News @ M-Media

Author: M-Media

  • မွန်ဘိုင်းမှ အုပ်စုဖွဲ့ မုဒိမ်းမှု ကျူးလွန်သူ လေးဦးအား တရားရုံးမှ သေဒဏ်ချမှတ်

    မတ် ၂၁၊ ၂၀၁၄
    M-Media

    – ပြီးခဲ့သည့်နှစ်က မွန်ဘိုင်းတွင်ဖြစ်ပွားခဲ့သည့် မုဒိမ်းမှုနှစ်ခုတွင် ကျူးးလွန်သူ လေးဦးအား မွန်ဘိုင်းတရားရုံးက သေဒဏ် ချမှတ်လိုက်သည်ဟု သိရသည်။

    2014166932455734_20
    မုဒိမ်းမှု များကို ဆန့်ကျင်ဆန္ဒပြနေသူများ (Photo- AFP)

    မွန်ဘိုင်းမြို့ရှိ အသုံးမပြုတော့သော သီးနှံကြိတ်ခွဲစက်အတွင်း အမျိုးသမီး ၂ ဦးအား သီးခြားစီ အဓ္ဓမပြုကျင့်ခဲ့ကြောင်း ၎င်းတို့ လေးဦးမှ ယမန်နေ့တွင် ၀န်ခံခဲ့ပြီးနောက် တရားရုံးက ယနေ့တွင် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

    သို့သော်လည်း ယနေ့ချမှတ်ခဲ့သည့် ပြစ်ဒဏ်မှာ တယ်လီဖုန်းအော်ပရေတာ အမျိုးသမီးတစ်ဦးအား ကျူးးလွန်ခဲ့သည့် အမှုအတွက်ဖြစ်ပြီး၊ ဓာတ်ပုံဂျာနယ်လစ်အား ကျူးလွန်ခဲ့သည့် အမှုအတွက်ကိုမူ လာမည့် သီတင်းပတ်တွင် ပြစ်ဒဏ်ချမှတ်မည်ဖြစ်သည်။

    ဓာတ်ပုံဂျာနယ်လစ်အား အုပ်စုဖွဲ့၍ အဓ္ဓမပြုကျင့်မှုမှာ သြဂုတ်လအတွင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ရဲတပ်ဖွဲ့က တရားခံများအား ဖမ်းဆီးခဲ့ပြီးနောက် ရက်အနည်းငယ်အကြာတွင် တယ်လီဖုန်းအော်ပရေတာ အမျိုးသမီးတစ်ဦးက ၎င်းမှာလည်း ထိုနေရာတွင်ပင် ဇူလိုင်လအတွင်းက အုပ်စုဖွဲ့၍  မုဒိမ်းကျင့်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့သောကြောင် တရားရုံးက တရားခံများအား အမှု ၂ နှစ်ခုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

    အိန္ဒိယနိုင်ငံတွင် မကြာသေးသော လများအတွင်းက ဖြစ်ပွားခဲ့သည် လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုများကြောင့် နိုင်ငံတစ်ဝှမ်းတွင် အုံကြွမှုများဖြစ်လာခဲ့ကာ၊ ထိုပြစ်မှုများအတွက် တင်းကျပ် ထိရောက်သော ဥပဒေများပြဌာန်းပေးရန် အစိုးရအား တောင်းဆိုခဲ့ကြသည်။

    ပြီးခဲ့သည့် တစ်လကျော်ကလည်း အိန္ဒိယနိုင်ငံအရှေ့ဘက် ဘန်ဂေါလ်ပြည်နယ်ရှိ ရွာတစ်ရွာတွင် အမျိုးသမီးတစ်ဦးအား ရည်းစားဖြစ်သူနှင့် အတူတွေ့ရှိခဲ့သောကြောင့် အပြစ်ပေးသည့်အနေဖြင့် အုပ်စုဖွဲ့၍ မုဒိမ်းကျင့်ရန် ရွာသူကြီးက အမိန့်ပေးခဲ့သည့် ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပွားခဲ့သေးသည်။

    Al Jazeera

  • ဖေဖော်ဝါရီ ရွေးကောက်ပွဲ တရားမ၀င်ဟု ထိုင်းတရားရုံးကြေညာ

    မတ် ၂၁၊ ၂၀၁၄
    M-Media

    – နိုင်ငံရေး မတည်ငြိမ်မှု ပိုမိုဆိုးရွားစေခဲ့သည့် ဖေဖော်ဝါရီရွေးကောက်ပွဲအား တရားမ၀င်ဟု ထိုင်း အခြေခံဥပဒေဆိုင်ရာခုံရုံးက ကြေညာခဲ့သည်ဟု သိရသည်။
    Thai_court_rules_February_polls_invalid_-_Asia-Pacific_-_Al_Jazeera_English_-_2014-03-21_21.39.09
    အတိုက်အခံများက လက်မခံသည့် အဆိုပါရွေးကောက်ပွဲမှာ တစ်ရက်ထဲတွင် မပြီးခြင်း၊ အခြေခံဥပဒေတွင် ဖေါ်ပြထားသည့် အပိုဒ်တစ်ခုအား ချိုးဖောက်ခြင်းတို့ကြောင့် ထိုရွေးကောက်ပွဲကို ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်ဟု တရားရုံးက ယနေ့တွင် ပြောကြားခဲ့သည်။ ထိုကဲ့သို့ ပယ်ဖျက်ရန်တွက် တရားသူကြီးများက ၆ မဲ ၃ မဲဖြင့် အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း တရားရုံးတာဝန်ရှိသူတစ်ဦးက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ရွေးကောက်ပွဲအသစ်ကို ပြန်လည်ပြုလုပ်မည်ဟု အဆိုပါတရားရုံးက ကြေညာခဲ့သော်လည်း မည်သည့်အချိန်တွင် ပြုလုပ်မည်ဆိုသည်ကို ရှင်းလင်းစွာ ပြောကြားသွားခြင်း မရှိပေ။ အစိုးရနှုတ်ထွက်ရန် အတွက် အတိုက်အခံများ၏ ဆန္ဒပြမှုကြောင့် ပါလီမန်အား ဖျက်သိမ်းကာ ဖေဖော်ဝါရီ လဆန်းပိုင်းတွင် ထိုင်းအိမ်စောင့် အစိုးရက ရွေးကောက်ပွဲ ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။

