News @ M-Media
Author: M-Media
  • လူနည်းစု အခွင့်အရေး ကာကွယ်ပေးဖို့ အစိုးရ ထိထိရောက်ရောက် လုပ်နေတယ်လို့ မထင်ဟု ဒေါ်အောင်ဆန်းစုကြည် ၀ါရှင်တန်ပို့စ်ကိုပြော
    လူနည်းစု အခွင့်အရေး ကာကွယ်ပေးဖို့ အစိုးရ ထိထိရောက်ရောက် လုပ်နေတယ်လို့ မထင်ဟု ဒေါ်အောင်ဆန်းစုကြည် ၀ါရှင်တန်ပို့စ်ကိုပြော
    ဇူလိုင် ၁၈ ၊ ၂၀၁၅
    M-Media
    11406910_1000050183368511_3712271363129639718_n
    ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်ခရီးစဉ်အတွင်း ဇွန်လ ၁၁ ရက်နေ့တွင် တရုတ်သမ္မတနှင့် တွေ့ဆုံစဉ် (Photo- NLD FB)
    .
    – မကြာသေးမီးက တရုတ်နိုင်ငံကို သွားရောက်လည်ပတ်ကာ အစိုးရတာဝန်ရှိသူတွေနဲ့ တွေဆုံခဲ့တဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၀ါရှင်တန်ပို့စ်က အယ်ဒီတာ့အာဘော်အတွက် အယ်ဒီတာအဖြစ် ဆောင်ရွက်နေတဲ့ ဖရဒ် ဟိုင်ယတ်က အင်္ဂါနေ့မှာ ဖုန်းနဲ့ အင်တာဗျူးခဲ့ပါတယ်။
    အဲဒီအင်တာဗျူးမှာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးအကြောင်း၊ ရွေးကောက်ပွဲအကြောင်းနဲ့ မြန်မာနိုင်ငံက အမျိုသားရေးဝါဒ အကြောင်းတွေလည်း ပါဝင်ပါတယ်။ M-Media စာဖတ်ပရိတ်သတ်များ သိရှိနိုင်အောင် ဘာသာပြန် ဖော်ပြပေးလိုက်ပါတယ်။
    မေး။    ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရုတ်နိုင်ငံခရီးစဉ်ကနေ ဘာတွေ လေ့လာသင်ယူ ခဲ့ပါသလဲ။
    ဖြေ။    ။ ကောင်းမွန်တဲ့ဆွေးနွေးမှု ရှိခဲ့ပါတယ်။ အိမ်နီးချင်းဆိုတာ ငြိမ်းချမ်းစွာနဲ့ သဟဇာတဖြစ်စွာ နေရမယ်ဆိုတာ ကျွန်မတို့အားလုံး နားလည်ကြပါတယ်။
    မေး။    ။ (နိုဘယ်ငြိမ်းချမ်းရေးဆုရှင်) လူရှောင်ဘိုရဲ့ အကျဉ်းကျမှုကိုရော ဆွေးနွေးခဲ့ပါသလား။
    ဖြေ။    ။ အစိုးရခေါင်းဆောင်တွေ ဒါမှမဟုတ် အသင်းအဖွဲ့တွေနဲ့ ကျွန်မပြောခဲ့တဲ့ အသေးစိတ်ကိစ္စတွေကို ကျွန်မဘယ်တော့မှ ထုတ်မပြောဘူးလို့ ရှင်းပြရပါမယ်။ ဒါတွေကို ကိုယ်ပိုင်ကိစ္စလိုပဲ များသောအားဖြင့် ယူဆပါတယ်။
    မေး။    ။ ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျနေစဉ်တွင်းမှာ တရုတ်နိုင်ငံက ဒေါ်စုကို မထောက်ခံခဲ့ဘူး။ ပြီးတော့ နိုင်ငံခြားခေါင်းဆောင်တွေက ဒေါ်စု အကျဉ်းချခံရမှုကို ပြောကြတဲ့အခါ ဒေါ်စုအနေနဲ့ ကြိုဆိုခဲ့တယ်လေ။
    ဖြေ။    ။ နိုင်ငံတစ်ခုချင်းစီက လွတ်လပ်မှုနဲ့ ဒီမိုကရေစီဟာ အဲဒီနိုင်ငံက နိုင်ငံသားတွေကိုယ်တိုင် လုပ်ရမယ့် ကိစ္စတစ်ခုပါပဲ။ တရုတ်နိုင်ငံနဲ့ ကျွန်မတို့ဆက်ဆံရေးအကြောင်း ပြောရရင် အမြဲတမ်းလွတ်လပ်မှုကို အခြေခံခဲ့ပါတယ်။ ပြီးတော့ ကျွန်မတို့အနေနဲ့ ဒီဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားနိုင်မယ်လို့ ယုံကြည်ပါတယ်။ ၀ါဒတွေပေါ်မှာ ကျွန်မတို့ သဘောမတူကြပေမယ့် ကျွန်မတို့ရဲ့ သက်ဆိုင်ရာနိုင်ငံ အတွင်းမှာ လက်တွေ့ အသုံးချသွားဖို့ ဆန္ဒရှိပါတယ်။
    မေး။    ။ “နိုင်ငံတစ်ခုချင်းစီက လွတ်လပ်မှုနဲ့ ဒီမိုကရေစီဟာ အဲဒီနိုင်ငံက နိုင်ငံသားတွေကိုယ်တိုင် လုပ်ရမယ့် ကိစ္စတစ်ခုပဲ” ဆိုတော့ ဒါက မြန်မာနိုင်ငံအပေါ် အမေရိကန်က ဆောင်ရွက်သင့်တဲ့ သဘောထားမျိုးလား။
    ဖြေ။    ။ ကျွန်မက ပြည်သူအားလုံးဟာ သူတို့ရဲ့ နိုင်ငံအတွက် သူတို့လိုချင်တာကို လုပ်ကြတယ်လို့ ထင်ပါတယ်။ အမှန်တော့ သူတို့ဟာ မိတ်ဆွေနိုင်ငံတွေက တတ်နိုင်ရင် ကူညီကြဖို့လည်း မျှော်လင့်ကြပါတယ်။
    မေး။    ။ ကောင်းပါပြီ။ ဒေါ်စုရဲ့ နိုင်ငံအကြောင်း မေးပါရစေ။
    ဖြေ။    ။ ဟုတ်ကဲ့။ မေးပါ။ ကျွန်မနိုင်ငံအကြောင်းပြောရတာကို ကျွန်မကလည်း ပိုပြီးနှစ်သက်တယ်လို့ ထင်ပါတယ်။
    မေး။    ။ ပြည်သူကို ကိုယ်စားပြုတဲ့အစိုးရ ထွက်လာဖို့ လာမယ့် ရွေးကောက်ပွဲတွေက ဘယ်လောက် အလားအလာရှိပါသလဲ။
