News @ M-Media

Author: M-Media

  • ဆားဘီးယား စစ်ဌာနချုပ်တွင် မွတ်စလင် စစ်သားများ အတွက် ၀တ်ပြုဆောင်တစ်ခု ဖွင့်လှစ်

    မတ် ၁၅၊ ၂၀၁၄
    M-Media
    sancak
    – ဆားဘီးယား စစ်တပ်တွင် အမှုထမ်းနေသော အစ္စလာမ်ဘာသာဝင်များ ၀တ်ပြုနိုင်ရန် ၀တ်ပြုဆောင်တစ်ခုကို ဆားဘီးယား စစ်ဌာနချုပ်တွင် ဖွင့်လှစ်ပေးခဲ့သည်ဟု သိရသည်။

    မြို့တော်ဘဲလ်ဂရိတ်ရှိ စစ်တပ်တွင် ဆောက်လုပ်ပေးခဲ့သည့် အဆိုပါဝတ်ပြုဆောင်များမှာ စစ်ဌာနချုပ်တွင် ဆောက်လုပ်ပေးသော ပထမဆုံး ၀တ်ပြုဆောင်ဖြစ်ပြီး ဖွင့်ပွဲအား ကြာသာပတေးနေ့က ပြုလုပ်ခဲ့သည်။ ဖွင့်ပွဲသို့ ဆားဘီးယား အစ္စလာမ်လူ့အဖွဲ့စည်း၏ အကြီးအကဲနှင့် ဘဲလ်ဂရိတ်မြို့၏ မွဖ်သီဖြစ်သူ အဒမ်ဇီလ်ကစ် တက်ရောက်ခဲ့ပြီး မိန့်ခွန်းပြောကြားခဲ့သည်။

    “ဒါဟာ ဆားဘီးယားနိုင်ငံအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်နေတယ်ဆိုတဲ့ လက္ခဏာ တစ်ခုပါ” ဟု ဇီလ်ကစ်ကဆိုသည်။ ယခင်ကလည်း နိုငံအနောက်တောင်ပိုင်းရှိ နိုဗီပါဇာမြို့ရှိ စစ်တပ်တွင် အစ္စလာမ်ဘာသာဝင် စစ်သားများအတွက် ၀တ်ပြုဆောင်တစ်ခုကို ဖွင့်လှစ်ပေးခဲ့ဖူးသည်။

    ဥရောပအရှေ့တောင်ပိုင်းတွင် တည်ရှိသည့် ဆားဘီးယားနိုင်ငံတွင် လူဦးရေ ၇.၁ သန်းရှိပြီး၊ ၃.၁ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာဝင်များဖြစ်ကြသည်ဟု ခန့်မှန်းမှုများကဆိုသည်။ လူအများစုမှာ ခရစ်ယာန်(အော်သိုဒေါ့စ်)ဘာသာကို ယုံကြည်ကြသူများဖြစ်ပြီး အစ္စလာမ်ဘာသာမှာ တိုင်းပြည်၏ တတိယမြောက် ကိုးကွယ်မှု အများဆုံး ဘာသာတစ်ခုဖြစ်သည်။ ဘဲလ်ဂရိတ်မြို့ရှိ Bajrakli ဗလီဝတ်ကျောင်းတော်မှာ ဥရောပရှိရှေးအကျဆုံး ဗလီဝတ်ကျောင်းတော်များထဲမှ တစ်လုံးဖြစ်ပြီး ၁၅၇၅ခုနှစ်တွင် တည်ဆောက်ခဲ့သည်။

    World Bulletin

  • အင်ဒိုမီးလောင်မှုအား မိုးအတုလုပ်ကာ ငြှိမ်းသက်သွားမည်

    မတ် ၁၅၊ ၂၀၁၄
    M-Media
    Asia-Haze-06242013-570x426
    – အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားရှိ Riau ပြည်နယ်တွင် ဖြစ်ပွားနေသော မီးလောင်မှုများအား ငြိမ်းသတ်ရန်အတွက် စစ်သုံးလေယာဉ်များအား စေလွှတ်သွားမည်ဟု အာဏာပိုင်များက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ဆီးအုန်းစိုက်ပျိုးရန် မြေယာများကို မီးရှို့၍ ပြုလုပ်ခဲ့ရာမှ တောမီးလောင်မှုများဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။ ထိုမီးလောင်မှုများအား မိုးအတုဖန်တီးကာ ငြှိမ်းသတ်ရန်အတွက် ဟာကျူလီ C-130 အမျိုးအစား စစ်လေယာဉ်များမှာ ယမန်နေ့က ထွက်ခွာသွားခဲ့ပြီဖြစ်သည်။

