News @ M-Media

Author: M-Media

  • အစ္စလာမ်အပေါ် တစ်ဖက်သတ်ရွံ ကြောက်ရောဂါအား အောင်မြင် ကျော်လွှားရန် ဂျပန်မှပေးသော သင်ခန်းစာ

    အစ္စလာမ်အပေါ် တစ်ဖက်သတ်ရွံ ကြောက်ရောဂါအား အောင်မြင် ကျော်လွှားရန် ဂျပန်မှပေးသော သင်ခန်းစာ

    အောက်တိုဘာ ၂၈ ၊ ၂၀၁၄
    M-Media
    Fantastic island
    ကျွန်တော် Aseel Zaher ပါ။ အစ္စလာမ်အပေါ် တစ်ဖက်သတ်ရွံကြောက်ရောဂါ ၀င်ရောက်နေသူတစ်ဦးအပေါ် ဘယ်လိုပြန်လည်ဆက်ဆံရမလဲဆိုတဲ့ သင်ခန်းစာတစ်ရပ်ကို တိုကျို စာသင်ခန်းတစ်ခုမှာ ကျွန်တော် ကြုံဆုံလိုက်ရပါတယ်။

    ဒီနေ့ဟာ ကျွန်တော် ဂျပန်နိုင်ငံကို ယာယီနေထိုင်ခွင့်နဲ့ ရောက်ရှိလာတဲ့ ၉ နှစ်မြောက်နေ့ပေါ့။ ဂျပန်တွေရဲ့ ဘ၀နေနည်းစနစ်၊ အပြုအမူ၊ ယဉ်ကျေးမှု စတာတွေအပေါ် အသားကျနေပြီဖြစ်ပေမယ့် ထူးခြားတဲ့ အတွေ့အကြုံတွေကို ရနေဆဲပါ။ ကျွန်တော့်ရဲ့ ဘာသာဗေဒစာသင်ခန်းတစ်ခုမှာ စာသင်ကြားနေချိန် ကျွန်တော်တို့ရဲ့ဆရာက ဂျပန့်ယဉ်ကျေးမှုနဲ့ ကမ္ဘာကိုဂျပန်တွေကောင်းကျိုးဆောင်ခြင်းဖက် စကားလမ်းကြောင်း ပြောင်းသွားပါတယ်။ အဲ့ဒီမှာ တစ်ဦးသောသူက (ဂဏန်းနံပါတ်တွေကို ဂျပန့်ယဉ်ကျေးမှုက စတင်မိတ်ဆက်ပေးတဲ့အကြောင်း) မှားယွင်းစွာ ပြောဆိုညွှန်ပြတဲ့အပေါ် ဆရာဖြစ်သူက ချက်ခြင်းပဲ “ မဟုတ်ဘူး၊ အဲ့ဒါတွေကို စတင်မိတ်ဆက်ပေးလိုက်တဲ့ဘာသာစကားဟာ အာရပ်စာပေ ဖြစ်တယ်” လို့ ဖြေကြားလိုက်ပါတယ်။

    တိုကျိုမှာနေထိုင်တဲ့ အာရပ်မွတ်စ်လင်မ်တစ်ဦးအဖို့ ဂျပန်လူမျိုးတွေနဲ့ နေ့တဓူဝ ထိတွေ့ဆက်ဆံမှု ပြုလုပ်လာနိုင်သော်လည်း အသိအမှတ်ပြုလက်ခံမှု နည်းပါးနေသေးတယ်လို့ ခံစားရပါတယ်။

