News @ M-Media
Author: M-Media
  • အသင်းမှ မလိုချင်ပါက ထွက်သွားမည်ဟု မန်စီးတီးကွင်းလယ်လူ နာဆရီပြော
    အသင်းမှ မလိုချင်ပါက ထွက်သွားမည်ဟု မန်စီးတီးကွင်းလယ်လူ နာဆရီပြော
    ဒီဇင်ဘာ ၈ ၊ ၂၀၁၄
    M-Media
    667371_heroa
    – မန်စီးတီးအသင်းမှ မိမိကို မလိုချင်ပါက မိမိအနေဖြင့် အထုတ်အပိုးပြင်ကာ ထွက်သွားမည်ဟု မန်စီးတီးအသင်းကွင်းလယ်ကူ နာဆရီက ပြောကြားလိုက်သည်။
    ပြီးခဲ့သည့်နှစ် ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်း၏ မောင်းနှင်အားဖြစ်ခဲ့သည့် နာဆရီမှာ ယခုနှစ်တွင်း မန်စီးတီးအသင်းတွင် ပုံမှန်ပါဝင်ကစားခွင့် မရဘဲ အသင်းမှ ပြောင်းရွှေ့တော့မည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။
    `အသင်းကနေထွက်ရမလားဆိုတာ ကျွန်တော်မသိပါဘူး။ တကယ်လို့ သူတို့(အသင်းတာဝန်ရှိတွေ) ကျွန်တော့်ဆီလာပြီး အသင်းပြောင်းဖို့ပြောရင် ကျွန်တော်သွားမှာပါ´ ဟု Beln Sports နှင့် အင်တာဗျူးတွင် နာဆရီက ပြောကြားခဲ့သည်။
    မန်စီးတီးမှာ အင်္ဂါနေ့ညတွင် ရိုးမားအသင်းနှင့် ချန်ပီယံလိဂ်နောက်ဆုံးပွဲအဖြစ် ကစားရမည်ဖြစ်ပြီး အနိုင်ရမှ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။ နာဆရီကမူ မိမိတို့အသင်းမှာ နောက်တစ်ဆင့်တက်ရန် အလားအလာရှိနေကြောင်း၊ ပြီးခဲ့သည့် နှစ်က ၁၆ သင်းအဆင့်တွင် ဘာစီလိုနာအား ရှုံးနိမ့်မှုအတွက် နည်းပြတွင်သာ တာဝန်ရှိသည်မဟုတ်ဘဲ ကစားသမားများတွင်လည်း တာဝန်ရှိကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
    မန်စီးတီး ဘုတ်အဖွဲ့မှာ ချန်ပီယံလိဂ်တွင် အောင်မြင်မှုရရှိရန် ဆန္ဒအလွန်ပြင်းပြနေသောကြောင့် ရိုးမားနှင့်ပွဲရလဒ်မှာ နည်းပြပယ်လီဂရီနီ၏ ရှေ့ရေးအတွက်လည်း အကျိုးသက်ရောက်မှု ရှိမည်ဖြစ်သည်။
    နိုင်ငံအသင်းမှ အနားယူခဲ့ခြင်းနှင့် ပတ်သက်၍ နာဆရီက မိမိ အသက်အရွယ်ကြောင့် အနားယူခြင်းမဟုတ်ဘဲ ပျော်ရွှင်မှုမရှိသောကြောင့်ဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
  • နာမည်ကျော် ထိုင်း သရုပ်ဆောင် မင်းသမီး အစ္စလာမ်သာသနာသို့ ကူးပြောင်းသက်ဝင်
    နာမည်ကျော် ထိုင်း သရုပ်ဆောင် မင်းသမီး အစ္စလာမ်သာသနာသို့ ကူးပြောင်းသက်ဝင်
    ဒီဇင်ဘာ ၈ ၊ ၂၀၁၄
    M-Media
    388897_thai-actress
    – ထိုင်းနိုင်ငံ၏ နာမည်ကြီး အမျိုးသမီး ရုပ်ရှင်သရုပ်ဆောင် နွက် ဆူသီဒါမှာ အချိန်အတော်ကြာ လေ့လာမှုများ ပြုလုပ်ခဲ့ပြီးနောက် အစ္စလာမ်ဘာသာသို့ သက်ဝင်ယုံကြည်လာခဲ့သည်ဟု သိရသည်။