    သို့သော်လည်း ယခုကဲ့သို့ တရားမ၀င်ဟု ကြေညာလိုက်ခြင်းမှာ နှုတ်ထွက်ရန် ဖိအားပေးခြင်း ခံနေရသည့် ၀န်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ထရာ အတွက် ဥပဒေရေးရာ စိန်ခေါ်မှု တစ်ခုလည်းဖြစ်သည်။

    ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကတည်းက ဖြစ်ပွားခဲ့သည့် ထိုင်းနိုင်ငံရေး မငြိမ်သက်မှုမှာ ယခုဆိုလျှင် ၅ လအထိ ရှိသွားပြီဖြစ်ပြီး အတိုက်အခံများက အစိုးရအဆောက်အဦးများနှင့် ဘန်ကောက်မြို့ရှိ အချက်အချာကြသော နေရာများအား ပိတ်ဆို့ကာ ဆန္ဒပြလျက်ပင် ရှိနေသေးသည်။ ထိုဆန္ဒပြမှုအတွင်း လူ ၂၃ ဦးသေဆုံးခဲ့ကာ ရာချီ၍ ဒဏ်ရာရရှိခဲ့သည်။

    Al Jazeera and agencies

  • စပိန် ၃ သင်း၊ အင်္ဂလန် ၂ သင်း၊ ဂျာမနီ ၂ သင်း ပြင်သစ် ၁ သင်း တို့ရဲ့ ချန်ပီယံလိဂ် ကွာတားပွဲစဉ် မဲနှိုက်

    မတ် ၂၁၊ ၂၀၁၄
    M-Media
    381163_heroa
    ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်တွေကို ဆွဇ်လန်နိုင်ငံ နီယွန်မြို့မှာ ဒီနေ့ညနေပိုင်းက မဲနှိုက်ခဲ့ပါတယ်။ အိုလံပီယာကော့စ်ကို အိမ်ကွင်းမှာ ၃ ဂိုးပြတ်နဲ့နိုင်ပြီး ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့တဲ့ မိုယက်စ်ရဲ့မန်ယူတို့ လက်ရှိချန်ပီယံ ဘိုင်ယန်နဲ့တွေ့ဆုံရမှာဖြစ်ပါတယ်။ ၁၉၉၉ခုနှစ်က နောက်ကျဂိုးတွေနဲ့ ဘိုင်ယန်ကိုနိုင်ပြီး ချန်ပီယံလိဂ်ဖလားရခဲ့တဲ့ မန်ယူတို့ ဒီတစ်ခေါက်တော့ ဆီးမီးတက်ရေးအတွက် အစွမ်းကုန် ကြိုးစားရတော့မှာပါ။

    အင်္ဂလန်က နောက်တစ်သင်းဖြစ်တဲ့ ချယ်ဆီးကတော့ ပြစ်သစ်မှာ ခြေစွမ်းပြနေတဲ့ ပီအက်စ်ဂျီအသင်းနဲ့ ကစားရမှာဖြစ်ပြီး၊ ရီးယဲလ်ကတော့ ဂျာမန်ကလပ် ဒေါ့မွန်အသင်းနဲ့ တွေ့ခဲ့ပါတယ်။ လက်ရှိခြေစွမ်းနဲ့ အသင်းတည်ဆောက်ပုံအရ ရီးယဲလ်တို့ နောက်တစ်ဆင့်တက်ဖို့ လွယ်ကူနိုင်ပါတယ်။ ဘာစီလိုနာအသင်းကတော့ ပြည်တွင်းပြိုင်ဘက် အက်သလက်တီကိုနဲ့ တွေ့ဆုံခဲ့ပါတယ်။

    ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်တွေရဲ့ ပထမအကျော့ကို ဧပြီလ ၁-၂ ရက်နဲ့၊ ဒုတိယအကျော့ကို ၈-၉ ရက်တွေမှာ ယှဉ်ပြိုင် ကစားရမှာပါ မဲခွဲမှုရလဒ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ဘာစီလိုနာ VS အက်သလက်တီကို
    ရီးယဲလ် VS ဒေါ့မွန်
    ပီအက်စ်ဂျီ VS ချယ်ဆီး
    မန်ယူ VS ဘိုင်ယန်