    ခင်ဗျားတို့ သိကြတဲ့အတိုင်း ဂျပန်တွေဟာ သူတို့ရဲ့သက်ဆိုင်ရာ မျိုးနွယ်စုအသီးသီးရဲ့အကြောင်းကို သိသော်လည်း မွတ်စ်လင်မ်လောကအကြောင်း မဆိုစလောက်မျှသာ သိရှိကြပါတယ် (ကမ္ဘာပေါ်ကလူများစုလည်း အလားတူပဲ ဖြစ်လိမ့်မယ်လို့ တပ်အပ်ပြောရဲပါတယ်)။ ဂျပန်နိုင်ငံဟာ မိမိတို့ရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုထဲကနေ ကမ္ဘာ့အကြီးမားဆုံး စီးပွားရေးကဏ္ဍများအကြား လှေကားထောင် တက်လှမ်းလာနိုင်တဲ့ ယနေ့ခေတ်နည်းပညာရှေ့ဆောင်နိုင်ငံတစ်ခုပါ။

    ဒါကြောင့် ဂဏန်းနံပါတ်သတ်မှတ်နည်းစနစ်ကို ရာစုနှစ်များစွာအလျင် မွတ်စ်လင်မ်တွေက စတင်မိတ်ဆက်ပေးခဲ့တဲ့အကြောင်း ဖော်ပြနိုင်သူ ဂျပန်ဆရာ အတန်အသင့် ရှိကြပါတယ်။ ဒါပေမယ့် ကျွန်တော့်ရင်ထဲ ဆို့နင့်နေရပါတယ်။ ကျွန်တော့်ခံစားချက် ပွင့်ထွက်မှုအပေါ် နားလည်ပေးကြပါ။ မည်သို့ပင်ဆိုစေ ဂျပန်နိုင်ငံရဲ့သမိုင်းကြောင်းကို ထဲထဲဝင်ဝင် လေ့လာသုံးသပ်ပြီး တစ်ပြိုင်နက်တည်းမှာပဲ ယနေ့လက်တွေ့ရလဒ်တွေကို စူးစမ်းကြည့်မယ်ဆိုရင် (အတိတ်ခေတ်မွတ်စ်လင်မ်တွေရဲ့ အခြေအနေနဲ့ ) သိပ်ကွာဟမှု မရှိလှတာကို တွေ့ရပါမယ်။

    ဂျပန်နိုင်ငံက ဒုတိယကမ္ဘာစစ်ပြီးကာလမှာ အတော်အတန်ဆိုးတဲ့ ငတ်မွတ်ခေါင်းပါးခြင်းဒဏ်ကို ခံစားရတယ်။ နိုင်ငံ့အခြေခံအဆောက်အဦတွေ ပျက်စီးကုန်တယ်။ လူ့အဖွဲ့အစည်းဖရိုဖရဲဖြစ်ခဲ့တဲ့အပြင် လက်ဆုပ်လက်ကိုင်စီးပွားရေးဆိုတာ မရှိတော့ဘူး။ ဒီကနေ့မှာတော့ အာရှနိုင်ငံအားလုံးနီးပါးစုစုပေါင်းထက်များတဲ့ ပျမ်းမျှဝင်ငွေ၊ မြင့်မားတဲ့ လူနေမှုစနစ်နဲ့ ပညာရေးစနစ်၊ နိုင်ငံသားတွေအတွက် ကောင်းမွန်ပြေပြစ်နည်းလမ်းကျနသော အခွင့်အလမ်းတွေ ၀န်ဆောင်မှုတွေနဲ့တစ်ကွ ဦးဆောင်နေပြီဖြစ်တယ်။ (ကျွန်တော် မဖော်ပြလိုတဲ့ အချို့ အာရပ်တိုင်းပြည်များလို) တခမ်းတနားဇိမ်ခံနေထိုင်တဲ့ တိုင်းပြည်ရယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ သူတို့ဟာ သူတို့လူ့အဖွဲ့အစည်း၊ တိုင်းပြည့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးဆောင်ပေးဆပ်နိုင်သော နည်းလမ်းများနဲ့အညီ (အခြားသူတွေ၊ ဒေသတွေ အပေါ်မှာလည်း) နေထိုင်ရှင်သန်ကြတယ်။ ဂျပန်နည်း ပညာကနေ အကျိုးမခံစား ရတဲ့နေရာဒေသ၊ သံတမန်ရေးရာဖြစ်စေ စီးပွားရေး ကဏ္ဍမှာဖြစ်စေ ဂျပန်နဲ့ ဆက်သွယ်ထူထောင်မှု မပြုလိုတဲ့ တိုင်းပြည်ဆိုတာ ကမ္ဘာမြေပေါ်မှာ မရှိသလောက်ပါပဲ။

