News @ M-Media
Author: M-Media
  • ဂျီနိုဆိုဒ်အတွက် တဘက်လှည့်သွေးထိုးမှုကြီး
    ဂျီနိုဆိုဒ်အတွက် တဘက်လှည့်သွေးထိုးမှုကြီး
    ဂျီနိုဆိုဒ်အတွက် တဘက်လှည့်သွေးထိုးမှုကြီး
    ဇူလိုင် ၂၃ရက်၊ ၂၀၁၂
    Daniel Shane
    ရခိုင်မြောက်ပိုင်းဟာ အာရှရဲ့ ကိုဆိုဗို ဖြစ်လာနိုင်မလား ”            ဆိုတဲ့ ခေါင်းစဉ်ပါမှတ်စုကို အလဲဗင်းမီဒီယာဂရုက သူ့ရဲ့ကိုယ်ပိုင် အော်ဖီရှယ် WebSite နှင့် Facebook Page မှာ တရားဝင်တင်ပြပေးခဲ့ပါတယ်။ မူရင်းရေးသားသူကတော့ ဖေ့စ်ဘွတ် အကောင့်ပိုင်ရှင် တစ်ဦးပါ။
    အဲဒီမှတ်စုမှာ “ဘင်္ဂါလီမ၊ ကျပ်မပြည့်၊ သူငယ်နာမစင်၊ ကော့ကော့ပြ၊ စားမြုံ့ပြန်” စတဲ့ standard media တစ်ခုအနေနဲ့ တည်းဖြတ်သင့်တဲ့အသုံးအနှုံးတွေအပြင် ကျုပ်တင်ပါး ဘယ်သူ့မစင်ဆိုသလို ဆီယိုပေါက် အပြစ်ရှာ၊ ဟိုမွတ်စလင်မ်အချင်းချင်းတောင် ဒီလိုလုပ်တာ ကျုပ်တို့လုပ်တော့ ဘာဖြစ်လဲဆိုတဲ့သဘောမျိုးတွေ အပြည့်ပါနေယုံတင်မက ကိုဆိုဗို၊ ဘော့စနီးယားသမိုင်းကို ပြောင်းပြန်လုပ်ပြီး ခါးတောင်းတခြား တင်ပါးတခြားဥပမာပေးပြီး ဖော်ပြထားပါတယ်။
    ဒီလို အခြေခံအဆင့် research ၊ သုတေသနကိုတောင် ကျေအောင်မလုပ်ဘဲ ရေးထားတဲ့မှတ်စုကို မြန်မာနိုင်ငံကိုယ်စားပြုမီဒီယာကြီးက တာဝန်မဲ့ဖြန့်ဝေခဲ့တာပါ။ တနည်းပြောရရင်တော့ ခါးတောင်းကြိုက်တဲ့ နေရာမှားနေလို့ ကိုယ့်အရှက်ကိုယ်ခွဲပြီး ဒါမြန်မာတမျိုးသားလုံးအလိုရှိနေတဲ့ ဆန္ဒလို့ အသားလွတ်ဝါဒဖြန့်တာပါ။
    မြန်မာပြည်က ဒုနိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဘင်္ဂလားကိုသွားပြီး ရိုဟင်ဂျာတွေ ပြန်ယူပါ့မယ်လို့ ပြောခဲ့တာ အဟုတ်တကယ်ဖြစ်လို့ မြန်မာ့ (self claim) နံပါတ် ၁ မီဒီယာကြီးအပါအ၀င် အခြားပြည်တွင်းမီဒီယာတွေက ဘာမှဝေဖန်ချက်မပေးခဲ့တာပေါ့။ နောင်များကျတော့ နိုင်ငံတော်သမ္မတကြီးက ကုလရဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးကို တရားဝင်ပြောတဲ့ မြန်မာပြည်တွင်းက ရိုဟင်ဂျာရှင်းထုတ်ရေးနည်းလမ်းကိုတော့ မြန်မာ့နံပါတ် ၁ မီဒီယာကြီးက အကျယ်တ၀န့် ဖော်ပြခဲ့ပါတယ်။
    မြန်မာ့နံပါတ် (၁) မီဒီယာကြီးခင်ဗျား – အစိုးရအဖွဲ့တဖွဲ့ထဲက အဖြေနှစ်မျိုးကို ထုတ်ပြနေတာ သတိထားမိပါရဲ့လားခင်ဗျား။ ခင်ဗျားတို့ ရေးသားဝေဖန် ထောက်ပြသင့်တာက အဲဒီအချက်ဖြစ်ပါတယ်။
     ဖဆပလ လက်ထက်က အမှား
    “ရခိုင်မြောက်ပိုင်းဟာ အာရှရဲ့ ကိုဆိုဗို ဖြစ်လာနိုင်မလား” ဆိုတဲ့ ဖေ့စ်ဘွတ်ပေါ်က မှတ်စုမှာ ရိုဟင်ဂျာနဲ့ ပတ်သတ်ပြီး ဖဆပလလက်ထက်က အမှား ကျူးလွန်ခဲ့တာရယ်လို့ ဖော်ပြထားပါတယ်။ မြန်မာ့နံပါတ် ၁ မီဒီယာကြီးခင်ဗျား – မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းနဲ့အတူ မွေးဖွားလာတဲ့ ဖဆပလက လက်ရှိ အရေခွံလဲအစိုးရလောက် အကျင့်ပျက်ခြစားမှု မများခဲ့ပါ။ ဖဆပလလက်ထက်က အမှားကျူးလွန်ခဲ့တယ်ပဲထားထား၊ အမှန်ကျူးလွန်တယ်ပဲထားထား၊ ဒါအတိတ်က မြန်မာနိုင်ငံ အုပ်ချုပ်သူတွေ လုပ်ခဲ့တဲ့အလုပ်ပါပဲ။ ဒါကြောင့်မို့လဲ နိုင်ငံတကာက ရိုဟင်ဂျာအရေးကို ခင်ဗျားတို့ပြည်တွင်းရေး၊ ခင်ဗျားတို့ဖာသာဖြေရှင်းရမယ့် အရေးဆိုပြီး ထောက်ပြနေကြတာကလား။
    လွတ်လပ်ရေးရပြီးနောက်ပိုင်းမှ မြန်မာပြည်ထဲ ၀င်လာကြတဲ့သူတွေထဲမှာ နိုင်ငံတော်ကို အကျိုးမပြုသူတွေပဲ ရှိတယ်ဆိုရင်တော့ လွဲချက်က နာသဗျာ။ နိုင်ငံအများစုကျင့်သုံးနေတဲ့ ကိုယ့်နိုင်ငံကို အကျိုးပြုနိုင်သူ၊ ပညာတတ်၊ လူရည်မွန်ဆိုရင် နိုင်ငံတွင်း ၅ နှစ်လောက် အခြေချနေထိုင်မယ်ဆိုရင်တောင် နိုင်ငံသားအဖြစ် စဉ်းစားနေပါပြီ။ ဒါမှမဟုတ် resident visa မျိုး ခွင့်ပြုပေးနေပါပြီ။ မြန်မာနိုင်ငံတော်အစိုးရက အဲလိုနည်းမှန်လမ်းမှန်ကို မချပြပဲ ဂုဏ်သိက္ခာရှိ သမ္မတ၀က်ဘ်ဆိုဒ်ကိုနေ “ခိုးဝင်လာကြသူများ” ဆိုတဲ့ အသုံးအနှုံးနဲ့ ရိုဟင်ဂျာပြဿနာကို အဖြေရှာဖော်ပြလိုက်လေတော့ ဟိုကလည်း မဆိုင်းမတွ ပယ်ပြီပေါ့ဗျာ။ စကားလုံးအသုံးအနှုံးကိုက “တရားမ၀င် အခြေချနေထိုင်လာသူများ” ဆိုရင်တောင် သမ္မတ ၀က်ဘ်ဆိုဒ်နဲ့ လိုက်ဖက်သေးသဗျ။ content writers တွေ အင်မတိ အင်မတန် ဝေါဟရကြွယ်ဝကြပါပေရဲ့၊ ရပ်ကွက်ထဲ ပဲပြုပ်သည် အသုံးအနှုံးအတိုင်းပါပေ့။
    ဘန်ကောက်ပို့စ်နဲ့ စစ်အုပ်စု
    ဒါ့ပြင် သမ္မတကြီးဦးသိန်းစိန်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်ကို ဘန်ကောက်ပို့စ်က ဝေဖန်တော့ အလဲဗင်းဂရုက ရိုဟင်ဂျာအရေးနဲ့ ပတ်သတ်တာတွေလောက် ထုတ်နုတ်ပြီး မီးလောင်ရာလေပင့်သလို၊ ထိုင်းနိုင်ငံနဲ့ ပတ်သတ်လာရင် သာမာန်ထက်ပိုပြီး စိတ်ဓာတ်ပြင်းထန်တဲ့ ပြည်သူတွေ ရှိနေတာတောင်၊ အဲဒိပြည်သူများအကြားမှာ ထားရမယ့် စည်းကိုလွန်ကာ အချိန်ကိုက်ဗုံး ဖောက်ခဲ့ပြန်ပါတယ်။
    ဘန်ကောက်ပို့စ်မှာ အယ်ဒီတာက “ဒီနည်းလမ်း တစ်ခုပဲရှိတယ်ဆိုတာ လက်ခံနိုင်ဖွယ်မရှိ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးရေးသားခဲ့ပြီး အဲဒီဆောင်းပါးမှာလည်း
    The Rohingya _ the word itself was invented and introduced during the military regimes _ have rights, too.
