News @ M-Media

Author: M-Media

  • စံချိန်သစ်တွေနဲ့ ဧည့်သည်အသင်းတွေ ခြေစွမ်းပြခဲ့တဲ့ ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်များ

    မေ ၁ ၊ ၂၀၁၄
    M-Media

    – ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိအကျော့ပွဲစဉ်တွေကို မနေ့ကနဲ့ ဒီနေ့မှာ တစ်ပွဲစီ ကစားခဲ့ကြပြီး အိမ်ရှင်အသင်းတွေ မရှုမလှအရေးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။
    2099155_w2
    ဒီနေ့မနက် ကစားခဲ့တဲ့ ချယ်ဆီးနဲ့ အက်သလက်တီကိုတို့ပွဲမှာတော့ ချယ်ဆီးက ဖာနန်ဒိုတောရက်စ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် နောက်ဆုံးဗိုလ်လုပွဲ တက်ရောက်နိုင်ခြင်းတော့ မရှိခဲ့ပါဘူး။ ချယ်ဆီးမှာ လမ်းပတ်နဲ့ မီခေးလ်တို့ ပွဲပယ်ပြစ်ဒဏ်ကြောင့် မပါဝင်နိုင်ခဲ့ဘဲ မော်ရင်ဟိုဟာ နောက်ခံအလယ်လူ ၃ ဦးအထိ အသုံးပြုပြီး နောက်တန်းကို အခိုင်အမာတည်ဆောက်ခဲ့ပါတယ်။

    ပထမပိုင်းမှာ ချယ်ဆီးတို့အသာရခဲ့ပြီး ၃၆ မိနစ်မှာတော့ အဖွင့်ဂိုးရခဲ့ပါတယ်။ ၀ီလီယံ၊ အက်ဇ်ပီလီကျူတာတို့ရဲ့ ဖန်တီးပေးမှုကနေတစ်ဆင့် အက်သလက်တီကိုတိုက်စစ်မှူးဟောင်း တောရက်စ်က ဧရိယအတွင်းကနေကန်သွင်းယူပေးခဲ့တာပါ။ ဂိုးသွင်းပြီးတဲ့နောက်မှာ အသင်းဟောင်းကို လေးစားတဲ့အနေနဲ့ တောရက်စ်ဟာ အောင်ပွဲမခံခဲ့ပါဘူး။

    ချယ်ဆီးရဲ့ ဦးဆောင်မှုဟာ ၈ မိနစ်သာခံခဲ့ပြီး အက်သလက်တီကိုတို့ ချေပဂိုးပြန်ရခဲ့ပါတယ်။ ဒီဂိုးကိုတော့ လိုပက်ဇ်က ချယ်ဆီးနောက်တန်းကစားသမားတွေ ဖျက်ထုတ်မှု မသေသပ်တာကနေတစ်ဆင့် သွင်းယူပေးခဲ့တာပါ။ အဝေးဂိုးရသွားတဲ့အတွက် အက်သလက်တီကိုတို့ အားတက်လာခဲ့ပြီး ဒုတိယပိုင်းမှာ ချယ်ဆီးဘက်ကို ထိုးဖောက်လာနိုင်ကာ အနိုင်ဂိုးတွေလည်း ရခဲ့ပါတယ်။ အနိုင်ဂိုးတွေကိုတော့ မိနစ် ၆၀ မှာ ပင်နယ်တီကတစ်ဆင့် ကော်စတာနဲ့ ၇၁ မိနစ်မှာ သူရမ်တို့က အသီးသီးသွင်းယူပေးခဲ့တာပါ။

    ပွဲအပြီးမှာတော့ မော်ရင်ဟိုက အက်သလက်တီကို မက်ဒရစ်ကို ချီးကျူးခဲ့ပြီး ပင်နယ်တီ မပေးရခင် ပွဲချိန်တစ်မိနစ်က ပွဲကိုအပြောင်းအလဲ ဖြစ်စေ ခဲ့တာဖြစ်တယ်လို့ ဖြေကြားသွားခဲ့ပါတယ်။

