News @ M-Media

Author: M-Media

  • မြန်မာနိုင်ငံဆိုင်ရာ OIC အထူး ကိုယ်စားလှယ်အဖြစ် မလေးရှား နိုင်ငံခြားရေး ၀န်ကြီး ဟောင်းကို ခန့်အပ်

    မေ ၁၅ ၊ ၂၀၁၄
    M-Media
    Syed Hamid Albar
    – မြန်မာနိုင်ငံဆိုင်ရာ OIC အထူးကိုယ်စားလှယ်အဖြစ် မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း တန်ဆရီ ဆရဒ်အဟာမစ်အလ်ဘာအာ ခန့်အပ်လိုက်သည်ဟု OIC အထွေထွေအတွင်းရေးမှူး Iyad Amin Madani က မေလ ၁၂ ရက်နေ့တွင် ပြောကြားခဲ့သည်။

    OIC နှင့် မြန်မာအစိုးရတို့အကြား သံတမန်ရေးရာ ခိုင်မာစေရန်၊ အကြောင်းအရာများအား ဒေသတွင်းနှင့် နိုင်ငံတကာအဆင့်အထိ ဆွဲဆောင်ရန်အတွက် ဆရဒ်ဟာမစ် ကို တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု OIC မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    ထိုကဲ့သို့ ခန့်အပ်ခဲ့မှုမှာ ပြည့်ဝသော ဆွေးနွေးမှုများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းရှိ မွတ်စလင်များနှင့် မွတ်စလင်မဟုတ်သူများအကြား ငြိမ်းချမ်းမှုမြှင့်တင်ရေးနှင့် သဟာဇာတဖြစ်မှုကို ဆက်လက်ထိန်းသိမ်းထားရန်အတွက် အရေးပါသော ဆောင်ရွက်ချက်လည်းဖြစ်သည်။

    OIC ၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် ဆရဒ်ဟာမစ်မှာ ၎င်း၏ အင်အား၊ ကျွမ်းကျင်လိမ်မာမှုနှင့် အတွေ့အကြုံများကို အသုံးချနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း  Madani က ထိုကြေညာချက်တွင် ထည့်သွင်းရေးသားထားသည်။

    ဆရဒ်ဟာမစ်မှာ မလေးရှားနိုင်ငံရေးသမား တစ်ဦးဖြစ်ပြီး ပြည်ထဲရေး၊ ဥပဒေရေးရာနှင့် ကာကွယ်ရေးဝန်ကြီးဌာန ထိပ်တန်းရာထူးများကို ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။

    Ref: NST

  • ဆီးရီးယားဆိုင်ရာ ကုလ-အာရပ်လိဂ် ညှိနှိုင်းရေးမှူး ရာထူးမှနှုတ်ထွက်

    မေ ၁၅၊ ၂၀၁၄
    M-Media
    SWITZERLAND SYRIA PEACE TALKS GENEVA 2
    – လာမည့်ဇွန်လတွင် ရွေးကောက်ပွဲပြုလုပ်ရန် ဆီးရီးယားသမ္မတ အာဆတ်၏ အစီအစဉ်ကို စိတ်ပျက်သည့်အတွက် ဆီးရီးယားဆိုင်ရာ ကုလ-အာရပ်လိဂ်အဖွဲ့ အထူးကိုယ်စားလှယ် လခ်ဒါ ဘရာဟီမီမှာ ရာထူးမှနှုတ်ထွက်ကြောင်း ကြေညာ ခဲ့သည်ဟု သိရသည်။