    ယမန်နေ့ကပြုလုပ်ခဲ့သော အစည်းအဝေးတွင် အင်ဒိုနီးရှားသမ္မတ ယူဒိုယိုနိုက ထိုကဲ့သို့ မီးရှို့ကာ စိုက်ပျိုးမြေ ရှင်လင်းရေး လုပ်ဆောင်နေမှုများကို ရပ်တန့်ရန် ပြောကြားခဲ့သည်ဟု အင်ဒိုနီးရှား သဘာဝဘေး အန္တရာယ်အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဆူတိုပို ပါဝို နူဂရိုဟိုကဆိုသည်။

    ထိုမီးလောင်မှုကြောင့် ဖြစ်ပေါ်လာသော မီးခိုးငွေ့များက အင်ဒိုနီးရှားနိုင်ငံအပါအ၀င် မလေရှားနိုင်ငံတွင်လည်း လေထုညစ်ညမ်းမှုများဖြစ်ပေါ်စေပြီး၊ Riau ပြည်နယ်ရှိ အဓိက လေဆိပ်တစ်ခုကိုလည်း ၃ ရက်ကြာ ပိတ်ထားခဲ့ရသည်။ လူပေါင်း ၄၂၀၀၀ ကျော်မှာလည်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကို ခံစားနေရသည်။

    ဆီအုန်းစိုက်ပျိုးရန် အဆိုပါပြည်နယ်ရှိ လယ်သမားများနှင့် ကုမ္ပဏီများက မြေယာများကို မီးရှို့ကာ ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး၊ မီးရှို့သည့်နေရာ ၁၄၅ နေရာရှိသည်ဟု ဂြိုဟ်တုမှ စစ်ဆေးမှုများအရ သိရသည်။

  • ရာသီကုန်လျှင် ထွက်ခွါမည်ဟု ပြောပြီး နာရီပိုင်းအကြာ အနယ်လ်ကာအား ၀က်စ်ဘရွန်းအသင်းမှ ထုတ်ပယ်

    မတ် ၁၅၊ ၂၀၁၄
    M-Media

    NicolasAnelka2014e

    – ဂျုးဆန့်ကျင်ရေးအမူအရာဖြင့် အောင်ပွဲခံခဲ့သောကြောင့် ပွဲပယ်ပြစ်ဒဏ် ခံနေရသည့် အနယ်လ်ကာက ၎င်းမှာ ၀က်စ်ဘရွန်းအသင်းမှ ထွက်ခွာတော့မည်ဟု ပြောကြားလိုက်သည်။

    အသက် ၃၅ နှစ်အရွယ်ရှိ ပြင်သစ်တိုက်စစ်မှူး အနယ်လ်ကာမှာ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်ခုတွင် ဂိုးသွင်းပြီးနောက် အငြင်းပွားဖွယ် ဂျူးဆန့်ကျင်ရေးအမူအရာဖြင့် အောင်ပွဲခံခဲ့သည်။ ပြင်သစ်ရှိ သူငယ်ချင်းဖြစ်သူ လူရွှင်တော်တစ်ဦးအား ရည်ညွှန်း၍ပြုလုပ်သည်ဟု အနယ်လ်ကာက ပြောဆိုခဲ့သော်လည်း FA က စုံးစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ၅ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ထို့နောက် အနယ်လ်ကာက ၀က်စ်ဘရွန်းအသင်းနှင့် စာချုပ်အား ဖျက်သိမ်းတော့မည်ဟု ဆိုသည်။

    “အသင်းနဲ့ ကျွန်တော့် ကြားမှာ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးတဲ့နောက်မှာတော့၊ ချွင်းချက်အခြေအနေ တစ်ချို့နဲ့ အသင်းမှာပြန်လည်ပါဝင်ပို့ အဆိုပြုချက်ကို ကျွန်တော် ရရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် လက်မခံပါဘူး။ ကျွန်တော့်ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းချင်တဲ့ဆန္ဒကြောင့် ၀က်စ်ဘရွန်းနဲ့ စာချုပ်ကိုဖျက်ပြီး လွတ်လွတ်လပ်လပ်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု ၎င်း၏ Twitter စာမျက်နှာတွင်ရေးသားခဲ့သည်။

