News @ M-Media
Author: M-Media
  • မြန်မာနိုင်ငံရဲ့ အမျိုးသားရေးဝါဒက နာဇီဝါဒနဲ့ တူနေပြီလား
    မြန်မာနိုင်ငံရဲ့ အမျိုးသားရေးဝါဒက နာဇီဝါဒနဲ့ တူနေပြီလား
    U Tin Aye Kyuu
    https://www.youtube.com/watch?v=hWPubwzbPzg
    မြန်မာနိုင်ငံရဲ့ အမျိုးသားရေးဝါဒက ဂျာမန်နိုင်ငံက ဟစ်တလာရဲ့ နာဇီဝါဒနဲ့ တူနေပြီလား၊ ယခုသွားနေ သလို သွားနေမယ်ဆိုရင် ဂျူး ၆ သန်းကို သတ်ခဲ့တဲ့ Holocaust ဖြစ်လာနိုင်လိမ့်မယ်လို့ သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေး ကွန်ယက်က ဦးတင်အေးကြူက ပြောကြား ခဲပါတယ်။
    ဒီကနေ့အမျိုးသားရေးဝါဒမှာ ဘာအကျိုးသက်ရောက်မှုတွေရှိနေလဲ” ဆိုသည့်ခေါင်းစဉ်ဖြင့် ၇.၁၂.၂၀၁၄ ရက်နေ့တွင် ဒီဗီဘီ ရုပ်သံသတင်းဌာနမှ ထုတ်လွှင့်ပြသသွားခဲ့သည့် ဒီဗီဘီ ဒီဘိတ် (တတိယပိုင်း) ကို နားဆင်နိုင်ပါတယ်။
  • ရီးယဲလ် တိုက်စစ်မှူး ရော်နယ်ဒို ၂၃ ကြိမ်မြောက် ဟက်ထစ်ဂိုး သွင်းယူ
    ရီးယဲလ် တိုက်စစ်မှူး ရော်နယ်ဒို ၂၃ ကြိမ်မြောက် ဟက်ထစ်ဂိုး သွင်းယူ
    ဒီဇင်ဘာ ၇ ၊ ၂၀၁၄
    M-Media
    23D118EA00000578-2863684-image-m-42_1417898233632
    – ယမန်နေ့က ကစားခဲ့သည့် ဆဲလ်တာဗီဂိုနှင့်ပွဲတွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့သည့် ရော်နယ်ဒိုမှာ လာလီဂါတွင် ဟက်ထရစ်အများဆုံးသွင်းယူသူအဖြစ် စံချိန်တင်နိုင်ခဲ့သည်ဟု သိရသည်။
    ၃ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည့် အဆိုပါပွဲတွင် အနိုင်ဂိုးအားလုံးကို သွင်းယူပေးခဲ့သည့် ရော်နယ်ဒိုမှာ လာလီဂါ ၁၇၈ ပွဲကစားပြီး ဂိုးပေါင်း ၂၀၀ သွင်းနိုင်ခဲ့ခြင်းလည်းဖြစ်သည်။ ထိုဟက်ထရစ်မှာ ၎င်း၏ ၂၃ ကြိမ်မြောက် ဟက်ထရစ်ဖြစ်ပြီး လာလီဂါသမိုင်းတစ်လျှောက် ဟက်ထရစ်အများဆုံး သွင်းယူနိုင်သည့် ကစားသမား ဖြစ်လာခဲ့သည်။
    ရော်နယ်ဒိုမှာ ယခုနှစ်ရာသီ လာလီဂါတွင် ၁၃ ပွဲကစားပြီး ၂၃ ဂိုးသွင်းယူပေးထားနိုင်ကာ တစ်ပွဲပျမ်းမျှ ၂ ဂိုးနီးပါး သွင်းယူပေးထားသည်။
    ရီးယဲလ်နည်းပြ အန်ဆယ်လော့တီကမူ ရော်နယ်ဒိုအား ချီးကျူးခဲ့ပြီး ၎င်း၏ အကောင်းဆုံးအချိန်ကို ရောက်ရှိနေကြောင်း ၎င်းအား ပိုင်ဆိုင်ခွင့်ရခြင်းမှာ အသင်းအတွက် အားသာချက်ကြီး တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
  • ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးခဲ့သည့် ဗိုလ်မှူး ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရ
    ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးခဲ့သည့် ဗိုလ်မှူး ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရ
    ဒီဇင်ဘာ ၇ ၊ ၂၀၁၄
    M-Media
    10689566_638929529557433_742257108456373300_n
    – ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပြည်သူ့ဆန္ဒကောက်ခံရာတွင် လက်မှတ်ထိုးခဲ့သည့် မြန်မာစစ်တပ်မှ အရာရှိတစ်ဦးအား ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်သည်ဟု ပြည်တွင်း မီဒီယာများက ဒီဇင်ဘာ ၅ ရက်နေ့တွင် ဖော်ပြခဲ့သည်။
