News @ M-Media

Author: M-Media

  • တိုင်ဖုန်း မုန်တိုင်း ဟာဂူပစ် အားပျော့သွား၊ ဖိလစ်ပိုင်နိုင်ငံ အတွင်း ကြီးကြီးမားမား ပျက်စီးမှုမရှိ

    တိုင်ဖုန်း မုန်တိုင်း ဟာဂူပစ် အားပျော့သွား၊ ဖိလစ်ပိုင်နိုင်ငံ အတွင်း ကြီးကြီးမားမား ပျက်စီးမှုမရှိ

    ဒီဇင်ဘာ ၇ ၊ ၂၀၁၄
    M-Media
    10334314_859723997395804_696323829767155477_n
    ဖိလစ်ပိုင်ကမ်းခြေတစ်လျှောက် အင်အားပြင်းထန်စွာတိုက်ခတ်ခဲ့တဲ့ ဟာဂူပစ် (Hagupit) တိုင်ဖုန်း မုန်တိုင်းကြောင့် သစ်ပင်မြောက်များစွာပြိုလဲပြီး လူ ၆ သိန်းခွဲလောက် ကို နေရာရွှေ့ပေးခဲ့ ရပါတယ်။ ဒါပေမယ့် ခုတနင်္ဂနွေနေ့မှာ တိုင်ဖုန်း မုန်တိုင်းဟာ အားပျော့သွားခဲ့ပါတယ်။

    မနှစ်က မထင်မှတ်တဲ့ မုန်တိုင်းကြောင့် အကြီးအကျယ်ပျက်စီးခဲ့တဲ့ ဖိလစ်ပိုင်အလယ်ပိုင်းဟာ ယခုမုန်တိုင်းကြောင့် ထပ်မံပျက်စီးမှုအန္တရာယ်က သက်သာရာ ရသွားပါတယ်။ အရှေ့ဘက်ဆာမားနဲ့ အခြားကျွန်းတွေကို အပြင်းအထန်ဝင်ရောက်တိုက်ခတ်ပြီးနောက် အနည်းငယ်ရေလွှမ်းမိုးတာတွေနဲ့၊ တဲအိမ်ငယ်တွေ ပျက်စီးတာတွေ၊ သွပ်ပြားလန်တာတွေနဲ့ ဒေသမှာပြည့်နေပေမယ့် ကြီးကြီးမားမား ပျက်စီးတာတွေနဲ့ လူသေဆုံးမှုမရှိသေးပါဘူး။ ဟာဂူပစ် တိုင်ဖုန်းမုန်တိုင်းဟာ ပုံမှန် တစ်နာရီ (၁၄၀) ကီလိုမီတာနဲ့ နဲ့ အပြင်းထန်ဆုံး (၁၇၀) ကီလိုမီတာ အထိတိုက်ခတ်နေခဲ့တာပါ။ ခန့်မှန်းသူတွေက အားပျော့သွားပေမယ့် မုန်တိုင်းဟာ အန္တရာယ်ရှိနေတုန်းပဲလို့ဆိုပါတယ်။

    ဖိလစ်ပိုင်အစိုးရဟာ စစ်တပ်အင်အား တစ်သိန်းကျော်နဲ့ လူသေမှုလုံးဝမရှိရအောင် ဆောင်ရွက်သွားဖို့ အကြီးအကျယ်ပြင်ဆင်လုပ်ဆောင်နေပြီး အမေရိကန်နဲ့ ဥရောပ သမဂ္ဂတို့ပါဝင်တဲ့ နိုင်ငံ (၁၂) နိုင်ငံခန့် အရေးအပေါ် အကြီးအကျယ်ပျက်စီးမှုတွေဖြစ်ပျက်လာရင် အဆင်သင့်ကူညီဖို့ ပြောဆိုထားပါတယ်။

    10481987_859722947395909_2764251282418241239_o

    10801740_859723990729138_2017112423311850358_n

    10847984_859722937395910_1135251629994985659_n

    Source AP

  • ကလေးတွေကို အမုန်းတရားဖြန့်နေတဲ့ နေမျိုးဝေ ကို ဘယ်သူ ခွင့်ပြုထားပါသလဲ

    ကလေးတွေကို အမုန်းတရားဖြန့်နေတဲ့ နေမျိုးဝေ ကို ဘယ်သူ ခွင့်ပြုထားပါသလဲ

    ဒီဇင်ဘာ ၇ ၊ ၂၀၁၄
    M-Media
    ဆွေမွန်ရေးသည်။
    Nay_Myo_Wai
    နေမျိုးဝေလိုလူကို အာဏာပိုင်တွေ မွေးထားတာ သိပ်ထင်ရှားလွန်းပါတယ်။

    ကမ္ဘာမှာ ဘယ်နေရာမှာမှ၊ ဘယ်အစိုးရမှ၊ ဘယ်အာဏာပိုင်ကမှ ဒီလို အမုန်းတရားဖြန့်ချီခွင့်ကို တရားဝင် ခွင့်မပြုပါဘူး။

    တရားဝင် ပါတီထောင် ဥက္ကဋ္ဌ လုပ်နေသူတစ်ဦးဟာ လူသားအချင်းချင်း၊ ဘာသာတရား အချင်းချင်း အမုန်းစကားပြောခွင့်ကို ဥပဒေက ခွင့်မပြုသလို ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့လည်း လုံလောက်တဲ့ အရှက်သိက္ခာရှိရှိ ပြုမူနေထိုင်သင့်ပါတယ်။ မလိုအပ်တဲ့ အမုန်းတရားတွေကို ပါတီတစ်ခုက ပြောကြားလာပြီဆိုရင် တားကို တားရမှာက အစိုးရ အာဏာပိုင်တွေရဲ့ တာဝန်ဖြစ်သွားပါပြီ။ ဒီလို အမုန်းတရား ဖြန့်ဝေနေမှန်း သိပါလျှက် ခွင့်ပြုပေးနေတဲ့ အာဏာပိုင်တွေ ဘာဖြစ်စေချင်နေသလဲ …. ဖြေပေးကြပါ။ မြန်မာပြည်သူပြည်သား အားလုံး တစ်ဦးကို တစ်ဦး မခေါ်မပြောနိုင်ဖြစ်ပြီး ရန်မီးပွားနေစေချင်ပါသလား။

    ဒီလို ကမ္ဘာ့လူသား သန်းပေါင်း ၂၀၀၀ လောက် ကိုးကွယ်နေတဲ့ ဘာသာကြီးတစ်ခုကို၊ အခြေခံဥပဒေက ခွင့်ပြုထားတဲ့ ကိုးကွယ်ရာဘာသာကြီးတစ်ခုကို လွတ်လပ်စွာ အမုန်းမှိုင်းတိုက်ခွင့် (ဘယ်သူပေးနေသလဲ) ဆိုတာ အစိုးရ သိကို သိပါတယ်။ အစိုးရမသိဘူး ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။

