ဧပြီ ၂၉ ၊ ၂၀၁၄
M-Media
.ဆွေမွန်ရေးသားသည်။
ဂုဏ်ယူဖွယ်ရာ အစ္စလာမ့် လက်ရေးလှ Calligraphy အတတ်ပညာရပ် (သို့) အစ္စလာမ့်ယဉ်ကျေးမှု၌သာ သီးသန့်ထွန်းကားနေဆဲဖြစ်သော လက်ရေးလှ Calligraphy အတတ်ပညာရပ်
လက်ရေးလှ Calligraphy အတတ်ပညာရပ်ကို Oxford Advanced Learners’ အဘိဓာန်မှာ Beautiful handwriting that you do with a special pen or brush / The art of producing this လို့ ဖွင့်ပါတယ်။ အစ္စလာမ့်လက်ရေးလှ အတတ်ပညာရပ်ကို အာရဗီလက်ရေးလှ အတတ်ပညာရပ်လို့လည်း လူသိများကြပါသေးတယ်။ တကယ့်ကို အနုပညာမြောက်အောင် ရေးသားရတဲ့ ပညာရပ် တစ်ခုဖြစ်သလို တစ်ချို့စာလုံးတွေကို ရေးသားဖို့ လနဲ့ချီပြီး အချိန်ပေးကာ ရေးဆွဲရပါတယ်။ အစ္စလာမ့် လက်ရေးလှ အတတ်ပညာရပ်ဟာ ကမ္ဘာ့မွတ်ဆလင်မ် အားလုံး လွယ်ကူစွာ ဖတ်တတ်ကြတဲ့ အာရဗီစာလုံးတွေကိုပဲ အခြေခံကာ ရေးဆွဲသားရသလို ဖန်ဆင်းရှင် အလ္လာဟ်အရှင်ရဲ့ အမည်နာမံတော်တွေ၊ ဂုဏ်တော်တွေ၊ ကျမ်းတော်မြတ် ကုရ်အာန်လာ ကျမ်းချက်တွေ၊ အစ္စလာမ့်ယုံကြည်ချက်တွေ၊ ကဆွီဒါကဗျာတွေ၊ စကားပုံစတာတွေကို လက်ရာမြောက်စွာ လက်ရေးသီးသန့်နဲ့ပဲ တီထွင်ရေးသားရပါတယ်။
အာရပ်၊ ပါရှန်၊ အော်တိုမန် လက်ရေးလှ အတတ်ပညာရပ်တွေဟာ ဗလီဝတ်ကျောင်းတော်တွေရဲ့ နံရံတွေ၊ မျက်နှာကျက်တွေကို အလှတန်ဆာဆင်ခဲ့ကြတဲ့ အာရပ်အနုပညာဒီဇိုင်းတွေနဲ့ များစွာ ဆက်နွယ်လျက်ရှိခဲ့ပါတယ်။ အစ္စလာမ့်လက်ရေးလှ အတတ်ပညာရပ်ဟာ ကျန်တဲ့အစ္စလာမ့် အနုပညာလက်ရာတွေကြားထဲမှာတော့ တကယ့်စွဲမှတ်အထင်ကြီးစရာ ပညာရပ်တစ်ခုဖြစ်ရတာက ကျမ်းတော်မြတ်ကုရ်အာန်က ကျမ်းချက်တွေကိုပဲ အခြေခံကျကျရေးဆွဲမှုကို ထိန်းသိမ်း မူမပျက်စေတဲ့ အကြောင်းတရားကြောင့်ပဲ ဖြစ်ပါတယ်။ ရုပ်ပုံတွေနဲ့ပုံဖော်တင်စားတဲ့ လက်ရေးလှအတတ်ပညာရပ်ဟာ အနုပညာပုံဖော်ခြင်းတစ်ရပ်အနေနဲ့ ခောတ်စားလာခဲ့ပေမယ့်လည်း ဘာသာရေးဆိုင်ရာ ကျမ်းချက်တွေကိုပဲ ရုပ်ပုံအနေနဲ့ အဓိကထားကာ ရေးဆွဲနေကြဆဲဖြစ်ပါတယ်။
