News @ M-Media

Author: M-Media

  • ဗြိတိန်အစိုးရ ယဉ်ကျေးမှု ၀န်ကြီးအဖြစ် အစ္စလာမ် ဘာသာဝင် တစ်ဦး ခန့်အပ်ခံရ

    ဧပြီ ၁၁၊ ၂၀၁၄
    M-Media

    – ယူကေ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းအစိုးရ၏ ယဉ်ကျေးမှုဆိုင်ရာ ၀န်ကြီးအဖြစ် အစ္စလာမ်ဘာသာဝင် ပါလီမန်အမတ် Sajid Javid ကို ခန့်အပ်လိုက်သည်ဟု သိရသည်။

    Former Treasury Minister Sajid Javid lea

    ယမန်နေ့နံနက်ပိုင်း အစောပိုင်းက ၀န်ကြီးဟောင်း မာရီယာမီလာ ရာထူးမှနှုတ်ထွက်သွားခြင်းကြောင့် ယဉ်ကျေးမှုဝန်ကြီးအဖြစ် ဘရူမ်းစ် ဂရုဗ်မြို့ကိုယ်စားလှယ် ပါလီမန်အမတ် ဂျာဗစ်အား ခန့်အပ်လိုက်ခြင်းဖြစ်ပြီး ဗြိတိန်အစိုးရတွင် ပါဝင်သည့် ဒုတိယမြောက် မွတ်စလင် ၀န်ကြီးဖြစ်လာမည်ဖြစ်သည်။

    “သူဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ မြင့်တက်လာအောင် ကူညီရာမှာ သူဟာ စပယ်ရှယ်လစ် တစ်ယောက်ဖြစ်ပြီး၊ ဒီနယ်ပယ်မှာတော့ နိုင်ငံတကာ အဆင့်ရှိတဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရတာပါ” ဟု ဂျာဗစ်၏ ၀ဘ်ဆိုဒ်တွင် ရေးသားဖော်ပြထားသည်။ ဂျာဗစ်မှာ ယခင်က ဗြိတိန်ဘဏ္ဍာရေးဌာန၏ တတိယအကြီးဆုံး တာဝန်ရှိသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

    ယခင်ဝန်ကြီးဟောင်း မီလာ၏ ငွေကြေးသုံးစွဲမှုအတွက် ပါလီမန်က စစ်ဆေးမှုများ ပြုလုပ်နေပြီးသူမဘက်မှ တုံ့ပြန်ခဲ့ခြင်းအပေါ် ဝေဖန်ခံခဲ့ရပြီးနောက် မီလာမှာ ယမန်နေ့က ကတ်ဘိနတ်အဖွဲ့မှ နှုတ်ထွက်သွားခြင်းဖြစ်သည်။ ၀န်ကြီးချုပ်သို့ ပေးပို့သော သူမ၏ နှုတ်ထွက်စာတွင် “အလွန်နောင်တရမိသည်” ဟု ဖော်ပြထားသည်။

    ကိုယ့်ဒူးကိုယ်ချွန်လူသား

    ဘတ်စ်ကား ဒရိုင်ဘာတစ်ဦး၏ သားဖြစ်သူ ဂျာဗစ်မှာ ဘရစ္စတိုလ်မြို့တွင် အထက်တန်း ပညာရေးကို ဆည်းပူးခဲ့ပြီးနောက် Exeter တက္ကသိုလ်တွင် စီးပွားရေးနှင့် နိုင်ငံရေးပညာရပ်ကို လေ့လာသင်ယူရန် အခွင့်အရေးရခဲ့သည်။

    ဂျာဗစ်မှာ  အသက် ၂၄ နှစ်အရွယ်တွင် Chase Manhattan ဘဏ်၏ ဒုတိယ ဥက္ကဌဖြစ်လာခဲ့ပြီး ဘဏ်သမိုင်းတွင် အငယ်ဆုံး ဒုဥက္ကဌလည်းဖြစ်သည်။ ထို့နောက် ဂျာဗစ်မှာ Deutsche ဘဏ်သို့ ပြောင်းရွှေ့ခဲ့ပြီး၊ အာရှဆိုင်ရာ ဘဏ္ဍာရေး၊ ရှယ်ယာနှင့် သွင်းကုန်ပို့ကုန် စီပွားရေးဌာနတွင် ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

    အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်နှင့် ရင်းနှီးမြှုပ်နှံသူ တစ်ဦးဖြစ်သည့် ဂျာဗစ်မှာ စွန့်ဦးလုပ်ငန်းရှင်များ၏ စီးပွားရေး တည်ထောင်မှုများ၊ အလုပ်အကိုင် ဖန်တီးမှုများကိုလည်း ကူညီပေးခဲ့သည်။ လူမှုရေးလုပ်ငန်းများကိုလည်း အာရုံစိုက် လုပ်ဆောင်ခဲ့ပြီး ဗြိတိန်ကြက်ခြေနီအသင်း အတွက် တစ်ဦးတည်း ရန်ပုံငွေပွဲ တစ်ခုပြုလုပ်ကာ ပေါင် ၇၁၀၀၀၀ ရှာဖွေပေးနိုင်ခဲ့သည်။

    ထို့ပြင် သက်ကြီးရွယ်အိုများကို ကူညီစောင့်ရှောက်ပေးနေသည့် ဗြိတိန်အခြေစိုက် Help the Aged အဖွဲ့အတွက် ရန်ပုံငွေရှာဖွေရေး အဖွဲ့ကို ဦးဆောင်ကာ တန်ဇန်းနီးယားနိုင်ငံ Kilimanjaro တောင်တွင် ပြုလုပ်သည့် အစည်းဝေးသို့ သွားရောက်ခဲ့သည်။ ဂျာဗစ်မှာ လန်ဒန်၏ အကြီးဆုံး ကလေးသူငယ်များကူညီစောင့်ရှောက်ရေးအဖွဲ့ Westminster Children’s Society ၏ ဘဏ္ဍာရေးပိုင်းကို ကြီးကြပ်ဆောင်ရွက်ရသူလည်းဖြစ်သည်။

    အကြီးတန်းဝန်ကြီး တစ်ဦးဖြစ်ပြီး အယူဝါဒနှင့် လူမှုအဖွဲ့အစည်းဆိုင်ရာ ၀န်ကြီးဖြစ်သူ ဘရိုနက်စ် ၀ါစီပြီးနောက် ဂျာဗစ်မှာ ဗြိတိန်အစိုးရ၏ ဒုတိယမြောက် မွတ်စလင်ဝန်ကြီးဖြစ်သည်။

    ဗြိတိန်တွင် အစ္စလာမ်ဘာသာမှာ ခရစ်ယာန်ဘာသာပြီးနောက် ဒုတိယအများဆုံး ယုံကြည်ကိုးကွယ်သည့် အယူဝါဒ တစ်ခုဖြစ်ပြီး အစ္စလာမ်ဘာသာဝင် ဦးရေ ၂.၇ သန်းရှိသည်။

    Ref: OnIslam & Newspapers

  • ယာဉ်မတော်တဆမှု လျော့အောင် ဆိုင်ကယ် မစီးခိုင်းတာဟု ရန်ကုန်တိုင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေးပြော

    ယာဉ်မတော်တဆမှု လျော့အောင် ဆိုင်ကယ် မစီးခိုင်းတာဟု ရန်ကုန်တိုင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေးပြော

    ဧပြီ ၁၁၊ ၂၀၁၄
    M-Media
    လမင်း

    ရန်ကုန်။      ။ ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၄ ခုနှစ်၌ ယာဉ်တိုက်မှုကြောင့် သေဆုံးသူဦးရေမှာ တစ်လထက် တစ်လမြှင့်တက်လာကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီထံမှတဆင့် သိရှိရပါသည်။