    ဒီလို ဘာမှ မဟုတ်တဲ့လူတစ်စုက ပြည်သူအချင်းချင်းကြားမှာ အမုန်း မပွား ပွားလာအောင် မြန်မာပြည်က မွတ်ဆလင်တွေနဲ့ ဘယ်လိုမှ မပတ်သက်တဲ့ အကြောင်းအရာတွေကို ဗီနိုင်းထုတ် ဘာမှ မသိနားမလည်တဲ့ မူလတန်းအရွယ် အဖြူထည်ကလေးတွေကို ပြသကာ ဓာတ်ဆီလောင်း ရန်တိုက်ပေးနေတာကို အစိုးရက ဘာကြောင့် မတားဆီးပါသလဲ။ ဘာကြောင့် ဒါတွေကို မသိချင်ယောင်ဆောင်နေရပါသလဲ။ အစိုးရအာဏာပိုင်တွေ ခွင့်မပြုဘဲ လုပ်ချင်တိုင်း လုပ်လို့ရတဲ့ ကိစ္စရှိပါသလား။

    လူကြီးချင်းမုန်းတီးစေရုံသာမက မူလတန်းအရွယ် ကလေးတွေကြားထဲမှာ အမုန်းတရားပြန့်ပွားစေတာဟာ အင်မတန် အောက်တန်းကျ  စက်ဆုတ်ရွံရှာစရာကောင်းတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ မူလတန်း အရွယ်ကလေးတွေကို ကျောင်းတွေကနေ တကူးတကလာကြည့်စေတယ်။ ဒီလို လုပ်ရပ်ဟာ ခွင့်ပြုချက် မရှိဘဲ လုပ်လို့ မရပါဘူး။

    မြန်မာပြည်မှာ ကိုယ့်ထမင်းကို ရှာဖွေမစားရဘဲ မွတ်ဆလင် ဆန့်ကျင်ရေးလုပ်နိုင်တာ၊ အမုန်းတရားဖြန့်ချီဖို့ ခရီးစရိတ် အကုန်အကျခံသွားလာနိုင်တာ၊ ဗီဒီယိုခွေတွေ ထုတ်ဝေနိုင်တာ၊ ဗီနိုင်းတွေ အထပ်ထပ် ထုတ်ဝေနိုင်တာ၊ ၉၆၉ အမည်ခံ၊ မဘသအမည်ခံ၊ အမျိုးသားရေးအမည်ခံတဲ့ နေမျိုးဝေလိုလူတွေ၊ ဦးဝီရသူလို ဘုန်းကြီးတွေနဲ့ သူတို့ရဲ့ လက်ဝေခံတွေပဲ ရှိပါလိမ့်မယ်။

    သူတို့ကို ဘယ်သူ ထောက်ပံ့နေပါသလဲ။ ဘာအလုပ်မှ မရှိရင် ထမင်းငတ်နိုင်တဲ့ ဒီနိုင်ငံမှာ ဒီလူတွေ ဘာကြောင့် အလုပ်အကိုင် မရှိဘဲ ထောက်ပံ့မှု အပြည့်အ၀နဲ့ အမုန်းတရားတွေကို လွတ်လွတ်လပ်လပ်ဖြန့်ချီခွင့် ရှိနေရပါသလဲ။

    အစိုးရခွင့်မပြုဘဲ ဒီလို အမုန်းတရားဖြန့်ချီခွင့်ကို ဘယ်သူမှ မလုပ်နိုင်ပါဘူး။

    ဖြေပေးပါ။

    ((ဒီနိုင်ငံမှာမွေး၊ ဒီနိုင်ငံမှာကြီပြင်း ပညာသင်ကာ အေးငြိမ်းစွာနေထိုင်နေကြတဲ့ နိုင်ငံသား၊ တိုင်းရင်းသား မွတ်ဆလင်တွေကို မမုန်းမုန်းအောင် လုပ်နေကြတာကို အစိုးရအာဏာပိုင်တွေ ကိုယ်တိုင် ဘာကြောင့် ဒီလိုလုပ်ရပ်တွေကို တမင်သက်သက် ခွင့်ပြုနေရပါသလဲ၊ မတားဆီးရပါသလဲ…))

    ဗုဒ္ဓဘာသာဝင် မိတ်ဆွေတွေနဲ့ ဘာသာတရားပေါင်းစုံက လူကြီးတွေ ကိုယ်တိုင် အစိုးရကို တင်ပြတောင်းဆိုကာ အမုန်းတရားဖြန့်ချီနေတာကို ရပ်တန့် အောင် တားမြစ်တောင်းဆိုပေးကြပါ။ လူကြီးတွေကိုယ်တိုင် ဒီလို ပြည်ဖျက်လုပ်ငန်းတွေကို လက်တွဲဆန့်ကျင်ပေးကြပါ။ အခုလုပ်နေတာ အားလုံးဟာ ပြည်သူအချင်းချင်း ညီညွတ်နေတဲ့ အားတွေကို သပ်လျှိုသွေးခွဲ ရိုက်ချိုးနေတာလို့ပဲ ပြောချင်ပါတယ်။

  • ဓလေ့ထုံးစံအရ ပူဇော်ရန် သား၏ နှလုံး ခွဲထုတ်ခဲ့မှု မိခင်အား စကော့တလန် ရဲတပ်ဖွဲ့ ဖမ်းဆီးထား

    ဓလေ့ထုံးစံအရ ပူဇော်ရန် သား၏ နှလုံး ခွဲထုတ်ခဲ့မှု မိခင်အား စကော့တလန် ရဲတပ်ဖွဲ့ ဖမ်းဆီးထား

    ဒီဇင်ဘာ ၆ ၊ ၂၀၁၄
    M-Media
    5-yo-boy-heart-ripped-out-main
    – အယူဝါဒဆိုင်ရာ ပူဇော်မှုအတွက် သားဖြစ်သူ၏ နှလုံးအား ခွဲထုတ်ခဲ့သည်ဟု ယူဆရသည့် အမျိုးသမီးတစ်ဦးကို စကော့တလန်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု သိရသည်။

    ပတ်ဝန်းကျင်၏ တိုင်ကြားမှုကြောင့် ကလန်မန်နန်ရှိုင်းယားဒေသ ကနော့သ်သန် ပလေ့စ်မြို့ရှိ နေအိမ်တစ်ခုသို့ ဒီဇင်ဘာ ၅ ရက်နေ့နံနက် ၉ နာရီခန့်အချိန်တွင် ရဲတပ်ဖွဲ့မှ သွားရောက်ကြည့်ရှုခဲ့ရာ အသက် ၅ နှစ်အရွယ် ယောက်ျားလေးတစ်ဦးမှာ နှလုံးဖြတ်ထုတ်ခံရပြီး သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။

    ထိုကဲ့သို့ သတ်ဖြတ်မှုမှာ အယူဝါဒဆိုင်ရာ ပူဇော်မှုအတွက် ပြုလုပ်သည်ဟု ယူဆရပြီး ဘော့စ်ဝါနာ ဇာတိ မိခင်ဖြစ်သူကို ယမန်နေ့ညပိုင်းကပင် ဖမ်းဆီး၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    အဆိုပါအမျိုးသမီး၏ အမည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ ၎င်း၏ အခြား သမီးတစ်ဦးမှာ ဘေးကင်းစွာရှိနေသည်ဟု သိရသည်။

    အိမ်နီးချင်းများကမူ အဆိုပါအမျိုးသမီးမှာ တိတ်ဆိတ်စွာနေတတ်ကြောင်း၊ ကျောင်းသွားကျောင်းပြန် ကိစ္စမှလွဲ၍ အခြားအချိန်များတွင် အပြင်ထွက်သည်ကို မတွေ့ရကြောင်း၊ ၎င်းတွင် ခင်ပွန်းရှိသည်ကိုလည်း မတွေ့ရကြောင်း ပြောကြားခဲ့သည်။