  • သန်းခေါင်စာရင်း မေးခွန်းများဖြေဆိုရာ ဆောင်ရန် /ရှောင်ရန်/ သတိပြုရန် အချက်များ

    မတ် ၂၁၊ ၂၀၁၄
    .ရေးသူ မောင်မှန်

    မြန်မာနိုင်ငံတွင်းရှိ (တိုင်းရင်းသား/ နိုင်ငံသား အစ္စလာမ်ဘာသာဝင်များ အနေဖြင့်နိုင်ငံတော်၏ ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေး အတွက်၊ သန်းခေါင်စာရင်းဆိုင်ရာ နည်းဥပဒေများနှင့် အညီ လွတ်လပ် မှန်ကန်စွာ နဲ့ မေးခွန်းများကို ရဲရဲတင်းတင်း ဖြေဆိုကြဖို့ လေးလေးနက်နက် တိုက်တွန်းလိုပါတယ်။

    no 8

    လူမျိုးအမည်ကို သက်ဆိုင်ရာ လူမျိုးအမည်အတိုင်း မည်သို့ရွေးချယ်ဖြေဆိုသည်ဖြစ်ပါစေ၊ မိမိရွေးချယ်သည့် လူမျိုးအမည်သည် ကြိုတင်စာရင်းရှိသည့် Predefined List (135) စာရင်းမှ ဖြစ်ပါက စာရင်းပါ ကုဒ်နံပါတ်အတိုင်း ရွေးချယ် ဖြည့်သွင်းရန် လိုအပ်ပါသည်။

    သို့မဟုတ်ပါက မိမိလူမျိုးမိမိကြေညာနိုင်သည့် ကုဒ်နံပါတ် (914) ကို ရဲရဲတင်းတင်းရွေးချယ်ဖြေဆိုပါ။ ပသီဖြစ်စေ၊ ပန်းသေးဖြစ်စေ၊ ပသျှူးဖြစ်စေ၊ မြေဒူးဖြစ်စေ၊ ရိုဟင်ဂျာဖြစ်စေ၊ 914ဖြစ်ရပါမယ်။
    လာရောက်သော စာရင်းကောက်မှ 900/ 909/ 904/ 910 စသည်ဖြင့် လုံးဝ ဖြည့်စွက်ခွင့်မရှိပါ။ မိမိပြောသည့်အတိုင်းသာ ဖြည့်ရမည်ဖြစ်ပါသည်။ မည်သည့် မည်သူမျှ ညွှန်ကြားချက် ဖိအား၊ ချိန်းခြောက်မှု ပေးခွင့်မရှိပါ။ (ဤသည် ဥပဒေဖြစ်ပါသည်) 914 ဖြည့်စွက်ခြင်းဖြင့်လည်း နိုင်ငံခြားသား (လုံးဝ) ဖြစ်မသွားပါ။ 135 တွင် ယခု မပါသေးသည့် လူမျိုးများကို တချိန် အသစ်တဖန်ပြန်ပါလာစေမည်ဟု တရားဝင်ကြေညာ ထားပြီးသားပါ။ (ပူးတွဲတွင်ကြည့်ပါ)

    အချို့သော မသမာသူများမှ လျှို့ဝှက်၍ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ ထင်ရှားစွာဖြစ်စေ မည်သည့်အာဏာနှင့်မျှ ချိန်းခြောက်ခွင့်မရှိပါ၊ မြန်မာနိုင်ငံတော်အစိုးရသည် UNFPA (ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့) နှင့် နားလည်မှု စာချွန်လွှာ စည်းမျဉ်းစည်းကမ်းများ ရေးထိုးထားပြီးဖြစ်ပါသည်။ ထို့အတူ ပူးတွဲပါ သတင်းစာ အထောက်အထားအရလည်း မည်သည့် ထိခိုက်နစ်နာမှုမျှ မရှိကြောင်းနှင့် ဥပဒေအရ သန်းခေါင်စာရင်း ကောက်ယူသည့် အချက်အလက်များကို အခြားမည်သည့်ကိစ္စတွင်မျှ အသုံးမပြုရဟု ပါရှိပြီးဖြစ်ပါသည်။

    အကယ်၍ုချိန်းခြောက်မှုများ၊ မမှန်မကန် ဖြည့်စွက်မှုများပြုလုပ်ပါက စာရင်းကောက်၏ ရင်ဘတ်တွင် ပါရှိသည့် နာမည် (ID ကဒ်) ကို ကြည့်ရှုမှတ်သား၍ အရေးယူတိုင်ကြားနိုင်ပါသည်။ ထို့အတူ မည်သည့် ရပ်ကွက်၊ မြို့နယ် အုပ်ချုပ်ရေး အရာရှိကမျှလည်း ဝင်ရောက်စွက်ဖက် ညွှန်ကြားခွင့်မရှိကြောင်း ကောင်းစွာ နားလည်ထားစေလိုပါသည်။ ဖြစ်နိုင်ပါက ကြိုတင်၍ မိမိတို့ဘာသာ မိမိတို့ အဆင်သင့် ဖြည့်သွင်းနမူနာပုံစံနှင့် ဖြည့်စွက်ထားလျှင် ပိုမိုကောင်းမွန်ပါသည်။

    ထို့အတူ သန်းခေါင်စာရင်းကောက်ယူချိန်တွင် မည်သည့် စိစစ်ရေးကတ်ပြား၊ နိုင်ငံသားကတ်ပြား၊ အိမ်ထောင်စု စာရင်း တစိုးတစမျှ ထုတ်ပြ ရန်လည်း လိုအပ်ခြင်း မရှိပါ။ ကောက်ယူပြီး စာရင်းများသည် ကမ္ဘာသို့ အသိပေးမည့်စာရင်းဖြစ်ပါသည်။ ကုလသမဂ္ဂ သို့ ရောက်ရှိမည့်စာရင်းဖြစ်ပါသည်။ သို့ပါ၍ မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာဝင် မည်၍ မည်မျှရှိသည်၊ အစ္စလာမ်ဘာသာဝင် အခြေချနေထိုင်သူ ပသီ၊ ပန်းသေး၊ ပသျှူး၊ မြေဒူး၊ ရှိရင်းစွဲ ၁၃၅ပါ တိုင်းရင်းသားများ၊ အရေအတွက် အတိအကျ ရရှိရန် အလွန်အရေးကြီးပါသည်။ သိထားရန်မှာ-ဖြေဆိုသူများ၏ အမည်များသည် ကွန်ပျူတာ SCAN (စကင်န်) ဖတ်ရာတွင် လုံးဝ ထည့်သွင်း မှတ်ယူသွားမည်မဟုတ်ပါ။ ဖြေဆို ဖြည့်သွင်းသည့် Data (ဒေတာ ) ကိုသာ ရယူလိုခြင်းဖြစ်ပါသည်။ မိသားစုဝင်များထဲမှ နိုင်ငံရပ်ခြားရောက်နေသူများအတွက်လည်း မှန်ကန်စွာ ဖြည့်စွက်ပေးပါ၊ (တရားဝင်သွားရောက်သည်ဖြစ်စေ၊ တရားမဝင်သွားရောက်သည်ဖြစ်စေ)