    ဖြေ။    ။ ကျွန်မတို့ဟာ အင်မတန်စိတ်လှုပ်ရှားစရာကောင်းတဲ့ ကာလကို ၀င်ရောက်ခဲ့ပါပြီ။ ပထမဆုံးအကြိမ် အနေနဲ့ အခြေခံဥပဒေကို ပြင်ဆင်ဖို့ မူကြမ်းတွေကို ဥပဒေပြုလွှတ်တော်မှာ စပြီး ကျွန်မတို့ ဆွေးနွေးနေ ပါပြီ။ ရွေးကောက်ပွဲတွေ ဘယ်လောက်လွတ်လပ်ပြီး မျှတမလဲဆိုတာကတော့ တူညီတဲ့ လှုပ်ရှားမှု အခြေအနေကို ပေးဖို့ အခြေခံဥပဒေကို ပြင်မလားဆိုတာနဲ့ ချိတ်ဆက်နေပါတယ်။
    မေး။    ။ ဒါဆို ရွေးကောက်ပွဲမတိုင်ခင် အခြေခံဥပဒေကိုပြင်ဖို့ အခွင့်အလမ်း ရှိနေတုန်းပဲပေါ့။
    ဖြေ။    ။ အခွင့်အလမ်းဆိုတာ အမြဲတမ်းရှိပါတယ်။ ဒါပေမယ့် ကျွန်မတို့ကတော့ ဒီအပေါ်မှာ မှီခိုသွားမှာ မဟုတ်ပါဘူး။ အခြေခံဥပဒေကို ပြင်ဆင်ရမယ်ဆိုတဲ့ ယူဆချက်အပေါ်မှာ ရွေးကောက်ပွဲအတွက် မဲဆွယ်သွားမှာ မဟုတ်ဘူး။ ဒါပေမယ့် ဖြစ်နိုင်ချေကိုတော့ လုံးဝ ရပ်တန့်သွားမှာ မဟုတ်ပါဘူး။
    မေး။    ။ ဒီလို မပြင်ဘူးဆိုရင် ရွေးချယ်ခံရတဲ့ သမ္မတနဲ့ လွှတ်တော်တွေမှာ ပြည်သူတွေရဲ့ဆန္ဒက ရောင်ပြန်ဟပ်ပါ့မလား။
    ဖြေ။    ။ တကယ်လို့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး မျှတမယ်ဆိုရင် လွှတ်တော်ဟာ ပြည်သူတွေရဲ့ ဆန္ဒကို ရောင်ပြန်ဟပ်မှာပါ။ သမ္မတနဲ့ ပတ်သက်ပြီးတော့ ဒီဆန္ဒဟာ အခြေခံဥပဒေ ပြင်မလားဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။
    မေး။    ။ ဒါပေမယ့်  (စစ်တပ်အတွက် လွှတ်တော်ရဲ့ နေရာ ၄ ပုံ ၁ ပုံကို ရယူထားတဲ့)  ၂၅ ရာခိုင်နှုန်း ကိစ္စကရော။
    ဖြေ။    ။ အဲဒီ ၂၅ ရာခိုင်နှုန်း ဥပဒေကို ကျွန်မတို့သိပါတယ်။ ဒါပေမယ့် ဥပဒေတွေက တစ်သက်လုံးတော့ ရှိမှာ မဟုတ်ဘူးဆိုတာ ရှင်လည်းသိပါတယ်။ ရှိလို့လည်း မရပါဘူး။ ပြီးတော့ အဲဒီဥပဒေတွေဟာ ကွဲပြဲအောင် လုပ်တယ်လို့ ပြည်သူတွေက မပြောကြတော့ဘူးလား။
    မေး။    ။ ဒါဆို တကယ်လို့ ရွေးကောက်ပွဲမတိုင်ခင် အဲဒါကို မပြောင်းဘူးဆိုရင် ဒါကို ပြောင်းလဲဖို့ NLD မှာ နိုင်ငံရေးဆိုင်ရာ အင်အားရှိပါသလား။
    ဖြေ။    ။ ရွေးကောက်တင်မြှောက် ခံရခြင်းမရှိတဲ့ ကိုယ်စားလှယ်တွေဟာ ဒီမိုကရေစီမကျဘူးဆိုတာ NLD က ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။ ပြီးတော့ ဒါကို ပြောင်းလဲရပါမယ်။ ဒါပေမယ့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးဆိုတဲ့ အခြေအနေမှာ ဒီကိစ္စကို တစ်ဆင့်ပြီးတစ်ဆင့် ညှိနှိုင်းဆွေးနွေး ရမယ်လို့လည်း ကျွန်မတို့ ပြောပြီးပါပြီ။ ပြီးတော့ ရွေးကောက်ခံရခြင်း မရှိတဲ့ အမတ်တွေ လွှတ်တော်ထဲက ထွက်ဖို့ ကျွန်မတို့ မရမက တောင်းဆိုသွားမှာတော့ မဟုတ်ပါဘူး။
    မေး။    ။ ယေဘုယျအားဖြင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို ဒေါ်စုအေနေနဲ့ ဘယ်လိုရှုမြင်ပါသလဲ။
    ဖြေ။    ။ ဒီမိုကရေစီကျင့်သုံးရေးဖြစ်စဉ်ဟာ အစစ်အမှန်ဆိုတာ သေချာစေဖို့ အစိုးရက စစ်မှန်တဲ့ ဆွေးနွေး ညှိနှိုင်းမှုမှာ ပါဝင်မယ်လို့ ကျွန်မတို့ မျှော်လင့်ခဲ့တာပါ။ ဒါပေမယ့် အစိုးရဟာ ဆွေးနွေး ညှိနှိုင်းမှုမှာ နှစ်နှစ်ကာကာ စိတ်ဝင်စားမှု မရှိဘူးဆိုတာ ပိုပြီး ထင်ထင်ရှားရှား သိလာရပါတယ်။
    ဒါပေမယ့် အခြားတစ်ဖက်မှာလည်း (ပြုပြင်ပြောင်းလဲရေးဟာ) လျောလျောရှုရှုသွားလိမ့်မယ်လို့ ကျွန်မတို့က တကယ်ကို မမျှော်လင့်ခဲ့ပါဘူး။
    မေး။    ။ အခုရှိနေတဲ့ (ပြုပြင်ပြောင်းလဲရေး) ဖြစ်စဉ်ကို ရပ်တန့်ရာမှာ အစိုးရက အောင်မြင်နိုင်မလား။ ဒါမှမဟုတ် အခုလက်ရှိ အရွှေမှုန်ကြဲ ဒီမိုကရစီရှိနေပေမယ့် အစိုးရနဲ့အတူ ယခင်ဗိုလ်ချုပ်ဟောင်းတွေက စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာ အာဏာအများစုကို ထိန်းချုပ်ထားဆဲဖြစ်တဲ့ ကမ္ဘောဒီးယားလိုမျိုး ဖြစ်မလား။