    ဒီပွဲအနိုင်ကြောင့် အက်သလက်တီကိုဟာ နှစ်ပေါင်း ၄၀ အတွင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ပထမအဆုံးတက်ရောက်နိုင်ခဲ့ပြီး ပြည်တွင်းပြိုင်ဘက် ရီးယဲလ်နဲ့ ယှဉ်ပြိုင် ကစားရတော့မှာ ဖြစ်ပါတယ်။

    ဘိုင်ယန်မြူးနစ်နဲ့ ရီးယဲလ်တို့ရဲ့ မနေ့ကပွဲမှာတော့ လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်ကို ရီးယဲလ်က လေးဂိုးပြတ်နဲ့ အနိုင်ယူခဲ့ပါတယ်။ ဒီပွဲမှာ အိမ်ရှင်တို့ ကစားကွက်နဲ့ ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့ပြီး ဂိုးသွင်းခွင့်လည်း ရီးယဲလ်ထက် ထက်ဝက်လောက် ပိုရခဲ့ပါတယ်။ ဒါပေမယ့် ရီးယဲလ်ကစားသမားတွေရဲ့ အဆုံးသတ်ကောင်းမွန်မှုက ဘိုင်ယန်ကို ရလဒ်ဆိုးတွေ တွေ့စေခဲ့တာပါ။

    2098525_w2

    ရီးယဲလ်အတွက် ဂိုးတွေကိုတော့ ရာမို့စ်နဲ့ ရော်နယ်ဒိုတို့က ၂ ဂိုးစီ သွင်းယူပေးခဲ့တာဖြစ်ပြီး နှစ်ကျော့ပေါင်း ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ကာ ၁၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရီးယဲလ်တို့ နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။

    ရော်နယ်ဒိုဟာ ဒီပွဲမှာ ၂ ဂိုးသွင်းယူနိုင်တာကြောင့် ဒီနှစ် ချန်ပီယံလိဂ် သွင်းဂိုး ၁၆ ဂိုးရှိသွားခဲ့ပြီး အများဆုံးဖြစ်နေကာ၊ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် တစ်ရာသီအတွင်း ဂိုးအများဆုံး သွင်းယူထားနိုင်တဲ့ စံချိန်ကိုလည်း ရရှိခဲ့ပါတယ။်

    ချန်ပီယံလိဂ် ဗိုလ်လုပွဲကိုတော့ မေလ ၂၄ ရက်နေ့မှာ ပေါ်တူနိုင်ငံ လစ္စဘွန်းမြို့မှာ ကစားသွားမှာဖြစ်ပါတယ်။

    ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ရလဒ်များကတော့ အောက်ပါအတိုင်းအဖြစ်ပါတယ်။

    ချယ်ဆီး ၁-၃ အက်သလက်တီကို (နှစ်ကျော့ပေါင်း ၃-၁ ဖြင့် အက်သလက်တီကိုနိုင်)
    ဘိုင်ယန် ၀-၄ ရီးယဲလ် (နှစ်ကျော့ပေါင်း ၅-၀ ဖြင့် ရီးယဲလ်နိုင်)

  • အင်တာပိုလ် ဖော်ထုတ်သည်ဆိုသော ရန်ကုန်ဝင်မည့် အကြမ်းဖက်သမားသတင်း ရဲတပ်ဖွဲ့ငြင်း

    ဧပြီ ၃၀၊ ၂၀၁၄
    ဧရာဝတီ သတင်းဌာနမှ ကူးယူဖော်ပြသည်။
    ထက်နိုင်ဇော်|

    10334337_702479689795929_2222182492558751358_n

    ရန်ကုန်သို့ အကြမ်းဖက်သမားများ ၀င်ရောက်ရန် ကြံစည်နေမှုကို အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့(အင်တာပိုလ်)က ဖော်ထုတ်နိုင်ခဲ့ သည် ဆိုသည့် သတင်း မဟုတ်မှန်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ငြင်းဆိုလိုက်သည်။

    ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများအား အကြမ်းဖက် ဖောက်ခွဲရေး လုပ်ငန်းများ ပြုလုပ်ရန် ပါကစ္စတန်နိုင်ငံမှ အစွန်းရောက် အဖွဲ့တချို့က ကြံစည်ထားခြင်းကို အင်တာပိုလ် က ဖော်ထုတ်နိုင်ခဲ့သည်ဟု ပြည်တွင်းထုတ် ဒီမိုကရေစီ တူဒေး သတင်းစာက ပြည်ထဲရေး ၀န်ကြီးဌာနကို ကိုးကားထားသည့် သတင်း ဖော်ပြချက်သည် မဟုတ်မှန်ကြောင်း မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့ နိုင်ငံဖြစ်ကျော် မှုခင်းဌာန က ငြင်းဆိုခြင်း ဖြစ်သည်။

    “အင်တာပိုလ်က မပေးတဲ့ သတင်းကို အင်တာပိုလ်က ပေးတယ်ဆိုပြီး ထည့်ရင်တော့ ကျနော်တို့ နိုင်ငံအတွက် ပြဿနာ အများကြီး ရှိတယ်။ အင်တာပိုလ် Channel က ပြည်ထဲရေး ၀န်ကြီးဌာနနဲ့ တိုက်ရိုက် မဆိုင်ဘူး။ နိုင်ငံတကာ ရဲအဖွဲ့ ဖြစ်တဲ့အတွက် ကျနော် တို့ ရဲနဲ့ပဲ ဆိုင်တာ”ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ နိုင်ငံဖြစ်ကျော် မှုခင်းဌာနမှ ရဲမှူးကြီး အောင်ဌေးမြင့်က ဧရာဝတီသို့ ပြောသည်။

    အင်တာပိုလ် သတင်းဟု အမည်တပ်ခြင်းကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် စိုးရိမ်မှု ရှိကြောင်း၊ အင်တာပိုလ် သည် မှုခင်းဆိုင်ရာ သတင်းများကို အဖွဲ့ဝင် နိုင်ငံများကြား ဖလှယ်ရာတွင် ထိုကဲ့သို့ သတင်းမျိုး ပေးလေ့မရှိကြောင်း၊ ဖြစ်ပြီးသား မှုခင်းသတင်းများကိုသာ အချက်အလက်ပြည့်ပြည့်စုံစုံ ပေးလေ့ရှိကြောင်း၊ ထို့ကြောင့် အင်တာပိုလ်နှင့်သက်ဆိုင်သော သတင်းများ ဖြစ်ပါက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့သာ ဆက်သွယ် အတည်ပြုသင့်ကြောင်းလည်း ရဲမှူးကြီး က ပြောဆိုသည်။

    ဧပြီ ၂၈ ရက်ထုတ် ဒီမိုကရေစီ တူဒေး သတင်းစာတွင် ပါကစ္စတန် ရဲတပ်ဖွဲ့နှင့် အင်တာပိုလ် တို့ ပူးပေါင်းဖော်ထုတ်ချက်အရ အစွန်းရောက် အဖွဲ့တချို့သည် ယင်းအစီအစဉ်ကို လတ်တလောအနေဖြင့် ကြံစည်ခြင်းသာဖြစ်ပြီး ယခုနှစ်အတွင်း အကောင် အထည် ဖော် ရန် ကြံစည်နေမှုများကို စာရွက်စာတမ်း အထောက်အထားများ သိမ်းဆည်းရမိခဲ့သော်လည်း ကြံစည်သူတချို့မှာ ထွက်ပြေး လွတ်မြောက်နေဆဲ ဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနမှ အဆင့်မြင့် အရာရှိတဦးအား ကိုးကား ဖော်ပြထားသည်။

    “အင်တာပိုလ်က အကြောင်းကြားတယ်၊ မြန်မာနိုင်ငံမှာ ဘာသာရေးနဲ့ ဆက်နွယ်ပြီး ဖြစ်နေတဲ့ ပြဿနာတွေကို မကျေနပ်လို့ လုပ် မယ့် ပါကစ္စတန်က အစွန်းရောက်တချို့ကို တားဆီးနိုင်ခဲ့တယ်လို့ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က အကြောင်းကြားထားလို့ပါ၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး လုံခြုံရေးတွေကိုလည်း စနစ်တကျ လုပ်ဖို့ ညွှန်ကြားထားပါတယ်”ဟု ပြည်ထဲရေး အရာရှိက ပြောကြောင်း
    ဒီမိုကရေစီ တူဒေး သတင်းစာတွင် ပါရှိသည်။