    ဂျပန်စာနဲ့ ဂျပန်ယဉ်ကျေးမှုကို လေ့လာသင်ယူဖို့ ဥရောပ၊ အာရှ၊ အာဖရိက၊ အမေရိကန်က လာရောက်ကြတဲ့ နိုင်ငံခြားသားတွေကို နေ့စဉ်နဲ့အမျှ တွေ့ဆုံရတယ်။ ဘာသာစကား သို့မဟုတ် ယဉ်ကျေးမှု စနစ်နှစ်ရပ် စလုံးမှာ အလုပ်အကိုင် အခွင့်အလမ်းရဖို့ မျှော်လင့်တာမျိုးလည်း ဖြစ်ချင်ဖြစ်မယ်(ရည်ရွယ်ချက်အမျိုးမျိုးနဲ့ပေါ့)။ သူတို့ရဲ့ ပေးဆပ်ကောင်း ကျိုးပြုချက်တွေအားဖြင့် ဂျပန်လူမျိုးများဟာ နိုင်ငံ အများအပြားဆီက လေးစားမှုနဲ့ အသာပေးမှုကို ရရှိထားကြတယ်။

    ဒီနေရာမှာ မေးခွန်းတစ်ခု မေးခွင့်ပြုပါ။ ဒီနေ့ခေတ်မှာ ကျွန်တော်တို့မွတ်စ်လင်မ်တွေ ကမ္ဘာကို ဘာတွေကောင်းကျိုးပြုပေးဆပ်နေတာ ရှိပါသလဲ ? အလယ်ခေတ်က ရှာဖွေတွေ့ရှိမှုတွေ၊ သုတေသနပြုမှုတွေဆီ ကျွန်တော်တို့ လမ်းဆက်လျှောက်နေကြပါသလား သို့တည်းမဟုတ် ကျွန်တော်တို့ရဲ့ ခေတ်သစ်မတိုင်မီက ကွယ်လွန်ခဲ့ပြီးသူတွေရဲ့ အောင်မြင်မှုတွေအပေါ်မှာပဲ ရင်ကော့ ခေါင်းမော့မာန်တက်နေဆဲလား ?

    လက်ရှိအနေအထားဟာ ကျွန်တော်တို့ အပေါ် မလုံခြုံမှု၊ မလိုမုန်းထားမှု၊ ခွဲခြားဖယ်ကြဉ်မှုတွေ ဖြစ်အောင် ဖန်တီးထားကြောင်း ကျွန်တော် နားလည်ပါတယ်။  လတ်တလော သြစတေးလျက အကြောက်တရား သွတ်သွင်းမှုဟာ ထင်ထင်ရှားရှား ပေါ်လွင်လာပါတယ်။ ဒီအထိန်းအကွပ်မဲ့ဖြစ်စဉ်က မွတ်စ်လင်မ်ဟုတ်ဟုတ် မဟုတ်ဟုတ် ဘယ်သူ့အပေါ်မှာမှ ကောင်းကျိုး မဖြစ်စေပါဘူး။ တိုက်ခိုက်မှုတွေ၊ စော်ကားမှုတွေ ခံနေရတဲ့အခြေအနေအကြား ကျွန်တော်တို့အဖို့ အခုလုပ်နိုင်တာကတော့ ကျွန်တော်တို့ ကျင်လည်နေထိုင်တဲ့ဝန်းကျင်/နယ်ပယ်များမှာ မိမိစွမ်းသလောက် အကောင်းဆုံး ဆောင်ရွက်နေထိုင်ကြဖို့ပါပဲ။