    ဆူသီဒါ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ကြောင်းကို ဒီဇင်ဘာ ၄ ရက်နေ့တွင် ထိုင်းမီဒီယာများက ဖော်ပြခဲ့ကြပြီး သူမ၏ အမည်ကိုလည်း အာဆီယဟ် ဟု ပြောင်းလဲလိုက်ကာ အစ္စလာမ်၏ စည်းမျဉ်းစည်းကမ်းများကို သင်ယူရန်အတွက် ဘန်ကောက်မြို့ရှိ ကျောင်းတစ်ခုတွင် တက်ရောက်နေသည်ဟု သိရသည်။
    လူကြိုက်များသည့် အဆိုပါ မင်းသမီးက မိမိအနေဖြင့် အစ္စလာမ်သာသနာသို့ ပြောင်းလဲသက်ဝင်ရန် ဆောင်ရွက်မှုအတွက် မိမိ၏ အသိုင်းအ၀ိုင်းမှ ကန့်ကွက်မှုများ ရှိခဲ့သော်လည်း နောက်ဆုံး မွတ်စလင် တစ်ယောက်ဖြစ်လာရန် ဆုံးဖြတ်ချက် ချခဲ့သည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် မိမိမှာ အစ္စလာမ်သာသနာအား လေ့လာရန်အတွက် နိုင်ငံတော်တော် များများသို့ ခရီးထွက်ခဲ့သည်ဟုလည်း ပြောကြားခဲ့သည်။
    သူမ၏ ထိုကဲ့သို့ ပြောင်းလဲသက်ဝင်မှု အတွက် ထိုင်းမီဒီယာများတွင် ဆွေးနွေးငြင်းခုံမှုများလည်း ရှိနေသည်။
    ဆူသီဒါကမူ သူမနေဖြင့် တစ်နေ့ ငါးကြိမ် ၀တ်ပြုမှုကို အချိန်မှန်ဆောင်ရွက်နေကြောင်း၊ ကုရ်အာန်ကျမ်းတော်မြတ်အား ဖတ်ရှုနားလည်နိုင်ရန်အတွက် အာရဗီဘာသာ စကားကိုလည်း လေ့လာသင်ယူနေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    `ဟိဂျဘ်ကို ကြိုဆိုပါတယ် ဟိဂျဘ်မဲ့ခြင်း ဘိုင်ဘိုင်ပါ´ ဟုလည်း ဆူသီဒါက ပရိတ်သတ်များအား ပြောကြားခဲ့သည်။
    ထိုင်းနိုင်ငံမှ နာမည်ကျော်များ အစ္စလာမ်သို့ သက်ဝင်ယုံကြည်လာခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးမဟုတ်ဘဲ ယခင်ကလည်း ထိုကဲ့သို့ ပြောင်းလဲသက်ဝင်မှုများ ရှိခဲ့သည်။
    ထိုင်းနိုင်ငံ၏ လူဦးရေ ၆၂.၅ သန်းတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူများမှာ ၁၂ ရာခိုင်နှုန်းခန့် ရှိသည်။ အစ္စလာမ်ဘာသာဝင်အများစုမှာ နိုင်ငံတောင်ပိုင်း ပြည်နယ်များဖြစ်သည့် နရာသီဝပ်၊ ပတ္တာနီ၊ ယာလာနှင့် စာတွန်ပြည်နယ်များတွင် နေထိုင်ကြသည်။
    MS/HSN/SS
  • ထော်လီကွေ့နှင့် ပုဇွန်တောင်အကြား လူစီးကား ရထားများ စတင်ပြေးဆွဲ
    ထော်လီကွေ့နှင့် ပုဇွန်တောင်အကြား လူစီးကား ရထားများ စတင်ပြေးဆွဲ
    ဒီဇင်ဘာ ၈ ၊ ၂၀၁၄
    M-media
    10847917_617982851662918_7267332413525515081_n
