News @ M-Media

Author: M-Media

  • အီဗရာဟီမိုဗစ် ဆွီဒင် တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို ၉ ကြိမ်မြောက် ဆွတ်ခူး

    အီဗရာဟီမိုဗစ် ဆွီဒင် တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို ၉ ကြိမ်မြောက် ဆွတ်ခူး

    နိုဝင်ဘာ ၁၁ ၊ ၂၀၁၄
    M-Media
    1415668142882_wps_97_dmvidpics_2014_11_11_at_0
    – အသက် ၃၃ နှစ်အရွယ် ရှိပြီဖြစ်သော်လည်း ခြေစွမ်းကောင်းများ ပြသနေဆဲဖြစ်သည့် ဆွီဒင် တိုက်စစ်မှူး အီဗရာဟီမိုဗစ်မှာ ဆွီဒင်တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို ၉ ကြိမ်မြောက် ရရှိသွားခဲ့သည်ဟု သိရသည်။

    ဆွီဒင်ဘောလုံးအဖွဲ့ချုပ်နှင့် Aftonbladet စာစောင်တို့မှ ကြီးမှူး၍ ပေးအပ်ချီးမြှင့်သည့် အဆိုပါ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကင်ဆာရောဂါကြောင့် သေဆုံးသွားခဲ့သော ဆွီဒင် ကစားသမားဟောင်း ကလက်စ် အင်ဂက်ဆန်နှင့် ပွန်တက်စ် ဆီဂါစရောမ်တို့အတွက် ၀မ်းနည်းခြင်း အခမ်းအနားကိုလည်း ပြုလုပ်ခဲ့သည်။

    အီဗရာဟီမိုဗစ်၏ ကျေးဇူးတင်စကားတွင် ကင်ဆာရောဂါကြောင့် သေဆုံးသွားခဲ့သည့် ၎င်း၏ ညီဖြစ်သူအတွက် ၀မ်းနည်းကြောင်းလည်း ပြောကြားခဲ့သည်။

    “ကျွန်တော်ရရှိခဲ့တဲ့ ဆုတွေအားလုံးဟာ ကျွန်တော် အောင်မြင်မှုရတာ၊ ပြီးတော့ ကျွန်တော် လုပ်နေတဲ့အလုပ်မှာ ကောင်မွန်းစွာလုပ်နိုင်တာကို ပြသနေသလို ကလက်စ် အင်ဂက်ဆန်နဲ့ ပွန်တက်စ် ဆီဂါစရောမ်တို့ရဲ့ အဖြစ်အပျက်တွေကလည်း လွှမ်းမိုးနေပါတယ်။ ကျွန်တော့် ညီတစ်ယောက်လည်း ဒီလိုကင်ဆာရောဂါကြောင့်ပဲ ပြီးခဲ့သည့် လနည်းငယ်က ကွယ်လွန်ခဲ့ပါတယ်။ ဒါဟာ ဘောလုံးလောက အပြင်က အရေးကြီးတဲ့ ဘ၀တစ်ခုပါပဲ။ သူတို့အားလုံး ကောင်းရာမွန်ရာ ရောက်ကြပါစေ” ဟု  မိုဗစ်က ၀မ်းနည်းကြေကွဲစွာဖြင့် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

    မိုဗစ်၏ ကျေးဇူးတင်စကားပြောကြားပြီးနောက် ပရိတ်သတ်များက တစ်ခဲနက်သြဘာပေးခဲ့ကြပြီး မိုဗစ်၏ ချစ်သူ ဟဲလ်ီနာ ဆီဂါမှာ မျက်ရည်များပင် ကျခဲ့သည်။