    ရဲတပ်ဖွဲ့မူ ထိုအဖြစ်အပျက်တွင် အခြား ပါဝင်ပတ်သက်သူမရှိဟု ပြောကြားခဲ့သည်။

    အမေရိကန်နှင့် ဥရောပနိုင်ငံအချို့တွင် ဆာတန်နစ် အယူဝါကို ယုံကြည်သူ အနည်းငယ်ရှိကြပြီး ၎င်းတို့ဓလေ့ထုံးစံအရ ပူဇော်ပသရန်အတွက် မိမိတို့၏ သားသမီးများအား မျက်လုံးဖောက်ထုတ်ခြင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းများ ချို့တဲ့အောင်လုပ်ခြင်း စသည်တို့ကို ပြုလုပ်လေ့ရှိကြသည်။

  • အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ညီလာခံတစ်ခု ကိုင်ရိုတွင်ပြုလုပ်

    အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ညီလာခံတစ်ခု ကိုင်ရိုတွင်ပြုလုပ်

    ဒီဇင်ဘာ ၇ ၊ ၂၀၁၄
    M-Media
    10422368_697720533681358_5380238988872102556_n
    – အစွန်းရောက်ဝါဒနှင့် အကြမ်းဖက်ဝါဒတို့အား တန်ပြန်တိုက်ဖျက်ရန်အတွက် နိုင်ငံတကာညီလာခံတစ်ခုကို အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၌ ဒီဇင်ဘာ ၃ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်း အစ္စလာမ်ဓမ္မပညာရှင်များ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

    `အဖွဲ့တွေ ကွဲနေတာ၊ ပဋိပက္ခတွေဖြစ်နေတာ၊ ရပ်တည်ချက်တွေ အစွန်းနှစ်ဖက်ရောက်နေတာတွေက မွတ်စလင်နိုင်ငံတွေကို ပြိုကွဲသွားဖို့ အစွန်းရောက်တွေ သုံးနေတဲ့ နည်းလမ်းတွေပါပဲ´ဟု အစ္စလာမ့်ရေးရာ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်သည့် ကိုင်ရိုရှိ အလ်အဇ်ဟာရ် တက္ကသိုလ်မှ ရှေ့ဆောင်အီမာမ် ရှိခ် အဟ်မဒ် အလ်-တိုင်ယစ်ဘ်က အဆိုပါ ညီလာခံတွင် ပြောကြားခဲ့သည်။

    အကြမ်းဖက်ဝါ တိုက်ဖျက်ရေး အဆိုပါညီလာခံကို အလ်-အဇ်ဟာရ်တက္ကသိုလ်မှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး ဆော်ဒီအာရေဗျ၊ အီရန်နှင့် မော်ရိုကိုနိုင်ငံတို့အပါအ၀င် ကမ္ဘာ့နိုင်ငံအသီးအသီးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

    အစ္စလာမ့်ဓမ္မပညာရှင်များနှင့်အတူ အခြားအယူဝါဒများမှ ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြပြီး ခရစ်ယာန် ကော့ပတစ်အသင်းတော်၏ ပုပ်ရဟန်းမင်းကြီး တာဝါဒရို့စ် ၂ ကလည်း မိန့်ခွန်းပြောကြားခဲ့သည်။

    `အာရပ်ကမ္ဘာက ဒီဒုက္ခသုက္ခတွေ၊ သွေးညှီနံ့တွေ၊ သေခြင်းတရားတွေ၊ ပေါက်ကွဲမှုတွေ ရောပြွန်းနေတဲ့ စုံလုံးကန်း သဘောထား ကွဲလွဲမှုတွေ၊ ပြည်သူတွေကို ခေါင်းဖြတ်တာတွေ၊ သမိုင်းမှာ မကြားဖူးတဲ့ ရက်စက်မှုမျိုးနဲ့အတူ လူသန်းပေါင်းများစွာကို အတင်းအဓမ္မ မောင်းထုတ်တာတွေ စတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး ကျွန်တော် ကိုယ့်ကိုယ်ကို ပြန်မေးခွန်းထုတ်မိပါတယ်။ ဒီလို ရိုင်းစိုင်းရက်စက်တဲ့ ရာဇ၀တ်မှုတွေက ဘာသာတရားကို ညစ်နွမ်းစေပါတယ်´ ဟု ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့သည်။

    ထို့ပြင် ဘာသာအယူဝါဒအားလုံး၏ စည်းမျဉ်းစည်းကမ်းများက အတူတူပင်ဖြစ်သည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    `ကျွန်တော်တို့ရဲ့ ဘာသာတရားတွေက ချစ်ခြင်းမေတ္တာရှိကြဖို့ ပြီးတော့ ကျွန်တော်တို့နဲ့ မတူတဲ့သူတွေကို လက်ခံကြဖို့ တိုက်တွန်းထားပါတယ်´ ဟု ၎င်းက ဆိုသည်။

    ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့ကို သိမ်းပိုက်ကာ ရာဇ၀တ်မှုများကို ကျူးလွန်နေသော ISIL အဖွဲ့ကို ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်များက ရှုတ်ချခဲ့ကြပြီး အဆိုပါ အကြမ်းဖက်အဖွဲ့အား ဆန့်ကျင်သော ဆန္ဒပြမှုများကိုလည်း ပြုလုပ်ခဲ့ကြသည်။

    7

    ရိုင်းစိုင်းသောလုပ်ရပ်

    ခရစ်နှစ် ၉၇၁ ခုနှစ်က တည်ထောင်ခဲ့သည့် အလ်အဇ်ဟာရ်တက္ကသိုလ်၏ ရှေ့ဆောင်အီမာမ်က လည်း ISIL စစ်သွေးကြွအဖွဲ့မှ ကျူးလွန်သော ရာဇ၀တ်မှုများကို ရှုတ်ချခဲ့သည်။

    `ဒီအကြမ်းဖက်ဝါဒကို ရင်ဆိုင် သုတ်သင်ဖို့ နိုင်ငံတကာ မဟာမိတ်တွေဟာ ကျောင်းတွေမှာ၊ဘာသာအယူဝါဒတွေမှာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းအားတွေရလာအောင် ဆော်သြရပါမယ်´ ဟု အလ်-တိုင်ယစ်ဘ်က ပြောကြားခဲ့သည်။

    ဆော်ဒီမှ ရှေ့ဆောင်ဆရာတော်ကြီး မွဖ်သီ ရှိခ် အဘ်ဒူလ် အဇစ် အလ် ရှိခ်ကလည်း စစ်သွေးကြွများကို ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် ဂုဏ်သိက္ခာတို့အား အလွဲသုံးစားပြုနေသည့် ရန်လိုသူများအဖြစ် သတ်မှတ်ကာ လက်နက်ကိုင် ချေမှုန်းကြရန် မွတ်စလင်များအား တိုက်တွန်းခဲ့သည်။