    – ရန်ကုန်မြစ်တစ်ဖက်ကမ်းမှ ခရီးသည်များ မြို့တွင်းသို့ လွယ်ကူစွာ သွားလာနိုင်ရေးအတွက် မြန်မာ့မီးရထားဌာနက ရန်ကုန်မြို့ ပုဇွန်တောင်နှင့် ထော်လီကွေ့အကြား ကမ်းနားလမ်း ရထားလမ်းပိုင်းကို လူစီးကားရထား တွဲ ၂ တွဲဖြင့် စတင်ပြေးဆွဲပေးနေသည်ဟု ဒီဇင်ဘာ ၈ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
    RBE (A) နှင့် RBE (B) အဆင့်မြင့် ကားရထား ၂ စီးဖြင့် ဒီဇင်ဘာ ၇ ရက်နေ့ တနင်္ဂနွေနေ့မှ စတင်ကာ ပြေးဆွဲပေးခြင်းဖြစ်ပြီး လက်မှတ်ခမှာ တစ်ဦးလျှင် ၁၀၀ ကျပ် သတ်မှတ်ထားသည်ဟု သိရသည်။
    လက်မှတ်ရောင်းချမှုကို ရထားတွဲပေါ်တွင်ပင် ပြုလုပ်မည်ဖြစ်ကာ RBE (A) ကားရထားမှာ နံနက် ၆ နာရီ မိနစ် ၂၀ တွင် ပုဇွန်တောင်ဘူတာမှ စတင်ထွက်ခွာမည်ဖြစ်ပြီး ပန်းဆိုးတန်း ဘူတာသို့ နံနက် ၆ နာရီ ၅၀ မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်။ RBE (B) ကားရထားမှာ ပန်းဆိုးတန်းဘူတာမှ နံနက် ၇ နာရီတွင် စတင်ထွက်ခွာမည်ဖြစ်ပြီး ထော်လီကွေ့ဘူတာသို့ နံနက် ၇ နာရီ ၂၅ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်သည်။
    ခရီးစဉ် တစ်ပိုင်းအတွက် ကြာချိန်မှာ ၂၅ မိနစ်ရှိမည်ဖြစ်ပြီး RBE (A) က ညနေ ၅ နာရီအထိလည်းကောင်း၊ RBE (B) က ညနေ ၄ နာရီ မိနစ် ၂၀ တွင်လည်းကောင်း နောက်ဆုံးထား၍ တစ်နေ့လျှင် ၁၄ ခေါက် ပြေးဆွဲပေးသွားမည်ဖြစ်သည်။ ထို့နောက် အဆိုပါ ရထားနှစ်စင်းလုံးမှာ မလွှကုန်းဘူတာတွင် ညအိပ်ရပ်နားမည်ဖြစ်သည်။
    `တော်တော်ကောင်းပါတယ်။ ကျွန်တော်တို့လို နေ့စဉ် မြို့ထဲကို အလုပ်သွားလုပ်တဲ့သူတွေကတော့ ပိုလွယ်သွားတာပေါ့ဗျာ။ အရင်ကဆို ဘတ်စ်ကားဂိတ်လမ်းလျှောက်ရတယ်၊ ဘတ်စ်ကားစောင့်ရတယ်။ အခုဆိုရင် သင်္ဘောပေါ်ကဆင်းတာနဲ့ ရထားတက်စီးသွားလိုက်ရုံပဲ။ ရထားခကလည်း ၁၀၀ ဆိုတော့ လက်လုပ်လက်စားသမားတွေအတွက် အဆင်ပြေတယ်လေ´ ဟု ပုဇွန်တောင်တွင် အလုပ်လုပ်ကိုင်နေသည့် ဒလဘက်ကမ်းတွင်နေထိုင်သူ ကိုပုံဆိုးက ပြောကြားခဲ့သည်။
    အဆိုပါ ကားရထားများတွင် ဘရိတ်စနစ် ၅ မျိုးပါဝင်ပြီး ခရီးသည်များအတွက် အန္တရာယ်ကင်းအောင် စီစဉ်ပေးထားသည်ဟုလည်း သိရသည်။
    သို့သော်လည်း ကမ်းနားလမ်းရှိ ကွန်တိန်နာကားများသွားသော ကွန်ကရစ်လမ်းမနှင့် ဘေးချင်းယှဉ်လျက်ရှိနေသည့် အဆိုပါ ရထားပြေးဆွဲမှုမှာ အန္တရာယ်များရှိနေသည်ဟု ပြောကြားမှုများလည်း ရှိနေသည်။