    ထောင်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသူမှာ ဗိုလ်မှူး ကျော်စွာဝင်းဆိုသူဖြစ်ပြီး လွှတ်တော်တွင် စစ်တပ်မှ ၂၅ ရာခိုင်နှုန်း နေရာရရှိနေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ရန် လူထုဆန္ဒ ကောက်ခံပွဲတွင် လက်မှတ်ထိုးနေသည့် ၎င်း၏ပုံမှာ ယခုနှစ် အစောပိုင်းတွင် အင်တာနက် စာမျက်နှာများ၌ ပြန့်နှံ့ခဲ့ပြီးနောက် ဧပြီလတွင် ပြင်ဦးလွင်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
    မြန်မာစစ်တပ်ကမူ မည်သည့် အရာရှိမဆို ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုတွင် မပါဝင်ရန် အမိန့်ထုတ်ခဲ့ပြီး ဗိုလ်မှူး ကျော်စွာဝင်း ကိုလည်း အမိန့်ဖီဆန်မှုဖြင့် တရားစွဲဆိုခဲ့ကာ ယခုကဲ့သို့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။
    စစ်တပ်အကျဉ်းစခန်း၌ ရှိနေစဉ် ဗိုလ်မှူး ကျော်စွာဝင်းအား မည်သူနှင့်မှ တွေ့ခွင့်မပေးဘဲ စာအုပ်စာပေ ဖတ်ရှုခွင့်လည်းမရဟု RFA သတင်းဝဘ်ဆိုက်တွင် ဖော်ပြထားသည်။
    အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုဆန္ဒ ကောက်ခံခြင်းအား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကမူ မိမိတို့မှာ လက်မှတ် ၅ သန်းကျော်ရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။
    လွှတ်တော်တွင် စစ်တပ်မှ ၂၅ ရာခိုင်နှုန်း နေရာယူထားခြင်း အပါအ၀င် ဖွဲ့စည်းပုံ အခြေခံဥပဒေရှိ ဒီမိုကရေစီ မကျသည့် အပိုဒ်များအား လာမည့် ရွေးကောက်ပွဲမတိုင်မီ ပြင်ဆင်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးပါတီ အတော်များများက အလိုရှိနေကြသည်။
    World Bulletin
  • IS အဖွဲ့ကို တိုက်သည့် ဆီးရီးယား စစ်တပ် ဓာတု လက်နက် အသုံးပြုသည်ဟု သတင်းများ ထွက်ပေါ်လာပြန်
    IS အဖွဲ့ကို တိုက်သည့် ဆီးရီးယား စစ်တပ် ဓာတု လက်နက် အသုံးပြုသည်ဟု သတင်းများ ထွက်ပေါ်လာပြန်
    ဒီဇင်ဘာ ၇ ၊ ၂၀၁၄
    M-Media
    383461_ISIL-chlorine-attack-Iraq
    – မကြာသေးမီ ရက်ပိုင်းအတွင်းက နိုင်ငံအတွင်းရှိ ISIL အဖွဲ့အား တိုက်ခိုက်ရာတွင် ဆီးရီးယားအစိုးရမှာ ဓာတုလက်နက်ကို အသုံးပြုခဲ့သည်ဟူသော စွပ်စွဲချက်များ ထွက်ပေါ်လာခဲ့သည်။
    နိုင်ငံအရှေ့ပိုင်း ဒီရ် အက်ဇော် စစ်ဘက်ဆိုင်ရာ လေဆိပ်အား ရရှိရန် ကြိုစားကြသည့် ISIL အဖွဲ့အား တိုက်ခိုက်မှုများအတွင်း ဆီးရီးယား အစိုးရတပ်များက ဓာတုလက်နက်ဖြစ်သည့် ကလိုရင်းဓာတ်ငွေ့အသုံးပြုခဲ့ခြင်းဖြစ်သည်ဟု ဆီးရီးယား လူ့ခွင့်အရေး စောင့်ကြည့်အဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
    အဆိုပါ လေဆိပ်နားသို့ ရောက်ရှိလာသည့် ISIL တိုက်ခိုက်ရေးသမားများမှာ အသက်ရှုရခက်သည့် ပြဿနာနှင့် ရင်ဆိုင်ခဲ့ရသည်ဟုလည်း အဆိုပါ အစီရင်ခံစာက ဆိုသည်။