    ပြီးခဲ့သည့် လအနည်းငယ်ကလည်း အဆိုပါ မွဖ်သီကြီးက အလ်ကိုင်းဒါးနှင့် ISIL အဖွဲ့မှာ အစ္စလာမ်၏ နံပါတ် ၁ ရန်သူဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ထိုမတိုင်ခင် အီဂျစ်နိုင်ငံမှ မွဖ်သီကြီး ရှော်ကွီ အာလမ်ကလည်း အဆိုပါ စစ်သွေးကြွများ၏ ရက်စက်မှုများကို ရှုတ်ချခဲ့ပြီး ၎င်းတို့၏ လုပ်ရပ်များမှာ အစ္စလာမ်၏ သွန်သင်ချက်များ၊ စည်းမျဉ်းစည်းကမ်းများအား ချိုးဖောက်နေခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အိန္ဒိယရှိ ဆွန်နီနှင့် ရှီအာမွတ်စလင်များကလည်း ISIL အား ရှုတ်ချခဲ့ပြီး မြင့်မြတ်သော သမိုင်းဝင်နေရာများအား ၎င်းအဖွဲ့က ဖျက်ဆီးမှု၊ အစ္စလာမ်ဘာသာဝင်များအကြား ဂိုဏ်းဂဏ၀ါဒ ဖြစ်လာစေရန်နှင့် သွေးကွဲလာစေရန် လုပ်ဆောင်မှုများမှာ အစ္စလာမ့်နိုင်ငံတော်ဖြစ်လာရေးအတွက် အထောက်အကူမပြုဟု ပြောကြားခဲ့သည်။

    အင်ဒိုနီးရှား၏ အကြီးဆုံး အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းဖြစ်သော နဒ်လာသွလ် အိုလမာ NU အဖွဲ့ကလည်း ISIL အဖွဲ့အား ရှုတ်ချခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံအတွင်း ၎င်းတို့၏ အယူအဆ ပြန့်နှံ့မှု မရှိစေရန်အတွက် ခိုင်မာသည့် ဆောင်ရွက်မှုများ ပြုလုပ်ရန် အစိုးရအား တိုတွန်းခဲ့သည်။

    ထို့ပြင် အင်ဒိုနီးရှားရှိ အစ္စလာမ့်ကျောင်းသားများ အစည်းအရုံး HMI ကလည်း ISIL ၏ အယူဆများကို ရှုတ်ချခဲ့သည်။

    OnIslam

  • ပါရှန်း ပညာရှင်ကြီး အလ်-ဘီရူနီ (သို့) အလယ်ခေတ်ရဲ့  စွယ်စုံရ မွတ်စလင် သိပ္ပံ ပညာရှင်များမှ တဦး

    ပါရှန်း ပညာရှင်ကြီး အလ်-ဘီရူနီ (သို့) အလယ်ခေတ်ရဲ့ စွယ်စုံရ မွတ်စလင် သိပ္ပံ ပညာရှင်များမှ တဦး

    ဒီဇင်ဘာ ၆၊ ၂၀၁၄
    M-Media
    ကိုလေး စုစည်းတင်ဆက်သည်။

    albiruni (1)

    – တမန်တော် မုဟမ္မဒ်သခင်ဟာ သူရဲ့နောက်လိုက်တွေကို အသိပညာကို ရှာဖွေဖို့ အမြဲတမ်းတိုက်တွန်းခဲ့ပါတယ်။ ကိုယ်တော့်ရဲ့ အဆိုအမိန့်တစ်ခုမှာ “ပုခက်အတွင်းမှ သင်္ချိုင်းအတွင်းအထိ ပညာရှာဖွေကြ” လို့ ပြောခဲ့တာကိုကြည့်ရင် ကိုယ်တော်ဟာ ပညာရေးကို ဘယ်လောက်ဦးစားပေးလဲဆိုတာ တွေ့နိုင်မှာပါ။

    ဒီလိုသင်ကြားမှုက စောစောပိုင်း မွတ်စလင်လူ့အဖွဲ့အစည်းကို ထင်ထင်ရှားရှား အကျိုးသက်ရောက်မှုတွေရှိခဲ့ပါတယ်။ ပြန်ကျဲနေတဲ့အာရပ်လူ့အဖွဲ့အစည်းဟာ စုစည်းမှုရှိလာပြီး နယ်မြေတွေချဲ့ထွင်နိုင်ခဲ့သလို ၀ိဇ္ဇာသိပ္ပံ ပညာရပ်တွေကို စိတ်ဝင်စားမှု စူးစမ်းရှာဖွေမှုတွေ လုပ်ဆောင်ခဲ့ပြီး ထင်ရှားတဲ့ မွတ်စလင် တွေးခေါ်ပညာရှင်တွေ၊ ၀ိဇ္ဇာသိပ္ပံပညာရှင်တွေလည်း အများအပြား ပေါ်ထွက်လာခဲ့ပါတယ်။

    အဲဒီပညာရှင်တွေထဲက စွယ်စုံရပညာရှင်ကြီးတစ်ပါးဖြစ်ပြီး အိန္ဒိယနိုင်ငံရဲ့ ထူးခြားတဲ့ ၀ိဇ္ဇာသိပ္ပံပညာရပ်တွေနဲ့ ဆေးပညာရပ်တွေကို ပထမဆုံး ကမ္ဘာသိအောင် ချပြခဲ့တဲ့ ပါရှန်း ပညာရှင်ကြီး အလ်-ဘီရူနီ ရဲ့ အကြောင်းကို ဖော်ပြလိုက်ပါတယ်။

    ငယ်ဘဝ
    ———-
    အမည်အရင်း အဘူရီဟန် မိုဟာမက် အစ်ဗနေ့ အလ်-ဘီရူနီကို ထိပ်ထိပ်ကြဲ မွတ်စလင် ပညာရှင်အချို့ မွေးဖွားခဲ့ရာ အလယ်အာရှက ခူရာဆန်ပြည်နယ် ခ၀ါရီဇမ်မြို့နားမှာ သက္ကရာဇ် ၉၇၃ ခုနှစ် စက်တင်ဘာလမှာ မွေးဖွားခဲ့ပါတယ်။ ခူရာဆန်ဟာ အဲဒီအချိန်အခါက ကြီးမားကျယ်ပြန်တဲ့ ပြည်နယ်တစ်ခုပါ။ ၀ိဇ္ဇာသိပ္ပံပညာရပ်တွေ ထွန်းကားတဲ့ အသိုင်းအ၀ိုင်းကမွေးလာတဲ့ ဘီရူနီဟာ စောစောပိုင်း ၂၅ နှစ်ကို ခ၀ါရီဇမ်မှာပဲ ကုန်ဆုံးခဲ့ပြီး  အာရဗီနဲ့ ပါရှန်းဘာသာရပ်တွေ၊ အစ္စလာမ့်တရားဥပဒေ၊ ဘာသာသာရေး၊ သဒ္ဒါ၊ သင်္ချာ၊ နက္ခတဗေဒ၊ ဆေးပညာနဲ့ အခြားသိပ္ပံဘာသာရပ်တွေကို လေ့လာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အစ္စလာမ့်သိပ္ပံ၊ ဂန္တ၀င်စာပေနဲ့ ရိုးရိုးသိပ္ပံ ပညာရပ်တွေကို ဆက်လက် သင်ယူခဲ့ပါတယ်။