    (မှတ်ချက်၊ ။ မမှန်မကန် ဖြည့်သွင်းမှု မပြုမိရန်သာ အရေးကြီးပါသည်။ ဥပမာ- ဆရာဝန် မဟုတ်ပါဘဲ ဆရာဝန်ဟု လည်းကောင်း၊ အိမ်ပိုင်မရှိဘဲ အိမ်ပိုင်ဟု လည်းကောင်း မမှန်မကန် လုံးဝ မဖြည့်ရပါ)

    မိမိလူမျိုး မိမိကြေညာခြင်းသည် ဥပဒေအရ ခွင့်ပြုပေးထားသည့် အခွင့်အရေးဖြစ်သည်။ ထိုအခွင့်အရေးကို ရယူပါ။ မိမိလူမျိုးမိမိ ရဲရဲ ကြေညာပါ။ ဤသည် ဥပဒေကို ချိုးဖောက်ခြင်းမဟုတ်ပါ။

    ဘယ်လူမျိုး မရှိရ၊ ဘယ်လူမျိုးမဖြေရ၊ ဘယ်လိုဖြေရင် ဆန္ဒထုတ်ဖော်မယ်၊ ဘယ်နိုင်ငံ စာရင်းထဲပို့မယ် စသည်ဖြင့် ပြောဆို တိုက်တွန်း ပြုမှုခြင်းများသည်သာ ဥပဒေ ချိုးဖောက်မှုများ၊ ဥပဒေမဲ့တောင်းဆိုမှု များ၊ ဥပဒေမဲ့ ပြုမူမှုများဖြစ်ပါသည်။ မည်သူကမျှ နိုင်ငံတော်အစိုးရကို ဥပဒေမဲ့ တောင်းဆိုခွင့်မရှိပါ။ သူခိုးလူပြန်ဟစ်သကဲ့သို့ ကိစ္စရပ်များကို လုံးဝ ကြောက်စရာမလိုပါ။ ဥပဒေ၏ အကာကွယ်ကို ရယူပါ။ မိမိပါတ်ဝန်းကျင်နှင့် တော၊ ရွာ၊ ဒေသများမှ အများပြည်သူသိရှိရန် အသိပေးပါ။
    အနှစ်ချုပ်ဆိုရမည် ဆိုပါက လုံးဝ ပေါ့ဆမနေသင့်သည် အမျိုးသားရေးကိစ္စဖြစ်သော သန်းခေါင်စာရင်း ကောက်ယူရာတွင် နိုင်ငံသားတစ်ဦး၏ တာဝန်အတိုင်း မှန်ကန် ရဲဝင့်စွာဖြည့်ပါ။ ဖြစ်သလိုလုပ်မည့် လုပ်ရပ်များကို ရှောင်ရှားကြပါ။ မည်သည့်ဖိအားပေးမှု၊ ချိန်းခြောက်မှုကိုမျှ မကြောက်ပါနှင့်၊ ယဉ်ကျေးပါးနှပ်စွာ ဖြည့်စွက် ဖြေဆိုပါ။ မတရားမှုဖြစ်ပေါ်ခဲ့ပါက ချက်ချင်း နီးစပ်ရာသို့ (သို့) သက်ဆိုင်ရာသို့ အကြောင်းကြားတုံ့ပြန်ပါ။ ယခု အချက်အလက်များသည် ယခင်ကကဲ့သို့ လဝက ရုံးသို့သာ ရောက်မည့်အချက်အလက်များမဟုတ်ပါ။ ကုလသမဂ္ဂနှင့် ကမ္ဘာသို့ ရောက်မည့် အချက်အလက် များဖြစ်ပါသည်။

    (မှတ်ချက်။ မိမိတစ်ဦးတည်း ဖတ်ရန်မဟုတ်ပါ။ အများသိစေရန် တတ်နိုင်သမျှ အတတ်နိုင်ဆုံး ကြိုးစားပေးစေချင်ပါသည်။) ၉ရက်သာ အချိန်ကျန်ပါသည်။
    (ကျေးဇူးတင်ပါသည်။)

    M-Media တွင် ဖော်ပြပြီးသော သန်းခေါင်စာရင်းဆိုင်ရာ သတင်းနှင့် ဆောင်းပါးများကို အောက်ပါလင့်ခ်တွင် ဖတ်ရှုပါ။

    Link =>http://www.m-mediagroup.com/news/tag/2014census

    သန်းခေါင်စာရင်း လူမျိုးနံပါတ် Code စာရင်း အောက်က လင်ခ့်မှာကြည့်ပါ။

    Link =>http://goo.gl/fRf4XQ

    အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးရဲ့ သန်းခေါင်စာရင်း ကိစ္စ အသိပေးချက်နှင့် သန်းခေါင်စာရင်း မေးခွန်း ၄၁ ခုပါ ပုံစံနမူနာကို အောက်ပါလင့်ခ်တွင် ကြည့်ရှု့နိုင်ပါသည်။

