News @ M-Media
Author: M-Media
  • ခရီးသည်တင်သင်္ဘော တိမ်းမှောက်မှု တောင်ကိုရီးယား သမ္မတ ပက်ဂျုံဟီးနှင့် အစိုးရအဖွဲ့ တောင်းပန်
    ဧပြီ ၂၉ ၊ ၂၀၁၄
    M-Media
    – Sewol ခရီးသည်တင်သင်္ဘော တိမ်းမှောက်မှုအား မတားဆီးနိုင်ခြင်းနှင့် တိမ်းမှောက်ခဲ့ပြီးနောက် ကယ်ဆယ်ရေး လုပ်ငန်းများ အမြန် မဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် လူပေါင်း ၃၀၀ ခန့် သေကြေ၊ ပျောက်ဆုံးခဲ့ရသည့်အတွက် တောင်ကိုရီးသမ္မတ ပက်ဂျုံဟီးက တောင်းပန်လိုက်သည်ဟု သိရသည်။
    Asia-Pacific S Korea leader apologises over ferry disaster
    အစိုးရအနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ပြည့်ပြည့်၀၀ ဆောင်ရွက်နိုင်ခဲ့ခြင်းမဟု အဆိုပါသင်္ဘောပေါ်တွင် လိုက်ပါသွားသည့် ခရီးသည်များ၏ ဆွေမျိုးများက ဝေဖန်ခဲ့ပြီးနောက် ပက်ဂျုံဟီးက ယခုကဲ့သို့ တောင်းပန်ခဲ့ခြင်းဖြစ်သည်။
    “ဒီမတော်တဆမှုကို ဖြစ်မလာအောင် မတားဆီးနိုင်ခဲ့တဲ့အတွက်နဲ့၊ တိမ်းမှောက်ပြီးတဲ့နောက် လျင်လျင်မြန်မြန် မဆောင်ရွက်နိုင်တဲ့အတွက် ကျွန်မ ဘယ်လိုတောင်းပန် ရမှန်းတောင် မသိတော့ပါဘူး။ ပြည်သူတွေအတွက် ၀မ်းနည်းမိပြီး၊ အဖိုးတန်ဘ၀တွေ ဆုံးရှုံးသွားရတဲ့အတွက် ကျွန်မ တော်တော်လေး ကြေကွဲရပါတယ်” ဟု ပက်ဂျုံဟီးက ကတ်ဘိနတ် အဖွဲ့အတွင်း ထုတ်ပြန်သော ကြေညာချက်တွင် ရေးသားဖော်ပြထားသည်။ ပြည်သူများအား ကတ်ဘိနတ် အဖွဲ့မှ တောင်းပန်မှုကို နိုင်ငံပိုင် ရုပ်သံက ယနေ့တွင် ထုတ်လွှင့်ပြသ ခဲ့သည်။
    ပက်ဂျုံဟီးမှာ သင်္ဘောပေါ်တွင် လိုက်ပါသွားသည့် ကျောင်းသားများ ကျောင်းတက်ရာ အန်ဆန်မြို့ရှိ အထက်တန်းကျောင်း၌ ပြုလုပ်ထားသော အောက်မေ့ဖွယ် အခမ်းအနားကို သွားရောက်ခဲ့ပြီး သေဆုံးသွားသူများအတွက် ဂါရ၀ပြုခဲ့သည်။
    ထိုကျောင်းတွင် သေဆုံးသွားသူများ၏ မိသားစုဝင်များက ၎င်းအား အော်ဟစ်ခဲ့ကြပြီး၊ ၎င်းတို့၏ ပြောဆိုမှုကို ပက်ဂျုံဟီးက ၁၀ မိနစ်ခန့် နားထောင်ခဲ့ကာ နောက်ပိုင်းတွင် ထိုနေရာမှ ပြန်လည်ထွက်ခွာခဲ့သည်။
    လူပေါင်း ၄၇၆ ဦးအား တင်ဆောင်သွားခဲ့သည့် အဆိုပါသင်္ဘော နစ်မြုပ်မှုကို တာဝန်ယူသည့်အနေဖြင့် တောင်ကိုရီးယား ၀န်ကြီးချုပ်မှာ စောစောပိုင်းက နှုတ်ထွက် သွားခဲ့သည်။ ထိုသင်္ဘောမှ ခရီးသည် ၁၇၄ ဦးကိုသာ အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့သည်။ လက်ရှိချိန်အထိ ၁၈၀ ကျော်၏ အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ပြီး ၁၀၀ ကျော်မှာ ပျောက်ဆုံးနေဆဲဖြစ်သည်။
    Agencies
  • ဂျူများအား နာဇီတို့က လူမျိုးတုန်းသတ်ဖြတ်မှု အောက်မေ့ဖွယ် အခမ်းအနား အစ္စရေးပြုလုပ်
    ဧပြီ ၂၉ ၊ ၂၀၁၄
    M-Media
    – နာဇီများက ဂျူးများကို လူမျိုးတုန်းသတ်ဖြတ်သည့် Holocaust အစီအစဉ် အောက်မေ့ဖွယ်အခမ်းအနားကို အစ္စရေး၌ပြုလုပ်ခဲ့ပြီး အစ္စရေးအစိုးရ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
    487094597-1024x682
    Yad Vashem အောက်မေ့ဖွယ် အဆောက်အဦးတွင် တနင်္ဂနွေနေ့ညက ပြုလုပ်သည့်အဆိုပါ အခမ်းအနားမှာ ၂၄ နာရီကြာမြင့်ခဲ့သည်။ နာဇီတို့၏ Holocaust အစီအစဉ်အတွင်း ဂျူလူမျိုး ၆ သန်းသေဆုံးခဲ့ပြီး ထိုစဉ်ကရှိသည့် ဂျူးလူမျိုးများ၏ သုံးပုံတစ်ပုံခန့် ပမာဏဖြစ်သည်။
    Holocaust အောက်မေ့ဖွယ်နေ့မှာ အစ္စရေးပြက္ခဒိန်၏ ထူးခြားလေးနက်သည့် နေ့တစ်နေ့ဖြစ်သည်။ ထိုနေ့တွင် အစ္စရေးရှိ စားသောက်ဆိုင်များ၊ ဖျော်ဖြေရေး လုပ်ငန်းများ ပိတ်ကြပြီး၊ ရေဒီယိုနှင့် တီဗီအစီအစဉ်များတွင်လည်း Holocaust နှင့် ပတ်သက်သည့် မှတ်တမ်းရုပ်ရှင်များ၊ အသတ်ခံရမှုမှ လွတ်မြောက်လာသူများ၏ အင်တာဗျူးများ၊ ၀မ်းနည်းကြေကွဲဖွယ် သီချင်းသံများကိုသာ ဦးစားပေး ထုတ်လွှင့်ကြသည်။