    အနယ်လ်ကာ၏ စာချုပ်သက်တမ်းမှာ ယခုနှစ် ဘောလုံးရာသီပြီးလျှင်ကုန်ဆုံးတော့မည်ဖြစ်သည်။ အနယ်လ်ကာ အသင်းမှ ထွက်ခွာမည်ဟု ပြောဆိုပြီး နာရီအနည်းငယ်အကြာတွင် ၀က်စ်ဘရွန်းအသင်းက အနယ်လ်ကာအား ဆိုးရွားအပြုအမူကြောင့် အသင်းမှ ထုတ်ပယ်လိုက်ပြီဟု ယမန်နေ့တွင် ကြေညာခဲ့သည်။
    CNA

  • အာဖဂန်တွင် ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်ခြင်းကြောင့် အရပ်သား သေဆုံးမှု ၃ ဆကျော်မြင့်တက်လာ

    မတ် ၁၄၊ ၂၀၁၄
    M-Media

    – အာဖဂန်နစ္စတန်နိုင်ငံအတွင်း အမေရိကန်၏ ဒရုန်းလေယာဉ်များဖြင့် တိုက်ခိုက်မှုကြောင့် သေဆုံး ဒဏ်ရာရသူများမှာ ပြီးခဲ့သည့်နှစ်တွင် ၃ ဆ ခန့်ဖြစ်လာသည်ဟု ကုလသမဂ္ဂက ပြောဆိုလိုက်သည်။
    Pakistan
    အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ဘန်အီမာဆင်က အမေရိကန်မှ ဒရုန်းလေယာဉ်များဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သားများသေဆုံးမှုမှာ အာဖဂန်နစ္စတန်တွင် ပိုမိုများပြားလာသည်ဟု ဗုဒ္ဓဟူးနေ့က သတိပေးခဲ့သည်။

    ၂၀၁၃ ခုနှစ်တွင် ဒရုန်းလေယာဉ်ဖြင့်တိုက်ခိုက်မှုကြောင့် အရပ်သား ၄၅ ဦး သေဆုံးခဲ့ကာ ၁၄ ဦးဒဏ်ရာရရှိခဲ့ပြီး ၂၀၁၂ ခုနှစ်က ရလဒ်ထက် သုံးဆ တက်လာသည်ဟု အီမာဆန်က ထည့်သွင်းပြောကြားခဲ့သည်။ ထို့ပြင် ၂၀၀၉ ခုနှစ်မှစတင်ကာ ယီမင်နိုင်ငံတွင် ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သား ၅၀၀ နီးပါး သေဆုံး ဒဏ်ရာရခဲ့သည်ဟု ၎င်းကဆိုသည်။ ဗိတိန်ရှေ့နေတစ်ဦးဖြစ်သူ အီမာဆင်မှာ ကုလသမဂ္ဂ လူ့အခွင်အရေးကောင်စီ UNHRC နှင့် ကုလ၏ အထွေထွေ ညီလာခံသို့ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာများ တင်သွင်းရသူဖြစ်သည်။

    ပြီးခဲ့သည့်နှစ်အတွင်း အာဖဂန်နစ္စတန်တွင် ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်မှု အကြိမ် ၅၀၀ ကျော် ပြုလုပ်ခဲ့သည်ဟု ပင်တဂွန်မှ သတင်းထုတ်ပြန်ထားသည်။

    အာဖဂန်၊ ပါကစ္စတန်၊ ယီမင်နှင့် အခြားသော ဒေသားများတွင် ပြုလုပ်ခဲ့သည့် ဒရုန်းလေယာဉ်များဖြင့် တိုက်ခိုက်မှုများအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် UNHRC က တနင်္လာနေ့တွင် တိုက်တွန်းခဲ့ပြီး၊ စာမျက်နှာ ၂၁ မျက်နှာပါသည့် အစီရင်ခံစာတစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့သည်။ ထိုအစီရင်ခံစာတွင် ကမ္ဘာတစ်ဝှမ်း အမေရိကန်တို့ပြုလုပ်ခဲ့သည့် ဒရုန်းတိုက်ခိုက်မှုများကြောင့် အရပ်သားများသေဆုံးခဲ့ရခြင်းများ အတွက် စုံစမ်းမှုများကို ပြုလုပ်ရန် တောင်းဆိုထားသည်။