    ဘီရူနီဟာ သင်္ချာပညာရပ်ကို အဲဒီအချိန်က ထင်ရှားတဲ့ နက္ခတ္တဗေဒနဲ့ သင်္ချာပညာရှင် အဘူနာဆာရန် အလ်-မန်ဆူရ်ရဲ့ ကြီးကြပ်မှုအောက်မှာ နှစ်ပေါင်း များစွာကြာ လေ့လာခဲ့ပါတယ်။ နောက်ပြီး အလ်-မန်ဆူရ်ရဲ့ ဆရာဖြစ်တဲ့ အဘူ ၀ါဖာ အလ်-ဘူဂျာဇ်နီရဲ့ လက်အောက်မှာလည်း ပညာဆည်းပူးခဲ့တယ်လို့ အချို့သမိုင်းပညာရှင်တွေက ဆိုပါတယ်။ ဒီအဆိုကို ပညာရှင်အများစုကတော့ လက်ခံခြင်း မရှိပါဘူး။

    ဘူခါရာမြို့သို့တစ်ခေါက်
    —————————-
    သက္ကရာဇ် ၉၉၅ ခုနှစ်လောက်မှာ ဘီရူနီဟာ ဘူခါရာမြို့ကို သွားရောက်ပညာဆည်းပူးခဲ့ပြီး အလယ်အာရှမှာ ထင်ရှားတဲ့ သင်ကြားရေးစင်တာတွေကိုလည်း ရောက်ခဲ့ပါတယ်။ ၉၉၈ ခုနှစ်မှာတော့ ဘီရူနီဟာ ပါရှန်း မြို့တစ်မြို့ဖြစ်တဲ့ ဂျာဂျန်မြို့မှာ အခြေချခဲ့ပြီး ဘုရင် ရှမ်စ် အလ်-မာအလီ ကွာဘက်စ် အစ်ဗနေ့ ၀က်စ်ဟမ်ဂီရန်ထံမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဂျာဂျန်မှာ ဘီရူနီဟာ ၁၀ စုနှစ် တစ်ခုကျော်လောက် နေထိုင်ခဲ့ပြီး အဲဒီ့အချိန်က အဆင့်မြင့် သိပ္ပံပညာရပ်အားလုံးနဲ့ သင်္ချာပညာရပ်တွေကို  လေ့လာခဲ့ပါတယ်။

    ပထမဆုံးကျမ်း
    —————–
    အသက် ၂၇ နှစ်အရွယ်မှာတော့ ဘီရူနီဟာ သူရဲ့ ကျော်ကြားတဲ့ Kitab al-Athar al-Baqiyah an al-Quran al-Khaliyab (ရှေးခတ်နိုင်ငံများ၏ သမိုင်းစဉ်မှတ်တမ်း) စာအုပ်ကို ရေးသားပြုစုခဲ့ပါတယ်။ ဒီစာအုပ်မှာ သူဟာ သမိုင်းကြောင်းဆိုင်ရာ အဆင့်ဆင့် ပြောင်းလဲမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝနဲ့ ခေတ်ကာလအကြောင်းတွေကို ဖော်ပြခဲ့ပြီး၊ ရှေးခေတ် ပြည်သူတွေရဲ့ သဘာဝ၊ ကာလနဲ့ သူတို့ရဲ့ ကံကြမ္မာတို့ကိုလည်း အလေးထား ဖော်ပြခဲ့ပါတယ်။

    သမိုင်းကြောင်းဆိုင်ရာ တိုးတက်မှုနဲ့ ပထ၀ီဗေဒဆိုင်ရာ ပြောင်းလဲမှုတွေကို စိတ်ဝင်တစား ရှင်းရှင်းလင်းလင်း ခွဲခြမ်းစိတ်ဖြာရာကနေ အဲဒီလိုပြောင်းလဲမှုတွေက ရှေးခေတ်လူသားတွေရဲ့ ဘ၀တွေမှာ ဘယ်လိုသက်ရောက်ခဲ့သလဲဆိုတာကို ဘီရူနီက ထုတ်ဖော်ပြသနိုင်ခဲ့ပါတယ်။ ဒီစာအုပ်မှာပဲ ဘီရူနီဟာ သူ့အရင်က ပညာရှင်တွေရဲ့ အချိန်နဲ့ ဖြစ်တည်မှုအပေါ် ထင်မြင်မှုတွေကိုလည်း ချေပရေးသားခဲ့ပါသေးတယ်။

    မွေးရပ်မြေသို့တစ်ခေါက်
    ————————–
    ၁၀၁၂ ခုနှစ်မှာ ဘီရူနီဟာ မွေးရပ်မြေ ခ၀ါရီဇမ်ကို ပြန်လည်သွားရောက်ခဲ့ပြီး အဲဒီခေတ်ကာလက ကျော်ကြားတဲ့ ပညာရှင်တစ်ဦးဖြစ်တဲ့ အဘ်ဒူ အလ်-စမဒ် အလ်-အောင်ဝလ်ရဲ့ လက်အောက်မှာ အခြားသော ကဏ္ဍတွေကို ဆက်လက် လေ့လာခဲ့ပါတယ်။
    အဲဒီအချိန်လောက်မှာပဲ အလယ်အာရှရဲ့ နိုင်ငံရေးစနစ်ဟာ ရုတ်ချည်း ပြောင်းလဲသွားခဲ့ပြီး ဒေသတော်တော်များများဟာလည်း ဘုရင်သစ် ဆူလ်တန် မဟ်မူးဒ်ရဲ့ လက်အောက်ကို ရောက်ရှိခဲ့ပါတယ်။ ဘီရူနီရဲ့မွေးရပ်မြေ ခ၀ါရီဇမ်ဒေသကို ဆူလ်တန် မဟ်မူးဒ်ရဲ့တပ်တွေက ၁၀၁၇ ခုနှစ်မှာ သိမ်းပိုက်ခဲ့ပြီး ဘီရူနီနဲ့ ဆရာဖြစ်သူ အလ်-အောင်ဝလ်တို့နှစ်ဦးကို သုံ့ပန်းတွေအဖြစ် ဂါဇနာကို ခေါ်ဆောင်သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အမြင်မတူမှုနဲ့ စွဲချက်တင်ခံခဲ့ရပြီး ဘီရူနီဟာ သေဒဏ်ပေးခြင်း ခံခဲ့ရပါတယ်။

    ဒါပေမယ့် ဘီရူနီရဲ့ အစွမ်းအစကိုသိရှိပြီး သူ့ကိုလေးစားအားကျတဲ့ ဆူလ်တန်ရဲ့ ထိပ်တန်း အကြံပေးတစ်ဦးရဲ့ ကြားဝင်အသနားခံပေးမှုကြောင့် ဘီရူနီဟာ အသက်ဘေးက လွတ်မြောက်ခဲ့ပြီး အကြီးတန်း နက္ခတဗေဒနဲ့ သိပ္ပံဆိုင်ရာ အကြံပေးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။

    အဲဒီနောက်မှာတော့ ဘီရူနီဟာ ဆူလ်တန် မဟ်မူးဒ် ခရီးထွက်ရာနေရာတိုင်းနဲ့ တိုင်းပြည်ချဲ့ထွင်ရာ နေရာတွေကို လိုက်ခဲ့ရပါတော့တယ်။

    ဘီရူနီဟာ ကျော်ကြားတဲ့ သိပ္ပံပညာရှင်တစ်ယောက် ဖြစ်ရုံသာမက မတူညီတဲ့ ဘာသာစကားတွေ၊ ယဉ်ကျေးမှုတွေ၊ ရိုးရာဓလေ့ ထုံးတမ်းတွေ ကိုလည်း နှစ်သက် မြတ်နိုးသူ တစ်ယောက်ပါ။ ဒါ့ကြောင့် ဆူလ်တန် မဟ်မူးဒ် အိန္ဒိယကို သိမ်းပိုက်ပြီး နောက်ပိုင်းမှာ ဘီရူနီဟာ အိန္ဒိယရဲ့ ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်တွေကို ရှာဖွေဖော်ထုတ် ထိန်းသိမ်းဖို့ ကြိုစားခဲ့ပါတော့တယ်။