    ဖြေ။    ။ ပြုပြင်ပြောင်းလဲရေးဟာ လုံးဝ အရိပ်အယောင်အဖြစ် ပြောင်းသွားမှာကို ကျွန်မတို့ စိုးရိမ်မိပါတယ်။ ပြီးတော့ ဒီမိုကရေစီကျင့်သုံးရေးလုပ်ငန်းစဉ်ဟာ ရည်ရွယ်သလိုဖြစ်လာဖို့အတွက်ခိုင်မာတဲ့ခြေလှမ်းတွေ ပိုလှမ်းဖို့လိုတယ်လို့ ကျွန်မတို့ ထင်ပါတယ်။
    ဒါပေမယ့် ကျွန်မတို့ဟာ ကမ္ဘောဒီးယားနဲ့တော့ မတူပါဘူး။ ကျွန်မတို့ ပြဿနာတွေဟာ ကမ္ဘောဒီးယားက ပြဿနာတွေထက် ဖြေရှင်းဖို့ ပိုပြီး ခက်ခဲပါတယ်။ တိုင်းပြည်အရွယ်အစားအရ၊ လူဦးရေအရ၊ အချိန်အတော်ကြာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်တွေ၊ တိုက်ပွဲတွေအရရောပေါ့။
    မေး။    ။ ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒ ပေါ်လာတာ ဘာ့ကြောင့်လဲ။
    ဖြေ။    ။ အမျိုးသားရေးဝါဒနဲ့ အစွန်းရောက်ဝါဒကို ကျွန်မတို့ ကွဲပြားအောင်လုပ်ရမယ်လို့ ကျွန်မ ထင်ပါတယ်။ ပြီးတော့ ကျွန်မတို့ စိုးရိမ်တာက အစွန်းရောက်ဝါဒပါ။ အမျိုးသားရေးဝါဒကို ထိန်းချုပ်ပြီး မှန်ကန်တဲ့နည်းလမ်းနဲ့ အသုံးချတဲ့အခါ ဒါဟာ ဆိုးရွားတဲ့အရာ တစ်ခု မဟုတ်ပါဘူး။ အစွန်းရောက်ဝါဒကသာ ပြဿနာပါ။
    မေး။    ။ အဲဒါ(အစွန်းရောက်ဝါဒက)က အခုအချိန် မြန်မာနိုင်ငံမှာ ပြဿနာဖြစ်နေပြီလား။
    ဖြေ။    ။ အစွန်းရောက်ဝါဒဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ ရှိတာပါ။ မြန်မာနိုင်ငံမှာမှ မဟုတ်ပါဘူး။ ဘယ်လိုလူ့အဖွဲ့အစည်းမှာမဆို အစွန်းရောက်ဝါဒဟာ ပြဿနာတစ်ခုပါပဲ။
    မေး။    ။ ဒေါ်စုနိုင်ငံက အစွန်းရောက်ဝါဒရဲ့ ရင်းမြစ်ကဘာလဲ။ အခု အဲဒါကိုဘာကြောင့် ခင်ဗျားမြင်တွေ့နေရ တာလဲ။
    ဖြေ။    ။ ကျွန်မလည်း အဲဒါကို စဉ်းစားပါတယ်။ ဒါပေမယ့် တကယ်လို့ ရခိုင်ပြည်နယ်အကြောင်းပြောရင် ဒီပြဿနာတွေဟာ ဆယ်စုနှစ်ပေါင်းများစွာ တည်ရှိခဲ့တာပါ။ အချိန်တော်တော်ကြာ သူတို့ဟာ တစ်အုံနွေးနွေး ဖြစ်နေကြတယ်။ ပြီးတော့ အစိုးရကလည်း တင်းမာမှုတွေလျော့ဖို့နဲ့ ပဋိပက္ခရဲ့ ရင်းမြစ်တွေကို ဖယ်ရှားဖို့ ထိထိရောက်ရောက် မလုပ်ပေးခဲ့ပါဘူး။
    မေး။    ။ ရိုဟင်ဂျာတွေ နိုင်ငံသားရသင့်တယ်လို့ ဒေါ်စုထင်ပါသလား။
    ဖြေ။    ။ ၁၉၈၂ နိုင်ငံသားဥပဒေအရ နိုင်ငံသားဖြစ်၊ မဖြစ်အတွက် အစိုးရက လက်ရှိမှာ စီစစ် လုပ်ဆောင်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီး သူတို့ မြန်မြန်ဆန်ဆန်နဲ့ ပွင့်ပွင့်လင်းလင်း သွားသင့်သလို ဒီဖြစ်စဉ်မှာ နောက်ထပ်ဆောင်ရွက်စရာတွေဟာ ဘာတွေဖြစ်သင့်တယ်ဆိုတာကိုလည်း ဆုံးဖြတ်သင့်ပါတယ်။
    မေး။    ။ ရိုဟင်ဂျာနဲ့ အခြားသော လူနည်းစုတွေရဲ့ ဒုက္ခသုက္ခတွေနဲ့ပတ်သက်ပြီး ဒေါ်စုဟာ ပိုပြီး အသံထွက်ခဲ့သင့်တယ်လို့ ပြောနေကြတဲ့ နိုင်ငံရပ်ခြားက မိတ်ဆွေတွေကို ဘာပြောမလဲ။
    ဖြေ။    ။ တိုင်းပြည်မှာ လူနည်းစုတွေ အများကြီးရှိပါတယ်။ ပြီးတော့ ကျွန်မဟာ လူနည်းစုတွေရဲ့ အခွင့်အရေး၊ ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်ရေး၊ သာတူညီမျှဖြစ်ရေး၊ NLD နဲ့ အခြားသူတွေ နှစ်ပေါင်း ၃၀ လောက် တိုက်ပွဲဝင်လာခဲ့တဲ့ ဒီမိုကရေစီတန်ဖိုးတွေ စသဖြင့် တစ်ချိန်လုံးပြောနေတာပါပဲ။ အဲဒီနှစ်တွေမှာ လူ့အခွင့်အရေးကို ဆိုးဆိုးဝါးဝါးချိုးဖောက်ခဲ့တယ်လို့ ကျွန်မတို့ သတ်မှတ်ခံခဲ့ရပါတယ်။ ပြီးတော့ ကျွန်မတို့ရဲ့ တိုင်းရင်းသား လူနည်းစုတွေကလည်း သူတို့ရဲ့အခွင့်အရေးတွေကို ကာကွယ်ပေးခြင်း မခံရတာကြောင့် လက်နက်ကိုင်ခဲ့ပါတယ်။
    လူနည်းစုတွေရဲ့ အခွင့်အရေးကို ကာကွယ်ခြင်းဆိုတာ တော်တော်လေး ဂရုတစ်စိုက်နဲ့ တတ်နိုင်သလောက် ထိထိရောက်ရောက် ဖြေရှင်းသင့်တဲ့ ကိစ္စတစ်ခုပါ။ ပြီးတော့ ဒါနဲ့ပတ်သက်ပြီး အစိုးရက ထိထိရောက်ရောက် လုပ်နေတယ်ဆိုတာ ကျွန်မ သေချာ မပြောတတ်ပါဘူး။ တကယ်တော့ အဲဒီလိုလုပ်နေတယ်လို့လည်း ကျွန်မ မထင်ပါဘူး။