    “ရိုဟင်ဂျာစကားလုံးဆိုတာ စစ်အုပ်စုလက်ထက်မှာပဲ တီထွင်ဖန်တီး မိတ်ဆက်ပေးလိုက်တဲ့ စကားလုံးပါ။” လို့ ထည့်သွင်းရေးသားထားပါတယ်။ ဒီအချက်ကို အလဲဗင်း (self claim) နံပါတ် ၁ မီဒီယာကြီး ရည်ရွယ်ချက်ရှိရှိ ချန်လှပ် ထားခဲ့တာလား၊ မေ့မှားကျန်ခဲ့တာလားတော့ မသိ။
    အလဲဗင်းခင်ဗျား – ခင်ဗျားတို့ “ထိုင်းနိုင်ငံခရီးစဉ် မစတင်မီ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား The Bangkok Post သတင်းစာ ဝေဖန်” ခေါင်းစဉ်နဲ့တင်ထားတဲ့ သတင်းမှာ အဲဒီအချက်ကို ဘာလို့များ ချန်ထားရစ်ခဲ့ပါလိမ့်။
    ဒါတွင်မကသေးဘဲ ဘန်ကောက်ပို့စ်က ထောက်ပြလိုက်တဲ့ “ရိုဟင်ဂျာဆိုတာ စစ်အုပ်စုလက်ထက်အတောအတွင်း တီထွင်ဖန်တီးထွက်ပေါ်လာတဲ့စကားလုံး ” ဆိုတဲ့အချက်ကို ပိုပြီး သံသယ၀င်စေတာက အောက်ဖော်ပြပါ အဖြစ်အပျက်မျိုးတွေပါ။
    စဉ်းစားစေချင်
    နဖူးပေါ်လက်တင် စဉ်းစားကြည့်စေချင်စမ်းပါတယ် အလဲဗင်းမီဒီယာဂရု။ ရိုဟင်ဂျာပြဿနာက မြန်မာနိုင်ငံရဲ့ပြဿနာပဲ။ လူဝတ်မလဲခင် ပုဂ္ဂိုလ်ကြီးတွေ ရှုပ်ခဲ့တဲ့ ဇတ်ထုပ်ပဲ။ မြန်မာနိုင်ငံရဲ့ ရိုဟင်ဂျာနဲ့ပတ်သတ်တဲ့ အဖြေကို နိုင်ငံတကာက ငံ့လင့်နေတာ သင့်တော်မှုတစ်ခုပဲမဟုတ်လားဗျာ။
    ကိုဆိုဗို မှတ်စု
    အလဲဗင်းမီဒီယာအုပ်စုခင်ဗျား – ခင်ဗျားတို့အချိန်ကိုက်တင်ပေးခဲ့တဲ့ “ရခိုင်မြောက်ပိုင်းဟာ အာရှရဲ့ ကိုဆိုဗို ဖြစ်လာနိုင်မလား” ဆိုတဲ့ မှတ်စုမှာ ရေးသားသူက “ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရဟာ ရာစုဝက်လောက် နာမည်ပျက် ပုံရိပ်ဆိုးခဲ့တဲ့ မြန်မာနိုင်ငံကို ပုံရိပ်ကောင်းပြန်းထွက်အောင် အသဲအသန်ကြိုးစားနေရတာ သတိထားမိတယ်။”အဲသလိုရေးသားခဲ့ပါတယ်။
    ခင်ဗျားတို့ မီဒီယာကြီး မေ့နေတာက မြန်မာပြည်ကို နှစ် ၅၀ လောက်နောက်ကျကျန်ရစ်အောင် လုပ်ခဲ့တာ ဘယ်သူတွေများပါလဲ၊ သူတို့လုပ်ခဲ့တဲ့ကိစ္စတွေကို သူတို့ဖာသာဖြေရှင်းမယ်ဆိုရင်တောင် နောက်ထပ် နှစ် ၅၀ လောက်အချိန်ယူရပါဦးမယ်။ သူတို့ကိစ္စသူတို့ဟာသူတို့ ဖြေရှင်းပါစေပေါ့လို့ ခင်ဗျားတို့ တာဝန်သိမီဒီယာ၊ ပြည်သူ့မီဒီယာက ထောက်ပြရမှာပါ။
    တဖန် ဆက်ပြီးတွေ့ရတာက – “ဒီထက်မက ဗမာအမျိုးသား ပြန်လည်ရင်ကြားစေ့ရေးထက်ကိုကျော်ပြီး ဟိုး ဗိုလ်ချုပ်တို့ မကွယ်လွန်ခင် လွတ်လပ်ရေးခေတ်ကလို့ တိုင်းရင်းသားတွေနဲ့ပါ ပြန်လည်ရင်ကြားစေ့ပြီး အမျိုးသားညီညွှတ်ရေးကြီး ဖြစ်မယ်ဆို ရာစုဝက်လောက် ဆိုးခဲ့တဲ့ ပုံရိပ်ကို ပျောက်သွားစေမှာပဲ။”
    ဟုတ်တာပေါ့၊ ဒီတချက်ကတော့ အမှန်အကန်ပါပဲ။ ဒါပေမယ့် ပင်လုံတုန်းကလိုပဲ ဗိုလ်ချုပ်ကိုအနီးကပ် စိတ်ရင်းမှန်၊ သစ္စာတော်ခံပီသစွာ အကူအညီပေးခဲ့ကြတာ ဘယ်သူတွေများပါလဲ။ ခုအချိန်မှာ ခင်ဗျားတို့က မြန်မာပြည်တွင်း မွတ်စလင်မ်များရဲ့ ထောက်ခံမှုကို လိုချင်ရင် အဲဒါတွေကို ဖော်ထုတ်တင်ဆက်ရမှာပါ။ အဲဒီအချက်တွေနဲ့ မြှုဆွယ်ရမပေါ့။ မြန်မာမွတ်စလင်မ်တွေ ငံ့လင့်နေတာ အသိအမှတ်ပြုမှုပါ။ နံပါတ် ၁ မီဒီယာကြီးမှာ သူတို့အတွက် ဘယ်လိုအခန်းကဏ္ဍပေးလိမ့်မလဲဆိုတာ သူတို့စောင့်ကြည့်နေကြဆဲပါ။
    တဖန် ဆက်လက်ဖတ်ရှုရပြန်တာက – တစ်ဖက်မှာလည်း နိုင်ငံတကာက အစ္စလာမ်ဘာသာဝင်နိုင်ငံတွေက ရိုဟင်ဂျာပြဿနာကို ဘာသားရေးနှိပ်ကွပ်တဲ့ လုပ်ရပ်ဆိုပြီး ဒါးဆွဲ ဒုတ်ဆွဲ မြန်မာကို ဆဲဆိုရှုတ်ချကြိမ်းဝါးနေတာကို ပြည်တွင်း မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေက ဒါဟာ ဘာသာရေးပြဿနာမဟုတ်ဘူး လူမျိုးရေးပြဿနာပါလို့ ဘာလို့ထွက်မပြောကြသလဲ။ သူတို့ပါ ဒီစစ်တကောင်းဘင်္ဂါလီတွေကို မွတ်ဆလင်ညီအကိုများဆိုပြီး ဂရုဏာသက် ဘက်လိုက်ကာကွယ်တဲ့ စာတွေ အပြောတွေလုပ်နေကြတယ်၊ ဒါလည်း မဟုတ်သေးဘူး။ ”
    မြင်သာအောင်ပြောရရင်တော့ ခင်ဗျားတို့က ကိုယ့်တာဝန် ကိုယ်မှမယူဘဲ၊ ဒါ့ကြောင့် ဒါမျိုးတွေ ဖြစ်လာရတာပ။ အာဖဂန်မြေက တာလီဘန်တွေကို ရုရှထဲသွင်းဖို့ သူလျှိုမွေးရင်း ကိုယ့်ကိုပြန်ခြောက်လို့ ကန်ထုတ်လိုက်ရတဲ့ အမေရိကန်အဖြစ်နဲ့ တယ်ဆင်နေသကိုး။
    နောက်တစ်ချက်က ဟဒယပါ။ ဘာတဲ့၊ မြန်မာမွတ်စလင်မ်တွေထွက်မပြောဘူးဟုတ်စ။ စင်ကာပူလို ကျွန်းနိုင်ငံသေးသေးလေးမှာတောင် racial harmony အတွက် ပါလီမန်အမတ်နေရာ ခွဲတမ်းညီသဗျ။ မြန်မာမွတ်စလင်မ်တွေထဲက ဘယ်သူထွက်ပြောလို့ ဘယ်သူကများ အရေးစိုက်မှာတဲ့လဲ။ မြန်မာမွတ်စလင်မ်ပါလီမန်အမတ် ဒါမှမဟုတ် နိုင်ငံရေးအရ အရေးပါတဲ့ ပုဂ္ဂိုလ် ဘယ်နှစ်ဦးလောက် ခင်ဗျားတို့ထဲ နေရာပေးဖူးလို့တုန်းဆိုတဲ့ အမေးပဲ မြန်မာမွတ်စလင်မ်တွေဘက်က ထွက်လာပါလိမ့်မယ်။
    မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ အစ္စလာမ်ဘာသာဝင် များသို့ မေတ္တာရပ်ခံပန်ကြားလွှာ (၅-၆-၂၀၁၂
    မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး၏ သဘောထားထုတ်ပြန်ချက် (၈၊၆၊၂၀၁၂)
    ခင်ဗျားတို့ပြောသလိုဆို၊ ဒါဘာသာရေးမဟုတ်၊ လူမျိုးရေးပြဿနာ။ ဒီလိုဆို ဟုတ်ကပြီ။ ဘာသာရေးမဟုတ်လို့ ပြည်တွင်းက အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေ ထုတ်ပြန်သင့်တဲ့ ငြိမ်းချမ်းရေးစာတမ်း တွေ ထုတ်ပြန်ပြီး သာသနာရေးနည်း လမ်းအရသူ့လူသူထိန်းပြီးမှ ခင်ဗျားတို့က ဘာလို့ ထွက်မပြောသလဲ မေးခွန်းထုတ်နေရတုန်းဗျ။ ခင်ဗျားတို့ပဲ ဘာသာရေးမဟုတ်ဆိုမှာတော့ ၊ မြန်မာမွတ်စလင်မ်တွေထဲမှာ နိုင်ငံရေးအရ အရာရောက်တဲ့ခေါင်းဆောင် ရှိလို့လားဗျာ။
    အဲ – ရှိတဲ့ ပေါ်ပြူလာ ကိုမြအေးကလည်း သူ့ဆန္ဒထုတ်ပြောပြီးပြီလေဗျာ။ ဘာထပ်လုပ်ပေးရအုန်းမလဲခင်ဗျာ။
    အခုတော့ အားလုံးက ဒီစစ်တကောင်းဘင်္ဂါလီတွေ ကြောင်းတဲ့လမ်းအတိုင်းလိုက်ပြီး ဘာသာရေးပဋိပက္ခယိမ်း ကနေကြတယ်။