    ၂၀၁၄ မတ်တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်း ယာဉ်တိုက်မှုပေါင်း ၁၇၁ ခုဖြစ်ပွားခဲ့ပြီး ၂၁၇ ဦးဒဏ်ရာရခဲ့ပြီး သေဆုံးသူ ၃၆ ဦးရှိခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ အဆင်မြင့် အရာရှိတစ်ဦးက “ကျွန်တော်တို့ဒီလို တစ်လနဲ့တစ်လ မြှင့်တက်လာတာကို လျော့ကျသွားအောင် လုပ်ဆောင်နေပါတယ်။ ပညာပေး လုပ်ငန်းတွေကိုလည်း ရုပ်မြင်သံကြားတွေကနေ၊ လက်ကမ်း စာစောင်တွေထုတ်ပြီး လုပ်နေပါတယ်။ ယာဉ်တိုက်မှု တစ်ခုဖြစ်ပြီဆိုရင် အဲဒီတစ်မှုထဲမှာ လူတွေနှစ်ယောက် သုံးယောက်သေနေကြတာ။ ကားတွေလည်း စည်းကမ်းရှိ၊ လူတွေလည်း စည်းကမ်းရှိရင် ယာဉ်တိုက်မှုနှုန်းတွေလျော့ကျသွားမှာပါ” ဟူ၍ပြောခဲ့သည်။

    ယာဉ်တိုက်မှုများလျော့နည်းစေရန်အတွက်လည်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီမှ ရန်ကုန်တိုင်း အတွင်း သက်ဆိုင်ရာ ဌာနများမှ ခွင့်ပြုထားသော မော်တော် ဆိုင်ကယ်များမှအပ တစ်ခြား ခွင့်မပြုထားသော ဆိုင်ကယ်များကိုလည်း ထိရောက်စွာ ဖမ်းဆီးအရေးယူ လျက်ရှိနေကြောင်း သိရသည်။

    “ယာဉ်မတော်တဆမှုလျော့နည်းအောင် ကျွန်တော်တို့က ဆိုင်ကယ်တွေကို မစီးခိုင်းတာပါ။ တချို့တွေက စီးနေကြတုန်းပဲ။ တွေ့ရင်တော့ ဖမ်းပါတယ်။  အခုမတ်လထဲမှာ ဆိုင်ကယ် ၄၀၃ စီးဖမ်းဆီးမိပါတယ်။ လိုင်စင်ရှိက ၂၇၉ စီး၊ လိုင်စင်မဲ့က ၁၂၄ စီးဖမ်းမိပါတယ်။ ဖမ်းမိတာတွေကိုလည်းအရေးယူထားပါတယ်။ လိုင်စင်မရှိတဲ့ ဆိုင်ကယ်တွေဆိုရင် ပြည်သူပိုင် သိမ်းထားလိုက်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

    ယာဉ်မတော်တဆဖြစ်မှုကြောင့် သေဆုံးသူ ဦးရေမှာ ဇန်န၀ါရီလတွင် ၂၇ ဦး၊ ဖေဖော်ဝါရီလတွင် ၃၁ ဦးနှင့် မတ်လတွင် ၃၆ ဦးရှိရာ တဖြည်းဖြည်းနှင့် မြှင့်တက် လာကြောင်းကို တွေ့ရသည်။

  • အိန္ဒိယရွေးကောက်ပွဲနှင့် အပြောင်းအလဲကို ဆာလောင် မွတ်သိပ်နေတဲ့ အိန္ဒိယ မွတ်စ်လင်မ်လူငယ်များ

    ဧပြီ ၁၀ ၊ ၂၀၁၄
    M-Media

    muslim-discrimination
    ခွဲခြားဆက်ဆံမှုကို ဆန္ဒပြနေသည့် အိန္ဒိယမွတ်စလင် အမျိုးသမီးများ

    ရွေးကောက်ပွဲရာသီတိုင်းမှာ စိတ်ပျက်စရာတွေချည်းကြုံတွေ့ရတဲ့အတွက် မွန်းဘိုင်းက မွတ်စ်လင်မ်လူငယ်တွေဟာ နိုင်ငံရေးသဘောကိုသိနားလည်ဖို့၊ မွတ်စ်လင်မ်တွေအပေါ် သမိုင်းနဲ့ချီပြီး ခွဲခြားမှုကြီးထွားနေတဲ့ တိုင်းပြည့်အနာဂတ်ကို အပြောင်းအလဲပြုလုပ်ဖို့ စုစည်းညီညွတ်လာကြပြီ  ဖြစ်ပါတယ်။

    Muslim Youth Group (MYG) ရဲ့ ခေါင်းဆောင် Akeel Shaikh (၁၉ နှစ်)က Global Post ကို ဒီလို ပြောကြားခဲ့ပါတယ်။