    ဂျူဗင်တပ်စ်၊ အင်တာမီလန်နှင့် ဘာစီလိုနာတို့တွင် ကစားခဲ့သည့် အီဗရာဟီမိုဗစ်မှာ လွန်ခဲ့သည့် ၁၀ နှစ်အတွင်း ဆွီဒင်အကောင်းဆုံး ဘောလုံးသမားဆုအား ၉ ကြိမ်မြောက် ရရှိခဲ့ခြင်းဖြစ်ပြီး ၂၀၀၆ ခုနှစ်တွင် အာဆင်နယ် ကစားသမားဟောင်း လွန်းဘတ်က တစ်ကြိမ် ရရှိခဲ့သည်။

    ref_Daily Mail

  • ကျွန်တော် (လုံးဝ) ဦးမညွတ်ခဲ့ပါဘူး…မေမေ

    ကျွန်တော် (လုံးဝ) ဦးမညွတ်ခဲ့ပါဘူး…မေမေ

    နိုဝင်ဘာ ၁၁ ၊ ၂၀၁၄
    M-Media
    .ရေးသူ- အိမ်ဝေးသူ(KZ)
    1517380_588703294569161_3194738796444905502_n
    (၁)
    .မေမေ
    ကံကြမ္မာကိုသာ ကြိုသိခွင့်ရကြေးဆိုရင်
    ဒီနေ့ဆိုတာကြီးကို ကျွန်တော် မကြုံချင်ဘူး။
    ဒါပေမယ့်
    “လူကိုခွေးသတ်လေခြင်း” ဆိုတဲ့
    ကရုဏာသံတွေနဲ့အတူ
    .မြင့်မြတ်စွာ သေဆုံးခွင့်ရခဲ့တဲ့အတွက်
    ကျွန်တော် ကျေနပ်နေတတ်ပါပြီ မေမေ။

    (၂)
    ကျွန်တော့်ကို
    ဝန်ထုပ်ဝန်ပိုးတစ်ခုလို မသတ်မှတ်ခဲ့တဲ့ မေမေဟာ
    “သာသနာ့ပညာရှင်ကြီးဖြစ်စေချင်စမ်းပါဘိ” ဆိုတဲ့
    အိပ်မက်တစ်ပွေ့တပိုက်နဲ့အတူ
    မေမေ့ရင်ခွင်က အတင်းရုန်းထွက်စေခဲ့တယ်။
    (ကျွန်တော် မေမေ့ကို အပြစ်မတင်ရက်ခဲ့ပါဘူး)

    (၃)
    .မေမေ
    .ခြင်ကောင်တွေနဲ့ နပန်းလုံးရတာ
    ကျွန်တော့် သွေးတွေ ခမ်းခြောက်မတတ်ပဲ။
    ပဲဟင်းစားပြီး ပညာသင်ရတဲ့ အရသာဟာ
    .မေမေ့အိမ်က ထမင်းဆီဆမ်းထက်
    အမြင်အားဖြင့်တော့ သာတယ်ဆိုရမှာပေါ့။
    (တော်ရာမှာပဲ ပျော်အောင် ကျွန်တော် ကြိုးစားခဲ့ပါတယ်)

    (၄)
    ဆရာတွေရဲ့  ကြိမ်လုံးအရသာ
    မနက်စောစော ဝတ်ပြု ပြီးစာအံရတဲ့ အရသာတွေဟာ
    ကျွန်တော့်အကြိုက်တွေတော့ မဟုတ်ခဲ့ပါဘူး။
    ဒါပေမယ့်…
    ဘွဲ့ယူမယ့်နေ့မှာ ပြုံးပျော်နေမယ့်
    .မေမေ့မျက်နှာကိုမြင်ယောင်တိုင်း
    အသားအနာခံရတာကို ကျေနပ်သလို၊
    စာတွေကိုလည်း ကျွန်တော် ကြိုးစားသင်ယူမိပြန်တယ်။
    (သားလိမ္မာလေးပါလားလို့ ကိုယ့်ကိုယ်ကို အားပေးခဲ့ပါသေးတယ်)