    ထိုနှုတ်ထွက်မှုမှာ မေလ ၃၁ ရက်နေ့မှ စတင်ကာ သက်ရောက်မည်ဖြစ်ကြောင်း ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်က နယူးယောက်တွင် ယမန်နေ့ကပြုလုပ်သည့် ပူးတွဲ သတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။ ဘရာဟီမီကမူ ဆီရီးယားပြည်သူများအား မကူညီနိုင်ခဲ့သည့် အတွက် တောင်းပန်ကြောင်း၊ ဆီးရီးယားပြည်သူ အများစု လိုချင်နေသည့် တည်ငြိမ်အေးချမ်းမှုမှာ သေချာပေါက် ရရှိလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    အာဆတ်အစိုးရနှင့် အတိုက်အခံတို့၏ ဂျီနီဗာ ငြိမ်းရေးဆွေးနွေးမှုကို ဘရာဟီမီက ၂ ကြိမ်တိုင်တိုင် စီစဉ်ပေးခဲ့သော်လည်း တိကျသည့် အဖြေထွက်လာခဲ့ခြင်း မရှိချေ။ ဆွေးနွေးမှုမှတစ်ဆင့် အပစ်ရပ်ရေး၊ ရင်ကြားစေ့ရေးနှင့် နိုင်ငံရေးပြောင်းလဲမှုများကို ဆက်လက်ဆောင်ရွက် ချင်သော်လည်း ဇွန်လ ၂၁ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု အာဆတ်၏ ကြေညာချက်က ဘရာဟီမီ၏ အားထုတ်မှုကို အချည်းအနှီးဖြစ်စေခဲ့သည်။

    ဘရာဟီမီမှာ ရာထူးမှနှုတ်ထွက်ချင်ကြောင်း လွန်ခဲ့သည့် တစ်နှစ်ကျော်ကတည်းက လူသိရှင်ကြား ပြောဆိုထားခဲ့သည်။ ၃ နှစ်ကျော်လာပြီဖြစ်သည့် ဆီးရီးယားပြည်တွင်းစစ် အတွင်း လူပေါင်း တစ်သိန်းခွဲကျော်သေဆုံးခဲ့ပြီး ၉ သန်းခန့်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်။

    Al Jazeera and agencies
  • FA ဖလား ဗိုလ်လုပွဲတွင် ဖိအား ရှိနေပြီး ပရိတ်သတ်များမှ အောင်မြင်မှုကို မျှော်လင့်နေဟု ၀င်းဂါးဆို

    မေ ၁၅ ၊ ၂၀၁၄
    M-Media
    404030_heroa
    – ၉ နှစ်ကြာ ဖလားလက်မဲ့ဖြစ်မှုကို အဆုံးသတ်ရမည့် FA ဖလားဗိုလ်လုပွဲတွင် ဖိအားရှိနေသည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ၀န်ခံခဲ့ပြီး ပရိတ်သတ်များ ကလည်း အောင်မြင်မှုကို မျှော်လင့်နေသည်ဟု ပြောကြားလိုက်သည်။

    အာဆင်နယ်အသင်းမှာ လာမည့်စနေနေ့တွင် ၀င်ဘလေကွင်းတွင် ဟားလ်စီးတီးအသင်းနှင့် FA ဖလား ဗိုလ်လုပွဲကို ကစားရမည်ဖြစ်ပြီး၊ ဗိုလ်စွဲရန်လည်း ရေပန်းစားနေသည်။ ၀င်းဂါးကလည်း ထိုပွဲတွင် ၎င်း၏ ကစားသမားများမှာ အောင်မြင်လိ့မ်မည်ဟု မှတ်ချက်ပေးထားသည်။

    “ကိုယ့်ကိုယ်ကို ကျေနပ်မှုက အန္တရာယ်လို့ ကျွန်တော်မခံစားမိပါဘူး။ FA ဖလားမှာ ကျွန်တော်တို့ ခက်ခက်ခဲခဲဖြတ်သန်းခဲ့တာပါ။ ဒီရာသီကို အောင်မြင်ဖို့ ဒါဟာ အခွင့်အရေးပါပဲ။ ကျွန်တော်တို့နိုင်မယ်ဆိုရင် ပိုကောင်းမှာပါ။ ဒီပွဲနိုင်ရင် ကျွန်တော်တော်တော်ပျော်မှာပါ။ ဘာ့ကြောင့်လဲဆိုတော့ ပရိတ်သတ်တွေက မျှော်လင့်နေပြီး ကျွန်တော်တို့ကလည်း သူတို့တို့ကို ပျော်ရွှင်စေချင်ပါတယ်” ဟု ၀င်းဂါးက သတင်းထောက်များအား ပြောကြားခဲ့သည်။

