မေ ၁၆ ၊ ၂၀၁၄
Source: FB တွင် ပြန့်နှံလျက်ရှိသည့် ကာတွန်းကို ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
မေ ၁၆၊ ၂၀၁၄
M-Media
– လာမည့်လတွင်ကျင်းပတော့မည့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ငွေးကြေးမြောက်များစွာသုံးစွဲမှုကို ဆန့်ကျင်သော ဆန္ဒပြပွဲများမှာ ဘရာဇီးနိုငံတစ်ဝှမ်း မြို့ကြီးများတွင် ယမန်နေ့က ဖြစ်ပွားခဲ့သည်ဟု သိရသည်။
မြို့တော် ဆော်ပိုလိုတွင်ပင် ၁၅ နေရာခန့် ဆန္ဒပြခဲ့ကြပြီး ဖွင့်ပွဲကျင်းပမည့် Itaquerao ဘောလုံးကွင်း၌ လူပေါင်း ငါးသောင်းခန့် စုရုံးခဲ့ကာ ကားတာယာများ မီးရှို့ခြင်း၊ ဘောလုံးကွင်း၏ မျက်နှာစာကိုဖျက်ဆီးခြင်း၊ အနီရောင် ဘန်နာများနှင့် ဘရာဇီး အလံများ ဝှေ့ယမ်းခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုပါ လုပ်ဆောင်ခဲ့ကြပြီး၊ ပိုမိုကောင်းမွန်သည့် အလုပ်အကိုင် အခွင့်အလမ်းနှင့် လစာ တိုးမြှင့်ပေးရေးကိုလည်း တောင်းဆိုခဲ့ကြသည်။
နိုင်ငံအတွင်း လိုအပ်နေသည်များကို မလုပ်ဆောင်ဘဲ ငွေအမြောက် အများသုံးကာ ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆန့်ကျင် ဆန္ဒပြမှုများ ဖြစ်လာခဲ့သည်မှာ နှစ်ချီ လာခဲ့ပြီဖြစ်ပြီး ထိုဆန္ဒပြမှုများအတွင်း အနည်းဆုံး လူ ၆ ဦးသေဆုံးခဲ့သည်။
Ref: Agencies
မေ ၁၆၊ ၂၀၁၄
M-Media
– တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားနေသည့် ရေပိုင်နက်တွင် ရေနံစင်ချထားမှုကြောင့် ဗီယက်နမ်တွင် လူသေဆုံးသည်အထိ တရုတ် ဆန့်ကျင်ရေး ဖြစ်ပွားခဲ့သော်လည်း ရေနံတူးဖော်ရေး လုပ်ငန်းများကို ဆက်လုပ်သွားမည်ဟု တရုတ် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဖန်းဖန်ဟွေက ယမန်နေ့တွင် ပြောကြားလိုက်သည်။
ထိုရေနံတူးဖော်မှုအား ရပ်တန့်ရန်အတွက် ဗီယက်နမ်က သင်္ဘောများ စေလွှတ်ထားခြင်းနှင့် ပတ်သက်၍ “မိမိတို့ လက်မခံနိုင်သည့် ကိစ္စ” ဟု ဖန်းဟွေက ပင်တဂွန်ဆွေးနွေးမှု အပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ မိမိတို့မှာ တောင်တရုတ် ပင်လယ် အရေးတွင် ချုပ်တည်းခဲ့ပြီး ယခုမှစ၍ ရေနံ တူးဖော်ခြင်းဖြစ်ကြောင်း၊ ဒေသတွင်း အချို့နိုင်ငံများမှာ ထိုလုပ်ငန်းများ လုပ်ဆောင်နေသည်မှာ ကြာပြီဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ဗီယက်နမ်နိုင်ငံကမူ တရုတ်၏ ပိုက်နက်ဖြစ်ကြောင်း ကြေညာမှုကို အသိအမှတ် မပြုဘဲ အမေရိကန်ကလည်း ယခုကဲ့သို့ ရန်စသော လုပ်ရပ်အတွက် စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။
အမေရိကန်၏ အာရှဒေသ ချိန်ညှိရေး မဟာဗျူဟာကို အချို့သောနိုင်ငံများက အသုံးချကာ တောင်တရုတ်ပင်လယ်နှင့် အရှေ့တရုတ် ပင်လယ် တို့တွင် ပြဿနာများဖြစ်ပွားရန် လှုံ့ဆော်နေသည်ဟု ဖန်ဟွေက ထည့်သွင်းပြောကြားခဲ့သည်။
ဗီယက်နမ်တွင် အင်္ဂါနေ့မှ စတင်ကာ ၂ ရက်ကြာဖြစ်ပွားခဲ့သော တရုတ် ဆန့်ကျင်ရေး လှုပ်ရှားမှုများ အတွင်း တရုတ် လူမျိုးများ အပါအ၀င် လူ ၂၀ ကျော်သေဆုံးခဲ့သည်။ ထိုကိစ္စအတွက် တရုတ် လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး ဦးဆောင်သည့် အဖွဲ့တစ်ဖွဲ့ကိုလည်း ဗီယက်နမ်သို့ စေလွှတ်ထားသည်။