    (၅)
    ၂၁•၃•၂၀၁၃
    လူ့တိရိစ္ဆာန်တစ်စုက
    သက်မဲ့ပစ္စည်းရှေ့မှာ ကျွန်တော့်ကို
    အတင်းအကြပ် ဦးညွတ်ခိုင်းတယ် မေမေ။
    “တစ်ခါသာသေရတဲ့ လူ့ဘဝမှာ
    အကြောက်တရားတွေနဲ့ နှလုံးသား မဖောက်ပြားလေနဲ့” ဆိုတဲ့
    .မေမေ့ဆုံးမစကားလေး ရယ်ဝယ်ပိုက်ခဲ့တဲ့ ကျွန်တော့်အတွက်
    ရလာဒ်ကတော့ မေမေနဲ့ ကျွန်တော် သေကွဲခဲ့ရတာပဲပေါ့။
    (မေမေ…မျက်ရည်မိုးသည်းပေမယ့် ကျွန်တော့်အတွက်တော့ ဂုဏ်ယူပေးပါ)

    (၆)
    “လူနဲ့တူအောင်
    မကျင့်ကြံတဲ့လူတစ်ယောက်ဟာ
    တိရိစ္ဆာန်တစ်ကောင်လို ရက်စက်ကြမ်းကြုတ်တတ်”မှန်း
    သိခွင့်ရတဲ့နေ့က ကျွန်တော် ခရီးသစ်တစ်ခုကို ဦးတည်နေရပြီ။
    ကျွန်တော့်ခန္ဓာကိုယ်ပေါ်ကို အဆတ်မပြတ်ကျလာတဲ့
    အင်အားပြင်း အမုန်းတရားတွေအတွက် မနာကျင်မိပေမယ့်
    ကျွန်တော့်ညီနောင်တွေအတွက်တော့ စိတ်ပူမိတယ်မေမေ။
    (သူတို့တတွေ ဘေးမသီရန်မခ,ကြပါစေနဲ့)

    (၇)
    “အလှည့်ကျရင် မနွဲ့စတမ်း”လို့
    ကျွန်တော့်အရိုးတွေက တွန်ချင်ကြပေမယ့်
    “ချစ်စကိုရှည်စေ၊ မုန်းစကိုတော့တိုစေ”ဆိုပြီး
    ကျွန်တော့်နှလုံးသားက တောင်းဆိုနေမှတော့
    .မေမေရေ…
    “မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး” ဆိုတဲ့
    အတုံ့အလှည့်ဥပဒေကိုသာ ပြန်ရုပ်သိမ်းလိုက်ပါတော့…။
    (မေတ္တာဟာ အရာရာကိုအောင်မြင်စေနိုင်တယ်ဆိုရင် ကျွန်တော် အောင်မြင်ခဲ့ပြီ)

    ——————–
    အိမ်ဝေးသူ(KZ)
    ——————–

    မေမေ။
    ကဗျာရေးသူရဲ့ ရင်ထဲကို ကျွန်တော် ခဏလေး အလည်သွားမိတာပါ။
    ဒါပေမယ့်
    သူ့နှလုံးသားက ပူလောင်လွန်းလို့ ကျွန်တော် အရှုံးပေးပြီး ပြန်ထွက်ခဲ့ရတယ်။

    ————————————–

    ဓါတ်ပုံ ရှင်းလင်းချက်- ၂၀၁၃ ခုနှစ် မတ်လနှောင်းပိုင်းတွင် မိတ္ထီလာမြို့၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများတွင် မင်္ဂလာဇေယုံ ဘာသာရေး စာသင်ကျောင်းမှ ကျောင်းသားငယ်လေးများ ကို ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်အား ဓါတ်ပုံရိုက်ကူးပုံကို  ပြစ်မှုကျူးလွန်သူများမှ အွန်လိုင်း စာမျက်နှာဖြန့်ဝေနေသည့် ဓါတ်ပုံဖြစ်ပါသည်။

    http://goo.gl/BUPVNM

  • “ဆက်ဆံရေးအဆင်ပြေရဲ့လား”

    “ဆက်ဆံရေးအဆင်ပြေရဲ့လား”