    မေး။    ။ “တော်တော်လေး ဂရုတစ်စိုက်” ဆိုတာ ဘာကို ဆိုလိုတာလဲ။
    ဖြေ။    ။ ဒါဟာ ထိလွယ်ရှလွယ်တဲ့ပြဿနာလို့ ဆိုလိုတာပါ။ ပြီးတော့ လူမျိုးရေးနဲ့ ဘာသာရေး အုပ်စု တော်တော် များများလည်းရှိပြီး အုပ်စုတစ်ခုအတွက် ဘာလုပ်လုပ် အခြားအုပ်စုတွေအပေါ် ရိုက်ခတ်မှု ရှိကောင်း ရှိနိုင်ပါတယ်။ ဒါကြောင့် ဒါဟာ တော်တော်လေး ရှုပ်ထွေးတဲ့ အခြေအနေပါ။ ပြီးတော့ တစ်ရက်လောက်နဲ့ ရှင်းလို့ရတဲ့ ကိစ္စမျိုးလည်း မဟုတ်ပါဘူး။
    မေး။    ။ အစွန်းရောက်တွေရဲ့ ပါတီတွေက NLD အတွက် နိုင်ငံရေးအန္တရာယ် ဖြစ်မလား။ ပြီးတော့ ဒါက ဒီလို (အစွန်းရောက်) သဘောထားတွေ လှုံ့ဆော်ပေးနေတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်နိုင်မလား။
    ဖြေ။    ။ ဖြစ်နိုင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ NLD က ဘယ်လို အစွန်းရောက်ဝါဒမျိုးကိုမှ မထောက်ခံလို့ပါ။ ဒါ့ကြောင့် အစွန်းရောက်အဖွဲ့တွေက သူတို့ကိုယ်သူတို့ NLD ရဲ့ မိတ်ဆွေတွေအဖြစ် ရှုမြင်ကြမှာ မဟုတ်ပါဘူး။ ပြီးတော့ ဘာသာရေးလို့ခေါ်တဲ့ လှုပ်ရှားမှုတွေ မြင့်တက်လာ တဲ့နောက်ကွယ်မှာ နိုင်ငံရေးဆိုင်ရာ ရည်ရွယ်ချက်ရှိနေတာလည်း တော်တော်လေး ဖြစ်နိုင်ပါတယ်။
    မေး။    ။ မဲစာရင်းပြဿနာကရော ဘယ်လောက် ရိုက်ခတ်မှု ရှိနိုင်မလဲ။
    ဖြေ။    ။ ရန်ကုန်တိုင်းဒေသကြီးက မြို့နယ် ၁၀ မြို့နယ်ကို ကျွန်မတို့ လေ့လာပြီးပါပြီ။ အချို့မြို့နယ်တွေမှာ အမှားတွေဟာ ၈၀ ရာခိုင်နှုန်းလောက်ကို ရှိပါတယ်။ ဒါဟာ တော်တော်လေး မကောင်းပါဘူး။ အချို့နေရာတွေမှာ ၃၀ ရာခိုင်နှုန်းအောက် ရှိပါတယ်။ ရွေးကောက်ပွဲအမီ ဒီစာရင်းတွေကို ဘယ်လိုလုပ် ကျွန်မတို့ ပြင်လို့ရတော့မလဲ? ပြီးတော့ ရန်ကုန်မှာ ဒီလောက်ဆိုးနေရင် ဥပမာအားဖြင့် နယ်စပ်ဒေသတွေဆိုရင် ဘယ်လိုဖြစ်မလဲ။ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌကတော့ ဒီအမှားတွေ အားလုံးကို ပြုပြင်ဖို့နဲ့ ပတ်သက်လို့ တော်တော်လေး စိတ်အားထက်သန်ပါတယ်။ ဒါပေမယ့် ကျွန်မ စဉ်းစားတာက ဒီအမှားတွေကို အချိန်မီပြင်ဆင်နိုင်ဖို့ အချိန်လောက်မလားဆိုတာနဲ့ နည်းပညာဆိုင်ရာ ကျွမ်းကျင်သူ လုံလောက်မလားဆိုတာပါပဲ။
    မေး။    ။ စောစောပိုင်း လစ်ဘရစ်စနစ်ကျင့်သုံးပြီးကတည်းက အခြေခံ လွတ်လပ်ခွင့်တွေ ဖြတ်တောက်ခံရမှု ရှိနေပြီလား။
    ဖြေ။    ။ အစိုးရဟာ မီဒီယာလွတ်လပ်ခွင့်ကို နှိမ်နင်းတယ်ဆိုတာ လွန်ခဲ့တဲ့တစ်နှစ်လောက်က ကျွန်မတို့ စပြီး သတိပြုမိပါတယ်။ ဂျယ်နယ်လစ်အချို့ ဘယ်လို အဖမ်းခံရပြီး ထောင်ထဲမှာ နှစ်ရှည်ပြစ်ဒဏ်လို ချမှတ်ခံရတာမျိုးကို ရှင်လည်းကြားမှာပါ။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ လုံးဝ ရပ်တန့်မသွားပေမယ့် နောက်ပြန်သွားတာမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတာ အဲဒီအချိန်က ကျွန်မတို့ ခံစားခဲ့ရပါတယ်။
    မေး။    ။ ပြုပြင်ပြောင်းလဲရေးဟာ နောက်ပြန်သွားနေတုန်းပဲလား။
    ဖြေ။    ။ ရွေးကောက်ပွဲမတိုင်ခင် အခြေခံဥပဒေကိစ္စကလွဲလို တစ်ခုခုဖြစ်တော့မယ်လို့ ကျွန်မ မထင်ပါဘူး။ ကျွန်မအမြင်မှာတော့ အစိုးရဟာ ခြေခံဥပဒေပြင်ဆင်ရေးကို လုံးဝ ဆန့်ကျင်နေပါတယ်။ ဒါဟာ လုံလောက်တဲ့ ဆုတ်ယုတ်မှုပါပဲ။ ရှင်ရော အဲဒီလို မထင်ဘူးလား။
    မေး။    ။ အသက် ၇၀ ထဲဝင်လာတာကိုရော ဘယ်လိုခံစားပါသလဲ။
    ဖြေ။    ။ သိပ်ပြီး ခြားနားသွားတယ်လို့တော့ မခံစားရပါဘူး။ ဒါပေမယ့် ဒီလောက်အထိ ကျွန်မ လုပ်ခဲ့တာကတော့ စိတ်ဝင်စားစရာကောင်းပါတယ်။
    (Washington Post မှ Aung San Suu Kyi on the state of demo-cracy in Burma ကို မိုးဝေဘာသာပြန်သည်။)
  • “ဟပြဆော” အဖွဲ့ ခေါင်းဆောင်နှင့် နေမျိုးဝေတို့ ဖြန့်ဝေနေသည့် လုပ်ကြံ သတင်းကြောင့် မန္တလေး ဒေသခံလူထု စိုးရိမ်နေ
