News @ M-Media

Author: M-Media

  • သြစတေးလျတွင် ဟလာလ် စားသောက်လုပ်ငန်းကြီးထွား၊ ဟလာလ် တံဆိပ် ထုတ်ပေးမှုမှ ဒေါ်လာ သန်းချီရရှိ

    သြစတေးလျတွင် ဟလာလ် စားသောက်လုပ်ငန်းကြီးထွား၊ ဟလာလ် တံဆိပ် ထုတ်ပေးမှုမှ ဒေါ်လာ သန်းချီရရှိ

    စက်တင်ဘာ ၁ ၊ ၂၀၁၅
    M-Media
    Steggles-chicken-carries-Halal-certification.-Picture-by-DYLAN-ROBINSON
    “အချို့သော အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်းများဟာ သူတို့ရဲ့ငွေအသုံးပြုတဲ့နေရာနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု မရှိလှဘူးလို့ ကျွန်တော် မြင်ပါတယ်” လို့ Halal Australia ရဲ့ စီအီးအို မုဟမ္မဒ်ခန်းက ပြောဆိုလိုက်ပါတယ်။

    သြစတေးလျနိုင်ငံသားတစ်ဦးရဲ့ ဈေးခြင်းတောင်းထဲကြည့်ရင် ဟင်းသီးဟင်းရွက်နဲ့ Cadbury ချောကလက် ကနေ ကြက်ရင်ပုံသားအထိ အရာရာတိုင်းအပေါ် ဟလာလ် အသိအမှတ်ပြု အမှတ်တံဆိပ်များကို တွေ့မြင်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဒီလို တံဆိပ်ကပ်နိုင်ဖို့ ထုတ်လုပ်သူ၊ လက္ကားသမား၊ အစားအသောက် လုပ်ငန်းစဉ်တွေအနေနဲ့ နည်းစနစ်ကျနမှု အားနည်းသော အသိအမှတ်ပြု တံဆိပ်ထုတ်ပေးသူတွေကို ငွေ အများအပြေားပေးဆောင်ဖြတ်သန်းကြရပါတယ်။

    အာမခံအသိအမှတ်ပြု လက်မှတ်ထုတ်ပေးနေတဲ့ အဖွဲ့အစည်းများထဲက အကြီးမားဆုံးအဖွဲ့တစ်ခုဖြစ်တဲ့ Islamic Federation of Islamic Councils ဟာ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်က ဒေါ်လာ ၆ သန်းနီးပါး ၀င်ငွေရရှိခဲ့ပါတယ်။

    ကုန်ထုတ်သူများဟာ ဟလာလ်ထောက်ခံချက် ကုန်ကျစားရိတ်ကို သြစတေးလျ စားသုံးသူတွေ အပေါ် ဈေးတင်ပြီးယူကြတယ်လို့ Halal Choices ၀က်ဘ်ဆိုက် တည်ထောင်သူ တောင်သူလယ်သမား Kirralie Smith က အခိုင်အမာဆိုပါတယ်။

    ဒါပေမယ့် ထောက်ခံချက် ကုန်ကျစားရိတ် အသီးသီးက ဘယ်ရွေ့ဘယ်မျှဆိုတာ ရေရာမှု မရှိပါဘူး။ အကြောင်းအရာနဲ့ အမျိုးအစားပေါ်မူတည်ပြီး အပြောင်းအလဲ ရှိပါတယ်။ သားသတ်ရုံတွေ အတွက်ဆိုရင် ဒေါ်လာ ၁၂၀၀၀ အထက်ဖြစ်ပြီး အခြားလုပ်ငန်း အမျိုးအစားတွေကတော့ ဒေါ်လာ ၂၅၀၀၀ ကျော်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ထောက်ခံချက် ပြန်ထုတ်ရပါတယ်။

    အချို့ဟလာလ် ထုတ်ကုန်များဆိုရင် အသိအမှတ်ပြုချက်ကို အကြိမ်ကြိမ် အလီလီ ယူကြရတယ်။ ထုတ်လုပ်နည်းစဉ်မှာ – လက္ကားရောင်းချမှုမှာ – လက်လီရောင်းချမှုမှာ အဆင့်ဆင့်ဖြစ်နေတော့ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးနေသူများအဖို့ အကြီးအကျယ် လက်ဖျားငွေသီးလျက်ရှိပါတယ်။ ဒီလိုပရမ်းပတာဖြစ်နေတဲ့ အပေါ် – ခေါင်းပုံဖြတ်အမြတ်ကြီးစားနေတဲ့အပေါ် စည်းကမ်းကြပ်မတ်ဖို့ အထူးလိုအပ်နေပါတယ် ဆိုပြီး မစ္စ စမစ်က ဆိုပါတယ်။

    Packaging-showing-the-certified-halal-lamb.-Picture-by-Zerna
    ဟလာလ်အစားအသောက်ဖြစ်ကြောင်း အာမခံတံဆိပ်ပါ သိုးသားထုပ်

    ဟလာလ် အသိအမှတ်ပြုချက်ဆိုတာ ၀က်သား၊ အရက် စသဖြင့် မွတ်စ်လင်မ်တွေ စားသောက် မရနိုင်တဲ့အရာတွေ မပါအောင် ကန့်သတ် ကင်းစင်ထားတဲ့ အစ္စလာမ့်ဥပဒေနဲ့ အညီ စက်ရုံထုတ်လူသုံးကုန်/စားသောက်ကုန်ပစ္စည်းများဖြစ်ကြောင်း ဖော်ပြမှုဖြစ်ပါတယ်။