    ဘာသာရေးပဋိပက္ခယိမ်း ဟုတ်စ။ လက်ရာမြောက်ပါပဲ။ ရခိုင်အရေးစဖြစ်တော့ ကျွန်တော်တို့ မြန်မာမွတ်စလင်မ်တွေ ဘာတွေလုပ်ခဲ့သလဲ၊ ဆိုရှယ်မီဒီယာတွေပေါ်မှာ ဘယ်သူတွေ ဘာလုပ်ခဲ့သတုန်းဆိုတာ နိုင်ငံတကာက သက်သေခံနေဆဲပါ။ မွတ်စလင်မ်မုန်းတီးရေးအရင်းခံ ၀ါဒီတွေရဲ့ အစ္စလာမ်သာသနာကို တိုက်ရိုက်ထိခိုက်ပြီး မိုက်ရိုင်းပြုမူ တံခွန်ထူမှုနဲ့ မြန်မာမွတ်စလင်မ်တွေရဲ့ သည်းခံစိတ်မွေးမြူပြီး လိုက်လံ ဖျောင်းဖျမှုက တိုက်ရိုက်အချိုးချလို့ရပါရဲ့။
    အာဖဂန်မှာ ဗုဒ္ဓရုပ်ပွားတော်ဖျက်လို့ အသားလွတ်အကြိမ်းခံ၊ အဆဲခံရတာလည်း မြန်မာမွတ်စလင်မ်၊ ခု ပြည်တွင်းက ဗလီတွေအဖျက်ခံ၊ လူတွေအသတ်ခံရလို့ နိုင်ငံတကာက မီးမောင်းထိုးတော့လည်း ဒါမောင်မင်းတို့ ပြည်တွင်းမွတ်စလင်မ်တွေ မကောင်းလို့ဆိုတာက စေ့စေ့တွေးတော့ ရေးရေးပေါ်လာတဲ့ တယ်ပြီးမဟုတ်တဲ့ မဟုတ်ရေးချပါ။
    ကမ္ဘောဒီယားနဲ့ ထိုင်း ဟိန္ဒူဘုရားကျောင်းလုပွဲတုန်းက နှုတ်ဆိတ်လွန်းတဲ့ အာဆီယံအတွင်းရေးမှူး ထိုင်းနိုင်ငံသား အစ္စလာမ်ဘာသာဝင် ဒေါက်တာဆူရင်းဖစ်ဆူဝမ်က အခု ရိုဟင်ဂျာကိစ္စကျမှ အသံထွက်လာတာ အတော်ရုပ်ပျက်လွန်းတယ်။ 
    အတော်ရုပ်ပျက်၊ မပျက်ဆိုတာ နိုင်ငံတကာအသိုင်းအ၀ိုင်း စောင့်ကြည့်လူတန်းစားကမှ သတ်မှတ်လို့ရတာပါ။ ကာယကံရှင် နှစ်ပါတီဘက်က အသားလွတ်စွပ်စွဲပြီးလိုသလို ကောက်ချက်ဆွဲလို့မရပါ။
    ထိုင်းနဲ့ ကမ္ဘောဒီးယား တို့ ဘယ်လိုပြေလည်သွားသလဲဆိုတာကို မဖော်ပြပဲ အစ္စလာမ်ဘာသာဝင်ကို ဘာကြောင့် မဆီမဆိုင်မျက်မုန်းကျိုးနေရပါသလဲ။ နိုင်ငံတကာ တရားရုံးရဲ့ ပြီးခဲ့တဲ့နှစ် ဇူလိုင်က ဆုံးဖြတ်လိုက်တဲ့ ဆင့်ဆိုချက်အရ ထိုင်းရော ၊ ကမ္ဘောဒီးယားဘက်ကပါ အဲဒီဘုရားကျောင်ပတ်လည်က တပ်တွေကိုနောက်ဆုတ်ပေးခဲ့ကြတာပ။
    ဒီတော့ အလဲဗင်းနဲ့ ကိုအောင်ဇင်လတ်တို့ခင်ဗျား – ရိုဟင်ဂျာအရေးကို ကုလအေဂျင်စီတွေက လတ်တလော ဘယ်လိုများကိုင်တွယ်၊ သတင်းထုတ်ပြန်နေပါသလဲ။ လူ့အခွင့်အရေးစောင့်ကြည့်ရေး Human Rights Watch ကဆိုရင် ဦးသိန်းစိန်ရဲ့ ထိုင်းအလည်အပတ်ခရီးစဉ်ချိန်သားကိုက် ထိုင်းဝန်ကြီးချုပ် ယင်လတ်ဆီ စာတောင်ပေးပို့ခဲ့သဗျ။  (http://www.hrw.org/news/2012/07/20/thailand-press-burmese-president-rights)
    ဒီတော့ကား မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာအရေးမှာ ကုလအဆုံးအဖြတ်ကို ဘာလို့အဆိုမပြုသေးတာတုန်းလို့ ဆန်းစစ်ရတော့မပေါ့။
    အဆိုပြုခဲ့လို့ ကုလကဆုံးဖြတ်ပေးလိုက်မယ့်အဆုံးအဖြတ်ကို မြန်မာပြည်က လူများစုကြီးက ထိုင်းတို့ ကမ္ဘောဒီးယားတို့လို နိုင်ငံကြီးသားများပီသစွာ လက်ခံနိုင်ကြရင် ကောင်းလေစွ။
    တကယ်ဆို ရိုဟင်ဂျာပြဿနာကို အဲဒီမွတ်ဆလင်နိုင်ငံတွေက ဘာများဖြေရှင်းပေးနိုင်သလဲ၊ အိန္ဒိယက သူ့ထဲဝင်လာတဲ့ ဘင်္ဂလားတွေကို ပစ်သတ်နေတာကို မွတ်ဆလင်ဘရားသားဆိုပြီး ဘာပြောရဲသလဲ၊ တကယ်ဆို အိန္ဒိယရဲ့ အနောက်ဘင်္ဂလားဟာ အရှေ့ဘင်္ဂလားဆိုတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ တနွယ်တည်းသော ဘင်္ဂါလီလူမျိုးတွေနေနေကြတာ၊ အဲဒါကမှ ဘာသာရေးပြဿနာစစ်စစ်။ ပြီးတော့ မြင့်မြတ်ရာနယ်မြေဆိုတဲ့ ဆော်ဒီကရော မွတ်ဆလင်ဘရားသားဆိုပြီး သူ့ဆီရောက်တဲ့ ရိုဟင်ဂျာတွေကို ကောင်းကောင်း မွန်မွန် နေရာပေးလက်ခံပါရဲ့လား။ 
    အထက်မှာလည်း ပြောခဲ့ပြီးပါပြီ။ ခပ်ပြတ်ပြတ်ထပ်ပြောရရင် ငါ့တင်ပါးထဲ ဘယ်သူမစင်ထည့်သွားသလဲ မစဉ်းပါနဲ့။ ကိုယ့်ခန္ဓာက အပုတ်က ကိုယ့်ခန္ဓာရဲ့ ထွက်ကုန်ပါပဲ။ နိုင်ငံတကာမှာ ကျင့်သုံးတဲ့ဥပဒေက နယ်နိမိတ်စည်းခြား တရားမ၀င်ဖြတ်ကျော်ရင် ပစ်။ အတိတ်က နှစ်ပေါင်းများစွာအုပ်ချုပ်သွားတဲ့ မြန်မာအစိုးရလက်ထက်က ရခိုင်နယ်စပ်မှာ အဲသလို  လုပ်ခဲ့ရင်…….။ တွေးပါ တွေးပါ။ မဆီမဆိုင်တာတွေ ထိုင်ပြောနေရင် အပျက်ပျက်နဲ့ နှာခေါင်းသွေးယိုတာပဲဖြစ်ပါလိမ့်မယ်။ limitless တော့ နှစ်ဖက်စလုံးက မလုပ်မိဖို့ အရေးကြီးနေချိန်ပါ။
    အဲဒီအပိုင်းအခြားထဲမှာ နေနေကြတဲ့ လူတွေဟာလည်း လူချင်းအတူတူပဲမပြောနဲ့ အမေ၀မ်းထဲက တ၀မ်းထဲ ထွက်ခဲ့ပါစေ ခံယူတဲ့ နိုင်ငံသားချင်းမတူရင် လူမျိုးကွဲပဲ။ 
    ဘာကြောင့်ဘယ်လို west bangal (အိန္ဒိယ) နဲ့  ဘင်္ဂလားဒေ့ရှ်တို့ နိုင်ငံ ၂ ခုခွဲထွက်နေတာတောင် လူမျိုးတူ ဘာသာရေးပြဿနာလို့ ကင်ပွန်းတပ်နေရတာတုန်း။ (ခင်ဗျား ဖွင့်ဆိုချက်အရပဲ နိုင်ငံကွဲရင် လူမျိုးကွဲပဲပေါ့။)
    လူမျိုးက လူမျိုးပဲ နိုင်ငံသားက နိုင်ငံသားပဲ… နိုင်ငံသားချင်းမတူလို့လူမျိုးကွဲတယ်ဆိုတာ တော်တော်ကြီးကိုတိမ်တဲ့အတွေးအခေါ်ပဲ… race နဲ့ citizenship တောင်မခွဲခြားနိုင်လောက်တဲ့ အခြေအနေနဲ့လူတစ်ယောက်ရဲ့ အမြင်တွေက ဘယ်လောက်အထိမှန်နိုင်ပါဦးမလဲ???
    အိန္ဒိယရဲ့ကိုင်တွယ်ပုံကိုပဲမြင်ရင် အိန္ဒိယက သူ့နိုင်ငံအဝန်းအဝိုင်းထဲက ဘင်္ဂါလီတွေကိုရော ဘယ်လိုမျိုးအခွင့်အရေးပေးထားပြီး ခိုးဝင်လာသူတွေကိုဘယ်လိုကိုင်တွယ်တာလဲဆိုတာလေး ပြောဦးမှပေါ့… မြန်မာနိုင်ငံရဲ့ နိုင်ငံသားဖြစ်မှုဥပဒေက အိန္ဒိယလောက် မျှတရဲ့လား… အဲ့ဒါလေးတွေလည်း ပြန်ထည့်တွက်ဦးလေ။
    မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးသတ်မှတ်ရေးကို လွတ်လပ်ရေးရကတည်းက ဘယ်တုန်းကများ တစိုက်မတ်မတ်လုပ်ခဲ့ပြီး ဘယ်လောက်ခိုင်မာတဲ့အချက်အလက်တွေနဲ့ အတည်ပြုပြီးပြီလဲ… သူများတွေဖြေရှင်းပုံက ပြဿနာအရှာမခံရဘူးဆိုရင် သူများတွေဘယ်လို ကိုင်တွယ်လည်းဆိုတာလေးကျတော့ ထည့်မပြောတတ်လိုက်တာဗျာ… သိပ်လည်း မျှတတဲ့အမြင်ကြီးပဲဗျ။
    နှစ်ဘက်စလုံး ဒီပုတ်ထဲက ဒီပဲဆိုပေသည့် တဘက်ကတော့ ငါ့နောက်၊ ပြည်သူရှိပါလားလို့တောင်….