    သီးခြားဆန်ဆန် မနေထိုင်ကြပါနဲ့။ လမ်းပေါ်က မျက်နှာပေးတွေ၊ ၀စီကံမြောက် သွားပုပ်လေလွင့်ပြောဆိုချက်စတဲ့ အပေါ်ယံသွင်ပြင်တွေကို မေ့ဖျောက်လိုက်ပါ။ ခင်ဗျားအနေနဲ့ မိမိအပေါ်မှာသာ ကိုယ်တိုင်တာဝန်ရှိပါတယ်။ ခင်ဗျားဟာ မိခင်၊ ဖခင်၊ သမီး၊ သား၊ အိမ်နီးချင်း၊ လုပ်ငန်းကျွမ်းကျင်သူ၊ အနုပညာရှင်၊ ဆရာ၊ သိပ္ပံပညာရှင်၊ ကျောင်းသား၊ ဈေးဆိုင်ပိုင်ရှင် ….. ဘယ်လိုလူစားဖြစ်နေပါစေ အကောင်းဆုံးစံပြပုဂ္ဂိုလ်တစ်ဦး ဖြစ်အောင် တတ်နိုင်သမျှ ကျင့်ကြံနေထိုင်ပေးဆပ်သွား ဖို့သာလျှင် လိုအပ်ပါတယ်။

    “အသင်တို့သည် လူသားထုတစ်ရပ်လုံးအတွက် (စံနမူနာအဖြစ်) ထုတ်ဖော်ခြင်းခံရသော အကောင်းဆုံး လူစုဖြစ်သည်။ အသင်တို့သည် ကောင်းရာညွှန်၍ မကောင်းရာကိုတားမြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်အပေါ် သက်ဝင်ယုံကြည်ကြသည်။ ထို့ပြင် အကယ်၍ ကျမ်းရသူများမှ သက်ဝင်ယုံကြည်မှု ရှိလာလျှင် ထိုသူတို့အဖို့ အကောင်းဆုံးဖြစ်ပေလိမ့်မည်။ ၎င်းတို့အနက် သက်ဝင်ယုံကြည်သူများ ရှိသော်လည်း အများစုမှာကား မောက်မာပလွှားမှုဖြင့် ဖီဆန်တတ်သူများဖြစ်ကြ၏။ ထိုသူတို့သည် အသင်တို့အား မခံချိမခံသာ နားခါးသည့်ဒဏ်ကို ပေးနိုင်သည်မှအပ အသင်တို့အား ဆုံးရှုံးနစ်နာအောင် မည်သည့်အခါမျှ ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။ …………………”    စူရဟ် အားလိအင်မ်ရာန်(၃း၁၁၀-၁၁၁)

    xxxxxxxxxxxxxxxxxxx

    What Japan taught me about overcoming the ills of Islamophobia ဆောင်းပါးကို သြရသ ရေချမ်းမှ ဆီလျော်အောင် မြန်မာပြန်ဆိုသည်။

  • ဘရာဇီးလ်သမ္မတ ရွေးကောက်ပွဲ လက်ရှိသမ္မတ အနိုင်ရရှိ

    ဘရာဇီးလ်သမ္မတ ရွေးကောက်ပွဲ လက်ရှိသမ္မတ အနိုင်ရရှိ

    အောက်တိုဘာ ၂၇ ၊ ၂၀၁၄
    M-Media
    Dilma Rousseff
    – လက်တင်အမေရိကမှ ဖွံ့ဖြိုးတိုးတက်မှုအမြန်ဆုံး နိုင်ငံတစ်ခုဖြစ်သည့် ဘရာဇီးလ်၏ သမ္မတ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဒီလ်မာ ရူးဆက်ဖ်က အနိုင်ရရှိခဲ့သည်ဟု သိရသည်။

    ရွေးကောက်ပွဲရလဒ်များကို ယနေ့တွင် ကြေညာခဲ့ရာ ရူးဆက်ဖ်မှာ မဲပေးမှု စုစုပေါင်း ၉၉.၆၆ ရာခိုင်နှုန်းတွင် ၅၁.၆၀ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ၎င်း၏ ပြိုင်ဘက်ဖြစ်သူ အဲစီယို နီဗက်စ်မှာ မဲအရေအတွက် ၄၈.၄၀ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။