    “ ကျွန်တော်တို့ဟာ အသက် ၁၈ နှစ်သာ ရှိပါသေးတယ်။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ကျွန်တော်တို့က ကြီးကောင်ဝင်ဆဲ၊ မွတ်စ်လင်မ့် အခွင့်အရေးနဲ့ အိန္ဒိယဖွံ့ဖြိုးမှု အတွက် တိုက်ပွဲဝင်နေဆဲပါ ”။

    ဧပြီလ ၇ ရက် တနင်္လာနေ့မှာ စတင်တဲ့ ကမ္ဘာ့အကြီးမားဆုံးရွေးကောက်ပွဲအတွင်း သန်းနဲ့ချီသော အိန္ဒိယသားတွေ မဲပေးနေပြီဖြစ်တယ်။

    အိန္ဒိယနိုင်ငံရဲ့ မဲပေးခွင့်ရှိသူပေါင်း ၈၁၄ သန်းဟာ အာဏာ ၁၀ နှစ်သက်တမ်းရှိ အာဏာရကွန်ကရက်ပါတီကို အပြတ်အသတ် အနိုင်ရစေချင်နေသလို BJP ပါတီက နာရင်းဒရာ မိုဒီကို ရွေးချယ်တင်မြှောက်နိုင်ဖို့ မျှော်လင့်ချက်ကြီးမားနေကြတယ်။

    လူဦးရေ ၁၄ ရာခိုင်နှုန်းနီးပါးရှိတဲ့ သန်း ၁၈၀ ကိုယ်စားပြုထားသော အိန္ဒိယ မွတ်စ်လင်မ်တွေက ဖိအားပေးခံနေရတယ်။ အဲ့ဒီပမာဏက လွှတ်တော်အမတ် နေရာ ၁၀၀ အတွက် အဆုံးအဖြတ်ဖြစ်နေလို့ပါပဲ။

    မွတ်စ်လင်မ် အမြောက်အများအဖို့ မိုဒီရဲ့အမည်ကို ၂၀၀၂ ခုနှစ်က မွတ်စ်လင်မ်ပေါင်း ၂၀၀၀ သတ်ဖြတ်ခံရတဲ့ ဂူဂျာရတ်အဓိကရုဏ်းနဲ့ တွဲလျက်မြင်နေကြပါတယ်။

    “ ကျွန်တော်တို့မွတ်စ်လင်မ်တွေကတော့ ၂၀၀၂ ဂူဂျာရတ်အရေးအခင်းကြောင့် BJP ကိုရော မိုဒီကိုပါ ထောက်ခံမှာ မဟုတ်ဘူး။

    အာဏာရ အိန္ဒိယအမျိုးသားကွန်ကရက်ပါတီဟာ နှစ်ပေါင်းများစွာ မွတ်စ်လင်မ်တွေရဲ့ သည်းခြေကြိုက် ဖြစ်ခဲ့တယ်။ သို့သော်လည်း ဥပဒေသက်ဝင်အောင် မပြုလုပ်နိုင်မှု၊ ပညာရေးမြှင့်တင်ဖို့ ပျက်ကွက်မှု၊ အလုပ်လက်မဲ့ဦးရေ မလျှော့ချနိုင်မှု၊ အကြမ်းဖက်ခြင်း မထိန်းချုပ်နိုင်မှုတို့အပေါ်

    စိတ်ပျက်လက်ပျက်ဖြစ်လာပြီးတဲ့နောက်မှာတော့ မွတ်စ်လင်မ်တွေရဲ့ထောက်ခံမှု ယိုယွင်းလျော့ပါးသွားပါတယ်။

    လူဦးရေ ၁၄ ရာခိုင်နှုန်းနီးပါးရှိတဲ့ သန်း ၁၈၀ ကိုယ်စားပြုထားသော အိန္ဒိယ မွတ်စ်လင်မ်တွေက ဖိအားပေးခံနေရတယ်။ အဲ့ဒီပမာဏက လွှတ်တော်အမတ် နေရာ ၁၀၀ အတွက် အဆုံးအဖြတ်ဖြစ်နေလို့ပါပဲ။