    `ကွန်တိန်နာသွားတဲ့ ကွန်ကရစ်လမ်းနဲ့ ဘေးချင်းယှဉ်နေပြီး အတားအဆီးလည်း မရှိတဲ့အခါကျတော့ ကားသမားတွေအတွက်ရော၊ ရထားအတွက်ပါ အန္တရာယ်တော်တော်ကြီးပါတယ်။ ပြီးတော့ ပန်းဆိုးတန်း သင်္ဘောဆိပ်ထဲကို ကားတွေဝင်တာရှိတယ်၊ အဲဒီနားမှာ လူကူးဂုံးကျော်တံတားက မပြီးသေးတော့ သင်္ဘောနဲ့လာတဲ့ ခရီးသည်တွေ လမ်းဖြတ်ကူးတာရှိတယ်။ အဲဒီအတွက် အန္တရာယ် ရှိပါတယ်။ အရင်ကလည်း လမ်းဖြတ်ကူးတဲ့ခရီးသည်တွေ ကွန်တိန်နာကားတွေနဲ့ တိုက်မိတာရှိတယ်ဆိုတော့ တာဝန်ရှိသူတွေအနေနဲ့ ဒါလေးတွေကို စဉ်စားပြင်ဆင်ပေးရင် ပိုပြီး အန္တရာယ်ကင်းသွားမယ်ထင်တယ်´ ဟု ပန်းဆိုးတန်း တက္ကဆီဂိတ်တွင် ဂိတ်ထိုးသည့် တက္ကဆီယာဉ်မောင်း ဦးတင်ရွှေက ပြောကြားခဲ့သည်။
    ရန်ကုန်မြစ်ရိုးတစ်လျှောက်ရှိ ဆိပ်ကမ်းများမှ ကုန်ပစ္စည်းများကို ကုန်တင်ရထားများဖြင့် သယ်ယူနိုင်ရန်အတွက် ဓနိတောမှ အလုံအထိ ရှည်လျားသည့် ကမ်းနားလမ်း ရထားလမ်းပိုင်းကို ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၁၈၈၀ ခုနှစ် မတ်လ ၁ ရက်နေ့တွင် စတင် ပြေးဆွဲခဲ့ခြင်းဖြစ်သည်။
    အဆိုပါ ကားရထားများကို ထော်လီကွေ့မှ ပန်းလှိုင်လမ်းအထိ တိုးချဲ့ပြေးဆွဲသွားရန် အစီအစဉ်ရှိနေပြီး အနာဂတ်တွင် လျှပ်စစ်ရထားပြေးဆွဲရန် စီမံကိန်း၏ ရှေ့ပြေးအစီအစဉ်ဖြစ်သည်ဟု မြန်မာ့မီးရထားမှ ပြောကြားခဲ့ကြောင်း ကြေးမုံသတင်းစာတွင် ထည့်သွင်းဖော်ပြထားသည်။
    ကိုးကား ကြေးမုံ
  • ချယ်ဆီးကို ပထမဆုံး ရှုံးပွဲတွေ့စေတဲ့ နယူးကာဆယ်၊ ဇယားထိပ် အမှာကွာဟမှုနည်းလာပြီး အကြိတ်အနယ်ရှိလာတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၅
    ချယ်ဆီးကို ပထမဆုံး ရှုံးပွဲတွေ့စေတဲ့ နယူးကာဆယ်၊ ဇယားထိပ် အမှာကွာဟမှုနည်းလာပြီး အကြိတ်အနယ်ရှိလာတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၅
    ဒီဇင်ဘာ ၈ ၊၂၀၁၄
    M-Media
    – ပရီးမီးယားလိဂ် ပွဲစဉ် ၁၅ ကို စနေနေ့က ၆ ပွဲကစားခဲ့ပြီး တနင်္ဂနွေနေ့မှာ ၃ ပွဲကစားခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ဇယားထိပ်ကချယ်ဆီး ပထမဆုံး ရှုံးပွဲတွေ့ခဲ့ပြီး၊ အာဆင်နယ်လည်း ရှုံးနိမ့်ခဲ့ကာ မန်စီးတီးကတော့ အခွင့်အရေးကောင်းကို အရယူနိုင်ခဲ့ပါတယ်။
    cq5dam.thumbnail.490.338.margin