    ရဲမှူးကြီး အောင်ဌေးမြင့်ကမူ“သတင်းစာမှာ ရေးတဲ့အတိုင်း ပြည်ထဲရေး ၀န်ကြီးဌာနက တာဝန်ရှိသူတဦးက ပြောတယ်ဆိုရင် ဘယ် သူလဲ လို့၊ နောက် လေကြောင်း ရဲတပ်ဖွဲ့ဆိုတာလည်း ပါသေးတယ်၊ လေကြောင်း ရဲတပ်ဖွဲ့နဲ့လည်း ဒီသတင်းက မဆိုင် ဘူး”ဟု ပြောသည်။

    မကြာသေးမီက ပြည်တွင်းရှိ သတင်းစာ တစောင်ကလည်း ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ တဆင့် အကြမ်းဖက်သမားများ ၀င်ရောက်လာပြီဆိုပြီး အင်တာပိုလ်ကို ကိုးကား၍ ရေးသားခဲ့သည့်အပေါ် အင်တာပိုလ် က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံ ဖြေရှင်းချက် လှမ်းတောင်းခဲ့ကြောင်း၊ အင်တာပိုလ်က ပေးသည့် သတင်းများမှာ ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ပြစ်မှု ကျူးလွန်သည့် ရာဇ၀င် လူဆိုးပေါင်း ၁၈ သန်း ၏ အချက်အလက်များ၊ Passport Data များ ၊ လက်ဗွေ Data များသာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နိုင်ငံဖြစ်ကျော် မှုခင်း ဌာန မှ သိရှိရသည်။

    “လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ကင်မရွန်းနိုင်ငံက ၃ ယောက် လေဆိပ်ကို ရောက်လာတယ်၊ ကိုရီးယားကနေ ဖြတ်ထွက် လာ ကတည်း က မြန်မာပြည်ကို အင်တာပိုလ်က လှမ်းပြောထားပြီးပြီ၊ ဘယ်သူတွေ ၊ ဘာလုပ်နေတာ၊ ပြီးရင် အမေရိကားကို ဗီဇာ အတုနဲ့ ခိုးဝင်မှာ ဆိုပြီး ပြောတယ်၊ ဆိုတော့ လေဆိပ်ရောက်တာနဲ့ လုံးဝ အ၀င်မခံဘဲနဲ့ ပြန်လွှတ်လိုက်တယ်”ဟု ရဲမှူးကြီး အောင် ဌေးမြင့်က ပြောသည်။

    မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှူးချုပ် ၀င်းခေါင်ကလည်း ပြည်တွင်း၌ အကြမ်းဖက်လှုပ်ရှားမှုများ ဖြစ်ပေါ်မည်ဆိုသော သတင်းများ ထွက်ပေါ် နေသောကြောင့် အကြမ်းဖက်သမားများ ပြည်တွင်းသို့ ၀င်မလာနိုင်စေရန် လေဆိပ်၊ နယ်စပ်ဒေသများ၊ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သော နေရာများနှင့် ကမ္ဘာလှည့် ခရီးသည် အများဆုံးရှိရာ ဒေသများတွင် လုံခြုံရေးအဆင့်ကို သိသိသာသာ တိုးမြှင့်ထားကြောင်း ၂၀၁၃ ခုနှစ် သြဂုတ်လက ဧရာဝတီသို့ ပြောဆိုခဲ့ဖူးသည်။

    Link =>http://burma.irrawaddy.org/news/2014/04/30/58221.html

    ဓါတ်ပုံ-ဧပြီ ၂၈ ရက်ထုတ် ဒီမိုကရေစီ တူဒေး သတင်းစာ ဖြစ်ပါသည်။

  • ၂၀၁၄ ခုနှစ်အကုန်တွင် တရုတ်စီးပွားရေး အမေရိကန်ကို ကျော်လွှားနိုင်ဖွယ်ရှိ

    ဧပြီ ၃၀၊ ၂၀၁၄
    M-Media
    ရဲဝင်း
    economies_chart_0
    ၂၁ ရာစုနှစ်အတွင်း တဟုန်ထိုး တိုးတက်လာနေတဲ့ တရုတ်နိုင်ငံစီးပွားရေးဟာ ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံကို ၂၀၁၄ ခုနှစ်အကုန်မှာ ကျော်တက် သွားလိမ့်မယ်လို့ နောက်ဆုံးထွက်ပေါ်လာတဲ့ စာရင်းအင်း တွက်ချက်မှုတွေအရ သိရပါတယ်။

