News @ M-Media

Author: M-Media

  • ဖြုတ်ချခံ ယူကရိန်း သမ္မတဟောင်း အကူညီတောင်း၍ ခရိုင်းမီးယားသို့  စစ်တပ်ပို့ဟု ရုရှားပြော

    မတ် ၄၊ ၂၀၁၄
    M-Media
    un_tor105_41468387
    – ခရိုင်းမီးယားဒေသသို့ ရုရှားတပ်များဝင်ရောက်ခဲ့ခြင်းမှာ ယူကရိန်းသမ္မတဟောင်း၏ တောင်းဆိုမှုကြောင့်ဖြစ်သည်ဟု ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်က လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

    ယမန်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ပြုလုပ်ခဲ့သည့် ယူကရိန်းအရေး အရေးပေါ်အစည်းအဝေးတွင် ရုရှားသံအမတ် ဗီတလီ ချာကင်က ပြောကြားရာတွင် ယူကရိန်း၏ အထုတ်ပယ်ခံ သမ္မတဟောင်းက ယူကရိန်းနိုင်ငံ၏ အခြေအနေမှာ ပြည်တွင်းစစ်သို့ ဦးတည်နေသည့် အခြေအနေဖြစ်နေသောကြောင့် နိုင်ငံအတွင်း တရားဥပဒေစိုးမိုးရန်အတွက် ရုရှားမှ ၀င်ရောက်ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည့်အတွက် ခရိုင်းမီးယားဒေသသို့ ရုရှားစစ်တပ်များ ၀င်ရောက်ခဲ့ရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် ပြည်သူများ၏လုံခြံရေးနှင့် အခွင့်အရေး အထူးသဖြင့် နိုင်ငံအရှေ့တောင်ပိုင်း ခရိုင်းမီးယားဒေသရှိ ပြည်သူများ၏ အခွင့်အရေးများမှာ ခြိမ်းခြောက်ခြင်းခံနေရပြီး၊ အကြမ်းဖက်တိုက်ခိုက်မှုများလည်း ဖြစ်ရန်ရှိနေသည်ဟု ယူနူကိုဗစ်ခ်ျ၏ ပြောကြားချက်ကို ကိုးကား၍ ချာကင်က ထပ်လောင်းပြောကြားခဲ့သည်။

    အဆိုပါ အရေးပေါ်အစည်းအဝေးသို့ တင်ပြသော ယူကရိန်းနိုင်ငံ၏ အစီရင်ခံစာတွင် ခရိုင်းမီးယားဒေသ၌ ရုရှားတပ်သား ၁၆၀၀၀ ခန့် ၀င်ရောက် နေရာယူထားသည်ဟု ဖော်ပြထားပြီး၊ ထိုကိစ္စအတွက် နိုင်ငံတကာ၏ အကူအညီကိုလည်းတောင်းခံခဲ့သည်။

    အမေရိကန်နိုင်ငံကမူ ယူကရိန်းအရေး ရုရှားမှ စစ်ရေးအရ ၀င်ရောက်ကျူးကျော်ခြင်းအတွင် အမေရိကန်-ရုရှား နှစ်နိုင်ငံ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများကို ရပ်တန့်လိုက်ပြီဟု ကြေညာခဲ့ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီမှာလည်း ယူကရိန်းသို့ ယနေ့တွင် သွားရန်ရှိနေသည်။

    ယူကရိန်းအရေးတွင် စစ်အားအားအသုံးပြုရန် ရုရှားသမ္မတပူတင်က အတည်ပြုခဲ့ပြီးနောက် ယူကရိန်းနိုင်ငံလည်း ၎င်း၏ စစ်တပ်ကို တပ်လှန့်ထားသည်။ ခရိုင်းမီးယားဒေသရှိ ယူကရိန်းစစ်စခန်းများကို ၀န်းရံထားသော ရုရှားစစ်တပ်များက ဂရင်းနစ်စံတော်ချိန် အင်္ဂါနေ့နံနက် ၃ နာရီ နောက်ဆုံးထား၍ လက်နက်ချရန် ယူကရိန်းရေတပ်အား ရာဇသံပေးထားကြောင်း ဆီဗက်စ်စတိုပိုလ်အခြေစိုက် ယူကရိန်းရေတပ် ဌာနချုပ်ကပြောကြားခဲ့သည်။
    Ref: Al Jazeera and agencies