    သြစတေးလျက သိုးသားအဓိက ထုတ်လုပ်ရေး လုပ်ငန်းကြီးတစ်ခုရဲ့ပိုင်ရှင် Roger Fletcher ဟာ သူရဲ့ Dubbo သားသတ်ရုံမှ မွတ်စ်လင်မ်တို့ရဲ့အစဉ်အလာ အတိုင်း ၁၉၇၄ ခုနှစ်ကစပြီး ဆောင်ရွက်နေခဲ့တာပါ။ ဟလာလ်အသားတင်ပို့မှုမှာ ကမ္ဘာ့အကောင်းဆုံး အဖြစ်လည်း သတ်မှတ်ခံရပါတယ်။ အစိုးရရဲ့တင်းကြပ်တဲ့ ဥပဒေစည်းမျဉ်းကြောင့် သြစတေးလျထွက် အသားများကို ဥရောပ၊ ဂျပန်၊ တရုတ်နဲ့ အမေရိကမှာ အလွန်နှစ်သက် လက်ခံမှု ရနေပါတယ်။

    သို့သော်လည်း ပြည်တွင်း ဟလာလ် တံဆိပ်ဈေးကွက်မှာ လုပ်ငန်းရှင်တွေ စုပြုံတိုးနေကြသလို၊ အဖွဲ့အစည်းများ ကလည်း ငွေကြေးအလို့ငှာ သူ့ထက်ငါ အပြိုင်အဆိုင် တံဆိပ်ကပ်ပေးလျက် ရှိနေကြတယ်။ သေသေချာချာ စိစစ်ခြင်းမရှိကြဘူးလို့ သြစတေးလျ စားသောက်ကုန်နှင့် လူသုံးကုန်ကောင်စီ စီအီးအို Gary Dawson က ဆိုပါတယ်။ ဒါ့အပြင် အဓိကစားကုန်ထုတ်လုပ်ရေး လုပ်ငန်းရှင်များ ကိုယ်စားလှယ်ဖြစ်သည်နှင့် အညီ သူက  “လူထုဆိုင်ရာအကျိုးစီးပွားနဲ့ စိစစ်မှုအရ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးသူဖက်က ပိုမိုပွင့်လင်းမြင်သာစေဖို့ တာဝန်ရှိပါတယ်” လို့လည်း ပြောကြားပါတယ်။

    ခုဆိုရင် အွန်လိုင်းပေါ်ကနေ တင်ပြလွှာပေါင်း ၆၇၀ အထိ ရှိလာတဲ့ အတွက် အစားအသောက်ကုန်စည်စလယ် (ဟလာလ်) အသိအမှတ်ပြုပေးနေတဲ့ အဖွဲ့အစည်း အားလုံးကို စုံစမ်းစစ်ဆေးဖို့ အထက် လွှတ်တော်ကော်မရှင်တစ်ရပ် ဖွဲ့စည်းလိုက်ပြီဖြစ်ပါတယ်။

    Ref : Aquila Style

  • ကုလား ဌေးမြင့်လား? ကရင် ဌေးမြင့်လား?

    ကုလား ဌေးမြင့်လား? ကရင် ဌေးမြင့်လား?

    စက်တင်ဘာ ၁ ၊ ၂၀၁၅
    ရေးသူ-  ညီညီကျော်
    11953111_719026008241198_4690043030010813177_n
    မနေ့ကညနေ…..ဆွေမျိုးတစ်ယောက်ရဲ့ကျန်းမာရေး ကိစ္စနဲ့ ဆွေးနွေးချင်လို့ တော်တော်ခင်မင်တဲ့ မိတ်ဆွေ ခွဲစိတ်အထူးကု ဆရာဝန် တစ်ယောက်ဆီဖုန်းဆက်ဖြစ်ပါတယ်။

    သူကဆေးခန်းထိုင်နေကြောင်းအပြန်မှာ အိမ်ကိုဝင်လာမယ့် အကြောင်း ပြောပါတယ်။

    ဒါနဲ့ကျွန်တော်က အိမ်မှာငါမရှိဘူး အပြင်ရောက်နေတယ် မင်းဆီငါအခုဝင်လာမယ် လမ်းလည်းကြုံနေတာပဲလို့ပြောပြီး သွားတွေ့ဖြစ်ပါတယ်။

    ကျွန်တော့် သူငယ်ချင်း ထိုင်တဲ့ဆေးရုံလည်း ရောက်ရော အောက်ထပ်မှာတွေ့တဲ့ သူနာပြုဆရာမလေး တစ်ယောက်ကို ကျွန်တော် ဒေါက်တာဌေးမြင့် နဲ့တွေ့ချင်လို့ပါ၊ ဖုန်းဆက်ထားပါတယ်လို့ ပြောပြပြီး လေးလေးစားစား အကူအညီတောင်းပါတယ်။

    သူနာပြုဆရာမလေး။        ။ တွေ့ချင်တာ ကုလား ဌေးမြင့်လား၊ ကရင် ဌေးမြင့်လား ၊ရှေ့မှာ ဒေါက်တာတပ်မခေါ်ပါဘူး။

    ညီညီကျော်။            ။ ကဲ…. ညီမရေ ကုလား ဒေါက်တာဌေးမြင့်က ကိုယ့်သူငယ်ချင်းပါ။ ကုလား ဒေါက်တာ ညီညီကျော် လာတွေ့ တယ်လို့ပြောပေးပါ။