    အမေရိကန်နိုင်ငံမှာ အာဖဂန်၊ ပါကစ္စတန်၊ ယီမင်နှင့် ဆိုမာလီယာနိုင်ငံများတွင် တရားမ၀င် ဒရုန်းတိုက်ခိုက်မှုများကို ပြုလုပ်နေသည်။ စစ်သွေးကြွများအား ပစ်မှတ်ထားသည်ဟု ၀ါရှင်တန်က ပြောဆိုထားသော်လည်း သေဆုံးဒဏ်ရာရသူများမှာ အရပ်သားများသာဖြစ်ကြသည်ဟု ထိုဒေသများရှိ သတင်းရင်းမြစ်များအရ သိရသည်။ ကုလသမဂ္ဂကလည်း အမေရိကန်၏ ထိုတိုက်ခိုက်မှုများမှာ နိုင်ငံတကာ ဥပဒေနှင့် ဆန့်ကျင်သည်ဟု ပြောကြားထားသည်။ သို့သော်လည်း အမေရိကန်ကမူ ရပ်တန့်ခြင်းမရှိပေ။
    Press TV

    (Photo: Reuters)

  • မန်ယူမှ ထွက်ခွါမည့် သတင်းငြင်းဆိုပြီး သက်တမ်းတိုးရန် အသင့်ဟု ဗန်ပါစီဆို

    မတ် ၁၄၊ ၂၀၁၄
    M-Media
    Manchester-United-Training-Session-3237365
    – မန်ချက်စတာယူနိုက်တက်အသင်း၏ ဟော်လန်တိုက်စစ်မှူး ဗန်ပါစီက မိမိမှာ အသင်းတွင်ပျော်ရွှင်နေပြီး သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန်လည်း အသင့်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

    ဆိုးရွားသောရလဒ်များ၊ နည်းပြ မိုယက်စ်နှင့် အဆင်မပြေမှုများကြောင့် အသင်းမှ ထွက်ခွာတော့မည်ဟု သတင်းများထွက်ပေါ်နေပြီး၊ ထိုသတင်းများအား ဗန်ပါစီက ငြင်းဆိုလိုက်ပြီး မန်ယူအသင်းတွင် ဆက်နေရန် ဆန္ဒရှိသည်ဟု ဆိုသည်။

    “အမှန်ကတော့ ကျွန်တော် ဒီအသင်းမှာ ပျော်ပါတယ်။ အရင်က ကျွန်တော် လေးနှစ် စာချုပ် ချုပ်ထားပြီး၊ ကျန်ရှိနေတဲ့ သက်တမ်း ၂ နှစ်အပြီးမှာ ဒီထက်ပိုနေရမယ်ဆိုရင် ကျွန်တော် ပျော်ရွှင်မိမှာပါ။ ကောလဟာလတွေ ထွက်နေပေမယ့် ကျွန်တော်ကတော့ ဒီလိုခံစားရပါတယ်” ဟု ဗန်ပါစီက ပြောကြားခဲ့သည်။

    ဗန်ပါစီ မန်ယူမှထွက်ခွာမည်ဆိုသည့် သတင်းများမှာ ၎င်း၏ မိခင်နိုင်ငံ ဟော်လန်မှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ဗန်ပါစီမှာ မန်ယူတွင် ကျင်လည်ရသည့်ဘ၀အား စိတ်ပျက်နေပြီး ယခုနှစ်နွေရာသီတွင် မန်ယူအသင်းက ထိုက်တန်သော စာချုပ်သက်တမ်းတိုးခြင်းမရှိပါက အသင်းမှထွက်ခွာတော့မည်ဟု ယခင် ဟော်လန်အသင်း လက်ရွေးစင်ဟောင်း ရော်နယ် ဒီ ဘိုးဝါးက ပြောကြားခဲ့သည်။

    ထို့ပြင် ဗန်ပါစီမှာ နည်းပြမိုယက်စ်၏ နည်းစနစ်များနှင့် အံဝင်ခွင်ကျဖြစ်ရန် ခက်ခဲနေသည်ဟူသော သတင်းများလည်း ထွက်ပေါ်ထားသည်။