  • အာဖရိကန်ဖြစ်နေခြင်းက ကမ္ဘာ့အကောင်းဆုံးဆုက တိုးယေးအတွက် အဟန့်အတားဖြစ်နေဟု နာဆရီဆို

    မတ် ၄၊ ၂၀၁၄
    M-Media
    374568_heroa
    – အသင်းရှိ ကွင်းလယ်လူ ယာယာတိုးယေးမှာ မိမိအတွက် ကောင်းဆုံး ကစားသမားတစ်ဦးဖြစ်သော်လည်း ၎င်း၏ နိုင်ငံသားဖြစ်မှုကြောင့် ကမ္ဘာ့အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်းမခံရဟု ယုံကြည်ကြောင်း မန်စီးတီးအသင်း၏ ပြင်သစ် ကွင်းလယ်လူ နာဆရီက ပြောကြားလိုက်သည်။

    ယခင်ဘာစီလိုနာကွင်းလယ်လူဟောင်း တိုးယေးမှာ မန်စီးတီးအသင်းတွင် အားထားရသည့် အဓိကကွင်းလယ်လူတစ်ဦးဖြစ်ပြီး ယခုနှစ် ပရီးမီယားလိဂ်တွင် ၁၇ ဂိုးသွင်းယူပေးထားနိုင်သည်။

    ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကပီတယ်ဝမ်းဖလား ဗိုလ်လုပွဲ ဆန်းဒါးလန်အသင်းအား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင်လည်း အသင်းဖော်များ ဂိုးသွင်းနိုင်အောင် ဖန်တီးမှုများပြုလုပ်နိုင်ခဲ့သည်။

    အာဖရိက အကောင်းဆုံး ကစားသမားဆုကို သုံးကြိမ်တိုင်တိုင်ဆွတ်ခူးရရှိခဲ့သည့် တိုးယေးမှာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ပြီး၊ ဘရာဇီး၊ သို့မဟုတ် အာဂျင်တီးနား နိုင်ငံသားဖြစ်ခဲ့ပါက နိုင်ငံတကာ ဘောလုံးလောကတွင် ယခုထက်ပို၍ အလေးထားကြမည်ဟု နာဆရီက ယုံကြည်နေသည်။

    `ယာယာ(တိုးယေး)အကြောင်း ပြောရတာ ကျွန်တော် ငြီးငွေ့နေပါပြီ။ (သူဘယ်လောက်ကောင်းလဲဆိုတာ) သိသင့်ပါပြီ၊ တစ်ကယ်လို့ သူသာ အာဖရိကန် မဟုတ်ဘူးဆိုရင် သူဟာ ကမ္ဘာ့အကောင်းဆုံး အလယ်တန်းကစားသမားပါလို့ တစ်ကမ္ဘာလုံးက ပြောနေကြမှာပါ´ ဟု နာဆရီက သတင်းထောက်များအား ပြေကြားခဲ့သည်။

    ထို့ပြင် တိုးယေးမှာ ဂိုးသွင်းခြင်း၊ ဖန်တီးပေးခြင်း၊ နောက်ခံကစားသမားအဖြစ် ကစားပေးခြင်း၊ တိုက်စစ်လိုက်ပါခြင်း စသည့် ကစားဟန်အားလုံးကို ကစားနိုင်သည့်ကစားသမားဖြစ်ကြောင်း နာဆရီကဆိုသည်။

    မန်စီးတီးအသင်းမှာ ယခုလက်ရှိတွင် နှစ်ပွဲလျော့အနေအထားဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေသည့် ချယ်ဆီးထက် ၆ မှတ်ကွာဟနေပြီး၊ မိမိတို့အနေဖြင့် မည့်သင်းအသင်းကိုမှ ကြောက်နေမည်မဟုတ်ဘဲ၊ ကစားရန် ပွဲများစွာ ကျန်နေသေးကြောင်း နာဆရီက ထည့်သွင်းပြောကြားခဲ့သည်။
    Ref: Goal

  • ဖမ်းဆီးထားသည့် သြစတေးလျ ခရစ်ယာန် သာသနာပြု ပုဂ္ဂိုလ်တစ်ဦးအား မြောက်ကိုရီးယား ပြန်လွှတ်ပေး