    နာဇီတို့၏ Holocaust အစီအစဉ်အတွင်း သေဆုံးသွားသူများအတွက် အစ္စရေးတစ်နိုင်ငံလုံးက ယမန်နေ့နံနက်ပိုင်းတွင် ၂ မိနစ်ခန့် ငြိမ်သက်ဆုတောင်းခဲ့ကြသည်။
    AP
  • သန်းခေါင်စာရင်း မုန်တိုင်း
    ဧပြီ ၂၉ ၊ ၂၀၁၄
    M-Media
    ဘာသာပြန်ဆိုသူ- မြင့်မိုရ်မောင်မောင်
    မူရင်းအင်္ဂလိပ်ဘာသာဖြင့်ဆောင်းပါး- Myanmar Times
    c4ebf973d2d51b0c500f6a706700c25d
    စစ်တွေ သဲချောင်း မွတ်စလင် ဒုက္ခသည် စခန်းတွင် သန်းခေါင်စာရင်း ကောက်ယူနေပုံ
    ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ခံမှု အချက်အလက်အားလုံးနီးပါးမှာ ယခုသီတင်းပတ်အကုန်တွင် အချောသတ်ပြီဖြစ်သည်။ သို့သော် မေလဒုတိယပတ် အစောပိုင်းတွင် ရလဒ်များအပေါ် ပြန်လည် ဆန်းစစ်မည့် အစိုးရဖက်မှ လုပ်နည်းလုပ်ဟန်နှင့် စပ်လျဉ်းသော အငြင်းပွားမှုကတော့ ဆက်လက်ရှိနေနိုင်၏။
    အဓိကပြဿနာဖြစ်ပွားသော ဒေသများမှာ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်ဖြစ်သည်။ ရခိုင်ပြည်နယ်၌ မိမိကိုယ်ကို ရိုဟင်ဂျာလူမျိုးဟု သတ်မှတ်ဖော်ပြလိုသည့် မွတ်စ်လင်မ်တို့ကို ကောက်ခံသူများမှ ထိုအချက်အလက် အတိုင်း ဖြည့်သွင်းရန် ငြင်းဆန်ခဲ့သည်။ ကချင်ပြည်နယ်၌ ကချင်လွတ်မြောက်ရေး တပ်မတော် KIA ၏ ထိန်းချုပ်နယ်မြေများ အတွင်း သန်းခေါင်စာရင်း မကောက်ယူနိုင်ခဲ့။
    မွတ်စ်လင်မ်တို့အား ရိုဟင်ဂျာဟု သတ်မှတ်ဖော်ပြခွင့်ပြုလိုက်ပါက ရခိုင်ပြည်နယ်သာမက အခြားဒေသများတွင် ပြင်းထန်သည့်ပြဿနာများကို ဖြစ်ပေါ်လာစေနိုင်ကြောင်း၊ အကြောင်းမှာ ယင်းကိစ္စသည် နိုင်ငံသားအဖြစ် စာရင်းဝင်အောင် လုပ်ယူသည့်ခြေလှမ်း တစ်ရပ်ဟု လူများတို့မှ သိမြင်ထားသောကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် ယင်းသို့ ဆုံးဖြတ်ဆောင်ရွက်လိုက်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနက ဆိုသည်။
    “ဒီသန်းခေါင်စာရင်း ကိစ္စထဲ မည်သည့်ပြဿနာ၊  မည်သည့်သွေးချောင်းစီးမှုကိုမှ ကျွန်မတို့ မလိုလားပါဘူး” ဟု ၀န်ကြီးဌာန၏ သန်းခေါင်စာရင်း နည်းပညာ အဖွဲ့ဒါရိုက်တာ ဒေါ်ခိုင်ခိုင်စိုးက ပြောကြားသည်။
    သို့သော် ကချင်ပြည်နယ်၌ သန်းခေါင်စာရင်းနှင့် စပ်လျဉ်းသော မနှစ်မြို့မှုများမှာ ဆိုးဆိုးရွားရွား ပေါ်လွင်ခဲ့သည်။ စာရင်းကောက်များ၏လုံခြုံရေး အတွက် ကေအိုင်အေပိုင်နက်အတွင်း တပ်စိတ် တစ်ခုအား ဦးဆောင်ဝင်ရောက်ခဲ့သော တပ်မတော်ဗိုလ်ကြီးတစ်ဦးမှာ သတ်ဖြတ်ခံလိုက်ရသည်။
    နိုင်ငံပိုင်မီဒီယာသတင်းများနှင့် လုံးဝကွဲလွဲ ဆန့်ကျင်လျက် – ထိုတိုက်ပွဲသည် သန်းခေါင်စာရင်းကိစ္စနှင့် အလျဉ်း မသက်ဆိုင်ပါ ဟု ဒေါ်ခိုင်ခိုင်စိုးက အခိုင်အမာ ဆိုပါသည့်တိုင် ယင်းဖြစ်ရပ်ကြောင့် နှစ်ဖက် အပြန်အလှန် တိုက်ပွဲဖြစ်ပွားရာ လူပေါင်း ၅၀၀၀ အိုးအိမ်စွန့်ထွက်ပြေးခဲ့ရသည်။
    သို့သော် စာရင်းကောက်များသည် နိုင်ငံတွင်းအခြားဒေသရှိ နေရာအတော်များများ၌ သတ်မှတ်မေးခွန်းအားလုံးကို မေးမြန်းခဲ့ခြင်းမရှိကြောင်း သတင်းတို့နှင့်တစ်ကွ သန်းခေါင်စာရင်းကောက်ယူပုံ စောဒကများလည်း ပွင့်အံလာခဲ့ကြသည်။
    ချင်းလူ့အခွင့်အရေးအဖွဲ့၏ ဒေသတွင်းအစီအစဉ်မှူး Salai Bawi Thaing က မိမိသည် မြို့နယ် များစွာရှိ ချင်းလူမျိုးတို့ထံမှ သတင်းများ လက်ခံရရှိခဲ့ကြောင်း၊ မျိုးနွယ်စု သို့မဟုတ် ကိုးကွယ်သည့် ဘာသာအား မေးမြန်းခဲ့ခြင်း မရှိပါဟု ၎င်းတို့မှဆိုကြောင်း ပြောပြသည်။ စာရင်းကောက်များသည် မေးမြန်းခြင်း မပြုဘဲ ရေးသွင်းခဲ့ရာ ထိုသူတို့အဖို့  မည်သည့် ဘာသာ၊ လူမျိုးအဖြစ် ထည့်သွင်းခံရကြောင်း မသိရှိကြပါဟု ဆိုသည်။