    အမေရိကန်နိုင်ငံဟာ ကမ္ဘာ့စီးပွားရေးမှာ ရှေ့ပြေးနိုင်ငံအဖြစ် ဦးဆောင်နေခဲ့ပြီး ၁၈၇၂ ခုနှစ်ကတည်းက အင်္ဂလန် နိုင်ငံကို ကျော်တက်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ် တွက်ချက်မှုတွေအရ တရုတ်စီးပွားရေးဟာ ၂၀၁၉ ခုနှစ်မှာ အမေရိကန်နိုင်ငံထက် ပိုမို ကြီးထွားသွားလိမ့်မယ်လို့ ဘောဂဗေဒပညာရှင်တွေက တွက်ချက်ထား ခဲ့ပေမယ့် ယခုနှစ် ဧပြီလ ၂၉ ရက်နေ့ထုတ်  International Comparison Program (ICP) ရဲ့ အစီရင်ခံစာမှာတော့ ယခင်တွက်ချက်ထားတာထက် တရုတ်စီးပွားရေးက ပိုမိုအားကောင်းနေတယ်လို့ ဖော်ပြထားပါတယ်။

    ကမ္ဘာ့ဘဏ်က ကြီးမှူးတဲ့ International Comparison Program (ICP) ဟာ ကမ္ဘာ့နိုင်ငံ ၁၉၉ နိုင်ငံရဲ့ စီးပွားရေး ပမာဏကို နှိုင်းယှဉ် တိုင်းတာရာမှာ နိုင်ငံတွေရဲ့ ငွေကြေးအရ ဝယ်ယူနိုင်စွမ်း ကွာခြားမှုညွှန်းကိန်း Purchasing Power Parity (PPP) ကိုနှိုင်းယှဉ်တွက်ချက်ပါတယ်။ ကုန်စည်နဲ့ ဝန်ဆောင်မှု ဝယ်ယူနိုင်စွမ်းတွေ အပေါ်မှာအခြေခံတဲ့ ပြည်တွင်းအသားတင် စုစုပေါင်းထုတ်ကုန်တန်ဖိုး (GDP) တွေ ကို နှိုင်းယှဉ်တဲ့နည်း ကိုအသုံးပြုပြီး နိုင်ငံတွေရဲ့ စီးပွားရေး ပမာဏတွေကို နှိုင်းယှဉ်တိုင်းတာတဲ့ နည်းလမ်းဖြစ်ပါတယ်။

    ယင်းတွက်ချက်မှုတွေအရ ၂၀၀၅ ခုနှစ်မှာ တရုတ်နိုင်ငံစီးပွားရေးဟာ အမေရိကန်နိုင်ငံစီးပွားရေးရဲ့ ၄၃ ရာခိုင်နှုန်းသာ ရှိခဲ့ပေမယ့် ၂၀၁၁ ခုနှစ်မှာ ၈၇ ရာခိုင်နှုန်း ရှိနေပြီဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ အမေရိကန်က ရှေ့ပြေးနေပြီး တရုတ်နဲ့ အိန္ဒိယ စီးပွားရေးတွေက ဒုတိယနဲ့ တတိယ စီးပွားရေးအကြီးဆုံးနိုင်ငံတွေ အဖြစ် နေရာယူထားပါတယ်။

    ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်အကြားမှာ တရုတ်စီးပွားရေးဟာ ၂၄ ရာခိုင်နှုန်းတိုးလာမှာဖြစ်ပြီး အမေရိကန်ကတော့ ၇.၆ ရာခိုင်နှုန်းသာ တိုးလာ လိမ့်မယ်လို့ နိုင်ငံတကာငွေကြေး ရန်ပုံငွေ အဖွဲ့ (IMF) က ခန့်မှန်းထားတဲ့တွက် ၂၀၁၄ ခုနှစ်အကုန်မှာတရုတ် စီးပွားရေးက အမေရိကန်ကို ကျော်တက်ပြီး ကမ္ဘာ့စီးပွားရေးအကြီးဆုံးနိုင်ငံဖြစ်လာပါလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။ အိန္ဒိယ နိုင်ငံစီးပွားရေးကလည်း ၂၀၀၅ ခုနှစ်မှာ ဒဿမ နေရာမှာရှိနေခဲ့ပေမယ့် ၂၀၀၅ မှ ၂၀၁၁ ခုနှစ် ကြားကာလအတွင်း နှစ်ဆနီးပါး တိုးမြင့်လာခဲ့တဲ့ အတွက် ယခုအခါ တတိယ နေရာကို ရောက်ရှိလာခဲ့ပါတယ်။

    ကမ္ဘာ့လူဦးရေ ၁၇ ရာခိုင်နှုန်းသာရှိတဲ့ အချမ်းသာဆုံးနိုင်ငံတွေဟာ ကမ္ဘာ့ GDP ၅၀ ရာခိုင်နှုန်းပိုင်ဆိုင်တဲ့နိုင်ငံတွေဖြစ်နေပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ စီးပွားရေးကလည်း တိုးမြင့်လာတဲ့အတွက် ကမ္ဘာပေါ်မှာ ဆင်ရဲ-ချမ်းသာ ကွာခြားမှုနှုန်း လျော့ကျလာနေပါတယ်။

    ယင်းအစီရင်ခံစာမှာ လူနေမှုစရိတ် အမြင့်ဆုံးနိုင်ငံတွေ အဖြစ်  ဆွဇ္ဇလန်၊ နော်ဝေ၊ ဘာမူတ၊ သြစတေးလျနဲ့ ဒိန်းမတ် နိုင်ငံတွေဖြစ်ပြီး လူနေမှုစရိတ် အသက်သာဆုံးနိုင်ငံတွေ အဖြစ် အီဂျစ်၊ ပါကစ္စတန်၊ မြန်မာ၊ အီသီယိုပီးယားနဲ့ လာအို နိုင်ငံ တို့ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

  • ဘရာဇီးတွင် ရဲတပ်ဖွဲ့၏ စီးနင်းမှုတရပ်တွင် လူငယ် ၁ ဦးသေဆုံး၊ ဒေသခံများ မကျေနပ်၍ ကားများကိုမီးရှို့

    ဧပြီ ၃၀၊ ၂၀၁၄
    M-Media

    – ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့ရှိ ဆင်းရဲသား ရပ်ကွက်တစ်ခုတွင် ဒုစရိုက်သမားများအား ဖမ်းဆီးရာမှ ပြည်သူများက မကျေနပ်သောကြောင့် မီးရှို့ဖျက်ဆီးမှုများဖြစ်ပွားခဲ့သည်ဟု သိရသည်။

    360539_Rio-police

    ရီယိုဒီဂျနေရိုးရှိ Morro de Chapadao ဆင်းရဲသားရပ်ကွက် မူးယစ်ဆေးဝါး၊ ကားခိုးမှုများနှင့် ပတ်သက်သည့် ဒုစရိုက်သမားများကို ရဲတပ်ဖွဲ့က ယမန်နေ့တွင် ဖမ်းဆီးရာမှ အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးခဲ့ပြီးနောက် ထိုဒေသရှိ ပြည်သူများမှာ ကားငါးစီအား မီးရှို့ခဲ့သည်။

    ရဲတပ်ဖွဲ့ကမူ သေဆုံးသွားသည့်လူငယ် စီးလာသည့်ကားမှာ ခိုးလာသောကားဖြစ်ပြီး ၎င်း၏ဘေးတွင်လည် ခြောက်လုံးပြူး တစ်လက်တွေ့ရသည်ဟု ဆိုသည်။