အာရဗီလက်ရေးလှ စာလုံးပုံစံတွေဟာ သူတို့အစပြုရာမြို့အမည်တွေကို အစွဲပြုပြီး ကူဖစ်ပုံစံ၊ ကာလဘ်တီပုံစံ၊ ဟီဂျာဇီပုံစံ၊ ပါရှန်ပုံစံစသည်ဖြင့် ခွဲခြားသလို တီထွင်ရေးသားသူတွေရဲ့ အမည်တွေကို အစွဲပြုပြီး ကာလယာကိုတာပုံစံ၊ ရီဟာနီပုံစံ၊ ဂဇ်လာနီပုံစံစသည်ဖြင့် ကွဲပြားကြပါသေးတယ်။
ကူဖစ်ပုံစံလက်ရေးလှစာလုံးတွေဟာ ရိုးရှင်းတယ်၊ ဂျီသြမေထြီပုံစံကျတယ်၊ ရိုးရှင်းတဲ့ ကာရံတွေကို ရေညီမျဉ်းတွေနဲ့ ရေးသားလေ့ရှိပါတယ်။ သရစာလုံးတွေကို အနီရောင်အစက်တွေနဲ့ ရေးပြီး ဗျည်းတွေကို မျဉ်းတိုတွေနဲ့ ဖတ်ရလွယ်အောင် ခွဲခြားပေးပါတယ်။ တူနီးရှားနိုင်ငံ၊ ကိုင်ရိုအန်မြို့က ဗလီကြီးမှာ ကူဖစ်ပုံစံရေးထွင်းထားတဲ့ လက်ရေးလှစာလုံးတွေကို မြင်နိုင်သေးသလို ရှေးဟောင်း ဒင်္ဂါးပြားတွေမှာလည်း ကူဖစ်လက်ရေးလှတွေကို မြင်နိုင်ပါတယ်။ မဂ်ရီဗီ နဲ့ အန်ဒလူစီ မူကွဲတွေဟာ အကွေ့အကောက်တွေ ပိုမိုပါဝင်တဲ့ ကူဖစ်လက်ရေးလှပုံစံကွဲတွေဖြစ်ပါတယ်။ ကုရ်အာန်ကျမ်းတော်မြတ် နဲ့ အထောက်အထားတွေကို ရေးသားကြရာမှာ ပိုပြီးကွေ့ကောက်မှုတွေပါဝင်တဲ့ ကူဖစ်လက်ရေးလှတွေ အစားထိုးဝင်ရောက်ခဲ့ပြီ ဖြစ်ပါတယ်။
နက်ရှ်ခ်လက်ရေးလှပုံစံကို ပါရှန်လူမျိုးဖြစ်တဲ့ Ibn Muqla Shirazi (d. 939) က ၁၀ ရာစုနှစ်မှာ ဦးဆောင်စတင်ခဲ့ပြီး သူ့ရဲ့ဆက်ခံသူတွေဖြစ်တဲ့ Ibn al-Bawwab (d. 1022) နဲ့ Yaqut al-Musta’simi (d. 1298) တို့က ပိုမိုကောင်းမွန်အောင် ပြုပြင်ရေးသားခဲ့ကြပါတယ်။ နက်ရှ်ခ်လက်ရေးလှပုံစံဟာ ပိုပြီး ရေးရ ဖတ်ရတာလွယ်ကူတဲ့အတွက် အစောပိုင်းကူဖစ်ပုံစံတွေထက် လူကြိုက်များခဲ့ကာ တန်ဆာဆင်ယင်တဲ့ ရည်ရွယ်ချက်တွေလည်း ပိုမိုပါဝင်လာခဲ့ပါတယ်။ နက်ရှ်ခ်လက်ရေးလှပုံစံဟာ ယခုအချိန်မှာတော့ ပြန့်နှံ့မှုအကောင်းဆုံးဖြစ်နေပြီး ကုရ်အာန်ကျမ်းတော်မြတ်ကို လက်ရေးလှရေးသားရာမှာ တရားဝင်ရုံးသုံးပုံစံဖြစ်နေပါပြီ။ ၁၇ ရာစုရဲ့ အထင်ရှားဆုံးနက်ရှ်ခ် လက်ရေးလှရေးဆွဲ သူကတော့ အော်တိုမန် လက်ရေးလှရေးဆွဲသူတစ်ဦးဖြစ်တဲ့ ဟာဖဇ် အွတ်ဆမန်ပဲဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ လက်ရေးလှရေးဆွဲဟန်တွေဟာ ယနေ့ကျမ်းတော်မြတ် ကုရ်အာန်ပုံနှိပ် စာလုံးတွေရဲ့ အခြေခံဖြစ်ခဲ့ပါတယ်။