    “ ဘယ်သူ့ကိုမှ မဲပေးဖြစ်မှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ၆၅ နှစ်အတွင်း ဘာမှ အပြောင်းအလဲ မဖြစ်သေးဘူး။ ကျွန်တော် ဒီမှာ မွေးကတည်းက နေလာတာ။ တိုင်းပြည့်အခြေခံ အဆောက်အဦတွေ၊ လိုအပ်ချက်တွေ ဘာဆိုဘာမှ မရှိပါဘူး ” လို့ မုန့်ဆိုင်မှာ ပေါင်မုန့်ဝယ်ရင်း

    မွန်ဘိုင်းဒေသခံ Irfan Kashif က ပြောပါတယ်။

    မွတ်စ်လင်မ်အများစုက ကွန်ကရက်ပါတီအပေါ် ယုံစားမှု လျော့ပါးနေပေမယ့် မဲပေးသူအများစုအတွက်တော့ တစ်ခုတည်းသော ရွေးချယ်မှု ဖြစ်နေခဲ့တယ်။

    “ မွတ်စ်လင်မ်တွေက အဓိကရုဏ်းတွေကို မမေ့ပျောက်နိုင်သေးတဲ့အတွက် BJP ကို မဲပေးကြမှာ မဟုတ်ဘူး။ ဘီဂျေပီရော ကွန်ကရက်ရော သိပ်မကွာခြားလှပါဘူး။ ဒါပေမယ့် ကျွန်တော့်အဖို့ BJP ကို မနှစ်မြို့တဲ့အတွက် Congress ကို အသည်းကြားက မဲတစ်ပြား ပေးအပ်ဖြစ်မယ် ထင်ပါတယ် ”

    ဆိုပြီး Sahil စားသောက်ဆိုင်ပိုင်ရှင် Hadi Husmani က ပြောပါတယ်။

    အပြောင်းအလဲ
    ——————
    အဖွဲ့အင်အား ၅၀၀၀ ရှိတဲ့ MYG ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ မွတ်စ်လင်မ်တွေ ဦးဆောင်မှုအခန်းကဏ္ဍထဲ ပါဝင်စေလိုကြောင်း အလေးအနက်ထား ရင်ဖွင့်လိုက်ပါတယ်။

    နိုင်ငံရေးလောကမှာ အသက် ၁၆ နှစ်သားကတည်းက ကျင်လည်ခဲ့တဲ့ Shaikh က “ ကျွန်တော်တို့ဟာ ထိုက်တန်တဲ့ လုပ်အားခ၊ နေရာနဲ့ အလားအလာတွေ အတွက် သတ္တိရှိရှိ တိုက်ပွဲဝင်ရမှာဖြစ်တယ် ” လို့ ဆိုခဲ့တယ်။

    Lok Sabha လို့ ကျော်ကြားတဲ့ ယခင်အောက်လွှတ်တော်ရွေးကောက်ပွဲမှာ မွတ်စ်လင်မ် ၃၀ ဦးသာ ရွေးချယ်တင်မြှောက်ခံရတယ်။ ကိုယ်စားပြုချက် အချိုးအရဆိုရင် အယောက် ၇၀ အထိ ထည့်သွင်းပေးရမှာပါ။

    နိုင်ငံရေးဖြစ်စဉ်ကို လုံးလုံးလျားလျား အယုံအကြည်ကင်းမဲ့နေတဲ့ မျိုးရိုးက ဆင်းသက်လာသော မွတ်စ်လင်မ်လူငယ်တွေဟာဖြင့် အပြောင်းအလဲ အနေနဲ့ နိုင်ငံရေးလောကထဲ ၀င်ရောက်ဖို့ ခံစားချက်ပြင်းထန်နေပါတယ်။

    MYG အဖွဲ့သား Noman Kahn က “ တကယ်လို့သာ ကျွန်တော် နိုင်ငံရေးလောကထဲ ၀င်မယ်လို့ မိဘတွေကို ပြောပြခဲ့ရင် သူတို့ ရူးသွားလောက်ပါတယ်။ အိန္ဒိယမှာ ဒါက မကောင်းတဲ့အမြင်တစ်ရပ် ဖြစ်ပါတယ် ” လို့ ပြောပြတယ်။