    အိန္ဒိယဗေဒရဲ့ ဖခင်
    ————————–
    ဘီရူနီဟာ အိန္ဒိယမှာ သက္ကရာဇ် ၁၀၂၁ ခုနှစ်နေ ၁၀၃၁ ခုနှစ်အထိ ဆယ်စုနှစ်တစ်ခုကြာ နေထိုင်ခဲ့ပြီး အဲဒီအချိန်အတောအတွင်းမှာ သူရဲ့ အားလပ်ချိန်တွေအားလုံးနဲ့ စွမ်းရည်တွေကို အိန္ဒိယရဲ့ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်တွေကို ဖော်ထုတ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ အဲဒီအချိန်က အိန္ဒိယမှာအသုံးပြုတဲ့ သက္ကတ ဘာသာစကားကို ဘီရူနီဟာ ထဲထဲဝင်ဝင် လေ့လာခဲ့ပြီး အဲဒီလေ့လာမှုကပဲ အိန္ဒိယရဲ့ တန်းဖိုးမဖြတ်နိုင်တဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ဖော်ထုတ်ဖို့ အထောက်အကူဖြစ်ခဲ့ပါတယ်။

    ဘီရူနီဟာ အိန္ဒိယကို ပထမဆုံးရောက်ရှိခဲ့တဲ့ မွတ်စလင်ပညာရှင်တစ်ဦးဖြစ်ပြီး သူရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ လက်လှမ်းမီရာ အသိပညာတွေကို အကုန်လုံး လေ့လာခဲ့ပါတယ်။ အိန္ဒိယမှာရှိတဲ့ ရှေးဟောင်းဘာသာစကားတွေ၊ ယဉ်ကျေးမှု၊ သမိုင်း၊ ဘာသာတရား၊ ပထ၀ီရေးရာ၊ အနုပညာနဲ့ ဒဿနိကဗေဒဆိုင်ရာ ကဏ္ဍစုံကို ဘီရူနီက လေ့လာရှာဖွေ ဖော်ထုတ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သူရဲ့ လေ့လာတွေ့ရှိချက်တွေ အားလုံးကို ဖော်ပြထားတဲ့ ကီသဗ် တာရစ်က် အလ်-ဟင်ဒ်(အိန္ဒိယသမိုင်း) ကို ဘီရူနီက ရေးသားပြုစုခဲ့ပါတယ်။ ဒီစာအုပ်ဟာ သူ့ရဲ့ ကျော်ကြားဆုံး စာအုပ်တွေထဲက တစ်အုပ်လည်း ဖြစ်ပါတယ်။

    ဒီစာအုပ်ထဲမှာ ဘီရူနီဟာ သူတွေ့ရှိခဲ့တဲ့ အိန္ဒိယက ဘာသာတရား၊ သမိုင်း၊ ပထ၀ီအနေအထား၊ ဘူမိဗေဒ၊ သိပ္ပံနဲ့ သင်္ချာပညာရပ်တွေကို ဖော်ထုတ်တင်ပြထားပါတယ်။
    ဒီစာအုပ်ဟာ ရှေးဟောင်းအိန္ဒိယနဲ့ ပတ်သက်တဲ့ စာအုပ်သမိုင်းမှာ ယနေ့အချိန်အထိ ပြိုင်ဘက်ကင်းတဲ့ စာအုပ်တစ်အုပ်ဖြစ်ပြီး၊ လူ့ယဉ်ကျေးမှုကို လေ့လာတဲ့နေရာမှာ ရှေ့ဆောင်ကျမ်းတစ်ဆူလို့လည်း ပညာရှင်တွေက သတ်မှတ်ကြပါတယ်။

    ဘီရူနီဟာ အိန္ဒိယမှာရှိတဲ့ ရာသီဥတုအခြေအနေတွေ၊ လူတွေရဲ့ မွေးဖွားသေဆုံးမှု အခြေအနေတွေကို လေ့လာကောက်ယူခဲ့ပြီး အိန္ဒိယမှာရှိတဲ့ အဓိက မြို့ကြီးတွေ၊ မြို့ငယ်တွေ၊ မြစ်ချောင်းအင်းအိုင်တွေရဲ့ အကျယ်အ၀န်း အလျားအနံကို၊ တိုင်းတာခဲ့ပါတယ်။ ခေတ်မီပစ္စည်းကိရိယာတွေမရှိဘဲ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀၀ ကျော်က တိုင်းတာခဲ့မှုဟာ ဒီနေ့ခေတ် တိုင်းတာမှုတွေနဲ့ အံသြလောက်အောင် နီးစပ်နေပါတယ်။

    နိုင်ငံခြားသားတွေကို မယုံကြည်ကြတဲ့ အိန္ဒိယတိုက်ငယ်ရဲ့ ဓလေ့ကြောင့် ဘီရူနီကို အစပိုင်းမှာ အနည်းငယ် သံသယ၀င်ခဲ့ကြပေမယ့် နောက်ပိုင်းမှာ ဟိန္ဒိုပညာရှင်တွေက ကြိုဆိုခဲ့ကြပါတယ်။ ဘီရူနီဟာ ဟိန္ဒိုပညာရှင်တွေဆီက စာအုပ်တွေကိုစုဆောင်းကာ လေ့လာခဲ့ပြီး နောက်ပိုင်းမှာတော့ ၁၁ ရာစု အိန္ဒိရဲ့ သိပ္ပံ၊ သင်္ချာ၊ ဆေးပညာ၊ နက္ခတဗေဒပညာနဲ့ အခြားသော ပညာရပ်တွေကို အာရဗီဘာသာသို့ ပြန်ဆိုခဲ့ပါတယ်။

    အိန္ဒိယနဲ့ ပတ်သက်ပြီး ပြောင်မြောက်တဲ့ စွမ်းဆောင်ချက်တွေကြောင့် ဘီရူနီကို အိန္ဒိယဗေဒဘာသာရပ်ကို တည်ထောင်သူလို့ သတ်မှတ်ကြပါတယ်။

    Аль-Бируни
    တာဂျစ်ကစ္စတန်နိုင်ငံ အမျိုးသား စာကြည့်တိုက်တွင်ရုပ်တု ထုပြီး ဂုဏ်ပြုထားပုံ

    အရေးသွက်သူ ဘီရူနီ
    ————————
    ဗဟုသုတ နှံ့စပ်သူတစ်ဦးဖြစ်တဲ့ ဘီရူနီဟာ နက္ခတဗေဒ၊ သိပ္ပံ၊ သင်္ချာနဲ့ဆိုင်တဲ့ ကျမ်းပေါင်းများစွာနဲ့ စာအုပ်ပေါင်းများစွာကိုလည်း ရေးသားခဲ့ပါတယ်။ အချို့သော စာအုပ်တွေဟာ အခုအချိန်မှာ မရှိတော့တာကြောင့် ဘီရူနီရေးခဲ့တဲ့ စာအုပ်အရေအတွက်ကို အတိအကျ မပြောနိုင်ပေမယ့် အချို့သမိုင်းပညာရှင်တွေကတော့ ဘီရူနီဟာ သိပ္ပံဆိုင်ရာ ကျမ်းပေါင်း ၁၈၀ လောက်ကို ရေးသားခဲ့တယ်လို့ဆိုပြီး၊ အချို့ကတော့ ၂၀၀ လောက်ရှိတယ်လို့ ဆိုကြပါတယ်။