    စာရင်းကောက်ခံရာ၌ အမှားအယွင်းများရှိခဲ့သည်ဟု မြန်မာအစိုးရအား နည်းပညာပံ့ပိုးသော ကုလသမဂ္ဂလူဦးရေရံပုံငွေအဖွဲ့ United Nations Population Fund (UNFPA) ရော လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနပါ ၀န်ခံထားကြသည်။ သို့ဖြစ်စေကာမူ အချက်အလက်အားလုံး ထိခိုက်ပျက်စီး သွားစေလောက်အောင် မကြီးမား မကျယ်ပြန့်နိုင်ဟု ယုံကြည်ကြောင်း ၎င်းတို့က ပြောဆိုထား၏။
    “ မေးခွန်းတွေရဲ့အဖြေတွေကို ရံဖန်ရံခါ အမှန်တွေရခဲ့တယ်။ သူတို့ကွင်းဆင်းကောက်ယူတဲ့ အချို့အချိန်တွေမှာတော့ အသင့်ရှိနေသော ပြင်ပလူတွေက ၀င်ရောက်စွက်ဖက်တာမျိုးလည်း ရှိခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီဘေးပန်းဝေဖန် စကားတွေကို ဒုတိယဆင့်မှာပဲ ထားခဲ့ပါတယ် ” ဟု UNFPA မှ ဧပြီ ၁၁ ရက်တွင် ပြောကြားသည်။
    ရခိုင်ပြည်နယ်မှအပ နိုင်ငံဒေသအများစုတွင် လုပ်ငန်းစဉ် ချောမွေ့ခဲ့သည်ဟု နိုင်ငံတကာလေ့လာသူများက ဆိုသည်။ မြန်မာနိုင်ငံအရေး UNFPA ကိုယ်စားလှယ် Janet Jackson က “ ရခိုင်ကဖြစ်ရပ်တွေမှာ ကတိပြုထားတဲ့ သန်းခေါင်စာရင်းအပေါ် ပုံဟန်တစ်မျိုးနဲ့ အရိပ် လွှမ်းမိုးနေကြောင်း ထင်ရှားခဲ့တယ် ” ဟု ပြော၏။
    လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦစီးဌာနအရာရှိများက ဝေဖန်ချက် အများစုကို ပယ်ချထားပြီး အလွန်အောင်မြင်သည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ ၉၀ ရာခိုင်နှုန်းသော လူဦးရေ စာရင်းကို ကောက်ခံပြုစုပြီးဖြစ်ကြောင်း၊ ရခိုင်နှင့် ကချင်ပြည်နယ်မှ ကျန်ရှိနေသေးသည့် အချက်အလက်များ ကောက်ယူနိုင်အောင် ကြိုးစား လုပ်ဆောင်နေကြောင်း လွန်ခဲ့သည့်ရက်သတ္တပတ်က ဖော်ပြခဲ့သည်။
    မြန်မာပြည်မြောက်ပိုင်းတွင် သန်းခေါင်စာရင်း လုပ်ငန်းစဉ်အား အေးချမ်းစွာဆောင်ရွက်နိုင်ရေး အတွက် အစိုးရသည် ကေအိုင်အေနှင့် စေ့စပ်ညှိနှိုင်းနေကြောင်း၊ ရခိုင်ပြည်နယ် အရေးတွင်မူ မိမိသည် UNFPA ၏ နိုင်ငံတကာ သန်းခေါင် စာရင်းကျွမ်းကျင်သူများ ပါဝင်သည့် အပြည်ပြည်ဆိုင်ရာ နည်းပညာ အကြံပေးဘုတ် အဖွဲ့နှင့် အတူ လက်တွဲဆောင်ရွက်နေကြောင်း ဒေါ်ခိုင်ခိုင်စိုးက ဆိုသည်။
    သို့သော် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနသည် မွတ်စ်လင်မ်တို့အား ရိုဟင်ဂျာ အဖြစ် သတ်မှတ်ညွှန်းဆိုမည့် မည်သည့်နည်းလမ်းကိုမှ လက်ခံ စဉ်းစားပေးလိမ့်မည်မဟုတ်ဟု သူမက အလေးအနက်ထား ပြောကြားသွားသည်။ ဘုတ်အဖွဲ့၏ ဒုဥက္ကဌ Paul Cheung က နည်းလမ်းရှာ အဖြေထုတ်ဖို့ အချိန်ယူရပေဦးမည်ဟု ဆိုသည်။
    “ နည်းပညာပိုင်းအရ အဖြေရှာမှုတွေကတော့ ရှင်းလင်းလှပါတယ်။ ဒါပေမယ့် နိုင်ငံရေး အတိုင်းအတာအရ ခရီးတွင်ပေါက်မြောက်မှာတော့ မဟုတ်ဘူး။ နိုင်ငံရေးနဲ့ နည်းပညာက ထပ်တူကျဖို့လည်း မလွယ်ပါဘူး။ ကျွန်တော်တို့ရဲ့ ဆွေးနွေးမှုနဲ့ သုံးသပ်မှုအတွက် အကန့်အသတ်တွေကို ကျွန်တော်တို့ နားလည်ထားရပါမယ် ”။
    အစိုးရဖက်မှ လမ်းကြောင်းတစ်ခုထပ်မံ ခင်းထားပြီးဖြစ်သည်။ ပထမအကြိမ် ချန်လှပ်ခံရသော ရခိုင်ပြည်နယ်မွတ်စ်လင်မ်တို့သည် မိမိကိုယ်ကို ဘင်္ဂလီများ ဟု သတ်မှတ်ဖော်ပြလျှင် သို့မဟုတ် တင်းပြည့် ကျပ်ပြည့်မေးမြန်းမှုကို လျစ်လျူရှုရန် သဘောတူလျှင် သန်းခေါင်စာရင်းထဲ ပြန်လည်ထည့်သွင်းနိုင်မည်ုဖြစ်သည်။ ဧပြီလ ၂၅ ရက်တွင် ရခိုင်ပြည်နယ်ရှိ အိမ်ထောင်စုပေါင်း ၆၀၀၀ မှာ ဤလမ်းကြောင်းကို လက်ခံလိုက်ပြီဟု နိုင်ငံပိုင်မီဒီယာများမှ သတင်းဖော်ပြခဲ့သော်လည်း ထိုကိန်းဂဏန်းမှာ နှောင်ကြိုးမဲ့ အတည် မပြုနိုင်သေးချေ။
    နောက်တစ်ဆင့်မှာ “အခြားလူမျိုး” စာရင်းဝင်သူများအားလုံးကို ရေတွက်မှတ်တမ်းတင်မည့် လုပ်ငန်းစဉ်ဖြစ်မည်။ ၎င်းမှာ အချိန်ယူရမည်။ ဒေါ်ခိုင်ခိုင်စိုး၏ အဆိုအရ ဤလုပ်ငန်းစဉ်ကို စက်ဖြင့်မဖတ်ဘဲ လက်ဖြင့် ရေးသွင်း မှတ်တမ်းတင်မည်ဖြစ်သည်။