    အစောဆုံးကစားခဲ့တဲ့ နယူးကာဆယ်နဲ့ ချယ်ဆီးတို့ပွဲမှာ အိမ်ရှင်တို့ မနှစ်ကလိုပဲ ချယ်ဆီးကို နှိပ်ကွပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ချယ်ဆီးကသာပွဲကို အများဆုံး စိုးမိုးနိုင်ခဲ့ပြီး ဂိုသွင်းခွင့်လည်းရခဲ့ပါတယ်။ ပထမပိုင်းမှာ ၀ီလီယံ၊ ဖာဘရီဂတ်စ်တို့ အပိုင်ဂိုးသွင်းခွင့်ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ အိမ်ရှင်တို့အတွက် ဦးဆောင်ဂိုးကိုတော့ ၅၇ မိနစ်မှာ အမီယိုဘီရဲ့ ဖြတ်တင်ပေးမှုကို စစ်ဆီက အကောင်းဆုံး ပိတ်သွင်းနိုင်ခဲ့တာပါ။ ဦးဆောင်ဂိုးပေးခဲ့ရပြီးနောက် ချယ်ဆီးတို့ ချေပဂိုးရရေး အသည်းအသန်ကြိုးစားခဲ့ပေမယ့် ၇၈ မိနစ်မှာ နယူးကာဆယ် ဂိုးထပ်ရခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ မူဆာစစ်ဆိုကို ရဲ့ကန်ချက် ပြန်ထွက်လာတာကို စစ်ဆီကပဲ အဆုံးသတ်ပေးခဲ့တာပါ။ သိပ်မကြာခင်မှာပဲ နယူးကာဆယ်နောက်ခံလူ တေလာ အထုတ်ခံခဲ့ရပါတယ်။ ချယ်ဆီးအတွက် ပွဲပြီး ကာနီး ၇ မိနစ်မှာ ဒရော့ဘာက ချေပဂိုးသွင်းပေးခဲ့ပေမယ့် ပွဲအဖြေကိုတော့ ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒီပွဲဟာ ၂ ပွဲဆက် နိုင်ပွဲပျောက်နေတဲ့ နယူးကာဆယ်အတွက် အဖိုးတန်နိုင်ပွဲဖြစ်ပြီး ချယ်ဆီးကတော့ ပြိုင်ပွဲ အရပ်ရပ် ၂၃ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန် ကျိုးပျက်ခဲ့ရပါတယ်။
    မန်စီးတီးတို့ကတော့ ချယ်ဆီးရဲ့ အရှုံးကို အကောင်းဆုံးအသုံးချနိုင်ခဲ့ပြီး အိမ်ကွင်းမှာ အဲဗာတန်ကို ယာယာတိုးယေးရဲ့ ပင်နယ်တီ ၁ လုံးတည်းနဲ့ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် ကစားသွားတဲ့ ခြေစွမ်းအရ ဒီထက် ဂိုးပိုပြတ်ရမှာပါ။ မန်စီးတီးအတွက် ဆုံးရှုံးမှုတစ်ခုကတော့ အားထားရတဲ့တိုက် တိုက်စစ်မှူး အဂူရို ပွဲအစ ၇ မိနစ်မှာ ဒဏ်ရာရသွားတာပဲဖြစ်ပါတယ်။
    22
    နောက်တန်းမငြိမ်တဲ့ အာဆင်နယ်ကတော့ ရှုံးကောင်းဆဲပါပဲ။ ဒီပွဲမှာလည်း စတုတ်စီးတီးကို ပထမပိုင်းမှာပဲ ၃ ဂိုး ပေးလိုက်ရတာပါ နောက်ပိုင်းမှာ ၂ ဂိုးပြန်သွင်းနိုင်ပေမယ့် ပွဲအဖြေကိုတော့ ပြောင်းလဲနိုင်ခြင်းမရှိပါဘူး။ ၇၇ မိနစ်မှာ နောက်ခံလူ ကော်လမ် ချိန်ဘာ အနီကဒ်နဲ့ ထွက်ခဲ့ရပြီး ဒဏ်ရာရကစားသမားတွေများနေတဲ့ အာဆင်နယ်နောက်တန်းအတွက် နောက်ထပ် ထိုးနှက်ချက် တစ်ခုပါပဲ။
    222
    လီဗာပူးလ်ကလည်း အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့် ခြေစွမ်းက စွဲမက်စရာမရှိခဲ့ဘဲ နောက်ဆုံး လေးပွဲဆက် နိုင်ပွဲပျောက်နေတဲ့ ဆန်းဒါးလန်းကို သရေသာ ကစားနိုင်ခဲ့ပါတယ်။
    အဆင့် ၅ က ၀က်စ်ဟမ်းကတော့ ခြေစွမ်းမာတဲ့ ဆွမ်ဆီးကို ကာရိုးလ်ရဲ့ ဂိုး ၂ ဂိုးအပါအ၀င် ၃ ဂိုး ၁ ဂိုးနဲ့ အိမ်ကွင်းမှာ အနိုင်ယူနိုင်ခဲ့ပါတယ်။