    “ဟပြဆော” အဖွဲ့ ခေါင်းဆောင်နှင့် နေမျိုးဝေတို့ ဖြန့်ဝေနေသည့် လုပ်ကြံ သတင်းကြောင့် မန္တလေး ဒေသခံလူထု စိုးရိမ်နေ
    ဇွန် ၁၈ ၊ ၂၀၁၅
    M-Media
    သတင်း- သီဟ
    Pan Sat Masjid
    မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်  ၄၁ လမ်း မှာရှိတဲ့ ပန်းဆက်ဗလီနဲ့ ပတ်သက်ပြီး ဆိုရှယ် မီဒီယာမှာ ပြန့်နှံလာတဲ့ လုပ်ကြံ သတင်းတပုဒ်ကြောင့် မြို့ခံ လူထု စိုးရိမ်ကြောင့်ကျမှုများ ဖြစ်ပေါ်လျက်ရှိကြောင်းသိရပါတယ်။
    “ပန်းဆက်ဗလီရဲ့ဂျီဟာဒ်ရှေ့ပြေး လက္ခဏာများကြောင့် မန္တလေးမြို့ခံ လူအများ စိုးရိမ်မှု မြင့်တက်လျက်ရှိ” ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတပုဒ်ကို “ဘယ်သန် ဘမှန်” အမည်ဖြင့် Facebook အသုံးပြုသူ တစ်ဦးက ဇူလိုင်လ ၁၇ ရက်နေ့  ည ၉ နာရီဝန်းကျင်မှာ စတင်ဖြန့်ဝေခဲ့ဖြစ်ပါတယ်။
    ပန်းဆက်ဗလီ ဓါတ်ပုံဖြင့် ရေးသားထားတဲ့ပိုစ်မှာ တစ်ရက်ကို ၆ ကြိမ်ဖြင့် ပတ်ဝန်းကျင် လေးဘက် လေးလံသို့ လော်စပီကာ အသံချဲ့စက်ကြီးနဲ့…တမူထူးခြား၍ ကျယ်လောင်စွာ နေ့စဉ် ဝတ်ပြုနေကြောင်း အစချီပြီး ရေးသားပြီး ဂျီဟာဒ်ရှေ့ပြေး လက္ခဏာ ဖြစ်ကြောင်း အစချီပြီး မမှန်ကန်သည့် အချက်အလက်များ ထည့်သွင်းကာ ရေးသားဖြန့်ချိထားတာဖြစ်ပါတယ်။
    ပန်းဆက်ဗလီနှင့် ပတ်သက်တဲ့ လုပ်ကြံသတင်းကို အစ္စလာမ် ဆန့်ကျင်ရေး လှုပ်ရှားမှုများ အစဉ်တစိုက် လုပ်ဆောင်နေတဲ့ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီဥက္ကဌ ဦးနေမျိုးဝေ၊ လူမျိုးရေး ဘာသာရေး ပြသနာဖြစ်မည့်  လှုံဆော်မှုများ ပြုလုပ်နေသည်ဟု မိဒီယာများမှာ ဝေဖန်ခံနေရသူ ဟပြဆော အဖွဲ့ ခေါင်းဆောင် ရှင်မင်းယာ (FB အကောင့် အမည် Minya Khin) တို့အပါအဝင် အစ္စလာမ်ဆန့်ကျင်ရေး အကောင့်ပေါင်း များစွာ မှာ ထပ်ဆင့်ဖြန်ဝေခဲ့တာကို တွေ့ရှိရပါတယ်။
    လိမ်လည် တိုင်ကြားသည့် မုဒိန်းမှုသတင်းကို ဦးဝီရသူနှင့် သစ်ထူးလွင် ဘလောဂ် စာမျက်နှာတို့မှ မမှန်သတင်းဖြန့်ချိရာမှ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မန္တလေးမြို့မှ အကြမ်းဖက်မှုများ မဖြစ်ခင် ၂၀၁၄ ခုနှစ် ဇွန်လအတွင်း ပန်းဆက်ဗလီနှင့် ပတ်သက်ပြီး ကောလဟာလသတင်း အမှားများ အွန်လိုင်းစာမျက်နှာများတွင် ပျံနှံ့ခဲ့တာကို တွေ့ရှိရပါတယ်။
    လွန်ခဲ့တဲ့ ၃ နှစ် အတွင်း မြန်မာနိုင်ငံအတွင်းရှိ လူနည်းစု အစ္စလာမ် ဘာသာဝင်များ အကြမ်းဖက်တိုက်ခိုက်ခံရမှုများကို အကြောင်းပြုပြီး IS နှင့် အလ်ကိုင်ဒါအဖွဲ့မှ တိုက်ခိုက်မှုများ ပြုလုပ်သွားမည့် ပြောကြားချက်များကို ပြည်တွင်းမှ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များ၊ အရပ်ဘက် အဖွဲ့အစည်းခေါင်းဆောင်များမှ ပြတ်ပြတ်သားသား ကန့်ကွက်ရှုတ်ချသည့် ကြေညာချက်များ ထုတ်ပြန်ခဲ့ပါတယ်။
    မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်မှ IS နှင့် အလ်ကိုင်ဒါအဖွဲ့ ခြိမ်းခြောက်မှုမှာ မြန်မာနိုင်ငံအတွက် အကြီးအကျယ် အန္တရာယ်ပြုနိုင်လောက်တဲ့ အနေအထားမျိုး မရှိသေးကြောင်း ဂျပန်နိုင်ငံ The Mainchi သတင်းဌာနနှင့် ယခုနှစ် ဇွန်လပိုင်းဆန်းမှာ တွေ့ဆုံခဲ့စဉ်က ပြောကြားခဲ့ပါတယ်။
  • အစ္စလာမ် ဘာသာဝင်တွေရဲ့ ရမသွာန် ဥပုသ်လ စတင်ပြီ။
    အစ္စလာမ် ဘာသာဝင်တွေရဲ့ ရမသွာန် ဥပုသ်လ စတင်ပြီ။
    ramadam
    အစ္စလာမ်ဘာသာဝင်တွေရဲ့ ရမသွာန် ဥပုသ်လ စတင်တော့မှာမို့ ကမ္ဘာတဝန်းက မူစလင်တွေဟာ ဥပုသ်စောင့်ဖို့ ပြင်ဆင်နေကြပါပြီ။
    ဥပုသ်လ စတင်ချိန်ဟာ လထွက်ချိန်ပေါ်မူတည်တာမို့ တနေရာနဲ့ တနေရာ ဥပုသ်လ စတင် သတ်မှတ်ချိန်တွေလည်း ကွာခြားပါတယ်။
    .
    Mike O’ Sullivan ရဲ့သတင်းလွှာကို ဒေါ်ခင်မျိုးသက်က တင်ပြထား ပါတယ်။
    .
