွက်

    ရန်ကုန် အောက်တိုဘာ ၅

    Source: The Voice Weekly

    ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားနှင့် စစ်တကောင်း ဒေသတွင်းရှိ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများနှင့် အပြစ်မဲ့ ဗုဒ္ဓဘာသာဝင်များ အား အစွန်းရောက် အစ္စလာမ် ဘာသာဝင် အချို့က အကြမ်း ဖက်မှု များပြုလုပ်နေခြင်း အပေါ် အစ္စလာမ် အဖွဲ့ အနေဖြင့် ကန့်ကွက်ကြောင်း မြန်မာနိုင်ငံ အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ် တွဲဖက် အတွင်းရေးမှူး ဦးဝဏ္ဏရွှေ က ပြောကြားသည်။

    “ဒီလို သာသနာ့ အဆောက်အဦးတွေနဲ့ အပြစ်မဲ့ ပြည်သူတွေ အပေါ် အကြမ်းဖက် နေတာကို ကျွန် တော်တို့ အနေနဲ့ လုံးဝ လက်မခံသလို အပြင်းအထန် ကန့်ကွက် ပါတယ်“ဟု ၄င်းကဆိုသည်။

    ပြီးခဲ့သော စက်တင်ဘာလ ၂၉ ရက်နေ့က စပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့စ်ဘဇားနှင့် စစ်တကောင်း ဒေသရှိ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများ၊ ဗုဒ္ဓ ရုပ်ပွားတော်များနှင့် ယင်းဒေသရှိ ဗုဒ္ဓဘာသာဝင် မျိုးနွယ်စု များအား အကြမ်းဖက်မှု များခြင်းကို ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ်သံရုံး ရှေ့တွင် သံဃာတော် များကလည်း အောက်တိုဘာလ ၅ ရက်နေ့က ဆန္ဒ ဖော်ထုတ်ခဲ့ကြသည်။

    “အခုလို သတ်ဖြတ် ဖျက်ဆီး ခံရတဲ့ အပြစ်မဲ့ သူတွေအတွက် စိတ်မကောင်းဖြစ် ရပါတယ်“ ဟု ဦးဝဏ္ဏရွှေ က ဆိုသည်။

    လက်ရှိ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်း အကြမ်းဖက်မှုများကြောင့် ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းများ အပါအဝင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၂၂ ကျောင်း ဖျက်ဆီး ခံရပြီး ၊ အဖိုးတန် ဗုဒ္ဓ ရွှေဆင်းတုတော်များ လုယက် ခံရသည့် အပြင် ရှေး ဟောင်း ပဋိကတ်တော် မြောက်များစွာ မီးရှို့ခံ ရကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒက္ကားမြို့ ရှိ ရခိုင် တိုင်းရင်းသားများ ထံမှ ပေးပို့သော သတင်း အချက်လက်များ အရသိရသည်။

  • စစ်တွေမြို့မဈေးတွင် ကမန်အမျိုးသမီး ၃ ဦးအား ရခိုင်လူမျိုးများ ဝိုင်းရိုက်

    စစ်တွေမြို့မဈေးတွင် ကမန်အမျိုးသမီး ၃ ဦးအား ရခိုင်လူမျိုးများ ဝိုင်းရိုက်

    အောက်တိုဘာ၊ ၆ ၊ ၂၀၁၂

    M-Media

    သတင်း – ဇာဏီ

    စစ်တွေ ။     ။    ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ စည်ပင်သာယာမြို့မဈေးတွင် ၂၉.၉.၂၀၁၂ ရက်နေ့က ဈေးဝယ်လာသော ကမန်အမျိုးသမီး(၃)ဦးအား ၀ိုင်းဝန်း ရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရှိပါသည်။