    ယခုလအစောပိုင်း သတင်းစာရှင်းလင်းပွဲ တစ်ခု၌ လ၀က၀န်ကြီး ဦးခင်ရီက ရခိုင်ပြည်နယ်တွင်း စာရင်းကောက်ခံမှုဆိုင်ရာ သဘောကွဲလွဲမှုသည် အစိုးရနှင့် UNFPA သို့မဟုတ် နိုင်ငံတကာ အလှူရှင်များအကြားရှိ ဆက်ဆံရေးကို ထိခိုက်နစ်နာစေလိမ့်မည်ဟု မိမိ မယုံကြည်ကြောင်း၊ အကယ်၍ စာရင်းကောက်များမှ မွတ်စ်လင်မ်တို့အား ရိုဟင်ဂျာ အဖြစ် ရေးသွင်းခွင့်ပြုခဲ့ပါက ရခိုင်ပြည်နယ်၌ အကြမ်းဖက်မှု ပိုမိုဖြစ်ပွားအောင် တွန်းပို့ရာရောက်ကြောင်းကို “ ကျွန်တော်တို့ဟာ နိုင်ငံ့ လုံခြုံရေးနှင့် အချုပ်အခြာ တည်တံ့ရေး အတွက် တာဝန်ထမ်းဆောင်နေတာပါ။ ကျွန်တော်တို့တိုင်းပြည်ရဲ့ မူဝါဒအရ ရိုဟင်ဂျာတွေဆီက စာရင်းကောက်ခံမှု မပြုခဲ့ကြပါဘူး ” ဟူ၍ ပြောဆိုခဲ့သည်။
    ၎င်းပြင် သူက ဘင်္ဂလီအစား ရိုဟင်ဂျာဟု ဖော်ပြလိုသူတို့၏ တရားဝင်မှုနှင့် စပ်လျဉ်း၍ မေးခွန်းထုတ်ခဲ့သည်။
    “ တရုတ်လူမျိုးတွေက တရုတ်ပြည် ဇာတိ ဖြစ်တယ်။ ရိုဟင်ဂျာတိုင်းပြည်ဆိုတာ ဘယ်မှာလဲ ? ရိုဟင်ဂျာကို ဘယ်နိုင်ငံက လက်ခံပါသလဲ ? ကျွန်တော်တို့တိုင်းပြည်က သူတို့ကို လက်ခံဖို့ ဘယ်လိုမှ မဆီလျော်ပါဘူး ”။
    နောက်တစ်ဆင့်မှာ “အခြားလူမျိုး” စာရင်းဝင်သူများ အားလုံးကို ရေတွက်မှတ်တမ်းတင်မည့် လုပ်ငန်းစဉ်ဖြစ်မည်။ ၎င်းမှာ အချိန်ယူရမည်။ ဒေါ်ခိုင်ခိုင်စိုး၏ အဆိုအရ ဤလုပ်ငန်းစဉ်ကို စက်ဖြင့် မဖတ်ဘဲ လက်ဖြင့် ရေးသွင်း မှတ်တမ်းတင်မည်ဖြစ်သည်။
    “ DRS ကုမ္ပဏီနဲ့ မဆွေးနွေးရသေးတဲ့ အတွက် ကျွန်မ အသေအချာ မပြောနိုင်သေးပါဘူး ”။
    DRS မှလည်း မည်သည့် မှတ်ချက်မျှ မပေးနိုင်ခဲ့။
    သန်းခေါင်စာရင်းလုပ်ငန်းစဉ်အတွင်းရှိ လက်သည်းဝှက်များ၊ လျော့တိလျော့ရဲနိုင်မှုများကို ထောက်ပြ၍ လူမျိုးရေးတင်းမာမှုများ ကြီးထွားလာမည်ဟု ပရောဂျက် အလှူရှင်များ အပါအ၀င် ပြည်တွင်းနှင့် နိုင်ငံတကာ လေ့လာသူများက လွန်ခဲ့သည့် တစ်နှစ်လော်ကပင် သတိပေးထားခဲ့သည်။
    အစိုးရအသိအမှတ်ပြု တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးစာရင်းကို အခြေခံသော ဆုံးဖြတ်ချက်မှာ ဗြိတိသျှကိုလိုနီခေတ်၏ လက်ဝေခံ လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်ချက်များ ရှိသည်။ ထို့အပြင် သန်းခေါင်စာရင်း၌ မိသားစုသုံးအိမ်သာအမျိုးအစားမှသည် တစ်နှစ်အတွင်းသေဆုံးသူ မိသားစုဝင်အကြောင်းအချက်များအထိ မေးခွန်း ၄၁ ခုကို အဓိပ္ပာယ်မဲ့ ရှည်လျားထွေပြားစွာ ထည့်သွင်းထားသည်။
    “ သန်းခေါင်စာရင်းရဲ့ အခင်းအကျင်းထဲမှာ အချက်အလက်တွေ ကောက်ခံစစ်ဆေးပြီးကာမှ ပြောင်းလဲပြင်ဆင်မှု ပြုမပြုဆိုတာ မပြောနိုင်ပါဘူး။ အထူးသဖြင့် ထည့်ခွင့်မပြုထားတဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်လို့ပေါ့။ သန်းခေါင်စာရင်းအချက်အလက်များအရ နိုင်ငံတော်စီမံကိန်းနဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းမှုကို လမ်းညွှန်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ဖွယ်ရာတော့ ရှိပါတယ်။ ဒါပေမဲ့ သန်းခေါင်စာရင်းဒီဇိုင်းနာတွေက စီစဉ်ဆဲအဆင့်မှာ ပြည်သူ့အသံ နားမစွင့်ခဲ့တာဟာဖြင့် သံသယ၀င်စရာပါဘဲ ” ဟု ရန်ကုန်အခြေစိုက် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်မှုအဖွဲ့ သုတေသီ Mr David Mathieson က ဆိုသည်။
    Foftify Rights လူ့အခွင့်အရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ Matt Smith ကလည်း အချက်အလက်သေချာစွာရရှိရေးကို ရခိုင်ပြည်နယ်မှာကဲ့သို့ တင်းမာမှုမီးမွှေးရန် အသုံးချမချဟူသည် နောက်ထပ်စိန်ခေါ်ချက်ဖြစ်ကြောင်း သုံးသပ်ပြောဆိုသွား၏။
    “ တင်းမာနေပြီးဖြစ်တဲ့ အနေအထားတစ်ရပ်ကို မပွင့်ထွက်စေဖို့  အစိုးရမှာ တာဝန်ရှိပါတယ်။ ဘာသာရေးထိန်းချုပ်မှုအပေါ် ဒီအချက်အလက်ကို ကိုင်တွယ်မယ်ဆိုရင် ဒီလမ်းကြောင်းက အဲ့ဒီမှာဘဲ အဆုံးသတ်သွားမှာဖြစ်တယ်။ ဒီအနေအထားရောက်ရင် အစိုးရရဲ့ ဖျက်ဆီးရေးထိန်းချုပ်မှုလို့ ဆိုရပါမယ်”။