    VOA Burmese မှ ကူးယူဖော်ပြပါသည်။
    **မြန်မာနိုင်ငံမှာတော့ ဇွန်လ ၁၉ ရက်နေ့မှာ စတင်မှာ ဖြစ်ပါတယ်။
    http://burmese.voanews.com/media/video/2825930.html
  • စည်ပင်ကဖြုတ်ဖို့ စာထုတ်ထားတဲ့ ရပ်စောက်မှ အစ္စလာမ် ဆန့်ကျင်ရေး ဆိုင်းဘုတ် နေရာပြောင်းပြီး ထွန်းဧဒင် ကဖေးရှေ့တွင် စိုက်ထူ
    စည်ပင်ကဖြုတ်ဖို့ စာထုတ်ထားတဲ့ ရပ်စောက်မှ အစ္စလာမ် ဆန့်ကျင်ရေး ဆိုင်းဘုတ် နေရာပြောင်းပြီး ထွန်းဧဒင် ကဖေးရှေ့တွင် စိုက်ထူ
    ဇွန် ၁၇ ၊ ၂၀၁၅
    M-Media
    သတင်း- သီဟ
    11269421_805917259522687_1607521061_n
    ၂၀၁၅ ခုနှစ် ဇွန်လ ၁၅ ရက်နေ့က  ရှမ်းပြည်နယ် ၊ ရပ်စောက်မြို့၊ ဥတ္တံတားရပ်ကွက်မှာ “အစ္စလာမ်ဘာသာကင်းစင်ရေး နယ်မြေ(၁)” ဆိုပြီး ခေါင်းစဉ်နဲ့  ဆိုင်းဘုတ် တစ်ခု စိုက်ထူခဲ့ပါတယ်။
    .
    -ဆိုင်းဘုတ်  ဘေး ၂-ဘက်ဆီမှာ ဗုဒ္ဓဘာသာရဲ့ သာသနာ့အလံ  ပါရှိပြီးတော့
    (၁) အစၥလာမ္ဘာသာဝင္မ်ား ညအိပ္ခြင့္မျပဳ၊၊
    (၂) အစၥလာမ္ဘာသာဝင္မ်ားအား အိမ်ခြံမြေ၊ ရောင်း/ဝယ် ငှားရမ်းခြင်း ခွင့်မပြု၊၊
    (၃) အစ္စလာမ်ဘာသာဝင်များနှင့် လက်ထပ် ထိမ်းမြားခြင်း ခွင့်မပြု၊ လို့ ရေးသား ဖော်ပြထားပြီး စိုက်ထူတဲ့ အဖွဲ့ နာမည်ကတော့ ဇော်ဂျီကွေ့ မျိုးချစ် လူငယ်များ အဖွဲ့လို့ ရေးထိုးထားတာပါတယ်။
    အဆိုပါ သတင်းနှင့် ပတ်သက်ပြီး “ရပ်စောက်မြို့က အစ္စလာမ်ဆန့်ကျင်ရေး ဆိုင်းဘုတ်နောက်ကွယ်မှာ ဘာတွေ ဖြစ်ပျက်ခဲ့သလဲ” ခေါင်းစဉ်ဖြင့် သတင်း တပုဒ်ကို အမ်မီဒီယာမှာ ဇွန်လ ၁၆ ရက်နေ့က ဖော်ပြခဲ့ပြိးဖြစ်ပါတယ်။
    ဇွန်လ ၁၆ ရက် ယမန်နေ့ည ပိုင်းတွင် နဂိုစိုက်ထူထားသည့် နေရာမှ ဆိုင်းဘုတ်အား ဖြုတ်သိမ်း၍ ယနေ့ မနက်ပိုင်းတွင် ထွန်းဧဒင်ကဖေး ရှေ့မျက်နှာစာ ၂ ဘက်တွင် အလားတူ ဆိုင်းဘုတ် ၂ ခုအား စိုက်ထူထားကြောင်း သိရပါတယ်။
    11356118_805917269522686_1689832215_n
    မြို့နယ် ဆက်သွယ်ရေး ရုံးမှာ အရာရှိ တစ်ဥိးဖြစ်သူ ဦးဥာဏ်လင်းဦး နှင့်  ထွန်းဧဒင် ကဖေး ပိုင်ရှင် ကိုထွန်းထွန်းမှာ ရပ်စောက်မြို့ပေါ်တွင် မ.ဘ.သ(ယခင် ၉၆၉ ) အဖွဲ့ခေါင်းစဉ်အောက်မှ အစ္စလာမ် ဆန့်ကျင်ရေး လုပ်ရပ်များကို ဦးဆောင် လုပ်ဆောင်နေ သူများဖြစ်ကြောင်း မြို့နယ်အတွင် ပြသနာမဖြစ်ပွားစေရန် သက်ဆိုင်ရာ အုပ်ချူပ်ရေး အာဏာပိုင်များမှ ၄င်းတို့၏ ဥပဒေမဲ့ လုပ်ရပ်များကို ဟန့်တား အရေးယူ ဆောင်ရွက်ပေးစေလိုကြောင်း ဒေသခံ အစ္စလာမ်ဘာသာဝင် တစ်ဦးက အမ်မီဒီယာကို ပြောပါတယ်။
    “ရပ်စောက်မြို့ဆိုတာ ဗထူး တပ်နယ်ထဲမှာ ရှိတဲ့ စစ်တပ်မြို့ပါ။ ဒီလို မြို့မှာတောင် မတူညီတဲ့ ဘာသာဝင်တွေ ကြားမှာ ပြသနာဖြစ်အောင် ပြောင်ပြောင်တင်းတင်းလုပ်နေတာ ဘယ်လိုမှ မဖြစ်သင့်ပါဘူး။ ရပ်စောက်မြို့မှာ နှစ်ပေါင်း များစွာ ငြိမ်းငြိမ်းချမ်းချမ်းနေလာတဲ့ လူနည်းစုဖြစ်တဲ့ အစ္စလာမ်ဘာသာဝင်တွေ မလုံခြုံဘူးလို့ အမြဲခံစားနေရပါတယ်။ သက်ဆိုင်ရာ အုပ်ချူပ်ရေး အာဏာပိုင်များအနေနဲ့ ဒီလို ဥပဒေနဲ့ မညီတဲ့ လုပ်ရပ်တွေကို ထိထိရောက်တားဆီးပေးဖို့ တောင်းဆိုပါတယ်။ ” လို့ အဆိုပါ မြို့ခံက အမ်မီဒီယာကို ပြောကြားခဲ့ပါတယ်။
    muslim free zone
    ဆက်စပ်သတင်းဖြစ်သည့်  “ရပ်စောက်မြို့က အစ္စလာမ်ဆန့်ကျင်ရေး ဆိုင်းဘုတ်နောက်ကွယ်မှာ ဘာတွေ ဖြစ်ပျက်ခဲ့သလဲ” သတင်းဖတ်ရန်။
    http://www.m-mediagroup.com/news/42205
  • ရပ်စောက်မြို့က အစ္စလာမ်ဆန့်ကျင်ရေး ဆိုင်းဘုတ်နောက်ကွယ်မှာ ဘာတွေ ဖြစ်ပျက်ခဲ့သလဲ
    ရပ်စောက်မြို့က အစ္စလာမ်ဆန့်ကျင်ရေး ဆိုင်းဘုတ်နောက်ကွယ်မှာ ဘာတွေ ဖြစ်ပျက်ခဲ့သလဲ
    ဇွန် ၁၆ ၊ ၂၀၁၅
    M-Media
    သတင်း- သီဟ
    .Yat Sout
    ၂၀၁၅-ခုနှစ် ဇွန်လ ၁၅-ရက်နေ့ ညနေ ၃-နာရီ ကျော်လောက်မှာ ရပ်စောက်မြို့၊ ဥတ္တံတားရပ်ကွက်၊ ဇော်ဂျီကွေ့ ဆိုတဲ့နေရာမှာ  “အစ္စလာမ်ဘာသာကင်းစင်ရေး နယ်မြေ(၁)” ဆိုပြီး ခေါင်းစဉ်နဲ့ ဆိုင်းဘုတ်တစ်ခုကို စိုက်ထူခဲ့တယ်လို့သိရပါတယ်။
    .