    သူနာပြုဆရာမလေး ။        ။ဟုတ်ကဲ့ပါရှင်လို့ပြောပြီး….ခွေးချီးပုံ လတ်လတ်ဆတ်ဆတ် ပေါ်မှောက်လဲတဲ့ မျက်နှာမျိုးနဲ့ ဆေးခန်းထဲ ပြေးဝင်သွားပါတော့တယ်။

    ကျွန်တော် မိတ်ဆွေနဲ့တွေ့ပြီး ဆေးခန်းကပြန်တော့ ကောင်တာ ကျောပေးပြီး ထိုင်နေတဲ့ သူနာပြုဆရာမလေးကို သွားတွေ့ပြီးကူညီမှုအတွက် ကျေးဇူးတင်ပါကြောင်း ၊ ကျွန်တော် ကုလား ဒေါက်တာ ညီညီကျော် ဖြစ်ပါကြောင်း visiting card လေးပေးရင်း နှုတ်ဆက်ဖြစ်အောင်သွား နှုတ်ဆက်လိုက်ပါသေးတယ်ခင်ဗျ….

    ဆရာမလေးရဲ့ ဟန်ဆောင်မချိပြုံး ပြုံးထားတဲ့ မျက်နှာပေါ်မှာ သူမရဲ့နှလုံးသားရောင်ပြန်လေးဟပ်လို့ပေါ့။

    နေရာတိုင်းမှာဘာတွေဖြစ်ကုန်တာလဲ???

    အာဏာဆိုတဲ့အရာ တစ်ခုတည်မြဲဖို့ အတွက် တစ်နိုင်ငံလုံးရဲ့စိတ်ဓာတ်တွေကို လူ့အဆင့်အတန်း မမီအောင် ဖျက်ဆီးပစ်ရတာ ထိုက်တန်ပါရဲ့လား???

    အပြန်မှာ ကားဒရိုင်ဘာက ဆရာဘာတွေသဘောကျပြီး ပြုံးနေတာလဲလို့မေးပါရဲ့…..ညီညီကျော် မှာအဖြေမရှိပြန်ပါဘူး။

    မေတ္တာဖြင့်
    ဒေါက်တာ ညီညီကျော်

    **မှတ်ချက်။    ။ စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်းဖြစ်သည်။

  • ကိုယ့်အပေါ်အကောင်းဆုံးဖြစ်ရအောင်

    ကိုယ့်အပေါ်အကောင်းဆုံးဖြစ်ရအောင်

    သြဂုတ် ၃၁ ၊ ၂၀၁၅
    M-Media
    နှင်းဆီခင်ရေးသည်။
    the best person
    စာတစ်အုပ်မှာဖတ်ဖူးတယ်။ “သူများတကာ အပေါ်ကောင်းတဲ့သူဟာ ကိုယ့်အပေါ်အကောင်းဆုံး ဖြစ်စေတဲ့သူ” တဲ့။

    စိတ်ကူးတွေ အတွေးတွေရှိတဲ့သူတိုင်း စိတ်ဖိစီးမှုနှင့်ကင်းတယ်လို့ မရှိပါဘူး။ ဆင်ခြင်ဥာဏ်ရှိတဲ့ လူ့သဘာဝအရ စိုးရိမ်သောကဖြစ်တာ ဆန်းတယ်လို့မှ မဟုတ်တာ။ ဆိုပါစို့။ တိရစ္ဆာန်တွေဆိုရင် စိတ်သောကမရှိဘူး။ ဘာဖြစ်လို့လဲ သူတို့မှာ နောက်နေ့အတွက်တို့ နက်ဖြန်အတွက်တို့ဆိုတဲ့ အတွေးစိတ်ကူးဆိုတာမှ မရှိပဲကိုး။ လူဆိုတာက တိရစ္ဆာန်နှင့် နှိုင်းမရအောင် အသိဥာဏ်ကြွယ်သူတွေမို့ သောကနှင့်ယှဉ်တဲ့ ဆင်ခြင်ဥာဏ်သုံးခြင်းဆိုတာ ရှိနေပါတယ်။ သောကတို့ စိုးရိမ်မှုဆိုတာက လူရဲ့အမြွာ ကိုယ်ပွားလို့ပဲ ဆိုရမလား။ သောကကင်းတယ်လို့ မဆိုနိုင်ဘူးပေါ့နော်။ တစ်ဦးစီရဲ့ခံနိုင်ရည်နှင့် အရည်အသွေးပေါ်လိုက်လို့ အနည်းငယ်အများ ခံစားရတာချင်းတော့ ကွာတာပေါ့။ ကောင်းပြီ နေ့စဉ်ဘဝမှာ အခက်အခဲတွေကြောင့်ကြမှုတွေနှင့် လုံးထွေး ရစ်ပတ်နေရတာကြောင့် ချုံးကျသလို ခံစားသွားရတယ်လို့ ဆိုကြတယ်။ ဒါဆိုရင် သက်တမ်းမစေ့ခင် ဘဝသေနေရင်ရပြီပေါ့။ မဖြစ်သင့်တာပဲလေ။ အဲဒီအကြောင်းအရာနှင့် ပတ်သက်ပြီး ကမ္ဘာ့ စိတ်ပညာရှင်တွေက ဆန်းစစ် လေ့လာတင်ပြထားကြတယ်။ ကိုယ့်အတွက် အသုံးတည့်မယ်ဆိုရင် လိုက်နာကျင့်သုံး ကျင့်ကြံကြည့်ရအောင်ပါ။