    ဇယားအောက်ဆုံးက ကျူပီအာရ်က ဘ၀တူဘန်လေကို အကြိတ်အနယ်ကစားပြီ ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ကာ အက်စတွန်ဗီလာကတော့ ရှုံးပွဲဆက်နေတဲ့ လက်စတာကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
    ပွဲစဉ် ၁၅ အပြီးမှာလည်း ချယ်ဆီးက ဇယားကို ဦးဆောင်နေပြီး ဒုတိယနေရာက မန်စီးတီးနဲ့ အမှတ်ကွာဟမှုကတော့ ၃ မှတ်သာ ရှိပါတော့တယ်။ ၀က်စ်ဟမ်းက အဆင့် ၃ နေရာမှာရှိနေပြီး ဆောက်သက်တမ်နဲ့ မန်ယူတို့ကတော့ ၁ ပွဲလျော့နဲ့ အဆင့် ၄၊ အဆင့် ၅ နေရာမှာ ရှိနေပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က အဆင့် ၉ အထိ ရောက်သွားတဲ့ နယူးကာဆယ် အဆင့် ၇ ကို တက်လာနိုင်ပြီး လီဗာပူးလ်ကတော့ အဆင့် ၉ ရောက်သွားပါတယ်။
    တန်းဆင်းဇုံထဲမှာတော့ ဟားလ်စီးတီး၊ ဘန်လေနဲ့ လက်စတာတို့ အသီးသီးရှိနေပါတယ်။
    ဒီတစ်ပတ် ပရီးမီးယားလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    နယူးကာဆယ် ၂-၁ ချယ်ဆီး
    ဟားလ်စီးတီး ၀-၀ ၀က်စ်ဘရွန်း
    လီဗာပူးလ် ၀-၀ ဆန်းဒါးလန်း
    ကျူပီအာရ် ၂-၀ ဘန်လေ
    စတုတ် ၃-၂ အာဆင်နယ်
    တော့တင်ဟမ် ၀-၀ ခရစ္စတယ်ပဲလေ့စ်
    မန်စီးတီး ၁-၀ အဲဗာတန်
    အက်စတွန်ဗီလာ ၂-၁ လက်စတာ
  • ဝေဝါးနေသော အနာဂတ်များ
    ဝေဝါးနေသော အနာဂတ်များ
    ဒီဇင်ဘာ ၈ ၊ ၂၀၁၄
    M-Media
    ထက်မြတ် ရေးသည်။
    2195345705_24a7c5118d
    လူငယ်များသည် အနာဂတ်ကိုပိုင်ဆိုးကြသူများဖြစ်သည်ဟု ဆိုနိုင်ပေသည်။ အနာဂတ်ကို လူငယ်တို့ကသာ ပိုင်ဆိုင်သည်။ လူကြီးတို့ကမပိုင်ပါ။ အနာဂတ်ကို စဉ်းစားမည်ဆိုလျှင် လူငယ်တို့ကို ချန်လှပ်ထား၍မရပါ။ လူငယ်တွေမပါဝင်ပဲ အနာဂတ်ကိုတည်ဆောက်၍မရပါ။
    လူငယ်တွေရဲ့အနာဂတ်လှပဖို့ ဘာတွေပြင်ဆင်ကြရမည်နည်း။ သိပ်ကိုစဉ်းစားစရာကောင်းတဲ့ အရာတစ်ခုပင်ဖြစ်သည်။
    ယနေ့ခေတ်လူငယ်များအနေဖြင့် အနာဂတ်ရည်မှန်းချက်၊ ဘာဆက်လုပ်ရမယ်ဆိုတဲ့ ရည်မှန်းချက် အစီအစဉ်တွေနဲ့ လှုပ်ရှားလုပ်ကိုင်နေတဲ့ လူငယ်တွေရောရှိပါသေးရဲ့လား။ အနည်းငယ်တော့ရှိမည်ဟု ထင်မိသည်။ တချို့သောလူငယ်များမှာလည်း အနာဂတ်ရည်မှန်းချက် ပျောက်ဆုံးနေပြီး
    မရေရာမသေချာတဲ့ဘဝတွေနဲ့ ရပ်တည်နေကြတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ လူငယ်များတွင် သတ္တိတွေ၊ အားမာန်တွေ အပြည့်ရှိနေပါလျက်နှင့်ပင် ထိုသတ္တိ၊ အားမာန်တွေကို မည်သည့်နေရာတွင် မည်ကဲ့သို့ အသုံးချရမည်ကို လူငယ်တွေအနေနှင့် ဆန်းတဝါးဝါး ဖြစ်နေကြသည်။