    မဲရလဒ်များ ထွက်ပေါ်လာပြီးနောက် ပြောကြားခဲ့သော မိန့်ခွန်းတွင် ရူးဆက်ဖ်က ၎င်း၏ ဒုတိယ သက်တမ်းတွင် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားရန် မျှော်လင့်ထားပြီး ဘရာဇီးလ် ပြည်သူများက တောင်းဆိုသော ပြုပြင်ပြောင်းလဲမှုများကိုလည်း လုပ်ဆောင်သွားရန် ဆုံးဖြတ်ထားကြောင်း ပြောကြားခဲ့သည်။

    အစောပိုင်းတွင် နီဗက်စ်မှာ ရူးဆက်ဖ်ထက် ၄ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းကြား အသာရခဲ့သော်လည်း နောက်ဆုံးအချိန်ကျမှ ရူးဆက်ဖ်က အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ နီဗက်စ်ကလည်း မိမိရှုံးနိမ့်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

    ဘရာဇီးလ်သမ္မတ ရူးဆက်ဖ်မှာ နိုင်ငံ၏ စီးပွားရေးကျဆင်းမှု၊ ငွေကြေးဖောင်းပွမှု စသည့် စိန်ခေါ်မှုများဖြင့် ရင်ဆိုင်ရမည်ဖြစ်သည်။

    ref_ Al Jazeera and agencies

  • မန်ယူမှာ ရှေ့တစ်လှမ်း တိုးကာ နောက်နှစ်လှမ်း ဆုတ်သကဲ့သို့ ဖြစ်နေကြောင်း ဖာဂူဆန်ဆို

    မန်ယူမှာ ရှေ့တစ်လှမ်း တိုးကာ နောက်နှစ်လှမ်း ဆုတ်သကဲ့သို့ ဖြစ်နေကြောင်း ဖာဂူဆန်ဆို

    အောက်တိုဘာ ၂၇ ၊ ၂၀၁၄
    M-Media
    alex-ferguson_pa_3086032b
    – မန်ယူအသင်း၏ ယခုနှစ်ရာသီအခြေအနေမှာ ရှေ့တစ်လှမ်းတိုး၍ နောက်နှစ်လမ်းဆုတ်သကဲ့သို့ ဖြစ်နေသည်ဟု မန်ယူနည်းပြဟောင်း ဖဂူဆန်က ပြောကြားလိုက်သည်။

    ဒေးဗစ်မိုယက်စ်လက်ထက် အခြေအနေဆိုးရွားခဲ့သည့် မန်ယူအသင်းအား နည်းပြ ဗန်ဂါးလ် တာဝန်ယူပြီးနောက်ပိုင်း ပြောင်းလဲမှုများ ပြုလုပ်ခဲ့သော်လည်း အသင်းမှာ ရာသီသစ်တွင် ခြေမမှန်သေးဘဲ ရုန်းကန်ရလျက်ရှိနေကာ ယမန်နေ့က ကစားခဲ့သောချယ်ဆီးနှင့် ပွဲတွင်လည်း နောက်ဆုံးမိနစ် ဂိုးဖြင့် သရေတစ်မှတ်ရခဲ့သည်။

    ထို့ကြောင့် မန်ယူအသင်း၏ အနာဂတ်အတွက် ဗန်ဂါးလ်အပေါ် ယုံကြည်မှု ရှိသလားဟု အခမ်းအနားတစ်ခုတွင် ဖာဂူဆန်အား မေးမြန်းခဲ့ရာ

    “သေချာတာပေါ့။ သူဟာ ဒီအလုပ်နဲ့ သင့်တော်တဲ့သူပါပဲ။ ဒါပေမယ့် နည်းနည်းလေး ရှေ့တစ်လှမ်းတိုးပြီးရင် နှောက်နှစ်လမ်း ဆုတ်သလို ဖြစ်နေပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