    အခက်အခဲ တစ်စုံတစ်ရာကြုံတိုင်း ရှောင်ဖယ်ဖို့ စိတ်မကူးသင့်ပါဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ ရင်မဆိုင်ဝံ့ဘဲ ရှောင်တိမ်းခြင်းက စိုးရိမ်စိတ်ကြောက်စိတ်ကို ပိုကဲစေနိုင်တာကြောင့်ပါလို့ ဆိုတယ်။ သတ္တိရှိရှိ ရင်ဆိုင်လိုက်တဲ့အခါ မကြာခဏဆိုသလိုပါပဲ အဲဒီအခက်အခဲဟာ လွယ်ကူ အဆင်ပြေသွားတတ်သလို တစ်ခါတစ်ရံမှာတော့ လုံးဝပျောက်ကွယ်သွားတဲ့အထိ ဖြစ်သွားရော။

    တစ်ခါကပေါ့။ အင်္ဂလိပ်လူမျိုး တစ်ယောက်က အမေရိကန်နိုင်ငံကို အလည်အပတ်သွားခဲ့တယ်။ တောင်ပိုင်းဒေသ အနှံ့ သူငယ်ချင်း တစ်ယောက်က ကားနှင့်မောင်းပို့တယ်။ အဲဒီမှာရှိတဲ့ ပေါင်းမြက်ဟာ ကြီးထွားလာတဲ့အခါ နွယ်ပင်တွေလိုဖြစ်လာပြီး လေတိုက်လိုက်ရင် အကုန်ခွေပြီး လုံးသွားရော။ လမ်းမှာအဲဒီပေါင်းမြက်လုံးကြီး တစ်လုံးကို တွေ့လိုက်ရတော့။

    “ရှေ့မှာကျောက်တုံးကြီးတိုက်တော့မယ်၊ သတိထား သူငယ်ချင်း” ဆိုပြီး အလန့်တကြားထအော်တယ်။ အမေရိကန်သားက မရှောင်ဘဲ တည့်တည့်မောင်းချသွားတော့ ကျောက်တုံးကြီးဘယ်များရောက်သွားသလဲဆိုပြီး မေးတဲ့အခါမှ ကျောက်တုံးမဟုတ်ဘဲ ပေါင်းမြက်တွေ ထွေးလုံးနေတာဆိုတာ သိသွားတယ်။ အမေရိကန်သားက အားပါးတရရယ်မောပစ်လိုက်တာပေါ့။

    ဒီလိုပါပဲ၊ ကြောက်ရွံ့စိုးထိတ်မှုတော်တော်များများဟာ အမှန်တကယ် မဟုတ်တဲ့ ပေါင်းမြက်တွေလိုပါပဲ။ သောကတွေ စိုးရိမ်မှုတွေဟာ ကိုယ့်ရဲ့နောက်ကျောတည့်တည့်မှာ ကပ်ပြီး ရှိနေတယ်ဆိုရင် ရှေ့သို့အားသွန်ပြီး ပြေးတာထက် လှည့်ပြီးရင်ဆိုင်လိုက်ဖို့လိုတယ်။ တစ်ခုရှိတာက ထူပူတုန်လှုပ်ခြောက်ချား စိတ်ကြီးနှင့်တော့ မဟုတ်ဘူးပေါ့။ စိတ်ကိုအတည်ငြိမ်ဆုံးထားပြီး ရဲရဲဝံ့ဝံ့ရင်ဆိုင်ဖို့တော့ လိုမယ်။ ဒါဆိုရင်တော့ ချက်ချင်း မဟုတ်ရင်တောင်မှ အချိန်အတိုင်းအတာတစ်ခုမှာ နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖြေရှင်းနိုင်မှာတော့ သေချာတယ်။ ကြောက်အားလန့်အား ရင်ဆိုင်ဖြေရှင်းဖို့ဆိုရင်တော့ စိတ်ဖိစီးမှုတွေ တိုးသည်ထက် တိုးလာပြီသာမှတ်။

    စိုးရိမ်ကြောင့်ကြမှုကြောင့် စိတ်ဖိစီးမှုတွေများလာတဲ့ အခါ ဘာမှဆက် မလုပ်ဘဲ သက်တောင့်သက်သာနားပစ်လိုက်ပါလို့ ပညာရှင်တွေက အကြံပြုတယ်။ “ဒီလောက်သောကပွေနေချိန်မှာ ဘယ်လာနားလို့ရပါမလဲ” လို့စောဒကတက်နိုင်တယ်။ လက်တွေ့မှာတော့ လူရောစိတ်ပါ ဖြေလျော့ပြီး နားနေလိုက်တာဟာ အင်အားသစ်တွေတိုးလာပြီး အခက်အခဲကို အကောင်းဆုံးရင်ဆိုင်နိုင်စွမ်းရှိလာမယ်တဲ့။ ပူစရာတွေကိုပူလေ ပိုပြီးပူရလေပါပဲ။ ကြောက်စိတ်ကိုအစာကျွေးနေရင်ပိုပြီး ရှင်သန်နေမှာမို့ မကျွေးဘဲထားလိုက်ရင် အလိုလိုသေဆုံးသွားတဲ့ သဘောမျိုး။