တူလု့တ်လက်ရေးလှပုံစံကတော့ အခက်အနွယ်တွေနဲ့ ရှည်လျားလှတဲ့ ထောင်လိုက်မျဉ်းတွေသုံးကာ ပိုမိုအားရှိတဲ့ဖက်ကို ယိမ်းခဲ့ပါတယ်။ တူလု့တ်လက်ရေးလှပုံစံကို ၁၄ ရာစုကုန် ၁၅ ရာစုဆန်းစကာလတွေမှာ မာမ်းလုက်မျိုးနွယ်တွေက သုံးစွဲခဲ့ကြပါတယ်။ စွဲမက်စရာကောင်းလှတဲ့ ဒီလက်ရေးလှပုံစံတွေဟာ တူရကီနိုင်ငံက ဟူဆီရင် နဲ့ ဖူအတ်ဘာဆာဒေသတွေမှာ ရှင်သန်နေဆဲပါ။
တာဝ်ကီလက်ရေးလှပုံစံဟာ အဘာဆစ်ဒ်ခါလီဖာတွေ လက်ထက်မှာ ပေါ်ပေါက်ထွန်းကားခဲ့ပါတယ်။ တရားဝင်ဥပဒေတွေကို ပြဌာန်းရာမှာ တရားဝင်သုံးစွဲခဲ့ကြပြီး ရှည်လျားလှတဲ့ဒေါင်လိုက်မျဉ်းကြီးတွေ၊ ကျယ်ပြန့်ကားလှတဲ့ အကွေ့ပုံစံတွေနဲ့တာဝ်ကီလက်ရေးလှပုံစံကတော့ အသုံးနည်းလျက်ရှိနေပါတယ်။ ရစ်ကာအာလက်ရေးလှပုံစံကတော့ တာဝ်ကီလက်ရေးလှပုံစံရဲ့သေးငယ်တဲ့မူကွဲပုံစံတစ်မျိုးပါ။
၁၇ ရာစုနောက်ပိုင်းမှာတော့ ပိုမိုပြီးအကွေ့အကောက်တွေနဲ့ တန်ဆာဆင်ယင်ထားတဲ့ အာရဗီလက်ရေးလှ စာလုံးပုံစံတွေဟာ တူရကီ နဲ့ ပါရှန်းမြေတွေမှာ ထွန်းကားလာခဲ့ပြန်ပါတယ်။ နာစ်တာလစ်က်လက်ရေးလှပုံစံ၊ ရှီကားစ်တက်လက်ရေးလှပုံစံစသည်ဖြင့် ပုံစံကွဲတွေ ရှိခဲ့ပြီး ဗလီဝတ်ကျောင်းတော်တွေရဲ့ ၀င်ပေါက်တွေမှာ တန်ဆာဆင်ယင်ခဲ့ကြပါတယ်။ ဒီဝန်နီလက်ရေးလှပုံစံတွေဟာ အော်တိုမန်တူရကီတွေ ၁၇ ရာစုက သုံးခဲ့တဲ့ ပုံစံဖြစ်ပါတယ်။
တရုတ်ပြည်မှာတော့ ဆီနီလို့ခေါ်တဲ့ အာရဗီလက်ရေးလှ ပုံစံကွဲတစ်မျိုး ပေါ်ပေါက် ထွန်းကားခဲ့တာကို တွေ့မြင်နိုင်ကြပါသေးတယ်။
လက်ရေးလှ Calligraphy အတတ်ပညာရပ်ဟာ မွတ်ဆလင်မ်တွေရဲ့ ကမ္ဘာမှာ အစ္စလာမ့်အနုပညာရပ်တစ်ခုအနေနဲ့ ထွန်းတောက်ထင်ရှားနေဆဲဖြစ်သလို စာလုံးတစ်လုံးနဲ့ တစ်လုံး ကူးယှက်နွယ်ကာ ရေးသားပြသတဲ့ လက်ရေးလှ အတတ်ပညာရပ်ဟာ ခေတ် အဆက်ဆက်က မြင်ရသူတိုင်းကို အာရဗီ ဘာသာစကားကို မတတ်မြောက်စေကာမူ သူ့ရဲ့ ခမ်းနားကြီးကျယ်နက်နဲမှုတွေ၊ လှပနူးညံ့မှုတွေနဲ့ ဖမ်းစားနေဦးမှာ အမှန်ပဲဖြစ်ပါတော့တယ်။
ဆွေမွန်
၂၇ ဧပြီ ၂၀၁၄
Leave a Reply
You must be logged in to post a comment.