    ဆိုင်းဘုတ်  ဘေး ၂-ဘက်ဆီမှာ ဗုဒ္ဓဘာသာရဲ့ သာသနာ့အလံ  ပါရှိပြီးတော့
    (၁) အစၥလာမ္ဘာသာဝင္မ်ား ညအိပ္ခြင့္မျပဳ၊
    (၂) အစၥလာမ္ဘာသာဝင္မ်ားအား အိမ်ခြံမြေ၊ ရောင်း/ဝယ် ငှားရမ်းခြင်း ခွင့်မပြု၊
    (၃) အစ္စလာမ်ဘာသာဝင်များနှင့် လက်ထပ် ထိမ်းမြားခြင်း ခွင့်မပြု၊ လို့ ရေးသား ဖော်ပြထားပြီး စိုက်ထူတဲ့ အဖွဲ့ နာမည်ကတော့ ဇော်ဂျီကွေ့ မျိုးချစ် လူငယ်များ အဖွဲ့လို့ ရေးထိုးထားတာပါတယ်။
    .
    အဆိုပါ ဆိုင်းဘုတ် စိုက်ထူတာနဲ့ ပတ်သက်ပြီး ရပ်စောက်မြို့ခံတွေက မှန်ကန်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။
    .
    ဒီကိစ္စ ဘာကြောင့် ဖြစ်ပေါ်လာရတာ နောက်ကွယ်က လှုပ်ရှားမှုတွေကို လက်လှမ်းမှီသလောက် စုံစမ်းခဲ့ရာမှာတော့
    .
    ရပ်စောက်မြို့နယ် ဧရိယာတွင်းမှာ ရှိတဲ့ ညောင်ကျိုး ကျေးရွာ ကို ဖြတ်ပြီး စီးဆင်းတဲ့ စမ်းချောင်းက  ရေကို အသုံးပြုတဲ့ ရွာသူ/ရွာသား ၂၀ ကျော်သည် ယခုနှစ် ဇွန်လဆန်းပိုင်းတွင် ဝမ်းဖော ဝမ်းရောင် ရောဂါဖြစ်ပွားခဲ့ကြောင်း၊ ကျွဲတစ်ကောင် သေဆုံးခဲ့ပြီး၊ အခြားကျွဲတစ်ကောင်မှာလဲ ရောဂါပြင်းထန်ကြောင်း၊ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး စမ်းချောင်း အဖျားပိုင်း စိုက်ပျိုးရေး လုပ်ကိုင်တဲ့ ဦးတင်ဦး( အစ္စလာမ်ဘာသာဝင်) မှ စမ်းချောင်းမှ ရေကို အဆိပ်ခတ်ခဲ့ကြောင်း စွပ်စွဲမှု သတင်းများထွက်ပေါ်ခဲ့ပါတယ်။
    .
    အဆိုပါကိစ္စကို ညောင်ကျိုးရွာသားများမှ ရပ်စောက်မြို့ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မ.ဘ.သ) ကို တိုင်ကြားခဲ့ကြောင်းသိရပါတယ်။
    .
    ဇွန်လ ၇-ရက်နေ့မှာ မ.ဘ.သ အဖွဲ့မှ ဦးဆောင်ပြီး ရပ်စောက်မြို့မှာ ဖွဲ့စည်းထားတဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့အစည်းမှာ တာဝန်ရှိသူများ၊ စွပ်စွဲခံရသူ ဦးတင်ဦး၊ ညောင်ကျိုးရွာသားများကို ခေါ်ယူဆွေးနွေးခဲ့ပါတယ်။
    .
    ၎င်း ဦးတင်ဦးမှာ အဆိုပါ ခြံမြေတွင် စိုက်ပျိုးရေး လုပ်ကိုင်စားသောက်နေသည်မှာ နှစ် ၃၀ ခန့်ရှိပြီဖြစ်ကြောင်း၊ စမ်းချောင်းတလျောက်  အခြားသော ပလောင်တိုင်းရင်းသား စိုက်ပျိုးရေး လုပ်ကိုင်သူများလည်းရှိကြကြောင်း၊ စိုက်ပျိုးရေးလုပ်ကိုင်သူ အားလုံးနီးပါး အသုံးပြုတဲ့ သီးနှံများအတွက် ပေါင်းသတ်ဆေးကို အသုံးပြုတာ မှန်ကန်ကြောင်း၊ တစ်ရွာလုံးမှ အခြား စိုက်ပျိုးသူများလည်း ပေါင်းသတ်ဆေးအသုံးပြုကြောင်း၊  စမ်းချောင်းရေကို အဆိပ်ခတ်သည့် ကိစ္စ ဘာအကြောင်းကြောင်းနှင့်မျှ လုပ်ဆောင်ရန် မရှိကြောင်း ပြန်လည်ဖြေရှင်း ခဲ့ကြောင်းသိရပါတယ်။
    .