    နောက်တစ်ခုရှိတာက ကိုယ်စိုးရိမ်နေတဲ့အရာရဲ့အကျိုးဆက်က ဘာများဖြစ်လာနိုင်မလဲဆိုတာကို ခေါင်းပူအောင်စဉ်းစားမနေဖို့ အရေးကြီးတယ်။ သစ်ပင်တွေကို စိုက်ပျိုးပြီးတဲ့အခါ လုပ်သင့်လုပ်ထိုက်တဲ့စောင့်ရှောက်မှုတွေ ပေးမယ်။ ပြီးတော့ သူတို့ဘာသာ ရှင်သန်စေမယ်ဆိုရင် လွတ်လွတ်လပ်လပ် ကြီးထွားလာမှာပါ။ အပင်သန်မှသန်ပါ့မလားဆိုတဲ့ စိတ်နှင့် အမြစ်ကို ခဏခဏတူးတူးကြည့်နေရင်တော့ အပင်သန်မှာ မဟုတ်တာ သေချာတယ်။ ဒီလိုပါပဲ ကိုယ်ရင်ဆိုင်နေရတဲ့ သောကပြေရာပြေကြောင်း ခေါင်းအေးအေးထားပြီး အတတ်နိုင်ဆုံး ဖြေရှင်းဖို့ပဲလိုတယ်။ ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်ကို ကျော်တွေးပြီး ပူနေလို့ကတော့ တစ်ပူပေါ်ဆင့်နေမဲ့  အပူတွေကအများကြီးပါ။

    နေ့စဉ်လှုပ်ရှား ရုန်းကန်နေကြရတဲ့ဘဝမှာ အလိုမပြည့်တာတွေ၊ စိုးရိမ်သောကတွေနှင့် အခက်အခဲတွေ ဆိုတာ ကိုယ့်ဆန္ဒပါသည်ဖြစ်စေ မပါသည်ဖြစ်စေ လုံးထွေးရင်းနှီးနေကြစမြဲပါ။ ဒါပေမယ့် ဒါတွေဟာ ဖြစ်ရိုးဖြစ်စဉ်တွေပဲဆိုတဲ့အတွေးကို မြင်လာမယ်ဆိုရင်တော့ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ လွယ်သွားပြီ။ အဓိကကတော့ အလုပ်မှာနှစ်မြှပ်ထားခြင်း၊ ဇွဲလုံ့လနှင့် ဘာသာတရားအပေါ် အလေးထားမှုဆိုတာတွေဟာ ကိုယ့်ဘဝအတွက် ထွက်ပေါက်တွေဆိုတာ မေ့မထားသင့်ဘူးလို့ ဆိုပါတယ်။

    အခက်အခဲတစ်ခုခုကြုံရင် သူများအတွက် ဘာမှမဟုတ်ပေမယ့် ကိုယ့်အတွက်တော့ အကြီးကြီးမှ တကယ့်ကိုအကြီးကြီး။ ဒီတော့ လူတကာကို ဖွင့်ပြောနေတာထက် ကိုယ်တိုင်ကြိုးစားပြီး ရုန်းကန်နိုင်ဖို့က မရှိမဖြစ်လိုအပ်တဲ့အရည်အသွေးပါပဲ။

    ကိုယ့်အပေါ် စာနာနားလည်ပေးတာ၊ ကိုယ်ချင်းစာ စိတ်ထားစေချင်တာက ကိုယ့်ရဲ့အတ္တ၊ ဒါပေမယ့် အရာခပ်သိမ်းဟာ ကိုယ်မျှော်လင့်ထားတဲ့အတိုင်း ဖြစ်ချင်မှဖြစ်သလို မှန်းသလောက်လည်းရချင်မှရတာလေ။ ဒီတော့ ကိုယ်ကြုံလာသမျှ လောကဗျာပါဒတွေ အတွက် ပညာရှင်တွေညွှန်ပြထားသလို ဆင်ခြင်ဥာဏ်သုံးပြီး ဖြေရှင်းမယ်ဆိုရင် သေချာတယ်။ ကိုယ့်ဘဝကိုနေပျော်စရာလေးဖြစ်အောင် ဖန်တီးယူနိုင်မှာပါ။

    မနာလိုဝန်တိုစိတ်တွေကင်းကင်းထားပြီး သူများအပေါ်စိတ်ကောင်းထားကြည့်မယ်ဆိုရင်ပေါ့။ ကိုယ့်ရဲ့သောကတွေပြေလျှော့ပြီး ကိုယ်တိုင်အကောင်းဆုံးသူတစ်ဦးဖြစ်လာနိုင်ပါတယ်လို့လည်း ဆန်းစစ်ဖော်ပြထားပါတယ်။ ကောင်းစိတ်ထားတတ်ခြင်းဟာစိတ်ကို (လုံးဝမဟုတ်သည့်တိုင်) အတန်အသင့်အေးချမ်းစေမှာမို့ စိတ်ကြည်လင်လန်းဆန်းမှု အပြည့်နှင့် နေ့သစ်တွေကို ဖြတ်ကျော်နိုင် ပါမယ်ဆိုတဲ့အကြောင်း။

    နှင်းဆီခင်

  • မြန်မာနိုင်ငံတွင် နိုင်ငံသားဖြစ်သော်လည်း ဧည့်စာရင်း တိုင်ရသည်။

    မြန်မာနိုင်ငံတွင် နိုင်ငံသားဖြစ်သော်လည်း ဧည့်စာရင်း တိုင်ရသည်။

    သြဂုတ် ၃၁ ၊ ၂၀၁၅
    ကျော်လင်းထွန်း
    Myanmar Now သတင်းဌာနမှ ကူးယူဖော်ပြပါသည်။

    001
    ဓါတ်ပုံအညွှန်း– နိုင်ငံသားစိစစ်ရေးကတ် မပြနိုင်သူ ဧည့်စာရင်းတိုင်ခွင့်ရမည် မဟုတ်ကြောင်း သတိပေးစာ ကပ်ထားသည့် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတစ်ရုံး (ဓာတ်ပုံ – ထက်ခေါင်လင်း/Myanmar Now)