  • ရွေးကောက်ပွဲအလွန် အခြေအနေများအပေါ် အိန္ဒိယမွတ်စ်လင်မ်များ ပူပင်သောကဖြစ်နေ

    မေ ၁၄၊ ၂၀၁၄
    M-Media

    ဘာသာပြန်- မင်းထွဋ်ခေါင်

    MuslimPopulation-in-India_04-04-14_1
    ဒေလီ။    ။ အိန္ဒိယရွေးကောက်ပွဲနောက်ဆုံးအဆင့်သို့ရောက်လာသည်နှင့်အမျှ ဟိန္ဒူအမျိုးသားရေးဝါဒီ နာရင်ဒြာ မိုဒီ အောင်မြင်နိုင်ချေရှိကြောင်း သတင်း ထွက်လာပြီးသည့်နောက် အိန္ဒိယနိုင်ငံ၏ လူနည်းစုဝင်များ အနက် ဒုတိယမြောက် အင်အား အကြီးမားဆုံးဖြစ်သော မွတ်စ်လင်မ်တို့မှာ
    စိုးရိမ်သောကကြီး ထွားလာကြသည်။

    နာရင်ဒြာမိုဒီ မဲလုနေသည့် Varanasi ဒေသခံ ဟာရွန် ရရှီးဒ်မှ “ထွက်လာမဲ့အဖြေကို ကျွန်တော်တို့ ထက်သန်စွာစောင့်စားနေကြ ပါတယ်။ ရွေးကောက်ပွဲလွန် အနေအထားအပေါ် စိုးရိမ် ပူပန်နေကြပါတယ်။ နာရင်ဒြာမိုဒီဟာ စိတ်ချယုံကြည်ရသူ မဟုတ်လို့ပါ။ တကယ်လို့ မဲအများစုကို သူရခဲ့ရင် မွတ်စ်လင်မ်တွေကို ရှေ့ဆက် တိုးနှိပ်စက်ဖို့များပါတယ်။ စကားကုန်ပြောရရင် သူက အလုံးစုံသောအာဏာနဲ့ ချုပ်ကိုင်သွားမယ့်သူ ဖြစ်ပါတယ် ” ဟူ၍ OnIslam.net သို့ ပြောပြသည်။

    ရွေးကောက်ပွဲမဲထည့်ခြင်းမှာ မေလ ၁၂ ရက်တွင် အဆုံးသတ်ပြီး မေလ ၁၆ ရက်တွင် မဲများကိုရေတွက်မည်ဖြစ်သည်။ ဤရွေးကောက်ပွဲ၌ လွန်ခဲ့သည့် ရက်သတ္တပတ် ၅ ပတ်အတွင်း သန်းရာချီသော အိန္ဒိယနိုင်ငံသားတို့ မဲထည့်ခဲ့ကြသည်။

    မိုဒီ ဦးဆောင်သော National Democratic Alliance (NDA) ညွှန့်ပေါင်းအဖွဲ့ဝင်အများစုသည် ၂၀၁၄ အောက်လွှတ်တော်အမတ်နေရာ ၅၄၃ နေရာ ရရှိကြောင်း ကောလဟလ တစ်ရပ်ထွက်လာသဖြင့် အိန္ဒိယမွတ်စ်လင်မ်များအဖို့ ပထမဆုံးအကြိမ်အဖြစ် စိတ်မသက်သာစွာ ခံစားခဲ့ရသည်ဟု ဆိုသည်။ ဟိန္ဒူလူများစုပါဝင်နေသော အိန္ဒိယနိုင်ငံ၏စက်မှုအခန်းကဏ္ဍအား နာရင်းဒြာ မိုဒီမှ အကြီးအကျယ်မျှော်လင့်ထားသည်။ ကမ္ဘာ့အကြီးဆုံးဒီမိုကရေစီနိုင်ငံရှိ မွတ်စ်လင်မ်တို့အဖို့မူ  ၎င်းမှာ စိန်ခေါ်မှုကာလတစ်ရပ် ဖြစ်နေသည်။