    ညောင်ကျိုးကျေးရွာသားများမှ ဖြေရှင်းချက်များကို လက်မခံဘဲ ၁၅-ရက်အတွင်း အဆိုပါစိုက်ပျိုးခြံနေရာတွင် ကိုတင်ဦးတို့နေထိုင်သည့် အုတ်ညှပ် တိုက်အိမ်အား ဖျက်ပေးရန်၊ သီးနှံပေါ်ချိန်အထိ ယာယီတဲတွင်သာ နေထိုင် လုပ်ကိုင်ရန်၊ သီးနှံပေါ်ချိန်ပြီးလျှင် အဆိုပါခြံမှ အပြီး ဖယ်ရှားပေးရန် ဖိအားပေးတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ မ.ဘ.သ  အဖွဲ့ခေါင်းစဉ်အောက်မှ လှုပ်ရှားဆောင်ရွက်နေသည့် လူပုဂ္ဂိုလ်များမှလည်း ဖိအားပေးခဲ့ကြောင်း၊ နောက်ဆုံးတွင် အဆောက်အအုံအား ၁၅-ရက်အတွင်း ဖျက်ပေးရန် ဦးတင်ဦးမှ လက်မှတ်ထိုးပေး လိုက်ရကြောင်းသိရပါတယ်။
    ဇွန်လ ၈-ရက်နေ့မှာ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ရပ်စောက်မြို့ မြို့နယ် ရဲတပ်ဖွဲမှ ဦးတင်ဦးနှင့် သူ၏ သားအား ခေါ်ယူမေးမြန်း စစ်ဆေးခဲ့သလို၊ ကျေးလက် ကျန်းမာရေး အဖွဲ့မှလည်း ဦးတင်ဦး အသုံးပြုသည့် ပေါင်းသတ်ဆေးအား စစ်ဆေးခြင်း၊ ညောင်ကျိုး ကျေးရွာမှ လူနာများအားလည်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရပါတယ်။  ဆေးစစ်ချက်များ အရ  ပေါင်းသတ်ဆေးမှာ လူနှင့် တိရိစ္ဆာန်များအား အသက်အန္တရာယ်ဖြစ်စေနိုင်သည့် ပစ္စည်များမပါဝင်ကြောင်း၊ အဆိပ်မိပြီး ကျွဲသေသည့် သတင်းမှာလည်း တိကျခိုင်မာမှုမရှိကြောင်း၊ ဝမ်းဖောဝမ်းရောင်ဖြစ်ပွားနေသည့် ရွာသားများမှာလဲ အဆိပ်မိ၍ ဖြစ်ခြင်း မဟုတ်ကြောင်း စမ်းသပ်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
    ဇွန်လ ၁၄ ရက်နေ့မှတော့ အဆိုပါ ကိုတင်ဦးခြံအား မ.ဘ.သ အဖွဲ့လှုပ်ရှားမှုများအား ဦးဆောင် လှုပ်ရှားသူ ရပ်စောက်မြို့  ဆက်သွယ်ရေးရုံးမှ အရာရှိ ဦးဥာဏ်လင်းဦး နှင့် ညောင်ကျိုးရွာသားများမှ ဦးတင်ဦးခြံသို့ရောက် ရှိလာကြပြီး အဆောက်အအုံ ဖျက်ပေးမည်ဟု လက်မှတ်ထိုးပေးထားသည့် ကိစ္စ အကောင်အထည် မဖော်ကြောင်း၊ ဦးတင်ဦးမှ ပေးထားသည့် ကတိဖျက်ကြောင်းပြောဆိုပြီး ဦးတင်ဦး၏ အိမ်အား ဖျက်ဆီးဖို့ လုပ်ဆောင်ကြရာ၊ ဘာသာပေါင်းစုံငြိမ်းချမ်းရေး အဖွဲ့မှ ဥပဒေပ မလုပ်ဆောင်ဖို့ မေတ္တာ ရပ်ခံခဲ့ပြီး၊ မြို့နယ် မ.ဘ.သ အဖွဲ့ ဥက္ကဌကိုလဲ တားဆီးပေးဖို့ သွားရောက် အကူညီတောင်းခံကြောင်း၊ မြို့နယ် မ.ဘ.သ ဥက္ကဌ ဆရာတော်မှလည်း အိမ်ဖျက်ဆီးမယ့် လူအုပ်စုကို ဥပဒေပြင်ပ မလုပ်ဆောင်ဖို့ တားဆီးပေးခဲ့တယ်လို့ သိရပါတယ်။
    မြို့နယ် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့မှ တာဝန်ရှိသူများဟာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဌာန၊ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများကိုလည်း အကြောင်းကြားခဲ့ပြိးနောက် ရဲတပ်ဖွဲ့ဝင်များ လိုက်ပါပြီး ဦးတင်ဦးခြံသို့ သွားရောက်ချိန်မှာတော့ အိမ်ကို ဖျက်မည့် လူအုပ်စုမှာ ပြန်သွားခဲ့တယ်လို့ သိရပါတယ်။
    အဆိုပါ အဖြစ်အပျက်များ ဖြစ်ပွားပြီး နောက်ရက် ဇွန်လ ၁၅ ရက်နေ့တွင်  ဥတ္တံတားရပ်ကွက်၊ ဇော်ဂျီကွေ့မှာ “အစ္စလာမ်ဘာသာကင်းစင်ရေး နယ်မြေ(၁)” ဆိုင်းဘုတ်ကို စိုက်ထူခဲ့တဲ့ ကိစ္စ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ တာဝန်ရှိတဲ့ ရပ်ကွက်ဥက္ကဌက တားဆီးခဲ့ပြီး ဆိုင်းဘုတ်စိုက်ထူတဲ့ လူအုပ်စုများနဲ့ အခြေအတင်ဖြစ် ခဲ့သေးတယ်လို့ သိရပါတယ်။
    ရပ်စောက်မြို့မှာ ၂၀၁၂-ခုနှစ်နောက်ပိုင်း ၉၆၉ (နောက်ပိုင်း မ.ဘ.သ) အဖွဲ့ရဲ့ အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ဆက်တိုက် ဆိုသလိုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ လူမှုရေး ကိစ္စ များကို အခြေခံတဲ့ ပြသနာကို အကြောင်းပြုပြီး ရပ်စောက်မြို့က ဗလီကို ဖျက်ဆီးဖို့ ၆-ကြိမ် ထပ်မနည်း လူအုပ်နဲ့ ဝိုင်းခံခဲ့ရဘူးကြောင်း၊ ရပ်စောက်မြို့က အစ္စလာမ် ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ဆက်သွယ်ရေးဌာန ဝန်ထမ်း ဦးဥာဏ်လင်းဦးနှင့် ဧဒင်ထွန်းထွန်းဆိုသူတို့မှ အမြဲဦးဆောင် လှုပ်ရှားကြကြောင်း၊ ဘာသာ ၄ ခုပါဝင်တဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့ ဖွဲစည်းပြီးနောက်ပိုင်း လူမှုရေး၊ ဘာသာရေးကို အခြေခံပြီး ပြဿနာ တစုံတခုဖြစ်ပေါ်လျင် မြို့နယ် မ.ဘ.သ သံဃာ့ဆရာတော်များနှင့် ညှိနှိုင်းပြိး ဥပဒေအတိုင်း လုပ်ဆောင်ဖို့ ကြိုးစားခဲ့ရာ ယခုနှစ်များအတွင်း ကြီးမားသည့် ပြသနာ မဖြစ်ပေါ်ခဲ့ကြောင်း၊  ယခုမှသာ စမ်းချောင်းရေ အဆိပ်ခပ်တယ်လို့ စွပ်စွဲတဲ့ ပြသနာဖြစ်ပြီး အစ္စလာမ် ဆန်ကျင်ရေး လှုပ်ရှားမှုများ ပေါ်ပေါ်ထင်ထင် ထပ်မံ ဖန်တီးလာတာဖြစ်တယ်လို့ ရပ်စောက်မြို့ခံ တစ်ဦးက ပြောကြားခဲ့ပါတယ်။
    ရပ်စောက်မြို့တွင် အစ္စလာမ်ဘာသာဝင် မိသားစု ၂၀၀-ကျော်နှင့် လူဦးရေ ၁၇၀၀-ကျော်ရှိပြီး၊ ဗလီဝတ်ကျောင်း တစ်ခုရှိကြောင်းသိရှိရပါတယ်။