News @ M-Media

Author: M-Media

  • ကုလလက်အောက်ခံ အေဂျင်စီအဖွဲ့ ၁၃ ခုသို့ ၀င်ရောက်ရန် ပါလက်စတိုင်းမှ လျှောက်ထားခြင်းကို ဘန်ကီမွန်လက်ခံ

    ဧပြီ ၁၁၊ ၂၀၁၄
    M-Media

    – ကုလသမဂ္ဂလက်အောက်ရှိ အေဂျင်စီများနှင့် ဆက်သွယ်ဆောင်ရွက်ရန် ပါလက်စတိုင်း သမ္မတ မဟ်မူဒ်အဘတ်စ်၏ တောင်းဆိုချက်ကို ကုလသမဂ္ဂက လက်ခံလိုက်သည်ဟု သိရသည်။

    201441023246608734_20

    နိုင်ငံတကာ အေဂျင်စီ ၁၃ ခုအတွင်း ပါဝင်ခွင့်ရရေး အတွက် ပါလက်စတိုင်း၏ လျှောက်ထားခြင်းအား ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က လက်ခံခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင် ၁၉၃ နိုင်ငံသို့လည်း ထိုလျှောက်ထားချက်အား လက်ခံကြောင်း ဘန်က အကြောင်းကြားခဲ့သည်ဟု ကုလပြောရေးဆိုခွင့်ရှိသူ စတီဖင် ဒူဂျာရစ်က သတင်းထောက်များအား ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ဧပြီလ ၂၉ ရက်နေ့တွင် ကုန်ဆုံးမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအား သက်တမ်းတိုးရန် ကြိုးပမ်းမှုအဖြစ် နောက်ဆုံးအသုတ် အကျဉ်းသား ၂၆ ဦးလွှတ်ပေးရန် အစ္စရေးက ငြင်းဆန်ခဲ့သောကြောင့် တုံ့ပြန်သောအနေဖြင့် နိုင်ငံတကာ သဘောတူစာချုပ် ၁၅ ခုသို့ ၀င်ရောက်ခွင့် တောင်းခံလွှာကို ပါလက်စတိုင်းက လက်မှတ်ရေးထိုခဲ့ခြင်းဖြစ်သည်။ ထိုသဘောတူညီချက် ၁၅ ခုတွင် ကုလလက်အောက်ခံ သဘောတူစာချုပ် ၁၃ ခု၊ ဂျီနီဗာမှ ၁ ခုနှင့် နယ်သာလန်မှ တစ်ခုတို့ဖြစ်သည်။

    ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်း သံအမတ်ကြီး ရီယဒ်မန်ဆူရ်က ပါလက်စတိုင်းအနေဖြင့် လာမည့်မေလ ၂ ရက်နေမှစတင်ကာ အဆိုပါ အေဂျင်စီ ၁၅ ခုမှ ၁၃ ခုတွင် တရားဝင် ပါဝင်လာမည်ဖြစ်ကာ အစ္စရေး၏ လုပ်ရပ်များအပေါ် မူတည်၍ ကုလအေဂျင်စီများ၊ သဘောတူညီချက်များနှင့် စာချုပ်များအတွင်း ဆက်သွယ်ပါဝင်ရန် အဆင့်သင်ဖြစ်နေပြီဟုလည်း ပြောကြားခဲ့သည်။

    အစ္စရေးဘက်ကမူ ပါလက်စတိုင်း၏ ထိုကြိုးပမ်းမှုအားလက်မခံဘဲ၊ ပါလက်စတိုင်းအတွက် ကောက်ခံပေးနေသည့် အခွန်ငွေများနှင့် အစ္စရေးဘဏ်များတွင်ရှိသည့် ပါလက်စတိုင်းပိုင်ငွေများအား မပေးဘဲထားမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည်။
    AP

  • ယူကရိန်း အစိုးရ၏ လွတ်ငြိမ်း ချမ်းသာခွင့် ကမ်းလှမ်းမှုကို ခွဲထွက်ရေးသမားများ ပယ်ချ

    ဧပြီ ၁၁၊ ၂၀၁၄
    M-Media

    – ယူကရိန်းအရှေ့ပိုင်းပြည်နယ် မြို့များရှိ အစိုးရအဆောက်အဦးများကို သိမ်းပိုက်ထားသည့် ရုရှားလိုလားသူ ခွဲထွက်ရေး သမားများက ယူကရိန်းအစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်ကမ်းလှမ်းချက်အား ပယ်ချလိုက်သည်ဟု သိရသည်။