    ထို့ပြင် ဖာဂူဆန်က မိုယက်စ်အား ခန့်အပ်ခဲ့မှုတွင် အများထင်သကဲ့သို့ အတွင်းကျကျပါဝင်ခဲ့ခြင်း မရှိကြောင်း၊ မိုယက်စ်လက်ထဲသို့ ဇရာထောင်းနေသည့် အသင်းအား ထည့်ပေးခဲ့သည်ဟူသော အယူအဆမှာလည်း မှားယွင်းကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    အကောင်းဆုံး ကစားသမားခေါ်ယူမှုကို မေးမြန်းခဲ့ရာတွင် ကာရင်တန်အား ခေါ်ယူခြင်းဖြစ်သည်ဟု ပြန်လည်ဖြေကြားခဲ့သည်။ ထို့ပြင် ခရစ္စတီယာနိုရော်နယ်ဒိုအား စပို့တင်းလစ္စဘွန်းမှ ခက်ခက်ခဲခဲ ခေါ်ယူခဲ့ရသော်လည်း အသင်းလူစာရင်းအတွက် အရေးပါသော ဖြည့်တင်းမှု မဟုတ်ခဲ့ဟု ပြောကြားခဲ့သည်။

  • တောင်အာဖရိက လက်ရွေးစင် အသင်းခေါင်းဆောင် ဂိုးသမား သေနတ်ဖြင့် ပစ်သတ်ခံရ

    တောင်အာဖရိက လက်ရွေးစင် အသင်းခေါင်းဆောင် ဂိုးသမား သေနတ်ဖြင့် ပစ်သတ်ခံရ

    အောက်တိုဘာ ၂၇ ၊ ၂၀၁၄
    M-Media
    _78553888_senzogetty
    – တောင်အာဖရိကလက်ရွေးစင် အသင်းခေါင်းဆောင်ဖြစ်ပြီး ပရိတ်သတ်များ၏ ချစ်ခင်လေးစားမှုကို ခံရသော ဂိုးသမား ဆန်ဇို မြီဝါမှာသေနတ်ဖြင့် ပစ်သတ်ခြင်းခံခဲ့ရသည်ဟု သိရသည်။

    အောက်တိုဘာ ၂၆ ရက် တနင်္ဂနွေနေ့ ညနေပိုင်းတွင် သူစိမ်းများက ဂျိုဟန်နစ္စဘတ်အနီးရှိ ဆန်ဇို၏ နေအိမ်သို့ဝင်ရောက်၍ ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု တောင်အာဖရိက ရဲတပ်ဖွဲ့ SAPS က ပြောကြားခဲ့သော်လည်း မည်သည့်အကြောင်းကြောင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ ပြည်တွင်းမီဒီယာများကမူ ဆန်ဇိုမှာ မိုဘိုင်းဖုန်းတစ်လုံးအတွက် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    အသက် ၂၇ နှစ်အရွယ် ဆန်ဇိုမှာ တောင်အာဖရိက ကလပ်အသင်းဖြစ်သော အော်လန်ဒို ပိုင်းရိတ်စ် အက်ဖ်စီအသင်း၏ အသင်းခေါင်းဆောင်လည်းဖြစ်ပြီး အော်လန်ဒိုပိုင်းရိတ်စ်ကမူ ဆန်ဇိုသေဆုံးမှုအတွက် မိသားစုနှင့်ထပ်တူ ကြေကွဲရကြောင်း၊ တိုင်းပြည်နှင့် ပြည်သူအားလုံးအတွက် ဆုံးရှုံးမှုကြီးတစ်ခုဖြစ်ကြောင်း ၎င်းတို့၏ Twitter စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

    ထိုသတင်းထွက်ပေါ်လာပြီးနောက် တောင်အာဖရိက ပြည်သူများမှာ ဆန်ဇို၏ အိမ်နှင့် အခင်းဖြစ်ပွားရာ နေရာများသို့ စုရုံးရောက်ရှိလာခဲ့ကြပြီး တာဝန်ရှိသူများကမူ စိတ်ထိန်းကြရန် ပြည်သူများအား မေတ္တာရပ်ခံခဲ့သည်။