    ၁) ဒီလူတွေက အင်မတန်လည်တယ်။ ပြဿနာကို လူမျိုးရေးပုံစံမျိုးမဟုတ်ပဲ ဘာသားရေးဖိနှိပ်မှု ပုံပေါ်အောင် စနစ်တကျ မီဒီယာတွေကို ဝင်ရောက်ထိုးဖေါက်ထားတာတွေ့ရတယ်။ ဒါဟာ အခုမှမဟုတ်ပဲ လွန်ခဲ့တဲ့ နှစ်တွေအများကြီးကတည်းက စနစ်တကျ ပလန်ချပြီး ကြိုတင်စီစဉ် ထိုးဖေါက်နေရာယူထားတာပဲ ဖြစ်ရမယ်။
    ၂) ဒါနဲ့ပတ်သတ်ပြီး တစ်ခုသတိရမိတာက ဒီပဋိပက္ခတွေမဖြစ်ခင် တစ်လ နှစ်လလောက်က ဗလီဆောက်တဲ့ ကိစ္စနဲ့ အငြင်းပွားမှုတွေ အစ္စလာမ်ဘာသာဝင်တွေနဲ့ စီးပွားရေးအရ အငြင်းပွားမှုတွေ ဆက်တိုက်ဖြစ်ခဲ့တာဟာ တစုံတရာဟာ ဒီလမ်းကြောင်းရောက်အောင် အချိန်အတော်ကြာကြာကတည်းက စီစဉ်နေခဲ့တယ်လို့ ယူဆလောက်တယ်။
    အထက်က နံပါတ်စဉ် ၁ နဲ့ ၂ ကို ချိန်သားကိုက်အောင် မညှိပဲ ရေးသားတာကတော့ စိတ်ပျက်ဖွယ်ပါပဲ။ “အချိန်အတော်ကြာကြာကတည်းက စီစဉ်နေခဲ့” နဲ့ “စနစ်တကျပလန်ချပြီး ကြိုတင်စီစဉ်” ဆိုတဲ့ စကားလုံးတွေက ထပ်တူညီပါပဲ။ အဲဒီစကားစု နှစ်ခုစလုံးအတွက်တော့ သက်သေအထောက်အထား ဗလာနတ္ထိပါ ကိုအောင်ဇင်လတ်နဲ့ အလဲဗင်းတို့ခင်ဗျား။ ခင်ဗျားတို့ဘက်မှာ နှစ်ခုစလုံးအတွက် ခိုင်မာတဲ့သံသယတွေ ရှိတယ်ဆိုရင် စာဖတ်သူကို ပိုပြီးနားလည်အောင် အထောက်အထားပေးဖော်ပြရပါလိမ့်မယ်။
    ဒီကိစ္စရပ်နှစ်ခုလုံးမှန်တယ်ပဲထားအုန်း။ တဘက်က နိုင်ငံတကာမီဒီယာကို စည်းရုံးတယ်၊ တဘက်က မိမိအာဏာတည်မြဲရေးနဲ့ တပါးသူ defame ဖြစ်ရေးတို့အတွက် လိုသလိုအသုံးချဖို့ အကောက်ကြံ ပလန်ချလုပ်ကြံ တယ်။ အမေးက တိုင်းပြည်ကို အုပ်ချုပ်နေတဲ့လူကြီးမင်းတွေက တိုင်းပြည်ထဲကလူတွေအတွက် မစဉ်းစားဘဲ၊ တဘက်က နိုင်ငံတကာမီဒီယာကို မြှုနေတဲ့အချိန် ဘာလို့များအာဏာတည်မြဲရေးအတွက် အကောက်ကြံဥာဏ်စဉ်ဆွဲ၊ အကျင့်ပျက်ခြစားခဲ့ကြတာပါလိမ့်။
    တလက်စတည်းထောက်ပြချင်တာက ဗလီဆောက်တဲ့ကိစ္စ၊ ဖျက်တဲ့ကိစ္စနဲ့ စီးပွားရေးပြဿနာကိစ္စတွေအားလုံးက ရခိုင်မှာ ဖြစ်ခဲ့တာမဟုတ်သလို ဘယ်မီဒီယာ ကြီးတွေကမှလည်း focus လုပ်၊ တင်ပြပေးခဲ့ကြတာမဟုတ်ဘူး။
    ကိုဆိုဗို (ဘော့စနီးယား) မာဆကားမှာ ဆာ့ဘ်တွေမှန်တယ်ဆိုပဲ
    အလဲဗင်းမီဒီယာဂရုနဲ့ ကိုအောင်ဇင်လတ်တို့ခင်ဗျား – ဒီလိုမျိုးဝါဒဖြန့်ချိမှုက ဘယ်လောက်ထိတာသွားနိုင်သလဲဆိုတဲ့ အကျိုးဆက်ရလဒ်ကို သတိပြုမိခဲ့ပါသလား။ ခင်ဗျားတို့ရဲ့ ကလောင်တံက လူပေါင်းများစွာကို ဇီဝိန်ခြွေပြစ်လိုက်နိုင်ပါတယ်။ တာဝန်မမဲ့ကြပါနဲ့။ သွေးထိုးပေးခြင်း၊ သွယ်ဝိုက်စွာ မြှောက်ထိုးပင့်ကော်လုပ်ပေးခြင်းနဲ့ စောရလမ်းပြခြင်းမျိုးတွေကနေ ရှောင်ရှားကြပါ။
    ရာသီစက်ကွင်းအလိုက် ပြောင်းလဲတဲ့သဘောထား
    လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုနီးနီးအတွင်း မြန်မာဘာသာစကားနဲ့ အစ္စလာမ်သာသနာတော်ကို ကြမ်းတမ်းခက်ထန်စွာ အသေရေဖျက်စော်ကားနေတဲ့ အွန်လိုင်းလူရမ်းကားများ (ဥပမာ နာမည်ကျော်ပလန်းနက်ဖိုရမ်မှ အစပြုခဲ့သော အစ္စလာမ်ဆန့်ကျင့်ရေး ဖိုရမ်မာ အချို့)က အဖန်ဖန်အလီလီဆွဲငင်ယူသုံး ခဲ့ကြတာ အမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေကတင်ပြတဲ့ အစ္စလာမ့်ဆန့်ကျင်ရေးစာပေတွေပါ၊ တဘက်သတ်ရေးထားတဲ့ သမိုင်းဖြစ်ရပ်တွေပါ။ သူတို့ဘာရေးရေး မြန်မာမွတ်စလင်မ်ကလွဲလို့ ကျန်တဲ့ လူအားလုံးက အမှန်ထင်ခဲ့တာချည့်ပဲ။
    ခုများကြတော့ဗျာ။ အမေရိကန်အပါအ၀င်၊ ကုလသမ္မဂပါမကျန်၊ အနောက်နိုင်ငံအားလုံးက ကိုဆိုဗို၊ ဘော့စနီးယားသမိုင်းမှာ ဆာ့ဘ်တွေက အစ္စလာမ်ဘာသာဝင် တွေကို မျိုးတုန်းသတ်ခဲ့ကြတာပါဆိုတဲ့ သမိုင်းက အလိမ်ကြီးတဲ့ဗျာ။ တယ်လည်းတတ်နိုင်၊ ရယ်စရာကောင်းပါပေ့။
    အယူမှန်ခရစ်ယာန်ဘာသာဝင် ဆလပ်တွေရဲ့ နေရာကို ခိုးဝင်ရောက်အခြေချလာတဲ့ အိမ်နီးနားချင်း အစ္စလာမ်ဘာသာဝင် အယ်ဘေးနီးယားက တဖြေးဖြေးနဲ့ အင်အားကြီးထွားလာတော့ မူရင်းဒေသခံ ဆလပ်တွေ လူနည်းစုဖြစ်၊ အဲဒီကနေ အခု ရခိုင်ဒေသမှာလိုပဲ လူမျိုးရေးပဋိပက္ခဖြစ်တော့ အယ်ဘေးနီးယားက ပံ့ပိုးပြီး ကိုဆိုဗိုလွတ်မြောက်ရေး တပ်မတော်ဆိုပြီးဖွဲ့ ဒီကနေ အယ်ဘေးနီးယား အမျိုးသားတပ်မတော်ဆိုပြီး မူလဒေသခံ ဆလပ်တွေကို သတ်တာတွေ ဖြတ်တာတွေလုပ်၊ အဲဒီတုန်းက  ယူဂိုဆလားဗီးယား တစ်နိုင်ငံလုံးမှာဆို ဆလပ်တွေက လူများစု ဖြစ်ပြီး အယ်ဘေးနီးယားအနွယ်တွေက လူနည်းစုပေါ့၊ ဒါပေမဲ့ ကိုဆိုဗိုမှာကတော့ အယ်ဘေးနီးယားအနွယ်တွေက လူများစု ဆလပ်တွေက လူနည်းစု အခု ဘူးသီးတောင် မောင်းတောလိုပေါ့။ 
    ကိုအောင်ဇင်လတ်နဲ့ တာဝန်မဲ့အလဲဗင်းတို့ သိထားတဲ့ ကိုဆိုဗိုသမိုင်းက myth ဆိုတဲ့ ဒဏ္ဍာရီတွေပါ။ ခရစ်နှစ် ၆ ရာစုအကုန်လောက်မှာ ကိုဆိုဗိုက အော်တိုမန်အင်ပါယာအောက်ရောက်နေပြီ။ သမိုင်းမှန်အရ အဲဒီအချိန်က ကိုဆိုဗိုမှာ ကက်သလစ်အလ်ဘေးနီးယန်းတွေရှိနေပေမယ့် သူတို့ပိုင် ချာ့ခ်ျတွေက ဆာဘီးယားသြသိုဒေါ့စ်ချာခ်ျတွေထက် တန်ခိုးသြဇာနည်းပါတယ်။ ကိုအောင်ဇင်လတ်ပြောတဲ့ အယူမှန်ခရစ်ယာန်ဆိုတာ ဘယ်တမျိုးလဲခင်ဗျာ။ ဆာဘီးယန်းသြသိုဒေါစ်လား၊ အလ်ဘေးနီးယန်းကက်သလစ်လား။
    အဲဒီအချိန်က အလ်ဘေးနီးယန်းတိုင်း မွတ်စလင်မ်လို့ ရောထွေးပြီး လုပ်ပစ်ခဲ့တာ၊ စာဖတ်ပရိသတ်ကို လှည့်စားခဲ့တာကတော့ ပက်စက်တဲ့ ယုတ်မာမှုပဲလို့ မှတ်ချက်ပြုပါရစေ။
    မဲလ်ကွန် နိုဝဲလ်ရေးသားတဲ့ ကိုဆိုဗို၊ အတိုချုန်းသမိုင်းစာအုပ်မှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။
    The Bektashi order of dervishes carried out a conversion campaign which stressed the similarities between their version of Islam and Christianity.