    နိုဝင်ဘာ ၁၁ ၊ ၂၀၁၄
    M-Media
    .နှင်းဆီခင် ရေးသည်။
    PublicRelations
    လူဆိုတာက ထီးတည်းနေလို့ရတာမျိုးမဟုတ်လို့ မလွဲမသွေဆက်ဆံရတဲ့ ပတ်ဝန်းကျင်ရှိစမြဲပါ။ ကိုယ်ဆက်ဆံနေရတဲ့ အိမ်ပတ်ဝန်းကျင်၊ လုပ်ငန်းခွင်က လုပ်ဖော်ကိုင်ဖက်တွေ နောက်ပြီး အတန်းဖော်မိတ်ဆွေတွေစသူတို့နှင့် အဆင်ပြေပြေရှိတဲ့အခါ စိတ်ကြည်နူးပျော်ရွှင်ရပါတယ်။ ဒါမှမဟုတ် အထစ်အငေါ့၊ အကျိတ်အခဲလေးတွေရှိတဲ့အခါ စိတ်ရှုပ်ထွေးပြီး မကြည်မလင်ဖြစ်ရတယ်။ ပတ်ဝန်းကျင်နှင့်ကင်းလို့ကလည်း မရပြန်တော့ပေါင်းသင်းဆက်ဆံရာမှာ အဆင်ပြေခြင်း အဆင်မပြေခြင်းစတာတွေကို ကြုံဆုံကြရပြီပေါ့။ သူများတကာအပေါ်ကိုယ့်ရဲ့ပြုမူဆက်ဆံပုံဟာ ပတ်ဝန်းကျင်ရဲ့ကိုယ့်အပေါ် တုံ့ပြန်ဆက်ဆံပုံတွေဟာ တစ်ထပ်တည်းကျတယ်လို့မဆိုသာပါဘူး။ တစ်ခါတစ်ရံမှာတော့ ကိုယ့်အပေါင်းအသင်းတွေ အိမ်နီးချင်းတွေနှင့် မိသားစုဝင်တွေအပေါ်မှာ မာနကြောင့် ရိုင်းပျတာ မောက်မာတာမျိုးရှိတတ်တယ်။ ဒါကိုလည်း သတိထားမိချင်မှ ထားမိမယ်။ ဒါပေမယ့် သူများတကာက ကိုယ့်အပေါ်အဆင်မပြေတဲ့ ဆက်ဆံမှုတွေ ကြုံလာရင်တော့ ဒေါသတကြီး ဖြစ်မိတတ်ရော။

    အဲဒီအခါ စိတ်ထဲမှာ စွဲစွဲမြဲမြဲတွေးမိတာမျိုးရှိတာက ကိုယ်နှင့်ဆက်ဆံသူတိုင်းဟာ ယဉ်ကျေးသိမ်မွေ့မှုမရှိကြဘူး။ “ကြော” ချင်ကြတယ်။ စကားတင်းဆိုကြသူတွေ ချည်းပဲ။ ယဉ်ကျေးသိမ်မွေ့မှု လုံးဝမရှိကြဘူး။ စိတ်ဓာတ်အောက်တန်းကျလိုက်တာ စသည်ဖြင့်ပေါ့။ သူများအပေါ်အပြစ်တကာ့အပြစ်တွေမြင်ပြီး လျှော့တွက်လေ့ရှိတယ်။

    ဒါပေမဲ့ ကိုယ်ကိုယ်တိုင်ကျတော့ရော ဒါတော့တတ်နိုင်သမျှ အကောင်းတွေချည်းမြင်၊ ဖော့တွေးပြီး အပြစ်ကင်းတယ်လို့ စွဲစွဲမြဲမြဲ ယုံကြည်နေတတ်တာဟာ တကယ်တော့ အန္တရာယ်လို့ဆိုရမယ်။ တကယ်တမ်းပြောရရင် ကိုယ်ထင်ထားသလို အရည်အသွေးတွေ ကိုယ့်မှာတကယ်ရောရှိရဲ့လား ဆိုတာကိုတော့ မကြာခဏဆိုသလို ဆန်းစစ်ကြည့်သင့်ပါတယ်။