    ဖြစ်ပွားပုံမှာ ရခိုင်ပြည်နယ် စစ်တွေမြို့ သင်္ဂနက်ကျေးရွာနေ ကမန်တိုင်းရင်းသူများဖြစ်သည်
    • ဒေါ်မစောအေး   (ဘ)ဦးအောင်သာထွန်း  (၅၀)နှစ်၊
    • မဖြူဖြူစိုး            (ဘ)ဦးထွန်း –                 (၂၀)နှစ်၊
    • မသန်းနု(ခ)အခဲ (ဘ)ဦးမောင်နီ –             (၂၁)နှစ်
    တို့သည် ၂၉.၉.၂၀၁၂ ရက်နေ့ နံနက် (၁၁)နာရီအချိန်တွင် စစ်တွေမြို့စည်ပင်သာယာမြို့မဈေးအတွင်း ဈေးဝယ်နေချိန်တွင် လူအုပ်ကြီးမှ ၀ိုင်းလာပြီး “နင်တို့ ကုလားလူမျိုးတွေပဲ၊ အစ္စလာမ်ဘာသာဝင်တွေပဲ”လို့အော်ပစ်ပြီး ယောက်ျားများက ၀ိုင်းဝန်းရိုက်နှက်ခဲ့တာကြောင့် ကမန်အမျိုးသမီး (၃)ဦးလုံး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း၊ ထိုအထဲမှ ဒေါ်မစောအေးမှာ ဦးခေါင်းနှင့် ခန္ဓာကိုယ်များတွင်ပါ ဒဏ်ရာများပြင်းထန်စွာ ရရှိခဲ့ကြောင်း၊ ၀ိုင်းဝန်းရိုက်နှက်ခံရပြီးချိန်တွင် ရဲများရောက်ရှိလာပြီး ဒေါ်မစောအေးအား ရဲများမှ ဆေးခန်းသို့ ပို့ဆောင်ခဲ့ပြီး ၀ိုင်းဝန်းရိုက်နှက်ကြသူများအား မည်သည့်အရေးယူမှုမျိုးမှ မပြုလုပ်ကြောင်း သိရပါသည်။အခုအခါ ဒေါ်မစောအေးမှာ ခေါင်းတွင်ရရှိခဲ့သည့် ဒဏ်ရာမှာပြင်းထန်သောကြောင့် ရန်ကုန်တွင် ဆေးကုသရန်အတွက် ယနေ့ ၆.၁၀.၂၀၁၂ ရက်နေ့တွင် လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ခေါ်ဆောင် သွားသည်ဟု သိရသည်။ ဒေါ်မစောအေးနှင့်အတူ သားဖြစ်သူမှ အတူလိုက်ပါသွားခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။

  • ရခိုင်မှာ ဒုက္ခသည်တိုးလာမှု ကုလစိုးရိမ်

    ရခိုင်မှာ ဒုက္ခသည်တိုးလာမှု ကုလစိုးရိမ်

    အောက်တိုဘာ၊ ၅ ၊ ၂၀၁၂

    Source: ဗွီအိုအေ (မြန်မာပိုင်း)

    ရခိုင်ပြည်နယ် စစ်တွေ့မြို့ ဘောဒူဖ ဒုက္ခသည်စခန်းမှ ဒုက္ခသည်များ

    မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေဖြစ်အပြီး၊ ၄လကြာမှာ  နိုင်ငံထဲမှာ နေရာရွှေ့ပြောင်းနေထိုင် ဒုက္ခရောက်နေသူ အရေအတွက် ဟာ တိုးပွားလာနေတယ်လို့
    ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာရုံး UNHCR က စိုးရိမ်တကြီး ထုတ်ပြောလိုက်ပါတယ်။

    ဒီ ဒုက္ခသည်ဆိုင်ရာရုံးက နိုင်ငံထဲက ဒုက္ခသည်စခန်းတွေထဲမှာ ဒုက္ခသည်ပေါင်း ၇၅,၀၀၀ ခန့် လောလောဆယ် ရှိနေတယ်။ နောက်ထပ် လူသားချင်းဆိုင်ရာ အကူအညီလိုနေသူတွေလဲ ဆက်ရှိနေသေးတယ်လို့ သောကြာနေ့မှာ ထုတ်ပြောလိုက်ပါတယ်။

    ကုလသမဂ္ဂ ဒုက္ခသည်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ Adrian Ewards က ဒီဒုက္ခရောက်နေသူတွေရဲ့ သွားလာရေးကို ကန့်သတ်ထိန်းချုပ်ထားဆဲဖြစ်တယ်၊ ဈေးသွားခွင့်၊ အစားအစာရရှိခွင့်၊ ကျန်းမာရေးစောင့်ရှောက်ခွင့်နဲ့ ပညာရေးအခွင့်အလမ်းတွေအတွက် ပိတ်ပင်ခံနေရဆဲ ဖြစ်တယ်လို့ ဂျီနီဗာမြို့မှာ ပြောကြားလိုက်ပါတယ်။

    ဒီပြောခွင့်ရှိသူကပဲ ခုလို ဖိနှိပ်ကန့်သတ်မှု့တွေ ဆက်ဆိုးဝါးနေတာကြောင့် ဆက်သည်းမခံနိုင်တော့တဲ့ ဒီဒုက္ခသည်တွေအနေနဲ့ အစားအစာနဲ့ ဆေးဝါးတွေရရှိနိုင်ဖို့ ခုလို ဒုက္ခသည်စခန်းတွေကို ဆက် ထွက်ပြေးနေကြရတာ ဖြစ်တယ်လို့ ဆက်ပြောလိုက်ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး၊ မနေ့က ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ သတင်းစာရှင်းလင်းပွဲမှာလဲ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ ပြောခွင့်ရ Martin Nesirsky က ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရုံးနဲ့ ဒုက္ခသည်ရုံးတွေ လက်တွဲပြီး၊ သက်ဆိုင်ရာဒေသတွင်းမှာ ထိထိရောက်ရောက် ကွင်းဆင်းဆောင်ရွက်နေကြောင်း၊ သူတို့က အထူးကို စိုးရိမ်မကင်း ဆက်ဖြစ်နေကြောင်း ကြေညာချက် ထုတ်တယ်ဆိုရင်တော့ ဒါဟာ ခိုင်လုံတဲ့ အထောက်အထားတွေရှိလို့သာ ဖြစ်နိုင်ကြောင်း ဖြေကြားသွားပါတယ်။

