News @ M-Media
Author: M-Media
  • အာဖဂန်မြေပြိုမှု လူထောင်ချီသေဆုံး၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အကူအညီများလည်း နှောင့်နှေးနေ
    မေ ၄၊ ၂၀၁၄
    M-Media
    Afghan_landslide_AP
    – အာဖဂန်နစ္စတန် မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် ဆိုးရွားသည့် မြေပြိုမှုများ ဖြစ်ပေါ်နေပြီး သေဆုံးသူမှာ ထောင်ချီရှိသည်ဟု အာဖဂန် အာဏာပိုင်များက ပြောကြားခဲ့သည်။
    နိုင်ငံအရှေ့မြောက်ပိုင်း ဘာဒက်ရှန်ပြည်နယ်တွင် ပြီးခဲ့သည့် သောကြာနေ့မှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဝေးလံခေါင်ဖျားသော ဟိုဘိုဘာရစ်ရွာပေါ်သို့ ထုထည်ကြီးမားစွာ မြေပြိုကျခဲ့ပြီး မိသားစု ၃၀၀ မှ လူပေါင်း ၂၁၀၀ ကျော် နစ်မြုပ်သေဆုံးခဲ့သည်ဟု အဆိုပါပြည်နယ် အုပ်ချုပ်ရေးမှူး ရှား ၀လီယွတ်လာ အဒီးဘ်က ယနေ့တွင် ပြောကြားခဲ့သည်။
    အာဖဂန်အာဏာပိုင်များ၏ သေဆုံးမှု သတင်းထုတ်ပြန်ချက်အား ထိုဒေသအတွင်းရှိ ကုလသမဂ္ဂ တာဝန်ရှိသူများက အတည်ပြုနိုင်ခြင်း မရှိသေးဘဲ လူ ၃၅၀ သေဆုံးကြောင်း သတင်းရပြီး၊ လူအများအပြား ပျောက်ဆုံးနေကြောင်း ပြောဆိုခဲ့သည်။ မြေပြိုမှုကြောင့် လူပေါင်း ၄၀၀၀ ကျော်အား ပြောင်းရွှေ့ပေးခဲ့ရသည်။
    ပြိုကျခဲ့သည့် မြေအမြင့်မှာ မီတာ ၆၀ ခန့်ရှိပြီး အနည်းဆုံး အိမ်ခြေ ၂၅၀ ခန့် နစ်မြုပ်ခဲ့ကာ မြေပြိုမှုများ ထပ်မံဖြစ်ပေါ်မည့် အန္တရာယ်ရှိနေသည်ဟု အာဏာပိုင်များက ထပ်လောင်း ပြောကြားခဲ့သည်။ ဒုက္ခရောက်နေသူများ အတွက် အကူအညီများကို ပို့ဆောင်နေသော်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် နှောင့်နေးမှုများ ရှိနေသည်။
    ကယ်ဆယ်ရေး လုပ်ငန်းများကိုလည်း လုပ်ဆောင်နေပြီး ပြိုကျနေသောမြေများအား ရှင်းလင်းရန်အတွက် ကြီးမားသည့် ယာဉ်များလိုအပ်နေသည်။
    Al Jazeera and agencies
  • တန်းဆင်းရမယ့် ၂ သင်း ထွက်ပေါ်လာခဲ့ပြီး ချန်ပီယံဆုအတွက် ဇာတ်ရှိန်မြင့်လာတဲ့ EPL ပွဲစဉ် ၃၇ စနေနေ့ညပွဲများ
    မေ ၄၊ ၂၀၁၄
    M-Media
    EVERTON VS MAN CITY