    နေ့စဉ်ဘ၀မှာကြုံဆုံရတဲ့ လူတွေဟာ စရိုက်အမျိုးမျိုး စိတ်ထားအမျိုးမျိုးရှိကြသူတွေလေ။ ကိုယ်ဟာ အတ္တကြီးမားသူ ဆိုရင်တော့ ဆက်ဆံရေးနယ်ပယ်မှာ အဆင်မပြေဖြစ်ဖို့ ကတော့ သေချာသလောက်ဖြစ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ရဲ့ဆန္ဒကိုပဲ ဦးစားပေးပြီး သူများတကာကို လုံးဝထည့်မစဉ်းစားလို့ပဲပေါ့။ နောက်ပြီး ကိုယ့်အယူအဆ အတွေးအခေါ်ဟာ အမြဲတမ်းမှန်တယ်လို့ ယုံကြည်ထားတယ်။ ကိုယ့်အပေါ်နှစ်လိုပုံမပြတဲ့သူကိုလည်း လုံးဝလျစ်လျူရှုထားတယ်။ အဲဒီသူနှင့်အဆင်ပြေအောင် ပြောဆိုဆက်ဆံဖို့ မကြိုးစားသလို ညှိနှိုင်းဖို့လည်း စိတ်ကူးမရှိဘူး။

    တချို့ရှိတယ်။ သူတို့ကိုပတ်ဝန်းကျင်က ခင်ခင်မင်မင်ရှိတယ် ဆိုရင် သူတို့ပြောသမျှစကားအောင်ပြီး သူတို့ပြောဆိုသမျှ ငြင်းပယ်မယ့်သူ မရှိနိုင်ဘူးလို့ ယုံကြည်ထားရော။ ပတ်ဝန်းကျင်ဆိုတာကို အလေးအနက်ထည့် မစဉ်းစားချင်တော့ဘူး။ အချိန်မရွေး လှည့်ပတ်ပြောဆိုလို့ ရနိုင်တာပဲလို့လည်း လျှော့တွက်ထားတယ်။

    ဆိုပါစို့။ အဲဒီလိုလူစားမျိုးမှာ အခက်အခဲ တစ်စုံတစ်ရာ ကြုံလာခဲ့ရင် ပတ်ဝန်းကျင်ကို အရေးတကြီးအကူအညီတောင်းဖို့ ၀န်မလေးဘူး။ ဒါပေမဲ့ သူနှင့် ရင်းနှီးခင်မင်သူတစ်စုံတစ်ယောက်မှာ အခက်အခဲကြုံလို့ အကူအညီတောင်းလာခဲ့ရင်တော့ မသိကျိုးကျွံပြုပြီး နေတတ်တယ်။ အကူအညီပေးဖို့ လေးဖင့်နေရော။ ရှိသေးတယ်။ သူနှင့် အဆင်မပြေတဲ့ အပေါင်းအသင်းမိတ်ဆွေတွေအကြောင်း အိမ်နီးချင်းများ နှင့် မိသားစုဝင်တွေအကြောင်းကို မထိမ်မချန်ဘဲ လျှောက်ပြောတတ်ပြန်တယ်။

    တကယ်တော့ စိတ်ရင်းကောင်းပြီး ညှာတာ ထောက်ထားတတ်သူတိုင်းဟာ သူများနှင့် ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်လေ့ရှိတယ်။ ပြစ်တင်ရှုတ်ချတာကို မလိုလားဘူး။ တစ်စုံတစ်ယောက်က ကိုယ့်အပေါ်နှစ်လိုဟန်မပြဘူးဆိုရင် ဒေါသအလျင်စလိုမထွက်ဘဲ ဘာကြောင့်ဖြစ်ရတာပါလိမ့်ဆိုတဲ့ အတွေးနှင့်ပြန်ပြီး ဆင်ခြင်ဆန်းစစ်တယ်။ အဲဒီနောက်တော့ ကိုယ်တိုင်က မှားယွင်းနေတာဆိုရင် ချက်ချင်းဆိုသလိုပြန်ပြင်လိုက်တယ်။ တစ်ဖက်သားရဲ့ လွဲမှားမှုမျိုးဆိုရင် သူ့အပေါ် သဘောထားပြောင်းပြီး မြင်လိုက်တယ်။ စိတ်ရင်းကောင်းသူဟာ သူ့အပေါ်ခင်မင်ရင်းနှီးသူတွေနှင့် အခင်အမင်ပျက်စေမယ့် အရာမှန်သမျှအတတ်နိုင်ဆုံးရှောင်တယ်။ သတိလည်းထားလေ့ရှိတယ်။