  • အစ္စလာမ့် အေးရိပ်သို့ (၉)- ကရုဏာတရား၏ ထိခတ်မှု

    အစ္စလာမ့် အေးရိပ်သို့ (၉)- ကရုဏာတရား၏ ထိခတ်မှု

    အောက်တိုဘာ၊ ၆ ၊ ၂၀၁၂

    M-Media

    ဂျူလိုင်ရဲရင့်

    “မော်ရိုကိုမှ ဒုက္ခိတ မုစ်လင်မ်နှစ်ဦးကြားရှိ ကြင်နာသောအပြုအမူအပေါ် ကုရ်အာန်အာယသ်တော်များ၌ စပ်စုမိရာမှ အစ္စလာမ်ကိုရှာဖွေတွေ့ရှိသွားသူ စတီဗင်”

    ကျွန်ုပ်ကို အမေရိကန်နိုင်ငံ၊ အိုဟိုင်းယိုးနယ်၊ ဒေတန်၌ မွေးဖွားခဲ့သည်။ အိုဟိုင်းယိုး နှင့် ၀င်ကွန်ဆင်၌ နှစ်ပေါင်း ၂၀ နီးပါးကျင်လည်ခဲ့သည်။ ကျွန်ုပ်၏မိသားစုမှာ ပရိုတက်စတင့်ဂိုဏ်းမှ ကဲလ်ဗင်နစ် အမည်ရှိ အုပ်စုတစ်ခုဖြစ်ပြီး၊ ခရစ်ယာန်ဝါဒ၏၀ဟာဗီများ ဟု ခေါ်စမှတ်ပြုတတ်ကြသည်။ နာမ်ပိုင်းဆိုင်ရာကို အလွန်အမင်းစင်ကြယ်အောင်ကြိုးပမ်းကြသော ပျူရီတင် အတွေးအခေါ်ရှိသူများဖြစ်သည် ( ပျူရီတင် သည် ၁၆ ရာစုနှစ်များအတွင်း အင်္ဂလန်ပြည်တွင် ထွန်းကားလာသည့် ပရိုတက်စတင့်ခရစ်ယာန်ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည် – ပြန်ဆိုသူ )။ ကျွန်ုပ်တို့လူစုသည်ကား ခရစ်ယာန်များအကြား အသန့်ရှင်းဆုံးသော အယူဝါဒရှင်များတည်း။

    ကျွန်ုပ်သည် အစ္စလာမ်ကို အသိဥာဏ်အားဖြင့်သာ ဗွေဆော်ဦးလက်ခံခဲ့ခြင်းဖြစ်သည် ( နှလုံးသားနှင့် မဟုတ် )။ အခြားသော သာမန်အမေရိကန်များစွာအတိုင်း မည်သည့်မုစ်လင်မ်ကိုမျှ ကျွန်ုပ် မသိရှိ ခဲ့ပါ။ သို့တစေ ချီကာဂိုတက္ကသိုလ်တက်စဉ်က ကျွန်ုပ်သည် အစ္စလာမ်လေ့လာရေး နှင့် အာရေဗျဘာသာစကား ဘာသာရပ်အား အထူးပြုရယူခဲ့သည်။

    သင်ရိုးအရ ကုရ်အာန်ကျမ်း၏ အဓိပ္ပါယ်ကို ဘာသာပြန်ရသည်။ ဤလေ့ကျင့်ခန်းက ကျွန်ုပ်၏ ဘ၀ကို ပုံပြောင်းသွားစေမည့်လမ်းသို့ ခရီးနှင်စေခဲ့ပါသည်။ ဖန်ဆင်းရှင်၏ ဗျာဒိတ်သတင်း နှင့် သတိပေး နှိုးဆော်ချက်များက ကျွန်ုပ်၏ Assignment ကာလတစ်လျှောက်လုံး ကျွန်ုပ်၏နှလုံးသားအား မရပ်မနား ရိုက်ခတ်နေတော့သည်။