    Myanmar Times English ပိုင်းတွင် ဖော်ပြခဲ့သည့် Census collection winds down amid controversy  ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။
  • ဂုဏ်ယူဖွယ်ရာ အစ္စလာမ့် လက်ရေးလှ Calligraphy အတတ်ပညာရပ်
    ဧပြီ ၂၉ ၊ ၂၀၁၄
    M-Media
    .ဆွေမွန်ရေးသားသည်။
    ဂုဏ်ယူဖွယ်ရာ အစ္စလာမ့် လက်ရေးလှ Calligraphy အတတ်ပညာရပ် (သို့) အစ္စလာမ့်ယဉ်ကျေးမှု၌သာ သီးသန့်ထွန်းကားနေဆဲဖြစ်သော လက်ရေးလှ Calligraphy အတတ်ပညာရပ်
    Calligraphy
    လက်ရေးလှ Calligraphy အတတ်ပညာရပ်ကို Oxford Advanced Learners’ အဘိဓာန်မှာ Beautiful handwriting that you do with a special pen or brush / The art of producing this လို့ ဖွင့်ပါတယ်။ အစ္စလာမ့်လက်ရေးလှ အတတ်ပညာရပ်ကို အာရဗီလက်ရေးလှ အတတ်ပညာရပ်လို့လည်း လူသိများကြပါသေးတယ်။ တကယ့်ကို အနုပညာမြောက်အောင် ရေးသားရတဲ့ ပညာရပ် တစ်ခုဖြစ်သလို တစ်ချို့စာလုံးတွေကို ရေးသားဖို့ လနဲ့ချီပြီး အချိန်ပေးကာ ရေးဆွဲရပါတယ်။ အစ္စလာမ့် လက်ရေးလှ အတတ်ပညာရပ်ဟာ ကမ္ဘာ့မွတ်ဆလင်မ် အားလုံး လွယ်ကူစွာ ဖတ်တတ်ကြတဲ့ အာရဗီစာလုံးတွေကိုပဲ အခြေခံကာ ရေးဆွဲသားရသလို ဖန်ဆင်းရှင် အလ္လာဟ်အရှင်ရဲ့ အမည်နာမံတော်တွေ၊ ဂုဏ်တော်တွေ၊ ကျမ်းတော်မြတ် ကုရ်အာန်လာ ကျမ်းချက်တွေ၊ အစ္စလာမ့်ယုံကြည်ချက်တွေ၊ ကဆွီဒါကဗျာတွေ၊ စကားပုံစတာတွေကို လက်ရာမြောက်စွာ လက်ရေးသီးသန့်နဲ့ပဲ တီထွင်ရေးသားရပါတယ်။
    အာရပ်၊ ပါရှန်၊ အော်တိုမန် လက်ရေးလှ အတတ်ပညာရပ်တွေဟာ ဗလီဝတ်ကျောင်းတော်တွေရဲ့ နံရံတွေ၊ မျက်နှာကျက်တွေကို အလှတန်ဆာဆင်ခဲ့ကြတဲ့ အာရပ်အနုပညာဒီဇိုင်းတွေနဲ့ များစွာ ဆက်နွယ်လျက်ရှိခဲ့ပါတယ်။ အစ္စလာမ့်လက်ရေးလှ အတတ်ပညာရပ်ဟာ ကျန်တဲ့အစ္စလာမ့် အနုပညာလက်ရာတွေကြားထဲမှာတော့ တကယ့်စွဲမှတ်အထင်ကြီးစရာ ပညာရပ်တစ်ခုဖြစ်ရတာက ကျမ်းတော်မြတ်ကုရ်အာန်က ကျမ်းချက်တွေကိုပဲ အခြေခံကျကျရေးဆွဲမှုကို ထိန်းသိမ်း မူမပျက်စေတဲ့ အကြောင်းတရားကြောင့်ပဲ ဖြစ်ပါတယ်။ ရုပ်ပုံတွေနဲ့ပုံဖော်တင်စားတဲ့ လက်ရေးလှအတတ်ပညာရပ်ဟာ အနုပညာပုံဖော်ခြင်းတစ်ရပ်အနေနဲ့ ခောတ်စားလာခဲ့ပေမယ့်လည်း ဘာသာရေးဆိုင်ရာ ကျမ်းချက်တွေကိုပဲ ရုပ်ပုံအနေနဲ့ အဓိကထားကာ ရေးဆွဲနေကြဆဲဖြစ်ပါတယ်။
    အာရဗီလက်ရေးလှ စာလုံးပုံစံတွေဟာ သူတို့အစပြုရာမြို့အမည်တွေကို အစွဲပြုပြီး ကူဖစ်ပုံစံ၊ ကာလဘ်တီပုံစံ၊ ဟီဂျာဇီပုံစံ၊ ပါရှန်ပုံစံစသည်ဖြင့် ခွဲခြားသလို တီထွင်ရေးသားသူတွေရဲ့ အမည်တွေကို အစွဲပြုပြီး ကာလယာကိုတာပုံစံ၊ ရီဟာနီပုံစံ၊ ဂဇ်လာနီပုံစံစသည်ဖြင့် ကွဲပြားကြပါသေးတယ်။
    ကူဖစ်ပုံစံလက်ရေးလှစာလုံးတွေဟာ ရိုးရှင်းတယ်၊ ဂျီသြမေထြီပုံစံကျတယ်၊ ရိုးရှင်းတဲ့ ကာရံတွေကို ရေညီမျဉ်းတွေနဲ့ ရေးသားလေ့ရှိပါတယ်။ သရစာလုံးတွေကို အနီရောင်အစက်တွေနဲ့ ရေးပြီး ဗျည်းတွေကို မျဉ်းတိုတွေနဲ့ ဖတ်ရလွယ်အောင် ခွဲခြားပေးပါတယ်။ တူနီးရှားနိုင်ငံ၊ ကိုင်ရိုအန်မြို့က ဗလီကြီးမှာ ကူဖစ်ပုံစံရေးထွင်းထားတဲ့ လက်ရေးလှစာလုံးတွေကို မြင်နိုင်သေးသလို ရှေးဟောင်း ဒင်္ဂါးပြားတွေမှာလည်း ကူဖစ်လက်ရေးလှတွေကို မြင်နိုင်ပါတယ်။ မဂ်ရီဗီ နဲ့ အန်ဒလူစီ မူကွဲတွေဟာ အကွေ့အကောက်တွေ ပိုမိုပါဝင်တဲ့ ကူဖစ်လက်ရေးလှပုံစံကွဲတွေဖြစ်ပါတယ်။ ကုရ်အာန်ကျမ်းတော်မြတ် နဲ့ အထောက်အထားတွေကို ရေးသားကြရာမှာ ပိုပြီးကွေ့ကောက်မှုတွေပါဝင်တဲ့ ကူဖစ်လက်ရေးလှတွေ အစားထိုးဝင်ရောက်ခဲ့ပြီ ဖြစ်ပါတယ်။