    ဆန်ဇိုမှာ ၂၀၁၅ အာဖရိကနိုင်ငံများဖလား ခြေစစ်ပွဲတွင် အုပ်စုပထမဖြင့် အောင်မြင်ခဲ့သော တောင်အာဖရိကအသင်းအတွက် လက်စွမ်းပြခဲ့သူဖြစ်ပြီး လေးပွဲးကစားရာတွင် တစ်ဂိုးမှ မပေးရရန် စွမ်းဆောင်နိုင်ခဲ့သည်။

  • ၁၃ နှစ်ကြာပြီ ဖြစ်တဲ့ အာဖဂန် ကျူးကျော်စစ်တွင် ပါဝင်ခဲ့သော ဗြိတိန် စစ်တပ် အိမ်ပြန်ပြီ

    ၁၃ နှစ်ကြာပြီ ဖြစ်တဲ့ အာဖဂန် ကျူးကျော်စစ်တွင် ပါဝင်ခဲ့သော ဗြိတိန် စစ်တပ် အိမ်ပြန်ပြီ

    အောက်တိုဘာ ၂၇ ၊ ၂၀၁၄
    M-Media
    2014102615119240734_20
    – ၁၃ နှစ်တာ ကြာမြင့်ခဲ့သည့် အာဖဂန်အား အမေရိကန်၏ ကျူးကျော်စစ်တွင် ပါဝင်ခဲ့သည့် ဗြိတိန်စစ်တပ်များမှာ ၎င်းတို့၏ တာဝန်များကို အဆုံးသတ်လိုက်ပြီး အိမ်ပြန်တော့မည်ဟု သိရသည်။

    ဗြိတိန်စစ်တပ်မှာ ၎င်းတို့၏ တာဝန်အရပ်အရပ်ကို အာဖဂန် အနောက်တောက်ပိုင်း ဟဲလ်မန်းပြည်နယ်ရှိ Bastion နှင့် Leatherneck စစ်အခြေစိုက် စခန်းနှစ်ခုတွင် အာဖဂန် တပ်များအား ယမန်နေ့က လွှဲပြောင်းပေးခဲ့သည်။ သို့သော်လည်း ဗြိတိန်တပ်များ အာဖဂန်မှ ထွက်ခွာမည့်အချိန်ကို လုံခြုံရေး အကြောင်းပြချက်ဖြင့် ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိချေ။

    အဆိုပါ တပ်စခန်းနှစ်ခုမှာ အာဖဂန် အနောက်တောင်ပိုင်း ဒေသအတွက်နိုင်ငံတကာမဟာမိတ်တပ်များ အခြေစိုက်ရာ ဌာနချုပ်ကြီးဖြစ်ပြီး ဗြိတိန်တပ်များ ထွက်ခွာပြီးနောက် အာဖဂန်တပ်မတော် အမှတ် ၂၁၅ တပ်မမှ ကွပ်ကဲအုပ်ချုပ်မည်ဖြစ်သည်။

    အာဖဂန်ကျူးကျော်စစ်အတွင်း အမေရိကန်နှင့် ဗြိတိန်တပ်များမှာ တိုက်ပွဲကြီးများကို ရင်ဆိုင်ခဲ့ရပြီး ၂၀၀၁ ခုနှစ်မှစတင်ခဲ့သည့် အဆိုပါ စစ်ပွဲအတွင်း အမေရိကန်စစ်သား ၂၂၁၀နှင့် ဗြိတိန်စစ်သား ၄၅၃ ဦး သေဆုံးခဲ့သည်။ အာဖဂန်မှ နိုင်ငံခြားတပ်များမှာ ယခုနှစ်အကုန် နောက်ဆုံးထား၍ ထွက်ခွာမည်ဖြစ်သည်။

    ref_ AP