    .
    ရန်ကုန် (Myanmar Now) – အိမ်တွင် ညအိပ်ဧည့်သည်ရှိလျှင်  အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်သတင်းပို့ပြီး တည်းခိုခွင့် တောင်းခံရခြင်းကို မည်သည့်နိုင်ငံတွင် တွေ့ရသနည်း။   မြန်မာနိုင်ငံတွင် တွေ့ရမည်ဟု ဖြေလျှင် မှန်ပါသည်။ အာဏာရှင် မြောက်ကိုရီးယားနိုင်ငံတွင်ပင် ဤဓလေ့ ရှိချင်မှ ရှိမည်။
    .
    အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းနေသည်ဟူသော မြန်မာနိုင်ငံ၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများရှေ့တွင် ဧည့်စာရင်းတိုင်ကြရန် နှိုးဆော်ထားသည့် ကြော်ငြာကြီးများကို တွေ့ရမည်။
    .
    ဧည့်စာရင်း တိုင်ကြစေရန် စတင်ပြီး ဥပဒေပြုခဲ့သည့်ကာလမှာ အင်္ဂလိပ်ကိုလိုနီခေတ်  ၁၉၀၇ ခုနှစ်ကတည်းက ဖြစ်သည်။  ထိုစဉ်က ပြဋ္ဌာန်းခဲ့သည့်   ကျေးရွာဥပဒေ၊ မြို့များဥပဒေတို့တွင်  ဧည့်သည်လာလျှင် ဧည့်စာရင်းတိုင်ကြားရမည် ဟု ဆိုထားသည်။ ထိုဥပဒေကို မြန်မာအစိုးရအဆက်ဆက်က အမွေဆက်ခံကာ အပြောင်းအလဲတချို့ ပြုလုပ်ပြီး ဆက်လက် ပြဋ္ဌာန်းကြသည်။ ဧည့်စာရင်း တိုင်ကြားခြင်းမပြုပါက အိမ်ရှင်အား ထောင်ဒဏ် ၇ ရက် အထိ အပြစ်ပေးနိုင်ကြောင်း လက်ရှိဥပဒေတွင် ပြဋ္ဌာန်းထားသည်။
    .
    ကိုလိုနီခေတ်တွင် တော်လှန်ပုန်ကန်မှုများရှိ၍ အင်္ဂလိပ်တို့က ၎င်းတို့ အကျိုးစီးပွား၊ အုပ်ချုပ်မှု တည်မြဲရေးအတွက် ပြဋ္ဌာန်းခဲ့သော ဥပဒေများပင် ဖြစ်သည်။
    .
    “ဟိုတုန်းကတော့ ဧည့်စာရင်း စစ်တယ်၊ အခုခေတ်မှာ မစစ်သလောက်ပါပဲ” ဟု ဆိုကာ ဧည့်စာရင်း တိုင်ကြားခြင်း မပြုဘဲ မနေဝံ့သူ အများအပြား ရှိသည်။   ဧည့်စာရင်းတိုင်ရမည်ဟူသော  အချက်ကို ဥပဒေတွင် မပယ်ဖျက်သေးသောကြောင့် ထိုသို့ တိုင်ကြားနေကြခြင်း ဖြစ်သည်။
    .
    ထိုအိမ်ရှိ အိမ်ထောင်စုစာရင်းတွင် ပါဝင်သူများမှာ  ဧည့်စာရင်းတိုင်စရာ မလိုပါ။ ဤအချက်ကလည်း အရေးကြီးသည်။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ထောင်စုစာရင်းမှာ သူ၏ မဲဆန္ဒနယ် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်ရှိ အိမ်တစ်အိမ်တွင် ရှိသည်။ သူပိုင်ဆိုင်ရာ ရန်ကုန်၊ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် မရှိတော့ပါ။ သူ ငှားရမ်း နေထိုင်ရာ နေပြည်တော်ရှိနေအိမ်တွင်လည်း မရှိပါ။
    .
    ဥပဒေအရ ဆိုလျှင် သူက ရန်ကုန်အိမ်မှာပဲ ညအိပ်အိပ်၊ နေပြည်တော်အိမ်မှာပဲ အိပ်အိပ် ဧည့်စာရင်း တိုင်ရမည် ဖြစ်သည်။ သူ့အိမ်မှာ သူအိပ်တာ ဧည့်စာရင်းတိုင်စရာ လိုသေးသလားဟု မေးလျှင် ဥပဒေကို လက်ညှိုး ထိုးပြရတော့မည်။
    .
    တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဧည့်စာရင်း တိုင်သလား ဆိုသည်ကလည်း မေးသင့်သည့်အချက်ပင်။
    .
    မြန်မာနိုင်ငံတွင် ကိုယ့်အိမ်မှာ ကိုယ်အိပ်ပြီး ဧည့်စာရင်းတိုင်နေရသူ အများအပြားရှိသည် ဟူသော အချက်ကို ထောက်ပြ လိုသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ဥပမာပေးရခြင်း ဖြစ်သည်။
    .
    မြန်မာနိုင်ငံတွင် ဧည့်စာရင်းတိုင်ရခြင်းနှင့် အိမ်ထောင်စု စစ်ဆေးခြင်း အဆုံးသတ်ရေး အစီရင်ခံစာတစ်စောင် မတ်လအတွင်း ပြုစုပြီးစီး ခဲ့သော အရှေ့တောင်အာရှ အခြေစိုက် လူ့အခွင့်အရေး အဖွဲ့  Fortify Rights က မြန်မာ့နိုင်ငံရေး အကူးအပြောင်းမှ ကောင်းမွန်သော ရလဒ်များ ထွက်ပေါ်လာသော်လည်း အခြေခံလွတ်လပ်ခွင့်များမှာမူ ချိုးဖောက် ခံနေရသေးကြောင်း ဝေဖန်ခဲ့သည်။
    .
    “ဘယ်အစိုးရကမှ ကိုယ့်ရဲ့ နိုင်ငံသားကို မင်းမနေ့ညက ဘယ်မှာ အိပ်သလဲ၊ ဒီနေ့ည ဘယ်မှာ အိပ်မလဲ၊ ဘယ်လောက်ကြာကြာ အိပ်မလဲဆိုတာမျိုး မေးခွင့် မရှိဘူး” ဟု Fortify Right ၏ အစီရင်ခံစာတွင် ရေးထားသည်။
    .
    ဧည့်စာရင်းတိုင်ရန် ဥပဒေပြဋ္ဌာန်းထားခြင်းမှာ ကြိုးနီစနစ် ဆက်လက် တည်ရှိစေပြီး အများပြည်သူကို စာရွက်စာတမ်း ကိစ္စနှင့် နှိပ်စက်ထားသလို ဖြစ်နေသည်။
    .
    ရပ်ကွက်ရုံးနှင့် ရဲစခန်းထောက်ခံစာကဲ့သို့ စာရွက်စာတမ်းကိစ္စများအတွက် ဧည့်စာရင်း တိုင်ထားကြောင်း အထောက်အထား စာရွက်များက အသုံးဝင်သည်။
    .
    “လုံးဝ မတိုင်ဘဲ သုံးလေးလ ထားလိုက်ပြီး ပင်စင်အတွက် လိုလို့ ရပ်ကွက် ထောက်ခံစာ သွားလုပ်တဲ့ အခါမျိုးကျရင် လုပ်မပေးတော့ဘူး၊ ငွေလည်းပေး၊ တောင်းတောင်းပန်ပန်နဲ့ လုပ်ခိုင်းမှ ရတယ်” ဟု သင်္ဃန်းကျွန်းမြို့နယ်မှ အငြိမ်းစား ကျောင်းဆရာမ ဒေါ်စန်းစန်းက ပြောသည်။
    .
    အိမ်တစ်အိမ်ကို ၀င်ရောက်ရှာဖွေစစ်ဆေးရန် အခွင့်အာဏာရှိသော တရားသူကြီးထံမှ ၀ရမ်းမပါလျှင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၀၂၊ ၁၀၃ တို့အရ ၀င်ခွင့်မရှိပေ။ သို့သော် ၂၀၁၂ ခုနှစ် ရပ်/ကျေးအုပ် ဥပဒေမှာမူ အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါတို့အား နေအိမ်များ အတွင်း အချိန်မရွေး၊ အကန့်အသတ်မရှိ ၀င်ရောက်စစ်ဆေးခွင့် ပေးထားခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၅ နှင့် ဆန့်ကျင်နေခြင်းတို့က ဥပဒေပိုင်းအရ အငြင်းပွားဖွယ် ဖြစ်နေသည်ဟု ရှေ့နေဦးကိုနီက ဆိုသည်။
    .
    ဧည့်စာရင်း တိုင်ရန်အတွက် အုပ်ချုပ်ရေးမှူးရုံး အများစုတွင် စာရွက်စာတမ်းကြေး ပေးသွင်း ရမည် ဖြစ်သည်။ ငွေလက်ခံ ရရှိကြောင်းတော့ ဖြတ်ပိုင်း ပြန်ပေးမည် မဟုတ်ပါ။
    .
    ဧည့်စာရင်း တိုင်ကြားသော်လည်း အုပ်ချုပ်ရေးမှူးရုံးက တည်းခိုရန် ခွင့်ပြုချက် မပေးသည့် ဖြစ်ရပ်မျိုးလည်း မကြာသေးခင် နှစ်များအတွင်း ဖြစ်ပေါ်ခဲ့ဖူးသည်။ ထို့နောက် ထိုအိမ်သို့ သွားရောက်စစ်ဆေးပြီး လူတချို့ကို ဧည့်စာရင်းမတိုင်မှုဖြင့် ထောင်ထဲ ထည့်ခဲ့ဖူးသည်။
    .
    ထို့ကြောင့် ဧည့်စာရင်း တိုင်ရမည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားခြင်းသည်  မိမိ မနှစ်သက်သူကို ဒုက္ခပေးရာတွင် အသုံးပြုရန် ဒေသခံ အာဏာပိုင်တို့ကို အခွင့်အရေး ပေးထားသည့် ဥပဒေ ဖြစ်နေသည်။
    .