    ဘတ်တရှီသြဒါခေါ် ရှီယိုက်ဆူဖီလှုပ်ရှားမှုက ကိုဆိုဗိုမှာ ဘယ်လိုလှုပ်ရှားခဲ့သလဲ၊ ဒါရ်ဝီရှ်လို့ခေါ်တဲ့ အစ္စလာမ်သာသနာပြုတွေက သူတို့ပုံစံ အစ္စလာမ်နဲ့ ခရစ်ယာန်အကြားတူညီမှုကို အသားပေးဖော်ပြခဲ့ပြီး သာသနာပြုခဲ့ကြတာပါ။ (Malcolm, Noel, Kosovo: A Short History, pp.124-135) ဘယ်နှယ့်လုပ် ခိုးဝင်လို့ ကိုဆိုဗိုမှာ မွတ်စလင်မ်တွေ များလာရတာလဲ။ ကိုယ့်ကလောင် ကိုယ်တာဝန်ခံရင် detail research လည်း လုပ်ဦးမှပေါ့ဗျာ။
    ၁၇၁၇ မှာ ဘဲလ်ဂရိတ်ကနေ အစ္စတန်ဘုလ်အထိ ဗြိတိသျှသံအမတ်ကို လမ်းပြလုပ်ပေးခဲ့တဲ့ အလ်ဘေးနီးယန်းကြီးကဆို သောကြာနေ့ဗလီတက်ပြီး တနင်္ဂနွေ ရောက်ရင် ချာ့ခ်ျတတ်သတဲ့။ (Murphy, Dervla, Embassy to Constantinople, p.102)
    Albanians in Kosovo who had been passing as Muslims were declaring themselves Catholics (to avoid conscription) as late as 1845. (Malcolm, Noel, Kosovo: A Short History, pp 185-86) ကိုဆိုဗိုက အလ်ဘေးနီးယန်းတွေက မွတ်စလင်မ်တွေအဖြစ် ဘ၀ကျောင်းလမ်းနေခဲ့ကြပေမယ့် သူတို့ကိုယ်သူတို့တော့ (စစ်မှုမထမ်းရအောင်) ကက်သလစ်လို့ ၁၈၄၅ လောက်ထိ ကြေငြာခဲ့ကြတာဆိုပဲ။
    ဒီတော့ကား ကိုဆိုဗိုက အလ်ဘေးနီးယန်းတွေကို ခရစ်ယာန်လို့ပြောလည်း မှန်နေမှာပဲ။ (http://en.wikipedia.org/wiki/Islam_in_Kosovo#cite_note-5 မှ ကိုးကား)
    နောက်တစ်ချက်က ကိုဆိုဗိုမှာ ဆာ့ဘ်တွေ ပျောက်သွားတာမျိုး မရှိခဲ့ဘူး။ ၁၉၉၉ မွတ်စလင်မ်ဂျီနိုဆိုဒ်မဖြစ်ခင်ထိ ဆာ့ဘ်ပမာဏက များပြားဆဲပါပဲ။ ဘာကြောင့်လဲဆိုတော့ –
    The third myth that Malcolm tries to debunk is the celebrated migration of thousands of Serbs from Kosovo to southern Hungary at the end of the seventeenth century led by their patriarch, Arsenije III. Malcolm’s fascinating research concludes that the patriarch fled the territory without leading a mass exodus, that the numbers of Serbs who eventually landed in Hungary were fewer than Serb tradition assumes, that most of the Serb refugees were not from Kosovo, and that it was therefore not this event that caused Kosovo to be depopulated of Serbs. (http://www.ess.uwe.ac.uk/genocide/reviewy5.htm)
    ၇ရာစုမှာ ကိုဆိုဗိုကနေ ဟန်ဂေရီကို ထွက်သွားတဲ့ ဆာ့ဘ်အုပ်စုကြီးကို ရိုးမယ်ဖွဲ့ပြီး ကိုဆိုဗိုမှာ ဆာ့ဘ်လူဦးရေ နည်းသွားတယ်လို့ မပြောနိုင်ဘူးလို့ မဲလ်ကွန်နိုဝဲလ်ရဲ့ စာအုပ်ကို ရီဗျူးလုပ်ထားတဲ့ သောမတ်စ် အမ်းမားတ်က တင်ပြထားသဗျ။
    အတိုချုန်းရရင်တော့ အော်တိုမန်အင်ပါယာ (ခရစ် ၆ ရာစု) ကတည်းက ကိုဆိုဗိုမှာ အစ္စလာမ်သာသနာဆိုတာ ရှိနေပြီးပြီ ကိုအောင်ဇင်လတ်ရ။ ပြောမယ်ဆိုရင် နောက်ပိုင်းမှ ခင်ဗျားပြောတဲ့ အစစ်အမှန်ခရစ်ယာန်တွေကြောင့် မွတ်စလင်မ်တွေ အစုလိုက်အပြုံလိုက် သေပွဲဝင်ခဲ့ရလို့ မွတ်စလင်မ်ဦးရေ ကိုဆိုဗိုမှာ ဒီထက်နည်းသွားတာပဲ။
    ကိုဆိုဗိုမှာ မွတ်စလင်မ်တွေ ဆာ့ဘ်တွေနဲ့ နင်လား၊ ငါလား ခေတ်ပြိုင်ရှိခဲ့ကြတာ၊ ခိုးဝင်လာလို့ ဆာ့ဘ်တွေနေရာပျောက်တာမဟုတ်ဆိုတာ ရှင်းလောက်ပါပြီ။
    ၁၄ရာစုက ကိုဆိုဗိုမှာ ဆာတ့်က ၉၆.၆% အယ်ဘေးနီးယားက ၃% ပဲရှိတယ်၊ အဲ ၁၉၉၁ ရောက်တော့ အယ်ဘေးနီးယားက ၈၁.၆% နဲ့ ဆာ့တ်က ၉% ပဲ ကျန်တဲ့အထိ ပြောင်းပြန်ဖြစ်သွားတယ်
    ခင်ဗျားနှိုင်းယှဉ်ပုံကလည်းဗျာ။ ၁၄ ရာစုနဲ့ ၂၀ ရာစု၊ အတော်လည်း နီးနိုင်လွန်းပါတယ်။
    ကိုအောင်ဇင်လတ်ရေးခဲ့တဲ့ ၁၄ ရာစုမှာ ဆာ့ဘ်ဘယ်လောက်၊ ၁၉၉၁ မှာ ဘယ်လောက်ပဲကျန်တော့တယ်ဆိုတာက အလ်ဘေးနီးယန်း တွေ ခိုးဝင်လာလို့၊ တိုက်ထုတ်လိုက်လို့မှ မဟုတ်တာပဲ။ အလ်ဘေးနီးယန်းတွေကိုယ်တိုင် ကျင့်သုံးတဲ့ အစ္စလာမ်ဝါဒက ခရစ်ယာန်နဲ့ လိုက်လျောညီထွေဖြစ်နေမှာတော့ ကက်သလစ်နဲ့ သြသိုဒေါစ်ညိတာကို မဆီမဆိုင် မွတ်စလင်မ်ကို ဘယ်ကြားထဲ ထည့်လိုက်ရတာတုန်း။
    ၁၉၉၁ သန်းခေါင်စာရင်းကို ကြည့်ရင် ဒီလိုတွေ့ရပါတယ်။
    အလ်ဘေးနီးယန်းတွေ ဘွိုင်ကောက်လုပ်ခဲ့တဲ့ သန်းခေါင်စာရင်းအရ ၁၉၉၁ မှာ ဒီလို –
    • 194,190 Serbs (10%)
    • 20,365 Montenegrins (1%)
    • 9,091 Albanians (most boycotted)
    • 57,758 Muslims
    • 44,307 Romas
    • 10,445 Turks
    • 8,062 Croats (Janjevci, Letnicani)
    • 3,457 Yugoslavs
    နောက်ပိုင်းပြင်ဆင်နဲ့ ၁၉၉၁ သန်းခေါင်စာရင်းက ဒီလို –
    • 1,596,072 Albanians (81.6%)
    • 194,190 Serbs (9.9%)
    • 66,189 Muslims (3.4%)
    • 45,760 Romas (2.34%)
    • 20,365 Montenegrins (1.04%)
    • 10,445 Turks (0.53%)
    • 8,062 Croats (Janjevci) (0.41)
    • 3,457 Yugoslavs (0.18%)
    • 11,656 others (0.6%)
    (http://en.wikipedia.org/wiki/Demographics_of_Kosovo#1321-1331)
    အဲဒါပေမယ့်ပြင်ဆင်ချက်ကို အမှန်လို့ မယူကြဖို့ ၀ီကီက သတိပေးထားသဗျ။ ဒီတော့ကား ဘယ်မလဲ မွတ်စလင်မ်အရေအတွက်က ဆာ့ဘ်ထက်ပိုများပါတယ်ဆိုတဲ့ အထောက်အထား။ အလ်ဘေးနီးယန်းတိုင်း မွတ်စလင်မ်မဟုတ်ဆိုတာ သတိလေးတော့ ချပ်ခဲ့သင့်တာပေါ့ဗျာ။
    မဲလ်ကွန် နိုဝဲလ်ရေးသားတဲ့ A Short History သမိုင်းစာအုပ် ခုလို မှတ်ချက်ပေးထားပါသေးတယ်။
    “There have been many battles and wars in Kosovo over the centuries, but until the last 100 years or so none of them had the character of an ‘ethnic’ conflict between Albanians and Serbs.” (Kosovo, A Short History page. xxix)
    (၂၀ ရာစု အတွင်း) ကိုဆိုဗိုမှာ စစ်ပွဲတွေအများကြီးဖြစ်ခဲ့တာပေါ့၊ ဒါပေမယ့် လွန်ခဲ့နှစ် ၁၀၀ အတွင်း သို့မဟုတ် အဲလောက် အချိန်အထိ အလ်ဘေးနီးယန်းတွေနဲ့ ဆာ့ဘ်တွေအကြား လူမျိုးရေး ပဋိပက္ခ၊ နှစ်ဘက်စလုံးမှာ မရှိခဲ့ဘူးတဲ့ဗျာ။ အတုယူစရာပေါ့ဗျာ။
    ၁၉၈၁ ကိုဆိုဗိုမှာ ဆာ့တ်နဲ့ အယ်ဘေးနီးယား လူမျိုးရေး ပဋိပက္ခဖြစ်တော့ အစ္စလာမ်ဘာသာဝင် အယ်ဘေးနီးယားတွေက တိုက်ခိုက်လို့ ဆာတ့်လူမျိုး တစ်သောင်းလောက် ကိုဆိုဗိုကနေ ပြောင်းပြေးခဲ့ကြတယ်၊ ဆာ့တ်တွေရဲ့ ရှေးဘာသာရေး အဆောက်အဦးတွေ အဖျက်အဆီးခံရတယ်။ နောက်ပိုင်း ပဋိပက္ခတွေ ခဏခဏဆက်ဖြစ်နေတော့ လူနည်းစုဆာ့တ်တွေက ကိုဆိုဗိုမှာ မနေရဲကြတော့ဘူး။ ဒီလိုနဲ့ ကိုဆိုဗိုဟာ အယ်ဘေးနီးယားအနွယ် အစ္စလာမ်ဘာသာဝင် လူများစုနေထိုင်တဲ့ အရပ်ဖြစ်သွားခဲ့တယ်။