    လူငယ်အချို့ကိုကြည့်မည်ဆိုလျှင် ဟိုနားထိုင်၊ ဒီနားထိုင်၊ လက်ဖက်ရည်ဆိုင်မှာ ညဥ့်နက်သန်းခေါင်ချိန်ထိ ဘောလုံးပွဲကြည့်။ ဘောလုံးပွဲကြည့်ရတာကိုက သူတို့အတွက် အလုပ်တစ်ခုလိုပင်ဖြစ်နေတော့သည်။ လူငယ်အချို့မှာလည်း ပညာမတတ်တဲ့အနေအထားတစ်ခုကို ရောက်နေကြတယ်။
    မိသားစုစီးပွားရေးအခြေအနေ စသည့်အကြောင်းရပ်တစ်ခုခုကြောင့် လူငယ်များအနေနှင့် ပညာဆက်လက်သင်ကြားခွင့်မရတဲ့ အတိုင်းအတာတစ်ခုထိဖြစ်နေခဲ့တယ်။ ရုပ်လုံးမကြွသေးသည့် ဘဝများစွာကျန်ရှိနေပါသေးသည်။
    တက္ကသိုလ်ဝင်တန်းအောင်ပြီး တက္ကသိုလ်ဆက်တော့မယ်ဆိုတော့လည်း လူငယ်အများစုမှာ မိမိဆန္ဒသဘောအတိုင်း ကျောင်းကိုရွေးချယ်ခွင့်မရှိဘဲ လူကြီးမိဘများနှင့် တက္ကသိုလ်ဝင်တန်းအမှတ်စာရင်းတို့ ရွေးချယ်ရာကို မိမိတို့ကလိုက်တက်ရသည်ကများမည်ဟုထင်မိသည်။
    လူတိုင်းတွင်မိမိအားသန်ရာ ကိုယ်စီရှိကြသည်။ မိမိစိတ်မပါသည်သည့်အရာတစ်ခုကိုပြုလုပ်ရမည့်အစား မိမိစိတ်ပါသည့်အရာ တစ်ခုကို ခေါင်းစိုက်ပြီး ကြိုးစားလိုက်မည်ဆိုပါက ထိုသူသည် ထူးချွန်လာမည်မှာ မြေကြီးလက်ခက်မလွဲပါ။ လူကြီးတွေအနေနှင့်လည်း လူငယ်တွေရဲ့မျှော်လင့်ချက်၊
    စိတ်ထက်သန်မှုတွေကို နားလည်ပေးစေလိုပါတယ်။ သူတို့သိနေတဲ့ လိုချင်တဲ့ စီးကြောင်းကြီးထဲကိုပဲ တွန်းပို့သင့်ပါတယ်။
    ကျောင်းတက်လို့ ဘွဲ့ရသွားပြီဖြစ်တဲ့ လူငယ်တွေအတွက်လည်း နိုင်ငံတော်က အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးမပေးနိုင်ဘူးဖြစ်နေတယ်။ လူငယ်တွေအနေနဲ့ စိတ်ဓာတ်ကျလဲကျချင်စရာဖြစ်နေတယ်။ ရရှိထားတဲ့ ဘွဲ့ကတစ်မျိုး လုပ်ငန်းခွင်မှာ အလုပ်လုပ်နေရတာက
    မိမိဘွဲ့နှင့်အနည်းငယ်မှ  စပ်လျဉ်းမှုမရှိ။ လူငယ်များအနေနှင့် မျှော်လင့်ချက်ယုံကြည်ချက်များ ကင်းမဲ့နေသည်မှာလည်း သူတို့ကိုအပြစ်တင်၍မရပါ။
    သူတို့အတွက်တိကျသေချာတဲ့ အလုပ်အကိုင်မှမရှိတာကိုး။ ဘွဲ့ရပြီးတော့ ယောင်ယောင်ဖြစ်နေကြတယ်။ ဒီကျောင်းပြီးရင် ဒီအလုပ်ရမယ်ဆိုတဲ့ကျောင်းဟာ လက်ချိုးရေလို့ရပါတယ်။  ကျောင်းပြီးရင် မိမိတက်မြှောက်ခဲ့တဲ့ပညာနဲ့ သက်ဆိုင်တဲ့အလုပ်အကိုင်တွေ ဖန်တီးပေးဖို့ သိပ်ကိုလိုအပ်နေပါပြီ။
    လူငယ်ဆိုတာခေတ်ရဲ့ရေစီးကြောင်းထဲမှာ အချိန်တစ်ချိန်တော့ မျောကြရတာပါပဲ။ လူငယ်တွေကိုနားလည်ပေးနိုင်ဖို့ထက် လူငယ်တွေရဲ့ပြသာနာတွေကို နားလည်ပေးဖို့ ပိုပြီးလိုအပ်ပါတယ်လို့ထင်ပါတယ်။ နည်းပညာရပ်တွေတိုးတက်လာတာနှင့်အမျှ အခုခေတ်လူငယ်တွေကလည်း