    Link => http://goo.gl/frr3QD

  • အမုန်းတရား တိုက်ဖျက်ဖို့ Facebook သုံးကြစို့

    ဧရာဝတီ မှ ကူးယူဖော်ပြပါသည်။
    .ရေးသူ- ငြိမ်းချမ်းအေး

    အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို အင်တိုက် အားတိုက် ဆော်သြ ဆောင်ရွက်နေသူ ဆရာတော် အရှင်ဝီရသူက အခု ရခိုင်ပြည် ခရီးစဉ် သံတွဲမှာ စာနယ်ဇင်း သင်တန်း ဖွင့်လှစ် ဆိုတဲ့ သတင်းတပုဒ် ဖတ်လိုက်ရတယ်။
    wirathu-fb

    စာရေးသူ အနေနဲ့ အရှင်ဝီရသူကို အွန်လိုင်း၊ ပုံနှိပ် မီဒီယာများမှာ ဆောင်းပါးများ ရေးသားနေသူ တယောက် အဖြစ် သိထားတယ်။  နိုင်ငံတကာ ရုပ်သံ မီဒီယာ တွေ့ဆုံမေးမြန်းခန်းတွေကနေ အရှင်ဝီရသူ သီတင်းသုံး နေထိုင်ရာ ကျောင်းမှာ လူမှုကွန်ရက်စာမျက်နှာတွေပေါ် စာတွေရေးတင်၊ ဆရာတော်ရဲ့ လှုပ်ရှားမှုတွေကို သတင်းတွေ ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ ရှိကြောင်း၊ အာဘော် ဆောင်းပါးတွေကို ဆရာတော် ကိုယ်တိုင် ရေးကြောင်း မှတ်သားခဲ့ရဖူးတယ်။

    အရှင်ဝီရသူမှာ စာနယ်ဇင်းနဲ့ ပတ်သက်တဲ့ ကိုယ်ပိုင်အမြင်၊  ဗဟုသုတ၊ အတွေ့အကြုံနဲ့ ပြောစရာတွေ အများကြီး ရှိမယ် ဆိုတာ ခန့်မှန်းနိုင်တယ်။  ဒါပေမယ့် အခုလို စာနယ်ဇင်း သင်တန်းဖွင့် အခြားသူများကို ပြန်လည် ပို့ချနိုင်တဲ့ စာနယ်ဇင်း အတတ်ပညာနဲ့ အရည်အသွေး ရှိ မရှိ ဆိုတာတော့ ဝေဖန် ဆန်းစစ်ရမယ့် ကိစ္စ ဖြစ်တယ်။

    Journalism ဆိုတဲ့ စာနယ်ဇင်း အတတ်ပညာဟာ အသက်မွေးဝမ်းကြောင်းမှု တမျိုး ဖြစ်တယ်။ စနစ်တကျ လေ့လာသင်ယူ ရတဲ့ ပညာရပ် တခု ဖြစ်တယ်။ ဝါသနာအလျောက် လေ့လာလိုက်စားသူများလည်း ရှိနိုင်တယ်။  ဒါပေမယ့် Professional Journalism အသက်မွေးဝမ်းကြောင်း စာနယ်ဇင်း အတတ်ပညာမှာ ကျယ်ပြန့်တဲ့ အကြောင်းအရာ၊ ကဏ္ဍ၊ ကျင့်ဝတ် ပေါင်း မြောက်မြားစွာအတွက် စည်းကမ်းတကျ ကျယ်ကျယ်ပြန့်ပြန့် လေ့လာဖို့ လိုတယ်။  သတင်း ရယူပုံ၊ သတင်း တင်ပြပုံ၊ ရေးသားပုံ၊ နေရာ အထားအသို၊ စာသား၊ ရုပ်သေ/လှုပ်ရှားမှု ရုပ်ပုံ၊ အသံ အသုံးပြုပုံ အစရှိတဲ့ စာနယ်ဇင်း အလုပ် အသီးသီးအတွက် ပညာရပ်ပိုင်းဆိုင်ရာ၊ ကျင့်ဝတ်ဆိုင်ရာ သတ်မှတ်ပြဋ္ဌာန်းချက်တွေ ရှိတယ်။ စောင့်ထိန်းရမယ့် သီလတွေ ရှိတယ်။  ရဟန်းမှာ ရဟန်းဝိနည်း ရှိသလို စာနယ်ဇင်းသမားများမှာလည်း စာနယ်ဇင်း ကျင့်ဝတ် သီလ ထိန်းသိမ်းရမှုတွေ ရှိတယ်။

    အရှင်ဝီရသူဟာ ရဟန်းဖြစ်တာကြောင့် စာနယ်ဇင်းအလုပ်ကို အသက်မွေးဝမ်းကြောင်း မလုပ်ခဲ့၊ မလုပ်နေဘူး ဆိုတာ ထင်ရှားတယ်။ စနစ်တကျ ကိုယ်ပိုင် လေ့လာဖူးသလား ဆိုတာတော့ မနီးစပ်တဲ့အတွက် အတပ် မပြောနိုင်ပါ။ ဒါပေမယ့် စာနယ်ဇင်း မေးမြန်းခန်းတွေ၊ တရားဝင် လူမှုကွန်ရက်စာမျက်နှာတွေကနေ သူ့ရဲ့ ပြောဆိုဟောကြားချက်တွေဟာ စာနယ်ဇင်း ကျင့်ဝတ်၊ သီလ၊ တာဝန် ရှုထောင့် ကနေ ဆိုရရင် စံမမီတာ တွေ့နိုင်သလို ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းရဲ့ စံသတ်မှတ်ချက် သဘောထားတွေနဲ့ မလျော်ညီတာတွေကိုလည်း တွေ့နိုင်တယ်။