    အခြားဆင်းရဲသား ရပ်ကွက်တစ်ခုဖြစ်သည့် Alemao တွင်လည်း အသက် ၇၂ အရွယ်အဖိုးအို တစ်ဦး သေဆုံးမှုကြောင့် ပြည်သူများက ယမန်နေ့တွင်ပင် ကားသုံးစီးအား မီးရှို့ခဲ့သည်။ လူမိုက်ဂိုဏ်းမှ အဖွဲ့ဝင်များဟု ယူဆရသူများနှင့် ရဲတပ်သားများ အပြန်အလှန်ပစ်ခတ်ရာတွင် ကျည်ဆန်မှာ လမ်းကြောင်းလွဲသွားသောကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

    ပြီးခဲ့သည့် တစ်ပတ်က Copacabana ဒေသတွင် ရဲတပ်ဖွဲ့၏ နှိပ်စက်မှုကြောင့် လူငယ်တစ်ဦးသေဆုံးသွားသည့်အတွက် ပြည်သူများနှင့် ရဲတပ်ဖွဲ့များအကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သေးသည်။

    တိုင်းပြည်အတွင်း လိုအပ်နေသည့် ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်များတွင် မသုံးစွဲဘဲ၊ ငွေကုန်ကြေးကျခံကာ ကမ္ဘာ့ဖလားပြိုင်ပွဲအား ကျင်းပသည့်အတွက် ဆန့်ကျင်ဆန္ဒပြမှုများလည်းရှိနေပြီး ရီယိုဒီဂျနေရိုးတွင် ရဲတပ်ဖွဲ့အင်အားကို  တိုးမြှင့်ချထားသည်။
    MOS/HSN/HRB

  • လက်ပံတောင်းစီမံကိန်းရှိ လယ်တီသိမ်ကို အပြီးဖြိုဖျက်

    ဧပြီ ၃၀၊ ၂၀၁၄
    M-Media
    လမင်း
    10264491_695800520458451_726190763768098321_n-300x199ရန်ကုန်။      ။ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် စီမံကိန်းမှာ ရှိတဲ့ လယ်တီသိမ်ကို ဧပြီ ၂၉ ရက်နေ့က အပြီးတိုင် ဖြိုဖျက်လိုက်ပြီ ဖြစ်ကြောင်း ဒေသခံပြည်သူများ၏ပြောပြချက် အရ သိရပါသည်။

    လယ်တီသိမ်တော်အား အပြီးဖျက်လိုက်တာဖြစ်ပြီး အပဲ့တွေ ပျက်ဆီးတဲ့ဟာ မှန်သမျှကို ကျင်းကြီးတူးပြီး ထည့်ပစ်လိုက်ကြောင်း ၎င်းဒေသခံများပြောကြားချက်အရ သိရှိရပါသည်။

    နိုင်ငံရေးတက်ကြွ လှုပ်ရှားသူဖြစ်သူ ကိုဝေဠုက “‘ဒီဟာက သာသနာ အဆောက်အအုံလည်းဖြစ်တယ် သမိုင်းဝင် အဆောက်အအုံလည်းဖြစ်တယ်။ အခုလိုလုပ်တာတော့ ကျွန်တော်တို့ပြည်သူတွေ အနေနဲ့လုံးဝ လက်မခံနိုင်ပါဘူး။ ကျွန်တော်တို့ဘက်ကလည်း အဖွဲ့တွေတိုင်ပင်ပြီး ၎င်းဖျက်သိမ်းမှုအပေါ် ကန့်ကွက် ဆန္ဒပြသမှုတွေကို လုပ်ဆောင်သွားမှာပါ” ဟု လယ်တီသိမ်ဖျက်သိမ်းခံရမှုအပေါ် ပြောကြားခဲ့သည်။

    ယမန်နေ့ ဧပြီလ ၂၉ ရက်နေ့က နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများပါဝင်သော ဒီမိုကရေဒီအင်အားစုမှ  ရဟန်းသံဃာများ မီးရို့အကြမ်းဖက်ခံရမှု (၁၇) လပြည့်နှင့် လက်ပံတောင်းတောင်ကြေးနီ စီမံကိန်း ဖျက်သိမ်းရေးတို့ အတွက် တောင်းဆို ဆန္ဒပြပွဲနှင့် ဆုတောင်းပွဲ တစ်ရပ်ကိုပြုလုပ်ခဲ့ကြသည်။

    Photo Credit- DVB