    နိုင်ငံတွင်းထက် နိုင်ငံအပြင်ဘက်ကိုကျော်ကြည့်ရကောင်းမှန်း တော်တော်များများသိလာကြတယ်။ ကမ္ဘာကြီးကရွာကြီးသဖွယ်ဖြစ်နေပါပြီ။ လိုချင်တဲ့အရာ၊ သိချင်တဲ့သတင်းအချက်အလက်တွေကို အင်တာနက်ပေါ်မှာ မိနစ်ပိုင်း၊ စက္ကန့်ပိုင်းအတွင်း ရှာဖွေနေနိုင်ပါပြီ။
    ဒါပေမယ့်ခက်တာက အဲ့လောက်ခွင်ကျယ်နေတဲ့ခေတ်ကြီး၊ လိုချင်တာအကုန်ရ၊ သိချင်တာအကုန်သိလို့ရနိုင်တဲ့ခေတ်ကြီးထဲမှာ “ငါဘာဖြစ်ချင်တယ်၊ ငါဘာကိုဇောက်ချလုပ်မှာလဲ” ဆိုတဲ့ အနာဂတ်ရည်မှန်းချက်တွေက ဝေဝါးနေပါတယ်။ ငါကတော့ ဒါကိုပဲလုပ်မယ်၊
    ဒါငါ့ရည်မှန်းချက်ကဘာလဲဆိုတာကို focus မလုပ်နိုင်ကြဘူးဖြစ်နေတယ်။
    အခုခေတ်လူငယ်တွေ သူများတွေ LCCI တက်တယ်ဆိုရင်လိုက်တက်ကြတယ်။ သူများတွေ ကွန်ပျူတာသင်တယ်ဆိုရင် လိုက်သင်ကြတယ်။ အဲဒါတွေ တက်ထားပြီးရင် ဘာဆက်လုပ်ရမလဲဆိုတာကို သူတို့ကိုယ်တိုင်မဝေခွဲတတ်တော့ဘူး။ ဘယ်သူကမှ ဒီဟာကိုဒီလိုလုပ်ရင်
    ဘယ်လိုဖြစ်မယ်ဆိုပြီး Guide လုပ်ပေးမယ့်လူလည်းမရှိဘူး။
    လူငယ်တွေမှာ အရည်ချင်းတွေရှိပါတယ်။  လူငယ်တွေရဲ့အောင်မြင်မှုဟာ ကိုယ့်ဘာသာအောင်မြင်တာရှိသလို လူကြီးတွေကလည်း ဖန်တီးပေးရပါ့မယ်။ လူကြီးတွေက စင်မြင့်တွေဖန်တီပေးရပါ့မယ်။ လူငယ်တွေမှာ အောင့်မြင်နိုင်တဲ့အစွမ်းအစတွေရှိရင် အစဆွဲထုတ်ပေးပါ့မယ်။ လူငယ်တွေအရည်အချင်းရှိလာအောက် လူကြီးတွေအနေနဲ့လည်း ဆွဲခေါ်ပေးသင့်ပါတယ်။ လူငယ်တွေဟာ လူ့အသိုင်းအဝိုင်းမှာ တန်ဖိုးရှိတဲ့သူတွေဖြစ်တဲ့အပြင် လူသားမျိုးနွယ်တွေရဲ့ အဓိကကျောရိုးလည်းဖြစ်တယ်။ လူငယ်တွေရဲ့ တိမ်မြုပ်နေတဲ့ အခွင့်အရေးတွေကို ဖော်ထုတ်ပေးကြပါ။
    လူငယ်တွေအနေနဲ့ ဘဝရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့အချိန်တွေအများကြီး ကျန်ပါသေးတယ်။ “ငါဘာလုပ်ရင်ကောင်းမလဲ” ဆိုတာကို ကိုယ့်ကိုကိုယ်သေချာမေးပြီး ကိုယ့်ရည်မှန်းချက်ဘာလဲဆိုတာကို ပြတ်ပြတ်သားသားဆုံးဖြတ်ချက် ချသင့်နေပါပြီ။ အစောဆုံးမြင်ခဲ့ရင်
    မိမိရည်မှန်းချက်ကို အောင်မြင်နိုင်မှာပါ။ စာအုပ်တွေဆီကလည်း လူငယ်တွေအတွက် ရစရာတွေအများကြီးရှိပါတယ်။ စာဖတ်တတ်တဲ့အလေ့ရှိရင်ကောင်းမှာပါ။ တခြားဟာတွေနဲ့အချိန်ဖြုန်းမနေပါနဲ့။ စာပေကိုလည်း သေချာလေ့လာပြီး ဘဝအတွက်အကျိုးရှိမဲ့အရာတွေကို အသုံးချကြပါ။
    ပညာဆိုတာ ဆုံးခန်းတယ်ဆိုတာမရှိပါဘူး။ အမြဲလေ့လာနေပါ။ အကျိုးမဲ့တယ်ဆိုတာ ဘယ်တော့မှမဖြစ်နိုင်ပါဘူးဆိုတာကို အကြံပြုချင်ပါတယ်။
    ထက်မြတ်