    သူဟာဘ၀မှာ အောင်မြင်လာတဲ့အခါမှာ မောက်မာလေ့ မရှိဘူး။ ကိုယ့်ကိုကိုယ်နှိမ်ကျအောက်ကြို့ဆက်ဆံတတ်တယ်။ တစ်ခါတစ်ရံမှာပေါ့ ကိုယ်က (အကြောင်းကြောင်းကြောင့်) ခင်မင်ရင်းနှီးလိုစိတ် မရှိသူက ကိုယ့်ကို အရောတ၀င်ရင်းနှီး ခင်မင်နေမယ်ဆိုရင်တော့ (သနားစိတ်နှင့်) တုန့်ပြန် ခင်မင်နိုင်အောင် ကြိုးစားမှာတော့ အသေအချာပါပဲ။

    ဆိုပါစို့ … တစ်ခါတစ်လေမှာ သူ့အတွက် အခက်အခဲတစ်ခုခု ကြုံရတာမျိုး။ ကျန်းမာရေးချို့ယွင်းလာမယ်ဆိုရင် ကိုယ်တိုင် ဖြေရှင်းနိုင်အောင် ဦးဆုံးကြိုးစားသင့်တယ်။ သူ့အတွက်ကြောင့် သူများတကာမှာ ၀န်ပိမှာကိုတော့ အရမ်းစိုးရိမ်တတ်တယ်။ ဒါပေမယ့်လည်း စိတ်ရင်းစေတနာကောင်းမွန်သူဟာ သူပြုခဲ့တဲ့ လူမှုအကျိုးပြု စိတ်ဓာတ်ကြောင့် အခက်အခဲကြုံလာရတဲ့အခါ ထွက်ပေါက်ရလေ့ရှိတယ်။ လှိုက်လှိုက်လှဲလှဲကူညီပေးမယ့်သူ မရှားဘူးဆိုတာ လက်တွေ့ကြုံဆုံလာရမှာပါ။

    သူငယ်ချင်းကောင်း၊ သူငယ်ချင်းစစ်တွေလိုချင်တယ်လို့ တဖွဖွအော်နေသူတွေဟာ တော်တော်များများကို မကောင်းမြင်စိတ်နှင့်ချည်း ကြည့်လေ့ရှိကြပြီး ကိုယ်ကလွဲလို့ ဘယ်သူမှ မကောင်းဘူးလို့ချည်း “ထစ်” နေတတ်လာကိုး အမှန်တော့ အလွယ်ကူဆုံး ဆန်းစစ်ကြည့်သင့်တာက ကိုယ်တိုင်ကရော အများသူငါအတွက် သူငယ်ချင်းကောင်းပီသရဲ့လားဆိုတာပဲပေါ့။

    ကျယ်ဝန်းလှတဲ့ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ စိတ်ရင်း စေတနာကောင်းသူ၊ အကောင်းမြင်တတ်သူတွေအတွက် မိတ်ဆွေမရှားဘဲ ပတ်ဝန်းကျင်နှင့် အဆင်ပြေ ချောမွေ့နိုင်ပါတယ် ဆိုတာကိုတော့ …..

    နှင်းဆီခင်

  • နိုင်ငံသား သတ်မှတ်ခံရတဲ့ ရိုဟင်ဂျာများကို လွတ်လပ်စွာ သွားလာ ခွင့်ပြုမည်ဟု ဝန်ကြီး ဦးခင်ရီပြောပြန်

    နိုင်ငံသား သတ်မှတ်ခံရတဲ့ ရိုဟင်ဂျာများကို လွတ်လပ်စွာ သွားလာ ခွင့်ပြုမည်ဟု ဝန်ကြီး ဦးခင်ရီပြောပြန်