    တစ်ဆူတည်းသာတည်ရှိနေသောအရှင် ဟူသည့် သတင်းစကား

    စူရဟ် အလ် အိခ်လာ့ဆွ် က ကျွန်ုပ်၏ စိတ် နှင့် ၀ိညာဉ်ကို အတိုင်းအတာတစ်ရပ်အထိ နိုးကြွ စေခဲ့ပါသည်။ ကျွန်ုပ်သည် ဘာသာပြန်အမှုကို လုံးပန်းနေစဉ်က အရဗီဘာသာစာသားတစ်ပိုဒ်ချင်းရှိ စကားလုံး တစ်လုံးစီအား အင်္ဂလိပ်ဘာသာသို့ အလျော်ကန်ဆုံးဖြစ်အောင် အထူးစိစစ်အားထုတ်ခဲ့ခြင်းကို ပြန်လည် အမှတ်ရနေပါ၏။

    ( အို – တမန်တော်၊ အသင်သည် ဤသို့ ) ပြောကြားလော့ ။ ထိုအရှင်မြတ်သည် အလ္လာဟ် ဖြစ်တော်မူပြီး တစ်ဆူတည်းတစ်ပါးတည်းသာ (အစဉ်ထာဝရ) တည်ရှိနေတော်မူ၏။ အလ္လာဟ်အရှင်မြတ်သည် (ကြောင်းကျိုးတရားမှ ကင်းလွတ်၍) နိစ္စထာဝရဖြစ်သော အရှင်တည်း။ ထိုအရှင်သည် မည်သူကိုမျှ မမွေးဖွားသလို မွေးဖွားခံရခြင်း ဟူသည်လည်း ရှိတော်မမူ။ ထိုမှတစ်ပါး ထိုအရှင်မြတ်နှင့် နှိုင်းယှဉ်နိုင်စရာ ဟူ၍ အလျဉ်း မရှိလေပြီ။

    ( အလ်အိခ်လှာ့ဆွ် ၊ ၁၁၂း ၁-၄ )

    ကျွန်ုပ်အဖို့ ဤအကြောင်းရပ်နှင့်ပတ်သက်ဆက်နွှယ်မှုများအပေါ် နှိုက်နှိုက်ချွတ်ချွတ် စဉ်းစား တွေးခေါ်နိုင်ခွင့် အပြည့်အ၀ ရရှိခဲ့၏။ ကျွန်ုပ် တုန်လှုပ်သွားခဲ့ပါသည်။ ကျွန်ုပ်မှ မြတ်မြတ်နိုးနိုး ဆုပ်ကိုင်ထား သော ဘာသာရေးဆိုင်ရာ တရားသေအယူအဆမှာ လုံးလုံးမှားယွင်းနေကြောင်း ပေါ်လွင်လာသဖြင့် ၄င်း အချက်က ကျွန်ုပ်အား ပြင်းပြင်းထန်ထန် ထိုးနှက်ပါတော့သည်။ သို့သော်လည်း ကျွန်ုပ်၏ နောက်ခံရပ်တည် ချက်က ကျွန်ုပ်အား ဆင်ခြင်မှုလမ်းကို ဖွင့်ပေးလိုက်ပါ၏။ ထာဝရဘုရားသခင်ထံ၌ သားတော်ဟူ၍ မရှိလေ ကြောင်းသာမှန်ကန်လေလျှင် သုံးပါးတစ်ဆူဝါဒ ဟူသည်ကို အသိဥာဏ်က လက်ခံထားစရာ မည်သည့် အကြောင်းရှိဘိနည်း ? ကျွန်ုပ်၏ယုံကြည်ချက်ကား တစ်ဆူတစ်ပါးတည်း (သန့်စင်စွာ)တည်ရှိနေတော်မူသော ကိုးကွယ်အပ်ရာ (တုနှိုင်းမဲ့) နိစ္စထာဝရအရှင် – Oneness of God ( သောင်ဟီးဒ် )မှ တက်တက်စင်အောင် လွဲချော်နေပါတကားဟု သိမြင်နားလည်သွားပါတော့သည်။

     ဖန်ဆင်းရှင်၏ဗျာဒိတ်သတင်း နှင့် သတိပေးနှိုးဆော်ချက်များက ကျွန်ုပ်၏ Assignment ကာလ တစ်လျှောက်လုံး ကျွန်ုပ်၏နှလုံးသားအား မနေမနား ရိုက်ခတ်နေတော့သည်