    ဒီလို လူမျိုး ဘာသာ အုပ်စုတခုကို ပုံစံချ သတ်မှတ်မှုဟာ နိုင်ငံတကာ စံနှုန်း၊ ဥပဒေတွေ အရ လူမျိုး/ဘာသာ ခွဲခြားမှု မြောက်ပါတယ်။  ဗမာပြည်သာ ၁၉၆၉ လူမျိုးရေးခွဲခြားမှု ပပျောက်ရေး ညီလာခံ ကို လက်မှတ်ထိုး သဘောတူထားခဲ့ရင် ဥပဒေအရ အရေးတောင် ယူနိုင်တယ်။

    ဥပမာ – ဆရာတော်ကို BBC Jonah Fisher က တွေ့ဆုံ မေးမြန်းရာမှာ လူမျိုး ဘာသာ အုပ်စုတစု မှာ တဦးချင်း သဘော ကောင်းသူ၊ ဆိုးသူ ဒွန်တွဲ ရှိနေမှုကို မရှုမြင်ဘဲ အားလုံး တသမတ်တည်း ပုံသေကားချပ်ချ (Stereotype)၊ အစွဲ နဲ့ ကောက်ချက်ချ (Prejudice) ပြန်ဖြေထားတာ တွေ့ရတယ်။ “မွတ်ဆလင်တွေဟာ အင်အားများလာပြီ ဆိုရင်တော့ ဝံပုလွေတွေ၊ မြေခွေးတွေလိုပဲ အုပ်စုဖွဲ့ပြီး တခြား သတ္တဝါတွေကို အနိုင်ကျင့်တတ်တယ်..။”  (YouTube URL: http://youtu.be/nSihfWY41So တွင် နားဆင်နိုင်ပါတယ်။) ဒီလို လူမျိုး ဘာသာ အုပ်စုတခုကို ပုံစံချ သတ်မှတ်မှုဟာ နိုင်ငံတကာ စံနှုန်း၊ ဥပဒေတွေ အရ လူမျိုး/ဘာသာ ခွဲခြားမှု မြောက်ပါတယ်။  ဗမာပြည်သာ ၁၉၆၉ လူမျိုးရေးခွဲခြားမှု ပပျောက်ရေး ညီလာခံ ကို လက်မှတ်ထိုး သဘောတူထားခဲ့ရင် ဥပဒေအရ အရေးတောင် ယူနိုင်တယ်။

    ဆရာတော် ရဲ့ တရားဝင် Facebook စာမျက်နှာမှာလည်း အနည်းဆုံး အဆင့် အခြား ဘာသာလူမျိုးကွဲ အပေါ် ခေါ်ဝေါ်တဲ့ အသုံးအနှုန်းတွေဟာ တဖက်အုပ်စုက ရင့်သီး၊ စော်ကားတယ်လို့ ခံယူထားတဲ့ အသုံးအနှုန်းတွေကို လှိုင်လှိုင်သုံး သတင်းတွေ တင်ဆက်၊ စာတွေ ရေးသားနေတာ တွေ့ရတယ်။ ဒါ့အပြင် ဆရာတော်ဘုရားရဲ့ တရားပွဲတွေမှာ ဟောကြားနေတဲ့ အသုံးအနှုန်းတွေ၊ သဘောထားတွေကလည်း နိုင်ငံတကာ စံနှုန်းတွေ၊ ဥပဒေတွေအရ ကြည့်ရင် “အမုန်းတရား (Hate Speech)” အဖြစ် အဓိပ္ပာယ် ဖွင့်ဆိုနိုင်တယ်။

    “ကုလား မှန်သမျှ ဗမာမြင်ရင် ကြောက်လန့်နေရမယ်” ဆိုတဲ့ ဟောပြောမှုမျိုးတွေ အပြင် ဆရာတော် သက်တော် ငယ်ရွယ်ချိန်က ဟောကြားခဲ့တယ်လို့ ယူဆရတဲ့ ရုပ်သံမှတ်တမ်းဟောင်း တခုမှာဆိုရင် “မန္တလေးက မွတ်ဆလင်တွေ နေစရာ၊ စားစရာ မရှိအောင် လုပ်ပြမယ်” ဆိုတဲ့ အဟောမျိုး အထိ ကြားနာခဲ့ရဖူးတယ်။ ဒီလို ဟောပြောမှုမျိုးဟာ တဖက် လူမျိုး ဘာသာ အုပ်စုဝင်တွေကို ကာယကံမြောက် အကြမ်းဖက်မှုမျိုး မပြုသည့်တိုင် ခြိမ်းခြောက်မှုမြောက်နေတာ တွေ့ရတယ်။ အမုန်းတရားပွားမှုကို ပြင်းပြင်းထန်ထန် အရေးယူလေ့ရှိတဲ့ တိုင်းပြည်မျိုးသာ ဆိုရင် ဆရာတော်ကို ဥပဒေ အရ အရေးယူနိုင်တယ်။