    – ချန်ပီယံဆုအတွက် အကြိတ်အနယ်ရှိနေတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၇ ကိုတော့ မနေ့ညက ၇ ပွဲကစားခဲ့ပါယတ်။ ပြီးခဲ့တစ်ပတ်က လီဗာပူးလ်က ချယ်ဆီးကို ရှုံးသွားတဲ့အတွက် ချန်ပီယံမျှော်လင့်ချက် ရှင်သန်လာတဲ့ မန်စီးတီးတို့ အဲဗာတန်ကို အဝေးကွင်းမှာ သွားကစားခဲ့ရပေမယ့် အမှားအယွင်း မရှိခဲ့ပါဘူး။ ပြီး ရွိုင်ယန်ဂစ်ရဲ့ မန်ယူကတော့ ဆန်းဒါးလန်းကို အဝေးကွင်းမှာ အရေးနိမ့်ခဲ့ပါတယ်။
    ချန်ပီယံဖြစ်ဖို့ လက်ကျန်ပွဲစဉ်တွေမှာ အမှားခံလို့မရတဲ့ မန်စီးတီးတို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကြိုစားနေတဲ့ အဲဗာတန်ကို အဝေးကွင်းမှာ အနိုင်ကစားနိုင်ခဲ့ပါတယ်။ လူစုံထုတ်ခဲ့တဲ့ မန်းစီးတီး ၁၁ မိနစ်မှာ ဦးဆောင်ဂိုး ပေးလိုက်ရပေမယ့် နောက်ကလိုက်ပြီး ၃ ဂိုးပြန်သွင်းနိုင်ခဲ့တဲ့အတွက် အဖိုးတန် အနိုင် ၃ မှတ်သေချာခဲ့တာပါ။ လက်ကျန် ၂ ပွဲကိုသာ အနိုင်ကစားနိုင်ခဲ့မယ်ဆိုရင် မန်စီးတီးတို့ ၃ နှစ်အတွင်း ဒုတိယမြောက် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်မှာဖြစ်ပါတယ်။ အဲဗာတန်ကတော့ ဒီပွဲအရှုံးကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ကို လက်လွှတ်လိုက်ရပြီ ဖြစ်ပါတယ်။
    မန်ယူတိုက်စစ်မှာ ရူနီ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ဘဲ နော်ဝစ်ခ်ျကို လေးဂိုးပြတ်နိုင်ထားတဲ့ ပွဲက လူစာရင်းကို ဂစ်က ၅ နေရာအပြောင်းအလဲလုပ်ခဲ့ပါတယ်။ ဒါပေမယ့် မန်ယူရဲ့ ကစားပုံကတော့ တက်လာခြင်းမရှိဘဲ၊ ပထမပိုင်း မိနစ် ၃၀ မှာ ဆန်းဒါးလန်းက လာဆင်ရဲ့ သွင်းဂိုးနဲ့ အိမ်ကွင်းမှာ အရှုံးပေးခဲ့ရပါတယ်။ ဒီအရှုံးဟာ ၁၉၆၈ နောက်ပိုင်း ဆန်းဒါလန်းကို အိမ်ကွင်းမှာ ပထမဆုံး အရှုံးပေးခဲ့ရတာလည်း ဖြစ်ပါတယ်။
    နောက်ပိုင်းမှာ ခြေစွာနေတဲ့ စပါးကလည်း အဝေးကွင်းမှာ ၀က်စ်ဟမ်ကို ယှဉ်ကစားနိုင်ခဲ့ပေမယ့် စောစောစီးစီး တစ်ယောက်အထုတ်ခံလိုက်ရတာနဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့ ဂိုးတစ်ဂိုး ပေးလိုက်ရတာတွေကြောင့် ရှုံးခဲ့ရပါတယ်။ ဒီပွဲနိုင်ရင် ယူရိုပါလိဂ်ဝင်ခွင့် သေချာမှာဖြစ်ပေမယ့် အနိုင်မကစားနိုင်ခဲ့တာကတော့ စပါးအတွက် နစ်နာစရာ ဖြစ်ခဲ့ပါတယ်။