    အဓိကအားဖြင့် နက္ခတဗေဒအကြောင်းကို ရေးသားခဲ့တာဖြစ်ပြီး ကမ္ဘာကြီး လည်ပတ်နေမှုအကြောင်းကိုလည်း ဘီရူနီက ခန့်မှန်းရှင်းလင်းခဲ့ပါတယ်။ နေကြတ်တာနဲ့ ပတ်သက်ပြီးတော့လည်း ဘီရူနီက လေ့လာမှုတွေပြုလုပ်ခဲ့ပြီး သူရဲ့မှတ်တမ်းတွေက ရူပဘူမိဗေဒနဲ့ နက္ခတ္တဗေဒတို့မှာ ယနေ့အချိန်အထိ အသုံးဝင်နေဆဲပါ။

    800px-Lunar_eclipse_al-Biruni
    An illustration from al-Biruni’s astronomical works, explains the different phases of the moon.

    ရူပဗေဒ
    ———
    ရူပဗေဒ နယ်ပယ်မှာတော့ ဘီရူနီဟာ မက်ကဲနစ်နဲ့ ပတ်သက်တဲ့ သိပ္ပံဆိုင်ရာ စမ်းသပ်လေ့လာမှုကို မိတ်ဆက်ပေးခဲ့ပြီး၊ တည်ငြိမ်မှုနဲ့ ရွေ့လျားမှုနိယာမကိုလည်း မက်ကဲနစ်ပညာရပ်ထဲကို ထည့်သွင်းပေးခဲ့ပါတယ်။ နောက်ပြီး တည်ငြိမ်ရေအားကို ရွေ့လျားမှုနဲ့ ပေါင်းစပ်ပေးခဲ့ပြီး ရေအားနဲ့ဆိုင်တဲ့ ရွေ့လျားမှုနိယာမတစ်ခုကိုလည်းဖန်တီးပေးခဲ့ပါတယ်။

    ပထ၀ီ
    ——
    ကမ္ဘာကြီးရဲ့ အချင်းကိုတိုင်းတာဖို့ ဘီရူနီဟာ တောင်တွေရဲ့ အမြင့်ကို တိုင်းတာခြင်း၊ လူများနေထိုင်မှု၊ ဖွားနှုန်းသေနှုန်းတို့ကိုတွက်ချက်ခြင်း စတဲ့ ကိုယ်ပိုင်နည်းလမ်းတစ်ခုကို တီထွင်ခဲ့ပါတယ်။

    တွင်းထွက်သတ္ထုဗေဒ
    ———————-
    သူကိုယ်တိုင်ဖန်တီးခဲ့တဲ့ ကိရိယာနဲ့ ဘီရူနီဟာ သတ္ထုအချို့နဲ့ တွင်းထွက်ကျောက်တွေရဲ့ အလေးချိန် သိပ်သည်းဆတွေကို အံသြဖွယ်ကောင်းလောက်အောင် တိကျစွာ တိုင်းတာနိုင်ခဲ့ပါတယ်။

    ဘာသာတရားများ၏ သမိုင်း
    ——————————–
    220px-Biruni-russianဘီရူနီဟာ ဘာသာရေးသမိုင်းမှာ အရေးပါတဲ့ ပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်ပါတယ်။ ဘာသာရေးဆိုင်ရာ နှိုင်းယှဉ်လေ့လာမှုကို ဘီရူနီက စွန့်ဦးလုပ်ဆောင်ခဲ့တာပါ။ ဇိုရိုအက်စတာ၊ ဂျူး၊ ဟိန္ဒူ၊ ခရစ်ယာန်၊ ဗုဒ္ဓဘာသာ၊ အစ္စလာမ်နဲ့ အခြားသော ဘာသာတရားတွေကို ဘီရူနီက ဓမ္မဓိဌာန်ကျကျ လေ့လာခဲ့ပါတယ်။ အဲဒီဘာသာတရားတွေကို မှားနေတယ်လို့ သက်သေပြတာမျိုးမဟုတ်ဘဲ သူတို့ရဲ့ ကိုယ်ပိုင်ပုံစံကိုသာ သဘောပေါက်အောင် လေ့လာခဲ့တာပါ။

    စာအုပ်များ
    ———–
    ဘီရူနီရဲ့ ကျော်ကြားတဲ့ စာအုပ်တွေကတော့ အလ်-ကွာနန် အလ်-မတ်စ်အူဒီ (မတ်စ်အုဒ်နိယာမကျမ်း)၊ ကီသဗ် တာရစ်က် အလ်-ဟင်ဒ် (အိန္ဒိယသမိုင်းကျမ်း)၊ ကီသဗ် အလ်-ရှာမီလ် (အထွေထွေဗဟုသုတကျမ်း)၊ ကီသဗ် အလ်-သဖ်ဟင် (ပေါက်မြောက်မှုကျမ်း)၊ ကီသဗ် သဟ်ဒီဒ် နီဟာယသ် အလ်-အမာကင် (ကိုသြဒိနိတ်မျဉ်းများနှင့် မြို့များ၏ နယ်နမိတ် သတ်မှတ်ရေးကျမ်း)၊ ကီသဗ် အလ်-အသ်ဟာရ် အလ်-ဘာကွီယာ (ရှေးဟောင်းနိုင်ငံများ သမိုင်းကျမ်း) တွေဖြစ်ပါတယ်။

    ဒီစာအုပ်တွေအားလုံးမှာ ဘာသာရပ်တစ်ခုချင်းစီအတွက် စနစ်ကျပြီး ကျယ်ပြန့်တဲ့ ဆန်းစစ်လေ့လာမှုတွေကနေ ရရှိခဲ့တဲ့ ရလဒ်တွေကို ဘီရူနီက ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပါတယ်။ သူရဲ့ ထက်မြက်တဲ့ဥာဏ်၊ ရင့်သန်တဲ့တွေးခေါ်မှု၊ ထူးခြားတဲ့ ဘာသာစကားဆိုင်ရာကျွမ်းကျင်မှု စတာတွေက မတူညီတဲ့ ရင်းမြစ်တွေကနေ မတူညီတဲ့ အသိပညာတွေကို ရရှိစေခဲ့ပြီး သူ့ခေတ်သူ့အခါက သိပ္ပံပညာရပ်အားလုံးနဲ့ သက်ဆိုင်တဲ့ စာအုပ်စာတမ်းတွေကို ပြုစုရေးသားနိုင်ခဲ့ပါတယ်။

    ဒါ့ကြောင့် ဘီရူနီကို ပညာရပ်တစ်ခုတည်း လေ့လာသူ၊ ပို့ချသူအဖြစ် သတ်မှတ်လို့မရပါဘူး။ တိုတောင်းလှတဲ့ သူရဲ့ဘ၀သက်တမ်းတစ်လျှောက်မှာ အသိပညာရပ်တွေအများကြီးကို ရှာဖွေဆည်းပူးနိုင်ခဲ့တာကိုက သူ့ရဲ့ ထူးခြားပြောက်မြောက်တဲ့ စွမ်းရည်တစ်ခုဖြစ်ပြီး အခုအချိန်အထိ သူ့လို ဘယ်သူမှ မအောင်မြင်သေးပါဘူး။