    နိုဝင်ဘာ ၁၁ ၊ ၂၀၁၄
    M-Media

    Myanmar plans nationwide project to determine citizenship for minorities
    အကြမ်းဖက်ခံရမှုကြောင့် ဒုက္ခသည် စခန်းရောက်နေသည့် ရိုဟင်ဂျာ မိသားစု

    နိုင်ငံသား သတ်မှတ်ခံရတဲ့ ရိုဟင်ဂျာများကို တိုင်းပြည်မှ နှင်ထုတ်မည် မဟုတ် ဘဲ လွတ်လပ်စွာ သွားလာ ခွင့်ပြုမည်ဟု ဝန်ကြီး ဦးခင်ရီပြော

    – ရိုဟင်ဂျာများမှာ မြန်မာနိုင်ငံသား ဟုတ်မဟုတ် တစ်နိုင်ငံလုံး၌ စစ်ဆေးခြင်းကို လာမည့်နှစ်တွင် ပြုလုပ် သွားမည်ဖြစ်ပြီး နိုင်ငံသား အဖြစ် သတ်မှတ်ခံရသည့် ရိုဟင်ဂျာများမှာ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ရမည်ဟု လူဝင်မှုကြီးကြပ်ရေး ၀န်ကြီး ဦးခင်ရီက ပြောကြားလိုက်သည်။

    ယခုလက်ရှိတွင် ရခိုင်ဒေသရှိ မြို့နယ် တစ်ခုတွင် ရှေ့ပြေးစီမံကိန်းအဖြစ် ရိုဟင်ဂျာများအား နိုင်ငံသား ဟုတ်၊ မဟုတ် စီစစ်ခြင်းကို ပြုလုပ်နေပြီး နောက်ပိုင်းတွင် ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်တစ်ဝှမ်းလုံး၌ ပြုလုပ်သွားမည်ဖြစ်သည်။

    “ရခိုင်မှာ နိုင်ငံသား စီစစ်ခြင်းလုပ်ငန်း ပြီးတဲ့နောက် အခြားသူတွေ၊ အခြားမြို့နယ်တွေမှာရှိတဲ့ ဘင်္ဂါလီတွေဟာ မျက်မြင်ကိုယ်တွေ့ နားလည်လာပါလိမ့်မယ်။ ပြီးတော့ နိုင်ငံသားဖြစ်ဖို့ ဆန္ဒရှိတဲ့ ဘင်္ဂါလီတွေကို သူတို့ အားကျမှာဖြစ်ပြီး သူတို့ဟာ လွတ်လပ်စွာ သွားလာခွင့်ရမှာပါ။ နောက်ပိုင်း သူတို့ဟာ နိုင်ငံကူးလက်မှတ် လျှောက်ချင်ရင်လည်း အရမ်းလွယ်သွားမှာပါ” ဟု ဦးခင်ရီက ပြောကြားခဲ့သည်။

    သို့ရာတွင် အခက်အခဲတစ်ခုမှာ အစိုးရနေဖြင့် ရိုဟင်ဂျာဟု သတ်မှတ်မည်မဟုတ်ဘဲ ဘင်္ဂါလီအဖြစ်သာ သတ်မှတ်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများကမူ ၎င်းတို့၏ လူမျိုးအား ရိုဟင်ဂျာဟုပင် သတ်မှတ်စေချင်ကြပြီး ဘင်္ဂါလီဟု သတ်မှတ်ပါက မြန်မာနိုင်ငံမှ နှင်ထုတ်ခံရမည်ကို စိုးရိမ်နေကြသည်။

    သို့သော်လည်း ဦးခင်ရီကမူ “ကျွန်တော်တို့ ဒီလိုအစီအစဉ် မရှိပါဘူး။ သူတို့ကို ဟိုဘက်နိုင်ငံကို ဘယ်တော့မှ ပြန်မပို့ပါဘူး။ ဘင်္ဂါလီလို့ပြောရုံနဲ့ သူတို့ကို ပြန်ပို့ဖို့ အစီအစဉ် မရှိပါဘူး” ဟု ထပ်လောင်းပြောကြားခဲ့သည်။