    သမိုင်းစာအုပ် ခုလို ၁၉၈၁ မှာ အလ်ဘေးနီးယန်းကျောင်းသားတွေက နိုင်ငံရဲ့ဆင်းရဲမွဲတေမှု၊ ကျောင်းပြီးအလုပ်မရှိမှုနဲ့ အလုပ်လက်မဲ့မြင့်မားမှုတွေ ကြောင့် ဆန္ဒပြကြတယ်။ နောက်တော့ ဆူပူသောင်းကျန်းမှုအသွင်ဖြစ်သွားပြီး လူပေါင်း ၂ သောင်းလောက်ပါဝင်လာတယ်။
    ကိုအောင်ဇင်လတ်ရေ၊ ဒီနေရာမှာ ခင်ဗျားပြောသလို ဆာ့ဘ်တွေဘက်က ထိခိုက်နစ်နာမှု၊ ခွဲခြားခံရမှုတွေ ရှိခဲ့ပါတယ်။ သို့သော် အဲဒီအချိန်က ကိုဆိုဗိုကို အုပ်ချုပ်နေတာ ကွန်မြူနစ်အစိုးရ၊ ယူဂိုဆလပ်အစိုးရလေဗျာ။
    Perhaps the most politically explosive complaint leveled by the Kosovo Serbs was that they were being neglected by the Communist authorities in Belgrade. (New York Times 1987-06-27, “Belgrade Battles Kosovo Serbs”)
    ကိုဆိုဗိုဆာ့ဘ်တွေ အပေါက်ကွဲဆုံး စောဒကတက်ခဲ့ကြတာက သူတို့ကို ဘဲဂရိတ်အာဏာပိုင် ကွန်မြူနစ်တွေက လျစ်လျူပြုခဲ့တာကိုပါ။
    In August 1987, during the dying days of Yugoslavia’s Communist regime, Kosovo was visited by Slobodan Milošević, then a rising politician. He appealed to Serb nationalism to further his career. Having drawn huge crowds to a rally commemorating the Battle of Kosovo, he pledged to Kosovo Serbs that “No one should dare to beat you”, and became an instant hero of Kosovo’s Serbs. By the end of the year Milošević was in control of the Serbian government. (Wiki – http://en.wikipedia.org/wiki/History_of_Kosovo#cite_note-nyt19870627-28)
    ၁၉၈၇ သြဂုတ်လ မှာတော့ ကိုဆိုဗိုကို ဆလိုဘိုဒန် မီလိုဆီဗစ် (ယူဂိုဆလပ် ဆိုရှယ်လစ် ၀န်ကြီးချုပ်) လာလည်ပြီး ဆာ့ဘ်တွေကို တောင်းပန်ခဲ့တယ်။ ဆာ့ဘ်တွေကို သူက “ဘယ်သူမှမင်းတို့ကို မရိုက်ရဲစေရဘူး” လို့ ကတိတောင်ပေးလိုက်သေး။ ပြီးတော့မှ သူက ဆားဘီးယန်းအစိုးရကို ထိန်းချုပ်တော့တာပဲ။ (ဆာ့ဘ်လို လူမျိုးက သူမကျူးလွန်တဲ့ကိစ္စအတွက် သူတာဝန်ခံပြီး တောင်းပန်မှာတော့ မဟုတ်လောက်။)
    ကိုအောင်ဇင်လတ်ရေ၊ ဘယ်မှာလည်း ခင်ဗျားပြောတဲ့ အလ်ဘေးနီးယန်းမွတ်စလင်မ်တွေ တပ်တွေဖွဲ့တိုက်ထုတ်လို့ ထွက်ပြေးသွားရတဲ့ ဆာ့ဘ်တွေအကြောင်း။ ဆာ့ဘ်တွေကို လုပ်ခဲ့တာ ကွန်မြူနစ်ယူဂိုဆလပ်အစိုးရခင်ဗျ။
    ဒါပေမဲ့ ရခိုင်တပ်တွေအနေနဲ့ မျိုးချစ်စိတ် ပြင်းထန်လွန်းတော့ မီလိုဆီဗစ်နဲ့ သူတပ်တွေ ခံသွားရသလို အဖြစ်မျိုး မကြုံအောင် အတော်လေးသတိထားရမယ်၊
    ကဲဒီလိုဆို မီလိုဆီဗစ်ကြီးဘက်က အခမဲ့ရှေ့နေလိုက်ပေးပြီး လူသတ်ပွဲကြီးကို တရားမျှတပါတယ်၊ ရခိုင်မှာလည်း ဒါမျိုးလုပ်သင့်ပါတယ်လို့ သွယ်ဝိုက်စွာရေးသားခဲ့တဲ့ ကိုအောင်ဇင်လတ်ခင်ဗျား။ ခင်ဗျားရေး self written က ၂၀၀၇ ဖေဖော်ဝါရီက နိုင်ငံတကာတရားရုံးဆုံးဖြတ်ချက် (ICJ ဆုံးဖြတ်ချက်) ကို ဘယ်ဂုဏ်ကြောင့် ၀ံ့သတုန်း ကြည့်၊ ကြည့်မယ်ဗျာ။
    The Court concludes that the acts committed at Srebrenica falling within Article II (a) and (b) of the Convention were committed with the specific intent to destroy in part the group of the Muslims of Bosnia and Herzegovina as such; and accordingly that these were acts of genocide, committed by members of the VRS in and around Srebrenica from about 13 July 1995.(http://www.icj-cij.org/docket/files/91/13685.pdf – The Hague, 26 February 2007, p. 108, paragraph 297.)
    အတိုချုန်းရရင် ၁၃ ရက် ဇူလိုင် ၁၉၉၅ လောက်ကနေ ကျူးလွန်ခဲ့တဲ့ (မွတ်စလင်မ် များကို သတ်ဖြတ်ခဲ့တဲ့ လူသတ်ပွဲကြီးက) ဂျီနိုဆိုဒ်၊ မျိုးတုန်းသတ်ဖြတ်ပွဲဖြစ်ခဲ့ပါတယ်လို့  ကမ္ဘာ့တရားရုံးက ဆုံးဖြတ်ခဲ့ပါသတဲ့။ ဟိတ်ဂ်မြို့က အိုင်စီဂျေ ၀က်ဘ်ဆိုဒ်၊ ဒီမှာပါ – http://www.icj-cij.org/  ကိုအောင်ဇင်လတ် ဆက်သွယ်ပြီး စောဒက တက်မယ်ဆိုရင် အရံသင့် သုံးနိုင်အောင်လို့ပါ။ (ကျေးဇူးတင်စရာမလိုပါ။)
    အားနည်းရာကို ဂရုဏာသက်လေ့ရှိတဲ့  မီဒီယာတွေ လူ့အခွင့်ရေးသမားတွေကို လွှမ်းမိုးပြီး နိုင်ငံတကာအသိုင်းအ၀န်းဟာ ကိုဆိုဗိုစစ်ပွဲကို အယ်ဘေးနီးယားနဲ့ ဆာ့တ်တွေရဲ့ လူမျိုးရေး ပြဿနာရယ်လို့ မမြင်တော့ပဲ မွတ်ဆလင်လူနည်းကို ခရစ်ယာန်လူများစုက အနိုင်ကျင့်နှိပ်စက်တယ်လို့ မြင်ခဲ့ကြတယ်။
    မီဒီယာဆိုတာ အားနည်းရာကို ကရုဏာသက်တတ်တယ်တဲ့လားဗျာ။ အဲ- မြန်မာ့နံပါတ် ၁ မီဒီယာကတော့ အမှန်တရားဆိုရင် ကြားမနေပေါင်တဲ့ဗျား။
    ကဲ – အလဲဗင်းနဲ့ ကိုအောင်ဇင်လတ်ရေ၊ ကိုဆိုဗိုစစ်ပွဲမှာ ဆာ့ဘ်တွေကို နိုင်ထက်စီးနင်းလုပ်ခဲ့တာ ဘယ်သူတွေလဲ၊ မွတ်စလင်မ်တွေကို အစုလိုက် အပြုံလိုက် မျိုးတုန်းသတ်ဖြတ်တာဘယ်သူလည်း ရှင်းပါပြီနော်။
    ဒီတော့ကား ခင်ဗျားတို့ နှစ်ပါတီ ပူးပေါင်းပြီး ရိုးသားလှတဲ့ မြန်မာပြည်သူလူထုကို တဘက်လက်နဲ့ လှည့်စား၊ သမိုင်းလိမ်ကို တင်ပြ၊ မွတ်စလင်မ်ဆို မုန်းတီးအောင်လှုံဆော် ၊ ဒါတင်တင်မက မြန်မာပြည်တွင်း ဂျီနိုဆိုဒ်ဖြစ်လာအောင် သွယ်ဝိုက်ဝါဒဖြန့်ချိလေတော့ သမိုင်းမှာ အမဲစက်အကြီးကြီး စွန်းထင်းမလာနိုင်ဘူးလို့ ခင်ဗျားတို့ အာမခံနိုင်လို့လား။ ဒါဟာ အလွန်အင်မတန် အန္တရာယ်များတဲ့ ၀ါဒဖြန့်ချိမှုဆိုတာ မီဒီယာကြီးတစ်ခု လုပ်နေပြီး သတိမထားမိလေရော့သလား။ ခင်ဗျားတို့ကိုယ်တိုင် ရခိုင် (ဗုဒ္ဓ) တွေ သွေးဆူတယ်လို့ အောက်ပါအတိုင်း ၀န်ခံထား (သိထား) ပြီးမှ ဘာလို့ ဒီလို ၀ါဒဖြန့်ချိပါသလဲ။
    ဒါပေမဲ့ ရခိုင်တပ်တွေအနေနဲ့ မျိုးချစ်စိတ် ပြင်းထန်လွန်းတော့ မီလိုဆီဗစ်နဲ့ သူတပ်တွေ ခံသွားရသလို အဖြစ်မျိုး မကြုံအောင် အတော်လေးသတိထားရမယ်၊
    ရခိုင်တွေသာ နယ်ခြားစောင့်တပ်အဖြစ် နယ်ခြားကို စောင့်ရှောက်ရရင် မျိုးချစ်စိတ်အပြည့်နဲ့မို့ နယ်ခြားကနေ အကျင့်ပျက်ခြစားမှုကို ဂယ်ပေါက်တစ်ခုလိုအသုံးချပြီး ခိုးဝင်မဲ့ကိစ္စမျိုး မဖြစ်နိုင်တော့ဘူး။
    တာဝန်မဲ့ ၀ါဒဖြန့်ချိမှု အလိုမရှိ။
    ကျွန်တော်ရေးသားတင်ပြဖူးတဲ့ The most successful propaganda technique ဆိုတာလေး ပြန်တင်ပြပြီး နိဂုံးကမ္ပ အဆုံးသတ်ပါရစေ။ (http://www.freerepublic.com/focus/f-news/1530401/posts)
    နံပါတ် ၃ မှာ ပြောထားတာက
    # 3. Misinformation: This is a subtle technique, it involves reporting information in such a way that the final message of the story is not true, it’s what the propagandist wants you to believe.