    ကာဒစ်ဖ်နဲ့ ဖူလ်ဟမ်တို့ကတော့ အဝေးကွင်းမှာ နယူးကာဆယ်နဲ့ စတုတ်ကို ဂိုးပြတ်ခြေပြတ်နဲ့ ရှုံးပြီး တန်းဆင်းသွားခဲ့ရပြီဖြစ်ပါတယ်။
    နှစ်စပိုင်းမှာ ခြေစွမ်းမာကြောခဲ့ပေမယ့် နောက်ပိုင်းမှာ ခြေကျလာပြီး ဇယားအောက်ဆုံးကို တဖြည်းဖြည်းဆင်းသွားခဲ့တဲ့ ဟားလ်စီးတီးဟာ အက်စတွန်ဗီလာကို အဝေးကွင်းမှာ အရေးနိမ့်ခဲ့ပြီး တန်းဆင်းဇုန်းနဲ့ ၅ မှတ်အကွာမှာ ရှိနေပါတယ်။
    ဟားလ်စီးတီးရဲ့အောက်မှာ ၀က်စ်ဘရွန်း၊ ဆန်းဒါးလန်းနဲ့ နော်ဝစ်ခ်ျတို့ကလည်း အမှတ်မတိမ်းမယိမ်းရှိနေကြပြီး ကစားဖို့ကလည်းလည်း အနည်းဆုံး ၂ ပွဲကျန်သေးတာမို့ လက်ကျန် ၂ ပွဲမှာ ဟားလ်စီးတီးတို့ အမှားခံလို့ မရတော့ပါဘူး အက်စတွန်ဗီလာက ဒီပွဲအနိုင်ကြောင့် တန်းဆင်းရမယ့် အန္တရာယ်ကနေ လွတ်ခဲ့ပါတယ်။
    မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    အက်စတွန်ဗီလာ ၃-၁ ဟားလ်စီးတီး
    မန်ယူ ၀-၁ ဆန်းဒါးလန်း
    နယူးကာဆယ် ၃-၀ ကာဒစ်ဖ်
    စတုတ် ၄-၁ ဖူလမ်ဟမ်
    ဆွမ်ဆီး ၀-၁ ဆောက်သက်တမ်
    အဲဗာတန် ၂-၃ မန်စီးတီး
  • ဖမ်းဆီးထားသည့် လက်နက်စစ်ဆေးရေးမှူများအား ယူကရိန်း ခွဲထွက်ရေးသမားများ လွှတ်ပေး၊ တိုက်ပွဲများ ဆက်ဖြစ်
    မေ ၃၊ ၂၀၁၄
    M-Media
    – ယူကရိန်းအရှေ့ပိုင်းတွင် ပြီးခဲ့သည့် သီတင်းပတ်က ဖမ်းဆီးခဲ့သည့် ဥရောပ စစ်လက်နက်ဆိုင်ရာ စစ်ဆေးရေးမှူးများကို ခွဲထွက်ရေးသမားများက ယနေ့တွင် ပြန်လွှတ်ပေးခဲ့သည်။
    765D6BEE-411F-437A-B042-121B6990A9E1_w640_r1_s
    ဥရောပဆိုင်ရာ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OSCE မှ စစ်ဆေးရေးမှူး ၇ ဦးနှင့် ယူကရိန်းနိုင်ငံသား လက်ထောက် ၅ ဦး စုစုပေါင်း ၁၂ ဦးတို့ကို Slovyansk မြို့တွင် ချွင်းချက်မရှိ လွှတ်ပေးခဲ့ကြောင်း ထိုမြို့၏ အုပ်ချုပ်ရေးမှူးဟု ကြေညာထားသည့် ခွဲထွက်ရေးသမား ပိုနိုမာယွဗ်က ပြောကြားခဲ့သည်။ အဆိုပါအဖွဲ့ခေါင်းဆောင်ကလည်း ၎င်းတို့ လွတ်မြောက်လာကြောင်း အတည်ပြုခဲ့သည်။
    ထိုကဲ့သို့ လွှတ်ပေးခဲ့ခြင်းမှာ ရဲရင့်၍ လူသားဆန်သော လုပ်ရပ်ဖြစ်သည်ဟု ရုရှားက ချီးကျူးခဲ့သည်။