    နက်ရှ်ခ်လက်ရေးလှပုံစံကို ပါရှန်လူမျိုးဖြစ်တဲ့ Ibn Muqla Shirazi (d. 939) က ၁၀ ရာစုနှစ်မှာ ဦးဆောင်စတင်ခဲ့ပြီး သူ့ရဲ့ဆက်ခံသူတွေဖြစ်တဲ့ Ibn al-Bawwab (d. 1022) နဲ့ Yaqut al-Musta’simi (d. 1298) တို့က ပိုမိုကောင်းမွန်အောင် ပြုပြင်ရေးသားခဲ့ကြပါတယ်။ နက်ရှ်ခ်လက်ရေးလှပုံစံဟာ ပိုပြီး ရေးရ ဖတ်ရတာလွယ်ကူတဲ့အတွက် အစောပိုင်းကူဖစ်ပုံစံတွေထက် လူကြိုက်များခဲ့ကာ တန်ဆာဆင်ယင်တဲ့ ရည်ရွယ်ချက်တွေလည်း ပိုမိုပါဝင်လာခဲ့ပါတယ်။ နက်ရှ်ခ်လက်ရေးလှပုံစံဟာ ယခုအချိန်မှာတော့ ပြန့်နှံ့မှုအကောင်းဆုံးဖြစ်နေပြီး ကုရ်အာန်ကျမ်းတော်မြတ်ကို လက်ရေးလှရေးသားရာမှာ တရားဝင်ရုံးသုံးပုံစံဖြစ်နေပါပြီ။ ၁၇ ရာစုရဲ့ အထင်ရှားဆုံးနက်ရှ်ခ် လက်ရေးလှရေးဆွဲ သူကတော့ အော်တိုမန် လက်ရေးလှရေးဆွဲသူတစ်ဦးဖြစ်တဲ့ ဟာဖဇ် အွတ်ဆမန်ပဲဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ လက်ရေးလှရေးဆွဲဟန်တွေဟာ ယနေ့ကျမ်းတော်မြတ် ကုရ်အာန်ပုံနှိပ် စာလုံးတွေရဲ့ အခြေခံဖြစ်ခဲ့ပါတယ်။
    တူလု့တ်လက်ရေးလှပုံစံကတော့ အခက်အနွယ်တွေနဲ့ ရှည်လျားလှတဲ့ ထောင်လိုက်မျဉ်းတွေသုံးကာ ပိုမိုအားရှိတဲ့ဖက်ကို ယိမ်းခဲ့ပါတယ်။ တူလု့တ်လက်ရေးလှပုံစံကို ၁၄ ရာစုကုန် ၁၅ ရာစုဆန်းစကာလတွေမှာ မာမ်းလုက်မျိုးနွယ်တွေက သုံးစွဲခဲ့ကြပါတယ်။ စွဲမက်စရာကောင်းလှတဲ့ ဒီလက်ရေးလှပုံစံတွေဟာ တူရကီနိုင်ငံက ဟူဆီရင် နဲ့ ဖူအတ်ဘာဆာဒေသတွေမှာ ရှင်သန်နေဆဲပါ။
    တာဝ်ကီလက်ရေးလှပုံစံဟာ အဘာဆစ်ဒ်ခါလီဖာတွေ လက်ထက်မှာ ပေါ်ပေါက်ထွန်းကားခဲ့ပါတယ်။ တရားဝင်ဥပဒေတွေကို ပြဌာန်းရာမှာ တရားဝင်သုံးစွဲခဲ့ကြပြီး ရှည်လျားလှတဲ့ဒေါင်လိုက်မျဉ်းကြီးတွေ၊ ကျယ်ပြန့်ကားလှတဲ့ အကွေ့ပုံစံတွေနဲ့တာဝ်ကီလက်ရေးလှပုံစံကတော့ အသုံးနည်းလျက်ရှိနေပါတယ်။ ရစ်ကာအာလက်ရေးလှပုံစံကတော့ တာဝ်ကီလက်ရေးလှပုံစံရဲ့သေးငယ်တဲ့မူကွဲပုံစံတစ်မျိုးပါ။
    ၁၇ ရာစုနောက်ပိုင်းမှာတော့ ပိုမိုပြီးအကွေ့အကောက်တွေနဲ့ တန်ဆာဆင်ယင်ထားတဲ့ အာရဗီလက်ရေးလှ စာလုံးပုံစံတွေဟာ တူရကီ နဲ့ ပါရှန်းမြေတွေမှာ ထွန်းကားလာခဲ့ပြန်ပါတယ်။ နာစ်တာလစ်က်လက်ရေးလှပုံစံ၊ ရှီကားစ်တက်လက်ရေးလှပုံစံစသည်ဖြင့် ပုံစံကွဲတွေ ရှိခဲ့ပြီး ဗလီဝတ်ကျောင်းတော်တွေရဲ့ ၀င်ပေါက်တွေမှာ တန်ဆာဆင်ယင်ခဲ့ကြပါတယ်။ ဒီဝန်နီလက်ရေးလှပုံစံတွေဟာ အော်တိုမန်တူရကီတွေ ၁၇ ရာစုက သုံးခဲ့တဲ့ ပုံစံဖြစ်ပါတယ်။
    တရုတ်ပြည်မှာတော့ ဆီနီလို့ခေါ်တဲ့ အာရဗီလက်ရေးလှ ပုံစံကွဲတစ်မျိုး ပေါ်ပေါက် ထွန်းကားခဲ့တာကို တွေ့မြင်နိုင်ကြပါသေးတယ်။
    လက်ရေးလှ Calligraphy အတတ်ပညာရပ်ဟာ မွတ်ဆလင်မ်တွေရဲ့ ကမ္ဘာမှာ အစ္စလာမ့်အနုပညာရပ်တစ်ခုအနေနဲ့ ထွန်းတောက်ထင်ရှားနေဆဲဖြစ်သလို စာလုံးတစ်လုံးနဲ့ တစ်လုံး ကူးယှက်နွယ်ကာ ရေးသားပြသတဲ့ လက်ရေးလှ အတတ်ပညာရပ်ဟာ ခေတ် အဆက်ဆက်က မြင်ရသူတိုင်းကို အာရဗီ ဘာသာစကားကို မတတ်မြောက်စေကာမူ သူ့ရဲ့ ခမ်းနားကြီးကျယ်နက်နဲမှုတွေ၊ လှပနူးညံ့မှုတွေနဲ့ ဖမ်းစားနေဦးမှာ အမှန်ပဲဖြစ်ပါတော့တယ်။
    ဆွေမွန်
    ၂၇ ဧပြီ ၂၀၁၄
  • ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဆက် ဖြစ်လာနိုင်သေးသလား
    စည်သူအောင်မြင့်
    မဇ္ဇျိမ သတင်းစာ၊ ၂၁-၄-၁၄။ စာ-၉။
    5-4-2014
    ပြီးခဲ့တဲ့ သင်္ကြန်တွင်း ဧပြီ ၁၅၊ ၁၆ နဲ့ ၁၇ ရက်နေ့တွေမှာ စိတ်မကောင်းစရာ ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှု တစ်ခု ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် တောင်ညိုမြို့သစ်မှာ ဖြစ်ပွားခဲ့ပါတယ်။ အစ္စလာမ်ဘာသာဝင် လူငယ်တစ်ယောက် လာရောက်တဲ့ ကိစ္စကို အကြောင်းပြုပြီး ဗုဒ္ဓဘာသာဝင် ဒေသခံ လူအုပ်စုက ဗုဒ္ဓဘာသာဝင်တစ်ချို့ရဲ့ နေအိမ်တွေကို အကြမ်းဖက် ဖျက်ဆီးခဲ့တဲ့ ဖြစ်စဉ်ပါ။ ရန်ကုန်တိုင်း လှည်းကူးမှာ ခုလိုပဲ ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှု တစ်ခု ဖြစ်ပွားခဲ့ပြီး သိပ်မကြာခင်မှာပဲ နတ်တလင်းမှာ ဖြစ်ပွားခဲ့တာပါ။ အခုနောက်ပိုင်း ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ခပ်စိတ်စိတ် ဖြစ်လာပြီလား၊ ဘာကြောင့် ဒီလောက် ဖြစ်ပွားမှု များလာတာပါလဲ၊ အာဏာပိုင်တွေရဲ့ အရေးယူ ကိုင်တွယ်ပုံကရော ကျေနပ်လောက် စရာ ရှိပါရဲ့လား၊ ရှေ့ ဘာတွေများ ဆက်ဖြစ်လာနိုင်မလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။