    ၂၀၁၂ ခုနှစ်တွင် ရိုဟင်ဂျာများအား ပစ်မှတ်ထားသော အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများအတွက် အစိုးရက “ရခိုင်စီမံချက်” အစီအစဉ်မူကြမ်းတစ်ခုကို ရေးဆွဲထားပြီး အပြည့်အစုံကို လာမည့်လတွင် ထုတ်ပြန်သွားရန် ရှိနေသည်။

    သို့သော်လည်း ထိုအစီအစဉ်နှင့် ပတ်သက်၍ နိုင်ငံတကာ အဖွဲ့အစည်များမှ ဝေဖန်မှုများရှိနေပြီး ထိုအစီအစဉ်မှာ ရိုဟင်ဂျာများအား ဒုက္ခသည် စခန်းများတွင် တစ်သက်လုံးနေထိုင်သွားရမည့် စီမံကိန်းဟု ပြောဆိုခဲ့ကြသည်။

    ref_  CNA/nd

  • အာဆင်နယ်၏ ယခုနှစ် ပရီးမီးယားလိဂ် ချန်ပီယံ မျှော်လင့်ချက်  ဝင်ဂါး စွန့်လွှတ်

    အာဆင်နယ်၏ ယခုနှစ် ပရီးမီးယားလိဂ် ချန်ပီယံ မျှော်လင့်ချက် ဝင်ဂါး စွန့်လွှတ်

    နိုဝင်ဘာ ၁၁ ၊ ၂၀၁၄
    M-Media
    1415559297054_wps_14_Arsenal_manager_Arsene_We
    – ယမန်နေ့က ဆွမ်ဆီးနှင့်ပွဲတွင်  ရှုံးနိမ့်ခဲ့ပြီးနောက် မိမိတို့အသင်းအနေဖြင့် ပရီးမီးယားလိဂ် ချန်ပီယံ ပြေးလမ်းကြောင်းမှ သွေဖီသွားခဲ့ပြီဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    ထိုပွဲတွင် အာဆင်နယ်မှာ ဆန်းချက်ဇ်၏ ဂိုးဖြင့် ပွဲပြီးကာနီး ၁၅ မိနစ်အလိုအထိ ဦးဆောင်နိုင်ခဲ့သော်လည်း ၃ မိနစ်အတွင်း ၂ ဂိုး ပြန်ပေးခဲ့ရသည်။ ထိုပွဲအရှုံးကြောင့် အာဆင်နယ်မှာ ထိပ်ဆုံးမှ ဦးဆောင်နေသည့် ချယ်ဆီးနှင့် ၁၂ အထိ ကွာဟ သွားခဲ့ပြီဖြစ်သည်။

    “ချယ်ဆီးဟာ ပျမ်းမျှ ရမှတ် ၁၀၀ လောက် ရသွားမှာပါ။ အခု သူတို့ရထားတဲ့အမှတ်ကိုကြည့်ပြီး တကယ်လို့ နောက်ပိုင်းမှာလည်း သူတို့ ဒီအတိုင်းသွားနိုင်ရင် သူတို့ကို ဘယ်သူမှ လိုက်နိုင်မှာ မဟုတ်ပါဘူး” ဟု ၀င်းဂါးက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အသင်း၏ စွမ်းဆောင်ရည်အတွက် စိတ်ပျက်မိကြောင်း၊ မိမိတို့အသင်းမှာ ချန်ပီယံလမ်းကြောင်းပေါ်မှ သွေဖီသွားခဲ့ပြီဖြစ်ကြောင်း ၀င်းဂါးက ထပ်လောင်းပြောကြားခဲ့သည်။ အာဆင်နယ်မှာ ပြီးခဲ့သည့် ရာသီကလည်း ရာသီဝက်အထိ ခြေစွမ်းကောင်းများ ပြသနိုင်ခဲ့သော်လည်း နောက်ပိုင်းပွဲစဉ်များတွင် ခြေချော်ခဲ့မှုကြောင့် ပရီးမီးယားလိဂ် ဆုဖလားအား လက်လွှတ်ခဲ့ရသည်။