    ဒီလို သဘော၊ အလုပ်တွေကို ထောက်ချင့်ပြီး ဆရာတော်မှာ နိုင်ငံတကာ စံနှုန်းတွေကို သိနားလည်မှု နည်းကြောင်း၊ မတူကွဲပြားမှုတွေကို သည်းခံ နားလည်နိုင်စွမ်းတဲ့ ယဉ်ကျေးပြီး ၂၁ ရာစု လူသား တဦး စောင့်ထိန်းရမယ့် အသိ၊ ကျင့်ဝတ်တွေကို သိနားလည် လက်ခံမှု နည်းနေကြောင်း၊ သတင်း ဆောင်းပါးများ ရေးသားရာမှာ စောင့်ထိန်းရမယ့် စာနယ်ဇင်း တာဝန်၊ ကျင့်ဝတ်တွေကို လျစ်လျူရှု ပျက်ကွက်နေကြောင်း သုံးသပ်နိုင်တယ်။ ဒီလို နောက်ခံမှာ အခု ဆရာတော်က ပြန် စာနယ်ဇင်း သင်တန်း ပေးမယ် ဆိုနေပြန်တော့ ဘယ်လို သဘောထားတွေ၊ ဘယ်လို စံနှုန်းတွေ သွန်သင် ဟောကြား ပြောဆိုမယ် ဆိုတာကို နိုင်ငံသား တယောက် အနေနဲ့ စိုးရိမ်မိတယ်။

    “ကမ္ဘာကြီး အမှန်ကို သိစေဖို့ Facebook ကိုယ်စီ သုံးကြစို့” ခေါင်းစဉ် နဲ့ အစပြု သံတွဲမြို့၊ သိမ်ကုန်းကျောင်းတိုက်မှာ ဆရာတော် မီဒီယာသင်တန်းပို့ချနေမှု သတင်းဓာတ်ပုံကိုလည်း ကြည့်လိုက်ရတယ်။  ခေတ်သစ် အိုင်တီ နည်းပညာ ကမ္ဘာကြီးမှာ လူထုကြားက လူထုစာနယ်ဇင်းသမားများ ထွန်းကား များပြား၊ လူမှုကွန်ရက်စာမျက်နှာတွေ အသုံးချ လူထု အသံတွေ ထုတ်ဖော်လာခြင်းဟာ ကောင်းမွန်တဲ့ တိုးတက်မှု ဖြစ်တယ်။ ကမ္ဘာမှာ နိုင်ငံရေး အပြောင်းအလဲတွေတောင် လူမှုကွန်ရက်စာမျက်နှာများ ကျေးဇူးမကင်းပါဘူး။

    အခု ဆရာတော်ဘုရားကလည်း စာနယ်ဇင်းမှာ လူထုမီဒီယာ သဘော Facebook ကို အသုံးပြု ကမ္ဘာကြီးကို အမှန်တွေ တင်ပြကြစို့ တိုက်တွန်း သင်ကြားခြင်းကို စာရေးသူအနေနဲ့ အပြည့်အဝ ထောက်ခံ ကြိုဆိုတယ်။  ဆရာတော် တင်ပြတဲ့ “အမှန်” ဆိုတဲ့ အချက်ကို အကြောင်းအရာ အပေါ် ကိုယ်ပိုင် ဆင်ခြင်သုံးသပ်ပြီး စာရေးသူ လက်ခံခြင်း မခံခြင်းက တကဏ္ဍ ဖြစ်တယ်။  ဆရာတော်ရဲ့ မိမိ ယုံကြည်ရာ အမှန်တရားကို လွတ်လပ်စွာ ထုတ်ဖော်ခွင့် အတွက် စာရေးသူ အနေနဲ့ အသက်နဲ့ရင်းပြီး ကာကွယ်ချင်တဲ့ ဆန္ဒရင်းခံ အမှန်ရှိတယ်။

    ဒါပေမယ့် ဟောပြောမှု၊ သင်ကြားပြသမှုတွေ အားလုံးဟာ လူမျိုး၊ ဘာသာ၊ လူမှု အလွှာ၊ နိုင်ငံရေး အုပ်စု၊ ကျားမ လိင်၊ လိင်တိမ်းညွတ်မှု အစရှိတဲ့ မတူကွဲပြားမှု ရှိတဲ့ အုပ်စု တစုစု ကို ချိုးနှိမ်ခြင်း၊ ခွဲခြားခြင်း၊ ထိခိုက်စေခြင်း၊ အမုန်းပွားစေခြင်း ကင်းဖို့တော့ လိုတယ်။  ဒါမှသာ ခေတ်သစ် ၂၁ ရာစု ယဉ်ကျေးပြီး ဒီမိုကရေစီ လူ့ဘောင် အဖွဲ့အစည်းနဲ့ ကိုက်ညီတဲ့ လွတ်လပ်စွာ ပြောဆို၊ ဆန္ဒ သဘော ထုတ်ဖော်ခွင့် (Freedom of Expression/ Freedom of Speech) ဖြစ်ပါမယ်။

    လူမျိုး၊ ဘာသာ အုပ်စုတခုခု အပေါ် အမုန်းပွားစေမှု၊ မတူကွဲပြားတဲ့ အုပ်စုများ အကြား အမြင် မကြည်လင်၊ လောဘ၊ ဒေါသ၊ မောဟတွေ ဖြစ်စေ၊ အငြိုးအတေး၊ အာဃာတတွေ တည်ဆောက်၊ အမုန်းတွေ ဖွဲ့၊ ပဋိပက္ခတွေဖြစ်စေမယ့် ပြောဆိုမှုမျိုး မဖြစ်ရင် ဆရာတော် ရဲ့ ရေးသား၊ ဟောကြား၊ ပို့ချချက် အားလုံးကို စာရေးသူအနေနဲ့ လုံးဝ ဘာမှ စောဒက တက်စရာ မရှိပါ။ တဖက် အုပ်စု တခုခုကို မတိုက်ခိုက်၊ ထိခိုက် နစ်နာစေခြင်း မရှိဘဲ လူမှုကွန်ရက် အွန်လိုင်စာမျက်နှာများကို အသုံးချပြီး ဗုဒ္ဓ ရဲ့ တရား၊ ဓမ္မတွေကို ဘုရား သားတော် တပါး အနေနဲ့ ပြန်လည် ဖြန့်ဖြူးခြင်း၊ လူမျိုး၊ ဘာသာ၊ သာသာနာ ဖွံ့ဖြိုးတိုးတက် စည်ပင်အောင် ကြံဆောင်ခြင်း အားလုံးကိုလည်း အပြည့်အဝ လက်ခံတယ်။