    အိန္ဒိယမွတ်စ်လင်မ်လူငယ်များဟာ ပန်းတိုင်ရောက်အောင် တက်လှမ်းနိုင်စွမ်းရှိခဲ့ရင် နွမ်းပါးနိမ့်ကျတဲ့ မွတ်စ်လင်မ် လူ့အစုအဝေးကို ပြောင်းလဲပစ် လိုက်နိုင်တယ်လို့ Shaikh က အခိုင်အမာ ဆိုခဲ့တယ်။

    “ ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေးသမား အများစုရဲ့အသက်အရွယ်က ၅၀ က ၆၀ ကြားတွေ ဖြစ်နေတယ်။ တကယ့် နိုင်ငံရေးလမ်းကြောင်းအရဆိုရင် သူတို့ဟာ အရွေးချယ်ခံ ဖြစ်နေရမှာ မဟုတ်တော့ဘူး။ ဒါပေမယ့် ကျွန်တော်တို့ စုစည်းညီညွတ်မယ်၊ လူငယ်တွေလည်း ဖြစ်တဲ့အတွက် ရင့်ကျက်လာတဲ့အခါမှာ အရာအားလုံးကို ကျွန်တော်တို့ အပြောင်းအလဲ လုပ်ကြပါလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်တို့ဆီမှာ အတွေးသစ်အမြစ်သစ်နဲ့တစ်ကွ နည်းပညာသစ်တွေ ရှိနေကြတယ်။ ကျွန်တော်တို့ဆီမှာ မိုဘိုင်းလ်တွေ၊ လူမှုကွန်ရက်တွေနဲ့ ဖေ့စ်ဘွတ် ရှိနေတယ်။

    နိုင်ငံရေးက ကျွန်တော်တို့ကို ပြောင်းလဲစေမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့က နိုင်ငံရေးကို ပြောင်းလဲပစ်လိုက်မှာပါ ”

    Re: OnIslam & Newspapers

  • အက်စတွန်ဗီလာပွဲ မော်ရင်ဟို၏ အပြုအမူကြောင့် FA က ဒဏ်ငွေရိုက်

    ဧပြီ ၁၀၊ ၂၀၁၄
    M-Media

    – မတ်လ ၁၅ ရက်နေ့က အက်စတွန်ဗီလာ အသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သော ပရီးမီးယားလိဂ်ပွဲတွင် ပြုမူခဲ့သော မော်ရင်ဟို၏ အပြုအမူ အတွက် FA က ဒဏ်ငွေ ပေါင် ၈၀၀၀ ဒဏ်ရိုက်ခဲ့သည်ဟု သိရသည်။

    379057_heroa

    ဗီလာပါ့ခ်တွင် ကစားခဲ့သည့် အဆိုပါပွဲစဉ် အတွင်း မော်ရင်ဟိုမှာ ကွင်းအတွင်းသို့ ၀င်ရောက်ကာ ဒိုင်လူကြီးအား စောဒကတက်ခဲ့ပြီးနောက်၊ ဒိုင်လူကြီးက မော်ရင်ဟိုအား ပရိတ်သတ် ခုံတန်းသို့ သွားရောက်ရန် ညွှန်ကြားခဲ့သည်။ ထိုလုပ်ရပ်မှာ နည်းပြတစ်ဦး အတွက် လက်မခံနိုင်သော လုပ်ရပ်ဖြစ်သောကြောင့် FA က တရားစွဲခဲ့ပြီး ယခုကဲ့သို့ ဒဏ်ငွေချမှတ်ခဲ့ခြင်းဖြစ်သည်။

    မော်ရင်ဟိုကမူ ထိုတရားစွဲမှုအား ငြင်းဆန်ခဲ့ကာ တစ်ဦးတည်းကြားနာရန် တောင်းဆိုခဲ့သည်။ သို့သော်လည်း တရားရုံးကမူ လက်မခံဘဲ ယမန်နေ့က စစ်ဆေးခဲ့ကာ၊ နောင်တွင် ထိုကဲ့သို့ အပြုအမူများ မပြုလုပ်ရန်အတွက်လည်း မော်ရင်ဟိုကို သတိပေးခဲ့သည်။