    ဒီတော့ အလဲဗင်းက ကိုအောင်ဇင်လတ်မှတ်စုကို တင်ပေးလိုက်အပြီး ဖြစ်ပျက်လာတဲ့ မုန်းတီးမှုအခြေခံ အစပျိုးမှု၊ ဆဲရေးမှု၊ လူမျိုးရေးခွဲခြားမှုတွေ ကိုဘယ်သူတာဝန်ယူပေးမလဲ စောင့်ကြည့်ပါရစေ။
    အမုန်းတရားများ ကင်းဝေးကြပါစေ။ မမှန်သတင်း ၀ါဒဖြန့်ချိခြင်းမှ ရှောင်ရှားနိုင်ကြပါစေ။
    အမှားပြင်ဆင်ချက်-
    -အော်တိုမန်အင်ပါယာ (ခရစ် ၁၄ရာစု) ကတည်းက ကိုဆိုဗိုမှာ အစ္စလာမ်သာသနာဆိုတာ ရှိနေပြီးပြီ။
    -ခရစ်နှစ် ၁၄ ရာစုအကုန်လောက်မှာ ကိုဆိုဗိုက အော်တိုမန်အင်ပါယာအောက်ရောက်နေပြီ။
    ညွှန်း –http://en.wikipedia.org/wiki/Ottoman_Empire
    http://en.wikipedia.org/wiki/Islam_in_Kosovo
  • နိုက်ဂျီးရီးယားတွင် မွတ်စလင်များနှင့် ခရစ်ယာန်များ စုပေါင်း ၀ါဖြေ
    နိုက်ဂျီးရီးယားတွင် မွတ်စလင်များနှင့် ခရစ်ယာန်များ စုပေါင်း ၀ါဖြေ
    ဇူလိုင် ၂၂ ရက်၊ ၂၀၁၂
    Source: OnIslam
    ၂၀၁၂ ဇန်နဝါရီလတွင် မွတ်စလင် ခေါင်းဆောင်များနှင့် ခရစ်ယာန်ခေါင်းဆောင်များ Kano ချခ်ျကျောင်းတွေ တွေ့ဆုံခဲ့စဉ်က Photo-OnIslam
    ကိုင်ရို။ ။ သွေးစည်းညီညွတ်မှု ပြယုဂ်အဖြစ် နိုက်ဂျီးရီးယား ခရစ်ယာန်လူငယ်များသည် မြောက်ပိုင်း ကဒူနာ မြို့ရှိ စူလတန် ဘယ်လို (Sultan Bello) ဗလီကြီးတွင် မွတ်စလင်များနှင့် အတူတကွ ၀ါဖြေရန် (ဥပုတ်ထွက်ချိန် အစားအသောက်စားခြင်း) စုရုံးခဲ့ကြပြီး ငြိမ်းချမ်းရေးနှင့် ခန္တီတရားထားရှိရေးသတင်းစကားကိုလည်း ဖြန့်ချီခဲ့ကြသည်။
    “ဒီသမိုင်းဝင် ဗလီကြီးမှာ မွတ်စလင်တွေက ခရစ်ယာန်တွေကို အတူ ၀ါဖြေဖို့ ဖိတ်ခေါ်ခဲ့ခြင်းဟာ သိပ်ပြီး အရေးပါပါတယ်။” ဟု နိုက်ဂျီးရီးယား ခရစ်ယာန်လူငယ်များအသင်း (CAN)၏ အကြီးအကဲဖြစ်သူ ဒီဂျီ အိုဘာဒီယာ ဟရူနာ (Diji Obadiah Haruna) က ဇူလိုင် ၂၂ရက် တနင်္ဂနွေနေ့က The Leadership သတင်းစာသို့ ပြောကြားခဲ့သည်။
    အဆိုပါ ၀ါဖြေပွဲကို စနေနေ့က ကျင်းပခဲ့ခြင်းဖြစ်ပြီး ရမသွာန်လ ပထမဆုံးရက် ၀ါဖြေခြင်းလည်းဖြစ်သည်။ ထိုအခမ်းအနားသို့ ခရစ်ယာန်ခေါင်းဆောင်များအပါအ၀င် လူငယ် ၁၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
    မွတ်စလင်နှင့် ခရစ်ယာန်လူငယ်များသည် စားသောက်ဖွယ်ရာများဖြင့် စားပွဲတစ်ခုတည်းတွင်ထိုင်ကာ ၀ါဖြေခဲ့ကြလေသည်။
    အဆိုပါအခမ်းအနားကို မွတ်စလင်လူငယ်များအသင်း(Muslim youth division)၏ အကြီးအကဲဖြစ်သူ ဒေါက်တာ ဆူလိုင်မန် ရှူအဘူ ရှင်ကာဖီ (Dr Suleiman Shuabu Shinkafi) နှင့် CAN ခေါင်းဆောင် ဟရူနာ တို့ ပူးပေါင်းခေါင်းဆောင်သော Christian-Muslim Youth Peace Initiative of Nigeria အဖွဲ့မှ ကျင်းပခဲ့ခြင်းဖြစ်သည်။
    ခရစ်ယာန်လူငယ်များနှင့်အတူ စုပေါင်းဝါဖြေခြင်းအနှစ်သာရမှာ နိုက်ဂျီးရီးယားနိုင်ငံအတွင်းရှိ ထွေပြားသော အုပ်စုများနှင့် ဘာသာရေးကွဲပြားခြားနားမှုများအကြား ငြိမ်းချမ်းစွာ ယှဉ်တွဲရပ်တည်နိုင်ရေးကို တိုးမြှင့်ရန်ဖြစ်သည်။ ဘာသာတရားများအကြား နားလည်ခြင်းနှင့် သည်းခံခြင်းတို့ကို တိုးမြှင့်ရန် အခွင့်အလမ်းတစ်ခုအဖြစ်လည်း ရှုမြင်ကြသည်။
    အစ္စလာမ်ပြက္ခဒိန်တွင် အမြင့်မြတ်ဆုံးဖြစ်သော ရမ်သွာန်လမြတ်သည် နိုက်ဂျီးရီးယားနိုင်ငံတွင် သောကြာနေ့က စတင်ခဲ့သည်။ ဤလမြတ်တွင် အရွယ်ရောက်ပြီးသော မွတ်စလင်မှန်သမျှ နံနက် အရုဏ်တက်ချိန်မှ ညနေ နေ၀င်ချိန်အထိ စားခြင်း၊သောက်ခြင်း၊ ဇနီးမောင်နှံပေါင်းသင်းဆက်ဆံခြင်း စသည်တို့ကို ရှောင်ကျဉ်ရသည်။ ဥပုတ်သီလဆောက်တည်ခြင်းကြောင့် ရောဂါဆိုးရွားမည်ကို စိုးရိမ်ရသောသူများနှင့် ခရီးသွားနေသူများအတွက် ပလပ်ခွင့်ရှိသည်။
    မွတ်စလင်များသည် ဥပုတ် သီလဆောက်တည်းခြင်းမှ သည်းခံမှု၊ မိမိကိုယ်ကို ထိန်းချုပ်နိုင်မှု၊ ဘာသာတရားကိုင်းရှိုင်းမှု စသည်တို့ကို သင်ယူရရှိပြီး ၀တ်ပြုခြင်း၊ ကုရ်အာန်ကျမ်းတော်မြတ်အား လေ့လာခြင်းနှင့် ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်းတို့တွင် ရမသွာန်၏ အချိန်များကို နှစ်မြှုပ်ထားကြလေသည်။
    အတားအဆီးများအား ချိုးဖျက်သောအရာ။
    အဆိုပါ ၀ါဖြေပွဲသည် နိုက်ဂျီးရီးယား လူ့အဖွဲ့အစည်းတွင်းရှိ အနှောက်အယှက်အဟန့်အတားများအား ချိုးဖျက်ရန် ရည်ရွယ်ခြင်းလည်းဖြစ်သည်။
    “ပြဿနာတွေဖြစ်တဲ့အချိန်မှာ လူငယ်တွေက အဆိုးဆုံးပါပဲ။ တစ်ဖက်နဲ့ တစ်ဖက် လိုအပ်နေတဲ့ သည်းခံမှုတွေကို ဖန်တီးတည်ဆောက်ချင်တယ်။ ပြီးတော့ အကြမ်းဖက်မှုတွေအတွက် လူငယ်တွေကို အသုံးချတာတွေကို ရပ်တန့်စေချင်တယ်။” ဟု (Christian-Muslim Youth Peace Initiative of Nigeria) အဖွဲ့အတွင်းရှိ မွတ်စလင်လူငယ်များအသင်း (Muslim youth division)၏ အကြီးအကဲ ဒေါက်တာ ရှင်ကဖီ (Dr Shinkafi)က ဆိုသည်။
    သူက လူငယ်များအား အဓိပ္ပါယ်ပါပါ စေ့စပ်ဆွေးနွေးပေးရန် အစိုးရအား တိုက်တွန်းပြောကြားထားပြီး၊ သို့မှသာ နိုက်ဂျီးရီးယားလူငယ်များ ကျူးလွန်ကြသော ဒုစရိုက်မှုများ လျော့ကျသွားလိမ့်မည်ဟု ဆိုသည်။
    နိုက်ဂျီးရီးယားနိုင်ငံသည် ဘာသာရေးပဋိပက္ခ အဖြစ်ဆုံးနိုင်ငံဖြစ်ပြီး မြောက်ပိုင်း မွတ်စလင်ဒေသနှင့် တောင်ပိုင်း ခရစ်ယာန် ဒေသအဖြစ် ကွဲနေကြသည်။
    သန်း ၁၄၀ ရှိသော နိုက်ဂျီးရီးယား လူဦးရေတွင် မွတ်စလင် ၅၅ ရာခိုင်နှုန်းနှင့် ခရစ်ယာန် ၄၀ ရာခိုင်နှုန်းရှိကြပြီး ဒေသအများစုတွင် အေးချမ်းတည်ငြိမ်စွာ နေထိုင်ကြသည်။
    ဘာသာပြန်-ဝေဇင်
    ကိုးကား-http://www.onislam.net/english/news/africa/458090-nigeria-muslims-christians-share-iftar.html
  • ရုရှား၌ မွတ်စလင်ခေါင်းဆောင်များအား လုပ်ကြံမှု
    ရုရှား၌ မွတ်စလင်ခေါင်းဆောင်များအား လုပ်ကြံမှု
    ဇူလိုင် ၁၉ ရက် ၂၀၁၂
    BBC News
    ရုရှားနိုင်ငံ တာတာစတန်ဒေသ၌ မွတ်စလင်ခေါင်းဆောင်တစ်ဦး ပစ်ခတ်တိုက်ခိုက်ခံရ၍ သေဆုံးသွားပြီး ကျန်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
    ရုရှနိုင်ငံခေါင်းဆောင် ဗလာဒီမာပူတင်အား တာတာစတန်ဒေသ မွတ်စလင်ခေါင်းဆောင် Mufti Ildus Fayzov နှင့် (၂၀၁၁ခုနှစ်) တွေ့ဆုံစဉ်