    အစ္စလာမ့်အသိသည် လေ့လာမှု၌သာ တည်နေသေးခြင်း

    ကျွန်ုပ် နှင့် အစ္စလာမ် ထိတွေ့မှုမှာ စာပေအားဖြင့်၊ ဖတ်ရှုလေ့လာမှုအားဖြင့်သာ ရှိနေခဲ့ပါ၏။ ထိုစဉ်က ၁၉၇၀ ခုနှစ်များကာလဖြစ်နေသည့်အတွက် အမေရိကန်ပြည်ထောင်စုတွင် အစ္စလာမ် နှင့် မုစ်လင်မ် တို့၏ပုံရိပ်မှာ အကောင်းကြီး မဟုတ်ခဲ့ပေ။ အာရပ်ဆန့်ကျင်ရေး၊ မုစ်လင်မ်ဆန့်ကျင်ရေးသမားတို့၏ မီဒီယာ ဖော်ကျူးချက်များကြောင့်ဟူသည်ကို အလွယ်တကူ နားလည်နိုင်ကြပေမည်။ အာရပ်တို့၏ ရေနံတင်ပို့ရေး အစီအစဉ် ရပ်ဆိုင်းထားမှုပြသနာက အမေရိကန်တို့၏စိတ်တွင် စွဲနေကြသည်။ ၄င်းပြင် အီရန်တော်လှန်ရေး နှင့် ၄င်း၏အကျိုးဆက်များက အစ္စလာမ်ကြောက်ရောဂါ – Islamophobia ကို ထပ်ဆင့် ထိုးဆွပေးနေခဲ့၏။

    အစ္စလာမ်အား လက်တွေ့ကျင့်သုံးနေသူတစ်ဦးဦးနှင့် ရင်းနှီးသိကျွမ်းခဲ့သော် ကောင်းလေစွ ! မုစ်လင်မ်တစ်ဦးသည် ၄င်း၏နေ့စဉ်ဘ၀၌ မည်ကဲ့သို့ လက်တွေ့ကျင့်မူခြင်းကို ကျွန်ုပ် မသိခဲ့။ မုစ်လင်မ်တို့၏ ဘ၀အခြေအနေကို လုံးဝမရင်းနှီးသော ပြင်ပလူတစ်ယောက်သာ ဖြစ်ခဲ့ပေ၏။

    ငါ …… မခံနိုင်တော့ဘူး !

    ပရော်ဖက်ဆာ ဖဇ်လုရ် ရဟ်မာန်းက ကျွန်ုပ်တို့အား သင်ကြားပေးခဲ့၏။ ကျွန်ုပ်အပါအ၀င် သူ၏ကျောင်းသားတပည့်များမှာ သူ၏ဟောပြောသင်ပြမှု၌ တုန်လှုပ်ခြင်းဟူ၍ မရှိခဲ့စဖူး။ သို့ပင်မက သူ၏ သင်ကြားပုံ နှင့် နက်ရှိုင်းစွာထိုးထွင်းသိမြင်စေအောင် အသိပညာပေးမှုသည် ကျွန်ုပ်တို့အားလုံးအတွက် အစ္စလာမ်အပေါ် မလေးစားဘဲ မနေနိုင်အောင် ဖြစ်ခဲ့ရပါ၏။

    ထိုနေ့ရက်များကို ကျွန်ုပ် အမှတ်ရနေဆဲ။ ဆရာကြီး၏နှုတ်ဖျားမှ ပွင့်အံထွက်ကျလာသည့် စကားလုံးတိုင်းကို စာသင်ခန်းမထဲထိုင်လျက် နားဆင်ခဲ့စဉ်က “ ငါ မခံနိုင်တော့ဘူး “ ဟူ၍ အတွေးဝင်နေခဲ့ မိပေသည်။ ၄င်းဆယ်စုနှစ်ဆုံးပိုင်းအချိန်အထိ ကျွန်ုပ် မုစ်လင်မ် မဖြစ်သေး။ သို့ရာတွင် ၁၉၈၀ ခုနှစ်၌ မှာကား ကျွန်ုပ်သည် ဥပုသ်သီလစောင့်ထိန်းခြင်း စသည်ကဲ့သို့သော မုစ်လင်မ့်ဓလေ့များကို ကျင့်သုံးစ ပြုမိလေပြီ။

    ပထမဆုံး အဆက်အစပ်

    ကျွန်ုပ်သည် ဘွဲ့ဒီဂရီကို ဆွတ်ခူးပြီးနောက် အီဂျစ် နှင့် မော်ရိုကိုမှသည် မြောက်အာဖရိကနိုင်ငံ များထံ ခရီးရှည်ကြီးတစ်ခု ထွက်ခဲ့၏။ ၄င်းမှာ ကျွန်ုပ်အဖို့ မုစ်လင်မ်အသိုင်းအ၀ိုင်းများနှင့် ပထမဦးဆုံးအကြိမ် ဆက်စပ်မှု ရှိလာခဲ့ခြင်းဖြစ်သည်။

    အီဂျစ်၌ အိခ်ဝါနုလ် မုစ်လိမီးန် ( မုစ်လင်မ်ညီနောင်များအဖွဲ့ ) ၏ အဖွဲ့ဝင်များနှင့် ဆုံတွေ့ရပြီး၊ ဒါအီ ( အစ္စလာမ့်သတင်းစကားကို မုစ်လင်မ် မဟုတ်သူတို့ထံ ဖြန့်ချိပေးသော မုစ်လင်မ် ) များစွာကို သိကျွမ်း ခဲ့၏။ ၄င်းတို့အသီးသီးက ကျွန်ုပ်အား အခြားဘာသာတရားအပေါ်လေးစားတန်ဖိုးထားတတ်သူအဖြစ် ဆက်ဆံ ခဲ့ကြသည်။ ကျွန်ုပ်သည် ၄င်းတို့ဝန်းကျင်တွင် အမြဲတစေ ရှိနေတတ်သော်လည်း ၄င်းတို့အနက် မည်သူကမျှ ကျွန်ုပ်အား အစ္စလာမ်နှင့်ပတ်သက်၍ ဖိအားပေးခြင်းမျိုး တစ်ကြိမ်တစ်ခါမျှပင် မပြုလုပ်ခဲ့ပါလေ။