    မတ် ၄၊ ၂၀၁၄
    M-Media
    _73322955_73322950
    ပြီးခဲ့သည့်လက မြို့တော်ပြုံးယမ်းတွင် ဖမ်းဆီးခဲ့သည့် သြစတေးလျ သာသနာပြုပုဂ္ဂိုလ် တစ်ဦးအား မြောက်ကိုရီးယားမှ ပြန်လည် လွှတ်ပေးခဲ့သည်ဟု ဒေသတွင်း မီဒီယာများက ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    ဂျွန်ရှော့ဟု အမည်ရသည့် အဆိုပါ သာသနာပြုပုဂ္ဂိုလ် လွတ်မြောက်ရေး အတွက် ဆွီဒင်နိုင်ငံက ကြားဝင် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး၊ ထိုကဲ့သို့ ဆောင်ရွက်ပေးမှုကို ကျေးဇူးတင်ပါကြောင်း၊ သြစတေးလျ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့က ပြောကြားခဲ့သည်။ ထို့ပြင် မြောက်ကိုရီးယားနှင့် သြစတေးလျတို့မှာ သံတမန်အဆက်အသွယ် မရှိသောကြောင့် သြစတေးလျ နိုင်ငံသားများအနေဖြင့် မြောက်ကိုရီးယားသို့ လည်ပတ်ရန်အတွင် သေချာစွာ စဉ်းစားကြရန် သူမက သတိပေးပြောကြားခဲ့သည်။

    `(မြောက်ကိုရီးယားမှာ) ဒုက္ခရောက်နေတဲ့ နိုင်ငံသားတွေကို ကူညီဖို့ ကျွန်မတို့ရဲ့ စွမ်းရည်ဟာ အကန့်အသတ်ရှိပါတယ်´ ဟု သူမကဆိုသည်။

    ဂျွန်ရှော့အား ဟောင်ကောင်ရှိ ၎င်း၏နေအိမ်သို့ပြန်ရောက်ရန် သြတေးလျ အာဏာပိုင်များက စီစဉ်ထားပြီး၊ ယမန်နေ့နံနက်က မြောက်ကိုရီးယားမှ တစ်ဆင့် တရုတ်နိုင်ငံသို့ ရောက်ရှိလာခဲ့သည်။

    အသက် ၇၅ နှစ် အရွယ်ရှိပြီဖြစ်သည့် ဂျွန်ရှော့အား မြောက်ကိုရီးယာနိုင်ငံ အတွင်း ဘာသာရေး သွန်သင်ချက်များ ဖြန့်ဝေမှုဖြင့် မြောက်ကိုရီးယား အာဏာပိုင်များက ဖေဖော်ဝါရီ လလယ်ပိုင်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ခင်ပွန်းဖြစ်သူ ပြန်လည် လွတ်မြောက်လာသည့်အတွက် ပျော်ရွှင်မိကြောင်း ဂျွန်ရှော့၏ ဇနီးဖြစ်သူ ကရင်န်က ပြောကြားခဲ့သည်။
    Ref: ဆင်ဟွာ
    Photo- BBC

  • ဆရာတော် ဦးရက္ခ၀ံသ မှ လက်ကျန် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး တောင်ကြီးမှ ရန်ကုန်ထိ ဆွမ်းဘုန်းမပေးဘဲ လမ်းလျောက် ဆန္ဒထုတ်ဖော်မည်

    ဆရာတော် ဦးရက္ခ၀ံသ မှ လက်ကျန် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး တောင်ကြီးမှ ရန်ကုန်ထိ ဆွမ်းဘုန်းမပေးဘဲ လမ်းလျောက် ဆန္ဒထုတ်ဖော်မည်

    မတ် ၃၊ ၂၀၁၄
    M-Media
    လမင်း

    ရန်ကုန်။       ။ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်မှုအတွက် ဆရာတော် ဦးရက္ခ၀ံသမှ စတုတ္တအကြိမ်မြောက်အဖြစ်  အစာငတ်ခံ၍  တောင်ကြီးမြို့ ပင်လုံကျောက်တိုင်မှစ၍ ရန်ကုန်မြို့ မြို့တော်ခန်းမ ရှေ့ထိ ဆုတောင်း မေတ္တာပို့သသွားမည်ဟု မြန်မာဂျာနယ်လစ်ရုံးခန်းတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    “ဦးဇင်း တို့ရဲဘော်တွေက အကျဉ်းထောင်ထဲမှာရှိနေတုန်းပါပဲ။ ငြိမ်းချမ်းရေးကို တကယ်လိုလားတယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေ ထောင်ထဲမှာ မထားပါနဲ့ လွှတ်ပေးပါ။ ၂၀၁၃ မှာ နိုင်ငံရေး အကျဉ်းသားတွေ မရှိစေရဘူးလို့ ကမ္ဘာကသိအောင် နိုင်ငံတော် သမ္မတကြီးက ကတိပြုခဲ့တယ်။ ဒါပေမဲ့ ၃၃ ဦးကျန်ရှိနေသေးတယ်။