    မိုဒီသည် ကနဦးပိုင်း မဲပေးကာလအတွင်း အလယ်အလတ် မျှတသောအသွင်အပြင် ပြသခဲ့သော်လည်း နောက်ဆုံးတွင် အာသံပြည်နယ်၏ ဆိုးဝါးသောပဋိပက္ခနှင့် စပ်လျဉ်း၍ ဘင်္ဂလားဒေ့ရှ်မှ ပြောင်းရွှေ့လာသူများပေါ် မကောင်းစကားဆိုခဲ့သည်။

    ထို့အတူ ဖိုင်ဇာဘဒ်တွင်ပြုလုပ်သော သူ၏ရွေးကောက်ပွဲတွေ့ဆုံမှုအတွင်း ဟိန္ဒူဝါဒ၏ အဓိကရ ကိုးကွယ်ရာ ရာမ ၏ ပန်းချီကားချပ်ကို နောက်ခံပြုလျက် ရွေးကောက် ပွဲပြီးနောက် ရည်ရွယ်ထားသည်များကိုလည်း သူက ပြောခဲ့သည်။

    “ သူ့အပေါ် စိုးရိမ်မကင်းဖြစ်ရတဲ့အကြောင်းရင်းတွေ ရှိပါတယ်။ သူဟာ ပြောရင်တစ်မျိုး စိတ်ထဲရှိတာက နောက်တစ်မျိုး (အပြော နဲ့အလုပ်မညီတဲ့ လူစားပါ။ အဆုံးသတ် အဖြေထွက်လာပြီးရင် ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ မပြောတတ်သေးဘူး ” ဟု Varanasi ရှိ All-India Handloom ဘုတ်အဖွဲ့ဝင် မတ်ကဘူးလ် ဟတ်ဆန်က OnIslam သို့ ပြောပြသည်။

    အခြေအမြစ်မဲ့ ပူပန်မှုများ
    ————————–
    မွတ်စ်လင်မ်တို့မှ စိုးရိမ်မှုမြင့်တက်နေသော်လည်း အကယ်၍ နာရင်ဒြာ မိုဒီမှ အာဏာရလာသည့်တိုင် မွတ်စ်လင်မ်များအဖို့ စိုးရိမ်စရာ မရှိဟု နိုင်ငံရေးသုတသီများစွာတို့မှ ယုံကြည်နေကြ၏။

    “ သူ့အနေနဲ့ အစိုးရကို ဦးဆောင်ပြီဆိုရင် အနေအထားအားလုံး ပြောင်းလဲသွားပါလိမ့်မယ်။ ဒီမိုကရက် တိုင်းပြည်တစ်ခုမှာ ဘာသာတရားနှစ်ခု အကြား ခွဲခြား ဆက်ဆံတာမျိုး မလုပ်နိုင်လို့ပဲ ဖြစ်တယ်။ သူဟာ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ တစ်ခုရဲ့ ခေါင်းဆောင်ဖြစ်လာမယ် ဆိုပါစို့။ သူ့လမ်းကြောင်းကို လုံးဝ ကွဲပြားသွားအောင် လုပ်ရပါလိမ့်မယ်။ ပေးထားတဲ့ကတိကို တည်ကြည်ကြောင်း သက်သေထူရပါလိမ့်မယ်။ သူ့အကြိုက် သူ့ဆန္ဒအတိုင်း အုပ်ချုပ်လို့ မရပါဘူး။ အခြားသော အကြောင်းအရာများထက် ဖွံ့ဖြိုးရေးကို ပိုပြီး ကရုစိုက်ပေးရမှာဖြစ်တယ် ” ဟု ဘိုပါးလ်အခြေစိုက် နိုင်ငံရေးသုတေသီ Girija Shankar မှ OnIslam သို့ ပြောပြသည်။

    နယူးဒေလီအခြေစိုက် မွတ်စ်လင်မ်ပညာရှင် အစ်ဗရာဟီမ် အိလ်ယာ့စ်ကမူ ဤသို့ သတိပေးပြောကြားသည်။