    ၁၉၈၀ ခုနှစ်၏ ရမ်ဒွန်လသို့ရောက်လေလျှင် ကျွန်ုပ်သည် မိမိကိုယ်ကို ဤဘာသာတရား၌ ယုံကြည်သူတစ်ဦးအဖြစ် သတ်မှတ်လိုက်၏။ ၄င်းနောက် ဖိဖိစီးစီး ဥပုသ်သီတင်းကို တည်ဆောက်လေရာ ကျွန်ုပ်၏ ချဉ်းကပ်ကြိုးစားမှုကို မိတ်ဆွေများက အထူးတလည် အားပေးကူညီကြကုန်၏။

    ဒုက္ခိတ တစ်ဦးမှ ဖွင့်ပေးလိုက်သော ကျွန်ုပ်၏ စက္ခုအမြင်

    မော်ရိုကိုမှ ရှေးဟောင်းမြို့တစ်မြို့ဖြစ်သည့် ဖက်ဇ် ၌ နောက်ဖေးလမ်းကြားလမ်းဆုံလမ်းခွများ တွင်နေလျက် ကုရ်အာန်ဖတ်ရွတ်နေကြသူ များစွာရှိ၏။ အေးမြပြေညှင်းသည့် ဥပုသ်လ ညနေခင်းများက ၄င်းတို့၏ ဖတ်ရွတ်သံများအားဖြင့် သာယာချမ်းမြေ့စဖွယ် ဖြစ်နေခဲ့ပေသည်။ ယင်းသို့ ဖတ်ရွတ်နေသူများကား ထိခိုက်ဒဏ်ရာရခြင်း နှင့် အလုပ်လက်မဲ့ဖြစ်ခြင်းကြောင့် ဘ၀နစ်နာဒုက္ခရောက်နေရရှာသော မြို့ခံများ ဖြစ်ကြပေသည်။

    ယင်းလမ်းဘေးတစ်ဖက်တစ်ချက်ရှိ ကုရ်အာန်ဖတ်ရွတ်နေသူများအား ဖြတ်သန်းသွားလာကြသူ တို့က ငွေကြေးပေးကမ်း စွန့်ကြဲသွားလေ့ရှိ၏။ အဖတ်အရွတ် ပိုကောင်းသူများသည် အခြားသူတို့ထက် ပိုမို ရရှိကြလေသည်။

    ထိုသို့လှည့်ပတ်ကြည့်ရှုနေစဉ် စာဖတ်သူများအနက် မိမိဝေစုအချို့ကို ခြေဆာထော့ကျိုးဖြစ်နေ သည့် အခြားသူတစ်ဦးအား ကြင်နာစွာပေးကမ်းနေသူကို တွေ့လိုက်ရသည်။ သာမန်အခြေအနေ/အနေအထား ၌ ဤကိစ္စမှာ ထူးခြားသည်ဟု မဆိုနိုင်။ သို့သော် လက်ရှိစာနာမှုလုပ်ရပ်က ကျွန်ုပ်အား သိလိုစိတ်ရုန်းကြွသွား စေတော့သည်။ အကြောင်းမှာ ခြေတစ်ဖက်ဆာနေသူအား ခွဲဝေပေးကမ်းနေသူကိုယ်တိုင်မှာ ( ၄င်းထက် အဖြစ် ဆိုးနေသည့် ) ခြေနှစ်ဖက်လုံးရှိမနေသော ဒုက္ခိတ ဖြစ်နေ၍တည်း !

    ကျွန်ုပ် မှင်တက်ငေးမောသွားရလေပြီ။ ပိုမိုအဖြစ်ဆိုးဘ၀ပျက်နေသူတစ်ဦးဖြစ်နေပါလျက်နှင့် အခြား သူကို ပြန်လည် ဒါနပြုနေပါပကော ! ၄င်းပြင် စာနာပံ့ပိုးခံရသူက ရုပ်ခန္ဓာအခြေအနေတွင် ခွဲဝေပေးကမ်းသူ ထက်ပင် သာလွန်နေသေးတော့ ………………….