    ဒါကြောင့် ဦးဇင်းက လက်ကျန်နိုင်ငံရေး အကျဉ်းသားတွေ အတွက် ဆက်လက်ဆုတောင်း မေတ္တာပို့သပေးသွားမှာပါ” ဆရာတော် ဦးရက္ခ၀ံသ ကမိန့်ကြားခဲ့သည်။ ဆရာတော်သည် တောင်ကြီးမြို့မှ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့သို့ ယခုတစ်ပတ်အတွင်း စတင် လမ်းလျောက် မေတ္တာပို့သမည်ဖြစ်ပြီး တစ်ရက်လျှင် မိုင် ၂၀ မှ ၂၅ မိုင်ထိ လမ်းလျောက်သွားမည်ဖြစ်ပါသည်။ ဆရာတော်သည် လမ်းလျောက်နေစဉ် ကာလအတွင်း ဆွမ်းဘုန်းပေးခြင်း မရှိဘဲ ရေ၊ အချိုရည် တို့ကိုသာ ဘုန်ပေးသွားမည်ဖြစ်ပါသည်။ လမ်းလျောက်နေစဉ် ကျန်းမာရေးအတွက် လိုအပ်ပါက ဆေးကုသမှုကိုခံယူသွားမည်ဖြစ်သည်။

    ဆရာတော်သည် ပထမအကြိမ် အဖြစ် ၃-၈-၂၀၁၃ မှ ၈-၈-၂၀၁၃ ထိအစာငတ်ခံတောင်းဆိုခြင်း၊ ဒုတိယအကြိမ်အဖြစ် ရန်ကုန်မှ မန္တလေးသို့  ၁၁-၈-၂၀၁၃ တွင်ခြေလျင် လမ်းလျောက်တောင်းဆိုပြီး တတိယအကြိမ်အဖြစ် ၁-၁၀-၂၀၁၃ နေ့တွင် မန္တလးမြို့ မဟာမြတ်မုနိဘုရားကြီးမှ ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ မဟာမြတ်မုနိဘုရားထိ  လမ်းလျောက် အစာငတ်ခံတောင်းဆိုမှု ၈ ရက်မြောက်နေ့တွင် သမ္မတဦးသိန်းစိန်မှ ၅၆ ဦးလွှတ်ပေးခဲ့သောကြောင့် ဆရာတော်မှ တောင်းဆိုမှုကိုရပ်ဆိုင်းခဲ့ပါသည်။

    သို့သော်နှစ်ကုန်တွင် နိုင်ငံရေးအကျဉ်းသားများ ရှိနေသေးသောကြောင့် ဆရာတော်သည် မကွေးမြို့မှ ရခိုင်ပြည်နယ်သို့ ဆက်လက်ချီတက်ခဲ့ပါသည်။

    ယခုတွင်လည်း ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသား ၃၃ ဦးတို့အတွက် စတုတ္တအကြိမ်မြောက် ဆရာတော်မှ ဆွမ်းဘုန်းမပေး လမ်းလျောက်ဆန္ဒထုတ်ဖော် သွားမည်ဟုသိရပါသည်။

  • ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အစ္စရေး အချိန်ဆွဲမှု ပါလက်စတိုင်း ကန့်ကွက်၊ တောင်းဆိုချက်များ မရလျှင် ဆွေးနွေးပွဲ ဆက်မလုပ်ဟုပြော

    မတ် ၃ ၊ ၂၀၁၄
    M-Media

    352982_Plaestine- Shaath-Fatah

    “အစ္စရေးတို့၏ တရားမ၀င်ကျူးကျော်နေထိုင်မှုများကို ရပ်တန့်ရန် နှင့် အစ္စရေးနိုင်ငံ အကျဉ်းထောင်များ အတွင်းရှိ ပါလက်စတိုင်းအကျဉ်းသားများကို လွှတ်ပေးမှသာလျှင် ဤငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဆက်လက် ပါဝင်သွားမှာပါ ” ဟု ပါလက်စတိုင်း Fatah ပါတီ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့  Nabil Shaath က တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