    တာတာစတန်ဒေသ၏ မြို့တော်ကာဇန်၌ ရေဒီယိုအသံလွှင့်ရုံမှအပြန် စီးနင်းလာသောကား ပေါက်ကွဲမှုကြောင့် ဓမ္မသတ်မှူးချုပ် Mufti Ildus Fayzov ဒဏ်ရာရရှိခဲ့သည်။ ထိုအချိန်၌ပင် ယခင် ဒု-ဓမ္မသတ်မှူးချုပ် Valiulla Yakupov မှာ မိမိအိမ်အနီး ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ကွယ်လွန်သေဆုံးသွားခဲ့သည်။
    ရုရှားနိုင်ငံ၌ မွတ်စလင်ခေါင်းဆောင်များအား လုပ်ကြံမှုများ အများအပြားရှိပြီး ယခုဖြစ်ပွါးရာ တာတာစတန်ဒေသသည် မွတ်စလင်အများစု နေထိုင်ရာဒေသဖြစ်ပြီး အေးချမ်းတည်ငြိမ်သည့် ဒေသတစ်ခုဖြစ်သည်။
    မောင်လှငွေ
    ကိုးကား
    http://www.bbc.co.uk/news/world-europe-18900049
  • မလေးရှားဝန်ကြီးချုပ်မှ အနောက်တိုင်း ဝါဒအချို့၏ အန္တရာယ် သတိပေး
    မလေးရှားဝန်ကြီးချုပ်မှ အနောက်တိုင်း ဝါဒအချို့၏ အန္တရာယ် သတိပေး
    ဇူလိုင် ၂၂ရက်၊ ၂၀၁၂
ှSource: http://www.channelnewsasia.com
    မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက် (Najib Razak)
    မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက် (Najib Razak)က ပြုပြင်ပြောင်းလဲရေးဝါဒီအတိုက်အခံများသို့ “အလွန်အမင်းလွတ်လပ်မှုဟာ မွတ်စလင်အများစုရှိသည့် မလေးရှားနိုင်ငံအဖို့ အန္တရာယ်တစ်ရပ်ဖြစ်”ကြောင်း ပြန်လှန်ပြောကြားလိုက်ပါတယ်။
    ရာမသွာန်ဥပုတ်လ မစတင်မီ မွတ်စလင်ဘာသာရေးအကြီးအကဲ ၁၀၀၀၀-ကျော် တက်ရောက်လာတဲ့ စုံတွေ့ပွဲတစ်ခုမှာ မကြာမီရောက်ရှိလာတော့မယ့် ရွေးကောက်ပွဲအတွက် ရည်ညွှန်းပြောကြားလိုက်ခြင်းဖြစ်ပါတယ်။ “လူ့အခွင့်အရေးများကို အစ္စလာမ်တရားတော် ဘောင်အတွင်းမှ သတ်မှတ်ပြဌာန်းခြင်းကို ထောက်ခံ”ကြောင်းလည်း ပြောကြားပါတယ်။
    “Pluralism၊ Liberalism အစရှိတဲ့ အနောက်တိုင်းဝါဒများဟာ အစ္စလာမ်တရားတော်နဲ့ ဆန့်ကျင်နေပြီး အဲဒီဝါဒတွေကို တိုက်ခိုက်ဖို့ရာ မလုပ်မနေရတာဝန်”  ဖြစ်တယ်လို့လည်း ထပ်လောင်းပြောသွားပါတယ်။ လာမည့်နှစ်ဦးပိုင်းမှာ ရွေးကောက်ပွဲကျင်းပရမှာဖြစ်ပြီး လက်ရှိအာဏာရအစိုးရဘက်လိုက် ဥပဒေများကို ပြုပြင်ရန်လိုကြောင်း အတိုက်အခံများရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်ထိုးနှက်မှုများကို ပြန်လည်တုန့်ပြန်လိုက်ခြင်းဖြစ်ပါတယ်။
    လူဦးရေ ၂၈-သန်းရှိ မလေးရှားနိုင်ငံမှာ မလေးလူမျိုး မွတ်စလင် ၆၀-ရာခိုင်နှုန်းရှိပြီး ကျန်မှာ တရုတ်လူမျိုးနဲ့ မွတ်စလင်မဟုတ်သူ အိန္ဒိယလူမျိုးများဖြစ်ကြပါတယ်။
    မောင်လှငွေ
    ကိုးကား http://www.channelnewsasia.com/stories/afp_asiapacific/view/1214491/1/.html
  • MMSY လူငယ်များ၏ ဒုတိယပရောဂျက် (ရမဿွန် လက်စွဲ) Android application အခမဲ့ဖြန့်ချီ
    MMSY လူငယ်များ၏ ဒုတိယပရောဂျက် (ရမဿွန် လက်စွဲ) Android application အခမဲ့ဖြန့်ချီ
    MMSY Android group ၏ ဒုတိယ ပရောဂျက်ဖြစ်သော Ramadhan Handbook (ရမဿွန် လက်စွဲ) ကို Google Play တွင် ဖြန့်ချီ
    ဇူလိုင် ၂၂ ရက်၊ ၂၀၁၂၊
    M-Media News
    ရန်ကုန်။
    MMSY မြန်မာမွတ်စလင် ကျောင်းသားလူငယ်များအဖွဲ့မှ ဝါသနာရှင်များ ဖွဲ့စည်းထားသော MMSY Android Group ၏ ဒုတိယမြောက် ပရောဂျက် အဖြစ် “Ramadhan Handbook” application ကို ထပ်မံပြီး အခမဲ့ ထုတ်ဝေလိုက်ပါသည်။ ၄င်း application သည် Android ဖုန်း/tablet အသုံးပြုသော မြန်မာမွတ်စလင်မ်များ အတွက် ရည်ရွယ်၍ ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း၊မြန်မာဖောင့် ကို app အတွင်း ထည့်သွင်း (embed) လုပ်ထားသည့်အတွက် ဖုန်းထဲတွင် မြန်မာစာ မသွင်းထားလျှင်လည်း application တွင်မြန်မာစာဖြင့် ဖတ်၍ ရမည်ဖြစ်သည်။ လမြတ်ရမ်ဇာန်၊ ရိုဇဟ်ဥပုသ်၊ အိသိကားဖ်၊ တရာဝီဟ်နမာဇ်၊ ကဒရ်ညဥ့်မြတ် စသည်တို့နှင့် သက်ဆိုင်သည်များကို လက်လှမ်းမှီသမျှ ကျမ်းကိုးများမှ ကောက်နှုတ်တင်ပြထားသည်။
    App Screenshots
    အဆိုပါ application အတွင်းပါဝင်သော အခန်းကဏ္ဍများမှာ –(၁) လမြတ်ရမဿွာန်နှင့် ရိုဇာဟ် ဥပုသ်ဆိုင်ရာ ထူးမြတ်မှုများ
    (၂) ဝါချည်ခြင်းနှင့် ဝါဖြေခြင်း
    •  ရိုဇဟ်ထားရန် နီယသ်ပြုခြင်း
    •  စဲဟ်ရီ ဝါချည်ခြင်း
    •  အိဖ်သာရီ ဝါဖြေခြင်း
    (၃) ရိုဇဟ်ဥပုသ်ဆိုင်ရာ မတ်စ်အလဟ် ပညတ်ချက်များ
    •  ရိုဇဟ်စောင့်ထိန်းရာမှ ခွင့်လွှတ်ချက်ရှိသူများ
    •  ရိုဇာဟ် ပျက်စေသော အရာများ
    •  ကဿွာရိုဇဟ်များ၏ မတ်စ်အလဟ်များ
    •  ရိုဇဟ်၏ ကသ်သွာနှင့် ကဖ်ဖာရဟ်၏ မတ်စ်အလဟ်များ
    •  ဖစ်ဒ်ယဟ်နှင့် ၎င်း၏ မတ်စ်အလဟ်
    •  ကိုးထားသော ရိုဇဟ်များနှင့် ၎င်း၏ မတ်စ်အလဟ်
    •  ရိုဇဟ်ကို မကရူဟ်ဖြစ်စေသော/မဖြစ်စေသော အချက်များ
    •  အမျိုးသမီးများနှင့် ပတ်သက်သည့် မတ်စ်အလဟ်များ
    (၄) ဝါချည်/ဝါဖြေ နိယသ် နှင့် အခြားဒိုအာများ
    (၅) တရာဝီဟ် နမာဇ်ဆိုင်ရာ မတ်စ်အလဟ် ပညတ်ချက်များ
    (၆) ကဒရ်ညမြတ်
    (၇) သတ်စ်ဗီးဟ် နမာဇ်
    (၈) အိအ်သိကာဖ်ဆိုင်ရာ မတ်စ်အလဟ် ပညတ်ချက်များ တို့ဖြစ်ကြပါသည်
    Ramadhan Handbook (ရမဿွန် လက်စွဲ) Android app ကို Google Play Store မှ တိုက်ရိုက် ဒေါင်းလုတ်လုပ်နိုင်ပြီး Play Store အသုံးပြု၍မရပါက ဤနေရာမှ  ဒေါင်းလုတ်လုပ်၍ သွင်းနိုင်ပါသည်။
    Mediafire မှ ဒေါင်းလုတ်လုပ်ရန်-http://www.mediafire.com/?lwz6v31b8qemji7
    Android အသုံးမပြုသောသူများအတွက် http://apps.mmsy.info/ramadan/ တွင် အလွယ်တကူ ဖတ်ရှုနိုင်ပါသည်။ဤ “ရမဿွာန်လက်စွဲ” application သည် ရမဿွာန်လနှင့် သက်ဆိုင်သော ကောင်းနိုးရာရာ စာပေများကို လက်လှမ်းမှီသလောက် စုစည်း တင်ပြထားခြင်း ဖြစ်ပါသည်။
    ကျမ်းကိုးများကို သက်ဆိုင်ရာ ကဏ္ဍအောက်တွင် ဖော်ပြထားသည်။ ဤ application သည် MMSY မိသားစုဝင်များ စုပေါင်းဆောင်ရွက်နေသော ပရောဂျက်များမှ တစ်ခုဖြစ်ပြီး ကမ္ဘာအနှံ့ရှိ မြန်မာမွတ်စလင်မ်များ ရမဿွာန်လနှင့် သက်ဆိုင်သော ကျမ်းကိုးများကို အလွယ်တကူ မှီငြမ်းနိုင်ရန်အလို့ငှါ လက်လှမ်းမှီသမျှ စုစည်းထုတ်ဝေခြင်းဖြစ်ပါ၍ မူရင်းစာအုပ်ရေးသားသူ/ဖြန့်ချီသူများထံ တစ်ဦးချင်း လိုက်လံ ခွင့်မတောင်းနိုင်သည်ကို နားလည်ပေးစေလိုပါသည်။
    အမှားအယွင်း တစ်စုံတစ်ရာတွေ့ရှိပါက (သို့) ဝေဖန်အကြံပြုလိုပါက [email protected] သို့ အီးမေးလ်ပို့ဆက်သွယ်နိုင်ပါသည်။