    ကန်းနေခဲ့တာ ကျွန်ုပ် ကိုယ်တိုင်ပါ

    မုစ်လင်မ်မိတ်ဆွေများနှင့် ဆွေးနွေးမေးမြန်းခြင်း၊ လေ့လာခြင်းပြုကြည့်သည့်အခါမှ ကျွန်ုပ်မှာ စုံလုံးကန်းနေခဲ့ပါရော့လားဟု ပေါ်လွင်လာပါသည်။ ခြေထောက်မရှိသည့် ကုရ်အာန်ဖတ်သူက သူ၏အဖော်အား ဒါနပြုသည်ဟူသောအသိစိတ်ဓါတ် ဖြင့် ပေးကမ်းခဲ့သည်။ ထိုသူသည် ကုရ်အာန်ကို ကောင်းစွာ ဖတ်နိုင်၏။ ခြေ နှစ်ဖက်လုံးမရှိသည့်အတွက် လမ်းသွားလမ်းလာတို့၏ သနားကြင်နာမှုကို ပိုမို ခံစားရ၏။ ထိုကြောင့် သူရရှိသော ငွေကြေးမှာ လိုအပ်သည်ထက် ပိုလျှံနေခဲ့သည်။ မိမိ၏ပိုလျှံမှုကို မိမိထက်အရနည်းပါးသော၊ ၄င်းပြင် မိသားစုဦးရေများပြားသောသူတစ်ဦးအား ပေးကမ်းရန် တာဝန်ရှိသည်ဟု ၄င်းက ခံယူထားခြင်းပင် ဖြစ်၏။ မိမိနှင့်နီးစပ်နေသူပေါ်ထားအပ်သည့် တာဝန်ဝတ္တရားတစ်ရပ်ကို ဤမုစ်လင်မ်က ပြောင်မြောက်စွာ ဖော်ကျူးပြသလိုက်ခြင်းတည်း။

    ဤဖြစ်ရပ်၏နောက်ဝယ် ကျွန်ုပ်သည် အစ္စလာမ့်စာနာထောက်ထားသူ ဖြစ်ချင်လာသည်မှာ တားမနိုင်ဆီးမရတော့ချေ။ ကျွန်ုပ်သည် ယှဟာဒဟ်ကို ရွတ်ဆို၍ ကျွန်ုပ်၏ယုံကြည်ချက်အား ပွင့်ပွင့်လင်းလင်း ကြေငြာလိုက်ပါတော့သည်။

    ကျားကန်ကူညီသော ကျွန်ုပ်၏ချစ်ဇနီး

    မုစ်လင်မ်တစ်ဦးအဖြစ် တရားဝင်နေထိုင်ခဲ့သော ဘ၀အစပိုင်း ၂ နှစ်မှ ၃ နှစ်အထိကား တကယ့်တိုက်ပွဲပင် ဖြစ်ပါ၏။ ကျွန်ုပ်၏အနေအထားသစ်ကို အခြေခိုင်အောင် ပြုရသည်၊ အစ္စလာမ်နှင့် အံမ၀င် သော ကျွန်ုပ်၏အကျင့်ဟောင်းများကို လက်စတုံးခဲ့ရပေသည်။

    အနောက်တိုင်းလောက၏ထုံးစံတစ်ခုမှာ အရက်သေစာမပါဘဲ စားသောက်ပွဲခင်းကျင်းသည်ဟူ၍ မရှိ။ ဖန်ဆင်းရှင်နှင့် မပြတ်ဆက်သွယ်ရေးစံနစ်အပေါ် လုံးဝအလေးမထားသောလူ့အဖွဲ့အစည်းတွင် နေ့စဉ် ဆွလာသ်ငါးကြိမ် ၀တ်ပြုခြင်းအမှုသည်ကား တကယ့်ကို ခံနိုင်ရည် နှင့် ပြတ်သားမှုရှိမှသာ ရနိုင်ပေမည်။ ဤသည်ကာ ဥပမာ တစ်ခုမျှသာ ဖြစ်ပါ၏။

    ကံမကောင်းအကြောင်းမလှစွာဖြင့် ကျွန်ုပ်၏၀န်းကျင်ရှိ ( အချို့မုစ်လင်မ်များအပါအ၀င် ) မုစ်လင်မ် မဟုတ်သူများစွာတို့က ကျွန်ုပ်၏ယုံကြည်မှုအပေါ် ဖိအားပေးလာလိုက်သည်မှာ အတော်ကြီး ပြင်းထန်ခဲ့သည်။ ၄င်းတို့အား ကျွန်ုပ်အား အသောက်အစားဖြင့်လည်းကောင်း၊ မိန်းမများဖြင့်လည်းကောင်း ထိုးဆွတွန်းတိုက်ခဲ့ ကြကုန်၏။