    ဆက်လက်၍   ဧပြီလ မှာ အပြီးသတ် ဆွေးနွေးသွားမှာဖြစ်သည့် ဒီညှိနှိုင်းပွဲများတွင် ကျွန်တော်တို့လိုချင်သော ဒီတောင်းဆိုမှုများ ပါဝင်ရမှာပါ ဟု ၄င်းက ပြောကြားခဲ့သည်။ သို့သော်လည်း အမေရိကန်သမ္မတ ဘာရက် အိုဘားမား က အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု အား  တနင်္လာနေ့က ၀ါရှင်တန်မြို့တွင် တွေ့ဆုံရာ၌ ဤကိစ္စနှင့်ပက်သက်၍ ဖိအားပေးမည်ဟုလည်း ရှက်သ်က  သံသယ ရှိနေပါသည်။

    အမေရိကန်နိုင်ငံ၏ ကြိုးကိုင် စီစဉ်သည့်အတိုင်း အစ္စရေးတို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကို သတ်မှတ်ကာလ ပြီးဆုံးမည့် ဧပြီလကုန်ပြီးသည်အထိ အချိန်ဆွဲမည့် ညှိနှိုင်းပွဲအား ပါလက်စတိုင်း အာဏာပိုင်များက ဖေဖော်ဝါရီ(၂၇) ရက်နေ့တွင် ပယ်ချခဲ့သည်။

    “အကယ်လို့ အစ္စရေးတို့ဖက်မှ နိုင်ငံတကာ ဥပဒေကို မလိုက်နာနိုင်ဘူးဆိုရင် နောက်ထပ် တစ်နာရီမကကြာတဲ့ ဆွေးနွေးပွဲဆိုတာ ဘာမှ အဓိပ္ပါယ်ရှိမှာမဟုတ်ပါဘူး ” ဟု ပါလက်စတိုင်း ညှိနှိုင်းရေးခေါင်းဆောင် ဆအိဗ် အရိကတ် က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီရဲ့ ဒီဆွေးနွေးပွဲဟာ နောက်ထပ် ကိုးလလောက်ကြာဦးမှာပါဟု   ပြောကြားချက်အား ချေပ ပြောဆိုခဲ့သည်။

    အစ္စရေးတို့ သည် တဲလ်လဗစ်မြို့မှ စ၍ ပါလက်စတိုင်းနိုင်ငံ အနောက်ဘက်ကမ်း သို့ကျူးကျော်မှုများကို ရုပ်သိမ်းရန်ငြင်းဆိုခဲ့မှုများကြောင့် နှစ်နိုင်ငံ ညှိနှိုင်းရေး သည် (၂၀၁၀) စက်တင်ဘာလအတွင်း ပျက်ပြားခဲ့ပြီးနောက်၊ (၂၀၁၃) ဂျူလိုင်လတွင် တဖန် ပြန်လည် ဆွေးနွေးညှိနှိုင်းပွဲများစတင်ခဲ့ခြင်းဖြစ်သည်။

    ပါလက်စတိုင်းတို့သည် အနောက်ဘက်ကမ်း၊ အဲကွဒ်စ် ဒေသ အရှေ့ဖက်နှင့် ဂါဇာ ကမ်းမြောင် ဒေသ တို့ အား လွတ်လပ်စွာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများအဖြစ် လိုလားလျက်ရှိပြီး၊ အသိမ်းပိုက်ခံ ပါလက်စတိုင်း နယ်မြေများအား အစ္စရေးတို့ထံမှ ပြန်လည်ရယူလိုကြသည်။

    (၁၉၆၇) ခုနှစ်တွင် အစ္စရေးတို့ သိမ်းပိုက်ထားသော တဲလ်လဗစ်မြို့ နှင့် အဲလ်ကွဒ်စ် ဒေသ ကိုလည်း ပြန်ပေးရန်ငြင်းဆိုခဲ့ပြီး ၊ အဲလ်ကွဒ်စ် အရှေ့ဖက်နှင့် အနောက်ဘက်ကမ်းဒေသများတွင် အစ္စရေးတို့၏ တရားမ၀င် ကျူးကျော် ဆောက်လုပ်နေထိုင်မှုများရှိနေဆဲဖြစ်သည်။                           ။

    IA/MAM/AS