    ထိုပွဲတွင် ကွင်းလယ် ဒိုင်လူကြီး ဖွိုင်မှာ ချယ်ဆီး ကွင်းလယ်လူ ၀ီလီယံအား ၂ ၀ါတစ်နီဖြင့် ထုတ်ပယ်ခဲ့ပြီး ရာမီးရက်စ်ကိုလည်း တိုက်ရိုက်အနီကဒ်ဖြင့် ထုတ်ပယ်ခဲ့သည်။ မော်ရင်ဟိုက ထိုပွဲအပြီးတွင် ဒိုင်လူကြီးဖွိုင်အား ချယ်ဆီးအသင်း၏ ပွဲများတွင် နောက်ထပ် တာဝန်မပေးသင့်ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

  • ပါလက်စတိုင်းနှင့် အစိုးရပိုင်း မဆက်သွယ်ရန် နေတန်ယာဟု၏ အမိန့်အား အမေရိကန်ရှုတ်ချ

    ဧပြီ ၁၀၊ ၂၀၁၄
    M-Media
    – အစ္စရေး ကက်ဘိနက် ၀န်ကြီးများ ပါလက်စတိုင်း အာဏာပိုင်များနှင့် ဆက်သွယ်မှုအား ကန့်သတ်သည့် နေတန်ယာဟု၏ အမိန့်ပေါ် အမေရိကန်က ရှုတ်ချလိုက်ပြီး “ဆိုးရွားသောလုပ်ရပ်” အဖြစ် သတ်မှတ်သည်ဟု AFP သတင်းဌာနက ဖော်ပြခဲ့သည်။

    6315327b-d8a0-4aaf-a275-359ed1509762_16x9_788x442
    ပြောရေးဆိုခွင့်ရှိသူ ဂျန်ဆာကီ

    “ဒီကြေညာမှုအတွက် ကျွန်တော်တို့ သေသေချာချာကို သတိထားပါတယ်။ အဲ့ဒါကို ဆိုးရွားတဲ့ လုပ်ရပ်အဖြစ် မှတ်ယူပါတယ်” ဟု ဂျွန်ကယ်ရီက အစ္စရေးနိုင်ငံခြားရေး ၀န်ကြီး အဗစ်ဂ်ဒေါရ် လီဗာမန်နှင့် တွေ့ဆုံစဉ် အတွင်း ပြောကြားခဲ့သည်ဟု အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဂျန်ဆာကီက ဆိုသည်။

    ငြိမ်းချမ်းရေးဆွေးနွေးပွဲ မတိုင်မီ အကျဉ်းသားများ လွှတ်ပေးရန် ကတိက၀တ်အား အစ္စရေးက ချိုးဖောက်ခဲ့ပြီးနောက် ပါလက်စတိုင်းတာဝန်ရှိသူများက နိုင်ငံ ၁၅ ခုနှင့် သဘောတူညီချက် စာချုပ် ချုပ်ဆိုခဲ့သည်။ ထိုလုပ်ရပ်မှာ ပါလက်စတိုင်း အစိုးရအနေဖြင့် နိုင်ငံတကာနှင့် ဆက်သွယ်မှု မပြုလုပ်ရဟူသော သဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟုဆိုကာ အစ္စရေးဝန်ကြီးများအား ပါလက်စတိုင်း အာဏာပိုင်များနှင့် ဆက်သွယ်မှု ပိတ်ပင်ရန် နေတန်ရာဟုက အမိန့်ပေးခဲ့ခြင်းဖြစ်သည်။

    အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး ကြားဝင်ဆောင်ရွက်ပေးသူ ကယ်ရီနှင့် လီဗာမန်တို့၏ ၁ နာရီကျော်ကြာ တွေ့ဆုံစဉ်အတွင်း ပြီးခဲ့သည့်တစ်ပတ်က စတင်ခဲ့ပြီး မတိုးသာ မဆုတ်သာဖြစ်နေကာ ပျက်ဆီးရန် အခြေအနေရှိနေသည့် အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲအား ကယ်တင်ရန် ဆွေးနွေးခဲ့ကြပြီး၊ အီရန်နှင့် ဆီးရီးယား အရေးတို့လည်း ပါဝင်ခဲ့သည်။

    AFP