    ဆီးရီးယား ပြည်တွင်းစစ်အတွင်း အာဆတ်အစိုးရမှ ဓာတုလက်နက်များ အသုံးပြုကာ တိုက်ခိုက်မှုများပြုလုပ်သည်ဟု ယခင်ကလည်း သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။
    ဆီးရီးယား နိုင်ငံပိုင် ရုပ်သံကမူ အကြမ်းဖက်သမားများမှာ ဒီရ် အက်ဇော်လေဆိပ်အနီးရှိ နေရာတော်တော်များများတွင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော်လည်း အစိုးရတပ်က ချေမှုန်းနိုင်ခဲ့သည်ဟု ဆီးရီးယား စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦး၏ ပြောကြားမှုကို ကိုးကား၍ ထုတ်လွှင့်ဖော်ပြခဲ့သည်။
    လွန်ခဲ့သည့် ၃ နှစ် ဆီးရီးယား ပြည်တွင်းစစ် စဖြစ်ကတည်းက အာဆတ်အစိုးရ၏ ဓာတ်လက်နက်ဖြင့် တိုက်ခိုက်နိုင်သည့် အန္တရာယ်ကို ကမ္ဘာ့နိုင်ငံများက စိုးရိမ်ခဲ့ကြသည်။ ထို့ကြောင့် ဆီးရီးယားအစိုးရထံမှ ဓာတ်တုလက်နက်အများအပြားကို အနောက်နိုင်ငံများမှ ဦးဆောင်သယ်ယူကာ ဖျက်ဆီးမှုများလည်း ရှိခဲ့သည်။
    Al Jazeera and agencies
  • ကွန်မြူနစ်ပါတီကို ဆန့်ကျင်ရေးသား၍ ဘလော့ဂ်ဂါ တဦးအား ဗီယက်နမ် အစိုးရဖမ်းဆီး
    ကွန်မြူနစ်ပါတီကို ဆန့်ကျင်ရေးသား၍ ဘလော့ဂ်ဂါ တဦးအား ဗီယက်နမ် အစိုးရဖမ်းဆီး
    ဒီဇင်ဘာ ၇ ၊ ၂၀၁၄
    M-Media
    20141275810662734_20
    – ကွန်မြူနစ်ပါတီအား ဆန့်ကျင်သည့် ဆောင်းပါးများကို လွှင့်တင်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ထင်ရှားသည့် စာရေးဆရာတစ်ဦးအား ဗီယက်နမ်အစိုးရက ဖမ်းဆီးထိန်းသိမ်းလိုက်သည်ဟု သိရသည်။
    ဖမ်းဆီးခံရသူမှာ စာရေးဆရာ ငုယင် ကွမ်လပ်ဆိုသူဖြစ်ပြီး ဒီဇင်ဘာ ၆ ရက်နေ့က ဟိုချီမင်းရှိ ၎င်း၏ နေအိမ်၌ ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဇနီဖြစ်သူ ဟိုသီဟွန်က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။
    `လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဒါဇင်ကျော်လောက်က ကျွန်မတို့ အိမ်မှာ နာရီပေါင်းများစွာ ရှာဖွေပြီး သူ့ကိုလည်း ဖမ်းသွားခဲ့ပါတယ်။ သူ့ရဲ့ ဘလော့မှာ (ကွန်မြူနစ်)ပါတီရဲ့ ပေါ်လစီ၊ လမ်းညွှန်ချက်တွေနဲ့ ဆန့်ကျင်တဲ့ ဆောင်းပါးတွေ ရေးသားခဲ့တယ်လို့ သူတို့က ပြောပါတယ်´ ဟု ဟိုသီဟွန်က ဆိုသည်။
    အသက် ၅၈ နှစ်အရွယ်ရှိပြီဖြစ်သည့် ကွမ်လပ်မှာ ဗီယက်နမ် စာရေးဆရာများအသင်း၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အရှေ့တောင်အာရှတွင် ကျော်ကြားသည့် စာရေးဆရာ တစ်ယောက်လည်း ဖြစ်သည်။ ၎င်း၏ ဘလော့ဂ်ကို လူသန်းပေါင်း များစွာက ကြည့်ရှုကြပြီး Facebook စာမျက်နှာတွင်လည်း ပရိတ်သတ် ၁၅၀၀၀ ခန့် ရှိနေသည်။
    ၎င်း၏ အဆိုပါဘလော့တွင် ကိုယ်ပိုင်ရေးသားမှုများနှင့် အခြာသူများ၏ ရေးသားချက်များကိုလည်းလွှင့်တင်ထားပြီး ထိုအထဲမှ အချို့မှာ ဗီယက်နမ်၏ လူမှုရေး၊ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဝေဖန်ထောက်ပြထားသည်။
    ထို့ပြင် ရေးသားမှု အများစုမှာ ဗီယက်နမ်နိုင်ငံသားများ အထူးသဖြင့် ပညာတတ်များအကြား ပြန့်နှံ့နေသည့် တရုတ် ဆန့်ကျင်ရေး အတွေးအခေါ်များ ဖြစ်သည်။
     Agencies