    _74148130_ap

    ခွဲထွက်ရေသမားများအနေဖြင့် အစိုးရထံလက်နက်ချပါက တရားဆွဲဆိုခြင်းခံရမှုမှ ကင်းလွတ်မည်ဟု ယူကရိန်းအစိုးရက ပြောကြားထားသော်လည်း ရုရှားလိုလားသူ အဆိုပါလက်နက်ကိုင်များကမူ ၎င်းတို့မှာ လက်နက်ကို မစွန့်လွှတ်ဟု တုံ့ပြန်ခဲ့သည်။

    အဆိုပါ ခွဲထွက်ရေသမားများမှာ ၎င်းတို့ သိမ်းပိုက်ထားသည့် အဆောက်အဦးများ၏ ရှေ့တွင် အဆီးအားများပြုလုပ်ခြင်း၊ လျှပ်စစ်ဝါယာကြိုးများ တပ်ဆင်ခြင်းနှင့် သဲအိတ်များဖြင့် အကာအကွယ်ယူခြင်းတို့ကို လုပ်ဆောင်နေကြပြီး ဒေသကိုယ်ပိုင် အုပ်ချုပ်ခွင့်အတွက် ပြည်သူ့ ဆန္ဒခံယူပွဲ ပြုလုပ်ပြီးနောက်မှသာ ထိုအဆောက်အဦးများမှ ထွက်ခွာပေးမည်ဟု ဆိုသည်။ ထို့ပြင် ရုရှားအရှေ့ပိုင်း Donetsk မြို့ကိုလည်း လွတ်လပ်သော သမ္မတနိုင်ငံအဖြစ် ခွဲထွက်ရေးသမားများက စောစောပိုင်းတွင် ကြေညာထားသည်။

    ယူကရိန်းအစိုးရကမူ ထိုမတည်ငြိမ်မှုအား ဖြေရှင်းရန်အတွက် ညှိနှိုင်းဆွေးနွေးမှု၊ အင်အားသုံးဖြေရှင်းမှု နည်းလမ်းနှစ်ခုရှိသည်ဟု ဆိုပြီး ၄၈ နာရီအချိန်ပေးထားသည်။ ရုရှားကလည်း ယူကရိန်းနိုင်ငံအတွင်းရှိ ရုရှားစကစားပြောသူများကို ကာကွယ်ရန်အတွက် စစ်တပ်စေလွှတ် ခွင့်ရှိသည်ဟု ပြောဆိုထားပြီး ယူကရိန်းမှ အင်အားသုံးဖြေရှင်းပါက ရုရှားနှင့် ထိပ်တိုက်တွေ့ရမည်ဖြစ်သည်။

    Al Jazeera and agencies

  • အင်ဒိုနီးရှားရွေးကောက်ပွဲတွင် အစ္စလာမ့် အခြေပြု ပါတီများအား ထောက်ခံမှုများလာ

    ဧပြီ ၁၁၊ ၂၀၁၄
    M-Media

    – ယခုတစ်ပတ်အတွင်း အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်နေသည့် အထွေထွေရွေးကောက်ပွဲတွင် အစ္စလာမ်အခြေပြုပါတီများမှာ အံ့သြဖွယ်ကောင်းလောက်အောင် ပြည်သူများ၏ ထောက်ခံမှုကို ရရှိခဲ့သည်ဟု သိရသည်။

    indonesia-elections

    ကမ္ဘာပေါ်တွင် အစ္စလာမ်ဘာသာဝင်အများဆုံးရှိသည့် အင်ဒိုနီးရှားနိုင်ငံတွင် လက်ရှိပြုလုပ်နေသာ ရွေးကောက်ပွဲ၌ အစ္စလာမ်အခြေပြုပါတီ ၅ ခု ၀င်ရောက်ယှဉ်ပြိုင်နေသည်ဟု လေ့လာမှုများကဆိုသည်။

    ၁၉၉၈ ခုနှစ် အာဏာရှင်ဆူဟာတို ပြုတ်ကျသွားပြီးနောက် ဟိဂျဘ် ၀တ်ဆင်သည့် အမျိုးသမီးများ များပြားလာခြင်းကဲ့သို့ အစ္စလာမ်၏ လက္ခဏာများ တိုးတက်လာခဲ့သော်လည်း အစ္စလာမ့် အခြေပြု ပါတီများကို ထောက်ခံမှုမှာ လျော့နည်းခဲ့သည်။