    “ BJP ပါတီထက် သူနဲ့ပူးပေါင်းထားတဲ့ အဖွဲ့အစည်းတွေကိုလည်း စောင့်ကြည့်ထိန်းချုပ်ဖို့ လိုအပ်ပါတယ်။ လူမျိုးရေး အဓိကရုဏ်းဖြစ်ပွားတဲ့အခါတိုင်း အဲ့ဒီအဖွဲ့အစည်းတွေဟာ လူနည်းစုဝင်တွေအပေါ် တိုက်ခိုက်တာကို တွေ့မြင်ကြရပြီးဖြစ်ပါတယ်။ လူ့ဘောင်တစ်ခုလုံးအတွက်
    အဆုံးအဖြတ်ပေးမယ့် အချိန်ဖြစ်နေတယ်။ မွတ်စ်လင်မ်တွေသာလျှင် မဟုတ်ဘူး၊ ခရစ်ယာန်များပင်လျှင် နောက်ဆုံးရလဒ် အပေါ် စိုးရိမ်မကင်း ဖြစ်နေကြပါပြီ ”။

     

    OnIslam တွင်ဖော်ပြခဲ့သည့် ”  Shuriah Niazi Post-Election Scenarios Trouble India Muslim”  ဆောင်းပါးကို မင်းထွဋ်ခေါင် ဘာသာပြန်ဆိုပါသည်။

  • လူမျိုးရေး ခွဲခြားမှုအား နှိပ်ကွပ်ရန် အတွက် ပြင်းထန်သော ပေါ်လစီချမှတ်ရန် ပလာတီနီတိုက်တွန်း

    မေ ၁၄ ၊ ၂၀၁၄
    M-Media

    404763_heroa
    – ဘောလုံးပြိုင်ပွဲများအတွင်း ဖြစ်ပွားသည့် လူမျိုးရေးခွဲခြားမှုများအား အရေးယူရန်အတွက် ပြင်းထန်သည့် ပေါ်လစီတစ်ခု ချမှတ်ရန် ယူအီအက်ဖ်အေ ဥက္ကဌ ပလာတီနီက အဖွဲ့ဝင်များအား တိုက်တွန်းလိုက်သည်။

    ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ဘာစီလိုနာ ကစားသမား အဲလ်ဗက်စ်နှင့် အေစီမီလန်ကစားသမား ကီဗင်ကွန်စတန်တို့အား ပြိုင်ဘက် ဗီလာရီးယဲလ်နှင့် အတ္တလန်တာ ပရိတ်သတ်များက ငှက်ပျောသီးဖြင့် ပစ်ပေါက်ခဲ့ပြီးနောက် လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေးမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာခဲ့သည်။ ထိုနှစ်သင်းအား ယူအီးအက်ဖ်က ဒဏ်ငွေရိုက်ခဲ့ပြီး၊ ပလာတီနီကလည်း ထိုဖြစ်ရပ်အတွက် ဒေါသထွက်ခဲ့ကြောင်း၊ လူမျိုးရေးခွဲခြားမှုပုံစံအားလုံးအား ရှုတ်ချကြောင်း ပြောကြားခဲ့သည်။

    “လူမျိုးရေးခွဲခြားမှုပုံစံအားလုံး အတွက် ပြင်းထန်တဲ့ ပေါ်လစီချမှတ်ဖို့နဲ့၊ အပြစ်ရှိတဲ့သူတွေကို အရေးယူတဲ့အခါ ယူအီးအက်ဖ်အေရဲ့ စည်းမျဉ်းတွေ အတိုင်း ဆောင်ရွက်ဖို့ အဖွဲ့ဝင် အားလုံးနဲ့ ရှယ်ယာရှင်တွေကို ကျွန်တော်တို့ တိုက်တွန်းပါတယ်” ဟု ပလာတီနီက ဆိုသည်။

    ပရိတ်သတ်များက လူမျိုးရေးခွဲခြားမှုပြုလုပ်ပါက ပထမအကြိမ်တွင် အသင်းပိုင်းကွင်း အစိတ်အပိုင်အချို့အား ပိတ်ပင်ခြင်းနှင့် ဒုတိယအကြိမ်တွင် ဘောလုံးကွင်း တစ်ခုလုံးအား ပိတ်ပင်ကာ ယူရိုငါးသောင်း ဒဏ်ငွေ ချမှတ်ရန် ယူအီးအက်ဖ်အေက ပြီးခဲ့သည့်နှစ်တွင် သတ်မှတ်ခဲ့သည်။

    Goal