ဇန်န၀ါရီ ၂၊ ၂၀၁၅
M-Media

– ယမန်နေ့က ဆောက်သက်တမ်အား ၂ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင် အာဆင်ဝင်းဂါးကို ဆဲဆိုခဲ့သည့် အာဆင်နယ် ပရိတ်သတ်တစ်ဦးမှာ ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု သိရသည်။
ပွဲပြီးဆုံးရန် ၁၀ မိနစ်ခန့်အလိုတွင် အသင်း၏ ရှုံးနိမ့်နေမှုကို မကျေနပ်သည့် အသက် ၂၅ နှစ်အရွယ် ပရိတ်သတ်တစ်ဦးက အာဆင်နယ်နည်းပြအဖွဲ့များ ထိုင်ရာ ခုံတန်းသို့ ၀င်လာသောကြောင့် လုံခြုံရေးများက ထိန်းသိမ်းခဲ့ရပြီး နောက်ပိုင်းတွင် ရဲလက်သို့ အပ်ခဲ့သည်။
အဆိုပါ ပရိတ်သတ်မှာ ၀င်းဂါးနှင့် ၎င်း၏ လက်ထောက်နည်းပြအား စော်ကားသည့် အမူအရာကို လုပ်ပြခဲ့ပြီး နှုတ်ဖြင့်လည်း ဆဲရေးတိုင်းထွား ခဲ့သည်ဟု သိရသည်။
ဝင်းဂါးကမူ ထိုပရိတ်သတ်မှာ အကြမ်းဖက်မှုပုံစံမျိုး မပြုလုပ်ကြောင်း၊ သို့သော်လည်း မိမိတို့၏ ပရိတ်သတ်မဟုတ်ဘဲ ဆောက်သက်တမ် ပရိတ်သတ် ဖြစ်မည်ဟု ထင်ကြောင်း ပွဲအပြီး၌ ပြောကြားခဲ့သည်။
`ဟုတ်ပါတယ်။ လူငယ်တစ်ယောက်ပါ။ သူက ဆောက်သက်တမ်ပရိတ်သတ်လို့ ကျွန်တော်ထင်ပါတယ်။ သူ လုံးဝ ရန်မလိုပါဘူး။ တစ်ခုခုပြောလိုက်တယ်လို့ လည်း ကျွန်တော်မထင်ပါဘူး´ ဟု ၀င်းဂါးက သတင်းထောက်များအား ပြောကြားခဲ့သည်။
ဆောက်သက်တမ်နည်းပြ ရော်နယ်လ်ကိုးမန်းကမူ ထိုအဖြစ်အပျက်ကို မမြင်တွေ့ခဲ့ဟု ဆိုသည်။
ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေရသည့် အာဆင်နယ်အသင်းမှာ ပရိတ်သတ်များ၏ ငြိုငြင်မှုကို ခံနေရပြီး ဒီဇင်ဘာလကလည်း စတုတ်စီးတီးအသင်း အား ၃ ဂိုး ၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင် ၀င်းဂါးမှာ ပရိတ်သတ်များ၏ လှောင်ပြောင်မှုကို ခံခဲ့ရသည်။
Ref : goal.com

Leave a Reply
You must be logged in to post a comment.