    သို့သော်လည်း ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ထိုအခြေအနေမှာ မထင်မှတ်လောက်အောင် ပြောင်းလဲခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် အစ္စလာမ် အခြေပြုပါတီအား ထောက်ခံမှု ၂၆ ရာခိုင်နှုန်းရှိခဲ့ရာမှာ ယခုအချိန်တွင် ၃၂ ရာခိုင်နှုန်းအထိ တက်လာခဲ့သည်ဟု ကိန်းဂဏန်းနှင် နိုင်ငံတကာရေးရာ လေ့လာမှုအဖွဲ့ CSIS ၏ လျှို့ဝှက် စစ်တမ်းကောက်ယူမှုအရ သိရသည်။

    ထိုကဲ့သို့ ပြောင်းလဲလာခဲ့ခြင်းမှာ ဘာသာရေး မနွယ်သောပါတီများ အထူးသဖြင့် လက်ရှိသမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနို၏ ဒီမိုကရက်တစ်ပါတီ အာဏာ ရရှိစဉ် ဖြစ်ပွားသည့် အဂတိလိုက်စားမှုများအား ပပျောက်စေရန် လုပ်ဆောင်နိုင်ခြင်း မရှိသောကြောင့်ဖြစ်ကြောင်း၊ ထိုကဲ့သို့ အစ္စလာမ်အခြေပြုပါတီများအား လူထုထောက်ခံမှုပိုလာခြင်းက အဂတိလိုက်စားသည့် လက်ရှိအာဏာရ ပါတီကို ဒေါသ ထွက်စေနိုင်ကြောင်း လေ့လာသူများက ဆိုသည်။
    – AFP/ir

  • ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ် ပွဲစဉ်မဲခွဲ ရီးယဲလ်နှင့် ဘိုင်ယန်၊ အက်သလက်တီကိုနှင့် ချယ်ဆီးတို့တွေ့ဆုံ

    ဧပြီ ၁၁၊ ၂၀၁၄
    M-Media

    – ဥရောပဘောလုံးလောက၏ အဆင့်အမြင့်ဆုံးနှင့် အကြီးကျယ်ဆုံး ဘောလုံးပြိုင်ပွဲဖြစ်သည့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဥရောပဘောလုံးအဖွဲ့ချုပ် UEFA ရုံးစိုက်ရာ ဆွစ်ဇလန်နိုင်ငံ Nyon မြို့တွင် ယနေ့တွင် မဲခွဲခဲ့သည်။

    2088723_w2

    ဆီးမီးဖိုင်နယ်သို့ တက်ရောက်ခဲ့သည့်လေးသင်းမှာ စပိန်မှ ရီးယဲလ်၊ အက်သလက်တီကို၊ အင်္ဂလန်မှ ချယ်ဆီး၊ ဂျာမနီမှ လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်တို့ဖြစ်ကြပြီး မဲခွဲခဲ့ရာ ရီးယဲလ်နှင့် ဘိုင်ယန်မြူးနစ်၊ အက်သလက်တီကိုနှင့် ချယ်ဆီးတို့ တွေ့ဆုံခဲ့သည်။

    ဥရောပချန်ပီယံဘောလုံးပြိုင်ပွဲအဖြစ်မှ ချန်ပီယံလိဂ်အဖြစ် အမည်ပြောင်းခဲ့ပြီးနောက်ပိုင်း ဘိုင်ယန်မှာ နှစ်ကြိမ်ဆက်ဗိုလ်စွဲနိုင်သည့် ပထမဆုံးအသင်းအဖြစ် မျှော်မှန်းနေပြီး၊ ချန်ပီယံလိဂ်အစဉ်အလာရှိသည့် ရီးယဲလ်ကလည်း ၁၀ ကြိမ်မြောက် ဥရောပချန်ပီယံဖြစ်ရန် ကြိုးစားနေကာ ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ် ၎င်းတို့ နှစ်သင်း နောက်ဆုံးတွေ့ဆုံခဲ့သည့် ၅ ပွဲတွင် ဘိုင်ယန်မြူးနစ်က လေးပွဲအနိုင်ရထားသည့် အစဉ်အလာရှိနေသည်။

    ၁၉၇၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဆီးမီးဖိုင်နယ် တက်ရောက်လာခဲ့သည့် အက်သလက်တီကိုအသင်းမှာ ချယ်ဆီးအသင်းနှင့် သုံးကြိမ်တွေ့ဆုံခဲ့ပြီး နောက်ဆုံးတွေ့ဆုံခဲ့သည့် ၂၀၁၂ ခုနှစ် ယူအီးအက်ဖ်အေ စူပါဖလားပြိုင်ပွဲတွင် အက်သလက်တီကိုက ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။

    ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ်ပွဲစဉ်ကို ဧပြီ ၂၂၊ ၂၃ နှင့် ၂၉၊ ၃၀ ရက်များတွင် ပြုလုပ်မည်ဖြစ်ပြီး၊ နောက်ဆုံးဗိုလ်လုပွဲကို ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့တွင် မေလ ၂၄ ရက်နေ့တွင် ကစားမည်ဖြစ်သည်။

    ချန်ပီယံလိဂ်ဆီးမီးဖိုင်နယ်ပွဲစဉ်များ

    ရီးယဲလ်မက်ဒရစ် VS ဘိုင်ယန်မြူးနစ်
    အက်သလက်တီကို VS ချယ်ဆီး

  • လေကြောင်း အန္တရာယ် ကင်းရှင်းရေး Blacklist မှ ဖိလစ်ပိုင်လေကြောင်းလိုင်းအား အမေရိကန် ပယ်ဖျက်

    ဧပြီ ၁၁၊ ၂၀၁၄
    M-Media

    – ဖိလစ်ပိုင်လေကြောင်းလိုင်းအား လေကြောင်း အန္တရာယ်ကင်းရှင်းရေး blacklist အတွင်း ထည့်သွင်းထားမှုအပေါ် အမေရိကန်ဖက်ဒရယ်လေကြောင်း စီမံခန့်ခွဲရေးဌာန FAA က ပယ်ဖျက်လိုက်သည်ဟု ဖိလစ်ပိုင်နိုင်ငံက ယနေ့တွင် ကြေညာခဲ့ပြီး ထိုကဲ့သို့ ပယ်ဖျက်ပေးခြင်းမှာ ဖိလစ်ပိုင် လေကြောင်းလိုင်း အမေရိကန်သို့ တိုးချဲ့ပြေးဆွဲရန် အတွက် တံခါးဖွင့်ပေးခြင်းဖြစ်သည်ဟု ဆိုသည်။

    Philippine_Airline

    လေကြောင်း အန္တရာယ်ကင်းရှင်းရေး စနစ်များကို ဖိလစ်ပိုင်နိုင်ငံမှ အဆင့်မြှင့်တင်ခဲ့ပြီးနောက် ဥရောပသမဂ္ဂကလည်း ၎င်းတို့၏လေပိုင်နက်အတွင်း ဖိလစ်ပိုင်လေကြောင်းလိုင်းမှ လေယာဉ်များ ပျံသန်းခွင့် ပိတ်ပင်ထားခြင်းအား ပြီးခဲ့သည့်နှစ် ဇူလိုင်လက ပယ်ဖျက်ပေးခဲ့သည်။

    “၂ နှစ်တာကလအတွင်းမှာ အောင်မြင်မှုတစ်ခုကနေ နောက်အောင်မြင်မှုတစ်ခု ရလာခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ အကောင်းဆုံးဆိုတဲ့ စနစ်တွေနဲ့ ကိုက်ညီအောင် လေကြောင်းကဏ္ဍတိုးမြှင့်ရေး ဆောင်ရွက်ချက်တွေကို ကျွန်တော်တို့နိုင်ငံက ပြုလုပ်ခဲ့ပါတယ်” ဟု ဖိလစ်ပိုင် ပို့ဆောင်ရေးဌာနမှာ ဂျိုးဆက်ပ် အဘာယာက ကြေညာချက်တွင် ဖော်ပြထားသည်။

    ထိုကဲ့သို့ အဆင့်မြှင့်တင်မှုက နိုင်ငံ၏ စီးပွားရေး၊ ခရီးသွား ကဏ္ဍတိုးမြှင့်ခြင်း ၊ ကုန်သွယ်ရေးနှင့် စီးပွားရေး ဆက်သွယ်မှုများကို သိသာသောအကျိုးသက်ရောက်မှုများ ရှိလာမည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ဖိလစ်ပိုင်လေကြောင်းလိုင်း၏ အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ချက်များမှာ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် မညီသောကြောင့် FAA မှ လေကြောင်းအန္တရာယ်ကင်းရှင်းရေး blacklist “အုပ်စု ၂” တွင် ၂၀၀၈ ခုနှစ်က ထည့်သွင်းထားခြင်းဖြစ်သည်။

်ထို့ကြောင့် ဖိလစ်ပိုင်လေကြောင်းလိုင်းမှ လေယာဉ်များမှာ အမေရိကန်သို့ ပျံသွန်းခွင့်မရဘဲ၊ ၂၀၁၀ ခုနှစ်တွင် ဥရောပ သမဂ္ဂကလည်း အန္တရာယ်ကင်းရှင်းရေး အကြောင်းကြောင့်ပင် ဖိလစ်ပိုင်လေကြောင်းလိုင်းအား ပိတ်ပင်ခဲ့သည်။

    – AFP/ac