    အလ်ဟမ်းဒုလိလ္လာဟ် ! ကျွန်ုပ်သည် တရားဝင်ထိမ်းမြားမှုဖြင့် ဇနီးကြင်ရာ ရရှိသွားပါသည်။ သူမသည် စင်္ကာပူဖွား မိရိုးဖလာမုစ်လင်မ်တစ်ဦး ဖြစ်၏။ ဇနီးသည် ဂျမီလဟ် က ကျွန်ုပ်၏ အလ္လာဟ့်လမ်းအားထုတ်မှု၌ အမြဲတစေ အနီးကပ်အဖော်ပြုလျက်ရှိသည်။ ကျွန်ုပ်တို့၏ ကွဲပြားသောအတွေ့အကြုံ နှင့် မတူညီသောကျော ထောက်နောက်ခံသည်ပင်လျှင် ကျွန်ုပ်တို့အဖို့ ကြည်နှူးစရာ ဖြစ်လာလေ၏။ ကျွန်ုပ်တို့သည် တစ်ဦးထံမှ တစ်ဦး အပြန်အလှန် လေ့လာဖလှယ်လို့ မဆုံးနိုင်တော့။

    အစားအသောက်နှင့် ပတ်သက်၍လည်း မည်သည့်ပြသနာမှ မဖြစ်။ ဂျမီလဟ် ချက်ပြုတ်သမျှ ကျွန်ုပ် စားသောက်နိုင်၏။ မဆလာနိုင်နိုင် ငရုတ်သီးစပ်စပ်ဖြင့် စီမံထားသော ဒါန်ပေါက်ထမင်းပင်လျှင် ကျွန်ုပ် အဖို့ ကိစ္စမရှိ။ သို့ဖြင့် ကျွန်ုပ်တို့ အိမ်၌ ဟင်းလျာအမြောက်အများဖြစ်ကုန်သည်မှာ ဘာတတ်နိုင်မည်နည်း။ သူမသည် အိန္ဒိယအမျိုးသမီးစစ်စစ်ဖြစ်သော်လည်း သူမကိုယ်ကိုပင် မလေးရှားသူတစ်ဦးထက် အတွေးပိုနေသူ မဟုတ်။ သူမကျင်လည်ခဲ့သောလောကမှကြည့်လျှင် ဤသည်မှာ မုစ်လင်မ်များအတွက် အထူးတဆန်းကိစ္စ တစ်ခုမဟုတ်သည်ကို ကျွန်ုပ်တွေ့မြင်ရလေ၏။

    ကျွန်ုပ်ကို မလေးလူမျိုးဟု ခေါ်မည်လော

    ကျွန်ုပ် ထိမ်းမြားကာစတွင် ကျွန်ုပ်သည် မလေးလူမျိုးအဖြစ် ခံယူရမည်ဟု ပြောသူ ရှိခဲ့ဖူး၏။ ကျွန်ုပ်အဖို့ကား အကောင်းချည်းပင်ဖြစ်၏။ အကြောင်းသော် မလေးအများစုမှာ မည်သူပင်ဖြစ်စေ ၄င်းတို့၏ အသိုင်းအ၀ိုင်းသို့ဝင်ရောက်လိုသူတစ်ဦးနှင့်ပတ်သက်၍ သည်းခံစိတ်ရှည်တတ်ကြ၏၊ လိုလိုလားလား နွေးထွေး စွာလက်ခံတတ်ကြ၏။ ကျွန်ုပ်လေ့လာမိသမျှ မလေးတို့သည် မျိုးစိတ်တစ်ခုတည်းမှ ဆင်းသက်လာသည့် လူမျိုး စု မဟုတ်။ အိန္ဒိယ၊ အာရပ်၊ တရုတ်၊ ဥရောပအာရှကပြား စသည့် မျိုးနွယ်စုပေါင်းစုံဖြင့် မလေးလူမျိုး ဟူ၍ ဖွဲ့တည်ထားခြင်းဖြစ်သည်။ အခြေခံလမ်းကြောင်းကတော့ အစ္စလာမ် သာ။ အကယ်၍ အသင်သည် မုစ်လင်မ် တစ်ဦးဆိုပါက အသင့်ကျောထောက်နောက်ခံမှာ ဘာဖြစ်ဖြစ် မလေးများအဖို့ အသင့်အား ၄င်းတို့၏ လူ့အဖွဲ့ အစည်းဝင်အဖြစ် လက်ခံလေ့သာရှိပေသည်။ Masuk Melayu ဟုခေါ်သော မလေးဖြစ်ခြင်း သည် စင်စစ်၌ ( ကျွန်ုပ် အတွက်တော့) ဂုဏ်ယူစရာတစ်ရပ်ဖြစ်၍ အတိုက်အခံပြုစရာ မဟုတ်ချေတကားဟု ခံယူမိပေသည်။

    စတီဗင် အဗ်ဒုလ် ကဒီးရ်

    From – TMR : Vol 9 , No.2 , Pg 2 , 1990 Junel – July, Pg 25-27

    TMR : Following Faith ( 2010 – 2011 ) , Pg 24-25

    ဂျူလိုင်ရဲရင့်