    နောက်ပြီး ဘီရူနီရဲ့ ထူးခြားတဲ့စွမ်းရည်တစ်ခုကတော့ ဘာသာစကားတော်တော်များများကို တစ်ဖက်ကမ်းခတ် တက်မြောက်တာပါပဲ။ ပါရှန်း၊ အာရဗီနဲ့ သက္ကတဘာသာစကားတွေကို ဘီရူနီဟာ ရေလည်အောင် ပြောနိုင်သလို၊ ကျွမ်းကျင်စွာလည်း ရေးတတ်၊ ဖတ်တတ်ပါတယ်။ သူ့ခေတ်သူ့အခါမှာတော့ ဘီရူနီဟာ ဘာသာစကားဆိုင်ရာ ဘုရင်တစ်ဆူပါပဲ။

    လက်တွေ့ကျတဲ့ မွတ်စလင်
    ——————————
    ဘီရူနီဟာ အစ္စလာမ့်ရဲ့ ယုံကြည်ချက်တွေ၊ သွန်သင်ချက်တွေကို လက်တွေ့ကျကျ လိုက်နာကျင့်သုံးသူတစ်ဦးပါ။ အဲဒီခေတ်အခါက ဖြစ်ပွားနေခဲ့တဲ့ စွန်နီ၊ ရှီယာ အားပြိုင်မှုတွေမှာလည်း ဘီရူနီဟာ မပါဝင်ခဲ့ဘဲ၊ သူရဲ့ အသိပညာရှာဖွေဖော်ထုတ်မှုကိုသာ တစ်စိုက်မတ်မတ် ဇောက်ချလုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။

    အစ္စလာမ့်ရှရီအသ်ဥပဒေကို ဘီရူနီဟာ ကျနစွာ နားလည် သဘောပေါက်ပေမယ့် သီအိုရီပိုင်းဆိုင်ရာ အကျိုးမရှိတဲ့ ငြင်းခုံမှုတွေမှာလည်း ပါဝင်ခြင်းမရှိခဲ့ဘဲ ခပ်ကင်းကင်းသာ နေခဲ့ပါတယ်။ သမိုင်းပညာရှင်တွေကတော့ ဘီရူနီဟာ စွန်နီတစ်ယောက်ဖြစ်တယ်လို့ ဖော်ပြကြပါတယ်။

    ဘ၀နိဂုံး
    ———-
    အိန္ဒိယမှာ ဆယ်စုနှစ်တစ်ခုအထိ ကျင်လည်ပြီးတဲ့နောက်ပိုင်း အသက် ၅၈ နှစ်အရွယ် ၁၀၃၁ ခုနှစ်မှာတော့ ဘီရူနီဟာ ဂါဇနာကို ပြန်ခဲ့ပါတယ်။ ဆူလ်တန် မဟ်မူဒ်ရဲ့ အရိုက်အရာကို  ဆက်ခံသူ ဘုရင် ဆူလ်တန် မတ်စ်အူးဒ်က ဘီရူနီကို နွေးနွေးထွေးထွေးနဲ့ ကြိုဆိုခဲ့ပါတယ်။

    ဒီဘုရင်လက်အောက်မှာ ဘီရူနီဟာ သိပ္ပံဆိုင်ရာ စာအုပ်တွေနဲ့ ကျမ်းတော်တော် များများကို ပြုစုခဲ့ပါတယ်။ နက္ခတဗေဒဆိုင်ရာ ကျမ်းတစ်ဆူဖြစ်တဲ့ အလ်-ကွမ်နန် အလ်-မတ်စ်အူဒီကို ဆူလ်တန်မတ်စ်အူးဒ်က အကြိုက်တွေ့ခဲ့တာကြောင့် ဘီရူနီဆီကို ငွေဒင်္ဂါး ဆင်တစ်စီးတိုက် ပို့ပေးခဲ့ပေမယ့် ဘီရူနီကတော့ အသိပညာ ရှာဖွေဖော်ထုတ်မှုကို နှစ်သက်မှုတစ်ခုအတွက် လုပ်ခဲ့တာဖြစ်ပြီး ပစ္စည်းဥစ္စာအကျိုးအမြတ်အတွက် မဟုတ်ဘူးလို့ ယဉ်ယဉ်ကျေးကျေးနဲ့ပဲ ငြင်းဆန်ခဲ့ပါတယ်။

    ဂါဇနာမှာ နှစ် ၂၀ လောက်နေထိုင်ခဲ့ပြီးတဲ့နောက် အသက် ၇၈ နှစ်အရွယ်မှာ စွယ်စုံရ သိပ္ပံပညာရှင်ကြီး ဘီရူနီဟာ ကွယ်လွန်အနိစ္စရောက်ခဲ့ပါတယ်။

    အလ်ဘီရူနီဟာ အလယ်ခေတ် အစ္စလာမ့်သမိုင်းမှာ အကျော်ကြားဆုံး ပညာရှင်တွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပြီး ရူပဗေဒ၊ သင်္ချာ၊ နက္ခတဗေဒနဲ့ သမိုင်းပညာရပ်တို့ကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်တတ်မြောက်သူလည်းဖြစ်ပါတယ်။ ပြီးတော့ ဘီရူနီဟာ ဘာသာ စကားဆိုင်ရာမှာလည်း ပါရမီရှိသူတစ်ဦးပါတယ်။ ခ၀ါရက်ဇ်မီယမ် ဘာသာစကား၊ ပါရှန်း၊ အာရဗီ၊ သက္ကတ ဘာသာစကားတို့ကို ကျွမ်းကျင်ပိုင်နိုင်စွာ ရေးသားပြောဆိုနိုင်ပြီး ဟီဘရူး၊ ဂရိနဲ့ ဆီရီအက် ဘာသာစကားကိုလည်း တတ်ကျွမ်းပါသေးတယ်။

    အလ်ကင်ဒီ၊ အလ်-ရာဇီ၊ အလ်-ဖာရာဘီ၊ အစ်ဗနေ့ဆီနာ၊ အလ်-ဂါဇာလီနဲ့ မတူတဲ့ အချက်ကတော့ ဘီရူနီရဲ့ သိပ္ပံဆိုင်ရာ လေ့လာတွေ့ရှိချက်တွေကို မကြာခင်အချိန်ကအထိ ဥရောပဘာသာသို့ ပြန်ဆိုနိုင်ခဲ့ခြင်း မရှိခဲ့တာပါပဲ။ ဒါ့ကြောင့် သူရဲ့ အတွေးအခေါ် ယူဆချက်တွေဟာ အလယ်ဥရောပကို လွှမ်းမိုးခဲ့ခြင်း မရှိပေမယ့် အရှေ့ပိုင်းတစ်ခွင်မှာတော့ ဘီရူနီဟာ လွှမ်းမိုးမှုရှိတဲ့ မွတ်စလင် စွယ်စုံရ ပညာရှင်ကြီးတွေထဲက တစ်ဦးပဲ ဖြစ်ပါတော့တယ်။

    ကိုးကား – Wiki၊ The Muslim 100 by Muhammad Mojlum Khan