    ဖြစ်စဉ်ကတော့ သိပ် ထူးထူးခြားခြားကြီး မဟုတ်ပါဘူး။ သတင်းဖော်ပြချက်တွေအရ နတ်တလင်းမြို့ပေါ်နေ အစ္စလာမ် ဘာသာဝင် လူငယ်လေးတစ်ယောက်ဟာ တောင်ညိုမြို့သစ်က ဗုဒ္ဓဘာသာဝင် မိန်းကလေးတစ်ယောက်နဲ့ ချစ်ကြိုက်ကြတယ်လို့ ဆိုပါတယ်။ မိန်းကလေးရဲ့ ဖုန်းဆက်ခေါ်ဆိုမှုကြောင့် အဲဒီလူငယ်လေးဟာ တောင်ညိုမြို့သစ်က မိန်းကလေးရဲ့ အိမ်ကိုသွားပါတယ်။ အဲဒီအိမ်ကို ရောက်ပြီးနောက် ဒေသခံ လူအုပ်စုကြီးက ဘာသာခြား လူငယ်ကို ထုတ်ပေးဖို့၊ သူတို့လက် အပ်ဖို့ တောင်းဆိုပါတယ်။ ထုတ်မပေးတဲ့အခါ အရေအတွက် သုံးရာလောက်ရှိတဲ့ လူအုပ်ကြီးက အဲဒီ အိမ်ကို ခဲနဲ့ပေါက်၊ နေအိမ်နဲ့ အိမ်သုံးပစ္စည်းတစ်ချို့ကို ဖျက်ဆီးခဲ့ကြပါတယ်။ နောက်ရက်တွေမှာလည်း အဲဒီ လူငယ်နဲ့ ရင်းနှီးတဲ့ နေအိမ်သုံးလုံးကို ဆက်ပြီး ဖျက်ဆီးခဲ့ကြ ပါသေးတယ်။ ဒီအတောအတွင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်တဲ့ ရဲတပ်ဖွဲ့ဝင် (၅၀) လောက် လာရောက်ခဲ့ပေမယ့် တစ်စုံတစ်ရာ တားဆီးတာမျိုး မလုပ်နိုင်ခဲ့ကြဘူးလို့ ဆိုပါတယ်။
    သတင်းရေးသားဖော်ပြချက်တွေနဲ့ တကယ့်ဖြစ်ရပ် အသေးစိတ် အချက်အလက် တစ်ချို့ ကွာခြားတာမျိုး ရှိကောင်း ရှိနိုင်ပေမယ့် သေခြာတဲ့ အချက်တွေကတော့ ဘာသာခြား လူငယ်ကို ထုတ်ပေးဖို့ ဒေသခံ လူအုပ်ကြီးက တောင်းဆိုတာပါ။ နောက် နေအိမ် စုစုပေါင်း လေးလုံး ဖျက်ဆီးခံရတာပါ။ အခြားသော ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှု ဖြစ်စဉ်တွေမှာလိုပဲ လူအုပ်ကြီးဟာ တရားဥပဒေ အတိုင်းမဟုတ်ပဲ လူတစ်ယောက်ကို သူတို့ လက်အပ်ဖို့ တောင်းဆိုခဲ့ပါတယ်။ တကယ်လို့ အပ်လိုက်ရင် သူတို့နည်း သူတို့ဟန်နဲ့ အပစ်ပေး အရေးယူမယ် ဆိုတဲ့ သဘောမျိုးဖြစ်ပါတယ်။ အဲဒီ လူကို လက်ဝယ်မရတဲ့အခါ ဘာမှမဆိုင်တဲ့ လက်ခံထားသူတွေရဲ့ နေအိမ်တွေကို အကြမ်းဖက် ဖျက်ဆီးမှုတွေ လုပ်ကြတာမျိုး ဖြစ်ပါတယ်။
    အရင်က ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ နှိုင်းရင် အခုဖြစ်စဉ်မှာ ထူးခြားချက် တစ်ချို့ရှိပါတယ်။ အဲဒါကတော့ ဘာသာခြားကို လက်ခံထားတဲ့ ဗုဒ္ဓဘာသာဝင် နေအိမ်တွေကို ဗုဒ္ဓဘာသာဝင် လူအုပ်ကြီးကပဲ အကြမ်းဖက် ဖျက်ဆီးပစ်ခြင်းပါ။ ဖျက်ဆီးခံရတဲ့ နေအိမ် လေးလုံးပဲ ရှိတယ် ဆိုပေမယ့် ဗုဒ္ဓဘာသာဝင်တွေရဲ့ ပုံရိပ်၊ အစိုးရရဲ့ ပုံရိပ်၊ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို အများကြီး ထိခိုက်စေပါတယ်။ အရုပ်ဆိုး အကျည်းတန်စေပါတယ်။ ဒီဖြစ်စဉ်နဲ့ ပါတ်သက်လို့ ဘယ်သူတွေက ဘယ်လိုပဲ အကြောင်းပြပြ ဗုဒ္ဓဘာသာဝင် တစ်ချို့ရဲ့ ဘာသာခြားအပေါ် အမုန်းတရား အခြေခံပြီး အကြမ်းဖက်မှု ကျူးလွန်ခဲ့ကြတယ် ဆိုတာကိုတော့ ဘယ်လိုမှ ငြင်းလို့မရပါဘူး။ တရားဥပဒေ စိုးမိုးရေးကို မျက်ကွယ်ပြုခဲ့ကြတယ် ဆိုတာလည်း ထင်ထင်ရှားရှားကြီး တွေ့နိုင်ပါတယ်။
    အရင်းခံ လက်သယ် အကြောင်းတရားကတော့ အမုန်းတရားပါ။ အဲဒီ ဒေသခံ လူအုပ်ကြီးရဲ့ စိတ်ထဲမှာ အဲလို ဘာသာခြားကို မုန်းတီးတဲ့ စိတ်အခံ ရှိနှင့်နေပြီးသားပါ။ ဒီဖြစ်စဉ်မှာတော့ ဘာသာခြားကို မုန်းတီးတာ တင်မက အဲဒီ ဘာသာဝင်နဲ့ ဆက်ဆံတဲ့ ကိုယ့်ဗုဒ္ဓဘာသာဝင် မိသားစု တွေကိုပါ မုန်းတီး အကြမ်းဖက် အပစ်ပေးတာ တွေ့မြင်နိုင်ပါတယ်။ အခုဖြစ်ပွားခဲ့တဲ့ တောင်ညို အကြမ်းဖက်မှု၊ လှည်းကူး အကြမ်းဖက်မှု နဲ့ ရှေ့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု ဖြစ်စဉ် အားလုံးရဲ့ အရင်းခံဟာ လူတွေရဲ့ စိတ်ထဲ ၀င်ရောက်နေတဲ့ အမုန်းတရားက လှုံ့ဆော်လို့ ဖြစ်ရတာပါ။ ဒီလိုဖြစ်ရအောင်ကလည်း အစိုးရအဖွဲ့သစ် တက်လာပြီးနောက်ပိုင်း ဘာသာခြား မုန်းတီးရေး လှုံ့ဆော်မှုတွေ အဆက်မပြတ် ရှိနေခဲ့တာက အဓိက ပြသနာပါ။ မိတ္တီလာ အကြမ်းဖက်မှုနဲ့ တခြား အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးနောက်ပိုင်း သမ္မတ ဦးသိန်းစိန်က အမုန်းတရား ဖြန့်ဖြူးသူတွေကို ထိထိရောက်ရောက် အရေးယူမယ်လို့ ပြည်တွင်းမှာသာမက နိုင်ငံတကာကိုပါ အတိအလင်း ကြေငြာခဲ့ပေမယ့် ဘယ်တစ်မှုကိုမှ မယ်မယ်ရရ အရေးယူခဲ့တာ မတွေ့ကြရပါဘူး။
    ဒါကြောင့်လည်း နောက်ပိုင်းကာလမှာ အမုန်းတရား ဖြန့်ဖြူးသူတွေဟာ ပိုပြီး ပေါ်ပေါ်ထင်ထင်၊ ပိုပြီး စနစ်တကျ လုပ်ကိုင်ဆောင်ရွက် လာကြတာ တွေ့မြင်ကြရပါတယ်။ အမုန်းတရား ဖြန့်ဖြူးသူ အရည်အတွက်လည်း ပို ပိုပြီး များပြားလာတာ တွေ့မြင်လာရပါတယ်။ အမုန်းတရား ဖြန့်ဖြူုးသူတွေ နားနေတာတောင် သူတို့ ဟောပြောထားတဲ့ စာရွက်စာတမ်းတွေ၊ စာစောင်တွေ၊ စီဒီနဲ့ ဒီဗွီဒီ ဓာတ်ပြားတွေ၊ အွန်လိုင်း စာမျက်နှာတွေဟာ ရပ်တန့်နေတာ မဟုတ်ပါဘူး။ အောက်ခြေ ပြည်သူ လူထုထဲကို စိမ့်ဝင်သထက် စိမ့်ဝင်၊ ပျံ့နှံ့သထက် ပျံ့နှံ့နေတာ ဖြစ်ပါတယ်။ ဒီ အမုန်းတရား ဖြန့်ဖြူးနေတာတွေ မရပ်တန့်နိုင်သေးသ၍ ခုလို အကြမ်းဖက်မှုမျိုး နောက်ထပ် ဘယ်လို နေရာမှာမဆို ဆက်ပြီး ဖြစ်ပွားနိုင်ပါသေးတယ်။
    ဒုတိယ အရေးကြီးတာတစ်ခုက အကြမ်းဖက်မှုတွေနဲ့ ပါတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင် အထူးသဖြင့် ပြည်ထဲရေးဝန်ကြီးဌာန ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ပုံပါ။ ရှေ့ပိုင်း ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေကို ပြန်သုံးသပ်ကြည့်လိုက်ရင် လူစုလူဝေးနဲ့ အကြမ်းဖက်မှု လုပ်တာကို မဖြစ်ရအောင် ထိထိရောက်ရောက် ကာကွယ်တားဆီးမယ်၊ ဖြစ်လာရင်လည်း နောက် မဖြစ်ရလေအောင် လှုံ့ဆော်သူ၊ ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူမယ် ဆိုပြီး လုပ်ကိုင်တာမျိုး မတွေ့မြင်ကြရပါဘူး။ ပြသနာရဲ့ အစ ဖြစ်တဲ့ သာမန် အမှုအခင်း ကျူးလွန်မိသူတွေကို အဓိကရုဏ်း အကြမ်းဖက်မှု လှုံ့ဆော်သူတွေသဖွယ် ကြီးလေးတဲ့ ပစ်ဒါဏ် ချပြတာမျိုးပဲ လုပ်ခဲ့ပါတယ်။ တကယ်တော့ ဒါဟာ မှားယွင်းတဲ့ အရေးယူမှုပုံစံမျိုးပါ။ အကျိုးဆက်အဖြစ် အကြမ်းဖက်သမားတွေဟာ အခုနောက်ပိုင်း ပိုပြီး ရဲတင်း၊ ပိုပြီး လက်ရဲ ဇက်ရဲ နိုင်လာတာ တောင်ညိုဖြစ်စဉ်မှာလည်း တွေ့နိုင်ပါတယ်။
    ဒီကနေ့အချိန်ထိတော့ အမုန်းတရား ဖြန့်ဖြူးမှုတွေနဲ့ ပါတ်သက်ပြီး အစိုးရဘက်က လျစ်လျူရှုထားသလို တိုင်းပြည်ကောင်းစားရေးအတွက် ဆိုပြီး ကြွေးကြော်နေကြတဲ့ အတိုက်အခံတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေကလည်း ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်တာမျိုး မမြင်မတွေ့ကြရသေးပါဘူး။ အလားတူ အကြမ်းဖက် သမားတွေကို ပြတ်ပြတ်သားသား အရေးယူတော့မယ် ဆိုပြီး တပ်မတော်က ထိန်းချုပ်ထားတဲ့ ပြည်ထဲရေးဝန်ကြီးဌာန ဘက်ကလည်း ဘာ သံဓိဌာန်ချမှုမျိုးမှလည်း မကြားရသေးပါဘူး။ ဒီအတွက် ခုလို အကြမ်းဖက်မှုမျိုး ရှေ့လျောက် ဆက်ပြီး မြင်တွေ့ကြရဦးမှာ ဖြစ်သလို၊ ဗုဒ္ဓဘာသာ ပုံရိပ်၊ အစိုးရပုံရိပ်၊ မြန်မာနိုင်ငံ ပုံရိပ် ဆက်ပြီး ကျဆင်းလာနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
    စည်သူအောင်မြင့်။
    https://www.facebook.com/sithu.aungmyint/posts/277045789144895?fref=nf
    ပုံစာအညွှန်း-တရားဝင်နိုင်ငံရေးပါတီ တခုဖြစ်သည့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဥိးနေမျိုးဝေ၏ ၄င်းရဲ့ ဆိုရှယ်မီဒီယာ စာမျက်နှာပေါ်မှ အကြမ်းဖက်ရန် လှုံဆော် ရေးသားမှုများ