    ခွဲထွက်ရေးသမားများ ကြီးစိုးရာ အဆိုပါ Slovyansk မြို့တွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဆက်လက်ဖြစ်ပွားနေသည်ဟု ယူကရိန်း အကြမ်းဖက်ဆန့်ကျင်ရေး အကြီးအကဲက ယနေ့တွင် ပြောကြားခဲ့သည်။
    အခြားမြို့တစ်မြို့ဖြစ်သည့် Odessa တွင် ယူကရိန်းထောက်ခံသူများနှင့် ရုရှားထောက်ခံသူများအကြား ယမန်နေ့က တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး လူ ၄၀ ကျော် သေဆုံးခဲ့ရကာ၊ အဆောက်အဦးများလည်း မီးတင်ရှို့ခြင်း ခံခဲ့ရသည်။
    Live.aljazeera
  • မန်စီးတီးအသင်း ချန်ပီယံ လမ်းကြောင်းပေါ်တွင် ရှိနေခြင်းမှာ အံ့ဖွယ်ဖြစ်သည်ဟု နာဆရီဆို
    မေ ၃ ၊ ၂၀၁၄
    M-Media
    – မိမိတို့အသင်း ချန်ပီယံဖြစ်ရေး လမ်းကြောင်းပေါ်တွက် ဆက်လက်ရှိနေခြင်းမှာ အံဖွယ်တစ်ခုဖြစ်သည်ဟု မန်ချက်စတာစီးတီးအသင်း၏ ကွင်းလယ်လူ နာဆရီက ပြောကြားလိုက်သည်။
    399000_heroa
    မန်စီးတီးအသင်းမှာ လီဗာပူးလ်အား ၃ ဂိုး ၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် နှစ်ပွဲလျော့ ၇ မှတ်အကွာဖြင့် ချန်ပီယံဖြစ်ရေး မျှော်လင့်ချက်မှာ အနည်းငယ်ေ၀၀ါးခဲ့သည်။ သို့သော်လည်း လီဗာပူးလ်အသင်းမှာ ပြီးခဲ့သည့်တစ်ပတ်က ချယ်ဆီးအား အိမ်ကွင်းတွင် အရှုံးပေးခဲ့ရပြီးနောက် မန်စီးတီးက တစ်ပွဲလျော့ ၃ မှတ်အကွာဖြင့် ချန်ပီယံလမ်းကြောင်းပေါ်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
    ထိုလက်ကျန်တစ်ပွဲအား အနိုင်ရခဲ့ပါကာ လီဗာပူးလ်အသင်းနှင့် အမှတ်တူသွားကာ ဂိုးကွာချက်ဖြင့် မန်စီးတီးက ထိပ်ဆုံးရောက်လာမည်ဖြစ်သောကြောင့် မမျှော်လင့်ပဲ ရရှိလာသည့် ထိုအခွင့်အရေးအား ရယူရန် အရေးကြီးသည်ဟု နာဆရီက ဆိုသည်။
    “အခုတော့ ကျွန်တော်တို့ ထပ်ပြီး တွန့်ဆုတ်နေလို့ မရတော့ပါဘူး။ သုံးပွဲပဲ လိုပါတော့တယ်။ ချန်ပီယံအသင်းလို ကျွန်တော်တို့ ကစားဖို့လိုတယ်။ ချန်ပီယံဘွဲ့နဲ့ ထိုက်တန်တယ်ဆိုတာ ပြသရပါမယ်။ အခုအချိန်မှာ ကျွန်တော်တို့ဟာ နေရာကောင်းကို ရောက်နေတယ်ဆိုတာ နားလည်ရပါမယ်။ ဒါဟာ အံသြစရာပါပဲ” ဟု နာဆရီက ပြောကြားခဲ့သည်။
    မန်စီးတီးအသင်းမှာ လက်ကျန် ၃ ပွဲစလုံးအား အနိုင်ကစားနိုင်ပါက သုံးနှစ်အတွင်း ဒုတိယအကြေိမ်မြောက် ပရီးမီးယားလိဂ်ဖလားအား ကိုင်မြောက်ခွင့် ရရှိမည်ဖြစ်သည်။