  • ၃။ မေမီ မေဒိုင် ဘွိုင်းန် – ဆီနီဂေါဝန်ကြီးချုပ် (၂၀၀၁-၂၀၀၂ ခုနှစ်)  (တိုင်းပြည်ခေါင်းဆောင် မွတ်စ်လင်မ် အမျိုးသမီး ၉ ဦး)

    ၃။ မေမီ မေဒိုင် ဘွိုင်းန် – ဆီနီဂေါဝန်ကြီးချုပ် (၂၀၀၁-၂၀၀၂ ခုနှစ်) (တိုင်းပြည်ခေါင်းဆောင် မွတ်စ်လင်မ် အမျိုးသမီး ၉ ဦး)

    သြဂုတ် ၃၁၊ ၂၀၁၅
    M-Media
    မင်းထွဋ်ခေါင် စုစည်းတင်ဆက်သည်။

    000_APP2001030319882
    Moustapha Niasse နှုတ်ထွက်ပြီးနောက် ၀န်ကြီးချုပ်သစ်ဖြစ်လာသော မေမီ မေဒိုင်ဘွိုင်းန်အား ၂၀၀၁ မတ်လ ၁ ရက်နေ့က ဒက်ကာရှိ သမ္မတနန်းတော်ရာ၌ တွေ့ရစဉ်။