Ref: AFP/de
မေ ၁၆၊ ၂၀၁၄
M-Media
– အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားစေသည့် ဗိုင်းရပ်စ် MERS ကြောင့် လူ ၃ ဦး ထပ်မံသေဆုံးခဲ့သည်ဟု ဆော်ဒီကျန်းမာရေးဌာနက ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီး ထိုဗိုင်းရပ်စ်ကြောင့်သေဆုံးသူမှာ ၁၆၀ အထိ ရှိလာပြီဖြစ်သည်။
သေဆုံးသွားသူများမှာ အသက် ၅၄ နှစ်မှ ၇၂ နှစ်အရွယ်ရှိ သက်ကြီး ရွယ်အိုများဖြစ်ကြသည်။ MERS ဗိုင်းရပ်စ် ကူးစက်မှုကို ၂၀၁၂ ခုနှစ်တွင် ဆော်ဒီ၌ စတင်တွေ့ရှိခဲ့ရပြီး၊ ယခုအချိန်အထိ ကူးဆက်မှု ၅၁၄ ခု ရှိနေပြီဟု မှတ်တမ်းများအရ သိရသည်။ အီဂျစ်၊ ဂျော်ဒန်၊ လက်ဘနွန်၊ နယ်သာလန်၊ ယူအေအီးနှင့် အမေရိကန်နိုင်ငံများတွင်လည်း အဆိုပါ ဗိုင်းရပ်စ်ပိုး ကူးဆက်သူများကို တွေ့ရှိခဲ့ရပြီး ထိုသူများမှာ ဆော်ဒီသို့ ရောက်ဖူးသူများဖြစ်ကြသည်။
ကူးစက်မှုကို တားဆီးထိန်းချုပ်ရန်၊ ဗိုင်းရပ်စ်၏ အချက်အလက်များကို ပိုမိုစုဆောင်းရန်နှင့် အာဖရိကကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းသော နိုင်ငံများသို့ ပြန့်ပွား မသွားအောင် တားဆီးရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က တိုက်တွန်းထားသည်။ လက်ရှိအချိန်အထိ MERS ဗိုင်းရပ်စ်အား သေစေနိုင်သည့် ဆေးမရှိသေးပေ။
MERS ဗိုင်းရပ်စ် မှာ ၂၀၀၃ ခုနှစ်က ပြန့်ပွားခဲ့သည့် ဆားစ် ဗိုင်းရပ်စ်နှင့် ဆင်တူပြီး ဆားစ်ရောဂါကဲ့သို့ပင် ချောင်းဆိုးခြင်း၊ အသက်ရှုရခက်ခဲခြင်း၊ အပူချိန်မြင့်မားခြင်းနှင့် အဆုတ်ရောဂါတို့ ဖြစ်ပွားနိုင်သည်။ ထို့ပြင် MERS ဗိုင်းရပ်စ်မှာ ကျောက်ကပ်ရောဂါလည်း ဖြစ်ပွားစေနိုင်သည်။
Ref: AFP, Riyadh
မေ ၁၆ ၊ ၂၀၁၄
M-Media
– ပြည်ပမှဝင်ရောက်လာသည့် ဂျူးများမှ အစ္စရေးနိုင်ငံ တည်ထောင်ခဲ့သည့် ၁၉၄၈ ခုနှစ်က အမိမြေအား စွန့်ခွာခဲ့ရသော အထိမ်းအမှတ် အခမ်းအနားကို ပါလက်စတိုင်း ဒေသတစ်ဝိုက်၌ မေလ ၁၄ ရက်နေ့က ပြုလုပ်ခဲ့သည်ဟု သိရသည်။
ရာမာလာနှင့် အနောက်ဘက်ကမ်းခြေတွင် Nakba နေ့ စတင်ခဲ့ပြီးနောက် ၆၆ နှစ်ကြာမြင့်ခဲ့သည့် အထိမ်းအမှတ်အဖြစ် ၆၆ စက္ကန့်ကြာ ဥသြဆွဲခဲ့ပြီး အနောက်ဘက်ကမ်းခြေနှင့် ဂါဇာကမ်းမြောက်ဒေသတို့၌လည်း ပါလက်စတိုင်းပြည်သူထောင်ပေါင်းများစွာတို့မှာ ဆန္ဒထုတ်ဖော်မှုများ၊ ချီတက်မှုများ ပြုလုပ်ခဲ့ကြသည်။ အမိမြေက စွန့်ခွာခဲ့ရသည့် နေ့ကို ပါလက်စတိုင်းများက Nakba ဟု ခေါ်ဆိုသည်။
၁၉၄၈ ခုနှစ်က အစ္စရေးနိုင်ငံထူထောင်သည်ဟု ကြေညာခဲ့သောကြောင့် ဒေသခံပါလက်စတိုင်းများနှင့် အာရပ်နိုင်ငံများ၏ ၀ိုင်းဝန်းတိုက်ခိုက်မှုကို အစ္စရေးက ကျော်ဖြတ်နိုင်ခဲ့ပြီး၊ ထိုတိုက်ခိုက်မှုအတွင်း ဒေသခံ ပါလက်စတိုင်းပြည်သူ သောင်းချီမှာ အတင်းအဓမ္မ မောင်းထုတ်ခံခဲ့ရသည်။
ဒုတိယကမ္ဘာစစ်အတွင်းက ဒုက္ခခံစားခဲ့ရသည့် အရှေ့ဥရောပမှ ဂျူးများမှာ ပါလက်စတိုင်း ပိုင်နက်အတွင်းသို့ ဝင်ရောက်လာကာ အမေရိကန်နှင့် အချို့အင်အားကြီးနိုင်ငံများ၏ စစ်ရေး အကူအညီဖြင့် ၁၉၄၈ ခုနှစ်တွင် အစ္စရေးနိုင်ငံကို ထူထောင်ခဲ့ခြင်းဖြစ်သည်။
Photo- AP
Ref: AP and Al Arabiya