  • ဆမ်ဆောင်းမှ Apple အား ဒေါ်လာ သန်း ၁၀၀ ကျော် ပေးဆောင်ရန် အမေရိကန် တရားရုံး အမိန့်ချ
    မေ ၃ ၊ ၂၀၁၄
    M-Media
    – iPone တွင်ပါဝင်သည့် အပြင်အဆင်တစ်ချို့အား ခိုးယူအသုံးပြုထားသည့်အတွက် Apple ကုမ္ပဏီသို့ လျော်ကြေး ၁၁၉.၆ သန်းပေးဆောင်ရန် ဆမ်ဆောင်း ကုမ္ပဏီအား ကယ်လီဖိုနီးယား တရားရုံးက အမိန့်ပေးခဲ့သည်ဟု သိရသည်။
    Apple's iPhone and Samsung Galaxy Note are displayed at a shop in Tokyo
    ဆမ်ဆောင်းမှာ iPhone ၏ အင်တာနက်ရှာဖွေမှုပုံစံ အပါအ၀င် အချို့သော အပြင်အဆင်များကို ခိုးယူသုံးစွဲခဲ့သည် သံသယရှိသောကြောင့် ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဂျိုဆေးမြို့ရှိ တရားရုံးတွင် လနှင့်ချီ၍ တရားရင်ဆိုင်ခဲ့ရသည်။
    စုံစမ်းစစ်ဆေးမှုများအရ iPhone တွင် ထည့်သွင်းထားသည့် အပြင်အဆင် နှစ်ခုကို ဆမ်ဆောင်းဖုန်းများတွင် ထည့်သွင်းထားသည်ကို တွေ့ရှိခဲ့ရသောကြောင့် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ဆမ်ဆောင်းကမူ ထိုစွပ်စွဲချက်အား ငြင်းဆိုခဲ့သည်။
    Apple နှင့် ဆမ်ဆောင်းတို့မှာ ၎င်းတို့ထုတ်လုပ်သော ဖုန်းများနှင့်ပတ်သက်၍ အမှုအခင်းဖြစ်နေသည်မှာ ၃ နှစ်ကျော်ကြာနေပြီဖြစ်ပြီး ၂၁၀၂ ခုနှစ်ကလည်း ဆမ်ဆောင်မှာ Apple အား ဒေါ်လာ သန်း ၉၃၀ ပေးဆောင်ခဲ့ရသည်။ သို့သော်လည်း ဆမ်ဆောင်းမှ ထုတ်လုပ်သော ဖုန်းများကို အမေရိကန်တွင် ရောင်းချခွင့် ပိတ်ပင်ရန် Apple မှ ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိပေ။
    ယခုကဲ့သို့ဖြစ်ပွားနေသည့် ဥပဒေကြောင်းအရ ရင်ဆိုင်ရမှုများမှာ Android ဆော့ဖ်ဝဲသုံးဖုန်းများ လျင်မြန်စွာ တိုးတက်နေမှုများအား လျော့နည်စေရန် ရည်ရွယ်၍ Apple မှ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း လေ့လာသူအချို့ကဆိုသည်။
    ယခုအမှုတွင် iPhone တွင်အသုံးပြုထားသည့် ပုံစံ ၅ မျိုးနှင့် ပတ်သက်၍ ဆမ်ဆောင်းအား တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ Apple မှာ ဂလက်ဆီ III အပါအ၀င် ဆမ်ဆောင်းထုတ် ဖုန်းများကို အမေရိကတွင်ရောင်းချခွင့်ပိတ်ပင်ရန် ဆောင်ရွက်လျက်ရှိနေသည်။
    ရိုက်တာ