    မေမီ မေဒိုင်ဘွိုင်းန် သည် ဆီနီဂေါနိုင်ငံ၏ ပထမဆုံးသော အမျိုးသမီး ၀န်ကြီးချုပ်ဖြစ်ပြီး ထိုရာထူး၌ ၂၀၀၁ မှ ၂၀၀၂ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

    ၂၀၀၀ ခုနှစ်ရွေးကောက်ပွဲတွင် သမ္မတနေရာကို Abdoulaye Wade ရရှိပြီးနောက် ဘွိုင်းန်သည် ၂၀၀ ခုနှစ် ဧပြီလ၌ တရားရေးဝန်ကြီး ဖြစ်လာသည်။ သို့သော် သမ္မတနှင့် အတိုက်အခံပါတီမှတက်လာသူ ၀န်ကြီးချုပ်အကြား တင်းမာမှုကြီးထွားလာရာ ၀န်ကြီးချုပ်ဖြစ်သူ Moustapha Niasse နှုတ်ထွက်သွားသည်။ သို့နှင့် လွှတ်တော်အမတ်ရွေးကောက်ပွဲမတိုင်မီ ၂ လအလိုတွင် သမ္မတ ၀ိတ်မှ ဘွိုင်းန်အား ၂၀၀၁ ခုနှစ် မတ်လ ၃ ရက်၌ ၀န်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်သည်။ ၀ိတ်သည် လူထုထောက်ခံမှုကျဆင်းပြီး၊ အမျိုးသမီးအမတ်နေရာ ပိုမိုတောင်းဆိုသည့်လှုပ်ရှားမှုတစ်ရပ်ကို ဘက်မလိုက်အမျိုးသမီးအဖွဲ့အစည်း ၃၀ ကျော်မှ ရွေးကောက်ပွဲမကျင်းပမီ ဆော်သြပြုလုပ်ခဲ့ကြသည်။

    ဘွိုင်းန်သည် ဘက်မလိုက်အမျိုးသမီးအုပ်စုထဲတွင် ပါဝင်ခဲ့သည်သာမက တစ်သီးပုဂ္ဂလအမတ်တစ်ဦးလည်း ဖြစ်သည်။ အမတ်နေရာ ၁၂၀ တွင် ၈၉ နေရာဖြင့် ၀ိတ် မှ အနိုင်ရခဲ့သည်။ အမျိုးသမီးကိုယ်စားလှယ်အရေအတွက် တိုးတက်လာသော်လည်း ၁၉ ရာခိုင်နှုန်းထက် မပိုခဲ့။ ၂၀၀၁ အမတ်ရွေးချယ်မှုပြီးဆုံးသော် ၂၀၀၁ ခုနှစ် မေလ ၁၀ ရက်တွင် ဘွိုင်းန်ကို ၀န်ကြီးချုပ်အဖြစ် ပြန်လည်ခန့်အပ်ခဲ့ကြသည်။ သို့သော် တက်လာသောအစိုးရသစ်က မေလ ၁၂ ရက်တွင် သူမအား တရားရေးဝန်ကြီးအဖြစ် ရွှေ့ပြောင်းတာဝန်ထမ်းဆောင်စေခဲ့သည်။

    000_APP2001032026565
    ၂၀၀၁ မတ်လ ၂၀ ရက် ဒက်ကာရှိ လွတ်လပ်ရေးရင်ပြင် စစ်သည်တော်ဗိမာန်ရှေ့တွင် ဆီနီဂေါဝန်ကြီးချုပ် မေမီ မေဒိုင်ဘွိုင်းန်နှင့်အတူ လွမ်းသူ့ပန်းခွေချနေသော ဂမ်ဘီယာသမ္မတ Yaya Jammeh

     

    000_APP2001051045463
    သမ္မတ Abdoulaye Wade ထံ နှုတ်ထွက်စာတင်ပြီး ဒက်ကာရှိ သမ္မတနန်းတော်ရာမှ စွန့်ခွာထွက်ရှိလာသော ၀န်ကြီးချုပ် မေမီ မေဒိုင်ဘွိုင်းန် ကို ၂၀၀၁ ခုနှစ် မေလ ၁၀ ရက်နေ့တွင် တွေ့ရစဉ်။
    000_APP2001080281235
    ၂၀၀၁ သြဂုတ်လ ၁ ရက်နေ့ လွှတ်တော်အတွင်း ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားနေသော ဆီနီဂေါဝန်ကြီးချုပ် မေမီ မေဒိုင်ဘွိုင်းန်။

     

    000_APP2002041686451
    ဆီနီဂေါသို့ ၂၀၀၂ ခုနှစ် ဧပြီလ ၁၆ ရက်တွင် အလည်အပတ်ခရီးစဉ်ရောက်ရှိလာသော နိုင်ဂျီးရီးယားသမ္မတ Nigerian President Olusegun Obasanjo နှင့်အတူ တွေ့ရစဉ်။

    ဆက်စပ်သတင်းများ ဖတ်ရန်

    ၁။ Tansu Çiller – တူရကီဝန်ကြီးချုပ်(၁၉၉၃-၁၉၉၆)

    ၂။ မီဂါဝတီ ဆူကာနိုပူထရီ – အင်ဒိုနီးရှားသမ္မတ (၂၀၀၁-၂၀၀၄)