    ကမ္ဘာ့ အထင်ရ ဗုဒ္ဓဘာသာ ခေါင်းဆောင် ဘုန်းတော်ကြီး တပါး ဖြစ်တဲ့ ဒလိုင်လားမားမှာ တရားဝင် Facebook နဲ့ Web Page ရှိတယ်။  ဗုဒ္ဓ တရားမြတ်တွေကို ဟောကြား၊ သာသနာပြုနေရင်းနဲ့ ကမ္ဘာ့ ငြိမ်းချမ်းရေး ဘာသာပေါင်းစုံ ချစ်ကြည်ရေး တွေကို အွန်လိုင်းမီဒီယာ အသုံးချ ကျယ်ကျယ်ပြနြ့်ပန့် ဆောက်ရွက်နေတယ်။  ကမ္ဘာမှာ အခြား ဘာသာကွဲများ အပါအဝင် လူသား သန်းပေါင်းများစွာရဲ့ ကြည်ညို လေးစား ထောက်ခံမှု ရနေတာက သဓကပါ။

    ဗုဒ္ဓ ဘာသာရဲ့ အဓိက လမ်းစဉ်ကြီးဟာ မေတ္တာတရား ပွားများခြင်း ဖြစ်တယ် လို့ စာရေးသူ အနေနဲ့ နှစ်နှစ်ကာကာ ယုံကြည်တယ်။  တနည်းအားဖြင့် ဗုဒ္ဓ လမ်းစဉ်ဟာ သံသရာ မလွတ်မြောက်ခင် စပ်ကြားမှာ လောဘ၊ ဒေါသ၊ မောဟ ကို ကင်းအောင်ထား၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ တရားကို ရှုမြင်၊ အမုန်း အာဃာတ တရားတွေကို ချေဖျက်၊ လူသားအချင်းချင်း ချစ်ခြင်း မေတ္တာတည်ဆောက်မှုကိုသာ အဓိက ဇောင်းပေး သင်ကြားပြသတယ်လို့ မှတ်သိခဲ့ရတယ်။  ဒီ သဘောဟာ ခေတ်သစ် လူ့အခွင့်အရေး စံနှုန်း၊ နိုင်ငံတကာ ယဉ်ကျေးမှု အမြင်တွေနဲ့လည်း ကိုက်ညီ၊ ပေမီ ဒေါက်မီပြီး ဖြစ်တယ်။

    ဒါကြောင့် ငါ၊ သူတပါး၊ ယောက်ျား၊ မိန်းမ၊ ကုလ မျိုးနွယ်၊ ဇာတိ၊ အသားအရောင် ဆိုတဲ့ တကယ် စစ်မှန်မှု ပရမတ်တရား မဟုတ်တဲ့ ပညတ်ချက်တွေကို ထည့်သွင်း မစဉ်းစားဘဲ ရုပ် နာမ် နှစ်ပါးနဲ့သာ ဖွဲ့စည်း တည်ရှိတဲ့ လူသားအချင်းချင်း မေတ္တာ ပွား၊ အမုန်းတရား လျော့ပါးစေရေး တရား၊ ဗုဒ္ဓ ဝါဒ လမ်းစဉ် အစစ် နဲ့ အညီ ဆိုရင် တရား ဓမ္မ ဟောပြောမှုတွေကို Facebook သုံးပြီး ဖြန့်ခိုင်းတာ ဆရာတော်ကို ထောက်ခံ ကြိုဆိုရပါမယ်။ ဗမာ့ လူ့ အဖွဲ့အစည်း ငြိမ်းချမ်း သာယာ၊ ဖွံ့ဖြိုးတိုးတက် စိတ္တ၊ သုခ နှစ်ဖြာ ချမ်းသာရေး ရည်မျှော် “အမုန်းတရား တိုက်ဖျက်ဖို့ Facebook သုံးကြစို့” လို့တောင် ပြန်လည် ကြွေးကြော်၊ နှိုးဆော်၊ တိုက်တွန်းချင်ကြောင်းပါ ခင်ဗျာ။

    (စာရေးသူ သည် သြစတြေးလျနိုင်ငံတွင် အိုင်တီ နှင့် စီးပွားရေး မဟာပညာရပ်များကို လေ့လာ သင်ယူခဲ့ပြီး ခေတ္တ နေထိုင်လျက်ရှိကာ အွန်လိုင်း မီဒီယာ များတွင် မျက်မှောက် ရေးရာ နှင့် အထွေအထွေ အာဘော် ဆောင်းပါးများ ရေးသားနေသူ တယောက် ဖြစ်သည်။  ဤ စာနှင့် ပတ်သက်၍ ဝေဖန်၊ အကြံပြုလိုသူများ [email protected] သို့ စာရေးဆက်သွယ်နိုင်သည်။

    မူရင်း Link =>http://burma.irrawaddy.org/opinion/viewpoint/2014/03/20/56506.html